← Chapters

အခန်း (၄၀၁-၄၀၂)

Vol. 38 Ch. 401-402

အခန်း (၄၀၁-၄၀၂)

Vol. 38 Ch. 401-402

အခန်း (၄၀၁)။

ရှေးဟောင်း သူတော်စင်ဧကရာဇ်၏ ချပ်ဝတ်ကို ထီးနန်းဆက်ခံသူ ကောင်းကင်ဘုံ သားတော်က သူ၏ စစ်ပွဲများတွင် ဝတ်ဆင်ခဲ့ကြသည်။ ၎င်းသည် အထက်ကောင်းကင်ဘုံ ၏ အလိုဆန္ဒနှင့် အောက်မြေပြင်၏ အလိုဆန္ဒတို့ကို တစ်ပါတည်း သယ်ဆောင်ထားသည်။ ၎င်းသည် ရှေးဦးကာလကတည်းက အစွမ်းထက်ဆုံးဖြစ်သည့် နံပါတ်တစ် စစ်လက်နက် ပစ္စည်းတစ်ခု ဖြစ်ပေသည်။

ဘုရင်သည် ထိုချပ်ဝတ်ကို ဝတ်ဆင်ကာ အရပ်ရပ်သို့ စစ်ချီခဲ့သည်။

၎င်းကို "တော်ဝင်ကောင်းကင်”ဟု ခေါ်ဆိုကြသည်။

"ငါ ဒီချပ်ဝတ်ကို မဝတ်ဖြစ်တာ နှစ်ပေါင်း ၂၀ တောင် ရှိသွားပြီပဲ။"

ဟုန်ရွှန်ကျိသည် ဧကရာဇ် ယန်ဖန်၏ အသံကို နားထောင်ရင်း၊ ရွှေရောင်ဟင်းလင်းပြင်ထဲ တွင် ချိတ်ဆွဲထားသော ချပ်ဝတ်တန်ဆာကို ကြည့်လိုက်သည်။ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါတစ်ခုက သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။

"ထီးနန်းဆက်ခံသူ ကောင်းကင်ဘုံသားတော်က အထက်ကနေ အုပ်ချုပ်တယ်၊ ဧကရာဇ် ကတော့ ကောင်းကင်လမ်းစဉ် (ကောင်းကင်တာအို) အတွက်ပဲ တာဝန်ရှိတယ်။ စစ်မက်နဲ့ သတ်ဖြတ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကိုတော့ ဝန်ကြီးချုပ်တွေကပဲ ကိုင်တွယ်ရမှာပါ။ ဝန်ကြီးချုပ်က တော်ဝင်နန်းတွင်းကို အုပ်ချုပ်ပြီး ကမ္ဘာမြေကြီးကို စီမံရမယ်၊ ပြီးတော့ ကောင်းကင်ဘုံသားတော်အပေါ်မှာ တာဝန်ခံရမယ်။ ဒါဟာ မင်းနဲ့ ဝန်ကြီးချုပ်တို့ကြားက မှန်ကန်တဲ့ ကျင့်ဝတ်ပဲ" ဟုန်ရွှန်ကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

ယန်ဖန်၏ မျက်နှာအမူအရာမှာ မည်သည့်ခံစားချက်မျှ မရှိပေ။ သူသည် လက်ကို ဝှေ့ယမ်း လိုက်ရာ ခန်းမအတွင်းရှိ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ ရွှေရောင်သံကြိုးများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထိုသံကြိုးများသည် "ကောင်းကင် နဂါးဘုရင်ချပ်ဝတ်"ကို ဝန်းရံချည်နှောင်ထားကြသည်မှာ ရှေးဦးနဂါးကြီးတစ်ကောင်ကို ချုပ်နှောင်ထားသည့်အလားပင်။

ရွှေရောင်သံကြိုးများ ပေါ်လာပြီးနောက် ထိုကောင်းကင်နဂါးဘုရင် ချပ်ဝတ်သည် ကိုယ်ပိုင် အသိစိတ် ရှိလာသည့်အလား ဖြစ်သွားတော့သည်။ ၎င်းက တစ်စုံတစ်ခုကို အာရုံခံမိသကဲ့ သို့ နဂါးဦးခေါင်းပုံစံ ခေါင်းဆောင်း၏ နှာခေါင်းပေါက်များမှာ လှုပ်ရှားလာပြီး အမှန်ပင် အသက်ရှူစ ပြုလာတော့သည်။

ဟူး... ဟူး...

ဤချပ်ဝတ်တန်ဆာမှာ အမှန်တကယ်ပင် အသက်ရှူနိုင်နေခြင်း ဖြစ်သည်။ အသက်ရှူသံ မှာလည်း အလွန်ကျယ်လောင်ပြီး မိုးကြိုးပစ်သံကဲ့သို့ပင် ပြင်းထန်သော နှာမှုတ်သံများ ထွက်ပေါ်နေကာ "တော်ဝင်ကောင်းကင် ကျောက်စိမ်းတံဆိပ်တော်" အတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။

ဝုန်း... ဝုန်း... ဝုန်း... ဤချပ်ဝတ်၏ အသက်ရှူနှုန်းမှာ လူသားအင်မော်တယ် တစ်ဦးထက် ပင် ပိုမိုအားကောင်းနေသည်။ ရှေးဟောင်းနဂါးကြီးတစ်ကောင်က ချပ်ဝတ်တန်ဆာအဖြစ် အမှန်တကယ် ပြောင်းလဲသွားသည့်အလားပင်။ ရှေးဟောင်းနဂါး ဆိုသည်မှာ နဂါးအပေါင်း တို့၏ ဘိုးဘေးပင် ဖြစ်သည်။

"မင်းရဲ့ အချုပ်အနှောင်တွေကို ဖျက်ဆီးပြီး ငါ့ခန္ဓာကိုယ်ဆီ ပြန်လာခဲ့စမ်း။ နဂါးတို့ရဲ့ ဘိုးဘေး... ချပ်ဝတ်အဖြစ် ပြောင်းလဲပြီး ငါနဲ့အတူ စစ်မြေပြင်ကို လိုက်ခဲ့။ ငါတို့ နောက်တစ်ကြိမ် တိုက်ခိုက်ကြစို့၊ ဟင်းလင်းပြင်ကို ရိုက်ခွဲပြီး အတိုင်းအဆမဲ့ ကမ္ဘာကြီးရဲ့ တစ်ဖက်ကမ်းခြေကို ရောက်အောင် ငါနဲ့အတူ သွားကြစို့။ 'ကောင်းကင်နဂါးဘုရင် ချပ်ဝတ်'... မင်းဟာ 'ဖန်ဆင်းခြင်းသင်္ဘော'ကို စီးနင်းမှပဲ တစ်ဖက်ကမ်းကို ကူးမြောက်နိုင် မှာ၊ မဟုတ်ရင်တော့ စိတ်တောင်မကူးနဲ့"

ဟုန်ရွှန်ကျိသည် အသက်ရှူနေသော နဂါးဦးခေါင်းကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ တောက်ပလာသည်။

ထိုသို့ပြောနေစဉ် သူ၏ အသံမှာ ပိုမိုကျယ်လောင်လာပြီး၊ သူ၏ အသက်ရှူသံမှာလည်း နဂါးချပ်ဝတ်၏ အသက်ရှူနှုန်းနှင့် တဖြည်းဖြည်း ထပ်တူကျလာသည်။ နဂါးတစ်ကောင်၏ အသက်ရှူသံနှင့် လူသားအင်မော်တယ်၏ အသက်ရှူသံတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ် သွားပြီး ပဲ့တင်ထပ်မှုမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

ဝုန်း...

သူတို့၏ အသက်ရှူသံများ လုံးဝထပ်တူကျသွားသောအခါ ချပ်ဝတ်ဆီမှ ပြင်းထန်သော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ချပ်ဝတ်တစ်ခုလုံး ပြင်းထန်စွာ ပြောင်းလဲသွားပြီး လက်သည်းခြေသည်းများ၊ စွယ်များဖြင့် ပြည့်နှက်နေသော နီရဲသည့် ရွှေရောင်နဂါးကြီးတစ်ကောင် ဖြစ်သွားတော့သည်။

ဤသောင်းကျန်းနေသော နဂါးကြီးမှာ သာမန်နဂါးများနှင့် လုံးဝမတူပေ။ ရှည်လျားသော လက်သည်းများနှင့် အကြေးခွံများမှာ ရှေးကျပြီး မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ် နေသည်။ ၎င်းသည် နဂါးအပေါင်းတို့၏ မူလအစအလားပင်။ နဂါးကြီးသည် အစွမ်းကုန် ဟိန်းဟောက်လိုက်ရာ ခန္ဓာကိုယ်က တုန်ခါသွားပြီး... ဂျွတ်... ဂျွတ်... ဂျွတ်... ဟူသော ပေါက်ကွဲသံများနှင့်အတူ ဝန်းရံထားသော ရွှေရောင်သံကြိုးများအားလုံး ပြတ်တောက်သွား တော့သည်။

