← Chapters

အခန်း (၁၂၃၃-၁၂၃၄)

Vol. 71 Ch. 1233-1234

အခန်း (၁၂၃၃-၁၂၃၄)

Vol. 71 Ch. 1233-1234

အပိုင်း (၁၂၃၃)

“ခင်ဗျား လုပ်ခဲ့တဲ့ ကိစ္စတွေ အကုန်လုံး ကျုပ် သိပါတယ်။ ခင်ဗျားအကြောင်း နေ့တိုင်းလိုလို ဖတ်ဖြစ်တယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိတာထက် ကျုပ် ခင်ဗျားကို ပိုသိပါတယ်။ ခင်ဗျားမှာ အိပ်မက် ရှိသလား။ တစ်လောကလုံးကို လွတ်မြောက်စေချင်တဲ့ ရည်မှန်းချက် ရှိသလား။ ခင်ဗျားမှာ မရှိပါဘူး။ ခင်ဗျားက လက်စားချေချင်ရုံ သက်သက်ပါ။ ခင်ဗျား ပါးစပ်ကတော့ လောကနဲ့ ရန်ငြိုးမဖွဲ့ဘူးလို့ ပြောနေတာပဲ။

အရှင်ကျန်းလီရဲ့ အိပ်မက်က ဘာလဲ။ အရှင် ကျန်းလီရဲ့ ကြီးမြတ်တဲ့ လုပ်ငန်းက ဘာလဲ။ ခင်ဗျားမှာ ဆက်ခံဖို့ ဆန္ဒ ရှိသလား။ ခင်ဗျားက ချန်အင်ပါယာရဲ့ ဧကရာဇ်ဖြစ်ဖို့တောင် စိတ်မဝင်စားဘူး။ ခင်ဗျားက အရည်အချင်းပြည့်မီတဲ့ ဘုရင်တစ်ပါး ဟုတ်ရဲ့လား။

သူရဲကောင်း ဆိုတာ ဘာလဲ။ ကြီးမြတ်တဲ့ ပုဂ္ဂိုလ် ဆိုတာ ဘာလဲ။ ငယ်ရွယ်စဉ်တည်းက ကြီးမားတဲ့ ရည်မှန်းချက်မျိုး ရှိသင့်တယ်။ ခင်ဗျား ... ရှမ့်လန်ကကော .. ငယ်ငယ်တုန်းက ခင်ဗျားရဲ့ ရည်မှန်းချက်က ဘာလဲ။ မိန်းမထဘီနား ခိုစားပြီး သူဌေးအိမ်မှာ သားမက်ဝင်လုပ်တာလား။ ခင်ဗျားလို အမှိုက်ကောင်က အရှင် ကျန်းလီရဲ့ လုပ်ငန်းကို ဆက်ခံဖို့ ဘာအရည်အချင်း ရှိလို့လဲ။

ပြီးတော့ ကျုပ်ကကော ... ကျုပ်က အရှင် ကျန်းလီရဲ့ ကြီးမြတ်တဲ့ လုပ်ငန်းကို ဆက်ခံဖို့အတွက် နဂါးကြီး ဘေးကနေ မဖြစ်မနေ ထွက်ခွာခဲ့ရတယ်။ အဲဒီတုန်းက သူ အရမ်း ငယ်သေးတယ်။ ကျုပ်တို့ လမ်းခွဲတုန်းက နှစ်ယောက်စလုံး ငိုခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ် သွားကို သွားရမယ်။ ဘာလို့လဲဆိုတော့ ရှီလွန်မြို့တော်ဟောင်းဆီ သွားချင်လို့။ ရှီလွန်အင်ပါယာရဲ့ ဓားကို ရယူချင်လို့ပဲ။

အဲဒီလိုမှ ရှီလွန်အင်ပါယာရဲ့ ဧကရာဇ် ဖြစ်လာနိုင်မှာ။ အဲဒီတော့မှ ကျန်းမိသားစုကို ပြန်လည် ထူထောင်ဖို့ အခြေခံအုတ်မြစ် ရရှိမှာ။ အဲဒီတော့မှ အရှင် ကျန်းလီရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်မှာ။ အခု နဂါးကြီး ပေါ်လာပြီ ဆိုတော့ ကျုပ်တို့ချင်း ပေါင်းစပ်လိုက်ရင် ပြိုင်ဘက်ကင်း ဖြစ်သွားမှာပဲ။

ရှမ့်လန်... တကယ်လို့ ခင်ဗျား နဂါးကြီးရဲ့ သဘောတူညီမှုကို ရရှိခဲ့ရင် ဘာလုပ်မှာလဲ။ သေချာပေါက် အရှေ့တိုင်း လောကကို ပြန်ပြီး သတ်ဖြတ်မှာပဲ။ တော်ဝင်ရန်အင်ပါယာနဲ့ သေမင်းတမန် တိုက်ပွဲ ဆင်နွှဲမှာပဲ။ တော်ဝင်ရန် ဧကရာဇ်ကို သတ်ပြီး အရှင်ကျန်းလီအတွက် လက်စားချေမှာပဲ။ အဲဒါပြီးရင် ခင်ဗျား ဘာကိုမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ဟုတ်တယ်မလား။

အရှေ့တိုင်းလောကကြီး တစ်ခုလုံးကို ခင်ဗျားရဲ့ လက်အောက်ခံတွေဆီ လုံးဝ လွှဲအပ်လိုက်မှာပဲ။ နိုင်ငံရေး ကိစ္စတွေကို တစ်ရက်လေးတောင် စိတ်ရှုပ်ခံမှာ မဟုတ်ဘူး။ ညီလာခံကို တစ်ရက်လေးတောင် တက်မှာ မဟုတ်ဘူး။ မိန်းမနဲ့အတူ လွတ်လပ်ပျော်ရွှင်တဲ့ ဘဝကို ချက်ချင်း မဖြတ်သန်းနိုင်လို့ စိတ်မရှည် ဖြစ်နေမှာ ဟုတ်တယ်မလား။

သူရဲဘောကြောင်တဲ့ကောင်။ ယုတ်မာတဲ့ကောင်။ ရှောင်တိမ်းတတ်တဲ့ကောင်။”

အင်ပါယာ ဆော်ရွန် အော်ဟစ်လိုက်သည်။ “နဂါးကြီးနဲ့ သဘောတူညီမှုရပြီးတာနဲ့ ကျုပ်က သူ့ကို ဦးဆောင်ပြီး တစ်လောကလုံးကို ပေါင်းစည်းမယ်။ မဟာစည်းလုံးညီညွတ်ရေး လောကကြီး၊ ဘုန်းကျက်သရေရှိတဲ့ လောကကြီးကို တည်ဆောက်မယ်။ ဒါကြောင့် ကျုပ်က အရှင်ကျန်းလီရဲ့ စစ်မှန်တဲ့ ဆက်ခံသူပါ။ ဘာလို့လဲဆိုတော့ ကျုပ်က သူ့ရဲ့အိပ်မက်ကို ဆက်ခံထားလို့ပဲ။ ခင်ဗျားကတော့ သူ့ရဲ့ သွေးသားကိုပဲ ဆက်ခံထား တာပါ။”

