အခန်း (၂၂၇)
Vol. 23 Ch. 227
အစွန်းရောက်လက်သီးဂိုဏ်းသာမက ထိုင်ဝမ်မြို့အတွင်းရှိ အခြားအင်အားစုများအားလုံးနှင့် မြို့မှထွက်ခွာရန် အချိန်မမီလိုက်သော မြို့အသီးသီးမှ ပညာရှင်များသည်လည်း အသီးသီး ပုန်းအောင်းကုန်ကြသည်။ ထိုရက်စက်လှသော မသေမျိုးဆရာသခင်မ၏ တွေ့ရှိသွားခြင်းကို အားလုံးက ထိတ်လန့်နေကြခြင်းပင်။
စူးမျိုးနွယ်စု အိမ်တော်တစ်ခုလုံးမှာ မီးလျှံများနှင့် အနက်ရောင်မီးခိုးများအောက်တွင် လုံးဝဝါးမြိုခံထားရပြီး မြေပြင်ပေါ်တွင်လည်း မည်းတူးနေသော အလောင်းများ ပြန့်ကျဲနေသည်။ သို့သော်လည်း ဤငရဲခန်းကဲ့သို့သော မြေပြင်ပေါ်တွင် မည်သည့်ဒဏ်ရာမျှ မရရှိဘဲ လမ်းလျှောက်နေသည့် လူရိပ်တစ်ခု ရှိနေသည်။
သူ၏ စွမ်းရည်ပြမျက်နှာပြင်ထဲတွင် စွမ်းအင်အမှတ်ဟူသော အကြောင်းကြားစာများ တရစပ်တက်နေသော်လည်း လုံယီ၏ စိတ်ထဲတွင်မူ ပျော်ရွှင်မှု အလျဉ်းမရှိပေ။ သူသည် စုရှီ၏ မောင်ငယ်လေးနှင့် အစေခံမလေး ရှောင်ချင်းတို့ကို လိုက်လံရှာဖွေနေခြင်းပင်။ သို့သော် အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် သူတို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။
ဝမ်းသာစရာကောင်းသည်မှာ သူတို့၏ အလောင်းများကိုလည်း မတွေ့ရှိရခြင်းပင်။ ၎င်းမှာ သူတို့ အသက်ရှင်လျက် လွတ်မြောက်သွားနိုင်သည်ဟူသော အဓိပ္ပာယ်ပင်။
“အဲဒီ အမျိုးသမီး ကျင့်ကြံသူ... တကယ့်ကို ယုတ်မာလွန်းတယ်...”
လုံယီ၏ ရင်ထဲတွင် သတ်ဖြတ်လိုသော အရှိန်အဟုန်များ ပေါက်ကွဲထွက်လာတော့သည်။
သူနှင့် စုရှီကြားရှိ သံယောဇဉ်ကို ဖယ်ထားပါက သူမသည် သူ့ကို ကယ်တင်ရန်အတွက် အဝေးတစ်နေရာသို့ အားကိုးရှာရန် သွားခဲ့ခြင်းမှာပင် လုံယီအနေဖြင့် ပြန်ဆပ်ရန် ခက်ခဲလှသော ကျေးဇူးတရားတစ်ခု ဖြစ်နေပြီဖြစ်သည်။
ရုတ်တရက် လုံယီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အနီးနားရှိ အလောင်းပုံကြားထဲတွင် အလျင်အမြန် လှဲချလိုက်သည်။ သူ၏ အရှိန်အဟုန်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူကိုယ်တိုင် အလောင်းတစ်လောင်း ဖြစ်သွားသည့်အလား ထင်မှတ်ရသည်။
“ထူးဆန်းတယ် ခုနကပဲ ဒီမှာ တစ်ယောက်ယောက်ရှိနေတာကို ငါ အာရုံခံမိသလိုပဲ”
အမျိုးသမီးကျင့်ကြံသူသည် မီးလောင်နေသော စူးအိမ်တော်အတွင်းသို့ လှမ်းဝင်လာပြီး တစ်ကိုယ်တည်း ရေရွတ်ကာ ပြန်လှည့်ထွက်သွားသည်။
သို့သော်လည်း လုံယီမှာ မြေပြင်ပေါ်တွင် ဝပ်နေလျက်ပင် တစ်လက်မမျှ မလှုပ်ရှားသေးပေ။ ခဏအကြာတွင်...
