← Chapters

အခန်း (၉၅၁-၉၅၂)

Vol. 80 Ch. 951-952

အခန်း (၉၅၁-၉၅၂)

Vol. 80 Ch. 951-952

အခန်း ၉၅၁ -

လာ ... ငါ့ကိုထိုးစမ်း ... ။

စုရီနှင့် မုချန်းယွမ်တို့သည် ဘေးတွင် လူမရှိသကဲ့သို့ ပြုမူစကားပြောဆိုနေကြသည်။ အထူးသဖြင့်စုရီသည် နယ်ပယ်ဘုရင်တစ်ပါးကို အဆင့်တက်အောင် လမ်းညွှန်ပေးမည်ဟု ပြောသောအခါ မျက်လုံးပြူးကုန်၏။

ပို၍ ရယ်စရာကောင်းသည်မှာ ထိုနယ်ပယ်ဘုရင်အစေခံအိုသည် အလွန်အမင်း စိတ်လှုပ်ရှားကာ ဝမ်းသာပြနေခြင်းပေပင်။

“ ဟမ့် ... ဖြုန်းတီးသူလေး ... အဘိုးကြီးဖြစ်တဲ့ ငါ့ကိုလည်း နည်းနည်းလောက် လမ်းညွှန်ပေးပါဦးလား။ ”

အဖြူဝတ်လူငယ်က ပြုံးရယ်လျက် ဖိတ်ခေါ်လိုက်တော့၏။ စုရီသည်လည်း သူ့ထံ ကြည့်လာပြီး၊

“ မင်းဘေး ခဏဖယ်နေ။ ”

-ဟု မုချန်းယွမ်ကိုညွှန်ကြားကာ လှမ်းထွက်လိုက်တော့၏။ ထိုအပြုအမူကြောင့် အဖြူဝတ်လူငယ်မှာ အံ့သြသွားလေသည်။

“ ဟမ် ... တကယ်ပဲ မင်းမှာ ငါ့ကိုလမ်းညွှန်ချင်နေတာလား။ ”

“ မဟုတ်ဘူး မင်းကိုလမ်းညွှန်ဖို့ထက် ... အဖေအမေခေါ်ပြီးတောင်းပန်တဲ့အထိ ငါမင်းကို ရိုက်နှက်ပေးမလို့။ ”

“ မင်း ... ။ ”

အဖြူဝတ်လူငယ်မှ မျက်ခုံးပင့်လိုက်၏။ တစ်ဆက်တည်းမှာပင် အကြည့်များ အေးစက် လာခဲ့ပြီး သူ့မျက်နှာကိုလက်ညှိုးထိုးပြကာ၊

“ ဒါဆို ... လာ၊ ငါ့ကိုရိုက်စမ်း။ ”

-ဟု ဖိတ်ခေါ်လိုက်၏။

“ မင်းသာ ငါ့ကို အဖေအမေခေါ်ပြီး ငိုယိုလာအောင် မလုပ်နိုင်ရင် ... ငါမင်းလိုမျိုး ဖြုန်းတီးသူကို သင်ပေးဖို့ မနှမျောဘူး။ ”

“ ဟမ့် ... ။ ”

စုရီ နှာခေါင်းရှုံ့ကာ စကားမဆိုတော့ဘဲ လက်ဝါးကို ဟင်းလင်းပြင်အတွင်း ဖိနှိပ်ချလိုက် လေသည်။ ရိုးရှင်းလှပြီး မည်သည့် အရှိန်အဝါမျှ မပါဝင်ဘဲ ပေါ့ပါးလွန်းလှ၏။ လူအုပ်ကြီးမှ ပြုံးစိစိဖြစ်လာသည်။

လူပြိန်းတစ်ယောက်၏ ကန်ကျောက်ထိုးနှက်ချက်များသည်ပင် ထိုထက် ပို၍အစွမ်းထက်နေပေဦးမည်။

သို့သော် ထိုလက်ဖဝါးနှင့် မျက်နှာချင်းဆိုင်နေရသော အဖြူဝတ်လူငယ်၏ မျက်နှာတွင် လှောင်ပြောင်လိုမှုများ ရုတ်တရက် အေးခဲသွားသည်။

မျက်ဝန်းများ မှေးစင်းလျက် သေမင်းတမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ယင်းသည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပေပင်။

“ ဒါ ... ။ ”

ထို့ကြောင့် အစွမ်းကုန် ခုခံနိုင်ရန် ကြိုးစားလိုက်သော်လည်း ဥပဒေစည်းမျဉ်းမှာ အပြင်သို့ပင် ထွက်မလာနိုင်ခဲ့ဘဲ ပိတ်ဆို့ ချုပ်နှောင်ခံလိုက်ရလေသည်။

“ ဘုန်း ... ။ ”

ချက်ချင်းပင် တောင်ကြီးတစ်လုံးနှင့် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ဒူးနှစ်ဖက်မြေပြင်ပေါ်သို့ ကျဆင်းသွားတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။ လက်ဖဝါးတစ်ချက်တည်းနှင့် နယ်ပယ်ဘုရင်ကို ဒူးထောက်စေသည်လော။ ဤသည်မှာ အစေခံအိုကြီးထက် သာလွန်ခြင်း မည်ချေပြီ။

