← Chapters

အခန်း (၁၂၃၅-၁၂၃၆)

Vol. 71 Ch. 1235-1236

အခန်း (၁၂၃၅-၁၂၃၆)

Vol. 71 Ch. 1235-1236

အပိုင်း (၁၂၃၅)

နဂါးပုလဲ ဆိုသည်မှာ အဘယ်နည်း။ ထိုအရာသည် နဂါးမျိုးနွယ်အတွက် အရေးအကြီးဆုံး အရာဖြစ်သည်။ ထိုအရာက ရှေးဟောင်းမှတ်ဉာဏ်၊ နဂါးမျိုးနွယ်၏ စွမ်းအင် ထိန်းချုပ်မှုနှင့် နားလည်သဘောပေါက်မှု၊ နဂါးမျိုးနွယ်၏ အမြင့်ဆုံး ဉာဏ်ရည်ဉာဏ်သွေးတို့ကို ကိုယ်စားပြုပြီး သတင်းအချက်အလက်ပေါင်းများစွာ ပါဝင်သော ဝိညာဉ်စွမ်းအင် ခန္ဓာတစ်ခု ဖြစ်သည်။

နဂါးပုလဲမရှိသော နဂါးသည် မပြည့်စုံသော နဂါးမျိုးနွယ် ဖြစ်သည်။ ရှေးဟောင်း မှတ်ဉာဏ် မရှိသောကြောင့် ၎င်းသည် နောက်တစ်ဆင့် ပြောင်းလဲခြင်းနှင့် ကြီးထွားခြင်းကို မလုပ်ဆောင်နိုင်ပေ။ ၎င်းသည် တစ်သက်လုံး ရမ်းကား တိုက်ခိုက်နေရုံသာ တတ်နိုင်ပေလိမ့်မည်။

နဂါးပုလဲသည် ရှေးဟောင်းလူသားများနှင့် နဂါးကြားမှ ဝိညာဉ်စာချုပ်၏ စွမ်းအင်ဗဟိုချက်လည်း ဖြစ်သည်။ ဤနဂါး အလွန်ငယ်ရွယ်စဉ်အခါက ကွေ့ဝူ ထွက်ခွာသွားခဲ့သောကြောင့် ၎င်းသည် ကြီးထွားရန် လျှောက်သွားပြီး စားသောက်ရင်း စွန့်စားခန်း ဖွင့်ခဲ့ရသည်။

တစ်ခါက သူသည် စွမ်းအင် စားသုံးရန်နှင့် စွန့်စားရန် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံး၌ ထိုနေရာသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုစဉ်က သူက အလွန် ငယ်ရွယ်သေးပြီး ထိုနေရာရှိ စွမ်းအင်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် ချက်ချင်း သတိမေ့သွားခဲ့ရပြီး ပြန်လည် နိုးထလာချိန်တွင် သူ၏ နဂါးပုလဲမှာ ပျောက်ဆုံးနေပြီ ဖြစ်၏။

သူသည် ထိုငရဲကဲ့သို့သော အက်ကွဲကြောင်းမှ အလျင်အမြန် ထွက်ခွာခဲ့ရသည်။ ယခုအချိန်ထိ ထိုနေရာနှင့် ပတ်သက်သော အမှတ်တရသည် လတ်ဆတ်နေဆဲပင်။ အဆုံးမရှိသော အစိမ်းရောင် အလင်းတန်းများသည် သေမင်းနှင့် ငရဲ၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

မှန်ပေသည်။ ၎င်းမှာ ယူရေနီယမ် ဖြစ်၏။ အလွန် စွမ်းအားကြီးသော ရေဒီယိုသတ္တိကြွ စွမ်းအင် ဖြစ်သည်။ ထိုစဉ်က နဂါးသည် အလွန် ငယ်ရွယ်သေးပြီး မတော်တဆ ဝင်ရောက်မိခဲ့ခြင်း ဖြစ်သည်။ သူသည် စွမ်းအားကြီးသော ရေဒီယိုသတ္တိကြွ စွမ်းအင်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တောင့်ခံနိုင်စွမ်း မရှိခဲ့ပေ။

ထိုအချိန်မှစ၍ သူသည် ယူရေနီယမ်ကဲ့သို့သော ရေဒီယိုသတ္တိကြွ စွမ်းအင်ကို လုံးဝ ရန်လိုမုန်းတီးသွားခဲ့သည်။ ထိုအရာကို အာရုံခံမိသည်နှင့် မည်မျှဝေးကွာပါစေ သွားရောက်၍ လုံးဝ ဖျက်ဆီးပစ်လေ့ ရှိသည်။ ထို့ကြောင့်ပင် သူသည် အန်းရှီးမြို့ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရွှေကျောက်စိမ်းမြို့တွင်လည်း ယူရေနီယမ် ရေဒီယိုသတ္တိကြွစွမ်းအင် ရှိနေသောကြောင့် ၎င်းကို ဖျက်ဆီးချင်ခဲ့သည်။ သို့သော်ငြား ရှမ့်လန် ပေါ်ထွက်လာခြင်းကြောင့် ရွှေကျောက်စိမ်းမြို့ကို လွှတ်ပေးခဲ့ရ၏။

ဆော်ရွန်က ပြောလိုက်သည်။ “အဲဒီ ကြောက်မက်ဖွယ် ငရဲအက်ကွဲကြောင်းကို ရှာဖို့နဲ့ မင်း ကျန်ရစ်ခဲ့တဲ့ နဂါးပုလဲကို ရှာတွေ့ဖို့ ကျုပ် တစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရတယ်။ အဲဒီနေရာက တကယ်ကို ကြောက်စရာ ကောင်းတယ်။ အဲဒီ အမှောင်စွမ်းအင်တွေက နေရာတိုင်းမှာ ရှိနေပြီး သက်ရှိအားလုံးကို သတ်ဖြတ်နိုင်တယ်။ နဂါးနှလုံးသားနဲ့ ရှေးဟောင်းဘုရင် လက်စွပ် ရှိတာတောင်မှ ကျုပ် မနည်း တောင့်ခံခဲ့ရတာ။ ဒါပေမဲ့ နောက်ဆုံးတော့ ကျုပ် မင်းရဲ့ နဂါးပုလဲကို ရှာတွေ့ခဲ့ပါပြီ။”

ဆော်ရွန်သည် တောက်ပနေသော နဂါးပုလဲကို ထုတ်ယူလိုက်၏။ “ကျုပ်ရဲ့ကလေး... ဒီနေ့ကစပြီး မင်းက ပြီးပြည့်စုံတဲ့ နဂါးမျိုးနွယ်ဝင် ဖြစ်သွားပြီ။”

နဂါးသည် ပါးစပ်ကို ဖြည်းညင်းစွာ ဟလိုက်သည်။

ဆော်ရွန်က ပြောလိုက်၏။ “ကျုပ်ရဲ့ကလေး... ဒီနေ့ကစပြီး ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် မှီခို အားထားကြမယ်နော်။”

နဂါးက ပြန်ဖြေသည်။ “ဟုတ်ပါတယ်။ ဒီနေ့ကစပြီး မင်းက ကျုပ်ရဲ့ တစ်ဦးတည်းသော မိသားစုပါ။”

