အခန်း (၁၂၂၉-၁၂၃၀)
Vol. 71 Ch. 1229-1230
အပိုင်း (၁၂၂၉)
ယခု အခြေအနေကို သေချာ နားလည်သွားချိန်မှာတော့ ရှမ့်လန် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ ထိုအချိန်က မြောက်ဘက်တိုက်ကြီး အေးလာသောကြောင့် ရှီလွန်လူမျိုးများ တောင်ဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ မိုင်သောင်းချီ ခရီးနှင်သော အဆိုးရွားဆုံး ပြောင်းရွှေ့မှုကြီး အပြီးတွင် လူသန်းပေါင်းများစွာ အနက် တစ်သောင်းသာ ကျန်ရစ်ခဲ့သည်။
ရှီလွန်အင်ပါယာသည် ဤလူတစ်သောင်းကို အားကိုးပြီး ဗီတာတိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ကာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော ရှီလွန်အင်ပါယာကို တည်ထောင်ခဲ့သည်။ ဤနှစ်ပေါင်း ရာချီ အတွင်း မြောက်ဘက်အစွန်ဆုံး တိုက်ကြီးသည် နှစ်စဉ် ပိုမို အေးလာခဲ့၏။
ပထမ ရှီလွန် မသေဆုံးမီ မြို့တော်ဟောင်းသို့ ပြန်သွားပြီး ဧကရာဇ်ဓားကို ဇာတိမြေတွင် ပြန်ထားခဲ့သည်။ နှစ်ပေါင်း ရာချီ ကြာပြီးနောက် မြို့တော်ဟောင်း၏ အပူချိန်သည် လေထု မရှိတော့သည့် အခြေအနေသို့ ရောက်ရှိ နေလောက်ပြီ ဖြစ်သည်။
ဆော်ရွန် မည်သို့ အသက်ရှင်ခဲ့သနည်း။ လုံးဝ တွေးကြည့်၍ မရနိုင်ပေ။
ရှမ့်လန် ရုတ်တရက် ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ရှီလွန်အင်ပါယာဟာ မြောက်ဘက် တိုက်ကြီးမှာ ရှိခဲ့တာ မဟုတ်လား။ ရာသီဥတုအေးလာပြီး မြောက်ဘက်တိုက်ကြီးမှာ နေထိုင်ဖို့ မသင့်တော်တော့လို့ သူတို့ လူမျိုးစုလိုက် တောင်ဘက် ရွှေ့ပြောင်းမှုကြီး လုပ်ခဲ့ကြတာ။ သူတို့ သမုဒ္ဒရာအတိုင်း လိုက်ပြီး မသိရသေးတဲ့ တောင်ဘက်ဆီ ထွက်ခွာခဲ့ကြတာ။”
ရှယ်လီက ပြောလိုက်သည်။ “ဟုတ်ပါတယ်။”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက မီးနဂါးကြယ်တံခွန် ပထမဆုံး ပေါ်လာတဲ့ နေ့လား။”
ရှယ်လီက ပြောလိုက်သည်။ “ဟုတ်ပါတယ် အရှင်... ဒီလောကကြီးက သိပ်ကို ဆန်းကြယ်တယ် မဟုတ်လား။”
ဟုတ်ပေသည်။ သိပ်ကို ဆန်းကြယ်လွန်းလှ၏။ မီးနဂါးကြယ်တံခွန် ပထမဆုံး ပေါ်လာစဉ်က တော်ဝင်ရန် အင်ပါယာ ပေါ်ထွန်းလာခဲ့သည်။ မြောက်ဘက်တိုက်ကြီး ခဲသွားခဲ့သည်။ ရှီလွန်အင်ပါယာ တောင်ဘက်သို့ ရွှေ့ပြောင်းခဲ့သည်။
မီးနဂါးကြယ်တံခွန် အင်ပါယာနှင့် နောက်ဆုံးအကြိမ် တိုက်မိစဉ်က အခြေအနေများ ပြောင်းလဲသွားခဲ့ပြန်၏။ ‘နဂါးကြီး မွေးဖွားလာခြင်း။’
ရှယ်လီက ပြောလိုက်သည်။ “ဒါကြောင့် အရှင်... အရှင်ရဲ့ တာဝန်က ထင်ထားတာထက် အများကြီး ပိုကြီးမား နိုင်ပါတယ်။ စိတ်မပူပါနဲ့။ မီးနတ်ဘုရားဂိုဏ်းက အရှင်ရဲ့ နောက်ကနေ အမြဲတမ်း လိုက်ပါပြီး သစ္စာအရှိဆုံး မိတ်ဖက် ဖြစ်လာမှာပါ။”
ရှမ့်လန် ရှယ်လီကို ကြည့်ပြီး မေးလိုက်၏။ “ခင်ဗျားရဲ့ တာဝန်က ဘာလဲ။”
ရှယ်လီက ပြောလိုက်သည်။ “အမှောင်မိုက်ဆုံးအချိန်မှာ လောကကြီး တစ်ခုလုံးကို အလင်းပေးဖို့ပါပဲ။”
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “တကယ်တော့ မြောက်ဘက်အစွန်ဆုံးတိုက်ကို အောင်မြင်စွာသွားခဲ့တာ ဆော်ရွန် တစ်ယောက်တည်း မဟုတ်ပါဘူး။ ပိုစောတဲ့ နောက်တစ်ယောက် ရှိပါသေးတယ်။ အဲဒါ ကျုပ်အဖေ ကျန်းလီပါ။”
ကျန်းလီသည် အနောက်လောကတွင် ကြာမြင့်စွာ စွန့်စားသွားလာခဲ့သော်လည်း အရှေ့တိုင်းလောကသို့ တိုက်ရိုက် ပြန်မသွားခဲ့ပေ။ ထိုအစား သူသည် မြောက်ဘက်အစွန်ဆုံး တိုက်သို့ သွားရောက်ပြီး မြို့တော်ဖြူကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာတွင် ရှမ့်လန်၏ မိခင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရှမ့်လန်၏ ရှေ့မှောက်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသော်လည်း ဖြေရှင်း၍ ရတော့မည့်ပုံပေါ်နေသည်။
...........