သံကြိုးများ ပြတ်တောက်သွားပြီးနောက် ထိုနဂါးကြီးသည် ဟုန်ရွှန်ကျိဆီသို့ တဟုန်ထိုး ပျံဝင်သွားတော့သည်။ ဟုန်ရွှန်ကျိမှာမူ အကြောက်အလန့်မရှိဘဲ သူ၏ မျက်နှာတွင် အပြုံး ဖျော့ဖျော့တစ်ခု ပေါ်လာပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ နဂါးကြီးသည် ချက်ချင်းပင် ဟုန်ရွှန်ကျိ၏ လက်အောက်တွင် အညံ့ခံသွားတော့သည်။ ၎င်းသည် ရှေးခေတ် သူတော်စင် ဧကရာဇ်တို့၏ အုပ်ချုပ်မှုလမ်းစဉ်နှင့် သက်ဆိုင်သော၊ ခေတ်အဆက်ဆက် နန်းဆက်များ ကို ထူထောင်ခဲ့သည့် ဧကရာဇ်တို့၏ အရှိန်အဝါကို သယ်ဆောင်ထားသော မင်းဆက်များ၏ နဂါးဝိညာဉ်ပင် ဖြစ်ပေသည်။

ထိုအခါ သောင်းကျန်းနေသော နဂါးကြီးသည် ရုတ်တရက် ကျုံ့သွားပြီး သေးငယ်သော ရွှေရောင်နဂါး ဝိညာဉ်ပုံရိပ်အဖြစ် ပြောင်းလဲကာ ဟုန်ရွှန်ကျိ၏ မျက်ခုံးကြားသို့ တိုးဝင်ပြီး ရိုက်နှိပ်စွဲထင်သွားတော့သည်။

ထို့နောက် ဟုန်ရွှန်ကျိ၏ မျက်ခုံးအလယ်နှင့် သူ၏နဖူးပြင်တစ်ခုလုံးတွင် ရွှေရောင်နဂါး၏ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာသည်။ သေချာစိုက်ကြည့်လျှင်မူ ၎င်းမှာ ပုံရိပ်ယောင် တစ်ခု အလားပင်။

ဤနည်းဖြင့် သူ၏ ခန္ဓာကိုယ်မှာ ဤလောကရှိ နတ်ဘုရားအပေါင်းတို့၏ ဘုရင်တစ်ပါး အလား တိုင်းတာ၍မရသော ဆန်းကြယ်သည့် အငွေ့အသက်များ ရရှိသွားတော့သည်။

သူ၏ အတွေးတစ်ချက်ဖြင့်ပင် သူ၏တစ်ကိုယ်လုံးတွင် လက်ဝါးအရွယ်အစားရှိသော နဂါး အကြေးခွံများ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ခေါင်းပေါ်တွင် ချိုများနှင့် နဂါးနှုတ်ခမ်း မွေးများ ပေါ်လာပြီး၊ နဂါးဦးခေါင်းပုံစံ ခေါင်းဆောင်းတစ်ခုလည်း ဆောင်းထားပြီးသား ဖြစ်သွားသည်။

သူ၏ လက်ဖဝါးများပေါ်တွင်လည်း အကြေးခွံများ ပေါ်လာပြီး၊ လက်နှစ်ဖက်စလုံးမှာ သန်မာလှသော နဂါးလက်သည်းများအဖြစ် လုံးဝပြောင်းလဲသွားသည်။ သူ၏ ရှည်လျားပြီး ထက်မြက်သော လက်သည်းများသည် ဤလောကရှိ မည်သည့် မာကျောသည့် ပစ္စည်းကို မဆို ဖောက်ထွင်းနိုင်စွမ်း ရှိသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်သည် မြေပြင်မှ ကြွတက်သွားပြီး လေထဲတွင် တောင်ကြီး တစ်လုံးအလား မလှုပ်မယှက် ငြိမ်သက်စွာ ဝဲပျံနေတော့သည်။

"အံ့ဩစရာပဲ ဟုန်ရွှန်ကျိ။ မင်းရဲ့ လက်သီးဆန္ဒက ဒီလောက်အထိ ကျယ်ပြောလိမ့်မယ်လို့ ငါမထင်ထားဘူး၊ 'ကောင်းကင်နဂါးဘုရင်ချပ်ဝတ်' ကိုတောင် မင်း ထိန်းချုပ်နိုင်နေပြီပဲ။ ဒီချပ်ဝတ်ကို ဘာနဲ့ပြုလုပ်ထားမှန်း ငါမသိပေမဲ့ ဒါတစ်ခုတည်းနဲ့တင် အတိုင်းအဆမဲ့တဲ့ နတ်ဘုရားစွမ်းအားတွေ ရရှိနေပြီ။ ဟုန်ရွှန်ကျိ... အခု မင်း ဘယ်လောက် အစွမ်းထက်နေ လဲဆိုတာ ငါ ခံစားလို့ရတယ်။ ငါ့လိုလူမျိုး နောက်ထပ် ၅ ယောက်ရှိရင်တောင် မင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ငါတို့ အားလုံးကို မင်းက သတ်ပစ်နိုင်တယ်၊ ငါတို့ လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး။"

ဟုန်ရွှန်ကျိက ကောင်းကင်နဂါးဘုရင်ချပ်ဝတ်ကို ထိန်းချုပ်ဝတ်ဆင်ပြီး နဂါးဦးခေါင်းနှင့် လူသားခန္ဓာကိုယ်ရှိသော ရှေးခေတ်နတ်ဘုရားကြီးအဖြစ် ပြောင်းလဲသွားပြီးနောက် ယန်ဖန်၏ နောက်ကွယ်တွင် လူတစ်ယောက် ပေါ်လာသည်။

ထိုလူမှာ အလွန်အရပ်ရှည်ပြီး ကျောတွင် ကြီးမားလှသော ဆေဘာကြီးတစ်လက်ကို လွယ်ထားသည်။ ဆေဘာလက်ကိုင်မှာ သွေးဖြင့် ဆိုးထားသည့်အလား နီရဲနေသည်။ ထိုဆေဘာမှာ သူ၏ အရပ်အတိုင်း ၉ ပေခန့် ရှည်လျားပြီး 'ဖြိုခွဲခြင်းဆေဘာ' ထက်ပင် နှစ်ဆခန့် ပိုကြီးလေသည်။

ဤလူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက နာမည်ကျော်ကြားပြီး ကျောက်စိမ်းမြို့တော် အပြင်ဘက်တွင် ဟုန်ယွိကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သော ဆေဘာသူတော်စင် 'ဂွန်ယန်ယု' ပင် ဖြစ်သည်။

"ဂွန်ယန်ယု... မင်းရဲ့ စွမ်းအားတွေ အခု ဘယ်လိုလဲ။ မင်းရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ မဟုတ်လား။" ဟုန်ရွှန်ကျိက လေထဲတွင် ဝဲပျံနေရင်း မေးလိုက်သည်။

"ဧကရာဇ်အကြံပေးကလည်း လူသားအင်မော်တယ် တစ်ယောက်ပဲ၊ မင်းရဲ့ ကျင့်ကြံမှုက ငါ့ထက် အများကြီး ပိုမြင့်ပါတယ်။ ငါတို့ လူသားအင်မော်တယ်တွေရဲ့ ခန္ဓာကိုယ်က စွမ်းအင်တွေ ယိုစိမ့်မှု မရှိဘူးဆိုတာ မင်းမသိဘူးလား။ သေခါနီး အချိန်ကျမှသာ ငါတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေ ပျောက်ကွယ်သွားမှာပါ။ မဟုတ်ရင်တော့ သေမယ့်ရက် မတိုင်ခင် တစ်ရက်အထိတောင် ငါတို့ဟာ လူပျိုအရွယ်တုန်းကလို အားအင်တွေ ရှိနေဦးမှာ ပဲ" ဂွန်ယန်ယုက အေးဆေးစွာ ပြုံးရင်း ပြန်ပြောသည်။

"ဒါကိုတော့ ငါသိတာပေါ့၊ ဒါပေမဲ့ ဒီကိစ္စကို လျစ်လျူရှုလို့ မရဘူး။ အနှစ်သာရ နတ်ဘုရားကျောင်းကို ဖျက်ဆီးရမယ်၊ ပြီးတော့ မူလဝိညာဉ်နတ်ဘုရားကို ဖမ်းဆီးရမယ်။ မူလဝိညာဉ်နတ်ဘုရားကို ဖမ်းမိမှပဲ ငါတို့ဟာ 'ဖန်တီးခြင်းသင်္ဘော' ကို စီးပြီး ဟင်းလင်းပြင်ထဲကို ဝင်နိုင်မယ်၊ အလယ်အလတ်ကမ္ဘာတွေရဲ့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ယန်နတ်ဘုရားရဲ့ အသိစိတ်တွေကို ရှာဖွေနိုင်မှာ။ ပြီးတော့ မုန့်ရှန်းကျီကို လည်း သတ်ရမယ်။ မုန့်ရှန်းကျီကို သတ်နိုင်မှပဲ ဒီကမ္ဘာလောကက သူရဲကောင်းတွေနဲ့ အခွင့်ထူးခံ မိသားစုကြီးတွေက ဒုက္ခပေးဖို့ စိတ်မကူးတော့မှာ။" ဟုန်ရွှန်ကျိက ခက်ထန်စွာ ပြောလိုက်သည်။

"ယန်နတ်ဘုရားရဲ့ အသိစိတ်..." ဂွန်ယန်ယုက သက်ပြင်းချသည်။ "ယန်နတ်ဘုရားရဲ့ အသိစိတ်ကို ဝါးမျိုပြီးရင် လူသားအင်မော်တယ်တစ်ယောက်ဟာ ဘဝရဲ့ အချုပ်အနှောင် တွေကို ဖောက်ထွက်နိုင်မယ်။ 'လေဟာနယ်ဖျက်ဆီးခြင်း'အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိလာမယ်။ မဟုတ်ရင်တော့ သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ အဲဒီအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နှစ်ပေါင်းနှစ်ရာ သက်တမ်းဆိုတာ တကယ် ကို တိုတောင်းလွန်းပါတယ်။" (ဤနေရာ၌ (Yang God Thought) (Yang God consciousness) အမျိုးမျိုးပါနေသည့် ပါသည့်အတိုင်း ပြန်ဆိုပေးလိုက်ပါသည်)။

... ...

