အခန်း (၂၂၈)
Vol. 23 Ch. 228
သို့သော်လည်း သူမသည် သတ်ဖြတ်ခြင်းကို ရပ်တန့်ခြင်းမရှိဘဲ သွေးစွမ်းအင်ခြေရာခံမှော်ကို အသုံးပြုကာ ပုန်းအောင်းနေသည့် အားကောင်းသော သိုင်းသမားများကို တစ်ဦးပြီးတစ်ဦး ရှာဖွေကာ အမြစ်ပြတ် သုတ်သင်နေဆဲပင်။
ကြမ်းတမ်းသော ကျောက်တံတိုင်းများ ဝန်းရံထားသည့် တိတ်ဆိတ်လှသော မြေအောက်ခန်းတစ်ခုအတွင်း၌... အလယ်ရှိ ကျောက်စားပွဲပေါ်တွင် ဖယောင်းတိုင်တစ်တိုင် တောက်လောင်နေသည်။ ဝေယိုတောက်၊ ကျိုးပုဖုန်း၊ အကြီးအကဲကျန်း၊ အဘိုးကြီးရှီ၊ ရှီချိုင်ဖုန်းနှင့် လုံယီတို့ စုဝေးနေကြသည်။
“ဒီအရူးမက သွေးစွမ်းအင်ပြင်းအားကိုကြည့်ပြီး လူရှာနေတာ။ ချီစွမ်းအင်ပတ်လမ်းကြီးအောက်က သိုင်းသမားတွေကတော့ ဘေးကင်းနိုင်ပါတယ်။ သူမက သူတို့ကို ဂရုစိုက်မှာမဟုတ်ဘူး”
လုံယီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း သူသည် သူ၏ ရုပ်ဖျက်ခြင်းပါရမီကို အသုံးပြုကာ အမျိုးသမီးကျင့်ကြံသူနောက်သို့ သတိကြီးစွာဖြင့် နောက်ယောင်ခံလိုက်ပြီး သူမ၏ လူရှာပုံနည်းလမ်းကို အကဲခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ လိုက်လံစုံစမ်းရင်း လမ်းတစ်လျှောက်တွင်လည်း စွမ်းအင်အမှတ်အချို့ကို စုဆောင်းခဲ့သေးသည်။
သူ၏ စွမ်းအင်အမှတ်မှာ ငါးထောင်နီးပါး ရှိနေပြီဖြစ်ပြီး သူ၏ ပုဆိန်သိုင်းပညာမှာလည်း နောက်တစ်ဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းသာ လိုတော့သည်။ သို့သော် အဆင့်တက်သွားလျှင်တောင် အမျိုးသမီးကျင့်ကြံသူနှင့် တိုက်ခိုက်ရန် သူ ယုံကြည်ချက် အပြည့်အဝမရှိသေးပေ။ ယခုအချိန်တွင် သူ အတတ်နိုင်ဆုံး လုပ်နိုင်သည်မှာ သူ၏ အပေါင်းအသင်းများ အသက်ဘေးမှ လွတ်မြောက်စေရန်သာ ဖြစ်သည်။
လုံယီသည် အတွေးများစွာထဲမှ သူရရှိထားသော သွေးစွမ်းအင်ပိတ်ဆို့ခြင်း အတတ်ကို ဝေယိုတောက်တို့ အဖွဲ့အား မျှဝေပေးလိုက်သည်။ ဤကဲ့သို့ မိမိ၏ သွေးစွမ်းအင်ကို ဖုံးကွယ်နိုင်သော နည်းစနစ်မှာ အလွန်ရှားပါးပြီး တန်ဖိုးကြီးလှရာ ဝေယိုတောက်ကဲ့သို့ အတွေ့အကြုံရှိသူများပင် တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
