အခန်း (၂၀၇၁-၂၀၇၂)
Vol. 148 Ch. 2071-2072
အပိုင်း(၂၀၇၁)
ဂလက်ဆီ၏ အရပ်ရပ်မှ လာကြသော လူတန်းကြီးမှာ ဘာသာရေး အခမ်းအနားတစ်ခုကဲ့သို့ပင် ထင်မှတ်ရပြီး တစ်ဦးချင်းစီတွင်လည်း ကိုယ်ပိုင်အဝတ်အစားနှင့် အမူအရာ အသီးသီး ရှိကြသည်။ သူတို့သည် တံခါးကြီး ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း တစ်လှမ်းချင်း တစ်လှမ်းချင်း ဂရုတစိုက် လျှောက်လှမ်းနေကြသော်လည်း ငြိမ်သက်ခြင်း မရှိဘဲ စကားများ ပြောဆိုနေကြသည်။
“အာရုဏ်ဦး အာဏာရှင် အင်ပါယာက အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက်ရဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကို ရောင်းဦးမလား မသိဘူးနော်... သဘာဝအတိုင်း နေကြယ် တစ်စင်း ဖန်တီးနိုင်တဲ့ အဂ္ဂိရတ် ထုတ်ကုန်ရှိတယ်လို့ ကြားမိတယ်... ဒါသာဆိုရင် ငါ့ မြေးမလေး အခြေခံကောင်းကောင်း ရဖို့အတွက် သိပ်အသုံးဝင်မှာပဲ”
“မာနုနယ်မြေ... တံခါးကြီးတွေက သိပ်လှတာပဲ... ကြည့်စမ်းပါဦး ဦးလေးရယ်၊ လောကကြီးပေါ်မှာ နေဝင်နေတဲ့ ပုံကြီးက သိပ်လှတာပဲနော်”
“ကျွန်တော် ကြားတာတော့ သူခိုးက ရတနာတွေ အကုန်လုံးကို ယူပြီး ထွက်ပြေးသွားတယ် ဆိုပဲ... အခု ဒီမှာ တွေ့ဆုံကြတာက ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ပဲတဲ့...”
“ထွက်ပြေးသွားတယ် ဟုတ်လား... မဖြစ်နိုင်တာ... ကြီးမြတ်တဲ့ သူတော်စင်တွေက သိပ်ကို စွမ်းအားကြီးတာ... ငါတို့ ရတနာတွေကို ခိုးရဲတဲ့ အဲဒီ ပိုးကောင်လေးကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး... ဟုတ်တယ်မလား”
မိမိတို့၏ ရတနာတိုက်များ ပြောင်သလင်းခါသွားသည်မှာ အပြီးအပိုင် ဖြစ်သွားမည်ကို ကျင့်ကြံသူတို့က မတွေးရဲအောင် ထိတ်လန့်နေကြသဖြင့် စိတ်ထဲမှသာ ငြင်းဆန်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ ရတနာအချို့ကို ပြန်လည်ရယူရန်အတွက် ခြိမ်းခြောက်ညှိနှိုင်းသည့် နည်းလမ်းတစ်ခုသာ ဖြစ်လိမ့်မည်ဟု သူတို့က အယုံအကြည် ရှိနေကြသည်။ သူတို့၏ ပေါ့ဆမှုကြောင့် ရတနာများ ခိုးယူခံရခြင်း ဖြစ်သဖြင့် တစ်ဝက်ခန့် ပြန်ရလျှင်ပင် ကျေနပ်ရမည်ဟု တွေးတောနေကြလေသည်။
မာနုနယ်မြေ၏ အတွင်းခန်းမ ဆောင်များမှာ ကျယ်ဝန်းလှပြီး ထူးခြားဆန်းပြားသော ရှုခင်းများနှင့် ကောင်းကင်ဖြစ်စဉ်များ၏ လှပသော ပုံရိပ်ပန်းချီများဖြင့် တန်ဆာဆင်ထားသည်။ သူတော်စင်များကဲ့သို့သော အရေးပါသူများသည် ပင်မခန်းမအတွင်းသို့ ဝင်ရောက်လာကြမည့်သူများကို စောင့်ကြပ်ကြည့်ရှုနေကြသည်။
သူတို့သည် အလွန်မြင့်မား၍ ထူးခြားသော လျှို့ဝှက်သင်္ကေတများဖြင့် ဖုံးလွှမ်းထားသည့် တော်ဝင်တံခါးကြီးများ ရှေ့တွင် ရပ်နေကြသည်။ ထိုသင်္ကေတများသည် နေမင်းအပေါင်းကို ပုံဖော်ထားပြီး ကြယ်ကွင်းပြင်၏ လှည့်ပတ်မှုကဲ့သို့ လှုပ်ရှားနေကြရာ ကြည့်ရသည်မှာ အလွန်ပင် စွဲမက်ဖွယ် ကောင်းလှပေသည်။
တံခါး ရှစ်ချပ်အနက် တစ်ချပ်တွင် သူတော်စင် အီမန်တက်သည် လော့နင်နှင့်အတူ ရပ်နေသည်။ ထိုနှစ်ဦးသည် စကားစမြည် ပြောဆိုနေကြပြီး သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများက ဘေးလူများကို မနာလိုစိတ် ဖြစ်ပေါ်စေလောက်သည်။
သူတော်စင် အီမန်တက်သည် အလွန်ပင် ဆွဲဆောင်မှုရှိသော အလှပိုင်ရှင် ဖြစ်သော်လည်း ယနေ့တွင်မူ ယခင်ကထက် ပိုမို လုံခြုံသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သို့သော်လည်း သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် အမြဲတမ်း ပြုံးရွှင်နေသော ပုံစံမှာ များစွာသောသူတို့၏ နှလုံးသားကို ဖမ်းစားထားဆဲပင်။
“ရှင်တို့ရဲ့ ဧကရာဇ်က ရောက်လာမှာလား...”
