အခန်း (၁၂၃၇-၁၂၃၈)
Vol. 71 Ch. 1237-1238
အပိုင်း (၁၂၃၇)
ဆော်ရွန်သည် မျက်လုံးများကို မှေးစင်းလျက် ရှမ့်လန်အား အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့၏။ “အရှင် ရှမ့်လန်... အရှေ့လောကမှာ မင်းရဲ့ အောင်မြင်မှုတွေက အံ့မခန်းပါပဲ။ မင်းက ရင်ဝူမင်ကို စွမ်းအင်ဝဲကတော့နဲ့ သတ်ဖြတ်ခဲ့တယ်။”
ဆော်ရွှန်က ဆက်ပြောလိုက်သည်။ “နဂါး ပြောတာ မှန်တယ်။ ကျုပ်က သူ့ရဲ့မွေးစားအဖေပဲ။ ဒါကြောင့် သူ ကျုပ်ကို မသတ်နိုင်ဘူး။ ဒါပေမဲ့ မင်း ကျုပ်ကို သတ်ချင်တယ် ဆိုရင်တော့ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်း အပေါ်မှာပဲ မူတည်ရလိမ့်မယ်။ မင်းက ကျန်းမိသားစုရဲ့ ပစ္စည်းတွေကို ပြန်လိုချင်တာလား။ ဘုရင်မ မီဒူဆာအတွက် တရားမျှတမှုကို ရှာဖွေပေးချင်တာလား။ ရှီလွန် အင်ပါယာ မြို့တော်ဆီ လာပြီး ကျုပ်ကို လူသိရှင်ကြား လာရောက် စိန်ခေါ်လိုက်ပါ။ မင်း အနိုင်ရတာနဲ့ ကျုပ်က ကျန်းမိသားစုရဲ့ ပစ္စည်းကိရိယာတွေကို ပြန်ပေးမယ့်အပြင် ကျုပ်အသက်ကိုပါ ပေးမယ်။”
ထို့နောက် ဆော်ရွန်သည် မီးတောင်ဝမှ ချော်ရည်များကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများ ထဲတွင် မလိုလားမှုများနှင့် နာကြည်းချက်များ ပြည့်နှက်နေခဲ့သည်။ ထို့နောက် သူသည် မီးတောင်အောက်သို့ ဆင်းသက်သွားခဲ့၏။
“ရှမ့်လန်... မင်းက အံ့ဖွယ်အမှုတွေကို ဖန်တီးရာမှာ ထူးချွန်တယ် မဟုတ်လား။ ရှီလွန် အင်ပါယာ မြို့တော်ဆီ လာခဲ့လိုက်။ ကျုပ်ဆီ လာပြီး ကျုပ်ကို သတ်လိုက်စမ်းပါ။ ဒါမှမဟုတ်ရင်လည်း ဒီကျန်းမိသားစုရဲ့ ပစ္စည်းကိရိယာ အစုံအလင်က ကျုပ် ဆော်ရွန်ရဲ့ အပိုင် ဖြစ်သွားလိမ့်မယ်။ ရှမ့်လန်... မင်းက ဘယ်အချိန်ပဲ လာလာ ကျုပ်ကတော့ မင်းကို စောင့်ကြိုနေမှာပဲ။”
မီးတောင်အောက်သို့ လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီးနောက် သတ္တဝါပျံကြီးတစ်ကောင် ဆင်းသက်လာခဲ့သည်။ ဆော်ရွန် သည် ထိုသတ္တဝါကို စီးနင်းလျက် အနောက်ဘက်သို့ ပျံသန်း ထွက်ခွာသွားခဲ့သည်။
… …
ဆော်ရွန် ထွက်ခွာသွားပြီးနောက် နဂါးသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အဆုံးမရှိသော ချော်ရည်များကြားမှ ပြန်လည် ပေါ်ထွက်လာခဲ့၏။
နဂါးက တည်ငြိမ်စွာ ပြောလိုက်သည်။ “အရှင်ရှမ့်လန်... မင်းက ကျုပ်တို့ရဲ့ ယခင်သဘောတူညီချက်ကို ဖြည့်ဆည်းပေးခဲ့ပါပြီ။ မင်းက ကျုပ်ရဲ့ နဂါးဝိညာဉ် ပုလဲကို ယူဆောင်လာပေးခဲ့တယ်။ ကျုပ် မင်းနဲ့အတူ အရှေ့လောကကို ဘယ်အချိန်မဆို လိုက်ပါနိုင်ပြီး မင်းရဲ့ တာဝန်ကို ဖြည့်ဆည်းပေးမယ်။ မင်းနဲ့အတူ တိုက်ပွဲဝင်ပေးပါ့မယ်။”
ဤအချိန်၌ နဂါးသည် ကွေ့ဝူ၏ သစ္စာဖောက်မှုကြောင့် အလွန်တရာ စိတ်ပျက်အားလျော့နေကြောင်း ရှမ့်လန် ခံစားမိလိုက်၏။ သူသည် စာချုပ်ကို လိုက်နာပြီး ရှမ့်လန်အပေါ် သစ္စာစောင့်သိခဲ့သည်။ သို့သော်ငြား သူနှင့် ရှမ့်လန်ကြားမှ ဆက်ဆံရေးမှာ စာချုပ်တစ်ခုသာ ဖြစ်ပြီး မည်သည့် သံယောဇဉ်မှ မရှိချေ။
နဂါးတစ်ကောင်နှင့် သံယောဇဉ် တည်ဆောက်ရန်မှာ အလွန်တရာ ခက်ခဲလှသည်။ သူ အလွန်ငယ်ရွယ်စဉ် အချိန်တည်းက ပြုစုပျိုးထောင် ပညာပေးမှသာ ရနိုင်မည်။ အကြောင်းမှာ ရိုးသား ဖြူစင်နေချိန်သည် သံယောဇဉ် တည်ဆောက်ရန် အလွယ်ကူဆုံး ဖြစ်သောကြောင့်ပင်။
အလွန် ရက်စက်ကြမ်းကြုတ်သော အမဲလိုက်ခွေးတစ်ကောင်ကဲ့သို့ပင် ငယ်စဉ်တည်းက မွေးမြူထားမှသာ သခင်၏ စကားကို နားထောင်ပေလိမ့်မည်။ ကြီးပြင်းလာမှ သခင်ပြောင်းလဲလိုက်ပါက ထိုမျှလိမ္မာနာခံရန် ခဲယဉ်းလှပေသည်။
အမှန်စင်စစ် နဂါးနှင့် သံယောဇဉ် တည်ဆောက်ရန် အခြားနည်းလမ်းတစ်ခု ရှိသေး၏။ ထိုအရာမှာ နဂါး ဉာဏ်အလင်း ပွင့်လန်းခြင်းပင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ရှမ့်လန်၏ နဂါးဉာဏ်အလင်းပွင့်မှု အဆင့်မှာ နိမ့်ကျလွန်းလှသည်။ ထို့အပြင် နဂါးသည် ဂုဏ်ယူဝင့်ကြွားပြီး စွမ်းအားကြီးမားသော နဂါးသူရဲကောင်း တစ်ဦးကို တောင့်တနေကြောင်း ရှမ့်လန် ခံစားမိလိုက်၏။
ယခုလေးတင် ဆော်ရွန်သည် ရှမ့်လန်အား တစ်ဦးချင်းတိုက်ခိုက်ဖို့ ဖိတ်ခေါ်ခဲ့သည်။ အမှန်တကယ်၌ သူ့တွင် နောက်ကွယ်မှ ရည်ရွယ်ချက်များ ရှိနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှမ့်လန်သာ ငြင်းဆန်ခဲ့ပါက နဂါး၏ အထင်သေးမှုကို ခံရပေလိမ့်မည်။