ဆော်ရွန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့၏။ နဂါးသည် မာနကြီးသောကြောင့် သူသည် သခင်ဖြစ်ကြောင်း မပြောရဲပေ။ နဂါးသည် အိမ်မွေးတိရစ္ဆာန် မဟုတ်ချေ။ သူ့၌ တိုက်ပွဲဝင်ဖော်သာ ရှိပြီး သခင်ဟူ၍ မရှိပေ။

ဆော်ရွန်သည် နောက်ဆုံးတွင် လက်ကို လွှတ်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့ကလေး... ယူလိုက်။ ယူလိုက်ပါ။ ဒီနေ့ကစပြီး ကျုပ် မင်းကို တိုက်ပွဲခေါ်သွားမယ်။ ကျုပ်တို့ လောကကြီး တစ်ခုလုံးကို လွတ်မြောက်စေမယ်။ အရှင်ကျန်းလီရဲ့ တာဝန်ကို ကျုပ်တို့ ပြီးမြောက်အောင် လုပ်မယ်။ ကျုပ်တို့ ထာဝရ အတူတူ ရှိနေကြမယ်။”

ထို့နောက် နဂါးဝိညာဉ်ပုလဲသည် ဧရာမနဂါးကြီး၏ လည်ချောင်းထဲသို့ ဖြည်းညင်းစွာ ပျံသန်းဝင်ရောက် သွားခဲ့သည်။ ခဏအကြာတွင် နဂါးပုလဲသည် နဂါး၏ ခန္ဓာကိုယ်ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

တစ်ခဏချင်းမှာပဲ အလင်းတန်းများ ဖြာထွက်လာခဲ့၏။

နဂါးသည် ပြောင်းလဲမှု တစ်ရပ်ကို ကြုံတွေ့လိုက်ရ၏။ အလွန် ကြီးမားသောသော ပြောင်းလဲမှု တစ်ရပ် ဖြစ်သည်။ နဂါးအကြေးခွံတိုင်းသည် ဖျော့တော့သော အလင်းရောင်ကို ထုတ်လွှတ်နေသကဲ့သို့ရှိသည်။ ယခင်ကကဲ့သို့ မီးလျှံများ ရူးသွပ်စွာ ယိုစီးထွက်ကျလာခြင်း မရှိတော့ပေ။ သူသည် မီးလျှံများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သလို မိမိ၏ စွမ်းအင်ကိုလည်း လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီဖြစ်သည်။

ယခင်က သူသည် မီတာတစ်ထောင် အမြင့်မှ ပျံသန်းလျှင်ပင် မြေပြင်ပေါ်ရှိ အရာအားလုံးကို လုံးဝ လောင်ကျွမ်း သွားစေခဲ့သည်။ မြေကြီး၊ ကျောက်တုံးများ၊ အိမ်များ၊ သစ်ပင်များ။ အရာအားလုံးသည် ချက်ချင်း မီးလောင်ကျွမ်း သွားခဲ့ရသည်။ သူသည် ကြွားဝါနေခြင်း မဟုတ်သလို ဟိတ်ဟန်ထုတ်ပြသနေခြင်းလည်း မဟုတ်ပေ။ နဂါးဝိညာဉ်ပုလဲနှင့် ရှေးဟောင်း စွမ်းအင်မှတ်ဉာဏ် မရှိသောကြောင့် သူ၏ စွမ်းအင်ကို မထိန်းချုပ်နိုင်ခဲ့ခြင်းသာ ဖြစ်၏။

ထို့ကြောင့် သူ၏ စွမ်းအင်တွေ ပြန်လည် အားပြည့်နိုင်ရန် အိုလံပစ်တောင်အတွင်း၌ အချိန်အများစုကို ကုန်ဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အပြင်၌ အချိန်ကြာမြင့်စွာ နေထိုင်လျှင် သူ၏ စွမ်းအင်များ ဆက်လက် ယုတ်လျော့သွားပေမည်။

နဂါးပုလဲမရှိသော နဂါးသည် ပြီးပြည့်စုံသော နဂါးတစ်ကောင် မဟုတ်ချေ။ ယခုအခါ သူသည် ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ အကြေးခွံများသည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ပူပြင်းခြင်း မရှိတော့ဘဲ သာမန် အပူချိန်၌သာ ရှိနေသည်။

ဆော်ရွန်သည် နဂါး၏ အကြေးခွံများကို ဆက်လက် ပွတ်သပ်ပေးရင်း ပြောလိုက်၏။ “နဂါး၊ ကျုပ်ရဲ့ကလေး... အခု မင်းရဲ့စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီ။ မင်း အိုလံပစ်တောင်ကနေ ထွက်ခွာလို့ရပြီ။ သွားကြစို့။ ကျုပ်တို့ ရှီလွန် အင်ပါယာ မြို့တော်ကို အတူတူသွားကြမယ်။ ကျုပ်တို့ လောကကြီးကို တုန်လှုပ်သွားအောင် လုပ်ကြမယ်။”

ဤသည်မှာ နှုတ်မှ ထွက်ပေါ်လာသော စကားများသာ ဖြစ်၏။ သို့သော်ငြား သူ၏ နှလုံးသားထဲရှိ စကားလုံးများမှာမူ ....

‘ဟား ဟား ဟား... ကျုပ် လူတိုင်းရဲ့ ရှေ့မှောက်မှာ နဂါးစီးပြီး ပေါ်လာချင်တယ်။ တစ်လောကလုံးကို တုန်လှုပ်သွား စေချင်တယ်။ ကျုပ်ရန်သူအားလုံးကို ပြာကျသွားစေချင်တယ်။

ဘာ ဒုတိယဧကရီ ဟယ်လင်လဲ။ မင်းမှာ အရည်အချင်း မရှိတော့ဘူး။ ဘာ မြောက်ဘက်-တောင်ဘက် ကွဲပြားခြင်းလဲ။ ဘာ နယ်စားကြီး ဒီဘိုရာလဲ။ ဘာ ရော့ဆိုမိသားစုလဲ။ ဘာ တော်ဝင်ချန် အင်ပါယာလဲ။ အားလုံး ပြာကျသွားစေရမယ်။ ကျုပ် .. ဆော်ရွန်က တစ်လောကလုံးကို အုပ်စိုးမယ်။ ကျုပ် ... ဆော်ရွန်က နဂါးရဲ့ စစ်မှန်တဲ့ သားတော်။ လောကရဲ့ ဧကရာဇ်ပဲ။’

နဂါးသည် အတောင်ပံများကို ဖြည်းညင်းစွာ ခတ်လိုက်ပြီး အိုလံပစ်တောင်မှ ပျံသန်း ထွက်ခွာလာခဲ့သည်။ သူသည် ကောင်းကင်ယံ၌ ဝဲပျံနေပြီး ကြီးမားသော အရိပ်ကြီးတစ်ခု ကျရောက်စေခဲ့၏။ သူသည် ကောင်းကင်ကို ဖုံးလွှမ်းထားသော စစ်မှန်သည့် ဧရာမသတ္တဝါကြီး ဖြစ်သည်။

ဆော်ရွန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်၏။ “ကျုပ်ရဲ့ကလေး... သွားကြစို့။ ရှီလွန် အင်ပါယာ မြို့တော်ကို အတူတူ သွားကြမယ်။ လောကကြီးကို အုပ်စိုးကြမယ်။ ကျုပ်ကို တစ်ပါတည်း ခေါ်သွားပေးနိုင် မလား။”

နဂါးက မေးလိုက်သည်။ “မင်း ကျုပ်ကျောပေါ် စီးချင်လို့လား။”

ဆော်ရွန်က ပြန်မေးလိုက်၏။ “မရဘူးလား။ ကျုပ်ရဲ့ကလေး...”