သူတော်စင် အီမန်တက်က ယခင်ပြောလက်စ စကားပြတ်သွားပြီးနောက် အတည်ပြုလိုသဖြင့် မေးမြန်းလိုက်သည်။
လော့နင်က နှုတ်ခမ်းကို အနည်းငယ် စူလိုက်ပြီး ပါးကို ဖောင်းလိုက်ရာ အလွန်ပင် ချစ်စရာကောင်းသော အမူအရာ ဖြစ်သွားသည်။ ဤသည်ကို သူတော်စင် အီမန်တက်က မနေနိုင်ဘဲ လော့နင်၏ ညာဘက်ပါးကို လက်ချောင်းလေးများဖြင့် လိမ်ဆွဲလိုက်တော့သည်။
“သိပ်ချစ်စရာ ကောင်းတာပဲ”
သူတော်စင် အီမန်တက်သည် လော့နင်၏ စွေစောင်းကြည့်မှုကို ပြုံးရွှင်စွာဖြင့် တုံ့ပြန်လိုက်သည်။
အကယ်၍ ဤနေရာတွင် တခြားသူရှိလျှင် လော့နင်သည် ဤကဲ့သို့ ပေါ့ပေါ့ပါးပါး နေမည်မဟုတ်ဘဲ ပိုမိုတည်ငြိမ်စွာ နေထိုင်မည် ဖြစ်သည်။ သို့သော် သူတော်စင် အီမန်တက် တစ်ဦးတည်းသာ ရှိသဖြင့် လော့နင်သည် သူမအပေါ်တွင် အကာအကွယ်မဲ့စွာ နေထိုင်နေခြင်း ဖြစ်သည်။
“ကျွန်မလည်း သေချာမသိဘူး”
လော့နင်က လက်ပိုက်လျက် ပြန်ဖြေလိုက်သည်။
“ဒါကို ခဏခဏ ပြောနေတာပဲ... ဒါပေမဲ့ ရှင်က သူ့ကို အမြဲတမ်း ဆက်သွယ်လို့ ရနေတာ မဟုတ်ဘူးလား... မေးကြည့်လိုက်ရုံပဲလေ”
သူတော်စင် အီမန်တက်သည် ဂလက်ဆီ၏ အနာဂတ်အတွက် အရေးကြီးသော ဆွေးနွေးပွဲသို့ ပြည်သူများကို ခေါ်ဆောင်လာရန် သူတော်စင် ရှစ်ပါးအတွက် ကြားခံ ဆောင်ရွက်ပေးနေသူ ဖြစ်သည်။
“ဒါက ထင်သလောက် မလွယ်ဘူး...”
လော့နင်က သက်ပြင်းချရင်း ပြန်ပြောသည်။
“ဒါကိုပဲ အမြဲပြောနေတာပဲ... ထားပါတော့လေ... ရှင့်ကို ယုံပေးရတာပေါ့”
သူတော်စင် အီမန်တက်က ဆက်လက် မေးမြန်းခြင်းကို ရပ်ဆိုင်းလိုက်သည်။ ဤအာရုဏ်ဦး အာဏာရှင် ဧကရာဇ်သည် အဂ္ဂိရတ်တာအိုတွင် ထူးချွန်ထက်မြက်သူ တစ်ဦး ဖြစ်ပြီး လောကရှန့်ထို အဆင့်ရှိသော အဂ္ဂိရတ် ပညာရှင်တစ်ဦး ဖြစ်သည်ဟု သူတော်စင် အာမွန်နက်ထံမှ သိထားပြီး ဖြစ်သည်။
ထိုသူ၏ စွမ်းအားမှာ အလွန်ပင် နက်ရှိုင်းလှပြီး ဗေဒင်ပညာများဖြင့်ပင် ထိုးဖောက်သိမြင်နိုင်ရန် မလွယ်ကူပေ။ ထို့အပြင် သူ၏ အဂ္ဂိရတ်လက်ထောက် ဖြစ်သော လော့နင်မှာလည်း ဉာဏ်အလင်းရ သူတော်စင်တစ်ဦး၏ စွမ်းအားကို ခေတ္တခဏ ပြသနိုင်စွမ်း ရှိသူ ဖြစ်သည်။
သူတော်စင် အာမွန်နက်၏ ဆုံးဖြတ်ချက်သာ မရှိခဲ့လျှင် ထိုပုဂ္ဂိုလ်မှာ ပဲ့တင်ထပ် ဝိညာဉ်အဆင့်ရှိသော သူတော်စင် တစ်ဦး ဖြစ်မည်ဟုပင် သူတို့က ထင်မှတ်နေကြမည် ဖြစ်သည်။ လော့နင်ထံမှ သိရသည်မှာ... ဤအာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုသည် ဉာဏ်အလင်းရ သူတော်စင် တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။
သူမသည် ထိုသူကို တွေ့ဆုံလိုလှသည်။ အခြားသူများလည်း ထိုနည်းတူပင်။
“ပန်းချီဆွဲချက် တစ်ခုချင်းစီမှာ အနားယူလိုတဲ့ ဆန္ဒတွေ ကိန်းအောင်းနေတယ်... ကောင်းကင်ယံမှာ နေဝင်ချိန်ရဲ့ တည်ငြိမ်မှုနဲ့ လွတ်လပ်မှုကို အပြည့်အဝ ဖော်ပြထားတာပဲ”
မနီးမဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူမှာ မြစိမ်းရောင် ဆံပင်ပိုင်ရှင် အမျိုးသမီးငယ် တစ်ဦး ဖြစ်ပြီး သူမ၏ နောက်တွင်မူ ထွားကျိုင်းသော ကိုယ်လုံးနှင့် ဦးခေါင်းပြောင်ပြောင်ရှိသည့် လူသန်ကြီးတစ်ဦး ကြောင်တောင်တောင်ဖြင့် ရပ်နေသည်။ ထိုလူသန်ကြီးမှာ ပန်းချီကားကို ကြည့်ရင်း ကြယ်တစ်ဝက်နှင့် မိုးကုတ်စက်ဝိုင်းကိုသာ မြင်နေရဟန် တူသည်။
“မင်းရဲ့ အနုပညာ အကဲဖြတ်နိုင်စွမ်းက တစ်နေ့ထက်တစ်နေ့ တိုးတက်လာတာပဲ...”
