အခန်း (၁၂၄၁-၁၂၄၂)
Vol. 71 Ch. 1241-1242
အပိုင်း (၁၂၄၁)
ယနေ့သည် ရှမ့်လန် အနေဖြင့် ဤသက်ကြီးရွယ်အို ဂိုဏ်းချုပ်ကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။ သို့သော်ငြား သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး သိကျွမ်းသည်မှာ နှစ်အနည်းငယ် ကြာပြီဟု ဆိုနိုင်သည်။ မီးနတ်ဘုရားဂိုဏ်းနှင့် တော်ဝင်ချန်အင်ပါယာအကြားတွင် ရှယ်လီသာ အမြဲ ရှိနေခဲ့သော်လည်း အမှန်တကယ် ဆုံးဖြတ်ချက် ချမှတ်သူမှာ ဤဂိုဏ်းချုပ်ကြီးသာ ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ မီးနတ်ဘုရားဂိုဏ်းက ကျုပ်အတွက် အမြဲတမ်း အကူအညီ ဖြစ်ခဲ့ပါတယ်။”
ထို့နောက် မီးနတ်ဘုရားဂိုဏ်းခေါင်းဆောင်နှင့် အလင်းရောင်ဂိုဏ်းခေါင်းဆောင်တို့သည် ဆော်ရွန်၏ အလောင်းကို ပွဲကြည့်စင်ပေါ်မှ သယ်ယူလာရန် လူလွှတ်လိုက်ကြသည်။ ဆော်ရွန် သေဆုံးနေပြီဖြစ်ကြောင်း လူတိုင်း မြင်တွေ့နိုင်သော်လည်း ဂိုဏ်းချုပ်ကြီး နှစ်ပါးသည် သေချာစွာ စစ်ဆေးရန် လိုအပ်သေး၏။
သူတို့နှစ်ဦးသည် အလွန် သေချာစွာ စစ်ဆေးကြသည်။ ပထမဦးစွာ သူ၏ နှလုံးခုန်နှုန်းကို စစ်ဆေးကြသည်။ နှလုံးသားက ပေါက်ကွဲထွက်သွားပြီ ဖြစ်သောကြောင့် နှလုံးခုန်သံဟူ၍ မရှိတော့ပေ။
သို့နှင့် လည်ပင်းသွေးကြောကို စစ်ဆေးပြီး နောက်ဆုံးတွင် မျက်လုံးကို စစ်ဆေးကြသည်။ ထို့နောက် အလင်းရောင် ဂိုဏ်းချုပ်ကြီးက သတင်းကို ကြေညာရန် ရှေ့ထွက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆော်ရွန်ဘက်မှ သက်သေအဖြစ် သတ်မှတ်နိုင်သောကြောင့်ပင်။
ဂိုဏ်းချုပ်ကြီးက အက်ကွဲသော အသံဖြင့် ဝမ်းနည်းပက်လက် ပြောလိုက်သည်။ “ရှီလွန် တတိယအင်ပါယာရဲ့ အင်ပါယာ ဆော်ရွန်ဟာ ဘုရားသခင်ရဲ့ ရင်ခွင်တော်ထဲကို ပြန်လည် ရောက်ရှိသွားပြီဆိုတာကို ကျုပ်အနေနဲ့ ကြေကွဲဝမ်းနည်းစွာ ကြေညာအပ်ပါတယ်။”
သူ၏အသံသည် အလွန် တိုးညှင်း၏။ ဤမျှ ကြီးမားသော တစ်ဦးချင်းတိုက်ပွဲ ကွင်းပြင်ကြီးတွင် မည်သည့် အသံချဲ့စက်ကိုမှ အသုံးမပြုထားသောကြောင့် သူ့အသံကို ကြားရရန် မဖြစ်နိုင်သလောက်ပင်။
သို့သော်ငြား သူ ကြေညာပြီးသည်နှင့် ကွင်းပြင်ရှိ လူအချို့သည် ငိုကြွေးကြ၏။
အချိန်အတော်ကြာသွားခဲ့သော်လည်း ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို စိတ်ကူးကြည့်ရန် ခက်ခဲနေဆဲဖြစ်ပြီး ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်ကြပေ။ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတွင် ဤလက်တွေ့ အမှန်တရားကို လက်ခံလိုက်ကြရသည်။ အင်ပါယာ ဆော်ရွန် သေဆုံးသွားခဲ့သည်။ သူသည် ရုတ်တရက်ကြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဧကရီ ဟယ်လင်၏ စိတ်ထဲတွင် အလွန် ရှုပ်ထွေးနေခဲ့၏။ သူမ အနည်းငယ် ဝမ်းနည်းသော်လည်း ထိုဝမ်းနည်းမှုထက် လေးလံသော ခံစားချက်က ပိုမို လွှမ်းမိုးနေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရှေ့မှောက်ရှိ ဆော်ရွန်၏ဝိညာဉ်သည် ဆော်ရွန်အစစ် မဟုတ်ဘဲ ကွေ့ဝူ ဖြစ်ကြောင်း ရှမ့်လန်က သူမအား ပြောပြထားပြီး ဖြစ်သောကြောင့်ပင်။
အကယ်၍ ဆော်ရွန်အစစ်သာ ဖြစ်ပါက ဟယ်လင် အလွန် ဝမ်းနည်းမိမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှီလွန်မိသားစုဝင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။ သူမ၏ အမြင်တွင် ဆော်ရွန်သည် အမှန်တကယ်ပင် အလားအလာရှိသော ဘုရင်တစ်ပါး ဖြစ်ပြီး ရှီလွန်အင်ပါယာအတွက် အသင့်တော်ဆုံး ဧကရာဇ် ဖြစ်၏။
သေချာသည်မှာ ရှမ့်လန်နှင့် ဆော်ရွန်ကြား ရွေးချယ်ရမည်ဆိုလျှင် သူမသည် ရှမ့်လန်ကိုသာ ရွေးချယ်မည် ဖြစ်သော်လည်း ဤအချက်က သူမ၏ ဝမ်းနည်းမှုကို အဟန့်အတား မဖြစ်စေပေ။
ရောက်ရှိနေသူများအထဲတွင် အလွန် ပျော်ရွှင်နေသော်လည်း မျက်နှာတွင်မူ အလွန် ဝမ်းနည်းပူဆွေးသော အမူအရာ ပြသနေသူ တစ်ဦး ရှိသည်။ ထိုသူမှာ နယ်စားကြီး ဒီဘိုရာပင် ဖြစ်၏။ သူမသည် စိတ်ထဲတွင် အကြိမ်ကြိမ် အော်ဟစ်နေခဲ့သည်။ ‘အရှင် ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ။ ကျွန်မရဲ့အရှင်သခင် အသက်ရာကျော် ရှည်ပါစေ။’
အရှင်ရှမ့်လန်သည် နောက်တစ်ကြိမ် ထပ်မံ အနိုင်ရရှိလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။ ဤသည်မှာ ကြီးကျယ်လွန်းလှ၏။
သို့သော်ငြား သူမသည် လုံးဝ ထုတ်ဖော်ပြသ၍ မရပေ။ အင်ပါယာ ဆော်ရွန် အသက်ရှိစဉ်က သူမ၏ ရန်လိုမှုကို ပြသနိုင်သော်လည်း ယခု ဆော်ရွန် သေဆုံးသွားပြီ ဖြစ်ရာ သူမသည် အလွန် ဝမ်းနည်းပူဆွေးနေပုံ ရရှိနေရမည်။
ထိုသို့မဟုတ်ပါက သူမသည် မှူးမတ်တစ်ဦး ဖြစ်ရန် အရည်အချင်း မပြည့်မီပေ။ နောက်တစ်ဆင့် အနေဖြင့် သူမသည် မြောက်ဘက်နှင့် တောင်ဘက် ကွဲပြားရေး လုပ်ရပ်အားလုံးကို ရပ်တန့်ပြီး ဒုတိယဧကရီ ဟယ်လင် ထီးနန်းရရှိရေးအတွက် သူမ၏ အင်အား အကုန်သုံး၍ ကူညီပေးမည်။
ရှမ့်ယီအတွက်မူ သားအဖ နှစ်ယောက်၏ နှလုံးသားသည် ဆက်နွယ်နေကြသည်။ ရှမ့်လန် အနိုင်ရပြီး ဆော်ရွန် သေဆုံးသွားချိန်မှာတော့ ရှမ့်ယီ၏ တင်းကျပ်စွာ ဆုပ်ထားသော လက်သီးများ ပြေလျော့သွားပြီး လက်ဖဝါးမှ သွေးများ စတင် စီးကျလာခဲ့သည်။
ရှမ့်လန်က သူ အနိုင်ရမည်ဟု အကြိမ်ကြိမ် ပြောခဲ့သော်လည်း ခုဏက ဆော်ရွန်၏ စွမ်းဆောင်ရည်မှာ အလွန် ထူးချွန်ပြောင်မြောက်ပြီး စွမ်းအားကြီးမားလွန်းလှသောကြောင့် ရှမ့်ယီသည် အသက်ရှူ၍ မရသကဲ့သို့၊ လှုပ်ရှား၍ မရသကဲ့သို့ ခံစားခဲ့ရ၏။
ဆော်ရွန်၏ နောက်ဆုံး လျှပ်စီးကြောင်း ရှမ့်လန်အပေါ် ကျရောက်လာချိန်တွင် ထိုဓားချက်သည် သူ့ကို လာရောက် ထိမှန်သကဲ့သို့ ခံစားလိုက်ရပြီး ရှမ့်ယီ၏ ခေါင်းတစ်ခုလုံး ကွဲထွက်သွားမတတ် ခံစားခဲ့ရသည်။ ယခုအခါ ရလဒ် ထွက်ပေါ်လာခဲ့ပြီး ဆော်ရွန် သေဆုံးသွားပြီ ဖြစ်သည်။ ရှမ့်ယီသည် နောက်သို့ မှီချလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်သည်။
… …..
