← Chapters

အခန်း (၉၅၉-၉၆၀)

Vol. 80 Ch. 959-960

အခန်း (၉၅၉-၉၆၀)

Vol. 80 Ch. 959-960

အခန်း ၉၅၉ -

ခြေလှမ်းတိုင်းတွင် ကမ္ဘာသစ်တစ်ခု။

ထိုကျိုးပဲ့နေသောဓားသည် သံချေးများ တက်နေပြီး အမှိုက်ပုံထဲမှ သံတိုသံစတစ်ခုနှင့် တူနေသည်။ သို့သော် ၎င်း၏စွမ်းအားမှာမူ အလွန်တရာပြင်းထန်လှပြီး နယ်ပယ်ဘုရင် တစ်ပါး၏ တိုက်ခိုက်မှုနှင့်ယှဉ်နိုင်၏။

“ ဝုန်း ... ။ ”

စုရီတစ်ယောက် ချက်ချင်း တုန့်ပြန်လိုက်ရသည်။ ပြင်းစွာသောပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး ခြေလှမ်းများစွာ ဆုတ်ခွာ လိုက်ရတော့၏။

“ ဝှစ် ... ။ ”

ဓားကျိုးက ဒုတိယအကြိမ် ဝင်ရောက်လာပြန်သည်။ သစ်နွယ်ဒိုင်းသည် တဆက်ဆက်တုန်ခါပြီး နောက်ထပ်ဓားကျိုး၏ ရိုက်ခတ်လာမှုကို ထပ်မံခံယူလိုက်၏။

“ ဟမ့် ... ။ ”

ပေပေါင်းများစွာ လွင့်စဉ်လျက် စုရီ၏မျက်လုံးများမှာ အေးစက်စူးရှသော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။

“ သွား ... ။ ”

နွယ်ပင်ဒိုင်းကို ဓားတစ်လက်အဖြစ် ပြောင်းလဲကာ စကြာဝဠာအလင်းဥပဒေနှင့် အသုံးပြုကာ ပြန်လည် တိုက်ခိုက်လိုက်၏။ ထို့ကြောင့် ဓားရိပ်မှာ မယုံကြည်နိုင် လောက်အောင် မြန်ဆန်ချေပြီ။

“ ကလန် ... ။”

နားကွဲမတတ် မြည်ဟည်းသံနှင့်အတူ နောက်သို့ပင် ပြန်လည်ဆုတ်ခွာလိုက်ရသည်။ ထိုဓားကျိုးတွင် အင်မော်တယ်ရောင်ဝါများ ပါရှိနေချေ၏။

“ ဝုန်း ... ။ ”

“ ဝုန်း ... ။ ”

ထိုထက်ပို၍ စဉ်းစားရန် အချိန်မရမီ ဓားကျိုးသည် နောက်ထပ် ဆယ်ကြိမ်တိုင်တိုင် တရစပ်ဝင်ရောက်လာတော့သည်။

“ ဝင်စားခြင်းသံသရာ စက်ဝန်း ... အသက်ဝင်။ ”

ထို့ကြောင့် ဝင်စားခြင်းဥပဒေကို ချက်ချင်းထုတ်ဖော်လိုက်ရသည်။ သို့မှသာလျှင် မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခု ပေါ်လာတော့၏။

“ ခရစ် ... ။ ”

“ ဒီလောက်လွယ်တာလား။ ”

ယင်းမှာ ထိုသံချေးတက်နေသော ဓားကျိုးသည် ဝင်စားခြင်းအငွေ့အသက်နှင့် ထိတွေ့ချိန်၌ တုန်လှုပ်ချောက်ချားလျက် ပြာအဖြစ်သို့ ကြေမွသွားခြင်းပေပင်။

“ ဂျိန်း ... ။ ”

“ ဟမ့် ... ။ ”

ချောက်ကမ်းပါးကြီးထဲမှ မိုးခြိမ်းသံများ ထပ်မံထွက်ပေါ်လာပြီး ရတနာဆယ်ခုကျော် လေထဲပျံတက်လာပြန်သည်။

၎င်းတို့မှာ တံဆိပ်တုံးများ၊ ခေါက်ယပ်တောင်များ၊ ကျောက်စိမ်းပုလင်းနှင့် သပိတ်များပါဝင်သည်။

