အခန်း (၁၂၂၃-၁၂၂၄)
Vol. 71 Ch. 1223-1224
အပိုင်း (၁၂၂၃)
ဤစကားကို ကြားသောအခါ ပိုင်တင်၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် အသံလှိုင်း ပျံသန်းရေး သားရဲများကို စီးနင်းကာ ရွှေကျောက်စိမ်းမြို့တော် ရှိရာ တောင်ဘက်သို့ အမြန်ဆုံးနှုန်းဖြင့် ဦးတည်ထွက်ခွာသွားကြ၏။
“မြန်မြန်... မြန်မြန်”
ရွှေကျောက်စိမ်းမြို့တော်ကို ကယ်တင်ရန် သာမက ရှမ့်လန် အနေဖြင့် နဂါးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်မည်လည်း ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်၏ နဂါးဉာဏ်ပညာကို နားလည်သဘောပေါက်မှုမှာ မပြီးဆုံးသေးပေ။ သို့မဟုတ် သူသည် တစ်စိတ်တစ်ပိုင်းသာ ပြီးစီးသေးသည်ဟု ဆိုရပေမည်။
အသံလှိုင်း ပျံသန်းရေး သားရဲနှစ်ကောင်သည် လျှပ်စီးလက်သကဲ့သို့ ပျံသန်းနေကြပြီး လုံးဝ အနားယူခြင်း မရှိကြပေ။ ထိုအချိန်၌ ပိုင်တင်က ရုတ်တရက် အော်ဟစ်လိုက်၏။
“အရှင်... ကျုပ်တို့... ဝိုင်းရံခံလိုက်ရပြီ။”
ရှမ့်လန် မြင်လိုက်ရသည်။
“ရွှီ… ရွှီ… ရွှီ… ရွှီ…” မရေမတွက်နိုင်သော ပျံသန်းရေး သားရဲများသည် သူ့ရှေ့၊ သူ့နောက်၊ ဘယ်ဘက်၊ ညာဘက်တို့တွင် ပေါ်ထွက်လာကြသည်။ ထို့အပြင် ၎င်းတို့သည် နှင်းကဲ့သို့ ဖြူဖွေးသော ခန္ဓာကိုယ်များ ရှိကြပြီး အလွန် စိမ်းသက်သော ပျံသန်းရေး သားရဲများ ဖြစ်ကြ၏။
“အရှင် ရှမ့်လန် ဟုတ်ပါသလား။” အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရှမ့်လန်က ပြန်ပြောလိုက်၏။ “ဟုတ်ပါတယ်။ ခင်ဗျားက ဘယ်သူလဲ။”
အမျိုးသမီးက ပြောလိုက်သည်။ “အင်ပါယာ ဆော်ရွန်က အရှင် ရှမ့်လန်ကို စကားစမြည် ပြောဖို့ ဖိတ်ခေါ်လိုက်ပါတယ်။”
ဆော်ရွန်လား။ စွမ်းအားကြီးမားသော ရှီလွန် အင်ပါယာလား။ ယခင်က ဘုရင်မမြို့တော်တွင် ဆော်ရွန် နှင့် ဟယ်လင် တို့ တွေ့ဆုံပြီး တစ်ဦးချင်း တိုက်ခိုက်ခဲ့ကြဖူးသည်။ ဟယ်လင် ရှုံးနိမ့်ခဲ့၏။ ဟယ်လင်သည် အလွန် စွမ်းအား ကြီးမားသော်လည်း ဆော်ရွန်၏ ပြိုင်ဘက်ဖြစ်ရန် အလှမ်းဝေးကွာလွန်းလှသည်။ ဆော်ရွန်သည် ဘုရင်မ မီဒူဆာနှင့်ပင် တိုက်ခိုက်ဖူးသူ ဖြစ်၏။
သဘာဝကျစွာပင် ၎င်းမှာ အဓိကအချက် မဟုတ်ပေ။ ထိုအချိန်တုန်းက ရှမ့်လန်သည်လည်း ဘုရင်မမြို့တော် တွင် ရှိနေခဲ့သည်။ ဟယ်လင်က ဆော်ရွန်ကို ရှမ့်လန်အား တောင်းပန်ခိုင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆော်ရွန်က ဘုရင်မ မီဒူဆာ ကို သေလျှင်သေ၊ သို့မဟုတ် ဒူးထောက်ပြီး သူ့မိဖုရား လုပ်ရမည်ဟု ပြောဆိုခဲ့သောကြောင့်ပင်။
ဆော်ရွန် ငြင်းဆန်ခဲ့သည်။ သို့သော်ငြား ရှမ့်လန်က ဟယ်လင်၏ မောင်ဖြစ်နေသည်ကို မြင်သောအခါ သူက ရှီလွန် အင်ပါယာ၏ မြို့စားဘွဲ့ ပေးအပ်ရန် ဆန္ဒရှိခဲ့သည်။
ရှမ့်လန် ငြင်းပယ်ခဲ့သည်။ သူသည် ဘုရင်မ နန်းဆောင်သို့ပင် မသွားရောက်ခဲ့ပေ။ သူသည် တိုက်ရိုက် ထွက်ခွာသွားခဲ့ပြီး ဟယ်လင်ကိုပင် နှုတ်မဆက်ခဲ့ပေ။ ထို့ကြောင့် သူသည် ဆော်ရွန်နှင့် တရားဝင် မတွေ့ဆုံခဲ့ရသော်လည်း တစ်ဖက်လူ၏ မာန်မာနကြီးမှုကို အပြည့်အဝ ခံစားခဲ့ရသည်။ ရှမ့်လန်သည် ဤအမုန်းတရားကို မှတ်ထားပြီး သေချာပေါက် လက်စားချေပေမည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် သိပ်စိတ်မကောင်းပါဘူး။ ရှီလွန် အင်ပါယာက သိပ်ဝေးလွန်းပါတယ်။ ကျုပ် အလုပ်သိပ်များနေလို့ မလိုက်နိုင်ပါဘူး။”
အမျိုးသမီးက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... အင်ပါယာ ဆော်ရွန်က ဒီအနီးအနားမှာ ရှိနေပါတယ်။ သိပ်မကြာပါဘူး။”
ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခေါင်းညိတ်လိုက်၏။ “လမ်းပြပါ။”
အမျိုးသမီးသည် လက်ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် ဝေဟင်တပ်ဖွဲ့ ရာပေါင်းများစွာ တန်းစီပြီး ရှမ့်လန်ကို ဝိုင်းရံကာ အရှေ့ဘက်သို့ ပျံသန်းသွားကြသည်။
မကြာမီ ရှမ့်လန်သည် နန်းတော်တစ်ခုကို မြင်လိုက်ရသည်။ ရှီလွန် အင်ပါယာ၏ နန်းတော် ဖြစ်၏။
၎င်းသည် တောင်ထိပ်ပေါ်တွင် တည်ရှိသော ရဲတိုက်တစ်ခု၊ သို့မဟုတ် နန်းတော်တစ်ခု ဖြစ်သည်။ ဤတောင်သည် အလွန် မြင့်မားပြီး တောင်ထိပ်တွင် ဖြူဖွေးသော နှင်းများ ဖုံးလွှမ်းနေ၏။ သို့သော်ငြား တောင်ထိပ်ရှိ ရဲတိုက်ကိုမူ အနီရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသဖြင့် အထူးပင် ထင်ရှားပေါ်လွင်နေသည်။
“နှင်းဖြူဖြူထက် နန်းတော်နီနီ”
ဤသည်မှာ ကျော်ကြားသော ရှီလွန် အင်ပါယာ၏ နန်းတော်နီ ဖြစ်နိုင်၏။
“အရှင်... တော်ဝင်ချန်အင်ပါယာရဲ့ အရှင် ရှမ့်လန် ရောက်ရှိလာပါပြီ။” အမျိုးသမီးက လျှောက်တင်လိုက်သည်။
ချက်ချင်းပဲ နန်းတော်နီ၏ တံခါး ပွင့်သွားခဲ့သည်။ ဝေဟင်တပ်ဖွဲ့ ရာပေါင်းများစွာသည် နန်းတော်နီ၏ ရင်ပြင်ငယ်လေး ပေါ်သို့ ဆင်းသက်ပြီး တန်းစီလိုက်ကြသည်။ ခဏအကြာတွင် အခြားသော မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့ ဒုန်းစိုင်း ထွက်ပေါ်လာခဲ့၏။
ခေါင်းဆောင်ဖြစ်သူမှာ ရှီလွန် အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်နိုင်သည်။
“မင်္ဂလာပါ အရှင် ရှမ့်လန်...”
