အခန်း (၂၂၅)
Vol. 23 Ch. 225
ဗိုလ်ချုပ်ကောင်း၏ ပြောကြားချက်များကို နားထောင်ပြီးနောက် အမျိုးသမီးကျင့်ကြံသူထံမှ သတ်ဖြတ်လိုသော အရှိန်အဟုန်များ ထွက်ပေါ်လာပြီး သူမက “ဒီ မိစ္ဆာလမ်းစဉ်ကလူက ငါ့မောင်လေး သေဆုံးမှုအတွက် အဓိကတရားခံပဲ။ ဒါပေမဲ့ နန်းတော်ရဲ့ ကျေးဇူးကို ခံစားနေကြရပြီး နန်းတော်အပေါ် သစ္စာမရှိဘဲ မိစ္ဆာလမ်းစဉ်နောက်ကို လိုက်ပြီး ဖားနေကြတဲ့ ကျန်တဲ့ သိုင်းသမားတွေကတော့ ပိုတောင် သေသင့်သေးတယ်” ဟု ပြောလိုက်သည်။
အမျိုးသမီးကျင့်ကြံသူ၏ စကားကို ကြားလိုက်ရချိန်တွင် ဗိုလ်ချုပ်ကောင်းမှာ ရင်ထဲ၌ အတိုင်းမသိ ဝမ်းသာသွားပြီး ခေါင်းကို အသည်းအသန် ငြိမ့်ပြကာ “မသေမျိုးဆရာသခင် ပြောတာ မှန်လိုက်တာဗျာ။ ဒီသိုင်းသမားတွေ အကုန်လုံးကို သတ်ပစ်သင့်တာ အကယ်၍ ဆရာသခင်က သူတို့ ဘယ်မှာရှိမှန်း မသိရင် ကျွန်တော်ကိုယ်တိုင် လမ်းပြပေးပါ့မယ်”
ငါသာ ဒီအမျိုးသမီးကျင့်ကြံသူကို အသုံးချပြီး လုံယီလိုမျိုး ငါနဲ့ အဆင်မပြေတဲ့ ပညာရှင်တွေကို သတ်ခိုင်းလိုက်ရင် ထိုင်ဝမ်မြို့မှာ ငါက တကယ့်ကို လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖုံးအုပ်ထားနိုင်တဲ့ အာဏာရှင်အစစ် ဖြစ်လာမှာပဲ။
ဗိုလ်ချုပ်ကောင်းက စိတ်ကူးယဉ်ကာ ကျေနပ်နေမိသည်။
ဒီအမျိုးသမီးကျင့်ကြံသူက ငါအသုံးချဖို့ အရမ်းကောင်းတဲ့ ဓားတစ်လက်ပဲ။
သူ့စိတ်ထဲတွင် ပရိယာယ်မျိုးစုံ ကြံစည်နေစဉ်မှာပင် အမျိုးသမီးကျင့်ကြံသူက “သူတို့ သေသင့်တာတော့ မှန်တယ်။ ဒါပေမဲ့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်။ မင်း လမ်းပြဖို့ မလိုဘူး။ မင်းက နန်းတော်အပေါ် ဒီလောက်တောင် သစ္စာရှိနေမှတော့ မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ ငါ့မောင်လေးဆီကို မင်းကို လိုက်ပို့ပေးလိုက်မယ်။ မြေအောက်မှာ သူတစ်ယောက်တည်း ပျင်းမနေရအောင်ပေါ့” ဟု အေးစက်စွာ ပြောလိုက်သည်။
ဗိုလ်ချုပ်ကောင်းမှာ အံ့ဩတုန်လှုပ်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
အမျိုးသမီးကျင့်ကြံသူ၏ လက်အင်္ကျီအတွင်းမှ ငွေရောင်အလင်းတန်းတစ်ခု ပျံထွက်လာပြီး ချက်ချင်းပင် ပြန်ဝင်သွားသည်ကို သူ မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်ထဲတွင် အေးစက်စက် ဝေဒနာတစ်ခုကို ခံစားလိုက်ရ၏။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သွေးများ ပန်းထွက်နေသည့် အပေါက်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။
ဖူးး…
သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး မကျေနပ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပါတော့သည်။ အမျိုးသမီးကျင့်ကြံသူကမူ ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သကဲ့သို့ပင် မည်သည့် ခံစားချက်မျှမရှိဘဲ မြင်းကို နှင်ကာ တစ်ချက်ပင် မရပ်နားဘဲ ထွက်ခွာသွားခဲ့သည်။
