အခန်း (၁၂၃၁-၁၂၃၂)
Vol. 71 Ch. 1231-1232
အပိုင်း (၁၂၃၁)
“အရှင် ရှမ့်လန်... အဆင်ပြေရဲ့လား။” ရှယ်လီက မေးလိုက်၏။
“အတိုင်းအတာ တစ်ခုအထိ အဆင်ပြေပါတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျား ပြောတဲ့ ငရဲသလင်းကျောက်ကို ရှာမတွေ့ခဲ့ဘူး။ သူ ပျောက်ကွယ်သွားပြီ။ ပြီးတော့ သူက သလင်းကျောက် မဟုတ်ဘဲ သက်ရှိခန္ဓာ တစ်ခုလို့ ခံစားမိတယ်။ စွမ်းအားကြီးပြီး ဆန်းကြယ်တဲ့ သက်ရှိခန္ဓာတစ်ခု။ သူ စွမ်းအင် ဘယ်လောက်တောင် မျိုချခဲ့လဲ ဆိုတာ စိတ်ကူး ကြည့်လို့တောင် မရဘူး။ အဆုံးမဲ့ ချော်ရည်ပင်လယ်ကြီး လုံးဝ ခဲသွားပြီ။”
ရှယ်လီက ပြောလိုက်၏။ “ဟုတ်ပါတယ်။ ငရဲသလင်းကျောက်လို့ ခေါ်တာ မိုက်မဲရာ ကျတယ်လို့ ကျွန်မတို့လည်း ခံစားမိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က မီးနဂါးကြယ်တံခွန်ရဲ့ ရိုက်ခတ်မှု နေရာမှာ သလင်းကျောက် ပုံစံနဲ့ တွေ့ရှိခဲ့လို့ အဲဒီလို နာမည်ပေးခဲ့တာပါ။”
ရှမ့်လန်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက မီးနဂါးကြယ်တံခွန် ပထမဆုံး ပေါ်လာခဲ့တယ်။ အဲဒီနောက်မှာ မြောက်ဘက်တိုက်ကြီး တဖြည်းဖြည်း အေးလာပြီး ရေခဲနဲ့ ပိတ်လှောင်ခံလိုက် ရတယ်။ ဒီအရာက ဒီလောကကို ဝင်တိုက်ခဲ့လို့ ဖြစ်နိုင်တယ်။”
ထိုတင်မကသေးချေ။ ရှမ့်လန်၏ ကောက်ချက်အရ ဤမီးနဂါးကြယ်တံခွန်သည် ပြီးပြည့်စုံသော ကြယ်တံခွန် တစ်ခု မဟုတ်ပေ။ အနည်းဆုံးတော့ စကြာဝဠာထဲတွင် သဘာဝအလျောက် ရှိနေသော ကြယ်တံခွန် မဟုတ်ပေ။ ထိုအစား လူလုပ်ပစ္စည်း၊ ရှေးဟောင်း ယဉ်ကျေးမှု၏ လက်ရာမွန် တစ်ခု ဖြစ်၏။
ထိုအချိန်က ဤဆုံးဖြတ်ချက်ကို သူ မသေချာခဲ့ပေ။ သို့သော်ငြား နောက်ပိုင်းတွင် သူသည် ဤသတင်း အချက်အလက်ကို အသုံးပြုပြီး ကျောက်စိမ်းဖြူမြို့တော်နှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ခဲ့သည်။ ကျောက်စိမ်းဖြူ မြို့တော်က သဘောတူခဲ့သောကြောင့် သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း အတည်ပြုနိုင် ခဲ့သည်။
ရှေးဟောင်းယဉ်ကျေးမှု၏ ကြီးမားသည့် ပျက်သုဉ်းခြင်း အမှန်တရားကို သူ ထိတွေ့မိပြီဟု ရှမ့်လန် ခံစားလိုက်ရသည်။ သို့သော်ငြား သူ ထိုအရာကို လောလောဆယ် ဘေးဖယ်ထားလိုက်သည်။ သူ့အတွက် နဂါးကို အောင်နိုင်ရေးသည် အရေးကြီးဆုံး ဖြစ်၏။
သို့ပေမည့် နဂါးက မည်သည့်နေရာတွင် ရှိသနည်း။ ထိုအချိန်က သူ ပျောက်ဆုံးသွားသော ပစ္စည်းကို ယူဆောင်လာရန် ရှမ့်လန်နှင့် ကတိပြုခဲ့သည်။ သို့သော်ငြား တည်နေရာကို မပြောပြခဲ့ပေ။
ရှမ့်လန်က မေးလိုက်သည်။ “ရှယ်လီ... နဂါး ဘယ်မှာလဲ။ မီးနတ်ဘုရားဂိုဏ်းမှာ ထူးခြားတဲ့ သတင်း အချက်အလက် ရှိမယ်လို့ ယုံကြည်ပါတယ်။”
ရှယ်လီက ပြောလိုက်၏။ “ဟုတ်ပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ အခြေအနေ တစ်ခု ရှိပါတယ်။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ဘာအခြေအနေလဲ။”
ရှယ်လီက ပြောလိုက်၏။ “တင်းယွမ်မြို့နားမှာ ပေးထားတဲ့ ကတိကို တည်ရမယ်။ မေ့ချင်ယောင်ဆောင်လို့ မရဘူး။ အခုချက်ချင်း မဟုတ်ပါဘူး။ ဒါပေမဲ့ အနောက်လောကကနေ ထွက်ခွာပြီး အရှေ့တိုင်းကို မပြန်ခင် ကတိတည်ရမယ်။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “အိုး။ ရုတ်တရက် သတိရသွားပြီ။ တောင်းပန်ပါတယ်။ ကျုပ်က မေ့တတ်တဲ့သူ မို့လို့ပါ။ သဘောတူပါတယ်။ ဒါ ကျုပ် အမြဲ အိပ်မက်မက်ခဲ့တဲ့ ကိစ္စပါ။ အခု နဂါး ဘယ်မှာရှိသင့်လဲဆိုတာ ပြောပြလို့ ရပြီလား။”
ရှယ်လီက ပြောလိုက်၏။ “အရှင် ရှမ့်လန်... ဒီနဂါးက အရမ်း စွမ်းအားကြီး လွန်းတော့ ဘယ်သူမှ အနား မကပ်ရဲကြဘူး။ ကျွန်မတို့က အရှင် မဟုတ်တဲ့အတွက် နဂါးက အရှင်ကို ရန်မပြုပေမဲ့ ကျွန်မတို့ အနားကပ်လိုက်တာနဲ့ အသက်ရှုလိုက်ရုံနဲ့ ပြာဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူ အရမ်း ကြီးမားပေမယ့် ကျွန်မတို့ ခြေရာခံလို့ မရပါဘူး။”
ရှမ့်လန်က မေးလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့မှာ ထူးခြားတဲ့ ဆုံးဖြတ်ချက်ချ စနစ် ရှိတယ် မဟုတ်လား။”
