အခန်း (၉၅၇-၉၅၈)
Vol. 80 Ch. 957-958
အခန်း ၉၅၇ -
မင်းရဲ့ဓားမှာ ယုံကြည်မှုကင်းမဲ့နေတယ်။
စုရီသည် ထိုနေရာမှာတင် ရပ်တန့်လိုက်သည်။
“ တိုက်ချင်လို့လား။ ”
ထို့နောက် လှည့်ပင်မကြည့်သေးဘဲ မေးမြန်းလိုက်သည်။ ဝေးကွာသောလေထုတွင် တင်ပျဉ်ခွေထိုင်နေသည့် ပိန်လှီသောလူကြီးမှာ ဖြည်းညှင်းစွာ ထရပ်လာပြီး၊
“ မင်းက လူသားကျင့်ကြံသူတစ်ယောက် ဖြစ်နေလို့သာ ငါကစေတနာနဲ့ သတိပေးနေတာ ဒါပေမဲ့ မင်းက ငါ့စကားကိုတကယ်ပဲ နားမထောင်ဘူးပဲ။ ”
- ဟု ဆိုလိုက်သည်။
“ ဝှစ် ... ။ ”
သည့်နောက် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ စုရီ၏အနီးအနားသို့ ချက်ချင်း ဆိုသလိုရောက်ရှိလာ၏။ ဆံပင်နှင့် မုတ်ဆိတ် ဖရိုဖရဲဖြစ်နေသော်လည်း မျက်ဝန်းအစုံမှာမူ စူးရှသောဓားရောင်ဝါများ ပြည့်နှက်နေသည်။
လေထဲပေါ့ပေါ့ရပ်နေရုံဖြင့် ထိုလူသည် ကောင်းကင်နှင့် မြေကြီးကို ထောက်မထားသည့် တောင်ကြီးတစ်လုံးကဲ့သို့ပင် ထင်မှား၏။
ထို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ သူ့ပတ်ဝန်းကျင်တွင် အလွန်သိပ်သည်းလှသော ဓားရည်ရွယ်ချက်များ အဆုံးမရှိစီးဆင်းမှု ပေပင်။
၎င်းသည် အပြစ်ကင်းစင်လွန်းပြီး ပြောစရာမရှိလောက်အောင် ပြည့်စုံလွန်းသည်။ သာမန်နယ်ပယ်ဘုရင်သာဆိုသော် ဤမျှနှင့် တိုက်ပွဲဝင်ဆန္ဒများ ပြိုလဲသွားပေမည်။
“ မင်းရဲ့ ဓားတာအိုက မဆိုးပါဘူး ... ဒါပေမယ့် ငါလည်း မင်းကို သတိပေးပါရစေ... ငါ့လမ်းကိုပိတ်ဖို့မစဉ်းစားနဲ့ ... ။ ”
ပြောပြောဆိုဆိုဖြင့် စုရီသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ထိုခြေတစ်လှမ်း အောက်တွင် ကောင်းကင်ကြီး နိမ့်ဆင်းသွား သလို ခံစားရပြီး ဟင်းလင်းပြင်သည်လည်း ပြင်းစွာ တုန်ခါသွားတော့၏။
ဓားအလင်းတစ်စ တောက်ပလျက် အလွန်ကျယ်ပြန့်ပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ပေပင်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပိုမိုပြင်းထန်လာသည်။
ဟင်းလင်းပြင် တုန်ခါနေလျက် လေဟာနယ်သည် ထိုဓားကိုမခံနိုင်သကဲ့သို့ ပုံပျက်လာ၏။ ပိန်လှီသော လူကြီးမှာ မှင်သပ်သွားပြီး၊
“ ငါ မင်းကို အထင်သေးမိသွားတယ် မင်းလည်းတကယ့်ကို အစွမ်းထက်တဲ့ ဓားသမား တစ်ယောက် ဖြစ်နေတာကိုး။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ ဒါပေမယ့် ... လွန်ခဲ့တဲ့နှစ်ပေါင်း ရှစ်ထောင်တုန်းက အဲဒီလူရဲ့လမ်းညွှန်မှုကို ငါက ခံယူခဲ့ပြီးပြီ ဒီအတွက် သူ မလွတ်မြောက်မချင်း ဒီနေရာအပေါ် စောင့်ရှောက်ပေးမယ်လို့ ကတိထားတယ်။ ”
ထို့နောက် ကြောက်မက်ဖွယ် ဓားရောင်ဝါများကို သူသည်လည်းထုတ်ဖော်ပြီး ကောင်းကင်တွင် မီးလျှံများကဲ့သို့ တဟုန်းဟုန်း တောက်လောင်လာစေ၏။
“ ဝုန်း ... ။ ”
ဟင်လင်းပြင်အတွင်း ဓားရောင်ဝါနှစ်ခု တိုက်မိသွားလေသည်။ ဓားစွမ်းအားများကြောင့် တိမ်တိုက်များလွင့်စင်ပြီး ပတ်ဝန်းကျင်အနှံ့ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့၏။
စုရီက ခဏမျှ စဉ်းစားလိုက်ကာ၊
“ မင်း ပြောနေတာက အင်မော်တယ် မျိုးနွယ်ကနေလာတဲ့ အိမ်မက်စားသူလား။ ”
-ဟု မေးမြန်းလိုက်၏။
“ မှန်တယ်။ ”
ပိန်ပိန်နှင့်လူကြီးက ပြန်ဖြေသည်။ စုရီတစ်ယောက် ခြေလှမ်းများကို ရပ်လိုက်ပြီး၊
“ ဒါဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီတုန်းက မိန်းမတစ်ယောက် နတ်ဘုရားနိုင်ငံတော်ထဲကို ဝင်သွားတာ မင်းမြင်လိုက်လား။ ”
-ဟု ထပ်မေး၏။
“ မြင်တယ် ... သူမက တကယ် အစွမ်းထက်ပါတယ် အထူးသဖြင့် သူမဆီမှာ ပါလာတဲ့ ရတနာပဲ ... အဲဒီရတာနက အချိန်နဲ့အာကာသလှိုင်းတွေကို အံတုနိုင်တယ်။”
“ မင်း တားခဲ့သေးလား။ ”
“ မတားဘူး ... သူမ ရောက်လာချိန်မှာ အိပ်မက်စားသူက ဝင်ခွင့်ပေးလိုက်ဖို့ ... အမိန့် ပေးခဲ့တယ်။”
“ ဒါဆိုရင် ငါ အထဲဝင်ချင်ရင် မင်းကို အရင်အနိုင်တိုက်ရမှာပေါ့။”
ပိန်ပိန်နှင့်လူကြီးက မျက်ခုံးပင့်လျက် စိတ်နှုပ်ရှားသွားပြီးနောက် မျက်လုံးများသည် လျှပ်စီးကဲ့သို့ ချက်ချင်းဝင်းလက်လာ၏။
“ ငါ့ဓားမှာ ရှင်ခြင်းနဲ့သေဆုံးခြင်းပဲရှိတယ် အရှုံးအနိုင် မရှိဘူး ငါဘယ်တော့မှ သက်ညှာမှာ မဟုတ်ဘူး။”
“ ဟားဟားဟား ... ငါ့ဓားကငါ့နှလုံးသားပဲ ဒီအတွက် ဘာကန့်သတ်ချက်မှ မရှိဘူး ... မင်းရဲ့ ဓားကိုဆွဲပါ။ ”
စုရီက ဝတ်ရုံစများ လွင့်မြောလျက် ပိတ်ပိတ်ပါးပါးနှင့် လူကြီးထံသို့ အေးအေးလူလူ လျှောက်လှမ်းသွားတော့၏။ ယင်းမှာပန်းခြံထဲ လမ်းလျှောက်ထွက်လာသည့်နှယ်ပင်။
လောကီအတားအဆီးများကို ကျော်လွန်လျက် ကောင်းကင်ဘုံကိုးပါးအတွင်း လွတ်လပ်စွာပျံသန်းနေသော သခင်တစ်ပါးနှင့် ပိုတူသည်။
သူ့ဓားရောင်ဝါ မရောက်နိုင်သော နေရာမရှိသလို၊ မဝင်နိုင်သော နေရာလည်း မရှိချေ။ ၎င်းသည် အတိုင်းအဆမရှိ ကျယ်ပြောလှသည်။
“ ကောင်းပြီ ... ။ ”
ပိန်ပိန်နှင့်လူကြီးက ကျင့်ကြံမှုကို ထုတ်ဖော်ကာ ဓားရည်ရွယ်ချက်များ ပေါက်ကွဲ ထွက်လာတော့၏။ တစ်ဆက်တည်းမှာပင် ဓားတစ်လက်ဆွဲကာ ခုတ်ပိုင်းချလိုက်သည်။
“ ရွှပ် ... ။”
ခဏချင်းမှာပင် မရေမတွက်နိုင်သော ဓားအရိပ်များထွက်ပေါ်လာပြီး ဓားစွမ်းအားများ ပေါက်ကွဲထွက်လာတော့၏။
မီးဥပဒေစည်းမျဉ်းများသည် ထိုဓားချက်များအတွင်း၌ ယှက်နွယ်လိုက်ပါလာ နေသည်။ အဆုံးမရှိသော မီးဓား မိုးရေများကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားတော့၏။
ပို၍ ကြောက်စရာကောင်းသည်မှာ အာကာသဥပဒေစည်းမျဉ်းသည် တောင်များကို မှောက်လှန်ကာ ပင်လယ်များကို တိမ်းစောင်း ပစ်နိုင်လောက်သည့် အဟုန်နှင့် လှုပ်ရှားလာခြင်း ပေပင်။
ယင်းသည် အာကာသဥပဒေနိယာမ၊ မီးဥပဒေနိယာမနှင့် ဓာတာအိုကို အပြည့်အဝ ပေါင်းစပ်ထားခြင်းဖြစ်သည်။
မရေမတွက်နိုင်သော ‘အာကာသဓားမီးမိုးရေစက်’များက ဖော်ပြ၍ မရသော အဟုန်ဖြင့် ကျဆင်းလာ၏။
တစ်ချက်ကြည့်ရုံဖြင့် အမှန်ပင် သေခြင်းနှင့်ရှင်ခြင်းကို အဆုံးအဖြတ်ပေးသော ဓားတစ်လက်ဖြစ်ကြောင်း ပြောနိုင်သည်။
စုရီက ညာဘက်လက်မြှောက်ကာ လက်ချောင်းကိုဓားကဲ့သို့ ပြုလုပ်ပြီး ဝှေ့ယမ်း လိုက်တော့သည်။ ၎င်းသည်ရိုးရှင်းလှသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်၏။
သို့သော် ဓားရည်ရွယ်ချက်သည် ဆည်ကျိုးလာသည့်မြစ်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို မှောက်လှန်ပစ်လိုက်လေသည်။ ဤစွမ်းအားသည် လက်ဖျားများမှလာခြင်း ဖြစ်ကြောင်း ယုံနိုင်စရာမရှိချေ။
“ ဝုန်း ... ။ ”
“ ခလွမ် ... ။ ”