“ဟား ဟား ဟား...”

နဂါးက ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ဆော်ရွန်... ဒီလောကကြီးမှာ ကျုပ်ရဲ့ အမျိုးတူက တစ်ယောက်ပဲ ရှိတယ်။ ကျုပ်ရဲ့ တိုက်ပွဲဝင်ဖော်က တစ်ယောက်ပဲ ရှိတယ်။ အဲဒါက ကျန်းလီရဲ့ သား ရှမ့်လန်ပဲ။”

ထိုသို့ ပြောပြီးနောက် နဂါးသည် ပါးစပ်ကို ဖြည်းညင်းစွာ ဟလိုက်ရာ ရှမ့်လန်သည် ခြစ်ရာပဲ့ရာပင် မရှိဘဲ ဖြည်းညင်းစွာ ပြန်လည် ထွက်ပေါ်လာခဲ့၏။

“ဆော်ရွန်... ကျုပ်တို့ အရင်လုပ်ခဲ့တာတွေ အကုန်လုံးက မင်းဆီကနေ နဂါးပုလဲကို လွှဲပြောင်းပေးဖို့အတွက်ပဲ။ ဘာလို့လဲဆိုတော့ နဂါးပုလဲမရှိရင် နဂါးက ပြီးပြည့်စုံတဲ့နဂါး မဟုတ်လို့ပဲ။ အခုတော့ ကျုပ်တို့ အောင်မြင်သွားပြီ။”

ရှမ့်လန်သည် နဂါး၏ကျောပေါ်တွင် ရပ်ရင်း အကြေးခွံများကို ညင်သာစွာ ပွတ်သပ်ကာ ပြောလိုက်သည်။ “နဂါး... မင်း ဆုံးရှုံးသွားတဲ့အရာကို ပြန်ယူလာပေးမယ်လို့ ကျုပ် ကတိပေးခဲ့တယ်နော်။ ကျုပ်ကတိ တည်ရဲ့လား။”

နဂါးက ပြောလိုက်၏။ “ဟုတ်ပါပြီ ... ကျုပ်အမျိုးတူရယ်။ လုပ်ငန်းစဉ်က အရမ်း ဆန်းကြယ်တယ်။ မင်းက တကယ်ကို စွန့်စားရတာ ကြိုက်တာပဲ။ ကျုပ်ရဲ့ဉာဏ်ရည်သာ ဒီလောက် မမြင့်မားရင် မင်း ပြာကျသွားလောက်ပြီ အရှင် ရှမ့်လန်။”

… …

တစ်ခါတစ်ရံတွင် ရှမ့်လန်သည် ရုန်းကန်စရာမလိုသော သူဌေးသား တစ်ယောက်ကဲ့သို့ ဖြစ်နေတတ်၏။ ဥပမာအားဖြင့် နဂါးအာရုံခံမှုနှင့် နဂါးကျွမ်းကျင်မှုတို့ ဖြစ်သည်။ ဤအရာသည် စွမ်းအင်၊ အချိန်နှင့် ဉာဏ်ပညာ များစွာ လိုအပ်သော အလွန်ခက်ခဲသည့် လုပ်ငန်းစဉ် ဖြစ်၏။ သေချာသည်မှာ ရှေးဟောင်းနဂါးသည် အလွန် မာန်မာနကြီး၏။ ၎င်းသည် တိုက်ပွဲဝင်ရန် လူသားများ၏ ထိန်းချုပ်မှုကို ခံယူကောင်း ခံယူမည် ဖြစ်သော်လည်း ထိုအရာကို သခင်အဖြစ် အသိအမှတ်ပြုသည်ဟု ဆို၍ မရပေ။

သို့သော်ငြား ဤအရာသည်လည်း စာချုပ်တစ်ခု လိုအပ်ပြီး အလွန်အဆင့်မြင့်သော ဝိညာဉ်စာချုပ် လိုအပ်သည်။ ရှေးဟောင်းနဂါးနှင့် ထိုကဲ့သို့သော စာချုပ်မျိုးချုပ်ဆိုနိုင်ရန် အလွန်မြင့်မားသော နဂါးအာရုံခံမှု အဆင့်အတန်း လိုအပ်၏။

ထို့အပြင် ဤစာချုပ်သည် နဂါး၏ ဝိညာဉ်နှင့် သွေးမျိုးဆက်ထဲသို့ တိုက်ရိုက် ထွင်းထုထားခြင်း ဖြစ်သည်။ ထာဝရ နီးပါး တည်တံ့နေမည် ဖြစ်၏။ အနည်းဆုံးတော့ ရှမ့်လန်၏ လက်ရှိ နဂါးအာရုံခံနိုင်စွမ်းဖြင့် ထိုကဲ့သို့သော စာချုပ်မျိုး မချုပ်ဆိုနိုင်ပေ။ ထိုအရာသည် အဆင့်မြင့်လွန်းလှသည်။

နဂါးက သူ့ကို အဘယ်ကြောင့် အဖော်မွန်အဖြစ် သတ်မှတ်နေသေးသနည်း။ နဂါးနှလုံးသားထဲမှ နဂါးသွေးခြင်ဆီ ကြောင့်လား။ မဟုတ်ပေ။ အကြောင်းမှာ ဆော်ရွန်၌လည်း နဂါးသွေးခြင်ဆီ ပါဝင်သော နဂါးနှလုံးသား ရှိနေသောကြောင့် ဖြစ်၏။

ဤသည်မှာ ရှမ့်လန်၏ ဖခင် .... အရှင်ကျန်းလီသည် လွန်ခဲ့သော ကာလရှည်က နဂါး အကောင်ပေါက်စ အချိန်တွင် ဝိညာဉ်စာချုပ်နှင့် သွေးမျိုးဆက်စာချုပ်ကို ချုပ်ဆိုခဲ့သောကြောင့် ဖြစ်သည်။ ကျန်းလီ သေဆုံးပြီးနောက် ဤစာချုပ်သည် ရှမ့်လန်ထံသို့ အလိုအလျောက် လွှဲပြောင်းရောက်ရှိလာခဲ့၏။ ၎င်းသည်လည်း ထာဝရ တည်တံ့နေပေမည်။