ရှီလွန် အင်ပါယာ မင်းသားက နှုတ်ဆက်လိုက်၏။ “ခမည်းတော်က ကျုပ်ကို လာရောက် ကြိုဆိုခိုင်း လိုက်ပါတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “မင်္ဂလာပါ အရှင်မင်းသား... အရာအားလုံး ရိုးရိုးရှင်းရှင်းပဲ လုပ်ပါ။ ကျုပ် အများဆုံး ၁၅ မိနစ်ပဲ နေနိုင်ပါမယ်။”
“ကောင်းပါပြီ အရှင် ရှမ့်လန်...” ရှီလွန် အင်ပါယာ မင်းသားက ပြောလိုက်၏။
“ဂီတ တီးမှုတ်စေ။” ရှီလွန်အင်ပါယာ၏ ဂီတသံ ထွက်ပေါ်လာခဲ့သည်။
မြင်းစီးတပ်ဖွဲ့ ရာပေါင်း များစွာသည် သူတို့၏ ထက်မြက်သော ဓားများကို ဆွဲထုတ်ပြီး ကောင်းကင်သို့ ထောင်လိုက်ကြသည်။ ရှမ့်လန်သည် တော်ဝင်ချန်အင်ပါယာ၏ အရှင်သခင် ဖြစ်နေသောကြောင့် တစ်ဖက်လူက အမြင့်ဆုံး သံတမန်ရေးရာ အခမ်းအနားဖြင့် ကြိုဆိုနေခြင်း ဖြစ်သော်လည်း အရာအားလုံးမှာ ရိုးရှင်း၏။
မင်းသားသည် ရှမ့်လန်ကို နန်းတော်နီ တံခါးဝသို့ ခေါ်ဆောင်သွားခဲ့သည်။
“ကျွီ...”
မူလက ဟထားသော နန်းတော်တံခါးကြီးသည် ယခုအခါ အပြည့်အဝ ပွင့်သွားခဲ့၏။
“အရှင် ရှမ့်လန်... ကြွပါ။ အင်ပါယာ ဆော်ရွန်က အထဲမှာ စောင့်နေပါတယ်။” ရှီလွန် အင်ပါယာ မင်းသားက ပြောဆိုလိုက်သည်။
ရှမ့်လန် ဝင်ရောက်သွားခဲ့၏။ ချက်ချင်းပဲ နန်းတော်၏ အဆုံးတွင် ခန့်ညားထည်ဝါသော ကျောပြင်တစ်ခုကို သူ မြင်လိုက်ရသည်။ ဤသည်မှာ အင်ပါယာ ဆော်ရွန်ပင် ဖြစ်သည်။ သူ့ကို ပထမ ရှီလွန် ပြီးနောက် ရှီလွန် အင်ပါယာ တစ်ခုလုံး၏ အကြီးမြတ်ဆုံးနှင့် အသန်မာဆုံး ဘုရင်အဖြစ် လူသိများ၏။
အင်ပါယာ ဆော်ရွန် က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ “အရှင် ရှမ့်လန်... နေကောင်းပါရဲ့လား။”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “နေကောင်းပါတယ် အင်ပါယာ ဆော်ရွန်... ခင်ဗျားကော နေကောင်းရဲ့လား။”
အင်ပါယာ ဆော်ရွန် သည် လှည့်မကြည့်သေးပေ။ သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “အရှင် ရှမ့်လန်... ကျုပ်တို့ နှစ်ယောက်ကြားမှာ ဘယ်သူက အင်ပါယာ အစစ်အမှန်လို့ ခင်ဗျား ထင်သလဲ။”
ဝန်ခံရမည် ဆိုပါက ရှမ့်လန်သည် ဆော်ရွန်၏ ကျောပြင်ကို မြင်လိုက်ရသည့် ခဏ၌ပင် စွမ်းအင်ဝဲကတော့ တစ်ခုဖြင့် သတ်ဖြတ်လိုစိတ် ပြင်းပြသွားခဲ့၏။ သို့သော်ငြား ထိုအကြံအစည်ကို ချက်ချင်းပဲ ချူပ်တည်းလိုက်၏။
ပထမအချက်မှာ ဆော်ရွန်သည် နိုင်ငံတစ်နိုင်ငံ၏ ဘုရင်ဖြစ်လေရာ လုပ်ကြံသတ်ဖြတ်၍ မရနိုင်ပေ။ ရှမ့်လန် အနေဖြင့် လုပ်ကြံနိုင်သည် မှန်သော်လည်း ထိုသို့ပြုလုပ်လိုက်ပါက တရားဝင် စိန်ခေါ်တိုက်ခိုက်မှု ဖြစ်ရပေမည်။ ပုဂ္ဂိုလ်ရေး လုပ်ကြံမှုမျိုး မဖြစ်သင့်ချေ။ အကယ်၍ ဆော်ရွန် သို့မဟုတ် ရှမ့်လန်သာ ဤနေရာ၌ သေဆုံးသွားခဲ့ပါက နိုင်ငံနှစ်ခုသည် ဘယ်သောအခါမှ ပြေလည်နိုင်တော့မည် မဟုတ်ပေ။ နောက်ဆုံး သွေးတစ်စက် ကျန်သည်အထိ တိုက်ခိုက်ကြတော့မည်။
ဒုတိယ အကြောင်းပြချက်တစ်ခုလည်း ရှိနေပြန်၏။ စွမ်းအားပြင်းထန်လှသော စွမ်းအင်ဝဲကတော့ကို အသုံးပြုလျှင်ပင် ဆော်ရွန်ကို သတ်ဖြတ်နိုင်ခြင်း မရှိဟု ရှမ့်လန် သတိပြုမိလိုက်သည်။ ဤသည်မှာပင် အင်မတန် ထက်မြက်သော အာရုံခံစားမှု ဖြစ်၏။
ဆော်ရွန်၏ သိုင်းပညာ မြင့်မားလွန်းနေသည်သာမက သူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်အရှိန်အဝါသည် ထူးဆန်း နက်နဲကာ ဆန်းကြယ်နေခဲ့၏။ ဟယ်လင်ကို အနိုင်ယူခဲ့ရုံသာမက ဘုရင်မ မီဒူဆာနှင့် ယှဉ်ပြိုင်ရာ၌လည်း အနိုင် ရရှိခဲ့သည်။ ဘုရင်မမီဒူဆာသည် ထိုအချိန်က အားနည်းနေပြီး မူလခန္ဓာကိုယ်ကို အသုံးမပြုခဲ့သည်မှာတော့ မှန်ပေသည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်ပါယာ ဆော်ရွန်... အဲဒီနဂါးကို ကျန်းမိသားစုက ဥဖောက်ခဲ့တာပါ။”
ဆော်ရွန်သည် ရှမ့်လန်၏ စကားကြောင့် တိတ်ဆိတ်သွားခဲ့၏။ အကြောင်းမူကား ရှမ့်လန်၏ စကားကို သက်သေပြရန် နည်းလမ်းမရှိသောကြောင့်ပင်။ ဤနဂါးကို ကျန်းလီက ဥဖောက်ခဲ့ပြီး အနောက်လောကသို့ ယူဆောင်သွားရန် တစ်စုံတစ်ယောက်ကို စေခိုင်းခဲ့သည်ဟု ဆိုပါက ခိုင်လုံသော သက်သေအထောက်အထား ရှိပါသည်လား။
သို့သော်ငြား မျိုးဆက်တစ်ခေတ်၏ ဘုရင်တစ်ပါးအနေဖြင့် ဆော်ရွန်သည် ထိုကဲ့သို့သော သိက္ခာမဲ့သည့် စကားမျိုးကို ဆိုလိမ့်မည် မဟုတ်ပေ။ မည်သို့ပင် သိရှိခဲ့သည် ဖြစ်စေကာမူ ဤနဂါးကို ကျန်းမိသားစုက ဥဖောက်ခဲ့ကြောင်း သူ၏ နှလုံးသားထဲတွင် အသိအမှတ်ပြုထားပြီး ဖြစ်၏။ ထို့အပြင် သူသည် အလွန်အမင်း စွမ်းအားကြီးမားသည်ဟု ခံယူထားရာ ဆင်ခြေဆင်လက် ပေးနေရန် မလိုအပ်ချေ။
