အခန်း (၁၂၂၇-၁၂၂၈)
Vol. 71 Ch. 1227-1228
အပိုင်း (၁၂၂၇)
ရှမ့်လန် ဤစစ်သည်ကို မသိပေ။ ထိုသူသည် ဒီဘိုရာ၏ ပိုင်နက်မှ လက်အောက်ခံတစ်ဦး ဖြစ်နိုင်၏။ သို့သော်ငြား အနည်းဆုံးတော့ ဤအချိန်မှစ၍ ထိုသူ၏ နှလုံးသားထဲတွင် ရှမ့်လန်၏ နေရာသည် ဆော်ရွန်ထက် သာလွန်သွားခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးကြီးကို ဆုတ်ခွာသွားရန် ရှမ့်လန် အမိန့်ပေးလိုက်သော မြင်ကွင်းသည် အံ့ဖွယ်ရာတစ်ခုဟု ဆိုနိုင်သောကြောင့်ပင်။
ရှမ့်လန်က ပြောလိုက်သည်။ “ဆက်ပြီး စုံစမ်းပါ။ ဒီလူတွေ ရွှေကျောက်စိမ်းမြို့ထဲကို ဘယ်လို ဝင်လာကြတာလဲ။ သူတို့ နောက်ကွယ်က လူက ဘယ်သူလဲ။ ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးချင်တဲ့ သူက ဘယ်သူလဲ။”
“ဟုတ်ကဲ့ပါ။” အင်အားကြီးမားသော မြင်းစီးစစ်သည်က ပြန်လည် ဖြေလိုက်လိုက်၏။
အရုဏ်တက်ချိန်တွင် နှင်းလင်းယုန်တစ်ကောင် ကောင်းကင်မှ ဆင်းသက်လာခဲ့၏။ ပြိုင်ဘက်ကင်း အလှပဂေး ဟယ်လင်သည် မြို့စားကြီး ရော့ဆို၏ ရဲတိုက်တွင် ပေါ်လာခဲ့သည်။
“မောင်လေး...မင်း ရောက်လာပြီပဲ။”
ဟယ်လင်သည် ရှေ့တိုးသွားပြီး ရှမ့်လန်ကို တင်းကျပ်စွာ ဖက်လိုက်၏။ “ဒီရက်တွေမှာ မင်း ရောက်လာမယ့် အချိန်ကိုပဲ မျှော်နေခဲ့တာ။”
ရှမ့်လန်က ပြုံးပြီး ပြောလိုက်သည်။ “အစ်မ... မတွေ့တာ နှစ်အနည်းငယ် ကြာသွားပေမဲ့ အစ်မက လုံးဝ မပြောင်းလဲသေးဘူးပဲ။ အရင်လိုပဲ လှပနေတုန်းပါပဲ။ အထူးသဖြင့် ဒီသရဖူက အစ်မရဲ့မျက်နှာကို အရမ်း ပေါ်လွင်စေတယ်။”
ဟယ်လင်က ပြုံးပြီး ပြောလိုက်၏။ “မောင်လေး...ချီးမွမ်းစကားတွေ အကုန် မသုံးလိုက်ပါနဲ့အုံး။ မင်းရဲ့ မိန်းမကလည်း အနောက်တိုင်းမှာ ရှိနေတာ ဆိုတော့လေ။”
ထို့နောက် ဟယ်လင်သည် ရှမ့်ယီကို ညင်သာစွာ ဖက်လိုက်ပြီး နဖူးကို နမ်းလိုက်သည်။ “ငါ့ရဲ့ ချောမော ခန့်ညားတဲ့ အိမ်ရှေ့စံလေး... နေကောင်းရဲ့လား။”
“ကောင်းပါတယ် အဒေါ်... ကျုပ် မနေ့ညက မအိပ်ရသေးလို့ ပင်ပန်းနေပေမဲ့ အဒေါ်ရဲ့ အနမ်းကြောင့် လန်းဆန်း သွားပါတယ်။” ရှမ့်ယီက ပြောလိုက်၏။
“ကလေး... ဒီလောက် ငယ်ငယ်လေးနဲ့ မိန်းမတွေကို ဘယ်လို မြှောက်ပင့်ရမလဲဆိုတာ မင်း ဒီလောက် ကျွမ်းကျင်မယ်လို့ မထင်ထားဘူး။ မင်းအဖေ ဆီက ရတဲ့ အမွေဖြစ်လိမ့်မယ်။”
ဟယ်လင်သည် အိပ်ငိုက်နေသော လိုကီလေးကို ကောက်မကာ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
“ညီမလေး... ကြိုဆိုပါတယ်။” ဒီဘိုရာက ရှေ့တိုးသွားပြီး ဟယ်လင်၏ ပါးကို နမ်းလိုက်၏။
စာကြည့်ခန်းထဲတွင် လူလေးယောက်သာ ရှိသည်။ လိုကီလေးကို ဆက်လက် အိပ်စက်နိုင်ရန် ခေါ်ဆောင် သွားခဲ့ပြီ ဖြစ်သည်။ ရှမ့်ယီသည် အသက်ဆယ်နှစ် မပြည့်သေးသော်လည်း ဘေးမှနေ၍ ဤလျှို့ဝှက်စကားဝိုင်းကို နားထောင်နိုင်သော အရည်အချင်းနှင့် အခွင့်အာဏာ ရှိသည်။
ပထမဆုံး စကားစသူမှာ ဒီဘိုရာ ဖြစ်၏။ “ညီမလေး ဟယ်လင်... ကျွန်မရဲ့ ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးချင်နေတဲ့သူက ဘယ်သူလဲ။ တကယ်လို့ အရှင်သာ အချိန်မီ ရောက်မလာခဲ့ရင် ဘာတွေ ဖြစ်သွားမလဲ။ ကျွန်မရဲ့ ရော့ဆိုမိသားစု နှစ်ပေါင်း ရာချီ တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ် ပျက်စီးသွားတာက ကိစ္စမရှိပါဘူး။ အဓိကက လူသန်းပေါင်းများစွာပါ ပျက်စီးသွားမှာ။”
သူမသည် တလျှောက်လုံး တရုတ်ဘာသာစကားဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ သူမသည် ရှီလွန်မင်းဆက်မှ ဖြစ်သော်လည်း လက်ရှိ လူလေးဦးစလုံး နားလည်နိုင်သောကြောင့် လက်တင်ဘာသာဖြင့် ပြောဆိုနိုင်ပေသည်။
ဒီဘိုရာ၏ စကားကို ကြားပြီးနောက် ဟယ်လင်သည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်ပါယာ ဆော်ရွန်ကို ကျွန်မ မေးပါ့မယ်။”
“အဒေါ်... ဒီနဂါးက ကျုပ်တို့ ကျန်းမိသားစုပိုင် ဟုတ်တယ်မလား။”
ရှမ့်ယီက ရုတ်တရက် ပြောလိုက်သည်။ “မနေ့ညက မြင်ကွင်းက ဒီအချက်ကို ပိုပြီး သက်သေပြလိုက်တာပဲ။”
“ဒါပေါ့။”
