အခန်း (၉၅၅-၉၅၆)
Vol. 80 Ch. 955-956
အခန်း ၉၅၅ -
အသက်တစ်ချောင်း အပ်နှံထားခြင်း။
မီးစာခွက်လေးမှ မှိန်ဖျော့ဖျော့ အလင်းရောင်များသည် ဟိုတစ်စ သည်တစ်စ ကျရောက်နေသည်။
အပေါင်ဆိုင်အတွင်း၌ စုရီသည် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိငြီးငွေ့စွာ လဲလျောင်းနေခဲ့သည်။
ကြယ်ပေသီးက အလိုက်တသိဖြင့် အရက်အိုးကို အပြေးအလွှား ထုတ်ပေးလာ သလို၊ နှလုံးသားခေါင်းလောင်းသည်လည်း မြိန်ယှက်ဖွယ် အမြည်းကို ပြင်ဆင်ပေး၏။
ချိန်ခွင်အတါက် သူ့ချိန်ခွင်ဗန်းပြားကို စားပွဲငယ်လေးသဖွယ် အသုံးတော်ခံကာ စုရီ၏ ဘေးနားတွင် အစားအသောက်နှင့် အရက်တို့ တင်ဆောင်ပေးထားသည်။
ထိုနတ်ဝိညာဉ်များ၏ အားတက်သရော ရှိလှသော အမူအရာကိုကြည့်ပြီး မုချန်းယွမ်ပင် အံ့သြသွားရသည်။ ဤကောင်လေးများသည် သူ့ထက်ပင် ပို၍မျက်နှာချိုသွေးတတ်နေ၏။
ဘေးနားတွင် မတ်မတ်ရပ်နေသော အပေါင်ဆိုင်စာရေးက အခြေအနေအရပ်ရပ်ကို ခပ်တိုးတိုး ရှင်းပြလာသည်။
လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က သူတို့၏သူဌေးသည် အမှောင်ကြယ်ပင်လယ်ထဲ ဝင်ရောက်လာခဲ့သည်။ ဒဏ္ဍာရီလာ ‘နတ်ဘုရား နိုင်ငံတော်’ကို ရှာဖွေပြီး ရတနာတစ်ပါး သွားရောက်ယူဆောင်ရန် ဖြစ်သည်။
ထိုအချိန်မှစကာ သူမ ပြန်မလာနိုင်တော့ချေ။ လွန်ခဲ့သောနှစ်ကသာ ဤနဂါးအိုကြီးသည် စာတစ်စောင်နှင့်အတူ ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုစာထဲတွင် သူတို့သခင်မ၏ ဆန္ဒဝိညာဉ်အပိုင်းတစ်စတစ်ခု ပါရှိနေသည်။ သူမသည် ‘အိမ်မက်စားသူ’ဟု ခေါ်ဝေါ်သူ တစ်ဦးထံ၌ ပိတ်မိနေခဲ့၏။
ထို့ကြောင့် တိုက်ပွဲမပြီးမချင်း ဤရွံစရာနဂါးအိုကြီးသည် အပေါင်ဆိုင်ကို ကူညီ စီမံပေးမည်ဖြစ်ကြောင်းပေပင်။
နဂါးအိုကြီးမှာ အိပ်မက်စားသူ၏ အစေအပါးဖြစ်ပြီး ထိုအချိန်မှစ၍ အပေါင်ဆိုင် စည်းမျဉ်းများကို ဝင်ရောက်စွက်ဖက်လာခြင်း ဖြစ်လေသည်။
“ ဒီနှစ်အတွင်းမှာ အဲ့ဒီအဖိုးကြီးက အဖိုးတန်ရတနာတွေကို မရေမတွက်နိုင်အောင် ဖြုန်းတီးပစ်ခဲ့တယ် သူ လုပ်ခဲ့တာတွေက တကယ်ကို စက်ဆုပ်ဖို့ ကောင်းလွန်းတယ်။ ”
အပေါင်ဆိုင်စာရေးက ကြမ်းပြင်၌ ဒူးထောက်နေသော နဂါးအိုကြီးကို လက်ညှိုး ထိုးပြပြီး နာကျင်စွာပြောလာ၏။
နဂါးအိုကြီးကမူ သူ့စကားများကို ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်စွာနားထောင်နေပြီး ပြန်လည်ငြင်းခုံခြင်းလည်း မပြုခဲ့ချေ။ စုရီက ဝိုင်တစ်ငုံသောက်လိုက်ကာ၊
“ စိတ်မဆိုးနဲ့ ... ခဏနေရင် ငါ မင်းအတွက် ကလဲ့စားချေပေးမယ်။ ”
-ဟု ပြောကြားခဲ့၏။