ဆော်ရွန်က ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ဒါပေမဲ့ ဒီနဂါးက ကျုပ်ရဲ့ အနောက်လောကမှာ ကြီးပြင်း လာခဲ့တာပါ။ အနောက်လောကရဲ့ မီးတောင်တွေ၊ ရှေးဟောင်းစွမ်းအင်ဗဟိုချက်တွေနဲ့ သားရဲတွေကို စားသောက်ပြီး ကြီးပြင်းလာခဲ့တာ။ မွေးကျေးဇူးနဲ့ ကျွေးကျေးဇူးမှာ ဘယ်အရာက ပိုကြီးမားတယ်လို့ အရှင် ရှမ့်လန် ထင်ပါသလဲ။”
မွေးကျေးဇူးမှာ ကျွေးမွေးစောင့်ရှောက်သည့် ကျေးဇူးလောက် မကြီးမားသည်မှာ အမှန်ပင်။ မိဘတစ်ပါးသည် သားသမီးကို ဂရုမစိုက်တော့ဘဲ ပစ်ထားခဲ့သော်လည်း အခြားမိဘတစ်ပါးက ထိုကလေးကို ဆယ်နှစ်၊ အနှစ် နှစ်ဆယ်ကြာအောင် သားရင်းပမာ စောင့်ရှောက်ခဲ့သည် ဆိုပါစို့။ ကလေးကြီးပြင်းလာသချိန်မှာတော့ မွေးစားမိဘများ ကိုသာ ကျေးဇူးဆပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ဆော်ရွန်၏ စကားကို ချေပရန် ခက်ခဲလှ၏။ သို့သော်ငြား ရှမ့်လန်အတွက်မူ ခက်ခဲမည့်အရာ မဟုတ်ချေ။
“အင်ပါယာဆော်ရွန်... ဒီနဂါးက ကလေးမဟုတ်သလို အိမ်မွေးတိရစ္ဆာန်လည်း မဟုတ်ပါဘူး။ သူက နတ်ဘုရားတစ်ပါး နီးပါး ဖြစ်နေပါပြီ။ တစ်လောကလုံးရဲ့ အစာကွင်းဆက် ထိပ်ဆုံးမှာ ရှိနေတဲ့အတွက် သူ့မျက်လုံး ထဲမှာ လောကကြီးတစ်ခုလုံးက အမဲလိုက်ကွင်းပြင် ဖြစ်ပြီး တစ်လောကလုံးက သားကောင်တွေပါပဲ။”
ရှမ့်လန်က အေးစက်စွာ ရယ်မောလိုက်ပြီး တုန့်ပြန်လိုက်သည်။ “အင်ပါယာ ဆော်ရွန် တောလိုက်ထွက်တဲ့အခါ ဒီနေရာက ကျားပိုင်နက်လား ၊ ခြင်္သေ့ပိုင်နက်လားဆိုတာ ဂရုစိုက်နေမှာတဲ့လား။”
ဆော်ရွန်က ရယ်မောလိုက်ပြီး ပြောလိုက်၏။ “အရှင် ရှမ့်လန်... ခင်ဗျားရဲ့ ပါးစပ်ကတော့ ပြိုင်ဘက်ကင်းပါပဲ။”
ထို့နောက် ဆော်ရွန်က ဆက်လက် ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ရှီလွန်အင်ပါယာကို လာရောက် လည်ပတ်ချင်တယ်ဆိုရင် သံတမန်အဖွဲ့ကနေတဆင့် စာပို့သင့်ပါတယ်။ ကျုပ်အနေနဲ့ ခင်ဗျားကို အမြင့်ဆုံး အခမ်းအနားနဲ့ ကြိုဆိုမှာပါ။
ဒါပေမဲ့ မျိုးဆက်တစ်ခေတ်ရဲ့ အင်ပါယာဘုရင်တစ်ပါး အနေနဲ့ အခုလို ရှီလွန်အင်ပါယာထဲကို ရုတ်တရက် ဝင်ရောက်လာတာက သိပ်ပြီး မသင့်တော်ဘူး မဟုတ်လား။ ဥပမာအားဖြင့် ကျုပ်သာ ချန်နိုင်ငံသစ်ကို ရုတ်တရက် ရောက်လာခဲ့ရင် ခင်ဗျားလည်း စိတ်ဆိုးမှာ သေချာပါတယ်။”
ရှမ့်လန်က ပြန်လည် ချေပလိုက်၏။ “ပထမအချက်အနေနဲ့ ကျုပ်ရဲ့ ချန်အင်ပါယာက ရှီလွန်မင်းဆက်မှာ ပိုင်နက်နယ်မြေ ရှိပါတယ်။ ကျုပ်အနေနဲ့ အချိန်မရွေး လာရောက်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ရှီလွန်အင်ပါယာထဲကို ဝင်ရောက်ခွင့် မရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒုတိယဧကရီ ဟယ်လင်ဆီက ဖိတ်ကြားစာ ရှိတဲ့အတွက် ကျုပ်မှာ လာရောက်ခွင့် ရှိပါတယ်။ ဒုတိယဧကရီ ဟယ်လင် လက်အောက်က နိုင်ငံခြားရေးဝန်ကြီးမှာ ကျုပ်ကို ဖိတ်ကြားခွင့် ရှိမယ်လို့ ယုံကြည်ပါတယ်။”
ဆော်ရွန်သည် တိတ်ဆိတ်သွားပြန်၏။ ဤအချက်သည် ရှီလွန်အင်ပါယာ၏ အနာတရ ဖြစ်ပေလိမ့်မည်။ ရှီလွန်အင်ပါယာ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သော်လည်း မြောက်ဘက်နှင့် တောင်ဘက်ကြား အကွဲအပြဲမှာ ပိုမို ပြင်းထန်လာခဲ့၏။ ဒုတိယဧကရီ ဟယ်လင်တွင်လည်း ဘုရင်မမြို့တော်၌ ကိုယ်ပိုင်အဖွဲ့အစည်း ရှိနေပေသည်။
ဆော်ရွန်အနေဖြင့် ဟယ်လင်အပေါ် သဘောထားကြီးမားသော်လည်း သူမသည် နိုင်ငံချစ်စိတ် ပြင်းထန်သူ ဖြစ်ပြီး မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားမှုကို ပေါင်းစပ်ရန် ကြိုးစားနေသူ ဖြစ်၏။ မြောက်ဘက်နှင့် တောင်ဘက်ကြား ကွဲပြားမှုကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ပြီး ပဋိပက္ခများ ဖန်တီးနေသူမှာ ဒီဘိုရာ ဦးဆောင်သော တောင်ဘက် အကျိုးစီးပွားအုပ်စုပင် ဖြစ်၏။
ဤအကျိုးစီးပွားအုပ်စုသည် အလွန် ကြီးမားကျယ်ပြန့်လှသည်။ ရှီလွန်လူမျိုးများသာမက ဗီတာလူမျိုးများပါ ပါဝင်နေ၏။ ရော့ဆိုမိသားစုသည် အရှေ့နှင့် အနောက် ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားသောကြောင့် ကြီးမားသော ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်ထားကြ၏။ လူတို့သည် ကြွယ်ဝမှုကို ရရှိပြီးနောက် စွန့်လွှတ်လို ကြမည် မဟုတ်ပေ။ ရှီလွန်နန်းတော်သို့ နှစ်စဉ် ပေးဆောင်ရသော အခွန်ငွေများက ထိုမကျေနပ်မှုကို ပိုမို ပြင်းထန်စေခဲ့သည်။