မုချန်းဟွမ်နှင့် ချင်းဝမ်ပင် မျက်ခုံးပင့်သွားတော့၏။ သခင်၏ အစစ်အမှန် ခွန်အားသည် မည်မျှရှိနိုင်မည်နည်း။

“ ငါမင်းကို သတ်မယ်။ ”

“ ဝှစ် ... ။ ”

အဖြူဝတ်လူငယ်ခမျာ အရှက်ရလွန်းသောကြောင့် အော်ဟစ်ကာ သူ့ ဓားနှစ်လက်ဆွဲထုတ်ပြီး ခုတ်ချပစ်လိုက်၏။

“ ကလန် ... ။ ”

သို့သော် စုရီက ဓားအလင်းဖြင့် တောက်ထုတ်လိုက်ရာ လက်ထဲမှ ဓားနှစ်လက် လွင့်စဉ်လွတ်ကျသွားတော့သည်။ ဒူးဆစ်ရိုး ကြေမွှလျက် မြေပြင်ပေါ် ပြိုလဲသွား၏။

“ မင်း ... မင်းက ဧကရာဇ်မဟုတ်ဘူး ငါ့ကိုလိမ်တယ်။ ”

အဖြူဝတ်လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ စုရီမှ မျက်ခုံးပင့်လျက် ပြန်ကြည့်ပြီး၊

“ ငါ့ကိုယ်ငါ ဧကရာဇ်လို့ပြောခဲ့မိလား ... ပြီးတော့ ဧကရာဇ်မဟုတ်ပေမယ် ငါ့ကျင့်ကြံမှု ခွန်အားကို ဧကရာဇ်မှာပဲ ထားခဲ့တာလေ။ ”

“ ဟမ့် ... မင်လိမ်နေတာ ဒီစွမ်းအားက ဘယ်လိုလုပ်ဧကရာဇ်အဆင့်မှာ ရှိနိုင်မှာလဲ။ ”

အဖြူဝတ်လူငယ်က ရှက်လွန်းသဖြင့် သေချင်စိတ်ပေါက်သွား၏။ မုချန်းယွမ်မှ ဘေးမှ ရပ်ကြည့်နေရာမှ သည်းမခံနိုင်တော့ဘဲ၊

“ လူမိုက် ... ငါ့သခင်လေးက ဧကရာဇ်အဆင့်နဲ့ ... နယ်ပယ်ဘုရင်တွေကို သတ်နိုင်တယ် မင်းကိုလိမ်နေစရာမလိုဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

အဖြူဝတ်လူငယ်မှ အံကြိတ်လျက် တုန့်ပြန်ငြင်းဆန်လိုသော်လည်း စကားလုံးများ ထွက်မလာတော့ချေ။

“ မင်းဘယ်သူလဲ။ ”

အဆုံး၌ စုရီနာမည်ကို မေးမြန်းလိုက်၏။ စုရီက ပြုံးလိုက်ပြီး၊

“ ငါလား ... အဆင့်အတန်းအရဆိုရင် ... မင်းကငါ့ရဲ့မြေးအဆင့်မှာတောင် မရှိသေးဘူး။ ”

-ဟု ဖြေကြားလိုက်သည်။ အဖြူဝတ်လူငယ်ခမျာ ပို၍မျက်နှာနီမြန်းလျက်၊

“ မင်းငါ့ကို ... သတ်ချင်ရင် ငါ့ကိုသတ်လိုက်လို့ရတယ် ဒီလောက်အထိတော့ အရှက်ခွဲနေစရာမလိုဘူး။ ”

“ အိုး ... မင်းကျတော့ သူတပါးရဲ့ ရွေးချယ်ပိုင်ခွင့်အပေါ် ဝင်ရောက်မှတ်ချက်ပေး လှောင်ပြောင်တယ် အခု ... ငါမင်းကို ဆုံးမနေတာကျတော့ ...

... မခံနိုင်ဘူးလား ... ဒီနေ့ဘယ်သူက ဖြုန်းတီးတဲ့သခင်လေးလဲဆိုတာ မင်းသိပြီလား အခုမင်းလား ... ဒါမှမဟုတ် ငါလား။ ”

စုရီက အနားတိုးကပ်လာသောအခါ သေခြင်း၏အငွေ့အသက်များ ခံစားလိုက်ရပြီး အဖြူဝတ်လူငယ်သည် အသက်ပင် မရှူနိုင်တော့ချေ။

သို့တိုင် အညံ့ခံရန် ဆန္ဒမရှိဘဲ ဒေါသတကြီးဖြင့် ပြန်လည်မော့ကြည့်နေခဲ့၏။ ထိုစဉ်ဖိအားများ ရုတ်တရက်ပျောက်ကွယ်ကာ စုရီက ရပ်တန့်သွားသည်။

“ ကျွမ်းမျိုးနွယ်ရဲ့ တိုက်ရိုက် မျိုးဆက်ဆိုတဲ့အတိုင်း အပြုအမူကဝင့်ကြွားပြီး ပါးစပ်ကကြမ်းတယ် ကံကောင်းတာက မင်းမှာ မာနရှိနေသေးတယ် မင်းရဲ့ဘိုးဘေးကို မျက်နှာမပျက်စေဘူး။ ”