နဂါးသည် စာချုပ်ကို ဆက်လက် ဖြည့်ဆည်းပေးမည် ဖြစ်သော်လည်း စိတ်နှလုံးထဲတွင် သခင်ကို အထင်သေးသွားခဲ့ပါက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ စွမ်းဆောင်ရည်များစွာ လျော့ကျသွားပေမည်။
၎င်းမှာ အမျိုးသမီးတစ်ဦးက သူမ၏ ခင်ပွန်းသည်ကို အထင်သေးနေသည်နှင့် တူ၏။ ကွာရှင်းပြတ်စဲခြင်း မရှိကြသော်လည်း အိမ်ထောင်ရေး သာယာမှု အရည်အသွေးမှာမူ အတော်ပင် ဆိုးရွားသွားပေလိမ့်မည်။
ရှမ့်လန်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ နဂါးသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ သူ၏ ကြီးမားသော ခေါင်းကြီးကို မော့ကာ ခေါင်းအားပွတ်သပ်ခွင့် ပြုလိုက်၏။
ရှမ့်လန်က နှစ်သိမ့်စကား ပြောလိုက်သည်။ “နဂါး.. မင်း ဘာတွေ တွေးနေလဲဆိုတာ ကျုပ် သိပါတယ်။ မင်းက မင်းနဲ့ ထိုက်တန်ပြီး မင်းလိုပဲ သန်မာတဲ့၊ ဂုဏ်ယူဝင့်ကြွားနိုင်တဲ့ တိုက်ပွဲဝင် လုပ်ဖော်ကိုင်ဖက်ကို တောင့်တနေတာပါ။ ဒါပေမဲ့ ကျုပ် ပြောမယ်။ ဆော်ရွန်က ကျုပ်ကို တစ်ဦးချင်းတိုက်ခိုက်ပွဲ မခေါ်ရင်တောင်မှ ကျုပ်က သူ့ကို စိန်ခေါ်မှာပါ။
မင်း မရှိရင်တောင်မှ ကျုပ်မှာ သူ့နဲ့ ရှင်းစရာ အကြွေးတွေ ရှိနေတယ်။ ဘာလို့လဲဆိုတော့ သူက ကျုပ်ကလေးရဲ့ ဝိညာဉ်မိခင်ကို စော်ကားခဲ့လို့ပဲ။ ကျုပ် သေချာပေါက် လက်စားချေရလိမ့်မယ်။ ကျုပ်ကို ဒီမှာ စောင့်နေပါ။ ကျုပ် မီးလျှ့မြို့တော်ကို သွားပြီး ဆော်ရွန်နဲ့ တိုက်ခိုက်မယ်။ သူ့ကို ဖျက်ဆီးပြီးတာနဲ့ ကျုပ်တို့ အရှေ့လောကကို အတူတူ ပြန်ပြီး တိုက်ပွဲခရီးလမ်းကို ဆက်ကြတာပေါ့။”
ရှမ့်လန်၏ စကားကို ကြားပြီးနောက် နဂါးသည် ရှမ့်လန်၏ လက်ဝါးပြင်ကို ဦးခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ အိုလံပစ်တောင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြန်၏။
နဂါးက ပြောလိုက်သည်။ “အရှင်... ခင်ဗျားအနေနဲ့ ကျုပ်ကို ဂုဏ်ယူနိုင်ပြီး ကျုပ်ကလည်း ခင်ဗျားကို ဂုဏ်ယူနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။”
ရှမ့်လန်က ပြန်လည် ဖြေ၏။ “ဖြစ်စေရမယ် ကျုပ်ရဲ့ နဂါးကြီး။”
ထို့နောက် ရှမ့်လန်သည် နဂါးနှလုံးသား၏ စွမ်းအင်များကို စုစည်းလိုက်ပြီး အော်ဟစ်လိုက်သည်။ “တချောင်.... လာခဲ့စမ်း။”
ခဏအကြာတွင် တချောင်သည် အိုလံပစ်တောင်ပေါ်သို့ တုန်တုန်ယင်ယင်ဖြင့် ပျံသန်းတက်ရောက်လာခဲ့၏။ ၎င်းသည် မျက်လုံးများကို စုံမှိတ်ထားသည်။ တချောင်အား သူရဲဘောကြောင်သည်ဟု အပြစ်မဆိုသင့်ပေ။ သူသည် အတော်ပင် သတ္တိကောင်းလှပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူသည် နဂါး၏ ရှေ့မှောက်သို့ ဆင်းသက်ရဲခဲ့သည် မဟုတ်ပါလား။
ရှမ့်လန်သည် တချောင်၏ ကျောပေါ်သို့ တက်ရောက် စီးနင်းလိုက်ပြီး ချော်ရည်များထဲရှိ နဂါးကို လှမ်းပြောလိုက်သည်။ “နဂါး .... ကျုပ်ကို စောင့်နေ ... မကြာခင် ပြန်လာခဲ့မယ်။ ဆော်ရွန်ကို ဖျက်ဆီးပြီးတာနဲ့ ကျုပ် ပြန်လာခဲ့မယ်။”
နဂါးက တုံ့ပြန်လိုက်၏။ “ကောင်းပါပြီ။ အနိုင်ယူလိုတဲ့ မင်းရဲ့ သန္နိဋ္ဌာန်နဲ့ သတ္တိကို ကျုပ် ခံစားမိပါတယ်။”
ထို့နောက် ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် အိုလံပစ်တောင်မှ ပျံသန်း ထွက်ခွာလာခဲ့သည်။ မိုင်ပေါင်းများစွာ ပျံသန်းပြီးနောက် တချောင်သည် မျက်လုံးများကို ဖွင့်ကြည့်လာသည်။
ရှမ့်လန်က ပြောလိုက်၏။ “တချောင်... မင်းက သိပ်ကြောက်တတ်တာပဲ။”
တချောင်သည် ညည်းတွားလိုက်ပြီး သဘောတူကြောင်း ပြသသည့်အနေဖြင့် ခေါင်းငုံ့လိုက်သည်။
… …
အိုဒီကျွန်းအထက် ကောင်းကင်ယံ၌ ရှမ့်လန်သည် အောက်သို့ ဆင်းသက်ခြင်း မရှိပေ။
မဟာယဇ်ပုရောဟိတ် ရှယ်လီသည် အသံလှိုင်း ပျံသန်းသတ္တဝါကို စီးနင်းလျက် သူ့အား လာရောက် ကြိုဆိုရင်း မေးမြန်းလိုက်၏။ “အရှင်... ရလဒ်က ဘယ်လိုလဲ။”
ရှမ့်လန်က ဖြေလိုက်သည်။ “အောင်မြင်တယ်။”
ရှယ်လီက မေးလိုက်၏။ “ဒါဆို နဂါးကရော။”
“သူ အိုလံပစ်တောင်မှာ ရှိနေတုန်းပဲ။ ဆော်ရွန်နဲ့ တစ်ဦးချင်းတိုက်ပွဲ ပြီးဆုံးပြီး ဆော်ရွန်ကို ဖျက်ဆီးပြီးမှ ကျုပ် နဂါးကို အရှေ့လောကဆီ ပြန်ခေါ်သွားမယ်။”
