အခန်း (၂၀၈၅-၂၀၈၆)
Vol. 149 Ch. 2085-2086
အပိုင်း(၂၀၈၅)
"စိတ်ဝင်စားစရာပဲ"
ဝေ့ဝူယင်က အသံထွက်ကာ ရေရွတ်လိုက်သည်။ စုမေ့ ရရှိခဲ့သော မှားယွင်းသော တံခါးရှစ်ချပ်ရှိ အာဏာရှင် ကျင့်စဉ် အသေးစိတ်များ ဖြစ်စေ၊ ဟိုးရပ်စ် ရှင်းပြခဲ့သော ပဲ့တင်ထပ် ဝိညာဉ်အဆင့် အကြောင်း ဖြစ်စေ၊ သို့မဟုတ် ဤကံကြမ္မာဟု ခေါ်ဆိုသော အရာ ပြီးမြောက်သွားမှု ဖြစ်စေ... ဝေ့ဝူယင်အတွက် အားလုံးမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ပဟေဠိ အစိတ်အပိုင်း အတော်များများမှာ အံဝင်ခွင်ကျ ဖြစ်လာသော်လည်း မေးခွန်းသစ်များစွာလည်း ပေါ်ပေါက်လာခဲ့ပြန်သည်။ ကံမကောင်းစွာဖြင့် ဟိုးရပ်စ်မှာ တံခါးများ သို့မဟုတ် ဤအစီအရင်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နှုတ်လုံလွန်းလှသည်။ ဝေ့ဝူယင်ကလည်း အတင်းအဓမ္မ မမေးမြန်းပေ။ ဟိုးရပ်စ်သည် ချုပ်နှောင်မှု အချို့ကြောင့် သူ့ကို တိုက်ရိုက် မတိုက်ခိုက်နိုင်သော်လည်း သူသာ ပြင်းထန်စွာ ထိခိုက်ခဲ့ပါက ကြိုတင်စီမံထားသော ကာကွယ်မှုများ ရှိနေမည်မှာ သေချာလှသည်။
"ထိပ်သီးအစည်းအဝေး စတော့မယ်"
ကောင်းကင်စစ်ဝိညာဉ်က စိတ်လှုပ်ရှားစွာ သတိပေးလိုက်သည်။ သူမသည် ဝေ့ဝူယင်ကို မကြာသေးမီက တက်ကြွစွာ မကူညီခဲ့သော်လည်း အဖြူရောင် အဘိဿဲလ် ဂလက်ဆီ နှင့် ကောင်းကင်နှလုံးသား ဂလက်ဆီ တို့တွင် ဝေ့ဝူယင်၏ လုပ်ဆောင်ချက်များကို တိတ်တဆိတ် ထောက်ခံနေခဲ့ပြီး သူ၏ နောက်ထပ် ခြေလှမ်းကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ အကြံအစည်များမှာ အလွန်ပင် နက်ရှိုင်းလှသဖြင့် သူမပင် ခန့်မှန်းရခက်ပြီး ရည်မှန်းချက် အနည်းငယ်ကိုသာ ရိပ်မိနိုင်ခြင်း ဖြစ်၏။
ဥပမာအားဖြင့် အဖြူရောင် အဘိဿဲလ် ဂလက်ဆီနှင့် ကောင်းကင်နှလုံးသား ဂလက်ဆီ နှစ်ခုလုံးမှာ လက်အောက်ခံနိုင်ငံများ ဖြစ်လာခဲ့ပြီး အာရုဏ်ဦး အင်ပါယာ ၏ လက်အောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အာရုဏ်ဦး အင်ပါယာဆိုသည်မှာ ကောင်းကင်ရတနာ တစ်ခုအတွင်း၌ တည်ရှိသော သေးငယ်ပြီး အသစ်စက်စက် တည်ထောင်ထားသော အင်ပါယာလေးတစ်ခုသာ ဖြစ်သည်ကို စဉ်းစားလျှင် ဤသည်မှာ မယုံနိုင်စရာ စွမ်းဆောင်ချက်ပင်။ ထိုအရာအားလုံးကို လူတစ်ယောက်တည်းက သူ၏ ဉာဏ်ပညာ၊ ဆွဲဆောင်မှုနှင့် အမြော်အမြင်ရှိသော အစီအစဉ်များဖြင့်သာ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍... အမည်မဲ့ ဂလက်ဆီမှာ နောက်ထပ် ပစ်မှတ် ဖြစ်လာခဲ့လျှင်ကော။ သူမ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ဝေ့ဝူယင် ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ရာ ကျောရိုးနှင့် အဆစ်အမြစ်များဆီမှ သက်သောင့်သက်သာရှိသော ခံစားချက်တစ်ခု စီးဆင်းသွားသည်။ ဆေဘာကို ဆွဲထုတ်ခြင်းမှ ရပ်တန့်လိုက်စဉ်က ရရှိခဲ့သော တန်ပြန်ဒဏ်ချက်များမှာ ယခုမှပင် သက်သာသွားခြင်း ဖြစ်၏။ ဟိုးရပ်စ်အတွက် ကံကောင်းသည်မှာ ဆေဘာသည် အိမ်အတွင်းမှ ထွက်မလာခဲ့ခြင်း ဖြစ်သည်။ ထွက်လာခဲ့လျှင်မူ နောက်ကြောင်းပြန်လှည့်ရန် လမ်းမရှိတော့ပေ။
"အဆင်သင့်ပဲ နောက်ဆုံး စုတ်ချက်ကို ဆွဲကြတာပေါ့..."