သို့သော်ငြား အရှင်ကျန်းလီနှင့် ယှဉ်လျှင် ရှမ့်လန်၏ အာဏာစက်မှာ လျော့နည်းသွားသော်လည်း သူသည် နဂါး၏ တစ်ဦးတည်းသော တိုက်ပွဲဝင်ဖော် ဖြစ်နေဆဲပင်။ ၎င်းသည် အလွန် အာရုံခံစားလွယ်သော သတ္တဝါ ဖြစ်ပြီး ရှမ့်လန်ထံမှ သွေးမျိုးဆက်ကို ချက်ချင်း အနံ့ခံမိနိုင်သည်။ ရှမ့်လန်သည် အရှင်ကျန်းလီ၏ ဆက်ခံသူ ဖြစ်ကြောင်း ပထမဆုံး မြင်တွေ့ရုံဖြင့် သိရှိနိုင်သည်။

နဂါး၏ မျက်လုံးထဲတွင် အရာအားလုံးသည် လုံးဝ ကွဲပြားခြားနားနေသည်။ ၎င်း၏ မျက်လုံးထဲတွင် ရှမ့်လန်သည် အရှင်ကျန်းလီနှင့် လိုက်ဖက်မှု အရှိဆုံး သွေးမျိုးဆက် အရိပ်တစ်ခု ဖြစ်သည်။ အကယ်၍ ရှမ့်လန် ပျောက်ဆုံးသွားပါက ရှမ့်ယီသည် သူ၏ဆက်ခံသူ ဖြစ်လာပေလိမ့်မည်။ သို့သော်ငြား ထိုအချိန်၌ ရှမ့်ယီနှင့် နဂါးကြားမှ သွေးမျိုးဆက် စာချုပ်သည် အလွန် အားနည်းနေပေလိမ့်မည်။

အကယ်၍ သူသည် ဤစာချုပ်ကို နက်ရှိုင်းအောင် လုပ်လိုလျှင် သူသည်လည်း နဂါးအာရုံခံမှုကို လုပ်ဆောင်နိုင် သည်။

ထို့ကြောင့် အတိုင်းအတာတစ်ခုအထိ လောကကြီးသည် အမှန်တကယ် မတရားပေ။ ကွေ့ဝူသည် နဂါးကို နှစ်အနည်းငယ်ကြာ စောင့်ရှောက်ခဲ့သော်လည်း နဂါး၏ သစ္စာရှိမှုကို မရရှိခဲ့ပေ။

သို့သော်ငြား ရှမ့်လန်သည် တွေ့တွေ့ချင်း နဂါး၏ တစ်ဦးတည်းသော တိုက်ပွဲဝင်ဖော် ဖြစ်လာခဲ့၏။ ဤခံစားချက်ကို နဂါးက ခံစားမိရုံသာမက ရှမ့်လန်ကလည်း ခံစားမိခဲ့၏။ ရွှေကျောက်စိမ်းမြို့ အထက် ကောင်းကင်ယံ တွင် ဧရာမနဂါးကြီးနှင့် တွေ့ဆုံခဲ့စဉ်က ပြင်းထန်သော သွေးမျိုးဆက် ပဲ့တင်ထပ်မှုနှင့် ဝိညာဉ် ပဲ့တင်ထပ်မှုတို့ ချက်ချင်း ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် သူသည် ဧရာမနဂါးကြီး ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးမည့်အရေးအား တားဆီးရန် သတ္တိရှိရှိ တက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရှေးဟောင်းနဂါးသေတ္တာထဲတွင် ယူရေနီယမ် စွမ်းအင် ပါဝင်နေသော်လည်း သူ ထုတ်ပြရဲခဲ့ခြင်း ဖြစ်၏။

… …

အပိုင်း (၁၂၃၆)

ဆော်ရွန် (ကွေ့ဝူ) သည် ဤအရာကို မြင်လိုက်ရချိန်မှာတော့ လုံးဝ ကြောင်အသွားခဲ့သည်။ သူ၏ ဝိညာဉ် တစ်ခုလုံး မကြုံစဖူး တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး လုံးဝ ကျောက်ရုပ် ဖြစ်သွားခဲ့ရသည်။

‘ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခုဏလေးတင် ရှမ့်လန်ကို မရေမတွက်နိုင်တဲ့ နဂါးမီးလျှံတွေက ဝါးမြိုပြီး ပြာကျသွားစေခဲ့တာ မဟုတ်ဘူးလား။ အခု တကယ်ကြီး အသက်ရှင်နေတယ်။ ဧရာမနဂါးကြီးနဲ့ ပူးပေါင်းပြီး သူ့ကို လှည့်စားခဲ့တာလား။ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။’

ခဏအကြာတွင် ဆော်ရွန်သည် ရှမ့်လန်ကို ကြည့်ပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်၏။ “မင်း... မင်း ကျုပ်ကို ကြိုမြင်နေခဲ့တာလား။ ဘယ်တုန်းကလဲ။”

ရှမ့်လန်က ပြန်ဖြေလိုက်သည်။ “မကြာသေးခင်ကမှပါ။ နန်းတော်နီမှာ ကျုပ်တို့တွေ့တုန်းက၊ ကျုပ်ကို နဂါးအတွက် ယှဉ်ပြိုင်ချင်တယ်လို့ ခင်ဗျား ပြောတုန်းကပေါ့။”

“မဖြစ်နိုင်ဘူး။ အဲဒီတုန်းက ကျုပ်မှာ ဘာဟာကွက်မှ မရှိဘူး။ ကျုပ်ခန္ဓာကိုယ်ကလည်း ဆော်ရွန်ပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးနှလုံးသား ရှိနေတယ်လေ။ အဲဒီစွမ်းအင်ကို ကျုပ် သိပ်ရင်းနှီးတာပေါ့။”

ဆော်ရွန်က ငြင်းလိုက်သည်။ “နဂါးနှလုံးသားမှာ ဘာစွမ်းအင်မှ မရှိဘူး။ မင်း အဲဒါကို မြင်နိုင်စရာ အကြောင်း မရှိဘူး။”

ဤသည်မှာ မှန်ကန်သည်။ ရှေးဟောင်းဘုရင် လက်စွပ် ဖြစ်စေ၊ နဂါးနှလုံးသား ဖြစ်စေ ထိုအရာများက မည်သည့် စွမ်းအင်ကိုမှ ထုတ်လွှတ်ခြင်း မရှိပေ။ နဂါးမျိုးနွယ်မှလွဲ၍ မည်သူမှ အာရုံမခံနိုင်ဟု ပြောနိုင်၏။ နဂါးမျိုးနွယ်အတွက်မူ နဂါးနှလုံးသားထဲရှိ နဂါးသွေးခြင်ဆီ၏ စွမ်းအင်သည် အလွန် ထင်ရှားလှ၏။

ရှမ့်လန်က ဆက်ပြောလိုက်သည်။ “အဲဒီတုန်းက ကျုပ် အရမ်း စူးစမ်းချင်ခဲ့တာ။ ခင်ဗျားက ရှီလွန်အင်ပါယာရဲ့ ဧကရာဇ် တစ်ပါး ဖြစ်ပါလျက်နဲ့ ဘာလို့ နဂါးနှလုံးသား ရှိနေရတာလဲ။ ဒီပစ္စည်းက ရှေးဟောင်းအရှေ့ လောကမှာပဲ ရှိသင့်တာ။ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်အဖေ ကျန်းလီမှာပဲ ရှိတာ။