ရှယ်လီက ပြောလိုက်၏။ “ဟုတ်ပါတယ်။ ကျွန်မတို့က မီးနတ်ဘုရားဂိုဏ်းကလေ။ ဒါကြောင့် မီးနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို ဂရုစိုက်ပါတယ်။ မကြာသေးမီက ထူးဆန်းတဲ့ အရာတစ်ခု တွေ့ရှိခဲ့ပါတယ်။ အိုလံပစ်တောင်က အရမ်း ထူးဆန်းတဲ့ အခြေအနေ တစ်ခုထဲ ရောက်နေပါတယ်။”
“အိုလံပစ်တောင်” ရှမ့်လန် လန့်သွားသည်။
ဤသည်မှာ အင်္ဂါဂြိုဟ်ပေါ်ရှိ မီးတောင်တစ်လုံး ဖြစ်ပြီး ခေတ်သစ် လောကမြေသားများက အမည်ပေးထားခြင်း ဖြစ်သည်။ ဤမီးတောင်သည် မီတာ ၂၀၀၀၀ ကျော် မြင့်ပြီး တောင်ခြေသည် စတုရန်းကီလိုမီတာ ၃၀၀၀၀၀ ကျယ်ဝန်းကာ နိုင်ငံတစ်နိုင်ငံနှင့် ညီမျှ၏။
သို့သော်ငြား ရှမ့်လန် မကြာမီ နားလည်သွားသည်။ အနောက်လောက၏ ရှေးဟောင်း ဒဏ္ဍာရီများတွင် အိုလံပစ်သည် မူလက မြင့်မြတ်သော တောင်တော် ဖြစ်သောကြောင့် မီးနတ်ဘုရားဂိုဏ်းက အမည်အဖြစ် အသုံးပြုခြင်းမှာ အလွန် ပုံမှန်ပင် ဖြစ်သည်။ ခေတ်သစ်လောကမြေတွင်လည်း ဂရိနိုင်ငံ၏ အမြင့်ဆုံး တောင်ထွတ် ဖြစ်သည်။
“ဟုတ်ပါတယ်။ ဒါက မီးနတ်ဘုရားဂိုဏ်းရဲ့ အတွင်းရေး နာမည်ပါ။”
ရှယ်လီက ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ မှတ်တမ်းတွေအရ ဒါဟာ အနောက်လောကရဲ့ အကြီးဆုံး မီးတောင် ဖြစ်လို့ပါ။”
ရှမ့်လန်က မေးလိုက်သည်။ “အိပ်မက်ဆိုးတောင်ထက် ကြီးလား။”
ရှယ်လီက ပြောလိုက်၏။ “အများကြီး ပိုကြီးပါတယ်။”
ရှမ့်လန် လန့်သွားသည်။ အိပ်မက်ဆိုးတောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ထောင်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤအိုလံပစ်တောင်က မီတာ သောင်းချီ မြင့်နေသည်လား။
ရှမ့်လန်က ပြောလိုက်သည်။ “ဆက်ပြောပါ။”
ရှယ်လီက ပြော၏။ “နှစ်ထောင်ပေါင်းများစွာ မှတ်တမ်းတွေအရ ဒီမီးတောင်က တစ်ခါမှ မပေါက်ကွဲဖူးပါဘူး။ ဒါပေမဲ့ သက်ရှိလက္ခဏာ မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မကြာသေးမီက အရမ်း ထူးဆန်းနေပါတယ်။ ရံဖန်ရံခါ ပေါက်ကွဲတယ်။ ရံဖန်ရံခါ အေးသွားတယ်။ ညဘက်မှာတောင် ရုတ်တရက် တုန်လှုပ်ဖွယ် အလင်းရောင်တွေ တောက်ပလာပြီး မကြာခင် ပြန်ငြိမ်းသွားတတ်ပါတယ်။”
ရှမ့်လန် နားလည်သွားသည်။ ရှေးဟောင်း နဂါးသည် ဤအိုလံပစ်တောင်ကို အသိုက်အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။ အသွင်ပြောင်းလဲမှု ပြီးမြောက်ရန် စွမ်းအင် အလုံအလောက် မျိုချပြီးပြီ ဖြစ်သော်လည်း မီးတောင်၏ ချော်ရည်ထဲတွင် နေထိုင်ရသည်ကို နှစ်သက်ဆဲ ဖြစ်သည်။
သူ မီးတောင်ဝကနေ ထွက်ခွာတိုင်း မီးတောင်ပေါက်ကွဲသလို ဖြစ်နေခြင်းပင်။ မီးနတ်ဘုရားဂိုဏ်းကသာ ဤမီးတောင်များ၏ အခြေအနေကို ဂရုစိုက်ကြသောကြောင့် ၎င်းသည် နဂါး၏ အသိုက် ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။
“ဒါဆို မီးနတ်ဘုရားဂိုဏ်းရဲ့ အိုလံပစ်တောင်က ဘယ်မှာလဲ။” ရှမ့်လန် မေးလိုက်သည်။
ရှယ်လီက ပြောလိုက်၏။ “ရှီလွန်အင်ပါယာရဲ့ အရှေ့ဘက်အစွန်ဆုံး။ ပင်လယ်ပြင်ကို မိုင် ၃၆၀၀ ထွက်ရတဲ့ နေရာမှာပါ။”
ရှမ့်လန်က မေးလိုက်သည်။ “ပင်လယ်ထဲမှာလား။ ကျွန်းတစ်ကျွန်းလား။”
ရှယ်လီက ပြောလိုက်၏။ “မဟုတ်ပါဘူး။ တိတိကျကျ ပြောရရင် ကျွန်းမဟုတ်ဘဲ တိုက်တစ်ခုပါ။ ဘာလို့လဲဆိုတော့ ဧရိယာက စတုရန်းကီလိုမီတာ ၁၀၀၀၀၀ ကျော် ရှိလို့ပါ။”
“ဒါဆို အခုချက်ချင်း သွားကြမယ်။” ရှမ့်လန် ပြောလိုက်သည်။
ထို့နောက် အသံလှိုင်းပျံသန်းရေး သားရဲ နှစ်ကောင်သည် အရှေ့ဘက်သို့ ပျံသန်းသွားကြသည်။ ဤသည်မှာ အလွန့် အလွန် ရှည်လျားသော ခရီးစဉ် တစ်ခု ဖြစ်သည်။ ပထမဆုံး အနေဖြင့် မိုင် ၂၀၀၀၀ ပျံသန်းပြီး ရှီလွန်အင်ပါယာ တစ်ခုလုံးကို ဖြတ်ကျော်ကာ ရှီလွန်အင်ပါယာ၏ အရှေ့ဘက် ပင်လယ် ကောင်းကင်ယံသို့ သွားရမည်။ ထို့နောက် မိုင် ၃၀၀၀ ကျော် ဆက်လက် ပျံသန်းပြီး တောင်ဘက်သို့ မိုင် ၈၀၀၀ ကျော် ဦးတည်ရမည်။
ရက်ပေါင်းများစွာနှင့် ညပေါင်းများစွာ ကြာမြင့်၏။ အသံလှိုင်းပျံသန်းရေး သားရဲများပင် ၅ ကြိမ်၊ ၆ ကြိမ် နားခဲ့ရပြီး အစာ ၁၀ တန်ကျော် ရှာဖွေ စားသောက်ခဲ့ရသည်။
...........