မဟာယဇ်ပုရောဟိတ် ရှယ်လီသည် တုန်လှုပ်သွားပြီး စကားပင် မဆိုနိုင်တော့ချေ။ ဆော်ရွန် မည်မျှ အစွမ်းထက်သနည်း။ မီးနတ်ဘုရားဂိုဏ်း အသိဆုံး ဖြစ်သည်။ အနည်းဆုံးတော့ အနောက်လောကတွင် ဆော်ရွန်သည် ပြိုင်ဘက်ကင်း ဖြစ်၏။ သူသည် ထိပ်တန်း ကျွမ်းကျင်သူအားလုံးကို အဆင့်များစွာ ဖြတ်ကျော်၍ ချေမှုန်းနိုင်သူ ဖြစ်သည်။
ဘုရင်မမီဒူဆာပင်လျှင် ထိုစဉ်က ရှုံးနိမ့်ခဲ့သည်ကို ကောင်းစွာ သိရှိထားသည်။ ဤဆော်ရွန်၌ ကွေ့ဝူ၏ ဝိညာဉ်၊ အနောက်ပိုင်း ရှီလွန်အင်ပါယာ၏ သွေးမျိုးဆက်၊ မြို့တော်ဖြူ၏ လမ်းညွှန်မှုနှင့် ရှေးဟောင်း ကျန်းမိသားစု၏ ပစ္စည်းကိရိယာများ ရှိနေသေး၏။
ဆော်ရွန်၏ ရှေးဟောင်းဘုရင် လက်စွပ်မှာ ရှမ့်လန်၏ လက်စွပ်အောက် အဆင့်အနည်းငယ် နိမ့်ကျသည် ဆိုရုံသာ ရှိ၏။ သို့သော်ငြား ရှမ့်လန်အနေဖြင့် သူ့အား စွမ်းအင်ဝဲကတော့ဖြင့် သတ်ဖြတ်နိုင်မည်လား။ မဖြစ်နိုင်ပေ။ ထို့အပြင် ဆော်ရွန်၏သိုင်းပညာစွမ်းရည်မှာ ရှမ့်လန်ထက် အဆပေါင်းသောင်းချီ သာလွန်နေသည်။
ထိုသို့ဆိုလျှင် ရှမ့်လန်သည် သူ့ကို မည်သို့ အနိုင်ယူမည်နည်း။ အနိုင်ယူနိုင်မည်ဆိုသော ယုံကြည်မှုမျိုး မည်သည့်နေရာက ရလာသနည်း။
… …
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ရှမ့်လန်သည် ရွှေကျောက်စိမ်းမြို့ရှိ ရော့ဆိုအိမ်တော်သို့ ဆင်းသက်လာခဲ့သည်။ ချက်ချင်းဆိုသလိုပဲ လူပေါင်းများစွာက ကြွေးကြော် အားပေးလိုက်ကြ၏။
ဒီဘိုရာ၊ ရှမ့်ယီ၊ ဟယ်လင်နှင့် ကျန်လူများသည် သူ့အား ချက်ချင်း လာရောက် ကြိုဆိုကြသည်။
ရှမ့်လန် ပျောက်ဆုံးနေသည်မှာ ရက်ပေါင်း ၂၀ ကျော် ရှိပြီ ဖြစ်သောကြောင့် အမှန်တကယ် စိုးရိမ်စရာ ကောင်းလှသည်။ ဒီဘိုရာနှင့် လိုကီတို့သည် ရှေးဟောင်းနဂါး၏ အရိပ်အယောင်ကို ရှာဖွေရန် ကောင်းကင်ယံသို့ အလိုအလျောက် မော့ကြည့်လိုက်မိကြ၏။ ရှမ့်လန်သည် နဂါးယဉ်ပါးစေရန် ခရီးထွက်သွားခြင်း ဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။ အကယ်၍သာ အောင်မြင်ခဲ့လျှင် နဂါးသည် နောက်မှ ပါလာသင့်သည် မဟုတ်ပါလား။
ရှမ့်လန်က ပြောလိုက်၏။ “အစ်မဟယ်လင်... ကျုပ်နောက် ခဏလိုက်ခဲ့ပါအုံး။”
ဟယ်လင်သည် ကြောင်အသွားပြီးနောက် ရှမ့်လန်၏ နောက်သို့ လိုက်ပါကာ အခန်းထဲသို့ ဝင်ရောက်သွားခဲ့ ည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒီအင်ပါယာ ဆော်ရွန်က ဆော်ရွန်အစစ် မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်က ကျုပ်တို့ကျန်းမိသားစုရဲ့ အစေခံ၊ အရှင်ကျန်းလီရဲ့ အရိပ်ဖြစ်တဲ့ ကွေ့ဝူရဲ့ ဝိညာဉ်ပဲ။ ကွေ့ဝူက ဆော်ရွန်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားလိုက်တာ။ ဒါကြောင့်ပဲ ဆော်ရွန်က အနောက်ပိုင်း ရှီလွန်အင်ပါယာရဲ့ ဓားကို ပြန်ယူဖို့ မြောက်ဘက်စွန်း တိုက်ကြီးဆီ စွန့်စားသွားရောက်ခဲ့တာပေါ့။ သူက ကျုပ်တို့ ရှေးဟောင်း ကျန်းမိသားစုရဲ့ ပစ္စည်းကိရိယာတွေ ကို ဝတ်ဆင်ထားပြီး ရှေးဟောင်းဘုရင်လက်စွပ်ကို ပိုင်ဆိုင်ထားလို့သာ မြောက်ဘက်စွန်း တိုက်ကြီးမှာ အသက်ရှင်နိုင်ခဲ့တာ။”
ဟယ်လင်သည် ဤစကားကို ကြားချိန်မှာတော့ သူမ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့ရ၏။ ဤအရာက အလွန် ယုတ္တိမတန်ဖြစ်လွန်းသည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “ကွေ့ဝူက ကျန်းမိသားစုကို သစ္စာဖောက်ခဲ့တယ်။ သူက ကျုပ်ကို ဒုက္ခပေးပြီး ဒီနဂါးကို ရယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။”
ဟယ်လင်သည် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“ဟယ်လင်... အစ်မက ကျန်းမိသားစုရဲ့ သမီးတစ်ယောက် ဖြစ်သလို ရှီလွန်မိသားစုဝင် တစ်ယောက်လည်း ဖြစ်နေတယ်။ ကျုပ် အစ်မကို ရှီလွန်မိသားစုကို သစ္စာဖောက်ဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့သလို အစ်မဆီက ဘာကိုမှလည်း မတောင်းဆိုခဲ့ဖူးဘူး။