အပေါင်ဆိုင်စာရေးတစ်ယောက် ဤမျှ ဒေါသထွက်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပေပင်။ သူက အသက်ကို ဝဝရှူလိုက်ပြီး ဒေါသကို ထိန်းချုပ်လိုက်၏။
“ ဒါနဲ့ အဲဒီအိပ်မက်စားသူဆိုတာ... ဘယ်သူလဲမင်းသိလား ဘယ်ကနေလာတာလဲ။ ”
စုရီမှ မေးသည်။ အပေါင်ဆိုင်စာရေးက ခေါင်းရမ်း၏။
“ ငါ့သခင်မရဲ့ စာအရတော့ အိပ်မက်စားသူဟာ နတ်ဘုရားနိုင်ငံတော်ထဲမှာ ပုန်းအောင်းနေတာတဲ့ ... သူက ဒီခေတ်ကလူ မဟုတ်ဘူးတဲ့ ... ။ ”
ထိုအဖြေကြောင့် စုရီခမျာ အံ့အားသင့်သွားရ၏။ နတ်ဘုရား နိုင်ငံတော် ဆိုသည်မှာ အရှေ့ဘက်ကြယ်လွင်ပြင်ကြီး၏ တားမြစ်နယ်မြေ ခုနစ်ခုအနက် တစ်ခုပေပင်။ မည်သူမျှ ထိုနေရာသို့ အောင်မြင်စွာ မဝင်ရောက်နိုင်ခဲ့ဖူးချေ။
ယခုမူ ထိုနေရာတွင် ရှေးခေတ်မှ ကျွမ်းကျင်သူတစ်ဦး ပုန်းအောင်းနေသည်ဟု ဆိုသောကြောင့် စိတ်ဝင်စားလာ၏။
ဒူးထောက်နေသော နဂါးအိုကြီးက ရုတ်တရက် ခေါင်းမော့လာပြီး မျက်လုံးများ၌ ပြင်းပြသော စိတ်အားထက်သန်မှုများ ဝင်ရောက်လာကာ၊
“ မင်းတို့ မှားနေပြီ ... ငါ့သခင်က စစ်မှန်တဲ့အင်မော်တယ်မိသားစုဝင်ပဲ။ ”
-ဟု ဝင့်ကြွားစွာ ပြောကြားလိုက်သည်။ စုရီတစ်ယောက် မျက်ခုံးများ ပင့်တက်သွား၏။
“ ဆက်ပြောပါဦး ... ။ ”
“ ငါ့သခင်ရဲ့ သွေးကြောထဲမှာ အင်မော်တယ်သွေးတွေ စီးဆင်းနေပြီး စစ်မှန်တဲ့ အင်မော်တယ်ပညာရပ်တွေ တတ်မြောက်ထားတယ် ...
... သူသာ နတ်ဘုရားနိုင်ငံတော်ထဲမှာ ပိတ်မိမနေဘူးဆိုရင် သူ့ စွမ်းအားနဲ့ ဒီအရှေ့ပိုင်း ကြယ်ဒိုမိန်းကြီးတစ်ခုလုံးကို အုပ်စိုးနိုင်ပြီ။ ”
မုချန်းယွမ်က ထိုစကားကြောင့် အထင်ကြီးသွားသည်။ အင်မော်တယ်များသည် ကြယ်လွင်ပြင်ကြီးအတွင်းတွင် နတ်ဘုရား အနွယ်ဝင်များအဖြစ် သတင်းကြီး၏။
သို့သော် မည်သူမျှ မမြင်ဖူးချေ။ ထိုသူများအပေါ် ကောလဟာလများအဖြစ်သာ မှတ်ယူထားကြသည်။ ထိုစဉ် စုရီက ပြုံး၏။
“ အင်မော်တယ်တွေလား ... သူတို့ကနတ်ဘုရားတွေလား ကောင်ပြီး သူတို့ တကယ်ရှိနေတယ်ဆိုရင်တောင် ငါ့ရှေ့မှာ ခေါင်းငုံ့ထားရလိမ့်မယ်။ ”
လောကသခင် အတွေ့အကြုံအရ ဤကျယ်ပြောလှသော ကြယ်လွင်ပြင်ကြီးတွင် နတ်ဘုရားများ မရှိကြောင်း ကောင်းကောင်း သိသည်။ အကယ်၍ ရှိခဲ့လျှင်လည်း ပြင်ပ၌သာ ဖြစ်ပေမည်။ ဖြတ်ကျော် ဝင်ရောက်ခွင့်မရှိချေ။
သို့ဖြစ်လေရာ ဤအိပ်မက်စားသူသည် သူ့ကိုယ်သူနတ်ဘုရားအနွယ်ဝင်ဟု ကြွေးကြော် နေသည့် လူလိမ်တစ်ယောက်သာ ဖြစ်နိုင်မည်။ သည့်နောက် စုရီက အပေါင်ဆိုင်စာရေးထံ ပြန်ကြည့်ကာ၊
“ မင်းတို့က ... ဒီနှစ်ထဲမှာ မင်းတို့သခင်မ အသက်ရှင်သေးတယ်လို့ ဘာလို့ ဒီလောက် အထိ သေချာနေရတာလဲ။ ”