သူတို့သည် တောင်ဘက်ရှိ ဒုတိယဧကရီ ဟယ်လင်ထံ အခွန်ဆောင်ထားပြီး ဖြစ်ပါလျက် အဘယ်ကြောင့် မြောက်ဘက်သို့ အခွန် ထပ်ဆောင်ရမည်နည်းဟု တွေးတောနေကြ၏။ ထို့ကြောင့် ဆော်ရွန်သည် အရှေ့နှင့် အနောက် ကုန်သွယ်ရေးကို တိုက်ရိုက် ပိတ်ပင်လိုစိတ် ပြင်းပြနေခဲ့၏။
“အရှင်ရှမ့်လန်... အခုအချိန်မှာ ချန်အင်ပါယာကို ပြန်ပါလို့ ပြောရင် ခင်ဗျား ပြန်မှာ မဟုတ်ဘူးမလား။” ဆော်ရွန်က မေးလိုက်သည်။
ရှမ့်လန်က ပြန်မေးလိုက်၏။ “အင်ပါယာ ဆော်ရွန်... ဘုရင်မမီဒူဆာအပေါ် မလေးမစား ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး တောင်းပန်ခိုင်းရင်ကော ခင်ဗျား တောင်းပန်မှာလား။”
ဆော်ရွန်က ဖြေလိုက်သည်။ “ဒါပေါ့။ မတောင်းပန်နိုင်ဘူး။”
ရှမ့်လန်ကလည်း ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်လည်း ပြန်မှာ မဟုတ်ဘူး။”
ဆော်ရွန်က ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ဒါဆိုရင် တိုက်ပွဲ ဖြစ်လာလိမ့်မယ်။ ပုံစံတစ်မျိုးနဲ့ ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲပေါ့။”
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “ဟုတ်တယ်။ ဒါက ဒီရှေးဟောင်းနဂါးကြီးကို လုယူရမယ့် တိုက်ပွဲပဲ။”
ဆော်ရွန်က ပြောလိုက်သည်။ “ပြီးတော့ တိုက်ပွဲဆိုတာ တစ်ဖက်ဖက်က ရှုံးနိမ့်ခြင်း သို့မဟုတ် သေဆုံးခြင်း ဆိုတဲ့ အဓိပ္ပာယ်ပဲ။”
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “အဲဒါက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ။ ဒါကြောင့် ဘယ်သူမှ ညည်းညူနေစရာ မလိုပါဘူး။”
ဆော်ရွန်၏ စကားများက အလွန် ရှင်းလင်းပြတ်သားလှ၏။ သူသည် ဤရှေးဟောင်းနဂါးကြီးကို ဘယ်လိုနည်းလမ်းနှင့်မှ လက်လွှတ်ခံမည် မဟုတ်ပေ။ နဂါးရှိလျှင် သူသည် စစ်မှန်သော ကောင်းကင်သားတော် ဖြစ်လာပြီး တစ်လောကလုံးကိုပင် အုပ်စိုးနိုင်မည်။
“ဒါနဲ့... ဒါက ရှီလွန်မင်းဆက်ရဲ့ အလံအသစ်ပဲ။ အရှင်ရှမ့်လန် ဘယ်လို သဘောရသလဲ။” ဆော်ရွန်က ပြောလိုက်သည်။
ရှမ့်လန် မော့ကြည့်လိုက်ရာ ခန်းမထဲတွင် ကြီးမားသော အလံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ ဆော်ရွန်သည် ဤနဂါးအတွက် အင်ပါယာအလံကိုပင် ပြောင်းလဲပစ်ခဲ့သည်။ နှစ်ပေါင်း ၈၀၀ ကျော် သုံးစွဲခဲ့သော အလံ ဖြစ်ကြောင်း သိထားသင့်၏။
ရှီလွန်ဒုတိယအင်ပါယာ ခေတ်ကပင် အလံ မပြောင်းလဲခဲ့ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က ရှီလွန် နိုင်ငံသစ် တည်ထောင်ချိန်တွင်လည်း အလံ မပြောင်းလဲခဲ့ချေ။ ယခုမူ ပြောင်းလဲလိုက်ပြီ ဖြစ်၏။ မူလအလံ၏ အခြေခံပေါ်တွင် နဂါးပုံကို ထပ်မံ ရက်လုပ်ထားပြီး အလံ၏နေရာအများစုကို ယူထားသည်။ ၎င်းသည် အင်ပါယာအလံ ၏ အခြေခံအသစ် ဖြစ်လာခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့် သမိုင်းစာအုပ်များကို ပြန်လည် ပြုစုရန် ပြင်ဆင်ထားပုံ ရသည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီတည်းက ဤနဂါးသည် ရှီလွန်မိသားစုနှင့် ပတ်သက်ဆက်နွယ်မှု ရှိခဲ့ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်များက ဆော်ရွန်သည် နဂါးဥကို ဖောက်ရန် နည်းလမ်းရှာဖွေတွေ့ရှိခဲ့ပြီး ယခု နှစ်အနည်းငယ် အတွင်း ရှေးဟောင်းနဂါးကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့ကြောင်း ရေးသားကြပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ။ လုပ်ကြံ ဖန်တီးကြမည်သာ ဖြစ်၏။
“ဒါဆိုရင်လည်း။ နှုတ်ဆက်ပါတယ်။” ရှမ့်လန်က ပြောလိုက်သည်။
“အရှင် ရှမ့်လန်ကို လိုက်ပို့လိုက်ကြ။” ဆော်ရွန်က အမိန့်ပေးလိုက်၏။
အပိုင်း (၁၂၂၄)
ထို့နောက် ရှီလွန်အင်ပါယာ၏ မင်းသားတစ်ပါး ရှေ့ထွက်လာပြီး ရှမ့်လန်ကို ပြီးပြည့်စုံသော အခမ်းအနားဖြင့် လိုက်လံ ပို့ဆောင်ပေးသည်။ အစမှအဆုံးတိုင်အောင် အင်ပါယာ ဆော်ရွန်သည် လှည့်မကြည့်ခဲ့သလို ရှမ့်လန်ကိုလည်း မျက်နှာချင်း မဆိုင်ခဲ့ပေ။ သူသည် အမှန်တကယ်ပင် ပြိုင်ဖက်ကင်းလောက်အောင် မာနကြီးလှ၏။ ယခုအချိန်အထိ သူသည် ကောင်းကင်ဘုံ၏ အချစ်တော်၊ ရွေးချယ်ခံရသူဟု ခံယူထားဆဲ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“သွားကြစို့။” ရှမ့်လန်သည် အသံလှိုင်းပျံသန်းရေး သားရဲကို စီးနင်းကာ အနီရောင်နန်းတော်မှ ထွက်ခွာလာပြီး ရွှေကျောက်စိမ်းမြို့ဆီသို့ အရှိန်မြှင့် ဦးတည်လိုက်သည်။ ရှမ့်လန်သည် အနီရောင်နန်းတော်တွင် ၁၅ မိနစ် တိတိ ကြာမြင့်ခဲ့၏။
...............