နောက်ထပ် အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။ သူမသည် ထိုလူသန်ကြီး၏ နောက်မှ ထွက်လာခြင်း ဖြစ်ပြီး သူမ၏ ရင်ခွင်ထဲတွင်မူ ဝင်းလက်နေသော ပုလဲလုံးလေးကို စို့နေသည့် ဟိုက်အီးနား သားရဲပေါက်လေး တစ်ကောင် ရှိနေသည်။ ထိုပုလဲလုံးလေးမှ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် နေမင်းအမတေများ ဖြာထွက်နေသည်။
ချင်ချူးမူ၊ ဝေ့စီနှင့် ယွီစွန်းလီတို့သည် ခန်းမဆောင် ရှစ်ခုတစ်လျှောက် လျှောက်လှမ်းရင်း နံရံပေါ်ရှိ ပန်းချီကားများကို ကြည့်ရှုနေကြခြင်း ဖြစ်သည်။ ယွီစွန်းလီသည် ချင်ချူးမူကို ပန်းချီဆရာ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကို သိမြင်နိုင်စေရန်အတွက် သင်ကြားပေးနေခြင်း ဖြစ်သည်။
သူတော်စင် အီမန်တက်သည် ချင်ချူးမူနှင့် ယွီစွန်းလီတို့ကို မြင်သောအခါ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ချင်ချူးမူ၏ ကိုယ်ထဲတွင် အလွန်ပြင်းထန်သော ဥပဒေသ အော်ရာများ ရှိနေသည်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာက ချင်ချူးမူနှင့် သူ၏ အခြားဇနီးဖြစ်သူ လျူစုယင်တို့ကို ဥပဒေသမျိုးစေ့များ ပေးအပ်ခဲ့သည်ဟု လော့နင်ထံမှ သိရသောအခါ သူမ အံ့အားသင့်သွားရသည်။
ဤအာရုဏ်ဦး အာဏာရှင် အင်ပါယာသည် မြေကြီးရှန့်ထို ဖြစ်သော လော့နင်ကိုပင် ဉာဏ်အလင်းရ သူတော်စင် အဆင့်အထိ အစွမ်း ထုတ်သုံးနိုင်ရန် ကူညီပေးနိုင်ခဲ့သည်။ လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦးကို ရန်စခြင်းမှာ တစ်ဂလက်ဆီလုံးရှိ သူတော်စင် အားလုံးကို ရန်စခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဥပဒေသမျိုးစေ့များမှာ သူတော်စင်များနှင့် ဉာဏ်အလင်းရ သူတော်စင်များပင် အလိုရှိကြသော အထွတ်အထိပ် ရတနာများ ဖြစ်သည်။ သို့သော် အခြေအနေပေါ်တွင် မူတည်ပေသည်။ အကယ်၍ ချင်ချူးမူတွင် ကျောထောက်နောက်ခံ မရှိခဲ့လျှင် မည်သည့် သူတော်စင်မဆို သူမ၏ ဝိညာဉ်ထဲမှ ဥပဒေသမျိုးစေ့ကို အညှာအတာမဲ့ ထုတ်ယူကြမည်မှာ အမှန်ပင်။ ယွီစွန်းလီမှာလည်း အခြား ထိပ်သီး ကျင့်ကြံသူများ၏ ယန်ကျင့်စဉ်အတွက် အသုံးချခံ ဖြစ်သွားမည်မှာ ကြာလှပြီ ဖြစ်သည်။
ယွီစွန်းလီ၏ မယုံနိုင်လောက်အောင် လှပသော ကိုယ်လုံးကိုယ်ပေါက်၊ အထူးသဖြင့် လှုပ်ရှားလိုက်တိုင်း တုန်ခါသွားသော သူမ၏ ရင်သားများမှာ မည်သည့် အမျိုးသား ကျင့်ကြံသူကိုမဆို ဆွဲဆောင်နိုင်စွမ်း ရှိလှပေသည်။
လော့နင်သည် ယွီစွန်းလီနှင့် အခြားသူများကို လေးစားစွာ နှုတ်ဆက်လိုက်ပြီးနောက် သူတော်စင် အီမန်တက်ကို လှည့်မေးလိုက်သည်။
“တံခါးတွေ ဘယ်တော့ပွင့်မှာလဲ... လူတွေကို ဘယ်တော့ နန်းတော်ထဲ ပေးဝင်မှာလဲ”
“သိပ်မကြာတော့ပါဘူး... သူတော်စင် အာမွန်နက်က အစပြုဖို့ ပြင်ဆင်နေရသေးလို့ပါ၊ တစ်နာရီလောက်တော့ ကြာဦးမယ် ထင်တယ်...”