“ဟင်း... တကယ်ပဲ ဘယ်သူမှ မရှိတာလား”
ထိုအမျိုးသမီး ကျင့်ကြံသူသည် တကယ်ပင် ပြန်လှည့်လာပြီး ထပ်မံစစ်ဆေးခဲ့သည်။ သူမ၏ စိတ်ကူးမှာ အလွန်ပင် နက်နဲပြီး သေသပ်လှသည်။ လုံယီမှာမူ ပတ်ဝန်းကျင်ရှိ အပျက်အစီးများကြားတွင် တစ်သားတည်းဖြစ်နေအောင် ငြိမ်သက်နေဆဲပင်။
အသက်ရှူအကြိမ် တစ်ရာကျော် ကုန်လွန်သွားပြီးနောက် နီရဲသော အရိပ်တစ်ခုမှာ ဆိတ်ငြိမ်စွာဖြင့် ထပ်မံ ရောက်ရှိလာပြန်သည်။
“တကယ်ပဲ ဘယ်သူမှ မရှိတာလား။ ငါ့ရဲ့ စိတ်အာရုံက အမြဲတမ်း တိကျပါတယ်။ ထူးဆန်းလိုက်တာ”
ယခုတစ်ခေါက် သူမ တကယ်ထွက်ခွာသွားတော့မှသာ လုံယီသည် မြေပြင်မှ ထရပ်လိုက်တော့သည်။
“ဒီမိန်းမက တကယ့်ကို သံသယစိတ် များလွန်းတာပဲ”
လုံယီ၏ မျက်နှာမှာ သိပ်မကောင်းလှပေ။ ကံကောင်းထောက်မစွာဖြင့် သူ၏ ရုပ်ဖျက်ခြင်းပါရမီကြောင့်သာ ဤအရူးမကို လှည့်စားနိုင်ခဲ့ခြင်း ဖြစ်သည်။
ရုပ်ဖျက်ခြင်းသည် ပတ်ဝန်းကျင်တစ်ခုအတွင်း ကြာရှည်စွာ ရှိနေလေလေ ထိုပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်ရန် ပိုမိုလွယ်ကူလေလေ ဖြစ်သည်။ ထိုသူ၏ တည်ရှိမှုကို အနည်းဆုံးအဆင့်အထိ လျှော့ချပေးပြီး သူတစ်ပါး သတိမထားမိအောင် ပြုလုပ်ပေးနိုင်သည်။ ပြောင်းလဲနေသော အခြေအနေများနှင့်အညီ လိုက်လျောညီထွေရှိစေပြီး ခန္ဓာကိုယ်၏ ကြွက်သား တည်ဆောက်ပုံကိုပင် အနည်းငယ် ပြောင်းလဲနိုင်စွမ်း ရှိသည်။
သို့သော် ပုန်းအောင်းနေခြင်းမှာ ရေရှည်အတွက် အဖြေမဟုတ်ပေ။ သူ၏ ခွန်အားကို အမြန်ဆုံး တိုးမြှင့်ရန် လိုအပ်သည်။ သူသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ သူ၏ စွမ်းအင်မှာ ၅,၀၀၀ မှတ် ပြည့်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။ အမျိုးသမီးကျင့်ကြံသူ၏ သတ်ဖြတ်မှုများက လုံယီ၏ စွမ်းအင်စုဆောင်းမှုကို ပိုမိုမြန်ဆန်စေခဲ့ပြီး သွယ်ဝိုက်သောနည်းဖြင့် သူ့ကို ပိုအားကောင်းလာစေခဲ့သည်။
ထိုင်ဝမ်မြို့အတွင်းရှိ တစ်ချိန်က ဂုဏ်သရေရှိပြီး အရှိန်အဝါကြီးမားခဲ့သော မိသားစုများနှင့် ဂိုဏ်းအဖွဲ့အစည်းများမှာ ယခုအခါ အမျိုးသမီးကျင့်ကြံသူ၏ မျက်မှောင်ကျခြင်းကို ခံနေရသည်။ ထိုနေ့က စားသောက်ပွဲသို့ တက်ရောက်ခဲ့သည့် မည်သည့်အဖွဲ့အစည်းကိုမျှ သူမ ချန်လှပ်မထားခဲ့ပေ။
သို့သော် အားလုံးမှာ ကြိုတင်သတိပေးချက် ရထားကြသဖြင့် လျှို့ဝှက်သော နေရာအသီးသီးတွင် ပုန်းအောင်းနေကြရာ သူမ၏ သတ်ဖြတ်မှုမှာ အနည်းငယ် နှေးကွေးသွားခဲ့သည်။ အချို့မှာ မြို့တံခါးမှတစ်ဆင့် ထွက်ပြေးရန်ပင် ကြံစည်ကြသေးသည်။ သို့သော် မြို့တံခါး၏ အစီအရင်မှာ ငါးပါးသော ဓာတ်ကြီးဂိုဏ်းက တည်ဆောက်ခဲ့ခြင်းဖြစ်ရာ လျှို့ဝှက်ထောင်ချောက်များ ရှိနေနိုင်သည်ဟု လူအများက ယူဆထားကြသည်။