ဤသီအိုရီက အပြစ်ပြောစရာ မရှိပေ။ ဆရာသမားလန် ယုံလုနီးပါး ဖြစ်သွားပြီဟု ခံစားလိုက်ရ၏။ အနည်းဆုံးတော့ ဆော်ရွန် ပြောသမျှ စကားလုံးတိုင်းကို သူ ပြန်မချေပနိုင်ခဲ့ပေ။ မည်မျှ ကြီးမြတ်ပြီး တရားမျှတလိုက်သနည်း။

အချိန်အတန်ကြာပြီးနောက် ရှမ့်လန်က မေးလိုက်သည်။ “ကျုပ် မေးချင်ပါသေးတယ်။ ခင်ဗျားက ကွေ့ဝူလား ဒါမှမဟုတ် ဆော်ရွန်လား။”

ဤသည်မှာ ရှမ့်လန် အလွန် ဇဝေဇဝါ ဖြစ်နေသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် X-ray အမြင် ရှိသောကြောင့် အမှန်တကယ် သေဆုံးခြင်း ရှိမရှိ ရှင်းလင်းစွာ သိရှိသောကြောင့်ပင်။ ချော်ရည်ပင်လယ်ထဲမှ သေဆုံးနေသော ကွေ့ဝူတွင် မည်သည့် ဟာကွက်မှ မရှိပုံရ၏။

ထို့အပြင် သူသည် ဆော်ရွန်၏ ခန္ဓာကိုယ်ကိုလည်း X-ray အမြင်ဖြင့် စစ်ဆေးခဲ့သည်။ အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများသည် အနည်းငယ် ကွာခြားသော်လည်း သူ၏ ရှေ့မှောက်ရှိ ဆော်ရွန်သည် အမှန်တကယ်ပင် အနောက်တိုင်းသား ဖြစ်သည်။ ထို့အပြင် သူ့တွင် ကောင်းကင်အာဏာစက်ကို ဖီဆန်နိုင်သော သွေးမျိုးဆက်၊ ရှီလွန်မိသားစု၏ သဘာဝအလျောက် စွမ်းအားကြီးသော သွေးမျိုးဆက် ရှိနေသည်။

အချိန်အတန်ကြာပြီးနောက် ဆော်ရွန်က ပြောလိုက်၏။ “ကျုပ်က ဆော်ရွန်လည်း ဟုတ်တယ်။ ကွေ့ဝူလည်း ဟုတ်တယ်။”

ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ပူးကပ်ထားတာလား။”

တစ်ဖက်လူ တိတ်ဆိတ်သွား၏။

ရှမ့်လန် အံ့အားသင့်သွား၏။ ပူးကပ်သည်ဆိုသော ကိစ္စမျိုးက အခြေခံအားဖြင့် အတုပင်။ ဥပမာအားဖြင့် ဂိုဏ်းချုပ်ရန်ကို ဆယ်စုနှစ်များစွာ လှည့်စားခဲ့ပြီး ယုံကြည်လာအောင် လုပ်ခဲ့သည့် ကန်ဝမ် လိုမျိုးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူတစ်ဦး၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာနိုင်သော အခြေအနေ တစ်ခုသာ ရှိပြီး ၎င်းမှာ ခန္ဓာကိုယ် သေဆုံးသွားသော အချိန် ဖြစ်သည်။ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် သရဲမြို့တော်ကဲ့သို့သော အထူး ထင်ယောင်ထင်မှား နယ်ပယ်ထဲ၌ မရှိလျှင် ချက်ချင်း ပျောက်ကွယ်သွားမည်။

သို့သော်ငြား ရှမ့်လန် လျင်မြန်စွာ နားလည်သွားသည်။ မီးလျှံမြို့တော် ပိရမစ် အောက်ရှိ ချော်ရည်ပင်လယ်သည် သဘောတရားအရ သရဲမြို့တော် တစ်ခု ဖြစ်သည်။

ထို့အပြင် ဤအခြေအနေကို ဖြစ်ပေါ်စေသော အကြောင်းရင်းမှာ မီးနတ်ဘုရားဂိုဏ်းက ငရဲသလင်းကျောက်ဟု အမည်ပေးထားသော ထူးဆန်းသည့် သက်ရှိပုံစံကြောင့် ဖြစ်သည်။ မှန်ပေသည်။ ပိရမစ် အောက်ရှိ ချော်ရည်ပင်လယ်သည် စစ်မှန်သော သဘောတရားအရ သရဲမြို့တော် ဖြစ်ပြီး ပူးကပ်ရန် အသင့်တော်ဆုံး နေရာ ဖြစ်၏။

ထိုနေရာတွင် ကွေ့ဝူသည် ဆော်ရွန်ကို ပူးကပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်သည် ဆော်ရွန်၏ ခန္ဓာကိုယ် ဖြစ်သော်လည်း ဝိညာဉ်သည် ကွေ့ဝူ၏ ဝိညာဉ် ဖြစ်သည်။ ချော်ရည်ပင်လယ်ထဲတွင် သေဆုံးသွားသော ကွေ့ဝူ၏ ခန္ဓာကိုယ်သည် အစစ်အမှန် ဖြစ်သည်။

“ခင်ဗျား စိတ်ကူးကြည့်နိုင်မလား။ အဲဒီတုန်းက ကျုပ် ဘယ်လောက် စိတ်ပျက်အားငယ်ခဲ့ရသလဲ။”

ဆော်ရွန် (ကွေ့ဝူ)က အော်ဟစ်လိုက်သည်။ “ကျုပ် ဥကပေါက်စနဂါးကို အနောက်လောကဆီ ယူဆောင်လာခဲ့တယ်။ ဒါပေမဲ့ မီးလျှံမြို့တော်ကို ရောက်တဲ့အခါ အဲဒီနေရာက ခဲနေပြီ။ အရှင်ကျန်းလီရဲ့ အမိန့်က ဘာလဲ။ ကျုပ်ကို မီးလျှံမြို့တော်မှာ ထာဝရ စောင့်နေစေချင်တာ။ သူ့ရဲ့ ဆက်ခံသူ ရောက်လာမဲ့ အချိန်ကိုပေါ့။ မစောင့်နိုင်ရင် အဲဒီထဲမှာပဲ အိုသေသွားရမှာ။

ကျုပ် သဘောတူခဲ့တယ်။ သူ့ရဲ့ ဆန္ဒကို မလွန်ဆန်ဘူးလို့ ကျုပ် ကျိန်ဆိုခဲ့တယ်။”

ဆော်ရွန် (ကွေ့ဝူ) တုန်ယင်နေ၏။ “သူက ကျုပ်ကို မီးလျှံမြို့တော် မှာ စောင့်နေဖို့ ပြောခဲ့တယ်။ ဒါကြောင့် ကျုပ် အဲဒီမှာ စောင့်နေခဲ့တယ်။ ဒါပေမဲ့ အဲဒီနေရာက ခဲနေပြီး အသက်ရှင်လို့ မရတော့ဘူး။

နဂါးလည်း အဲဒီမှာ မကြီးထွားနိုင်ဘူး။ အဲဒီတုန်းက နဂါးက အရမ်း ငယ်သေးတယ်။ ပြီးတော့ မီးလျှံမြို့တော် အောက်က ချော်ရည်ပင်လယ်က ပိုပိုပြီး အေးလာတယ်။ နဂါးသာ အဲဒီမှာ နေရင် သေသွားလိမ့်မယ်။ ဒါကြောင့် ကျုပ် နာကျင်မှုကို ကြိတ်မှိတ်ပြီး သူ့ကို တခြား မီးတောင်တစ်ခုဆီ ခေါ်သွားခဲ့တယ်။ သူ့ဘာသာ ကြီးထွားပြီး အမဲလိုက်နိုင်အောင်လို့လေ။