အားလုံးတွင် နယ်ပယ်ဘုရင်ထက် သာလွန်နေသော အရှိန်အဝါများပါရှိနေချေပြီ။ သို့သော်လက်နက်တိုင်း ဟောင်းနွမ်းပျက်စီးပြီး သံချေးများ တက်နေကြ၏။

ရတနာများအားလုံးကို မီလျှံအတွင်းတိုးဝင်လာသော ပိုးဖလံများအလား ဝင်စားခြင်းသံသရာစက်ဝန်းအတွင်း ထိမှန်ကာ ခြေမှုန်းခံလိုက်ရတော့သည်။

“ အတိတ်ဆိုတာ ပြီးဆုံးသွားတဲ့ အချိန်ကာလတစ်ခုပဲ ဒါကအဆုံးသတ်ဥပဒေ စည်းမျဉ်းရှေ့မှာ အလုပ်မဖြစ်ဘူး။ ”

စုရီက နားလည်သွားသည်။ ဤလက်နက်အားလုံးသည် လိပ်အိုကြီးကဲ့သို့ပင် တစ်စုံတစ်ယောက်မှ လျှို့ဝှက်နည်းလမ်းဖြင့် လက်နက်များ၏ဆန္ဒကို ပြန်လည် နှိုးဆွထားခြင်းဖြစ်သည်။

တိုက်ခိုက်မှုများ ရပ်တန့်သွားသည်နှင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဓားကို အရပ်ဆယ်မျက်နှာသို့ ပစ်ခတ်လိုက်၏။

“ ဝှစ် ... ။ ”

“ ခွမ် ... ။ ”

ဝင်စားခြင်းသံသရာဥပဒေ၏ စွမ်းအားများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို မှန်ချပ်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက် သွားစေတော့သည်။

မြင်ကွင်းများထပ်မံ ပြောင်းလဲသွား၏။ လက်ရှိအချိန်၌ ရှေးဟောင်းနန်းတော်ကြီးတစ်ခု ရှေ့တွင် သူ ရောက်နေသည်။ နန်းတော်ကြီးမှာ နတ်ဘုရားများနေထိုင်ရာကဲ့သို့ ထည်ဝါပြီး အင်မော်တယ်မြူများဖြင့် ဖုံးလွှမ်းနေ၏။

ထိုနန်းတော် အလယ်တွင် ယဇ်ပလ္လင်တစ်လုံးရှိနေသည်။ ပတ်ဝန်းကျင်၌ အခြားသောနန်းတော်နှင့် ပလ္လင်(၈)လုံးလည်း ရှိနေ၏။

ဤနေရာမှာ ‘နန်းတော် ကိုးပါးနှင့် ဂြိုဟ်ကြီးကိုးလုံးဟူသည် ဥပဒေနိယာမများဖြင့် တည်ဆောက်ထားသည့် ထူးခြားသော နေရာတစ်ခုပေပင်။

“ ခြေလှမ်းတိုင်းမှာ ကမ္ဘာသစ်တစ်ခုဆီကိုလား ... ။ ”

စုရီက နားလည်လိုက်သည်။ ဝင်စားခြင်း သံသရာကိုအသက်သွင်းကာ လှေကားထစ်များ အပေါ် လျှောက်လှမ်းလာခဲ့၏။

လှေကားထစ်တိုင်းကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ငရဲဘုံတစ်ခု၏မြင်ကွင်းများကို ထွင်းထုထား၏။ ယင်းသည် ခြေဖဝါးအောက်၌ ငရဲဘုံကိုနင်းချေပြီး ကောင်းကင်ဘုံသို့ တက်လှမ်းနေသကဲ့သို့ ခံစားရသည်။

လှေကားထိပ်သို့ ရောက်သောအခါ တံခါးဝတွင်လဲကျနေသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရ၏။ သွေးများစိုရွှဲပြီး ဆံပင်များမှာ ဖရိုဖရဲဖြစ်နေသည်။

ဤသည်မှာ မာနကြီးပြီး ရူးသွပ်နေသော အပေါင်ဆိုင်ပိုင်ရှင်ထိုအရူးမပေပင်။ ဒဏ်ရာများ ပြင်းထန်ကာအားနည်းနေ၏။