ရုတ်တရက် မှတ်ချက်စကားကြောင့် အဖြူဝတ်လူငယ်တစ်ယောက် ထိတ်လန့်တကြီး မှင်သပ်သွားချေပြီ။ တစ်ဖက်လူသည် တစ်ချက် ကြည့်ရုံဖြင့် သူ့မျိုးရိုးကို မြင်နိုင်နေ၏။

ထိုကဲ့သို့သော တစ်စုံတစ်ယောက် ဤသို့မဟူရာအိပ်မက်ဆိုး လေခါးပတ်မြေတွင် မည်သို့ရှိနေရသနည်း။

အဖြူဝတ်လူငယ်တစ်ယောက် အပြတ်အသတ် နှိမ်နင်းခြင်းခံလိုက်ရသည်ကို မြင်သောအခါ ရပ်ကြည့်နေသည့်လူအုပ်ကြီးမှာ အံ့အားသင့်ကာတိတ်ဆိတ်သွား၏။

ဤမတိုင်မီ ကြယ်တာရာ သူရဲကောင်းတစ်ယောက်ကဲ့သို့ ဝင့်ကြွားသော လူငယ်သည် ယခုမူ ဒူးထောက်နေရ၏။

တစ်ဖက်တွင် အဖြူဝတ်လူငယ်သည် ထိုအချင်းအရာများအပေါ် ဂရုမစိုက်အားဘဲ ထရပ်လိုက်ကာ၊

“ မင်း နာမည်သိခွင့်ရှိမလား ... ။ ”

-ဟု သတိထားကာ မေးမြန်းလိုက်၏။

“ ရှန့်မူ ... ။ ”

“ ရှန့်မူ ... ။ ”

အဖြူဝတ်လူငယ် ခမျာ တွေဝေသွား၏။ ဤနာမည်ကို မျိုးဆက်သစ်လူငယ်များအတွင်း သူ မကြားဖူးချေ။ အထူးသဖြင့် ရှန့်မျိုးရိုးကို မသိသည်မှာ သဘာဝဖြစ်၏။

“ မင်းရဲ့ဘိုးဘေး ကျွမ်းပိဖန်ကို ... ငါ့အတွက်စကားတစ်ခွန်း ပြန်ရင်ပါးလိုက်ပါ နတ်မိစ္ဆာပင်လယ်ဆီ ပစ္စည်းယူလာခဲ့လို့။ ”

“ ဟမ့် ... မိတ်တွေ မင်းငါ့ဘိုးဘေးကို သိနေတာလား။ ”

အဖြူဝတ်လူငယ်တစ်ယောက် မျက်လုံးပြူးကျယ်သွား၏။ စုရီမှ ခေါင်းညိတ်ပြီး၊

“ အဟား ... မင်းရဲ့တစ်သက်မှာ ရမ္မက်ကြီးတဲ့ကျွမ်းပိဖန်ကိုမသိသေးရင် မင်းကို နယ်ပယ်ဘုရင်လို့ ဘယ်လိုလုပ်ခေါ်နိုင်မှာလဲ။ ”

-ဟု ပြန်လည်ဖြေကြားလိုက်တော့သည်။

သူသည် နတ်မိစ္ဆာပင်လယ်ပြင်တွင် တံငါသည်၏လှေကို သေမျိုးနယ်ပယ်ဓားဖြင့် ထိုးစိုက်ထား၏။

ထို့ကြောင့် နတ်မိစ္ဆာပင်လယ်သို့ သွားယူရာလမ်းတွင် အဖိုးကြီးကျွမ်းပီးဖန်ထံ လောကသခင်ဘဝက ပေးအပ်ခဲ့သည့် ရတနာ တစ်ပါး လိုအပ်ချေသည်။

“ ဒါက ... ။ ”

အဖြူဝတ်လူငယ်ခမျာ ချက်ချင်း မသက်မသာဖြစ်သွား၏။ စုရီစကားအပေါ် ငြင်းချက်ထုတ်ရန် ခွန်အားမရှိချေ။

အမှန်ပင် သူ့ဘိုးဘေးသည် အပျော်အပါးလိုက်စားသော နယ်ပယ်ဘုရင် တစ်ပါးအဖြစ် ကြယ်လွင်ပြင်ဒေသ၌ နာမည်ကြီးချေ၏။

သို့သော် ဘိုးဘေးကျွမ်းပီဖန်ကို ထိုသို့ခေါ်ဆိုဝံ့သူသည် ဤလောကကြီးတွင် လက်ချိုးရေ၍ ရပေမည်။

“ ကောင်းပြီ ... ငါအိမ်ပြန်ရင် ပြောလိုက်ပါမယ်။ ”

အဖြူဝတ်လူငယ်က သဘောတူ လိုက်လေသည်။ သူ့အမြင်တွင် ဤရှန့်မူသည် ဘိုးဘေးကျွမ်းပီဖန်နှင့် အလွန်နီးစပ်သော ဆက်ဆံရေးရှိနေနိုင်၏။

“ သွားတော့ ... ။ ”

စုရီက ခေါင်းညိတ်ကာ လက်ဝှေ့ယမ်း ပြလိုက်သည်။ အဖြူဝတ်လူငယ်မှ မေးခွန်းများ ရှိနေသေးသော်လည်း ရှန့်မူသည်ပြန်ဖြေမည် မဟုတ်သဖြင့် ထွက်ခွာသွားတော့၏။