၅ ရက်နှင့် ၆ ည ကြာမြင့်ပြီးနောက် ရှမ့်လန်သည် မီးနတ်ဘုရားဂိုဏ်းက အမည်ပေးထားသော အိုလံပစ်တောင်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့၏။
တကယ်ပဲ အလွန် ကြီးမားလွန်းလှသည်။ အမြင့်မှာ မီတာ ၁၀၀၀၀ ကျော် ရှိပြီး တောင်ခြေရှိ မြေပြင်သည် စတုရန်းကီလိုမီတာ ၁၀၀၀၀၀ ကျော် ကျယ်ဝန်းကာ ထျန်းနန်ပြည်နယ်နှင့် ညီမျှသည်။
သို့သော်ငြား ဤမြေပြင်သည် ချော်ရည်ကြောင့် ခဲသွားသော ကျောက်တုံးများဖြင့် ပြည့်နှက်နေပြီး သက်ရှိ မရှိသလောက် နည်းပါးသည်။ သစ်ပင် မရှိ၊ တိရစ္ဆာန် မရှိချေ။ ဤအဆင့်ရှိ မီးတောင် တစ်လုံး ပေါက်ကွဲလိုက်သည်နှင့် မိုင်ရာချီ အချင်းဝက် အတွင်းရှိ သက်ရှိအားလုံး မျိုးသုဉ်းသွားမည်။ သို့သော်ငြား ရှမ့်လန်သည် မီးတောင်ခြေရင်းတွင် အိမ်များစွာနှင့် ရဲတိုက်ငယ် တစ်ခုကို တွေ့ရှိခဲ့ရသည်။ သို့သော်ငြား ဤအိမ်များသည် အရည်ပျော်ပြီး ပုံပျက်နေကြ၏။
“ဟုတ်ပါတယ်။ အဲဒါက အရင်တုန်းက ကျွန်မတို့ရဲ့ အမာခံစခန်း တစ်ခုပါ။” ရှယ်လီက ပြောလိုက်သည်။
“ဒါပေမဲ့ အရှင် သိတဲ့အတိုင်းပဲ။ နဂါးကြီးက ဒီနေရာမှာ အခြေချချင်တယ် ဆိုရင် တောင်ခြေက လူတိုင်းကို သတ်ပစ်မှာပဲ။ ကျွန်မတို့က မီးနတ်ဘုရားဂိုဏ်း ဖြစ်ပြီး သူ့ကို အမှတ်အသား တစ်ခု အနေနဲ့ သတ်မှတ်ထားပေမဲ့ သူကတော့ ကျွန်မတို့ရဲ့ တစ်သားတည်း ဖြစ်တယ်လို့ သဘောမထားပုံ ရတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ဒီနေရာမှာပဲ လမ်းခွဲကြရအောင်။”
ရှယ်လီက ပြောလိုက်သည်။ “အရှင်နဲ့အတူ မီးတောင်ဝအထိ လိုက်ပို့ချင်ပေမဲ့ ကျွန်မမှာ အရည်အချင်း မပြည့်မီဘူးလို့ ခံစားရပါတယ်။ နဂါးကြီးရဲ့ ထွက်သက်လေးနဲ့တင် ပြာဖြစ်သွားလောက်တယ်။ ဒါကြောင့် ဟန်ဆောင်မနေတော့ပါဘူး။ မိုင် ၃၀၀၀ အကွာက ကျွန်းပေါ်မှာပဲ စောင့်နေပါ့မယ်။ အဲဒါက တည်နေရာပါ။ ကျွန်မတို့ကတော့ အိုဒီကျွန်းလို့ ခေါ်ကြပါတယ်။”
သူမသည် မြေပုံတစ်ချပ်ကို ထုတ်ယူပြီး အိုဒီကျွန်း၏ တည်နေရာကို မှတ်သားပေးလိုက်၏။
“အရှင်ရှမ့်လန်... အိုဒီကျွန်းမှာ အရှင်ကို ဘယ်လောက်ကြာကြာ စောင့်ရမလဲ။” ရှယ်လီက မေးလိုက်သည်။
ရှမ့်လန်က ဖြေလိုက်၏။ “တစ်လပါ။ တစ်လအတွင်း မလာခဲ့ရင် ခင်ဗျားဘာသာ ရွှေကျောက်စိမ်းမြို့ကို ပြန်လို့ရပါပြီ။”
“ဒါဆိုရင် နှုတ်ဆက်ပါတယ် အရှင်။”
ရှယ်လီက ပြောလိုက်သည်။ “အရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ဘာလို့လဲဆိုတော့ အရှင် ကတိတည်ရအုံးမယ်လေ။”
ရှယ်လီသည် ရှမ့်လန်၏ ပါးပြင်ကို ဖွဖွလေး နမ်းလိုက်ပြီးနောက် အခြား အသံလှိုင်း ပျံသန်းရေး သားရဲ တစ်ကောင်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူတို့သည် အိုလံပစ်တောင်နှင့် ဝေးရာ အနောက်ဘက်သို့ ပျံသန်းထွက်ခွာသွား၏။
“နှုတ်ဆက်ပါတယ်။”
ထွက်ခွာသွားသော ရှယ်လီ၏ ကျောပြင်ကို ကြည့်ရင်း ရှမ့်လန် လက်ပြလိုက်သည်။ အနည်းဆုံးတော့ ယခုအချိန်အထိ သူသည် မီးနတ်ဘုရားဂိုဏ်း၏ မိတ်ဖွဲ့မှုကို ရရှိထားပြီ ဖြစ်သည်။
...........