စုရီကသက်ပြင်းချလိုက်ကာ သူမအနား လျှေက်လှမ်းသွားပြီး လက်ဓားဖြင့်သူမခေါင်းကို ဖြတ်ချပစ်လိုက်တော့သည်။

အကယ်၍ ပေါင်ဆိုင်ရှင်အဖိုးကြီးသာ မြင်သော် ရူးသွပ်စွာဖြင့် အော်ဟစ်ဟန့်တား ပေလိမ့်မည်။ သို့သော် ကြည့်နေဆဲမှာပင် အမျိုးသမီးခန္ဓာကိုယ်သည် သွေးမထွက်လာဘဲ မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့၏။

မူလနေရာ၌ မီးလောင်နေသော အစီရင်ရွက်တစ်ရွက်သာ ကျန်ရစ်တော့သည်။ တစ်ဆက်တည်းမှာပင် နန်းတော်ထဲမှ အံ့အားသင့်နေသော အသံထွက်လာ၏။

“ ဟမ့် ... မင်းကို မလှည့်စားနိုင်ဘူးလား။ ”

နန်းတော် အလယ်ရှိ ပလ္လင်ပေါ်တွင် အနီရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသား တစ်ဦး ထိုင်နေခဲ့သည်။

ဦးခေါင်းတွင် ကြာပန်းသရဖူ ဆောင်းထားကာ ခန့်ညားသောလူငယ်တစ်ဦး နှင့်တူသော်လည်း မျက်ဝန်းများမှာမူ နှစ်ပေါင်း ကုဋေကုဋာ အတွေ့အကြုံများဖြင့် ပြည့်နှက်နေ၏။

“ မင်းက အဲ့ဒီအရူးမရဲ့ ပုံစံကိုတော့ တုပနိုင်ပါတယ် ဒါပေမဲ့ သူမရဲ့အငွေ့အသက် ပါမလာဘူး။ ”

လူတစ်ယောက်၏ အရေပြားကိုခြုံဖို့ လွယ်ပေမယ့်နှလုံးသားကိုဆွဲဖို့ ခက်တယ်ဆိုတာ အခုယုံပြီလား ... ။ ”

စုရီက ကျောက်စိမ်းဆွဲသီးကို ကိုင်ပြပြီး ၊

“ ပြီးတော့ ငါ့ဆီမှာ သူမရဲ့ အသက်ဝိညာဉ်ဆွဲသီးရှိတယ် ဒီဆွဲသီးကနေ ဘာတုံ့ပြန်မှုမှ မပြဘူး။ ”

“ ဟားဟားဟား ... ဒါဆို ငါ့ရဲ့အစွမ်းအစညံ့ဖျင်းတာကို ပြမိသွားပြီ ထင်တယ် ... ။ ”

အနီရောင်ဝတ်စုံနှင့် လူက ရယ်မောကာ ပြောလိုက်သည်။ ပလ္လင်ပေါ်မှ ထရပ်လိုက်သော အခါ မမြင်နိုင်သည့်အရှိန်အဝါတစ်ခု နန်းတော် တစ်ခုလုံးကို လွှမ်းမိုးသွား၏။ သူ့အကြည့်မှာ တည်ငြိမ်ပြီး နက်ရှိုင်းလှလေသည်။

“ မင်းက ဦးချိုနဂါးမိစ္ဆာကို သတ်ခဲ့တဲ့သူ ဖြစ်ရမယ်။ ”

စုရီက ခေါင်းညိတ်သည်။

“ ဟုတ်တယ် ... ငါ့အပြင်အခြားလူ ဒီမှာရှိလား။ ”

“ မင်းလိုလူလက်ထဲမှာ သူ သေရတာ သူ့အတွက်ဂုဏ်ရှိပါတယ် ... ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဆိုတာ အမြဲဒွန်တွဲနေတာပဲ မင်း ဒီကိုရောက်လာတာက ငါ့အတွက်တော့ ...