ရှမ့်လန်သည် ဆော်ရွန်၏ အလောင်းကို ကြည့်ပြီး စိတ်ထဲတွင် လျစ်လျူရှုစွာ ပြောလိုက်၏။
‘နဂါးအာရုံခံနိုင်စွမ်းနဲ့ ပတ်သက်ရင် ခင်ဗျားက တကယ့်ကို ဘာမှ မသိတဲ့လူပဲ။ ဒါက ဒီလောကရဲ့ အဆုံးစွန်သော စွမ်းအားပဲ။’
ထို့နောက် သူသည် အလင်းရောင် ဂိုဏ်းချုပ်နှင့် မီးနတ်ဘုရား ဂိုဏ်းချုပ်တို့ကို ကြည့်ကာ ပြောလိုက်သည်။ “အရှင်တို့... ကျုပ်တို့ရဲ့အရင်စာချုပ်အရ ဆော်ရွန် ရှုံးနိမ့်သွားပြီဆိုတော့ ကျုပ်ရဲ့ ကျန်းမိသားစုပိုင် ပစ္စည်း ကိရိယာတွေကို ပြန်ယူရမယ် မဟုတ်လား။”
ဂိုဏ်းချုပ် နှစ်ပါးသည် စာချုပ်ကို ထုတ်ယူကြည့်ရှုပြီး ခေါင်းညိတ်လိုက်ကြ၏။ “ဟုတ်ပါတယ်။ အရှင် ရှမ့်လန်။”
ထို့နောက် မီးနတ်ဘုရားဂိုဏ်းချုပ်သည် မူလက အရှင်ကျန်းလီ ပိုင်ဆိုင်ခဲ့သော ဆော်ရွန်၏ ရှေးဟောင်းဘုရင် ဓားကို ယူလိုက်သည်။ အလင်းရောင်ဂိုဏ်းချုပ်က ဓားကို စစ်ဆေးပြီးနောက် ရှမ့်လန်လက်သို့ အပ်နှင်းလိုက်သည်။
နောက်တစ်ခုမှာ ရှေးဟောင်းဘုရင် လက်စွပ် ဖြစ်သည်။ ဂိုဏ်းချုပ် နှစ်ပါးသည် စာချုပ်ပါ ဖော်ပြချက်အတိုင်း ဆော်ရွန်၏ လက်ချောင်းမှ လက်စွပ်ကို ချွတ်ယူလိုက်ကြသည်။ ဤရှေးဟောင်းဘုရင် လက်စွပ်သည် ပိုင်ရှင်က ကြည်ဖြူခြင်း မရှိပါက လုံးဝချွတ်၍ မရနိုင်ပေ။ ယခု ဆော်ရွန် သေဆုံးသွားပြီ ဖြစ်သောကြောင့် အလွယ်တကူ ချွတ်ယူနိုင်ခြင်း ဖြစ်၏။
နောက်ဆုံးတစ်ခုမှာ နဂါးနှလုံးသား ကိရိယာ ဖြစ်သည်။ ၎င်းသည် ရှိနေဆဲ ဖြစ်သော်လည်း အလွန် ဆိုးရွားစွာ ပျက်စီးနေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အတွင်းရှိ နဂါးသွေးခြင်ဆီ ပေါက်ကွဲသွားပြီး ဆော်ရွန် သေဆုံးခဲ့သောကြောင့်ပင်။
ထိုအချိန်၌ တော်ဝင်ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ဆော်ရွန်၏ ဇနီး၊ ရှီလွန်အင်ပါယာ၏ ဧကရီသည် ရုတ်တရက် ပြေးထွက်လာပြီး အော်ဟစ်ကာ ပြောလိုက်သည်။ “ဒါ လူသတ်မှုပဲ။ ဒါ လူသတ်မှုပဲ။ တစ်ယောက်ယောက်က ကျွန်မရဲ့ယောက်ျားကို လုပ်ကြံသတ်ဖြတ်လိုက်တာ။ တစ်ယောက်ယောက်က ရှင်တို့ရဲ့ဧကရာဇ်ကို လုပ်ကြံ သတ်ဖြတ်လိုက်တာ။”
ပရိသတ်အားလုံး တိတ်ဆိတ်သွားပြီး ဧကရီကို ကြောင်အအ စိုက်ကြည့်နေကြ၏။
ရှီလွန်အင်ပါယာ၏ ဧကရီသည် ရှမ့်လန်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ “ကျွန်မတို့အားလုံး ခုဏက မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြတာပဲ။ အင်ပါယာဆော်ရွန်ရဲ့ သိုင်းပညာက ရှမ့်လန်ထက် အများကြီး သာလွန်တယ်။ တစ်ဖက်သတ် ဖိနှိပ်ထားတာတောင် ဖြစ်နေသေးတယ်။ ဒီတစ်ဦးချင်းတိုက်ပွဲက အင်ပါယာဆော်ရွန်အတွက် စော်ကားမှု တစ်ခုတောင် ဖြစ်နေသေးတယ်။ နောက်ဆုံး အရေးကြီးတဲ့အချိန်မှာ အင်ပါယာ ဆော်ရွန်ရဲ့ လျှပ်စီးက ရှမ့်လန်ကို လုံးဝ ဆုတ်ဖြဲပစ်တော့မလို့ လုပ်နေတုန်း ရုတ်တရက် သူ့ရင်ဘတ် ပေါက်ကွဲသွားတာ။ တစ်ယောက်ယောက်က အင်ပါယာ ဆော်ရွန်ကို လုပ်ကြံသတ်ဖြတ်လိုက်တာပဲ။”
“ရှမ့်လန်... လူတိုင်းကို ပြောပြစမ်း။ ရှင် ဘယ်လို နည်းလမ်းသုံးပြီး အင်ပါယာဆော်ရွန်ကို လုပ်ကြံသတ်ဖြတ် လိုက်တာလဲ။ ဘာလို့ သူ့ရင်ဘတ် ပေါက်ကွဲသွားတာလဲ။ ရှင် ဘယ်လို အဆိပ်မျိုး သုံးလိုက်တာလဲ။ ရှီလွန်အင်ပါယာက မှူးမတ်တို့.... ရှင်တို့ရဲ့ ဧကရာဇ် လုပ်ကြံခံလိုက်ရတာကို ဒီတိုင်း ကြည့်နေကြတော့မှာလား။ သူ့အတွက် လက်စားမချေကြတော့ဘူးလား။
ရှမ့်လန်... ဒီလူသတ်မှုရဲ့ တရားခံက ဘယ်သူလဲ။ ရှင် ဘာလုပ်ချင်တာလဲ။ ရှင်က ရှီလွန်အင်ပါယာရဲ့ ထီးနန်းကို လုယူချင်တာလား။ ဒီနောက်ကွယ်က တကယ့် တရားခံက ဘယ်သူလဲ။”
ဤစကား၏ အဓိပ္ပာယ်မှာ အလွန် ပြင်းထန်သည်။ ဤဧကရီသည် ဒုတိယဧကရီဟယ်လင်ကို ရည်ညွှန်း ပြောဆိုနေခြင်း ဖြစ်သည်။ သူမ၏ ဆိုလိုရင်းမှာ အလွန် ရှင်းလင်းသည်။ ရှမ့်လန်နှင့် ဒုတိယဧကရီ ဟယ်လင်တို့ ပူးပေါင်းပြီး အင်ပါယာဆော်ရွန်ကို လုပ်ကြံသတ်ဖြတ်ကာ ဟယ်လင်ကို ထီးနန်းဆက်ခံစေရန် ကြံစည်နေကြခြင်း ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဧကရီက အော်ဟစ်လိုက်သည်။ “ရှီလွန်အင်ပါယာရဲ့ ထီးနန်းကို ရှီလွန်တော်ဝင်မိသားစုကပဲ ပိုင်ဆိုင်ရမယ်။ တခြားမိသားစုတွေ ရှီလွန်အင်ပါယာကို လုယူဖို့ စိတ်ကူးတောင် မယဉ်ကြနဲ့။ အထူးသဖြင့် ကျန်းမိသားစုပဲ။”