သူ့ရှေ့မှောက်ရှိ ခမ်းနားထည်ဝါပြီး ကြီးမားလှသော မီးတောင်ကြီးကို ပြန်ကြည့်လိုက်ရာ မိုးနှင့်မြေကို ထောက်မ ထားနိုင်သော ဘီလူးကြီး တစ်ကောင်နှင့် တူနေ၏။
‘ရှေးဟောင်း နဂါးကြီးက ဒီနေရာမှာ တကယ် အခြေချခဲ့တာလား။’
ဤမျှ မြင့်မားသော နှင်းတောင်ကြီး တစ်လုံးအတွက် တောင်ခါးပန်းတွင် နှင်းများ ဖုံးလွှမ်းနေသင့်သည်။ သို့သော်ငြား ဤမီးတောင်ပေါ်တွင် နှင်း လုံးဝ မရှိပေ။ လုံးဝ မဲနက်နေပြီး ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည်။ တွန့်လိမ်ပြီး ခဲနေသော ချော်ရည်များက တောင်ကြီး တစ်လုံးလုံးကို ပုံဖော်ထားသည်။
ရှမ့်လန် တချောင်၏ လည်ပင်းကို ပုတ်လိုက်ပြီး ပြောလိုက်၏။ “ကြောက်နေတာလား။ မင်း ကြောက်နေမှန်း ငါ သိပါတယ်။ ငါ့ကို မီးတောင်ဝဆီ ပို့ပေးပါ။”
တချောင် တုန်ယင်နေ၏။ ကျောက်တုံးကဲ့သို့ နဂါးကြီးကို ကြောက်ရွံ့သော်လည်း မီတာ ၁၀၀၀၀ မြင့်သော မီးတောင်ဝဆီသို့ ရဲရဲဝံ့ဝံ့ ပျံသန်းသွားသည်။
၁၅ မိနစ် ကြာပြီးနောက် ရှမ့်လန်သည် အိုလံပစ်တောင် မီးတောင်ဝ အထက်သို့ ရောက်ရှိလာခဲ့၏။
‘ဒါက အရမ်း ကြီးတာပဲ။’
မီးတောင်ဝ၏ အချင်းသည် အနည်းဆုံး မီတာ ၃၀၀၀ ခန့် ရှိသည်။ အတွင်း၌ အဆုံးမဲ့ ချော်ရည်များ ရှိနေပြီး ဆာလ်ဖာများ ပြည့်နှက်နေသော မီးခိုးငွေ့များသည် ကောင်းကင်သို့ ဆက်တိုက် ပျံတက်နေသည်။ နဂါးကြီး၏ အရိပ်အယောင် လုံးဝ မတွေ့ရပေ။
ရှမ့်လန် တချောင်၏ လည်ပင်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ “ငါ့ကို ချပေးပြီး အရင် ပြန်တော့။”
နောက်ဆက်တွဲ ကစားပွဲသည် အလွန် ရင်ခုန်စရာ ကောင်းသည်။ တချောင်သည် အလွယ်တကူ ထိခိုက်နိုင်ပြီး ပြာဖြစ်သွားနိုင်၏။
တချောင် ထွက်မသွားချင်ပေ။ အလွန် ကြောက်ရွံ့နေသော်လည်း သခင်ဖြစ်သူနှင့်အတူ ရှိနေချင်သေးသည်။
“သွားတော့။ သွားတော့။”
ရှမ့်လန်က ပြောလိုက်၏။ “နောက်ရက်နည်းနည်း ကြာရင် ငါ့ကို လာကြိုပါ။”
တချောင်သည် ရှမ့်လန်ကို ခဏမျှ ပွတ်သပ်ပြီးနောက် မီးတောင်ဝ အစွန်းတွင် ချပေးလိုက်သည်။ ထို့နောက် အတောင်ပံခတ်ကာ ပျံသန်းထွက်ခွာသွားသည်။
ထိုအချိန်တွင် မီးတောင်ဝအစွန်းရှိ အပူချိန်မှာ အလွန် မြင့်မားနေပြီး ဆာလ်ဖာနှင့် အဆိပ်ငွေ့များ ပြည့်နှက် နေသည်။ အသက်ရှင်နေထိုင်ရန် လုံးဝ မသင့်တော်သော်လည်း ကံကောင်းထောက်မစွာ ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသည်။ ထူထဲသော မီးခိုးငွေ့များ ကြားမှ ချော်ရည် မီးတောက်များ ဆက်တိုက် လှိုင်းထနေသည်ကို ဝေဝါးဝါး မြင်တွေ့နေရ၏။
ရှမ့်လန် မျက်လုံး မှိတ်လိုက်သည်။ ရှေးဟောင်းဘုရင် လက်စွပ်သည် အံ့ဖွယ်ရာ စွမ်းဆောင်ရည် ပြသနေပြီး အဆိပ်ငွေ့များသည် သူ၏ ခန္ဓာကိုယ်ကို မထိတွေ့နိုင်ပေ။ သူသည် နောက်ဆုံးအဆင့် တွေးတောခြင်းနှင့် ကောက်ချက်ချခြင်းကို စတင်လိုက်သည်။
အဆန်းကြယ်ဆုံး ပြဇာတ်ကြီး စတင်တော့မည်။
အပိုင်း (၁၂၃၂)
ရှမ့်လန် တစ်ဆင့်ချင်းစီ ကောက်ချက်ချလိုက်ပြီး အသေးစိတ် အချက်အလက်တိုင်းနှင့် သတင်း အချက်အလက်တိုင်းကို ထည့်သွင်းစဉ်းစားလိုက်၏။
အကယ်၍ ထိုအဆင့်တွင် ပြဿနာ ရှိခဲ့ပါက သူ ပြာဖြစ်သွားနိုင်သောကြောင့်ပင်။ ပြဿနာ မရှိသင့်ပေ။ သူ၏ ကောက်ချက် မှန်ကန်သင့်သည်။ အလွန် ဆန်းကြယ်သော်လည်း အမှန်တရား ဖြစ်၏။ မှားယွင်းသော အဖြေများ အားလုံးကို ဖယ်ထုတ်လိုက်ပြီးနောက် ကျန်ရှိသောအဖြေသည် မည်မျှပင် ယုတ္တိမရှိဟု ထင်ရစေကာမူ အမှန်တရား ဖြစ်သည်။