... ကောင်းကင်ဘုံက ပေးတဲ့ ကံကောင်းခြင်းပဲ လာပါဦး ငါတို့အထဲမှာထိုင်ပြီး စကားပြောရအောင်။ ”

အမျိုးသားက ဖိတ်ခေါ်လိုက်သည်။

“ အပေါင်ဆိုင်ပိုင်ရှင် ဘယ်မှာလဲ။ ”

သို့သော် စုရီမှ လျစ်လျူရှုပြီး မေးမြန်း၏။

“ ဘာတွေအလျင်လိုနေတာလဲ မကြာခင် မင်းသိရမှာပါ။”

“ ဝှစ် ... ။ ”

စကားဆုံးသည်နှင့် အမျိုးသားမှ လက်ဝှေ့ရမ်းလိုက်ရာ နန်းတော်အတွင်း၌ မီးအိမ်များလင်းထိန်လာပြီး စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးပေါ်လာခဲ့သည်။ စားပွဲပေါ်တွင် ဝိုင်အိုးနှင့် ဝိုင်ခွက်နှစ်ခွက်အသင့်ရှိနေ၏။

“ ဒါက နည်းနည်းတော့ ရိုးရှင်းတယ် ... အားမနာပါနဲ့ မိတ်ဆွေ ... လာပါ။ ”

***

အခန်း ၉၆၀ -

ရှန့်မူရဲ့ ဘီးတစ်ချောင်း ... ။

နန်းတော်တံခါးဝတွင် ခဏရပ်ကာ စုရီတစ်ယောက် နန်းတော်ထဲလှမ်းဝင်လိုက်၏။ ကြာပန်းသရဖူဆောင်းထားသော အနီရောင် ဝတ်ရုံနှင့် လူက ပြုံးပြလာခဲ့သည်။

“ ထိုင်ပါဦး ... ။ ”

ကြာပန်းသရဖူဆောင်းထားသော အနီရောင်ဝတ်ရုံနှင့် လူက အရင်ဆုံးဝင်ထိုင်၏။ ထို့နောက် ဝိုင်အိုးကိုမကာ နှစ်ခွက်ငှဲ့ပြီး စုရီရှေ့ တွန်းပို့လိုက်တော့သည်။

လန်းဆန်းမွှေးပျံ့သော ဝိုင်ရနံ့သည် လေထုထဲပျံ့လွင့်လာပြီး စိတ်ဝိညာဉ်အပေါ် ကြည်လင်သွားစေ၏။

စုရီက သူ့ကိုဂရုမစိုက်ဘဲ နန်းတော် ဘေးနံရံများရှိပန်းချီကားများထံ ကြည့်ရှုနေ တော့သည်။

“ ဟားဟားဟား ... ။ ”

ဤအပြုအမူသည် ကြာပန်းသရဖူ ဆောင်းထားသော အနီရောင်ဝတ်ရုံနှင့်လူကို အံ့အားသင့်စေသော်လည်း ခဏအကြာတွင် ရယ်မောကာ စုရီအနားသို့ လျှောက်လာ၏။

“ ဒီနန်းတော်ရဲ့ နံရံတွေမှာ အင်မော်တယ်တာအိုရဲ့ လျှို့ဝှက်အမှတ်အသား အမြောက်အမြား ထွင်းထုထားတာ ဒီအရာတွေ အားလုံးက ...

... တိမ်လွှာပျံသန်းခြင်းပုံစံ (၃၆)မျိုးပဲ ဒါပေမဲ့နှမြောစရာကောင်းတာ ပုံစံတွေအားလုံး တော်တော်ပျက်စီးနေပြီး သူတို့ရဲ့သက်ဝင်မှု တွေလည်း ပျောက်ဆုံးနေပြီ။ ”

ကြာပန်းသရဖူဆောင်းထားသော အနီရောင်ဝတ်ရုံနှင့်လူက နံရံများထံကြည့်ကာ ရေရွတ်လိုက်သည်။

“ အခု ... မင်းကြည့်နေတဲ့ပုံစံကို နှစ်ပေါင်းများစွာ ငါလေ့လာကြည့်ရသလောက် ခြေတစ်ချောင်း ကြိုးကြာငှက်ဖြစ်ဖို့များတယ် ... သူ ကောင်းကင်မိုးကြိုးဘေးဒုက္ခတွေကို ခံယူနေတာ ...