-ဟု စူးစမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် နှလုံးသား ခေါင်းလောင်းက အပေါင်ဆိုင်စာရေးကိုယ်စား ရုတ်တရက် ဝင်ပြောလာ၏။
“ ဆရာစု ... မိုးပြာကြီးမှာတုန်းက အပေါင်ဆိုင်ကနေယူသွားတဲ့ စက္ကူကြိုးကြာ ငှက်ရုပ်လေး မှတ်မိသေးလား။ ”
စုရီက ခေါင်းညိတ်ပြလိုက်ပြီး လက်ဝါးကို လှန်လိုက်ရာ ငွေရောင်စက္ကူကြိုးကြာငှက်လေး ထွက်ပေါ်လာသည်။
၎င်း၏ မျက်လုံးများမှာ ပတ္တမြားကဲ့သို့ နီရဲနေပြီး ခေါင်းငုံ့ကာ အမွေးအတောင်များကို ပြုပြင်နေဟန်မှာ အသက်ဝင်လှသည်။
ထိုကြိုးကြာငှက်၏ ကျောပေါ်တွင် စပါးစေ့ခန့်သာရှိသော ကြေးသေတ္တာငယ်လေး တစ်လုံး ရှိနေ၏။
မိုးပြာတိုက်ကြီးတွင် မှတ်ဉာဏ်များ ပြန်ရပြီးနောက် ပထမအကြိမ်အပေါင်ဆိုင်နှင့် ဆုံစဉ် ဤအရာကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုသေတ္တာငယ်နှင့်အတူ အရူးမ၏ စာတစ်စောင် ပါရှိခဲ့ဖူးသည်ကိုလည်း သူ မှတ်မိနေသေးသည်။ စာထဲတွင်၊
“ ဒီသေတ္တာလေးကို ငါ့အတွက် သိမ်းထားပေးပါ ဘီလူးစု နင်အသက်အန္တရာယ်နဲ့ ကြုံလာမှသာ ဒါကိုဖွင့်ကြည့်ပါ နင့်ကို နာခံတတ်သူ မဟုတ်မှန်း ငါသိတယ် ...
... ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ့စကားနားထောင်ပြီး သေတ္တာထဲမှာ ဘာရှိလဲ ဆိုတာ မသိချင်ပါနဲ့ ကျေးဇူးပြုပြီး ... ။”
- ဟု ရေးသားထားခဲ့သည်။
“ ဒီကြိုးကြာငှက်က မင်းတို့ရဲ့ သခင်မအသက်နဲ့ ဆက်နွယ်နေတာလား။ ”
စုရီက ရုတ်တရက် သတိရသွားသည်။
“ သခင်စု ... မင်း မသိသေးတာ တစ်ခုရှိပါတယ်။ ”
အပေါင်ဆိုင်စာရေးက ချောင်းတစ်ချက်ဟန့်ကာ။
“ ကြိုးကြာငှက်ကတော့ ဘာမှ ထူးခြားတာမဟုတ်ပါဘူး သူ့ကျောပေါ်က ကြေးသေတ္တာလေးကတော့ တကယ့်ကို အရေးကြီးပါတယ် ...
... ငါတို့သခင်က သူ့ရဲ့ဝိညာဉ်အမြုတေ တစ်စကို ဒီထဲမှာပိတ်ထားတယ် ဒီသေတ္တာလေး ရှိနေသရွေ့ သူမ ဘယ်လိုဘေးဒုက္ခနဲ့ ကြုံကြုံ၊ ဒီဝိညာဉ်အမြုတေနဲ့ နိုးထလာနိုင်လိမ့်မယ်။ ”
“ ဟမ့် ... ဒီလောက် အရေးကြီးတာကို ဘာလို့ ငါ့ကိုအစောတည်းက မပြောခဲ့တာလဲ။ ”
စုရီမှ အပြစ်တင်စကားကြောင့် အပေါင်ဆိုင်စာရေးမှာ ခေါင်းငုံ့သွားကာ၊
“ ဒါက သခင်မရဲ့ အမိန့်မို့လို့ပါ သူမ ပြောတာက သခင်စုလိုလူမျိုးက ဘယ်တော့မှ ဘေးဒုက္ခနဲ့ မကြုံနိုင်ဘူး ဒီသေတ္တာလေးကို အပ်ထားရင် သူလုံခြုံတယ်တဲ့ ... ။ ”
“ ဟမ့် ... ဒီအရူးမ။ ”
စုရီနှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ ထိုအမျိုးသမီးသည် သူမအသက် တစ်ချောင်းကို ရူးသွပ်စွာ သူ့ထံအပ်နှံနေ၏။
“ ဆရာစု ... ဒီသေတ္တာက သခင်မ အသက်ဝိညာဉ်အပိုင်းအစဖြစ်သလို လက်နက် တစ်ခုလည်းဖြစ်ပါတယ်။ ”