“သူမ ဗိုလ်ချုပ်ကောင်းကို သတ်လိုက်ပြီ”
“ရက်စက်လိုက်တဲ့သူ... သူမက တကယ့်ကို ရက်စက်တဲ့သူပဲ”
မြို့စားမင်းအိမ်တော်မှ ကင်းစောင့်အများအပြားမှာ သူမကို ဟန့်တားရန် ရှေ့သို့တိုးလာကြသည်။
သို့သော်လည်း ထိုအမျိုးသမီး ကျင့်ကြံသူက သူမ၏ လက်အင်္ကျီကို ခါယမ်းလိုက်ရုံမျှဖြင့် ငွေရောင်အလင်းတန်းမှာ ဝေ့ဝဲပျံသန်းသွားပြီး ကင်းစောင့်အားလုံးမှာ သူတို့၏လည်ပင်းကို ဆုပ်ကိုင်လျက် မျှော်လင့်ချက်မဲ့စွာ လဲကျသွားကြတော့သည်။
အမျိုးသမီးစီးနင်းလာသော မီးတောက်ရောင်မြင်းမှာလည်း သာမန်သတ္တဝါမဟုတ်သည်မှာ ထင်ရှားလှသည်။ ၎င်း၏ မြင်းခွာလေးဖက်မှ မှိန်ဖျော့သော အလင်းတန်းများ ထွက်ပေါ်နေပြီး အရှိန်အဟုန်မှာ အံ့မခန်းဖြစ်သလို ခုန်ကူးနိုင်စွမ်းမှာလည်း သာမန်မြင်းများထက် များစွာသာလွန်ကာ ပတ်ဝန်းကျင်ရှိ တံတိုင်းများကို အလွယ်တကူ ကျော်လွှားသွားနိုင်သည်။
အိမ်တော်အပြင်ဘက်သို့ ရောက်သောအခါ သူမသည် မြို့စားမင်းအိမ်တော်ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးကို လှည့်ကြည့်လိုက်ပြီး သူမ၏မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွားသည်။
“မြို့စားမင်းတစ်ယောက် ဖြစ်ပါလျက်နဲ့ မင်းရဲ့လက်အောက်က သိုင်းသမားတွေကိုတောင် မအုပ်ချုပ်နိုင်ဘူး။ မင်းသေတာ နောင်တရနေစရာ မလိုပါဘူး”
သူမသည် လက်ကိုမြှောက်ကာ အနီရောင်မှော်စာရွက်တစ်ရွက်ကို ပစ်လွှင့်လိုက်ရာ ၎င်းက လေထဲတွင် ကြီးမားသော မီးတောက်ငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မြို့စားမင်းအိမ်တော်အတွင်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ဝုန်း…
နှစ်ပေါင်းမည်မျှ ကြာရှည်တည်တံ့ခဲ့သည်မသိသော မြို့စားမင်းအိမ်တော်ကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော မီးလျှံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ထိုအမျိုးသမီးမှာမူ မြင်းကိုနှင်ကာ တောင်ဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။ အချိန်အနည်းငယ်အတွင်းမှာပင် သူမသည် ထိုင်ဝမ်မြို့၏ အကြီးဆုံးစားသောက်ဆိုင်ဖြစ်သော မသေမျိုးယစ်မူးရာ မျှော်စင်သို့ ရောက်ရှိလာသည်။
ဤစားသောက်ဆိုင်မှာ ဧကရာဇ်နန်းတော်ငယ်တစ်ခုအလား ဧကပေါင်းများစွာ ကျယ်ဝန်းပြီး ဥယျာဉ်များ၊ ရေကန်ငယ်လေးများဖြင့် ပြည့်နှက်နေသည်။ ရေကန်ပေါ်တွင် လှေငယ်လေးများ လွင့်မျောနေပြီး လှေအတွင်းမှ သီချင်းဆိုသံများ လွင့်ပျံလာနေသည်။ ရေကန်အနီးရှိ အပြာရောင်အုတ်ကြွပ်များဖြင့် ဆောက်လုပ်ထားသော ခမ်းနားသည့် အဆောက်အဦးများအတွင်းမှ ရယ်မောသံများနှင့် စကားပြောသံများ ထွက်ပေါ်လာနေသည်။
“သခင်ကြီးဝူ... ပြီးခဲ့တဲ့တစ်ခေါက်က ပို့ပေးတဲ့ လုံကျန်းမြစ်က ငါးကြင်းကတော့ တကယ့်ကို အသားကကျစ်ပြီး စားလို့ကောင်းလိုက်တာ။ အခုထိ အရသာကို မမေ့နိုင်သေးဘူးဗျာ...”