ဤအမျိုးသမီးသည် နိုင်ငံရေး သတ္တဝါတစ်ကောင် အမှန်ပင် ဖြစ်သည်။ အင်ပါယာဆော်ရွန် သေဆုံး သွားချိန်တွင် သူမ ခေတ္တမျှ ဝမ်းနည်းကောင်း ဝမ်းနည်းခဲ့လိမ့်မည်။ သို့သော်ငြား လျင်မြန်စွာပင် သတိပြန်ဝင်လာပြီး တည်ငြိမ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဆော်ရွန် သေဆုံးသွားသောကြောင့် ဟယ်လင်သည် ထီးနန်းဆက်ခံမည့် ပထမဦးစားပေး ဖြစ်လာပြီး သူမ၏ သားသည် ဒုတိယ ဆက်ခံသူ ဖြစ်လာသောကြောင့်ပင်။ ထို့ကြောင့် သူမသည် လူသတ်မှု ပြစ်ဒဏ်ကို ရှမ့်လန်နှင့် ဟယ်လင်အပေါ် ပုံချရမည်။ ဤနည်းအားဖြင့် သူမ၏ သားသည် ထီးနန်းကို ချောမွေ့စွာ ဆက်ခံနိုင်မှာ ဖြစ်ပြီး သူမသည်လည်း ရှီလွန်အင်ပါယာ၏ မယ်တော်ကြီး ဖြစ်လာနိုင်မည်။
သို့သော်ငြား တုံ့ပြန်သူ သိပ်မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် အသက်နှင့် ခန္ဓာ စာချုပ်တွင် ဤတစ်ဦးချင်း တိုက်ပွဲ၏ ရလဒ်ကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး ဖြစ်စဉ်ကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း ရှင်းလင်းစွာ ရေးသားထားသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ရလဒ်သည် အသက် သေဆုံးမှု နှင့် ရှင်သန်မှုပေါ်တွင်သာ မူတည်သည်။ မည်သို့ သတ်ဖြတ်လိုက်သည် ဆိုသည်မှာ အရေးမကြီးပေ။
ဧကရီသည် ဆက်လက် အော်ဟစ်နေခဲ့သည်။ “ရှီလွန်အင်ပါယာက မင်းသားတို့... အင်ပါယာကို ပြင်ပလူတွေ လက်ထဲ ကျရောက်သွားမှာကို လိုလားနေကြတာလား။ အင်ပါယာကို အလုယူခံလိုက်ရမှာကို လိုလားနေကြ တာလား။”
ပရိသတ်ထံမှ တုံ့ပြန်မှုသိပ်မရှိသေးသော်လည်း ရှီလွန်အင်ပါယာ၏ မင်းသားများ၏ မျက်ဝန်းများမှာမူ လှုပ်ရှားသွားကြသည်။ သိသာထင်ရှားသည်မှာ သူတို့အတွက် ဆော်ရွန်၏သားကို ထီးနန်းတင်ပေးခြင်းသည် အကောင်းဆုံး အကျိုးစီးပွား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆော်ရွန်၏သားသည် အလွန် ငယ်ရွယ်သေးသောကြောင့် ကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် ဖုံးအုပ်ထားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မင်းသားများသည် နန်းတွင်းကို ပူးပေါင်း ထိန်းချုပ်နိုင်ပြီး သူတို့၏ အာဏာကို အမြင့်ဆုံး ရယူနိုင်မည်။ ယခုနှစ်များအတွင်း ဆော်ရွန် ထီးနန်းစိုးစံစဉ်က အာဏာအပြည့်အဝ ရှိခဲ့သည်။ မင်းသားများ၌ ဂုဏ်သတင်းနှင့် စည်းစိမ်ဥစ္စာသာ ရှိပြီး အာဏာ လုံးဝ မရှိကြပေ။
ယခု ဆော်ရွန် သေဆုံးသွားပြီဖြစ်ရာ အင်ပါယာ၏အာဏာကို သိမ်းပိုက်ပြီး အိမ်ရှေ့စံ မင်းသားလေးကို ထီးနန်းတင်ပေးရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။ ဤသည်မှာ အကောင်းဆုံး ရလဒ် ဖြစ်၏။ သို့သော်ငြား ဒုတိယဧကရီ ဟယ်လင်၏ ဂုဏ်သတင်းမှာ ကြီးမားလွန်းလှပြီး သူမ၌ တောင်ပိုင်းတစ်ခုလုံး၏ ထောက်ခံမှု ရှိနေသည်။ ဤမင်းသားများသည် ရှေ့ထွက်ပြီး ဗြောင်ကျကျ တိုက်ခိုက်ရန် မရဲကြပေ။
ဆော်ရွန်၏ဧကရီက ဆက်ပြောလိုက်သည်။ “လူတိုင်း သိကြတဲ့အတိုင်း ဒုတိယဧကရီ ဟယ်လင်က အိမ်ထောင်မပြုရသေးသလို သားသမီးလည်း မရှိပါဘူး။ ဒါ့အပြင် သူက လိုကီကို အရမ်းချစ်ပြီး သားအရင်းလို သဘောထားပါတယ်။ အကယ်၍ သူသာ ထီးနန်းတက်လာရင် အနာဂတ်မှာ လိုကီကို ထီးနန်းလွှဲပေးပါလိမ့်မယ်။
လိုကီမှာ ရှီလွန်တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက် မရှိပါဘူး။ သူက ရှမ့်လန်ရဲ့ သားဖြစ်ပြီး အရှေ့ပိုင်း ကျန်းမိသားစု ရဲ့ သွေးမျိုးဆက် ရှိသူပါ။ ဒါ့ကြောင့် ဒါတွေအားလုံးက ရှီလွန်အင်ပါယာကို လုယူဖို့ ရှမ့်လန်ရဲ့ ပူးပေါင်းကြံစည်မှုပါပဲ။”
ဤအချက်ကိုမူ သည်းမခံနိုင်တော့ပေ။ နောက်ဆုံးတွင် ရှီလွန်အင်ပါယာ၏ သစ္စာရှိပြီး ဖြောင့်မတ်သော မြောက်ပိုင်း မှူးမတ်များသည် လှုံ့ဆော်ခံလိုက်ရပြီ ဖြစ်သည်။ သူတို့ မတ်တတ်ထရပ်ပြီး အော်ဟစ်လိုက်ကြ၏။
“ဟုတ်တယ်။ အဲလိုတော့မဖြစ်ဘူး။”
ဧကရီသည် အလွန် ဝမ်းမြောက်သွားပြီး အော်ဟစ်လိုက်သည်။ “ရှီလွန်အင်ပါယာရဲ့ ဖြောင့်မတ်တဲ့ မှူးမတ်တို့။ အရှေ့တိုင်းသားတွေက အမြဲတမ်း ကောက်ကျစ်စဉ်းလဲပြီး အရှက်မရှိကြပါဘူး။ ဒီတော်ဝင်ချန်အင်ပါယာရဲ့ ဧကရာဇ်က ယုတ်မာတဲ့ နည်းလမ်းတွေသုံးပြီး ရှင်တို့ရဲ့ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ အခု သူက ရှီလွန်အင်ပါယာကိုပါ လုယူချင်နေပြီ။ ရှင်တို့ ဒီတိုင်း ရပ်ကြည့်နေကြတော့မှာလား။”
