← Chapters

အခန်း (၂၂၉)

Vol. 23 Ch. 229

အခန်း (၂၂၉)

Vol. 23 Ch. 229

“ဆုတ်ခွာကြဟေ့”

သိုင်းဆရာသခင် လေးဦးပေါင်း၍ တိုက်ခိုက်ခဲ့ကြသော်လည်း အမျိုးသမီးကျင့်ကြံသူကို မသတ်နိုင်ခဲ့သည့်အပြင် ခဏချင်းအတွင်းမှာပင် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်သွားခဲ့သည်။ ကျန်ရှိသော သုံးဦးမှာ ဆက်လက်ခုခံလိုစိတ် မရှိတော့ဘဲ လမ်းကြောင်းအသီးသီးမှတစ်ဆင့် ထွက်ပြေးကြတော့သည်။

သို့သော်လည်း အမျိုးသမီးကျင့်ကြံသူမှာ သူမကို လုပ်ကြံရန် အနီးစပ်ဆုံးဖြစ်ခဲ့သည့် နဂါးသတ်ဓား ဆုန်ချီကျွင်းကို အငြိုးအတေးကြီးစွာ ထားရှိသွားသည်။ သူမသည် အခြားသူများကို လွှတ်ပေးလိုက်သော်လည်း ဆုန်ချီကျွင်းကိုမူ သတ်ပစ်ရန် ဆုံးဖြတ်ကာ အနောက်မှ အဆက်မပြတ် လိုက်လံတိုက်ခိုက်တော့သည်။

ဆုန်ချီကျွင်းသည် သူ၏ ပေါ့ပါးသွက်လက်သည့် ကိုယ်ဖျတ်အတတ်ကို အစွမ်းကုန်အသုံးပြုကာ တစ်ကိုယ်လုံးမှ ဖျော့တော့သော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်နေလျက် အိမ်ခေါင်မိုးများနှင့် အဆောက်အအုံများကြားတွင် ခုန်ကူးနေရသည်။ အမျိုးသမီး၏ ဓားပျံကို အတတ်နိုင်ဆုံး ရှောင်ကွင်းနေရသော်လည်း မကြာမီမှာပင် ဆုန်ချီကျွင်းသည် သူ၏ စစ်မှန်သောခွန်အားများ ကုန်ခန်းလုနီးပါး ဖြစ်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ မျက်နှာထက်တွင် ခါးသီးလှသော မျှော်လင့်ချက်မဲ့ အပြုံးတစ်ခု ပေါ်လာတော့သည်။

သူသည် သေဘေးကို စောင့်ကြိုရန် မျက်လုံးများကို စုံမှိတ်လိုက်စဉ်မှာပင်

“ဝူး... ဝူး... ဝူး”

လေထုကို ခွဲခြမ်းကာ အနက်ရောင် ပုဆိန်ကြီးတစ်လက်သည် အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီး အမျိုးသမီးကျင့်ကြံသူ၏ ဓားပျံကို ချွင် ကနဲ မြည်အောင် ရိုက်ချလိုက်ကာ နဂါးသတ်ဓား ဆုန်ချီကျွင်းကို သေမင်းလက်မှ ကယ်တင်လိုက်သည်။

“ဘယ်သူလဲ”

အမျိုးသမီးကျင့်ကြံသူသည် အကြီးအကျယ် ဒေါသထွက်သွားပြီး ဓားပျံမှာ ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ပုဆိန်ပျံထွက်လာရာ လမ်းကြောင်းဆီသို့ တိုးဝင်သွားသည်။ သို့သော်လည်း ထင်မှတ်မထားဘဲ အနက်ရောင်ပုဆိန်ကြီးမှာ မူလအတိုင်း ရှေ့သို့ ဆက်မသွားတော့ဘဲ လေထဲတွင် ရုတ်တရက် တန့်သွားခဲ့သည်။ ထို့နောက် ယခင်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြန်လည်ပျံဝဲလာပြီး ချွင်ကနဲ တစ်ချက် ထပ်မံတိုက်ခိုက်ကာ ငွေရောင်အလင်းတန်းကို ဘေးသို့ လွှင့်စင်သွားအောင် ရိုက်ထုတ်လိုက်ပြန်သည်။

