အခန်း (၂၀၅၉-၂၀၆၀)
Vol. 148 Ch. 2059-2060
အပိုင်း(၂၀၅၉)
ဘုန်း...
အီမန်တက်၏ ဒိုင်းလွှားကြီးမှာ လက်သီးအရှိန်အဟုန်ကြောင့် ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသည်။ စက္ကန့်၏ အပိုင်းအစမျှသော အချိန်အတွင်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်မဲ့သွားသကဲ့သို့ ခံစားလိုက်ရပြီး နှလုံးသားထဲတွင်လည်း အဆုံးစွန်သော ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် တဒိန်းဒိန်း ခုန်နေတော့သည်။
ဒိုင်းကို ကိုင်ထားသော အီမန်တက်၏ လက်အရိုးများမှာ ရိုက်ခတ်မှုကြောင့် ကျိုးကြေသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် နောက်သို့ တွန်းကန်လာသည့် အဟုန်ကို သူမ ခံစားလိုက်ရ၏။ သူမ ချက်ချင်းပင် လျှို့ဝှက်စွမ်းအားများဖြင့် မိမိကိုယ်ကို အားဖြည့်လိုက်၏။ လွင့်စဉ်ထွက်နေသော အော်ရာအားလုံးကို ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ပြန်လည်ရုပ်သိမ်းကာ ကြံ့ကြံ့ခံနိုင်ရန် ကြိုးစားလိုက်သည်။
ဘုန်း...
အီမန်တက်သည် အမှောင်ဟင်းလင်းပြင်ကို ဖြတ်၍ မိုင်ပေါင်း သန်းနှင့်ချီ နောက်သို့ လွင့်စဉ်သွားခဲ့လေရာ ကစဉ့်ကလျား ဖြစ်နေသော အာကာသ အစင်းကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့၏။ သူမ၏ ခြေချောင်းများသည် ပုံသေနှင့် တည်ငြိမ် အာကာသ အလွှာများကိုပင် ဆွဲဖြဲပစ်ခဲ့သဖြင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်ကိုက်ခဲနေတော့သည်။
"အာ့...”
အီမန်တက် အော်ဟစ်မိတော့မည့် အသံကို အောင့်အည်းထားလိုက်သည်။ ကောင်းကင်ဘုံ ရတနာတစ်ခုကို အသုံးပြုထားတာတောင်မှ သည်လောက်အထိ ဖြစ်သွားရသည်လား။
ထိုကောင်းကင်ဘုံ ရတနာမှာ 'လေဥပဒေသ' ကိန်းဝပ်နေသောအရာ ဖြစ်သဖြင့် ခုခံရေးအတွက် အလွန်အမင်း သင့်တော်လှသည်တော့ မဟုတ်သော်လည်း မည်သို့ပင် ဆိုစေ... ၎င်းမှာ ကောင်းကင်ဘုံ ရတနာတစ်ခု ဖြစ်နေဆဲပင်...။
အသူရာ ဒုတိယလက်သီး...
ကျန်းကျန့်ဝမ်သည် သူ၏ ပထမလက်သီးချက်ဖြင့်တင် လုံလောက်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ပေ။ သူ ဒုတိယလက်သီးချက်ကို ချက်ချင်းပင် ဆက်တိုက် ပစ်လွှတ်လိုက်သည်။ သူ ခံစားရမည်ဟု ထင်ထားသော တန်ပြန် သက်ရောက်မှုမှာလည်း အလျှံပယ် စီးဝင်လာသော စွမ်းအင်များကြောင့် ပျောက်ကွယ်သွားခဲ့သည်။ လောကဥပဒေသအားလုံးကို ဖီဆန်နေသည့် ခံစားချက်မျိုးကို သူ ခံစားနေရသည်။
"အံ့မခန်းပဲ... ဟား ဟား..."
ကျန်းကျန့်ဝမ် အားရပါးရ ရယ်မောလိုက်သည်။ သူ၏ ဒုတိယလက်သီးချက်မှာ အလွန်ပင် လျင်မြန်သလို အားအပြည့် ပါဝင်နေ၏။
“ချီးပဲ...”
သူတော်စင် အီမန်တက်မှာ ကျိန်ဆဲလိုက်သော်လည်း သူမ၏ စကားသံမှာ ကောင်းကင်ဘုံ ရတနာကို ရိုက်ခတ်သွားသော လက်သီးချက်၏ ပေါက်ကွဲသံအောက်၌ နစ်မြုပ်သွားခဲ့ရသည်။
ဘုန်း...
နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ သူမ၏ လက်မောင်းများ ကျိုးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပါးစပ်မှ သွေးများ ပန်းထွက်လျက် မိုင်ပေါင်း သန်းချီ၍ လွင့်စဉ်သွားပြန်သည်။ သူမ၏ လှပသော ခြေချောင်းများနှင့် ခြေဖဝါးများမှာ သွေးချင်းချင်းနီလျက် ကစဉ့်ကလျား ဖြစ်နေသော အာကာသ စွမ်းအင်များဖြင့် ပြည့်နှက်နေတော့သည်။ သူမ၏ ပါးစပ်၊ လည်ပင်းနှင့် ရင်ဘတ်အပေါ်ပိုင်းတို့မှာလည်း အန်ဖတ်သွေးများဖြင့် စိုရွှဲနေချေပြီ။
"သူတော်စင် ပါခက်... ငါ့ကို ကူညီပါဦး..."
သူမသည် သူမ၏ သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်လိုက်၏။ သူမ မသေချင်သေးပေ။
အသူရာ တတိယလက်သီး...
ဘုန်း...
သူမ၏ လက်မောင်းများနှင့် ခြေထောက်များမှာ ချက်ချင်းပင် ထုံကျင်သွားပြီး ခန္ဓာကိုယ်မှာ ဒိုင်းကို မနည်း ဆုပ်ကိုင်ထားရသည်။ အကယ်၍ အကာအကွယ်မပါဘဲ လွင့်ထွက်သွားခဲ့လျှင် ထိုလက်သီးချက်မှာ သူမကို တိုက်ရိုက် ထိမှန်သွားပေလိမ့်မည်။ သူမ ဤသို့ မသေနိုင်ပေ။
ခရက်... ခရက်...
သူမ၏ ကောင်းကင်ဘုံ ရတနာ ဒိုင်းလွှားကြီးမှာ စတင် အက်ကွဲလာတော့သည်။ ညာဘက်အောက်ခြေတွင် အက်ကြောင်းတစ်ခု ပေါ်လာခဲ့လေပြီ။
"ပါခက်..."
သူမ ထပ်မံ၍ အော်ဟစ်လိုက်ပြန်၏။
ဝှစ်...
သူတော်စင် ပါခက်သည် အဝါရောင် အလင်းတန်းများ လွှမ်းခြုံထားသော ခန္ဓာကိုယ်ဖြင့် ကျန်းကျန့်ဝမ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ဟိန်းသံတစ်ခုကို လွှတ်လိုက်သည်။ သူမသည် တတိယလက်သီးချက် ပစ်လွှတ်ပြီးချိန်ကို အမိအရ တွက်ချက်၍ လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ သူမ၏ လက်ထဲတွင် ရုတ်တရက် ရွှေရောင် 'ခိုပက်ရှ်' ဟုခေါ်သော လခြမ်းပုံ ဓားမြှောင်တစ်လက် ပေါ်လာသည်။ ပါခက်မှာ ၎င်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူမ၏ ခြေလှမ်းများမှာ ဖော်ပြ၍ မရနိုင်လောက်အောင် လျင်မြန်လှပေသည်။
ထိုရွှေရောင် လခြမ်းဓားသည် ဥပဒေသ အော်ရာများကို ထုတ်လွှတ်နေသည်။ နောက်ထပ် ကောင်းကင်ဘုံ ရတနာတစ်ခုပင်။ ၎င်း၏ အသွားမှာ သတ္တုနှင့် မတူဘဲ အရိုးဖြင့် ပြုလုပ်ထားပုံရသည်။ သူတော်စင် ပါခက်သည် ဤဓားသွားအတွက် သူမ၏ ကိုယ်ပိုင်အရိုးများကို ထုတ်ယူကာ ကောင်းကင်ဘုံ ရတနာအဆင့် ရောက်သည်အထိ အကြိမ်ကြိမ် သွေးယူခဲ့သည်ကို လူအနည်းငယ်သာ သိကြသည်။
ဝှစ်...
သူမသည် ကျန်းကျန့်ဝမ်နှင့် မိုင်ပေါင်း ထောင်ချီ အကွာအဝေးသို့ ရောက်ရှိလာသည်။ ထိုနေရာသို့ ရောက်သည်နှင့် သူမက မဆိုင်းမတွပင် ဓားကို ဝှေ့ယမ်းလိုက်၏။
ရွှမ်း...