“ဟားဟား... ဒီငါးက ရေနက်ထဲမှာနေတာမို့ ဖမ်းရတာ တကယ်ခက်တာဗျ။ တံငါသည်တွေဆို အသက်နဲ့ရင်းပြီး ဖမ်းရတာ။ ဒါပေမဲ့ ခင်ဗျားကြိုက်တယ်ဆိုရင်တော့ နောက်ထပ်ရအောင် ကျွန်တော် နည်းလမ်းရှာပေးပါ့မယ်”
“အားနာစရာကြီးဗျာ... တကယ်ကို အားနာစရာပဲ...”
“အစ်ကိုယွဲ့... စာမေးပွဲအတွက် ပြင်ဆင်မှုတွေ ဘယ်လိုလဲ”
“မပြောပါနဲ့တော့ဗျာ... ပြီးခဲ့တဲ့လက စာကို လုံးဝမကြည့်ဖြစ်ဘူး။ ဒီတစ်ခေါက်တော့ ကံစီမံရာပဲ ထားလိုက်တော့မယ်။ စိတ်မချမ်းသာစရာတွေ ထားလိုက်ပါတော့ သောက်ကြစို့...”
အထပ်အမြင့်ဆုံး အဆောင်၏ ပြတင်းပေါက်နားတွင် ထိုင်နေသော ပညာရှိတစ်ဦးမှာ မျက်လုံးများ ဝင်းလက်သွားပြီး "ဟိုမှာ ကြည့်စမ်း... မြန်မြန်ကြည့်ကြဦး ဟိုမြင်းစီးလာတဲ့ အမျိုးသမီး ကျင့်ကြံသူက တကယ့်ကို လှပလွန်းလိုက်တာ" ဟု အော်ဟစ်လိုက်သည်။
ထိုအခါ အခြားသော ပညာရှိများအားလုံးမှာလည်း စိတ်လှုပ်ရှားစွာဖြင့် ပြတင်းပေါက်ဆီသို့ တိုးဝှေ့ကြည့်ကြတော့သည်။ သူတို့ မြင်တွေ့လိုက်ရသည်မှာ မီးတောက်ကဲ့သို့ နီရဲနေသော မြင်းတစ်ကောင်ပေါ်တွင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူ တစ်ဦးပင်။ သူမသည် အရပ်ရှည်ပြီး အသားအရေမှာ ဖြူစင်ဝင်းပနေကာ ပေပေါင်းများစွာ ဝေးကွာနေသော်လည်း သူမ၏ အေးစက်ပြီး မြင့်မြတ်သော အရှိန်အဟုန်မှာ သာမန်အမျိုးသမီးများနှင့် လုံးဝမတူဘဲ ထင်ရှားနေသည်။
"တောက်... တကယ်ကို လှတဲ့ ကျင့်ကြံသူလေးပဲ။ အနီရောင်ခန်းမက မိန်းကလေးတွေနဲ့ဆိုရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာ။ သူမနဲ့သာ တစ်ညလောက် အိပ်ခွင့်ရမယ်ဆိုရင်တော့..."