အဖြူဝတ်လူငယ်၏ အမည်မှာ ကျွမ်းရှောင်ယွန်းဖြစ်ပြီး သူထွက်မသွားခင်မှာပင် မုချန်းယွမ်ကိုတောင်းပန်ကာ အစွမ်းထက်သော ကုသရေးဆေးများကို ပေးအပ်သွားခဲ့သည်။

စုရီက ပတ်ဝန်းကျင်ထံ တစ်ချက်ဝေ့ကြည့်လျက် ခေါင်းရမ်းလိုက်ကာ၊

“ ငါတို့လည်း ခရီးဆက်ရအောင် ... ဒီမှာအရမ်းဆူညံသွားပြီ။ ”

-ဟု ပြောကြားလိုက်တော့၏။

မုချန်းယွမ်သည်လည်း ပတ်ဝန်းကျင်ထံဝေ့ကြည့်လိုက်ရာ အမှောင်ရိပ် အတွင်းမှ အရိပ်များစွာကို မြင်လိုက်ရသည်။

ယင်းသည် ဖေးယွင်မျှော်စင်မှ ကျွမ်းကျင်သူများဖြစ်ပုံရချေ၏။ ကျွမ်းရှောင်ယွင် အပေါ် မလုပ်ရှားဝံ့သော်လည်း သူတို့ကိုမူ ချွင်းချက်ရှိနိုင်သည်။

ယင်းသည် အဆုံးမဲ့ဒုက္ခများကို ခေါ်ဆောင်လာနိုင်ပေမည်။ ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ သခင်သည် ဒုက္ခကိုမကြိုက်ခြင်းသာ ဖြစ်ချေသည်။

သူတို့မသိလိုက်သည်မှာ ရွှမ်ဟွမ်ကြယ်စုမှ ဧကရာဇ်များဖမ်းဆီးရန် မစ်ရှင်ထုတ်ခဲ့သူများမှာ ကြယ်မြစ်ဂိုဏ်း၊ ထိုက်ရီဂိုဏ်း၊ နှလုံးသားပြခန်း နှင့် ကောင်းကင်ဘုံကိုးပါး နန်းတော်မှ ဖြစ်၏။

ညအချိန်သို့ ရောက်သောအခါ စုရီသည် မုချန်းယွမ်အတွက် ကျောက်စိမ်းပြားတစ်ချပ်ကို ပေးအပ်လိုက်သည်။ မုချန်းယွမ်မှ အနည်းငယ် ဖတ်ရှုပြီးနောက် တစ်ကိုယ်လုံး တုန်ရီလာကာ အလွန်အမင်း စိတ်လှုပ်ရှားသွားတော့၏။

ကျောက်စိမ်းပြားအတွင်း သူ၏ ကျင့်စဉ်မှုလမ်းကြောင်းရှိ အားနည်းချက်များ၊ အမှားအယွင်းများနှင့် ရှေ့ဆက်ပြင်ဆင်ရမည့် နည်းလမ်းများကို အသေးစိတ်ရှင်းပြထားချေပြီ။

ယင်းသည် ထုံရှောက်အဆင့် ပြီးပြည့်စုံခြင်းဆီသို့ တက်လှမ်းနိုင်ရန်အတွက် လုံလောက်သော အသိပညာများပေပင်။

“ ဒီအဖိုးကြီး မုချန်းယွမ် ... တကယ့်ကို ကံကောင်းတယ် ... ကျေးဇူးတင်ပါသခင်လေး ကျေးဇူးတင်ပါတယ်။ ”

***

အခန်း ၉၅၂ -

အမှောင်ကြယ်ပင်လယ်ကြီးအတွင်းမှ အပေါင်ဆိုင် ... ။

ကျယ်ပြောလှသော ကြယ်တာရာများ ပြည့်နှက်နေသည့် ဟင်းလင်းပြင်ကြီးထဲတွင် လှေငယ်လေးတစ်စင်းက ပျံသန်းနေ၏။

စုရီက ဦးခေါင်းကို လက်မောင်းပေါ်တင်ပြီး လှေပေါ်လှဲအိပ်ကာ ကြယ်ထောင်ပေါင်းများစွာ ဖြတ်ကျော်လာနေသည်ကို ငေးကြည့်လိက် လုံးဝပြေလျော့နေခဲ့သည်။

“ သခင်လေး ... ။ ”

လမ်းခရီးတွင် လှေငယ်လေးကို မောင်းနှင်နေသောမုချန်းယွမ်က အနည်းငယ်မျှ တွန့်ဆုတ်နေခဲ့ပြီး၊

“ ဒီအဘိုးကြီးက ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ပွဲအနေနဲ့ ဂိုဏ်းကို ခဏပြန်သွားချင်ပါတယ်။ ”

-ဟု တိုးတိုးလေးပြောလိုက်၏။

ထိုစဉ်က သူသည် ထိုက်ရီတာအို ဂိုဏ်းကြီးတွင် အခြားသောအင်အားစုများနှင့် အတူပူးပေါင်းပြီး ရွှမ်းဟွမ်ကြယ်စုကိုတိုက်ရန် တာဝန်ဖြင့်လာခြင်းဖြစ်၏။