သူက ဥကပေါက်တာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်။ ကလေးလေးလိုပါပဲ။ ကျုပ်ကို လုံးဝ မခွဲနိုင်ဘူး။ ဒါပေမဲ့ အရှင် ကျန်းလီရဲ့ ဆန္ဒကြောင့် ကျုပ်ရဲ့ ကျိန်ဆိုမှုကြောင့် ကျုပ်တို့ လမ်းခွဲခဲ့ရတယ်။ ကျုပ် နဂါးကို ထားခဲ့တယ်။ နှစ်အနည်းငယ် ကြာတဲ့အထိ ကျုပ်တို့ မခွဲမခွာ ရှိနေခဲ့တာ။ ကျုပ် သူ့ကို ကျုပ် ကလေးလို သဘောထားခဲ့တာ။”

ထိုအချိန်တွင် အိုလံပစ်တောင်ရှိ နဂါးသည် ဝမ်းနည်းပူဆွေးမှုထဲသို့ ကျရောက်သွားပြီး ၎င်း၏ မျက်လုံးများသည် အတိတ်ကို လွမ်းဆွတ်နေပုံ ရသည်။ ၅ နှစ်ကျော်ကြာအောင် ၎င်းနှင့် ကွေ့ဝူ တို့သည် မခွဲမခွာ ရှိခဲ့ပြီး အချင်းချင်း မှီခို အသက်ရှင်ခဲ့ကြသည်။

ကွေ့ဝူသည် တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “ကျုပ် အတွင်းထဲမှာ စောင့်ခဲ့တယ်။ စောင့်နေခဲ့တယ်။ ပြီးတော့ အရှင် ကျန်းလီ သေဆုံးသွားတဲ့ သတင်းကို ကြားလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျုပ် ဘယ်လောက် စိတ်ပျက်အားငယ်ခဲ့သလဲ။ ဘယ်လောက် နာကျင်ခဲ့သလဲ။

ဒါပေမဲ့ ကျုပ် ဆက်စောင့်နေခဲ့တယ်။ ခင်ဗျား ရောက်လာမယ့် အချိန်ကို စောင့်နေခဲ့တယ်။ ခင်ဗျား ရှိမရှိ ဆိုတာတောင် ကျုပ် မသိဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ချန်အင်ပါယာကနေ ထွက်လာတုန်းက ဧကရီ ကိုယ်ဝန် မရှိသေးဘူးလေ။ ကျုပ် တစ်သက်လုံး ခင်ဗျား ရောက်လာမဲ့ အချိန်ကို စောင့်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားသာ ဆိုရင် ဘာလုပ်မလဲ။ ကျုပ် ဘာလုပ်ရမလဲ။”

ရှမ့်လန် တိတ်ဆိတ်နေသည်။ ‘ဘယ်တော့မှ ရောက်မလာနိုင်တဲ့ လူတစ်ယောက်ကို စောင့်ဆိုင်းရတာ အနာကျင်ရဆုံး ဖြစ်သင့်တယ်။ ဘာလို့လဲဆိုတော့ မျှော်လင့်ချက် မရှိလို့ပဲ။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် ဆိုရင်တော့ ဟုတ်သေးတာပေါ့။ ဆယ်နှစ်၊ နှစ်ဆယ်၊ သုံးဆယ် ဆိုရင်ရော .....။’

ကွေ့ဝူက ပြောလိုက်၏။ “အဲဒီတုန်းက ကျုပ် နေ့တိုင်း တွေးတယ်။ ကျုပ် ဒီမှာ စောင့်ရင်း သေရတော့မှာလား။ ကျုပ် သေတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ အရှင် ကျန်းလီရဲ့ အိပ်မက်ကကော။ သူ့ရဲ့ လုပ်ငန်းကကော။ မရေရာတဲ့ သားတစ်ယောက်အပေါ် သူ့မျှော်လင့်ချက်တွေ အကုန် ပုံအပ်ထားရမှာလား။ ဒါ မတရားဘူး။ ပြီးတော့ မိုက်မဲရာ ကျတယ်။

အရှင်ကျန်းလီ ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးတယ်။ ဒီလောကမှာ ဘုရင်၊ စစ်သူကြီး၊ ဝန်ကြီး ဖြစ်ဖို့ မွေးဖွားလာတဲ့သူ ဘယ်သူမှ မရှိဘူးတဲ့။ ဘုရင်၊ စစ်သူကြီး၊ ဝန်ကြီး ဆိုတာ သတ္တိရှိမှ ဖြစ်လာတာ။”

ကွေ့ဝူ အော်ဟစ်လိုက်သည်။ “ဒါက အရှင်ကျန်းလီ ကျုပ်တို့ကို ပေးခဲ့တဲ့ သင်ခန်းစာပဲ။ နောက်ပိုင်းကျမှ ကျုပ် နားလည်လာတယ်။ ကျုပ် ဒီမှာ ဒီတိုင်း စောင့်နေလို့ မဖြစ်ဘူး။ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်။ ပြီးတော့ အရှင် ကျန်းလီရဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းကို ဆက်ခံရမယ်။ ဒါပေမဲ့ ကျုပ် ကျိန်ဆိုထားတာကို ဖောက်ဖျက်လို့ မရဘူး။ မီးလျှံမြို့တော်ကနေ ထွက်သွားလို့ မရဘူး။ အဲဒီအချိန်မှာ လူတစ်ယောက် ရောက်လာတယ်။ သူက ခဲနေတဲ့ မီးလျှံမြို့တော်ထဲ ဝင်လာတယ်။”

ဤလူသည် သံသယ ဖြစ်ဖွယ် မလိုအောင်ပင် ဆော်ရွန် ဖြစ်၏။

ကွေ့ဝူက ပြောလိုက်သည်။ “အဲဒီလူက ရှီလွန်တော်ဝင်မိသားစုက ဆော်ရွန်ပဲ။ သူ့မှာ ပထမ ရှီလွန်ရဲ့ အမြင့်မြတ်ဆုံး သွေးမျိုးဆက် ရှိတယ်။ သူက ရည်မှန်းချက် ကြီးမားတယ်။ ပြီးတော့ ရှီလွန်အင်ပါယာ ကွဲပြားနေတာကို အဆုံးသတ်ချင်တယ်။ လူတွေ အာဏာလုနေကြတာကို သူ မြင်တယ်။ စည်းလုံးညီညွတ်မယ့် မျှော်လင့်ချက် မမြင်ရဘူး။

သူ ဒေါသထွက်တယ်။ မကျေနပ်ဘူး။ နာကျင်တယ်။ ဒါကြောင့် ပြန်လမ်းမဲ့တဲ့လမ်းကို သူ ရွေးချယ်ခဲ့တယ်။ မြောက်ဘက်အစွန်ဆုံး တိုက်ကို သူ သွားတယ်။ ရှီလွန်အင်ပါယာရဲ့ ဇာတိမြေကို သွားတယ်။ ပထမ ရှီလွန်ရဲ့ ဓားကို ပြန်ယူဖို့။ ပထမ ရှီလွန်ရဲ့ မပြည့်ဝသေးတဲ့ ဆန္ဒကို ဆက်ခံဖို့။ ရှီလွန်အင်ပါယာ တစ်ခုလုံးကို ပေါင်းစည်းဖို့။ အဲဒီလိုမှ အင်ပါယာကြီးက အထွတ်အထိပ်နဲ့ ဘုန်းကျက်သရေကို ပြန်လည် ရရှိနိုင်မှာ။”