သားရဲဆန်လှသော ထက်ရှသည့် အလင်းတန်းမှာ ဟင်းလင်းပြင်ကို ဖြတ်တောက်ကာ ကျန်းကျန့်ဝမ်၏ လည်ပင်းဆီသို့ ဦးတည် တိုးဝင်သွားတော့သည်။ သူမ၏ ရည်ရွယ်ချက်မှာ စတုတ္ထလက်သီးချက် မထွက်လာခင် သူ၏ အရှိန်အဟုန်ကို ဖြတ်တောက်ရန်ပင်။ အကယ်၍ ဤသည်မှာ အတိတ်က ကျန်းကျန့်ဝမ်သာ ဖြစ်ခဲ့လျှင် သူမ၏ အချိန်ကိုက် လှုပ်ရှားမှုမှာ ပြီးပြည့်စုံနေပေလိမ့်မည်။
အသူရာ စတုတ္ထလက်သီး...
ကျန်းကျန့်ဝမ်သည် သူ၏ လက်သီးချက်ကို သူတော်စင် ပါခက်ဆီသို့ ပြောင်းလဲဦးတည်လိုက်သည်။ ခန္ဓာကိုယ် တစ်ခုလုံး အသူရာ အင်အားများအောက်၌ နစ်မြုပ် မသွားခင် ပါခက်၏ မျက်ဝန်းများမှာ ထိတ်လန့်မှုတို့ဖြင့် ပြူးကျယ်သွားခဲ့ရသည်။ ထက်ရှသော ဓားအလင်းတန်းမှာ လက်သီးချက်အောက်၌ ပျောက်ကွယ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း လွင့်စဉ်သွားတော့သည်။
ဝှစ်...
ဝိညာဉ် ဆန်စပါးတစ်စေ့မှာ ကျန်းကျန့်ဝမ်၏ အနီးသို့ ရုတ်တရက် ပေါ်လာပြီး ဝိညာဉ်စွမ်းအားများဖြင့် တုန်ခါနေလေ၏။ အမှောင်ဟင်းလင်းပြင်ကို ထိုးဖောက်လာသော လောက်ကောင်များကဲ့သို့ ထိုစွမ်းအားများမှာ ကျန်းကျန့်ဝမ်ဆီသို့ ဦးတည်လာကြသည်။
ကျန်းကျန့်ဝမ်၏ အသိစိတ်ပင်လယ် အတွင်း၌မူ အာရုဏ်ဦး ပုံရိပ်ယောင် နည်းလမ်းမှာ ခိုင်မြဲစွာ တည်ရှိနေပြီး စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ကာကွယ်ပေးထားသည်။ တစ်ချိန်တည်းမှာပင် ကြည်လင်သော အလင်းတန်းများသည် ထိုပြင်ပ ဝိညာဉ်စွမ်းအားများကို အကြွင်းမဲ့ ခြေမှုန်းပစ်လိုက်ပြီး ၎င်းတို့၏ ရင်းမြစ်ဆီသို့ တုံ့ပြန်တိုက်ခိုက်လိုက်တော့သည်။
"ဘာလဲ... "
ဝိညာဉ်ဆန်စပါးဆီမှ ထိတ်လန့်တုန်လှုပ်သွားသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုဆန်စပါးမှာ ဖုန်မှုန့်အဖြစ် ကြေမွသွားတော့သည်။ 'ယန်သီးနှံ မဟာနယ်မြေ' တွင် ရှိနေသော သူတော်စင် နက်ပစ်၏ မျက်ဝန်းများမှာလည်း ကွယ်ပျောက်သွားကာ ငြိမ်သက်သွားခဲ့ရသည်။
"သူတို့ အကူအညီ လိုနေပြီ..."
သူတော်စင် နက်ပရီ၏ အသံမှာ တစ်ဂလက်ဆီလုံးသို့ ပဲ့တင်ထပ်သွား၏။ အခြားသော မဟာနယ်မြေ လေးခုမှ ကျန်ရှိနေသော သူတော်စင် လေးဦးမှာလည်း နက်ပရီ မပြောခင်ကတည်းက စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။ သူတို့အနက် နှစ်ဦးမှာ အီမန်တက်၏ သဲအကျဉ်းထောင် မအောင်မြင်ချိန်ကတည်းက လာနေကြခြင်းပင်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်အရှင် များသည်လည်း အစီအရင်များကို စတင် အသက်သွင်းလိုက်ကြပြီး ၎င်းတို့၏ နယ်မြေတစ်ခုလုံးမှ စွမ်းအားများကို ပေးပို့လိုက်ကြသည်။ သူတော်စင် နက်ပရီ၏ စကားအပြီးတွင် သူတို့အားလုံးမှာ ကြီးမားသော တန်ဖိုးများကို ပေးဆပ်လိုက်ကြရပြီ ဖြစ်သည်။
ရုတ်တရက် သူတော်စင် အီမန်တက်နှင့် သူတော်စင် နက်ပစ်တို့၏ ကိုယ်ခန္ဓာများ၊ ဝိညာဉ်များနှင့် လျှို့ဝှက်ဝိညာဉ်များမှာ ပြန်လည် နုပျိုလန်းဆန်းလာကာ အရှိန်အဝါများမှာလည်း ပိုမိုပြင်းထန်လာတော့သည်။
သူတော်စင် ပါခက်မှာ လက်သီးချက်အောက်တွင် ရှိနေသော်လည်း သူမ၏ အော်ရာမှာလည်း ပြန်လည် မြင့်တက်လာသည်။ သူမ အသက်ရှင်နေဆဲပင်.