"ရှောင်ချန်ဖုန်း... မင်း ပြုစုပျိုးထောင်ထားတဲ့ 'ဖန်ရှင်းတာအိုဂိုဏ်း'က တပည့်တွေ သွန်းလုပ်ထားတဲ့ ချပ်ဝတ်တွေကရော အခြေအနေ ဘယ်လိုလဲ။"

ထိုအချိန်တွင် ဧကရာဇ် ယန်ဖန်က ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။

ဟုန်ရွှန်ကျိက လက်ကို အသာအယာ လှုပ်ရှားလိုက်ရာ သူ၏ ကိုယ်ပေါ်မှ နဂါးအကြေးခွံ များ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူသည် ယခင်အတိုင်း ဝတ်ရုံရှည်နှင့် ခရမ်းရောင် ရွှေသရဖူကို ဝတ်ဆင်ထားဆဲပင်။ သူ၏ မျက်ခုံးကြားမှ ရွှေရောင်နဂါးမှာမူ မြူခိုးများ ကြားတွင် ပုန်းကွယ်သွားပြီး တစ်ခါတစ်ရံမှသာ အကြေးခွံနှင့် လက်သည်းများကို မြင်တွေ့ ရတော့သည်။

ယဇ်ပလ္လင်၏ အောက်ဘက်တွင် ကျယ်ပြောလှသော မြေညီပြင်ရှိပြီး၊ ထိုနေရာတွင် အိမ်များနှင့် မီးဖိုပေါင်းများစွာ ရှိနေသည်။ ထိုနေရာတွင် တာအိုသခင် ပေါင်းများစွာ ပျံသန်းသွားလာနေကြသည်။ လေထုထဲတွင် ကန့်၊ ယမ်းမှုန့်၊ ခဲ၊ ပြဒါး၊ ရွှေနှင့် ငွေ အစရှိ သည့် ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုသော ပစ္စည်းနံ့များ ပြည့်နှက်နေသည်။

တာအိုသခင်တစ်ဦးသည် တောင်ခြေမှ တက်လာသည်။ လှေကားထစ်ပေါင်း ၉,၉၉၉ ထစ် ကို တက်ပြီးနောက် ယဇ်ပလ္လင်ထိပ်သို့ ရောက်ရှိလာသည်။ သူ၏ နောက်တွင် တာအိုသခင် နှစ်ဦး ပါလာပြီး၊ အပေါ်ပိုင်း အမည်းရောင်နှင့် အောက်ပိုင်း အဝါရောင်ရှိသော ချပ်ဝတ်တစ်ခုကို ကိုင်ဆောင်ထားကြသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ နတ်ဘုရားချပ်ဝတ်တစ်ခုကို သွန်းလုပ်ပြီးပါပြီ။ ဒါဟာ 'လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်'ရဲ့ 'အရုဏ်ဦး အရိုးချပ်ဝတ်' နဲ့ အဆင့်တူလောက် ရှိမှာပါ" ရှောင်ချန်ဖုန်းဟု ခေါ်ဆိုသော ထိုတာအိုသခင်က ဧကရာဇ်ကို လျှောက်တင်လိုက် သည်။

ဤတာအိုသခင်မှာ ငယ်ရွယ်သော်လည်း သူ၏ မျက်လုံးများမှာ ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့သည့်အလား ရှိနေသည်။ သူသည် ခန္ဓာကိုယ်ကို စွန့်ခွာပြီး ပြန်လည်မွေးဖွား ထားသော တစ္ဆေအင်မောတယ် ကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ အကယ်၍ ရှောင်အန်ရန်နှင့် ရှောင်ယွန်းဖန်တို့သာ ဤနေရာမှာ ရှိနေပါက သူတို့သည် အလွန်တရာ အံ့အားသင့်သွားကြလိမ့်မည်။ အကြောင်းမှာ ဤတာအိုသခင်၏ အရှိန်အဝါမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ တိုက်ပွဲတွင် ကျဆုံးသွားပြီဟု ထင်မှတ်ထားကြသော 'ဖန်ရှင်းတာအိုဂိုဏ်း' ၏ တစ်ဦးတည်းသော မိုးကြိုးကပ်ဘေး ပညာရှင် ရှောင်ချန်ဖုန်း ဖြစ်နေသောကြောင့်ပင်။

"ရှေးခေတ် အရုဏ်ဦးအရိုးချပ်ဝတ်နဲ့ အဆင့်တူလား။ တကယ်လို့ မပျံသန်းနိုင်ရင်တော့, ဒီချပ်ဝတ်က တိုက်ပွဲမှာ အသုံးဝင်မှာ မဟုတ်ဘူး။ မင်းသွန်းလုပ်တဲ့ ချပ်ဝတ်ကို အသံထက် မြန်စရာမလိုပေမဲ့ အနည်းဆုံးတော့ ငှက်တစ်ကောင်လောက်တော့ မြန်သင့်တယ်" ဧကရာဇ် ယန်ဖန်က ခေါင်းခါရင်း ပြောသည်။ "ရှောင်ချန်ဖုန်း... အဲဒီတုန်းက မင်း အသတ်ခံရချိန်မှာ မင်းရဲ့ အသိစိတ်လေးပဲ ကျန်ခဲ့တာ။ ငါကပဲ ကြီးမားတဲ့ စွမ်းအားတွေ သုံးပြီး မင်းရဲ့ မှတ်ဉာဏ်တွေကို ထိန်းသိမ်းပေးခဲ့တာ၊ နောက်ဆုံးမှာ 'တော်ဝင်ကောင်းကင် ကျောက်စိမ်းတံဆိပ်'ထဲမှာ မင်းရဲ့အသက်စွမ်းအားကို ပြန်လည်ကုစားခဲ့တယ်။ ငါ မင်းကို ကောင်းကင်ရတနာတွေ ပေးခဲ့တယ်၊ သိုင်းသူတော်စင်အဆင့်ရှိတဲ့ ခန္ဓာကိုယ်ကိုတောင် အသုံးပြုပြီး မင်းကို ပြန်ရှင်လာအောင် လုပ်ပေးခဲ့တယ်။ ဒီနှစ်ပေါင်း ၂၀ အတွင်း မင်းရဲ့ စွမ်းအားတွေကို အကုန်ပြန်ရရုံတင်မကဘဲ ဒုတိယအကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်အောင်လည်း ငါ ကူညီခဲ့တယ်။ မင်းရဲ့ လက်နက်သွန်းလုပ်နိုင်စွမ်းကြောင့်ပဲ 'ဖန်တီးခြင်းသင်္ဘောကြီး' ကို တည်ဆောက်ဖို့ လူတွေကို စုစည်းပေးခဲ့တာ။ မင်း ဘာလို့ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကိုတောင် မလုပ်နိုင်ရတာလဲ။ ဒါဆို မင်းကို ငါက ဘာအတွက် အသုံးချရဦးမှာလဲ။"

"အရှင်မင်းကြီး... ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" ရှောင်ချန်ဖုန်းက တိုးညှင်း စွာ လျှောက်တင်သည်။ "ပြီးတော့ ဒီ 'အဝါရောင်ကောင်းကင် နတ်ဘုရားချပ်ဝတ်' က ယာယီပဲ မပျံသန်းနိုင်သေးတာပါ။ ကျွန်တော်မျိုးမှာ နောက်ထပ် ပစ္စည်းတစ်ခု ထပ်လိုပါ သေးတယ်။"

"ဘာပစ္စည်းလဲ။"

"ဧကရာဇ်အကြံပေးရဲ့ သွေးပါ။ ဧကရာဇ်အကြံပေးက လူသားအင်မော်တယ် တစ်ယောက် ဖြစ်ပြီး 'တိုင်ရှန်တာအို' နဲ့ 'စကြာဝဠာကျမ်းစာ' တွေကို လုံးဝ နားလည်သဘောပေါက် ထားသူပါ။ ဧကရာဇ်အကြံပေးရဲ့ သွေးသာ ဒီချပ်ဝတ်ပေါ်ကို ကျသွားမယ်ဆိုရင်၊ ပြီးတော့ ကျွန်တော်မျိုးက 'အသက်သွေးအစစ်မှန်မီးလျှံ'နဲ့ သန့်စင်လိုက်မယ်ဆိုရင် ဒါက ပျံသန်းနိုင်တဲ့ စွမ်းအားမျိုး ရလာပါလိမ့်မယ်။" ရှောင်ချန်ဖုန်းက ဆိုသည်။ ('အသက်သွေး အစစ်မှန်မီးလျှံ'ဟူသည် သာမန်သွေးမဟုတ်ဘဲ ဝိညာဉ်စွမ်းအား အနှစ်သာရဖြင့် စုစည်းထားသည့် အရေးကြီးသွေးစက်ကို ဆိုလိုပါသည်။)

"အော်... အဲဒီလိုလား၊ ဒါဆိုရင်လည်း မဆိုးပါဘူး" ဟုန်ရွှန်ကျိက ပြောကာ သူ၏ လက်ငါးချောင်းကို ဖြန့်လိုက်ရာ ချွေးပေါက်များထဲမှ သွေးငါးစက် စိမ့်ထွက်လာသည်။ ၎င်းတို့သည် ကျည်ဆန်များအလား လေထဲတွင် တဝီဝီမြည်ကာ ချပ်ဝတ်ဆီသို့ ပျံထွက်သွား သည်။

ဒေါင်... ဒေါင်... ဒေါင်...