ဟယ်လင်က ပြောလိုက်၏ “ဒီနဂါးကို ငါတို့အဖေ သားဖောက်ခဲ့တာပဲ။ ပြီးတော့ ငါ့အဖေရဲ့ အစေခံက အနောက်လောကကို ယူလာခဲ့တာ။ သေချာပေါက် ကျန်းမိသားစုပိုင်တာပေါ့။”
ရှမ့်ယီက ပြောလိုက်သည်။ “ဒါပေမဲ့ ရှီလွန်အင်ပါယာရဲ့ ဧကရာဇ် ဆော်ရွန်ကလည်း ဒီနဂါးကို လုယူဖို့ ကြိုးစား နေတယ်။ ပြီးတော့ ကျုပ်အဖေရှေ့မှာတောင် ပြောခဲ့သေးတယ်။ ဒါ ကျန်းမိသားစုကို စော်ကားတာ မဟုတ်ဘူးလား။”
“ဟုတ်တယ်။”
ဟယ်လင်က ပြောလိုက်၏။ “ရှီလွန်မင်းဆက်ရဲ့ ဧကရာဇ်အနေနဲ့ သူများပစ္စည်းကို ခိုးယူတာက မြင့်မြတ်မှုနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။”
ရှမ့်ယီက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်အဖေမှာ ရှီလွန်မင်းဆက်အပေါ် ရည်မှန်းချက် တစ်စုံတစ်ရာ ရှိတယ်လို့ အဒေါ် ထင်သလား။”
ဟယ်လင်က ဖြေ၏။ “မထင်ပါဘူး။”
သူမသည် အမှန်တကယ်ပင် အဖြောင့်မတ်ဆုံးနှင့် အမြင့်မြတ်ဆုံး ဖြစ်ရန် မွေးဖွားလာသူ တစ်ဦး ဖြစ်သည်။ ရည်မှန်းချက် အမြဲ ပြည့်နှက်နေသူမှာ ဒီဘိုရာ ဖြစ်ပြီး ရှမ့်လန် မဟုတ်ပေ။ ရှမ့်လန်သည် ရှီလွန်မင်းဆက်အပေါ် အမှန်တကယ် စိတ်ဝင်စားမှု မရှိသလို အရှေ့တိုင်းလောကကိုပင် စိတ်မဝင်စားပေ။ သူ၏ ရည်မှန်းချက်မှာ လောကနှင့် ရန်ငြိုးမဖွဲ့ရေးသာဖြစ်၏။ အကယ်၍ သူ အရှေ့တိုင်း လောကကို မတော်တဆ ပေါင်းစည်းမိခဲ့လျှင်ပင် လောကနှင့် ရန်ငြိုးမဖွဲ့ရေးအတွက် အပိုဆောင်း ဆုလဒ်အဖြစ်သာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် အခြေအနေသည် ပိုမို ရှုပ်ထွေးလာခဲ့သည်။ ဒီဘိုရာ၏ ရည်မှန်းချက်မှာ ထီးနန်းလုယူရန် မဟုတ်ဘဲ တောင်ဘက်ကို သီးခြား အင်ပါယာအဖြစ် ထူထောင်ရန်၊ ဟယ်လင်ကို ဧကရာဇ် တင်မြှောက်ရန်နှင့် လိုကီကို ဟယ်လင်၏ ဆက်ခံသူ ဖြစ်လာစေရန် ဖြစ်သည်။
ဟယ်လင်သည် ဧကရာဇ် မဖြစ်ချင်သလို ရှီလွန်အင်ပါယာ ကွဲသွားသည်ကိုလည်း မလိုလားပေ။ သို့သော်ငြား သူမသည် ဒီဘိုရာ၏အာဏာကို အတင်းအဓမ္မ ရုပ်သိမ်းပြီး ထောင်ချနိုင်သည်လား။ လုံးဝ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဒီဘိုရာသည် ရှမ့်လန်၏ ဇနီးသည် ဖြစ်ရုံသာမက သူမ၏ သစ္စာရှိ လက်အောက်ခံလည်း ဖြစ်သောကြောင့်ပင်။
အရေးအကြီးဆုံးမှာ သူမသည် တောင်ဘက် အကျိုးစီးပွား အုပ်စုကြီး တစ်ခုလုံး၏ ခေါင်းဆောင်ကြီး ဖြစ်နေခြင်း ဖြစ်သည်။ ဒီဘိုရာ ပြုတ်ကျသွားသည်နှင့် တပြိုင်နက် အကျိုးစီးပွား အုပ်စုကြီး တစ်ခုလုံးအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လာပေလိမ့်မည်။
အရှေ့နှင့် အနောက် ကုန်သွယ်ရေးသည် အရာအားလုံးကို အမှန်တကယ် ပြောင်းလဲစေခဲ့ပြီး အင်အား ကြီးမားသော အကျိုးစီးပွားအုပ်စုများစွာကို ဖန်တီးပေးခဲ့သည်။ ထိုသို့ဆိုလျှင် သူမသည် အရှေ့နှင့် အနောက် ကုန်သွယ်ရေးကို ဖြတ်တောက်ပြီး ပိတ်ပင်နိုင်သည်လား။ မရနိုင်ပေ။ ဟယ်လင်သည် ထိုကဲ့သို့ သူရဲဘောကြောင်သော အလုပ်ကို မလုပ်နိုင်ချေ။ ထို့အပြင် အရှေ့တိုင်းသည် သူမ၏ မောင်ဖြစ်သူ ပိုင်ဆိုင်သော ချန်အင်ပါယာ ဖြစ်ပြီး သူမ၏ အဓိက မဟာမိတ်လည်း ဖြစ်နေပြန်သည်။
“အဒေါ် ဟယ်လင်... ကျုပ်မှာ အကြံတစ်ခု ရှိတယ်။” မင်းသားလေး ရှမ့်ယီက ပြောလိုက်၏။
ဟယ်လင်က ပြောလိုက်သည်။ “ပြောပါ။”
ရှမ့်ယီက ပြော၏။ “အုပ်ချုပ်သူတစ်ယောက် အနေနဲ့ အမြော်အမြင် ကြီးမားရမယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေကိုလည်း ကြည့်ရပါမယ်။ အနည်းဆုံးတော့ အခုအချိန်မှာ မြောက်ဘက်နဲ့ တောင်ဘက်ကြား ပိုမို နီးကပ်တဲ့ ပဋိပက္ခ တစ်ခု ရှိနေပါတယ်။ အဲဒါက ကျုပ်အဖေနဲ့ ဆော်ရွန်ကြားက ပဋိပက္ခပါပဲ။ သူက ကျုပ်တို့ ကျန်းကလန်ရဲ့ နဂါးကို လုယူဖို့ လက်လျော့မှာ မဟုတ်ဘူး။ ဆိုလိုတာက တစ်ဖက်ဖက်က ရှုံးနိမ့်ရတော့မယ်။ နဂါးလုပွဲ ရှုံးနိမ့်သွားပြီ ဆိုတာနဲ့ နောက်ဆုတ်ဖို့ အရမ်း ခက်ခဲသွားပါလိမ့်မယ်။”
ဘေးတွင် ရှိနေသော ရှမ့်လန်သည် စကားတစ်ခွန်းမှ မဆိုဘဲ သားဖြစ်သူကို ငေးကြောင်ကြည့်နေမိသည်။ ယခု သူ၏ ရှေ့မှောက်တွင် ရှိနေသော သားဖြစ်သူသည် အမှန်တကယ်ပင် အံ့မခန်းစွမ်းရည် ရှိနေသည်။
........