နောက်ဆုံးတော့ ရောက်တော့မည်။ ဤနေရာရှိ အအေးဒဏ်မှာ တုန်လှုပ်ဖွယ် ကောင်းလှသည်။ အနှုတ် ဒီဂရီ ဆယ်ချီ ရှိနေ၏။ ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်တွင် ရှေးဟောင်းဘုရင် လက်စွပ်နှင့် နဂါးနှလုံးသား ရှိနေသည်။ ထိုသို့မဟုတ်ပါက လွန်ခဲ့သော ရက်အနည်းငယ်ကပင် အေးခဲသေဆုံးသွားလောက်ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဤနေရာရှိ ပင်လယ်သည် ပို၍ပင် လှပနေသည်။ နေရာအနှံ့ ရေခဲတောင်များ ရှိနေပြီး ပင်လယ်ပြင် ဧရိယာ အများအပြား လုံးဝ ခဲနေပြီ ဖြစ်၏။
“ဒီနေရာက တကယ်ပဲ ပိုအေးလာတာပဲ။”
ရှယ်လီက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မ လာတုန်းက ဒီပင်လယ်က အခုလို မခဲသေးဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆို မီးလျှံမြို့တော်က မြောက်ဘက်အစွန်ဆုံး တိုက်နဲ့ နီးနေတာလား။”
ရှယ်လီက ပြောလိုက်သည်။ “ကျွန်မတို့ မီးနတ်ဘုရားဂိုဏ်းရဲ့ တွက်ချက်မှုအရဆိုရင် မီးလျှံမြို့တော်က ဗီတာတိုက်ကြီးနဲ့ မြောက်ဘက်တိုက်ကြီးကြား နယ်နိမိတ်ပါပဲ။ ကျွန်းတစ်ကျွန်း ဖြစ်တဲ့အတွက် သူ့ရဲ့ တောင်ဘက် က မဟာသမုဒ္ဒရာ ဖြစ်ပြီး မြောက်ဘက်ကလည်း မဟာသမုဒ္ဒရာပါပဲ။ သမုဒ္ဒရာ မြောက်ဘက်ကို နောက်ထပ် မိုင်နှစ်ထောင်လောက် သွားရင် လုံးဝ ခဲနေတဲ့ မြောက်ဘက်တိုက်ကြီးကို တွေ့ရမှာပါ။”
ရှမ့်လန် ဘာမှခွဲခြားမရပေ။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး မိုင်ထောင်ချီ ခရီးသည် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသောကြောင့်ဖြစ်သည်။ ပင်လယ်လည်း လုံးဝ ခဲနေသောကြောင့် ကုန်းမြေလား၊ သမုဒ္ဒရာလား ခွဲခြား၍ မရနိုင်တော့ချေ။
“အရှင်... ရှေ့ကျွန်းက မီးလျှံမြို့တော်ရဲ့ ဝင်ပေါက်ပါပဲ။” ရှယ်လီက ပြောလိုက်၏။
ရှမ့်လန်၏မျက်လုံးများ တောက်ပလာသည်။ ဤနေရာသည် ခဲနေသော ပင်လယ်ဖြစ်ပြီး နေရာတိုင်းတွင် နှင်းများ ရှိနေသည်။ မလှမ်းမကမ်းတွင် အပြာရောင် တောင်တစ်လုံး ရှိနေသည်။ နေရောင်အောက်တွင် ကြီးမားသော ကျောက်မျက်ရတနာ တစ်ခုကဲ့သို့ တောက်ပ ကြည်လင်နေသည်။
“အရှင်... အဲဒီနေရာက အရမ်း အေးလွန်းလို့ ကျွန်မ မခံနိုင်တော့ဘူး။” ရှယ်လီက ပြောလိုက်၏။
ရှယ်လီ မခံနိုင်သည် သာမက အသံလှိုင်းပျံသန်းရေး သားရဲနှစ်ကောင်လည်း မခံနိုင်တော့ဘဲ တုန်ယင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဝင်ပေါက်နှင့် နီးကပ်လာလေ အပူချိန် နိမ့်ကျလေ ဖြစ်သောကြောင့်ပင်။
ရှယ်လီက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက မီးလျှံမြို့တော်အောက်မှာ အဆုံးမဲ့ ချော်ရည်တွေ ရှိနေခဲ့လို့ နေရာတိုင်းမှာ နှင်းတွေ ရှိနေပေမဲ့ ဒီကျွန်းတစ်ခုတည်းက နွေဦးလို နွေးထွေးခဲ့တာ။ အရမ်း အံ့သြဖို့ ကောင်းတယ်။ ဒါပေမဲ့ အဲဒီ စမ်းသပ်မှု ကျရှုံးပြီးတဲ့နောက် ဒီနေရာက တခြားနေရာတွေထက် ပိုအေးသွားခဲ့တယ်။”
ရှမ့်လန် ရေခဲပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ တချောင်သည် အနားမကပ်နိုင်တော့ပေ။ ဝင်ပေါက် ရောက်ရန် မိုင်အနည်းငယ် လိုသေးသောကြောင့် ရှမ့်လန် ကိုယ်တိုင် လမ်းလျှောက်သွားရမည်။
“ဒီမှာ စောင့်နေပါ။”
ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ စွမ်းအင် ပြည့်ဝအောင် တစ်ခုခု စားထားအုံး။ ပြန်လာခဲ့မယ်။”
“အရှင် ဂရုစိုက်ပါ။”
ရှယ်လီက ပြောလိုက်၏။ “အရှင် ကျွန်မကို ပေးထားတဲ့ ကတိ မတည်ရသေးဘူးနော်။”
“ဝါး... ဒီရှုခင်းက သိပ်လှတာပဲ။ ယုံနိုင်စရာ မရှိဘူး။”
ရှမ့်လန် မီးလျှံမြို့တော် ဝင်ပေါက်ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
...........
ဤနေရာသည် လမ်းလျှောက်ရ အလွန် လွယ်ကူသည်။ ခဲနေသော ပင်လယ် ဖြစ်သောကြောင့် နှင်းများစွာ ရှိနေသည်။ သို့သော်ငြား နှင်းများမှာလည်း ခဲနေသောကြောင့် နင်းလိုက်ချိန်မှာတော့ ခြေမျက်စိထက် ပိုမမြုပ်ပေ။ ရှမ့်လန်က ရှေးဟောင်းဘုရင် လက်စွပ်နှင့် ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသောကြောင့် သက်သောင့် သက်သာရှိသော ပုံမှန် အပူချိန် အခြေအနေတွင် ရှိနေ၏။
သူ မီးလျှံမြို့တော် ဝင်ပေါက်နှင့် ပိုပိုပြီး နီးကပ်လာသည်။ ဤသည်မှာ မီတာ ရာပေါင်းများစွာ မြင့်သော ရေခဲတောင် တစ်လုံး ဖြစ်၏။ သူ လျှောက်သွားလိုက်ချိန်မှာတော့ ပို၍ လှပနေသည်ကို တွေ့လိုက်ရသည်။ ရေခဲထဲရှိ အစိမ်းရောင် သစ်ပင်များကို ရှင်းလင်းစွာ မြင်တွေ့နေရသောကြောင့်ပင်။
ဤမီးလျှံကျွန်းသည် တစ်နှစ်ပတ်လုံး နွေဦးကဲ့သို့ ဖြစ်ခဲ့ဖူးသော်လည်း မီးနတ်ဘုရားဂိုဏ်း၏ စမ်းသပ်မှု မတော်တဆ ဖြစ်ပွားမှုကြောင့် ချက်ချင်း ခဲသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရေခဲထဲရှိ သစ်ပင်များသည် အသက်ဝင်နေသကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။