ထိုသံသယမှာလည်း မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ မြို့တံခါးမှ ထွက်ပြေးရန် ကြိုးစားခဲ့သော ပညာရှင်အချို့မှာ အော်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားခဲ့ကြသည်။ ထိုင်ဝမ်မြို့တစ်ခုလုံးသည် အမျိုးသမီးကျင့်ကြံသူ၏ ရက်စက်လှသော အရှိန်အဝါအောက်တွင် တုန်လှုပ်နေရပြီး ၎င်းမှာ ပြီးခဲ့သည့် သားရဲဒီရေထက်ပင် ပိုမိုထိတ်လန့်စရာ ကောင်းနေတော့သည်။
အင်အားကြီး အဖွဲ့အစည်းများမှ လူများမှာ ပုန်းအောင်းနေခြင်းဖြင့် သူမ၏ ရက်စက်သော လက်အတွင်းမှ လွတ်မြောက်နိုင်မည်ဟု ထင်နေကြသည်ကို မြင်သောအခါ အမျိုးသမီးကျင့်ကြံသူက အေးစက်စွာ ရယ်မောလိုက်တော့သည်
“ဒီလိုနဲ့ လွတ်မယ်လို့ ထင်နေကြတာလား သိုင်းသမားဆိုတာ သိုင်းသမားပါပဲ... မိုက်မဲပြီး အရည်အချင်းမရှိလိုက်ကြတာ”
အမျိုးသမီးကျင့်ကြံသူသည် ရှုပ်ထွေးနက်နဲသော အနက်ရောင်ပုံရိပ်လွှာများ ရေးထိုးထားသည့် မီးခိုးရောင် မှော်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ သူမ၏ လက်ထိပ်လေးဖြင့် မှော်စာရွက်ကို ခါယမ်းလိုက်သောအခါ အနက်ရောင်ပုံရိပ်လွှာများသည် အသက်ဝင်လှုပ်ရှားလာတော့သည်။
ထို့နောက် မှော်စာရွက်သည် ဖျော့တော့သော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လေထဲတွင် ငှက်မွေးတစ်မျှင်ကဲ့သို့ လွင့်မျောနေ၏။ ကြည့်ရသည်မှာ နှေးကွေးနေသယောင်ရှိသော်လည်း အမှန်တကယ်တွင်မူ အလွန်ပင် လျင်မြန်လှသည်။ သာမန်ရိုးရှင်းလှသော အိမ်တစ်လုံး၏ အပေါ်သို့ ရောက်ရှိသွားချိန်တွင် ထိုမှော်စာရွက်သည် ရုတ်တရက် တောက်ပလာတော့သည်။
“ဒီမှာလား”
အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူမ၏ လက်အင်္ကျီအတွင်းမှ ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း…
ထိုအိမ်သည် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပြီး ဖုန်တထောင်းထောင်းကြားမှ လူရိပ်တစ်ခု လွင့်ထွက်လာသည်။ ထိုသူမှာ နားထင်တွင် ဆံပင်အနည်းငယ် ဖြူနေပြီး မုတ်ဆိတ်ဆိတ်ဖွားနှင့် ဖြစ်သည်။ သူသည် အနက်ရောင် တရားသူကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အရှိန်အဟုန်မှာ သာမန်သိုင်းသမားများထက် များစွာ သန်မာလှသည်။
သူမှာ အခြားသူမဟုတ်ပေ။ စုမြို့၏ ကျော်ကြားလှသော သိုင်းဆရာသခင် သံကလောင် တရားသူကြီး ယိုခိုင်ပင်။ ပုံမှန်အားဖြင့် ခန့်ညားထည်ဝါလှသော ဤသိုင်းဆရာသခင်၏ မျက်ဝန်းထဲတွင် ယခုအခါ မျှော်လင့်ချက်မဲ့နေသည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။