ဝေ့ဝူယင်က ဟိုးရပ်စ်ကို ကြည့်ကာ ပြောလိုက်သည်။ ဟိုးရပ်စ်သည် သူတော်စင် ရှစ်ဦးနှင့် တိုက်ရိုက် ဆက်သွယ်ရန် မတတ်နိုင် သို့မဟုတ် ဆန္ဒမရှိပုံရသည်။ မာနုနယ်မြေ၏ ဝှက်ဖုံးထားသော အစီအရင်နှင့် တံခါးများမှ ကူးစက်တတ်သော ရည်မှန်းချက်များအကြောင်း သူ သိရှိခဲ့ရသည်ကို ကြည့်လျှင် ဤသည်မှာ အဓိပ္ပာယ် ရှိလှသည်။ အမှန်ပင်... မည်သူကများ ကြီးမားသော အကြံအစည်တစ်ခု၏ နယ်ရုပ်အဖြစ် နေလိုမည်နည်း။
"နှုတ်ဆက်ခဲ့ပါတယ်... ဆရာကြီး အဆုံးမဲ့ကောင်းကင်... ကျွန်တော် တစ်နေ့မှာ ပြန်လာဦးမှာပါ"
ဝေ့ဝူယင် သူ၏ နဂါးဟင်းလင်းပြင် လျှို့ဝှက်စွမ်းအားကို ထုတ်ဖော်လိုက်ပြီး လောကအမြုတေအတွင်းမှ ထွက်ခွာလိုက်လေတော့သည်။
ယခုမူ... သူ အမည်မဲ့ ဂလက်ဆီသို့ ဝင်ရောက်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။
...
အမည်မဲ့ ဂလက်ဆီသည် တစ်ဂလက်ဆီလုံး အတိုင်းအတာဖြင့် ကြေညာချက် ထုတ်ပြန်ကာ မျိုးဆက်အသီးသီးမှ အထက်တန်းလွှာများကို မာနုနယ်မြေသို့ စုစည်းစေခဲ့သည်။ မဟာနယ်မြေကြီးများမှ သူတော်စင်များ၊ သူတော်စင် ရှက်တပ်စဖင့် နှင့် သူတော်စင် အိုအေစစ်မြစ် ကဲ့သို့ တစ်သီးပုဂ္ဂလ ရပ်တည်သူများ၊ နယ်မြေအသီးသီးမှ ခေါင်းဆောင်များသည် သူတို့ ဂလက်ဆီတွင် မကြာသေးမီက ဆိုက်ရောက်ခဲ့သော မဟာကပ်ဘေးကြီးအကြောင်း ဆွေးနွေးရန် ရောက်ရှိလာကြခြင်း ဖြစ်၏။
ထိုကပ်ဘေးကြီးကား - "ကြယ်တာရာ နယ်မြေ သန်းချီ မဟာ ခိုးယူခံရမှု" ပင်။
ဤဖြစ်ရပ်ဆိုးကို သမိုင်းမှတ်တမ်းများတွင် စတင်ရေးထိုးနေပြီ ဖြစ်သည်။ သူတော်စင်များ၏ ယုံကြည်မှုကို သစ္စာဖောက်ကာ၊ သူတို့၏ လောကအတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး၊ အဖိုးမဖြတ်နိုင်သော ရတနာများနှင့် တစ်ဂလက်ဆီလုံးရှိ ကြယ်တာရာနယ်မြေ သန်းပေါင်းများစွာကို ခိုးယူသွားသည့် လူယုတ်မာတစ်ဦး၏ ရက်စက်လှသော လုပ်ရပ်အဖြစ် မှတ်တမ်းတင်ထားကြသည်။
ဂလက်ဆီအတွင်းရှိ ကြယ်တာရာအရေအတွက်မှာ ထိုပမာဏထက် များစွာ သာလွန်သော်လည်း၊ တစ်သက်စာ စုဆောင်းထားသမျှ ရင်းမြစ်များ မဆုံးရှုံးရဘဲ ချွင်းချက်အနေဖြင့် ကျန်ရစ်ခဲ့သည်မှာ အဖွဲ့အစည်းငယ်လေးအချို့သာ ရှိသည်။ အင်အားကြီး အဖွဲ့အစည်း အများစုမှာမူ တိုက်ရိုက် ခိုးယူခံခဲ့ရပြီး သူတို့၏ လုံခြုံလှသော ဘဏ္ဍာတိုက်များအတွင်းရှိ အရာခပ်သိမ်း ဆုံးရှုံးသွားခဲ့ရလေသည်။
ဤဖြစ်ရပ်မှာ ရိုးရှင်းသော အမည်နာမတစ်ခု ပေးရုံနှင့် မလုံလောက်လောက်အောင်ပင် ရူးသွပ်စရာ ကောင်းလှ၏။ ထိန်ကျန့်ဝမ် ဆိုသည့် အမည်မှာ နောင်နှစ်ပေါင်း သန်းချီတိုင်အောင် ရှေးဟောင်းဒဏ္ဍာရီဆိုးတစ်ခုအဖြစ် သမိုင်းတွင် ကျန်ရစ်တော့မည် ဖြစ်သည်။