အားလုံးက ထိုနေရာ၌ပင် လေ့ကျင့်ကြရာ သူတို့၏ သွေးစွမ်းအင် ပြင်းအားမှာ သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရသည်။ ဝေယိုတောက်နှင့် အခြားသူများသည် သူတို့၏ အဆင့်ကို ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်အထိ ခေတ္တလျှော့ချနိုင်ခဲ့ကြပြီး အချိန်ပိုရလျှင် ထိုထက်ပင် ပိုမိုဖုံးကွယ်နိုင်မည်ဟု ယုံကြည်နေကြသည်။
သို့သော် သိုင်းအတွေ့အကြုံ နည်းပါးလှသော ရှီချိုင်ဖုန်းတစ်ဦးတည်းသာ အနှစ်သာရကို သေချာစွာ မသိရှိနိုင်ဘဲ ဖြစ်နေသည်။
“ကျွန်မ တခြားတစ်နေရာမှာ သွားပုန်းလိုက်မယ်။ ရှင်တို့ကို ဒုက္ခမပေးချင်ဘူး”
ရှီချိုင်ဖုန်းသည် သူမ အခက်တွေ့နေသည်ကို သိလိုက်ရသည်နှင့် ပြတ်သားစွာပင် ထွက်ခွာသွားတော့သည်။
“ခဏလောက်တော့ တောင့်ခံထားကြရအောင်။ ဒီမသေမျိုးဆရာသခင်မက ငါတို့ဆီမှာ ထာဝရ ရှိနေမှာမဟုတ်ဘူး”
ဝေယိုတောက်က အတွေ့အကြုံအရ ထိုအမျိုးသမီး ကြာကြာနေမည်မဟုတ်ကြောင်း ခန့်မှန်းလိုက်သည်။
သို့သော်လည်း အဘိုးကြီးရှီနှင့် လုံယီတို့မှာ စိတ်မချနိုင်သဖြင့် ရှီချိုင်ဖုန်းနှင့်အတူ ပိုမိုလုံခြုံသော အခြားမြေအောက်နေရာတစ်ခုသို့ လိုက်ပါသွားကြသည်။
မြို့၏ အခြားတစ်နေရာတွင်မူ အမျိုးသမီးကျင့်ကြံသူသည် အဆင့်မြင့်သိုင်းသမားများကို ပိုက်စိပ်တိုက် ဆက်လက်ရှာဖွေနေဆဲပင်။ စွန့်ပစ်ထားသော သီလရှင်ကျောင်းပျက်တစ်ခု၏ အပေါ်တွင် လွင့်မျောနေသော သွေးစွမ်းအင်ခြေရာခံမှော်သည် ယခင်ကထက် များစွာ ပိုမိုတောက်ပလာတော့သည်။
“ငါးကြီးကြီးတစ်ကောင် မိပြီပဲ”
အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းများမှာ ထက်ရှသော အလင်းတန်းများဖြင့် ဝင်းလက်သွားသည်။
သွယ်လျဖြူစင်သော သူမ၏ လက်ချောင်းများကြားတွင် အနီရောင်မှော်စာရွက်တစ်ရွက် ရုတ်တရက် ပေါ်လာသည်။ ၎င်းကို လေထဲသို့ ပစ်လွှတ်လိုက်သောအခါ လေမတိုက်ဘဲနှင့်ပင် မီးဟုန်းဟုန်းတောက်လာပြီး ဆယ်မီတာခန့်ရှည်သော ဝေဝါးဝါး မီးတောက်ငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲကာ သီလရှင်ကျောင်း၏ တစ်နေရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ဝုန်း…
သစ်သားအိမ်လေးမှာ ချက်ချင်းပင် တောက်လောင်နေသော မီးလျှံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ရှဲ... ရှဲ... ရှဲ
ထိုနေရာမှ လူရိပ်အချို့ ခုန်ထွက်လာကြပြီး တစ်ဦးချင်းစီမှာ အားကောင်းလှသော အရှိန်အဟုန်များကို ထုတ်ဖော်နေကြသည်။