သူတော်စင် အီမန်တက်က ရှင်းပြရင်း သူမ၏ မျက်လုံးများက ယွီစွန်းလီ၏ ကိုယ်လုံးပေါ်သို့ ရောက်ရှိနေသည်။ လော့နင်က သူတော်စင် အီမန်တက်၏ ခါးကို ဆိတ်လိုက်ရာ သူတော်စင်မှာ ခါးသက်စွာ ပြုံးလိုက်ရတော့သည်။
“အဲဒါ အရှင်မင်းကြီးရဲ့ ချစ်လှစွာသော ဇနီးတော်နော်... ရှင်က သူ့နဲ့အတူ အိပ်ရာဝင်ဖို့ မရည်ရွယ်ဘူးဆိုရင် စိတ်ကူးမယဉ်တာ အကောင်းဆုံးပဲ”
လော့နင်က ဝိညာဉ်ဖြင့် သတိပေးလိုက်သည်။
“မဟုတ်ပါဘူး... ငါက အနုပညာလက်ရာ တစ်ခုကို အကဲဖြတ်နေရုံပါ”
သူတော်စင် အီမန်တက်က ပြန်ဖြေသည်။ ထိုနှစ်ဦးသည် ကြောက်မက်ဖွယ် တိုက်ပွဲကြီးပြီးနောက် အလွန်ပင် ရင်းနှီးသွားကြဟန် တူသည်။
အခြား ခန်းမတစ်ခုတွင် ချောင်စွေ့ဖုန်းသည် အခြားတံခါးများကဲ့သို့ပင် ထူးခြားဆန်းပြားသော သင်္ကေတများဖြင့် တန်ဆာဆင်ထားသည့် ပင်မခန်းမ တံခါးကြီးကို စစ်ဆေးနေသည်။ သူမ၏ ဘေးတွင်မူ မီးခိုးရောင် နှင်းဆီ ရပ်နေသည်။
သူတော်စင် ခွန်ရှူးသည် ဤနေရာတွင် စောင့်ကြပ်နေသည်။ အမှန်စင်စစ် ဤသည်မှာ သူ၏ စွမ်းအားအနည်းငယ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားသာ ဖြစ်သည်။ သူတော်စင် အီမန်တက်မှလွဲ၍ ကျန်သူတော်စင်များမှာ ကိုယ်တိုင် ရှိမနေကြဘဲ ကိုယ်ပွားများကိုသာ အသုံးပြုနေကြခြင်း ဖြစ်သည်။ သူတို့ ကိုယ်တိုင်မှာမူ ခန်းမအတွင်း၌ နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်ခြင်း သို့မဟုတ် ဆွေးနွေးမည့် အကြောင်းအရာများကို တိုင်ပင်နေကြခြင်း ဖြစ်သည်။
ချောင်စွေ့ဖုန်းသည် သူမ၏ မျက်လုံးကျင့်စဉ်ကို ရပ်ဆိုင်းလိုက်ပြီး မကျေမနပ် ဖြစ်သွားသည်။ ထိုသင်္ကေတများသည် အလွန်ပင် နက်နဲလှသဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်ကို သူမ မသိရှိနိုင်ပေ။ သူမ သိရှိနိုင်သည်မှာ ဤသင်္ကေတများသည် ဝိညာဉ်ဖြင့် ထိုးဖောက်သိမြင်ခြင်းကို ကာကွယ်ထားသည်ဟူသော အချက်သာ ဖြစ်သည်။
သူတော်စင် ခွန်ရှူးသည် ချောမောသော လူငယ်တစ်ဦး ဖြစ်ပြီး ချောင်စွေ့ဖုန်း၏ မကျေမနပ်ဖြစ်နေသော ပုံစံကို မြင်သောအခါ ပြုံးလျက် စကားဆိုလိုက်၏။
“ဒီတံခါးနဲ့ သင်္ကေတတွေကို ရိုးရွဲ တော်စင် အဆင့်ရှိတဲ့ ရှေးဟောင်းပညာရှင် တစ်ယောက်က ဖန်တီးခဲ့တာ... ဒါကြောင့် သူ့ရဲ့ စွမ်းအားတွေကို သိဖို့ ခက်ခဲတာပေါ့... ကျွန်တော်တို့ သူတော်စင်တွေတောင် အနည်းငယ်ပဲ သိကြသေးတယ်... ဒါပေမဲ့ တံခါးတိုင်းမှာ လျှို့ဝှက်တာအိုရဲ့ အာဏာရှင် ကျင့်စဉ်တစ်ခုစီ ရှိတယ်ဆိုတာတော့ သိရတယ်”
“အာဏာရှင် ကျင့်စဉ် ဟုတ်လား”
ချောင်စွေ့ဖုန်း အံ့အားသင့်သွားသည်။
သူတော်စင် ခွန်ရှူးက ခေါင်းညိတ်ပြရင်း တံခါးကို ပြန်ကြည့်လိုက်သည်။
“ဒါက ဘယ်ကျင့်စဉ်မျိုးကိုမဆို အထောက်အကူပြုနိုင်တဲ့ အာဏာရှင် ကျင့်စဉ်ပဲ”
“ကျင့်စဉ်တွေကို အထောက်အကူပြုတဲ့ ကျင့်စဉ်လား... ဒါဆို မာနုနယ်မြေကို ရောက်ရင် အစစ်အမှန် သူတော်စင် ဖြစ်လာနိုင်မယ့် အခွင့်အရေး ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီက အဲဒီကနေ လာတာပေါ့”
ချောင်စွေ့ဖုန်းက သူတော်စင် ခွန်ရှူးနှင့် ရဲရဲဝံ့ဝံ့ စကားပြောလိုက်သည်။ ထို့အပြင် သူမ၏ အမူအရာမှာ သူတော်စင် ခွန်ရှူးနှင့် တန်းတူ၊ သို့မဟုတ် သာလွန်သည့် အဆင့်တွင် ရှိနေသကဲ့သို့ ဖြစ်နေသည်။ သူတော်စင် ခွန်ရှူးသည် ဤကဲ့သို့သော အမူအရာမျိုးကို အခြားသူများထံတွင် တွေ့ဖူးသော်လည်း မြေကြီးရှန့်ထို တစ်ဦးထံမှ ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။
သူတို့ ဂလက်ဆီတွင် “ကြီးမြတ်သော နေမင်းကို စီးနင်းနိုင်သူသည် ကြီးမြတ်သော အလင်းကို ရရှိလိမ့်မည်” ဟူသော စကားပုံ ရှိသည်။ ဤသည်မှာ အနန္တ ကုန်းမြေတိုက်ကြီးပေါ်ရှိ “နဂါးပေါ်စီး၍ တက်လှမ်းခြင်း” ဟူသော စကားပုံနှင့် အလွန်ပင် တူညီလှသည်။
သို့သော် ဤအာရုဏ်ဦး အာဏာရှင် အင်ပါယာသည် အလွန်ပင် စွမ်းအားကြီးသော တိုက်ခိုက်ရေး သမားနှင့် ထိပ်တန်း လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦး ဖြစ်နိုင်သည်ကို တွေးတောမိသောအခါ သူတော်စင် ခွန်ရှူးက သူမ၏ တန်းတူဆက်ဆံမှုကို လျစ်လျူရှုကာ ပြုံးပြလိုက်သည်။
“မှန်တာပေါ့... ဒါပေမဲ့ ကံပါတဲ့သူတွေပဲ ဒီကျင့်စဉ်တွေကို ရနိုင်မှာပါ... ဒါကြောင့် ရယူဖို့ဆိုတာ မလွယ်ကူလှပါဘူး”
သူတော်စင် ခွန်ရှူးက ပြန်ဖြေသည်။
“နေရာပေါင်းစုံက ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်လိုက်တော့ ကံပါတဲ့သူတွေ ပါလာပြီး ကျင့်စဉ်တွေကို ရသွားမှာ မစိုးရိမ်ဘူးလား...”