အရှင်ကျန်းလီရဲ့ ဆန္ဒအရ ကျုပ် ခင်ဗျာကို ရှာဖို့ မီးလျှံမြို့တော်ကို လာခဲ့တယ်။ နောက်ဆုံးတော့ ခင်ဗျားရဲ့ အလောင်းနဲ့ လက်ဖဝါးထဲက ပုလဲကို တွေ့ခဲ့ရတယ်။ ကျုပ် နဂါးအကြောင်း သိပ်မသိဘူး။ နဂါးပုလဲ ဆိုတာ ရှိမှန်း သိပေမဲ့ ဘယ်လိုပုံစံလဲဆိုတာ လုံးဝ မသိဘူး။ အဲဒီပုလဲထဲမှာ မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေ လှုပ်ရှားနေတာ တွေ့ရတော့ အဲဒါ နဂါးဝိညာဉ်ပုလဲပဲလို့ ကျုပ် အလိုလို ထင်လိုက်မိတယ်။”

ဆော်ရွန်က ပြောလိုက်၏။ “တကယ်တော့ ဒီပစ္စည်းနှစ်ခုရဲ့ ပုံပန်းသဏ္ဍာန်က ဘာမှ မကွာခြားဘူး။ အဲဒါက သတင်းအချက်အလက် စုစည်းမှု ပုံစံတစ်မျိုးပဲ။ ကျုပ် အချိန်အကြာကြီး လေ့လာခဲ့တာတောင် ဘာကွာခြားချက်မှ မမြင်ခဲ့ရဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ခုဏက ကျုပ်ကြည့်လိုက်တော့ သိသာထင်ရှားတဲ့ ကွာခြားချက် ရှိနေတယ်။ ခင်ဗျားပေးတဲ့ စစ်မှန်တဲ့ နဂါးဝိညာဉ်ပုလဲက အလင်းရောင်တွေ ဖြာထွက်နေတယ်။ ကျုပ်ရဲ့ ဒီငရဲဝိညာဉ်ပုလဲ ကတော့ မဲမှောင်ပြီး နက်နဲဆန်းကြယ်နေတယ်။”

ဆော်ရွန်က ရှင်းပြလိုက်၏။ “အဲဒါက အပူချိန်ကြောင့်ပါ။ အေးနေတဲ့အချိန်မှာ မဲမှောင်ပြီး ထူးဆန်း နေတတ်တယ်။ ပူတဲ့အချိန်ကျတော့ တောက်ပလာတာ။ အဲဒါက ရှေးဟောင်းမှတ်ဉာဏ်။ သတင်းအချက်အလက် စုစည်းမှု တစ်ခုပဲ။”

ထိုအချိန်တွင် နဂါးသည် ပါးစပ်ကို ဟပြီး ငရဲဝိညာဉ်ပုလဲကို ထွေးထုတ်လိုက်သည်။ သေချာသည်မှာ မြင့်မားသော အပူချိန်ဖြင့် လောင်ကျွမ်းခံရပြီးနောက် ၎င်းသည် မူလက မဲမှောင်ပြီး ထူးဆန်းနေသော အခြေအနေမှ တောက်ပလာခဲ့သည်။ ခုနက နဂါးဝိညာဉ်ပုလဲနှင့် တစ်ပုံစံတည်း တူညီနေတော့သည်။

ဆော်ရွန်က ဆက်ပြောလိုက်၏။ “ဒါပေါ့။ သတင်းအချက်အလက် စုစည်းမှုအပြင် နဂါးဝိညာဉ်ပုလဲရဲ့ စွမ်းအင် အဆင့်က အရမ်း မြင့်မားတယ်။ ဘာပဲပြောပြော အဲဒါက ရှေးဟောင်းနဂါးမျိုးနွယ်ရဲ့ စုစည်းထားတဲ့ ရှေးဟောင်းမှတ်ဉာဏ်ပဲလေ။

ဒါပေမဲ့ ဒီငရဲဝိညာဉ်ပုလဲရဲ့ စွမ်းအင်အဆင့်ကလည်း အရမ်း မြင့်မားတယ်။ အဲဒီထဲမှာ မီးနတ်ဘုရားဂိုဏ်းက ယဇ်ပုရောဟိတ် ထောင်ပေါင်းများစွာရဲ့ ဝိညာဉ် သတင်းအချက်အလက်တွေ ပါဝင်နေပေမဲ့ အရမ်း စွမ်းအားကြီးပြီး အဆင့်မြင့်တဲ့ စွမ်းအင်တွေနဲ့ စုစည်းထားတာ။”

ငရဲသလင်းကျောက် သက်ရှိလား။ ထိုအရာက အမှန်တကယ်ပင် အမြင့်ဆုံး စွမ်းအင်အဆင့် ဖြစ်၏။ ဤအရာ သည်လည်း မီးနဂါးကြယ်တံခွန်မှ ဤလောကသို့ ရောက်ရှိလာခြင်းဖြစ်ပြီး မြောက်ဘက်တိုက်ကြီး တစ်ခုလုံးကို တိုက်ရိုက် အေးခဲသွားစေခဲ့သည့် အရာ ဖြစ်သည်။ မည်သို့ အဆင့်မမြင့်ဘဲ နေမည်နည်း။

ဤအချက်အရ နဂါးဝိညာဉ်ပုလဲနှင့် ငရဲဝိညာဉ်ပုလဲကြား ကွာခြားချက်ကို ဥပမာ ပေးရမည်ဆိုလျှင် Hard Disk တစ်လုံးထဲတွင် မဟာဗျူဟာမြောက် လက်နက်များ၏ အချက်အလက်နှင့် ပုံစံများကို သိမ်းဆည်းထားပြီး တန်ဖိုး ဖြတ်မရနိုင်ပေ။ အခြား Hard Disk တစ်လုံးထဲတွင်မူ အက်ရှင်ရုပ်ရှင်များ သိမ်းဆည်းထားသည်။ Hard Disk နှစ်လုံး၏ အတွင်းပိုင်း ဒေတာတန်ဖိုးများမှာ များစွာ ကွာခြားသော်လည်း Hard Disk ကိုယ်တိုင်ကမူ အတူတူပင် ဖြစ်သည်။ သင် ဖွင့်မကြည့်သရွေ့ အထဲတွင် ဘာရှိမှန်း သိနိုင်မည် မဟုတ်ပေ။

ရှမ့်လန်သည် ငရဲဝိညာဉ်ပုလဲကို သေတ္တာထဲသို့ ဂရုတစိုက် ထည့်ပြီး သိမ်းဆည်းလိုက်သည်။

အချိန် အတော်ကြာပြီးနောက် ဆော်ရွန်သည် နဂါးကို ကြည့်ပြီး တုန်ယင်စွာ မေးလိုက်၏။ “မင်း... မင်းက ရှမ့်လန်ဆီမှာ နဂါးဝိညာဉ်ပုလဲ မပါဘူးဆိုတာ အစတည်းက သိနေခဲ့လို့ တကယ် မျိုမချခဲ့တာပေါ့။ မင်း ဘယ်လို သိတာလဲ။”

နဂါးက ပြောလိုက်သည်။ “အရှင်ရှမ့်လန်က ကျုပ်ကို ပြောပြခဲ့တာ။”