အမည်မဲ့ ဂလက်ဆီ၏ သူတော်စင် ရှစ်ဦးနှင့် ထိပ်တန်း အင်အားစုများသည် သူခိုးတစ်ဦးတည်းကို ရင်ဆိုင်ရန်အတွက် အတူတကွ ပူးပေါင်းလိုက်ကြပြီ ဖြစ်သည်။
ထိုအဖြစ်အပျက်များ ဖြစ်ပွားနေစဉ် ဝေ့ဝူယင်မှာမူ တတိယမြောက် မဟာနယ်မြေရှိ သူတော်စင်များ စောင့်ကြပ်သော ဘဏ္ဍာတိုက်ဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝေ့ဝူယင်သည် ဆက်စပမှု စစ်အလံမှတစ်ဆင့် ကျန်းကျန့်ဝမ် အလျင်အမြန် ပေးပို့သော သတင်းစကားကို ရရှိလိုက်သည်။ သူတော်စင် ပါခက်ကို သူ သတ်လုနီးပါး ဖြစ်သွားကြောင်းနှင့် ၎င်းတို့သည် နယ်မြေအသီးသီးရှိ အစီအရင်များကို စတင် အသုံးပြုနေကြပြီ ဖြစ်ကြောင်းပင်။
ဝေ့ဝူယင်၏ မျက်နှာတွင် အပြုံးအနည်းငယ် ပေါ်လာ၏။
"သူတို့ကို ဆက်ပြီး အာရုံလွှဲထားပါ... ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ပုံစံမျိုး ဖမ်းပြီး မင်းရဲ့ အစွမ်းအကုန် ထုတ်သုံးလိုက်ပါ..."
သူက ညွှန်ကြားလိုက်သည်။ သူသည် အာကာသဟင်းလင်းပြင်ထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး နောက်ထပ် မဟာနယ်မြေတစ်ခုဆီသို့ ဦးတည်သွားတော့သည်။
သူ၏ အစီအစဉ်မှာ အောင်မြင်စွာ လည်ပတ်နေချေပြီ။ အမည်မဲ့ ဂလက်ဆီသည် သူတော်စင်များ မည်မျှပင် ကာကွယ်ထားစေကာမူ သူ၏ လက်တွင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
***
အပိုင်း(၂၀၆၀)
မုန်တိုင်းမိုးစက် မဟာနယ်မြေ...
အမည်မဲ့ ဂလက်ဆီ ကို မဟာနယ်မြေ (အဓိက နယ်မြေ) ၁၂ ခုနှင့် နယ်မြေငယ် (သာမည နယ်မြေ) ၂၂ ခုဖြင့် ပိုင်းခြားထားသည်။ နယ်မြေငယ် ၂၂ ခုမှာ အင်အားစုမျိုးစုံ၏ အပြိုင်အဆိုင် လုယက်ရာ နယ်မြေများ ဖြစ်သော်လည်း၊ မဟာနယ်မြေ ၁၂ ခုကိုမူ 'လျှို့ဝှက်အရှင်' များ ဦးဆောင်သော မဟာမိတ်အဖွဲ့များ သို့မဟုတ် ထင်ရှားကျော်ကြားလှသော သူတော်စင် ရှစ်ဦးက စိုးမိုးထားကြသည်။