ခေါင်းလောင်းတီးသံကဲ့သို့ ကျယ်လောင်သော အသံငါးကြိမ် ထွက်ပေါ်လာသည်။ သွေးငါးစက်သည် ချပ်ဝတ်ပေါ်တွင် ကပ်သွားပြီး အသံအကျယ်ကြီး မြည်ဟီးသွားသည်။

ချပ်ဝတ်ကို မထားသော တာအိုသခင်နှစ်ဦးမှာမူ မလဲကျအောင် အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။

ရှောင်ချန်ဖုန်းသည် သွေးများ ချပ်ဝတ်အတွင်းသို့ စိမ့်ဝင်သွားသည်ကို မြင်သောအခါ အဆောင်အချို့ကို ထုတ်ယူကာ ပစ်ပေါက်လိုက်သည်။ ချက်ချင်းပင် ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာပြီး ချပ်ဝတ်ကို ဝန်းရံသွားသော်လည်း ချပ်ဝတ်မှာ အရည်မပျော်ပေ။ ထို့ပြင် ချပ်ဝတ်သည် စိတ်ဝိညာဉ် ရှိလာသည့်အလား အသံရှည်ကြီး မြည်ဟီးလာပြီး ရုတ်တရက် အပေါ်သို့ ပျံတက်ကာ တစ်ပတ်လှည့်လိုက်သည်။ မီးတောက်များအားလုံး ငြိမ်းသွားပြီးနောက် ဘေးရှိ ကျောက်စိမ်းအရည်ကန်ကြီးထဲသို့ ကျသွားသည်။ ထို့နောက် တဝီဝီမြည်သံနှင့်အတူ ပြန်လည်ပျံတက်လာပြီး ဂွန်ယန်ယု၏ ကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

ဂွန်ယန်ယုသည် ချပ်ဝတ်ကို သာမန်အတိုင်း ဝတ်ဆင်လိုက်ရာ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပတ်ထားပြီး၊ သူ၏ တစ်ကိုယ်လုံးမှာ ကျားနှင့်ဝက်ဝံပုံစံ နတ်ဘုရားပုံရိပ် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ ခြေထောက်များသည် မြေပြင်မှ အနည်းငယ် ကြွတက်သွားပြီး အမှန်တကယ်ပင် ဝဲပျံနိုင်သွားတော့သည်။

အခန်း (၄၀၂)။

ရွှန်း... ရွှန်း... ရွှန်း...

သဘာဝကျလှသော ဓားခုတ်ချက် သုံးချက်ကို ဆက်တိုက် လုပ်ဆောင်လိုက်သည်။

ဂွန်ယန်ယုသည် အဝါရောင်ကောင်းကင် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် ဆေဘာအလင်းတန်းများကို သူ၏ တစ်ကိုယ်လုံးတွင် ပတ်ပတ်လည် ဝန်းရံစေလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ တစ်ကိုယ်လုံးကို ဆေဘာအလင်းတန်းများက ဖုံးလွှမ်းသွားပြီး ဆယ်မီတာခန့် အချင်းရှိသော ကြီးမားသည့် လျှပ်စီးအလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား တော့သည်။

ထိုလျှပ်စီးအလုံးကြီးထဲမှ မိုးကြိုးပစ်သံများ ပဲ့တင်ထပ်ထွက်ပေါ်နေသည်။

ထို့နောက် ကြီးမားလှသော လျှပ်စီးအလုံးကြီးသည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး လျှပ်စီး တန်းများအဖြစ် ပြန့်ကျသွားသည်။ ကွေးညွတ်နေသော ဆေဘာအလင်းတန်းများသည် ခြေလှမ်း ခုနစ်ရာ၊ ရှစ်ရာခန့်အကွာအဝေးအထိ ပျံထွက်သွားတော့သည်။

ဖောက်... သတ္တုများဖြင့် ရောစပ်ပြုလုပ်ထားသော သံမဏိတုံးကြီးတစ်ခုမှာ ထိုဆေဘာ အလင်းတန်း ထိမှန်သွားသောအခါ တို့ဖူးကို လှီးလိုက်သည့်အလား နှစ်ခြမ်းကွဲသွားသည်။

"ရှေးဟောင်းချပ်ဝတ်တွေရဲ့ သွန်းလုပ်ပုံနည်းလမ်းတွေက တကယ့်ကို အံ့ဩစရာပဲ။ ဖန်ရှင်းတာအိုဂိုဏ်းရဲ့ နည်းလမ်းတွေနဲ့မှပဲ ဒါကို သွန်းလုပ်နိုင်တာ။ ဒီချပ်ဝတ်ကို ဝတ်ပြီး နောက်မှာ ငါ့ရဲ့ ဆေဘာသိုင်းစွမ်းအားက သုံးပုံတစ်ပုံ (၃၀ ရာခိုင်နှုန်း) လောက် အပြည့်အဝ တိုးတက်လာတယ်။"

သူ့သိုင်းပညာကို စမ်းသပ်ပြီးနောက် ဂွန်ယန်ယုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ၉ ပေရှည်သော ဆေဘာကြီးကို ကျောတွင် ပြန်လည်သိမ်းဆည်းလိုက်သည်။ သူ၏ အကြည့်များက တည်ငြိမ်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

"မင်းရဲ့ ဒီဆေဘာက ဒိုင်ဇင်ဘုရားကျောင်းက ထင်ရှားတဲ့ ရဟန်းတော်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ ဓာတ်တော်တွေနဲ့ သွန်းလုပ်ခဲ့တာပဲ။ အချို့ဆို လူသားအင်မော်တယ် တစ်ယောက် နိဗ္ဗာန် ဝင်စံပြီးနောက် ကျန်ရစ်ခဲ့တဲ့ ဓာတ်တော်တွေတောင်ပါတယ်။ ဒါကို မီးဖိုမီးလျှံ၊ မဟူရာ သံမဏိကို သုံးပြီး သွန်းလုပ်ထားတာ။ ဒါ့အပြင် မင်းရဲ့ ကိုယ်ပိုင်သွေးနဲ့လည်း အကြိမ်ကြိမ် သန့်စင်ထားလို့ သွေးပုံစံသံမဏိနဲ့ သွန်းလုပ်ထားတဲ့ 'ဖုတု' (Pudu) နတ်ဘုရားဆေဘာ ဖြစ်လာတာပဲ။ ဒါဟာ ‘ဖြိုခွဲခြင်းဆေဘာ’ထက် ဆယ်ဆလောက် ပိုစွမ်းထက်တယ်။ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို သတ်ဖို့ဆိုတာ စိတ်ကူးတစ်ချက်ထဲနဲ့တင် ဖြစ်နိုင်တယ်" ဟုန်ရွှန်ကျိက ပြောလိုက်သည်။

"ဧကရာဇ်အကြံပေးကရော လက်နက်မလိုဘူးလား။" ဂွန်ယန်ယုက သူ၏ ခန္ဓာကိုယ်၊ ဆေဘာနှင့် ချပ်ဝတ်တို့၏ တုန်ခါမှုနှုန်းကို ညှိယူရင်း အသက်ရှူလိုက်ကာ မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်လိုက်သည်။

"မလိုဘူး။ ငါက အမြဲတမ်း ငါ့လက်သီးကိုပဲ သုံးတာ။ ငါ့မှာ ဘယ်လက်နက်မှ မလိုဘူး" ဟုန်ရွှန်ကျိက မထူးခြားသလို ပြောသည်။ "ဒါပေမဲ့ အရှင်မင်းကြီး... အရှင်လည်း ချပ်ဝတ် တစ်စုံ သွန်းလုပ်သင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ ကျွန်တော်မျိုးက အရှင်မင်းကြီး ကို အစွမ်းကုန် ကာကွယ်ပေးမှာ မှန်ပေမဲ့၊ စစ်ပွဲဆိုတာ အန္တရာယ်များပြီး မုန့်ရှန်းကျီက လည်း ရက်စက်လှပါတယ်။ မြို့ပေါင်းသောင်းချီကို အုပ်စိုးတဲ့ အရှင်သခင်တစ်ယောက် အနေနဲ့ အန္တရာယ်ရှိတဲ့ နေရာကို သွားတဲ့အခါ အမှားအယွင်းမရှိတဲ့ အစီအစဉ် ရှိထားရပါ မယ်။"

"ဒါကို ငါကိုယ်တော် သဘောပေါက်ပါတယ်။" ဧကရာဇ် ယန်ဖန်က ခေါင်းညိတ်လိုက်ပြီး ရှောင်ချန်ဖုန်းကို မေးလိုက်သည်။ "ဂွန်ယန်ယုအတွက် ဒီ 'အဝါရောင်ကောင်းကင်ချပ်ဝတ်' ကို သွန်းလုပ်ဖို့ ပစ္စည်း ဘယ်လောက်တောင် သုံးလိုက်ရသလဲ။"