အစိမ်းရောင် ပိုးထည်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက မထိတထိ နောက်ပြောင်လိုက်သည်။
သို့သော်လည်း ထိုခဏမှာပင် ထိုအမျိုးသမီး ကျင့်ကြံသူသည် ရုတ်တရက် ခေါင်းမော့ကာ သူ့ကို လှမ်းကြည့်လိုက်သည်ကို သူ တွေ့လိုက်ရသည်။ သူမ၏ မျက်ဝန်းများသည် အေးစက်နေပြီး မည်သည့် ခံစားချက်မျှ ကင်းမဲ့နေ၏။
နောက်တစ်ခဏတွင် ငွေရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ ဝင်းလက်သွားသည်။
ဖူးးး…
ထိုပိုးထည်ဝတ်စုံနှင့် လူ၏ လည်ပင်းတွင် သစ်ကြားသီးအရွယ်အစားရှိသော သွေးပေါက်ကြီးတစ်ခု ပေါ်လာတော့သည်။ သွေးများမှာ ပန်းထွက်လာပြီး စားပွဲပေါ်ရှိ ကောင်းနိုးရာရာ စားသောက်ဖွယ်ရာများကို နီရဲသွားစေသည်။
"မိုက်မဲတဲ့ ပုရွက်ဆိတ်"
အမျိုးသမီးကျင့်ကြံသူက အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် သူမသည် မှော်စာရွက်တစ်ရွက်ကို ပစ်လွှင့်လိုက်ရာ ၎င်းမှာ ဖောက်ထွင်းမြင်ရသော ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး အပေါ်ထပ် ပြတင်းပေါက် လက်ရန်းတွင် ရစ်ပတ်သွားသည်။ သူမသည် ထိုကြိုးကို အသုံးပြု၍ အားလုံး၏ ရှေ့မှောက်သို့ ကျော့ရှင်းစွာဖြင့် ပျံတက်ကာ ဆင်းသက်လိုက်တော့သည်။
လူအုပ်ကြီးမှာ ဆွံ့အမှင်သက်သွားကြသည်။ အချို့မှာမူ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး မျက်လုံးများထဲတွင် ထိတ်လန့်ရိပ်များ ပေါ်လာတော့သည်။
"ဒါ... ဒါက သတင်းတွေထဲက မသေမျိုးဆရာသခင်ပဲ"
"တစ်ယောက်ယောက်က မသေမျိုးဆရာသခင်ကို စော်ကားလိုက်မိပြီ... ပြေးကြတော့"
အမျိုးသမီးကျင့်ကြံသူ စားသောက်ဆိုင်၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိလာပြီးနောက်
ယခင်က ထိုင်နေကြသော အရာရှိများနှင့် ပညာရှိအများစုမှာ သူမ၏ဒေါသကို မရင်ဆိုင်ဝံ့ကြသဖြင့် ထွက်ပြေးလွတ်မြောက်သွားကြပြီ ဖြစ်သည်။
အမျိုးသမီးကျင့်ကြံသူကမူ သူမ၏အမြင်တွင် ပုရွက်ဆိတ်များသဖွယ်ဖြစ်သော ထိုလူများကို ဂရုမစိုက်ပေ။ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော သူမ၏လက်ဖဝါးပေါ်တွင် အနက်ရောင် သံလိုက်အိမ်မြှောင်နှင့်တူသော အရာတစ်ခု ပေါ်လာသည်။ သူမသည် ထိုအရာကို ကိုင်ထားရင်း မန္တန်များကို မပြတ်ရွတ်ဆိုနေတော့သည်။
ထိုအခါ သံလိုက်အိမ်မြှောင်မှာ ဝင်းလက်တောက်ပလာပြီး ဟာလာဟင်းလင်း လေထုထဲသို့ အဖြူရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ ငါးပေ၊ ခြောက်ပေခန့် ကျယ်ဝန်းသော အရောင်အသွေးစုံ အကွက်တစ်ခု ပေါ်လာပြီး လှုပ်ရှားနေသော ပုံရိပ်များကို ပြသတော့သည်။ သူမက စွမ်းအင်များကို ဆက်တိုက်ထည့်သွင်းပေးပြီး မန္တန်ရွတ်ဆိုမှုကို မြှင့်တင်လိုက်သည့်အခါ ထိုပုံရိပ်များမှာ ပိုမိုကြည်လင်လာကာ လုံယီ၏ ယခင်ဘဝက မြင်ဖူးခဲ့သော 3D ပုံစံများအလား ဖြစ်လာသည်။ ထူးခြားချက်မှာ အသံမထွက်ခြင်းသာ ဖြစ်ပြီး လှုပ်ရှားမှုများနှင့် နှုတ်ခမ်းလှုပ်ရှားမှုများကို ကြည့်၍သာ အဓိပ္ပာယ်ဖော်ရမည် ဖြစ်သည်။
ထိုပုံရိပ်လွှာထဲတွင် သေဆုံးသွားသော မသေမျိုးဆရာသခင်လေး၏ မျက်နှာ ပေါ်လာတော့သည်။ သူသည် စားပွဲ၏ ထိပ်ဆုံးတွင် မျက်လုံးမှိတ်လျက် တည်ငြိမ်စွာ ထိုင်နေသည်။ ထိုမျက်နှာကို မြင်လိုက်ရချိန်တွင် အေးစက်လှသော အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းထဲ၌ နောက်ဆုံးတွင် တုန်လှုပ်ရိပ်တစ်ခု ပေါ်လာခဲ့သည်။
“မောင်လေး... မင်းကို ငါ ထပ်တွေ့ရပြန်ပြီ...”