နှလုံးသားခေါင်းလောင်းက အလျင်အမြန်ရှင်းပြလာသည်။
“ သူ့ကိုဖွင့်လိုက်ရင် အထဲမှာ ရှိနေတဲ့ စွမ်းအားမျိုးက ... နယ်ပယ်ဘုရင်တွေကိုတောင် ချက်ချင်း သတ်ပစ်နိုင်ပါတယ်။ ”
စုရီက ခေါင်းညိတ်လိုက်သည်။ သူသည် အပေါင်ဆိုင်ပိုင်ရှင်အမျိုးသမီးနှင့် အကြိမ်ကြိမ် ဆုံဖူးလေသည်။ သူမသည်အလွန်လှပသကဲ့သို့ ထူးဆန်းသော ရတနာများစွာရှိ၏။
ယခုပင် ဤမျှသေးငယ်သော စက္ကူကြိုးကြာရုပ်လေးသည် နယ်ပယ်ဘုရင်ကို သတ်နိုင်သော စွမ်းအားများရှိနေ၏။
“ မင်းတို့ ငါ့ကိုအများကြီး ဖုံးကွယ်ထားခဲ့ကြတာပဲ။ ”
စုရီက နတ်ဝိညာဉ်သုံးကောင်ကို ကြည့်လျက်ဖြင့် ပြောကြားသည်။ နတ်ဝိညာဉ် သုံးကောင်ခမျာ တဆက်ဆက်တုန်ရင်လာပြီး၊
“ ဆရာစု ... ငါတို့တွေမှာ မကောင်းတဲ့ စိတ်ကူးလုံးဝမရှိပါဘူး သခင်မ အမိန့်အတိုင်း လိုက်နာရတာပါ။ ”
“ ကောင်းပြီ မင်းတို့သခင်မနဲ့ တွေ့မှပဲ သေချာမေးမြန်းတော့မယ်။ ”
သို့မှသာ လေးဦးစလုံး သက်ပြင်းချနိုင်တော့၏။ သည့်နောက် စုရီက ကြိုးကြာငှက်ရုပ်ကို ပြန်သိမ်းလျက်၊
“ ဒါဆို အခုထိ မင်းတို့ရဲ့သခင်မ အသက်ရှင်လား ... သေလားဆိုတာ မင်းတို့ မသိရသေးဘူးပေါ့။ ”
အပေါင်ဆိုင်စာရေးက သက်ပြင်းချကာ ‘မှန်ပါတယ်’ဟုဆိုပြီး နဂါးအိုကြီးကို ပြန်ကြည့် လိုက်လေသည်။
“ ဒါပေမဲ့ အသက်ရှင်နေသေးတယ်လို့ ငါယုံကြည်တယ် ... မဟုတ်ရင် ဒီနဂါးအိုကြီးက အပေါင်ဆိုင်ကိုအပိုင်စီးပြီး ငါတို့ကို အခုလိုမျိုး အသက်ရှင်ခွင့်ပေးထားမှာ မဟုတ်ပါဘူး။ ”
“ အဲဒီအမျိုးသမီး အသက်ရှင်သေးလား။ ”
၏စုရီက နဂါးအိုကြီးကို လှည့်ကြည့်ကာ မေးသည်။ နဂါးအိုကြီးက အေးစက်စွာဖြင့်၊
“ ငါ့ကို အသက်ရှင်ခွင့်ပေးရင် မင်း အဖြေရလိမ့်မယ် ငါသေရင်တော့ မင်းဘာမှ သိရမှာ မဟုတ်ဘူး နောက်ပြီး ငါ့သခင်လည်း ချက်ချင်းသိသွားလိမ့်မယ် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းခံနိုင်လား။ ”
“ ဟမ့် ... ဒီလိုလား။ ”
စုရီက စကားပြောလျက်ဖြင့် လက်ဆန့်ထုတ်လိုက်ရာ မီးတောက်များအတွင်း နဂါးအိုကြီးသည် တဖြည်းဖြည်း မူလပုံစံသို့ ပြောင်းလဲသွားရသည်။
ယင်းသည် တစ်ပေခန့်သာရှိသော ခေါင်းတွင်ဦးချိုတစ်ခုပါရှိပြီး ခန္ဓာကိုယ်တွင် အနက်ရောင် အကြေးခွံများနှင့် ငွေရောင် လက်သည်းများ ရှိချေသည်။
“ မင်း ... မင်း ဘာလုပ်မလို့လဲ၊ ”
အခြေအနေ မကောင်းတော့မှန်း သိလိုက်သော နဂါးအိုကြီးက ထိတ်လန့်တကြား အော်ဟစ်သည်။ စုရီက တည်ငြိမ်စွာဖြင့်၊
“ မင်းရဲ့ အရေခွံကိုစုတ်၊ အကြောတွေ ဆွဲထုတ်၊ အသားနဲ့အရိုးကို မီးရှို့ပြီး ပြာအဖြစ်နဲ့ လွင့်ပစ်မယ်။ ”
“ မင်း ... ။ ”
