← Chapters

အခန်း (၉၄၉-၉၅၀)

Vol. 80 Ch. 959-960

အခန်း (၉၄၉-၉၅၀)

Vol. 80 Ch. 959-960

အခန်း ၉၄၉ -

မဟူရာအိပ်မက်ဆိုး လေခါးပတ် ... ။

အေးစက်ငြိမ်သက်ပြီး အတိုင်းအဆမဲ့ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင် ထက်တွင် လှေငယ်လေးတစ်စင်းသည် ရှေ့သို့ ‌‌ရွေ့လျားပြေးလွှားနေ၏။

စုရီက လှေဦးပိုင်းတွင် ပျင်းရိပျင်းတွဲ ထိုင်နေကာအရက်အိုးကို မော့သောက်နေ၏။ ချင်းဝမ်သည် သူ့ဘေးတွင် လိမ္မာယဉ်ကျေးစွာ ထိုင်နေပြီး လမ်းတစ်လျှောက်မြင်ကွင်းများကို ငေးကြည့်နေခဲ့သည်။

သူမအဖို့ ကြယ်တာရာကောင်းကင်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ရာ ထိုမျှ ခမ်းနားထည်ဝါလှသော ဟင်းလင်းပြင်ကြီးသည် များစွာ အံ့အားသင့်မှုများပေး၏။

လှေပဲ့ပိုင်းတွင်မူ မုချန်းယွမ်သည် သူ့ ကျင့်ကြံမှုစွမ်းအားကိုအသုံးပြု၍ လှေငယ်လေး အပေါ် ထိန်းကြောင်းမောင်းနှင်နေ၏။

“ သခင် ... ငါတို့သွားနေတဲ့ အရှိန်အတိုင်းဆိုရင် တစ်လမပြည့်ခင် ဟေးယန် ကြယ်စုကို ရောက်နိုင်ပါတယ်။ ”

မုချန်းယွမ်က ပြုံးလျက်ဆိုသည်။ ဟေးယန် ကြယ်စုသည် အရှေ့ဘက်ကြယ်လွင်ပြင်ဒေသရှိ မဟူရာအိမ်မက်ဆိုးလေခါးပတ် အဖြစ် နာမည်ကြီး၏။

ထိုဒေသကို ဖြတ်ကျော်လိုက်သည်နှင့် ကြယ်လွင်ပြင်ဒေသ၏ ဗဟိုသို့ရောက်ရှိသွား ပေမည်။

“ နောင်မှာ ငါ့ကို သခင်လေးလို့ပဲ ခေါ်ပါ ... ။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် မှာကြားလိုက်၏။ သူမည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရန် ဆုံးဖြတ်ထားလေသည်။

သူသည် ဤလောကြီးတွင် လောကသခင်ကွမ်ကျူး ဝင်စားသူဖြစ်ကြောင်း အပ်ချုပ်သမားမှ သတင်းဖြန့်ထားပြီး ကြယ်ဗဟို ဒေသကြီးမှ နယ်ပယ်ဘုရင်များစွာကိုလည်း သတ်ဖြတ်ထားခဲ့သည်။

ထို့ကြောင့် ယခုအချိန်တွင် ကြယ်ဗဟိုဒေသရှိ အင်အားစုကြီးများသည် သူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိကုန်ပြီဖြစ်၏။

အထူးသဖြင့် လူတိုင်းအတွက် လိုချင်တပ်မက်စေသော ဝင်စားခြင်းသံသရာ ဥပဒေကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ဤသို့သော အခြေအနေတွင် သူ၏လက်ရှိအမည်ဖြင့် ခရီးသွားလာပါသော် ကြယ်တာရာမီးပြတိုက်ကြီးသဖွယ် ထင်ရှားနေမည်ဖြစ်၏။ ဒုက္ခများကို မကြောက်သော်လည်း မလိုချင်ချေ။

“ ပြီးတော့ ငါ့နာမည်က ရှန့်မူ။ ”

၏စုရီက ထပ်မံမှာကြားလိုက်သည်။ ရှန့်မူသည် သတ္တမမြောက်ဘဝမှ ကောင်းကင်ဘုံ သားတော် ဓားသမားဖြစ်၏။

ပါရမီနှင့် အရည်အချင်းသည် လောကသခင်ကိုယ်တိုင်ပင် လိုက်မမီနိုင်သော လူငယ်ပေပင်။ လောကသခင်ဘဝ ကြယ်တာရာ လွင်ပြင်၌ နှစ်ပေါင်းများစွာကျင်လည်ပြီးနောက် ပါရမီနှင့် ဓားတာအိုတွင် ရှန့်မူကို ယှဉ်နိုင်သူ တစ်ဦးမျှ မတွေ့ရှိခဲ့ချေ။

ထိုလူသည် ကောင်းကင်ဘုံ၏ ချစ်မြတ်နိုးခြင်းခံရသူဖြစ်ပြီး အသက်(၁၅)နှစ် အရွယ်တွင် ဆယ်ရက်နှင့်ဆယ်ညတိုင် တရားထိုင်ကာ ဧကရာဇ်ဖြစ်လာခဲ့သည်။

(၁၇)နှစ်တွင် သေခြင်းနှင့်ရှင်ခြင်းကို ဖြတ်ကျော်ကာ နယ်ပယ်ဘုရင်အဖြစ်တက်လှမ်း နိုင်ခဲ့သည်။ (၂၃)နှစ်အရွယ်တွင် တုံ့ယွီအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိကာ သေဆုံးရ၏။