ပထမတစ်ဦးမှာ မုတ်ဆိတ်ဗရပွနှင့် လျန်မြိုမှ သိုင်းဆရာသခင် နဂါးသတ်ဓား ဆုန်ချီကျွင်းဖြစ်သည်။ သူသည် ငွေရောင်ဓားကြီးတစ်လက်ကို ကိုင်စွဲထားပြီး သူ၏တစ်ကိုယ်လုံးမှ ဖျော့တော့သော အဖြူရောင် စစ်မှန်သောခွန်အားများ ထွက်ပေါ်နေသည်။
ဒုတိယတစ်ဦးမှာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေရောင်ပန်းပွင့်ခေါင်းစီးကို ဆောင်းထားသည့် အလွန်လှပသော အမျိုးသမီးဖြစ်ကာ ခါးတွင် သွယ်လျသော ဓားတစ်လက် ချိတ်ထားသည့် နတ်သမီး ဟူနန်ပင်။
တတိယတစ်ဦးမှာ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးဖြစ်သော်လည်း ခန္ဓာကိုယ်မှာ ဝက်ဝံတစ်ကောင်ကဲ့သို့ သန်မာလှသည်။ သူ၏ နီညိုရောင် လက်ဖဝါးကြီးများမှာ သာမန်လူထက် နှစ်ဆခန့် ပိုကြီးနေပြီး အဖြူရောင် အငွေ့များ တောက်လျှောက် ထွက်ပေါ်နေကာ ရှုံးနိမ့ခြင်းမရှိသော သံလက်ဖဝါး လျိုတာလုံဟု ကျော်ကြားသူဖြစ်သည်။
စတုတ္ထမြောက်လူမှာမူ အပေါ်ပိုင်းဗလာကျင်းထားပြီး သံမဏိကဲ့သို့ ကြွက်သားကြီးများဖြင့် လက်တစ်ဖက်တွင် ကလေးတစ်ယောက်စာအရွယ်ရှိသော ရွှေရောင်ဖရုံသီးပုံ တူကြီးကို ကိုင်ဆောင်ထားသည့်ချူဖုန်းပင်။
အတူတူပုန်းနေကြသော သိုင်းဆရာသခင် လေးဦးစလုံးကို အမျိုးသမီးကျင့်ကြံသူက ရှာတွေ့သွားခြင်းပင်။
“ပြန်ချကြမယ်ဟေ့”
ချူဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“မှန်တယ် ငါတို့ လေးယောက်ပေါင်းရင် သူမကို သတ်နိုင်မှာပါ”
ဟူနန်ကလည်း သတ်ဖြတ်လိုစိတ်များဖြင့် သူမ၏ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။
ကျန်ရှိသော သိုင်းဆရာသခင် နှစ်ဦးမှာ စကားမပြောသော်လည်း သူတို့၏ လက်နက်များကို အသင့်ပြင်လိုက်ကြသည်။ ဝမ်ကျန်းခရိုင် သိုင်းလောက၏ ထိပ်တန်းပညာရှင်များဖြစ်ကြသည့်အတိုင်း သူတို့တွင် ကိုယ်ပိုင်မာန်မာန ရှိကြပြီး သူတစ်ပါးကို အလွယ်တကူ ဦးညွှတ်မည့်
သူများ မဟုတ်ကြချေ။ ထို့အပြင် ဤအမျိုးသမီးမှာ အရူး တစ်ယောက်ဖြစ်နေသဖြင့် လက်နက်ချခြင်းမှာ အချည်းနှီးဖြစ်မှန်း သူတို့ ကောင်းကောင်းသိသည်။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ”
အမျိုးသမီးကျင့်ကြံသူက လှောင်ပြောင်လိုက်သည်။
သူမက လက်အင်္ကျီကို ခါလိုက်ရာ ငွေရောင်အလင်းတန်းသည် လူသားတို့ကမ္ဘာရှိ အမြန်ဆုံးမြှားထက် အဆပေါင်းများစွာ သာလွန်သော အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