ချောင်စွေ့ဖုန်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ဟားဟား... မစိုးရိမ်ပါဘူး... အမှန်တော့ အခုလို ဆွေးနွေးပွဲ လုပ်ရတဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော်တို့ ဒီအာဏာရှင် ကျင့်စဉ်တွေကို အချိန်အတော်ကြာအောင် ကန့်သတ်ထားခဲ့ကြလို့ပါပဲ... အဲဒီလို လုပ်ခဲ့တာကြောင့် ကျွန်တော်တို့ ဂလက်ဆီမှာ နောက်ထပ် သူတော်စင်တွေ ထပ်မပေါ်လာတာ ဖြစ်နိုင်ပါတယ်... ကျွန်တော်တို့ရဲ့ အမှားကို သိခဲ့ရပါပြီ... နယ်ခြားသားတွေဆီကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်ရင် ပိုပြီး အားကောင်းတဲ့ စွမ်းအားတွေ လိုအပ်ပါတယ်... ဒါကြောင့် ကံပါတဲ့သူ ရှိရင်လည်း လွတ်လပ်စွာ ယူနိုင်ပါတယ်”
သူတော်စင် ခွန်ရှူး၏ စကားများတွင် နောင်တနှင့် ဆင်ခြင်တုံတရားများ ပါဝင်နေသည်။ အကယ်၍ သူတို့တွင် နောက်ထပ် သူတော်စင် နှစ်ပါး၊ သုံးပါးခန့် ရှိနေလျှင် ထိန်ကျန့်ဝမ် ပေါက်ကွဲခြင်း မပြုမီကပင် တားဆီးနိုင်ခဲ့ကြမည် မဟုတ်ပါလား။
ချောင်စွေ့ဖုန်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီဂလက်ဆီကို ပဲ့တင်ထပ် ဝိညာဉ် အဆင့် သူတော်စင် တစ်ပါးက စောင့်ရှောက်နေတယ်လို့ ကျွန်မ ထင်ထားတာ... သူက ဘာလို့ အရေးမယူခဲ့တာလဲ”
“...”
ထိုစကားကို ကြားသောအခါ သူတော်စင် ခွန်ရှူး၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။
***
အပိုင်း(၂၀၇၂)
သူတော်စင် ခွန်ရှူး၏ မျက်နှာအမူအရာမှာ နေဝင်ချိန်ထက်ပင် ပိုမိုမြန်ဆန်စွာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသောအခါ ချောင်စွေ့ဖုန်း၏ မျက်ဝန်းများတွင် သိလိုစိတ်များ ဝင်းလက်လာတော့သည်။ သူ၏ မျက်ဝန်းအစုံတွင် မှောင်မိုက်သော အရိပ်အယောင်များ ဖုံးလွှမ်းသွားပြီး စိတ်မချမ်းမြေ့ဖွယ် အတိတ်တစ်ခုက လှုံ့ဆော်လိုက်သကဲ့သို့ ရှိ၏။
သို့သော် ချောင်စွေ့ဖုန်း၏ မြစိမ်းရောင် မျက်ဝန်းများက မိမိကို အာရုံစိုက်နေသည်ကို သတိပြုမိသောအခါ သူတော်စင် ခွန်ရှူးသည် ကမန်းကတန်း ချောင်းဟန့်လိုက်ပြီး မသိမသာ ဖြစ်သွားသော အနေရခက်မှုကို ဖုံးကွယ်ကာ ခန့်ညားထည်ဝါသော အမူအရာသို့ အမြန် ပြောင်းလဲလိုက်သည်။
ဤသည်ကို မြင်ရသောအခါ ချောင်စွေ့ဖုန်း၏ စူးစမ်းလိုစိတ်မှာ ပိုမိုပြင်းပြလာတော့သည်။ သူမသည် သခင်လေးရှန့် ယခင်က ရှင်းပြခဲ့ဖူးသော အမည်မဲ့ ဂလက်ဆီအကြောင်းကို ပြန်လည် စဉ်းစားမိသည်။ ထိုစဉ်က သခင်လေးရှန့်သည် ထိန်ကျန့်ဝမ်၏ ပြောစကားများနှင့် ယူဆချက်များကို ကိုးကား၍ ပြောပြခဲ့ခြင်း ဖြစ်သည်။ အမည်မဲ့ ဂလက်ဆီ၏ မဟာနယ်မြေ ရှစ်ခုကို အုပ်ချုပ်ပြီး တစ်ဂလက်ဆီလုံး၏ ယဉ်ကျေးမှုကို ခွဲဝေထားသော သူတော်စင် ရှစ်ပါးနှင့် ပတ်သက်၍ ထူးဆန်းသော ကောလာဟလများ ပျံ့နှံ့နေခဲ့သည်။
