← Chapters

အခန်း (၂၂၄)

Vol. 23 Ch. 224

အခန်း (၂၂၄)

Vol. 23 Ch. 224

မြို့စားမင်းအိမ်တော်။

ယခုအချိန်တွင် ထိုနေရာသည် အလွန်ခြောက်ကပ်နေပြီး ခြံဝင်းအတွင်း၌ ငှက်အနည်းငယ်သာ ဟိုဟိုဒီဒီ လမ်းလျှောက်နေကြသည်။

"တောက် သူတပါးကို အထင်မြင်သေးတဲ့ မောက်မာတဲ့ကောင်တွေ"

မြို့စားမင်း၏ စာကြည့်ခန်းအတွင်းမှ မကျေမနပ်ဖြစ်နေသော ဒေါသသံများ ထွက်ပေါ်လာသည်။

အသက်လေးဆယ်ကျော်အရွယ်၊ ရုပ်ရည်ကြမ်းတမ်းပြီး အနီရောင်ဝတ်စုံဝတ်ထားသော ထိုသူမှာ ဒေါသနှင့် မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။ သူမှာ အခြားသူမဟုတ်ပေ။ ဗိုလ်ချုပ်ကောင်းပင်။

"မြို့စားမင်း ကျဆုံးသွားတာ မကြာသေးဘူး။ သူတို့က လာတောင်မကြည့်ကြဘဲ ဟိုအရည်မရအဖတ်မရတဲ့ ကောင်လေးကိုပဲ သွားပြီး ဖားနေကြတယ်"

"အစွန်းရောက်လက်သီးဂိုဏ်းက အခုတော့ ကြည့်ကောင်းနေမှာပေါ့။ ဒါပေမဲ့ ဒါက တောက်လောင်နေတဲ့ မီးထဲကို ဆီလောင်းလိုက်သလိုပဲ သူတို့ရဲ့ ပျက်စီးချိန်က နီးနေပြီ"

ဗိုလ်ချုပ်ကောင်းသည် ယခင်ကတည်းက အစွန်းရောက်လက်သီးဂိုဏ်းနှင့် အဆင်မပြေဘဲ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ဖူးသူဖြစ်သည်။ သူ၏ ယခုဒေါသပေါက်ကွဲမှုမှာ တစ်ဖက်က မြို့စားမင်းအတွက် တရားမျှတမှု လိုချင်၍ဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ သူကိုယ်တိုင်၏ အနာဂတ်အတွက်လည်းပါသည်။

"အရှင်... အစွန်းရောက်လက်သီးဂိုဏ်းကို ဂရုစိုက်နေစရာ မလိုပါဘူး။ မကြာခင်မှာ သူတို့က အရှင့်ကိုပဲ အားကိုးလာရတော့မှာပါ"

ဗိုလ်ချုပ်ကောင်း၏ ဘေးရှိ အစိမ်းရောင်ဝတ်စုံဝတ် အရာရှိတစ်ဦးက တိုးညှင်းစွာ ပြောလိုက်သည်။

"ဟေ..."

ဗိုလ်ချုပ်ကောင်းမှာ ထိုစကားကြောင့် အံ့အားသင့်သွားသည်။

"စဉ်းစားကြည့်ပါဦး အရှင်။ မြို့စားမင်းနဲ့ စစ်သူကြီးယွဲ့တို့က သေသွားပြီ။ နည်းပြဟန်ကလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး အနားယူနေရတယ်။ တပ်ကြပ်ကြီးဝမ်ကလည်း ရာထူးက မလောက်ဘူး။ အစဉ်အလာအရဆိုရင် ထိုင်ဝမ်မြို့ရဲ့ နောက်ထပ်မြို့စားမင်းဟာ အရှင်ပဲ ဖြစ်လာမှာပါ"

အစိမ်းရောင်ဝတ်စုံဝတ် အရာရှိက ပြုံးလျက် ဆက်ပြောသည်။

"ဗဟိုအစိုးရက လွှတ်လိုက်မယ့် အရာရှိတွေအတွက်လည်း စိုးရိမ်စရာမလိုပါဘူး။ သူတို့က ဝမ်ကျန်းဒေသကို ယဉ်ကျေးမှုမထွန်းကားတဲ့ တောအရပ်လို့ပဲ သဘောထားကြတာ။ အခုလို သားရဲဒီရေကြောင့် လူတွေအများကြီး သေထားတဲ့နေရာကို ဘယ်သူမှ လာချင်ကြမှာ မဟုတ်ဘူး"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဗိုလ်ချုပ်ကောင်း၏ ဒေါသများမှာ ပျောက်ကွယ်သွားပြီး ဝမ်းသာအားရ ဖြစ်သွားတော့သည်။