ကောင်းကင်ကြီး တုန်ခါသွားပြီး ဟင်းလင်းပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားကာ ပေါင်တူဖြင့် ထုရိုက်ခံလိုက်ရသည့် မှန်တစ်ချပ် ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။
အာကာသဓားမီး မိုးရေစက်များသည် ပြင်းထန်သောမုန်တိုင်းတစ်ခုအတွင်း နင်းချေခံ လိုက်ရသကဲ့သို့ ချက်ချင်းပျက်ပြယ်သွား၏။
စုရီသာလျှင် လေထုအလယ် ဓားအလင်းတန်းများ ဖြာထွက်လျက် ရပ်ပြီး ကျန်ရစ်သည်။
“ အဟွတ် ... အဟွတ် ... ။ ”
ပိန်ပိန်နှင့်လူကြီးမှ ချောင်းဆိုးလျက် နောက်ဆုတ်လိုက်ရသည်။ ကျောက်ဆောင်ကြီး ကဲ့သို့ မာကျောလှသောမျက်နှာပြင်သည် ဖြူဖျော့သွားတော့၏။
ဝတ်ရုံနှင့် ဆံပင်ရှည်များ လွင့်စင်ကာ ခန္ဓာကိုယ်တွင် သွေးစို့နေသောပြတ်ရှရာများစွာ ပေါ်လာနေခဲ့သည်။
“ ဒီဓားအမည်ကို သိခွင့်ရမလား။ ”
ပိန်ပိန်နှင့်လူကြီးက စိတ်ဝင်တစား မေးလိုက်သည်။
“ ဒီအတိုင်းဓားချက်လေး တစ်ချက်ပါ နည်းစနစ်မဟုတ်ဘူး။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ တစ်ဆက်တည်းမှာပင် အတွေးတစ်ချက်ဖြင့် ဟင်းလင်းပြင်အတွင်း ဖြန့်ကျက်ထားသော ဓားရောင်ဝါကို ရုတ်သိမ်းလိုက်၏။
“ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလား။ ”
ပိန်ပိန်နှင့် လူကြီးက မျက်ခုံးပင့်သည်။ ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားသော သူ့ပတ်ဝန်းကျင်မှ ဓားဒိုမိန်းကြောင့် အနည်းငယ်အံ့အားသင့်လာ၏။
“ ငါ့ရဲ့ခွန်အားက မင်းထက်အများကြီး နိမ့်ကျနေတာမို့ ရှုံးနိမ့်မှုကိုဝန်ခံပါတယ် ဒါပေမဲ့ မင်းငါ့ကိုမသတ်ရင်တောင် ငါ့အသက်ကိုပေးပြီး မင်းကိုတားဆီးရလိမ့်မယ် မိတ်ဆွေ ... ။ ”
အဆုံးသက် သက်ပြင်းချလျက် ခိုင်မာသောအသွင်ဖြင့် ပြောကြားလိုက်သည်။ သူ့ပြိုင်ဘက်သည် ထုံရှောက်အဆင့်၌သာ ရှိသော်လည်း ဓားဘီလူးတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းချေပြီ။
မီးလျှံဥပဒေ၊ အာကာသဥပဒေနှင့် ဓားတာအိုကို တစ်သားတည်းပေါင်းစည်းခြင်းမှ သူ့ခွန်အားသည် တုံ့ယွီအဆင့်ကို ယှဉ်နိုင်၏။
ယခုမူ လူငယ်တစ်ယောက်၏ ဓားတစ်ချက်ဖြင့် လုံးဝပျက်စီးသွားရချေပြီ။ မယုံနိုင်စရာဖြစ်၏။ စုရီက စိတ်ဝင်စားသော အကြည့်ဖြင့်၊
“ အိပ်မက်စားသူက မင်းကိုလမ်းညွှန်ခဲ့တယ်မဟုတ်လား ဘာလို့ အဲဒီဓားကိုမသုံးရတာလဲ။ ”
-ဟု စူးစမ်းလိုက်သည်။
ပိန်ပိန်နှင့် လူကြီးက ခေါင်းခါလိုက်ပြီး၊
“ အဲဒီစီနီယာရဲ့ ဓားအမွေကိုငါ့တာအိုနဲ့ အပြည့်အဝမပေါင်းစပ်နိုင်သေးဘူး ... ဘာလို့လဲ ငါ့ဓားတာအိုက မင်းကိုရင်ဆိုင်ဖို့ မလုံလောက်ဘူးလား။ ”
-ဟု ပြန်ဖြေသည်။
“ ဒီဘက်ခေတ်မှာဆိုရင် မင်းရဲ့ အရည်အချင်းက မဆိုးပါဘူး ထိပ်တန်းအဆင့် ဓာသမားတစ်ယောက်ပဲ ... ရှားပါးတဲ့ ပြိုင်ဘက်ကောင်းပါ ... ။ ”
စုရီမှ မှတ်ချက်ပေးလိုက်၏။ ထိုမှတ်ချက်စကားကြောင့် ပိန်ပန်နှင့်အဖိုးအိုက မျက်ခုံးပင့်သွားသည်။
“ ငါက တကယ်ပဲ မင်းအတွက် ပြိုင်ဘက်ကောင်းလား ... ။ ”
စုရီက ပြုံးသည်။ လောကသခင်အတွက် စစ်မှန်သောပြိုင်ဘက်ဟူသည် ဤအရှေ့ဘက် ကြယ်ဒိုမိန်းအတွင်း တွေ့ရခဲ့ချေပြီ။ ထို့ကြောင့် တွေ့ရခဲသော ပြိုင်ဘက်ကောင်းဟူသည် မည်မျှ လေးနက်ကြောင်း တစ်ဖက်လူ မသိနိုင်ချေ။
“ မင်းမှာ ကိုယ်ပိုင်ဓားတာအိုကို ရှာတွေ့ထားပြီပဲ ဘာလို့တခြားလူရဲ့အမွေနဲ့ ငါ့အမြင်ကို စိတ်ဝင်စားနေရတာလဲ ...