သူတော်စင် တစ်ဦးစီတွင် ကိုယ်ပိုင် မဟာနယ်မြေ တစ်ခုစီ ရှိကြပြီး၊ ထိုနယ်မြေမှ ဒေသခံများသည် သာမန်လူသား ဘုရင်နိုင်ငံများထက်ပင် ပိုမိုပြင်းထန်သော မျိုးချစ်စိတ်နှင့် ဂုဏ်ယူဝင့်ကြွားမှုများ ရှိကြသည်။ သူတို့က ဂလက်ဆီတစ်ခုလုံးကို သူတို့ပိုင်သည်ဟု မှတ်ယူကြပြီး 'လျှို့ဝှက်သဲကန္တာရ'၊ 'ယင်သီးနှံ' နှင့် 'ယန်သီးနှံ' ကဲ့သို့သော မဟာနယ်မြေများမှ ပြည်သူများသည် မိမိတို့ကိုယ်ကို 'လျှို့ဝှက်သဲကန္တာရ ဂလက်ဆီ'၊ 'ယင်သီးနှံ ဂလက်ဆီ' စသဖြင့် အမည်တပ်ကာ မိမိတို့ နယ်မြေမှာ ဂလက်ဆီတစ်ခုလုံး၏ 'မြို့တော်' ဖြစ်သည်ဟု ကြွေးကြော်လေ့ ရှိကြသည်။
သူတော်စင်များ အုပ်ချုပ်သော မဟာနယ်မြေ ရှစ်ခုမှာ - သူတော်စင် အီမန်တက် အုပ်ချုပ်သော 'လျှို့ဝှက်သဲကန္တာရ'၊ သူတော်စင် နက်ပရီ အုပ်ချုပ်သော 'ယင်သီးနှံ'၊ သူတော်စင် နက်ပစ် အုပ်ချုပ်သော 'ယန်သီးနှံ'၊ သူတော်စင် ပါခက် အုပ်ချုပ်သော 'မုန်တိုင်းမိုးစက်'၊ သူတော်စင် ခွန်ရှူး အုပ်ချုပ်သော 'လဆင်း လှည့်လည်သူ'၊ သူတော်စင် ခတ်ပရီ အုပ်ချုပ်သော 'နေထွက် ပိုးကောင်'၊ သူတော်စင် ဟားသွော အုပ်ချုပ်သော 'သာယာဝပြော မဟာမိတ်' နှင့် သူတော်စင် အာမွန်နက် အုပ်ချုပ်သော 'မျက်နှာဖုံးမျက်ဝန်း' တို့ ဖြစ်ကြသည်။
အမျိုးသမီး လေးဦးနှင့် အမျိုးသား လေးဦး ပါဝင်သော ဤသူတော်စင် ရှစ်ဦးစလုံးသည် ကျန်းကျန့်ဝမ် ဟူသော ဘုံရန်သူ တစ်ဦးတည်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ 'ရှစ်မျက်နှာ နတ်ဘုရား ကျော့ကွင်း' အတွင်း၌ သူတို့သည် မိမိတို့ နယ်မြေများမှ ကြီးမားသော စွမ်းအားများကို ဆွဲယူအသုံးပြုနေကြပြီး၊ အခြားသော မဟာနယ်မြေ လေးခုနှင့် နယ်မြေငယ်များစွာ၏ ပံ့ပိုးမှုကိုလည်း ရရှိထားကြသည်။ ဤလုပ်ရပ်သည် မရည်ရွယ်ဘဲ ဂလက်ဆီတစ်ခုလုံးကို ပစ်မှတ်တစ်ခုတည်းအတွက် စည်းလုံးသွားစေခဲ့သည်။
တိုက်ပွဲ ပြင်းထန်နေစဉ်အတွင်း ဂြိုဟ်များကို တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းများမှ အကာအကွယ် ပေးထားရသည်။ လက်သီးချက်များနှင့် ကောင်းကင်ဘုံ ရတနာများ ရိုက်ခတ်မှုကြောင့် ကောင်းကင်၏ အရောင်မှာလည်း တောက်ပသော အဖြူရောင် သို့မဟုတ် အခြားသော အရောင်မျိုးစုံသို့ အကြိမ်ကြိမ် ပြောင်းလဲနေတော့သည်။
ဘုန်း...