“ငါ တားထားလိုက်မယ်”
ဟူနန်သည် စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ဝတ်စုံများ လွင့်ပျံလျက် ကောင်းကင်ယံသို့ မြှင့်တက်သွားသည်။ သူမသည် သူမ၏ စစ်မှန်သောခွန်အားကို အကန့်အသတ်ထက်ကျော်လွန်၍ အသုံးပြုလိုက်ရာ ပုံမှန်ထက် များစွာသာလွန်သော အရှိန်အဟုန်ကို ရရှိသွားသည်။
သူမ၏ လက်ထဲရှိ သွယ်လျသောဓားသည် တစ်ခဏချင်းအတွင်းမှာပင် ဆယ်ကြိမ်မက ထိုးနှိုက်လိုက်ရာ ပုံရိပ်ယောင်တစ်ခုအလား ထင်မှတ်ရတော့သည်
ချွင်... ချွင်... ချွင်... ချွင်
သည်းထန်စွာ ရွာသွန်းနေသော မိုးပေါက်များအလား သတ္တုချင်း ထိခတ်သံများ တဆက်တည်း ထွက်ပေါ်လာသည်။ အမျိုးသမီးကျင့်ကြံသူ ပစ်လွှတ်လိုက်သော ဓားပျံငယ်မှာ ဟူနန်၏ ပြင်းထန်လှသော ဓားကွက်များကြားတွင် အရှိန်တန့်သွားပြီး ချက်ချင်း ရုန်းမထွက်နိုင် ဖြစ်နေတော့သည်။
“သေစမ်း”
ချူဖုန်းသည် ပြတ်သားသော မျက်နှာထားဖြင့် မိုက်မဲစွာပင် ရှေ့သို့ တိုးဝင်သွားသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ကျင်းများ ဖြစ်ကျန်ရစ်ခဲ့၏။ သူသည် အမျိုးသမီးကျင့်ကြံသူ၏ အနီးသို့ ရောက်သည်နှင့် ကြီးမားလှသော ရွှေရောင်ဖရုံသီးပုံ တူကြီးနှစ်လုံးကို မြှောက်ကာ အားကုန် ရိုက်ချလိုက်တော့သည်။
ဝူး…
ပေါင်တစ်ရာကျော် အလေးချိန်ရှိသော ရွှေရောင်တူကြီး၏ အရှိန်မှာ လေထုကိုပင် တအုန်းအုန်း မြည်ဟည်းသွားစေသည်။ သူ၏ ရှေ့တွင် တောင်တစ်လုံး ရှိနေလျှင်ပင် ထိုတူဖြင့် ရိုက်ခွဲပစ်နိုင်စွမ်း ရှိသည်။
၎င်းကို မြင်သောအခါ အမျိုးသမီးကျင့်ကြံသူသည် အနီရောင်မှော်စာရွက်တစ်ရွက်ကို မယုံနိုင်လောက်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။ သူမက မန္တန်များကို တိုးတိုးရွတ်ဆိုလိုက်ရာ ထိုမှော်စာရွက်မှာ ကြီးမားသော မီးတောက်ငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ချူဖုန်းကို ဝါးမြိုရန် ပြေးဝင်သွားတော့သည်။
“တိမ်လွှာလှန် လက်ဖဝါး”
ချူဖုန်း၏ဘေးရှိ လျိုတာလုံသည် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ထင်းရှူးပင်တစ်ပင်အလား တည်ငြိမ်နေပြီး ခါးမှာ တင်းတောင့်သော လေးတစ်ကိုင်းကဲ့သို့ ရှိနေ၏။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ ထောင်ထနေပြီး မျက်လုံးများမှာလည်း ပြူးကျယ်ကာ ဝိုင်းစက်နေသည်။