မာနုနယ်မြေသည် ဤဆွေးနွေးပွဲ၏ အချက်အချာဖြစ်ပြီး၊ ဤသည်မှာ ဂလက်ဆီ၏ အင်အားကြီးအဖွဲ့အစည်းများအတွက် ကောင်းချီးပေးထားသော အခွင့်အရေးတစ်ခုလည်း ဖြစ်ရာ ခေါင်းဆောင်များနှင့် လူငယ်ပါရမီရှင်များစွာ တက်ကြွစွာ ပါဝင်လာကြသည်။ ကပ်ဘေးကြီးကို ကြုံတွေ့ပြီးနောက် ဂလက်ဆီအား ပြန်လည် အင်အားတောင့်တင်းစေရန်၊ ပြည်သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ရန်နှင့် မကြုံစဖူးသော စည်းလုံးမှုကို ပြသရန်အတွက် သူတော်စင်များက ဒဏ္ဍာရီလာ ချိပ်ပိတ်နယ်မြေကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ဆွေးနွေးပွဲ၏ အကြောင်းအရာမှာ ဝေဝါးနေသော်လည်း ဤအခွင့်အရေးကို လက်လွှတ်မခံသင့်ပေ။ ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားရွေးချယ်ခံရသူ ရှစ်ဦး ပေါ်ထွက်လာခြင်းက ဒဏ္ဍာရီများမှာ အမှန်ဖြစ်ကြောင်း သက်သေပြလိုက်သလို ဖြစ်သွားသည်။ မာနုနယ်မြေတွင် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်မည့် လျှို့ဝှက်ချက်များ ရှိနေသည် မဟုတ်ပါလား။
အခြေအနေကို အသေးစိတ် သိရှိသူများအတွက်မူ သူတော်စင် ရှစ်ပါးဖြစ်သည့် - သူတော်စင် ခတ်ပရီ၊ ခွန်ရှူး၊ နက်ပစ်၊ ရှက်တပ်စဖင့်၊ ပါခက်၊ အာမွန်နက်၊ ဟားသွောနှင့် အီမန်တက် တို့သည် တစ်ချိန်က မာနုနယ်မြေအတွင်း၌ မထင်မှတ်သော ကံကောင်းမှုတစ်ခုကို အတူတကွ ရရှိခဲ့ကြသူများဖြစ်ကြောင်း သိထားကြသည်။
မာနုနယ်မြေ၏ တံခါးရှစ်ချပ်မှ ရွေးချယ်ခံရသူ ရှစ်ဦးမှာ သူတော်စင်ဖြစ်မည့် လမ်းစကို ရရှိသွားပြီ ဖြစ်ရာ၊ ဆုံးရှုံးမှုများ ကြီးမားသော်လည်း ခေါင်းဆောင်များမှာ ဂလက်ဆီ ပြန်လည် နိုးထလာမည့်အပေါ် မျှော်လင့်ချက် ထားရှိလာကြသည်။ သို့သော် ထိုအရာမှာ အလွန်ဝေးကွာသော အနာဂတ်တွင်သာ ဖြစ်၏။ လက်ရှိ ကြုံတွေ့နေရသော ကပ်ဘေး၏ အကျိုးဆက်များကိုမူ မဖြေရှင်းနိုင်သေးပေ။
"ခင်ဗျားတို့ ဘာကို ဆိုလိုတာလဲ"
ခန်းမဆောင်အတွင်း၌ ဒေါသနှင့် စွမ်းအားများ ပြည့်နှက်နေသော အသံကြီးတစ်ခု ဟိန်းထွက်လာပြီး အလယ်ဗဟို စင်မြင့်ဆီသို့ ဦးတည်သွားသည်။
မာနုနယ်မြေ၏ မဟာခန်းမဆောင်ကြီးမှာ အထက်တန်းလွှာများနှင့် ပါရမီရှင်များ စုဝေးနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ရာ အလွန်ကျယ်ဝန်းလှသည်။ အလယ်ဗဟိုတွင် မြှင့်တင်ထားသော စက်ဝိုင်းပုံ စင်မြင့်နှင့် လိုသလို လှည့်ပတ်နိုင်၊ နိမ့်ချည်မြင့်ချည် လုပ်နိုင်သော စင်မြင့်တစ်ခု ရှိ၏။ တက်ရောက်လာသူများမှာမူ လေထဲတွင် ပျံသန်းနိုင်သော စက်ဝိုင်းပုံ စင်မြင့်ငယ်များပေါ်တွင် ထိုင်နေကြ သို့မဟုတ် ရပ်နေကြပြီး၊ လိုအပ်ပါက အလယ်ဗဟို စင်မြင့်ထံသို့ တိုးထွက်သွားနိုင်ကြသည်။