“ဘာ... ငါနဲ့အဆင့်တူ ကျင့်ကြံသူတစ်ယောက်လား”

အမျိုးသမီးကျင့်ကြံသူမှာ တုန်လှုပ်သွားပြီး ချီတုံချတုံဖြင့် ရပ်တန့်သွားသည်။ ငွေရောင်အလင်းတန်းမှာလည်း သူမ၏ရှေ့သို့ ပြန်လည်ရောက်ရှိလာပြီး သူမကို ကာကွယ်ပေးရန်အတွက် ဝဲပျံနေတော့သည်။ ထိုအရာမှာ လက်ကိုင်မပါသော သုံးလက်မအရွယ် ဓားပျံငယ်လေးဖြစ်ပြီး သူမ၏ဘေးတွင် ငါးလေးတစ်ကောင်အလား ကူးခတ်နေ၏။

ငွေရောင်အလင်းတန်းကို ရိုက်ချပြီးနောက် အနက်ရောင်ပုဆိန်ကြီးမှာ အနီးရှိအိမ်တစ်လုံးအတွင်းသို့ ဒုန်းကနဲ အသံနှင့်အတူ ဝင်ရောက်သွားပြီး တိတ်ဆိတ်သွားတော့သည်။

“မဟုတ်ဘူး... ဒါက ကျင့်ကြံသူမဟုတ်ဘူး။ သိုင်းသမားတွေရဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်ရမယ်” အချိန်အနည်းငယ် စောင့်ကြည့်ပြီးနောက် အမျိုးသမီးကျင့်ကြံသူက ကောက်ချက်ချလိုက်သည်။

သို့သော် သူမ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သောအခါ ဆုန်ချီကျွင်း၏ အရိပ်အယောင်ကိုလည်း မတွေ့ရတော့သလို ရုပ်ဖျက်ခြင်း ပါရမီကို အသုံးပြုကာ ပုန်းကွယ်နေသော လုံယီကိုလည်း ရှာမတွေ့နိုင်တော့ချေ။

“တောက် ငါသာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်လို့ စိတ်အာရုံကို အပြင်

ထုတ်နိုင်ခဲ့မယ်ဆိုရင် သူတို့ထဲက တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး”

အမျိုးသမီးကျင့်ကြံသူက မကျေမနပ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

ယခုတစ်ခေါက်တွင်မူ သူမသည် ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ တန်းတန်းမတ်မတ်ပင် ပြန်လှည့်ထွက်သွားတော့သည်။

“ထူးဆန်းတယ် ဒါက သူမရဲ့ ပုံမှန်စတိုင် မဟုတ်ဘူး”

နိမ့်ပါးသော အိမ်အိုလေးတစ်ခုအတွင်း ပုန်းကွယ်နေသော လုံယီသည် အခြေအနေအားလုံးကို အကဲခတ်နေသည်။ သူသည် အနီးအနားသို့ တိတ်တဆိတ် ရောက်ရှိလာချိန်တွင် ဆုန်ချီကျွင်း လိုက်လံတိုက်ခိုက်ခံနေရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် လျှို့ဝှက်စွာ ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သူ၏ ရုပ်ဖျက်ခြင်းပါရမီနှင့် ပြီးခဲ့သည့်ရက်များအတွင်းက စမ်းသပ်ချက်များအရ ထိုအမျိုးသမီးသည် သူ့ကို ရှာမတွေ့နိုင်ကြောင်း သေချာနေသဖြင့် တစ်စုံတစ်ယောက် သေဆုံးသွားမည့်အရေးကို သူ လက်ပိုက်ကြည့်မနေနိုင်ခဲ့ပေ။ အမျိုးသမီးကျင့်ကြံသူ ယခုကဲ့သို့ ဆုတ်ခွာသွားခြင်းမှာ စေတနာရှိ၍မဟုတ်ဘဲ သူမ၏ ကျင့်ကြံမှုစွမ်းအင်မှာ အကန့်အသတ်သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်နိုင်သည်။

