← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 38 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 38 Ch. 403-404

အခန်း (၄၀၃)။

"ကောင်းလိုက်တဲ့ ဓားသိုင်း။ တကယ်ကို ထူးကဲလှတဲ့ ဓားသိုင်းပဲ။"

မုကလေး၏ ဓားချက်တစ်ချက်က မင်းသား အယ်လ်ဖာကို ဒူးထောက်သွားစေသည်ကို မြင်သောအခါ၊ ဟုန်ပြည်နယ် အုပ်ချုပ်ရေးမှူး နျဲ့ယွမ်ကိုင် တခဏမျှ မှင်တက်သွားပြီးမှ မတ်တပ်ရပ်၍ ချီးကျူးအံ့ဩလိုက်မိသည်။

သူ၏ အမြင်အာရုံဖြင့် ကြည့်လျှင် မုကလေး၏ ဓားသိုင်းသည် ဂိုဏ်းတစ်ခုကို တည်ထောင် နိုင်လောက်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သဘာဝကျကျ မြင်နိုင်ပေသည်။ ၎င်းမှာ မဟာဆရာသခင်နယ်ပယ်သို့ ရောက်ရှိနေပြီး အထိပ်အထိပ်သို့ပင် နီးကပ်နေပြီ ဖြစ်သည်။ အထူးသဖြင့် သူမ၏လက်ထဲရှိ 'မတည်မြဲခြင်းဓား'နှင့် ဓားရိုးပေါ်တွင် ထွင်းထု ထားသော အဖြူရောင်ပန်းပွင့်ပုံစံများမှာ ပို၍ပင် တုန်လှုပ်စရာ ကောင်းလှသည်။

အမှန်စင်စစ် မုကလေးသည် သိုင်းပညာ၌ ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူမသည် နတ်ဆိုး နတ်ဘုရားသွေးကို သောက်သုံးခဲ့ပြီးကတည်းက အသစ်တစ်ဖန် မွေးဖွားလာခဲ့သည်။ ယခုအခါ သူမသည် တာအိုပညာရပ်များကို လေ့လာနေပြီး နတ်ဆိုးနတ်ဘုရားသွေး၏ သိုင်းဆန္ဒကို သူမ၏ ကိုယ်ပိုင်သိုင်းဆန္ဒအတွင်းသို့ ပေါင်းစပ်ထည့်သွင်းထားသည်။ ထို့ကြောင့် သူမ၏ ဓားသိုင်းမှာ ပို၍ပင် ရက်စက်ပြီး အရှိန်အဝါ ကြီးမားလာခဲ့သည်။

ယခုအခါ မုကလေး၏ ခွန်အားမှာ သိုင်းပညာတွင် မဟာဆရာသခင်နယ်ပယ်၏ အထိပ် အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့ပြီ။ သူမ၏ တာအိုကျင့်စဉ်မှာလည်း ‘ခန္ဓာကိုယ် သိမ်းပိုက်ခြင်းနှင့် 'စိတ်ဝိညာဉ်ခွဲထုတ်ခြင်း' နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မုကလေး၏ လက်ရှိနယ်ပယ်မှာ ဤလောကရှိ ပထမတန်းစား ဂိုဏ်းချုပ်များဖြစ်သော ချီဝိညာဉ်ဂိုဏ်း၏ 'တွမ်ထျန်းယာ'နှင့် ကောင်းကင်ဓားဂိုဏ်း၏ 'ဂန်ချင်ဖုန်း' တို့နှင့် အဆင့်တူ ဖြစ်နေပြီ။

အထွက်အထိပ်ကောင်းကင်နယ်မြေ၊ ဖန်ရှင်းတာအိုဂိုဏ်းနှင့် အမှန်တရား တာအိုဂိုဏ်းတို့ မှာ ထိပ်တန်းဂိုဏ်းများ ဖြစ်ကြပြီး၊ တိုင်ရှန်တာအိုဂိုဏ်းမှာမူ မြင့်မြတ်နယ်မြေ တစ်ခု ဖြစ်သည်။ ဂိုဏ်းများကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထားခြင်း ဖြစ်သည်။

အမှန်စင်စစ် ဟုန်ယွိ၏ ဘေးနားရှိသူများသည် တာအိုပညာကို ကျင့်ကြံကြသရွေ့ သူတို့၏ စိတ်ဝိညာဉ်အဆင့်ကို ရုပ်လုံးဖော်ခြင်းနယ်ပယ်အထိ အတင်းအကျပ် မြှင့်တင်ပေးခြင်း ခံထားရသည်။

ဘိုးဘေးဟုန်လင်၏ 'ဒုတိယအဆင့် မိုးကြိုးကပ်ဘေး' စိတ်ဝိညာဉ်အတွေးစများဖြင့် ဟုန်ယွိသည် သူ၏ လက်အောက်ငယ်သားများ၏ တာအိုကျင့်စဉ်အဆင့်ကို အရင်မြှင့်တင် မပေးဘဲ မနေနိုင်ပေ။ 'ဒုတိယအဆင့် မိုးကြိုးကပ်ဘေး' ပညာရှင်တစ်ဦးသည် စိတ်ဝိညာဉ် အတွေးစ အနည်းငယ်ဖြင့်ပင် တာအိုကျင့်ကြံသူတစ်ဦးကို ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်အောင် မြှင့်တင်ပေးနိုင်သည်။

သို့သော် ယခုအခါ သူ၏ကိုယ်ပေါ်တွင် စိတ်ဝိညာဉ်အတွေးစများ မကျန်တော့ပေ။ သူသည် လက်ဗလာဖြစ်နေပြီး ပြာကျနေပြီဟုပင် ဆိုနိုင်သည်။ အကယ်၍ စိတ်ဝိညာဉ်အတွေးစ များကို ငွေကြေးအဖြစ် ရေတွက်မည်ဆိုပါက 'ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်'ကို သန့်စင်လိုက်ခြင်းက သူဌေးကြီးတစ်ဦးဘဝမှ သူတောင်းစားဘဝသို့ ချက်ချင်း ပြောင်းလဲသွားအတိုင်း မှတ်ယူရလိမ့်မည်။

အကယ်၍ တာအိုကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်အတွေးစကို ရောင်းဝယ်၍ ရမည်ဆို လျှင် ရွှေငွေဒင်္ဂါးသန်းပေါင်းများစွာဖြင့်ပင် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ် အတွေးစကို ဝယ်ယူနိုင်မည် မဟုတ်ပေ။

"ကျွန်မကို မြှောက်ပင့်လွန်းနေပါပြီ သခင်နျဲ့။"

မုကလေးသည် ဓားကို သိမ်းလိုက်ပြီး ဟုန်ယွိ၏ နောက်တွင် တိတ်တဆိတ် ပြန်ရပ်လိုက် သည်။ သူမသည် ပြုံးလိုက်ပြီး သူ၏မျက်နှာကို ပြန်ဖုံးထားလိုက်ရာ ဟုန်ယွိ၏ အရိပ်သဖွယ် အစေခံမိန်းကလေးတစ်ဦးကဲ့သို့ပင် ဖြစ်သွားတော့သည်။

"ကြောက်စရာကောင်းတဲ့ ပညာရှင်ပဲ..." အုပ်ချုပ်ရေးမှူး နျဲ့ယွန်ကိုင်က မုကလေးကို ချက်ချင်းပင် အကဲဖြတ်လိုက်တော့သည်။

...

"အယ်လ်ဖာ... မင်းပြောတာက ငရဲနတ်ဘုရားကို ဆိုလိုတာလား၊ ဒါပေမဲ့ ဒါကို ကြည့်စမ်း။" ဟုန်ယွိက မြေပြင်ပေါ်တွင် ဒူးထောက်နေသော မင်းသား အယ်လ်ဖာကို ကြည့်ကာ ပြုံးလိုက်သည်။ "မင်းရဲ့နတ်ဘုရား၊ ဒီငရဲနတ်ဘုရားဟာ ငါ့အတွက်တော့ ကစားစရာတစ်ခု ထက် မပိုပါဘူး။ မင်းတို့ရဲ့ အထွက်အထိပ် နတ်ဘုရားဖြစ်တဲ့ မူလဝိညာဉ်နတ်ဘုရား တောင် ပျက်စီးရတော့မှာပါ။ မင်းတို့ရဲ့ အနောက်ဘက်ဒေသ ယဉ်ကျေးမှုဟာလည်း ငါတို့ အလယ်ပိုင်းပြည်နယ် ကောင်းကင်နိုင်ငံ ယဉ်ကျေးမှုရဲ့ လက်အောက်ခံတစ်ခုအဖြစ် ငါတို့ရဲ့ လမ်းစဉ်မှန်ထဲကို ပေါင်းစည်းသွားရလိမ့်မယ်။"

ဟုန်ယွိက ပြောရင်းနှင့် သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏နောက်ဘက်မှ အလင်းဝိုင်း တစ်ခု ပျံထွက်လာသည်။ ထို့နောက် ချော်ရည်များ၊ ကန့်နံ့များနှင့် ငရဲပြည်၏ အရှိန်အဝါ များ၊ ငရဲနတ်ဘုရား၏ အော်ဟစ်သံများနှင့်အတူ စာကြည့်ခန်းတစ်ခုလုံးသို့ သက်ဆင်းလာ တော့သည်။