ရှမ့်လန်၏ စိတ်ထဲတွင် ဆော်ရွန်၏ မြောက်ဘက်စွန်း ခရီးစဉ်သည် သွေးဆူဖွယ်ရာကောင်းလှသော်လည်း တစ်ဖက်တွင် ဝမ်းနည်းဖွယ်ကောင်းသည်ဟု ခံစားမိလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုခရီးသည် သေလမ်းသာ ဖြစ်သောကြောင့်ပင်။

ကွေ့ဝူက ပြောလိုက်သည်။ “ဒါပေါ့။ သူ ကျရှုံးခဲ့တာပေါ့။ အိပ်မက်က ကြီးကျယ်ပေမဲ့ လက်တွေ့က ရက်စက်လွန်းတယ်။ သူ့ရဲ့ သွေးမျိုးဆက်က မြင့်မြတ်ပြီး သိုင်းပညာအားကောင်းပေမယ့် မြောက်ဘက်စွန်း ဒေသက အရမ်း အေးလွန်းတယ်။ လေထုကအစ နှင်းအဖြစ် ခဲသွားတဲ့အထိပဲ။ အဆုံးမရှိတဲ့ နှင်းခဲတွေက မြောက်ဘက်စွန်း တစ်ခုလုံးကို အမိုးခုံးကြီးလို ဖုံးလွှမ်းထားတယ်။ စိတ်ကူးလို့ မရနိုင်လောက်အောင် ထူထဲပြီး မာကျောတယ်။ ဝင်နိုင်ဖို့ လမ်းစ မရှိဘူး။”

ဤသည်မှာ သတင်းအချက်အလက် အသစ်တစ်ခု ဖြစ်၏။ မြောက်ဘက်စွန်း ဒေသသည် ယခုအခါ အမိုးခုံးကြီးဖြင့် ဖုံးလွှမ်းခြင်း ခံထားရသည်လား။

ကွေ့ဝူက ဆက်လက် ပြောလိုက်၏။ “ဒါပေမဲ့ ဆော်ရွန်က အရှုံးမပေးခဲ့ပါဘူး။ သူက လောကအနှံ့ လှည့်လည်သွားလာပြီး မြောက်ဘက်စွန်း အမိုးခုံးကြီးကို ဖြတ်ကျော်နိုင်မဲ့ နည်းလမ်းကို ရှာဖွေခဲ့တယ်။ အရမ်းအေးစက်ပြီး လေထုမရှိတဲ့ နေရာမှာ အသက်ရှင်နိုင်မဲ့ နည်းလမ်းကို ရှာဖွေခဲ့တယ်။ သူ ငါးနှစ်... ဆယ်နှစ်.. ဆယ့်သုံးနှစ် ကြာအောင် ရှာဖွေခဲ့တယ်။

နောက်ဆုံးတော့ သူ မီးတောက်မြို့တော်ကို တွေ့ရှိခဲ့ပြီး ပိရမစ်ကြီးကို ရှာတွေ့ခဲ့တယ်။ အဲဒါက ဆန်းကြယ်တဲ့ ရှေးဟောင်းအမွေအနှစ် တစ်ခုပဲ။ သူ ရှာတွေ့ပြီဆိုပြီး အရမ်း စိတ်လှုပ်ရှားခဲ့တာပေါ့။ အဲဒီအချိန်မှာ သူက လေထဲက ဖယောင်းတိုင်၊ ဆီကုန်နေတဲ့ မီးခွက်လို ဖြစ်နေပြီ။ ဒါပေမဲ့ အထဲရောက်သွားတော့ သူ ပိုပြီး စိတ်ပျက် အားလျော့ သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ပိရမစ် အတွင်းပိုင်းက မြောက်ဘက်စွန်းလို အေးစက်နေလို့ပဲ။ သူ လုံးဝ မျှော်လင့်ချက် ကုန်သွားခဲ့တာ။”

ရှမ့်လန်သည် ဆော်ရွန်တစ်ယောက် ဆယ်နှစ်ကျော်ကြာ ရှာဖွေခဲ့ပြီးမှ နောက်ဆုံးတွင် ပို၍ အေးစက်သော ငရဲခန်းသို့ ရောက်ရှိသွားခြင်းကို တွေးကြည့်နိုင်ပေသည်။ စိတ်ပျက်အားလျော့သွားသည်မှာ မဆန်းတော့ပေ။

ကွေ့ဝူက ပြောလိုက်သည်။ “သူ သေတော့မလို ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ သူ့မျှော်လင့်ချက်တွေ ကုန်ဆုံးသွားပြီ။ စွမ်းအင်တွေ ကုန်ခမ်းသွားပြီ။ သက်စောင့်အားတွေ ကုန်ခမ်းသွားပြီလေ။ အဲဒီအချိန်မှာ ကျုပ်လည်း သေလုနီးပါး ဖြစ်နေပြီ။ ကျုပ်ခန္ဓာကိုယ်မှာ ဘာမှားယွင်းမှုမှ မရှိဘူး။

ဘာလို့လဲဆိုတော့ ကျုပ်မှာ ရှေးဟောင်းဘုရင် လက်စွပ် ရှိတယ်။ နဂါးနှလုံးသားလည်း ရှိသလို ရှေးဟောင်းဘုရင် ဓားလည်း ရှိတယ်။ ကျုပ် မသေနိုင်ဘူး။ ဒါပေမဲ့ ကျုပ်စိတ်နှလုံးက မျှော်လင့်ချက်မဲ့ခြင်းတွေနဲ့ ပြည့်နှက်နေပြီး ကျုပ်ဝိညာဉ်မှာလည်း သက်စောင့်အား မရှိတော့ဘူး။”

ရှမ့်လန် အံ့အားသင့်သွားရ၏။ ရှေးဟောင်းဘုရင် လက်စွပ်မှာ တစ်ခုတည်း ရှိသည် မဟုတ်ကြောင်း ရှမ့်လန် နားလည်လိုက်သည်။ အကြောင်းမှာ အဆင့်မြင့် မှူးမတ်အားလုံးတွင် ရှေးဟောင်းဘုရင် လက်စွပ် တစ်ကွင်းစီ ရှိကြသောကြောင့် ဖြစ်သည်။

ရှေးဟောင်း ကျန်းမိသားစု နန်းတက်စဉ်အခါက ၎င်းတို့၏ အောက်တွင် မင်းသားများစွာ ရှိခဲ့ကြပြီး ထိုသူတို့၏ လက်စွပ်များမှာလည်း ရှေးဟောင်းဘုရင် လက်စွပ်များပင် ဖြစ်ကြ၏။ အမှန်စင်စစ် ရှမ့်လန်၏ ရှေးဟောင်းဘုရင် လက်စွပ်မှာ ထူးခြားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက အိမ်ရှေ့စံ ကျန်းရှဲ့ ပိုင်ဆိုင်ခဲ့သော လက်စွပ် ဖြစ်သောကြောင့်ပင်။