မဟာခန်းမဆောင် တစ်ခုလုံးမှာ လုံးဝန်းသော ဇဆောင်ကြီးတစ်ခုနှင့် တူပြီး နံရံများတွင် စီရီနေသော စင်မြင့်ငယ်များပေါ်မှနေ၍ အလယ်ဗဟိုကို ထောင့်ပေါင်းစုံမှ ကြည့်ရှုနိုင်ကြသည်။
ရိုးရိုး အမည်းနှင့် ငွေရောင် စင်မြင့်များကဲ့သို့ မဟုတ်ဘဲ ရွှေရောင်နှင့် ငွေရောင် တောက်ပနေသော စင်မြင့်ပေါ်တွင် သူတော်စင် ခွန်ရှူးက တည်ငြိမ်စွာ ရပ်နေ၏။
မဆင်မခြင် ဒေါသတကြီး အော်ဟစ်လိုက်သူမှာ ဂုဏ်သိက္ခာကြီးမားသော လျှို့ဝှက်အရှင် တစ်ဦး ဖြစ်သည်။ ပုံမှန်အားဖြင့် သူတော်စင်တစ်ဦးအပေါ် ယခုကဲ့သို့ မရိုမသေ ပြုမူခြင်းကို ခွင့်လွှတ်မည် မဟုတ်သော်လည်း ဤအစည်းအဝေး၏ စည်းမျဉ်းအရ မည်သူမဆို စင်မြင့်ပေါ်ရှိ ဝိညာဉ်အသံချဲ့စက် အစီအရင်ကို အသုံးပြု၍ မေးခွန်းထုတ်နိုင်ရန် သတ်မှတ်ထားပြီး ဖြစ်သည်။
ထို့အပြင် တိုက်ရိုက် ပဋိပက္ခဖြစ်ခြင်းမှ လွဲ၍ မိမိ၏ သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းက အသက်အန္တရာယ် သို့မဟုတ် မိမိအဖွဲ့အစည်း၏ လုံခြုံရေးကို မထိခိုက်စေရဟုလည်း သဘောတူထားကြသည်။ ဤသည်မှာ လူတိုင်း လွတ်လပ်စွာ ဆွေးနွေးနိုင်သော နေရာတစ်ခု ဖြစ်၏။
ဥပမာအားဖြင့် ယခုအော်ဟစ်လိုက်သော လျှို့ဝှက်အရှင် ကဲ့သို့ပင်။
သူတော်စင် ခွန်ရှူးက သူတို့၏ တစ်ဂလက်ဆီလုံးရှိ ရတနာများ၊ နှစ်ပေါင်း သိန်းချီ၊ သန်းချီ စုဆောင်းထားသော ရင်းမြစ်အားလုံးမှာ ထိန်ကျန့်ဝမ်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သော လုပ်ရပ်ကြောင့် အားလုံး ပျက်စီးသွားပြီ ဖြစ်ကြောင်း အသိပေးလိုက်ခြင်း ဖြစ်သည်။
ဤစကားကြောင့် ခန်းမဆောင်အတွင်း တိုးတိုးတိတ်တိတ် ပြောဆိုသံများနှင့် မယုံကြည်နိုင်သော ဒေါသတကြီး အော်ဟစ်သံများ ဆူညံသွားတော့သည်။
လျှို့ဝှက်အရှင် အဆင့်ရှိသူများပင်လျှင် သူတော်စင်များက ထိုသူခိုးကို ကိုင်တွယ်ပြီးဖြစ်၍ ဆုံးရှုံးသွားသော ရင်းမြစ်များကို မည်သို့ ပြန်လည်ခွဲဝေပေးမည်၊ အကာအကွယ် မပေးနိုင်မှုအတွက် ဝန်ဆောင်ခ အဖြစ် မည်မျှ ဖြတ်တောက်မည် စသည်တို့ကို ဆွေးနွေးမည်ဟုသာ ထင်မှတ်ထားကြခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်လျှင်ပင် စိတ်ထဲတွင် အောင့်သက်သက် ဖြစ်နေကြမည် ဖြစ်သော်လည်း၊ ယခု ကြေညာချက်မှာမူ "အရာအားလုံး ဆုံးရှုံးသွားပြီ" ဟူသော တိုက်ရိုက် ကြေညာချက် ဖြစ်နေသည်။
အ... ရာ... ခပ်... သိမ်း...