၎င်းမှာ မသေမျိုးကျင့်ကြံသူများ၏ စွမ်းအင်သည်လည်း သိုင်းသမားများ၏ စစ်မှန်သောခွန်အားကဲ့သို့ပင် အကန့်အသတ်ရှိပြီး ကုန်ခန်းသွားနိုင်သည်ဟူသော အချက်ပင်။

“မသေမျိုးဆရာသခင်တွေက အနိုင်မတိုက်နိုင်တဲ့သူတွေ မဟုတ်ပါလား”

လုံယီသည် သိမြင်နားလည်မှုတစ်ခု ရရှိသွားသည်။

သို့သော် သာမန်သိုင်းသမားများအနေဖြင့် မသေမျိုးကျင့်ကြံသူတစ်ဦးကို သတ်ရန်မှာ အလွန်ခက်ခဲကြောင်းလည်း သူ နားလည်ထားသည်။ ကျင့်ကြံသူများနှင့် ယှဉ်လျှင် သိုင်းသမားများသည် တိုက်ခိုက်မှုစနစ်ပိုင်းတွင် များစွာ နောက်ကျကျန်နေခဲ့သည်။ အနီးကပ် ချဉ်းကပ်နိုင်မှသာ အနိုင်ရရန် အခွင့်အရေး အနည်းငယ်ရှိမည်ဖြစ်သော်လည်း ကျင့်ကြံသူတစ်ဦးက သူတို့ကို အနီးကပ် အကပ်ခံမည်မဟုတ်ပေ။

သူ၏ ကျင့်ကြံမှုကို ဆက်လက် မြှင့်တင်ရန် လိုအပ်သည်ဟု လုံယီ တွေးလိုက်သည်။

နောက်ထပ် နှစ်ရက်တာ ကာလအတွင်းမှာလည်း ထိုင်ဝမ်မြို့သည် အမျိုးသမီးကျင့်ကြံသူ၏ ကြောက်မက်ဖွယ် အရိပ်မည်းအောက်တွင် ဆက်လက် တုန်လှုပ်နေရဆဲပင်။ ဂိုဏ်းအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်အချို့မှာလည်း ထပ်မံ ဖော်ထုတ်ခံရပြီး အသတ်ခံခဲ့ရသည်။

ထိုအချိန်မှာပင် လုံယီ၏ စွမ်းအင်အမှတ်မှာ နောက်ဆုံးတွင် ၅,၀၀၀ ပြည့်သွားခဲ့ပြီဖြစ်သည်။ သူသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ပြီး လုံမိသားစု၏ပုဆိန်သိုင်း ဘေးရှိ မှိန်ဖျော့ဖျော့ ပေါ်နေသော အပေါင်းလက္ခဏာကို နှိပ်ကာ အဆင့်မြှင့်တင်လိုက်တော့သည်။

[လုံမိသားစု၏ပုဆိန်သိုင်း (အောင်မြင်မှုအဆင့် ၀/၅၀၀၀) → လုံမိသားစု၏ပုဆိန်သိုင်း (ပြီးပြည့်စုံခြင်းအဆင့်)]

စိမ်းသက်လှသော မှတ်ညဏ်များ သူ၏ဦးနှောက်ထဲသို့ တိုးဝင်လာသည်။

မိုင်ပေါင်းထောင်ချီ ကျယ်ပြောလှသော တောရိုင်းကမ္ဘာကြီးထဲတွင် သစ်တောများ ထူထပ်ပြီး သားရဲတိရစ္ဆာန်များမှာ အုပ်စုလိုက် သောင်းကျန်းနေကြသည်။ ပုဆိန်ဘုရင် အာဟေးပေါ်ထွန်းလာပြီးနောက်တွင်မှ လူသားမျိုးနွယ်၏ အခြေအနေမှာ တိုးတက်လာခဲ့ပြီး တဖြည်းဖြည်း တောရိုင်းကမ္ဘာ၏ အင်အားအကြီးဆုံး အရှင်သခင်များ ဖြစ်လာခဲ့ကြသည်။