အစ်မက ဖြောင့်မတ်ပြီး မြင့်မြတ်တဲ့ လူတစ်ယောက်ပါ။ အစ်မရဲ့ ကိုယ်ပိုင်အင်ပါယာကို သစ္စာမဖောက်လိုသလို အစ်မရဲ့ မိသားစုကိုလည်း သစ္စာမဖောက်လိုဘူး။ ဒါကြောင့် ဒီဘိုရာက မြောက်ဘက်နဲ့ တောင်ဘက် ခွဲခြားဖို့ အမြဲကြိုးစားနေခဲ့ရင်တောင် အစ်မ သူ့ကို ဘယ်တုန်းကမှ ထိခိုက်အောင် မလုပ်ခဲ့ဘူး။ အဲဒီအစား အစ်မက လိုကီကို ဘေးနားမှာ ခေါ်ထားပြီး ဒီဘိုရာရဲ့ ရည်မှန်းချက်နဲ့ ဝေးရာကို ပို့ထားခဲ့တယ်။ အစ်မက စိတ်သဘောထား ကောင်းမွန်တဲ့သူပါ။”
ဟယ်လင်က တိုးညင်းစွာ ပြောလိုက်၏။ “နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မောင်လေး။”
ရှမ့်လန်က ပြောလိုက်သည်။ “ဟယ်လင်... အစ်မက ဆော်ရွန်အပေါ် အမြဲ သစ္စာစောင့်သိခဲ့ပြီး သူ့ရဲ့ ထီးနန်းကို လုယူဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အစ်မကိုယ်အစ်မ ရှီလွန်အင်ပါယာရဲ့ ဧကရီအဖြစ် သတ်မှတ်ရတော့မယ်။ ဘာလို့လဲဆိုတော့ ဆော်ရွန်က ဆော်ရွန် မဟုတ်တော့လို့ပဲ။”
ဟယ်လင်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ “မောင်လေးရဲ့ စကားကို အစ်မ သဘောတူပါတယ်။ ဒါပေမဲ့ ရှီလွန်အင်ပါယာမှာ နောက်ထပ် ပြည်တွင်းစစ် ဖြစ်လာမှာကို အစ်မ တကယ် မလိုလားပါဘူး။ အဲဒါက ဆင်းရဲဒုက္ခတွေကို ဦးတည်စေပြီး လောကကြီးက လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြ လိမ့်မယ်။”
ရှမ့်လန်က ပြတ်သားစွာ ပြောလိုက်၏။ “ပြည်တွင်းစစ် ဖြစ်လာမှာ မဟုတ်ဘူး။ ဆော်ရွန်နဲ့ တစ်ဦးချင်းတိုက်ပွဲ ဖြစ်လာမှာ။ ပြီးရင် ကျုပ် သူ့ကို ဖျက်ဆီးပစ်မယ်။”
ဤစကား ထွက်ပေါ်လာသည်နှင့် ဟယ်လင်သည် ရှမ့်လန်အား မယုံနိုင်စွာ ကြည့်လိုက်မိသည်။ သူမသည် တစ်ချိန်က ဆော်ရွန်နှင့် တိုက်ခိုက်ခဲ့ဖူးပြီး ရှုံးနိမ့်ခဲ့ဖူး၏။ သူမ တမင် သက်သက် အရှုံးပေးခဲ့ခြင်း မဟုတ်ပေ။ ဆော်ရွန်သည် သူမထက် များစွာ သာလွန်ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။ အရှေ့လောကမှ စကားပုံတစ်ခုကို သုံးရလျှင် ‘အမီလိုက်ရန် ခဲယဉ်းလှသည်’ ဟု ဆိုရပေမည်။
သို့သော်ငြား ဟယ်လင်သည် ပညာရှိသော အမျိုးသမီး ဖြစ်သည်။ သူမသည် သူမ၏ မောင်လေး ရှမ့်လန်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ သူသည် မဖြစ်နိုင်သောအရာကို ဘယ်သောအခါမှ ကြွားဝါလေ့ မရှိပေ။ ဆော်ရွန်အား ဖျက်ဆီးနိုင်သည်ဟု ပြောလာမှတော့ သူ သေချာပေါက် ဖျက်ဆီးနိုင်ပေမည်။ ထို့ကြောင့် သူမသည် အခြားသူများကဲ့သို့ လန့်ဖျပ်သွားခြင်း မရှိချေ။
အပိုင်း (၁၂၃၈)
ဟယ်လင်က မေးလိုက်သည်။ “မောင်လေး... ဒီလိုလုပ်ဖို့ သေချာပြီလား။ အစ်မ မောင်လေးကို ဘယ်လောက်ချစ်လဲ ဆိုတာ သိသင့်တယ်။ အနောက်လောကမှာ မောင်လေး တစ်ခုခု ဖြစ်သွားရင် အစ်မ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒီနောင်တအတွက် အစ်မအသက်နဲ့ ပြန်ပေးဆပ်သွားမှာ။”
ဟယ်လင်၏ စကားများမှာ အလွန် ပါးနပ်သော်လည်း ဆိုလိုရင်းမှာ အကယ်၍ ရှမ့်လန်သာ ဆော်ရွန်၏ လက်ချက်ဖြင့် သေဆုံးသွားပါက သူမသည် ဆော်ရွန်အား လက်စားချေမှာ ဖြစ်ပြီး ထို့နောက် ဆော်ရွန်၏ လက်ချက်ဖြင့်ပင် အသေခံမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူမသည် အမြဲတမ်း အစွမ်းကုန် ကြိုးစားမည့်သူ ဖြစ်သည်။ သူမသည် အင်ပါယာအပေါ် သစ္စာစောင့်သိပြီး မိသားစုအပေါ်လည်း သစ္စာရှိသူဖြစ်သည်။ အများအကျိုးနှင့် ပုဂ္ဂိုလ်ရေးကို ခွဲခြားသိမြင်သူ ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် သေချာတယ်။ ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ ကျုပ်နဲ့ ဆော်ရွန်ရဲ့ တစ်ဦးချင်းတိုက်ပွဲ အကြောင်းကို ရှီလွန်အင်ပါယာ တစ်ခုလုံးဆီ အသိပေးရမယ်။ အဲဒီလိုဆိုရင် သူ သေဆုံးသွားတဲ့အခါ အစ်မက အလိုအလျောက် ရှီလွန်အင်ပါယာရဲ့ ဧကရီ ဖြစ်လာလိမ့်မယ်။ ဒီရာထူးအတွက် ဘယ်သူမှ အစ်မကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ ဆော်ရွန် သေဆုံးပြီးသွားရင် အစ်မရဲ့ ဂုဏ်သတင်းက ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်။”
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ဆော်ရွန်၏ ဖိနှိပ်ချုပ်ခြယ်သော အရှိန်အဝါနှင့် ယှဉ်လျှင် ဒုတိယဧကရီ ဟယ်လင်သည် မြင့်မြတ်ဖြောင့်မတ်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်သည်။ သူမသည် အမှန်တကယ်ပင် ဘက်လိုက်မှု ကင်းသူ ဖြစ်၏။