***
အပိုင်း(၂၀၈၆)
"အဲ့ဒါ လုံးဝ မဖြစ်နိုင်ဘူး"
အစွမ်းထက် လျှို့ဝှက်အရှင်က ရှေ့ဆောင်ကာ မေးခွန်းထုတ်သည်ကို မြင်လိုက်ရသဖြင့် နယ်မြေငယ်တစ်ခုမှ ခေါင်းဆောင်တစ်ဦးကလည်း ဝိညာဉ်အစီအရင်မှတစ်ဆင့် အော်ဟစ်လိုက်သည်။
"သူတော်စင်တွေက ရင်းမြစ်အားလုံးကို ကိုယ်ကျိုးအတွက် သိမ်းထားချင်နေတာလား..."
ရဲရင့်ပြီး မခံမရပ်နိုင်ဖြစ်နေသော ဂလက်ဆီ မူလ တရားသူကြီးတစ်ဦးကလည်း သတ္တိမွေးကာ လိုက်လံ မေးခွန်းထုတ်လိုက်ရာ၊ ထိုရလဒ်ကို လက်မခံနိုင်သော အော်ဟစ်သံများ တဟုန်ထိုး ပေါ်ထွက်လာတော့သည်။
သူတော်စင် ခွန်ရှူးနှင့် အခြားသူများမှာ ဤကြေညာချက်ကြောင့် ထိုသို့ ဖြစ်လာမည်ကို ကြိုတင် သိထားကြသည်။ အကယ်၍သာ ဤကိစ္စကို အချိန်ဆွဲထားပြီး အပြင်တွင် ကောလာဟလများ ပျံ့နှံ့ခွင့်ပေးလိုက်ပါက ဂလက်ဆီတွင်း ပြည်တွင်းစစ်ပင် ဖြစ်ပွားသွားနိုင်ကြောင်း သူတို့ နားလည်ထား၏။ သူတို့သည် သူတော်စင်များ ဖြစ်သော်လည်း သူတို့၏ အင်အားမှာ အကြွင်းမဲ့ မဟုတ်ပေ။
အစောပိုင်းက အော်ဟစ်ခဲ့သော လျှို့ဝှက်အရှင်သည် သူတော်စင်တစ်ဦးနှင့် တန်းတူ တိုက်ခိုက်နိုင်သော ကျင့်ကြံခြင်း အခြေခံ မရှိသော်ငြား၊ သူပိုင်ဆိုင်သော စနစ်ကျလှသည့် စစ်တပ်နှင့် နည်းဗျူဟာများမှာ သူတော်စင်တစ်ဦး၏ အင်အားကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ ထို့အပြင် သူ၏ အဖွဲ့အစည်းတွင် မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာပြီး အဆင့်မြှင့်တင်ထားသော မျိုးရိုးလိုက် ကောင်းကင်ရတနာ တစ်ခုလည်း ရှိနေပေသေးသည်။
သူတော်စင်မှာ ရှစ်ပါးသာ ရှိသည် မဟုတ်ပါလား။
ထို့အပြင် သူတော်စင် ရှက်တပ်စဖင့် နှင့် သူတော်စင် အိုအေစစ်မြစ်တို့ကလည်း သေချာပေါက် ပါဝင်မည် မဟုတ်ပေ။ သူတော်စင် နက်ပရီမှာ ပြင်းထန်စွာ ဒဏ်ရာရထားသလို၊ သူတော်စင် ပါခက်နှင့် အီမန်တက်တို့မှာလည်း ဒဏ်ရာများ ရထားကြသည်။ ကျန်သူများမှာလည်း သူတို့၏ လျှို့ဝှက်စွမ်းအားများ ကုန်ခမ်းနေသဖြင့် ပြန်လည် နိုးထရန် အချိန်အတော်ကြာ လိုအပ်နေသည်။ ထို့ကြောင့် ပြည်တွင်းစစ် ဖြစ်လာပါက သူတို့ တောင့်ခံနိုင်မည် မဟုတ်ပေ။
ဤအစည်းအဝေးကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ရခြင်းမှာ ဆိုးရွားလှသော သတင်းကို ထုတ်ပြန်ရင်း၊ ဂလက်ဆီတွင်း စစ်ပွဲ မဖြစ်အောင် သင့်တော်သော ရှင်းပြချက်ဖြင့် ထိန်းကျောင်းနိုင်ရန် ဖြစ်သည်။
သူတော်စင် ခွန်ရှူးသည် လူအုပ်ကို ငြိမ်သက်စေရန် သူ၏ ကြောက်မက်ဖွယ် ဝိညာဉ်အော်ရာကို မထုတ်ဖော်ဘဲ၊ အလယ်ဗဟို စင်မြင့်၏ အားသာချက်ကို သုံးကာ ဖြည်းညင်းစွာ စကားပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့ အတွေးတွေကို ကျွန်တော် နားလည်ပါတယ်... ကံမကောင်းစွာနဲ့ပဲ အဲ့ဒီ စိုးရိမ်ပူပန်မှုတွေဟာ နယ်မြေရှစ်ခုက သူတော်စင်တွေလည်း အတူတူ ခံစားနေရတဲ့ အရာတွေပါပဲ..."