ကျန်းကျန့်ဝမ်သည် သူတော်စင် လေးဦးဆီသို့ သူ၏ ဆဋ္ဌမမြောက် လက်သီးချက်ကို ပစ်လွှတ်လိုက်သည်။ သူတော်စင် အီမန်တက်က သူမ၏ ဒိုင်းဖြင့် ခုခံပြီး၊ သူတော်စင် ခွန်ရှူးက လခြမ်းပုံ မှန်ချပ်တစ်ခုကို အသုံးပြုကာ စုပေါင်း ခုခံလိုက်ကြသည်။
မည်သည့် သူတော်စင်မျှ သာမည အာဏာကို မရရှိသေးသော်လည်း၊ သူတို့သည် မိမိတို့ ကျင့်ကြံခြင်း အခြေခံနှင့် လုံးဝ လိုက်ဖက်ညီသော ကောင်းကင်ဘုံ ရတနာများကို ကိုယ်စီ ထုဆစ် ကျင့်ကြံထားကြသူများ ဖြစ်သည်။
သူတော်စင် ခွန်ရှူးသည် ငွေဖြူရောင် ဆံပင်တိုနှင့် လခြမ်းပုံ သူငယ်အိမ်ရှိသော ခရမ်းရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် အလွန်ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။ သူသည် နယ်မြေများမှ ပေးပို့ထားသည့် အထပ်ထပ်သော 'လျှို့ဝှက် အကာအကွယ်လွှာ' များ ရှိလင့်ကစား ကျန်းကျန့်ဝမ်၏ ဆဋ္ဌမလက်သီးချက်ကြောင့် ငွေဖြူရောင် သွေးများကို အန်ထုတ်လျက် လွင့်စဉ်သွားခဲ့ရသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။
သူတော်စင် အီမန်တက်၏ လှပသော ခန္ဓာကိုယ်မှာလည်း ကြည့်မကောင်းလောက်အောင် ပျက်စီးနေချေပြီ။ သူမ၏ အရိုးများမှာ ကြေမွသွားခဲ့ပြီး လျှို့ဝှက်စွမ်းအား သက်သက်ဖြင့်သာ ထိန်းထားရခြင်း ဖြစ်သည်။ မဟုတ်ပါက သူမသည် အရိုးပုံနှင့် ပျော့ခွေနေသော အသားစိုင်များအဖြစ် ပြိုလဲသွားပေလိမ့်မည်။ အခြားသူများမှာလည်း အခြေအနေ သိပ်မကောင်းကြပေ။
ကျန်းကျန့်ဝမ်သည် ဤဆဋ္ဌမလက်သီးချက်ကို တစ်ကြိမ်တည်း ထိုးခဲ့ခြင်း မဟုတ်ပေ။ သူသည် ပထမလက်သီးမှ စတင်ကာ ဆဋ္ဌမလက်သီးအထိ အကြိမ်ကြိမ် ပတ်ချာလည် ထိုးနှက်နေခြင်း ဖြစ်သည်။ သူ၏ တိုက်ကွက်ရစ်သမ်မှာ ခန့်မှန်းရ လွယ်ကူသော်လည်း သူ၏ စွမ်းအားမှာမူ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူတော်စင် တစ်ဦးမျှ ဒဏ်ရာ မရဘဲ မနေရချေ။
သူတော်စင် ပါခက်မှာ ဘယ်ဘက်လက်မောင်း ပြတ်တောက်သွားခဲ့လေပြီ။
သူတော်စင် နက်ပစ်၏ ရုပ်ခန္ဓာမှာမူ သွေးအိုင်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။ သူသည် သူ၏ ကျင့်ကြံခြင်း အခြေခံကို အပြည့်အဝ ထိန်းသိမ်းနိုင်ရန်အတွက် သူ၏ ရုပ်ခန္ဓာ အကြွင်းအကျန်များကို ထည့်သွင်းထားသော 'ဝိညာဉ်ခန္ဓာ' တစ်ခုကို ဖန်တီးလိုက်ရသည်။ သူသည် ဝိညာဉ်စွမ်းအားကိုသာ အသုံးပြု၍ သူ၏ ကျင့်စဉ်များကို ထုတ်ဖော်နေရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရုပ်ခန္ဓာ မရှိတော့သဖြင့် လျှို့ဝှက်စွမ်းအား သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို အသုံးပြုရန်မှာ အလွန်ပင် နှေးကွေးခြင်း သို့မဟုတ် မဖြစ်နိုင်ခြင်းကြောင့်ပင်။
ထို့ကြောင့်ပင်... သူသည် အထပ်ပေါင်း သောင်းချီသော အကာအကွယ်များအောက်တွင် အဝေးဆုံးမှာသာ ဆက်လက် နေထိုင်ရင်း တိုက်ခိုက်နေသည်။ သူ၏ ခုခံမှုမှာ တပိုင်းတစ ကြည်လင်နေသော ပုံဆောင်ခဲလုံးကြီးနှင့် တူလှ၏။ သူသည် အဆက်မပြတ် ရွေ့လျားရင်း အံ့သြဖွယ် ကောင်းလောက်အောင် မြန်ဆန်သော နှုန်းဖြင့် ဝိညာဉ်ကျင့်စဉ်များကို ပစ်လွှတ်နေသည်။ သူ၏ ဝိညာဉ်ကျင့်စဉ်များကြောင့်သာ ကျန်းကျန့်ဝမ်၏ အာရုံမှာ အဆက်မပြတ် နှောင့်ယှက်ခံနေရပြီး သတ္တမမြောက် လက်သီးချက်ကို မထိုးနိုင်ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုသတ္တမလက်သီးချက်မှာ ကျင့်ကြံခြင်း အခြေခံတစ်ခုလုံးကို အသုံးပြုရမည် ဖြစ်သဖြင့် အာရုံစူးစိုက်မှု အလွန် လိုအပ်လှသည်။
ကျန်းကျန့်ဝမ်သည် သူတော်စင် နက်ပစ်နှင့် ဟားသွောတို့ ပစ်လွှတ်သော ဝိညာဉ်ကျင့်စဉ်များကို ခြေမှုန်းရန် အာရုဏ်ဦး ပုံရိပ်ယောင် နည်းလမ်းကို ဆက်လက် အသုံးပြုနေသည်။ သူသည် ဟိန်းဟောက်သံတစ်ခုနှင့်အတူ ကြည်လင်သော အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်ရာ၊ သူ၏ ပတ်ဝန်းကျင်၌ မမြင်ရသော သံကြိုးများအလား ရစ်ပတ်နေသော အာကာသ အနှောင်အဖွဲ့များမှာ ကြေမွသွားတော့သည်။
'ငါ... ဒီ သူတော်စင်တွေနဲ့ တိုက်ရတာကို တကယ် မုန်းတယ်...'