ရှမ့်ယီသည် မွေးကင်းစ အရွယ်ကပင် လူစကား နားလည်ခဲ့သော်လည်း သူ၏ ရှေ့မှောက်တွင် ပြသနေသော အမူအရာကတော့ တုန်လှုပ်ဖွယ် ကောင်းနေဆဲ ဖြစ်၏။ အသက်ဆယ်နှစ်ပင် မပြည့်သေးသော ကလေး တစ်ယောက်၏ ဉာဏ်ရည်မှာ ကြောက်ခမန်းလိလိ ကောင်းမွန်နေဆဲ ဖြစ်သည်။ ရှမ့်လန်နှင့် နှိုင်းယှဉ်လျှင် ရှမ့်ယီ၏ အုပ်ချုပ်သူ ပုံစံသည် အမှန်တကယ်ပင် ပိုမို အားကောင်းလှသည်။ ချန်အင်ပါယာကြီးကို ဆက်ခံရန် စိတ်ဝင်စားမှု ရှိ၊ မရှိ ရှမ့်လန် မေးမြန်းခဲ့စဉ်က တိုက်ရိုက် လက်ခံခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
‘ဒီပုံစံအတိုင်း ဆိုရင် မင်း ၁၆ နှစ်သားလောက်နဲ့ ငါ့နေရာကို ဆက်ခံလို့ရပြီ။ မင်းအဖေကတော့ အသက် ၃၀ လောက်မှာ အနားယူပြီး မင်းအမေနဲ့အတူ လောကပတ် ခရီးထွက်လို့ ရပြီပေါ့။’
ဟယ်လင်သည် ရှမ့်လန်ကို လှမ်းကြည့်လိုက်သည်။
ရှမ့်လန်က ဆက်ပြော၏။ “ရှမ့်ယီ ပြောတာက ကျုပ် ပြောချင်တဲ့ စကားပါပဲ။ ဒါအပြင် အနာဂတ်မှာ ပိုကြီးမားတဲ့ ကိစ္စတွေ ဖြစ်လာနိုင်ပြီး ကျုပ်တို့ရှေ့က ပဋိပက္ခတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့် လောလောဆယ် နိုင်ငံရေးကို ဘေးဖယ်ထားကြရအောင်။ မိသားစုချင်း ထိခိုက်နစ်နာအောင် မလုပ်ကြနဲ့။ ဟယ်လင်... အစ်မကို ဘာမှပြောဖို့ အတင်းအကျပ် မတိုက်တွန်းပါဘူး။ ဘာလို့လဲဆိုတော့ အစ်မက ကျန်းကလန်ရဲ့ သမီး ဖြစ်ရုံသာမက ရှီလွန်မျိုးနွယ်စုရဲ့ အဖွဲ့ဝင်လည်း ဖြစ်နေလို့ပါ။”
ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ “အရှင်... မီးနတ်ဘုရားဂိုဏ်းက ဆရာမကြီဂ လာရောက် ဂါရဝပြုပါတယ်။”
ရှမ့်လန် မတ်တတ်ရပ်လိုက်၏။ “ဒါဆို ဒီမှာပဲ ခဏ ရပ်ထားကြရအောင်။ နောက်ပိုင်းကျရင် နိုင်ငံရေး အကြောင်း မပြောကြေး။”
ရှမ့်လန်သည် မီးနတ်ဘုရားဂိုဏ်း၏ ယဇ်ပုရောဟိတ်မကြီး ရှယ်လီနှင့် ထပ်မံ တွေ့ဆုံလိုက်သည်။
“နေကောင်းရဲ့လား။ လှပတဲ့ ရှယ်လီ...” ရှမ့်လန်က နှုတ်ဆက်လိုက်၏။
ရှယ်လီက ပြန်ပြောသည်။ “ကျွန်မကတော့ ရိုးရာဓလေ့ကို ထိန်းသိမ်းချင်နေတုန်းပါပဲ။”
ရှမ့်လန်က တုန့်ပြန်လိုက်၏။ “ခင်ဗျား သဘောပါ။”
ရှယ်လီသည် ဝတ်ရုံကို ချွတ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ဖြန့်ခင်းလိုက်သည်။ “အရှင်... စောစောက ဖြစ်ပျက်ခဲ့တာတွေကြောင့် ကျွန်မတို့ အရမ်း တုန်လှုပ်သွားပါတယ်။”
ရှယ်လီက ဆက်ပြောလိုက်၏။ “အထူးသဖြင့် အန်းရှီးမြို့ ပျက်စီးသွားတာပေါ့။ သူတို့က ကျွန်မတို့အပေါ် အမြဲတမ်း ရန်လိုခဲ့ပေမဲ့ ဒီမြို့ကြီး ပျောက်ကွယ်သွားတာနဲ့ လူနှစ်သိန်း သုံးသိန်းလောက် သေဆုံးသွားတာက ကြောက်လန့်တကြား ဖြစ်စေပါတယ်။”
ရှမ့်လန်က ပြုံးပြီး ပြောလိုက်သည်။ “စရှယ်လီ... ခင်ဗျားတို့ရဲ့ မီးနတ်ဘုရားဂိုဏ်းက မီးနဂါးကြယ်တံခွန်ကြောင့် ပေါ်ပေါက်လာတာလေ။ ဒါကြောင့် ဒီနဂါးကြီးကို ခင်ဗျားတို့ရဲ့ အမှတ်အသားတစ်ခု အနေနဲ့ သတ်မှတ်လို့ ရတာပဲ။ ခင်ဗျားတို့ မီးနတ်ဘုရားဂိုဏ်းက ပိုင်ဆိုင်ကြောင်း မပြောဘူးလား။”
ရှယ်လီက ပြန်ပြော၏။ “အရှင်က နောက်နေပါပြီ။ လောဘထက် ပိုအရေးကြီးတာက ရှင်းလင်းပြတ်သားမှုပါ။ ကျွန်မတို့ မီးနတ်ဘုရားဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု စွမ်းအားကို လိုက်စားပါတယ်။ ဒီနဂါးကြီးက ကျွန်မတို့အတွက် သိပ်ကို ကြောက်စရာ ကောင်းလွန်းပါတယ်။ ဒါ့အပြင် စောစောက ဖြစ်ပျက်ခဲ့တာတွေက ဒီနဂါးကြီးဟာ ကျန်းကလန်ပိုင် ဖြစ်ကြောင်း လုံးဝ သက်သေပြလိုက်ပါပြီ။ အရှင်က ကျွန်မတို့ရဲ့ အမြင့်မြတ်ဆုံး မိတ်ဆွေ ဖြစ်တဲ့အတွက် ကျွန်မတို့ ဝမ်းသာမိပါတယ်။”
ထို့နောက် ရှယ်လီ၏ လှပသော မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ဆွဲဆောင်မှုရှိကာ နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ အရှင်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကတိကို မတည်သေးပါဘူး။”
ဘာကတိမှန်း ရှမ့်လန် တကယ်မေ့လို့နေ၏။
ယဇ်ပုရောဟိတ်မကြီး ရှယ်လီက ဆက်ပြောသည်။ “ကျွန်မတို့က မီးကို ကိုးကွယ်ပါတယ်။ ဒါပေမဲ့ ဒီနဂါးကြီးက ကျွန်မတို့အတွက် အရမ်း အားကောင်းပြီး ကြောက်စရာ ကောင်းလွန်းပါတယ်။ လုံးဝ ထိန်းချုပ်လို့ မရသလို ဖျက်ဆီးအားတွေနဲ့ ပြည့်နှက်နေပါတယ်။ သူ့ကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့် ပေးလိုက်ရင် မြို့တွေ အများကြီး မီးလောင်ပြီး ကျွန်မတို့ မီးနတ်ဘုရားဂိုဏ်းတောင် အန္တရာယ် ရှိလာမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် အရှင် အနေနဲ့ ဒီနဂါးကြီးကို အမြန်ဆုံး ယဉ်ပါးအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်မှာ မေးခွန်းတစ်ခု ရှိတယ်။”