“ပိုင်တင်... ခင်ဗျား စိတ်ပူနေတဲ့ ကိစ္စတွေက ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီထက် ပိုဆိုးရွားတဲ့ ကိစ္စကြီးတွေက အစားထိုး ဝင်ရောက်လာမှာ မို့လို့ပါပဲ။”
မြို့စားကြီး ပိုင်တင် တိတ်ဆိတ်သွားခဲ့၏။ နာကျင်မှုကိုပင် ခံစားလိုက်ရသည်။
ရှမ့်လန်က ပြောလိုက်၏။ “မြို့စားကြီး ပိုင်တင်... ခင်ဗျားက မြောက်ဘက်နဲ့ တောင်ဘက် လုံးဝ ကွဲသွားတာကို မလိုလားဘူး မဟုတ်လား။ တောင်ဘက်က သီးခြား အင်ပါယာတစ်ခု ဖြစ်သွားမှာကိုလည်း မလိုလားဘူး။ ခင်ဗျားက ရော့ဆိုမိသားစုရဲ့ အိမ်တော်ထိန်း ဖြစ်ပေမဲ့ ၊ လိုကီက ခင်ဗျားရဲ့ သခင်လောင်း ဖြစ်ပေမဲ့ လိုကီ တောင်ဘက်ရှီလွန်အင်ပါယာရဲ့ ဘုရင် ဖြစ်လာမှာကိုလည်း မလိုလားဘူး မဟုတ်လား။”
မြို့စားကြီး ပိုင်တင်ကပြောလိုက်သည်။ “ဟုတ်ပါတယ် အရှင်... ရှီလွန်အင်ပါယာ ကွဲသွားတာကို မမြင်ချင်ပါဘူး။ ရော့ဆိုမိသားစုက အဲဒီလိုနည်းလမ်းနဲ့ တော်ဝင်မိသားစု ဖြစ်လာမှာကိုလည်း မလိုလားပါဘူး။ အဲဒါက ကိုယ်ကျင့်တရားနဲ့ မညီသလို ဂုဏ်သိက္ခာလည်း မရှိပါဘူး။ ကျုပ်ရဲ့မိသားစုက နယ်စားဘွဲ့ ရလာနိုင်ရင်တောင်မှပေါ့။”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် ဆော်ရွန်က ကျုပ်ရဲ့ နဂါးကို ယူသွားတာကို ခင်ဗျား လိုလားသလား။”
မြို့စားကြီး ပိုင်တင်က ပြောလိုက်သည်။ “မလိုလားပါဘူး။ အဲဒီနဂါးက ကျန်းမိသားစုပိုင် ပစ္စည်းပါ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် တစ်စုံတစ်ယောက်က ဒီနဂါးကို အသုံးပြုပြီး ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးပစ်မှာကိုကော ခင်ဗျား လက်ခံနိုင်လား။”
မြို့စားကြီး ပိုင်တင်၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ “တကယ်လို့ တစ်စုံတစ်ယောက်က အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် သူဟာ ပိုင်တင်မိသားစုရဲ့ ထာဝရ ရန်သူပါပဲ။”
နှစ်ဦးစလုံးက ရှင်းလင်းစွာ မပြောခဲ့ကြပေ။ သို့သော်ငြား ရွှေကျောက်စိမ်းမြို့သည် အရှေ့နှင့် အနောက် ကုန်သွယ်ရေး၏ ဗဟိုချက် ဖြစ်သကဲ့သို့ ရှီလွန်အင်ပါယာ၏ အဓိက စခန်းလည်း ဖြစ်သည်။ ရွှေကျောက်စိမ်းမြို့ ပျက်စီးသွားပါက မည်သူ အကျိုးအမြတ် အများဆုံး ရရှိမည်နည်း။ သံသယ ဖြစ်ဖွယ် မလိုအောင်ပင် ဆော်ရွန်သာ ဖြစ်သည်။
အကယ်၍ ဆော်ရွန်သာ ထိုသို့ ပြုလုပ်ခဲ့ပါက မြို့စားကြီး ပိုင်တင် အလွန်အမင်း စိတ်ပျက်မိပေမည်။ ရွှေကျောက်စိမ်းမြို့တွင် ရှီလွန်အင်ပါယာမှ ခွဲထွက်လိုသော အင်အားစု ရှိနေရုံမျှဖြင့် ရွှေကျောက်စိမ်းမြို့ရှိ လူဦးရေ သန်းနှင့်ချီကို သတ်ဖြတ်ပစ်ချင်နေသည်လား။
ထို့နောက် သူတို့နှစ်ဦးစလုံး အရှိန်မြှင့်တင်လိုက်ကြပြီး ရွှေကျောက်စိမ်းမြို့ဆီသို့ အစွမ်းကုန် ပျံသန်းသွား ကြတော့၏။
‘အချိန်မီ ရောက်ပါစေ။ သူတို့ ဘာမှ မဖြစ်ပါစေနဲ့။’
.................