အဆိုပါ ဓားသမားနှင့် ပတ်သတ်သော လျှို့ဝှက်ချက်ကို ကောင်းကင်ကိုးပါးနန်းတော် သခင်မှ သိရှိနိုင်ကြောင်း ထင်ကြေးရှိသည်။

ထို့ကြောင့် ချင်းဝမ်ကို ခေါ်ဆောင်လာခြင်းလည်းဖြစ်၏။ ဤနည်းဖြင့် ချင်းဝမ်နှင့် ထျန်းချီဆက်စပ်မှုကို စုံစမ်းနိုင်မည်။ သည့်ပြင်တစ်ဖက်လူမှ ငရဲဘုရင်ကိုပြန်လည် ခေါ်ဆောင်သွားကာ တစ်နှစ်အတွင်း သူ့ထံ လာရောက်တွေ့ဆုံရန် ချိန်းဆိုထား၏။

“ ရှန့်မူလား၊ သခင်လေး ... အဲဒီနာမည်မှာ ထူးခြားတဲ့ အဓိပ္ပာယ်ရှိလို့လား။ ”

မုချန်းယွမ်က နှိမ့်ချစွာ မေးမြန်းသည်။

“ ဒါက နာမည်လေးတစ်ခုပါပဲ ... ဒီဘဝမှာ မင်းအတွက်မြောက်ပင့်ပေးဖို့ ... အခွင့်အရေးမျိုး မရှိတဲ့ နာမည်မျိုးပေါ့။ ”

စုရီအဖြေကြောင့် မုချန်းယွမ်ခမျာ နှာခေါင်းကိုပွတ်သပ်လိုက်မိသည်။ ချင်းဝမ်မှ ခပ်တိုးတိုးရယ်တော့၏။

“ ဝုန်း ... ။ ”

ဝေးလံလှသော ဟင်းလင်းပြင်တွင် အချိန်ကာလ မုန်တိုင်းကြီးတစ်စင်းပေါ်နေခဲ့ပြီး ဖြတ်သန်းသွားသမျှသော ကြယ်သိမ်ကြယ်မွှား များစွာကို အပိုင်းပိုင်းဖြတ်တောက်နေသည်။

ဤသည်မှာ အာကာသအတွင်း ခရီးသွားသူတိုင်း ကြုံရသောအန္တရာယ်တစ်ပါး ပေပင်။ လမ်းတစ်လျှောက်တွင် မုချန်းယွမ်က သူ၏အတွေ့အကြုံများဖြင့် ထိုသို့သော ဘေးဆိုးများကို ကျော်ဖြတ်နိုင်ခဲ့သည်။

တစ်လအကြာတွင် ဟေးယန်ကြယ်စုသို့ ရောက်ရှိလာခဲ့၏။ ဟေးယန်ကြယ်စုအနီးတွင် ဟေးယန်လေစီးကြောင်းဟု ခေါ်သော တားမြစ်နယ်မြေရှိသည်။

၎င်းသည် ဟင်းလင်းပြင်အတွင်း အနက်ရောင် လိုက်ကာစကြီးတစ်ခုသဖွယ်ပင် လွင့်မျောကာဆီးထားပြီး အလွန်အန္တရာယ် များလှ၏။

ဧကရာဇ်အဆင့် ကျင့်ကြံသူများပင် ထိုနေရာကို ဖြတ်ကျော်လိုသော် အသက်ရှင်ရန် လမ်းမရှိချေ။ သို့သော် အချို့သော အချိန်များ၌ ထိုလေစီးကြောင်းသည် ရပ်တန့်သွားတတ်ပြီး အတွေ့အကြုံရှိသော ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုဖြင့် ဖြတ်ကျော်နိုင်ပေမည်။

ဟေးယန်ကြယ်စုသည် ပွင့်နေသော ကုန်းမြေကြီးတစ်ခုသဖွယ် တည်ရှိပြီး နေရာအနှံ့ စည်ကားသော နားနေစခန်းတစ်ခုသဖွယ် ဖြစ်နေသည်။

ယင်းသည် ကုန်သည်များ၊ ကျင့်ကြံသူများဖြင့်ပြည့်နှက်နေကာ အရှေ့ဘက် ကြယ်တာရာဗဟိုလွင်ပြင်သို့ သွားရောက်ရာ ဆိပ်ကမ်းတစ်ခုလည်း ဖြစ်ချေ၏။

သူတို့ရှေ့ရှိမြို့သည် ထျန်ချင်းမြို့ဖြစ်ပြီး ဟေးယန်ကြယ်စု၌ အကြီးဆုံးသောမြို့ဖြစ်ကာ အလွန်ကျယ်ဝန်းလှသည်။

မြို့ထဲသို့ ဝင်ရန်အတွက် လူတစ်ဦးလျှင် ကြယ်ဝိညာဉ်ကျောက်တုံး (၁၀)လုံး ပေးဆောင် ရသည်။ ထိုကျောက်တုံးများမှာ ကြယ်လွင်ပြင် ဒေသတွင် အသုံးပြုသော ငွေကြေးဖြစ်၏။

“ လူတစ်ယောက်ကို ကြယ်ဝိညာဉ် ကျောက်တုံး ဆယ်လုံးလား ဒါဧကရာဇ်အဆင့် ဆေးပင်တစ်ပင်ရဲ့ တန်ဖိုးနဲ့ညီမျှတယ်။ ”

