အခန်း (၄၉၄-၄၉၆)
Vol. 34 Ch. 494-496
အခန်း ၄၉၄ - ဘဝသစ်ကို ရရှိခြင်း
ယီယွင်သည် လောင်းကြေးထပ်သည့်အနေဖြင့် အသက်ကိုအောင့်ကာ ချော်ရည်အနက်ပိုင်းသို့ ထပ်မံငုပ်လျှိုးလိုက်သည်။ သူသည် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြု၍ သူ၏ တည်ရှိမှုနှင့် ကြာနီပန်း၏ စွမ်းအင်လှိုင်းများကို အထပ်ထပ် ဖုံးကွယ်ထားလိုက်သည်။
ချော်ရည်များ၏ အပူရှိန်ကြောင့် သူ၏ အရေပြားများမှာ ကွဲအက်လောင်ကျွမ်းနေသော်လည်း ယီယွင်သည် လုံးဝ မလှုပ်ရှားဘဲ သည်းခံနေခဲ့သည်။
ခြေသုံးချောင်းငှက်သည် သူရှိရာ တောင်ကြားကို ဖြတ်ပျံသွားသော်လည်း ယီယွင်ကို မတွေ့ရှိဘဲ ဒေါသတကြီးဖြင့် အနီးနားရှိ ကျောက်ဆောင်များကိုသာ ရစရာမရှိအောင် ဖျက်ဆီးပစ်ခဲ့သည်။ ငှက်ကြီး ထွက်ခွာသွားမှသာ ယီယွင်သည် ချော်ရည်ထဲမှ ခေါင်းပြူထွက်လာပြီး ဒဏ်ရာဗရပွနှင့် တောင်အောက်သို့ အမြန်ဆင်းပြေးတော့သည်။
သူသည် မိုင် ၅၀၀ ခန့်ဝေးသော ရှေးဦးသစ်တောကြီးတစ်ခုအတွင်းရှိ မြူထနေသော တောင်ကြားတစ်ခုတွင် ပုန်းကွယ်လိုက်သည်။ ထိုနေရာတွင် မြေအောက်ဂူတစ်ခု တူးဆောက်ပြီး ခရမ်းရောင်သလင်းကျောက်ဖြင့် စွမ်းအင်များကို ပိတ်ဆို့ကာ တစ်ရက်ခန့် အနားယူ ကုသလိုက်မှ အင်အားပြန်ပြည့်လာတော့သည်။
ယီယွင်သည် ရှန်းထူနန်ထျန်းထံမှ လုယူထားသော အဖိုးတန် 'ခရမ်းရောင်ရွှေဆေးသေတ္တာ' ကို ထုတ်ယူလိုက်သည်။ ထိုသေတ္တာကို ဖွင့်လိုက်သည်နှင့် ကြာနီပန်း၏ တောက်ပသော အနီရောင်အလင်းတန်းများက ဂူတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ယီယွင်သည် ကြာနီပန်းကို မစားသေးဘဲ ခြေသုံးချောင်းငှက် အသိုက်မှ ခိုးယူလာသော ကြာစေ့ များကို အရင်စားရန် ဆုံးဖြတ်လိုက်သည်။
သူသည် "တိုင်အာနတ်ကျင့်စဉ်"ကို လည်ပတ်စေပြီး ကြာစေ့တစ်စေ့ကို ပါးစပ်ထဲ ထည့်လိုက်သည်။ ချက်ချင်းပင် ပွက်ပွက်ဆူနေသော ချော်ရည်များကို မျိုချလိုက်ရသကဲ့သို့ ပြင်းထန်သော ယန်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လောင်ကျွမ်းစေတော့သည်။
သူ၏ အရေပြားများမှာ မီးရဲရဲတောက်လာပြီး သွေးကြောများမှာလည်း ပေါက်ထွက်လုမတတ် ဖြစ်လာသည်။
"မလုံလောက်သေးဘူး"
ယီယွင်သည် သူ၏ ခန္ဓာကိုယ်ကို အကောင်းဆုံး ဓားတစ်စင်ကဲ့သို့ မီးတောက်ထဲတွင် ပြန်လည်သွန်းလောင်းရန် ဆုံးဖြတ်ထားသည်။ သူသည် ဒုတိယမြောက် ကြာစေ့ကို ထပ်မံ မျိုချလိုက်သည်။ ထို့နောက် အားမရသေးဘဲ လက်ကျန် ကြာစေ့ ၇ စေ့၊ ၈ စေ့ခန့်ကို ပါးစပ်ထဲ အကုန်သွတ်ထည့်လိုက်တော့သည်။