ဒုတိယဧကရီ ဟယ်လင်က ပြောလိုက်သည်။ “ကောင်းပါပြီ။ အစ်မ နားလည်ပါပြီ။ ရှီလွန်မိသားစုအပေါ် ထားရှိတဲ့ မောင်လေးရဲ့ ကျေးဇူးတရားကို အမြဲ သတိရနေမှာပါ။ အစ်မ ဘုရင်မမြို့တော်ကို ပြန်ပြီး အဲဒီကနေမှ ရှီလွန်အင်ပါယာ မြို့တော်ကို သွားပါ့မယ်။ မောင်လေးနဲ့ ဆော်ရွန်ရဲ့ တစ်ဦးချင်း တိုက်ပွဲကို ရှီလွန်အင်ပါယာတစ်ခုလုံး မျက်ဝါးထင်ထင် တွေ့မြင်စေရမယ်။”
ထို့နောက် ဟယ်လင်သည် နှင်းလင်းယုန်ကို စီးနင်းလျက် ချက်ချင်း ပျံသန်း ထွက်ခွာသွားခဲ့သည်။
ရှမ့်လန်သည် တံခါးပေါက်မှ ထွက်လာပြီး ဒီဘိုရာ၊ မြို့စားကြီး ပိုင်တင်နှင့် အခြားသူများကို ပြောလိုက်သည်။
“နောက်ထပ် ရက်နှစ်ဆယ်ကြာရင် ရှီလွန်အင်ပါယာမြို့တော်မှာ ဆော်ရွန်နဲ့ ကျုပ် အသက်လုပွဲ တိုက်ခိုက်ကြမယ်။”
ဤစကားကို ကြားလိုက်ရသည်နှင့် ဒီဘိုရာ၊ မြို့စားကြီး ပိုင်တင်နှင့် အခြားသူများသည် လုံးဝ တုန်လှုပ်ချောက်ချား သွားကြ၏။
… …
အချိန်ကာလသည် ရေအလျဉ်ကဲ့သို့ စီးဆင်းသွားခဲ့၏။ လဝက်ကျော်မျှ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ရှမ့်လန်သည် အသံလှိုင်း သတ္တဝါပျကို စီးနင်းလျက် ဒီဘိုရာ၊ သားဖြစ်သူ ရှမ့်ယီတို့နှင့်အတူ ရွှေကျောက်စိမ်းမြို့မှ ထွက်ခွာလာခဲ့ကြသည်။ ဆော်ရွန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရန် ရှီလွန် အင်ပါယာ မြို့တော်ဆီသို့ ဦးတည်ပျံသန်းလာခဲ့ခြင်း ဖြစ်၏။
… …
ဆော်ရွန်ကို မည်သို့ အနိုင်ယူရမည်နည်း ဆိုသည်မှာ ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ ထိုအရာမှာ မဖြစ်နိုင်လုနီးပါး တာဝန်တစ်ခု ဖြစ်၏။ ပထမဦးစွာ ဆော်ရွန်၏ သိုင်းပညာသည် ရင်ဝူမင်ထက် များစွာ သာလွန်သည်။ သူသည် အနောက်ပိုင်း ရှီလွန်ကောင်းကင် ဧကရာဇ်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရုံ သာမက ကွေ့ဝူ၏ ဝိညာဉ်နှင့် စိတ်ဓာတ်ကိုပါ ပိုင်ဆိုင်ထားသည်။
ကွေ့ဝူသည် အချိန်ကြာမြင့်စွာ ကျန်းလီ၏ အရိပ် ဖြစ်ခဲ့သည်။ သူ၏ သိုင်းပညာသည် ကျန်းလီ၏ အဆင့်သို့ မမီသော်လည်း ကျန်းလီ၏ နေရာတွင် အစားထိုးရန်အတွက်မူ လုံလောက်သော စွမ်းအား ရှိရမည်။ ထို့အပြင် ကျန်းလီဘေးနားတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ခြင်းကြောင့် သူ၏ တိုက်ခိုက်ရေး ဉာဏ်ပညာနှင့် သိုင်းပညာ အပေါ် နားလည်သဘောပေါက်မှုတို့မှာ အံ့မခန်းပင် ဖြစ်ပေလိမ့်မည်။ အရေးကြီးဆုံးအချက်မှာ ကွေ့ဝူသည် ကျန်းလီ၏ ပစ္စည်းကိရိယာ သုံးခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။
ဤသည်မှာ ယုတ္တိမရှိသော အားသာချက် တစ်ခုပင်။ ဖြေရှင်းရန် နည်းလမ်း မရှိသကဲ့သို့ ခံစားရစေသည်။ ရှမ့်လန်၏ စွမ်းအင်ဝဲကတော့ တိုက်ခိုက်မှုအားလုံးသည် အရာထင်မည် မဟုတ်ပေ။ အကြောင်းမှာ တစ်ဖက်လူ၌ တွန်းလှန်နိုင်သော ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသောကြောင့် ဖြစ်သည်။
ရှမ့်လန်၏ ရှေးဟောင်းဘုရင်လက်စွပ်က တစ်ဖက်လူ၏ လက်စွပ်ကို ဖိနှိပ်ထားနိုင်မည်လား။ မဖြစ်နိုင်ပေ။ သူ၏ ရှေးဟောင်းဘုရင် လက်စွပ်က လုပ်ပိုင်ခွင့် အာဏာ ပိုမြင့်မားနေလျှင်ပင် ၎င်းတို့သည် အမျိုးအစား တူညီနေဆဲ ဖြစ်၏။
အခြား ဖြစ်နိုင်ခြေ တစ်ခု ရှိသေး၏။ ယင်းမှာ ငရဲဝိညာဉ်ပုလဲ ဖြစ်သည်။ ဤအရာသည် ရတနာတစ်ခု ဖြစ်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာလည်း ဖြစ်သည်။ အထဲတွင် ဝိညာဉ်ပေါင်း ထောင်ချီ ရှိနေပြီး ငရဲသလင်းကျောက်၏ စွမ်းအင်များဖြင့် လုံးဝ စိမ့်ဝင် ပျံ့နှံ့နေသည်။ နဂါးတစ်ကောင်ပင်လျှင် ထိုအရာကို မျိုချမိပါက ထိခိုက်ဒဏ်ရာ ရနိုင်ပေရာ သာမန်လူ ဆိုလျှင်မူ ပြောဖွယ်ရာ မရှိပေ။
ထို့ကြောင့် ရှမ့်လန် အနေဖြင့် ဤငရဲဝိညာဉ်ပုလဲကို အသုံးပြုပြီး ဆော်ရွန်၏ ဝိညာဉ်ကို တိုက်ခိုက်နိုင်မည်လား။ သာမန် ဝိညာဉ်တိုက်ခိုက်မှုဆိုလျှင် ဆော်ရွန်၏ ရှေးဟောင်းဘုရင် လက်စွပ်က သေချာပေါက် တားဆီးပေ လိမ့်မည်။ သို့သော်ငြား ငရဲစွမ်းအင်များ စိမ့်ဝင်နေသော ဝိညာဉ်တိုက်ခိုက်မှုသည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး ရှေးဟောင်းဘုရင်လက်စွပ်၏ ကာကွယ်မှု အတိုင်းအတာကို ကျော်လွန်သွားနိုင်သည်။