နှစ်ပေါင်းရာချီ ကုန်လွန်ပြီးနောက် တောရိုင်းကမ္ဘာကြီးမှာ တစ်လုံးတစ်စည်းတည်း ဖြစ်သွားခဲ့ပြီး အာဟေး၏ မျိုးဆက်များသည် ချန်းနိုင်ငံတော်ကို တည်ထောင်ခဲ့ကြသည်။ ပုဆိန်သိုင်းပညာမှာ ထိုနိုင်ငံ၏ အဓိက သိုင်းပညာဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ပေါ်ထွန်းလာခဲ့သည်။ သူသည်ကား ပုဆိန်သူတော်စင်ဟု လူသိများသူပင်။

ပုဆိန်သူတော်စင်သည် ပုဆိန်ဘုရင် ချမှတ်ခဲ့သော အခြေခံအုတ်မြစ်ပေါ်တွင် မူတည်၍ အုပ်စုလိုက်တိုက်ပွဲများအတွက် အလွန်သင့်လျော်သည့် ဝိညာဉ်ဝါးမြိုခြင်းနတ်ဘုရားသိုင်းကို တီထွင်ခဲ့ပြီး ချန်းနိုင်ငံတော်ကို အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပွဲများတွင် အမြဲတစေ အသာစီးရစေခဲ့သည်။

သူ၏ နေဝင်ချိန်နှစ်များတွင် ပုဆိန်သူတော်စင်သည် ပုဆိန်ဘုရင်၏ ရှေးဟောင်းပုဆိန်သိုင်းများကို ပြန်လည်စိစစ် မွမ်းမံခဲ့သည်။ ထိုအထဲတွင် ဝဲကယက်ဟုခေါ်သော အတတ်မှာ ပိုမိုတိုးတက်ကောင်းမွန်လာရန် အလားအလာအရှိဆုံးဟု သူ မြင်ခဲ့သည်။ ပုဆိန်ကို ပစ်လွှတ်လိုက်ပြီးနောက် လှုပ်ရှားမှုလမ်းကြောင်းကို ပြောင်းလဲနိုင်သည့် နည်းလမ်းရှိသော်လည်း ၎င်းကို ကြာရှည်စွာ ထိန်းထားနိုင်ခြင်း မရှိချေ။ ၎င်းမှာ လက်တွေ့တိုက်ပွဲများတွင် ကြီးမားသော ကန့်သတ်ချက် ဖြစ်နေသည်။

“ဒါကို မြှင့်တင်ဖို့ တခြားနည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား”

ပုဆိန်သူတော်စင်သည် လူတစ်ယောက်၏ စိတ်ဆန္ဒသာ အတိုင်းအတာတစ်ခုအထိ ပြင်းထန်လာပါက သူ၏လက်နက်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ၎င်းကို ရရှိရန်အတွက် လူနှင့် ပုဆိန် တစ်သားတည်းဖြစ်ခြင်းရှိရမည်ဖြစ်ပြီး ပုဆိန်ထဲတွင် လူရှိကာ လူထဲတွင် ပုဆိန်ရှိရမည် ဖြစ်သည်။

သူသည် ဆယ်စုနှစ်ပေါင်းများစွာ သူနှင့်အတူ တိုက်ပွဲပေါင်းများစွာကို အောင်နိုင်ခဲ့သော ပုဆိန်ကြီးနှင့်အတူ ခြံဝင်းအတွင်း၌ နေ့စဉ်ရက်ဆက် သုတေသနပြုရင်း အချိန်ကုန်ဆုံးခဲ့သည်။ မိုးရွာရွာ၊ နေပူပူ၊ စားသည့်အချိန်ဖြစ်စေ၊ အိပ်သည့်အချိန်ဖြစ်စေ ပုဆိန်မှာ သူ၏ဘေးမှ တစ်ဖက်တစ်လမ်းမျှ မခွာခဲ့ချေ။ တစ်ခါကဆိုလျှင် သူသည် ပုဆိန်ကို ကိုင်ဆောင်လျက် လေပြင်းနှင့် နှင်းမုန်တိုင်းကြားတွင် တစ်ညလုံး ရပ်နေခဲ့ရာ နှင်းလူသားတစ်ယောက်အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်။ ၎င်းမှာ ရူးသွပ်မှုအဆင့်သို့ ရောက်နေသည့် အခြေအနေပင်။