... လက်ရှိအချိန်မှာ မင်းရဲ့ကျင့်ကြံမှုက အားနည်းနေပြီး ချို့ယွင်းချက်တွေရှိနေပါတယ် ဆိုလိုတာက မင်းသုံးခဲ့တဲ့ ဥပဒေစည်းမျည်း စွမ်းအားတွေကို အပြည့်အဝ ...
... မပြသနိုင်သေးဘူး အနာဂါတ်မှာ ဒီဥပဒေစည်းမျဉ်းတွေကို နားလည်မှုပိုလာရင် မင်းရဲ့ဓားတာအိုက ပိုထင်ရှားလာမှာပါ ... ပြဿနာက မင်းရဲ့ယုံကြည်မှုပဲ ...
... ဒီဓားမှာ မင်းက ကိုယ့်ကိုယ်ကို သံသယဝင်နေတယ် ဒါကမင်းအတွက်ရှုပ်ထွေးနဲ့ ဓားတစ်လက်ပဲဖြစ်လာစေတယ် ... ။ ”
“ ငါ့ကိုယ်ငါ သံသယဝင်နေတာလား။ ”
ပိန်ပိန်နှင့်လူကြီးမှ အံ့အားသင့်သွားရသည်။
“ မှန်တယ် ... မင်းရဲ့ဓားတာအိုမှာ ယုံကြည်မှုမရှိဘူး ... ဓားသမားတစ်ယောက်က ဓားထုတ်လိုက်တဲ့အချိန်မှာ အရာအားလုံးကို ငုံ့ကြည့်နိုင်ရမယ် ... ဒါက မောက်မာတာမျိုး မဟုတ်ဘူး ရဲရင့်တဲ့သတ္တိပဲ ...
... မင်းရဲ့ ဓားတာအိုက သေမှာကို မကြောက်ဘူးဆိုတာမှန်ပေမဲ့ ငါ့ကိုသတ်ဖို့ထက် ရှင်သန်ရာလမ်းချန်ပြီး မင်းရဲ့ ဓားတာအိုကို ဘယ်လိုမြင်လဲ မင်းသိချင်နေတယ် ...
... ဒါဟာ မင်းရဲ့ဓားဟာ သေခြင်းနဲ့ရှင်ခြင်းလမ်းမပေါ်ကို လုံးဝဥဿုံ လျှောက်လှမ်းနေတာမျိုးမဟုတ်ဘဲ ယုံကြည်မှု အားနည်းနေသေးတာကိုပြတယ်။ ”
ဤတစ်ကြိမ်တွင် ပိန်ပိန်နှင့်လူကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသလို တုန်ခါသွားတော့၏။ တစ်ဖက်လူစကားမှာ ရိုးရှင်းသော်လည်း အရှိန်ပြင်းသည်။
သူ့နှလုံးသားရှိ အားနည်းချက်ကို သူ မြင်သွားရပြီဖြစ်၏။ ခဏအကြာတွင် လူကြီးက သက်ပြင်းချလိုက်ပြီး၊
“ မင်းရဲ့ စကားတွေက မြူနှင်းတွေကို ဖယ်ရှားပေးပြီး နေမင်းကြီးအလင်းရောင်လို ငါ့ကိုတောက်ပစေပါတယ်။ ”
-ဟု ဆိုကာ အရိုအသေပြုလိုက်သည်။
“ ဒါဆို လမ်းဖယ်ပေးတော့မှာလား။ ”
“ မဟုတ်ဘူး ... ဒါက ငါ့ရဲ့ကတိမို့ ငါစောင့်ထိန်းရမယ် ... ။ ”
“ ကောင်းတယ် ... ။ ”
စုရီမှ သဘောကျသွားပြီး ပြုံးလျက် လက်ဝှေ့ယမ်းလိုက်ရာ အချိန်နှင့် အာကာသ လှိုင်းများရပ်တန့်ကုန်၏။ ပိန်ပိန်နှင့် လူကြီးက မျက်ခုံးပင့်လျက် သူ့ဓားကိုထုတ်လိုက်သည်။
သိုသော် ကျောက်ရုပ်တစ်ရုပ်လို လှုပ်မရတော့ချေ။ အကယ်၍ တစ်ဖက်လူမှသာ ဤဥပေဒေစွမ်းအားကို ထုတ်သုံးသော် ပို၍ပင် ကွာဟချက်ကြီးမားရပေလိမ့်မည်။
“ ဒါနဲ့ ... မင်းနာမည်ဘယ်သူလဲ။ ”
ချုပ်နှောင်မှုမှ လွတ်မြောက်လာချိန်တွင် တစ်ဖက်လူသည် သူ့အနားမှ ဖြတ်ကျော်သွားပြီး ထိုအသံသာလျှင် ပျံ့လွင့်လာခဲ့သည်။
“ ညဲ့ကျန့်ချန် ... ။ ”
ပိန်ပိန်နှင့်လူက ပြန်ဖြေပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထိုစဉ် စုရီသည် သူ့ကို ကျော်ခိုင်းလျက် လေဟာနယ် သလင်းကျောက် တစ်ထောင်ကျော်ကို လောင်ကျွမ်းစေခဲ့၏။
“ ကောင်းပြီ ငါမှတ်ထားလိုက်မယ်။ ”
များမကြာခင် လေဟာနယ် ဥပဒေစည်းမျဉ်းနှင့် အခြားသော ဥပဒေစဉ်းမျဉ်း ပါဝင်သော ဓားတစ်လက်ဖြစ်ပေါ်လာသည်။
“ ဝုန်း ... ။ ”
အဆုံး၌ ထိုဓားသည် အချိန်နှင့် အာကာသဥပဒေလှိုင်းများကို ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖြတ်တောက်သွားခဲ့၏။
တစ်ဆက်တည်းမှာပင် ကြီးမားသော ပြတ်ရွေ့ကြောင်းကြီးပေါ်လာကာ ဝတ်ရုံစများ လွင့်မြောလျက် ပျံသန်းသွားတော့သည်။