ရွှပ်…။

အုပ်ချုပ်ရေးမှူး နျဲ့ယွန်ကိုင်မှာ အနည်းငယ် မှင်တက်သွားပြီး ချက်ချင်းပင် ဓားရှည် တစ်လက်ကို ဆွဲထုတ်လိုက်သည်။ အေးစက်စက် အလင်းတန်းများက အရပ်ရပ်သို့ ဖြာထွက်သွားသည်။ ဓား၏ ကိုယ်ထည်မှာ ခရမ်းရောင်ဖြစ်သော်လည်း ဓားသွားမှာမူ အစိမ်းဖျော့ရောင် အလွှာလေး ဖုံးအုပ်နေပြီး အဖြူရောင် နှင်းခဲများကဲ့သို့ ရှိနေသည်။

ဤဓားသည် သူ၏ 'ခရမ်းရောင်လျှပ်စီး မိုးပြာနှင်းခဲ' ဓားဖြစ်သည်။ ၎င်းမှာ အလွန်ပင် ထက်ရှပြီး မာကျောလှသဖြင့် မည်သည့် ပစ္စည်းကိုမဆို ဖြတ်တောက်နိုင်သည်။ ၎င်းသည် ဖြိုခွဲခြင်းဆေဘာအောက် အဆင့်မနိမ့်ပေ။

နျဲ့ယွန်ကိုင်သည် သူ၏ဓားကို အသင့်ပြင်ပြီး စာကြည့်ခန်းအပေါ်တွင် ထွက်ပေါ်လာသော ငရဲနတ်ဘုရားကို ရင်ဆိုင်လိုက်သည်။ ထိုငရဲနတ်ဘုရားသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရိုးလှံတစ်ချောင်းကို ကိုင်ထားကာ မြက်တောထဲတွင် အမဲလိုက်ရန် ပုန်းအောင်းနေသော ခြင်္သေ့တစ်ကောင်အလား ထင်မှတ်ရသည်။

"အနောက်ဘက်ဒေသရဲ့ မိစ္ဆာနတ်ဘုရားပဲ။"

"အုပ်ချုပ်ရေးမှူးနျဲ့... စိတ်မပူပါနဲ့။ ဒါဟာ ကျွန်တော် သူတော်စင်တောက်ဖူကို သတ်တုန်း က ဖမ်းဆီးခဲ့တဲ့ ငရဲနတ်ဘုရားရဲ့ ကိုယ်ပွားပါ။" ဟုန်ယွိက တားလိုက်သည်။

ငရဲနတ်ဘုရား၏ ကိုယ်ပွား ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူးဆန်းစွာ ရယ်မောလိုက်ပြီး အရိုးလှံဖြင့် မင်းသား အယ်လ်ဖာ၏ ဦးခေါင်းကို ချိန်ရွယ်လိုက်သည်။

"အို... ကြီးမြတ်လှတဲ့ ငရဲနတ်ဘုရား... ကိုယ်တော်က... ဘာလို့လဲ…" ဤမြင်ကွင်းကို မြင်သောအခါ မင်းသား အယ်လ်ဖာမှာ ဆွံ့အသွားတော့သည်။

"ငါက ငရဲနတ်ဘုရားကို လက်အောက်ခံအဖြစ် ဖိနှိပ်ထားပြီးပြီ၊ ငရဲနတ်ဘုရားကျောင်းက သူတော်စင်တောက်ဖူကိုလည်း သတ်ပြီးပြီ။ မင်းက တခြားဘာကို မျှော်လင့်နေသေးတာ လဲ။"

ဂျောက်…ဟူသော အသံနှင့်အတူ 'ငရဲနတ်ဘုရား ဝိညာဉ်သန့်စင်ခြင်းမှတ်တမ်း’ ကြေးနီ ကျမ်းစာအုပ်ကို မင်းသား အယ်လ်ဖာ၏ ရှေ့သို့ ပစ်ချလိုက်သည်။ (ရှေ့မှာတုန်းက အမှောင် နတ်ဘုရား ဝိညာဉ်သန့်စင်ခြင်းမှတ်တမ်းဟု ပြန်ဆိုခဲ့သည်။)

"မဖြစ်နိုင်ဘူး! ဒါ မဖြစ်နိုင်ဘူး။ မင်းက နတ်ဘုရားတွေကို စော်ကားတဲ့သူပဲ၊ မင်း သေရလိမ့် မယ်။ ကြီးမြတ်လှတဲ့ မင်းသား အာဒီက မင်းကို သတ်ဖို့ စစ်တပ်ကို ဦးဆောင်လာနေပြီ။ သူ့မှာ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးကိုယ်တိုင် ပေးထားတဲ့ 'နိယာမသံကြိုး'နဲ့ 'ကံကြမ္မာ လှောင်အိမ်' ဆိုတဲ့ နတ်ဘုရားလက်နက်တွေ ရှိတယ်။ နိယာမသံကြိုးနဲ့ ကံကြမ္မာ လှောင်အိမ် လက်ထဲကနေ ဘယ်သူမှ မလွတ်နိုင်ဘူး။ မင်း သေရမယ်။ မင်းတို့လို နတ်ဘုရားကို စော်ကားတဲ့ မိစ္ဆာတွေကို မင်းသား အာဒီက တိုင်မှာချည်ပြီး မီးရှို့သတ် လိမ့်မယ်။" မင်းသား အယ်လ်ဖာက ရက်စက်သော အပြုံးဖြင့် အော်ဟစ်လိုက်သည်။

"သူ့ကို ခေါ်သွားလိုက်၊ သူ့ကို မိန်းမစိုး လုပ်ပြီး နန်းမြို့တော်ကို ပို့လိုက်။ မကြာခင်ကပဲ နန်းတွင်းမိန်းမစိုး ဝမ်ထောင်က သိုင်းပညာတော်တဲ့ မိန်းမစိုးတွေ လိုနေတယ်လို့ ပြောထား တယ်။ ဒီလူကို မိန်းမစိုးဖြစ်အောင် လေ့ကျင့်ပေးလို့ ရတယ်။" ဟုန်ယွိ၏ စကားတစ်ခွန်းက မင်းသား အယ်လ်ဖာ၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်သည်။

နန်းတွင်း မိန်းမစိုးအကြီးအကဲ ဝမ်ထောင်က နန်းတော်ထဲတွင် ကိုယ်ခံပညာ ထူးချွန်သော မိန်းမစိုးများ လိုအပ်နေကြောင်း ပြောခဲ့ဖူးသည်။ ယခု ဟုန်ယွိက ဤမင်းသားကို သင်းကွပ် ရန် ပို့လိုက်ခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစပ်ထားသော မဟာဆရာ သခင်အဆင့် ပညာရှင်တစ်ဦးမှာ အလွန်ပင် တန်ဖိုးရှိလှသည်။

ဤမင်းသား အယ်လ်ဖာမှာ မာန်မာနကြီးလှသော်လည်း၊ မိန်းမစိုးတစ်ဦး၏ လက်ထဲသို့ ရောက်သွားပါက ကျားတစ်ကောင်ကိုတောင် ယုန်တစ်ကောင်ဖြစ်သွားအောင် လေ့ကျင့် ပေးနိုင်ပေသည်။ သူ့ကို မည်သို့လေ့ကျင့်ပေးမလဲဆိုသည်မှာ ဟုန်ယွိနှင့် မဆိုင်တော့ပေ။

"ကောင်းပြီ။ ကျွန်တော်က နွားတွေ၊ မြင်းတွေကို သင်းကွပ်တဲ့ အလုပ်ကို ခဏခဏ လုပ်ဖူး တယ်။ လူကို သင်းကွပ်တဲ့ အလုပ်ကိုတော့ မလုပ်ဖူးသေးဘူး။ ဒီနေ့တော့ စမ်းကြည့်ရတာ ပေါ့။ ဒါက သမိုင်းမှတ်တမ်းတွေထဲမှာတောင် ပါသွားနိုင်တယ်။" ချီဇီယန်က ဖြိုခွဲခြင်း ဆေဘာကို နှစ်ချက်ဝှေ့ယမ်းလိုက်ပြီး မင်းသား အယ်လ်ဖာကို မလိုက်ကာ အပြင်သို့ ထွက်သွားတော့သည်။

...