အကယ်၍ ကျန်းရှဲ့သာ ရှေးဟောင်း အရှေ့အင်ပါယာကို သစ္စာမဖောက်ခဲ့ပါက ရှမ့်လန်၏ ရှေးဟောင်းဘုရင် လက်စွပ်သည် ရှေးဟောင်းဧကရာဇ် လက်စွပ် ဖြစ်လာခဲ့ပေမည်။ သို့သော်ငြား မထင်မှတ်ထားသည်မှာ နဂါးနှလုံးသားသည် တစ်ခုတည်း မဟုတ်ဘဲ ရှေးဟောင်း ကျန်းမိသားစု၏ ထိပ်တန်း တော်ဝင်မိသားစုဝင်တိုင်း တွင် ရှိနေခဲ့ခြင်းဖြစ်၏။

သို့သော်ငြား ရှမ့်လန်၏ နဂါးဓားမှာမူ တစ်ခုတည်း ရှိသင့်သည် မဟုတ်ပါလား။ သူ၏ ရှေးဟောင်းဘုရင် လက်စွပ်သည်လည်း အနည်းဆုံးတော့ ကျန်းမိသားစုအတွင်း၌ အမြင့်မြတ်ဆုံး လက်စွပ်အဖြစ် သတ်မှတ်နိုင်သည်။

အပိုင်း (၁၂၃၄)

ရှမ့်လန်က မေးလိုက်၏။ “ဒီ နဂါးနှလုံးသား၊ ရှေးဟောင်းဘုရင် လက်စွပ်နဲ့ ရှေးဟောင်းဘုရင်ဓား... ဒါတွေ အကုန်လုံးကို ကျုပ်အဖေ ခင်ဗျားကို ပေးခဲ့တာ မဟုတ်လား။”

ကွေ့ဝူက ပြန်ဖြေသည်။ “ဟုတ်တယ်။ သူ ကျုပ်ကို ပေးခဲ့တာ။ ဘာလို့လဲဆိုတော့ နဂါးတစ်ကောင်ကို မွေးမြူဖို့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် အမျိုးမျိုးကို ဖြတ်သန်းဖို့ လိုအပ်တယ်။ ဒီပစ္စည်းတွေသာ မရှိရင် သိုင်းပညာ ဘယ်လောက်မြင့်မြင့် အသက်မရှင်နိုင်ဘူး။”

ရှမ့်လန်က မေးလိုက်၏။ “သူ ခင်ဗျားကို ဒီလောက်ထိ ယုံကြည်ခဲ့တာပဲ။ ဒီပစ္စည်းသုံးခုက သူ့ရဲ့ အသက် သွေးကြောတွေ ဆိုပေမဲ့ သူ ခင်ဗျားကို ပေးခဲ့တာပဲ။”

ကွေ့ဝူက လေးနက်စွာ ပြောလိုက်သည်။ “ဒီယုံကြည်မှုကြောင့်ပဲ အရှင်ကျန်းလီရဲ့ မပြည့်စုံသေးတဲ့ ဆန္ဒအတွက် ကျုပ် အရာအားလုံးကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့ရတာပေါ့။ အဲဒီနောက် မီးလျှံမြို့တော် ပိရမစ်ထဲမှာ ကျုပ် ဆော်ရွန်နဲ့ တွေ့ဆုံခဲ့တယ်။ မျှော်လင့်ချက်မဲ့နေတဲ့ လူနှစ်ယောက် ဆုံတွေ့ခဲ့ကြတယ်။ အဆုံးစွန်ထိ စိတ်ပျက်အားလျော့နေတဲ့ လူနှစ်ယောက် တွေ့ဆုံပြီး မျှော်လင့်ချက်တွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ကြတယ်။”

ထို့နောက် ဆက်လက် ဖြစ်ပျက်ခဲ့သည်များကို လုံးဝ ခန့်မှန်းကြည့်နိုင်၏။

ကွေ့ဝူက ပြောလိုက်သည်။ “ကျုပ် ကျိန်ဆိုခဲ့တယ်။ မင်း ရောက်လာမဲ့ အချိန်ကို စောင့်မျှော်ရင်း မီးလျှံမြို့အောက်မှာ ထာဝရ နေရစ်ပါ့မယ်လို့ အရှင် ကျန်းလီကို ကတိပေးခဲ့တယ်။ ကျုပ် ကတိမဖျက်နိုင်ဘူး။

ဆော်ရွန်ကလည်း သူ့ဘိုးဘေးရဲ့ ဧကရာဇ်ဓားကို ပြန်ယူပြီး ရှီလွန်အင်ပါယာကို စုစည်းမယ်လို့ ကျိန်ဆိုခဲ့တယ်။ ကျုပ်တို့ရဲ့ စံနှုန်းတွေက တစ်နည်းတစ်ဖုံ တိုက်ဆိုင်သွားခဲ့တယ်။ အရှင်ကျန်းလီရဲ့ ရည်မှန်းချက်က လောကကြီး တစ်ခုလုံးကို လွတ်မြောက်စေဖို့ပဲ။ အရှေ့က စမလား။ အနောက်က စမလား။ လောကငြိမ်းချမ်းရေး ဆိုတာ နေရာတိုင်းမှာ အတူတူပါပဲ။

ဒါကြောင့် ကျုပ်တို့ သဘောတူညီမှု ရခဲ့ကြတယ်။ ကျုပ် သူ့ကို အကုန်ပြောပြလိုက်တယ်။ ကျုပ် ဆော်ရွန်ရဲ့ ခန္ဓာကိုယ်နဲ့ သွေးကို လိုအပ်တယ်။ သူ့ရဲ့ ဝိသေသကိုလည်း လိုအပ်တယ်။ ဆော်ရွန်ကလည်း ကျုပ်ရဲ့ နဂါးနှလုံးသား၊ ရှေးဟောင်းဘုရင် လက်စွပ်နဲ့ ရှေးဟောင်းဘုရင် ဓားကို လိုအပ်နေတယ်။ ဒီပစ္စည်းတွေနဲ့မှ သူက မြောက်ဘက်တိုက်ကြီး မြို့ဟောင်းဆီ အသက်ရှင်လျက် ပြန်သွားနိုင်မှာ။ ဒါမှသာ သူက ရှီလွန် ပထမဘုရင်ရဲ့ ဧကရာဇ်ဓားကို ပြန်ယူပြီး ရှီလွန်အင်ပါယာ ထီးနန်းကို ဆက်ခံနိုင်မှာ။”

ကွေ့ဝူက ဆက်ပြော၏။ “ဒါပေမဲ့ ကျုပ် သူ့ကို ဝင်ရောက်စီးနင်းရလိမ့်မယ်။ ကျုပ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ရမယ်။ ချော်ရည်ပင်လယ်ပြင်ကြီးက ငရဲလိုပဲ လုံးဝ သေဆုံးနေပြီ။ ကျုပ်ဝိညာဉ်က ကျုပ် ခန္ဓာကိုယ်ကနေ ထွက်ခွာသွားရင်တောင် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒါကြောင့် ဝိညာဉ်ကူးပြောင်း ဝင်ရောက်ဖို့ အသင့်တော်ဆုံးပဲ။”