“မဖြစ်ဘူး။”
“မဖြစ်ဘူး။”
“မဖြစ်ဘူး။”
ဧကရီက အော်ဟစ်လိုက်သည်။ “လူသတ်တရားခံ ရှမ့်လန်ကို ဖမ်းဆီးပါ။ သူ့ကို ထောင်ထဲထည့်ပါ။ သေချာ စစ်ဆေးမေးမြန်းပြီး အင်ပါယာ ဆော်ရွန်ကို လုပ်ကြံသတ်ဖြတ်မှုရဲ့ နောက်ကွယ်က တရားခံကို ဖော်ထုတ်ပါ။”
“လူသတ်တရားခံ ရှမ့်လန်ကို ဖမ်းဆီးကြ။”
“လူသတ်တရားခံ ရှမ့်လန်ကို ဖမ်းဆီးကြ။”
တုံ့ပြန်သူ သိပ်မများသော်လည်း သောင်းနှင့်ချီ ရှိနေသေး၏။
ရုတ်တရက် ကွင်းပြင် တစ်ခုလုံး ဆူညံသွားခဲ့သည်။
ဧကရီ၏ အန္တိမ ရည်မှန်းချက်မှာ ရှမ့်လန် လုံးဝမဟုတ်ဘဲ ဟယ်လင်နှင့် နယ်စားကြီး ဒီဘိုရာတို့ ဖြစ်သည်။ ရှီလွန်အင်ပါယာသည် သူတို့၏ နယ်မြေ ဖြစ်သည်။ နယ်စားကြီး ဒီဘိုရာ၏ အုပ်စုကို လုံးဝ ဖမ်းဆီးလိုက်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အဓိက ပစ်မှတ် ဖြစ်သော ဒုတိယဧကရီ ဟယ်လင်သည် စကားတစ်ခွန်းမှ မပြောဘဲ နယ်စားကြီး ရပ်လ်ဆဲကို ကြည့်လိုက်သည်။ ဆော်ရွန် ထီးနန်းရရှိရေးအတွက် အကြီးမားဆုံး အကျိုးဆောင်မှာ ဤ နယ်စားကြီး ရပ်လ်ဆဲ ဖြစ်၏။
စုန်းအင်ပါယာ ရှီလွန်တစ်ခုလုံးကို ဝါးမျိုလိုက်စဉ်က ဤနယ်စားကြီး ရပ်လ်ဆဲနှင့် နယ်စားကြီး ဒီဘိုရာတို့ တပ်ဖွဲ့စည်းပြီး စုန်းအင်ပါယာ၏ ပြည်နယ် အများစုကို ဖျက်ဆီးခဲ့ကြသည်။ သူတို့၏ နယ်မြေများကို ပြန်လည် ရယူခဲ့ပြီး စုန်းအင်ပါယာ၏ မြို့တော်ဖြစ်သော ဘုရင်မမြို့တော်ကို စစ်သည် သန်းပေါင်းများစွာဖြင့် ဝိုင်းရံထား ခဲ့ကြသည်။
စစ်မှုထမ်းခြင်းတွင် အထူးချွန်ဆုံးမှာ နယ်စားကြီး ရပ်လ်ဆဲ ဖြစ်သည်။ သူသည် ရှီလွန် တတိယအင်ပါယာ တည်ထောင်ရာတွင် အကြီးမားဆုံး အကျိုးဆောင်သူ ဖြစ်သည်။ သူသည် အင်ပါယာဆော်ရွန်၏ အကြီးမားဆုံး ထောက်ခံသူနှင့် သစ္စာရှိသူလည်း ဖြစ်၏။
အပိုင်း (၁၂၄၂)
ဆော်ရွန် ထီးနန်းတက်ပြီးနောက် နယ်စားကြီးရပ်လ်ဆဲသည် အင်ပါယာ၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ အင်ပါယာအနေဖြင့် ဆော်ရွန်သည် ရပ်လ်ဆဲ၏ သစ္စာစောင့်သိမှုကို ယုံကြည်သည်။ လက်အောက်ငယ်သား အနေဖြင့် လူတိုင်းသည် ရပ်လ်ဆဲ၏ ဖြောင့်မတ်မှန်ကန်မှုကို ယုံကြည်ကြသည်။
သူ၏အကျင့်စာရိတ္တသည် အမှန်တကယ်ပင် စိတ်ပျက်စရာ မရှိခဲ့ပေ။ ရှမ့်လန်၏ တပ်တော်က အသူရာလှိုင်း ပြည်နယ်ကို လုံးဝ သိမ်းပိုက်လိုက်ပြီး ဒီဘိုရာ ရှမ့်လန်နှင့် လက်ထပ်လိုက်ချိန်တွင် နယ်စားကြီး ရပ်လ်ဆဲသည် ရွှေကျောက်စိမ်းမြို့ကို တိုက်ခိုက်ရန် စစ်တပ် စေလွှတ်ခဲ့၏။
သို့သော်ငြား မင်းသမီးဟယ်လင် ပြန်ရောက်လာပြီး ရှမ့်လန်သည် သူမ၏မောင် ဖြစ်ကြောင်း ကြေညာလိုက် ချိန်မှာတော့ ချက်ချင်း တပ်ဆုတ် ပေးခဲ့သည်။ ထိုတင် မကသေးပေ။ ရော့ဆိုနယ်စားကြီးအနေဖြင့် ဒီဘိုရာသည် ဂုဏ်သိက္ခာ မရှိသော ကိစ္စများစွာကို ပြုလုပ်ခဲ့သည်။ ရပ်လ်ဆဲ၏ ဘိုးဘေးများသည် တစ်ချိန်က ရော့ဆို မိသားစုဝင်များ ဖြစ်ခဲ့သော်လည်း ကျရှုံးပြီး ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။ သူသည် ရော့ဆိုမိသားစု၏ တံဆိပ်ကို ပြန်လည် ရယူနိုင်ပြီး သူသည် ရော့ဆိုမိသားစု၏ တရားဝင် ဆက်ခံသူ ဖြစ်ကြောင်း ပြောဆိုနိုင်သည်။ သို့သော်ငြား သူ ထိုသို့ မပြုလုပ်ခဲ့ပေ။ အစား သူ၏ မျိုးရိုးအမည်သစ်ကိုသာ ဆက်လက် ခံယူခဲ့သည်။
ဤကဲ့သို့သော ဖရိုဖရဲ အခြေအနေမျိုးတွင် တရားမျှတမှုကို ဖော်ဆောင်ရန် အင်ပါယာ၏ ဝန်ကြီးချုပ်ကို အထူး လိုအပ်နေသည်။ ထို့ကြောင့် လူတိုင်း၏ အကြည့်သည် နယ်စားကြီး ရပ်လ်ဆဲထံသို့ ရောက်ရှိသွားကြ၏။
ဧကရီသည် လေးနှစ်အရွယ် အိမ်ရှေ့စံမင်းသားလေးကို ပွေ့ချီလျက် နယ်စားကြီး ရပ်လ်ဆဲအား ဦးညွှတ် လိုက်သည်။
“နယ်စားကြီး ရပ်လ်ဆဲ... ရှင်က အင်ပါယာရဲ့ ဝန်ကြီးချုပ် ဖြစ်ရုံသာမက အင်ပါယာဆော်ရွန်ရဲ့ လက်ရုံးလည်း ဖြစ်ပါတယ်။ ရှင်က ကျွန်မတို့ရဲ့ ယုံကြည်ရဆုံး လူတစ်ယောက် ဖြစ်သလို အိမ်ရှေ့စံမင်းသားလေးရဲ့ ဆရာလည်း ဖြစ်ပါတယ်။ အင်ပါယာ ဆော်ရွန် လုပ်ကြံခံလိုက်ရပါပြီ။ သူ့ရဲ့ ကျန်ရစ်သူ မိန်းမတစ်ယောက် အနေနဲ့ ကျွန်မက ရှင့်ရဲ့ ဘက်လိုက်မှု ကင်းမဲ့ခြင်းနဲ့ မြင့်မြတ်ခြင်းကို အထူး လိုအပ်နေပါတယ်။”
ရှီလွန်အင်ပါယာ၏ ဝန်ကြီးချုပ် ရပ်လ်ဆဲ မတ်တတ်ထရပ်လိုက်ပြီး ဒုတိယဧကရီ ဟယ်လင်ကို ပြောလိုက်သည်။ “ကျုပ် မင်းသမီးနဲ့ သီးသန့် စကားပြောလို့ ရမလား။”