ရှမ့်လန်သည် ရင်ခွင်ထဲမှ သေတ္တာကို ထုတ်ယူလိုက်ပြီး နဂါးဝိညာဉ်ပုလဲကို ထုတ်ယူကာ အော်ဟစ်လိုက်၏။ “နဂါးကြီး... ကျုပ် လာပြီ။ မင်းနဲ့ ပေးထားတဲ့ ကတိကို ကျုပ် တည်လိုက်ပြီ။ မင်း ပျောက်ဆုံးသွားတဲ့ ပစ္စည်း ဖြစ်တဲ့ နဂါးဝိညာဉ်ပုလဲကို ကျုပ် ယူလာခဲ့ပြီ။”
ခဏကြာချိန်မှာတော့ အိုလံပစ်တောင် တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ စတင် တုန်ခါလာသည်။ သို့သော်ငြား ဤသည်မှာ နဂါးကြီး မျက်လုံး ဖွင့်လိုက်ခြင်းသာ ဖြစ်သည်။ မျက်လုံး ဖွင့်လိုက်သည့် ခဏတွင် ချော်ရည် အားလုံး အလင်းရောင် ပျောက်ကွယ်သွား၏။
မီးတောင်ဝကို လွှမ်းခြုံထားသော မီးခိုးငွေ့များသည် ချက်ချင်း လောင်ကျွမ်းသွားပြီး လုံးဝ ပျောက်ကွယ် သွားသည်။ မြင်ကွင်းတစ်ခုလုံးတွင် နဂါး၏ မျက်လုံးများသာ အလင်းရောင် တောက်ပနေသည်။ နေ့ဖက်တွင်ပင် အလင်းရောင်သည် ကောင်းကင်သို့ ထိုးတက်နေသည်။
“ပစ်ချလိုက်။” နဂါး၏ အသံသည် ရှမ့်လန်၏ စိတ်ထဲတွင် မြည်ဟည်းလာ၏။
ရှမ့်လန် လက်ထဲရှိ နဂါးဝိညာဉ်ပုလဲကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး မီးတောင်ဝထဲသို့ ပစ်ချလိုက် သည်။ မီးတောင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြန်၏။ နဂါးသည် ပါးစပ်ကို ဖွင့်လိုက်ပြီး နဂါးဝိညာဉ်ပုလဲကို မျိုချလိုက်သည်။
ပါးစပ် ဖွင့်လိုက်သည့် ခဏတွင် မီးတောင်ဝ တစ်ခုလုံးရှိ လေထု အားလုံး လောင်ကျွမ်းသွားသကဲ့သို့ ဖြစ်သွားပြီး ဟာရီကိန်းမုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်သွားသည်။ နဂါးဝိညာဉ်ပုလဲသည် ၎င်း၏ ပါးစပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။
ထို့နောက် ရှမ့်လန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ နဂါး၏ တုံ့ပြန်မှုကို စောင့်နေတာလား။ ဟုတ်ပေသည်။ သို့သော်ငြား မဟုတ်ချေ။
သူသည် အဆန်းကြယ်ဆုံး ပြဇာတ်ကြီး ဖြစ်ပေါ်လာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် နဂါးက မည်သို့ တုံ့ပြန်သင့်သနည်း။
‘ကျုပ်ရဲ့ နဂါးဝိညာဉ်ပုလဲကို ယူလာပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါက တကယ်ပဲ ကျုပ် ပျောက်ဆုံးသွားတဲ့ ပစ္စည်းပါ။ အခုကစပြီး မင်းရဲ့ ဆန္ဒအတိုင်း ကျုပ် လိုက်နာပါ့မယ်။ ဒီလိုလား။’
ဆယ်စက္ကန့်ကြာပြီးနောက် ရုတ်တရက် မီးတောင်ဝရှိ ချော်ရည်အားလုံး ခဲသွားခဲ့သည်။ မီးတောင်ဝ၏ အပူချိန်သည် ရာချီသော ဒီဂရီမှ အနှုတ် ဒီဂရီ ဆယ်ချီသို့ ချက်ချင်း ထိုးကျသွား၏။ မီးခိုးငွေ့များ မလွတ်မြောက်နိုင်မီ နှင်းအဖြစ် ခဲသွားပြီး ကျဆင်းလာ၏။
သို့သော်ငြား စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့၏။ ထို့နောက် ခဲနေသော ချော်ရည်များ ပြန်လည် လောင်ကျွမ်း လာပြီး ပြန်လည် အရည်ပျော်ကာ မီးနီရောင် ချော်ရည်များအဖြစ် ပြောင်းလဲသွားသည်။ မီးတောင် တစ်ခုလုံး အနီရောင် ပြောင်းလဲလာသည်။
အဆုံးအစမဲ့ ဒေါသများ ကောင်းကင်သို့ ထိုးတက်သွား၏။ နဂါးကြီး ဒေါသထွက်နေပြီဖြစ်သည်။ မျက်လုံး ဖွင့်လိုက်ချိန်မှာတော့ အဆုံးမဲ့ ဒေါသများ ပြည့်နှက်နေ၏။
“လူသား...... ကျုပ် မင်းကို မျိုးတူချင်းလို့ သတ်မှတ်ခဲ့တယ်။ မင်းက အရှင် ကျန်းလီရဲ့ သား ဖြစ်ပြီး ကျုပ် မင်းကို မိတ်ဖက် အဖြစ် သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ မင်း ကျုပ်ကို ဘယ်လိုလုပ် ဒုက္ခပေးရဲတာလဲ။ မင်း ကျုပ်ကို ဘယ်လိုလုပ် ဒုက္ခပေးရဲတာလဲ။”
နဂါး၏ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ဒေါသထွက်နေသော အော်ဟစ်သံ သည် ရှမ့်လန်၏ စိတ်ထဲတွင် မြည်ဟည်းလာသည်။
“အား...”