ပြင်းထန်လှသော ယန်စွမ်းအင် ဆူနာမီလှိုင်းကြီးကြောင့် ယီယွင်၏ ခန္ဓာကိုယ်မှာ စတင် ပျက်စီးလာသည်။ သူ၏ သွေးကြောများမှာ လောင်ကျွမ်းကာ မည်းနက်သွားပြီး ပြာအဖြစ် ကြွေကျလုနီးပါး ဖြစ်သွားသည်။ သူ၏ အာရုံများမှာလည်း ဝေဝါးလာပြီး သေမင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ထိုပျက်စီးခြင်း၏ အဆုံးတွင်... နက်ရှိုင်းသော နေရာမှ နူးညံ့ပြီး အသက်ဓာတ်ပြည့်ဝသော နွေးထွေးမှုတစ်ခု ပေါ်ထွက်လာသည်။
“ကလောက် ကလောက်”
ယီယွင်၏ လောင်ကျွမ်းသွားသော သွေးကြောဟောင်းများမှာ ကွဲအက်ကာ အလွှာလိုက် ကွာကျကုန်သည်။ ထိုအောက်တွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး ပိုမိုကျယ်ဝန်းသည့် သွေးကြောသစ်များ အစားထိုး ဖြစ်တည်လာသည်။
သူ၏ ချွေးပေါက်များမှလည်း မည်းနက်စေးကပ်သော အညစ်အကြေးများနှင့် သွေးကြောဟောင်း အပိုင်းအစများ ထွက်ပေါ်လာသည်။
၎င်းမှာ သာမန် အရိုးအကြော ဆေးကြောခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး အသစ်ပြန်လည် မွေးဖွားခြင်ပင် ဖြစ်သည်။ သူ၏ စွမ်းအင်သိုလှောင်ရာ နတ်အမြုတေ မှာလည်း ပိုမို ကျယ်ဝန်းသွားပြီး စွမ်းအင်များမှာ ကြည်လင်တောက်ပလာသည်။
မီးလောင်ပြင်ကြီးအပြီးတွင် ပိုမိုစိမ်းလန်းသော မြက်ပင်များ ပေါက်လာသကဲ့သို့ ပျက်စီးခြင်းမှတစ်ဆင့် ယီယွင်သည် ဘဝသစ်ကို ရရှိခဲ့ပြီဖြစ်သည်။
သန့်စင် ယန်ခန္ဓာကိုယ်
ယီယွင်သည် နောက်ဆုံးတွင် အပြစ်အနာအဆာကင်းသော သန့်စင် ယန်ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်သွားပြီ ဖြစ်သည်။
အခန်း ၄၉၅ - နယ်ပယ်သစ်
ယီယွင်သည် သန့်စင် ယန်ဥပဒေသများကို ကျင့်ကြံခြင်း၊ ခရမ်းရောင်သလင်းကျောက်၏ ကူညီမှုနှင့် အခွင့်အရေးများစွာကို ပေါင်းစပ်လိုက်ပြီးနောက် နောက်ဆုံးတွင် ထျန်းယွမ်ကမ္ဘာရှိ ပါရမီရှင်များအားလုံး မက်မောကြသည့် သန့်စင် ယန်ခန္ဓာကိုယ် ကို ရရှိသွားခဲ့ပြီဖြစ်သည်။
သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်ရာ စွမ်းအင်သိုလှောင်ရာနတ်အမြုတေရှိ ယွမ်အုတ်မြစ်ချအုတ်မြစ်မှာ ပိုမိုကျယ်ဝန်းလာပြီး ယန်စွမ်းအင်များမှာ တစ်ခုတည်းအဖြစ် စုစည်းနေသည်ကို တွေ့ရသည်။
ဤစွမ်းအင်များ စုစည်းမှုသည် နောင်တွင် ဥပဒေသမျိုးစေ့ဖြစ်လာမည်ဖြစ်ရာ ၎င်းမှာ ယွမ်အုတ်မြစ်ချနယ်ပယ်၏ နောက်ထပ်အဆင့်ဖြစ်သော တာအိုမျိုးစေ့နယ်ပယ်ပင် ဖြစ်သည်။