"ညီငယ် ဟုန်ယွိ ... ခုနက မင်းသား အယ်လ်ဖာ ပြောသွားတဲ့ သတင်းအချက်အလက် တွေကို လျှော့တွက်လို့ မရဘူး။" မင်းသား အယ်လ်ဖာ ထွက်သွားပြီးနောက် နျဲ့ယွန်ကိုင်က မျက်မှောင်ကြုတ်ကာ ပြောသည်။ "မင်းသား အာဒီဆိုတာ အထွက်အထိပ် သိုင်းသူတော် စင် တစ်ယောက်ပဲ၊ သူက ဟွာလျှို ဧကရာဇ် အာသောကရဲ့ ညီအရင်းဖြစ်သလို ဟွာလျှို စစ်တပ်ရဲ့ စစ်သေနာပတိချုပ်လည်း ဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက စစ်မြေပြင်မှာ နတ်ဘုရားတန်ခိုးရှင်ဘုရင်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပြီး နှစ်ယောက်စလုံးက စွမ်းအားချင်း မတိမ်းမယိမ်း ရှိခဲ့ကြတာ။ သူက မူရီဂိုဏ်းရဲ့ ‘ရွှံ့နွံဖြိုခွဲခြင်း’ကျမ်းကို ကျင့်ကြံ ထားတာ။ သူ့ရဲ့ရာထူးက မင်းရဲ့ဖခင် ဝူဝမ်မြို့စားနဲ့ အဆင့်တူပဲ။ သူက လူပေါင်းများစွာရဲ့ အထက်မှာ ရှိနေသူပေါ့။ အထူးသဖြင့် သူ့လက်အောက်မှာ ပညာရှင်တွေနဲ့ အကြံပေးတွေ အများကြီး ရှိတာကို လျစ်လျူရှုလို့ မရဘူး။ နောက်ပြီး သူ့ရဲ့ ကြင်ယာတော်က ပိုပြီး ဆန်းကြယ်တယ်၊ သူမက မူရီဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပဲ။"

"မူရီဂိုဏ်း ဟုတ်လား။" ဟုန်ယွိက နျဲ့ယွန်ကိုင်၏ ရှင်းပြချက်ကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ သူသည် ဟွာလျှိုနိုင်ငံနှင့် မူရီဂိုဏ်းအကြောင်း သတင်းအချို့ သိထားသည်။

မူရီဂိုဏ်း၏ ရှေးဟောင်းကျမ်းစာဖြစ်သော ‘ရွှံ့နွံဖြိုခွဲခြင်းကျမ်းစာမှာ အလွန်ပင် ဆန်းကြယ် ပြီး ထူးဆန်းလှသည်။ တစ်ချိန်တည်းမှာပင် မူရီဂိုဏ်းသည် အနောက်ဘက်ဒေသတွင် အနှစ်သာရ နတ်ဘုရားကျောင်း၏ ဖျက်ဆီးခြင်း မခံရဘဲ ကျန်ရစ်နေသည့် ဂိုဏ်းအနည်း ငယ်ထဲမှ တစ်ခုဖြစ်သည်။ ယွန်မင်နိုင်ငံ၏ ကောင်းကင်နဂါးဂိုဏ်းနှင့် ဆန်းကြယ် ကောင်းကင်ဘုံခန်းမတို့ကဲ့သို့ တည်ရှိမူမျိုးပင် ဖြစ်သည်။

အမှန်စင်စစ် အနောက်ဘက်ဒေသ၏ အခြေအနေမှာ ကွဲပြားသည်။ အပေါ်ယံတွင် မူရီ ဂိုဏ်းချုပ်မှာ 'မူလဝိညာဉ်နတ်ဘုရား' ကို ကိုးကွယ်သော်လည်း၊ ၎င်းမှာ အစစ်အမှန်လား သို့မဟုတ် အတုယောင်လားဆိုသည်ကို မည်သူမျှ မသိကြပေ။ မည်သို့ပင်ဖြစ်စေ အပေါ်ယံ တွင် ကိုးကွယ်ပြနေသရွေ့ အနှစ်သာရ နတ်ဘုရားကျောင်းကလည်း ဖျက်ဆီးပစ်မည် မဟုတ်ပေ။

၎င်းမှာ တော်ဝင်ချန်နိုင်ငံရှိ အင်အားကြီးမျိုးနွယ်စုများနှင့် တော်ဝင်မိသားစုတို့ကြား ဆက်ဆံရေးနှင့် တူညီသည်။

မျိုးနွယ်စုများက တော်ဝင်နန်းတွင်း၏ ဥပဒေကို လိုက်နာပြီး အာဏာကို အသိအမှတ် ပြုနေသရွေ့၊ နန်းတွင်းကလည်း သူတို့၏ အမှားအယွင်းအချို့ကို သည်းခံပေးထားလိမ့် မည်။ ၎င်းမှာ ရေကြည်လွန်းလျှင် ငါးမရှိသကဲ့သို့ပင် ဖြစ်သည်။

သို့သော် အနှစ်သာရ နတ်ဘုရားကျောင်း၏ စောင့်ကြည့်မှုအောက်တွင် ရှင်သန်နိုင်သည့် ဂိုဏ်းများမှာ သာမန်တော့ မဟုတ်နိုင်ပေ။

"အစ်ကိုနျဲ့... မင်း အဓိကအချက်ကို မပြောရသေးဘူး။ မင်းသား အာဒီဖြစ်ဖြစ်၊ သူ့ကြင်ယာ တော် မူရီဂိုဏ်းချုပ်ပဲဖြစ်ဖြစ် သူတို့က ဘာမှမဟုတ်ပါဘူး။ အဓိက သတိထားရမှာက အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး ပေးအပ်လိုက်တဲ့ 'နိယာမသံကြိုး'နဲ့ 'ကံကြမ္မာ လှောင်အိမ်' ဆိုတဲ့ နတ်ဘုရားလက်နက် နှစ်ခုပဲ။ အဲဒီအရာ တွေက ဘာလဲဆိုတာ ငါ မသိဘူး၊ ဒါကြောင့် ငါ ဒါကို စုံစမ်းရမယ်။ အစ်ကိုနျဲ့... နတ်ဘုရား တန်ခိုးရှင်ဘုရင်ဆီကို စာပို့လိုက်ပါ။ ငါ ဒီညပဲ ထွက်ခွာပြီး သဲကန္တာရပြည်နယ် စစ်စခန်းဆီ ကို သွားမယ်။" ဟုန်ယွိက ပြောလိုက်သည်။

"နိယာမသံကြိုး'နဲ့ 'ကံကြမ္မာ လှောင်အိမ်'... ဒီနတ်ဘုရားလက်နက် နှစ်ခု..." နျဲ့ယွန်ကိုင် လည်း စဉ်းစားနေမိသည်။ သူသည် 'ခရမ်းရောင်လျှပ်စီး မိုးပြာနှင်းခဲ' ဓားကို သိမ်းလိုက်ပြီး "ငါ ချက်ချင်းပဲ စာရေးလိုက်မယ်၊ တစ်စောင်က စစ်စခန်းက နတ်ဘုရား တန်ခိုးရှင်ဘုရင်ဆီ ကို၊ နောက်တစ်စောင်ကတော့ တော်ဝင်နန်းတွင်းဆီကိုပေါ့" ပြောကာ အပြင်သို့ လျင်မြန် စွာ ထွက်ခွာသွားတော့သည်။

...

"အနှစ်သာရ နတ်ဘုရားကျောင်းက တကယ်ပဲ အန္တရာယ်တစ်ခုခုကို သိနေပုံပဲ။ သူတို့က 'နိယာမသံကြိုး'နဲ့ 'ကံကြမ္မာ လှောင်အိမ်' ကိုတောင် ထုတ်သုံးလာပြီ။ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒိုင်ဇင်ဘုရားကျောင်းက ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီနတ်ဘုရား လက်နက်နှစ်ခုရဲ့ အမည်ကိုပဲ မှတ်တမ်းတင်ထားတာ။ အဲဒါတွေက ဘာတွေလဲဆိုတာ ပုံတောင် မပါဘူး။" နျဲ့ယွန်ကိုင် ထွက်သွားပြီးနောက် ဟုန်ယွိသည် တစ်ဦးတည်း တိတ်တ ဆိတ် စဉ်းစားနေမိသည်။

အနှစ်သာရ နတ်ဘုရားကျောင်းတွင် ဤကမ္ဘာမြေတုန်လှုပ်စေသည့် အစွမ်းကို ပိုင်ဆိုင်ထား သော နတ်ဘုရားလက်နက် သုံးခုရှိသည်ဟု ဆိုကြသည်။ ၎င်းတို့သည် မက်မွန်နတ်ဘုရား ဂိုဏ်း၏ ရတနာခုနစ်ပါးထက် ပို၍ စွမ်းအားကြီးမားသည်။ တစ်ခါက ဒိုင်ဇင်ဘုရားကျောင်း ၏ 'ဆဌမအဆင့် မိုးကြိုးကပ်ဘေး'ပညာရှင် ကျောင်းထိုင်ဆရာတော်ကြီး၏ မှတ်တမ်းတွင် ဤနတ်ဘုရားလက်နက် သုံးခု၏ အမည်ကို ဖော်ပြထားဖူးသည်။