မီးနတ်ဘုရားဂိုဏ်းသည် ကြယ်တံခွန်မှ မည်ကဲ့သို့သော ရတနာ ရရှိခဲ့သည်ကို တွေးကြည့်ရန် အလွန် ခက်ခဲ လှသည်။ ဤမျှ ကြီးမားသော ကျွန်းကြီးတစ်ကျွန်းနှင့် မြေအောက်မြို့တော် တစ်ခုလုံးကို ချက်ချင်း ခဲသွားစေသည်။ ထိုသို့ ပြုလုပ်ရန် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။
ဤကျွန်းပေါ်သို့ ခြေချလိုက်ချိန်မှာတော့ ရှမ့်လန်သည် ရေခဲထဲရှိ အစိမ်းရောင် သစ်ပင်များ သာမက ပန်းများ၊ လိပ်ပြာများနှင့် ငှက်များကိုပါ တွေ့ရှိလိုက်ရသည်။ အားလုံးသည် နောက်ဆုံး အခိုက်အတန့်တွင် ခဲသွားခဲ့ကြ၏။ ထိုအရာ သေချာပေါက် ပြိုင်ဘက်ကင်း ရတနာ တစ်ပါး ဖြစ်ပေသည်။
ရှယ်လီက ထိုအရာမှာ လှိုင်းထနေသော သလင်းကျောက်ဟု ပြောခဲ့သည်။ ယုတ္တိဗေဒအရ ဆိုလျှင် ထိုအရာသည် အေးစက်သော စွမ်းအင်ကို ထုတ်လွှတ်ပြီး အရာအားလုံးကို ရေခဲစေနိုင်သည့်အရာဖြစ်မည်။
ထို့အပြင် ထိုအရာက အပူချိန်အားလုံးကို မျိုချလိုက်ခြင်း ဖြစ်ပြီး ဆက်တိုက် မျိုချနေခြင်းကြောင့် ချက်ချင်း ခဲသွားကာ ဆက်လက် အေးခဲနေခြင်း ဖြစ်သည်။ တိုက်ဆိုင်မှု မဟုတ်ပေဘူးလား။ မြောက်ဘက်အစွန်ဆုံး တိုက်သည်လည်း အတူတူပင် ဖြစ်သည်။ ရုတ်တရက် အေးလာပြီး ပို၍ ပို၍ အေးလာကာ နောက်ဆုံးတွင် လုံးဝ ခဲသွားခဲ့ခြင်း ဖြစ်၏။
မီးနဂါးကြယ်တံခွန် ပထမဆုံး ပေါ်လာစဉ်က မြောက်ဘက်အစွန်ဆုံးတိုက် ခဲသွားခဲ့ခြင်းမှာလည်း အလွန် တိုက်ဆိုင်နေပြန်သည်။ အမှန်စင်စစ် မြောက်ဘက်အစွန်ဆုံး တိုက်၏ အအေးဒဏ်သည် နှစ် ၂၀၀ ကြာမြင့်ခဲ့သည်။ မီးနဂါးကြယ်တံခွန်သည် လွန်ခဲ့သော နှစ် ၁၀၀၀ က ပေါ်လာခဲ့ပြီး ရှီလွန်ဧကရာဇ်သည် ရှီလွန်လူမျိုး သန်းပေါင်း များစွာကို ခေါ်ဆောင်ကာ လွန်ခဲ့သော နှစ် ၈၀၀ က ပင်လယ်ဖြတ်ကျော် ရွှေ့ပြောင်းခဲ့သည်။
ဆိုလိုသည်မှာ ဤနှစ် ၂၀၀ အတွင်း မြောက်ဘက်တိုက်ကြီးသည် နှစ်စဉ် ပိုမို အေးလာခဲ့ပြီး ရှီလွန် အင်ပါယာဟောင်းသည် တောင်ဘက်သို့ ဆက်တိုက် ရွှေ့ပြောင်းခဲ့ရ၏။
ရှမ့်လန် ဝင်ပေါက်ကို အလွယ်တကူ ရှာတွေ့လိုက်သည်။ ကျောက်တံခါး တစ်ချပ်ဖြစ်ပြီး ထိုအပေါ်တွင် မီးနတ်ဘုရားဂိုဏ်း၏ အလံကို ထွင်းထုထားသည်။ ရှမ့်လန် AI ဖြင့် စစ်ဆေးစေလိုက်ရာ မီးလျှံမြို့တော် ဝင်ပေါက်ရှိ အပူချိန်မှာ အနှုတ် ၇၉ ဒီဂရီ စင်တီဂရိတ် ခန့် ရှိကြောင်း သိရသည်။ ကျောက်တံခါးသည်လည်း လုံးဝ ခဲနေပြီး ထူထဲလွန်းသောကြောင့် ပေါက်ကွဲပစ္စည်းများနှင့် အမြောက်များပင် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
သို့သော်ငြား ရှမ့်လန်အတွက်မူ အလွန် လွယ်ကူလှသည်။
“စွမ်းအင်ဝဲကတော့...”
နဂါးဓားကို ဝှေ့ယမ်း၍ စွမ်းအင်ဝဲကတော့ကို ပစ်လွှတ်လိုက်ပြီး ကျောက်တံခါး ဝင်ပေါက်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ တစ်ခဏချင်းအတွင်းမှာပဲ ကျောက်တံခါး ဝင်ပေါက်သည် အပိုင်းပိုင်း အစစ ကြေမွသွား၏။
သို့သော်ငြား ဤအချက်က ရှမ့်လန်ကို မကောင်းသော ခံစားချက် ဖြစ်ပေါ်စေသည်။ အကယ်၍ ကွေ့ဝူသာ နဂါးကို ဤနေရာသို့ ယူဆောင်လာခဲ့ပါက ကျောက်တံခါးဝင်ပေါက်သည် ပျက်စီးနေသင့်ပြီး ဤမျှ ပြီးပြည့်စုံနေမည် မဟုတ်ပေ။
ကျောက်တံခါးအတွင်း ဝင်ရောက်ပြီးနောက် အတွင်းပိုင်း အပူချိန် ချက်ချင်း ကျဆင်းသွားခဲ့သည်။ ရှေ့တွင် အောက်ခြေမမြင်ရသော လှိုဏ်ခေါင်း တစ်ခုရှိနေပြီး ရှမ့်လန်သည် လှိုဏ်ခေါင်းအတိုင်း ဆက်တိုက် လျှောက်ဆင်း သွားလိုက်သည်။
အပူချိန် ကျဆင်းလာပြီး မကြာမီ အနှုတ် ၁၀၀ ဒီဂရီ စင်တီဂရိတ် ဖြစ်သွားခဲ့သည်။ သို့သော်ငြား ရှမ့်လန်သည် ပုံမှန် အပူချိန်တွင် ရှိနေဆဲဖြစ်ပြီး စွမ်းအင် ကုန်ခန်းမည်ကို စိုးရိမ်စရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် နဂါးနှလုံးသားရှိ စွမ်းအင်အရင်းအမြစ်မှာ နဂါးသွေးခြင်ဆီ ဖြစ်သောကြောင့်ပင်။
မြေအောက် မီတာ ၁၀၀၀၊ မီတာ ၂၀၀၀… နောက်ဆုံးတွင် သူ မီးလျှံမြို့တော်၏ အတွင်းပိုင်းသို့ ရောက်ရှိ သွားခဲ့သည်။ ဤသည်မှာ မူလက သာမန် ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်သော်လည်း မဟာနိဗ္ဗာနကြောင့် လောကကြီး တစ်ခုလုံး မြေလှန်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ပင်လယ်က ကုန်းမြေ ဖြစ်လာကာ ကုန်းမြေက ပင်လယ် ဖြစ်လာသောကြောင့် ဤမြို့တော်သည်လည်း မြေအောက်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။
မီတာ ၂၀၀၀ နက်သော လှိုဏ်ခေါင်းကို မီးနတ်ဘုရားဂိုဏ်းက တူးဖော်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် လွန်ခဲ့သော ဆယ်စုနှစ်များက ဤရှေးဟောင်း မီးလျှံမြို့တော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အတိုင်းအတာ တစ်ခုအထိ ရှေးဟောင်း အမွေအနှစ် တစ်ခုအဖြစ်လည်း သတ်မှတ်ခဲ့သည်။