ရွှေကျောက်စိမ်းမြို့နှင့် နီးကပ်လာလေ မြို့စားကြီး ပိုင်တင် ပိုမို ကြောက်ရွံ့လာလေ ဖြစ်၏။ ရွှေကျောက်စိမ်း မြို့အထက်သို့ ရောက်ရှိချိန်တွင် အရည်ပျော်ကာ မီးလောင်ကျွမ်းနေသော မြို့တစ်မြို့နှင့် ပြာမှုန့်ဖြစ်သွားသော လူများကို မြင်တွေ့ရမည်ကို သူ စိုးရွံ့နေမိသည်။
တစ်ရက်နှင့် နှစ်ည ကြာမြင့်ပြီးနောက် ရှမ့်လန်နှင့် မြို့စားကြီး ပိုင်တင်တို့သည် ရွှေကျောက်စိမ်းမြို့ ကောင်းကင်ယံ သို့ ရောက်ရှိလာကြ၏။ မြို့ကြီးသည် ယခင်ကကဲ့သို့ပင် စည်ကားနေဆဲ ဖြစ်ပြီး ယခင်ကထက်ပင် ပိုမို စည်ကားနေသေး၏။
တောင်ကုန်းပေါ်ရှိ သူဌေးရပ်ကွက်သည် ယခင်ကကဲ့သို့ပင် လှပနေဆဲ ဖြစ်သော်လည်း သာမန်အရပ်သား ရပ်ကွက်မှာမူ လူဦးရေ ထူထပ်လွန်းသောကြောင့် အနည်းငယ် ရှုပ်ပွနေပြီး အနံ့အသက်မှာ သိပ်မကောင်းလှချေ။ ထို့အပြင် မြို့ထဲတွင် လောဘရမ္မက် အငွေ့အသက်များ လွှမ်းခြုံနေပြီး ၎င်းမှာ ငွေကြေးအနံ့အသက်ပင် ဖြစ်သည်။
ရွှေကျောက်စိမ်းမြို့ တစ်မြို့လုံးသည် အရှေ့နှင့် အနောက် ကုန်သွယ်ရေးကြောင့် အံ့မခန်း ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်ထားကြ၏။ လမ်းတိုင်းတွင် ရွှေဒင်္ဂါးများ ပြည့်နှက်နေသကဲ့သို့ရှိပြီး ရော့ဆိုမိသားစုသည် ရှီလွန် အင်ပါယာ၏ အချမ်းသာဆုံး မိသားစုနီးပါး ဖြစ်လာခဲ့သည်။ ခန့်မှန်းချက်များအရ ရွှေကျောက်စိမ်းမြို့ရှိ ရွှေပမာဏ သည် ရှီလွန်အင်ပါယာ တစ်ခုလုံး၏ ရှစ်ပုံတစ်ပုံ သို့မဟုတ် ထို့ထက်ပို၍ ရှိနိုင်ပေ၏။
ရှမ့်လန်နှင့် မြို့စားကြီး ပိုင်တင်တို့သည် အောက်သို့ ထိုးဆင်းလိုက်ပြီး ရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။ ဒီဘိုရာနှင့် ရှမ့်ယီတို့က ချက်ချင်း ထွက်လာပြီး ကြိုဆိုကြသည်။ ရှမ့်လန်၏ အကြည့်က အခြား တစ်နေရာသို့ ရောက်ရှိသွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ အဘယ်ကြောင့်နည်း။
သူ ဟယ်လင်ကို မတွေ့ရသောကြောင့်ပင်။
ရက်အနည်းငယ် ကြာမြင့်သွားပြီဖြစ်ရာ ရှမ့်လန် ရှီလွန်အင်ပါယာသို့ ရောက်ရှိနေသည့် သတင်းသည် ဘုရင်မ မြို့တော်သို့ ရောက်ရှိသွားလောက်ပြီ ဖြစ်ပြီး ဟယ်လင်လည်း အပြေးအလွှား ရောက်ရှိလာသင့်ပေသည်။ ထို့အပြင် ဘိုးဘေးလော်နှင့် မူလန်တို့သည် ဘုရင်မမြို့တော်သို့ သွားရောက်ခဲ့ဖူးပြီး သူမအား ပျံသန်းရေး သားရဲသုံးကောင် ပေးအပ်ခဲ့ဖူးသည်။
ရှမ့်လန်သည် စကားတစ်ခွန်းမှမဆိုဘဲ စာကြည့်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်၏။ “ရှမ့်ယီ... ငါ မင်းအမေနဲ့ ဘိုးဘေးလော်ကို မတွေ့ခဲ့ရပေမယ့် သူ ထားခဲ့တဲ့ စာကိုတော့ တွေ့ခဲ့တယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “နဂါးကြီးရဲ့ နောက်ထပ်ပစ်မှတ်က ရွှေကျောက်စိမ်းမြို့ ဖြစ်တယ်လို့ သူ ပြောခဲ့တယ်။ ပြီးတော့ ကယ်တင်ဖို့ ငါ့ကို အမြန်ဆုံး ပြန်လာခိုင်းခဲ့တာ။”
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှမ့်ယီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
ရှမ့်လန်က တုန့်ပြန်လိုက်သည်။ “ရှမ့်ယီ... မင်းရဲ့ စူးစမ်းလေ့လာမှု ခရီးစဉ်မှာ ကျောက်စိမ်းဖြူမြို့တော်က လူတွေနဲ့ တွေ့ခဲ့လား။”
ရှမ့်ယီသည် အတိတ်ကို ပြန်လည် စဉ်းစားလိုက်၏။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က အသားအရေ အရမ်းဖြူတဲ့ အမျိုးသမီးတစ်ယောက်၊ သူ့ရဲ့ တစ်ကိုယ်လုံးက ဆီးနှင်းတွေ ရေခဲတွေလို ဖြူဖွေးနေတာပါ။ သူက ဘိုးဘေးလော်နဲ့ အမေ့ကို မြောက်ဘက်ဆီ လာလည်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။”
‘မြောက်ဘက်တဲ့လား။ အဲဒါ ကျောက်စိမ်းဖြူမြို့တော်ပဲ။’
ဆီးနှင်းရှိနေသမျှ ကာလပတ်လုံး ထိုနေရာသည် ကျောက်စိမ်းဖြူမြို့တော် ဖြစ်ပြီး ကျောက်စိမ်းဖြူမြို့တော်၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိသည်။
ကျောက်စိမ်းဖြူမြို့တော်သည် ရှမ့်လန်ကို ယခင်က ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ရှမ့်လန် မသွားရောက်ခဲ့ပေ။
သို့သော်ငြား ဒီဘိုရာသည် ရှမ့်လန်၏ စကားကို ကြားလိုက်ရပြီးနောက် သားရဲမိခင် တစ်ကောင်ကဲ့သို့ မျက်လုံးများတွင် ရန်လိုမုန်းထားမှုများ တောက်ပလာခဲ့၏။
“နဂါးကြီးက ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးဖို့ လာနေတာလား။ ဘာဖြစ်လို့လဲ။ ဒါ ရန်သူ့ပရိယာယ်ပဲ ဖြစ်ရမယ်။ သေချာပေါက် ဟုတ်တယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဘရွတ်... ဟယ်လင် ဘယ်မှာလဲ။”