'နိယာမသံကြိုး'၊ 'ကံကြမ္မာ လှောင်အိမ်' နှင့် 'ဘုန်းတန်ခိုးလှံတော်' တို့ ဖြစ်သည်။

"နတ်ဘုရားတန်ခိုးရှင်ဘုရင်ရဲ့ ကြင်ယာတော် ရှဲ့ဖင်းဖင်းကလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးပဲ။ မင်းသား အာဒီရဲ့ ကြင်ယာတော်ကလည်း ဆန်းကြယ်တဲ့ မူရီဂိုဏ်းချုပ်။ ငါ့ရဲ့ တာအိုလက်တွဲဖော်ကတော့ မိစ္ဆာအင်မော်တယ် ရှစ်ပါးထဲက တစ်ဦးဖြစ်တဲ့ 'ငွေငါးမန်း'။ ဟုန်ရွှန်ကျိကလည်း ငါ့အမေဖြစ်တဲ့ တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင် မိန်းမပျိုနဲ့ ပတ်သက်ခဲ့တယ်။ အတိတ်ဘဝမှာ ယွန်းရှန်းရှန်းဟာ သူမမသေခင် ယန်ဖန်နဲ့ ချန်ပီယံ မြို့စားကို မွေးဖွားခဲ့တယ်... မုန့်ရှန်းကျီကလည်း ယွန်းရှန်းရှန်းရဲ့ ဆရာနဲ့ ပတ်သက်နေပြန် တယ်။ အလွန်အစွမ်းထက်တဲ့ အမျိုးသားတိုင်းရဲ့ နောက်ကွယ်မှာ ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ဦး ရှိနေတာပဲ။ အမျိုးသားနဲ့ အမျိုးသမီး၊ အမျိုးသမီးနဲ့ အမျိုးသား... တကယ်ကို ရှင်းပြရ ခက်လှတယ်။" ဟုန်ယွိက သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။

"အစ်ကိုယွိ ... နင် ဘာတွေ သက်ပြင်းချနေတာလဲ။” မုကလေးက ဟုန်ယွိကို ကြည့်ကာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ မုကလေး၊ ထိုင်ပါဉီး။ မင်းရဲ့ စည်းတံဆိပ်ကို ငါ ဖျက်ဆီးပေးရမယ့် အချိန်ရောက်ပြီ။ မင်းရဲ့ ဝိညာဉ်ထဲမှာရှိတဲ့ 'သားအိမ်အတွင်း ပုန်းကွယ်ခြင်း စိတ်ဝိညာဉ် အစီအရင်'ထဲမှာ ဘာတွေ ပိတ်လှောင်ထားလဲဆိုတာ ငါ ကြည့်ချင်တယ်။" ဟုန်ယွိက လက်လှမ်း ပြလိုက်သည်။

"ဟုတ်ကဲ့။" မုကလေးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူမသည် ကုလားထိုင် ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး 'မတည်မြဲခြင်းဓား' ကို သူမ၏ ဒူးပေါ်တွင် ကန့်လန့် ဖြတ် တင်ထားလိုက်သည်။

ဟုန်ယွိသည် တွန့်ဆုတ်မနေတော့ပေ။ မုကလေး ထိုင်လိုက်သည်နှင့် သူ၏ မျက်လုံးများက အရောင်တောက်လာသည်။ သူ၏ ဘယ်ဘက်မျက်ဆံအိမ်ထဲတွင် အနက်ရောင် 'မန္တလာ ပန်း' တစ်ပွင့် ပေါ်လာပြီး၊ ညာဘက်မျက်ဆံအိမ်ထဲတွင်မူ 'ဗုဒ္ဓမီးလျှံ ကြာပလ္လင်' တစ်ခု ပေါ်လာသည်။

အမှောင်စက်ဝန်း(mandala)ကို ဘယ်ဘက်မျက်ဆံအိမ်တွင်၊ အလင်းစက်ဝန်း (mandala) ကို ညာဘက်မျက်ဆံအိမ်တွင် စီရင်ထားခြင်း ဖြစ်သည်။

၎င်းသည် အထွက်အထိပ် စည်းတံဆိပ်တစ်ခုဖြစ်ပြီး အလင်းနှင့် အမှောင်သည် တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဟုန်ယွိက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု လိုက်သောအခါ ၎င်းမှာ ဖြည်းဖြည်းချင်း လည်ပတ်လာပြီး စုစည်းလာတော့သည်။ သူ၏ မျက်လုံးများထဲမှ ရှင်းပြ၍မရသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး အတူတကွ ပေါင်းစပ်လာသည်။

စာကြည့်ခန်းတစ်ခုလုံးတွင် အန္တရာယ်ရှိသော အငွေ့အသက်တစ်ခု ရုတ်တရက် လှိုင်းထ သွားတော့သည်။

ဤအန္တရာယ်ရှိသော အငွေ့အသက်မှာ ဖန်ရှင်းတာအိုဂိုဏ်းမှ တာအိုသခင်များ ကန့်၊ ယမ်းစိမ်း၊ မီးသွေးနှင့် ပြဒါးတို့ကို မီးဖိုထဲသို့ ထည့်လိုက်သည့်အလားပင် ဖြစ်သည်။ ၎င်းမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော ပြင်းထန်သည့် မီးတောက်တစ်ခုကဲ့သို့ပင်။

ယခုအခါ ဟုန်ယွိ၏ ဘယ်ဘက်မျက်ဆံမှာ မှောင်နေပြီး ညာဘက်မျက်ဆံမှာ လင်းနေ သည်။ ထိုအငွေ့အသက် နှစ်ခုမှာ တဖြည်းဖြည်း ရောယှက်လာပြီး ပေါက်ကွဲတော့မည့် အလား ရှိလာနေသည်။

သူ့ခန္ဓာကိုယ်ကို မီးဖိုအဖြစ်၊ အမှောင်ထုကို ကန့်အဖြစ်၊ အလင်းကို ယမ်းစိမ်းအဖြစ် သုံးကာ သူ့စိတ်ဝိညာဉ်စွမ်းအားကို မီးအဖြစ် အသုံးပြုလိုက်သည်။ ထိုနှစ်ခုကို ပေါင်းစပ်နှောလိုက် သောအခါ ကမ္ဘာတုန်စေမည့် မည်သည့်တာအိုပညာရပ်မျိုး ထွက်ပေါ်လာမည်နည်း။

သို့မဟုတ် ပေါက်ကွဲသွားမည်လား။ သူသည် ထိုတာအိုသခင်များကဲ့သို့ပင် မီးဖိုပေါက်ကွဲပြီး အပိုင်းပိုင်းပြတ်သွားမလား။ သို့မဟုတ် ဆေးလုံးပျက်စီးပြီး သူပါ သေဆုံးသွားမလား။ အားလုံးက မရေမရာ ဖြစ်နေသည်။

...

သို့သော် လေထုမှာ တဖြည်းဖြည်း ဆိုးရွားလာသည်။ ဟုန်ယွိ၏ ဘယ်ဘက်မျက်ဆံရှိ အမှောင်ထု၏ အလယ်မှ 'တာအိုသခင် ရွှန်ထျန်း'နှင့် ညာဘက်မျက်ဆံမှ 'ဗုဒ္ဓအလင်း' တို့ မှာ တစ်ခုနှင့်တစ်ခု အလင်းနှင့်အမှောင်အဖြစ် သူ၏ မျက်ခုံးအလယ်တွင် ရောယှက်လာပြီး လျှပ်စီးလက်သံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။

အမှန်ပင် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ပုံစံမျိုးပင်။

ဤပေါက်ကွဲမှုသည် ဟုန်ယွိ၏ ဦးခေါင်းကို သွေးမြူခိုးများအဖြစ်သို့ ရောက်စေရုံသာမက သူ၏ စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ်အားလုံးကိုပါ ဖျက်ဆီးပစ်လိမ့်မည်။

ဤသည်မှာ အလင်းနှင့် အမှောင်ကို ပေါင်းစပ်ခြင်း၏ ကြီးမားလှသော အန္တရာယ်ကြီးတစ်ခု ဖြစ်သည်။ မည်သူမျှ ကျော်လွှားနိုင်ခြင်း မရှိသလောက်ပင်။ အမှန်တကယ်ဆို ရှေးခေတ် ကတည်းက မည်သူမျှ ဤကဲ့သို့ ပေါင်းစပ်ရန် မကြိုးစားခဲ့ကြပေ။

ဝုန်း... ဝုန်း... ဟုန်ယွိ၏ မျက်ခုံးအလယ်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု စတင် ဖြစ်ပေါ်လာသည်။

အလင်းတန်းတစ်ခုစီနှင့် အမှောင်တန်းတစ်ခုစီ ထိမိတိုင်း ယမ်းမှုန့်များကဲ့သို့ ပေါက်ကွဲနေ သည်။ ခဏချင်းအတွင်းမှာပင် ဟုန်ယွိ၏ မျက်ခုံးကြားကို ဓားနှင့် ခုတ်လိုက်သည့်အလား ဖြစ်သွားတော့သည်။