ရှမ့်လန်၏ စိတ်အာရုံ ပေါက်ကွဲတော့မတတ် ခံစားလိုက်ရ၏။ နဂါး၏ ဒေါသသည် လောကကြီးကို ဖျက်ဆီးပစ်တော့မည့်ပုံ ပေါ်၏။
မီးတောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေပြီး ကြီးမားသော တောင်ကြီးပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာကာ လုံးဝ ပြိုကျတော့မည့်ပုံ ပေါက်နေသည်။
“လူသား... မင်း ကျုပ်ကို ဒုက္ခပေးရဲတယ်ပေါ့။ ကျုပ် မင်းကို ပြာဖြစ်အောင် လုပ်ပစ်မယ်။”
နဂါးက အော်ဟစ်လိုက်၏။ “မင်း ကျုပ်ကို ပေးလိုက်တာက နဂါးဝိညာဉ်ပုလဲ မဟုတ်ဘူး။ ကျုပ် ငယ်ငယ်တုန်းက ပျောက်ဆုံးသွားတဲ့ နဂါးဝိညာဉ်ပုလဲ မဟုတ်ဘူး။ မင်း ကျုပ်ကို ပေးလိုက်တာက ငရဲပုလဲ။ အား... အား... မင်း ကျုပ်ကို ဘယ်လိုလုပ် ဒုက္ခပေးရဲတာလဲ။
ကျုပ် မင်းကို သတ်မယ်။ မင်းရဲ့ ဝိညာဉ်ကို ဘယ်တော့မှ လူပြန်မဖြစ်စေရဘူး။ အား... ကျုပ်ရဲ့ နဂါးဝိညာဉ်ပုလဲ။ ကျုပ်ရဲ့ နဂါးဝိညာဉ်ပုလဲ ဘယ်မှာလဲ။ ဘယ်မှာလဲ။ အား... အား... အား...”
နဂါးသည် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် နာကျင်စွာ အော်ဟစ်လိုက်သည်။
“ဘုန်း ဘုန်း ဘုန်း...”
ကြီးမားသော အိုလံပစ်တောင်ကြီး နောက်ဆုံးတွင် စုတ်ပြဲသွားပြီး တောင်ကြီး တစ်ခုလုံး စတင် ပြိုကျလာသည်။ မိုးနှင့်မြေ တုန်လှုပ်သွားကာ မြေပြင်တစ်ခုလုံး စတင် စုတ်ပြဲသွားပြီး ပတ်ဝန်းကျင် ပင်လယ်ပြင်တွင် ကြီးမားသော လှိုင်းလုံးများ ထကြွလာ၏။ နဂါး၏ ဒေါသသည် လောကကြီးကို ဖျက်ဆီးပစ်နိုင်၏။
“ကျုပ်ရဲ့ နဂါးဝိညာဉ်ပုလဲ ဘယ်မှာလဲ။ ဘယ်မှာလဲ။ ကျန်းလီရဲ့ သား။ မင်း ကျုပ်ကို ဘယ်လိုလုပ် ဒုက္ခပေးရဲတာလဲ။ ကျုပ် မင်းကို မျိုးတူချင်း လို့ သတ်မှတ်ခဲ့တယ်။ မိတ်ဖက်လို့ သတ်မှတ်ခဲ့တယ်။ မိသားစုလို့ သတ်မှတ်ခဲ့တယ်။ မင်း ကျုပ်ကို ဘယ်လိုလုပ် ဒုက္ခပေးရဲတာလဲ။”
နဂါး၏ အော်ဟစ်သံကြောင့် ကောင်းကင် တစ်ခုလုံး မိုးခြိမ်းသံများ ညံသွားသည်။
ထိုအချိန်၌ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ပျံသန်းရေး သားရဲတစ်ကောင် အဝေးမှ ပျံသန်းလာပြီး မိုးကုပ်စက်ဝိုင်းတွင် ပေါ်လာခဲ့သည်။ လူတစ်ဦး သားရဲပေါ်တွင် စီးနင်းလိုက်ပါလာသည်။ သူက ရှီလွန်အင်ပါယာ၏ အင်ပါယာ ဆော်ရွန်ပင် ဖြစ်၏။
အင်ပါယာ ဆော်ရွန်သည် တောက်ပစွာ လင်းလက်နေသော နဂါးပုလဲ တစ်လုံးကို မြှောက်ကိုင်လိုက်ပြီး အော်ဟစ် လိုက်သည်။ “ကျုပ်ရဲ့ ကြီးမြတ်တဲ့ နဂါးကြီး... မင်းရဲ့ နဂါးပုလဲ ဒီမှာ။ မင်းရဲ့ နဂါးပုလဲ ဒီမှာပါ။ ကျုပ်ရဲ့ နဂါးကြီး... ကျုပ် မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ဖြတ်ကျော်ပြီး ... သေဘေးကနေ သီသီလေး လွတ်မြောက်ပြီး ... နောက်ဆုံးတော့ မင်းရဲ့ နဂါးပုလဲကို ရှာတွေ့ခဲ့ပြီ။
နဂါးကြီး... ကျုပ် အားကိုးရတဲ့ နဂါးကြီး... ကျုပ်စောင့်ကြည့်ခဲ့တဲ့ နဂါးကြီး... ကျုပ် လာပြီ။ ကျုပ် လာပြီ။ ကျုပ်ရဲ့ နဂါးကြီး... မကြောက်ပါနဲ့။ မင်းရဲ့ အဖော်မွန် ရောက်လာပြီ။”
အင်ပါယာ ဆော်ရွန်သည် နဂါးပုလဲကို မြှောက်ကိုင်လျက် မီးတောင်ဝ အစွန်းသို့ ဆင်းသက်လိုက်သည်။
ဤသည်မှာ စစ်မှန်သော နဂါးပုလဲဖြစ်ပြီး နေလုံးငယ်လေးကဲ့သို့ အလင်းရောင်များ ထုတ်လွှတ်နေကာ မြင့်မြတ်ပြီး ပြိုင်ဘက်ကင်းလှ၏။
ရှမ့်လန် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ ‘နောက်ဆုံးတော့ အဆန်းကြယ်ဆုံး ပြဇာတ်ကြီး စတင်တော့မှာလား။ စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။’
ရှမ့်လန် ခန့်မှန်းထားသည့်အတိုင်း ဤမြင်ကွင်းက တကယ် ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ ထို့နောက် သူသည် အင်ပါယာဆော်ရွန်ကို ကြည့်ပြီး ပြောလိုက်၏။ “ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။ အင်ပါယာ ဆော်ရွန်လို့ ခေါ်ရမလား။ ဦးလေး ကွေ့ဝူလို့ ခေါ်ရမလား။ ဒါမှမဟုတ် အရိပ် လို့ ခေါ်ရမလား။”
...........