သို့သော် နောက်ဆုံးတွင် မစ်ရှင်ပျက်ပြီး သူတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ် ခဲ့သည်။ ယင်းအတွက် ထိုက်ရီတာအိုဂိုဏ်းသည် သူ့ကိုသစ္စာဖောက်အဖြစ် ယူဆ၍မရချေ။

သူသည် ထိုက်ရီ‌တာအိုဂိုဏ်းကြီးမှ မဟုတ်ခဲ့ဘဲ ထိုမစ်ရှင်အတွက် ခေါ်ယူထားသော လက်အောက်ခံ အင်အားစုငယ်လေးမှသာ ဖြစ်လေသည်။

အရေးအကြီးဆုံးမှာ သူသည် လောကသခင်ထံပါးသို့ အညံ့ခံခဲ့ခြင်းဖြစ်ချေ၏။ ထို့ကြောင့် သူသည် အပြစ်သားထက် အလွန် ကံကောင်းသူအဖြစ်သာ ရှုမြင်နိုင်မည်။

ယခုကဲ့သို့ မဟူရာအိပ်မက်ဆိုး လေခါးပတ်ကိုဖြတ်ကျော်လာစဉ် သူ့မျိုးရိုးနှင့် မိတ်ဆွေများအပေါ် ပြန်သတိရလာ၏။ ယင်းကြောင့် ခဏပြန်ကာ နှုတ်ဆက်ပြီး စုရီနောက်လိုက်ရန် အသိပေးလိုသည်။

“ ကောင်းပြီ၊ ငါမင်းနဲ့အတူလိုက်ခဲ့မယ်။ ”

စုရီက ခဏမျှစဉ်းစားပြီးပြောလိုက်၏။ သူတို့သည် ရွှမ်ဟွမ်ကြယ်တာရာနယ်မြေကနေ ထွက်ခွာလာသည်မှာ နှစ်လသာရှိသောကြောင့် ကောင်းကင်ကိုးပါးနန်းတော်သို့ သွားရန် အချိန်အလုံအလောက် ရှိနေသေးသည်။

သည့်ပြင် ကောင်းကင်ကိုးပါးနန်းတော်သို့ သွားရာခရီးတွင် ထိုက်ရီတာအိုဂိုဏ်းတည်ရှိရာ ကြယ်တစ်ထောင်ရေဝဲကြယ်နယ်မြေကို ဖြတ်သန်းရမည် ဖြစ်သည်။

ထိုက်ရီတာအိုဂိုဏ်းသည် သူ့ကိုသတ်ရန် အခြားသောအင်အားစုများဖြင့် ပူးပေါင်းကြောင်း မမေ့သေးချေ။ ထိုဂိုဏ်း၌ ထာဝရဝိညာဉ်သခင် ဟူသော အမည်ဖြင့် အားချိုင်ဆိုသည့် လိပ်ပြာမလေးလည်းရှိ၏။

တစ္ဆေခေါင်းတလားထမ်း သရဲအိုကြီးကို သတ်ရန်ကြိုးစားခဲ့သော ချင်းရှောင်ဟုခေါ်သည့် မြားသမားတစ်ယောက်ကိုလည်း တွေ့ချင်သေးသည်။

“ သခင်လေး ... မင်း ဒီအဖိုးကြီးနဲ့ အတူလိုက်ချင်တာလား။ ”

မုချန်းယွမ်က မယုံကြည်နိုင်ဟန်ဖြင့် အံ့အားသင့်ပျော်ရွှင်သွား၏။ စုရီမှ ပြုံးရယ်ပြီး၊

“ ဒါကို အလည်အပတ်ခရီးစဉ်လို့ပဲ မှတ်ယူလိုက်ပါ လမ်းမှာထိုက်ရီတာအိုဂိုဏ်းကို ငါဝင်ကြည့်ချင်သေးတယ်။ ”

-ဟု ပြန်ဖြေလိုက်သည်။

သူ့စကားသည် သာမန်ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း မုချန်းယွမ်နှလုံးသားအပေါ် တဆက်ဆက်ခုန်သွားစေ၏။ ထိုက်ရီတာအို ဂိုဏ်းအတွက် မုန်တိုင်းလာနေပုံပေပင်။

လဝက်အကြာတွင် မဟူရာ ကြယ်ပင်လယ်ဟုခေါ်သော ကြယ်တာရာများ ပြည့်နှက်နေသည့်ဒေသကို ဖြတ်သန်းနေစဉ် စုရီမှ ရုတ်တရက်ထရပ်လိုက်သည်။

တစ်ဆက်တည်းမှာပင် အကြည့်များသည် မဟူရာကြယ်ပင်လယ်၏ ဦးတည်ရာတစ်ရပ်ထံ စိုက်ကြည့်နေ၏။ထိုအရပ်တွင် တိုးညှင်းသော ခေါင်းလောင်းသံတစ်သံ ပျံ့လွင့်နေသည်။

ထိုခေါင်းလောင်းသံကို သူ အလွန် ရင်းနှီးချေ၏။ သည်ဘဝတွင် မှားယွင်းနိုင်မည် မဟုတ်ချေ။ ကောင်းကင်ဘုံအပေါင်ဆိုင်မှ လာသည့် နှလုံးသားခေါ်သံဖြစ်၏။