... နောက်ဆုံးမှာတော့ အဲဒီအတားအဆီးတွေကို ဖြတ်ကျော်ပြီး အင်မော်တယ်တစ်ပါး ဖြစ်သွားခဲ့တယ်။ ”

နံရံပေါ်တွင် ဝေဝါးပျက်စီးနေသော နတ်ငှက်ပုံတစ်ပုံ တကယ်ရှိနေသည်။ ၎င်းသည် မိုးကြိုးကပ်ဘေးကြား အတောင်ပံဖြန့်ကာ ပျံသန်းနေချေ၏။

၎င်းအထက် ကောင်းကင်ယံတွင် ဝေဝါးသောလမ်းတစ်ခုနှင့် ထူးဆန်းသော တံခါးတစ်ချပ် ရှိနေသည်။ စုရီက ထိုပုံကို ခေတ္တမျှကြည့်ပြီး ဒုတိယပုံသို့ ကူးပြောင်း ကြည့်ရှုလိုက်၏။

“ ဒီပုံမှာတော့ တာအိုကျင့်ကြံသူ တစ်ယောက်ကို သရုပ်ဖော်ထားတာပဲ သူက မိုးကြိုးဘေးဒုက္ခတွေကြားမှာ ရပ်နေပြီး နေ၊ လ၊ ကြယ်တွေရဲ့ အထက်မှာ ရှိနေတယ် ...

... သူ့ရဲ့ ဇာတိဓမ္မပုံရိပ်က နတ်ဘုရားတစ်ပါးလို သူ့နောက်မှာ ကာကွယ် ပေးနေတတယ် ဒါကိုကြည့်ရင် သူဟာလည်း အင်မော်တယ်နယ်ပယ်ကို ထိတွေ့နေပြီ ...

... တကယ်တော့ ဒီ(၃၆)ပုံစံလုံးမှာ တူညီချက်တွေ ရှိတယ် အားလုံးမှာ မိုးကြိုးဒုက္ခ၊ နတ်သက်တံနဲ့ ကောင်းကင်လမ်းအတားအဆီ ပါဝင်တယ် ...

... ဒါပေမယ့် သူတို့အားလုံး သက်သေပြနေတာက အင်မော်တယ်အဖြစ် အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့တယ် ဆိုတာပဲ ... ရှုံးနိမ့်တဲ့သူတွေကတော့ ဒီနံရံမှာ ပုံထွင်းခံရဖို့ အရည်အချင်းမရှိဘူး။ ”

တစ်ဖက်လူသည် လမ်းညွှန်တစ်ယောက်ကဲ့သို့ အဆက်မပြတ် ရှင်းပြနေသည်။ စုရီကမူ စကားမဆိုဘဲ ပုံများကို တိတ်ဆိတ်စွာ စစ်ဆေးနေ၏။

ဤအနီရောင်ဝတ်ရုံနှင့်လူ၏ ခွဲခြမ်းစိတ်ဖြာမှုများမှာ ယုတ္တိရှိသည်။ သို့သော် အရာခပ်သိမ်း မမှန်ကန်ချေ။

ပုံများမှာ အလွန်ဟောင်းနွမ်းပျက်စီး နေသဖြင့် ဤပုဂ္ဂိုလ်(၃၆)ဦးစလုံးက တကယ် အင်မော်တယ်ဖြစ်သွားသည်ဟု မည်သူမျှ အာမမခံနိုင်ချေ။

နန်းတော်အတွင်း တစ်ပတ် ပတ်ကြည့်ပြီးနောက်၊

“ အခုတော့သေချာပြီ ဒီနေရာက အင်မော်တယ်တွေ ချန်ထားခဲ့တာ မဟုတ်ဘူး ဒါက ရှေးဟောင်း ဂိုဏ်းတစ်ခုရဲ့ ပျက်စီးနေတဲ့ အကြွင်းအကျန်တွေပဲ။”

-ဟု မှတ်ချက်ချလိုက်၏။ အနီရောင်ဝတ်ရုံနှင့်လူက သူ့စကားအပေါ် စိတ်ဝင်စားသွားသည်။

“ ဘာလို့ အဲ့ဒီလိုပြောတာလဲ ... မင်းက ကျောက်စိမ်းပင်လယ်နဲ့ လိပ်အိုကြီးကိုလည်း တွေ့ခဲ့တာပဲ ဒါတွေက တကယ်ရှိခဲ့တာပါ။ ”

“ သမိုင်းတစ်လျှောက် နတ်ဘုရားတွေ၊ အင်မော်တယ်တွေလို့ ကြွေးကြော်နေခဲ့ကြတဲ့ အဖွဲ့အစည်းတွေ မနည်းမနော ရှိပါတယ် ...