ဆော်ရွန်က ဒေါသတကြီး ပြောလိုက်၏။ “အဓိပ္ပာယ် မရှိတာ။ သူ စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး။”

နဂါးက ပြောလိုက်သည်။ “စကားပြောစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ စာချုပ်ပိုင်ရှင်နဲ့ ကျုပ်ကြားမှာ ဝိညာဉ်ချင်း ပဲ့တင်ထပ်မှု ရှိတယ်။ သူက သူ့စိတ်ထဲကနေ ကျုပ်ကို ပြောလိုက်ရုံပဲ။”

“ချီးတဲ့မှ...” ဆော်ရွန် သွေးအန်ချင်သကဲ့သို့ ဖြစ်သွားရ၏။

နဂါးက ဆက်ပြောသည်။ “ဒါတင် မကသေးဘူး။ သူ ကျုပ်ကို ပြောပြသေးတယ်။ ကျုပ် အရမ်းငယ်ရွယ်တုန်းက ယူရေနီယမ်တွေ ပြည့်နေတဲ့ ကြောက်မက်ဖွယ် ငရဲအက်ကွဲကြောင်းထဲ မတော်တဆ ရောက်သွားခဲ့တယ် ဆိုတာလေ။ အမှောင်စွမ်းအင်တွေက ကျုပ်ကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ခင်ဗျားက ကျုပ်ကို တမင်တကာ ခေါ်သွားခဲ့တာ။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ကျုပ်ရဲ့ နဂါးပုလဲကို ခိုးဖို့ပဲ။”

လူတိုင်းတွင် သည်းမခံနိုင်သော အတိတ်တစ်ခု ရှိတတ်စမြဲပင်။ အလွန် ဉာဏ်ကြီးရှင် ဖြစ်နေသူပင်လျှင် သုံးလေးနှစ်သား မတိုင်မီက အလွန် တုံးအပြီး ချစ်စရာကောင်းသော သတ္တဝါလေး ဖြစ်ခဲ့ပေလိမ့်မည်။ နိုင်ငံ့ ခေါင်းဆောင် တစ်ဦးပင်လျှင် သုံးနှစ်သား မတိုင်မီက ဘောင်းဘီထဲတွင် သေးပေါက်ချင် ပေါက်ခဲ့မည်ဖြစ်ပြီး ဖင်ဟောင်းလောင်း ဘောင်းဘီ ဝတ်ကာ ဆော့ကစားခဲ့ပေလိမ့်မည်။

နဂါးသည်လည်း ခြွင်းချက် မဟုတ်ပေ။ သူ နဂါးပေါက်စ ဘဝတွင် သူ၏ နဂါးပုလဲကို မကြာခဏ ထွေးထုတ်ပြီး ဆော့ကစားလေ့ ရှိသည်။ အကယ်၍ ကျန်းလီသာ ဤအချိန်၌ ရှိနေပါက နဂါးပုလဲကို ဆော့ကစား၍ မရကြောင်း၊ ခန္ဓာကိုယ်ထဲတွင် အချိန်တိုင်း ဖုံးကွယ်ထားရမည် ဖြစ်ကြောင်း ပြောပြပေလိမ့်မည်။ သို့သော်ငြား ဤနဂါး၌ သင်ကြားပေးမည့်သူ မရှိ၊ ပြုစုပျိုးထောင်မည့်သူ မရှိသောကြောင့် ငယ်စဉ်တည်းက မိမိ၏ နဂါးပုလဲနှင့် ဆော့ကစားခဲ့၏။

ကွေ့ဝူသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်ကို ပြီးမြောက်စေရန် ရည်ရွယ်ချက် ရှိရှိဖြင့်သော်လည်းကောင်း၊ မရှိဘဲသော်လည်းကောင်း လွှတ်ထားပေးခဲ့သည်။ သို့သော်ငြား တစ်စုံတစ်ယောက်က နဂါးပုလဲကို လာရောက် ယူဆောင်လိုလျှင် နဂါးသည် ကြည်ဖြူမည် မဟုတ်ပေ။ နဂါးပေါက်စ ဖြစ်လျှင်ပင် ၎င်းသည် မီးမှုတ်ပြီး ထိုလူကို ပြာကျသွားအောင် လုပ်ဆောင်ပေလိမ့်မည်။

ထို့ကြောင့် နဂါးပုလဲကို ခိုးယူလိုလျှင် ၎င်းကို သတိမေ့သွားအောင်၊ လုံးဝ သတိလစ်သွားအောင် လုပ်ရမည်။ အိပ်ပျော်သွားရုံမျှဖြင့် မလုံလောက်ပေ။ ထို့ကြောင့် နဂါးပေါက်စလေးကို သတိမေ့သွားစေနိုင်သည့် တစ်ခုတည်းသော အရာမှာ ယူရေနီယမ် ရေဒီယိုသတ္တိကြွ စွမ်းအင်ပင် ဖြစ်သည်။ ၎င်းသည် နဂါး၏ သဘာဝ ရန်သူကဲ့သို့ ဖြစ်နေသည်။

ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီတုန်းက နဂါးက အရမ်း နုံအသေးတယ်။ ခင်ဗျားက လျှို့ဝှက်နည်းလမ်း တစ်ခုခု သုံးပြီး ယူရေနီယမ်တွေ ပြည့်နေတဲ့ အက်ကွဲကြောင်းထဲ သူ့ကို မျှားခေါ်သွားခဲ့တယ်။ သူ လုံးဝ သတိလစ်သွား ခဲ့တယ်။ ခင်ဗျားက အခွင့်ကောင်းယူပြီး နဂါးပုလဲကို ခိုးယူခဲ့တယ်။ အဲဒီအချိန်တည်းက ခင်ဗျားက ဒီနဂါးကို ရယူဖို့ ကြံစည်နေခဲ့ပြီးပြီ။”

ဆော်ရွန်က အေးစက်စွာ ပြောလိုက်၏။ “အဓိပ္ပာယ်မရှိတာ။ မင်း ပေါ်လာမယ် ဆိုတာ အဲဒီတုန်းက ကျုပ် မသိခဲ့ဘူး။ အရှင်ကျန်းလီမှာ ကလေးရှိ၊ မရှိတောင် ကျုပ် မသိခဲ့ဘူး။ ဒီနေ့လို အခြေအနေမျိုး ဖြစ်လာမယ် ဆိုတာ ကျုပ် ဘယ်လို ကြိုတင်ခန့်မှန်းနိုင်မှာလဲ။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “ခင်ဗျား နဂါးပုလဲကို ခိုးယူခဲ့တာက သူ့နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ပဲ။ ဒါပေမဲ့ ခင်ဗျား မသိတာက ဒီလို နဂါးစာချုပ်မျိုးက ချုပ်ဆိုပြီးသွားရင် ပြင်လို့မရတော့ဘူး ဆိုတာပဲ။ ဒီနဂါးပုလဲက ရှေးဟောင်း စွမ်းအင်မှတ်ဉာဏ် တစ်ခုပဲ ရှိသေးတယ်။ စစ်မှန်တဲ့ နဂါးစာချုပ်က သွေးနဲ့ ဝိညာဉ်ထဲမှာ ချုပ်ဆိုထားတာ။”