“ကျွန်တော့်ကို ဘယ်လိုရှာတွေ့တာလဲ”
“မင်းတို့လို သိုင်းသမားတွေက သွေးစွမ်းအင်ခြေရာခံမှော်ဆိုတာကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ ကျင့်ကြံသူတွေရဲ့ ကမ္ဘာက ဘယ်လောက်တောင် ကျယ်ပြောလဲဆိုတာ မင်းတို့ မသိနိုင်ပါဘူး”
အမျိုးသမီးကျင့်ကြံသူက မထီမဲ့မြင် ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က မသေမျိုးဆရာသခင်ကို သတ်ခဲ့တာ မဟုတ်ဘူးလေ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး”
ယိုခိုင်က မကျေမနပ်ဖြင့် အသံကုန်ဟစ်အော်လိုက်သည်။
“မသေမျိုးဆရာသခင် ကျဆုံးနေတာကို မင်းက ဘေးကနေ ရပ်ကြည့်နေခဲ့တယ်။ ဒါကပဲ မင်းရဲ့ အပြစ်ကို ပိုကြီးစေတာပဲ”
အမျိုးသမီးကျင့်ကြံသူမှာ အေးစက်ရက်စက်လွန်းလှပြီး ယိုခိုင်ကို ချမ်းသာပေးမည့် အရိပ်အယောင် အလျဉ်းမရှိပေ။
“ဒါဆိုလည်း အသေအလဲ ပြန်ချကြတာပေါ့”
ယိုခိုင်၏ တစ်ကိုယ်လုံးမှ တောက်ပသော အဖြူရောင် စစ်မှန်သောခွန်အားများ ထွက်ပေါ်လာပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူသည် လေဟာနယ်ကို နင်းခြေလျက် ငှက်ကြီးတစ်ကောင်အလား အမျိုးသမီးကျင့်ကြံသူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
အမျိုးသမီးကျင့်ကြံသူ၏ လက်အင်္ကျီအတွင်းမှ ငွေရောင်အလင်းတန်းထွက်ပေါ်လာပြီး လေထဲရှိ ယိုခိုင်ထံသို့ ဦးတည်သွားသည်။ သို့သော် ယိုခိုင်က သူ၏လက်ထဲမှ အနက်ရောင် တရားသူကြီးကလောင်ကို အားကုန်လွှဲပစ်လိုက်သည်။
ချွင်…
တရားသူကြီးကလောင်နှင့် ငွေရောင်ဓားပျံတို့ ထိမှန်သွားပြီး ဓားပျံ၏အရှိန်မှာ ခဏမျှ တုံ့ဆိုင်းသွားသည်။ ထိုခဏအတွင်းမှာပင် ယိုခိုင်သည် အမျိုးသမီးကျင့်ကြံသူ၏ ရှေ့ ၃ ပေအကွာအထိ ချဉ်းကပ်မိသွားပြီ ဖြစ်သည်။
ယိုခိုင်၏ ဘယ်ဘက်လက်ထဲတွင် ဒုတိယမြောက် တရားသူကြီးကလောင် တစ်ချောင်း ထပ်မံပေါ်လာပြီး အမျိုးသမီး၏ ရင်ဘတ်ဆီသို့ ရက်စက်စွာ ထိုးနှိုက်လိုက်တော့သည်။
ဝူး…
သိုင်းဆရာသခင်တစ်ဦး၏ ခွန်အားအပြည့်အဝဖြင့် ထိုးနှိုက်လိုက်ခြင်းဖြစ်ရာ ပေါင်ပေါင်းတစ်သောင်းကျော်ရှိသော အားအရှိန်မှာ လေထုကိုပင် ဆွဲဖြဲသွားသကဲ့သို့ ပြင်းထန်လှသည်။ အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်ရိပ်များ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ယိုခိုင်၏ရင်ထဲတွင် ဝမ်းသာရိပ်ကလေး ဖြတ်ပြေးသွား၏။