“ အရှေ့ပိုင်းကြယ်ဒိုမိန်းထဲမှာ ... ဒီလို ကြောက်စရာကောင်းတဲ့ လူငယ်ဓားသမားမျိုး ဘယ်တုန်းက ပေါ်လာတာလဲ ... ။ ”
ညဲ့ကျန့်ချန်က အချိန်နှင့်အာကာသ ဥပဒေစည်းမျဉ်းများ ပြန်ပိတ်သွားသည်ကို ငေးကြည့်လျက် သက်ပြင်းချလိုက်တော့၏။
***
အခန်း ၉၅၈ -
လိပ်အိုကြီး၊ ကျောက်စိမ်းပင်လယ်နှင့် အင်မော်တယ်နန်းတော်။
ကျယ်ပြောလှသော အပြာရောင် ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ နိမ့်တုံမြင့်တုံ စီးဆင်းနေသည်။ ကမ်းခြေတစ်လျှောက်တွင်မူ ထူးဆန်းသော ကျောက်တုံးကြီးများရှိနေ၏။
လှိုင်းလုံးများသည် ကမ်းခြေသို့ အပြေးဝင်ကာ အဆိုပါကျောက်ဆောင်များထံ ဝုန်းကနဲ၊ဝုန်းကနဲ ရိုက်ခတ်နေကြသည်။
စုရီက ကျောက်ဆောင်တစ်ခုပေါ်တွင် ရပ်လျက်အဝေးသို့လှမ်းကြည့်၏။ ဤသည်မှာ နတ်ဘုရားနိုင်ငံတော်ပေပင်။
နတ်ဘုရားနယ်ပယ် တစ်စုံတစ်ဦးမှ ချန်ထားရစ်ခဲ့သော ဒဏ္ဍာရီလာပုံရိပ်ယောင် နယ်မြေကြီးဖြစ်၏။
ထိုဝင်ပေါက်ကို ဖြတ်ကျော်လာစဉ်က အချိန်နှင့် အာကာသတို့ လည်ပတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဤနေရာ၌ ပေါ်လာခြင်းပေပင်။
မျက်စိတစ်ဆုံး အဆုံးမရှိသော အပြာရောင်ရေပြင်နှင့် ကောင်းကင်ယံထက်တွင် လွင့်မျောနေသော တိမ်စိုင်များသာမြင်ရမည်။ နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံမျိုးမဟုတ်ဘဲ လျှို့ဝှက် နယ်မြေတစ်ခုနှင့်သာ တူနေသည်။
နတ်အာရုံကို ဖြန့်ကြက်လိုက်ရာ ပတ်ဝန်းကျင်လေထုထဲ၌ အလွန်ထူးခြားသည့် ဝိညာဉ်စွမ်းအင်များ ရှိနေ၏။
ထိုစွမ်းအင်ကြိုးမျှင် တစ်ခုချင်းစီသည် တောင်တန်းကြီးတစ်ခုကိုပင် ဖိခြေနိုင်လှသည့် တာအိုစွမ်းအားများဖြင့် ပြည့်နှက်နေသည်။
“ ဝှစ် ... ။ ”
စုရီမှ လက်ကိုဆန့်ထုတ်ကာ ဝိညာဉ်စွမ်းအင်တစ်စ ဖမ်းယူလိုက်၏။ ဝိညာဉ် စွမ်းအင်မှာခေါ်ယူခံရသကဲ့သို့ သူ့လက်ချောင်း ထိပ်ဖျားတွင်ရစ်ဝဲနေသည်။
“ ဒါ ... အင်မော်တယ်ချီလား ... ။ ”
စုရီမှ စိတ်လှုပ်ရှားသွားသည်။ ဤဝိညာဉ်စွမ်းအင်များသည် ကြည်လင်သော ပယင်းကျောက်လိုပေပင်၊။ အတွင်း၌ တာအို ဥပဒေစွမ်းအားများ လျှံထွက်နေ၏။
သိပ်သည်းပြီး သန့်စင်လွန်းသည်။ သေမျိုးလောကရှိ ဝိညာဉ်စွမ်းအင်များထက် များစွာသာလွန်ချေပြီ။ တစ်ဆက်တည်းမှာပင် ဒဏ္ဍာရီအချို့ကို ပြန်လည်သတိရသွားသည်။
ထိုဒဏ္ဍာရီထဲတွင် အင်မော်တယ်အဖြစ် ကူးပြောင်းနိုင်သူများသည် အင်မော်တယ်များ ကမ္ဘာသို့ ရောက်ရှိနိုင်ကြ၏။
ထိုနေရာတွင် ၎င်းတို့သည် အင်မော်တယ်ချီကိုစားသုံးပြီး ထာဝရတာအိုနှင့် သက်တမ်းများ တည်ဆောက်နိုင်မည်။
အကယ်၍သာ ဤနေရာသည် အင်မော်တယ်ကမ္ဘာမှ ချန်ရစ်သောသန့်စင်သည့် နယ်မြေတစ်ခုသာ မှန်ကန်ပါက အင်မော်တယ် နယ်ပယ်သည် တကယ်ရှိချေပြီ။
ထို့နောက် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံမှုစတင်လိုက်၏။ ပတ်ဝန်းကျင်ရှိ တာအို ဥပဒေစည်းမျဉ်းများ မိုးရေများကဲ့သို့ ခန္ဓာကိုယ် အတွင်းဝင်ရောက်လာသည်။
ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလျက် ထူးဆန်းသော ခံစားချက်များ ပေါ်လာတော့၏။ အရေပြား၊ အသား၊ အရိုး၊ အကြောနှင့် အတွင်း အင်္ဂါအစိတ်အပိုင်းများ အားလုံးကို မကြုံစဖူး ထူးကဲစွာ အားဖြည့်ခံနေရသည်။
ကျင့်ကြံမှုသည်လည်း ပြင်းပြသော မီးဖိုကြီးတစ်ခုကဲ့သို့ တောက်လောင်လာခဲ့၏။ ဆယ်မိနစ်မပြည့်မီမှာပင် ကျင့်ကြံမှုမှာ တိုးတက်လာသည်။