ဟုန်ယွိ၏ မျက်ခုံးကြားမှ သွေးစများ စိမ့်ထွက်လာသည်။

သို့သော် သွေးများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဒေါင်လိုက်မျက်လုံးတစ်လုံး ပေါ်လာ ပြီး ထိုသွေးများကို စုပ်ယူလိုက်သည်။ ထို့နောက် မျက်ခုံးကြားမှ အစင်းရာမှာလည်း ပြန်လည် ချောမွေ့သွားတော့သည်။

၎င်းမှာ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်၏ စွမ်းဆောင်ရည်ပင် ဖြစ်သည်။

"အခုပဲ။"

တာအိုသခင် ရွှန်ထျန်းသည် ဟုန်ယွိ၏ ဘယ်ဘက်မျက်ဆံမှ ပျံထွက်လာပြီး ညာဘက် မျက်ဆံထဲမှ ဗုဒ္ဓအလင်းလည်း ပျံထွက်လာသည်။ ထိုအရှင်သခင် နှစ်ဦးမှာ ဟုန်ယွိ၏ မျက်ခုံးရှေ့တွင် တစ်ခုနှင့်တစ်ခု အပြင်းထန် တိုက်မိကြတော့မည်။

ဤအပြင်းအထန် ထိပ်တိုက်တွေ့ဆုံမိမှုက ကြီးမားသော ပေါက်ကွဲမှုကြီးကို ဖြစ်စေမှာ အသေအချာပင်။

၎င်းသည် 'အဆင့်လေး မိုးကြိုးကပ်ဘေး' ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအား အားလုံး ပေါက်ကွဲမှုပင် ဖြစ်သည်။ ၎င်းသည် တောင်ငယ်တစ်လုံးကို ဖျက်ဆီးပစ်ရန် လုံလောက်လှ သည်။ စံအိမ်တစ်ခုလုံးကို မြေလှန်သွားနိုင်ပြီး ဟုန်ယွိကိုယ်တိုင်လည်း ပြာဖြစ်သွားပေလိမ့် မည်။

ထိုအခိုက်အတန့်တွင် ဟုန်ယွိ၏ မျက်ခုံးကြားမှ 'အဆင့်ရှစ် မိုးကြိုးကပ်ဘေး'ပညာရှင်၏ နတ်ဘုရားအသိစိတ်တစ်ခု ရုတ်တရက် ပေါ်လာတော့သည်။

ဗုဒ္ဓအလင်းနှင့် တာအိုသခင် ရွှန်ထျန်းတို့ အပြင်းအထန် တိုက်မိတော့မည့် အခိုက်အတန့် တွင် ထို'အဆင့်ရှစ်' နတ်ဘုရားအသိစိတ်က ကြားဝင်နှောက်ယှက်လိုက်သဖြင့် ထိုအရှင်သခင် နှစ်ဦးမှာ လုံးဝ တိုက်မိခြင်း မရှိတော့ပေ။

ဘန်း…။

မတူညီသော အလင်းနှင့် အမှောင် အရင်းအမြစ်နှစ်ခု တိုက်မိသောအခါ၊ 'အဆင့်ရှစ်' နတ်ဘုရားအသိစိတ်၏ ကြားဝင်ထိန်းညှိမှုကြောင့် မယုံနိုင်စရာ ကောင်းသော ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ ဖြစ်သွားလေပြီ။

အလင်းရော အမှောင်ပါ နှစ်မျိုးလုံး ပါဝင်နေသည်တူသည့် အလွန်ပင် ဟန်ချက်ညီပြီး ထူးခြားလှသော နယ်မြေကြီးတစ်ခုသည် ဟင်းလင်းပြင်ထဲမှ ဖြည်းဖြည်းချင်း မွေးဖွားလာခဲ့ တော့သည်။

အခန်း (၄၀၄)။

"အောင်မြင်သွားပြီ။"

အလင်းနှင့် အမှောင်တို့ ပေါင်းစပ်သွားသည်ကို မြင်လိုက်ရပြီး၊ ပြင်းထန်သော ပေါက်ကွဲမှု ကြီး ဖြစ်တော့မည့်ဆဲဆဲတွင် ‘အဆင့်ရှစ် မိုးကြိုးကပ်ဘေး’ နတ်ဘုရားအသိစိတ် တစ်ခုက ၎င်းကို ဟန့်တားလိုက်ကာ သူ၏ မျက်ခုံးအလယ်မှ သုံးလက်မခန့်အကွာတွင် ရပ်တန့်သွား စေသည်။

ထို့နောက် အလင်းနှင့် အမှောင်တို့မှာ တစ်ပြိုင်နက်တည်း ငြိမ်းသတ်သွားပြီး၊ ဟင်းလင်း ပြင်ထဲမှ အလင်းရော အမှောင်ပါ ပါဝင်နေပုံရသည့် ကြီးမားသော နယ်မြေအစီအရင်တစ်ခု မွေးဖွားလာခဲ့သည်။ ဟုန်ယွိသည် သူ အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်လေသည်။

သူ၏စိတ်ဝိညာဉ်ကို နှစ်ပိုင်းခွဲ၍ တစ်ပိုင်းက အမှောင်ထု၏ အရင်းအမြစ်ဖြစ်သော 'တာအို သခင်ရွှန်ထျန်း'ကို ပုံဖော်ပြီး၊ ကျန်တစ်ပိုင်းက အလင်း၏ အရင်းအမြစ်ဖြစ်သော 'ဗုဒ္ဓ အလင်း'ကို ပုံဖော်ခြင်းမှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။ တစ်ကြိမ် ပေါက်ကွဲသွား သည်နှင့် အသက်အန္တရာယ် ရှိပေသည်။ သို့သော် ဟုန်ယွိတွင် ‘အဆင့်ရှစ် မိုးကြိုးကပ်ဘေး’ နတ်ဘုရားအသိစိတ်က တည်ငြိမ်စေသော ပုတီးစေ့တစ်ခုအလား ရှိနေသဖြင့် မည်သူမျှ မလုပ်ဆောင်ဖူးသည့် ကြီးမားသော မှော်စွမ်းအားကို ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။

"အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်။"

သူ၏ မျက်ခုံးကြားတွင် ပေါ်ပေါက်လာသော ထိုမဟာအစီအရင်ကို ဟုန်ယွိက ဂရုတစိုက် ခံစားကြည့်လိုက်သည်။

ဤမဟာအစီအရင်မှာ မှော်ပလ္လင်တစ်ခုနှင့် တူလှသည်။ ကြာပန်းနှင့် တူသလိုလို၊ မန္တလာပန်းနှင့် တူသလိုလို ရှိပြီး အဆုံးမရှိသော အလင်းနှင့် အမှောင် မျဉ်းကြောင်းများမှာ ကောင်းကင်ယံရှိ ကြယ်တာရာများ၏ ပတ်လမ်းများအလား ရောယှက်နေကြသည်။ အစီအရင်အတွင်းမှာ အခြားစကြဝဠာတစ်ခုကဲ့သို့ ကြယ်တာရာများပင် ရှိနေသည်။

ထိုစကြဝဠာငယ်လေးအတွင်း၊ ကြယ်တာရာများ၏ ပတ်လမ်းနှင့် အလင်းအမှောင် ပေါင်းစပ်ထားသော မှော်ပလ္လင်၏ ထိပ်ဖျားတွင် ပုလဲလုံးတစ်လုံး ရှိနေပြီး၊ ၎င်းမှာ နတ်ဘုရားတို့၏ နတ်ဘုရားဘုရင်တစ်ပါးအလား ထိပ်ဆုံးတွင် စိုးစံနေသည်။ ၎င်းမှာ တိုင်းပြည်တစ်ခု၏ ဘုရင်က မိမိတိုင်းပြည်ကို တည်ငြိမ် အေးချမ်းအောင် စောင့်ကြည့်နေ သကဲ့သို့ပင်။

၎င်းပုလဲလုံးသည် အလင်းနှင့်အမှောင်ကို ဖိနှိပ်ထားသည့် ‘အဆင့်ရှစ် မိုးကြိုးကပ်ဘေး’ နတ်ဘုရားအသိစိတ်ပင် ဖြစ်သည်။

ဟုန်ယွိသည် အတွေးတစ်ချက်နှင့်ပင် ဤအစီအရင်သည် ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နိုင်ကြောင်း ခံစားမိသည်။ ၎င်းသည် အလင်းစက်ဝန်းအစီအရင်နှင့် အမှောင် စက်ဝန်းအစီအရင်တို့၏ စွမ်းအားအားလုံးကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

စိတ်ဝိညာဉ်အတွေးစ နှစ်မျိုး ပေါင်းစပ်သွားခြင်းက မကြုံစဖူးသော ဆန်းကြယ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ထိုစိတ်ဝိညာဉ်အတွေးစ နှစ်မျိုးမှာ အလွန်ပင် မတည်မငြိမ် ဖြစ်နေပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်ကြောင်းကိုလည်း ဟုန်ယွိ ခံစားမိသည်။ အကယ်၍ အလယ်တွင် ထိန်းညှိ ဖိနှိပ်ပေးနေသည့် ‘အဆင့်ရှစ်’ နတ်ဘုရားအသိစိတ်သာ မရှိပါက သူသည် အကြိမ်ပေါင်း ရာနှင့်ချီ၍ သေဆုံးသွားနိုင်ပြီး သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာလည်း ပျက်စီးသွားပေ လိမ့်မည်။