ယင်းသည် ဝေးကွာလွန်းသဖြင့် အသံမကြားရ သလောက်ပေပင်။ ယင်းကြောင့် ချက်ချင်း မျက်မှောင်ကြုတ်လျက်၊

“ အဲဒီအပေါင်ဆိုင်က ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။ ”

-ဟု ရေရွတ်လိုက်မိ၏။

“ သခင်လေး၊ တစ်ခုခုသတိထားမိတာလား။ ”

မုချန်းယွမ်က စုရီ၏ အပြုအမူကြောင့် မေးမြန်းလိုက်သည်။ မျက်ဝန်းများအနည်းငယ် မှေးစင်းလျက် စုရီ ဦးတည်ရာအရပ်ထံ စိုက်ကြည့်ခဲ့၏။

အမှောင်ကြယ်ပင်လယ်သည် ကြယ်တွေပြည့်နှက်နေသော ကောင်းကင်ကြီး၌ နာမည်ဆိုးဖြင့်ကျော်ကြားပြီး ရှုပ်ထွေးလှသည့် ကြယ်သေကြီးတစ်လုံးပေပင်။

နတ်ဆိုးဝိညာဉ်များ လွတ်လပ်စွာ လှည့်လည်သွားလာနေကြပြီး ဝရုန်းသုန်းကား နယ်မြေကြီးလည်းဖြစ်၏။ ထို့ကြောင့် သက်ရှိ ငရဲဘုံတစ်ခုအလားပေပင်။

သာမန်အ်ငအားစုများမဆိုနှင့် ထိပ်တန်းအင်အားစုမှ အစွမ်းထက်လွန်းသော ပုဂ္ဂိုလ်ကြီးများပင် အလွယ်တကူ မဝင်ဝံ့ချေ။

သူ့နားလည်မှုအရ အတိတ်ကာလ တစ်လျှောက်လုံး နယ်ပယ်ဘုရင်ပေါင်းများစွာ ထိုကြယ်သေကြီးပေါ်၌ သေဆုံးသွားရ၏။

“ အဲဒီဘက်ကို သွားပါ။”

စုရီက ရှင်းပြခြင်းမပြုတော့ဘဲ ခေါင်းလောင်းသံမြည်နေသော အရပ်ထံသို့ ချက်ချင်းလက်ညှိုးထိုးပြခဲ့သည်။

ထိုအရပ်သည် ကြယ်သေကြီး၏ ဗဟိုဒေသကြီးဖြစ်ကာ အနက်ရောင်မြူထုကြီး ဖုံးလွှမ်းနေ၏။ ၎င်းပတ်ပတ်လည်တွင် မီးခိုးရောင်မြူများရစ်သိုင်းလျက် လေးလံသော ခံစားချက်များ ပေးစွမ်းချေပြီ။

လမ်းတလျှောက်တွင် မီခိုးရောင်မြူများ အတွင်းမှ မျက်လုံးငယ်များအလား တဖျတ်ဖျတ် လင်းလက်နေသည့် ကမ္ဘာငယ်အချို့ကို မြင်နိုင်ချေ၏။

လှေငယ်လေးသည် မြူထုကြီးကို ဖြတ်ပျံသန်းလာနေစဉ် စုရီသည်လှေဦးထိပ်တွင် မတ်တရပ်ကာ လက်နှစ်ဖက်နောက်ပို့လျက် ရှေ့တူရှုသို့ငေးကြည့်နေခဲ့သည်။

လောကသခင်ဘဝတွင် အမှောင်ကြယ်ပင်လယ်သို့ ရောက်ဖူးခဲ့သည်။ ယင်းသည် ရတနာရှာရန်မဟုတ်ဘဲ ကြယ်သေ အတွင်းရှိ ပုံရိပ်ယောင်နတ်ဘုရားနိုင်ငံတော် ဝင်ပေါက်ကို ရှာတွေ့ခဲ့ခြင်းဖြစ်၏။

သို့သော် ကံမကောင်းစွာဖြင့် ထိုဝင်ပေါက်အပေါ် အချိန်၊အာကာသ တားမြစ် လှိုင်းများဖြင့် ပိတ်ဆို့ထားသောကြောင့် ခြေချခွင့်မရခဲ့ချေ။

“ မိတ်ဆွေတို့ ... မင်္ဂလာပါ။ ”

ရုတ်တရက် မြူထုထဲမှ အဖြူရောင် ဝတ်ရုံဖြင့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။ အဖိုအိုကပြုံးလျက် နှုတ်ဆက်လာပြီး၊

“ ဒီဧရိယာတဝိုက်က ... ငါ့သခင်ရဲ့အုပ်စိုးတဲ့နယ်မြေဖြစ်ပါတယ် ဒီကနေ ဖြတ်သွားမယ်ဆိုရင် ... ။ ”

“ မင်း ... ဖြတ်သန်းခလိုချင်တာလား။ ”