ရှမ့်လန်၏ စကားများမှာ ယုတ္တိမတန်ပေ။ စစ်မှန်သော နဂါးစာချုပ်ချုပ်ဆိုခြင်းသည် အလွန် ခက်ခဲပြီး နဂါးအပေါ် အလွန် မြင့်မားသော နားလည်သဘောပေါက်မှု လိုအပ်သည်။ ရှမ့်လန်သည် အရှင်ကျန်းလီ၏ စာချုပ်ကို ဆက်ခံရုံသာ ရှိသေးသည်။ သူကိုယ်တိုင် ဤနဂါးစာချုပ်ကို ချုပ်ဆိုနိုင်စွမ်း မရှိပေ။ သူ၏ နဂါးအပေါ် နားလည် သဘောပေါက်မှုအဆင့်မှာ နိမ့်ကျလွန်းလှ၏။

ရှမ့်လန်က လှောင်ပြောင်လိုက်သည်။ “ဆော်ရွန်... ဒါမှမဟုတ် ကွေ့ဝူလို့ ခေါ်ရမလား။ ကျုပ် ခင်ဗျားကို ပြောပြနိုင်တယ်။ ဒီလောကကြီးမှာ ဉာဏ်ဆင်ပြီး လှည့်စားတဲ့နေရာမှာ ဘယ်သူမှ ကျုပ်ကို မယှဉ်နိုင်ဘူး။ ကျုပ်သိုင်းပညာက အမှိုက်ပဲ။ ကြက်ကလေး တစ်ကောင်ကို ဖမ်းချုပ်ဖို့တောင် ကျုပ်မှာ ခွန်အားမရှိဘူး။ ဒါပေမဲ့ ဉာဏ်ဆင်ပြီး လှည့်စားတဲ့ နေရာမှာတော့ ကျုပ် ဘယ်တော့မှ မရှုံးဖူးဘူး။

ခင်ဗျား တော်ပါတယ်။ ခင်ဗျားက ကျုပ်အတွက် ကြီးမားတဲ့ ကျင်းကြီး တူးထားပြီး ကျုပ်ကို သတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ခင်ဗျားတူးတဲ့ကျင်းထဲ ခင်ဗျားကိုယ်တိုင် မြှုပ်နှံခံလိုက်ရတာပဲ။”

“ဟား ဟား ဟား...”

ဆော်ရွန် (ကွေ့ဝူ) သည် အလွန် ဝမ်းနည်းဖွယ် ကောင်းသော ရယ်သံဖြင့် ရယ်မောလိုက်၏။ ဆော်ရွန်က အော်ဟစ်လိုက်သည်။ “အရှင်ကျန်းလီ... ခင်ဗျားက ဘုရင်တွေ၊ မှူးမတ်တွေမှာ မျိုးရိုးမရှိဘူးလို့ အမြဲပြောတယ်။ တစ်လောကလုံးကို လွတ်မြောက်စေချင်တယ်လို့ အမြဲပြောတယ်။ ဒါပေမဲ့ ရလဒ်က ဘာလဲ။ သားစဉ်မြေးဆက် အမွေဆက်ခံတဲ့ လမ်းရိုးဟောင်းကြီးပါပဲ။

ဘာလို့လဲ။ လူသားတွေက စစ်မြင်းတွေ မဟုတ်ဘူး။ ခွေးတွေလည်း မဟုတ်ဘူး။ ဘာလို့ သွေးမျိုးဆက်ကို ဂရုစိုက်နေရတာလဲ။ ကျုပ် နဂါးကို စောင့်ရှောက်ခဲ့တာ နှစ်ပေါင်း ဘယ်လောက် ကြာပြီလဲ။ ကျုပ် သူ့ကို အရှေ့လောက ကနေ အနောက်လောကဆီ ခေါ်လာခဲ့တယ်။ ကျုပ်နှလုံးသားကို ထုတ်ပြီး အလုပ်လုပ်ပေးခဲ့တယ်။ ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် မှီခိုခဲ့တာ နှစ်ပေါင်း ဘယ်လောက် ကြာပြီလဲ။

ဒါပေမဲ့ မင်း .. ရှမ့်လန်... တစ်ခါတွေ့ဖူးရုံနဲ့ သူက မင်းအပိုင် ဖြစ်သွားရောလား။ ဘာလို့လဲ။ မင်းက အရှင် ကျန်းလီရဲ့ သားမို့လို့လား။ မင်းက သူ့သွေးမျိုးဆက်ကို ဆက်ခံထားလို့လား။ မင်းက ဒီနဂါးကို ဆက်ခံနိုင်ပြီး တော်ဝင်ချန်အင်ပါယာကို ဆက်ခံနိုင်တယ်ပေါ့။ ဘာလို့လဲ။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “မှန်တယ်။ ဘာလို့လဲ။ သိပ်မတရားဘူးလား။ ခင်ဗျားလည်း အတူတူပဲ မဟုတ်ဘူးလား။ မဟုတ်ရင် ခင်ဗျား ဘာလို့ ဆော်ရွန်ကို ဝင်ရောက်စီးနင်းချင်ရတာလဲ။ သူ့ရဲ့သွေးမျိုးဆက်နဲ့ ဝိသေသကို မက်မောလို့ မဟုတ်ဘူးလား။”

အချိန်အတော်ကြာပြီးနောက် ဆော်ရွှန်သည် မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး နဂါးကိုကြည့်ကာ ပြောလိုက်သည်။ “နဂါး... မင်းပြောတာ မှန်တယ်။ ရှမ့်လန် ပြောတာ မှန်တယ်။ ကျုပ် မင်းကို ယူရေနီယမ်တွေ ပြည့်နေတဲ့ ငရဲအက်ကွဲကြောင်းဆီ ခေါ်သွားခဲ့တယ်။ ကျုပ် မင်းရဲ့နဂါးပုလဲကို ခိုးယူခဲ့တယ်။ ကျုပ် ရှမ့်လန်ကို လုပ်ကြံချင်ခဲ့တယ်။ ကျုပ် မင်းကို လိုချင်ခဲ့တယ်။ အခုတော့ ကျုပ်အကြောင်း ပေါ်သွားပြီဆိုတော့ ကျုပ်ကို သတ်လိုက်ပါ။ သတ်လိုက်ပါတော့။”

ဤအချိန်၌ ကွေ့ဝူသည် တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြုခဲ့ကြသော အကြောင်းများကို ထုတ်ဖော်ပြောဆိုခြင်း မရှိသကဲ့သို့ နဂါးအား သူ မည်မျှကြာရှည်စွာ စောင့်ရှောက်ခဲ့ကြောင်းကိုလည်း နှုတ်မှ မဟခဲ့ပေ။

သို့သော်ငြား ဤအရာက နဂါး၏ အတိတ်ပုံရိပ်များကို ပြန်လည် နိုးထလာစေခဲ့၏။ ၎င်း၏ စိတ်အာရုံထဲတွင် ငယ်စဉ်ဘဝက အမှတ်ရစရာများ ပေါ်ပေါက်လာခဲ့သည်။ အရှင် ကျန်းလီသည် ၎င်းအား တစ်နှစ်မပြည့်တပြည့်သာ စောင့်ရှောက်ခဲ့ပြီး ကျန်ရှိသော နှစ်ကာလများတွင်မူ ကွေ့ဝူကသာ ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်၏။