ရှယ်လီက ပြောလိုက်သည်။ “မီးလျှံမြို့တော် အကြောင်း မဟုတ်လား။”
ရှမ့်လန်က တုန့်ပြန်၏။ “ဟုတ်တယ်။ မီးနတ်ဘုရားဂိုဏ်းက ကျုပ်တို့ ချန်အင်ပါယာရဲ့ အကောင်းဆုံး မိတ်ဖက်ပါ။ အခုအချိန်ထိ မီးတောက်မြို့တော်မှာ ယဇ်ပုရောဟိတ် ရာနဲ့ချီ အလုပ်လုပ်နေတုန်းပါပဲ။ သူတို့ကို မီးလျှံမြို့တော် အကြောင်း မေးဖူးပေမဲ့ ဘာမှ မသိကြဘူး။”
အရှင်ကျန်းလီ၏ သေတမ်းစာတွင် ကွေ့ဝူကို ရှာဖွေရန် မီးလျှံမြို့တော်သို့ သွားရောက်ရန် ရှမ့်လန်ကို မှာကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနဂါးကို ကွေ့ဝူက အနောက်လောကသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ မနေ့ညက နဂါးကြီးက ရှင်းရှင်းလင်းလင်း ပြောခဲ့သည်မှာ ပျောက်ဆုံးသွားသော ပစ္စည်းတစ်ခုကို ယူဆောင်လာပြီး သူ့ထံ လာတွေ့ရန် ဖြစ်သည်။
အဓိက အချက်မှာ မည်သည့်ပစ္စည်း ပျောက်ဆုံးသွားသနည်း။ ဘယ်မှာ ရှာဖွေရမည်နည်း။ မှန်းဆချက်ဖြင့် ရှာဖွေရမည် ဆိုပါက အလွန် ခက်ခဲပေလိမ့်မည်။ အထိရောက်ဆုံး နည်းလမ်းမှာ ဧကရာဇ် ကျန်းလီ၏ အရိပ်ဖြစ်သော ကွေ့ဝူကို ရှာဖွေခြင်းပင် ဖြစ်သည်။ သူ အဖြေကို သိရှိနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤနဂါးကို ယူဆောင်လာခဲ့ရုံ သာမက နှစ်အနည်းငယ်ကြာ ပြုစုပျိုးထောင် ကျွေးမွေးခဲ့သောကြောင့်ပင်။
ရှယ်လီက ပြောလိုက်၏။ “တောင်းပန်ပါတယ် အရှင်ရှမ့်လန်... အဲဒီ ယဇ်ပုရောဟိတ်တွေက ရာထူးနိမ့် လွန်းတော့ မီးလျှံမြို့တော် ဆိုတဲ့ နာမည်ကို မသိကြပါဘူး။ ဘာလို့လဲဆိုတော့ မီးနတ်ဘုရားဂိုဏ်းက အဲဒီနေရာကို လုံးဝ ပိတ်ပင်ထားလို့ပါ။ ယဇ်ပုရောဟိတ် အငယ်စားတွေ မသိကြပါဘူး။ မီးနတ်ဘုရားဂိုဏ်းရဲ့ အမြင့်ဆုံး အဆင့်ရှိသူတွေပဲ သိကြတာပါ။”
ရှမ့်လန်က မေးလိုက်သည်။ “ဘာကြောင့်လဲ။”
ရှယ်လီက ပြောလိုက်၏။ “မီးလျှံမြို့တော်က တကယ်တော့ ရှေးဟောင်း မြေအောက်မြို့တော် တစ်ခုပါ။ ချော်ရည်တွေရဲ့ အထက်မှာ တည်ရှိပြီး အရမ်း ထူးခြားတဲ့ စွမ်းအင် ပတ်ဝန်းကျင် ရှိပါတယ်။ မီးနတ်ဘုရားဂိုဏ်း အတွက်တော့ အရမ်းအရေးကြီးပြီး လျှို့ဝှက်ထားရတဲ့ မဟာဗျူဟာ အခြေစိုက်စခန်း တစ်ခုပါ။ ကျွန်မတို့ အဲဒီမှာ စမ်းသပ်မှုတွေ အများကြီး လုပ်ကြပါတယ်။ ကျွန်မ ပြောတာကို နားလည်ပါသလား။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ “နားလည်ပါတယ်။ ဒီမီးလျှံမြို့တော်မှာ ပြောမပြနိုင်တဲ့ စမ်းသပ်မှုတွေ လုပ်ဆောင် နေတာကြောင့် မီးနတ်ဘုရားဂိုဏ်း အတွင်းမှာတောင် ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်နေတာပေါ့။”
ရှယ်လီက ပြောလိုက်၏။ “ဟုတ်ပါတယ်။ ကျွန်မတို့က မီးနဂါးကြယ်တံခွန်နောက်ကို အမြဲတမ်း လိုက်နေတာပါ။ ပြီးခဲ့တဲ့ အကြိမ် တိုက်မိတုန်းက အနောက်ဘက်မှာ ဖြစ်ခဲ့ပြီး ကျွန်မတို့ အရမ်း ထူးခြားတဲ့ ပစ္စည်းတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကို ဆယ်စုနှစ်များစွာ လေ့လာခဲ့ပြီး စမ်းသပ်မှုတွေလည်း လုပ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဘာမှ မတွေ့ရှိခဲ့ပါဘူး။ အဲဒီ စမ်းသပ်မှု လုပ်ခဲ့တဲ့ နေရာက မီးလျှံမြို့တော်ပါပဲ။”
‘ကြယ်တံခွန် တိုက်မိခြင်းက ရရှိခဲ့တဲ့ နောက်ထပ် ရတနာတစ်ခုလား။’
ရှယ်လီက ပြောလိုက်သည်။ “ဒီရတနာက မီးနတ်ဘုရားဂိုဏ်းမှာ အရမ်း မြင့်မားတဲ့ မဟာဗျူဟာ နေရာယူထား ပါတယ်။ ကျွန်မတို့ မီးနတ်ဘုရားဂိုဏ်းက ဒါကို လေ့လာဖို့ အရင်းအမြစ်တွေ မရေမတွက်နိုင်အောင် ရင်းနှီးခဲ့ပြီး လူအင်အား ထောင်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က စမ်းသပ်မှု တစ်ခုမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။”
“ဘာလဲ။” ရှမ့်လန် မေးလိုက်၏။
ရှယ်လီက ပြောလိုက်သည်။ “ဘာဖြစ်သွားလဲ ဆိုတာ ကျွန်မတို့လည်း မသိပါဘူး။ ဒါပေမဲ့ ဒီစမ်းသပ်မှုမှာ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မီးလျှံမြို့တော်က ယဇ်ပုရောဟိတ်တွေနဲ့ ပညာရှင် ရာပေါင်းများစွာ အကုန်လုံး အသေဆိုးနဲ့ သေဆုံးသွားကြပါတယ်။ မြေအောက်မြို့တော်အောက်က တွင်းနက်ထဲမှာ ချော်ရည်တွေ အကုန်လုံး ခဲသွားပါတယ်။
မူလက ပူလောင်ပြင်းပြတဲ့ မြို့တော်ကြီးဟာ တစ်ညတည်းနဲ့ နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် အေးစက်သွား ခဲ့ပါတယ်။ ကောင်းကင်မှာ နှင်းတွေ ပြည့်နှက်နေပြီး မြို့တော်ကြီး လုံးဝ ခဲသွားပါတယ်။ ဘယ်သူမှ နေထိုင်လို့ မရတော့ပါဘူး။ ဝင်သွားတာနဲ့ ခဲပြီး သေဆုံးသွားမှာပါ။”
ရှမ့်လန် အံ့အားသင့်သွားရ၏။
အပိုင်း (၁၂၂၈)
“ဒီလောက်တောင် ဆန်းကြယ်တာလား။ ကြယ်တံခွန်ရဲ့ ရိုက်ခတ်မှုက တကယ်တမ်း ဘာကို ယူဆောင်လာတာလဲ။” ရှမ့်လန် မေးလိုက်သည်။