ဤသည်မှာ အနောက်လောကဖြစ်ပြီး ရှေးဟောင်း မြို့တော် အားလုံးသည် ပျောက်ဆုံးနိုင်ငံကဲ့သို့ပင် တစ်ဝက်က ပင်လယ်အောက်၊ ကျန်တစ်ဝက်က ပင်လယ်အပေါ်တွင် ရှိနေသင့်သည်။ သို့သော်ငြား ဤမြို့တော်သည် ပျောက်ဆုံးနိုင်ငံနှင့် လုံးဝ မတူညီပေ။ တစ်မြို့လုံးကို အညိုရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ခမ်းနားထည်ဝါခြင်း မရှိသော်လည်း ကြီးကျယ်ခန့်ညားကာ ရိုးရှင်းပြီး ဆန်းကြယ်၏။
ဤမြို့တော်သည် အလွန် ပြီးပြည့်စုံနေပြီး စတုရန်းကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းကာ လမ်းမများနှင့် အိမ်များပင် အကောင်းအတိုင်း ရှိနေသေးသည်။ သို့သော်ငြား မြို့ထဲတွင် ရှေးဟောင်းလူသားတစ်ဦး တစ်ယောက်မှ မရှိချေ။ ကျောက်ဖြစ်ရုပ်ကြွင်းပင် မရှိပေ။ တစ်မြို့လုံး အလွန် စနစ်တကျ ရှိနေပြီး မြို့လယ်တွင် ရင်ပြင်တစ်ခု ရှိကာ ရင်ပြင်အလယ်တွင် မီတာ ၁၀၀ ခန့် မြင့်သော ပိရမစ် တစ်ခု ရှိနေသည်။
လမ်းတစ်လျှောက်တွင် ရှမ့်လန်သည် အလောင်းများစွာ တွေ့ရှိခဲ့ရသည်။ အားလုံးသည် မီးနတ်ဘုရားဂိုဏ်း၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် ယခင်က မီးနတ်ဘုရားဂိုဏ်းမှ စေလွှတ်လိုက်သော ယဇ်ပုရောဟိတ်များနှင့် ပညာရှင်များ ဖြစ်နိုင်၏။ ထွက်ပြေးနေစဉ် ခန္ဓာကိုယ်များ ခဲသွားပြီး သေဆုံးသွား ကြသည်။ သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေဆဲပင်။
ပိရမစ်နှင့် နီးကပ်လာလေ အလောင်းများ ပိုမို တွေ့ရှိရလေ ဖြစ်သည်။ သို့သော်ငြား သူတို့ အဝေးဆုံး ပြေးနိုင်ခဲ့သည်မှာ မီတာ ၂၀၀ ထက် မပိုပေ။ ထို့ကြောင့် စမ်းသပ်မှုသည် အလွန် ရုတ်တရက် ဖြစ်ပွားခဲ့ပြီး ချက်ချင်း ခဲသွားခြင်း ဖြစ်ကြောင်း ထင်ရှား၏။
တစ်မြို့လုံးတွင် ရှမ့်လန်သည် ကွေ့ဝူ သို့မဟုတ် ကျန်းလီကို မတွေ့ရှိခဲ့ပေ။ အမှန်စင်စစ် ဘိုးဘေးလော် ပြောဖူးသည်မှာ ကွေ့ဝူသည် မျက်နှာတစ်ထောင် ပိုင်ရှင် ဖြစ်သောကြောင့် သူ ဘာပုံစံနှင့် ပေါ်လာမည်ကို ဘယ်သောအခါမှ သိနိုင်မည် မဟုတ်ပေ။ သို့သော်ငြား အနည်းဆုံးတော့ မီးနတ်ဘုရားဂိုဏ်း၏ ဝတ်ရုံကို ဝတ်ဆင်ထားမည် မဟုတ်တာ သေချာသည်။
ရှမ့်လန်သည် ပိရမစ်ထဲသို့ ဝင်ရောက်လိုက်သည်။ ဤသည်မှာ မီးနတ်ဘုရားဂိုဏ်း စမ်းသပ်မှု ပြုလုပ်ခဲ့သော နေရာ ဖြစ်သည်။ ဤနေရာရှိ အပူချိန်မှာ ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းသည်။ အနှုတ် ၁၅၀ ဒီဂရီ စင်တီဂရိတ် ရှိနေ၏။ စမ်းသပ်မှု ပစ္စည်းကိရိယာ အားလုံးနီးပါး ထူထဲသော ရေခဲလွှာ ဖုံးလွှမ်းနေ၏။
ဖြစ်နိုင်လျှင် မီးနဂါးကြယ်တံခွန်မှ ကျဆင်းလာသော ရတနာကို ရှာဖွေပေးမည်ဟု ရှမ့်လန် မီးနတ်ဘုရားဂိုဏ်းကို ကတိပေးခဲ့သည်။ မီးနတ်ဘုရားဂိုဏ်းက ၎င်းကို ငရဲသလင်းကျောက်ဟု ခေါ်ဆိုကြ၏။ အကြောင်းက ထိုအရာမှာ အငွေ့၊ အရည်၊ အခဲ မည်သည့် ပုံစံမဆို ပြောင်းလဲနိုင်ပြီး ဆက်တိုက် လှိုင်းထကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင် သောကြောင့် ဖြစ်သည်။
ရှယ်လီ၏ မြေပုံအတိုင်း ရှမ့်လန် ပိရမစ်၏ အဓိက ဓာတ်ခွဲခန်းထဲသို့ ဝင်ရောက်လိုက်၏။ မီးနဂါးကြယ်တံခွန်မှ ကျဆင်းလာသော ငရဲသလင်းကျောက်သည် ဤနေရာမှာ ရှိနေသင့်သည် မဟုတ်ပါလား။
သို့သော်ငြား ရှမ့်လန် ဘာမှ မတွေ့ရှိခဲ့ပေ။ စမ်းသပ်စင်သည် ဗလာဖြစ်နေပြီး ဓာတ်ခွဲခန်းထဲတွင် အလောင်း ၁၅ လောင်း ရှိနေသည်။ အားလုံးသည် မီးနတ်ဘုရားဂိုဏ်း၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြပြီး သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
‘ဒါ မမှန်ဘူးလေ။ သူတို့ မျှော်လင့်ချက် ကုန်ဆုံးပြီး ကြောက်ရွံ့နေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ စိတ်လှုပ်ရှား နေကြတာလဲ။ စမ်းသပ်မှု အောင်မြင်တယ်လို့ ထင်ခဲ့ကြလို့လား။
ဒါပေမဲ့ ငရဲသလင်းကျောက် ဘယ်ရောက် သွားလဲ။ အထွတ်အထိပ် ရတနာ ဘယ်ရောက်သွားလဲ။ လုံးဝ ပျောက်ကွယ်သွားတာလား။’
ရှမ့်လန် အပျက်အစီးများထဲသို့ လာရောက်ရခြင်း၏ အရေးကြီးဆုံး တာဝန်မှာ ကွေ့ဝူကို ရှာဖွေရန် ဖြစ်သည်။ သို့သော်ငြား ပိရမစ် တစ်ခုလုံးကို ရှာဖွေပြီးနောက် ကွေ့ဝူ၏ အရိပ်အယောင် မတွေ့ရသေးပေ။
ရှမ့်လန်သည် ဆက်လက် ရှာဖွေရင်း ပိရမစ် အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် တံခါးတစ်ချပ် ရှိပြီး ၎င်း၏နောက်ကွယ်တွင် အောက်ခြေမမြင်ရသော လှိုဏ်ခေါင်းတစ်ခု ရှိသည်။ လှိုဏ်ခေါင်းသည် ချော်ရည် ပင်လယ်သို့ ဦးတည်နေကြောင်း သူ သိသည်။