"ငါက အခု 'အဆင့်လေး မိုးကြိုးကပ်ဘေး' မှာပဲ ရှိသေးတာတောင်၊ အလင်းနဲ့ အမှောင် ထိတွေ့မှုက ဒီလောက် စွမ်းအားကြီးနေပြီ။ ‘အဆင့်ရှစ်’ နတ်ဘုရားအသိစိတ်နဲ့ပင် ထိန်းညှိ ဖိနှိပ်ထားလို့ ရတယ်။ တကယ်လို့ ငါသာ နောက်ထပ် မိုးကြိုးကပ်ဘေးတစ်ခုကို ဖြတ်ကျော် ပြီး မိုးကြိုးကပ်ဘေး 'ပဉ္စမအဆင့်' ရောက်သွားရင် အလင်းနဲ့ အမှောင် ထိတွေ့မှုက ပိုပြီး ပြင်းထန်လာမှာပဲ။ အဲဒီကျရင် မိုးကြိုးကပ်ဘေး 'နဝမအဆင့်' နတ်ဘုရားအသိစိတ်နဲ့ မရလောက်ဘူး။ 'ယန်စိတ်ဝိညာဉ်' နတ်ဘုရားအသိစိတ်နဲ့တောင် ဖိနှိပ်နိုင်ပါ့မလား။" ဟုန်ယွိက တိတ်တဆိတ် တွေးတောနေမိသည်။

...

"မုကလေး... စိတ်ကို အေးအေးထားပြီး အာရုံစိုက်ထား၊ မင်းရဲ့ အတွေးတွေကို စုစည်းထား တော့။ မင်းရဲ့ ဝိညာဉ်ထဲမှာရှိတဲ့ ပုန်းကွယ်နေတဲ့ အန္တရာယ်ကို ငါ ဖယ်ရှားပေးတော့မယ်။"

သူ၏ မျက်ခုံးကြားတွင် 'အလင်းနှင့်အမှောင် မန္တလာ မဟာအိမ်အစီအရင်' စုစည်းသွား သည်နှင့် တစ်ပြိုင်နက် ဟုန်ယွိက အော်ပြောလိုက်သည်။ ကုလားထိုင်ပေါ်တွင် တင်ပလ္လင် ခွေ ထိုင်နေသော မုကလေးသည် ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူမ၏ စိတ်ဝိညာဉ် စွမ်းအားအားလုံးကို သုံး၍ ခန္ဓာကိုယ်ကို ဂရုတစိုက် စောင့်ကြည့်ရင်း သူမ၏ မျက်နှာမှာ မြင့်မြတ်သော အလင်းတန်းများဖြင့် တောက်ပလာတော့သည်။

"အလင်းနှင့် အမှောင်၊ ယင်နှင့်ယန် သဟဇာတဖြစ်ပြီး... ဝင်ရောက်စေ။"

ဟုန်ယွိ၏ နဖူးမှာ အနည်းငယ် လှုပ်ခတ်သွားပြီး အလင်းနှင့်အမှောင် မန္တလာ မဟာအစီရင် သည် တရွှီးရွှီးမြည်ကာ ပျံထွက်သွားပြီး မုကလေး၏ ဝိညာဉ်အတွင်းသို့ ဝင်ရောက်သွား တော့သည်။ ဤအချိန်တွင် မုကလေး၏ ဝိညာဉ်အတွင်း၌ မြင်ကွင်းအသစ်တစ်ခု ပေါ်လာ သည်။ မူလကရှိနေသော အာရုံထွေပြားသည့် အတွေးစများမှာ အလွန်ပင် နည်းပါးသွားခဲ့ ပြီ။ သူမ၏ဝိညာဉ်အတွင်းရှိ စိတ်ဝိညာဉ်အတွေးစများမှာ တောက်ပနေပြီး အာရုံထွေပြားမှု များကို အမြဲတစေ မောင်းထုတ်နေကြသည်။

စိတ်ဝိညာဉ်အတွေးစ ရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော မုကလေး၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်မှာ ဟုန်ယွိ၏အာရုံတွင် အလွန်ပင် ရှင်းလင်းနေသည်။ ၎င်းမှာ လုံးဝ သန့်စင်မူ မရှိသေးသော်လည်း ကြည်လင်နေသည့် ပုံဆောင်ခဲ မိန်းကလေးတစ်ဦးနှင့်တူပြီး၊ လျှို့ဝှက် ဆန်းကြယ်သော စိတ်ဝိညာဉ်စွမ်းအားအချို့ ရှိနေပုံရသည်။

သို့သော် မုကလေး၏ စိတ်ဝိညာဉ်မှာ ပို၍ သန့်စင်ပြီး စွမ်းအားကြီးလာလေ၊ အနက်ရောင် အလင်းတန်းမှာ ပို၍ အားကောင်းလာလေဖြစ်ပြီး၊ မုကလေး၏ စိတ်ဝိညာဉ်ကို အမြဲတမ်း ဖိနှိပ်ထားသည့်အလား ရှိနေသည်။

ဤအနက်ရောင်အလင်းမှာ ယွန်မင်နိုင်ငံ၏ ပါရမီရှင်၊ ဧကရာဇ်အကြံပေး ယုဝမ်၏ ဝိညာဉ် ကို ပိတ်လှောင်ထားသည့် မဟာအစီအရင်ပင် ဖြစ်သည်။

ယခုအခါ ဟုန်ယွိသည် အသစ်ဖွဲ့စည်းထားသော မဟာအစီအရင်ကို သုံး၍ ဤအစီအရင်ကို တစ်ပြိုင်နက်တည်း ဝါးမြိုပစ်ရန်နှင့် မုကလေး၏ ဝိညာဉ်ထဲရှိ အန္တရာယ်ကို လုံးဝ အမြစ်ပြတ် ဖယ်ရှားရန် ကြိုးစားနေခြင်း ဖြစ်သည်။

မဟုတ်ပါက၊ မုကလေးသည် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိပြီး သူမ၏သွေးကို အောင်မြင်စွာ လဲလှယ်နိုင်သောအခါ သူမတစ်ကိုယ်လုံးမှာ သန့်စင်သွားပေလိမ့်မည်။ ထိုအချိန်တွင် ထိုမဟာအစီအရင်သည် နိုးထလာပြီး မုကလေး၏ သွေးသားများကို ဝါးမြို ကာ စိတ်ဝိညာဉ်အတွေးစ အသစ်များအဖြစ် ပြောင်းလဲလိုက်မည် ဖြစ်ပြီး ဧကရာဇ် အကြံပေး ယုဝမ်၏ခွန်အားကို အာဟာရ ဖြည့်တင်းပေးလိမ့်မည်။

သွေးအနှစ်သာရနှင့် မူလစွမ်းအင်များကို စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲ၍ ရသည် ဆိုသော အချက်မှာ အနှစ်သာရ နတ်ဘုရားကျောင်း၏ သီအိုရီဖြစ်ပြီး အမှန်တရားလည်း ဖြစ်သည်။ အကယ်၍ သိုင်းသူတော်စင် တစ်ဦး၏ သွေးသားနှင့် ဝိညာဉ်အားလုံးကို စိတ်ဝိညာဉ် အတွေးစအဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက ကြီးမြတ်သော တစ္ဆေအင်မော် တယ်တစ်ဦးကို ဖန်တီးရန် လုံလောက်သည်။

၎င်းမှာ သိုင်းသူတော်စင်၏ သွေးသားမှာ အလွန်စင်ကြယ်သောကြောင့်သာ ဤသို့ ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။

ကျိရှန်းထျန်းဆီက ဤသတင်းအချက်အလက်ကို ရရှိထားသော ဟုန်ယွိအနေနှင့် ဤသို့ ဖြစ်ပျက်ရန် လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

...