နဂါးအိုကြီးမှာ လုံးဝ စိတ်ပျက်သွားပြီး ဒေါသနှင့် ထိတ်လန့်မှုများ ဝင်ရောက်လာခဲ့၏။ သို့သော် စုရီမှဂရုမစိုက်ဘဲ အရေခွံခွာခြင်း၊ အကြောဆွဲထုတ်ခြင်းများကို စတင် လုပ်ဆောင်တော့သည်။
“ ဗျစ် ... ဗျစ် ... ။”
“ အား ... ။ ”
ဤမြင်ကွင်းက မုချန်းယွမ်၏ဝိညာဉ်ကို စိမ့်တက်သွားသည်။ ၎င်မြွေသည် ထူးခြားသော နဂါးမျိုးဆက်သွေးပါရှိသည့် ပါရမီရှင်ပေပင်။
ခန္ဓာကိုယ် တည်ဆောက်ပုံသည် လူသားများထက် များစွာမာကျောသန်စွမ်း၏။ သို့သော် ယခုမူ အရှင်လတ်လတ် အရေခွံခွာ ခံနေရချေပြီ။
“ ကောင်းလိုက်တာ ... ။ ”
“ ဆရာစု များများဆွဲဖြဲပစ်။ ”
နတ်ဝိညာဉ်သုံးပါးနှင့် စားရေးတို့မှာ ဝမ်းသာအားရ အော်ဟစ်ကုန်ကြတော့သည်။ ဤနဂါးအိုကြီးသည် သူတို့ကိုရက်ပေါင်းများစွာ နှိပ်စက်ထားခဲ့သူ မဟုတ်ပါလော။
“ ခရစ် ... ။ ”
အဆုံးတွင် အရေခွံနှင့် အကြောများကိုမူ ထုတ်ယ,သိမ်းဆည်းလျက် ခန္ဓာကိုယ်ကြီးအပေါ် မီးလောင် ပြာချပစ်လိုက်သည်။ ဤအရေခွံနှင့် အကြောများမှာ အလွန်တရာ တန်ဖိုးရှိ၏။
“ ဖရစ် ... ။ ”
တဆက်တည်းမှာပင် လေဟာနယ် သလင်းကျောက်များ ကြမ်းပြင်ပေါ်တဖွဲဖွဲစုပုံ လာတော့သည်။ ၎င်းတို့ထဲတွင် လေဟာနယ် စွမ်းအားများပါရှိပြီး အလွန်ရှားပါးသည့် ရတနာများဖြစ်၏။
“ ဟမ့် ... ဒီလောက်များပြားတဲ့ လေဟာနယ်သလင်းကျောက်တွေကို သူက ဘာအတွက် စုဆောင်းနေရတာလဲ။ ”
***
အခန်း ၉၅၆ -
အမှောင်ကြယ်ပင်လယ်အတွင်းမှ နတ်ဘုရားနိုင်ငံတော် ... ။
“ နဂါးအိုကြီးက အိပ်မက်စားသူကို နတ်ဘုရားနိုင်ငံတော်ထဲကနေ လွတ်မြောက်ဖို့ အတွက် ဒီလေဟာနယ်သလင်းကျောက်တွေကို စုဆောင်းနေတာလို့ တစ်ခါပြောဖူးပါတယ်။ ”
အပေါင်ဆိုင်ပိုင်ရှင်က ရှင်းပြသည်။ စုရီတစ်ယောက် လောကသခင်ဘဝ နတ်ဘုရား နိုင်ငံတော်ဝင်ပေါက်ထံ ခြေချစဉ် အတွေ့အကြုံ အပေါ် ပြန်လည်သတိရလာသည်။
ထိုစဉ်က မုခ်ဦးတွင် ကြောက်မက်ဖွယ် ကောင်းသော အာကာသအက်ကြောင်းကြီးများ ပြည့်နှက်နေပြီး တုံ့ယွီနယ်ပယ်ဘုရင်တစ်ပါးပင် ခန္ဓာကိုယ်ကြေမွှပျက်စီးနိုင်မည်။ ထို့ကြောင့် ထိုနေရာတွင်ခရီးစဉ်ကို အဆုံးသတ်ခဲ့ရသည်။
နဂါးအိုကြီး၏ ရည်ရွယ်ချက်သည် အာကာသဥမင်လှိုင်ခေါင်းတစ်ခု ဖန်တီးကာ ခေါ်ထုတ်ပေပင်။
တစ်ဖက်တွင် သူသည် ထိုအရပ်သို့ မရောက်သည်မှာကြာပြီဖြစ်ရာ အပြောင်းအလဲ သည်လည်းရှိနေနိုင်ပေမည်။
ခဏမျှ စကားပြောဆိုပြီးနောက် စုရီက နတ်ဘုရားနိုင်ငံတော်၏ တံခါးသို့သွားကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ သခင်စု ... သတိထားပါ ... အိပ်မက်စားသူက ဒီခေတ်ကလူ မဟုတ်သလို စစ်မှန်တဲ့ အင်မော်တယ်မျိုးရိုးကပါ ...