ရှမ့်လန်၏ စကားကို ကြားပြီးနောက် အင်ပါယာဆော်ရွန်သည် ရှမ့်လန်ကို ကြည့်လိုက်သည်။ သူသည် အလွန် တည်ငြိမ်နေပြီး ဖော်ထုတ်ခံလိုက်ရခြင်းကြောင့် ဒေါသထွက်ပုံ မရပေ။
“အရှင် ရှမ့်လန်... ခင်ဗျားက ကျုပ် ထင်ထားတာထက် အများကြီး ပိုပြီး ဉာဏ်ကောင်းတာပဲ။”
ဆော်ရွန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်ကို ဆော်ရွန်လို့ ခေါ်တာ ပိုကောင်းမယ် ထင်ပါတယ်။”
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “ကျုပ် စဉ်းစားနေတာ တစ်ခု ရှိတယ်။ ကျုပ်အဖေက အကြီးမြတ်ဆုံး ဘုရင်လို့ လူသိများတယ် မဟုတ်လား။ သူက နေမင်းကြီးလို တောက်ပတယ် မဟုတ်လား။ တော်ဝင်ရန် အင်ပါယာတောင် သူ့လောက် မတောက်ပဘူး။ ဒါဆိုရင် ဘာလို့ သူ့ဘေးနားမှာ သစ္စာဖောက်တွေ ဒီလောက် များနေရတာလဲ။ အနောက်ဘက်က သူ့တပည့် အဒေါ့ဖ်။ ရင်ကွမ်းနဲ့ သူ့သား။ ပြီးတော့ နောက်ဆုံး ခင်ဗျား။”
ရှမ့်လန် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံးက အရှင်ကျန်းလီရဲ့ အယုံကြည်ရဆုံး လက်အောက်ခံတွေပဲ။ ဘာလို့ သူ့ကို သစ္စာဖောက်ရတာလဲ။ ဒီလိုဆိုရင် သူ့ရဲ့ ကြီးမြတ်မှုက ဘယ်က လာတာလဲ။ လူကဲခတ်တဲ့ နေရာမှာ သူ ဘာဖြစ်သွားတာလဲ။”
အင်ပါယာ ဆော်ရွန်က ပြောလိုက်၏။ “အရှင် ရှမ့်လန်... ကျုပ် ခင်ဗျားကို မေးခွန်းတစ်ခု မေးချင်ပါတယ်။ ကျုပ်တို့ရဲ့ နေမင်းကြီးက ကောင်းကင်ပေါ်က နေမင်းကြီးထက် ပိုကြီးမြတ်သလား။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ဘယ်ဟုတ်ပါ့မလဲ။ နေက သက်ရှိအားလုံးရဲ့ အရင်းအမြစ်လေ။”
အင်ပါယာ ဆော်ရွန်က ပြောလိုက်၏။ “ကျုပ်တို့ရဲ့ ဂြိုဟ်က လှပသလား။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ဒါပေါ့။ မဟာနိဗ္ဗာနကြောင့် ပျက်စီးခဲ့ရပေမဲ့ သက်ရှိပုံစံ အမျိုးမျိုးနဲ့ ထူးဆန်းတဲ့ ရှုခင်းတွေ ရှိနေတုန်းပဲ။ တွေးကြည့်လို့ မရနိုင်လောက်အောင် လှပပါတယ်။”
အင်ပါယာ ဆော်ရွန်က ပြောလိုက်၏။ “နေမင်းကြီး ပျက်စီးသွားရင် ကျုပ်တို့ ဂြိုဟ် ဘာဖြစ်သွားမလဲ။”
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “နေမင်းကြီး ပေါက်ကွဲသွားရင် ကျုပ်တို့ ဂြိုဟ်လည်း ပျက်စီးသွားမှာပေါ့။ ဒါပေမဲ့ နေမင်းကြီး ရုတ်တရက် ငြိမ်းသွားရင် ကျုပ်တို့ဂြိုဟ်က ညှိုးနွမ်းသွားပြီး နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် ရုပ်ဆိုးသွားလိမ့်မယ်။”
အင်ပါယာ ဆော်ရွန်က ပြောလိုက်၏။ “အရှင် ကျန်းလီသာ နေမင်းကြီး ဖြစ်ခဲ့မယ်ဆိုရင် ရင်ကွမ်း ၊ သူ့သားနဲ့ သူ့ဘေးနားက လူတွေက ဂြိုဟ်တွေပေါ့။ ဟုတ်တယ်။ ဂြိုဟ်ဆိုတဲ့ စကားလုံးကို ကျုပ် သိတယ်။ နေမင်းကြီး ရှိနေတုန်းက သူတို့တွေ သက်ရှိတွေနဲ့ ပြည့်နှက်နေပြီး နေမင်းကြီးကို ထာဝရ လှည့်ပတ်နေကြမှာပါ။
ဒါပေမဲ့ တစ်နေ့ကျလို့ နေမင်းကြီး ရုတ်တရက် ပျောက်ကွယ်သွားရင် သူတို့ ဘာလုပ်ကြမယ်လို့ ထင်လဲ။ ဒါပေါ့။ သူတို့ ရုပ်ဆိုးသွားပြီး လမ်းပျောက်သွားကြမှာပေါ့။ ဒါပေမဲ့ ဒီကိစ္စကြောင့် နေမင်းကြီးရဲ့ ကြီးမြတ်မှုနဲ့ တောက်ပမှုကို ခင်ဗျား စော်ကားလို့ မရပါဘူး။”