"အတူတူ ခံစားနေရတယ် ဟုတ်လား... အလကား စကားတွေ သူတော်စင်တွေဆီက ခိုးခံရတာ မဟုတ်ဘူး၊ ငါတို့ဆီက ခိုးခံရတာ"
လျှို့ဝှက်အရှင် တစ်ဦးက အော်ဟစ်လိုက်သည်။ ထိုသူမှာ အသက် ခြောက်ဆယ်ခန့် ရှိပြီဟု ထင်ရသော အမျိုးသမီးကြီး တစ်ဦး ဖြစ်၏။ သူမ၏ မျက်ဝန်းများတွင် အိုမင်းခြင်း အရိပ်အယောင်များ ရှိသော်လည်း သူမ၏ ဒေါသနှင့် ထက်သန်မှုမှာမူ မလျော့ပါးသေးပေ။ သူမသည် အလယ်ဗဟို စင်မြင့်တွင် မရှိသော်လည်း သူမ၏ ဝိညာဉ်အင်အားကို သုံးကာ ဝိညာဉ်အစီအရင်ကို ဖြတ်ကျော်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ထူးခြားသော ကျင့်ကြံခြင်း အဆင့်ရှိသူတစ်ဦး၏ စွမ်းဆောင်ရည်ပင်။
သူမ၏ စကားအပြီးတွင် ဆဲဆိုသံများနှင့် အော်ဟစ်သံများမှာ ပိုမို ဆူညံလာတော့သည်။ သူတော်စင်များက သူတို့ကို လိမ်လည်နေသည်ဟု လူအများက ယုံကြည်နေကြဆဲ ဖြစ်သည်။ အဖွဲ့အစည်းပေါင်းများစွာ၏ ရင်းမြစ်အားလုံး အမြစ်ပြတ် ပျက်စီးသွားသည်ဟူသော အယူအဆမှာ မည်သို့မျှ ယုံကြည်နိုင်စရာ မရှိပေ။ သူတော်စင် အာမွန်နက်၏ ဗေဒင်ဟောချက်များအရ အားလုံး ပျက်စီးသွားပြီ ဖြစ်ကြောင်း မသိရမီအထိ သူတော်စင်များ ကိုယ်တိုင်ပင် ယုံကြည်နိုင်ခြင်း မရှိခဲ့ကြပေ။
"..."
သူတော်စင် ခွန်ရှူး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားသည်။ ဂလက်ဆီရှိ လျှို့ဝှက်အရှင်များမှာ သူတော်စင်များကို အလျော့မပေးဘဲ ဝိုင်းဝန်း မေးခွန်းထုတ်နေကြပြီ ဖြစ်၏။
ဝှစ်...
လူအုပ်ကြားမှ အမည်းနှင့် ငွေရောင် စင်မြင့်တစ်ခုမှာ သူတော်စင် ခွန်ရှူးရှိရာသို့ တိုးထွက်လာသည်။ ထိုစင်မြင့်မှာ အလယ်ဗဟို ဝိညာဉ်အစီအရင်နှင့် ချိတ်ဆက်မိသွားသည်နှင့် ရွှေရောင်နှင့် ငွေရောင်သို့ ပြောင်းလဲသွား၏။
"တော်ကြတော့"
သူတော်စင် ပါခက်က ခန်းမဆောင်တစ်ခုလုံး လေပြင်းမုန်တိုင်း တိုက်ခတ်သွားသကဲ့သို့ ပြင်းထန်လှသော အင်အားဖြင့် အော်ဟစ်လိုက်သည်။ လျှို့ဝှက်အရှင်များပင် ငြိမ်ကျသွားရ၏။ သူမသည် ရက်စက်ကြမ်းကြုတ်မှုအတွက် ကျော်ကြားသူ ဖြစ်သလို စိတ်ရှည်သည်လည်း မဟုတ်ပေ။
သူတော်စင် ခွန်ရှူးက ညင်သာစွာ သက်ပြင်းချလိုက်မိသည်။
သူတော်စင် ပါခက်က စင်မြင့်ပေါ်တွင် တစ်ပတ်လှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် -
"မင်းတို့ရဲ့ အဖွဲ့အစည်းတွေပဲ ခိုးခံရတာ မဟုတ်ဘူး... ငါတို့ နယ်မြေရှစ်ခုက သူတော်စင်တွေလည်း ပစ်မှတ်ထားခံခဲ့ရပြီး မင်းတို့အားလုံးထက် မနည်းတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်... ငါတို့အားလုံးရဲ့ ဆုံးရှုံးမှုဟာ မင်းတို့ အားလုံးပေါင်းထက်တောင် ပိုများလိမ့်မယ်"
"..."