“ရပါတယ်။” ဟယ်လင်က ပြန်ဖြေလိုက်၏။
ထို့နောက် သူတို့နှစ်ဦးသည် တော်ဝင်ပွဲကြည့်စင်၏ ထောင့်တစ်နေရာသို့ သွားလိုက်ကြသည်။ သူတို့နှစ်ဦး အမှန်တကယ်ပင် သီးသန့် စကားပြောနေကြသော်လည်း လူတိုင်း၏ ရှေ့မှောက်တွင် သူတို့၏ ဖြူစင်ရိုးသားမှုကို ဖော်ပြနေကြခြင်း ဖြစ်သည်။
နယ်စားကြီး ရပ်လ်ဆဲက ပြောလိုက်၏။ “ဒုတိယဧကရီ ဟယ်လင်... မင်းသမီးရဲ့ ကိုယ်ကျင့်တရားက ကျုပ်ထက်တောင် သာလွန်တယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းက တကယ်ကို ရုတ်တရက်ဆန်လွန်းပါတယ်။
အင်ပါယာ ဆော်ရွန်က အရှင် ရှမ့်လန်ကို စော်ကားခဲ့မိတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ အသက်နဲ့ရင်းပြီး တိုက်ခိုက်ရလောက်တဲ့ အထိတော့ မဟုတ်ပါဘူး။ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။ အကယ်၍ မင်းသမီးက ကျုပ်ရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်တယ်ဆိုရင် ကျေးဇူးပြုပြီး ပြောပြပေးပါ။”
ဒုတိယဧကရီ ဟယ်လင်သည် မျက်လုံးများကို မှိတ်ထားပြီး ခဏမျှ တုန်ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “ကျွန်မရဲ့ မောင်လေး ရှမ့်လန်မှာ အင်ပါယာ ဆော်ရွန်ကို သတ်ဖို့ လုံလောက်တဲ့ တရားမျှတတဲ့ အကြောင်းပြချက် ရှိပါတယ်။ ဆော်ရွန်က ဘုရင်မမီဒူဆာကို နှုတ်နဲ့စော်ကားခဲ့လို့ လုံးဝ မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်က ကျန်းမိသားစုရဲ့ သစ္စာဖောက် ဖြစ်နေလို့ပါ။ သူက ကျန်းမိသားစုကို သစ္စာဖောက်ခဲ့တယ်။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ နယ်စားကြီး ရပ်လ်ဆဲသည် မယုံနိုင်သော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။ ဒုတိယဧကရီ ဟယ်လင်က ဆက်ပြော၏။ “အဲဒီဧရာမနဂါးကြီးနဲ့ ပတ်သက်ပြီး အင်ပါယာတစ်ခုလုံးက သတင်း အချက်အလက် ပိတ်ဆို့ထားသလို အရှေ့နဲ့ အနောက် ကုန်သွယ်ရေးကိုလည်း လုံးဝ ရပ်ဆိုင်းထားပါတယ်။ ရှီလွန်အင်ပါယာကနေ ဘယ်သင်္ဘောမှ ထွက်ခွာခွင့် မပေးပါဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ် သိလောက်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”
နယ်စားကြီး ရပ်လ်ဆဲ ခေါင်းညိတ်လိုက်သည်။ သေချာပေါက် သူ သိရှိထားပေသည်။ အန်းရှီးမြို့ကို ဧရာမနဂါးကြီး ဖျက်ဆီးခဲ့ပြီး ရွှေကျောက်စိမ်းမြို့ကိုလည်း တစ်ရက်တည်းဖြင့် ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။ ဧရာမနဂါးကြီးသည် အင်ပါယာ၏ အထက်တန်းလွှာ တစ်ခုလုံးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
ထို့အပြင် အင်ပါယာ ဆော်ရွန်သည် နယ်စားကြီး ရပ်လ်ဆဲနှင့် လျှို့ဝှက် ဆွေးနွေးခဲ့ဖူးပြီး ဧရာမနဂါးကြီး အတွက် စိတ်မပူရန်၊ အဘယ်ကြောင့်ဆိုသော် သူသည် မကြာမီ ဤဧရာမနဂါးကြီးကို အောင်မြင်စွာ သိမ်းပိုက်နိုင်တော့မည် ဖြစ်ကြောင်း၊ သူသည် စစ်မှန်သော နဂါး၏ သားတော် ဖြစ်လာရန် ကံပါလာကြောင်း ပြောခဲ့ဖူး၏။
ဟယ်လင်က ပြောလိုက်သည်။ “ဒီနဂါးက ကျန်းမိသားစုပိုင်ဖြစ်ပြီး နဂါးကို မွေးမြူခဲ့တဲ့ ကျန်းမိသားစုရဲ့ အစေခံက မြောက်ဘက်ကို စွန့်စားရောက်ရှိလာခဲ့တဲ့ ဆော်ရွန်ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာပါ။ ဆော်ရွန်ရဲ့ ခန္ဓာကိုယ်ပေါ်က ပစ္စည်းကိရိယာ သုံးခုကိုလည်း ဝန်ကြီးချုပ် မြင်တွေ့ခဲ့ပြီး ဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ရှေးဟောင်းဘုရင် လက်စွပ်၊ ရှေးဟောင်းဘုရင်ဓားနဲ့ နဂါးနှလုံးသား တို့ပါ။”
နယ်စားကြီး ရပ်လ်ဆဲက ပြောလိုက်၏။ “ကျုပ် မြင်ပါတယ်။ တကယ်တော့ ကျုပ် အဲဒါကို အရမ်း ထူးဆန်းတယ် လို့ ထင်ခဲ့တာ။”
ဟယ်လင်က ဆက်ပြောသည်။ “ဒါတွေက ကျွန်မအဖေ ကျန်းလီ ပိုင်ဆိုင်ခဲ့တာပါ။ သူ ရုတ်တရက် မကွယ်လွန်ခင်မှာ ဒီပစ္စည်းကိရိယာ အစုံအလင်ကို သူ့ရဲ့အစေခံဆီ ပေးအပ်ခဲ့ပြီး အစေခံကို ဧရာမနဂါးကြီးနဲ့အတူ အနောက်လောကဆီ သွားခိုင်းခဲ့တယ်။ ကျွန်မရဲ့မောင်လေး ရှမ့်လန် သူ့ကို လာရှာမယ့်အချိန်ကို စောင့်ခိုင်းခဲ့တာပေါ့။ ဒါကြောင့် ဒီပစ္စည်းကိရိယာ အစုံအလင်က ကျွန်မမောင်လေး ရှမ့်လန် ပိုင်ဆိုင်တာပါ။