စုရီက အဖိုးအိုစကားကို မစောင့်ဘဲ ဖြတ်မေးလိုက်သည်။ အဘိုးအိုမှ သဘောကျ သွားဟန်ဖြင့်၊

“ မိတ်ဆွေက အရမ်းထက်မြက်ပါတယ် ... ငါ့သခင်က တရားမျှတမှုကို အလေးထားတဲ့သူပါ မင်းတို့မှာပါတဲ့ ရတနာထက်ဝက်လောက်ကို ပေးရင်ရပါပြီ။ ”

- ဟု ဖြည့်စွက်လိုက်၏။

“ မပေးရင်ရော ... ။ ”

မုချန်းယွင်မှ အေးစက်သော အသွင့်ဖြင့်မေးလိုက်ရာ အဘိုးအို၏အပြုံးများ ချက်ချင်းပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာပင် သတ်ဖြတ်လိုသော အငွေ့အသက်များနှင့်အတူ နတ်ဆိုးကျင့်ကြံသူ ရာဂဏန်းခန့် ပေါ်လာတော့သည်။

“ မိတ်ဆွေ ... မင်းကအသက်ကြီးပြီး တကယ်မိုက်မဲတာပဲ ဒီနေ့ကုသိုလ်အလှူကို ငြင်းဆန်ချင်နေတာလား။ ”

ထိုစကားကြောင့် စုရီမှ ပြုံးလိုက်၏။

“ မှန်တယ် ... ဒီနေ့ ငါ့အတွက် ခံစားချက်မကောင်းဘူး ကုသိုလ်လေးတွေ နည်းနည်းလောက်လုပ်ရအောင်။ ”

စကားဆုံးသည်နှင့် အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်းတစ်လက် လွင့်ဝဲသွားတော့၏။

“ မင်း ... ။ ”

အဖိုးအိုမှတုန့်ပြန်ရန် ပြင်လိုက်စဉ် ဗုဒ္ဓမီးလျှံကြာပန်းတစ်ပွင့် သူ့အပေါ်ပြုတ်ကျ လာတော့၏။

“ ဝူး ... ။ ”

နာကျင်စွာအော်ဟစ်လျက် ပေ(၁၀ဝ)ကျော်ခန့် ဧရာမဝက်မိစ္ဆာကြီးအဖြစ် ပြောင်းလဲကာ ငြိမ်းသက်ရန် ကြိုးစားခဲ့သည်။

သို့သော် ဝက်မိစ္ဆာမှာ မီးတောက်အတွင်း လူးလွန့်လျက် ပြာအဖြစ်သို့ ပြောင်းလဲသုတ်သင် ခံလိုက်ရတော့၏။

ကျန်ရှိနေသည့် မိစ္ဆာများမှာ ကြောက်လန့်တကြား ချက်ချင်းထွက်ပြေးကုန် ကြတော့သည်။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ထိုစဉ် နောက်ထပ် ဓားရောင်တစ်ချက် လင်းလက်သွားကာ ရာဂဏန်းမျှနတ်ဆိုးများမှာ မျက်စိတမှိတ်အတွင်း ပြာဖြစ်ကုန်၏။

“ ဟမ့် ... ငါ့ရဲ့သံတမန်ကို ဘဘ်သူသတ်ဝံ့တာလဲ။ ”

ထိုစဉ် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး ပေတစ်ထောင်မြင့်မားလှသော အရိုးတောင်ကြီးတစ်လုံး လွင့်မျောလာသည်။

တောင်ထိပ်ပေါ်တွင် ကြွက်သား အပြိုင်းပြိုင်းနှင့် အမျိုးသားတစ်ဦးလိုက်ပါနေပြီး လည်ပင်းတွင် အရိုးခေါင်းများကို လည်ဆွဲအဖြစ် အလှဆင်ထားလေသည်။

သူ့ထံမှ သတ်ဖြတ်ခြင်း ရောင်ဝါများ ပေါက်ကြားနေ၏။ မုချန်းယွမ်တစ်ယောက် အံ့အားသင့် သွားလေသည်။

ဤသည်မှာ ထုံရှောက်နှောင်းပိုင်းအဆင့် မိစ္ဆာသားရဲကြီးတစ်ကောင်ဖြစ်သည်။ တိတိပပ ဆိုရပါမူ အပြာရောင်ငှက်မိစ္ဆာပေပင်။

ကြယ်လွင်ပြင်ဒေသတွင် ထိုငှက်၏ အမြန်နှုန်းသည် ပထမတန်းစားဖြစ်ကာ ဖမ်းဆီရခက်ခဲချေ၏။

“ အတော်ပဲ သူ့ကိုစီးသွားရင် ငါတို့ပိုမြန်လိမ့်မယ်။ ”

“ ဝှစ် ... ။ ”

အပြာရောင်ငှက်မိစ္ဆာကို မြင်ချိန်၌ မစောင့်နိုင်တော့ဘဲ စုရီတစ်ယောက် ချက်ချင်း လေထဲပျံတက်သွားတော့သည်။

“ ဟမ့် ... သေချင်နေတာလား ... ။ ”

ငှက်မိစ္ဆာက ဒေါသတကြီးဖြင့် အရိုးတောင်ကြီးကိုမြောက်ကာ ရိုက်ချလိုက်၏။

“ ဝူး ... ။ ”