... ဒီပုံတွေကို ကြည့်ပါဦး ... တကယ်လို့သာသူတို့ဟာ အင်မော်တယ်တွေရဲ့ မျိုးရိုးဆိုရင် ဘာလို့အင်မော်တယ်ဖြစ်ရတဲ့ မှတ်တမ်းတွေကိုထားခဲ့မှာလဲ မင်းပိုင်ဆိုင်တာ တခြားလူကို ပြဖို့လိုလို့လား။ ”

ထိုစကားကြောင့် အနီရောင်ဝတ်ရုံနှင့် လူသည် ခဏစဉ်းစားပြီး၊

“ ဒါက နောက်မျိုးဆက်သစ်တွေ အင်မော်တယ်ဖြစ်အောင် လမ်းညွှန်ချက်အဖြစ် ထားခဲ့တာလို့ရော မယူဆဘူးလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါဆို နတ်ဘုရားနိုင်ငံတော်ဆိုတာ တကယ့်နတ်ဘုရားတွေရဲ့ နိုင်ငံတော်ကြီးလို့ မင်းယုံကြည်နေတာလား။ ”

“ ဒီအယူအဆက အရေးမကြီးပါဘူး အရေးကြီးတာက အင်မော်တယ်နယ်ပယ်က တကယ်ရှိနေတယ်ဆိုတာပဲ မဟုတ်လား။ ”

“ မင်းက ကိုယ့်ကိုယ်ကိုယ် အင်မော်တယ်မျိုးနွယ်ဝင်လို့ ပြောတယ် မင်းရဲ့ သွေးထဲမှာ သူတို့သွေးပါပြီး လျှို့ဝှက်ပညာရပ် တွေလည်းတတ်တယ်ဆို ... ငါ့ကို တစ်ချက်လောက် ပြပါလား။ ”

“ ဟား ဟား ဟား ... ။ ”

စုရီစကားကြောင့် အနီရောင်ဝတ်ရုံနှင့် လူသည် သဘောကျစွာ ရယ်မောလိုက်သည်။

“ အလျင်မလိုနဲ့ ... ငါတို့ စကားပြောပြီးရင်လည်း တိုက်ခိုက်ဖို့အတွက် အချိန်ရှိပါသေးတယ်။ ”

“ ဆိုပါဦး မင်းဘာပြောချင်တာလဲ။ ”

စုရီက လက်နှစ်ဖက်နောက်ပို့ကာ မေးမြန်းလိုက်သည်။ အနီရောင်ဝတ်ရုံနှင့်လူက ခဏမျှတိတ်ဆိတ်သွားပြီးနောက် စုရီကို သေသေချာချာ စိုက်ကြည့်ကာ၊

“ မင်းကို ရင်းနှီးနေတဲ့ ခံစားချက်တစ်ခု ငါရနေတယ် တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ ထင်နေတာ အခုတော့ ငါမှတ်မိပြီ ကံကြမ္မာက တကယ့်ကို ထူးဆန်းတာပဲ။”

“ ရှင်းပြပါဦး။ ”

ချက်ချင်းပင် တစ်ဖက်လူ၏ မျက်ဝန်းများ၌အတိတ်ကို ပြန်အောက်မေ့ဟန် အငွေ့အသက်များပေါ်လာသည်။

“ ဒီနန်းတော်ထဲမှာပါပဲ ... ဒီလို မီးအလင်းရောင်အောက်မှာ ... မင်းနဲ့တူတဲ့ လူတစ်ယောက်ဟာ အင်မော်တယ်နယ်ပယ်ကို ရှာဖွေဖို့ ရောက်လာခဲ့ဖူးတယ်။”

“ ဝိုး ... ငါနဲ့တော်‌တော်တူလား။ ”

စုရီက မျက်ခုံးပင့်လိုက်သည်။

“ ဟုတ်တယ် ... တစ်ယောက်တည်းနီပါးပဲ။ ”