"အရှင်မင်းကြီး... တောရိုင်းကန္တရဒေသကနေ စုန်းတစ္ဆေဂိုဏ်းက ဖမ်းဆီးလာတဲ့ 'ဧကရာဇ် အလောင်း' ပေါင်း ၆၈ ကောင်ကို သန့်စင်ခဲ့တာပါ။ အဲဒီထဲက ၂၄ ကောင်ကို ဒီချပ်ဝတ် အတွက် သုံးခဲ့ပါတယ်။ ကျန်တဲ့ ပျံသန်းနိုင်တဲ့ အလောင်းတွေကတော့ အရေအတွက် ရာနဲ့ချီရှိပေမဲ့ သူတို့ရဲ့ အရည်အသွေးက နိမ့်လွန်းလို့ သာမန်ချပ်ဝတ်တွေ သွန်းလုပ်ဖို့ပဲ သုံးလို့ရပါမယ်။ အခုတော့ ကျွန်တော်မျိုးက ဖန်ရှင်းတာအိုဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေကို ဦးဆောင်ပြီး နေ့ညမပြတ် အလုပ်လုပ်နေပါတယ်။ ဒိုင်ဇင်ဘုရားကျောင်းက ရှေးခေတ်ရဟန်းတော်တွေရဲ့ အရိုးဓာတ်တော်တွေကို သုံးပြီး ကျန်တဲ့ 'ဧကရာဇ်အလောင်း' တွေကို 'အစွယ်ကြယ်စင်ချပ်ဝတ်' အဖြစ် သွန်းလုပ်နေပါတယ်။ ကျွန်‌တော်မျိုးတို့က 'ဖန်းဆင်းခြင်းသင်္ဘော'ပေါ်က ကြယ်ယဇ်ပလ္လင်ကို သုံးပြီး နေလအလင်းရောင်ကိုလည်း စုပ်ယူနေပါတယ်။ ဒါကြောင့် ကြယ်ပေါင်း ဘီလီယံချီတဲ့ စွမ်းအားတွေက တဖြည်းဖြည်းနဲ့ အသက်ဝင်လာနေပါပြီ။ ဒါပေမဲ့ ဒီချပ်ဝတ်က အချောမသတ်ရသေးတော့ ဂွန်ယန်ယုရဲ့ နတ်ဘုရားချပ်ဝတ်ကိုတော့ မမီသေးပါဘူး။" ဒါပေမယ့် အရှင်မင်းကြီး အသုံးပြုဖို့ ဆန္ဒရှိရင် အနည်းဆုံး ဒဏ္ဍာရီလာ ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်လောက်တော့ ဖြစ်ရပါ့မယ်။” ရှောင်ချန်ဖုန်းက လျှောက်တင်သည်။

"ကောင်းကင်အလင်းဦးချို' နတ်ဘုရားချပ်ဝတ်တောင် ငါကိုယ်တော်နဲ့ မထိုက်တန်ပါဘူး။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဒဏ္ဍာရီလာ မြေအောက်နန်းတော်ထဲမှာရှိတဲ့ ‘ပစ္စုပ္ပန်ဗုဒ္ဓ’ သင်္ကန်း တော်ပဲ ငါကိုယ်တော်နဲ့ ထိုက်တန်တာပါ။ ဒီနတ်ဘုရားချပ်ဝတ်တွေက သန်မာပေမဲ့ လက်ရှိ လောကကို စိုးမိုးဖို့တော့ မလုံလောက်သေးဘူး။ ဒဏ္ဍာရီတွေအရ ဒိုင်ဇင်ဘုရားကျောင်းကို တည်ထောင်သူ 'တာအိုသခင်ရုလိုင်' ဟာ အဲဒီသင်္ကန်းကို ချန်ထားရစ်ခဲ့တယ်တဲ့။ အဲဒါကို ဝတ်ဆင်တဲ့သူဟာ လက်ရှိလောကကို စိုးမိုးနိုင်တဲ့ စွမ်းအားရှိတယ်လို့ ဆိုကြတယ်။ နှမြောစရာကောင်းတာက ငါတို့ ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးပြီး မြေအောက်ထဲမှာ ရှာဖွေတုန်းက ဘာအစအနမှ မတွေ့ခဲ့ရဘူး။ အဲဒီ 'ရုလိုင်အထွက်မြတ်သင်္ကန်းတော်' ရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး။" ဧကရာဇ် ယန်ဖန်က သက်ပြင်းချရင်း ပြောသည်။

ယန်ဖန်၏ သက်ပြင်းချသံကို ကြားသောအခါ ဟုန်ရွှန်ကျိက အလျင်အမြန် ဦးညွှတ်လိုက် သည်။ "အရှင်မင်းကြီး... ဒါဟာ ကောလာဟလ သက်သက်ပါပဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ် 'ယွမ်'ဟာ ဗုဒ္ဓဘာသာရဲ့ တည်ထောင်သူ၊ ဒိုင်ဇင်ဘုရားကျောင်းရဲ့ တည်ထောင် သူဖြစ်ခဲ့တယ်တဲ့။ ဒါက ဒိုင်ဇင်ဘုရားကျောင်းက သူတို့ကိုယ်သူတို့ မြှောက်ပင့်ပြောဆို နေကြတာပါ။ 'လက်ရှိလောကကို စိုးမိုးနိုင်မယ်'တဲ့လား။ ဘယ်လိုလုပ် အဲဒီလောက် လွယ်ပါ့မလဲ။ တကယ်လို့, ရုလိုင်အထွက်မြတ်သင်္ကန်းကို ရှာတွေ့ရင်တောင် ကောင်းကင် နဂါးဘုရင်ချပ်ဝတ်ကို ကျော်လွန်နိုင်မှာ မဟုတ်ပါဘူး။ အလွန်ဆုံးရှိလှ အဆင့်တူလောက်ပဲ ရှိမှာပါ။ ဒါပေမဲ့ ကျွန်တော်မျိုးကတော့ အဲဒီရုလိုင်အထွက်မြတ်သင်္ကန်းကို အရှင်မင်းကြီး အတွက် ရအောင် ရှာဖွေပေးပါ့မယ်။ နောက်ပြီး အဲဒီသင်္ကန်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ 'အတိတ် ထွက်ပေါ်လာရင်၊ ပစ္စုပ္ပုန် ရောက်လာလိမ့်မယ်' ဆိုတဲ့ စကားကို အရှင်မင်းကြီး ကြားဖူးပါသလား။"

"'အတိတ် ပေါ်လာရင် ပစ္စုပ္ပန် ရောက်လာလိမ့်မယ်' ဟုတ်လား။ မင်းပြောချင်တာက မင်းရဲ့သား ဟုန်ယွိဟာ 'အတိတ်အမိတ္တကျမ်း' ကို ကျင့်ကြံနေတယ်လို့ ဆိုလိုတာလား။" ဧကရာဇ် ယန်ဖန်က မေးလိုက်သည်။

"မှန်ပါတယ်" ဟုန်ရွှန်ကျိက ဆိုသည်။ "ဒီကလေးဟာ မုန့်ရှန်းကျီ ချထားတဲ့ နယ်ရုပ် တစ်ရုပ်လို့ ကျွန်တော်မျိုး အစက ထင်ခဲ့မိတာ။ ဒါပေမဲ့ သူက တခြား ကံကောင်းမှုတွေ ကြုံတွေ့ခဲ့ပြီး ဒိုင်ဇင်ဘုရားကျောင်းရဲ့ 'အတိတ်ကျမ်းစာ'ကို အမှန်တကယ် ရရှိခဲ့လိမ့်မယ် လို့ မထင်ထားဘူး။ ကျွန်တော်မျိုး သံသယရှိတာကတော့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်ဟာ သေးငယ်တဲ့ ကမ္ဘာငယ်လေးတစ်ခုထဲမှာ ရှိနေလိမ့်မယ်။ အဲဒီ 'အတိတ်ကျမ်းစာ'ကို ကျင့်ကြံတဲ့လူကပဲ အဲဒီကမ္ဘာငယ်လေးကို အာရုံခံနိုင်ပြီး ဝင်နိုင်တာ မျိုး ဖြစ်ပါလိမ့်မယ်။"