... ငါတို့သခင်တောင် အခုထိ ပြန်မလာသေးဘူး ဘယ်လို အန္တရာယ်တွေနဲ့ ပြည့်နှက်နေမလဲ ဘယ်သူမှ မပြောနိုင်ဘူး။ ”
စုရီက စက္ကူကြိုးကြာငှက်ကို ထုတ်ယူလိုက်ကာ အပေါင်ဆိုင်စာရေးထံသို့ ကမ်းပေးလိုက်သည်။
“ ဒါကို သိမ်းထားပေးဦး ... ငါလည်း ထပ်ပြီးပိတ်မိသွားရင်တောင် မင်းတို့သခင်မရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ ”
“ သခင်စု တကယ်ပဲ သွားတော့မလို့လား။ ”
အပေါင်ဆိုင်ပိုင်ရှင်မှ စိတ်လှုပ်ရှားသွား၏။
“ မင်းတို့ရဲ့သခင်မက ... ငါ့မိတ်ဆွေဟောင်းပဲ သူမအတွက်အခက်အခဲ ကြုံနေတာကို ဘယ်လိုလုပ်ပြီး လျစ်လျူရှုထားနိုင်မှာလဲ။ ”
ထို့နောက် စုရီက မုချန်းယွမ်ဘက်သို့ လှည့်ကြည့်ကာ၊
“ ငါ ပြန်မလာမချင်း မင်းဒီမှာပဲ စောင့်နေပါ။ ”
-ဟု မှာကြားလိုက်သည်။ မုချန်းယွမ်သည်လည်း ခေါင်းညိတ်လက်ခံ၏။ သူသည် ဤတိုက်ပွဲတွင် ဝင်ပါရန် အရည်အချင်း မပြည့်မီကြောင်း နားလည်လိုက်သည်။
ထို့ကြောင့် အကောင်းဆုံးမှာ ဒုက္ခမပေးဘဲ ထိုင်နေခဲ့ခြင်းသာဖြစ်၏။ အပေါင်ဆိုင်ပိုင်ရှင်က စင်ပေါ်မှ ကြေးသေတ္တာတစ်လုံးကိုထုတ်ယူကာ၊
“ သခင်စု ... ဒီထဲမှာ သခင်ထားခဲ့တဲ့ ကျောက်စိမ်းဆွဲပြားတစ်ခု ရှိပါတယ် ဒါနဲ့ဆိုရင် သူမ ရှိတဲ့နေရာကို အာရုံခံနိုင်ပါလိမ့်မယ်။ ”
-ဟု ပေးအပ်လာ၏။
သေတ္တာထဲတွင် သွေးနီရောင် အလင်းတန်းများတောက်ပနေသော စက်ဝိုင်းပုံ ကျောက်စိမ်းဆွဲပြားတစ်ခု ရှိနေသည်။ စုရီက ဆွဲပြားကို ယူကြည့်ကာ မချီးကျူးဘဲ မနေနိုင်တော့ချေ။
“ မင်းရဲ့ သခင်မကတော့ တကယ့်ကို ကြွယ်ဝတာပဲ ဒီလိုပစ္စည်းမျိုးလုပ်ဖို့ ဖီးနစ်မီးလျှံ ဝိညာဉ်ကျောက်စိမ်းကို သုံးထားဝံ့တယ် ...
... နယ်ပယ်ဘုရင် အဖိုးအိုကြီးတွေသာ မြင်ခဲ့ရင် ကောင်းကင်ရတနာကို ဖြုန်းတီးတယ် ဆိုပြီး ဆဲဆိုကြမှာ သေချာတယ်။ ”
ဤကျောက်စိမ်းသည် ထိပ်တန်း ကောင်းကင်အဆင့် လက်နက်များ ပြုလုပ်ရာ၌ ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်၏။
အနည်းငယ်မျှ ထည့်သွင်းရုံဖြင့် အစွမ်းထက်လှသော လက်နက်တစ်ခုကို ရရှိပေမည်။ ယခုမူ အလှဆင်လက်ဝတ် ရတနာ တစ်ခုအဖြစ် ထုဆစ်ထားလေသည်။
“ ငါထွက်သွားရင် ဘယ်ဧည့်သည်ကိုမှ ပေးမဝင်နဲ့တော့။ ”
စုရီက နှလုံးသားခေါင်းလောင်းကို ခပ်ဖွဖွပုတ်ကာ မှာကြားလိုက်သည်။ စုရီပုံရိပ် ပျောက်ကွယ်သွားသည်နှင့် အပေါင်ဆိုင်စာရေးမှ ဆိုင်တံခါးကိုပိတ်ချလိုက်တော့သည်။
နှလုံးသားခေါင်းလောင်းထံမှ မြည်သံများမပြုဘဲ မည်သူမျှ အပေါင်ဆိုင်ကို ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။
မြူနှင်းများ ဖုံးလွှမ်းနေသော နဂါးအိုကြီး၏တောင်ကုန်းကြီးမှာ တားမြစ်မြေ တစ်ခုကဲ့သို့ ချက်ချင်းဆိတ်သုဉ်းသွားသည်။
မြူနှင်းများကြားတွင် မိုးပြာငှက်မိစ္ဆာမှ လူသားအသွင်ပြောင်းထားသော အဖိုးအိုကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်လာတော့၏။