"မင်းရဲ့ အစီအရင်လေးက ငါ့ရဲ့ မဟာအစီအရင် နှစ်ခုကို ခုခံနိုင်မယ်လို့ မထင်နဲ့။" ဟုန်ယွိ၏ မဟာအစီအရင်သည် မုကလေး၏ ဝိညာဉ်အတွင်းသို့ ဝင်သွားသောအခါ အနက်ရောင်အလင်းမှာ တစ်ခုခုကို အာရုံခံမိသွားသကဲ့သို့ အနည်းငယ် လှုပ်ရှားလာသည်။

သို့သော် ဟုန်ယွိက ၎င်းကို လှုပ်ရှားခွင့် ပေးပါမည်လော။ သူသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာဖြင့် ၎င်းကို လွယ်လွယ်ကူကူပင် ပတ်ပတ်လည်မှ ဝိုင်းလိုက်သည်။ ဖျောက်… ဟူသော အသံနှင့်အတူ သိပ်အားစိုက်စရာမလိုဘဲ အနက်ရောင်အလင်းမှာ ပိတ်လှောင်ခြင်း ခံလိုက်ရတော့သည်။

ထို့နောက် ပိတ်လှောင်ခံထားရသော အနက်ရောင်အလင်းနှင့်အတူ ဟုန်ယွိသည် မုကလေး ၏ ဝိညာဉ်အတွင်းမှ ထွက်ခွာခဲ့သည်။

"ဘယ်လိုနေလဲ မုကလေး။ တစ်ခုခု မှားယွင်းတာ ရှိလား။"

ဟုန်ယွိ ထွက်လာပြီးနောက် မုကလေး၏ ခန္ဓာကိုယ် လှုပ်ရှားသွားသည်ကို မြင်လိုက်ရပြီး၊ ထို့နောက် သူမသည် မှင်တက်စွာဖြင့် မျက်လုံးများ ဖွင့်လာသည်မှာ သူ၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားသကဲ့သို့ပင်။

"တစ်ခုခု မှားသွားတာလား။"

"ယုတ္တိနည်းအရဆိုရင် အနက်ရောင်အလင်းထဲမှာ ပိတ်လှောင်ထားတာက ဧကရာဇ် အကြံပေး ယုဝမ်ရဲ့ ဝိညာဉ်ပဲ၊ မုကလေးရဲ့ ဝိညာဉ်ကတော့ သူမကိုယ်တိုင် ဖန်တီးထားတာ။ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု မပတ်သက်သင့်ဘူး။ ငါ ဒါကို ဖယ်ထုတ်လိုက်ရင် မုကလေးရဲ့ ဝိညာဉ်က ပိုပြီး ကြည်လင်လာရမှာလေ၊ အခုလို တွေဝေနေစရာ မရှိဘူး။" ဟုန်ယွိလည်း တွေးတောနေမိသည်။

"အစ်ကိုယွိ... ကျွန်မ ဘာမှမဖြစ်ပါဘူး။ ရင်ထဲမှာ ကျောက်တုံးကြီး တစ်လုံးကို ဖယ်လိုက်သ လို ခံစားရပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားလို့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာပါ။ တကယ်ကို သက်သောင့်သက်သာ ရှိပြီး လွတ်လပ်သွားသလိုပဲ...။"

မုကလေးသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခုံပေါ်မှ မြေပြင်သို့ ပေါ့ပါးစွာ ခုန်ဆင်းလိုက် ကာ လက်မောင်များကို ဆန့်ထုတ်၍ အသက်ပြင်းပြင်း ရှူလိုက်သည်။

အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း အရှိန်အဝါတစ်ခုသည် မုကလေး၏ ဝိညာဉ်နှင့် သွေးသားများအတွင်းမှ ထွက်ပေါ်လာသည်။

ညှိုးနွမ်းနေသော သစ်ရွက်များမှ အဖူးအသစ်များ ဝေဝေဆာဆာ ထွက်လာပြီး တစ်ဖန် ပြန်လည်ကြီးထွားလာသည့်အလားပင်။

"အစ်ကိုယွိ... ကျွန်မ ရှင်ခြင်းနဲ့ သေခြင်းကြားက အတားအဆီးကို ကျော်ဖြတ်တော့မလို ခံစားနေရတယ်။" မုကလေးက ပျော်ရွှင်စွာ အသက်ရှူရင်း ပြောသည်။ သူမ၏ လေသံထဲ တွင် ဘဝ၏လှပမှုနှင့် ရှင်သန်ရခြင်း၏ လွတ်လပ်မှုကို မည်သူမဆို ခံစားနိုင်ပေသည်။

...

"မင်းမှာ ပါရမီရှင်တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိပါတယ်။ ငါ့နောက်ကို ဒီလောက် ကြာအောင် လိုက်လာပြီး အဆင့်မြင့် သိုင်းပညာတွေ အများကြီး ကျင့်ကြံခဲ့သလို၊ နတ်ဆိုး နတ်ဘုရားသွေးကိုလည်း သောက်သုံးခဲ့ဖူးတယ်။ ဘိုးဘေးဟုန်လင်ရဲ့ စိတ်ဝိညာဉ်အတွေးစ တွေနဲ့လည်း အလွန်အဆင့်မြင့်စွာ ကျင့်ကြံထားပြီ။ ဒါတွေအားလုံးဟာ ‘သားအိမ်အတွင်း ပုန်းကွယ်ခြင်း စိတ်ဝိညာဉ်အစီအရင်’ကြောင့် ပိတ်ဆို့ခံထားရတာ။ အရင်က ငါ့မှာ စွမ်းအား မလုံလောက်သေးလို့ အဲဒီအစီအရင်ကို ဖျက်ဆီးလိုက်ရင် မင်းရဲ့ဝိညာဉ်ကို ထိခိုက်သွားမှာ စိုးရိမ်နေခဲ့ရတာ။ အခု ငါ့မှာ စွမ်းအား လုံလောက်ပြီဆိုတော့ အစီအရင်ကို ဖယ်ရှားလိုက်ပြီ။ ဒီအစီအရင်ထဲမှာ ဘာတွေရှိလဲဆိုတာ ငါ အခုပဲ ကြည့်ချင်တယ်။"

မုကလေး၏ ပြန်လည်မွေးဖွားလာမှုနှင့် အညစ်အကြေးများ ကင်းစင်သွားသည့်အလား အသက်ရှူနေပုံကို ကြည့်ပြီး ဟုန်ယွိမှာ မပျော်ဘဲ မနေနိုင်ပေ။

ထို့နောက် သူသည် 'အလင်းနှင့်အမှောင် မန္တလာ မဟာအစီအရင်' အတွင်းရှိ အနက်ရောင် အလင်းစက်လေးကို ကြည့်လိုက်သည်။

ဤအနက်ရောင်အလင်းမှာ ချိတ်ပိတ်ခံရပြီးနောက် အလွန်ပင် မတည်မငြိမ် ဖြစ်နေသည်။ ၎င်းမှာ ပြင်းထန်စွာ လှုပ်ခတ်နေပြီး ပင်လယ်ပြင်မှ မုန်တိုင်းတစ်ခုကဲ့သို့ မှော်စွမ်းအားများ စွာကို ထုတ်လွှတ်နေသည်။

ဝုန့်... ဝုန့်... ဝုန့်...

အလင်းနှင့်အမှောင် မန္တလာမဟာအစီအရင်မှာ ပြင်းထန်စွာ တုန်ခါနေပြီး အတွင်းရှိ အနက်ရောင်အလင်းစက်မှ အနက်ရောင် အလင်းတန်းများက အဆုံးမရှိ ထွက်ပေါ်လာပြီး၊ ဧရာမ 'ကောင်းကင်မြွေ' တစ်ကောင်အဖြစ် မထင်မရှား ပုံရိပ်ပေါ်လာသည်။ ၎င်းမှာ အလွန်တရာပင် အရှိန်အဝါ ကြီးမားသော်လည်း ကြမ်းတမ်းခြင်း မရှိပေ။ သို့သော် ၎င်း၏ မျက်လုံးနှစ်လုံးမှာ ပြောင်းလဲနေသော နဂါးငွေ့တန်းများကဲ့သို့ ရှိနေပြီး အစီအရင်ကို ဖြတ်ကျော်၍ ဟုန်ယွိကို စိုက်ကြည့်နေသည်။

ကောင်းကင်မြွေကြီး၏ မျက်နှာတွင် ရှုပ်ထွေးပြီး ဝမ်းနည်းကျေကွဲဖွယ် အမူအရာ တစ်ခု ပေါ်လာသည်။ ၎င်းမှာ ဟုန်ယွိက သူ၏နတ်ဘုရားဓားဖြင့် ကောင်းကင်မြွေဘုရင်မရှင်းမို၏ အမှောင်ဧကရာဇ်လက်ညှိုးကို ထိုးဖောက်ခဲ့စဉ်က ရှင်းမို၏ မျက်လုံးများတွင် ပေါ်လာသော အမူအရာနှင့် အလွန်ပင် တူလှသည်။

"ဟွန့်..."

ဟုန်ယွိက နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ညှိုးဖြင့် ညွှန်ကာ လေတစ်ချက် မှုတ်ထုတ်လိုက် သည်။

ရှူး...