"ကောင်းတယ်... ကောင်းတယ်။ အာဖုန်း မင်းက အမြင်ရှိသားပဲ။ ငါသာ မြို့စားမင်း တကယ်ဖြစ်လာရင် မင်းကို ငါ့ရဲ့ လက်ရုံးအရာရှိအဖြစ် ခန့်မှာပါ"

"နောင်လာမည့် မြို့စားမင်းကြီးကောင်းကို ကြိုတင်ပြီး ဂါရဝပြုပါတယ်ခင်ဗျာ"

"ဟားဟားဟား"

ဗိုလ်ချုပ်ကောင်းက အားရပါးရ ရယ်မောလိုက်ပြီးနောက် သူ၏မျက်နှာထားက ပြန်လည် တင်းမာသွားသည်။

"ငါသာ မြို့စားမင်း ဖြစ်လာကြည့်စမ်းပါ... အစိုးရကို မလေးစားဘဲ ဟိုဘက်ဒီဘက် ကူးနေတဲ့ ဖားတတ်တဲ့ကောင်တွေကို နောင်တရအောင် လုပ်ပစ်မယ်"

သူသည် စိတ်ထဲမှလည်း ထပ်လောင်းတွေးလိုက်သည်။

'ပြီးတော့ အစွန်းရောက်လက်သီးဂိုဏ်းကလူတွေကိုလည်း စည်းကမ်းဆိုတာ ဘာလဲဆိုတာ ငါသိအောင် သင်ပေးရမယ်'

အစွန်းရောက်လက်သီးဂိုဏ်းကို ဘယ်လိုနှိမ်နင်းရမလဲဆိုသည်ကိုမူ ဗိုလ်ချုပ်ကောင်းတစ်

ယောက် ဆက်လက်၍ မတွေးတောလိုတော့ပေ။ ၎င်းသည် သူ၏ ရည်မှန်းချက်အာဏာမက်မောမှုများထဲတွင် နစ်မွန်းနေစဉ်...

ထိုင်ဝမ်မြို့ တံခါးဝအပြင်ဘက် မီးခိုးရောင်သန်းနေသော လမ်းမပေါ်တွင် မီးရောင်တောက်နေသည့် မြင်းနီတစ်ကောင်ကို စီးနင်းလာသော အမျိုးသမီးငယ်တစ်ဦးသည် အရှိန်အဟုန်ပြင်းစွာဖြင့် မြို့ဆီသို့ ဦးတည်ကာ ပြေးလွှားလာနေသည်။ သူမသည် မီးတောက်ရောင် မသေမျိုးဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် အနက်ရောင် သရဖူဝိုင်းတစ်ခုကို ဆောင်းနှင်းထားသည်။

သူမ၏ အသားအရေမှာ ဆီးနှင်းပမာ ဖြူစင်ဝင်းပနေပြီး မျက်နှာသွင်ပြင်မှာလည်း အလွန်တရာ သေသပ်လှပလှသည်။ သို့သော်လည်း သူမ၏ မျက်နှာထက်တွင် အေးစက်လှသော အရိပ်အယောင်များ ဖုံးလွှမ်းနေပြီး မျက်ဝန်းများထဲတွင် လောကကြီးကို အရေးမစိုက်သည့် အမူအရာများ ပြည့်နှက်နေသောကြောင့် သူမ၏ အလှတရားကိုပင် လွှမ်းမိုးထားသယောင်…

ထိုအမျိုးသမီး ကျင့်ကြံသူသည် မြို့တံခါးဝသို့ ရောက်ရှိလာသော်လည်း မြင်းပေါ်မှဆင်းရန် အလျဉ်းမရှိဘဲ အရှိန်ကိုမလျှော့ဘဲ ဆက်လက်မောင်းနှင်လာသည်။ လမ်းမပေါ်ရှိ ကံဆိုးမိုးမှောင်ကျသူ လမ်းသွားလမ်းလာအချို့မှာ သူမ၏မြင်းနှင့် တိုက်မိပြီး ဘေးသို့ လွင့်စင်သွားကြရကာ အသက်ရှင်မရှင်ပင် မသိနိုင်တော့ပေ။