ဝိညာဉ်ကူးပြောင်း ဝင်ရောက်ရန် ကာယကံရှင်၏ စိတ်ဆန္ဒက ခုခံမှု လုံးဝ မရှိရန် လိုအပ်ကြောင်း ရှမ့်လန် သိရှိထားသည်။ အနည်းငယ်မျှ မလိုလားမှု ရှိနေလျှင်ပင် မအောင်မြင်နိုင်ပေ။ ထိုစဉ်က ကန်ဝမ်သည် ရှမ့်လန်အား ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့သည်။ သူ၏သိုင်းပညာသည် ရှမ့်လန်ထက် အဆပေါင်း သောင်းချီ သာလွန်နေကာ သူ၏ စိတ်စွမ်းအားသည် ရှမ့်လန်ထက် မရေမတွက်နိုင်အောင် သာလွန်နေသော်ငြား လုံးဝ ကျရှုံးခဲ့ရသည်။

ကွေ့ဝူက ပြောလိုက်၏။ “ကျုပ်အိပ်မက်အတွက်၊ ကျုပ်ရည်မှန်းချက်အတွက် ဆော်ရွန် သဘောတူခဲ့တယ်။ သူက ကျုပ်ရဲ့ ဝင်ရောက်စီးနင်းမှုကို ခြွင်းချက်မရှိ လက်ခံခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျုပ်တို့နှစ်ယောက် တစ်သားတည်း ဖြစ်သွားခဲ့တယ်။ ကျုပ်က ကွေ့ဝူ ဖြစ်သလို ဆော်ရွန်လည်း ဖြစ်တယ်။

ကျုပ်က နဂါးနှလုံးသား၊ ရှေးဟောင်းဘုရင်လက်စွပ်နဲ့ ရှေးဟောင်းဘုရင် ဓားကို ယူပြီး ဆော်ရွန်ရဲ့ ခန္ဓာကိုယ်သစ်မှာ ဝတ်ဆင်တယ်။ မီးတောက်မြို့တော်ကနေ ထွက်ခွာခဲ့တယ်။ မြောက်ဘက်တိုက်ကြီး မြို့ဟောင်းဆီ တစ်ဖန် ပြန်သွားပြီး ရှီလွန်ပထမဘုရင်ရဲ့ ဧကရာဇ်ဓားကို ရယူခဲ့တယ်။ ပြီးတော့ အင်ပါယာ ဆော်ရွန်အနေနဲ့ တောင်ဘက်ကို ဆင်းလာပြီး ရှီလွန်အင်ပါယာဘွဲ့ကို ဘယ်သူမှ မငြင်းနိုင်အောင် ဆက်ခံခဲ့တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ ကွေ့ဝူရဲ့ ခန္ဓာကိုယ်က ခဲနေတဲ့ ချော်ရည်ပင်လယ်ထဲမှာ သေဆုံးသွား ခဲ့တာပေါ့။”

ဆော်ရွန် (ကွေ့ဝူ) က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ် ကျုပ်ရဲ့ ကျိန်ဆိုချက်ကို တည်ခဲ့တယ် မဟုတ်လား။ ကျုပ် အရှင်ကျန်းလီရဲ့ အမိန့်တော်ကို မလွန်ဆန်ခဲ့ပါဘူး။ ကျုပ် မီးလျှံမြို့တော်မှာ ထာဝရ နေရစ်ခဲ့တယ်။”

ရှမ့်လန်က မေးလိုက်၏။ “ခင်ဗျား မြောက်ဘက်စွန်းက မြို့တော်ဖြူက လူတွေနဲ့ တွေ့ခဲ့လား။”

ဆော်ရွန်က ပြောသည်။ “အဲတာမပြောချင်ဘူး။ ဒါပေမဲ့ ကျုပ် မင်းကို တစ်ခုတော့ ပြောပြနိုင်တယ်။ မြို့တော်ဖြူရဲ့ ဆန္ဒသဘောထားက ကျုပ်ရဲ့ စံနှုန်းတွေ၊ ဆန္ဒသဘောထားတွေနဲ့ ကိုက်ညီမှု ရှိတယ်။ မင်းအပေါ် ထားရှိတဲ့ သူတို့ရဲ့ သဘောထားကို ကြည့်ရင် သိနိုင်ပါတယ်။”

မြို့တော်ဖြူ၏ ရှမ့်လန်အပေါ်ထားရှိသော သဘောထားမှာ အမှန်တကယ်ပင် အေးစက်လွန်းလှသည်။ ယခုအခါ အမှန်တရားမှာ နောက်ဆုံးတွင် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ အမှန်တကယ်ပင် ထူးဆန်းပြီး တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။

ကွေ့ဝူသည် မည်သည့် မျှော်လင့်ချက်မှ မမြင်ရသောကြောင့် ရှေ့သို့ထွက်ကာ အရှင် ကျန်းလီ၏ နောက်ဆုံးဆန္ဒကို တစ်ဦးတည်း ဖြည့်ဆည်းခဲ့သည်။ ဤအရာသည် မမှားယွင်းပေ။ ထို့အပြင် ကျန်းလီ၏သား ဖြစ်သောကြောင့် တော်ဝင်ချန်အင်ပါယာကို ဆက်ခံရမည်ဆိုသော ကျဉ်းမြောင်းပြီး ဆွေးမြေ့နေသော တွေးခေါ်ပုံကို ဖယ်ရှားလိုက်ခြင်း မှာလည်း မမှားယွင်းပေ။

သို့သော်ငြား ကွေ့ဝူသည် အဘယ်ကြောင့် ကျန်းလီ၏သားကို ထောင်ချောက်ဆင်ခဲ့သနည်း။

ရှမ့်လန်သည် ရည်မှန်းချက် မရှိကြောင်း၊ လောက၏ အမှိုက်သရိုက်တစ်ဦး ဖြစ်ကြောင်း၊ လောကနှင့် ရန်ငြိုးမဖွဲ့လိုဘဲ စည်းစိမ်ချမ်းသာကိုသာ ခံစားလိုသူ ဖြစ်ကြောင်း ပြောခဲ့သည်။ ဤအရာများသည် အကြောင်းပြချက် ခိုင်လုံ၏။ သို့သော်ငြား သူသည် ကျန်းလီ၏ သား ဖြစ်နေဆဲပင်။ အဘယ်ကြောင့် သူ့ကို သတ်ချင်ရသနည်း။ သူ့ကို မချစ်လျှင်တောင်မှ ကျေးဇူးပြု၍ မထိခိုက်စေသင့်ပေ။

ကွေ့ဝူသည် ဆော်ရွန်၏ခန္ဓာကိုယ်ကို မရယူမီက ကျန်းမိသားစုအပေါ် နှလုံးသားထဲမှ အမှန်တကယ် သစ္စာစောင့်သိခဲ့ကြောင်း ရှမ့်လန် ခံစားမိလိုက်၏။ သို့သော်ငြား ဆော်ရွန်၏ ခန္ဓာကိုယ်ကို ရယူပြီးနောက် သူသည် ပြီးပြည့်စုံသော ကွေ့ဝူ မဟုတ်တော့ဘဲ ကွေ့ဝူနှင့် ဆော်ရွန်တို့၏ အရောအနှော ဖြစ်သွားခဲ့သည်။ သူသည် ဆော်ရွန်၏ စိတ်ဆန္ဒနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်၏။