ဒါပေမဲ့ ဒီအစေခံက မရှိသင့်တဲ့ ရည်မှန်းချက်တွေ မွေးမြူခဲ့တယ်။ သူ့ဝိညာဉ်နဲ့ ဆော်ရွန်ရဲ့ ခန္ဓာကိုယ် ပေါင်းစပ်သွားပြီး စာချုပ် တစ်မျိုးမျိုး ချုပ်ဆိုခဲ့ကြတယ်။ ဒီပစ္စည်းကိရိယာ အစုံအလင်ကြောင့်ပဲ ဆော်ရွန်က မြောက်ဘက်စွန်းဒေသကို အောင်မြင်စွာ သွားရောက်နိုင်ခဲ့ပြီး အတားအဆီးကို ဖြတ်ကျော်နိုင်တယ်။ လေဟာနယ် လောကထဲက ရှီလွန်မြို့တော်ဟောင်းဆီ ဝင်ရောက်နိုင်ခဲ့တာ။ ပြီးတော့ ရှီလွန်အင်ပါယာရဲ့ ဓားကို ပြန်ယူနိုင်ခဲ့တာပေါ့။”
ဟယ်လင်က ဆက်ပြောလိုက်၏။ “ကျန်းမိသားစုရဲ့ အစေခံတစ်ယောက်အနေနဲ့ သူက ကျွန်မတို့ ကျန်းမိသားစုရဲ့ ပစ္စည်း ကိရိယာတွေကို တရားမဝင် သိမ်းပိုက်ခဲ့တယ်။ ဧရာမနဂါးကြီးကို ရယူဖို့အတွက် သူ့ရဲ့ သခင်ဖြစ်တဲ့ ကျွန်မမောင်လေး ရှမ့်လန်ကိုတောင် လုပ်ကြံသတ်ဖြတ်ချင်ခဲ့တယ်။ ဒါကြောင့် ဝန်ကြီးချုပ်... ကျွန်မ မောင်လေးမှာ သူ့ကို သတ်ဖို့ လုံလောက်တဲ့ တရားမျှတတဲ့ အကြောင်းပြချက် မရှိဘူးလား။ ဒါက ကျန်းမိသားစုရဲ့ သန့်စင်ရေးပါပဲ။”
ဤစကားများထဲမှ သတင်းအချက်အလက် ပမာဏမှာ များပြားလွန်းသောကြောင့် နယ်စားကြီးရပ်လ်ဆဲ၏ ခန္ဓာကိုယ်တစ်ခုလုံး မကြုံစဖူး တုန်လှုပ်သွားခဲ့ရသည်။ သူ မျက်လုံးများကို မှိတ်ထားလိုက်၏။ ဤကိစ္စများသည် အလွန် အရေးကြီးပြီး သူ့အနေဖြင့် အတည်ပြုရန် စွမ်းအင်နှင့် အချိန်များစွာ ပေးရမည်။ သို့သော်ငြား လက်ရှိ အခြေအနေမှာ အရေးတကြီး ဖြစ်နေပြီး အန္တရာယ် ရှိနေသည်။ အချိန် မရှိတော့ပေ။
အချိန်အတော်ကြာပြီးနောက် နယ်စားကြီး ရပ်လ်ဆဲက ပြောလိုက်သည်။ “ကျုပ် အရမ်း တုန်လှုပ်မိပါတယ်။ ဒါပေမဲ့ ကျုပ် ထင်ထားသလောက်တော့ မတုန်လှုပ်ပါဘူး။ အင်ပါယာဆော်ရွန်ရဲ့ အရင်းနှီးဆုံး လက်အောက် ငယ်သား တစ်ယောက်အနေနဲ့ တကယ်တော့ ကျုပ်မှာ သံသယတွေ အမြဲ ရှိခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ အင်ပါယာဆော်ရွန်ရဲ့ လက်ရေးက အများကြီး ပြောင်းလဲသွားလို့ပါ။ သေချာတာပေါ့။ သူက အများကြီး ကြုံတွေ့ခဲ့ရတော့ လက်ရေး ပြောင်းလဲသွားတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ သူ ရေးတဲ့အခါ အရှေ့တိုင်း စာလုံးတွေရဲ့ အငွေ့အသက်တွေ အများကြီးပါနေတာ ကျုပ် တွေ့ခဲ့ရတယ်။”
ကွေ့ဝူသည် အရှေ့တိုင်းသား ဖြစ်ပြီး တရုတ်စာကိုသာ အမြဲ ရေးသားခဲ့သည်။ အခြားတစ်ဖက်တွင် ဆော်ရွန်သည် ရှီလွန်လူမျိုး ဖြစ်ပြီး လက်တင် အက္ခရာကိုသာ အမြဲ ရေးသားခဲ့သည်။ ဤစာလုံးနှစ်မျိုးသည် လုံးဝ ကွဲပြား ခြားနားသောကြောင့် လက်ရေးဟန်သည်လည်း လုံးဝ ကွဲပြားခြားနားပြီး ပုံစံလည်း အလွန် ကွာခြား၏။
ဆော်ရွန်သည် ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့သော်လည်း သူ ရေးသားသည့်အခါ အရှေ့တိုင်း လက်ရေးဟန်ကို လုံးဝ ဖုံးကွယ်ထားရန် အလွန် ခက်ခဲသည်။ ထို့အပြင် ထီးနန်းတက်ပြီး နှစ်အနည်းငယ် ကြာချိန်မှာတော့ မည်သူမှ သူ့အာဏာကို မယှဉ်ပြိုင်နိုင်တော့သောကြောင့် သူသည် အလွန်အကျွံ ဖုံးကွယ်ထားရန် မလိုတော့ဟု ယူဆခဲ့ပုံရသည်။
“နောက်တစ်ခု ရှိသေးတယ်။ အင်ပါယာဆော်ရွန်က ကိစ္စတစ်ခုကို ဖြေရှင်းဖို့ လူတွေကို တိတ်တဆိတ် စေလွှတ်ခဲ့ဖူးတယ်။ အင်ပါယာရဲ့ ဝန်ကြီးချုပ်အနေနဲ့ ကျုပ်မှာ မေးမြန်းပိုင်ခွင့် မရှိပါဘူး။”
နယ်စားကြီး ရပ်လ်ဆဲက ဆက်ပြော၏။ “ဒါပေမဲ့ သူ့အတွက် ဒီလျှို့ဝှက်ကိစ္စကို ဆောင်ရွက်ပေးခဲ့တဲ့ လူတွေအားလုံး သေဆုံးသွားကြပါပြီ။ ဒါကြောင့် ဧကရာဇ်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စကို စပ်စုဖို့ ကျုပ်မှာ အခွင့်အရေး မရှိတော့ပါဘူး။ ဒါပေမဲ့ ဒီလူတွေ သေဆုံးပုံက အရမ်း ထူးဆန်းတယ်။ တချို့က နှုတ်ပိတ်ခံရသလို တချို့က အရမ်း ထူးထူးဆန်းဆန်း သေဆုံးခဲ့ကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပုပ်ပွပြီး သေဆုံးသွားကြတာ။”
ဟယ်လင်က ပြောလိုက်သည်။ “ကျွန်မမှာ သက်သေအထောက်အထား မရှိပါဘူး။ ဒါပေမဲ့။ ဧရာမနဂါးကြီးက အန်းရှီးမြို့ကို ဖျက်ဆီးခဲ့တာ အဲဒီထဲမှာ ယူရေနီယမ် ရှိနေလို့ပါ။ ဒါက ကြောက်စရာကောင်းတဲ့ ဒြပ်စင်တစ်ခုပါ။ ဝေးကွာနေရင်တောင် ရေဒီယိုသတ္တိကြွမှုကြောင့် လူတွေကို သေဆုံးစေနိုင်ပြီး ခန္ဓာကိုယ်တွေ ပုပ်ပွသွားစေ နိုင်ပါတယ်။
ဧရာမနဂါးကြီးက ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးချင်ခဲ့တာလည်း တစ်ယောက်ယောက်က ယူရေနီယမ်ကို ရွှေကျောက်စိမ်းမြို့ထဲ သယ်ဆောင်သွားပြီး အရေးကြီးတဲ့အချိန်မှာ မီးရှူးမီးပန်းထဲ ထည့် ကောင်းကင်ပေါ် ပစ်တင်လိုက်လို့ပါပဲ။”