သို့သော် ချက်ချင်းပင် တစ်ခုခု မှားနေကြောင်းခံစားမိကာ တိုက်ခိုက်မှုကို ရုတ်သိမ်းလျက် လှည့်ပြေးတော့သည်။

“ ဖြောင်း ... ။ ”

“ အား ... ။ ”

သို့သော် ရွှေရောင်တောက်ပနေသော ဓားအလင်းတစ်လက်သည် အရိုးတောင်ကြီးကို ဖြတ်ကာ သူ့မျက်နှာပေါ် ကျရောက်လာ၏။

“ ဖြန်း ... ။”

အမြင်အာရုံထဲ နဂါးငွေ့တန်းကြီး စီးဆင်းသွားသလိုနာကျင်မှုကြောင့် ချာချာလည် နေစဉ် နောက်ထပ် ရိုက်ချက် ကျဆင်းလာ၏။

“မင် ... ။ ”

“ ဖြန်း ... ။ ”

“ ဟမ့် ... သခင် ငါ့ကို ချမ်းသာပေးပါ ငါမင်းအတွက် စီးတော်ယာဉ်အဖြစ် လိုရာကို လိုက်ပို့ပေးနိုင်ပါတယ် ... ။ ”

“ ဖြန်း ... ။ ”

“ ငါ့ဘဝတစ်ဝက် စုဆောင်းထားတဲ့ ရတနာတွေအားလုံးကို ပေးနိုင်ပါတယ် ငါ့ကို ခွင့်လွှတ်ပေးပါ သခင် ... ။ ”

“ ဟမ့် ... ။ ”

သို့မှသာ စုရီက ပါးရိုက်ခြင်းကိုရပ်ပြီး အပြာရောင်ငှက်မိစ္ဆာအဖြစ် ပြောင်းလဲစေကာ ချက်ချင်းစီးနင်းလိုက်တော့၏။ လမ်းခရီးတွင် ငှက်မိစ္ဆာသည် တုန်လှုပ်စွာဖြင့် ရတနာများ ထုတ်ပေးလာသည်။

စုရီက လှည့်မကြည့်သဖြင့် မုချန်းယွမ်မှ လက်ခံထားလိုက်သည်။ အချိန်အနည်းငယ်ကြာ ပျံသန်းနေပြီးနောက် အပြာရောင်ငှက်မိစ္ဆာက တစ်ခုခုကို ခံစားမိလာကာ၊

“ သခင် ... မင်း ဒီမှာ ကောင်းကင်ဘုံအပေါင်ဆိုင်ကို ရှာနေတာလား။ ”

-ဟု မဝံ့မရဲမေးမြန်းလာ၏။ စုရီက အံ့ဩသွားကာ၊

“ မင်းလည်း ... သိနေတာလား။ ”

-ဟု ပြန်လည်မေးမြန်းလိုက်သည်။

“ ဟုတ်ကဲ့ ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က အဲဒီအပေါင်ဆိုင်က ဒီအမှောင်ကြယ်ပင်လယ်ကြီးထဲမှာ ရုတ်တရက် ပေါ်လာတာပါ ...

... နယ်ပယ်ဘုရင်အဆင့်ရှိတဲ့ မိစ္ဆာအဘိုးကြီးတွေ အဲဒီဆိုင်မှာဧည့်သည်အဖြစ် သွားပြီး ... ရတနာတွေအများကြီးကို လှဲလှယ်ခွင့်ရခဲ့ပါတယ် ...

... ဒါပေမဲ့ ဒီငှက်ကလေးလို အရည်အချင်းမပြည့်မီတဲ့ မိစ္ဆာလေးတွေကတော့ ဝင်ခွင့်တောင်မရှိပါဘူး။ ”

အပြာရောင်ငှက်မိစ္ဆာက အံကြိတ်လျက် မကျေမနပ်ဆိုသည်။ စုရီမှ မျက်မှောင်ကြုတ် သွားတော့၏။

အပေါင်ဆိုင်သည် ကံကြမ္မာရှိသူကိုသာ လက်ခံခြင်းဖြစ်သော်လည်း ယခုမူစည်းမျဉ်းများ ပြောင်းလဲနေချေပြီ။ ထူးဆန်းလှ၏။

“ အဲဒီရူးသွပ်နေတဲ့မိန်းမက လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀ဝ)လောက်တည်းက ... ရွှမ်ဟွမ် ကြယ်စုကနေထွက်ပြီး ...

... ကြယ်အရာရှိတွေနဲ့ အရောင်းအဝယ် လုပ်နေတာမဟုတ်လား ဒါဆိုဘာလို့ဒီအရပ်မှာ သူ ပေါ်လာရတာလဲ။ ”

စုရီတစ်ယောက် သိချင်စိတ်များ တဖွားဖွားပေါ် ပေါက်လာတော့၏။ နောက်ပါးမှ လိုက်ပါလာသော မုချန်းယွမ်က အတွေးထဲ နစ်မျောသွားလေသည်။

ဤအပေါင်ဆိုင်အမည်ကို ကြယ်တာရာ လွင်ပြင်ကြီးအတွင်း၌ မကြားဖူးချေ။ သို့သော် သူ့သခင်၏ လေးနက်နေသောအမူအရာကြောင့် ထူးခြားကြောင်း ပြောနိုင်ချေ၏။

***

All Chapters