ထို့နောက် သူ အဘယ်ကြောင့် ရှမ့်လန်ကို ချက်ချင်း မသတ်ခဲ့သနည်း။ သူ မသတ်နိုင်ခဲ့ပေ။ အကြောင်းမှာ ရှမ့်လန် မရှိဘဲနှင့် သူသည် နဂါး၏ သစ္စာရှိမှုကို ရရှိနိုင်မည် မဟုတ်သောကြောင့်ပင်။ ကွေ့ဝူသည် နဂါးကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့ပြီး သူတို့သည် ခွဲခွာ၍ မရနိုင်အောင် ဖြစ်ခဲ့ကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး မှီခို အားထားခဲ့ကြပြီး ဆက်ဆံရေးမှာ အလွန် ရင်းနှီးခဲ့ကြသည်။

သို့သော်ငြား နဂါးကို အကောင်ဖောက်ခဲ့သူမှာ ကျန်းလီ ဖြစ်သည်၊ သို့မဟုတ် အခြား ပိုမို ဆန်းကြယ်သော ထုံးတမ်းစဉ်လာများ ရှိကောင်း ရှိနိုင်သည်။ အတိုချုပ်အားဖြင့် နဂါး၏သခင်သည် ကွေ့ဝူ မည်မျှပင် နဂါးနှင့် ရင်းနှီးပါစေ ကျန်းလီ၏ မျိုးဆက်သာ ဖြစ်နိုင်ပေသည်။

ထိုသို့ဆိုလျှင် သူ မည်သို့ လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ သူသည် ရှမ့်လန်နှင့် နဂါးကြားမှ စာချုပ်ကို ဖျက်ဆီးပစ်ရမည်။ နဂါးသည် ရှမ့်လန်အပေါ် လုံးဝ ရန်လိုမုန်းတီးသွားပြီး ရှမ့်လန်ကို သတ်ဖြတ်ရမည်။

သူ ဤအရာကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

သေချာသည်မှာ သူသည် ရှမ့်လန်အား နဂါးကို လုပ်ကြံသတ်ဖြတ်သူ ဖြစ်သွားအောင် ဖန်တီးရမည်။ နဂါးကို မည်သည့်အရာက လုပ်ကြံနိုင်သနည်း။ ချော်ရည်ပင်လယ်ထဲမှ ကွေ့ဝူ၏ လက်ထဲ၌ရှိသော ငရဲပုလဲသည် နဂါးဝိညာဉ်ပုလဲ နှင့် အလွန်တရာ တူညီပြီး မမြင်ဖူးသောသူများအဖို့ ခွဲခြားနိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ငရဲပုလဲ ဆိုသည်မှာ အဘယ်နည်း။ ရှမ့်လန် အမှန်တကယ် မသိရှိပေ။ ဤအရာသည် သူ၏ ဗဟုသုတ နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်၏။ သို့သော်ငြား မီးနတ်ဘုရားဂိုဏ်းမှ ငရဲသလင်းကျောက်ဟု အမည်ပေးထားသော သက်ရှိသည် ချော်ရည်ပင်လယ်ထဲမှ စွမ်းအင်အားလုံးကို ဝါးမျိုပစ်လိုက်ပြီး ထိုဧရိယာ တစ်ခုလုံးကို သက်ရှိများအတွက် တားမြစ်နယ်မြေ ငရဲခန်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။

၎င်းသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသနည်း။ ဤငရဲပုလဲသည် စုစည်းထားသော ပုလဲများထဲမှ တစ်လုံး ဖြစ်ကောင်းဖြစ်နိုင်၏။

စမ်းသပ်မှု မတော်တဆမှု ဖြစ်ပွားစဉ်က မီးနတ်ဘုရားဂိုဏ်း၏ ယဇ်ပုရောဟိတ်များနှင့် မဟာပညာရှင် ထောင်ပေါင်းများစွာတို့ ဆိုးရွားစွာ သေဆုံးခဲ့ကြသည်။ ဤနေရာသည် ငရဲကဲ့သို့ ဖြစ်နေပြီး ဝိညာဉ်များ ပျောက်ကွယ်သွားခြင်း မရှိပေ။ ထိုလူများ သေဆုံးပြီးနောက် သူတို့၏ ဝိညာဉ်များသည် ပိရမစ် အတွင်း၌ နေရာအနှံ့ လွင့်မျောနေခဲ့ကြသည်။

ချော်ရည်ပင်လယ်၏ နက်ရှိုင်းသောနေရာတွင် စွမ်းအင်အားလုံးကို မပြတ်တမ်း ဝါးမျိုနေသော ငရဲသလင်းကျောက်များ ရှိနေပြီး စွမ်းအင် ဗဟိုချက်တစ်ခုကို ဖန်တီးထားသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုဝိညာဉ်များသည် ချော်ရည်ပင်လယ်၏ ဗဟိုချက်သို့ လွင့်မျောသွားကြပြီး နောက်ဆုံးတွင် ခိုင်မာသော ပုလဲတစ်လုံးအသွင် စုစည်းသွားခဲ့ကြခြင်း ဖြစ်၏။

၎င်းသည် သေဆုံးသူ ထောင်ပေါင်းများစွာ၏ ဝိညာဉ်များ သက်သက်သာ မဟုတ်ဘဲ နဂါးကို ထိခိုက်စေနိုင်သော မရေမတွက်နိုင်သည့် ငရဲသလင်းကျောက်၏ အေးစက်သော စွမ်းအင်များလည်း ပါဝင်နေသည်။ ထိုအထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်များ လှုပ်ရှားနေသောကြောင့် နဂါးဝိညာဉ်ပုလဲနှင့် အလွန် တူညီနေပြီး လူများအနေ ဖြင့် ကွာခြားချက်ကို ပြောပြနိုင်မည် မဟုတ်ချေ။

ဤသည်မှာ ရှမ့်လန်၏ သုံးသပ်ချက် ဖြစ်ပြီး အလွန် ယုတ္တိရှိသည်ဟု ထင်မြင်မိသည်။ ထို့ကြောင့် နဂါးသည် ဤငရဲပုလဲကို မျိုချလိုက်ပြီးနောက် မီးတောက်များ ပေါက်ကွဲထွက်လာမည်ဖြစ်ပြီး ရေခဲအဖြစ် ပြောင်းလဲသွား ပေလိမ့်မည်။

နဂါးသည် မီးလျှံသတ္တဝါ ဖြစ်သည်။ အကယ်၍ ကြောက်မက်ဖွယ် အေးစက်သော စွမ်းအင်တစ်ခု ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသွားပါက မည်မျှ နာကျင်ခံစားရမည်နည်း။ မည်မျှ ထိခိုက်ပျက်စီးသွားမည်နည်း။

သခင် ဖြစ်ပါလျက်နှင့် ရှမ့်လန်သည် ထိုကဲ့သို့သော ငရဲပုလဲကို နဂါးအား ပေးအပ်ခဲ့သည်။ သူသည် နဂါးကို သတ်ရန် ကြိုးစားနေသည် မဟုတ်ပါလား။ သေချာသည်မှာ ဤအရာက နဂါးကို ဒေါသထွက်စေမည်၊ စိတ်ပျက်စေမည် ဖြစ်ပြီး ကြီးမားသော သစ္စာဖောက်မှုကို ခံစားရစေပေလိမ့်မည်။

… …

နဂါးက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အတိတ်အကြောင်း ပြောလို့ ပြီးပြီလား။”

ဆော်ရွန် (ကွေ့ဝူ) က ပြောလိုက်၏။ “ပြီးပါပြီ။”