သူတော်စင် ပါခက်က သူတို့၏ လက်ရှိ အခြေအနေကို အရှိအတိုင်း ထုတ်ဖော်ပြောပြလိုက်သောအခါ အံ့ဩတုန်လှုပ်သံများ ဆူညံသွားတော့သည်။
"မဖြစ်နိုင်တာ ကြယ်တာရာ နယ်မြေ သန်းချီ သူခိုးက ခင်ဗျားတို့ရဲ့ ချိပ်ပိတ်ထားတဲ့ ဘဏ္ဍာတိုက်တွေထဲကနေ ဘယ်လို ခိုးသွားနိုင်မှာလဲ... ခင်ဗျားတို့ရဲ့ အစီအရင်တွေနဲ့ လျှို့ဝှက်ချက်တွေကို အသေးစိတ် မသိဘဲနဲ့ ခင်ဗျားတို့ ကိုယ်တိုင်တောင် ခိုးဖို့ ခက်တာပဲ မဟုတ်လား"
ဤသို့ မေးမြန်းလိုက်သူမှာ ဉာဏ်အလင်း ပညာရှိ မြူခိုးကို ကျင့်ကြံထားပြီး ဂလက်ဆီအတွင်း နံပါတ် (၁) အကယ်ဒမီ၏ ကျောင်းအုပ်ကြီးလည်း ဖြစ်သော ပညာရှိတစ်ဦးပင်။
သူ စကားပြောလိုက်သောအခါ လူတိုင်း ငြိမ်သက်၍ နားထောင်ကြသည်။ သူ၏ မေးခွန်းမှာ လူတိုင်း၏ စိတ်ထဲရှိ မေးခွန်းနှင့် ထပ်တူကျနေခြင်း ဖြစ်၏။ ထိန်ကျန့်ဝမ်သည် ထူးခြားသော သူခိုးနှင့် အစွမ်းထက် ကျင့်ကြံသူ ဖြစ်သော်လည်း သူသည်လည်း သူတော်စင် တစ်ဦးမျှသာ မဟုတ်ပါလား။ ဤသည်ကို သူတို့ မည်သို့ ယုံကြည်နိုင်မည်နည်း။
အသက်ကြီးပိုင်း လျှို့ဝှက်အရှင် အမျိုးသမီးကြီးကလည်း ကြားဖြတ်ပြောလိုက်သည်။
"ဒါက တကယ့်ကို အဓိပ္ပာယ် မရှိတာပဲ... သူတော်စင် ရှစ်ယောက်လုံးဆီက ခိုးသွားတာကို တစ်ယောက်မှ မမိဘူးလား... ရှင်တို့ ဘာလုပ်နေကြလို့လဲ... ထိုင်နေရင်းနဲ့ အခိုးခံလိုက်ရတာလား... အခုက ကိစ္စတွေကို လမ်းကြောင်းလွှဲပြီး ပြည်တွင်းစစ် မဖြစ်အောင် လိမ်ညာနေကြတာ မဟုတ်လား... ကိုယ့်ရဲ့ အကျိုးစီးပွားအတွက် လိမ်စကားတွေ ပြောနေကြတာလား"
သူမသည် အလွန်ပင် ပွင့်လင်းလှသဖြင့် လူအတော်များများ မှင်သက်သွားကြသည်။ သူတော်စင် ပါခက်ပင်လျှင် သူမကို စူးစိုက်ကြည့်လိုက်၏။
ဤသည်မှာ သူတော်စင် ခွန်ရှူး မျှော်လင့်ထားသော ရလဒ်ပင်။ ငြင်းခုံမှုများစွာ ပေါ်ပေါက်လာတော့သည်။ သူတော်စင်များ၏ မစွမ်းဆောင်နိုင်မှုကို အခြားသူများက လက်ခံရန် ခက်ခဲနေကြခြင်း ဖြစ်၏။
အဓိက ရှင်းပြရခက်သော အချက်မှာ ထိန်ကျန့်ဝမ်ကို သူတို့ သေကြောင်း ကြံစည်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ မြေကြီးရှန့်ထို လော့နင်က ထိန်ကျန့်ဝမ်၏ အပြင်းထန်ဆုံး တိုက်ကွက်နှစ်ခုကို တားဆီးပေးခဲ့သောကြောင့်သာ သူတော်စင် အီမန်တက် မသေဘဲ ကျန်ရစ်ခဲ့ကာ ထိန်ကျန့်ဝမ်မှာလည်း ထွက်ပြေးရန် အခွင့်အရေး မရခဲ့ခြင်း ဖြစ်သည်ကို လူအနည်းငယ်သာ သိကြသည်။ ထို့ကြောင့်ပင် ထိန်ကျန့်ဝမ်သည် သူ့ကို သေအောင် လုပ်ခဲ့သော လော့နင်ကို မုန်းတီးကြောင်း ပြောကြားကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ခြင်း ဖြစ်၏။
သူတော်စင် နက်ပရီ၏ ကျင့်ကြံခြင်း အခြေခံမှာ ပြင်းထန်စွာ ထိခိုက်သွားခဲ့ပြီး၊ အဆင့်မြင့် လျှို့ဝှက်လောက ရင်းမြစ်များ မရှိပါက သူမ မူလအခြေအနေသို့ ပြန်ရောက်ရန် နှစ်ပေါင်း သောင်းချီ၍ တိတ်တဆိတ် ကျင့်ကြံရမည် ဖြစ်သည်။ သူမသည် ကျင့်ကြံခြင်း ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်နေခြင်း ဖြစ်၏။
သူတော်စင် အီမန်တက်မှာလည်း အသက်ဆုံးရှုံးရကိန်း ရှိခဲ့သလို၊ သူတို့ ပိုင်ဆိုင်သော ကောင်းကင်ရတနာ အားလုံးမှာ ထိန်ကျန့်ဝမ်၏ လက်သီးချက်များကြောင့် ပျက်စီးသွားခဲ့ရသည်။ ထိန်ကျန့်ဝမ်သည် မည်မျှအထိ အစွမ်းထက်သည်ကို သူတို့ မသိရှိခဲ့ကြပေ။
ဝှစ်... ဝှစ်... ဝှစ်...