လွန်ခဲ့သော ဆယ်မိနစ်ခန့်က ဤကြယ်ပင်လယ်ကြီး၏ မိစ္ဆာအိုကြီးသုံးဦး ဆိုင်ထဲဝင်သွားသည်ကို သူ မြင်ခဲ့ရသည်။ ထို့နောက် လူသားကျင့်ကြံသူနှစ်ဦးလည်း နောက်ကလိုက်ဝင်သွားကြ၏။
ထိုလူသားများသည် သေချာပေါက် သေလိမ့်မည်ဟု သူ ထင်မြင်ထားခဲ့သော်လည်း ယခုမူ လူငယ်သည် အကောင်းတိုင်း ပြန်ထွက်လာနေသည်။
“ တစ်ခုခုတော့ မှားနေပြီ။ ”
ငှက်မိစ္ဆာအဖိုးကြီးမှ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ့ရှေ့မှောက်၌သွေးစွန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။
ဆိုင်အပြင်တွင် စောင့်ဆိုင်းနေကြေသော မျက်လုံးသုံးလုံး ဖားမိစ္ဆာ၏အစေခံများ အသတ် ခံလိုက်ရခြင်းပေပင်။ ထို့ကြောင့် ထိတ်လန့်စွာ ချက်ချင်းလှည့်ပြေးလိုက်တော့သည်။
သို့သော် ကျောက်စိမ်းရောင် ဝတ်လုံစများလွင့်ဝဲနေသော ပုံရိပ်တစ်ရိပ်သည် သူ့လမ်း၌ ဖြည်းညှင်းစွာပေါ်လာခဲ့၏။
“ အတော်ပဲ ... မင်း ဒီမှာ ရှိနေတုန်းပဲဆိုတော့ ငါ့ကိုနောက်တစ်နေရာ ပို့ပေးပါဦး။ ”
စုရီက အမိန့်ပေးလိုက်လေသည်။ ထိပ်ပြောင်အမျိုးသားမှာ အသက်ပြင်းပြင်း ရှူလျက်၊
“ သခင် ... မင်းအတွက် အခုလိုဝန်ဆောင်မှုပေးရတာကို ဒီကျွန်က ဝမ်းသာနေတာပါ။ ”
-ဟု တုန့်ပြန်လျက် ငှက်အသွင် ပြောင်းလဲလိုက်တော့၏။
“ ဒါဆို ပြုံးပါ ... ။ ”
“ ဟမ် ... သခင် မင်းဘာပြောလိုက်တာလဲ။ ”
“ မင်းမျက်နှာက ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ ငါ့ကို ပြုံးပြပါ။ ”
စုရီ၏ စကားကြောင့် ငှက်မိစ္ဆာခမျာ မသက်မသာဖြင့် ပြုံးလိုက်ရ၏။ ထို့နောက်တွင် စုရီသည် ကုလားထိုင်ကိုချကာ သူ့ကျော၌ အိပ်လျက်လိုက်ပါလာတော့သည်။
“သခင် ... ခွင့်လွှတ်ပါ၊ ဟို မိစ္ဆာအိုကြီး သုံးယောက်ကော ... ။ ”
“ သေကုန်ပြီ ... ။ ”
အပြာရောင်ငှက်မိစ္ဆာက မဝံ့မရဲဖြင့် မေးမြန်းလာ၏။ စုရီက မျက်ဝန်းများမှိတ်လျက် ပြန်ဖြေသည်။
“ သေကုန်ပြီလား ... ။ ”
အပြာရောင်ငှင်မိစ္ဆာကြီးခမျာ အတောင်ပံများတဆက်ဆက် တုန်ခါသွားပြီး ဝိညာဉ်လွင့်ထွက်သွားမတတ် ထိတ်လန့် သွားရလေသည်။
အမှောင်ကြယ်ပင်လယ်၏ အုပ်စိုးရှင် သုံးပါးစလုံး သေဆုံးသွားခြင်းပေပင်။ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကို သူ့ကျောပေါ်တင်ထားမိသနည်း။
နောင်တများဖြင့် စပ်စုလိုသော သူ့ကိုယ်သူပြန်လည် ကျိန်ဆဲလိုက်တော့သည်။ ခဏအကြာတွင် ဝေးကွာလှသောအရပ်ထံမှ လေဟာနယ်တုန်ဟည်းသံကြီးများ ကြားလိုက်ရ၏။
ကောင်းကင်မှ အလင်းတိုင်ကြီး ကျဆင်းသကဲ့သို့ ထူးခြားသက်ဝင်လှသည့် မြင်ကွင်းကြီးပေပင်။
ဤသည်မှာ အာကာသနှင့် အချိန် ဥပဒေစည်းမျဉ်းဖြစ်ပြီး ဟင်းလင်းပြင်တစ်ခုလုံး ဖျက်ဆီးခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေတော့သည်။