ဒီဘိုရာက ဖြေလိုက်၏။ “အရှင်... အရှင် ရောက်လာတဲ့အကြောင်း ဟယ်လင်ဆီကို ချက်ချင်း အကြောင်းမကြားခဲ့ပါဘူး။ သူ အရှင့်ဆီကနေ အရမ်း ပြဿနာတက်မယ့် ကိစ္စတစ်ခု တောင်းဆိုလာမှာ စိုးရိမ်လို့ပါ။”
ရှမ့်လန်သည် ဒီဘိုရာ၏ စကားကို လုံးဝ နားလည်သည်။ ဟယ်လင်သည် နိုင်ငံချစ်စိတ် ပြင်းထန်သူ ဖြစ်ပြီး တစ်ဘဝလုံး စွန့်စားသွားလာနေခဲ့သူ ဖြစ်၏။ မူလက သူမသည် ပြန်လာရန် ဆန္ဒမရှိခဲ့ပေ။ ရှီလွန်အင်ပါယာသို့ ပြန်လာရခြင်း အကြောင်းရင်းမှာ တောင်ဘက်၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ရှီလွန်အင်ပါယာ ပေါင်းစည်းရေး အတွက်ပင် ဖြစ်သည်။ မြောက်ဘက်က တောင်ဘက်ကို ကျွန်ပြုလိုသည်ကို ဟယ်လင် လုံးဝ မလိုလားပေ။
သို့သော်ငြား တောင်ဘက်က ရှီလွန်အင်ပါယာမှ လုံးဝ ခွဲထွက်ပြီး သီးခြား အင်ပါယာ ထူထောင်မည့် ကိစ္စကိုမူ ဟယ်လင် ပို၍ပင် မလိုလားပြန်ချေ။ ရှမ့်လန် ရောက်ရှိလာပါက မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားစေမည့် လုပ်ရပ်များကို ရပ်တန့်ရန် ဒီဘိုရာကို ဖျောင်းဖျပေးဖို့ ဟယ်လင်က သေချာပေါက် တောင်းဆိုပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “ဟယ်လင်ရဲ့ ပြဿနာကို ခဏထားလိုက်အုံး။ ရွှေကျောက်စိမ်းမြို့ကို ကယ်တင်ဖို့က ပိုအရေးကြီးတယ်။ ပထမဆုံးအနေနဲ့ နဂါးကြီးက အန်းရှီးမြို့ကို ဖျက်ဆီးပြီး အခု ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးမှာက တိုက်ဆိုင်မှု မဟုတ်ဘဲ တုန်လှုပ်ဖွယ်ရာ ပူးပေါင်းကြံစည်မှု တစ်ခုလို့ ယူဆရမယ်။”
“သေချာပေါက် ပူးပေါင်းကြံစည်မှုပဲ။”
ဒီဘိုရာက ပြောလိုက်၏။ “ပြီးတော့ ဒါက ရှီလွန် အင်ပါယာကလာတဲ့ ကြံစည်မှုပဲ။ တစ်စုံတစ်ယောက်က ရွှေကျောက်စိမ်းမြို့ကို ဒီလောကမြေပေါ်ကနေ ဖျောက်ဖျက်ပစ်ချင်နေတာ။”
ရှမ့်လန်က မေးလိုက်သည်။ “အကယ်၍ ကြံစည်မှုသာ ဖြစ်မယ်ဆိုရင် နဂါးကြီး မြို့ကို ဖျက်ဆီးအောင် သူတို့ ဘာကို အသုံးပြုခဲ့ကြသလဲ။ နဂါးကြီးကို တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတယ်လို့တော့ ကျုပ် မထင်ဘူး။ ပိုပြီး တိတိကျကျ ပြောရရင် နဂါးကြီးရဲ့အာရုံကို ဘယ်အရာက ဆွဲဆောင်ခဲ့တာလဲ။ ဒါမှမဟုတ် ဘယ်လိုလုပ် ရန်လိုသွားစေတာလဲ။”
“ရွှေ... အံ့မခန်း များပြားတဲ့ ရွှေတွေကြောင့်ပါ။”
ဒီဘိုရာက ပြောလိုက်၏။ “ရှေးဟောင်း ဒဏ္ဍာရီတွေထဲမှာ နဂါးတွေက ရွှေနဲ့ ကျောက်မျက်ရတနာတွေကို အနှစ်သက်ဆုံး မဟုတ်ဘူးလား။ အန်းရှီးမြို့မှာလည်း ရွှေအများဆုံး ရှိခဲ့တာပဲ။”
ဤအချက်မှာ မှန်ကန်ပေသည်။ အန်းရှီးမြို့သည် အလင်းနတ်ဘုရားကို ကိုးကွယ်ကြသောကြောင့် မြို့ထဲတွင် ဘုရားကျောင်းများ၊ ရုပ်တုများ နေရာအနှံ့ ရှိနေ၏။ ထို့အပြင် ထိုဘုရားကျောင်းများသည် ရွှေရောင်အမိုးများ ရှိတတ်ပြီး ရုပ်တုများကိုလည်း ရွှေဖြင့် ပြုလုပ်လေ့ ရှိကြသည်။ အန်းရှီးမြို့သူမြို့သားများသည် ငွေရှာပြီးပါက ရွှေအဖြစ် လဲလှယ်ကြပြီး အလင်းနတ်ဘုရားထံ ဆက်သလေ့ ရှိကြသည်။
ရွှေကျောက်စိမ်းမြို့ရှိ ရွှေပမာဏသည် အန်းရှီးမြို့ထက်များစွာ ပိုမိုသည်။ ရှီလွန်အင်ပါယာ တစ်ခုလုံး၏ ရွှေရှစ်ပုံ၊ တစ်ပုံသည် ရွှေကျောက်စိမ်းမြို့တွင် ရှိနေပြီး နေ့စဉ် ကုန်သွယ်မှုသည် ရွှေပင်လယ် ၊ ငွေပင်လယ်ကြီး ပမာ ဖြစ်၏။
ဤအချက်မှာ အလွန် ယုတ္တိရှိပုံ ပေါက်သည်။ စာအုပ်များစွာထဲတွင် နဂါးများသည် လောဘကြီးပြီး ရွှေနှင့် ကျောက်မျက်ရတနာ အားလုံးကို ပိုင်ဆိုင်လိုကြသည်ဟု ဆိုထားကြသည်။ သို့သော်ငြား ထိုအရာသည် စာအုပ်အချို့ထဲမှ ဒဏ္ဍာရီမျှသာ ဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “ရှမ့်ယီ... ဒီနှစ်တွေထဲမှာ မင်း စာအုပ်တွေ အများကြီး ဖတ်ခဲ့ရမှာပဲ။ ဘိုးဘေးလော်က မင်းကို စာအုပ်တွေ ပေးခဲ့လား။”
ရှမ့်ယီက ဖြေလိုက်သည်။ “ပေးပါတယ်။ ဘိုးဘေးလော် ပြောတာက ဒီနဂါးကြီးက သားတို့ ကျန်းမိသားစုပိုင် ဖြစ်တဲ့အတွက် သေချာ လေ့လာထားရမယ်တဲ့။”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို မင်း ဘယ်လိုထင်လဲ။ ရန်သူက နဂါးကြီးကို အသုံးပြုပြီး ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးချင်တယ်ဆိုရင် သူတို့ ဘာကို အသုံးပြုမယ်လို့ ထင်သလဲ။”
ရှမ့်ယီသည် နက်နဲစွာ တွေးတောလိုက်ပြီးနောက် သူဖတ်ရှုခဲ့ဖူးသော စာအုပ်များကို ပြန်လည် စဉ်းစားလိုက်သည်။
သူ ဆက်လက် တွေးတောနေသည်။
ရှမ့်လန်က အားပေးလိုက်၏။ “မပူပါနဲ့။ ရဲရဲသာ ပြော။ မှားသွားလည်း ကိစ္စမရှိပါဘူး။”