စင်မြင့်အချို့မှာ အလယ်ဗဟိုသို့ ပျံသန်းလာကြသည်။ ထိုစင်မြင့်များပေါ်တွင် နယ်မြေရှစ်ခုမှ သူတော်စင်များ ပါဝင်လာသလို၊ သူတော်စင် ရှက်တပ်စဖင့် လည်း ပါလာခဲ့သည်။
သူတော်စင် ဟားသွောက ရှေ့သို့ တက်လာပြီး သူမ၏ နူးညံ့သိမ်မွေ့သော အသံမှာ ခန်းမဆောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"ဒါတွေက အမှန်တရားတွေပါ"
"..."
သူတော်စင် ဟားသွော၏ စကားက လူတိုင်းကို ငြိမ်သက်သွားစေသည်။ သူတော်စင် ခွန်ရှူးနှင့် ပါခက်တို့ ပြောသည်ကို မယုံကြည်နိုင်ကြသော်လည်း သူတော်စင် ဟားသွော၏ ဂုဏ်သတင်းမှာ အပြစ်ဆိုဖွယ် မရှိပေ။ သူမသည် လူအပေါင်း၏ ချစ်ခင်မှုကို ရရှိထားသူ ဖြစ်သလို သူတော်စင်များထဲတွင် တစ်ဦးတည်းသော စင်ကြယ်သူ ဟု သတ်မှတ်ခံထားရသူ ဖြစ်၏။ သူမက ဝန်ခံလိုက်သောအခါ အသက်ကြီးပိုင်း လျှို့ဝှက်အရှင်နှင့် ကျောင်းအုပ်ကြီးတို့ပင်လျှင် ငြိမ်သက်သွားကာ ထိုအချက်အလက်ကို စဉ်းစားနေကြတော့သည်။
စိတ်အေးသွားပြီးနောက်တွင်မူ သူတို့ ပြန်လည် စဉ်းစားကြည့်သောအခါ၊ တစ်ဂလက်ဆီလုံး၏ ရင်းမြစ်များကို ခိုးယူပြီး လျှို့ဝှက်ထားရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်ကြသည်။ ထိုလက္ခဏာများကို ချက်ချင်း သိသာနိုင်သောကြောင့် ဖြစ်၏။ သူတို့အတွက်လည်း မည်သည့် အကျိုးအမြတ်မှ မရဘဲ မိမိတို့၏ ပုံရိပ်ကို အပျက်ခံစရာ အကြောင်းမရှိပေ။
ထို့အပြင် သူတော်စင် အားလုံးမှာ ဆိုးယုတ်သော စိတ်ထား ရှိကြသူများ မဟုတ်ပေ။ သူတော်စင် ဟားသွော ကဲ့သို့သောသူမှာ ဤကဲ့သို့ ယုတ်ညံ့သော အလုပ်မျိုးကို ဘယ်သောအခါမျှ လုပ်မည် မဟုတ်သလို၊ သူတော်စင် ပါခက်၏ စရိုက်မှာလည်း အမြဲတမ်း ပွင့်လင်းရိုးသားလှသည်။ သူမသည် ခိုးယူခြင်းထက် ပွင့်ပွင့်လင်းလင်း လုယူရခြင်းကို ပို၍ နှစ်သက်သူ ဖြစ်ကြောင်း တစ်သက်လုံး ကျော်ကြားခဲ့သူ ဖြစ်သည်။
သူတို့သည် စိတ်ပျက်အားလျော့စွာဖြင့် အမှန်တရားကို လက်ခံလိုက်ရတော့သည် - "ကြယ်တာရာနယ်မြေ သန်းချီ သူခိုး" သည် မည်သူ့ကိုမျှ မချန်ဘဲ အကုန်ခိုးယူသွားခဲ့ခြင်း ဖြစ်ပေသည်။
ထိုစဉ် တိတ်ဆိတ်နေသော ခန်းမဆောင်အတွင်း၌ ပါရမီရှင် အမျိုးသမီးငယ်တစ်ဦး၏ တုန်ရီနေသော အသံလေး ထွက်ပေါ်လာသည်။
"အခု... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"
...