သခင်လေးရှန့်၏ အဆိုအရ ထိန်ကျန့်ဝမ်သည် ဤသူတော်စင် ရှစ်ပါးမှာ မူလက တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး နက်နဲလှသော ဝိညာဉ်ခွဲဖြာခြင်း ကျင့်စဉ်ကို ကျင့်ကြံကာ သီးခြားစီ ကျင့်ကြံနိုင်သည့် တည်ရှိမှု ရှစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့သည်။ ထို့အပြင် ပဲ့တင်ထပ် ဝိညာဉ် အဆင့် သူတော်စင်များ ပိုင်ဆိုင်သော အင်အားကြီး အဖွဲ့အစည်းများသည် ယခင်က ချုပ်ဆိုထားသည့် သဘောတူညီချက်တစ်ခုကို လေးစားလိုက်နာကြသောကြောင့် အရင်းအမြစ် ကြွယ်ဝလှသော အမည်မဲ့ ဂလက်ဆီသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် သူတော်စင် တစ်ပါးမျှ မရှိဘဲ လွတ်လပ်စွာ တည်ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။
အခြား ယူဆချက်တစ်ခုမှာ ထိုသူတော်စင် ရှစ်ပါးသည် တစ်ဝမ်းတည်းမှ ထွက်လာသော ညီအစ်ကို မောင်နှမ ရှစ်ယောက် ဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့သော် မဟာနယ်မြေ ရှစ်ခုတွင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား သုံးဦး ရှိသည်ကို သူမ သိထားသဖြင့် ထိုယူဆချက်ကို ချက်ချင်းပင် သံသယ ဖြစ်မိသည်။
သူတို့၏ အမွေအနှစ်နှင့် ပတ်သက်၍ အခြား ကောလာဟလများစွာ ရှိနေသော်လည်း ဝေ့ဝူယင် ငှားရမ်းပေးခဲ့သော လမ်းပြနှစ်ဦး သို့မဟုတ် သခင်လေးရှန့် ပြောပြခဲ့သည့် သတင်းအချက်အလက်များထဲတွင် ထူးခြားသော ကျင့်စဉ်တစ်ခုအကြောင်း မပါဝင်ခဲ့ပေ။ ဤသည်မှာ သူတော်စင်တစ်ဦး ပျံ့နှံ့စေခဲ့သည့် ကောလာဟလဖြစ်လျှင်ပင် အလုံးစုံ စိတ်မချရကြောင်း သက်သေထူနေသည်။ ထိန်ကျန့်ဝမ်ကဲ့သို့ စွမ်းအားကြီးသူတစ်ဦး၏ ယူဆချက်များ အဘယ်ကြောင့် မှားယွင်းနေရသနည်းဟုလည်း သူမ တွေးတောမိသည်။
ဤအချက်နောက်ကွယ်တွင် ပိုမိုနက်နဲသော အရာများ ရှိနေသလော သို့မဟုတ် သူတော်စင် ရှစ်ပါးမှာ ဆင်တူသော ကျင့်စဉ်များကို ကျင့်ကြံနေသည်ကို ထိန်ကျန့်ဝမ်က သတိပြုမိပြီး ပြတ်တောင်းပြတ်တောင်း သတင်းအချက်အလက်များဖြင့် ကောက်ချက်ချခဲ့ခြင်းလား ဆိုသည်ကို သူမ မစဉ်းစားဘဲ မနေနိုင်တော့ပေ။
သူတော်စင် ခွန်ရှူးသည် သူ၏ တည်ငြိမ်သော အမူအရာတွင် ရှိနေသည့် အနည်းငယ်သော အနေရခက်မှုများကို နောက်ဆုံးတွင် ဖယ်ရှားလိုက်ပြီး အေးဆေးစွာ ပြန်လည် ဖြေကြားလိုက်သည်။
“မိန်းကလေးချောင်င်... ခင်ဗျား ထင်တာ မမှားပါဘူး... ကျွန်တော်တို့ ဂလက်ဆီရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လွတ်လပ်မှုကို စောင့်ကြည့်နေတဲ့သူ တစ်ယောက် တကယ် ရှိပါတယ်... ဒါပေမဲ့ အဲဒီပုဂ္ဂိုလ် အရေးယူ ဆောင်ရွက်ဖို့အတွက် သတ်မှတ်ထားတဲ့ အခြေအနေတွေ ရှိနေလို့ပါ...”