ချင်းဝမ်က တိုးတိုးလေး ရေရွတ်သည်။

“ ဒီနည်းလမ်းက လူတွေကို စစ်ထုတ်ဖို့ အကောင်းဆုံးပဲမဟုတ်လား မဟုတ်ရင် ဒီမြို့မှာ အမှိုက်တွေနဲ့ ပြည့်ကုန်လိမ့်မယ်။ ”

မုချန်းယွမ်က ပြုံးလျက်ရှင်းပြကာ ကြယ်ဝိညာဉ်ကျောက်များကို ပေးဆောင်လျက် မြို့ထဲဝင်ရောက်လိုက်၏။ စုရီက သူ့ရောင်ဝါကို ဧကရာဇ်အဆင့်ထိ လျော့ချထားသည်။

ထို့ကြောင့် မုချန်းယွမ်မှာမူ အသက်ကြီး အစေခံအိုတစ်ဦးကဲ့သို့ စုရီထက်နိမ့်ပါးလှသော ရောင်ဝါဖြင့် ခေါင်းငုံ့၍လိုက်ပါလာခဲ့ရ၏။

“ တာအိုသခင် ... ဟိုမှာကြည့်ပါဦး။ ”

မြို့ထဲသို့ ဝင်လိုက်သည်နှင့် ချင်းဝမ်က အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့၏။ ရင်ပြင်တစ်ခုတွင် ကျင့်ကြံမှုများချိပ်ပိတ်ကာ သံချိတ်များဖြင့်ချိတ်ဆွဲခံထားရသည့် လူအချို့ ရှိနေချေပြီ။

စုစုပေါင်း ယောက်ျား၊ မိန်းမ၊ လူကြီးနှင့် လူငယ်(၂၀)‌ကျော်ရှိသည်။ သူတို့အားလုံးတွင် ဒဏ်ရာဗရပွနှင့် သွေးချင်းချင်းနီနေကြ၏။

ထိုမြင်ကွင်းက ဝက်အရှင်များကို သံချိတ်များဖြင့် ဖောက်ဆွဲထားသကဲ့သို့ ထင်မှား စေသည်။ စည်ကားလှသော လမ်းမအထက်တွင် ဤကဲ့သို့သွေးပျက်ဖွယ်မြင်ကွင်းမျိုးသည် လုံးဝ အရှက်ခွဲခြင်းမည်ချေ၏။

“ ဒါရွှမ်ဟွမ်ကြယ်စုကလာတဲ့ ဧကရာဇ်တွေမဟုတ်လား တကယ်ပဲသူတို့တွေ ကံဆိုးလွန်းပါတယ် ...

... ဒီမှာ တိရစ္ဆာန်တွေလို အခုလို အရှက်ခွဲခံထားရတာက သေရတာထက်တောင် ဆိုးနေသေးတယ်။ ”

“ ဒါက ရန်ငြိုးတစ်ခုလား ဘာလို့ ရွှမ်ဟွမ်ကြယ်စုက လူတွေကိုပဲ ပစ်မှတ်ထား နေရတာလဲ ... ။ ”

“ ဘယ်သူသိမှာလဲ ... ။ ”

အနီးအနားရှိ ကျင့်ကြံသူများသည် တိုးတိုးတိတ်တိတ် ဝိုင်းဝန်းဝေဖန်နေခဲ့ကြ၏။ ရွှမ်ဟဲဧကရာဇ်များဟူသည်မှာ အချို့သော ကမ္ဘာငယ်များတွင် နတ်ဘုရားသဖွယ် ကိုးကွယ်ခံရသူများ ဖြစ်၏။

ယခုမူ ရွှမ်ဟဲ ဧကရာဇ် (၂၀)ကျော်ကို တိရစ္ဆာန်များသဖွယ် မြို့လယ်တွင် ချိတ်ဆွဲခြင်း ခံထားရချေပြီ။ ချင်းဝမ်သည်ပင် မျက်ဝန်းများ ဝိုင်းစက်သွားတော့၏။

မုချန်းယွမ်က စုရီကို အလိုလို မော့ကြည့်လိုက်မိသော်လည်း တစ်ဖက်လူသည် တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သို့သော် ထိုသို့ တည်ငြိမ်မှုသည်ပင် သူ့ကိုဖိအားဖြစ်‌စေ၏။

ထျန်ချင်းမြို့တွင် မည်သူသည် ဤမျှ သတ္တိကောင်းနိုင်ကြောင်း ချက်ချင်းတွက်ချက် ကြည့်လိုက်မိလေသည်။

ထိုအချိန်တွင် စုရီသည် ချိတ်ဆွဲထားသော လူအများဘေးရှိ ကြော်ငြာစာရွက်ကိုဖတ်ရှုရန် လျှောက်လှမ်းသွားနေ၏။

“ ရွှမ်ဟွမ်ကြယ်စုမှ ကျင့်ကြံသူများ။ ရွှမ်ကျောက်အဆင့်ဧကရာဇ်ကို အရှင်ဖမ်းမိပါက ကြယ်ဝိညာဉ်ကျောက် (၃၀၀)၊ ရွှမ်ယု (၈၀၀)၊ ရွှမ်ဟဲ(၃၀၀၀) ပေးအပ်မည်။ ”

စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွား၏။ ဤသည်မှာ ရွှမ်ဟွမ်ကြယ်စုမှ ကျင့်ကြံသူများကို တိုက်ရိုက်ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း မြင်သာနေသည်။

“ အဖိုးကြီးမု ... ဒီဆုငွေ ထုတ်ပြန်ချက်အကြောင်း သွားစုံစမ်းချေ။ ”

စုရီက အမိန့်ပေးလိုက်သည်။ မုချန်းယွမ်တစ်ယောက် သူ့ဘေးမှချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ များမကြာခင် ပြန်လည်ရောက်ရှိလာသည်။

ဤထုတ်ပြန်ချက်ကို လွန်ခဲ့သော တစ်နှစ်ခန့်က ဖေးယွင်မျှော်စင်မှ ထုတ်ပြန်ခြင်း ဖြစ်ချေ၏။ ထိုတစ်နှစ်အတွင်း ဟေးယန်ကြယ်ရှိ ကျင့်ကြံသူများသည် ရွှမ်ဟွမ်ကြယ်စုမှ ဧကရာဇ် များစွာကို လိုက်လံဖမ်းဆီးပေးခဲ့သည်။

နောက်ကွယ်မှ အကြောင်းအရင်းကိုမူ မသိနိုင်ချေ။ စုရီက မျက်မှောင်ကြုတ်သွား၏။ လွန်ခဲ့သောတစ်နှစ်တွင် နတ်ဆိုးတောင်တိုက်ပွဲ ဖြစ်ပွားခဲ့ချိန်ဖြစ်၏။

ထိုစဉ်က ဟင်’လင်းပြင်ကြီးတွင် ကောင်းကင်ကိုးပါးနန်းတော်၊ ထိုက်ရီတာအို ဂိုဏ်း၊ နှလုံးသားပြခန်းနှင့် ကြယ်မြစ်ဂိုဏ်းမှ နယ်ပယ်ဘုရင်များ သူသတ်ခဲ့သည်။

ဤဖေးယွင်မျှော်စင်သည် ထိုအင်အားစုများအနက် ဂိုဏ်းတစ်ခုခု၏ လက်အောက်ခံ ဖြစ်နိုင်ချေမည်။ အဆုံး၌ သက်ပြင်းချကာ၊

“ သွားရအောင် ... ငါတို့ဒီမှာ တစ်ညအနားယူပြီး ခရီးဆက်ကြမယ် ... ။ ”

-ဟု အမိန့်ပေးလိုက်၏။

မုချန်းယွမ်မှ မျက်ခုံးပင့်လိုက်၏။ ချင်းဝမ်သည်ပင် စိတ်ရှုပ်ထွေးသွားဟန်ဖြင့်၊

“ သခင်လေး... သူတို့ကို မကယ်ဘူးလား။ ”

-ဟု မေးမြန်းလိုက်တော့သည်။

“ ဘာလို့ ကယ်ရမှာလဲ ... ။ ”

စုရီက ခေါင်းရမ်း၏။ မုချန်းယွမ်နှင့် ချင်းဝမ်ခမျာ စကားလုံးများ ပျောက်ဆုံးသွား တော့သည်။ စုရီမှ ပြုံးပြီး၊

“ သူတို့ကို ငါ့မိတ်ဆွေ မဟုတ်သလို ဆွေမျိုးလဲမဟုတ်ဘူး ... သူတို့ကိုငါမသိဘူး ... ။ ”

-ဟု ထပ်မံ ဖြည့်စွက်လိုက်၏။

“ ဒါပေမဲ့ ... သခင်လေး။ ”

ချင်းဝမ် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စုရီမှလက်ပြကာ တားဆီး လိုက်လေသည်။

“ ဝမ်အာ မင်းနားမလည်ဘူး ... သွားရအောင်။ ”

သူသည် ရွှမ်ဟွမ်ကြယ်စု၏ နယ်ပယ်ဘုရင် တစ်ပါးဖြစ်သော်လည်း ထိုကြယ်စုရှိလူတိုင်း၏ ဒုက္ခများကို ဖြေရှင်းပေးရန် တာဝန်မရှိချေ။

အထူးသဖြင့် ထိုစဉ်က နတ်ဆိုးတောင် တိုက်ပွဲတွင် ကပ်ဘေးသည် သူ့ကြောင့်လာခြင်း ဖြစ်သဖြင့် သူ တာဝန်ယူသင့်ကြောင်း လူအများ တောင်းဆိုမှုကိုခံထားရသည်။

အချို့သည် သူ့ကို အသက်ပေးရန်ပင် လွန်ကျူးစွာတောင်းဆိုထား၏။ ဤသို့ရက်စက် ကြမ်းကြုတ်သော နှလုံးသားများကို ယနေ့တိုင် သူ မမေ့နိုင်သေးချေ။

“ လောကကြီးက ရက်စက်တယ် ... မှတ်ထားပါ ရွှမ်ဟွမ်ကြယ်စုကနေလာရုံနဲ့တော့ လူတိုင်း မင်းရဲ့မိသားစုဝင်တွေမဟုတ်ဘူး။ ”

***

အခန်း ၉၅၀ -

ဖြုန်းတီးသူ ... ။

“ ဟမ့် ... အဖိုးကြီး မင်းက နယ်ပယ်ဘုရင်တစ်ပါးဖြစ်နေပြီးတော့ မင်းရဲ့ သခင်လေးစကားကြောင့် ဒီလိုသနားစရာ ကောင်းလှတဲ့ ဧကရာဇ်လေးတွေကို လျစ်လျူရှုဝံ့သလား။ ”