"ရှေးခေတ် သူတော်စင်ဧကရာဇ် 'ယွမ်'မှာ ဗုဒ္ဓဘာသာရဲ့ 'တာအိုသခင်ရုလိုင်' ဆိုတဲ့ နောက်ထပ် အမည်နာမတစ်မျိုး ရှိတယ်ဆိုတာဟာ ဒဏ္ဍာရီသက်သက်တင် မဟုတ်နိုင်ဘူး။ ကျွန်တော် ရှေးဟောင်းမှတ်တမ်းတွေကို ဖတ်ဖူးတယ်။ ရှေးခေတ်တုန်းက သူတော်စင် ဧကရာဇ် 'ဖန်'ဟာ အထွက်အထိပ် တာအိုသခင်ဖြစ်တဲ့ 'ထိုက်' ကို ထီးနန်းလွှဲပေးဖို့ ပြင်ဆင်နေချိန်မှာ၊ အဲဒီအချိန်က 'ထိုက်' ဟာ 'ကောင်းကင်ကျမြစ်' ဘေးမှာ ကျင့်ကြံနေ တာ။ 'ဖန်'က သူ့ကို ထီးနန်းလွှဲပေးချင်တယ်လို့ ကြားလိုက်ရတဲ့အခါ 'ထိုက်'ဟာ ချက်ချင်း ပဲ မြစ်ဆီပြေးပြီး နားကို ဆေးကြောတော့တာပဲ။ 'ဖန်'ရဲ့ စကားတွေက သူ့ရဲ့နားကို ညစ်ပတ်သွားစေတယ်လို့ ဆိုတယ်တာလေ။ နောက်ဆုံးမှာတော့ 'ဖန်'ဟာ ရွေးချယ်စရာ မရှိဘဲ 'ယွမ်'ကို ထီးနန်းလွှဲပေးခဲ့ရတယ်၊ 'ယွမ်'ကမှ 'ရှီ'ကို ထပ်ဆင့်လွှဲပေးခဲ့တာ။ ထီးနန်း စွန့်ပြီးနောက်ပိုင်းမှာ 'ယွမ်'ဟာ ရုတ်တရက်ဆိုသလို ဗုဒ္ဓဘာသာဂိုဏ်းကို တည်ထောင်ခဲ့ တာပဲ။" ဂွန်ယန်ယုက ဟုန်ရွှန်ကျိ၏ စကားကို ကြားပြီးနောက် စဉ်းစားကာ ပြောလိုက် သည်။

ရှေးခေတ်လူများ၏ အမည်မှာ များသောအားဖြင့် စာလုံးတစ်လုံးတည်းသာ ရှိတတ်ကြ သည်။

"အထွက်အထိပ် နားဆေးခြင်း'ဆိုတာက တာအိုသခင်တွေ ဖန်တီးထားတဲ့ ပုံပြင် သက်သက်ပဲ။ ဒီလောကမှာ ဘယ်သူက အဲဒါကို ယုံမှာလဲ။ ဂွန်ယန်ယု... မင်း စာအုပ်တွေ အများကြီး ဖတ်ထားပေမဲ့ ငါတို့ တော်ဝင်ချန်နိုင်ငံရဲ့ ရှေးဟောင်းမှတ်တမ်းတွေကို နက်နက်နဲနဲ မလေ့လာရသေးလို့ မင်းရဲ့ အသိပညာက သိပ်မနက်နဲသေးဘူး။ သူတော်စင် ဧကရာဇ် 'ယွမ်' က 'တာအိုသခင်ရုလိုင်' ဆိုတာရယ်၊ 'နားဆေးခြင်း' ပုံပြင်တွေရယ် ဆိုတာတွေဟာ သမိုင်းတုတွေ၊ ဒဏ္ဍာရီတွေနဲ့ တစ္ဆေပုံပြင်တွေက ရောထွေးနေတာပါ။ ဒါဟာ တကယ်ကို အသိဉာဏ်ကို စော်ကားတာပဲ။ ငါတို့ တော်ဝင်ချန်မင်းဆက်က ဒီကိစ္စ တွေကို မှန်ကန်စွာ ရင်ဆိုင်နိုင်ဖို့ မှတ်တမ်းအချို့ ရေးသားထားပြီးသားပါ။"

ဂွန်ယန်ယု၏ စကားကို ကြားသောအခါ ဟုန်ရွှန်ကျိက အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။ အထွက်အထိပ် နားဆေးခြင်းဆိုသည်မှာ တာအိုသခင်တို့၏ ဒဏ္ဍာရီတစ်ခု ဖြစ်သည်။ ၎င်းမှာ သူတော်စင်ဧကရာဇ် 'ဖန်' က ထီးနန်းလွှဲပေးမည်ဟု ပြောသောအခါ 'ထိုက်' က ထိုစကားကို နားကြားရသည်မှာ ညစ်ညမ်းသည်ဟု ယူဆကာ နားဆေးခြင်းဖြင့် သူ၏ ထီးနန်းစိုးစံရန် မလိုလားမှုကို ပြသခဲ့ခြင်း ဖြစ်သည်။

ကွန်ဖြူးရှပ်ပညာရှင် တစ်ဦးအနေဖြင့် ဟုန်ရွှန်ကျိသည် တာအိုဂိုဏ်းများကို ငြင်းပယ်လေ့ ရှိသဖြင့် ဤဒဏ္ဍာရီကို သဘာဝအတိုင်း ဖုံးကွယ်ချင်နေခြင်း ဖြစ်သည်။

"ကဲ... တော်ကြပါတော့။ ရှေးဟောင်းကိစ္စတွေကို အငြင်းပွားနေလို့ ဘာထူးမှာလဲ။" ဧကရာဇ် ယန်ဖန်က ခေါင်းခါရင်း ပြောသည်။ "ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့။ ရှောင်ချန်ဖုန်း... မင်း ကျန်တဲ့ 'ကောင်းကင်အလောင်း' တွေနဲ့ 'ပျံသန်းနိုင်တဲ့ အလောင်း' တွေကို ချပ်ဝတ်တွေအဖြစ် သန့်စင်ဖို့ အစွမ်းကုန် အရှိန်မြှင့်လုပ်ဆောင်ပါ။ တော်ဝင် မိသားစုမှာ ပစ္စည်းတွေ၊ ရတနာတွေ၊ သိုင်းသူတော်စင်တွေနဲ့ လူသားအင်မော်တယ် အလောင်းတွေတောင် အများကြီး ရှိတယ်။ မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးရဲ့ သန့်စင်တဲ့ နတ်ဘုရားအသိစိတ်ကိုတောင် ငါတို့ ရနိုင်ပါသေးတယ်။ တကယ်လို့, ချပ်ဝတ်က မပျံသန်း နိုင်ရင်တောင် ဒါဟာ 'လုပ်ကြံသတ်ဖြတ်သူများ မဟာမိတ်' ရဲ့ အရုဏ်ဦးအရိုးဖြူချပ်ဝတ်နဲ့ အဆင့်တူလောက် ဖြစ်ရမယ်။ အားလုံး သွန်းလုပ်ပြီးရင် 'စကြဝဠာ နဂါးအစောင့်တပ်'တွေ ကို ဝေပေးလိုက်ပါ။ အဲဒီ အစောင့်တပ်သား ၃၀၀ စလုံးမှာ ချပ်ဝတ်တစ်စုံစီ ရှိစေချင်တယ်။ 'အစွယ်ကြယ်စင်ချပ်ဝတ်' ကိုတော့ ငါတို့ အခုလောလောဆယ် မလိုသေးဘူး။ အချော သတ်ပြီးရင် တခြားသူတွေကို ပေးလိုက်မယ်။ ဒီလောကမှာ ငါ့ကို သတ်နိုင်တဲ့သူ အများကြီး မရှိပါဘူး။ မုန့်ရှန်းကျီတောင်မှ ဟုန်ရွှန်ကျိရဲ့ ခုခံမှုကို ထိုးဖောက်ပြီး ငါ့ကို သတ်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး။"

"အရှင်မင်းကြီး... သွားကြစို့။ ကျွန်တော်မျိုး မသေမချင်းတော့ မကောင်းကြံရှိတဲ့ ဘယ်သူမ ဆို အရှင်မင်းကြီးနားကို ချဉ်းကပ်နိုင်မှာ မဟုတ်ပါဘူး။"

ဟုန်ရွှန်ကျိက အနည်းငယ် ဦးညွှတ်ကာ ယန်ဖန်အတွက် လမ်းဖွင့်ပေးလိုက်သည်။ ဧကရာဇ်နှင့် ဝန်ကြီးချုပ် နှစ်ဦးသားသည် ကောင်းကင်နဂါးဘုရင်ချပ်ဝတ်၏ ဟင်းလင်းပြင် ထဲမှ ထွက်ခွာလာကြတော့သည်။

ဟုန်ပြည်နယ်ရှိ စံအိမ်တစ်ခုတွင် ဟုန်ယွိသည် ပွပွယောင်းယောင်းရှိသည့် ပညာရှင်ဝတ်ရုံ ကို ဝတ်ဆင်ကာ စားပွဲတစ်ခု၏ နောက်တွင် ထိုင်နေသည်။ သူသည် လက်ထဲရှိ ရှည်လျား သော ဓားကောက်ကြီးတစ်လက်ကို ကစားနေသည်။ ထိုဓားကောက်၏ မျက်နှာပြင်မှာ ကြွေထည်များ၏ အပေါ်ယံလွှာကဲ့သို့ ကြည်လင်သော သံမဏိအလွှာတစ်ခု ဖုံးအုပ်ထား သည်။

ထိုကြည်လင်သော အလွှာအတွင်းမှာ 'ကောင်းကင်လှေကား' ပုံစံ အလွှာများသည် စီးဆင်း နေသည့်အလား ရှိနေပြီး၊ တစ်ခါတစ်ရံတွင် ထူထပ်သော ခရမ်းရောင် မြူခိုးများ ထွက်ပေါ် လာကာ ပြောင်းလဲနေသည်။ ထိုပုံစံများအတွင်း၌ ရှေးဟောင်းအနောက်ဘက်ဒေသ၏ ဆန်းကြယ်သော နတ်ဘုရားဘာသာစကားဖြင့် ရေးထွင်းထားသော မှော်သင်္ကေတများမှာ လည်း ရံဖန်ရံခါ စီးဆင်းနေသည်။