“ ဟားဟားဟား ... ဒါဆို ငါတို့ အမွှာတွေများလား။ ”

သို့သော် ထိုလူက ခေါင်းခါလိုက်သည်။

“ မဟုတ်ဘူး ... ရုပ်သွင်၊ ကျင့်ကြံမှုနဲ့ အကျင့်စရိုက်တွေကတော့ မတူဘူး ... ဒါပေမဲ့ မင်းတို့ဆီကရတဲ့ ‘ခံစားချက်’ကတော့တတူတူပဲ တစ်ယောက်တည်းလိုပဲ။ ”

ဤတစ်ကြိမ်တွင် စုရီသည် မျက်မှောင်ကြုတ်လိုက်ပြီး၊

“ သူ့နာမည်က ဘယ်သူလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ရှန့်မူ ... ။ ”

စုရီခမျာ မျက်ဝန်းများ မှေးစင်းလျက် စိတ်ဝိညာဉ်အတွင်း လှိုင်းထန်သွားရလေသည်။ ဤနာမည်ကို အခြားသူတစ်ဦးတစ်ယောက်ထံမှ ပထမဆုံးကြားဖူးခြင်းဖြစ်၏။ ရှန့်မူဘဝက အရပ်လောကသို့ ရောက်ခဲ့ပုံပေပင်။

“ မင်း တစ်ခုခု မှတ်မိသွားပြီလား။ ”

အနီရောင်ဝတ်ရုံနှင့်လူက စူးစမ်းလာ၏။ စုရီမှ ခဏမျှတိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြကာ၊

“ ငါ့ကို ရှန့်မူလို့ပဲ သတ်မှတ်လိုက်ပါ။ ”

-ဟု ပြန်ဖြေလိုက်သည်။ ဤစကားကြောင့် ထိုလူက မှင်သပ်သွားကာ၊

“ မင်းက ရှန့်မူ မဟုတ်တာတော့ သေချာတယ် ဒါပေမဲ့ မင်းတို့နှစ်ယောက်ကြား တစ်ခုခု ပတ်သက်နေတယ်ဆိုတာတော့ ငါခံစားမိတယ် ...

... ရှန့်မူအကြောင်းပြောလို့ တိုက်ဆိုင်တာ တစ်ခုရှိသေးတယ် မင်းပြောတဲ့ ပေါင်ဆိုင်ပိုင်ရှင် အမျိုးသမီးက ရှန့်မူထားခဲ့တဲ့ ရတနာတစ်ပါး ပြန်လာယူတာလို့ ပြောတယ်။ ”

-ဟု ပြုံးစစဖြင့် ပြောလာသည်။

စုရီက မျက်ခုံးပင့်လိုက်၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုအရူးမသည် ရှန့်မူကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းပင်လော။ သူ ထင်မှတ်မထားသော အချက်ပေပင်။

ထိုအရူးမသည်သာ ရှန့်မူအမည်အပေါ် သိနေသည်ဆိုပါက သူ့ကိုရှန့်မူဝင်စားသူအဖြစ် သံသယရှိ၍ စောင့်ကြည့်နေခဲ့ခြင်းလည်း ဖြစ်နိုင်ချေမည်။

ရှေးယခင်က သူမ၏ပေါင်ဆိုင်ကို မီးရှို့ခဲ့ဖူးသော်လည်း ဒေါသထွက်ရုံသာထွက်ပြီး သူ့ကိုမသတ်ခဲ့ခြင်းမှာ ယင်းကြောင့်ဖြစ်နိုင်၏။

“ ရှန့်မူက ဒီမှာ ဘာရတနာ ထားခဲ့တာလဲ။”

စုရီမှ မေးလိုက်သည်။ အနီရောင် ဝတ်ရုံနှင့်လူက စားပွဲဝိုင်းအတွင်းသို့ ပြန်လည် လျှောက်လှမ်းသွားပြီး ဝိုင်တစ်ခွက်ငှဲ့ကာ၊

“ အဲ့ဒါက တကယ်တော့ ရတနာမဟုတ်ပါဘူး အမျိုးသမီးတစ်ယောက် သုံးတဲ့ ဘီးတစ်ချောင်းပါ။ ”