ကျန်းကျန့်ဝမ် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူတော်စင် နက်ပရီနှင့် လျှို့ဝှက်အရှင် အချို့သည် 'ရှစ်မျက်နှာ နတ်ဘုရား ကျော့ကွင်း' ကို အသုံးချကာ သူ၏ လှုပ်ရှားမှုများကို ချုပ်ကိုင်ရန် ကြိုးစားနေကြသည်။ ကျန်းကျန့်ဝမ်က ဆက်လက် တိုက်ခိုက်နေစဉ်မှာပင်၊ ကူညီပေးနေကြသော သူတော်စင်များနှင့် ကောင်းကင်ရှန့်ထို၊ လောကရှန့်ထို၊ မြေကြီးရှန့်ထို အဆင့်ရှိ ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲတွင် မယုံကြည်နိုင်မှုနှင့် စိတ်ပျက်အားငယ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေတော့သည်။ ကျန်းကျန့်ဝမ်အပေါ် ကြောက်ရွံ့မှုမှာ ၎င်းတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းကျန့်ဝမ်က လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက် ထိုးနှက်ရင်း တိုက်ခိုက်နေသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်ဟု သူတို့ ခံစားနေရသည်။ သူက ပေါ်ပေါ်ထင်ထင်နှင့် လျှို့ဝှက်တိုက်ခိုက်မှု အားလုံးကို တုံ့ပြန်နေရုံသာမက၊ ကျင့်စဉ်အားလုံးကို တားဆီးကာ အနှောင်အဖွဲ့အားလုံးကို ချေဖျက်နေပြီး၊ နည်းနည်းလေးမျှ မောပန်းသည့် အရိပ်အယောင် မပြဘဲ ပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်နေခြင်း ဖြစ်သည်။ ထိုအရာက တကယ့်ကို မိစ္ဆာဆန်လွန်းလှဿည်။
ထိုမိစ္ဆာကြီး သူတို့ဆီက ပစ္စည်းများကို ရဲရဲတင်းတင်း ခိုးယူဝံ့တာ မဆန်းတော့ပေ။ ထိုခွန်အားမှာ လျှို့ဝှက်အာဏာရှင်အဆင့်၏ အထွတ်အထိပ်ကို ကိုယ်စားပြုနေခြင်းပင် ဖြစ်ရမည်။
အချိန်ကြာလာသည်နှင့်အမျှ သူတော်စင် တစ်ဦးစီ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာသဖြင့် သူတို့၏ ကြောက်ရွံ့မှုမှာ ပိုမို တိုးလာခဲ့သည်။ သို့သော်လည်း ကျားမြီးဆွဲမိသလို ဖြစ်နေသဖြင့် လွယ်လွယ်နှင့် လက်လွှတ်ရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ပြင် သူတို့ အရှုံးမပေးနိုင်ကြချေ။ သူတို့၏ ဂလက်ဆီမှာ အလွန်ပင် ချမ်းသာကြွယ်ဝသော်လည်း၊ နှစ်လအတွင်းမှာပင် အရင်းအမြစ်များ ရုတ်တရက် ကုန်ခန်းသွားမှုကြောင့် လူမှုအသိုက်အဝန်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်။