ချော်ရည်ပင်လယ် ဟူသော အမည်ကို မီးနတ်ဘုရားဂိုဏ်းက ပေးထားခြင်း ဖြစ်သည်။ အကြောင်းမူကား ၎င်းသည် သမုဒ္ဒရာကဲ့သို့ အဆုံးမဲ့ လှိုင်းထနေသော ချော်ရည်များ ဖြစ်သောကြောင့်ပင်။
အပိုင်း (၁၂၃၀)
ယခုအချိန်တွင် ပိရမစ် အောက်ခြေရှိ တံခါးသည် ပိတ်နေပြီး ရေခဲဖြင့် ပိတ်လှောင်ထားသည်။ ရှမ့်လန် နောက်ထပ် စွမ်းအင်ဝဲကတော့တစ်ခု ပစ်လွှတ်လိုက်ပြီး အလွယ်တကူ ဖျက်ဆီးလိုက်၏။ ထို့နောက် သူသည် အောက်ခြေ မမြင်ရသော လှိုဏ်ခေါင်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားလိုက်သည်။
ဤလှိုဏ်ခေါင်းသည် ပို၍ နက်ရှိုင်းပြီး မီတာ ၂၀၀၀၀ ကျော် ရှိသည်။ ဆက်တိုက် အောက်သို့ ဆင်းသွား သောကြောင့် ရှမ့်လန် ဘဝကိုပင် သံသယ ဝင်လာမိသည်။ ပိုနက်လေ အပူချိန် ပိုနိမ့်လေ ဖြစ်သည်။ နောက်ဆုံးတွင် လေထုအားလုံး ပျောက်ကွယ်သွားပြီး မြေပြင်တွင် အပြာရောင် နှင်းလွှာများ ဖုံးလွှမ်းနေသည်။ ဤသည်မှာ လေထု အားလုံး ရေခဲအဖြစ် ခဲသွားခြင်း၏ ရလဒ်ပင် ဖြစ်တော့၏။
ကံကောင်းထောက်မစွာ ရှမ့်လန်၌ နဂါးနှလုံးသားနှင့် ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသောကြောင့် သက်သောင့်သက်သာ ရှိနေဆဲ ဖြစ်သည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ လေထုသည် ရေခဲအဖြစ် ခဲသွားပြီး နှင်းအဖြစ် ပြောင်းလဲသွားသည်လား။
နောက်ဆုံး၌ ဤရှည်လျားသော လှိုဏ်ခေါင်းကြီး ပြီးဆုံးသွားပြီ ဖြစ်ပြီး သူသည် အဆုံးသတ်သို့ ရောက်ရှိလာခဲ့၏။ ထို့နောက် ရှမ့်လန် လုံးဝ အံ့အားသင့်သွားရသည်။ ဤမြေအောက် လှိုဏ်ခေါင်း၏ အဆုံးတွင် အဆုံးအစ မဲ့သော တွင်းနက်ကြီး တစ်ခု ရှိနေပြီး အဆုံးကို မမြင်နိုင်ပေ။ ထိုတွင်းနက်ကြီး၏ အောက်ခြေတွင် ချော်ရည်ပင်လယ်ကြီး ရှိနေသည်။
သူသည် မကြုံစဖူး အံ့ဖွယ်ရာ တစ်ခုကို မြင်တွေ့လိုက်ရ၏။ ခဲနေသော ချော်ရည်ပင်လယ်ကြီးပင်။ ချော်ရည်သည် အံ့မခန်း ပူပြင်းလှပြီး အနည်းဆုံး အပူချိန် ၁၀၀၀ ဒီဂရီ စင်တီဂရိတ်ကျော် ရှိကာ အနီရောင် ဖြစ်နေသင့်သည်။ အေးခဲသွားပြီးနောက် သာမန် ကျောက်သားအရောင် ဖြစ်သွားသင့်သော်လည်း သူ၏ ရှေ့မှောက်ရှိ ချော်ရည် ပင်လယ်ကြီးမှာ အပြာရောင် ဖြစ်နေ၏။
ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် အပြာရောင် တောက်နေပြီး ထူးဆန်းသော အလင်းရောင်များ ထုတ်လွှတ်နေ၏။ အမှန်တကယ်ပင် သမုဒ္ဒရာကြီးကဲ့သို့ဖြစ်ပြီး ပင်လယ်ရေ အရောင်ပင် ပေါက်နေသော်လည်း ခဲနေခြင်း ဖြစ်သည်။
ဤအရာက ရှမ့်လန် မြင်ဖူးသမျှထဲတွင် အံ့သြစရာ အကောင်းဆုံး ရှုခင်း ဖြစ်ပြီး မိစ္ဆာတြိဂံနယ်မြေရှိ ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများထက်ပင် သာလွန်နေသေး၏။
ဤချော်ရည်ပင်လယ်ကြီးသည် သူ ထင်ထားသည်ထက် များစွာ ပိုမို ကြီးမားလှပြီး ထိုအရာ၏ အတွင်း၌ မည်မျှ အံ့မခန်း အပူစွမ်းအင်များ ပါဝင်နေမည်နည်း။ ကျန်းလီက ကွေ့ဝူကို နဂါးနှင့်အတူ ဤနေရာသို့ လာစေခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ ချော်ရည်များသည် နဂါး စားသောက်ပြီး ကြီးထွားရန် လုံလောက်သောကြောင့် ဖြစ်သည်။
သို့သော်ငြား မမျှော်လင့်ထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာပြီး ဤချော်ရည်ပင်လယ်ကြီး ခဲသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုငရဲသလင်းကျောက် ဆိုသည်မှာ အဘယ်နည်း။ ဤမျှ ကြီးမားသော ချော်ရည်ပင်လယ်ကြီးကို ခဲသွားစေနိုင်သည်လား။
ချော်ရည် ဆိုသည်မှာ အဘယ်နည်း။ ဂြိုဟ်တစ်ခု၏ မြေအောက် စွမ်းအင် ဖြစ်ပြီး အဆုံးမဲ့စွမ်းအင် နီးပါး ဖြစ်၏။ ဂြိုဟ်တစ်ခုပေါ်ရှိ မီးတောင်များအားလုံး ငြိမ်သက်သွားလျှင် ထိုဂြိုဟ်သည် သေဆုံးသွားပြီ ဖြစ်သည်။ မီးတောင်များသည် ဂြိုဟ်၏ နှလုံးခုန်သံများ ဖြစ်ကြ၏။
မြောက်ဘက်အစွန်ဆုံး တိုက်ကကော။ ထိုအရာကလည်း ဤအကြောင်းရင်းကြောင့်ပဲလား။ အပူချိန် အားလုံးကို မျိုချပစ်လိုက်ပြီး တိုက်ကြီးတစ်ခုလုံးကို ခဲသွားစေသည်မှာ ထူးဆန်းသော ငရဲသလင်းကျောက်ကြောင့်ပဲလား။ ထိုသို့ဆိုလျှင် ၎င်းသည် သလင်းကျောက် မဟုတ်တော့ပေ။ သက်ရှိပုံစံ တစ်မျိုး ဖြစ်ပြီး အပူချိန် အားလုံးကို မျိုချပစ်သည့် ထူးဆန်းပြီး စွမ်းအားကြီးမားသော သက်ရှိပုံစံ တစ်မျိုး ဖြစ်သည်။
ရှမ့်လန်၏ နားလည်မှုနှင့်ပင် ဤသက်ရှိပုံစံသည် မည်သည့် အခြေအနေတွင် ရှိနေသည်ကို မသိနိုင်ပေ။
သူ ဘာလုပ်ချင်နေသနည်း။ တိုက်ကြီး တစ်ခုလုံး၏ အပူချိန်ကို မျိုချပစ်သည်လား။
သူ ဘာဖြစ်ချင်နေသနည်း။ သူသည် ဤလောကကြီး၏ အန္တိမ လျှို့ဝှက်ချက်၊ အန္တိမ အမှန်တရားနှင့် ထိတွေ့မိလိုက်ပြီဟု ရှမ့်လန် ခံစားလိုက်ရသည်။