များမကြာမီ ထုံရှောက်အဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် နီးကပ်သွားပြီဖြစ်သည်။
စုရီတစ်ယောက် ထိုသို့ကျင့်ကြံနေစဉ် အဝေးမှရေပြင်တွင် လှိုင်းလုံးကြီးများထလာပြီး လိပ်ကြီးတစ်ကောင် ပေါ်လာ၏။ ၎င်းအခွံသည် ကြီးမားသော ပလ္လင်တစ်လုံးကဲ့သို့ ဖြစ်ပြီး ဦးခေါင်းမှာ အိမ်တစ်လုံးနီးပါးပေပင်။
“ ငါ့ရဲ့သူငယ်ချင်းလေး ... မင်းက အင်မော်တယ်အဖြစ် ကူးပြောင်းဖို့လာတာလား။ ”
လိပ်ကြီး၏ နက်ရှိုင်းလှသောအရပ်မှ ပဲ့တင်သံအလား ကောင်းကင်နှင့် မြေကြီးကြား ဟိန်းထွက်လာသည်။ စုရီမှ မျက်ဝန်းများ ဖွင့်ကာ၊
“ မင်းနဲ့ ဘာဆိုင်လဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ဒီနေရာကို ‘ကျောက်စိမ်းပင်လယ်’လို့ ခေါ်တယ် ဒီမှာကံပါတဲ့လူတွေသာရောက်နိုင်တဲ့ အင်မော်တယ်အကြွင်းအကျန်တွေရှိတယ် ...
... ဒီအဘိုးလိပ်က ဒီပင်လယ်ရဲ့လမ်းပြပဲ ငါ့ရဲ့တာဝန်က ကံပါလို့ရောက်လာတဲ့သူတွေကို ကြိုဆိုဖို့ပဲ ... လာ မြန်မြန်တက်လာခဲ့။ ”
“ ကောင်းပြီ ... ။ ”
ထိုစကားကြောင့် စုရီမှပြုံးလိုက်ကာ ကျောခွံပေါ်ပျံသန်းသွားခဲ့သည်။ လိပ်ကြီးသည် ကျောက်စိမ်းပင်လယ်၏ အနက်ပိုင်းဆီသို့ စတင်ကူးခတ်သွားတော့၏။
“ ဝုန်း ... ဝရော။ ”
ရေလှုင်းပုတ်သံများ ဆူညံနေ၏။
“ မင်းနာမည် ဘယ်လိုခေါ်လဲ ငါ့မိတ်ဆွေလေး။ ”
“ စုရီ ... ဒီပင်လယ်ထဲမှာ အင်မော်တယ် အကြွင်းအကျန်တွေရှိတယ်ဆိုတာ ... တကယ်ပဲ အင်မော်တယ်တွေထားခဲ့တဲ့ အမွေတွေလား။ ”
“ ဒါပေါ့ ... ဒီအဘိုးလိပ်က ဒီပင်လယ်ကြီးထဲမှာပဲ ကြီးပြင်းလာခဲ့ရတာပါ အရပ်မျက်နှာခြောက်ပါး အင်မော်တယ် နန်းတော်ရဲ့ လမ်းညွှန်မှုရခဲ့လို့ ဒီလိုဉာဏ်အလင်းရနေတာ ...
... အဲ့ဒီအချိန်ကစပြီး ငါဒီပင်လယ်ကြီးရဲ့ လမ်းပြအဖြစ်လုပ်လာတာ အခုဆိုရင် မင်းလိုမျိုး အင်မော်တယ်ဖြစ်ချင်တဲ့သူတွေ အများကြီးကို ကူညီပေးခဲ့ဖူးပြီးပြီ။ ”
“ ကျောက်စိမ်းပင်လယ်ရဲ့ အရပ်မျက်နှာခြောက်ပါး အင်မော်တယ် နန်းတော်လား။ ”
စုရီက စဉ်းစားလျက်၊
“ အဲ့ဒီအင်မော်တယ်တွေက အခုထိရှိနေသေးတာလား။ ”
-ဟု ထပ်မေးလိုက်သည်။ လိပ်ကြီးက ခေါင်းခါလျက် သက်ပြင်းချကာ၊
“ ကြာလှပြီ ... အင်မော်တယ်တွေ ထွက်ခွာသွားတာ သူတို့ဘယ်ကိုသွားလဲဆိုတာ ငါလည်းမသိဘူး။”
-ဟု ပြန်ဖြေ၏။ လိပ်ကြီးက စုရီကိုပို၍ နက်ရှိုင်းသော ရေပြင်ဆီသို့ ခေါ်ဆောင်သွားစဉ် စကားစမြည်များ ပြောကြားလာခဲ့သည်။
ထို့ကြောင့် ထူးဆန်းသောအချက်ကို သတိထားမိလာသည်။ ယင်းသည် ဤလိပ်ကြီး မှတ်ဉာဏ်၌ ပြဿနာများ ရှိနေခြင်းဖြစ်၏။
၎င်းသည် များလှစွာသော အချက်အလက်များကို မမှတ်မိတော့ချေ။ ဥပမာ လမ်းပြပြီးနောက် ထိုသူများမည်သည့်အရပ်သို့ ရောက်ရှိကုန်သည်၊ အင်မော်တယ် နန်းတော် မည်သည့်အရပ်၌ရှိနေသည် စသည်တို့ဖြစ်၏။
“ အိုး ... ငါ မှတ်မိပြီ ... ကျောက်စိမ်းပင်လယ်ရဲ့ အမြင့်မြတ်ဆုံးအရပ်ကို အင်မော်တယ်တောင်လို့ခေါ်တယ် ... ။ ”
လိပ်ကြီးက ရုတ်တရက် အော်ပြောလိုက်သည်။ သို့သော် ချက်ချင်း ရှုပ်ထွေးလာကာ၊
“ ဟုတ်တယ် ... ဒါပေမယ့် အဲဒီအင်မော်တယ်နတ်တောင် ဘယ်အရပ်မှာ ရှိနေလဲ ငါတကယ်မသိတော့ဘူး။ ”
-ဟု ခေါင်းငိုက်စိုက်ကျသွားတော့၏။