သို့သော်ငြား နောက်ဆုံးတွင် ရှမ့်လန် လက်လျော့လိုက်သည်။ အကြောင်းမှာ ဤအရာသည် အလွန် တန်ဖိုးကြီးသောကြောင့် ရှမ့်လန်အနေဖြင့် အလွယ်တကူ ဖြုန်းတီးပစ်ရန် ဝန်လေးနေသောကြောင့် ဖြစ်၏။
အထူးသဖြင့် ဤငရဲဝိညာဉ်ပုလဲ၏ စွမ်းအင် တည်ဆောက်ပုံသည် ရှမ့်လန်၏ အနာဂတ် သုတေသန လုပ်ငန်းများ အတွက် အလွန် အရေးပါလှပေသည်။
ဆော်ရွန်ကို အနိုင်ယူရန် နည်းလမ်း တစ်ခုသာ ရှိတော့သည်။ နဂါးဉာဏ်အလင်း ပွင့်ခြင်းပင် ဖြစ်၏။ သဘောတရားမှာ အလွန် ရိုးရှင်းသည်။ ဆော်ရွန်၏ ရင်ဘတ်ထဲတွင်လည်း နဂါးနှလုံးသား ရှိနေပြီး ထိုအရာကလည်း စွမ်းအင် အရင်းအမြစ်တစ်ခုပင် ဖြစ်၏။
နဂါးသွေးခြင်ဆီ ဆိုသည်မှာ အဘယ်နည်း။ ထိုအရာသည် ရှေးဟောင်းနဂါးသေတ္တာ၏ စွမ်းအင် အရင်းအမြစ် ဖြစ်ပြီး နဂါးနောင်တလက်နက်၏ စွမ်းအင် အရင်းအမြစ်လည်း ဖြစ်သည်။ ထို့အပြင် ဤလောကရှိ အမြင့်ဆုံးသော စွမ်းအင်ပုံစံ ဖြစ်သည်။
ယခင်က အကြိမ်ကြိမ် ပြောခဲ့ဖူးသည့်အတိုင်း အဆင့်မြင့် နဂါးအာရုံခံမှုကို ပြီးမြောက်ခြင်းသည် နဂါး၏ နောင်တ လက်နက်ကို မည်သို့ ဖန်တီးရမည်ကို သင်ယူခြင်းနှင့် အတူတူပင် ဖြစ်သည်။ အနည်းဆုံးတော့ ထိုအရာ ပေါက်ကွဲမှု၏ နောက်ကွယ်မှ သဘောတရားကို သိရှိနားလည်ပေလိမ့်မည်။ သို့သော်ငြား ထိုအရာသည် အဆင့်မြင့် နဂါးဉာဏ်အလင်း၏ နားလည်သဘောပေါက်မှု ဖြစ်၏။
နဂါးဉာဏ်အလင်းပွင့်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ထိုအရာမှာ လူသား၏ တွေးခေါ်ပုံနည်းလမ်းကို အသုံးပြု၍ နဂါး၏ စွမ်းအင်နည်းစနစ်နှင့် နဂါး၏ အနှစ်သာရ စသည်တို့ကို နားလည်သဘောပေါက်ရန် ဖြစ်သည်။ ထို့ကြောင့် အထူးအဆင့်မြင့်၊ အဆင့်မြင့်၊ သာမန်၊ အခြေခံအဆင့် စသောကြောင့် အဆင့်များ ခွဲခြားထားခြင်း ဖြစ်သည်။
ယခုအချိန်တွင် ရှမ့်လန်သည် နဂါးဉာဏ်အလင်း ပွင့်ခြင်း၏ အခြေခံအဆင့်၌ ရှိနေလောက်သည်။ ထိုသို့ဆိုလျှင် ဤမျှ နားလည်သဘောပေါက်မှု အဆင့်သည် အသုံးဝင်ပါမည်လား။ အလွန် အရေးပါပြီး ကြီးကျယ်သည်ဟုပင် ဆိုနိုင်၏။ အကြောင်းမှာ ရှမ့်လန်သည် အမြင့်ဆုံးသော စွမ်းအင် ယဉ်ကျေးမှုကို တစ်စွန်းတစ်စ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သို့သော်ငြား လက်တွေ့ အသုံးချနိုင်မှု ရှိမရှိ ဆိုသည်မှာ မရှိနိုင်သေးပေ။
ဆော်ရွန်ကို ဖျက်ဆီးရန် နဂါးဉာဏ်အလင်းကို မည်သို့ အသုံးပြုမည်နည်း။ အလွန် ရိုးရှင်းသည်။ သူ့ နဂါးနှလုံးသားထဲရှိ နဂါးသွေးခြင်ဆီကို မီးရှို့လိုက်ရုံသာ ဖြစ်၏။ ဤသို့ပြုလုပ်ရန်မှာ အလွန်တရာ ခက်ခဲသော်လည်း အလွန် လွယ်ကူသည်ဟုလည်း ဆိုနိုင်၏။
နဂါးသွေးခြင်ဆီကိုလည်း မူလတန်း၊ သာမန်၊ အဆင့်မြင့်၊ အထူးအဆင့်မြင့် စသဖြင့် အဆင့်များ ခွဲခြား ထားနိုင်သေးသည်။ ဟုတ်ပေသည်။ ဤသည်မှာ ရှမ့်လန်က သာမန်ကာလျှံကာ ခွဲခြားထားခြင်းသာ ဖြစ်ပြီး တကယ်တမ်းတော့ သူကိုယ်တိုင်လည်း ရှင်းလင်းစွာ မသိရှိပေ။
ဥပမာအားဖြင့် ဟိုက်ဒရိုဂျင်ကို ကြည့် ...။ အခြေခံအကျဆုံး စွမ်းအင် တိုက်ခိုက်မှုမှာ ဟိုက်ဒရိုဂျင်ကို မီးရှို့ပြီး တိုက်ရိုက် ပေါက်ကွဲစေခြင်း ဖြစ်သည်။ ပမာဏသည် အတိုင်းအတာ တစ်ခုကို ကျော်လွန်သွားပါက ဟိုက်ဒရိုဂျင် ပေါက်ကွဲမှုသည် သာမန်ဓာတ်ငွေ့ထက် ပိုမို ပြင်းထန်ပေလိမ့်မည်။
အမှန်စင်စစ် ဤသည်မှာ ဟိုက်ဒရိုဂျင်၏ အနိမ့်ဆုံး တိုက်ခိုက်မှု အတိုင်းအတာသာ ဖြစ်သေး၏။ ယင်းနောက်တွင် သတ္တုဟိုက်ဒရိုဂျင် ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ဤမြင်ကွင်းကို ယခင် ဇာတ်လမ်းများတွင် အကြိမ်များစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ စွမ်းအားမှာ အံ့မခန်းပင်။
သေးငယ်သော သတ္တုဟိုက်ဒရိုဂျင် ပေါက်ကွဲမှုတစ်ခုသည် ကောင်းကင်ပင်လယ် နန်းဆောင် စာကြည့်တိုက်ကို မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားအောင် ဖျက်ဆီးနိုင်ခဲ့သည်။ ၎င်းသည် ပြင်းအားမြင့် ယမ်းစွမ်းအားထက် ဆယ်ဆမက ပြင်းထန်ပေသည်။ ဟိုက်ဒရိုဂျင်ပေါက်ကွဲမှု၏ အမြင့်ဆုံးအဆင့်မှာတော့ နျူကလီးယား ပေါင်းစည်းခြင်း ဖြစ်သည်။