မြို့စောင့်တပ်သားများက ဒေါသတကြီးဖြင့် “ဟေ့... ဘယ်သူလဲ။ ရဲတင်းလှချေလား။ မင်း ဘာလုပ်တာလဲ။ မြင်းပေါ်က အခုချက်ချင်း ဆင်းစမ်း” ဟု အော်ဟစ်ကာ ဓားများကို ဆွဲထုတ်၍ ရှေ့သို့ ပြေးထွက်လာကြသလို အချို့ကလည်း လေးဖြင့် ချိန်ရွယ်လိုက်ကြသည်။

“ဟင်...”

အမျိုးသမီး ကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသည့် အရှိန်အဟုန်များ ဝင်းလက်သွားသည်။ ရုတ်တရက်ဆိုသလိုပင် သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော လက်ချောင်းလေးများကြားတွင် အနီရောင် အဆောင်လက်ဖွဲ့ တစ်ရွက် ပေါ်ထွက်လာပြီး ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်ရာ အဆိုပါ အဆောင်မှာ လေထဲတွင်ပင် အလိုအလျောက် မီးတောက်လောင်သွားတော့သည်။

ထို့နောက် ၎င်းအဆောင်မှာ မျက်စိဖြင့် မြင်နိုင်သော အနီရောင်နှင့် အဝါရောင် ရောယှက်နေသည့် မီးပွားပေါင်း သုံးဆယ်ခန့်အဖြစ် ပြောင်းလဲသွားပြီး သူမကို တိုက်ခိုက်ရန် ပြင်နေသည့် မြို့စောင့်တပ်သားများပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းသွားတော့သည်။

တပ်သားများမှာ “အားးးးးးး... ကယ်ကြပါဦး။ ပူတယ်... ငါ့ကို အရှင်လတ်လတ် မီးမြိုက်နေပြီ” ဟု အော်ဟစ်ရင်း ငရဲမီးပမာ ခံစားနေကြရသည်။

မီးပွားများ ထိမှန်သွားသော လေးသမားများသည် သံချပ်ကာ ဝတ်ဆင်ထားသည်ဖြစ်စေ မဝတ်ဆင်ထားသည်ဖြစ်စေ ခဏချင်းအတွင်းမှာပင် မီးလျှံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အသက်ရှူအကြိမ် အနည်းငယ်အတွင်းမှာပင် မည်းတူးနေသော အလောင်းများ ဖြစ်သွားကြသည်။

လေးသမားများသာမကဘဲ မီးပွားများ လွင့်စင်ထိမှန်သွားသော လမ်းသွားလမ်းလာများစွာမှာလည်း ထိုကဲ့သို့ပင် ရက်စက်လှသော ကံကြမ္မာနှင့် ရင်ဆိုင်လိုက်ရသည်။ မြို့တံခါးဝတစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လူပေါင်းများစွာ သေဆုံးကာ နာကျင်စွာ အော်ဟစ်နေကြသည့် ငရဲခန်းတစ်ခုအလား ပြောင်းလဲသွားတော့သည်။

“သူမက မသေမျိုးဆရာသခင်ပဲ... မသေမျိုးဆရာသခင်”

ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်သွားသော လေးသမားတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ပိုးမွှားတစ်သိုက်ပါပဲ”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းများမှာ မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေပြီး သူမဖြစ်ပေါ်စေခဲ့သော သွေးချောင်းစီးသည့် မြင်ကွင်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ မြို့ထဲသို့ ဆက်လက်စီးနင်းသွားသည်။

ဒပ်... ဒပ်... ဒပ်

သူမသည် အတားအဆီးမရှိ ဆက်လက်မောင်းနှင်သွားရာ လမ်းတွင်ရှိနေသော လူများကို အရုပ်များအလား တိုက်ခိုက်ဖယ်ရှားသွားသည်။ သို့သော် သူမ၏ ပစ်မှတ်မှာ ရှင်းလင်းလှသည်။ သူမသည် ထိုင်ဝမ်မြို့၏ ဗဟိုချက်ရှိ မြို့စားမင်းအိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေခြင်းပင်။