ချန်းနိုင်ငံတော်ရှိ အခြားသိုင်းသမားများက ပုဆိန်သူတော်စင်ကို အလွန်အမင်း ရိုသေလေးစားကြသော်လည်း သူသည် စိတ်ဖောက်ပြန်ပြီး ရူးသွားပြီဟု တစ်ညီတစ်ညွတ်တည်း ယူဆခဲ့ကြသည်။ တစ်ညသောအခါတွင်မူ သူတို့အားလုံး လေထဲမှ ပဲ့တင်ထပ်လာသော ရူးသွပ်စွာ ရယ်မောသံကြီးတစ်ခုကို ကြားလိုက်ရသည်။ သူတို့အားလုံး အပြေးအလွှား သွားကြည့်လိုက်ကြသောအခါ အနက်ရောင် ပုံရိပ်တစ်ခုမှာ လေထဲတွင် ရှေ့နောက် ဝဲပျံနေသည်ကို မြင်လိုက်ရသဖြင့် လူတိုင်းမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြသည်။

လက်တွေ့ကမ္ဘာတွင်မူ လုံယီသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဟာလာဟင်းလင်း လေထုထဲမှ စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။ သို့သော်လည်း ဤစွမ်းအင်မှာ ပုံမှန်နှင့်မတူဘဲ ခြေလက်များဆီသို့ မစီးဆင်းဘဲ သူ၏ ဦးခေါင်းဆီသို့သာ စုပြုံတိုးဝင်သွားကာ အလွန်အမင်း အေးမြသော ခံစားချက်ကို ပေးစွမ်းနေသည်။

သူ၏ အသိစိတ်မှာ ယခင်ကထက် ပိုမိုကြည်လင်ပြတ်သားပြီး ထက်မြက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ အဝါရောင် အထွတ်အထိပ် အသက်ရှူနည်းစနစ်မှာ အလိုအလျောက် ပွင့်လာပြီး လျှို့ဝှက်သွေးကြောခြောက်ခုစလုံးမှာ ပုံမှန်ထက် ဆယ်ဆမျှ ပိုမိုမြန်ဆန်စွာ စီးဆင်းလာကာ လည်ချောင်းအထက်ပိုင်း နေရာသို့ မမြင်ရသော ဖျော့တော့သည့် လှိုင်းများအဖြစ် ပြန်လည်အကျိုးပြုနေတော့သည်။

“စိတ်ဝိညာဉ်က အနှစ်သာရကို အမိန့်ပေးစေ။ အနှစ်သာရနဲ့ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်စေ”

တစ်ချိန်က သူမြင်တွေ့ခဲ့ဖူးသော နေမင်းဆီသို့ ပျံတက်နေသော လင်းယုန်၏ စစ်မှန်သော ရည်ရွယ်ချက်ကို ပြန်လည်အမှတ်ရမိသောအခါ လုံယီ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ထိုးထွင်းသိမြင်သွားတော့သည်။

ဝုန်း…

သူ၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူ၏ စိတ်အာရုံထဲတွင် လင်းယုန်တစ်ကောင် ပျံတက်သွားသကဲ့သို့ စူးခနဲ မြည်သံတစ်ခု ပဲ့တင်ထပ်သွားပြီး လင်းယုန်တစ်ကောင် မွေးဖွားလာသကဲ့သို့ပင် ၎င်းကို မြင်၍မရ ထိ၍မရသော်လည်း လုံယီကမူ ထိုတည်ရှိမှုကို ရှင်းလင်းစွာ ခံစားနေရသည်။

သူ့ရှေ့မှ ကမ္ဘာကြီးမှာ ပိုမိုကြည်လင်ပြီး ပိုမိုစစ်မှန်လာသည်။ လေထဲတွင် လွင့်မျောနေသော ဖုန်မှုန့်လေးများကို သူမြင်နိုင်သလို ၎င်းတို့၏ ရွေ့လျားမှုကို ခြေရာခံနိုင်ပြီး ခဏတာ ရပ်တန့်သွားသော အခိုက်အတန့်ကိုပင် ဖမ်းယူနိုင်သည်။ ပေပေါင်းများစွာ အကွာအဝေးရှိ မြေပြင်ပေါ်က ပုရွက်ဆိတ်တစ်ကောင် မည်သည့်ဘက်သို့ ဆက်သွားမည်ကိုပင် သူ တိကျစွာ ခန့်မှန်းနိုင်နေပြီဖြစ်သည်။

သူ၏ ရင်ခွင်ထဲရှိ ပုဆိန်ကြီးနှင့် သူ၏ကြားမှ သံယောဇဉ်မှာလည်း ပိုမိုခိုင်မြဲလာသည်။ စိတ်ကူးလိုက်ရုံမျှဖြင့်...