ဤစွမ်းအားသည် အမှန်တကယ်ပင် ဖျက်ဆီးခြင်း သက်သက်သာ ဖြစ်၏။ ၎င်းသည် ပြင်းအားမြင့်ယမ်း တန်ချိန် သန်းပေါင်းများစွာ၏ စွမ်းအားနှင့် ညီမျှသည်။ အလွန် ပြင်းထန်သောကြောင့် မည်သူမှ အသုံးမပြုရဲကြချေ။
နဂါးသွေးခြင်ဆီသည်လည်း ထိုနည်းလည်းကောင်းပင်။ ထိုအရာ၏ အခြေခံ လောင်ကျွမ်းမှုသည် ပေါက်ကွဲမှု တစ်မျိုးဖြစ်ပြီး နဂါးနောင်တ လက်နက်ထက် များစွာ နိမ့်ကျသည်။ ရှေးဟောင်း လူသားများသည် နဂါးအပေါ် နားလည် သဘောပေါက်မှု ပိုမို မြင့်မားကြသောကြောင့် နဂါးနောင်တကဲ့သို့သော မဟာဗျူဟာမြောက် သတ်ဖြတ်ရေး လက်နက်ကို ဖန်တီးခဲ့ကြခြင်း ဖြစ်၏။
ဆော်ရွန်ကို သတ်ဖြတ်နိုင်ရန် နဂါးသွေးခြင်ဆီ၏ အခြေခံဓာတ်ပြုမှုတစ်ခုသာ လိုအပ်သည်။ အကြောင်းရင်းမှာ ရိုးရှင်း၏။ နဂါးနှလုံးသားသည် လူသားတစ်ဦး၏ အသက်ဇီဝ အချက်အခြာဖြစ်သော နှလုံးနှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့်ပင် နဂါးသွေးခြင်ဆီ အနည်းငယ် ပေါက်ကွဲရုံမျှဖြင့် မည်သည့် သိုင်းပညာရှင်မှ ခံနိုင်လိမ့်မည် မဟုတ်ပေ။
နဂါးသွေးခြင်ဆီ၏ အခြေခံပေါက်ကွဲမှုအတွက်ဆိုလျှင်မူ နဂါးအာရုံခံနိုင်စွမ်း အခြေခံအဆင့် ရှိရုံဖြင့် လုံလောက် သည်။ ရှေးယခင်ကာလများကမူ ဤသို့ လုပ်ဆောင်ခြင်းသည် အလွန်တရာ ဖြုန်းတီးရာ ကျသည်။ ကောင်းကင်ဘုံမှ ပေးသနားသော ဆုလာဘ်ကို အလဟဿ ဖျက်ဆီးပစ်ခြင်းနှင့် တူနေသည်။
ဥပမာဆိုရသော် မီးဖိုချောင်သုံး ဂက်စ်ကုန်သွားသောကြောင့် တန်ဖိုးကြီးလှသော နှင်းဆီသစ်သား စားပွဲကို ခွဲကာ ထင်းစိုက်လိုက်သကဲ့သို့ပင်။ ဂက်စ်တစ်ပုံးသည် ဒေါ်လာတစ်ရာကျော်သာ ကျသင့်သော်လည်း နှင်းဆီသစ်သား စားပွဲခုံမှာမူ တန်ဖိုးဖြတ်မရနိုင်အောင် ဈေးကြီးသည် မဟုတ်ပါလား။
ရှမ့်လန်သည် နဂါးဉာဏ်အလင်း အခြေခံအဆင့်ကို ပေါက်မြောက်ထားပြီး ဖြစ်သော်လည်း ဆော်ရွန်၏ နဂါး နှလုံးသားထဲရှိ သွေးခြင်ဆီကို ဖောက်ခွဲပစ်ရန်မှာ မလွယ်ကူသေးပေ။ ပထမအချက်မှာ အခြေခံအဆင့် နဂါးဉာဏ်အလင်း ဖြစ်လင့်ကစား သတင်းအချက်အလက် ပမာဏမှာ အလွန်တရာ များပြားလှသည်။
ရှမ့်လန်၏ အကြမ်းဖျင်း တွက်ချက်မှုအရ တန်ချိန်ပေါင်း ဆယ်ချီ ရှိနိုင်၏။ သူသည် ဤကျယ်ပြောလှသော သတင်းအချက်အလက် ပင်လယ်ကြီးထဲ၌ နဂါးသွေးခြင်ဆီကို မီးရှို့နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်။
ဒုတိယအချက်မှာ နဂါးသွေးခြင်ဆီသည် နဂါးနှလုံးသားအတွင်း၌ သိမ်းဆည်းထားခြင်း ဖြစ်သောကြောင့် အတွင်းရှိ သွေးခြင်ဆီ ပေါက်ကွဲစေရန် နဂါးနှလုံးသား၏ အကာအကွယ် အခွံကို ဖောက်ထွင်းရမည်။ ဤသည်မှာ နောက်ထပ် ပြဿနာတစ်ရပ် ဖြစ်နေပြန်၏။
ထို့ကြောင့် သူ၏မဟာဗျူဟာမှာ နဂါးအာရုံခံနိုင်စွမ်းနှင့် စိတ်စွမ်းအင် တိုက်ခိုက်မှုကို ပေါင်းစပ်ကာ ဆော်ရွန်၏ နဂါးနှလုံးသားကို ဝန်ပိသွားစေရန် ဖိအားပေးရမည်။ ထိုမှတစ်ဆင့် နဂါးသွေးခြင်ဆီကို ဖောက်ခွဲပစ်ရမည်။
ဤနည်းလမ်း၏ ခက်ခဲမှုမှာ အလွန် မြင့်မား၏။ အနည်းဆုံးတော့ စွမ်းအင်ဝဲကတော့ ဖန်တီးခြင်းထက် များစွာ ပိုမို ခက်ခဲသည်။ အရိုးရှင်းဆုံး နှိုင်းယှဉ်ပြရလျှင် စွမ်းအင်ဝဲကတော့သည် ကိန်းနှစ်လုံးပါ ညီမျှခြင်း တစ်ခုသာ ဖြစ်ပြီး ဆော်ရွန်၏ နဂါးနှလုံးသားကို ဖောက်ခွဲခြင်းမှာမူ ကိန်းများစွာပါ ညီမျှခြင်းတစ်ခုကို ဖြေရှင်းရသည်နှင့် တူပေသည်။
၎င်းသည် နဂါးအာရုံခံနိုင်စွမ်း၊ စိတ်စွမ်းအင် တိုက်ခိုက်မှုများနှင့် ရှုပ်ထွေးသော စွမ်းအင် ညီမျှခြင်းများစွာ တည်ဆောက်ရန် လိုအပ်သည်။ ထို့အပြင် နဂါးနှလုံးသား၏ တည်ဆောက်ပုံကို ရှင်းလင်းစွာ သိရှိရန် လိုအပ်ပြီး အတွင်းအစိတ်အပိုင်း တစ်ခုချင်းစီ၏ သဘောတရားကိုလည်း နားလည်ရန် လိုအပ်၏။
ထို့ကြောင့် ရွှေကျောက်စိမ်းမြို့သို့ ပြန်ရောက်ပြီးနောက် ဆယ်ရက်တာ ကာလအတွင်း ရှမ့်လန်သည် တရားထိုင် နေခဲ့သည်။ ကံကောင်းစွာဖြင့် သူသည် မဟာကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်အမွေအနှစ်ကို ရရှိထားပြီး ပြိုင်ဘက်ကင်းသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် သူ၏ စိတ်ကူးစိတ်သန်းများ ပေါ်ပေါက်လာသည့်နှုန်းမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို လျင်မြန်လာခဲ့၏။ သို့မဟုတ်ပါက ဤတာဝန်သည် သူ၏ စွမ်းဆောင်ရည်ကို လုံးဝ ကျော်လွန်သွားမည်ဖြစ်ပြီး ထက်ဝက်မျှ မပြီးစီးခင်မှာပင် သတိလစ်မေ့မျောသွားနိုင်၏။