ရှယ်လီက ပြောလိုက်၏။ “လှိုင်းထနေတဲ့ ဒြပ်ထုတစ်ခုပါ။ သက်ရှိလား ၊ စွမ်းအင်လား ဆိုတာ ကျွန်မ မသိပါဘူး။ တခါတလေ အရည်။ တခါတလေ အခဲ။ တခါတလေ အငွေ့ အဖြစ် ပြောင်းလဲတတ် ပါတယ်။ အမြဲတမ်း ပြောင်းလဲနေပေမဲ့ အချိန်အများစုမှာတော့ စီးဆင်းနေတဲ့ သလင်းကျောက်လိုပါပဲ။ လက်သီးဆုပ်လောက်ပဲ ရှိတာပါ။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “လက်သီးဆုပ်လောက် ရှိတဲ့ စီးဆင်းနေတဲ့ သလင်းကျောက်လေးက မီးတောင် တစ်ခုလုံးကို လုံးဝ ခဲသွားစေတာလား။ အဲဒီ မီးတောင်က အရမ်း ကြီးမားတာလား။”
“အရမ်း ကြီးမားပါတယ်။ အောက်က ချော်ရည် ပမာဏက အရမ်းကို များပြားပါတယ်။” ရှယ်လီက ဖြေလိုက်၏။
ဤအရာက သိပ်ကို ထူးဆန်းလွန်းပြီး အမှန်တကယ် အထွတ်အထိပ် ရတနာ တစ်ပါး ဖြစ်ပေသည်။
ရှယ်လီက ဆက်ပြော၏။ “အဲဒီနောက်မှာ ကျွန်မတို့ ခဲသွားတဲ့ မီးလျှံမြေအောက် မြို့တော်ထဲ ဝင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကြိုးစားမှု အားလုံး ကျရှုံးခဲ့ပါတယ်။ အနားမကပ်နိုင်ခင်မှာပဲ သေဆုံးကုန်ကြပါတယ်။”
“အချိန်ကြာလာတာနဲ့အမျှ ဒီနေရာကို လုံးဝ စွန့်လွှတ်လိုက်ရပြီး နာမည်တောင် မေ့လျော့သွားကြပါပြီ။ ဒါက မီးနတ်ဘုရားဂိုဏ်းရဲ့ ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်ပေမဲ့ ဒီကိစ္စက အရမ်း အရေးကြီးပါတယ်။ ကျွန်မတို့ အရှင်ကို ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “မီးနတ်ဘုရားဂိုဏ်းရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။”
ယခု ပြဿနာ တက်လာပြီဖြစ်သည်။ ထိုစဉ်က အရှင် ကျန်းလီသည် ကွေ့ဝူကို နဂါးနှင့်အတူ အနောက်ဘက်သို့ သွားရောက်ရန် စေခိုင်းခဲ့သည်။ သူတို့၏ ပန်းတိုင်မှာလည်း မီးလျှံမြို့တော် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လျှို့ဝှက်နေရာ ဖြစ်ပြီး အဆုံးမဲ့ ချော်ရည်များ ရှိသောကြောင့်ပင်။
နဂါး ကြီးထွားရန်နှင့် စားသောက်ရန် အသင့်တော်ဆုံး နေရာ ဖြစ်သည်။ သို့သော်ငြား အရှင် ကျန်းလီ မီးလျှံမြို့တော် ကို တွေ့ရှိစဉ်က မီးနတ်ဘုရားဂိုဏ်းသည် ၎င်းကိုသိမ်းပိုက်ပြီး လျှို့ဝှက် ဓာတ်ခွဲခန်း တည်ဆောက်ခြင်း မရှိသေးပေ။
ကွေ့ဝူ နဂါးကို ယူဆောင်လာချိန်တွင် မီးလျှံမြို့တော်သည် ပြောင်းလဲသွားပြီ ဖြစ်၏။ ခဲသွားသော မြို့တော် ဖြစ်လာပြီး အနားကပ်သူတိုင်း ခဲကာ သေဆုံးရမည့် အခြေအနေ ဖြစ်နေသည်။ ကွေ့ဝူ မီးလျှံမြို့တော်ထဲတွင် ရှိနေသေးသည်လား။ တစ်ချက် လိုသေးသည်။ အကယ်၍ နဂါးသည် ၎င်း၏ အားကောင်းသော မီးစွမ်းအင်ကို ဖုံးကွယ်လိုပါက ဤခဲသွားသော မီးလျှံမြို့တော်သည် အကောင်းဆုံး နေရာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
နဂါးက ပစ္စည်းတစ်ခု ပျောက်ဆုံးသွားသည်ဟု ပြောခဲ့သည်။ မည်သည့်အရာနည်း။ ယခုမူ ရှမ့်လန်အနေဖြင့် ဤနဂါးကို ယဉ်ပါးအောင် ပြုလုပ်လိုလျှင် မီးလျှံမြို့တော်သည် အဓိက သော့ချက် ဖြစ်နေပုံ ရသည်။ အထူးသဖြင့် အတွင်း၌ ရှေးဟောင်း ရတနာ တစ်ခုရှိနေပြီး မီးနဂါးကြယ်တံခွန်မှ ယူဆောင်လာခြင်းဖြစ်ရာ နဂါးကို ယဉ်ပါးစေရန် အရေးကြီးသော အရာ ဖြစ်ကောင်း ဖြစ်နိုင်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ရှယ်လီ... ကျုပ်ကို ဒီ မီးလျှံမြို့တော် ဆီ ခေါ်သွားပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘယ်လိုလဲ။”
ရှယ်လီက ပြောလိုက်၏ “ဒါပေါ့။ ရပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောပြီးသားပါ။ အဲဒီနေရာကို အနားကပ်လိုက်တာနဲ့ ခဲပြီး သေဆုံးသွားမှာပါ။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ်ကတော့ ခြွင်းချက် ဖြစ်မှာ သေချာပါတယ်။”
သူ့တွင် ရှေးဟောင်းဘုရင် လက်စွပ်ရှိပြီး မြင့်မားသော အပူချိန်နှင့် ကြောက်မက်ဖွယ် အအေးဒဏ်ကို ခံနိုင်ရည် ရှိ၏။
ရှယ်လီက ပြောလိုက်သည်။ “ဒါဆိုရင် အချိန်မရွေး ထွက်ခွာလို့ ရပါတယ်။”
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “ဒါဆို အခုပဲ သွားကြမယ်။”
ရှယ်လီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ကျွန်မအတွက် ၁၅ မိနစ်လောက် အချိန်ပေးမယ်လို့ ထင်ထားတာ။ အရှင်က ဒီလောက် အလောတကြီး ဖြစ်နေမှတော့ နောက်တစ်ခေါက်မှပဲပေါ့။”
“…….” ရှမ့်လန်။
ခဏကြာချိန်မှာတော့ ရှမ့်လန်နှင့် ရှယ်လီတို့သည် အသံလှိုင်းပျံသန်းရေး သားရဲကို စီးနင်းကာ မြောက်ဘက်သို့ ပျံသန်းသွားကြသည်။ သူတို့သည် နဂါးကို ယဉ်ပါးစေမည့် အရေးကြီး ခရီးစဉ်ကို စတင်ရန် လျှို့ဝှက်ဆန်းကြယ်သော မီးလျှံမြို့တော် ဆီသို့ ဦးတည်သွားကြ၏။
...........