"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က တော်တော်လေး တိုးတက်လာတာပဲ"
ယီယွင် အံ့အားသင့်သွားရသည်။ လင်းမိသားစုတွင် ဆယ်နှစ်ကြာ ခိုလှုံခဲ့စဉ်က သူသည် ယွမ်အုတ်မြစ်ချနယ်ပယ် အလယ်အလတ်အဆင့်တွင်သာ ရှိခဲ့သော်လည်း ယခု နတ်မျှော်စင်၏ ဒုတိယထပ်တွင် အပြင်းအထန် လေ့ကျင့်ပြီးနောက် သူ၏ အဆင့်မှာ အလယ်အလတ်ကို ကျော်ဖြတ်ကာ ယွမ်အုတ်မြစ်ချနယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ယခုအခါ ယီယွင်သည် အသက် ၁၆ နှစ်သာ ရှိသေးသည်။ အသက် ၁၆ နှစ်နှင့် ဤအဆင့်သို့ ရောက်ရှိခြင်းမှာ ထျန်းယွမ်ကမ္ဘာတစ်ခုလုံးတွင်ပင် အလွန်တရာ မြန်ဆန်သောနှုန်းဖြစ်ပြီး အခြားသော ပါရမီရှင်များကို ဖုန်ပင်မမြင်ရအောင် နောက်ကောက်ချထားနိုင်သည့် အခြေအနေဖြစ်သည်။
နောက်တစ်ဆင့်ဖြစ်သော တာအိုမျိုးစေ့နယ်ပယ်သို့ ရောက်ရှိပါက သူသည် ထိုက်အာမြို့တော်တွင် "လူသားအရှင်သခင်"ဟု ခေါ်ဝေါ်ခြင်း ခံရမည်ဖြစ်သော်လည်း သူ၏ အစွမ်းမှာ သာမန်အရှင်သခင်များထက် သာလွန်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ယီယွင်သည် ဂူအတွင်း၌ ယွမ်ချီများကို တည်ငြိမ်အောင် ပြုလုပ်နေစဉ် နတ်မျှော်စင်၏ စတုတ္ထထပ် တံခါးဝ၌ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ လင်ရှင်းထုံ တစ်ဦးတည်းသာ ရှိနေသော စတုတ္ထထပ်သို့ အခြားလူတစ်ဦး တိတ်တဆိတ် ရောက်ရှိလာခြင်းပင်။
ထိုသူမှာ အသားညိုညိုနှင့် အရိုးခံပုံစံရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် ယီယွင်တို့နှင့်အတူ နတ်ဘုရားမ နယ်မြေထဲသို့ လိုက်ပါလာခဲ့သူ ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ အမြဲတမ်း နားလည်ရခက်လှသည်။
သူ ရောက်ရှိသွားသော နေရာမှာ နှင်းတောမဟုတ်ဘဲ သွေးရောင်လွှမ်းနေသော ခန်းမဆောင်ကြီးတစ်ခု ဖြစ်သည်။ ထိုခန်းမတွင် နတ်ဘုရားနှင့် မိစ္ဆာရုပ်တု ၇ ခု ရှိပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"စိတ်ဝင်စားစရာပဲ..." ထိုလူငယ်က ပြုံးလိုက်သည်။
ထိုစဉ် ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမမှာ နတ်မျှော်စင်၏ အစောင့်အရှောက် ဝိညာဉ်ပင် ဖြစ်သည်။ သူမသည် ထိုလူငယ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"မင်းက ကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ဒီစမ်းသပ်မှုကို ခိုးဝင်လာတာလား... မင်းရဲ့ ရည်ရွယ်ချက်က ဒီမျှော်စင်လား ရယ်စရာပဲ။"