ရှမ့်ယီက ပြောလိုက်သည်။ “အဖေ... တကယ်တော့ ရှေးဟောင်းခေတ်တုန်းက ပျောက်ဆုံးနိုင်ငံက နဂါးကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် သူတို့က နဂါးကြီးကို ဟန့်တားနိုင်မယ့် အရာတစ်ခုကို ရှာဖွေခဲ့ကြပြီး နဂါးသတ်လက်နက် တစ်ခု ဖန်တီးချင်ခဲ့ကြပါတယ်။”
ရှမ့်လန်က မေးလိုက်၏။ “နောက်ဆုံးတော့ သူတို့ ဖန်တီးနိုင်ခဲ့လား။”
ရှမ့်ယီက ခေါင်းခါလိုက်သည်။ “လုံးဝကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ လမ်းစတစ်ခု ရှာတွေ့ခဲ့ပါတယ်။”
ထိုအချိန်တွင် ဒီဘိုရာသည် လိုကီကို ပွေ့ချီလျက် မေးလိုက်၏။ “အရှင်... ဗိုက်ဆာနေရောပေါ့။ ကျွန်မ သွားပြီး ဟင်းချက်ပေးပါမယ်။ ဘဲငန်းသည်းအဆာသွပ် ဟင်းလျာ စားမလား။”
ရှမ့်လန်က ဖြေလိုက်သည်။ “ကောင်းတာပေါ့။”
သူမသည် အမှန်တကယ်ပင် အလွန် ထက်မြက်သော အမျိုးသမီး ဖြစ်သည်။ မည်သည့်အချိန်တွင် ရှေ့တိုးရမည်၊ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို ကောင်းစွာ သိရှိ၏။ ရှမ့်လန်နှင့် ရှမ့်ယီတို့ အရေးကြီးဆုံး လျှို့ဝှက်ချက်ကို ပြောဆိုကြတော့မည် ဖြစ်ရာ သူမကို ရှောင်ပေးရန် မပြောသော်လည်း သူမဖာသာ အလိုက်တသိ ရှောင်ထွက်သွားခဲ့ခြင်း ဖြစ်၏။
ရှမ့်လန်က မေးလိုက်သည်။ “ဘယ်လို လမ်းစလဲ။”
ရှမ့်ယီက ပြန်ဖြေ၏။ “အရမ်း ထူးဆန်းတဲ့ ဒြပ်စင်တစ်ခုပါ။ သူက ဖျက်ဆီးအားပြင်းထန်တဲ့ အမှောင် စွမ်းအင်တွေကို အဆက်မပြတ် ထုတ်လွှတ်နေတာပါ။ ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်း ဝှက်ထားပါစေ အလကားပါပဲ။ အရမ်းထူထဲတဲ့ နံရံတစ်ခု ခြားထားရင်တောင်မှ လူသတ်နိုင်တဲ့ ကြောက်မက်ဖွယ် စွမ်းအင်တွေကို ထုတ်လွှတ်နိုင်ပါသေးတယ်။”
ဤသည်မှာ ယူရေနီယမ်ပင် ဖြစ်၏။ ယူရေနီယမ် သာမက ပြင်းထန်သော နျူကလီးယား ဓါတ်ရောင်ခြည် သင့်စေသည့် အခြားသော ရေဒီယိုသတ္တိကြွ ဒြပ်စင်များလည်း ပါဝင်ပေသည်။ သူ့သားသည် ထင်ထားသည်ထက်ပင် ပိုမို ထူးချွန်ထက်မြက်နေသည်။
ယူရေနီယမ်နှင့် ရေဒီယိုသတ္တိကြွ ဒြပ်စင်များ အကြောင်းကိုပင် သိရှိနေပြီ ဖြစ်ရာ ဤနှစ်များအတွင်း သူ စာအုပ်မည်မျှ ဖတ်ရှုခဲ့သည်ကို ပေါ်လွင်နေပေသည်။ ဤခံစားချက်သည် အလွန် ထူးဆန်း၏။ ရှမ့်လန်သည် ဂုဏ်ယူမိသလို အပြစ်ရှိသလိုလည်း ခံစားလိုက်ရသည်။ သူ့သားသည် လျင်မြန်စွာ ကြီးပြင်းလာပြီး အလွန် ထူးချွန်သော်လည်း သူ့ကြောင့် မဟုတ်ခဲ့ပေ။
ထိုအချိန်က ဦးခေါင်းခွံဂိုဏ်းသည် ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများထဲမှ ယူရေနီယမ် အချို့ကို တွေ့ရှိခဲ့ကြသည်။ မူလ ယူရေနီယမ် သတ္တုရိုင်း မဟုတ်ဘဲ သန့်စင်ထားသော ယူရေနီယမ် ဖြစ်သော်လည်း နျူကလီးယား လက်နက် ထုတ်လုပ်ရန် အတွက်မူ သန့်စင်မှု မလုံလောက်သေးပေ။
နျူကလီးယားဗုံး ပြုလုပ်ရာတွင် အခက်ခဲဆုံး အရာမှာ အဘယ်နည်း။ သန့်စင်ခြင်းပင် ဖြစ်သည်။ သန့်စင်မှု မမြင့်မားပါက ဖြိုခွဲခြင်း ဖြစ်ပေါ်မည် မဟုတ်သလို သာမိုနျူကလီးယား ဓါတ်ပြုခြင်းလည်း ဖြစ်ပေါ်မည် မဟုတ်ပေ။
ထို့ကြောင့် ရှေးဟောင်း ပျောက်ဆုံးနိုင်ငံအနေဖြင့် အောင်မြင်ခဲ့မည် မဟုတ်ချေ။ ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများထဲတွင် ရှမ့်လန် တွေ့ရှိခဲ့သော အမြင့်ဆုံး သန့်စင်မှု ယူရေနီယမ်မှာ ၁ ရာခိုင်နှုန်းထက် မကျော်လွန်နိုင်ပေ။ ဆိုလိုသည်မှာ လက်နက်ထားဦး၊ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန်ပင် မလုံလောက်သေးချေ။
ရှမ့်ယီက ဆက်ပြောသည်။ “ကျုပ်အထင်တော့ ရှေးဟောင်း ပျောက်ဆုံးနိုင်ငံက ဒီဒြပ်စင်ကို ရှာဖွေပြီး နဂါးသတ် လက်နက် ပြုလုပ်ချင်ခဲ့တာ အကြောင်းရင်း ရှိရပါမယ်။ နဂါးကြီးတွေက ဒီဒြပ်စင်ကို အထူး တုံ့ပြန်မှု ရှိလို့ နေပါလိမ့်မယ်။ အဲဒါကလည်း မကောင်းတဲ့ဖက်က တုံ့ပြန်မှုပါ။ တစ်စုံတစ်ယောက်က နဂါးကြီးကို အသုံးပြုပြီး ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးချင်တယ် ဆိုရင် နဂါးတွေ မုန်းတီးတဲ့ ... အန္တရာယ်ရှိတယ်လို့ ထင်မြင်တဲ့ ဒီဒြပ်စင်ကို ရွှေကျောက်စိမ်းမြို့ထဲမှာ ထားလိုက်ရုံပါပဲ။”
ရှမ့်လန်သည် သူ့သားကို ကြည့်ကာ ပြောလိုက်၏။ “ရှမ့်ယီ... မင်းက ဉာဏ်ကြီးရှင်ပဲ။ မင်း ခန့်မှန်းတာ မှန်တယ်။ မဟုတ်ဘူး။ မင်း ပြောတာ မှန်တယ်။”
ထို့နောက် သူသည် ဘောပင်တစ်ချောင်းကို ယူလိုက်ပြီး စာရွက်တစ်ရွက်ပေါ်တွင် ယူရေနီယမ်၏ အက်တမ် တည်ဆောက်ပုံကို ရေးဆွဲပြလိုက်သည်။
“ဒီဒြပ်စင်ကို ယူရေနီယမ်လို့ ခေါ်တယ်။ ငါတို့ ဒါကို ရှေးဟောင်း ပျောက်ဆုံးနိုင်ငံရဲ့ အပျက်အစီးတွေထဲမှာ တွေ့ခဲ့တာ။ ဒါပေမဲ့ ဒါ ဘာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ဘယ်လောက် အန္တရာယ်ရှိလဲ ဆိုတာလည်း ငါကလွဲလို့ ဘယ်သူမှ မသိကြဘူး။”