သူ၏ ရှင်းပြချက်ကြောင့် ချောင်စွေ့ဖုန်း အံ့အားသင့်သွားရသည်။ သူမက မေးမြန်းခဲ့သော်လည်း သူ၏ ပထမတုံ့ပြန်မှုကို ကြည့်ပြီး အဖြေရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့အပြင် သူ၏ ရှင်းပြချက်မှာ အတော်အတန် အသေးစိတ်ကျလှပြီး ပျံ့နှံ့နေသော ကောလာဟလများကို အတည်ပြုပေးနေသကဲ့သို့ ရှိသည်။
“...အော်... အဲဒီလိုလား”
ချောင်စွေ့ဖုန်း ပိုမို စိတ်ဝင်စားသွားသည်။ သို့သော် သူမ သေချာ မသိနိုင်သည်မှာ ဤသူတော်စင်သည် အဘယ်ကြောင့် မိမိကို ဤအကြောင်းများ ပြောပြနေရသနည်း ဟူသောအချက်ပင်။
သူတော်စင် ခွန်ရှူးသည် သူမ၏ သိလိုစိတ်ကို သိမြင်နေပုံရပြီး သူမ၏ စိတ်ထဲမှ အတွေးများကို ဖတ်နေသကဲ့သို့ ဆက်လက် ပြောဆိုလိုက်သည်။
“မိန်းကလေးချောင်... ခင်ဗျားက အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုရဲ့ ချစ်မြတ်နိုးရသူ ဖြစ်တာကြောင့် အပြန်အလှန် ရိုးသားတဲ့ ဆက်ဆံရေး ရှိဖို့အတွက်ဆိုရင် ဒီလို လျှို့ဝှက်ချက်လေးတွေကို ပြောပြရတာ တန်ပါတယ်”
“အော်...”
ချောင်စွေ့ဖုန်း ချက်ချင်းပင် နားလည်သွားသည်။ သူတော်စင် ခွန်ရှူးသည် သူမကို ပြောပြနေခြင်း မဟုတ်ဘဲ သူမ၏ ခင်ပွန်းဖြစ်သူ ဝေ့ဝူယင်ကို ပြောပြနေခြင်း ဖြစ်သည်။
“ကြည့်ရတာ... ကျွန်မ ခင်ပွန်းက ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်အဆင့်ကို တက်လှမ်းတော့မယ့် အခြေအနေမှာ ရှိနေတာက ရှင်တို့လို ထိပ်တန်း သူတော်စင်တွေကိုတောင် စိတ်လှုပ်ရှားစေပုံ ရတယ်...”
သူမက လိမ္မာပါးနပ်သော အပြုံးဖြင့် ဆိုလိုက်သည်။
သို့သော် ထိုစကားများကြောင့် သူတော်စင် ခွန်ရှူးမှာ ဆတ်ခနဲ တုန်သွားရတော့သည်။
ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်အဆင့်ကို တက်လှမ်းတော့မည်...
ထိုအရာက ဘာကို ဆိုလိုသနည်း။
သူတော်စင် ခွန်ရှူးသည် လျှို့ဝှက်အရှင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း သာမန် အစေခံတစ်ဦးကဲ့သို့ နာခံနေသည့် မီးခိုးရောင် နှင်းဆီဘက်သို့ လှည့်ကြည့်လိုက်သည်။ မီးခိုးရောင် နှင်းဆီ၏ မျက်နှာမှာ အလွန်ပင် တည်ငြိမ်နေပြီး ထိုအကြောင်းကို ဟိုးကတည်းက သိရှိထားသည့်အလား မည်သည့် အမူအရာမျှ ပြောင်းလဲခြင်း မရှိပေ။
အဘိဿဲလ် အရှင်များ ရှေ့တွင် ဝေ့ဝူယင် မိမိကိုယ်မိမိ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်အဆင့်သို့ ချဉ်းကပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့စဉ်က လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်ကို ချောင်စွေ့ဖုန်း မှတ်မိနေသည်။ ဤအချက်သည်ပင် မီးခိုးရောင် နှင်းဆီကို အစေခံအဖြစ် အညံ့ခံရန်နှင့် ချောင်စွေ့ဖုန်းအပေါ် သစ္စာရှိရန် ဆုံးဖြတ်စေခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်သည်။ သူမအတွက် ချောင်စွေ့ဖုန်းသည် အားကိုးထိုက်သော ရွှေမင်းသမီးပင် မဟုတ်ပါလား။
သူတော်စင် ခွန်ရှူးမှာ နှလုံးခုန်သံများ မြန်လာခဲ့ပြီး မျက်လုံးများပင် အနည်းငယ် ကျဉ်းမြောင်း သွားခဲ့သည်။ သူတော်စင် အာမွန်နက်၏ နိမိတ်ဖတ်မှုများ အရ... ဝေ့ဝူယင်၏ အဂ္ဂိရတ် အမွေအနှစ်တွင် လျှို့ဝှက်လောကအဆင့် အဂ္ဂိရတ် ထုတ်ကုန်များ ပါဝင်နေသည်ကို ပြန်လည် စဉ်းစားမိသောအခါ အရာအားလုံးမှာ အဖြေပေါ်သွားပြီး မဖြစ်နိုင်ဟု ထင်ရသော အခြေအနေတစ်ခုကို လက်ခံလိုက်ရတော့သည်။
ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်...
ချောင်စွေ့ဖုန်းက ထိုအဆင့်သို့ ချဉ်းကပ်နေရုံသာ ရှိသေးသည်ဟု ဆိုသော်လည်း သူ၏ အမွေအနှစ်နှင့် အာရုဏ်ဦး ကောင်းကင် မူလဆေး အစရှိသော အဂ္ဂိရတ် ထုတ်ကုန်များ၏ အံ့အားသင့်ဖွယ် အာနိသင်များကို ကြည့်လျှင် ဤသည်မှာ ပိုမို ဖြစ်နိုင်ခြေ ရှိနေသည်။
သူတော်စင် ခွန်ရှူး၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေစဉ်မှာပင် ချောင်စွေ့ဖုန်းက ဆက်လက်၍ အခွင့်အရေး ယူလိုက်သည်။
“အဲဒီပုဂ္ဂိုလ် အရေးယူဖို့အတွက် သတ်မှတ်ထားတဲ့ အခြေအနေတွေ ရှိတယ်လို့ ရှင် ပြောခဲ့တယ်နော်... အဲဒါက ဘာတွေများ ဖြစ်မလဲလို့ သိချင်မိတယ်”
သူတော်စင် ခွန်ရှူးမှာ အတွေးထဲမှ နိုးထလာပြီး ချောင်စွေ့ဖုန်းကို ကြည့်လိုက်သည်။ သူမသည် ယွီစွန်းလီကဲ့သို့ ဆွဲဆောင်မှု မရှိသလို ချင်ချူးမူကဲ့သို့လည်း မလှပသော်လည်း သူမတွင် ထက်မြက်ပြီး ယုံကြည်ချက်ရှိသော အမျိုးသမီးတစ်ဦး၏ ထူးခြားသော ဆွဲဆောင်မှု ရှိနေသည်ကို သတိပြုမိသွားသည်။
“အခြေအနေတွေလား”
ခွန်ရှူးမှာ အနည်းငယ် တုန့်ဆိုင်းနေ၏။
“ဒါက ရှင်တို့ ဂလက်ဆီရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ဆိုရင်တော့ မပြောပါနဲ့တော့... ရှင်တို့အချင်းချင်း ကြားမှာ စိတ်ဝမ်းကွဲအောင် ကျွန်မ မလုပ်ချင်ပါဘူး...”