ထို့နောက် အင်ပါယာ ဆော်ရွန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဘုရင်တွေကို ကြည့်လိုက်ပါ။ သူတို့ရဲ့ အကြီးမားဆုံး ဝိသေသလက္ခဏာက ဘာလဲ။ အရမ်း ဉာဏ်ကောင်း လို့လား။ မဟုတ်ဘူး။ ဆွဲဆောင်မှု တစ်မျိုး၊ တောက်ပမှု တစ်မျိုး၊ မီးပိုးဖလံတွေ မီးအိမ်ဆီ တိုးဝင်သလို လူတိုင်း မလွန်ဆန်နိုင်အောင် ဆွဲဆောင်နိုင်တဲ့ တောက်ပမှု တစ်မျိုးရှိတယ်။
အင်ပါယာရဲ့ ပရိယာယ်တွေနဲ့ ဉာဏ်ကောင်းတဲ့ ဆုံးဖြတ်ချက်တွေအပိုင်းကို ပြောရရင် တခြားဘုရင်တွေ ယှဉ်လို့မရဘူး။ ဒါကြောင့် ခင်ဗျားက သူ့သား ဖြစ်နေရင်တောင် သူ့ရဲ့ ကြီးမြတ်မှုကို စော်ကားလို့ မရဘူး။”
ရှမ့်လန် မနေနိုင်ဘဲ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဆော်ရွန်၏ တုံ့ပြန်မှုသည် အလွန် ဆန်းကြယ်လှသည်။ ကျန်းလီက ကြီးမြတ်သည်ဟု အဘယ်သို့ ပြောနိုင်ရသနည်း။
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “အင်ပါယာဆော်ရွန်... အရှင် ကျန်းလီက ကြီးမြတ်တဲ့ပုဂ္ဂိုလ်လို့ ခင်ဗျား ပြောနေတာပဲ။ ဒါဆို ကျုပ် မေးမယ်။ ခင်ဗျား အရှင် ကျန်းလီကို သစ္စာဖောက်ခဲ့ဖူးလား။”
“မဖောက်ပါဘူး။ ဒါပေါ့ မဖောက်ပါဘူး။”
ဆော်ရွန် အော်ဟစ်လိုက်သည်။ “ကျုပ်လုပ်ခဲ့သမျှ အရာအားလုံးက အရှင ကျန်းလီရဲ့ ဆန္ဒကို ဆက်လက် သယ်ဆောင်ဖို့ပါပဲ။ သူ့အိပ်မက်ကို ဖြည့်ဆည်းပေးပြီး သူ့လုပ်ငန်းကို ဆက်ခံချင်ရုံပါပဲ။ သူက တစ်လောကလုံးရဲ့ ယဉ်ကျေးမှုကို လွတ်မြောက်စေချင်ခဲ့တယ်။ လူသားမျိုးနွယ်တစ်ခုလုံးကို အဆင့်သစ် တစ်ခုဆီ ခေါ်ဆောင်သွား ချင်ခဲ့တယ်။
သူ လုပ်ကြံခံရပြီး ကျရှုံးသွားခဲ့တယ်။ သူ့ရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ကျုပ် ဆက်လုပ်ရမယ်။ ကျုပ်က အရှင် ကျန်းလီရဲ့ စစ်မှန်တဲ့ ဆက်ခံသူပါ။ တကယ်တော့ အကြိမ်များစွာ ကျုပ် သူ့နေရာမှာ ဝင်ပါခဲ့ဖူးတယ်။ ကျုပ်တို့ နှစ်ယောက်ကို ဘယ်သူမှ ခွဲလို့ မရပါဘူး။ ကျုပ်က သူ့ရဲ့ အရိပ်ပါ။ ကျုပ်တို့က အချိန်တိုင်း ခွဲလို့ မရဘူး။ အရှင် ကျန်းလီ ရုတ်တရက် သေဆုံးသွားတဲ့အခါ အရိပ် ဖြစ်တဲ့ ကျုပ်က မတ်တတ်ရပ်ရမယ်။ နေမင်းကြီး ငြိမ်းသွားပြီ ဆိုတော့ ကျုပ်က နေမင်းကြီး အသစ် ဖြစ်လာရမှာပေါ့။”
ရှမ့်လန်က တုံ့ပြန်လိုက်၏။ “ဒါပေမဲ့ ကျုပ်က ချန်အင်ပါယာရဲ့ ဧကရာဇ်လေ။ ကျုပ်က ကျန်းလီရဲ့ သားလေ။”
ဆော်ရွန်က အေးစက်စွာ ရယ်မောလိုက်သည်။ “ဘာ ဆွေးမြေ့နေတဲ့ အတွေးအခေါ်လဲ။ အဖေက အဖေ... သားက သား။ အဖေက သူရဲကောင်း ဖြစ်ရင် သားက သူရဲကောင်း ဖြစ်ရမှာလား။ သားက အဖေရဲ့ အင်ပါယာကို ဆက်ခံရမှာလား။
ဒီလို မိသားစုအမွေဆက်ခံပုံက ခေတ်နောက်ကျပြီး ဆွေးမြေ့နေပြီ။ ရှေးခေတ်ပညာရှိတွေရဲ့ ခေတ်တုန်းက အာဏာ စွန့်လွှတ်တဲ့ စနစ် ရှိခဲ့တယ်။ ကျုပ်တို့ရဲ့ အဆင့်မြင့် ယဉ်ကျေးမှုက ဒီဆွေးမြေ့နေတဲ့ မိသားစု အမွေဆက်ခံပုံကို ဖျက်ဆီးပစ်ဖို့ပဲ။
ဒါပေါ့ အရှင် ရှမ့်လန်... ခင်ဗျားသာ ဉာဏ်ပညာ ကြီးမားပြီး စွမ်းအားကြီးမယ် ဆိုရင် အရှင် ကျန်းလီရဲ့ ကြီးမြတ်တဲ့ လုပ်ငန်းကို ဆက်ခံဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။”
ဆော်ရွန်က ဆက်ပြော၏။ “ဒါပေမဲ့ အရှင် ရှမ့်လန်... ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါအုံး။ ခင်ဗျားက ဘယ်လို ပုံစံလဲ။”