ဒဏ္ဍာရီလာ မီးလျှံမြို့တော်သည် အမှန်တကယ်ပင် အလွန် ဝေးကွာလှသည်။ ရှမ့်လန်နှင့် ရှယ်လီတို့သည် မြောက်ဘက်သို့ ဆက်လက် ပျံသန်းသွားကြ၏။ သူတို့ ဆက်တိုက် ပျံသန်းနေကြသည်။ နောက်ထပ် အငြင်းပွားမှု တစ်ခုကို ရှောင်ရှားရန် သူတို့နှစ်ဦးသည် ကမ်းရိုးတန်း တစ်လျှောက် ပျံသန်းခဲ့ကြသည်။
အတိုင်းအတာ တစ်ခုအထိ မီးနတ်ဘုရားဂိုဏ်းသည်လည်း ဆင်းရဲသော သဘာဝလွန် အင်အားစု တစ်ခု ဖြစ်သည်။ သူတို့တွင် ပျံသန်းရေး သားရဲ မရှိသောကြောင့် ရှယ်လီ စီးနင်းလာသော သားရဲမှာ ရှမ့်ယီထံမှ ငှားရမ်းလာခြင်း ဖြစ်သည်။ သို့သော်ငြား အကြောင်းတစ်ခုခုကြောင့် သူမသည် ရှမ့်လန်နှင့် စကားပြောရန် လိုအပ်သည်ဟု အကြောင်းပြကာ ရှမ့်လန်နှင့်အတူ စီးနင်းလိုက်ပါလာခဲ့သည်။
“အရှင် ရှမ့်လန်... အရှေ့ဘက်မှာ ရရှိခဲ့တဲ့ ကြီးကျယ်တဲ့ အောင်ပွဲအတွက် ဂုဏ်ပြုစကား မပြောရသေးပါဘူး။”
ရှယ်လီက ပြောလိုက်သည်။ “ဒါပေါ့... ပြိုင်ဘက်ကင်း အိမ်ရှေ့စံမင်းသား တစ်ပါး ပိုင်ဆိုင်ထားတဲ့ အတွက်လည်း ဂုဏ်ပြုရမှာပေါ့။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ခင်ဗျား ကျုပ်သားကို တွေ့ဖူးတာလား။”
ရှယ်လီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... အရှင်က ချန်အင်ပါယာရဲ့ အင်အားကို လျှော့တွက်ထားတာပဲ။ ကိုယ့်ကိုယ်ကိုလည်း လျှော့တွက်ထားတာပဲ။ အနောက်ဘက်က အနီးကပ်ဆုံးနဲ့ သစ္စာအရှိဆုံး မိတ်ဆွေအနေနဲ့ ဧကရီနဲ့ အိမ်ရှေ့စံမင်းသား ရွှေကျောက်စိမ်းမြို့ကို ရောက်လာတဲ့အခါ ကျွန်မတို့ ဘယ်လိုလုပ် ဂါရဝမပြုဘဲ နေမလဲ။
အရေးကြီးကိစ္စတွေသာ မရှိရင် အိမ်ရှေ့စံမင်းသားကို မီးနတ်ဘုရားဂိုဏ်းဆီ လာလည်ဖို့ မျှော်လင့်ခဲ့တာပါ။ ကျွန်မ အိမ်ရှေ့စံမင်းသားနဲ့ သုံးကြိမ် တွေ့ဆုံခဲ့ပါတယ်။ တွေ့တိုင်း တစ်ခေါက်ထက် တစ်ခေါက် ပိုပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။”
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “အနည်းဆုံးတော့ သူက ကျုပ်ထက် နိုင်ငံအုပ်ချုပ်သူ ဖြစ်ဖို့ ပိုသင့်တော်ပါတယ်။”
ရှယ်လီက ပြောလိုက်သည်။ “ဒါကြောင့် ကျွန်မ အမြဲ တွေးမိတာက။ ကျွန်မသားသာ အိမ်ရှေ့စံမင်းသားရဲ့ တစ်ဝက်လောက် ထူးချွန်ရင် ကျေနပ်ပြီလို့လေ။”
ရှမ့်လန် လန့်သွား၏။ “ခင်ဗျား လက်ထပ်တော့မှာလား။ တကယ် ဝမ်းနည်းစရာပဲ။”
ရှယ်လီက ပြောလိုက်သည်။ “အရှင် ရှမ့်လန်ရဲ့ စကားတွေကမှ ဝမ်းနည်းစရာ ကောင်းတာပါ။ ကျွန်မကို ပေးထားတဲ့ ကတိကို မေ့သွားပြီလား။”
ရှမ့်လန် အသည်းအသန် ပြန်လည် စဉ်းစားကြည့်ရာ အမှန်တကယ်ပင် သတိရသွားသည်။ သူ ချက်ချင်းပဲ အာမေဋိတ်သံဖြင့် ပြောလိုက်၏။
“ဝါး... ရှေ့က ရှုခင်းက တကယ် မဆိုးဘူးပဲ။”
‘ရှင် စကားလမ်းကြောင်း လွှဲတာက တကယ် ညံ့တာပဲ။’
ရှယ်လီက ထောက်ခံလိုက်သည်။ “ဟုတ်ပါတယ်။ တကယ် လှပါတယ်။”
ထိုအချိန်တွင် သူတို့သည် ရွှေကျောက်စိမ်းမြို့တော်နှင့် မိုင် ၂၀၀၀၀ ခန့် ကွာဝေးသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။ ရှီလွန်အင်ပါယာ၏ ပိုင်နက် အများစုကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ မြောက်ဘက် ပိုရောက်လေ နှင်းများ ဖုံးလွှမ်းလေလေ ဖြစ်သည်။ ထို့အပြင် ပင်လယ်ရေမျက်နှာပြင်သည် ရေခဲအဖြစ် စတင် ခဲနေပြီ ဖြစ်၏။
အမှန်တကယ်ပင် အလွန် လှပသည်။ ပင်လယ်ရေသည် ခဲလုနီးပါး ဖြစ်နေသော်လည်း ခဲနေပုံ မပေါက်ပေ။ တစ်ဝက်က ရေခဲ၊ ကျန်တစ်ဝက်က ပင်လယ်ရေ ဖြစ်နေသည်။ နေရောင်အောက်တွင် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “ဒါ မြောက်ဘက်အစွန်ဆုံးတိုက်နဲ့ နီးနေပြီလား။”
ရှယ်လီက ပြောလိုက်သည်။ “မဟုတ်သေးပါဘူး အရှင် ရှမ့်လန်... ဒီနေရာက မြောက်ဘက်အစွန်ဆုံးနဲ့ အနည်းဆုံး မိုင်တစ်သောင်း နှစ်သောင်းလောက် ဝေးပါသေးတယ်။”
အမှန်တကယ်ပင် ယုံနိုင်စရာ မရှိပေ။ ဤနေရာရှိ ပင်လယ်ရေသည် လုံးဝ ခဲနေပြီ ဖြစ်သော်လည်း မြောက်ဘက် အစွန်ဆုံးတိုက်နှင့် မိုင်တစ်သောင်း နှစ်သောင်းလောက် ဝေးနေသေးသည်။ ပို၍ မြောက်ဘက် ရောက်လျှင် မည်မျှ အေးမည်ကို တွေးကြည့်၍ပင် မရနိုင်ချေ။
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “ခင်ဗျား မြောက်ဘက်အစွန်ဆုံးတိုက်ကို စူးစမ်းဖူးလား။”