ရုတ်တရက် ထိုမှတ်ချက်စကားကြောင့် စုရီ၊ချင်းဝမ်နှင့်မုချန်းယွမ်တို့က ပြန်လှည့်ကြည့် လိုက်လေသည်။

တံတိုင်းတစ်ခုတွင် ချေချိတ်ထိုင်လျက် မောက်မာလွန်းသောအကြည့်များဖြင့် လူငယ် တစ်ဦးကို မြင်လိုက်ရ၏။

သူခါးတွင် ဓားနှစ်လက် ချိတ်ဆွဲထားပြီး အဖြူရောင်ဝတ်လုံကို သန့်ရှင်းသပ်ရပ်စွာဖြင့် ဝတ်ဆင်ထားသည်။

ထိုလူငယ်တဝိုက်ရှိ လေထုသည် လေးလံလွန်းသောဖိအားကြောင့် အနည်းငယ် အက်ကွဲနေတော့၏။

“ နယ်ပယ်ဘုရင်လား ... ။ ”

မုချန်းယွမ်မှ မျက်ခုံးပင့်သွားသည်။ တစ်ချက်မျှကြည့်လိုက်ရုံဖြင့် သူ့ကျင့်ကြံမှုကို တစ်ဖက်လူမှ မြင်နေချေပြီ။ စုရီသည်ပင် လူငယ်အပြုအမူကြောင့် အနည်းငယ် အံ့သြသွားရ၏။

“ မင်းက ဘယ်သူလဲ။ ”

မုချန်းယွမ်မှ မေးမြန်းလိုက်၏။ ဝတ်ရုံဖြူနှင့်လူငယ်က ပြုံးရယ်လိုက်ပြီးနောက်၊

“ ငါလား ... ငါကဒီလောကကြီးရဲ့ ခရီးသွားတစ်ယောက် ... မတရားတာမြင်နေရင် ဓားဆွဲပြီး ကူညီတတ်တဲ့ ဓားသမားပဲ။ ”

“ ဟမ့် ... မင်းက မတရားတာမြင်ရင် ဓားဆွဲပြီးကူညီတတ်တဲ့လူလား။ ”

မုချန်းယွမ်က နှာခေါင်းရှုံ့လိုက်သည်။ ဤကဲ့သို့သော အပေါစား အကြောင်းပြချက်ကို အရူးများပင် ယုံမည်မဟုတ်ပေ။

သို့သော် ပွဲကြည့်လိုသောလူအများသည် ပတ်ဝန်းကျင်၌ စိတ်ဝင်တစားဝိုင်းအုံလာခဲ့၏။ စုရီက လက်နှစ်ဖက်နောက်ပို့လျက် လူငယ်ထံ စိုက်ကြည့်နေသည်။

“ ဝှစ် ... ။ ”

ဝတ်ရုံဖြူလူငယ်က တံတိုင်းပေါ်မှ ပေါ့ပါးစွာခုန်ဆင်းလာပြီး သက်ပြင်းချလျက်၊

“ ကြည့်စမ်းပါဦး ... ဧကရာဇ်လေးတွေကို ဒီလောက်နှိမ်စက်ပြီး ဝက်တွေလိုပြထားတာက ဘယ်လောက်ရက်စက်လိုက်လဲ ဒီအချိန်မှာ ဘယ်သူမဆို ...

... ရှင်သန်ချင်စိတ်တောင် ရှိတော့မယ်မထင်ဘူး တစ်ယောက်ယောက်က သူတို့အတွက် သတ္တိရှိရှိ ကယ်ပေးတာမျိုး ဒါမှမဟုတ် သတ်ပစ်ခဲ့တာမျိုး ...

... တောင့်တနေကြမှာ အမှန်ပါပဲ ... ဒီလောကကြီးမှာ နယ်ပယ်ဘုရင် တစ်ပါးက တရားမျှတမှုကို လျစ်လျူရှုပြီး ...

... မင်းရဲ့သခင်လေး စကားအတိုင်း ထွက်သွားတော့မယ်ဆိုရင် ဘယ်သူက နယ်ပယ် ဘုရင်တွေကို လေးစားတော့မှာလဲ။ ”

-ဟု ရေရွတ်လိုက်တော့၏။

ဖမ်းဆီးခံထားရသူများသည် စကားမပြောနိုင်ကြသော်လည်း မျက်ဝန်းများ၌ မျှော်လင့်ချက်များ မြင်လိုက်ရသကဲ့သို့ ချက်ချင်းဝင်းလက်လာကြသည်။

“ ရွှပ် ... ။ ”

“ ချွင် ... ချွင် ... ။ ”

“ ရွှပ် ... ရွှပ် ... ။ ”

ထိုအချိန်တွင် အဖြူဝတ်လူငယ်သည် သံချိတ်များဖြင့် ထိုးဖောက်ချိတ်ဆွဲခံထားရသော လူတိုင်းထံသို့ ဓားချက်တစ်ချက်ပစ်လွှတ်ကာ ကယ်တင်ပေးလိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ် ... မိတ်ဆွေ ... ။ ”