မှန်ပေ၏။ အမှန်တရား၏ အစွန်းတစ်ဖက်မျှသာ ရှိသေးသည်။ ဤအမှန်တရားသည် ရှမ့်လန် နဂါးကို ယဉ်ပါးအောင် ပြုလုပ်ခြင်းထက်ပင် ပိုမို အရေးကြီး၏။ လောကကြီးတစ်ခုလုံး၏ ကံကြမ္မာနှင့်ပင် သက်ဆိုင် နေသေး၏။
ငရဲသလင်းကျောက်သည် ဆက်လက် မျိုချနေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေအောက် နက်ရှိုင်းသော နေရာရှိ ချော်ရည်များသည် ဆက်စပ်နေသောကြောင့်ပင်။ ထို့ကြောင့် လောကကြီး တစ်ခုလုံးသည် ဆက်လက် အေးစက်လာပေမည်။
‘အအေးဒဏ်ရဲ့ အကန့်အသတ်က ဘယ်မှာလဲ။ မျိုချခြင်းရဲ့ အကန့်အသတ်က ဘယ်မှာလဲ။ ငရဲ သလင်းကျောက် က အကန့်အသတ်ကို ရောက်သွားရင် ဘာဖြစ်လာမလဲ။ လောကကြီးရဲ့ ကံကြမ္မာကို ဘယ်လို ပြောင်းလဲပစ်မလဲ။ နောက်ထပ် ပျက်စီးခြင်း တစ်ခုလား။ ဒါမှမဟုတ် တခြား တစ်ခုခုလား။’
သို့သော်ငြား ရှမ့်လန်အတွက်မူ အလှမ်းဝေးနေသေးသည်။ သူ့အတွက် လက်ရှိ အရေးကြီးဆုံးအရာမှာ ကွေ့ဝူနှင့် နဂါးကို ယဉ်ပါးအောင် ပြုလုပ်နည်းကို ရှာဖွေခြင်းပင် ဖြစ်သည်။ မကြာမီ ရှမ့်လန်သည် ကွေ့ဝူကို တွေ့ရှိလိုက်၏။ သူသည် ချော်ရည်ပင်လယ် အလယ်တွင် ဒူးထောက်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ သေးငယ်လွန်းသောကြောင့် ကျယ်ပြောလှသော ချော်ရည်ပင်လယ်ကြီးထဲတွင် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ရှမ့်လန် အသက်ပြင်းပြင်း ရှူလိုက်ပြီး မြေအောက် လှိုဏ်ခေါင်းအဆုံးမှ ခဲနေသော ချော်ရည်ပင်လယ်ထဲသို့ ခုန်ချလိုက်သည်။ အမြင့် မီတာ ရာပေါင်းများစွာ ရှိသည်။ မြေကြီးနှင့် ရိုက်မိခါနီးတွင် သူ၏ ရှေးဟောင်း ကိရိယာသည် ပလာစမာ မီးတောက်တစ်ခု ထုတ်လွှတ်လိုက်သောကြောင့် သူသည် ဖြည်းညင်းစွာ ဆင်းသက်နိုင်ခဲ့၏။
ချော်ရည်သည် လုံးဝ မာကျောနေသည်။ ကျောက်သားပင် မဟုတ်ဘဲ သလင်းကျောက်နှင့် ပိုတူနေသည်။ လုံးဝ လေဟာနယ်ဖြစ်ပြီး အပူချိန်မှာ အနှုတ် ၂၃၀ ဒီဂရီ စင်တီဂရိတ် ကျော် ရှိသည်။ ကီလိုမီတာ အနည်းငယ် လျှောက်သွားပြီးနောက် ရှမ့်လန်သည် ထိုပုံရိပ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည်။
‘သူက ကွေ့ဝူလား။’
ရှမ့်လန်သည် ထိုသူ၏ ပုံပန်းသဏ္ဍာန်ကို အကြိမ်ကြိမ် စိတ်ကူးကြည့်ဖူးသော်လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရချိန်မှာတော့ လုံးဝ တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ဧကရာဇ် ကျန်းလီသည် အလွန် တူညီလွန်းသည်။ ထပ်တူနီးပါး တူညီလွန်းနေ၏။
ရှမ့်လန်သည် ကျန်းလီ၏ ပုံတူကိုသာ မြင်ဖူးခြင်း ဖြစ်သော်လည်း ထိုပုံတူသည် အလွန် သဘာဝကျသည်။ ကွေ့ဝူသည် ကျန်းလီ၏ အရိပ် ဖြစ်သည်။ ရွှယ်ယင်ပင်လျှင် သူ၏ တည်ရှိမှုကို မသိရှိခဲ့ပေ။ ရှမ့်လန်နှင့် မှန်ကြား ဆက်ဆံရေးနှင့် တူညီသည်။ တစ်ယောက်က မှန် ဖြစ်ပြီး နောက်တစ်ယောက်က အရိပ် ဖြစ်သည်။ သို့ပေမည့် ဤအရာက ပုံမှန်ဖြစ်သည်။ ယုတ္တိရှိသည်။
သို့သော်ငြား ကွေ့ဝူ သေဆုံးနေပြီ ဖြစ်သည်။ သူသည် လုံးဝ ခဲနေပြီး သေဆုံးသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မသေဆုံးမီ သူသည် ကျန်းလီကို မြင်တွေ့လိုက်ရသကဲ့သို့ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ရိုသေလေးစားမှုဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေခဲ့သည်။ သူ၏ ခဲနေသော မျက်နှာအမူအရာသည် စကားလုံး ထောင်ပေါင်းများစွာ ပြောလိုနေပုံရ၏။
သို့သော်ငြား ရှမ့်လန် ဝေဝါးဝါး ဖတ်ရှုနိုင်သည်မှာ “ဒီအဘိုးကြီး သခင်လေးကို ဂါရဝပြုပါတယ်။ အရှင်ကို ဂါရဝပြုပါတယ်။” ဟူ၍ပင်။
မသေဆုံးမီ သူ၏အကြည့်၌ ဆန္ဒများ ပြည့်နှက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းလီတွင် သွေးသားရင်းချာ ရှိ၊ မရှိ သို့မဟုတ် တစ်စုံတစ်ယောက် သူ့ကို လာရှာမည် ဟုတ် ၊ မဟုတ် သူ မသိခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ မလာခဲ့လျှင် ချန်အင်ပါယာကြီး လုံးဝ ပြီးဆုံးသွားပြီဆိုသည့် အဓိပ္ပာယ်ပင်။ ကျန်းမင်းဆက် လုံးဝ ပြီးဆုံးသွားပြီ ဆိုသည့် အဓိပ္ပာယ်ပင်။ ထို့ကြောင့် တစ်စုံတစ်ယောက် လာရောက်ရန် သူ တောင့်တနေခဲ့သည်။ တစ်စုံတစ်ယောက် သူ့ကို ရှာတွေ့ရန် သူ အသည်းအသန် လိုလားနေခဲ့၏။
ရှမ့်လန်၌ မေးစရာ မေးခွန်း ထောင်ပေါင်းများစွာ ရှိနေသော်လည်း အဖြေရနိုင်တော့မည် မဟုတ်ပေ။ သို့သော်ငြား အချို့ကိစ္စများမှာ အဖြေ မလိုအပ်ပေ။
နဂါးနှင့် ရှမ့်လန်တွင် သဘောတူညီချက်တစ်ခု ရှိသည်။ ပျောက်ဆုံးသွားသော ပစ္စည်းကို ယူဆောင်လာရန် နဂါးက ရှမ့်လန်ကို ပြောခဲ့သည်။
သူ ဘာပျောက်သွားသနည်း။ ထိုအရာက သေချာပေါက် အရမ်း အရေးကြီးပြီး သူ လာယူလို့ မရနိုင်ပေ။ ထိုအရာက ကွေ့ဝူ လက်ထဲ၌ ကိုင်ထားသည့် ပစ္စည်းဖြစ်၏။
“နဂါးဝိညာဉ်ပုလဲ”
ရှမ့်လန် တွေ့ရှိလိုက်ရပြီဖြစ်သည်။
...........