မြို့စားမင်းအိမ်တော်၏ တံခါးဝတွင် တတိယချီစွမ်းအားအဆင့်ရှိ စစ်သားနှစ်ဦး ကင်းစောင့်နေကြသည်။ မလျှော့သော အရှိန်အဟုန်ဖြင့် မြင်းစီးလာသည့် အမျိုးသမီးကို မြင်သောအခါ သူတို့က “ရပ်စမ်း” ဟု ပြင်းထန်စွာ ဟိန်းဟောက်လိုက်ကြသည်။

ဖတ်

“အားးးး”

ဒပ်... ဒပ်... ဒပ်

အလောင်းနှစ်လောင်း လဲကျသွားသည်နှင့်အတူ မြင်းသည် မြို့စားမင်းအိမ်တော်အတွင်းသို့ အေးအေးလူလူပင် ဝင်ရောက်သွားတော့သည်။

“ဘယ်သူလဲ”

“ရန်သူ လာနေပြီ”

“အားးးး”

ထိုကျယ်လောင်လှသော အော်ဟစ်သံများကြောင့် မြို့စားမင်း၏ စာကြည့်ခန်းအတွင်း စာရွက်စာတမ်းများ စစ်ဆေးနေသော ဗိုလ်ချုပ်ကောင်းမှာ လန့်ဖျပ်သွားရသည်။

“လုံယီက ငါ့ကိုလာသတ်တာများလား”

သူသည် ယခင်က လုံယီကို အကြိမ်ကြိမ် ပရိယာယ်ဆင်ခဲ့ဖူးသောကြောင့် ရင်ထဲတွင် မလုံမလဲ ဖြစ်နေခြင်းပင်။

ပြဿနာတက်ပြီဆိုသည်နှင့် သူ၏အတွေးများက လုံယီထံသို့ သဘာဝကျစွာပင် ရောက်ရှိသွားတော့သည်။

“မဟုတ်ဘူး... သူက ဒီလောက် ဗြောင်ကျကျကြီး လာမှာမဟုတ်ဘူး”

လုံယီသည် ထိုမျှလောက် မိုက်မဲမည်မဟုတ်ဟု ယုံကြည်ကာ ဗိုလ်ချုပ်ကောင်းက ထိုအတွေးကို ချက်ချင်းပင် လက်ခါပယ်လိုက်သည်။ သူသည် တိတ်တဆိတ် ထွက်ပြေးရန် ကြံစည်သော်လည်း မြို့စားမင်း၏ စာကြည့်ခန်းအတွင်း၌ အပြင်သို့ ပေါက်သော လျှို့ဝှက်လမ်းကြောင်း တစ်ခုမျှ မရှိချေ။

ငါ မြို့စားမင်း ဖြစ်လာရင်တော့ လျှို့ဝှက်လမ်းတစ်ခု သေချာပေါက် ဖောက်ရမယ်။

ဗိုလ်ချုပ်ကောင်းက ဒေါသတကြီး တွေးနေမိသည်။

မြင်းခွာသံများက ခြံဝင်းအတွင်းသို့ တဖြည်းဖြည်း နီးကပ်လာသဖြင့် ထွက်ပြေးရန် မျှော်လင့်ချက်မရှိတော့မှန်း သိလိုက်ရသောအခါ သူသည် မတတ်သာဘဲ အပြင်သို့ ထွက်လာခဲ့ရသည်။ သူ၏ရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ မီးတောက်ရောင် မသေမျိုးဝတ်စုံကို ဝတ်ဆင်ကာ အနက်ရောင် သရဖူဆောင်းထားသည့် မြင်းစီးအမျိုးသမီးတစ်ဦးပင်။ သူမ၏ မျက်နှာမှာ ကမ္ဘာဦးကာလကတည်းက မည်သည့်အခါမျှ အရည်မပျော်နိုင်ခဲ့သော ရေခဲပြင်ကြီးအလား အေးစက်လွန်းလှသည်။

မကြာသေးမီက သေဆုံးသွားသော မသေမျိုးဆရာသခင်၏ ဝတ်စုံနှင့် သူမ၏ ဝတ်စုံမှာ ဆင်တူနေသည်ကို သတိပြုမိလိုက်သောအခါ ဗိုလ်ချုပ်ကောင်းသည် အခြေအနေအရပ်ရပ်ကို ချက်ချင်းပင် ရိပ်မိသွားတော့သည်။ သူသည် ခေါင်းကို မြေကြီးနှင့် ထိလုနီးပါးအထိ အလျင်အမြန် ဦးညွှတ်လိုက်ပြီး ရိုသေကိုင်းရှိုင်းစွာဖြင့် “ထိုင်ဝမ်မြို့ရဲ့ ဗိုလ်ချုပ်ကောင်းပေါ်ပိက မသေမျိုးဆရာသခင်ကို ဂါရဝပြုပါတယ်ခင်ဗျာ”