တစ်ဆက်တည်းမှာပင် ကျင့်ကြံမှုများကိုလည်း ပြန်လည်ဖွင့်လှစ်ပေးပြီး ထွက်ခွာစေလိုက်၏။

“ ကျေးဇူးတင်ပါတယ် သူရဲကောင်းလေး ငါတို့ ဒီကျေးဇူးကို မမေ့ပါဘူး။ ”

ရွှမ်ဟွမ်ကြယ်စု၏ ဧကရာဇ်များက ချက်ချင်းဦးညွှတ်ကာ အရိုအသေပေးလိုက်၏။ အဖြူဝတ်လူငယ်မှ စိတ်မဝင်စားဟန်ဖြင့်၊

“ သွားတော့ ... မင်းတို့ရဲ့ကျင့်ကြံမှုနဲ့ မဟူရာအိပ်မက်ဆိုးလေခါးပတ်ကို ဖြတ်ကျော်ဖို့ လုံးဝမစဉ်းစားနဲ့ ... ။ ”

-ဟု မောင်းထုတ်လိုက်တော့သည်။

ရပ်ကြည့်နေသော လူအုပ်ကြီးမှာ ဤအဖြူဝတ်လူငယ်၏ အပြောနှင့် လုပ်ရပ်ကို ချီးကျူးစကားဆိုလိုက်ကြ၏။

ထို့နောက် အဖြူဝတ်လူငယ်က ခါးကြားရှိဓားနှစ်လက်ပေါ်သို့ လက်တင်ကာ စုရီတို့ထံ လျှောက်လှမ်းလာ၏။

“ မင်းတို့အမြင်မှာ ငါက လူမိုက်လို့ ထင်နေတာလား ဟားဟားဟား ဒါသာမန်ပါပဲ ဒီလောကကြီးမှာ တရားမျှတမှုမှန်သမျှက နည်းနည်းတော့ မိုက်မဲနေတုန်းပဲ။ ”

“ အဖိုးကြီးမု ... ဒီကလေးကို သင်ခန်းစာပေးလိုက်ပါ ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော စုရီက အမိန့်ပေးလိုက် တော့သည်။ မုချန်းယွမ်မှ ချက်ချင်း ခေါင်းညိတ်ကာ ရှေ့လှမ်းထွက်လိုက်၏။

ထိုမြင်ကွင်းက အဖြူဝတ်လူငယ်ကို ခေါင်းရမ်းသွားစေသည်။ တစ်ဆက်တည်းမှာပင် စုရီထံ ငဲ့ကြည့်ကာ၊

“ ဘယ်‌လောက်မိုက်မဲလိုက်တဲ့ ဖြုန်းတီးသူတစ်ယောက်လဲ ... အနားမှာ မင်းလို နယ်ပယ်ဘုရင် အစေခံတစ်ယောက်ရှိတာနဲ့ မောက်မာပြနေတာ မင်းမြင်လား။ ”

-ဟု မုချန်းယွမ်ကို လှမ်းပြောလိုက်၏။ ချင်းဝမ်က မျက်မှောင်ကြုတ်လျက် အနည်းငယ် မသက်မသာ ဖြစ်သွားသည်။

မုချန်းယွမ်သည်ပင် အဖြူဝတ်လူငယ်၏ မောက်မာသောစကားများအပေါ် သည်းမခံနိုင် ဖြစ်လာခဲ့၏။ စုရီက ပြုံးလျက် ခပ်လှမ်းလှမ်းရှိ မြင်ကွင်းကောင်းသောအရပ်သို့ သွားရောက်ကာ ကုလားထိုင်ထုတ်၍ ထိုင်ချလိုက်သည်။

“ ဟမ့် ... ဒီကလေး ။ ”

အဖြူဝတ်လူက မျက်မှောင်ကြုတ် သွားသည်။ ဤဖြုန်းတီးသောသခင်လေးသည် ပွဲကြည့်ရန်ပြင်နေသည်လော။ ထို့ကြောင့် စကား ပြောရန်ပြင်စဉ် မုချန်းယွမ်သည် လေထဲပျံတက်သွားတော့၏။

“ လာခဲ့ ... ငါသခင်လေးက ဖြုန်းတီးတဲ့သခင်လေးလား ဒါမှမဟုတ် မင်းလားဆိုတာ ငါကြည့်ချင်တယ်။ ”

“ ဟားဟားဟား ... ကောင်းပြီ မင်းလို အရှက်မရှိတဲ့ ... အစေခံအဖိုးကြီးအတွက်တော့ ဘယ်သူဖြုန်းတီးသူလဲ မသိတာ သာမန်ပါပဲ။ ”

အဖြူဝတ်လူငယ်က အားရပါးရ ရယ်မောလျက်ကောင်းကင်ပေါ် ပျံတက်လာ၏။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ နယ်ပယ်ဘုရင်၏ အရှိန်အဝါများ ထွက်ပေါ်တော့သည်။

ဤသည်မှာ နယ်ပယ်ဘုရင်နှစ်ပါးကြား တိုက်ပွဲကြီးဖြစ်၏။ လမ်းမပေါ်ရှိလူတိုင်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေကြသည်။

မုချန်းယွမ်တစ်ယောက် လေးနက်လာ၏။ တစ်ဖက်လူသည် ဝင့်ကြွားသော်လည်း အမှန်ပင် အရည်အချင်း ရှိနေချေပြီ။ ရောင်ဝါသည်ပင် သူ့ကို ဖိအားဖြစ်စေ၏။

“ ဝှစ် ... ။ ”