ရှယ်လီက ပြောလိုက်သည်။ “မြောက်ဘက်အစွန်ဆုံးက လောကပေါ်က သူရဲကောင်း အားလုံး စူးစမ်းချင်ကြတဲ့ မြင့်မြတ်တဲ့ နေရာပါ။ လူတိုင်း အောင်မြင်ချင်ကြပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ကြပါဘူး။ ဒုတိယဧကရီ ဟယ်လင်လို စွန့်စားသူကြီးတောင်မှ မြောက်ဘက်အစွန်ဆုံး စွန့်စားခန်းကို လက်လျော့ ခဲ့ရတာပါ။”
ရှမ့်လန်က ပြန်ပြော၏။ “ကျောက်စိမ်းဖြူကြောင့်လား။ နှင်းရှိတဲ့ နေရာတိုင်းဟာ မြို့တော်ဖြူ (ကျောက်စိမ်းဖြူ)ရဲ့ ပိုင်နက် ဆိုတာ လူတိုင်း သိကြတာပဲ။ မြောက်ဘက်အစွန်ဆုံးတိုက်ကို ဝင်တာနဲ့ လုံးဝ စော်ကားရာ ရောက်သွားမှာလား။”
ရှယ်လီက ပြောလိုက်သည်။ “အဲလို မဟုတ်ပါဘူး။ အရှင် ပြောတာကို အရှေ့တိုင်းရောက်မှ ကြားဖူးတာပါ။ အရင်က မကြားဖူးပါဘူး။ အနည်းဆုံးတော့ အနောက်ဘက်မှာ မြို့တော်ဖြူက အထီးကျန်ပြီး မာနကြီးပါတယ်။ သူ့ကိုယ်သူ ဘယ်တော့မှ ထုတ်မပြသလို ဘယ်သူနဲ့မှလည်း မဆက်ဆံပါဘူး။ ဒါကြောင့် မြောက်ဘက်အစွန်ဆုံး တိုက်ကို စူးစမ်းမယ့်သူတွေကို သူတို့ တားဆီးမှာ မဟုတ်ပါဘူး။ သူရဲကောင်းတွေကို တားဆီးနေတဲ့ တစ်ခုတည်းသော အရာက ကြောက်မက်ဖွယ် အန္တရာယ်နဲ့ အအေးဒဏ်ပါပဲ။”
ရှမ့်လန်က ပြန်လည် မေးခွန်းထုတ်မိ၏။ “ဘယ်လောက် အေးလို့လဲ။”
ရှယ်လီက ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ကျွန်မတို့ အအေးဒဏ်ကို ဖော်ပြတဲ့အခါ ရေစက်တွေ ရေခဲ ဖြစ်သွားတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ မြောက်ဘက်အစွန်ဆုံးရဲ့ စစ်မှန်တဲ့ အအေးဒဏ်ကတော့ လေထု ပျောက်ကွယ်သွားခြင်းပါပဲ။ ဘာလို့လဲဆိုတော့ လေတွေက အပြာရောင် နှင်းတွေအဖြစ် ခဲသွားပြီး မြေကြီးပေါ် ကျဆင်းသွားလို့ပါ။”
‘ဒါက ကြောက်စရာ ကောင်းလိုက်တာ။’
ဆိုလိုသည်မှာ အပူချိန်သည် အနှုတ် ၂၀၀ ဒီဂရီ စင်တီဂရိတ် အောက်တွင် ရှိနေခြင်း ဖြစ်သည်။ အောက်ဆီဂျင်၏ အရည်ပျော်မှတ်မှာ အနှုတ် ၂၁၉ ဒီဂရီ စင်တီဂရိတ် ခန့်ဖြစ်ပြီး နိုက်ထရိုဂျင်မှာ အနှုတ် ၂၁၀ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။
အပူချိန် ဤမျှ ကျဆင်းသွားပါက လေထုအားလုံး ရေခဲအဖြစ် ခဲသွားပြီး ထူးဆန်းသော အပြာရောင် နှင်းများ အဖြစ် မြေကြီးပေါ် ကျဆင်းသွားမည် ဖြစ်သည်။ ထို့ကြောင့် လေ မရှိတော့ပေ။ ဤမျှ နိမ့်သော အပူချိန်တွင် သက်ရှိများ အသက်မရှင်နိုင်ပေ။
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ဒီလောက် ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်က သက်ရှိတွေရဲ့ အကန့်အသတ်ကို ကျော်လွန်နေပါပြီ။ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ မြောက်ဘက်အစွန်ဆုံး တိုက်ကို ရောက်ဖို့ မဖြစ်နိုင်ပါဘူး။”
ရှယ်လီက ပြောလိုက်၏။ “ဟုတ်ပါတယ် အရှင်။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ဒါဆိုရင် သိရသလောက် သမိုင်းမှာ မြောက်ဘက်အစွန်ဆုံးတိုက်ကို ရောက်ဖူးတဲ့သူ ဘယ်နှစ်ယောက် ရှိလဲ။”
ရှယ်လီက ပြောလိုက်သည်။ “အနောက်တိုင်း သမိုင်းမှာလား။ ဖြစ်နိုင်တာက အင်ပါယာ ဆော်ရွန် တစ်ယောက်ပဲ ရှိပါတယ်။”
ယုံနိုင်စရာ မရှိပေ။
‘ဘာကြောင့် ဆော်ရွန်က ဒီလောက် စွမ်းနေရတာလဲ။ ဟယ်လင်တောင် မြောက်ဘက် အစွန်ဆုံး တိုက်ကို မသွားနိုင်ခဲ့ပေ။ သူက ဘယ်လိုလုပ် သွားနိုင်ခဲ့တာလဲ။’
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “ဆော်ရွန်က ဘယ်နှစ်တုန်းက သွားခဲ့တာလဲ။ တိုက်ကြီး ဘယ်နှစ်ခု စူးစမ်းခဲ့ တာလဲ။”
ရှယ်လီက ပြောသည်။ “အရမ်း အရမ်း ကြာခဲ့ပါပြီ။ နှစ် ၃၀ ကျော်လောက် ရှိပြီ ထင်တယ်။ အဲဒီတုန်းက သူက အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။”
ဧကရာဇ် ဆော်ရွန်သည် ယခု အသက် ၅၀ ကျော်နေပြီ ဖြစ်သည်။ သို့သော်ငြား ဤသည်မှာ ပုံမှန်ပင် ဖြစ်၏။ ရှမ့်လန်သည် အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်ပြီး မင်းသမီး ဟယ်လင်သည် အသက် ၄၀ ကျော်နေပြီ ဖြစ်၏။
ရှယ်လီက ပြောလိုက်သည်။ “အဲဒီအချိန်တုန်းက ရှီလွန်အင်ပါယာ ကွဲပြားနေခဲ့ပါတယ်။ ဆော်ရွန် မင်းသား ဖြစ်တုန်းက လူတိုင်းရှေ့မှာ မြောက်ဘက်ကို ထွက်ခွာခဲ့ပါတယ်။ သူက မြောက်ဘက်အစွန်ဆုံး တိုက်ကို သွားချင်ခဲ့တာပါ။