နီနက်ရောင် တောက်ပနေသော သူ၏ အလွန်ကြီးမားလှသည့် သံလက်ဖဝါး နှစ်ဖက်ကို မီးတောက်ငှက်ကြီးထံသို့ အားကုန် တွန်းထုတ်လိုက်သည်
ဝုန်း…
ပြင်းထန်လှသော စစ်မှန်သောခွန်အားများ၏ လမ်းညွှန်မှုဖြင့် သူ၏ လက်ဖဝါးရှေ့တွင် အဖြူရောင် လေစီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဆည်ကျိုးကျလာသော ရေဖိအားအလား မီးတောက်ငှက်ကြီးကို တစ်ခုလုံး လွှမ်းခြုံကာ ငြှိမ်းသတ်လိုက်တော့သည်။
ထိုအခွင့်အရေးကို အရယူကာ ချူဖုန်းသည် အမျိုးသမီးကျင့်ကြံသူ၏ အနီးသို့ တိုးဝင်သွားပြီး ရွှေရောင်တူကြီးများကို သူမ၏ ဦးခေါင်းထက်မှနေ၍ အားကုန် ရိုက်ချလိုက်တော့သည်။
အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာမှာမူ မည်သည့်အရိပ်အယောင်မျှ ပြောင်းလဲခြင်းမရှိဘဲ အေးစက်မြဲ အေးစက်နေဆဲပင်။ သူမက လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သူမ၏ရှေ့တွင် မမြင်ရသော လေဟာနယ်တံတိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဒုန်း…
ရွှေရောင်တူကြီးနှစ်လုံးမှာ လေထဲတွင်ပင် တန့်သွားတော့သည်။ ပြင်းထန်လှသော အရှိန်အဟုန်အားလုံးကို ထိုလေတံတိုင်းက အပြည့်အဝ စုပ်ယူလိုက်သဖြင့် ရှေ့သို့ တစ်လက်မမျှပင် ဆက်တိုး၍ မရတော့ချေ။
သို့သော် နောက်တစ်ခဏတွင် သူမ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး ခန္ဓာကိုယ်ကို နောက်သို့ အတင်းတိမ်းစောင်းလိုက်ရသည်။
ရှဲ…
လက်ညှိုးခန့်ရှိသော အဖြူရောင်အလင်းတန်းတစ်ခုမှာ သူမ၏လည်ပင်းကို ကပ်၍ ဖြတ်သွားခဲ့ပြီး သိသာထင်ရှားသော သွေးရာတစ်ခု ထင်ကျန်ရစ်စေခဲ့သည်။ ဆန့်ကျင်ဘက် ခုနစ်မီတာ၊ ရှစ်မီတာခန့်အကွာတွင်မူ နဂါးသတ်ဓား ဆုန်ချီကျွင်း၏ ပါးစပ်မှ သွေးများ စီးကျနေ၏။ သူသည် ဘယ်ဘက်လက်ညှိုးနှင့် လက်ခလယ်ကို အမျိုးသမီးကျင့်ကြံသူထံသို့ ချိန်ရွယ်ထားပြီး သူ၏မျက်ဝန်းထဲတွင် နောင်တရိပ်များ ပြည့်နှက်နေသည်။
သူသည် မုန့်ခုန်းဟွာပြီးလျှင် ကျင့်ကြံမှုအဆင့် အမြင့်ဆုံး သိုင်းဆရာသခင် ဖြစ်သည်။ သူသည် သူ၏ အကန့်အသတ်ကို ကျော်လွန်ကာ စစ်မှန်သောခွန်အားကို အတင်းအဓမ္မ ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး အမျိုးသမီးကျင့်ကြံသူ၏ လည်ချောင်းကို ထိုးဖောက်ရန် လက်တစ်လုံးအလိုသာ လိုတော့ခြင်းပင်။