မုချန်းယွမ်က လှံတစ်စင်း ထုတ်ယူကာ ဝှေ့ယမ်းပြီး တည့်တည့်တိုးဝင်သွားတော့သည်။ ကောင်းကင်ကြီး တုန်ခါလျက် လေခွင်းသံများ ထွက်ပေါ်လာချေပြီ။

ဥပဒေစည်းမျဉ်းများသည် ထိုလှံကို ပတ်ပတ်လည်၌ရစ်ပတ်ထားပြီး ဟင်းလင်းပြင် အပေါ် ကွဲအက်လာစေ၏။

အဖြူရောင်ဝတ်လူငယ်မှ အနည်းငယ် အံ့အားသင့်မှုလာကာ ခဏအကြာတွင်မှာတော့ ခေါင်းရမ်းကာ ရယ်မော့လိုက်သည်။

တစ်ဆက်တည်းမှာပင် ဓားအလင်းတစ်ချက်ပြေးထွက်သွား၏။ ထို့နောက် ချက်ချင်းကောင်းကင်တုန်ခါသော ရိုက်ခတ်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ဝုန်း ... ။ ”

ရလာဒ်အနေဖြင့် မုချန်းယွမ်က နောက်သို့ပြန်လည်ဆုတ်ခွာခဲ့ရ၏။ သွေးနှင့်ချီ ပွက်ပွက်ဆူလျက် မျက်နှာနီရဲလာချေပြီ။ အနက်ရောင်လှံကြီးသည် သူ့လက်ထဲ တဆက်ဆက် တုန်ခါနေတော့၏။

ထိုအခါမှသာ အဖြူဝတ်လူငယ်သည် ဓားတစ်လက်ကို ဆွဲထုတ်ခဲ့ကြောင်း နားလည် လိုက်တော့၏။ ထိုဓားသည် တောက်ပသော ငွေရောင်အလင်းတန်းများ ဖြာထွက်လျက် ကြယ်တစ်ပွင့်လို ထင်မှားစေသည်။

ယင်းသည် ဓားတစ်လက် မဟုတ်ဘဲ ကြယ်မြစ်တစ်စင်းလိုပေပင်။ အဖြူဝတ်လူငယ်မှ ပြုံးလိုက်ပြီး၊

“ ငါက ကနဦး ထာဝရကောင်းကင် အဆင့်မှာပဲရှိပါသေးတယ် ဒါပေမယ့် ... မင်းလို အဖိုးကြီးကို အနိုင်ယူဖို့တော့ မခက်ပါဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ အဖိုးကြီးမု မင်းရဲ့ခွန်အားကို အကုန်ထုတ်ပါ။ ”

စုရီသည် ဝိုင်အိုးထုတ်ယူကာ မော့သောက်လျက် အမိန့်ပေးခဲ့၏။ ချင်းဝမ်က သူ့အနားတွင် ရပ်လျက် တိတ်ဆိတ်စောင့်ကြည့် နေတော့သည်။

ထိုမြင်ကွင်းသည် အမှန်ပင်ဖြုန်းတီးသော သခင်လေးတစ်ပါး၏ အထိန်းအကွပ်မဲ့ဟန်မျိုး ပေါ်လွင်နေချေ၏။

“ အစွမ်းကုန် တိုက်တော့ကော ဘာထူးမှာလဲ။ ”

အဖြူဝတ်လူငယ်က ပြုံး၏။ မုချန်းယွမ်မှ စကားမဆိုဘဲ ကျင့်ကြံမှုကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်လေသည်။

အစေခံအိုကြီးသဖွယ် မထင်မရှား နိမ့်ချနေခဲ့နေသော မုချန်းယွမ်သည် ရုတ်တရက် အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲလာ၏။

မျက်ဝန်းများတွင် လျှပ်စီးများ တောက်ပလာပြီး အရှိန်အဝါမှာ မြို့အနှံ့ဖုံးလွှမ်း သွားလေသည်။ သည့်နောက် လှံကို စက်ဝိုင်းပုံ ဝှေ့ရမ်းလျက် တိုက်ခိုက်တော့၏။

ပြင်းထန်လွန်းသော ဥပဒေစည်းမျဉ်းက နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြတ်သန်းသွားလမ်း၌ အရာအားလုံး ဖျက်ဆီးသွားလေသည်။

“ သွား ... ။ ”

ထိုစဉ် ဓားအလင်းများသည် ကြယ်မြစ်များသဖွယ် မုချန်းယွမ်အပေါ်သို့ ပြိုကျလာတော့၏။ တမဟုတ်ချင်း တိုက်ပွဲမှာ ပြင်းထန်သွားလေသည်။

များမကြာခင် မုချန်းယွမ်တစ်ယောက် အစွမ်းကုန်ခုခံနေခဲ့သော်လည်း အနောက်သို့သာ ဆုတ်ခွာနေရ၏။ ဝတ်ရုံဖြူလူငယ်၏ ဓားရေးမှာ အလွန်ကြောက်စရာ ကောင်းချေပြီ။

“ ဝုန်း ... ။ ”

မိန်နစ်အနည်းငယ်အကြာတွင် မုချန်းယွမ်ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရလာပြီး အခြေအနေ ဆိုးရွားလာ၏။