“ လုံလောက်ပြီ ... ငါ့ကိုဒီမှာထားခဲ့တော့။ ”
စုရီက ကုလားထိုင်ကို ရုတ်သိမ်းကာ ထိုအလင်းတိုင်းဆီသို့ ချက်ချင်းပျံသန်းသွား၏။ ဤတစ်ကြိမ်တွင် အပြာရောင်ငှက်မိစ္ဆာခမျာ တချိုးတည်းလှည့်ပြေးတော့သည်။
“ အရင်နဲ့စာရင် တကယ့်ကို ကွဲပြားနေပြီပဲ။ ”
စုရီက ရှုပ်ထွေးလှသော အချိန်နှင့် အာကာသလှိုင်းများထံ ငေးကြည့်နေမိသည်။ ၎င်းတို့သည် မြစ်ရေလှိုင်းများကဲ့သို့ တလိမ့်လိမ့် တက်နေပြီး တံခါးဝတစ်ခု၏ပုံရိပ်ကို ဝေဝါးစွာ မြင်နိုင်ချေပြီ။
“ နတ်ဘုရားနိုင်ငံတော်မုခ်ဦး ... ။ ”
ထိုတံခါးဝရှိ အာကာသနှင့်အချိန် ဥပဒေစည်းမျဉ်းများသည် ယခင်နှင့်မတူဘဲ အလွန်တရာ အားနည်းသွားပြီဖြစ်သည်။
ထို့ကြောင့်ပင် အိပ်မက်စားသူမှ လွတ်မြောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပေမည်။ စုရီက အဝင်ဝသို့ ချဉ်းကပ်သွားစဉ် လေဟာနယ် သလင်းကျောက်များ လောင်ကျွမ်းစေလိုက်၏။
“ ဝမ် ... ။ ”
ကြည်လင်တောင်ပသော သလင်းရောင်အလင်းစက်ဝန်းကြီးတစ်ခု သူ့ကို အုပ်မိုးသွားလေသည်။
အချိန်နှင့်အာကာသ လှိုင်းများက ထိုအကာအကွယ်အလွှာထံ သက်ရောက်ချိန်၌ ပေါင်းစပ်ပျက်ပြယ်သွားတော့၏။ ထိုစဉ် အိုမင်းလှသော အသံဖြင့် တစ်စုံတစ်ဦးက၊
“ လူငယ်လေး ... မင်းရဲ့ကျင့်ကြံမှုနဲ့ ဒီနေရာကိုဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ငါ့စကားကို နားထောင်ပြီး ဒီမှာတင်ရပ်လိုက်ပါ။ ”
-ဟု ဟန့်တားလာချေပြီ။
စုရီက ပျံသန်းခြင်းကို ရပ်လိုက်ပြီး လှမ်းကြည့်လိုက်၏။ အချိန်နှင့်အာကာသ လှိုင်းများကြား လူတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ခန္ဓာကိုယ်သည် ပိန်ပိန်ပါးပါးဖြင့် ဆံပင်ရှည်များမှာ လှိုင်းများအကြားဖရိုဖရဲ ဖြစ်နေချေသည်။ အရေပြားများသည် အချိန်နှင့် အာကာသလှိုင်းများ ရိုက်ခတ်မှုကြောင့် ကွဲအက် လောင်ကျွမ်းနေခဲ့၏။
သို့တိုင် ကျောက်ဆောင်တစ်ခုကဲ့သို့ မလှုပ်မယှက် ထိုင်နေဆဲပေပင်။ ဒဏ်ရာများမှာ ခဏအတွင်း ပြန်လည်ပျောက်ကွယ်လျက် အသစ်သစ်ဖြစ်ပေါ်လာနေ၏။
ဤသည်မှာ အချိန်နှင့်အာကာသ လှိုင်းလုံးများအသုံးပြုပြီး ခန္ဓာကိုယ်နှင့်တာအိုကို သန့်စင်နေခြင်းပေပင်။ နာကျင်ပြီး ရက်စက်၏။
ကျင့်ကြံမှုအရ ကွေ့ယီအထွတ်အထိပ် အဆင့်တွင်သာ ရှိသေးသော်လည်း ရောင်ဝါနှင့် ဖိအားသည် တုံ့ယွီအချို့ထက်ပင်သာလွန်နေ၏။ ထိပ်တန်းကြယ်များတွင်ပင် ရှားပါးလှသော ပါရမီရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။
“ သတိပေးတာ ကျေးဇူးတင်ပါတယ်။ ”
စုရီက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရှေ့ဆက်ပျံသန်းသွားလိုက်တော့၏။ ယင်းကြောင့် ထိုလူက မျက်မှောင်ကြုတ် သွားလေသည်။
“ ငါ့စကားကို မင်းတကယ် နားမထောင်ဘူးကိုး။ ”
***