နဂါးဝိညာဉ်ပုလဲ ဆိုသည်မှာ မည်သည့်အရာနည်း။ ရှမ့်လန်လည်း မသိပေ။ ရှမ့်လန်သည် နဂါးကလန် အကြောင်း လုံးဝ မသိနားမလည်သူ မဟုတ်သော်လည်း နဂါးကလန် အကြောင်း နားလည်မှု သိပ်မရှိလှချေ။
သူ ထပ်မံ၍ သက်ပြင်းချလိုက်မိ၏။ ပျောက်ဆုံးနိုင်ငံတော်၏ အပျက်အစီးများဆီ သွားရောက်ရန် စောလွန်းနေသေးသည်။ အဓိကအချက်မှာ သူ ပြင်ဆင်မှု မရှိသေးသောကြောင့် နဂါးကလန် အကြောင်း နားလည်မှုမှာ လိုအပ်ချက်များစွာ ရှိနေသေးခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရှေးဟောင်း နဂါးကလန် အကြောင်း ပိုမို နက်ရှိုင်းစွာ နားလည်နိုင်ကောင်း နားလည်နိုင်ပေမည်။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် နဂါးဝိညာဉ်ပုလဲဟု ခေါ်ရသနည်း။ ပထမအချက် အနေဖြင့် ထိုပုလဲသည် အချင်း တစ်လက်မခန့်သာ ရှိသော ပုလဲတစ်လုံး ဖြစ်သည်။ ဒုတိယအချက် အနေဖြင့် ထိုအရာက အလွန် ထူးဆန်းသော စွမ်းအင် အခြေအနေ တစ်ခု ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှု တစ်ခု မဟုတ်ပုံရပြီး အတွင်း၌ ထူးဆန်းသော အလင်းရောင်များ အချိန်တိုင်း လှိုင်းထနေသည်။
လူတို့ကို ပေးသော ပထမဆုံး အထင်အမြင်မှာ ဝိညာဉ်တစ်ခုနှင့် တူညီနေခြင်း ဖြစ်သည်။ ဤသည်မှာ ရှမ့်လန်၏ ကနဦး သုံးသပ်ချက်သာ ဖြစ်သော်လည်း အတွင်း၌ သတင်းအချက်အလက်များစွာ သိမ်းဆည်းထားသည်မှာ အမှန်ပင်။ အချင်း တစ်လက်မခန့်သာ ရှိသော်လည်း သတင်းအချက်အလက် မည်မျှ ပါဝင်နိုင်မည်နည်း။ ရှမ့်လန် မသိသော်လည်း အလွန် အလွန် များပြားလိမ့်မည် ဖြစ်၏။
ဤအရာသည် ရှေးဟောင်း နဂါးကလန် အတွက် အလွန် အရေးကြီးပုံ ရသည်။ သို့မဟုတ် ပျောက်ဆုံး၍ မဖြစ်သော အရာ ဖြစ်ပုံရသည်။ ထိုအရာမရှိလျှင် နဂါးကလန် ပြီးပြည့်စုံမည် မဟုတ်ပေ။ သို့သော်ငြား အဘယ်ကြောင့် ဤပစ္စည်းက ကွေ့ဝူ လက်ထဲ ရောက်နေသနည်း။ လုံးဝ မသိနိုင်ပေ။
ရှမ့်လန်သည် နဂါးဝိညာဉ်ပုလဲကို ဂရုတစိုက် လှမ်းယူလိုက်ရာ သူ၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားခဲ့၏။ အလွန် ထူးဆန်းသော ခံစားမှု တစ်ခု ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် တစ်ခုလုံး လှုပ်ခါသွားသကဲ့သို့ပင်။ သူသည် နဂါးဝိညာဉ်ပုလဲကို လက်ထဲတွင် ကိုင်ထားရင်း ထိုအရာ၏ စီးဆင်းနေသော အလင်းရောင်ကို ခံစားနေမိပြီး ပုလဲ၏ အဆုံးမဲ့ လှပမှုကို ခံစားနေမိသည်။
သူ မနေနိုင်ဘဲ စိုက်ကြည့်နေမိပြီး နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ထိုအရာထဲသို့ နစ်မြုပ်လုနီးပါး ဖြစ်သွားခဲ့သည်။ အလွန် အံ့သြဖွယ် ကောင်းလှသည်။ အကြောင်းမူကား အတွင်းရှိ အလင်းနှင့် အရိပ် ပြောင်းလဲမှု များသည် တစ်စုံတစ်ရာသော စနစ်တကျ ဖြစ်တည်မှုများဖြင့် ပြည့်နှက်နေပုံ ရသောကြောင့်ပင်။
နားမလည်သူများက ဂရုစိုက်ကြမည် မဟုတ်ဘဲ လှပပြီး ဆန်းကြယ်သည်ဟုသာ ခံစားကြလိမ့်မည်။ သို့သော်ငြား ရှမ့်လန်ကဲ့သို့ နားလည်သူအတွက်မူ စတင် လေ့လာလိုက်သည်နှင့် တပြိုင်နက် အသည်းအသန် လေ့လာချင်စိတ် ဖြစ်ပေါ်လာစေသည်။ ထိုကဲ့သို့ပင် ရှမ့်လန်သည် နဂါးဝိညာဉ်ပုလဲကို လေးနာရီကြာ စိုက်ကြည့်နေမိ၏။
‘ရိုးရိုးလေး ပြောရရင် အရမ်း အံ့သြဖို့ ကောင်းလွန်းတယ်။ အရမ်း ထူးဆန်းလွန်းတယ်။’
နောက်ဆုံးတွင် ရှမ့်လန်သည် အသည်းအသန် လေ့လာချင်စိတ်ကို မျိုသိပ်လိုက်ပြီး နဂါးဝိညာဉ်ပုလဲကို သေတ္တာထဲ သို့ ထည့်လိုက်သည်။ ထို့နောက် ကွေ့ဝူရှေ့တွင် ထိုင်ကာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ သူသည် အမှန်တကယ်ပင် အရှင် ကျန်းလီနှင့် တူလှသည်။ သူနှင့် ကျန်းလီကြားက ဇာတ်လမ်းကို ရှမ့်လန် မနေနိုင်ဘဲ စိတ်ကူးကြည့်မိသည်။
ထိုသို့ဆိုလျှင် ရှမ့်လန်နှင့် မှန်ကြားမှာ မည်သည့်ဇာတ်လမ်း ရှိနေသနည်း။ နောက်ကွယ်မှာ ဇာတ်လမ်း ရှိပုံရသော်လည်း မရှိသလိုလည်း ဖြစ်နေပြန်၏။ မှန်သည် ရှမ့်လန်၏ ကိုယ်စား ဖြစ်သော်လည်း သူတို့နှစ်ဦးကြား ဆက်ဆံရေးသည် အလွန် သန့်စင်သည်။ အကျိုးစီးပွား ပဋိပက္ခ မရှိသလို အငြိုးအတေးလည်း မရှိကြပေ။
ရှမ့်လန် ပတ်ဝန်းကျင်ကို ထပ်မံ ကြည့်ရှုလိုက်ရာ အဆုံးမဲ့ ချော်ရည်ပင်လယ်ကြီး၏ အဆုံးကို မမြင်ရသေးပေ။ မီးနတ်ဘုရားဂိုဏ်းက ထိုရတနာကို ငရဲသလင်းကျောက်ဟု အမည်ပေးခဲ့ခြင်းမှာ ရယ်စရာ ကောင်းလှသည်။ အကြောင်းမူကား ၎င်းသည် သလင်းကျောက် လုံးဝ မဟုတ်သောကြောင့်ပင်။ သေချာပေါက် သက်ရှိခန္ဓာ တစ်ခု ဖြစ်နိုင်၏။