"ဒါက အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ နတ်ဘုရားခန်းမက သွန်းလုပ်တဲ့ 'သွေးမှော် ဓားကောက်'ပဲ။ တကယ်ကို ထက်မြက်တာပဲ။ ဟုန်ပြည်နယ်မှာ သွန်းလုပ်တဲ့ နတ်ဘုရား ဓားတွေနဲ့တောင် ယှဉ်လို့ရတယ်။"

ဟုန်ယွိသည် ဘယ်လက်ဖြင့် ထိုဓားကောက်ကို ကိုင်ထားပြီး၊ ညာလက်ဖြင့် ကြည်လင် သော အလင်းတန်းများ တောက်ပနေသည့် ဓားရှည်တစ်လက်ကို ကိုင်ထားသည်။ ဓားနှစ်လက်ကို တစ်ပြိုင်တည်း ရိုက်ခတ်ကြည့်လိုက်ရာ... ချွင်! ဟူသော သတ္တုချင်း ထိခတ်သံ ရှည်ရှည်ကြီး ထွက်ပေါ်လာပြီး မီးပွင့်များ ချက်ချင်း ပွင့်ထွက်လာသည်။ ဘန်း..။

ဓားကောက်နှင့် ဓားရှည် နှစ်လက်စလုံးပေါ်တွင် ဆန်စေ့အရွယ်အစား အစင်းရာလေး တစ်ခုစီ တစ်ပြိုင်တည်း ပေါ်သွားသည်။

"မိစ္ဆာကောင်။ ငါ့ရဲ့ အဖိုးတန်ဓားကောက်ကို ဖျက်ဆီးရဲတယ်ပေါ့။ ဒါဟာ ငါ့ရဲ့သိက္ခာကို စော်ကားတာပဲ။ စစ်သည်တော်တစ်ယောက်အတွက် ဓားဆိုတာ သူ့ရဲ့အသက်ပဲ။ မင်းလို မိစ္ဆာကောင်ဟာ သေပြီးရင် ငရဲပြည်က နတ်ဘုရားဆီကို ရောက်ပြီး ချော်ရည်တွေ၊ ကန့်တွေကြားမှာ လောင်မြိုက်ညှဉ်းပန်းခံရမှာ အသေအချာပဲ။"

ဟုန်ယွိက လက်ထဲရှိ ဓားကောက်ပေါ်တွင် အစင်းရာလေးတစ်ခု ဖြစ်အောင် လုပ်လိုက် သည်နှင့်၊ နှာတံပေါ်ပေါ်၊ သွေးနီရောင် မျက်လုံးများကို ပိုင်ဆိုင်သည့် အနောက်ဘက် ဒေသမှ လူငယ်တစ်ဦးက ဒေါသတကြီး အော်ပြောလိုက်သည်။ သူ၏အသံမှာ အလွန်ပင် ကျယ်လောင်သဖြင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များပင် ပြင်းထန်စွာ တုန်ခါသွားသည်။

"ဟွာလျှိုဘုရင်ရဲ့ ၂၈ ယောက်မြောက် သားတော် မင်းသား 'အယ်လ်ဖာ'... မင်းက အခု အကျဉ်းသားတစ်ယောက်ပဲ။ စိတ်အေးအေးထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မယဉ်ကျေးတဲ့ လူရိုင်းတစ်ယောက်က ငါတို့ အလယ်ပိုင်းဗဟိုပြည်နယ်ရဲ့ လမ်းစဉ်မှန်ကို မိစ္ဆာလို့ ခေါ်ရဲတယ်ပေါ့။ တကယ်ကို ရယ်စရာပဲ။"

ဒုန်း…။

ဟုန်ယွိ၏ ဘေးတွင် ထိုင်နေသူမှာ ကောင်းကင်ပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးဖြစ်သည်။ သူ၏ နှင်းကဲ့သို့ ဖြူဖွယ်သော ဝတ်ရုံ လက်မောင်းများကို လိပ်တင်ထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချပ်ကို ကိုင်ထား သည်။ သူ၏ ပုံစံမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

မင်းသား အယ်လ်ဖာ၏ အော်ဟစ်သံကို ကြားသောအခါ ထိုသူသည် စားပွဲကို ရိုက်လိုက်ပြီး သူ၏ မျက်လုံးများထဲမှ ထက်မြက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ထွက်ပေါ် လာသည်။ သူသည် အနောက်ဘက်ဒေသ ဘာသာစကားကို အလွန်ပင် ကျွမ်းကျင်စွာဖြင့် ပြန်လည်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဤသက်လတ်ပိုင်းလူမှာ ဟုန်ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး 'နျဲ့ယွမ်ကိုင်' ပင် ဖြစ်သည်။

သူသည်လည်း ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက နတ်ဘုရား တန်ခိုးရှင်ဘုရင်နှင့်အတူ စစ်မြေပြင်တွင် လိုက်ပါခဲ့ဖူးသည်။ သူသည် အဆင့်ဆင့် ရာထူး တက်လာပြီးနောက် ဟုန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤနှစ်များ အတွင်း သူသည် အနောက်ဘက်ဒေသ စစ်တပ်အတွက် ရိက္ခာများ၊ လက်နက်များ ဝယ်ယူ ပေးခြင်းနှင့် တော်ဝင်နန်းတွင်းအတွက် အခွန်များ ကောက်ခံပေးခြင်းဖြင့် အများကြီး အကျိုးပြုခဲ့သည်။

ဟုန်ပြည်နယ်သည် မူလကတည်းက အင်အားကြီးသူများ စုဝေးရာအရပ် ဖြစ်သည်။ ချမ်းသာကြွယ်ဝသော်လည်း နှစ်စဉ် အရှုံးပေါ်နေပြီး အခွန်ကောက်ခံရန် ခက်ခဲလှသည်။ သာမန်အရာရှိများသည် ဓားသွန်းလုပ်သည့် မျိုးနွယ်စုများနှင့် လုပ်ကြံသတ်ဖြတ်သူများ ဆီမှ အခွန်ကို အတင်းအကျပ် မကောက်ခံရဲကြပေ။

သို့သော် ဤအုပ်ချုပ်ရေးမှူး ရာထူးတက်လာကတည်းက သူသည် အင်အားကြီးမျိုးနွယ်စု များနှင့် တော်ဝင်နန်းတွင်းကြား ဆက်ဆံရေးကို အလွန်ကောင်းမွန်အောင် ညှိနှိုင်းနိုင်ခဲ့ သည်။ ဤအုပ်ချုပ်ရေးမှူးသည် ယခုအခါ တော်ဝင်နန်းတွင်း၏ ထောက်တိုင်တစ်ခု ဖြစ်နေပြီဟု ဆိုနိုင်သည်။ သူသည် မည်သည့်အပြစ်ကိုမဆို ကျူးလွန်ခဲ့ပါစေ တော်ဝင် နန်းတွင်းက သူ့ကို ရာထူးမှ ဖယ်ရှားမည်မဟုတ်ပေ။ အကြောင်းမှာ သူတစ်ဦးတည်းသာ အင်အားကြီးမျိုးနွယ်စုများနှင့် တော်ဝင်နန်းတွင်းကြား ဆက်ဆံရေးကို ညှိနှိုင်းပေးနိုင်သော ကြောင့် ဖြစ်သည်။

အကယ်၍ ဤအုပ်ချုပ်ရေးမှူးကို ဖယ်ရှားလိုက်ပါက တော်ဝင်နန်းတွင်းက နှစ်စဉ်ရရှိနေ သော ငွေဒင်္ဂါးသန်းပေါင်းများစွာသော အခွန်ငွေမှာ အများကြီး လျော့နည်းသွားပေလိမ့် မည်။

ထို့အပြင် ဟုန်ယွိသည် ဤအုပ်ချုပ်ရေးမှူးနှင့် ပတ်သက်သော ကောလာဟလအချို့ကို လည်း ကြားဖူးသည်။ သူသည် ငယ်စဉ်က အခြေခံပညာရှင် တစ်ဦး ဖြစ်ခဲ့သည်။ သူသည် 'စာအုပ်ပေါင်း တစ်သောင်းဖတ်ခြင်းသည် ခရီးမိုင်တစ်သောင်း သွားခြင်းနှင့် ညီမျှသည်' ဟူသော မူကို လက်ကိုင်ထားပြီး ဓားတစ်လက်နှင့် ကမ္ဘာပတ်ခဲ့သူဖြစ်သည်။ သူ၏ ဓားသိုင်း မှာ ထူးကဲလှပြီး ခရီးတစ်လျှောက်တွင် တွေ့သမျှ ဓားပြနှင့် သူခိုးအားလုံးကို သတ်ဖြတ်ခဲ့ သည်။ သူ၏ဓားသည် ခြေလှမ်းဆယ်လှမ်းအတွင်း သွေးစွန်းလေ့ရှိသည်။ ထို့ကြောင့်ပင် သူ့ကို ဤကမ္ဘာကြီးက 'ခြေလှမ်းဆယ်လှမ်း ဝိညာဉ်ဖမ်းသူ' ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

၎င်းမှာ ခြေလှမ်းဆယ်လှမ်းအတွင်း မည်သူမျှ သူ၏ ဓားသိုင်းအောက်မှ မလွတ်မြောက်နိုင် ဟု ဆိုလိုခြင်း ဖြစ်သည်။