သူ ပြောခဲ့တာက မြောက်ဘက်အစွန်ဆုံး တိုက်ကို အောင်မြင်စွာ ရောက်ရှိပြီး ရှီလွန်အင်ပါယာရဲ့ ဓားကို ပြန်ယူလာနိုင်ရင် လူတိုင်း သူ့အပေါ် သစ္စာရှိကြလိမ့်မယ်တဲ့။ အဲဒီအခါကျရင် သူက ရှီလွန်အင်ပါယာရဲ့ အငြင်းပွားဖွယ် မရှိတဲ့ ဧကရာဇ် ဖြစ်လာလိမ့်မယ်တဲ့။”
ထိုအချိန်က ဆော်ရွန်၏ ဝမ်းနည်းဖွယ် ခံစားချက်ကို ရှမ့်လန် ခံစားနိုင်သည်။ ထိုအချိန်က ဒုတိယ ရှီလွန် အင်ပါယာ ပျက်သုဉ်းသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရှီလွန်တော်ဝင်မိသားစုဝင်များသည် ထီးနန်းလုပွဲ ဆင်နွှဲနေကြပြီး ပြီးဆုံးမည့် လက္ခဏာ မတွေ့ရပေ။ ထို့အပြင် ရှီလွန်အင်ပါယာကို ပြန်လည် ပေါင်းစည်းရန် လုံလောက်သော ဂုဏ်သတင်း ရှိသူ မည်သူမှ မရှိချေ။
လွန်ခဲ့သော နှစ် ၈၀၀ က ရှီလွန်အင်ပါယာသည် ဤမြင်ကွင်းကို ကြိုတင် မြင်တွေ့ခဲ့ပုံ ရသည်။ ထို့ကြောင့် သူ နတ်ရွာစံခါနီးတွင် ထီးနန်းကို သားဖြစ်သူထံ လွှဲပြောင်းပေးခဲ့၏။ ထို့နောက် သူသည် မြောက်ဘက်သို့ တစ်ကိုယ်တည်း ထွက်ခွာသွားပြီး မြောက်ဘက်အစွန်ဆုံး တိုက်ရှိ ဇာတိမြေသို့ ပြန်သွားကာ ဧကရာဇ်၏ ဓားနှင့်အတူ ပျောက်ဆုံးသွားခဲ့သည်။
ထိုနှစ်တွင် အင်ပါယာ၏ မှူးမတ်များ အားလုံး ဤမြင်ကွင်းကို မြင်တွေ့ခဲ့ကြရသည်။ ပျောက်ကွယ်သွားသော ပထမ ရှီလွန်၏ ပုံရိပ်သည် အိုမင်း၊ စွမ်းအားကြီး၊ အထီးကျန်ပြီး ရဲရင့်နေခဲ့၏။ သူသည် နှင်းထုကြီးထဲတွင် တစ်လှမ်းချင်း ပျောက်ကွယ်သွားခဲ့ခြင်းပင်။
ထို့အပြင် ပထမ ရှီလွန်သည် နောက်ဆုံးစကားများ မှာကြားခဲ့သည်။ အင်ပါယာ ကွဲပြားချိန်မှာတော့ ရှီလွန် တော်ဝင်မိသားစု၏ မည်သည့် ဆက်ခံသူမဆို မြောက်ဘက်အစွန်ဆုံး တိုက်ရှိ ဇာတိမြေတွင် သူ ထားခဲ့သော ရှီလွန်အင်ပါယာ၏ဓားကို ပြန်ယူပြီး မြို့တော်သို့ ပြန်လာနိုင်လျှင် ရှီလွန်အင်ပါယာ၏ ဧကရာဇ်သစ် ဖြစ်လာလိမ့်မည် ဟူ၍ပင်။
ထို့နောက် ရှီလွန်အင်ပါယာသည် တစ်ကြိမ်မက ကွဲပြားခဲ့သည်။ ရှီလွန်အင်ပါယာ၏ နောက်ဆုံးစကားများ အတိုင်း ဤကြီးမားသော လုပ်ရပ်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး ထီးနန်းတက်လိုသူ တစ်ဦးမက ရှိခဲ့ကြသည်။ သို့သော်ငြား အားလုံး ကျရှုံးခဲ့ကြသည်။ ရှီလွန်အင်ပါယာ၏ဓားကို မည်သူမှ ပြန်မယူနိုင်ခဲ့ကြချေ။ အားလုံး လမ်းခုလတ်တွင် သေဆုံးခဲ့ကြ၏။
ထို့အပြင် မြောက်ဘက်အစွန်ဆုံးတိုက်သည် ပို၍ ပို၍ အေးလာခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် ရှီလွန် တော်ဝင်မိသားစုဝင် အားလုံး လုံးဝ လက်လျော့လိုက်ကြသည်။ အကြောင်းမူကား ထိုအရာသည် သေလမ်း ဖြစ်နေသောကြောင့်ပင်။
ထိုအချိန်က အသက် ၂၀ ကျော် ဆော်ရွန်သည် ရှီလွန်တော်ဝင်မိသားစု၏ တိုက်ရိုက် ဆက်ခံသူဟု သတ်မှတ် ခံရသည်။ သို့သော်ငြား သူ၏ ဆက်ခံပိုင်ခွင့် အဆင့်မှာ ပထမ မဟုတ်ပေ။ သူသည် ရည်မှန်းချက် ကြီးမား သော်လည်း ထောက်ခံသူ သိပ်မများလှချေ။ ထို့ကြောင့် သူသည် မြောက်ဘက်အစွန်ဆုံး တိုက်ရှိ ဇာတိမြေသို့ သွားရောက်ပြီး ပထမ ရှီလွန် ထားခဲ့သော ဧကရာဇ်ဓားကို ပြန်ယူမည့် ဤဝမ်းနည်းဖွယ် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူ နှင်းထုထဲတွင် ပျောက်ကွယ်သွားချိန်မှာတော့ မည်သူမှ သူ့အပေါ် မျှော်လင့်ချက် မထားခဲ့ကြပေ။ သူ သေချာပေါက် သေဆုံးလိမ့်မည်ဟု အားလုံး ထင်မှတ်ခဲ့ကြသည်။ သို့သော်ငြား သူတို့ မထင်မှတ်ထားသည်မှာ ဆယ်စုနှစ် အနည်းငယ် ကြာပြီးနောက် သူသည် ပထမ ရှီလွန် ထားခဲ့သော ဧကရာဇ်ဓားနှင့်အတူ ပြန်ရောက်လာခဲ့၏။
သူသည် မြောက်ဘက်အစွန်ဆုံး တိုက်ရှိ ဇာတိမြေမှ အောင်မြင်စွာ ပြန်လာနိုင်သော နှစ်ပေါင်း ရာချီ အတွင်း ပထမဆုံး သူရဲကောင်း ဖြစ်လာခဲ့သည်။ ရှီလွန်အင်ပါယာ၏ ဓားကို ပြန်ယူလာနိုင်ရုံ သာမက သိုင်းပညာ တွင်လည်း အလွန် ကျွမ်းကျင်လာခဲ့သည်။ သူသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်လောက်အောင် စွမ်းအားကြီးမား၏။ သူသည် မြို့တစ်မြို့ကို တစ်ကိုယ်တည်း အနိုင်ယူပြီး တောင်ဘက်သို့ တောက်လျှောက် ချီတက်ကာ ရှီလွန်အင်ပါယာ၏ ဧကရာဇ် ဖြစ်လာခဲ့သည်။