“ အဘိုးကြီး ... အခုလိုအနှိပ်စက်ခံရတဲ့ အရသာက ဘယ်လိုလဲ ... မင်းကနယ်ပယ်ဘုရင် မဟုတ်ဘူးလား ဘာလို့ အားနည်းနေတာလဲ။ ”

အဖြူဝတ်လူငယ်မှ လှောင်ပြောင်လိုက်၏။ မုချန်းယွမ်ခမျာ အန္တရာယ်ရှိနေပြီဖြစ်ရာတုန့်ပြန် စကားများပင်ဆိုနိုင်ဘဲ ဖြစ်နေခဲ့ချေသည်။

“ ဆင်းသွား ... ။ ”

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

တစ်ဖက်တွင် စုရီသည် ဝိုင်သောက် မပျက်ချေ။ သူ ကြည့်နေဆဲမှာပင် မုချန်းယွမ်၏ ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ် ပြန်လည် ပြုတ်ကျလာခဲ့သည်။

မြေပြင်တွင် ကြီးမားသောတွင်းကြီး ဖြစ်ပေါ်လာပြီး မုချန်းယွမ်ခမျာသွေးချင်းချင်း နီလျက် ဒဏ်ရာပြင်းထန်စွာရရှိသွား၏။

“ အဘိုးကြီး ... မင်းဒီလောက်ဆို သင်ခန်းစာရသင့်ပြီမဟုတ်လား ... အခု ငါက ဖြုန်းတီးသူလား ... မင်းရဲ့သခင်လေးလား။ ”

အဖြူဝတ်လူငယ်က ဓားကိုသိမ်းကာ ဝင့်ကြွားစွာဆိုလိုက်၏။ မုချန်းယွမ်တစ်ယောက် အပျက်အစီးများအတွင်းမှ ထရပ်လာသည်။

“ ဒီတစ်ခါတော့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ် ... နောင်ဒီလိုအရှက်မဲ့တဲ့ ‌ရွေးချယ်မှုမျိုးမလုပ်နဲ့ ... မင်းရဲ့ဖြုန်းတီးသူကို ခေါ်ပြီး ငါ့ရှေ့ကနေ အမြန်ဆုံးထွက်သွားပါ။ ”

သူ့စကားကြောင့် မုချန်းယွမ်မှ မျက်နှာပျက်ယွင်းသွားပြီး လူသတ်ချင်စိတ်များ ပေါက်ကြားလာ၏။ တစ်ဖက်လူသည် သူ့ကို သက်ညှာခဲ့သည်မှာ အမှန်ဖြစ်သော်လည်း စကားအရာတွင် မသက်သာလှချေ။

စုရီက ဝိုင်အိုးကို ကုန်အောင် သောက်လိုက်ပြီး ကြိမ်ကုလားထိုင်ပေါ်မှထကာ မုချန်းယွမ်အနား လျှောက်လှမ်းသွား၏။

“အဖိုးကြီးမု ... မင်းအရှက်ကွဲနေတာကို ဒီအတိုင်း ငါထိုင်ကြည့်နေလို့ ... အပြစ်မြင်လား။ ”

စုရီက မေးသည်။ မုချန်းယွမ်မှ အလျင်အမြန်ခေါင်းရမ်းလျက် ချက်ချင်း ဦးညွှတ်ကာ၊

“ သခင်လေး ... ဒီအဖိုးကြီး အသုံးမကျလို့သာ သခင်လေးကို မျက်နှာ ပျက်မိစေပါပြီ။ ”

-ဟု တောင်းပန်လေသည်။

“ ဒီအစေခံက တကယ်သစ္စာရှိတာပဲ။ ”

ထိုမြင်ကွင်းကြောင့် အဖြူဝတ်လူက ချီးကျူးစကားဆိုလိုက်သည်။ စုရီမှ ခေါင်းညိတ် ပြလိုက်ပြီး၊

“ ကောင်းပြီး ... ‌နောင်မှာ မင်းရဲ့ ကျင့်ကြံမှုကို ငါလမ်းညွှန်ပေးမယ် ဒဏ်ရာတွေ ပျောက်သွားတဲ့နေ့ဟာ မင်းအတွက် အဆင့်တက်မယ့်နေ့ပဲ။ ”

-ဟု ကတိပေးလိုက်တော့၏။

သို့နှသာ စုရီသည် တမင်ပွဲကြည့်ချင်၍ တိုက်ခိုင်းခြင်းမဟုတ်ဘဲ သူ့အားနည်းချက်နှင့် ခွန်အားကို စစ်ဆေးရန်ဖြစ်ကြောင်း မုချန်းယွမ် နားလည်လိုက်ချေပြီ။

ထို့ကြောင့် အလွန်ဝမ်းသာသွားပြီး၊

“ ကျေးဇူးတင်ပါတယ် ... ကျေးဇူးတင်ပါတယ် သခင်လေး ... ။ ”

-ဟု ထပ်ခါထပ်ခါ ဦးညွှတ်တော့၏။ မည်သူသည် ဤကမ္ဘာကြီး၌ လောကသခင်၏ လမ်းညွှန်မှုကို မလိုချင်ဘဲနေမည်နည်း။

ကြယ်လွင်ပြင် ဒေသကြီးတွင် လောကသခင်၏လမ်းညွှန်မှုရရန် ခုနစ်ဘဝတိုင် အကျိုးဆောင်ရမည်ဖြစ်ကြောင်း ဆိုရိုးစကား အချို့ပင် ရှိထားခဲ့ချေပြီ။

***

All Chapters