နဂါးက ပြောလိုက်သည်။ “ဒီလောကမှာ နဂါးတစ်ကောင်ကို ဘယ်သူမှ မထိခိုက်နိုင်ဘူး။ ဘယ်သူမှ မထိခိုက်နိုင်ဘူး။ ရှမ့်လန်... ကျုပ်က မင်းကို ကျုပ်အမျိုးတူ တစ်ယောက်လို့ သတ်မှတ်ခဲ့ပေမဲ့ မင်းက ကျုပ်ကို သတ်ချင်ခဲ့တယ်။ ခွင့်မလွှတ်နိုင်စရာပဲ။ မင်းက ကျန်းလီရဲ့ သား ဖြစ်နေရင်တောင် ခွင့်မလွှတ်နိုင်ဘူး။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် အကွက်ဆင်ခံလိုက်ရတာပါ။ ကျုပ် လုံးဝ မသိခဲ့ဘူး။ ကျုပ်က အဲဒါ နဂါးဝိညာဉ်ပုလဲလို့ပဲ ထင်ခဲ့တာ။”

နဂါးက ပြောလိုက်သည်။ “ရှမ့်လန်... မင်းတို့လူသားတွေမှာ အရမ်းမှန်ကန်တဲ့ ဆိုရိုးစကား တစ်ခု ရှိတယ်။ လုပ်ရပ်က သက်သေပြတယ်တဲ့။”

စေတနာက အဓိက မဟုတ်ပေ။ လောကကြီးတွင် ပြီးပြည့်စုံသော လူဟူ၍ မရှိချေ။

နဂါးက ဆက်ပြော၏။ “မင်း ကျုပ်ကို ငရဲပုလဲ ပေးခဲ့တယ်။ ဒါ အမှန်တရားပဲ မဟုတ်လား။ မင်း ကျုပ်ကို သတ်လုနီးပါး ဖြစ်စေခဲ့တယ်။ ဒါ အမှန်တရားပဲ မဟုတ်လား။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “မင်း အဲဒါကို မျိုချတုန်းကလည်း ငရဲပုလဲ ဆိုတာ မသိခဲ့ဘူး မဟုတ်လား။”

နဂါးက ပြောလိုက်၏။ “ကျုပ် မင်းကို မေးမယ်။ မင်း ကျုပ်ကို သတ်လုနီးပါး ဖြစ်စေခဲ့တာ အမှန်ပဲလား။”

“ဟုတ်တယ်။” ရှမ့်လန်သည် တုန်ယင်စွာ ဖြေလိုက်သည်။

နဂါးက ပြောလိုက်၏။ “ဒါဆို အပိုတွေပြောမနဲ့တော့။ သေဖို့ ပြင်လိုက်။”

နဂါးသည် ပါးစပ်ကို ဖြည်းညင်းစွာ ဟလိုက်၏။ အတွင်း၌ မရေမတွက်နိုင်သော နဂါးမီးလျှံများ ရှိနေပြီး ငရဲအသူရာချောက်နက်ကြီး ကဲ့သို့ပင်။

“သေဖို့ ပြင်လိုက်။ သေမျိုးမှန်သမျှ သေဆုံးရမယ်။”

နဂါးသည် အော်ဟစ်လိုက်ပြီး ရူးသွပ်စွာ မျိုချလိုက်သည်။ တစ်ခဏချင်းမှာပဲ ရှမ့်လန်၏ ခန္ဓာကိုယ်သည် ကြွေကျနေသော သစ်ရွက်တစ်ရွက်ကဲ့သို့ နဂါး၏ လည်ချောင်းထဲသို့ မျိုချခြင်း ခံလိုက်ရ၏။ သူသည် အဆုံး မရှိသော နဂါးမီးလျှံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။

ဆော်ရွန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်သွားခဲ့၏။ သူ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ယခုအချိန်တွင် သူ ခံစားနေရသည်ကို ဖော်ပြရန် စကားလုံး မရှိတော့ချေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤနေ့ရက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

အကယ်၍ သူသည် ဆော်ရွန်သာ ဖြစ်ပါက အလွန် ပျော်ရွှင်နေပေလိမ့်မည်။ ရှမ့်လန် သေဆုံးခြင်းသည် လောကတွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာနှင့် သတင်းကောင်းပင် ဖြစ်၏။ တော်ဝင်ချန်အင်ပါယာ ရှိနေခြင်းကြောင့် ရွှေကျောက်စိမ်းမြို့ ကွဲပြားနေရခြင်း ဖြစ်ပြီး ရှီလွန်အင်ပါယာ ကွဲပြားနေရခြင်း ဖြစ်သည်။

သို့သော်ငြား အကယ်၍ သူသည် ကွေ့ဝူသာ ဖြစ်ပါက ရှမ့်လန်သည် သူ့အတွက် အမြဲတမ်း သခင်လေး ဖြစ်နေဆဲပင်။ သို့သော်ငြား နဂါး၌ သခင်တစ်ဦးတည်းသာ ရှိနိုင်သည်။ အကယ်၍ ရှမ့်လန် မသေဆုံးပါက သူသည် ဘယ်သောအခါမှ သခင် ဖြစ်လာမည် မဟုတ်ပေ။

ဆော်ရွန်သည် သူ၏လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။ နဂါးသည် သူ၏ ကြီးမားသော ခေါင်းကို ဆန့်ထုတ်ပြီး ဆော်ရွန်အား ခေါင်းပေါ်ရှိ အကြေးခွံများကို ကိုင်တွယ်ခွင့် ပြုလိုက်၏။ အကြေးခွံ တစ်ခုစီသည် တစ်စတုရန်းမီတာကျော် ရှိသည်။ မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း အမှန်တကယ်ပင် ဖျက်ဆီး၍ မရနိုင်လောက်အောင် မာကျောလှ၏။

လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ် နဂါး အလွန်ငယ်ရွယ်စဉ်က ကွေ့ဝူသည် ဤကဲ့သို့ပင် ကိုင်တွယ်ခဲ့ဖူး၏။ နဂါးသည် ငယ်ရွယ်စဉ်က ကြောင်ပေါက်စ၊ ခွေးပေါက်စလေးကဲ့သို့ ချစ်စရာ ကောင်းလှသည်။ နဂါးပေါက်စ ဘဝတွင် ၎င်းသည် နုံအပြီး ဖြူစင်ခဲ့၏။ ပြုစုပျိုးထောင်သူအပေါ် ခင်တွယ်မှုနှင့် မှီခိုအားထားမှု အပြည့် ရှိခဲ့သည်။ ထို့ကြောင့် အတိုင်းအတာ တစ်ခုအထိ ကွေ့ဝူသည် ၎င်း၏ မွေးစားဖခင်ဟု သတ်မှတ်နိုင်သည်။

ဆော်ရွန် (ကွေ့ဝူ) က ညင်သာစွာ ပြောလိုက်၏။ “တောင်းပန်ပါတယ် နဂါးရယ်။ အရှင်ကျန်းလီရဲ့ တာဝန်ကို ပြီးမြောက်ဖို့ ကျုပ် ဒီနှစ်တွေထဲမှာ အလုပ်များနေခဲ့ပြီး မင်း ကြီးပြင်းလာတာကို လွဲချော်ခဲ့ရတယ်။ တောင်းပန်ပါတယ်။ ကျုပ် တောင်းပန်ပါတယ်။ မင်း ငယ်ငယ်တုန်းက ကျုပ် မင်းကို ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့လို့ မင်း နဂါးပုလဲကို ဆုံးရှုံးခဲ့ရတယ်။”

All Chapters