သူ ဘယ်ရောက်သွားသနည်း ရှမ့်လန် မသိပေ။ သူ၏ အားကောင်းသော စိတ်စွမ်းအားကို ထုတ်လွှတ်ပြီး ရှာဖွေလျှင်ပင် ခြေရာလက်ရာ တစ်စုံတစ်ရာ မတွေ့ရချေ။ ချော်ရည်ပင်လယ်၏ နက်ရှိုင်းသော နေရာတွင် ရှိနေနိုင်သည်ဟု ရှမ့်လန် ခန့်မှန်းလိုက်သည်။
ထိုသို့ဆိုလျှင် နဂါးဓားကို သုံးပြီး ချော်ရည်ပင်လယ်ကို တူးဖော်ကာ ရှာဖွေပြီး ယူလိုက်ရမည်လား။ ရှမ့်လန် ထိုကဲ့သို့ လုပ်မည်မဟုတ်ချေ။ ထိုအရာက ကြောက်စရာ အရမ်းကောင်း၏။
အနည်းဆုံး ရှမ့်လန် အတွက် နဂါးကြီးထက်တောင် ပိုပြီး မသိနားမလည် ဖြစ်နေသည်။ ကောင်းကောင်း နားမလည်ဘဲနှင့် ရှမ့်လန် သူ့ကို သွားမစချင်ပေ။ အတင်းအဓမ္မ ရှာဖွေလျှင် ဘာဖြစ်လာမည်နည်း လုံးဝ ခန့်မှန်း၍ မရချေ။
“ကွေ့ဝူ။ ကျုပ် သွားတော့မယ်။ နှုတ်ဆက်ပါတယ်။” ရှမ့်လန်က ပြောလိုက်သည်။ အလောင်းကို သူ သယ်မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အလောင်းသည် ချော်ရည်ပင်လယ်နှင့်အတူ လုံးဝ ခဲနေပြီ ဖြစ်သောကြောင့်ပင်။
“နှုတ်ဆက်ပါတယ်။” ရှမ့်လန် ထပ်ပြောလိုက်သည်။
ထို့နောက် သူ ထွက်ခွာလာပြီး မြေအောက် လှိုဏ်ခေါင်း ဝင်ပေါက်ဆီသို့ ပြန်လာခဲ့သည်။ ဝင်ပေါက်သည် ချော်ရည်ပင်လယ် အထက် မီတာ ရာပေါင်းများစွာ အမြင့်တွင် ရှိသည်။ ရှမ့်လန်၏ အနိမ့်စား သိုင်းပညာဖြင့် ခုန်တက်ရန် မဖြစ်နိုင်ပေ။ သို့သော်ငြား ရှေးဟောင်း သံချပ်ကာ၏ အကူအညီဖြင့် သူ အလွယ်တကူ တက်ရောက်နိုင်ခဲ့သည်။
မီတာ သောင်းချီ ရှည်လျားသော မြေအောက် လှိုဏ်ခေါင်း အတိုင်း ရှမ့်လန် ပိရမစ် အောက်ခြေသို့ ပြန်ရောက် လာခဲ့သည်။ ပိရမစ်ထဲမှ ထွက်ခွာလာပြီး မီးလျှံမြို့တော်၏ ဗဟိုရင်ပြင်သို့ ပြန်ရောက်လာခဲ့သည်။ ယခု နဂါးဝိညာဉ်ပုလဲကို ရရှိပြီဖြစ်၍ ရှမ့်လန် အနည်းငယ် စိတ်အေးသွားပြီး ဤမီးလျှံမြို့တော်ကို လေ့လာ ကြည့်ရှုလိုက်၏။
ဤရှေးဟောင်းဆန်းကြယ်သော မြို့တော်သည် ရှေးဟောင်းခေတ်က မည်သည့် ယဉ်ကျေးမှုနှင့် သက်ဆိုင် သနည်း။ ရှေးဟောင်း ပျောက်ဆုံးနိုင်ငံနှင့် လုံးဝ မတူညီသော ယဉ်ကျေးမှု ပုံစံ ရှိသည်။ ထို့အပြင် ဤနေရာသည် အနောက်လောက ဖြစ်သည်။ ဤယဉ်ကျေးမှုသည် မည်သို့ အခြေချနိုင်ခဲ့သနည်း။
ရှမ့်လန် ဤနေရာရှိ အိမ်များကို သေချာ လေ့လာကြည့်လိုက်သည်။ အမှန်တကယ်ပင် လက်ရာမြောက်ခြင်း သို့မဟုတ် ခမ်းနားထည်ဝါခြင်း မရှိပေ။ ပျောက်ဆုံးနိုင်ငံနှင့် ယှဉ်ဖို့ မပြောနှင့်၊ ရှေးဟောင်း အရှေ့တိုင်း အင်ပါယာနှင့်ပင် ယှဉ်၍ မရနိုင်ပေ။ အလွန် ရှေးကျလွန်းပုံ ရသည်။
အိမ်များထဲရှိ အရာအားလုံးနီးပါးကို ကျောက်တုံးဖြင့် ပြုလုပ်ထားသည်။ ကျောက်စိမ်း မရှိ၊ ရွှေ မရှိ၊ သစ်သား မရှိ၊ ဘာမှ မရှိ။ အလွန် ဖွံ့ဖြိုးတိုးတက်သော ကျောက်ခေတ် ယဉ်ကျေးမှုတစ်ခု ကဲ့သို့ပင်။ သို့သော်ငြား မည်မျှ ဖွံ့ဖြိုးတိုးတက်စေကာမူ ကျောက်ခေတ် ယဉ်ကျေးမှုသာ ဖြစ်နေဆဲပင်။
‘တကယ် ထူးဆန်းတယ်။ ဘာလို့ ပျောက်ဆုံးနိုင်ငံရဲ့ ဖျက်ဆီးခြင်းကို မခံခဲ့ရတာလဲ။’
တစ်နာရီကြာ လေ့လာပြီး AI ကို အသုံးပြုကာ ဤမြို့တော်၏ အသေးစိတ် အချက်အလက်များကို မှတ်တမ်း တင်ပြီး ရှမ့်လန်သည် မြေအောက်မြို့တော်မှ ထွက်ခွာလာပြီး မြေပြင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။
...........
မီးလျှံကျွန်းမှ ထွက်ခွာစဉ် ရှမ့်လန်သည် ဤလှပသော ကျွန်းနှင့် တောင်ကုန်းများကို သတိပြုမိလိုက်ပြန်သည်။ စိမ်းလန်းသော သစ်ပင်များနှင့် ပန်းများ၊ ငှက်များနှင့် ရနံ့များ အားလုံးသည် အတွင်း၌ ခဲနေပြီး ဘယ်သောအခါမှ ညိုးနွမ်းတော့မည် မဟုတ်ပေ။
“နှုတ်ဆက်ပါတယ် မီးလျှံကျွန်း။ နှုတ်ဆက်ပါတယ် မီးလျှံမြို့တော်။ တစ်နေ့ကျရင် ကျုပ် ပြန်လာခဲ့မယ်။” ရှမ့်လန် ပြောလိုက်၏။
သူ လက်ဝှေ့ယမ်းလိုက်ပြီး တောင်ဘက်သို့ လျှောက်သွားလိုက်သည်။ အသံလှိုင်းပျံသန်းရေး သားရဲ နှစ်ကောင်နှင့် ရှယ်လီတို့သည် ၁၀ မိုင်ခန့် အကွာတွင် ရှိနေကြသည်။
ရှမ့်လန် ရောက်သွားချိန်မှာတော့ ရှယ်လီနှင့် ပျံသန်းရေး သားရဲ နှစ်ကောင် တုန်ယင်နေကြသည်။ အလယ်တွင် မီးဖိုတစ်ခု ရှိနေသော်လည်း ဤမျှ အေးသော ပတ်ဝန်းကျင်တွင် မီးက အနွေးဓာတ် မပေးနိုင်ပေ။
“သွားကြစို့။” ရှမ့်လန်သည် တချောင်ကို စီးနင်းလိုက်ပြီး ရှယ်လီလည်း တချောင်၏ ကျောပေါ်သို့ တက်လိုက်သည်။
သူ ဘာပြောရမှန်း မသိတော့ပေ။ ‘လာတုန်းကလည်း ပျံသန်းရေး သားရဲ တစ်ကောင်တည်း အတူစီးလာတယ်။ ပြန်တော့လည်း တစ်ကောင်တည်း အတူစီးပြန်တယ်။ နောက်ထပ် အသံလှိုင်းပျံသန်းရေး သားရဲ တစ်ကောင်က အလကား ဖြစ်နေတယ်။ ဒါဆို ဘာလို့ ငှားလာသေးလဲ။’