ထိုအမှတ်တရများသည် နဂါးအတွက် အလွန်တရာ တန်ဖိုးရှိပြီး နွေးထွေးလှသည်။ ၎င်း၏ စိတ်အာရုံထဲတွင် ပုံရိပ်တစ်ခုက ထပ်ကာတလဲလဲ ပေါ်လာနေခဲ့၏။ ထိုစဉ်က ၎င်းသည် နဂါးပေါက်စလေး ဖြစ်သော်လည်း သုံး၊ လေးနှစ်သား အရွယ်ရောက်သည့်အခါ ကိုယ်ခန္ဓာမှာ အတော်အတန် ကြီးမားနေခဲ့ပြီ ဖြစ်သည်။

သို့သော်ငြား ၎င်းသည် ငယ်စဉ်ကကဲ့သို့ပင် ကွေ့ဝူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်နေဆဲ ဖြစ်၏။ ကွေ့ဝူအား မြေပြင်ပေါ်သို့ ဖိမိသွားစေပြီး အသားပြားကဲ့သို့ ဖြစ်သွားစေလုနီးပါး ဖြစ်ခဲ့သည်။ အဆိုးရွားဆုံးအကြိမ်၌ ကွေ့ဝူ၏ နံရိုးသုံးချောင်းကိုပင် ကျိုးပဲ့သွားစေခဲ့ဖူး၏။

ထို့နောက်တွင်မူ နဂါးသည် အနည်းငယ် ပို၍ အသိဝင်လာခဲ့သည်။ ၎င်းသည် ငယ်စဉ်ကကဲ့သို့ အတင်းအဓမ္မ ဝင်ရောက်တိုးဝှေ့ခြင်း မပြုတော့ဘဲ အချိန်ဆွဲ၍သာ နေတတ်လာခဲ့သည်။ ငယ်စဉ်အခါက ကွေ့ဝူ သူ၏ ခေါင်းကို ပွတ်သပ်ပေးသည်အား အလွန် နှစ်သက်ခဲ့သည်။

ဆော်ရွန် (ခေါ်) ကွေ့ဝူက နဂါးအား အော်ဟစ်လိုက်၏။ “မင်း ကျုပ်ကို သတ်တော့မလို့လား။ ကျုပ်ကို သတ်လိုက်စမ်းပါ။”

နဂါးက ညင်သာစွာ သက်ပြင်းချလိုက်သည်။ “သွားတော့။ ကျုပ် မင်းကို မသတ်ဘူး။ အနည်းဆုံးတော့ မင်းကို သတ်တဲ့လူက ကျုပ် မဖြစ်စေရဘူး။”

ရှမ့်လန်သည် နဂါးအား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ဤသတ္တဝါသည် သူ ထင်မှတ်ထားသလောက် ရက်စက်ကြမ်းကြုတ်ပြီး မာန်မာန ထောင်လွှားခြင်း မရှိပေ။ ယုတ္တိဗေဒ သဘောတရားအရဆိုလျှင် ၎င်းသည် လူသားများအား ပုရွက်ဆိတ်များသဖွယ် သဘောထားကာ အလွယ်တကူ ချေမှုန်းဖျက်ဆီးပစ်သင့်သည် မဟုတ်ပါလား။ ထိုသို့မဟုတ်ပါက ၎င်းသည် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်ပြီး လူပေါင်း နှစ်သိန်း သုံးသိန်းခန့်ကို ပြာကျစေခဲ့မည် မဟုတ်ပေ။

အမှန်စင်စစ်တွင် နဂါးအတွက် လူသားတိုင်းသည် သက်ရှိစွမ်းအင် အစုအဝေးတစ်ခုသာဖြစ်ပြီး သနားညှာတာ နေရန် မလိုအပ်ချေ။ သို့သော်ငြား အချို့သော သက်ရှိစွမ်းအင် ကိုယ်ထည်များသည် အလွန်ထူးခြားပြီး ကွေ့ဝူသည် ထိုအထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။ သူသည် နဂါးအတွက် မွေးစားဖခင်သဖွယ် ဖြစ်နေခဲ့၏။

နဂါးက ပြောလိုက်သည်။ “သွား... သွားတော့။”

ထို့နောက် ၎င်းသည် အိုလံပစ်တောင်၏ ချော်ရည်လှိုင်းများထဲသို့ ဖြည်းညင်းစွာ ပြန်လည် ပျံသန်းဝင်ရောက် သွားပြီး ကွေ့ဝူအား ထပ်မံ မတွေ့လိုတော့သည့်အလား မိမိကိုယ်ကိုယ် လုံးဝ ဖုံးကွယ်လိုက်၏။

ရှမ့်လန်က စကားပြောလိုက်သည်။ “အင်ပါယာ ဆော်ရွန်... ဒီနေ့ကစပြီး ခင်ဗျားနဲ့ ကွေ့ဝူက ဘာမှ မပတ်သက်တော့ဘူး။ ခင်ဗျားက ဆော်ရွန်ပဲ မဟုတ်လား။”

ဆော်ရွန်က ပြန်လည် ပြောလိုက်၏။ “ဟား ဟား ဟား... မင်း မြင်တဲ့အတိုင်းပါပဲ။ ကွေ့ဝူက မီးလျှံမြို့အောက်မှာ သေဆုံးသွားခဲ့ပါပြီ။ သူက အရှင်ကျန်းလီရဲ့ အမိန့်တော်ကို ဖြည့်ဆည်း ပေးခဲ့ပြီးပြီ။ ဒီနေ့ကစပြီး ကျုပ် ဆော်ရွန်က မင်းတို့ ကျန်းမိသားစုနဲ့ ဘာမှ မပတ်သက်တော့ဘူး။”

ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ကောင်းပြီလေ။ နဂါးနှလုံးသား၊ ရှေးဟောင်းဘုရင် လက်စွပ်နဲ့ ရှေးဟောင်း ဘုရင်ဓားကို လွှဲပြောင်းပေးပါ။ ဒါတွေက ကျုပ်အဖေ ခင်ဗျားကို ပေးခဲ့တဲ့ ပစ္စည်းတွေပဲ။ ကျန်းမိသားစုပိုင် ပစ္စည်းတွေပေါ့။ မူလက သူ ခင်ဗျားကို ပေးခဲ့တာက ကျုပ်ဆီ လက်ဆင့်ကမ်းပေးဖို့ပဲ။

ဒါပေမဲ့ ခင်ဗျားက ကိုယ်ကျိုးအတွက် သိမ်းပိုက်လိုက်တယ်။ နောက်တစ်ခု ရှိသေးတယ်။ ခင်ဗျားက ဘုရင်မ မီဒူဆာကို စော်ကားခဲ့ဖူးတယ်။ သူက ကျုပ်သမီးလေးရဲ့ ဝိညာဉ်မိခင်ပဲ။ ဒါကြောင့် ဒီကိစ္စအတွက် ခင်ဗျား တန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ်။”

All Chapters