ချောင်စွေ့ဖုန်းမှာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သော်လည်း ဤသည်မှာ ပိုမိုနက်နဲသော အဓိပ္ပာယ်ပါရှိသည့် တွက်ချက်ထားသော ခြေလှမ်းတစ်ခု ဖြစ်သည်။
သူတော်စင် ခွန်ရှူး၏ မျက်ဝန်းများ ဝင်းလက်သွား၏ ယခုအချိန်သည် သူ့အတွက် အခွင့်အရေးတစ်ခုပင်။ သူတော်စင် အီမန်တက်သည် အဂ္ဂိရတ် ရှန့်ထိုလော့နှင့် ရင်းနှီးအောင် ကြိုးစားနေသော်လည်း မိမိအနေဖြင့် ချောင်စွေ့ဖုန်းနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လျှင် ပိုမိုခိုင်မာသော ဆက်သွယ်မှုကို ရရှိမည် ဖြစ်သည်။
အမျိုးသမီးတစ်ဦးသည် သူမ၏ အမျိုးသားကို လွယ်ကူစွာ လွှမ်းမိုးနိုင်စွမ်း ရှိပြီး ဤအမျိုးသမီးမှာလည်း ကြီးမြတ်သူတစ်ဦး၏ ဇနီးအဖြစ် သတ်မှတ်ခံထားရသဖြင့် သာမန်တော့ မဟုတ်နိုင်ပေ။
သို့သော် သူသည် ရန်သူများ အသုံးချနိုင်မည့် လျှို့ဝှက်ချက်များကို မဆင်မခြင် ထုတ်ဖော်ပြောဆိုခြင်းတော့ မပြုပေ။
သူသည် ချောင်းဟန့်ကာ ခါးကို မတ်လိုက်ပြီး ဖော်ရွေသော အပြုံးဖြင့် ဆိုလိုက်၏။
“ဒါက ကျွန်တော်တို့ ဂလက်ဆီရဲ့ လျှို့ဝှက်ချက် ဖြစ်တာ မှန်ပေမယ့် အာရုဏ်ဦး အင်ပါယာနဲ့ ကျွန်တော်တို့ ဂလက်ဆီကြားက အနာဂတ် ဆက်ဆံရေးကို ကြည့်ရင် ဒီအချက်အလက်တွေကို ခင်ဗျားတို့ မသိအောင် မထားသင့်ပါဘူး... ဒါဆိုရင် အိမ်ရှင်တစ်ယောက်အနေနဲ့ တာဝန်မကျေရာ ရောက်ပါလိမ့်မယ်...”
ထိုသို့ ပြောဆိုနေစဉ်မှာပင် လမင်းရောင်ခြည်များ ဖြာထွက်နေသော လျှို့ဝှက်သင်္ကေတများက သူတို့ကို ဝန်းရံသွားပြီး အသံနှင့် ဝိညာဉ်လှိုင်းများ မထွက်နိုင်အောင် တားဆီးထားသည့် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်ကို ချောင်စွေ့ဖုန်း သတိပြုမိလိုက်သည်။
ထိုအကာအကွယ်မှာ လမင်းရောင်ခြည်ဖြင့် ပြုလုပ်ထားသော အလွှာပါးလေး ဖြစ်ပြီး ပြင်ပမှ အရာတစ်ခုခုက ထိုးဖောက်ရန် ကြိုးစားနေသကဲ့သို့ အဆက်မပြတ် လှုပ်ခတ်နေသည်။ အဝါရောင် အငွေ့အသက်များ အပါအဝင် အရောင်အမျိုးမျိုးက ထိုအကာအကွယ်ကို လာရောက် ရိုက်ခတ်နေကြသည်။ ချောင်စွေ့ဖုန်းနှင့် မီးခိုးရောင် နှင်းဆီတို့သည် ဝိညာဉ်အာရုံများဖြင့် စောင့်ကြည့်ခံနေရသည်ကို မျက်မြင်ကိုယ်တွေ့ အတည်ပြုနိုင်လိုက်သဖြင့် မျက်လုံးများ ပြူးသွားကြရသည်။ သူတို့သည် သူတော်စင် အများအပြား၏ စောင့်ကြည့်ခြင်းကို ခံနေရခြင်း ဖြစ်သည်။
ထိုရိုက်ခတ်မှုများမှာ ပြင်းထန်လှသော်လည်း သူတော်စင် ခွန်ရှူး၏ လျှို့ဝှက်စွမ်းအား ရှေ့တွင်မူ အားလုံး ရပ်တန့်သွားကြသည်။
သူက ပြုံးပြရင်း ချောင်စွေ့ဖုန်းကို ရှင်းပြလိုက်လေတော့သည်။
***