“မြို့စားမင်း ဘယ်မှာလဲ”

အမျိုးသမီးကျင့်ကြံသူက အေးစက်စွာ မေးလိုက်သည်။

“မြို့စားမင်း ကွယ်လွန်သွားပါပြီ”

“သူက ဘယ်လိုသေတာလဲ”

အမျိုးသမီး၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

“မသေမျိုးဆရာသခင်ကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ တခြား မိစ္ဆာလမ်းစဉ်အဖွဲ့ဝင်တစ်

ယောက်ရဲ့ လုပ်ကြံမှုကို ခံလိုက်ရတာပါ”

ဗိုလ်ချုပ်ကောင်းက ဟန်ဆောင်ပန်ဆောင် ဝမ်းနည်းပြလိုက်သည်။

“စစ်သူကြီးယွဲ့လည်း ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနေ့က မြို့စားမင်းအိမ်တော်ကလူတွေက မသေမျိုးဆရာသခင်ကို ကာကွယ်ဖို့ အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြတာကြောင့် အကျအဆုံးတွေ အများကြီး ရှိခဲ့ပါတယ်”

“အိုး... ဒါဆို မင်းက ဘာလို့ မသေတာလဲ”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဗိုလ်ချုပ်ကောင်းမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် တုန်တုန်ရင်ရင်ဖြင့် ရှင်းပြတော့သည် “ကျွန်တော်လည်း မိစ္ဆာလမ်းစဉ်ကလူကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့... သူက အလာမြန်သလို အပြန်လည်း မြန်တာကြောင့် အချိန်မမီလိုက်လို့ပါခင်ဗျာ”

“ဘာဖြစ်ခဲ့လဲဆိုတာ အကုန်ပြောစမ်း”

အမျိုးသမီးကျင့်ကြံသူက မြင်းပေါ်မှပင် မဆင်းဘဲ အထက်စီးမှနေ၍ အမိန့်ပေးလိုက်သည်။

ဒူးထောက်နေရသဖြင့် ဗိုလ်ချုပ်ကောင်း၏ ဒူးများမှာ နာကျင်နေပြီး ဖိအားများကိုလည်း ခံစားနေရသည်။ သို့သော် ဤအမျိုးသမီး မသေမျိုးဆရာသခင်မှာ အလွန်ပင် ရက်စက်ပုံရသဖြင့် သူ၏ရင်ထဲတွင် ထိတ်လန့်နေမိသည်။ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် ဗိုလ်ချုပ်ကောင်းမှာ မသေမျိုးဆရာသခင် ထမင်းစားပွဲ တက်ရောက်သည့်နေ့မှစ၍ လုပ်ကြံခံရသည့် အချိန်အထိ အဖြစ်အပျက်အားလုံးကို တစိမ့်စိမ့် ပြန်ပြောပြရတော့သည်။

သူသည် အချက်အလက်များကို အခြေအမြစ်မရှိ လုပ်ကြံပြောဆိုရန် မဝံ့ရဲသော်လည်းအဖြစ်အပျက်များကို ချဲ့ကားပြောဆိုခြင်းနှင့် အာဃာတများကို တစ်ဖက်သို့ လွှဲပြောင်းပေးခြင်းတို့ကိုမူ မရှောင်လွှဲခဲ့ပေ။ ဥပမာအားဖြင့် စူးမျိုးနွယ်စုနှင့် ဟွမ်မျိုးနွယ်စုဝင်များမှာ မိစ္ဆာလမ်းစဉ်၏ တပည့်များဖြစ်နေကြောင်းကို အလွန်အကျွံ ချဲ့ကားပြောဆိုခဲ့သည်။ ထို့အပြင် မြို့တွင်း၌ အင်အားအကြီးဆုံးဖြစ်သော အစွန်းရောက်လက်သီးဂိုဏ်းသည် မြို့စားမင်းကို ကာကွယ်ရန် သူတို့၏တာဝန်ကို လျစ်လျူရှုခဲ့ကြောင်းကိုလည်း အခွင့်အရေးရတိုင်း ကြားညှပ်ပြောဆိုခဲ့သည်။

All Chapters