“ ဟမ့် ... ဒါဆို မင်းငါ့ကို ဘယ်ခေါ်သွားနေတာလဲ။ ”
ဤလိပ်ကြီးတွင် အန္တရာယ်ပေးလိုသော အရိပ်အယောင်မျှမရှိသဖြင့် စုရီမှသက်ပြင်းချပြီး မေးမြန်းခဲ့သည်။ မဟုတ်သော် ဤသားရဲသည် သူ့ကိုလိမ်ညာနေသည်ဟုပင် ထင်မိပေမည်။
“ ငါမသိဘူး ... ။ ”
“ ဟမ့် ... ။ ”
လိပ်ကြီးမှာ စိတ်ပျက်သွား၏။ စုရီသည်လည်း ဆွံ့အသွားပြီး စဉ်းစားရကျပ် လာခဲ့သည်။
“ မေ့လိုက်ပါ ... မင်းရဲ့နှလုံးသားအတိုင်း ဆက်သွားပါ။ ”
စုရီက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံမှုကိုစတင်လိုက်၏။ မည်သို့ပင်ဆိုစေ လိပ်ကြီး၏ဗီဇအသိအရ ဦးတည်ရာတစ်ရပ်ထံ သွားနိုင်ကြောင်း သူသိသည်။
ဤသို့ဖြင့် လိပ်တစ်ကောင်နှင့် လူတစ်ယောက်သည် ကျယ်ပြောလွန်းလှသော ပင်လယ်ပြင်ကြီးတွင် ကူးခတ်နေတော့၏။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
“ ဂျိန်း ... ။ ”
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်ကြီးမှောင်မိုက်လာ၏။ ပင်လယ်မှာ မငြိမ်သက်တော့ဘဲ လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ကြားလာရသည်။ လိပ်ကြီးခမျာ ဇဝေဇဝါ ဖြစ်လာ၏။
“ ကျောက်စိမ်းပင်လယ်က အမြဲတမ်းအေးချမ်းနေတာပါ လေမုန်တိုင်းတွေ တိုက်လာရင်တောင် အင်မော်တယ်တွေက အမြဲတမ်း ငြိမ်းသက်ပေးတတ်ပါတယ် အခုဘာလို့ ဒီလို ဖြစ်နေတာလဲ ... ။ ”
စုရီက မျက်ဝန်းများဖွင့်ကာ အဝေးသို့ ကြည့်လျက် သက်ပြင်းချလိုက်၏။
“ မင်း အခုထိ နားမလည်သေးဘူးလား ... ငါတို့ကခေတ်တွေမတူကြဘူး။ ”
“ ဟမ့် ... ခေတ်မတူတော့ဘူးလား ... ငါ့မိတ်ဆွေလေး ... အခုက ဘယ်နှစ်လဲဆိုတာ ငါ့ကိုပြောပြနိုင်မလား။ ”
စုရီမှ ခဏမျှစဉ်းစားလိုက်ပြီး၊
“ ရှင်းပြဖို့ ခက်လိမ့်မယ် မင်းမှတ်မိတဲ့အရာအားလုံး ပျောက်ကွယ်ခဲ့တာ ကြာနေပြီ။ ”
“ ဒါဆို ငါတကယ်ပဲ အိုမင်းသွားတာပဲ ... တစ်ခါတလေ ငါ့ရဲ့အသိစိတ်တွေဝေဝါးနေခဲ့ပြီး အတိတ်ကိုမှတ်မိဖို့ တော်တော်ခက်တယ် ... ။ ”
လိပ်ကြီးက စိတ်မကောင်းစွာ ဆိုသည်။ အဝေးတွင်ကျောက်စိမ်းပင်လယ်သည် လှိုင်းများ ထကြွနေပြီး မိုးခြိမ်းသံများနှင့် ကောင်းကင် တုန်ဟည်းနေတော့၏။
“ လုံလောက်ပြီ ... ။ ”
စုရီက ထရပ်လိုက်သည်။
“ မင်း ကြောက်နေတာလား ... ရှေ့ဆက်ဖို့ မရဲတော့ဘူးလား မကြောက်ပါနဲ့ငါလမ်းပြသရွေ့ မင်းဘာမှမဖြစ်စေရပါဘူး။”
“ ငါ့ယုံတယ် ... မင်းငါ့ကိုအန္တရာယ်ပြုမှာ မဟုတ်ဘူးဆိုတာ ဒါပေမဲ့ အဲဒီအိပ်မက်စားသူက ဒီလောက် စိတ်ကောင်းရှိမှာ မဟုတ်ဘူး။ ”
“ အိပ်မက်စားသူလား ... ။ ”
“ ကလန် ... ။ ”
လိပ်ကြီးမှ မှင်သပ်သွားသည်။ ထိုစဉ် ဓားမြည်သံတစ်သံ ရုတ်တရက်ထွက်လာခဲ့၏။ စုရီက လက်ချောင်းများတွင် ဓားကိုစုလိုက်ပြီး လိပ်ကြီးဦးခေါင်းထံ ခုတ်ပိုင်းချလိုက်သည်။
“ ပလွတ် ... ။ ”
လိပ်ကြီးခေါင်းမှာ ချက်ချင်းပြတ်သွားပြီး ကြီးမားလှသောခန္ဓာကိုယ်ကြီးမှာ ပဲ့ကြွေပျက်စီး သွားတော့သည်။
“ မင်းဘာလို့ ငါ့ကိုတိုက်ခိုက်တာလဲ မိတ်ဆွေလေး .. .။ ”
လိပ်ကြီးဝိညာဉ်က ပင်လယ်ပြင်ထက်၌ ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်မေးမြန်းလာ တော့သည်။ စုရီက သက်ပြင်းချကာ၊
“ တကယ်တော့ မင်းသေသွားတာ ကြာနေပါပြီ အခုမင်းငါနဲ့ ဒီမှာစကားပြောတာ တစ်စုံတစ်ယောက်က အသုံးချနေလို့ပဲ ...