တော်ဝင်ချန် အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံမှ စစ်မှန်သော ကွန်ဖြူးရှပ်ပညာရှင် များသည် မိမိကိုယ်ကိုယ် ကျင့်ကြံခြင်းလမ်းစဉ်တွင် တင်းကျပ်စွာ လိုက်နာကြသည်။ ပထမ ဆုံးစည်းကမ်းမှာ ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းနှင့် ကိုယ်ခံပညာ လေ့ကျင့်ခြင်းပင် ဖြစ်သည်။ စာပေလေ့လာမှု အောင်မြင်ပြီးနောက်တွင် ကမ္ဘာအနှံ့ ခရီးသွားကာ မိမိ၏ အသိပညာနှင့် ဗဟုသုတ တိုးပွားအောင် ရှာဖွေစုဆောင်းရသည်။

အကယ်၍ ကမ္ဘာပတ်ခရီး မသွားဘဲ အိမ်ထဲမှာပင် ပုန်းအောင်းနေပါက စာဖတ်ရုံနှင့် ဘာမှ ထူးထူးခြားခြား ဖြစ်လာမည်မဟုတ်ပေ။ သို့သော် ခရီးသွားသည့်အခါ ကိုယ်ခံပညာ မတတ် ကျွမ်းပါက ဓားပြ၊ သူခိုးများနှင့် တွေ့သောအခါတွင် ခရီးဆက်နိုင်မည့် အားအင်ပင် ရှိမည် မဟုတ်ပေ။

ယခုတစ်ခေါက် ဟုန်ပြည်နယ်သို့ သွားသောခရီးတွင် ဟုန်ယွိသည် အင်အားကြီးမျိုးနွယ်စု များမှ တပည့်များစွာသည် သဲကန္တရပြည်နယ်သို့ အလျင်အမြန် ခရီးသွားနေကြသည်ကို မြင်တွေ့ခဲ့ရသည်။ ၎င်းမှာလည်း သူတို့၏ ဗဟုသုတ၊ အစွမ်းနှင့် ဘဝအတွေ့အကြုံများကို တိုးပွားစေရန်အတွက် ဖြစ်သည်။

...

"ဟုန်ပြည်နယ် အုပ်ချုပ်ရေးမှူး နျဲ့ယွမ်ကိုင်... မင်း ဟွာလျှိုဘာသာစကားကို ဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ မင်း ခဏပဲ ကြွားနိုင်ပါ လိမ့်မယ်။ မင်း သေခါနီးနေပြီဆိုတာ မသိဘူးလား။ မင်းကရော ဟုန်ယွိ မဟုတ်လား၊ မိစ္ဆာပညာရှင် ဖြစ်သွားတဲ့ 'သူတော်စင်ငယ်လေး'ပေါ့ မင်းလည်း သေခါနီးနေပါပြီ။ 'ဒါမိုကလီးစ်ဓား'ဟာ မင်းတို့ ခေါင်းပေါ်မှာ ချိတ်ဆွဲထားပြီးသား။ မင်းရဲ့ဝိညာဉ်ဟာ ငရဲနတ်ဘုရားရဲ့ ညှဉ်းပန်းမှုကို ထာဝရ ခံစားရတော့မယ်။" ('ဒါမိုကလီးစ်ဓား' ဟူသည် ဂရိဒဏ္ဍာရီကနေ ဆင်းသက်လာတဲ့ တင်စားချက်တစ်ခုဖြစ်ပြီး၊ အချိန်မရွေး ဘေးအန္တရာယ် ကျရောက်တော့မည်ဟု ခြိမ်းခြောက်စကား ဖြစ်သည်)။

ဟုန်ယွိ၏ ဖမ်းဆီးခြင်းကို ခံထားရသော မင်းသား အယ်လ်ဖာသည် သူ၏ တစ်ကိုယ်လုံး ဝက်တစ်ကောင်ကဲ့သို့ တင်းကျပ်စွာ အချည်ခံထားရသော်လည်း သူ၏ အမူအရာမှာ အလွန် ပင် တည်ငြိမ်ပြီး မထီမဲ့မြင် ပြုနေဆဲဖြစ်သည်။

၎င်းမှာ 'ပန်းငါးပွင့် ချည်နှောင်ခြင်း' စစ်စစ် ဖြစ်သည်။ အသုံးပြုထားသော ကြိုးမှာလည်း အထူးပြုလုပ်ထားသော 'စိတ်ဝိညာဉ်ချည်နှောင်ကြိုး' ဖြစ်သည်။ ၎င်းသည် လူကို ကုန်းကွနေအောင် ချည်နှောင်ထားပြီး၊ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် စွမ်းအင်အားလုံးကို ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားစေသည်။

အကယ်၍ သာမန်လူတစ်ယောက်သာ ဤကဲ့သို့ အချည်ခံရပါက သူတို့၏ သွေးနှင့် စွမ်းအင် များမှာ ရောထွေးသွားပြီး ချက်ချင်းပင် နှလုံးရပ်ကာ သေဆုံးသွားပေလိမ့်မည်။

သို့သော် ဟုန်ယွိ ဖမ်းဆီးထားသော မင်းသား အယ်လ်ဖာမှာ မဟာဆရာသခင် အဆင့်၏ အထိပ်အထိပ်သို့ ရောက်နေသူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ယုံကြည်နိုင်စရာမရှိအောင် သန်မာလှသဖြင့် အချည်ခံထားရသော်လည်း ဆဲဆိုကြိမ်းမောင်းနိုင်ခြင်း ဖြစ်သည်။ သူသည် တော်ဝင်ချန် ဘာသာစကားကို အနောက်ဘက်ဒေသ လေယူလေသိမ်းဖြင့် အလွန် ပင် ကျွမ်းကျင်စွာ ပြောဆိုနေခြင်း ဖြစ်သည်။

"ငြိမ်ငြိမ်နေစမ်း" ရှန်ထိုက်ဇူက ‘ပျက်သုန်းခြင်းရှစ်မျိုးလှံပုဆိန်ကို ကိုင်ထားပြီး၊ ချီဇီယန်က 'ဖြိုခွဲခြင်းဆေဘာ' ကို ကိုင်ကာ မင်းသား အယ်လ်ဖာ၏ နောက်တွင် ရပ်နေကြသည်။ သူ ဆဲဆိုသံကို ကြားသောအခါ သူတို့နှစ်ဦးသည် မင်းသား၏ ဒူးခေါင်းကို ရက်ရက်စက်စက် ကန်လိုက်သဖြင့် သူသည် ပျော့ခွေသွားတော့သည်။ သူ မြေပြင်ပေါ်သို့ ဒူးထောက်တော့ မည့် ဆဲဆဲတွင် သူ၏ ဒူးခေါင်းများမှ အသံများ ထွက်ပေါ်လာပြီး ပြန်လည် မတ်တပ်ရပ် နိုင်ခဲ့သည်။

"နင် ဒူးမထောက်ဘူးလား။"

ဟုန်ယွိ၏ ဘေးတွင် ရပ်နေသော မုကလေးသည် ဤမြင်ကွင်းကို ကြည့်ကာ မျက်ခုံးပင့် လိုက်သည်။ ရုတ်တရက် သူမက ဓားဖြင့် အရှေ့သို့ ထိုးလိုက်သည်။

ဖောက်…။

'မတည်မြဲခြင်းဓား'က ဟင်းလင်းပြင်၏ အတားဆီးများကို ဖောက်ထွက်သွားသည့်အလား မင်းသား အယ်လ်ဖာ၏ နောက်ခြေထောက်ရှိ အရေးကြီးသော ကြွက်သားကို တိုက်ရိုက် ထိမှန်သွားသည်။ ပြင်းထန်လှသော ဓားအငွေ့အသက်ကြောင့် ထိုခေါင်းမာသော မင်းသား မှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့ သည်။

မုကလေး၏ လက်ထဲရှိ ဓားမှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ 'ဖျက်ဆီးခြင်းခန်းမ' မှ အဖိုးတန်ဆုံး ရတနာဖြစ်သော 'မတည်မြဲခြင်းဓား' ပင် ဖြစ်သည်။

ဤမှော်ဓားမှာ အလွန်ပင် ထက်ရှလှသည်။ ၎င်းကို အာကာသပြင်ပမှ ကြွေကျလာသော ကြယ်ပျံသံမဏိများဖြင့် ပြုလုပ်ထားပြီး ကြီးမားသော စွမ်းအားများဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။ ၎င်း၏ မာကျောမှုမှာ သွေးပုံစံသံမဏိထက် မနည်းရုံသာမက သာတောင် သာလွန်သေးသည်။ ဓားထဲတွင် ကြီးမားလှသော စွမ်းအားများ ကိန်းဝပ်နေသဖြင့် ထိုးစိုက်ရာတွင် အလွန်ပင် အစွမ်းထက်လှပေသည်။

ဟုန်ယွိသည် ဓားပေါ်ရှိ ဖျက်ဆီးခြင်း မှော်မန္တာန် ၃၆ ခုကို ဖျက်ထုတ်ပေးခဲ့ပြီးနောက်တွင် မုကလေးသည် ဤ 'မတည်မြဲခြင်းဓား' ကို အပြည့်အဝ ပိုင်နိုင်သွားခဲ့ခြင်း ဖြစ်သည်။

All Chapters