-ဟု ပြန်လည်ဖြေကြားလိုက်၏။ စုရီမှ မှင်သပ်သွားသည်။

“ ရှန့်မူက အင်မော်တယ်လမ်းကို ရှာဖွေဖို့လာတာလေ ... ဘာလို့ ဘီးတစ်ချောင်း ထားခဲ့ရတာလဲ။ ”

ထိုလူမှ ခေါင်းခါလျက်၊

“ ငါလည်း မသိဘူး ငါသူ့ကိုမေးဖူးပေမဲ့ သူပြန်မဖြေခဲ့ဘူး အခုတော့ပြန်စဉ်းစားကြည့်ရင် အဲ့ဒီဘီးက ရှန့်မူအတွက် တကယ်ကို အဓိပ္ပာယ်ရှိတဲ့ အရာဖြစ်လိမ့်မယ်။ ”

“ အဲ့ဒါ အခု ဘယ်မှာလဲ။ ”

“ ဟားဟားဟား ... ။ ”

အနီရောင်ဝတ်ရုံနှင့်လူက ရယ်မောလိုက်ပြီးနောက်၊

“ မင်းက ရှန့်မူကိစ္စကို ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ ငါထင်သလိုပဲ မင်းတို့ကြားမှာ ထူးခြားတဲ့ ပတ်သက်မှု ရှိနေတာလား။ ”

-ဟု မေးမြန်းလိုက်သည်။ စုရီမှ ပြန်မဖြေမီ ထိုလူက၊

“ ရှန့်မူက အဲ့ဒီထူးဆန်းတဲ့ အပေါင်ဆိုင်ပိုင်ရှင်ကို ဒီဆွဲခေါ်လာခဲ့တယ် အခု မင်းကိုလည်း ဆွဲခေါ်လာပြန်ပြီ ... ရှန့်မူရဲ့ နောက်ခံက မရိုးရှင်းဘူးပဲ။”

-ဟု ရေရွတ်တော့၏။ ထို့နောက် ရုတ်တရက်ထရပ်လိုက်ကာ၊

“ မင်းရဲ့စိတ်ထဲမှာ မေးခွန်းတွေ ... အများကြီးရှိနေမယ်ဆိုတာ ငါသိပါတယ် မင်းက ငါ့ကိုအကူအညီတစ်ခု ပေးမယ်ဆိုရင် ငါသိသမျှ အကုန်ပြောပြမယ်လို့ ကတိပေးတယ်။ ”

“ ဘာအကူအညီလဲ ... ။”

“ ရိုးရှင်းပါတယ် ... နန်းတော်အပြင်ဘက်က ယဇ်ပလ္လင်ကိုးလုံးကို ဖျက်ဆီးပေးဖို့ပဲ။”

စကားပြောနေစဉ် ထိုလူမျက်ဝန်းများ တောက်ပလာပြီး စုရီကိုပြန်စိုက်ကြည့်ကာ၊

“ မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ် ... မင်းကူညီရင် ဒီသံသယတွေကို ငါရှင်းပြပေးမယ့် အပြင် အင်မော်တယ်ပညာရပ်တွေကိုလည်း သင်ကြားပေးမယ် ...

... ငါ ဒီမှာ နှစ်ပေါင်းများစွာ ပိတ်မိနေပေမဲ့ အင်မော်တယ်နယ်ပယ်ရဲ့ လျှို့ဝှက်ချက်တွေကို အတော်များများ ရှာဖွေတွေ့ရှိထားတယ် ...

... ငါ သိသမျှကို ဒီကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ထားတယ် ငါကတော့ ဒီအရာကို အင်မော်တယ်လမ်းညွှန်လို့ခေါ်တယ် ကူညီရင် ဒီအင်မော်တယ်လမ်းညွှန်ကို မင်းပိုင်ပြီ။ ”

စကားဆုံးသည်နှင့် ထိုလူသည် စုရီအဖြေအပေါ် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ တော့၏။ သို့သော် စုရီကမူ စိတ်ဝင်စားဟန် မပြဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

“ ငါသိချင်တာ တစ်ခုပဲ ရှိတယ် ... အပေါင်ဆိုင်ပိုင်ရှင် ဘယ်မှာလဲ။ ”

***

All Chapters