... သူက ... မင်းရဲ့ကျိုးပဲ့နေတဲ့ ဆန္ဒဝိညာဉ်အပိုင်းအစလေးက စွဲလမ်းမှုတွေကို နှိုးဆွပြီးခိုင်းစေနေတာ။ ”
“ တကယ်ပဲလား။ ”
“ မင်းကြည့်လိုက် ... ။ ”
စုရီက ခေါင်းညိတ်ပြကာ လေထဲ ခုန်တက်လိုက်တော့သည်။ သူ့ဝတ်ရုံစများသည် လေထဲလွင့်မြောသွားပြီး ဓားအလင်းတန်းတစ်ခု ဖြာကျလာ၏။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
“ ဝုန်း ... ။ ”
ကောင်းကင်ကြီး ကွဲအက်သွားကာ ကျောက်စိမ်းပင်လယ်ပြင် နှစ်ခြမ်းကွဲသွားခဲ့၏။ တိမ်တိုက်များ၊ မိုးခြိမ်းသံများနှင့် မုန်တိုင်းများ အားလုံး ရေပူပေါင်းများကဲ့သို့ ပေါက်ကွဲ ပျောက်ကွယ်သွားလေသည်။
ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားပြီး မြင်ကွင်းမှာ ချက်ချင်းပြောင်းလဲလာတော့၏။ ယင်းသည် ခြောက်သွေ့ပြီး လူသူကင်းမဲ့သော မြေလွတ်မြေရိုင်းတစ်ခုပေပင်။
ကောင်းကင်မှာ အုံ့မှိုင်းနေပြီး မြေပြင် ပျက်စီးနေသည်။ မြက်တစ်ပင်ပင် မပေါက်သလို သက်ရှိအရိပ်အယောင်လည်း မရှိချေ။
လေထဲတွင် သေခြင်းတရား၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသော မြေပြင်နှင့် တူနေသည်။
စုရီရှေ့တွင်မူ လိပ်ခွံအပိုင်းအစများ ပြန့်ကျဲနေသော အသေကောင်အရိုးစုကြီးတစ်ခု ရှိနေခဲ့၏။
“ ဒါက ... ။ ”
လိပ်ကြီး၏ ဝိညာဉ်မှာ တုန်လှုပ်သွားပြီး ၊
“ ငါ ... ငါတကယ်ပဲ... သေသွားပြီလား။ ”
-ဟု တုန်ရီသောအသံဖြင့် မေးလိုက်သည်။
“ ငါတို့တွေ့ဆုံတာ အတိတ်နဲ့ ပစ္စုပ္ပန် ပေါင်းစပ်ခွင့်ရသွားတာပဲ ငါမင်းကိုတကယ်ပဲ လွတ်မြောက်အောင်ကူညီသင့်တယ်။ ”
စကားဆုံးသည်နှင့် စုရီလက်မှ အဆုံးသတ်ဥပဒေနိယာမများ မီးလျှံများအဖြစ် ထွက်ပေါ်လာကာ ထိုလိပ်ကြီးပေါ်သို့ ကျဆင်းသွားတော့သည်။
“ ကျေးဇူးတင်ပါတယ် ငါ့မိတ်ဆွေ။ ”
လိပ်ကြီးမှ ငြိမ်သက်စွာကြည့်ပြီး ဝိညာဉ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့ မျက်နှာတွင် ကြောက်ရွံ့မှုများအစား အေးချမ်းမှု၊ လွတ်မြောက်မှုတို့ အစားထိုးသွား၏။
စုရီက အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကြီးမားလှသော ချောက်ကမ်းပါး တစ်ခု ရှိနေပြီး ၎င်းထံမှမြူများနှင့် မိုးခြိမ်းသံများ ထွက်ပေါ်နေချေပြီ။
အဝေးမှကြည့်လျှင်ပင် အရိုးကွဲလုနီးပါး အေးစက်ပြီး အန္တရာယ်ရှိသောအရိပ်အယောင် အချို့ကို ခံစားရသည်။
ဤကျောက်စိမ်းပင်လယ်နှင့် လိပ်အိုကြီးတို့သည် တစ်စုံတစ်ယောက်မှ ဖန်တီးထားသော ပုံရိပ်ယောက်များသာဖြစ်၏။
အကယ်၍သာ လိပ်ကြီးကိုအချိန်မီ မတားဆီးခဲ့လျှင် ထိုကြောက်စရာကောင်းသော ချောက်တက်ကြီးသို့ ခေါ်ဆောင်သွား ပေလိမ့်မည်။
“ ဝှစ် ... ။ ”
ရုတ်တရက် ချောက်ကမ်းပါးကြီးထဲမှ အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး စုရီဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ ယင်းသည် ဓားကျိုးတစ်လက် ဖြစ်ချေတော့၏။
***