ပြီးခဲ့သည့်တစ်ခေါက်က အနိုင်မတိုက်နိုင်ဘူးဟု ထင်ရသော မသေမျိုးဆရာသခင်သည် မုန့်ခုန်းဟွာ၏လက်ထဲတွင် ခွေးတစ်ကောင်လို အသတ်ခံခဲ့ရသည်။ ၎င်းက သိုင်းသမားများအား မသေမျိုးဆရာသခင်များသည်လည်း အရာရာတိုင်းကို မတတ်နိုင်ကြောင်းနှင့် အနီးကပ်တိုက်ခိုက်ခြင်းမှာ သူတို့၏ အားနည်းချက်ဖြစ်နိုင်ကြောင်း သင်ခန်းစာပေးခဲ့သည်။
သို့သော် နောက်တစ်ခဏတွင် ယိုခိုင်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားတော့သည်။ သူ၏ တရားသူကြီးကလောင်သည် မမြင်ရသော နံရံတစ်ခုကို ထိမှန်သွားသကဲ့သို့ ရှေ့သို့ တစ်လက်မမျှပင် ဆက်တိုး၍မရတော့ဘဲ တန့်သွားခြင်းကြောင့်ပင်။
ဖတ်…
နောက်တစ်စက္ကန့်မှာပင် လေထဲရှိ ငွေရောင်အလင်းတန်းသည် သူ၏ ပထမကလောင်ကို ရိုက်ချလိုက်ပြီးနောက် သူ၏ကျောပြင်ကို ရှဲကနဲ အသံနှင့်အတူ ထိုးဖောက်သွားကာ အမျိုးသမီးကျင့်ကြံသူ၏ လက်ထဲသို့ အေးအေးလူလူပင် ပြန်လည်ရောက်ရှိသွားတော့သည်။
ဝမ်ကျန်းတစ်ခွင်တွင် ကျော်ကြားလှသော သံကလောင် တရားသူကြီး ယိုခိုင်သည် အမျိုးသမီးကျင့်ကြံသူနှင့် နှစ်ကွက်မျှသာ ဆိုင်လိုက်ရပြီး သာမန်လူတစ်ယောက်ကဲ့သို့ပင် နေရာ၌ပင် အသက်ပျောက်ခဲ့ရသည်။ အမျိုးသမီးမှာမူ ယိုခိုင်၏ အလောင်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ သွေးစွမ်းအင်ခြေရာခံမှော်ကို ဆက်လက်အသုံးပြုကာ မြို့အနှံ့ ပိုက်စိပ်တိုက် ရှာဖွေပြီး သတ်ဖြတ်မှုများကို ဆက်လက်ပြုလုပ်နေတော့သည်။
သိုင်းသမားများမှာ ထွက်ပြေးသူပြေး၊ ပုန်းသူပုန်းနှင့် ၎င်းမှာ ရက်စက်လှသော မုဆိုးနှင့် သားကောင် ကစားပွဲတစ်ခုနှင့်ပင် တူနေတော့သည်။
ဝုန်း…
ပုန်းကွယ်နေသော အိမ်တစ်လုံးအတွင်းမှ သွေးစွမ်းအင် အားကောင်းသည့် သိုင်းသမားအချို့ ရုတ်တရက် ခုန်ထွက်လာကြသည်။
“မြန်မြန်ပြေးကြဟေ့”
“တောက် ငါတို့ကို သူ ဘယ်လိုရှာတွေ့သွားတာလဲ”
“အားးးး”
ငွေရောင်အလင်းတန်း တစ်ချက်ဝင်းသွားပြီးနောက် အော်ဟစ်သံအချို့ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်မှာ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ သူမ၏ဘေးတွင် ငွေရောင်ဓားငယ်တစ်လက်မှာ လေထဲ၌ ဝဲပျံနေ၏။ လူပေါင်းများစွာကို သတ်ခဲ့သော်လည်း သူမ၏ အနီရောင်ဝတ်စုံမှာမူ အသစ်အတိုင်း စင်ကြယ်နေဆဲပင်။
“ကြွက်တွေက များလွန်းတယ်။ တစ်ကောင်ချင်း လိုက်ဖမ်းနေရတာ သိပ်စိတ်ရှုပ်စရာကောင်းတာပဲ”
“နေရာအနှံ့ ပုန်းနေတဲ့ ဒီကြွက်တွေကြောင့် ငါ့ရဲ့ ကျင့်ကြံချိန်တွေတောင် ကုန်တယ်”
“အပြစ်ရှိတဲ့သူတွေက ကိုယ့်ဖာသာကိုယ် ထွက်လာပြီး အဖမ်းခံသင့်တာ”
သူမသည် တစ်ကိုယ်တည်း ရေရွတ်နေရင်း မျက်နှာထက်တွင် စိတ်မရှည်မှုနှင့် ဒေါသရိပ်များ ထင်ဟပ်လာတော့သည်။