၁၆ ရက်တိတိ ကြာမြင့်ခဲ့ပြီးနောက် ရှမ့်လန်သည် တိုက်ခိုက်မှု တည်ဆောက်ပုံ တစ်ခုလုံးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့၏။ ပထမဦးစွာ စွမ်းအင်ဝဲကတော့ဖြင့် ဆော်ရွန်အား တိုက်ခိုက်မည်။ သေချာသည်မှာ ဤတိုက်ခိုက်မှုကို ဆော်ရွန်က ရှေးဟောင်းဘုရင်လက်စွပ်ဖြင့် အလွယ်တကူ တားဆီးဖြေရှင်းနိုင်ပေလိမ့်မည်။
သို့သော်ငြား ဤအချိန်တွင် နဂါးနှလုံးသားသည် ဝန်ပိလာမည်။ သူ ခန့်မှန်းသည်မှာ မှန်ကန်ပါက ဤအချိန်တွင် ဆော်ရွန်သည် သေချာပေါက် ပြန်လည် တိုက်ခိုက်ပေလိမ့်မည်။ ထိုတိုက်ခိုက်မှုသည် လောကမြေကြီး တုန်ဟီးသွားစေမည့် တိုက်ခိုက်မှုမျိုး ဖြစ်ပေလိမ့်မည်။
ယခုအချိန်သည် ဆော်ရွန် မာန်တက်ပြီး ဘဝင်မြင့်နေချိန် ဖြစ်သည်။ သူသည် သူ၏ ပြိုင်ဘက်ကင်း စွမ်းအားကို ပြသရန်နှင့် လူများကို တုန်လှုပ်သွားစေရန် ရန်သူအား မည်သည့် အခွင့်အရေးကိုမှ ပေးမည် မဟုတ်ပေ။ အထူးသဖြင့် မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားမှု ပြင်းထန်နေသော ဤအချိန်မျိုးတွင် သူ့အတွက် တောင်ပိုင်းမှ မှူးမတ်များ ပိုမို တုန်လှုပ်သွားစေရန် လိုအပ်သည်။
အနောက်လောကတွင် ပျံသန်းနိုင်သောသတ္တဝါများ မရှိကြပေ။ မီးနတ်ဘုရားဂိုဏ်း၌ပင် မရှိချေ။ ရွှေကျောက်စိမ်းမြို့ နှင့် ဘုရင်မမြို့တော်မှ သတ္တဝါပျံများကို ဘိုးဘေးလော်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ဆော်ရွန်၌ သတ္တဝါပျံများ ရှိနေသည်။ ထိုနှင်းကဲ့သို့ ဖြူဖွေးသော သတ္တဝါပျံမှာ မည်သည့်နေရာမှ ရောက်ရှိလာမှန်း မည်သူမှ မသိရှိကြပေ။
ယခုတစ်ကြိမ်တွင် သူသည် ရှီလွန်အင်ပါယာမှ မှူးမတ်များကို ကြိုဆိုရန် သတ္တဝါပျံရာပေါင်းများစွာကို အသုံးပြုခဲ့သည်။ တောင်ပိုင်းမှ မှူးမတ်များ ဖြစ်စေ၊ မြောက်ပိုင်းမှ မှူးမတ်များ ဖြစ်စေ။ မြို့စားအဆင့်နှင့် အထက်ရှိသူမှန်သမျှကို ဤပြိုင်ပွဲအား သက်သေအဖြစ် ကြည့်ရှုစေရန် ရှီလွန်အင်ပါယာ မြို့တော်သို့ သတ္တဝါပျံများဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
သူသည် မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားမှုကို တားဆီးလိုသောကြောင့် သူ၏ စွမ်းအားကို အစွမ်းကုန် ပြသပြီး လူများကို နှလုံးသားအောက်ခြေမှ တုန်လှုပ်သွားစေရမည်။ သူ့အား မည်သူမှ ပြန်လည် မခုခံရဲအောင် လုပ်ဆောင်ရမည်။
နဂါးနှလုံးသားသည် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားချိန်မှာတော့ ရှမ့်လန်သည် နဂါးသွေးခြင်ဆီ၏ ပဲ့တင်ထပ်မှု ဖြစ်ပေါ်စေရန် နဂါးအာရုံခံနိုင်စွမ်းကို အသုံးပြုမည်။ ဤသည်မှာ အလွန် အန္တရာယ်များသည်။ အဘယ်ကြောင့်ဆိုသော် ဤနည်းအားဖြင့် ရှမ့်လန်၏ နဂါးနှလုံးသားထဲရှိ နဂါးသွေးခြင်ဆီ သည်လည်း ပေါက်ကွဲသွားနိုင်သောကြောင့်ပင်။
သို့သော်ငြား အချက်နှစ်ချက် ရှိနေသည်။ ရှမ့်လန်၏ နဂါးနှလုံးသားကို အိမ်ရှေ့စံ ကျန်းရှဲ့ ကိုယ်တိုင် ပြုလုပ် ထားသောကြောင့် အဆင့်အတန်း ပိုမို မြင့်မားသည်။ ဒုတိယအချက်မှာ ရှမ့်လန်သည် နဂါးနှလုံးသားကို ဝန်ပိအောင် မလုပ်ဆောင်ထားသောကြောင့် ပဲ့တင်ထပ်မှု ဖြစ်ပေါ်လာလျှင်ပင် သူ၏ နဂါးနှလုံးသား အကာအကွယ် စနစ်သည် နဂါးသွေးခြင်ဆီ၏ အခြေခံ ပေါက်ကွဲမှုကို တားဆီးပေးနိုင်ပေမည်။
ဤသည်မှာ အလွန့် အလွန် ရှုပ်ထွေးသော လုပ်ငန်းစဉ်ဖြစ်ပြီး သိုင်းပညာ နယ်ပယ်ထက် များစွာ ကျော်လွန်နေသော အလွန် မြင့်မားသည့် လုပ်ငန်းစဉ်လည်း ဖြစ်သည်။ ထို့ကြောင့် နဂါးအာရုံခံနိုင်စွမ်းသည် အလွန် အစွမ်းထက်နေဆဲဖြစ်ပြီး အခြေခံအဆင့် ဖြစ်နေလျှင်ပင် ဤလောကနှင့် လုံးဝ မတူညီသော နယ်ပယ် တစ်ခုတွင် ရှိနေသည်။
သေချာသည်မှာ စွမ်းအင်ဝဲကတော့ တည်ဆောက်မှု ပြီးစီးပြီးနောက် သူသည် စမ်းသပ် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ သူ စမ်းသပ်မှု မလုပ်ဆောင်နိုင်ပေ။ အခွင့်အရေး တစ်ကြိမ်သာ ရှိ၏။ ထို့ကြောင့် ရှမ့်လန်သည် သူ၏ စိတ်ထဲတွင် ထပ်ကာတလဲလဲ တွက်ချက်နေခဲ့ပြီး အကြိမ်တိုင်းတွင် အောင်မြင်အောင် ကြိုတင်စီစဉ်ထား၏။
… …