ထို့အပြင်၊ အရင်းအမြစ်သစ်များ ထပ်မံထွက်ပေါ်လာရန် အချိန်မှာ အလွန်ဝေးကွာနေသဖြင့် သူတို့၏ ကျင့်ကြံခြင်း တိုးတက်မှုများမှာလည်း ရပ်တန့်လုနီးပါး ဖြစ်နေချေပြီ။ မည်သူက ဆယ်နှစ်၊ နှစ်တစ်ရာ၊ တစ်ထောင်... နှစ်တစ်သောင်းအထိ စောင့်နိုင်မည်နည်း။ သူတို့၏ ဘဏ္ဍာတိုက်များထဲတွင် သိမ်းဆည်းထားသော ရတနာအချို့မှာ လျှို့ဝှက်အရှင်များအတွက် တစ်သက်မှာ တစ်ခါသာ တွေ့နိုင်သောအရာများ ဖြစ်ပြီး၊ ထူးခြားသော အခြေအနေမျိုး မရှိလျှင် နှစ်ပေါင်း နှစ်သိန်းခွဲမှာ တစ်ကြိမ်သာ ထွက်ပေါ်နိုင်သောအရာများ ဖြစ်သည်။
အကယ်၍ ထိန်ကျန့်ဝမ်ကိုသာ လွှတ်ပေးလိုက်ပါက သူတို့မှာ ကူကယ်ရာမဲ့ ဖြစ်ကျန်ရစ်ပေလိမ့်မည်။ ခဏတာမျှ အရင်းအမြစ်ပြတ်လပ်မှုကို မြည်းစမ်းကြည့်ရုံဖြင့်ပင် ရှေ့လျှောက် ရက်စွဲများမှာ သူတို့ ထင်ထားသည်ထက် ပို၍ မှောင်မိုက်နေမည်ကို သိရှိလိုက်ကြသည်။ ထို့ကြောင့်ပင် သူတို့သည် အချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ဘေးဖယ်ထားကာ လူတစ်ယောက်တည်းကို ရင်ဆိုင်ရန်အတွက် မကြုံစဖူးသော စည်းလုံးမှုမျိုးဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
သူတို့ တိုက်ခိုက်ရမည်သာ ဖြစ်သည်။
သူတော်စင်များမှာမူ ဘေးကင်းကြပါသေးသည်။ သူတို့၏ ဘဏ္ဍာတိုက်များမှာ မထိခိုက်သေးသလို၊ အဂ္ဂိရတ် ဖော်စပ်ခြင်း အဖွဲ့အစည်းများမှာလည်း ကျန်ရှိနေသေးသည်။ သို့သော် ဘာထူးမည်နည်း။ အဂ္ဂိရတ် ပညာရှင်များသည် သူတို့၏ ဆေးများကို အလွန်ကြီးမားသော ဈေးနှုန်းများဖြင့် ရောင်းချကြပြီး၊ ဆေးဖော်စပ်ရန် ကုန်ကြမ်းများ ကုန်ခန်းသွားသဖြင့် ဈေးနှုန်းမှာ ကျဆင်းမည့်အစား တိုးမြှင့်လာရုံသာ ရှိပေမည်။ သူတော်စင်များသည်လည်း သူတို့၏ ရတနာများကို အသုံးပြုခွင့်ပေးရန်အတွက် လုံးဝ နာခံမှုကို တောင်းဆိုကြမည်ဖြစ်ကာ အလွန်အမင်း ကန့်သတ်ချုပ်ချယ်မှုများ ရှိလာပေလိမ့်မည်။
ရလဒ်အနေဖြင့် လူမှုအသိုက်အဝန်းမှာ သိသိသာသာ ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့၏ ရတနာများကို ပြန်လည် ရယူရမည်သာ ဖြစ်သည်။
သူတို့ မသိရှိလိုက်ကြသည်က.. သူတို့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များသည် လုံးဝ မဖြစ်နိုင်သောအရာများ ဖြစ်နေခြင်းပင်။ ကျန်းကျန့်ဝမ်သည် သူ၏ အင်အာများကို အတော်အတန် အင်အားကို ထိန်းထားခြင်း ဖြစ်သည်။
သတ္တမလက်သီးလား...
သူ့အတွက် မခက်ခဲပါချေ။ ဝေ့ဝူယင်၏ အဆုံးမရှိသော စွမ်းအားများ အားဖြည့်ပေးမှုကြောင့် သူသည် 'အဟုန် ဥပဒေသ' ကို အသုံးပြု၍ အဋ္ဌမ၊ နဝမ နှင့် ဒသမမြောက် လက်သီးချက်များကိုပင် ပစ်လွှတ်နိုင်သည်ဟု ခံစားနေရသည်။
ဤခံစားချက်မှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။
***