“ဒါက ပုံမှန်နှုတ်ဆက်ခြင်းလို့ပဲ ငါထင်ခဲ့တာ။ ဒါက ထာဝရအတွက် ခွဲခွာခြင်းဖြစ်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး...”
“ဆရာပေးထားတဲ့ မူလခြေရာခံဗန်းကြောင့်သာ မင်းကို ငါ ပြန်မြင်ခွင့်ရတာပဲ”
သူမသည် သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်လိုက်ရာ ပုံရိပ်များမှာ တရစပ် ပြောင်းလဲသွားပြီး ထိုနေ့က စားသောက်ဆိုင်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြသတော့သည် လူတိုင်း ရယ်မောစကားပြောနေကြပုံ၊ မုန့်ခုန်းဟွာက အနီရောင်ဝတ်စုံနှင့် ဆရာသခင်ကို ရုတ်တရက် မေးခွန်းထုတ်ပုံ၊ အနက်ရောင်ဝတ်စုံနှင့် ဆရာသခင် ပေါ်လာပုံ၊ ပဋိပက္ခဖြစ်ပြီး အနီရောင်ဝတ်စုံနှင့်လူ သေဆုံးသွားပုံ၊ ဝိညာဉ်အမြစ် စမ်းသပ်ပုံနှင့် အနက်ရောင်ဝတ်စုံနှင့်လူ ထွက်ခွာသွားပုံ...
အနက်ရောင်ဝတ်စုံနှင့်လူ ထွက်ခွာသွားသည်ကို မြင်ရပြီးနောက်တွင်မှ အမျိုးသမီးသည် သံလိုက်အိမ်မြှောင်ပေါ်မှ သူမ၏လက်ကို ဖယ်လိုက်ပြီး မျက်နှာမှာ အလွန်အမင်း ဖြူလျော်သွားတော့သည်။ သူမသည် တင်ပလ္လင်ခွေထိုင်ကာ အတွင်းအားများကို ပြန်လည်ထိန်းညှိနေ၏။ မည်မျှကြာသွားသည်မသိပေ။ သူမ၏မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
“အဲဒီဗိုလ်ချုပ်ပြောတာတွေနဲ့ ကိုက်ညီနေတာပဲ။ သူ ငါ့ကို မလိမ်ခဲ့ဘူး။ လိမ်ဖို့လည်း သတ္တိမရှိပါဘူး”
“အနက်ရောင်ဝတ်စုံနဲ့လူက သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားတယ်။ လုံကျန်းမြစ်ရဲ့ တစ်ဖက်ကမ်းက လာတာဖြစ်နိုင်တယ်။ ငါ လိုက်ဖမ်းလို့မရဘူး။ ဆရာတို့ဆီကိုပဲ အကြောင်းကြားပြီး နည်းလမ်းရှာခိုင်းရမယ်”
“ဒါပေမဲ့ ငါ့မောင်လေးသေဆုံးမှုအတွက် တစ်စုံတစ်ယောက်ကတော့ ပေးဆပ်ရမယ်။ မသေမျိုးဂိုဏ်းရဲ့ အရှိန်အဝါကို ဘယ်သူမှ ကျူးကျော်စော်ကားလို့ မရစေရဘူး”
သတ်ဖြတ်လိုသော အရှိန်အဟုန်များ သူမ၏ရင်ထဲတွင် ပြည့်နှက်သွားပြီးနောက် သူမသည် စားသောက်ဆိုင်မှ မြင်းစီးကာ ထွက်ခွာသွားတော့သည်။ မကြာမီမှာပင် သူမသည် အိမ်တော်ကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားပြီး အိမ်ရှေ့ရှိ အနက်ရောင်ဆိုင်းဘုတ်ပေါ်တွင် ဟွမ်မျိုးနွယ်စုဟု ရေးထိုးထားသည်။