နယ်စားကြီးရပ်လ်ဆဲသည် မဆင်မခြင် ခန့်မှန်းရဲခြင်း မရှိသလို တစ်မြို့လုံးကို သတ်ဖြတ်သည့် ပြစ်မှုကို မိမိ၏ အင်ပါယာအပေါ် ပုံချရန် ပို၍ပင် မရဲပေ။ သို့သော်ငြား ရွှေကျောက်စိမ်းမြို့ကို ဖျက်ဆီးရန် မည်သူ၌ အကြောင်းပြချက် အရှိဆုံး ဖြစ်သနည်း ဟူသည်ကိုမူ မစဉ်းစားဘဲ မနေနိုင်ချေ။
နယ်စားကြီး ရပ်လ်ဆဲက ပြောလိုက်၏။ “အရမ်း ထူးဆန်းလွန်းတယ်။ အရမ်း ထူးဆန်းလွန်းတယ်။ စာအုပ် တချို့ထဲမှာ ဝိညာဉ်ကူးပြောင်းခြင်း အကြောင်း ဖတ်ဖူးပမဲ့ တကယ်တမ်းကျတော့ အရမ်း ထူးဆန်းပြီး မယုံနိုင်စရာ ကောင်းနေတုန်းပဲ။”
မင်းသမီး ဟယ်လင်က ပြောလိုက်သည်။ “သေချာတာပေါ့။ ရှင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်မှုတွေကို အတင်းအဓမ္မ လုပ်ခိုင်းဖို့ ကျွန်မမှာ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ကျွန်မ ပြောချင်တာက ကျွန်မ မောင်လေးမှာ ဆော်ရွန်ကို သတ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရှိပါတယ်။”
နယ်စားကြီး ရပ်လ်ဆဲသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ မေးလိုက်၏ “ဒုတိယဧကရီ ဟယ်လင်... ဒါဆို မင်းသမီးက အရှင်မင်းသား လိုကီကို အင်ပါယာရဲ့ ဆက်ခံသူ ဖြစ်လာနိုင်တယ်လို့ ထင်ပါသလား။”
“မထင်ပါဘူး။” ဟယ်လင်က ပြတ်သားစွာ ဖြေလိုက်သည်။
နယ်စားကြီး ရပ်လ်ဆဲ ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ကျုပ် နားလည်ပါပြီ။ ကျုပ်စကားက အတူတူပါပဲ။ မင်းသမီးရဲ့ မြင့်မြတ်မှုနဲ့ ဖြူစင်ရိုးသားမှုကို ကျုပ် ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာထက်တောင် ပိုပါတယ်။”
… …
ခဏအကြာတွင် ရှီလွန်အင်ပါယာ၏ ဝန်ကြီးချုပ်၊ နယ်စားကြီး ရပ်လ်ဆဲသည် တော်ဝင်ပွဲကြည့်စင်၏ အလယ်သို့ ရောက်ရှိလာပြီး တစ်စုံတစ်ယောက်က သူ့အား အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက်ကို ပေးလိုက်သည်။
နယ်စားကြီး ရပ်လ်ဆဲက ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းသားတို့ ... မြောက်ပိုင်းက မှူးမတ်တို့၊ ခင်ဗျားတို့ ဘာတွေးနေလဲဆိုတာ ကျုပ် သိပါတယ်။ လေးနှစ်အရွယ် အိမ်ရှေ့စံမင်းသားလေးကို ထီးနန်းတင်ပေးပြီး ဧကရီကို မယ်တော်ကြီး ဖြစ်စေကာ မင်းသားတွေကို ကူညီစောင့်ရှောက်စေချင်ကြတာ။ ဒါက အကောင်းဆုံး အခြေအနေလို့ ထင်ရပါတယ်။”
တစ်ကွင်းလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး နယ်စားကြီး ရပ်လ်ဆဲ၏ စကားကို နားထောင်နေကြသည်။
နယ်စားကြီး ရပ်လ်ဆဲက ဆက်ပြော၏။ “ဒါပေမဲ့... ဒီမြင်ကွင်းက ရင်းနှီးနေသလို မခံစားရဘူးလား။ ဒါက ရှီလွန် ပထမအင်ပါယာရဲ့ နောက်ဆုံးနှစ်တွေက အခြေအနေ မဟုတ်ဘူးလား။ ပထမအင်ပါယာရဲ့ နောက်ဆုံး ဧကရာဇ် ထီးနန်းတက်တုန်းက သူက သုံးနှစ်သားပဲ ရှိသေးတယ်။ မင်းသားတွေက သူ့ကို ရုပ်ပြသက်သက်ပဲ ထားပြီး အာဏာလုဖို့ အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်။
ဧကရာဇ်ကို ကာကွယ်ဖို့အတွက် မယ်တော်ကြီးက မင်းသားသုံးပါးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ကျန်တဲ့ မင်းသားငါးပါးက လက်တွဲပြီး မယ်တော်ကြီးနဲ့ ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။ နောက်ဆုံးတော့ မင်းသားငါးပါး က ထီးနန်းလုရင်း အချင်းချင်း ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ကြလို့ ရှီလွန် ပထမအင်ပါယာ ပြိုကွဲသွားခဲ့ရတယ်။”
နယ်စားကြီး ရပ်လ်ဆဲက အော်ဟစ်လိုက်သည်။ “ဒီလို ကြေကွဲစရာ ဇာတ်လမ်းမျိုး ထပ်ဖြစ်လာတော့မှာလား။”
ဧကရီ တုန်လှုပ်စွာ ပြောလိုက်၏။ “နယ်စားကြီး ရပ်လ်ဆဲ... ရှင်က အင်ပါယာရဲ့ ဝန်ကြီးချုပ်လေ။ ရှင်က အဓိက ရင်ခွင်ပိုက် အုပ်ချုပ်သူ လုပ်လို့ ရတာပဲ။”
“ဟင့်အင်း။ ကျုပ် မလိုချင်ပါဘူး။”
နယ်စားကြီး ရပ်လ်ဆဲက ပြောလိုက်သည်။ “ကျုပ်က ရှီလွန်အင်ပါယာရဲ့ လက်အောက်ငယ်သား အဖြစ်ပဲ ထာဝရ နေသွားမှာပါ။ ဒီအင်ပါယာကို အုပ်ချုပ်နိုင်မယ့် ပညာရှိပြီး ၊ မြင့်မြတ်တဲ့ ဧကရာဇ်တစ်ပါး ပေါ်ထွန်းလာဖို့ မျှော်လင့်ပါတယ်။ အဲဒီ ဧကရာဇ်ရဲ့ အရိပ်အောက်မှာပဲ ကျုပ် ထာဝရ ခိုလှုံသွားမှာပါ။