"ဟားဟား" အသားညိုသော လူငယ်က ရယ်မောလိုက်သည်။ "မင်းက ဝိညာဉ်သက်သက်ပဲရှိတာကို ငါ့ကို လာပြီး အပြစ်တင်နေတာလား။ ငါ မင်းတို့ကြားထဲ ရောက်နေတာကိုတောင် မသိခဲ့ဘဲ အခုမှ သိတာ... နောက်ကျသွားပြီ"
ဝတ်စုံဖြူနှင့် အမျိုးသမီးသည် ဒေါသထွက်သွားကာ ခန်းမအတွင်းရှိ ရုပ်တု ၇ ခုကို အသက်သွင်းလိုက်သည်။ ရုပ်တုများမှာ ကျောက်သားအရေခွံများ ကွာကျကာ လက်နက်များကို ကိုင်ဆောင်လျက် လူငယ်ထံသို့ ဦးတည်လာကြသည်။ ဤခန်းမမှာ ခုနစ်ပါးသတ်ခန်းမ ဖြစ်ပြီး ကျူးကျော်သူကို သတ်ဖြတ်ရန် ဖန်တီးထားခြင်းဖြစ်သည်။
သို့သော် ထိုလူငယ်မှာ လုံးဝ မကြောက်ရွံ့ဘဲ လှောင်ပြုံး ပြုံးနေသည်။ ရုတ်တရက် ဝတ်စုံဖြူနှင့် အမျိုးသမီး၏ မျက်နှာ ပျက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဝိညာဉ်တစ်ခုလုံး ခဲသွားမတတ် အေးစက်လှသော အရှိန်အဝါတစ်ခုက သူမကို လွှမ်းမိုးသွားသောကြောင့်ပင်...
အခန်း ၄၉၆ - သွေးလမင်း
ဝတ်စုံဖြူနှင့် အမျိုးသမီးသည် မသိစိတ်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ အသားညိုညိုနှင့် လူငယ်၏ ကြောက်မက်ဖွယ်ကောင်းသော အပြုံးနှင့် အေးစက်လှသော အငွေ့အသက်များကြောင့် သူမ၏နှလုံးသားမှာ တင်းကျပ်သွားရသည်။
သူမသည် သူမ၏ အာရုံခံစားမှုကို မျှော်လင်ပြင်ပ၊ နတ်ဘုရားမ နယ်မြေတစ်ခုလုံးကို ဖြတ်ကျော်၍ မိုင်ပေါင်းသောင်းချီဝေးသော နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီး ဆီသို့ လွှတ်တင်လိုက်သည်။ ထိုနေရာတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ၏ ဝိညာဉ်မှာ ခဲသွားမတတ် ထိတ်လန့်သွားရတော့သည်။
ဧရာမ အနက်ရောင် ဝဲဂယက်ကြီး၏ အလယ်တွင် ကြီးမားလွန်းလှသော မျက်လုံးကြီးတစ်လုံး ပေါ်ထွက်နေသည်။ ၎င်းမှာ ကြယ်တစ်လုံးက မျက်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထိုမျက်လုံးကြီးမှာ မည်သည့်ခံစားချက်မျှမရှိဘဲ လောကရှိ သက်ရှိအားလုံးကို အရေးမပါသကဲ့သို့ ငုံ့ကြည့်နေသည်။ ထိုမျက်လုံးကြီးထံမှ အနက်ရောင် အလင်းတန်းတစ်ခု ထိုးထွက်လာပြီး နတ်ဘုရားမနယ်မြေ၏ အတားအဆီးများကို ဖောက်ထွက်ကာ နတ်မျှော်စင်ကို တိုက်ရိုက် လာရောက်ရိုက်ခတ်တော့သည်။
“ဝုန်းးးးး”