ရှဲ…

နောက်တစ်ခဏတွင် ပုဆိန်ကြီးမှာ သူ၏ရင်ခွင်ထဲမှ ပျံထွက်သွားသည်။ ပေတစ်ဆယ်အကွာရှိ မြေပြင်ပေါ်သို့ တိကျစွာ ကျရောက်သွားပြီးနောက် သူ၏လက်ထဲသို့ လျင်မြန်စွာ ပြန်လည်ပျံဝဲလာတော့သည်။ မူလက ဝဲကယက် အတတ်မှာ ပုဆိန်ကို ပစ်လိုက်ပြီးမှ လမ်းကြောင်းအနည်းငယ် ပြောင်းနိုင်ရုံသာ ရှိခဲ့ပြီး ကြာရှည်မခံခဲ့သော်လည်း ယခုမူ အားလုံးက ကွဲပြားသွားပြီ ဖြစ်သည်။

လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။

[အမည်: လုံယီ]

[အသက်: ၁၉ / ၉၀]

[အဆင့်: ဆဠမချီစွမ်းအားအဆင့်သိုင်းသမား (၁၆၀/၆၀၀)]

]ကျင့်စဉ်: အဝါရောင် အထွတ်အထိပ် အသက်ရှူနည်းစနစ် (အဆင့်၂၊ အောင်မြင်မှုအဆင့် ၀/၁၀၀၀၀)]

[အတတ်ပညာများ: လုံမိသားစု၏ပုဆိန်သိုင်း (ပြီးပြည့်စုံခြင်း)၊ အစွန်းရောက်လက်သီး (အောင်မြင်မှုအဆင့် ၀/၃၀၀၀)၊ ပေါ့ပါးသောကိုယ်ဖျတ်အတတ် (အောင်မြင်မှုအဆင့်)၊ လျှို့ဝှက်အတတ် နဂါးထိုးဖောက်ခြင်း (အပိုင်းအစ၁)]

[ပါရမီများ: ကျောက်ဖြစ်ခြင်း (၀/၁၀၀၀၀)၊ လျင်မြန်ခြင်း (၀/၁၀၀)၊ ရုပ်ဖျက်ခြင်း (၀/၃၀၀)၊ ခံနိုင်ရည် (၀/၁၀၀၀)၊ အဆိပ် (၀/၂၀)၊ ထိန်းချုပ်ခြင်း (၀/၂၀)၊ မီးဒဏ်ခံနိုင်ရည် (၀/၃၀)]

[စွမ်းအင်: ၂၃]

လုံ၏ ပုဆိန်သိုင်းမှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ လောလောဆယ် ထပ်မံတိုးမြှင့်၍ မရနိုင်တော့ပေ။ သို့သော် သူသည် အဆင့်မြင့် ပုဆိန်သိုင်းအတတ်သစ်တစ်ခုကို ရရှိခဲ့သည်။

အသက်လိုက်လံခြင်းသည် လူနှင့် ပုဆိန်ကို အတိုင်းအတာတစ်ခုအထိ ဆက်သွယ်ပေးနိုင်ပြီး ပုဆိန်၏ လှုပ်ရှားမှုလမ်းကြောင်းကို အချိန်နှင့်တပြေးညီ ထိန်းချုပ်ကာ သတ်မှတ်ထားသော ပစ်မှတ်ကို လိုက်လံတိုက်ခိုက်နိုင်သည်။ စိတ်ဓာတ်ခွန်အား ပိုမိုအားကောင်းလေလေ လိုက်လံနိုင်သည့်အချိန် ပိုကြာလေလေပင်။

All Chapters