အင်ပါယာ ဆော်ရွန်နဲ့ အရှင် ရှမ့်လန်ရဲ့ တစ်ဦးချင်းတိုက်ပွဲ စာချုပ်မှာ ရလဒ်ကိုပဲ ဂရုစိုက်ပြီး ဖြစ်စဉ်ကို ဂရုမစိုက်ဘူးလို့ ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် လူသတ်မှု ဆိုတာ မပါဝင်ပါဘူး။ နိုင်ခြင်း၊ ရှုံးခြင်းနဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းပဲ ရှိပါတယ်။
အင်ပါယာ ဆော်ရွန် သေဆုံးသွားပါပြီ။ ရှီလွန်အင်ပါယာရဲ့ ပထမ ဆက်ခံသူ အနေနဲ့ ဒုတိယဧကရီ ဟယ်လင်က ထီးနန်းကို သဘာဝကျစွာ ဆက်ခံရပါလိမ့်မယ်။ ကျုပ်ရှီလွန်အင်ပါယာရဲ့ ဝန်ကြီးချုပ်ရပ်လ်ဆဲက ဧကရီ ဟယ်လင်အပေါ် သစ္စာစောင့်သိပါ့မယ်။”
ထို့နောက် နယ်စားကြီး ရပ်လ်ဆဲသည် ဒုတိယဧကရီ ဟယ်လင်၏ ရှေ့မှောက်တွင် ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပေးလိုက်၏။
ပရိသတ်ကြီး တိတ်ဆိတ်သွားပြန်သည်။ နယ်စားကြီး ရပ်လ်ဆဲသည် ဝန်ကြီးချုပ်အဖြစ် နှစ်အနည်းငယ် တာဝန် ထမ်းဆောင်ခဲ့ပြီး တတိယအင်ပါယာအတွက် အကြီးမားဆုံး အကျိုးဆောင်သူ ဖြစ်သည်။ သူ၏ ဂုဏ်သတင်းမှာ ကြီးမားလွန်းပြီး ဩဇာအာဏာမှာလည်း ကြီးမားလွန်းသည်။ သူပင်လျှင် ဒုတိယဧကရီ ဟယ်လင်ကို ထောက်ခံနေသည်။ ဤအချက်က မြောက်ပိုင်းမှ မှူးမတ်များကို နက်နက်ရှိုင်းရှိုင်း တွေးတောစေခဲ့သည်။
တောင်ပိုင်းမှ မှူးမတ်များက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “ဧကရီ ဟယ်လင် အသက်ရာကျော် ရှည်ပါစေ။ အသက်ရာကျော် ရှည်ပါစေ။”
“ဟား ဟား ဟား...”
ဆော်ရွန်၏ ဧကရီသည် ဝမ်းနည်းပက်လက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ကျွန်မ မေ့လုနီးပါး ဖြစ်သွားတယ်။ နယ်စားကြီး ရပ်လ်ဆဲ... ရှင်ကလည်း ရော့ဆိုမိသားစုရဲ့ အဆက်အနွယ် တစ်ယောက်ပဲ။ ရှင်နဲ့ ဒီဘိုရာက မိသားစု တစ်ခုတည်းက မဟုတ်လား။”
ထို့နောက် ဧကရီသည် လေးနှစ်အရွယ် အိမ်ရှေ့စံ မင်းသားလေးကို ပွေ့ချီလျက် ပွဲကြည့်စင်၏ အစွန်းဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ သူမ ဝမ်းနည်းပက်လက် အော်ဟစ်လိုက်၏။ “ရှီလွန်အင်ပါယာက မှူးမတ်တို့... ရှင်တို့ရဲ့ အင်ပါယာ ဆော်ရွန် လုပ်ကြံခံလိုက်ရပါပြီ။ ရှင်တို့က သူ့အတွက် လက်စားမချေကြတဲ့အပြင် လူသတ်သမားအပေါ် သစ္စာစောင့်သိနေကြတယ်။”
“ဒါဆိုရင် အိမ်ရှေ့စံမင်းသားလေးနဲ့ ကျွန်မတို့မှာ နေစရာ နေရာ မရှိတော့ဘူးပေါ့။ လူသတ်သမား ထီးနန်း တက်ပြီးရင် လေးနှစ်အရွယ် အိမ်ရှေ့စံမင်းသားလေးနဲ့ ကျွန်မ မကြာခင် သေရတော့မှာ။ မကြာခင် လုပ်ကြံခံရတော့မှာ။ ဒီနေ့ ဒီနေရာမှာပဲသေပြီး အင်ပါယာ ဆော်ရွန်နဲ့အတူ မြှုပ်နှံခံလိုက်တာက ပိုကောင်းပါတယ်။
အင်ပါယာ... ရှင့်ရဲ့မိန်းမ လိုက်လာပြီ။ ရှင့်ရဲ့ သားလေး လိုက်လာပါပြီ။”
ထို့နောက် ဧကရီသည် လေးနှစ်အရွယ် အိမ်ရှေ့စံ မင်းသားလေးကို ပွေ့ချီလျက် ပွဲကြည့်စင်၏ အစွန်းသို့ ရောက်ရှိသွားပြီး ခုန်ချရန် ပြင်လိုက်သည်။
သူမသည် နေရာမှာတင် သတ်သေချင်နေသည်။ သူမသည် တကယ့်ကို ထိပ်တန်း ဇာတ်လမ်းဆင်သူ တစ်ဦးပင် ဖြစ်၏။ သို့သော်ငြား ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် သူမ မည်သို့ ခုန်ချနိုင်မည်နည်း။ သူမ ချက်ချင်း တားဆီးခံလိုက်ရသည်။
ဧကရီသည် ဆက်လက်၍ ငိုကြွေးအော်ဟစ်နေ၏။ “အင်ပါယာ ဆော်ရွန်ကို အရှေ့တိုင်းသား ရှမ့်လန်က လုပ်ကြံ သတ်ဖြတ်လိုက်ပြီ။ လူသတ်သမားက ထီးနန်းတက်တော့မယ်။ အနာဂတ်မှာ ရှီလွန်အင်ပါယာက ကျန်းမိသားစု လက်ထဲ ကျရောက်တော့မယ်။ ဒီမြင်ကွင်းကို ကျွန်မ ကြည့်မနေနိုင်တော့ဘူး။ ဒါ့ကြောင့် အင်ပါယာ ဆော်ရွန်နဲ့ အတူလိုက်သွားတော့မယ်။ ကျွန်မကို မတားကြနဲ့။ ကျွန်မကို မတားကြနဲ့။”
မှူးမတ်များစွာက ဤမြင်ကွင်းကို အေးစက်စွာ ကြည့်နေကြသော်လည်း တရားမျှတမှုအတွက် ဒေါသထွက်နေသူ များလည်း များစွာ ရှိနေသေးသည်။
“လူသတ်သမားကို စစ်ဆေးပေး။ အမှန်တရားကို စစ်ဆေးပေး။”
“လူသတ်သမား ရှမ့်လန်ကို ဖမ်း။ သူ့ကို ဖမ်း။” သောင်းနှင့်ချီသော လူများသည် ပြိုင်တူ အော်ဟစ်ပြီး ရှမ့်လန်ကို လက်ညှိုးထိုးပြနေကြ၏။
ဤလူစုသည် အခိုင်မာဆုံးနှင့် ရှေးရိုးအစွဲဆုံး မြောက်ပိုင်း မှူးမတ်များ ဖြစ်ကြသည်။ သူတို့သည် အရှေ့နှင့် အနောက် ကုန်သွယ်ရေးကို မလိုလားကြသလို တောင်ပိုင်းကို ကိုယ်စားပြုသော ဟယ်လင် ထီးနန်းတက်မည်ကို ပို၍ပင် မလိုလားကြပေ။ သူတို့၏ အကျိုးစီးပွားသည် ဧကရီနှင့်သာ လုံးဝ တစ်ထပ်တည်း ကျနေသည်။
.............