မျှော်စင်တစ်ခုလုံး တုန်ခါသွားသည်။ ဤအနက်ရောင်အလင်းကြောင့် မျှော်စင်အတွင်းရှိ စည်းမျဉ်းများနှင့် ရုပ်တု ၇ ခုလုံး အလုပ်မလုပ်တော့ဘဲ ရပ်တန့်သွားရသည်။
"ငါပြောသားပဲ... ဒီမျှော်စင်က ပိုင်ရှင်အသစ် ရှာရမယ့်အချိန် ရောက်ပြီလို့။ မင်းရဲ့ ပိုင်ရှင်သာ ရှိနေသေးရင် ငါတို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ မင်းတစ်ယောက်တည်းပဲ ရှိတာ
'ဖျက်ဆီးခြင်းမျက်လုံး' ရဲ့ အလင်းတန်းက မင်းနဲ့ မျှော်စင်ကြားက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီ"
အသားညိုသောလူငယ်က ယုတ်မာစွာ ရယ်မောလိုက်သည်။ ဝတ်စုံဖြူနှင့် အမျိုးသမီးမှာ မျက်နှာဖြူလျော်သွားပြီး "ဖျက်ဆီးခြင်းမျက်လုံးလား... သူ့ရဲ့ စွမ်းအားတွေက ဒီလောက်အထိ ပြန်ပြည့်နေပြီလား" ဟု ရေရွတ်လိုက်မိသည်။
"မင်းသာ ငါ့ဆီမှာ အညံခံရင် မင်းရဲ့ ဝိညာဉ်တည်ရှိမှုကို ငါမဖျက်စီးဘဲ ချန်ထားပေးမယ်... ဘယ်လိုလဲ" လူငယ်က မြူဆွယ်လိုက်သည်။
သို့သော် ဝတ်စုံဖြူအမျိုးသမီး၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များသာ ပိုမို ပြင်းထန်လာသည်။ လူငယ်က နှမြောတသဟန်ဖြင့် ခေါင်းခါလိုက်ပြီးနောက် ဝံပုလွေတစ်ကောင်အလား သူမထံသို့ ရုတ်တရက် ခုန်အုပ်လိုက်တော့သည်။ သူ၏အနောက်တွင် ထူးဆန်းသော သွေးလမင်းပုံရိပ်ကြီး ပေါ်ထွက်လာသည်။
၎င်းမှာ သူ၏ ရှုထောင့်ပုံရိပ်ပင် ဖြစ်သည်။
သူသည် သူ၏ လခြမ်းပုံဓားကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်သည့်အပြင် လက်ချောင်းများကြားတွင် တစ်ပေခန့် ရှည်လျားသော သွေးရောင်အပ် ၈ ချောင်းကို ကိုင်ဆောင်ကာ သူမ၏ မျက်လုံးနှင့် နားထင်များကို ထိုးစိုက်ရန် ကြိုးစားလိုက်သည်။
"မင်းက ဝိညာဉ်သက်သက်ပဲလေ... မျှော်စင်နဲ့ ဆက်သွယ်မှု ပြတ်တောက်သွားရင် ငါ့ကို ဘယ်လိုယှဉ်မလဲ"
“ရွှမ်း”
အပ်များမှာ အမျိုးသမီး၏ နဖူးကို ထိုးစိုက်မိသွားသည်ဟု ထင်ရသော်လည်း ၎င်းမှာ ပုံရိပ်ယောင်သာ ဖြစ်နေသည်။ နောက်တစ်ခဏတွင် တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ခန်းမတစ်ခုလုံးကို အေးခဲသွားစေသည်။ ခုနစ်ပါးသတ်ခန်းမမှာ ပျောက်ကွယ်သွားပြီး ၎င်းတို့နှစ်ဦးမှာ ကျယ်ပြောလှသော နှင်းနှင့်ရေခဲကမ္ဘာ ထဲသို့ ရောက်ရှိသွားကြသည်။
လူငယ်က သူ၏ဓားကို ပြန်ဖမ်းလိုက်ပြီး ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။ "ဒီနေရာက မင်းအတွက် တိုက်ခိုက်ရတာ ပိုအဆင်ပြေမယ်လို့ ထင်နေတာလား"။