တကယ့်ကို နီးကပ်လွန်းလှသော်လည်း ကံဆိုးစွာပင် ဆုန်ချီကျွင်း၏ ကျင့်ကြံမှုမှာ ထိုအဆင့်ကို အတည်တကျ မရောက်ရှိသေးပေ။ ဒုတိယအကြိမ် စစ်မှန်သောခွန်အားကို ထပ်မံမထုတ်လွှတ်နိုင်တော့သလို အမျိုးသမီးကျင့်ကြံသူကလည်း သတိပြုမိသွားပြီ ဖြစ်သည်။
အမျိုးသမီးကျင့်ကြံသူ၏ အမြဲတမ်း တည်ငြိမ်နေသော မျက်နှာထားမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး သူမ၏မျက်ဝန်းထဲတွင် ပြင်းထန်လှသော ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။
“မင်းတို့လို ပုရွက်ဆိတ်တွေက ငါ့ကို ဒေါသထွက်အောင် တကယ်ပဲ လုပ်နိုင်ခဲ့တာပဲ”
သူမသည် နေရာ၌ပင် လက်ကွက်များကို ရှုပ်ထွေးစွာ ပြောင်းလဲလိုက်ပြီး မန္တန်များကို အလွန်မြန်သော အရှိန်ဖြင့် ရွတ်ဆို လိုက်သည်။ ဟူနန်၏ တိုက်ကွက်များကြားတွင် ပိတ်မိနေသော ငွေရောင်အလင်းတန်းမှာ ရုတ်တရက် အရှိန်မြင့်တက်လာပြီး ဖတ်ကနဲ အသံနှင့်အတူ ဟူနန်၏ ဝမ်းဗိုက်ကို ထိုးဖောက်ကာ ဆုန်ချီကျွင်းထံသို့ ဆက်လက် ဦးတည်သွားတော့သည်။
ဆုန်ချီကျွင်းသည် ငွေရောင်ဓားကြီးကို ကိုင်စွဲကာ ဓားသွားမှ သုံးပေခန့်အထိ ထွက်ပေါ်နေသော ဓားအရှိန်အဝါများဖြင့် သူ၏ရှေ့တွင် ဓားကွက်ကွန်ရက်တစ်ခုကို ဖန်တီးလိုက်သည်။ ငွေရောင်ဓားပျံငယ်နှင့် ဓားကြီးတို့ ထိခတ်သံများ တချွင်ချွင် ထွက်ပေါ်နေပြီး ဓားပျံငယ် ထိုးဖောက်မလာနိုင်အောင် အသည်းအသန် ခုခံနေရသည်။
သို့သော် ငွေရောင်ဓားပျံမှာ ဆုန်ချီကျွင်းနှင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ သံလက်ဖဝါး လျိုတာလုံထံသို့ လမ်းကြောင်း ပြောင်းလဲသွားသည်။ လျိုတာလုံသည် စစ်မှန်သောခွန်အားဖြင့် မီးတောက်ငှက်ကြီးကို အနိုင်နိုင် ခုခံနေရချိန် ဖြစ်သည်။
ဓားပျံ၏ နှောင့်ယှက်မှုကို ခံလိုက်ရသောအခါ သူ၏ အားစိုက်ထုတ်မှုမှာ ယိုင်နဲ့သွားပြီး အဖြူရောင် လေစီးကြောင်းများမှာ နှေးကွေးသွားခဲ့သည်။ ထိုအခါ မီးတောက်ငှက်ကြီးက သူ့ကို အလုံးစုံ ဝါးမြိုလိုက်သည်။
“အားးးးး”
သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ခဏချင်းအတွင်းမှာပင် မီးဟုန်းဟုန်းတောက်နေသော လူသားမီးပုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားရရှာသည်။ ကြည့်ရသည်မှာ အလွန်ပင် ရင်နာစရာ ကောင်းလှသည်။