အလင်းနှင့်အမှောင် နယ်မြေတစ်ခုလုံးပေါ်ရှိ ‘အဆင့်ရှစ်’ နတ်ဘုရားအသိစိတ်မှာ လည်ပတ်သွားပြီး ရုတ်တရက် ပျံတက်သွားသည်။

နတ်ဘုရားအသိစိတ်၏ ဖိနှိမှု မရှိတော့သောအခါ၊ မဟာအစီအရင် နယ်မြေအတွင်း၌ 'တာအိုသခင် ရွှန်ထျန်း'နှင့် 'ဗုဒ္ဓအလင်း'တို့မှာ ရုတ်တရက် အပြင်းအထန် တိုက်မိသွားကြ တော့သည်။ အစီအရင်တစ်ခုလုံးမှာ အလယ်ဗဟိုချက်ဆီသို့ အလွန်တရာ သေးငယ်သော အစက်လေးတစ်ခုအဖြစ် ရုတ်တရက် ကျုံ့ဝင်သွားရာ သာမန်မျက်စိဖြင့် မမြင်နိုင်တော့သ လို စိတ်ဝိညာဉ်အတွေးစဖြင့်ပင် မခံစားနိုင်တော့ဘဲ ဘာမျှမရှိတော့သည့်အထိ ကျုံ့ဝင် သွားလေသည်။

ထိုသို့ အစီအရင် ကျုံ့ဝင်သွားသည်နှင့်အမျှ၊ မဟာအစီအရင်အတွင်းရှိ အနက်ရောင် စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်မြွေကြီး၏ ဝမ်းနည်းဖွယ် မျက်နှာမှာ တည်ကြည်သွားတော့သည်။ ၎င်းက ရှေးဟောင်းဘာသာစကားတစ်ခုကို ရွတ်ဆိုနေသကဲ့ သို့ ပလွေမှုတ်သံအသံဖြင့် ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။

သို့သော် မည်သည့်ရွတ်ဆိုမှုမှ အရာမထင်ပေ။ အလင်းနှင့် အမှောင် ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ပြိုကွဲပြီး ကျုံ့ဝင်နေမှုကို မည်သည့်အရာကမှ မတားဆီးနိုင်ပေ။

"ဝိညာဉ်လွင့် လောင်ကျွမ်းခြင်းဂါထာ။"

ဟုန်ယွိသည် ဤစူးစူးအသံကို ကြားသည်နှင့် ၎င်းမှာ ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ ထူးခြားသော ပညာရပ်တစ်ခုဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ၎င်းမှာ ဆန်းကြယ် ကောင်းကင်ဘုံခန်းမ၏ ပညာရပ် မဟုတ်ဘဲ၊ ကောင်းကင်မြွေဘုရင်မသည် ဆန်းကြယ် ကောင်းကင်ဘုံခန်းမသခင်နှင့် တာအိုလက်တွဲဖော် မဖြစ်ခင်ကပင် သုံးစွဲခဲ့သော တာအို ပညာရပ် ဖြစ်သည်။

ကောင်းကင်မြွေဘုရင်မသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်နှင့် မထိမ်းမြားမီက ပင် ပြိုင်ဘက်ကင်းသော ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူ၏ တာအိုပညာမှာ ဆန်းကြယ် လှပြီး မည်သည့်နေရာမှ သင်ယူခဲ့သည်ကို မည်သူမျှ မသိကြပေ။

သို့သော် မည်သည့် တာအိုပညာရပ်မဆို အလင်းနှင့် အမှောင် ပေါင်းစပ်ထားသော မဟာ အစီအရင်နယ်မြေအောက်တွင် အချည်းနှီးသာ ဖြစ်သည်။

မဟာအစီအရင်သည် ခဏချင်းအတွင်း ကျုံ့ဝင်သွားပြီး ပျောက်ကွယ်သွားသည်။ ရှိခြင်းနှင့် မရှိခြင်းကြား အခိုက်အတန့်တွင် ကောင်းကင်မြွေဘုရင်မ၏ ရွတ်ဆိုသံလည်း ပျောက်ကွယ် သွားတော့သည်။ ထို့နောက် ဝုန်း... ဟူသော အသံနှင့်အတူ မဟာအစီအရင် တစ်ခုလုံးသည် ထိုအစက်လေးထဲမှ ပြန်လည် ထွက်ပေါ်လာပြန်သည်။

အဆုံးမဲ့စကြာဝဠာကြီး ကျုံ့ဝင်သွားပြီးနောက် ပြင်းထန်စွာ ပြန်လည်ပွင့်ထွက်လာကာ အဆုံးမရှိသော ကြယ်တာရာများ ပေါ်ထွက်လာသကဲ့သို့ပင်။

...

"ကောင်းတယ်။ ဒီအချိန်ပဲ။"

အလင်းနှင့်အမှောင် မဟာအစီအရင်နယ်မြေကြီး ကျုံ့ဝင်ခြင်းနှင့် ပွင့်ထွက်ခြင်းတို့မှာ အဆုံးမဲ့စကြာဝဠာကြီး၏ ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့ကဲ့သို့ပင်။ ၎င်းသည် အမှောင်နယ်ပယ်အတွင်းရှိ တာအိုပညာများ၊ မှတ်ဉာဏ်များနှင့် အတွေးစများ အားလုံးကို ချက်ချင်းပင် ခြေမွပစ်လိုက်သည်။ ဟုန်ယွိသည် ဤအခိုက်တန့်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။ ပျက်စီးသွားပြီးနောက်တွင် လူဦးခေါင်းခွံအရွယ်အစားရှိ စိတ်ဝိညာဉ်အတွေးစ ၉၉ ခု ကျန်ရစ်ခဲ့သည်။ ၎င်းတို့မှာ အချိန်မရွေး ပေါက်ကွဲတော့မည့် လျှပ်စီးလုံးများကဲ့သို့ တုန်ခါနေကြသည်။

၎င်းတို့သည့် သန့်စင်သော စိတ်ဝိညာဉ်အတွေးစ ၉၉ ခုပင် ဖြစ်သည်။

၎င်းတို့မှာ အဆင့်သုံး၊ အဆင့်လေး အတွေးစများ မဟုတ်ဘဲ မိုးကြိုးကပ်ဘေး 'ပဉ္စမအဆင့်' စိတ်ဝိညာဉ် အတွေးစများ ဖြစ်နေသည်။ ထို့ပြင် ဤစိတ်ဝိညာဉ်အတွေးစ ၉၉ ခုမှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ ခန်းမ၏ 'ပဉ္စမအဆင့်' မိုးကြိုးကပ်ဘေး စိတ်ဝိညာဉ် အတွေးစများထက်ပင် ပို၍ အားကောင်းနေကြသည်။ ၎င်းတို့မှာ 'ဆဌမအဆင့်' ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။

ဟုန်ယွိသည် ဤအတွေးစ ၉၉ ခုကို အသုံးပြုလိုက်မည်ဆိုပါက အချိန်မရွေး ဟင်းလင်းပြင် ကို ဆွဲဖြဲနိုင်ပြီး စကြဝဠာအိတ်ကဲ့သို့ပင် ခရီးသွားနိုင်ကြောင်း ခံစားမိသည်။

စိတ်ဝိညာဉ်အတွေးစဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်ခြင်းမှာ 'ဆဌမအဆင့် မိုးကြိုး ကပ်ဘေး' ပညာရှင်များသာ တတ်နိုင်သည့် စွမ်းရည်ဖြစ်သည်။ ဟုန်ယွိသည် ဤစွမ်းရည်ရှိ သူ တစ်ဦးကိုသာ မြင်ဖူးခဲ့ပြီး၊ ထိုပုဂ္ဂိုလ်မှာ မဟာကျိုးမင်းဆက်ကို တည်ထောင်သူ၊ 'အဝီစိ ရာဇပလ္လင်' ပေါ်တွင် ထိုင်နေသော အထွက်အထိပ် ပညာရှင်ကြီး ကျိုးထိုက်ကျူ ဖြစ်သည်။

ယခု ဤပညာရှင်မှာ 'ပဉ္စမအဆင့်' သာ ဖြစ်သော်လည်း 'ဆဌမအဆင့်' ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ ထူးဆန်းသော ပါရမီရှင်တစ်ဦးဖြစ်သည့် ဟုန်ယွိနှင့်ပင် တူနေသည်။

ထိုစိတ်ဝိညာဉ်အတွေးစများသည် မုကလေး၏ ခန္ဓာကိုယ်ထဲမှာ ပိတ်လှောင်ခံထားရသည့် ယွန်မင်နိုင်ငံ၏ ဧကရာဇ်အကြံပေး ယုဝမ်၏ စိတ်ဝိညာဉ်အတွေးစ ၉၉ ခုပင် ဖြစ်သည်။

မူလက ဤအတွေးစများတွင် မှတ်ဉာဏ်များ ရှိသော်လည်း ယခုအခါ ဟုန်ယွိ၏ မဟာ အစီအရင်ဖြင့် ဤအရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ ၎င်းတို့မှာ 'ပဉ္စမအဆင့်' အထိပ်အထိပ်ရှိ စင်ကြယ်သော စိတ်ဝိညာဉ်အတွေးစများ ဖြစ်သွားခဲ့ပြီ။

"ဒီအရာတွေက ကျွန်မရဲ့ ဝိညာဉ်ထဲမှာ ပုန်းနေခဲ့တာလား။" မုကလေးသည် ဟုန်ယွိ၏ အစီအရင် ပေါက်ကွဲသွားမှုနှင့် လူဦးခေါင်းခွံအရွယ်ရှိ တောက်ပနေသော လျှပ်စီးလုံး ၉၉ လုံးကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။ "အစ်ကိုယွိ... ဒါတွေက မိုးကြိုးကပ်ဘေး 'ပဉ္စမအဆင့်' အတွေးစတွေ မဟုတ်လား။ အစ်ကိုယွိရဲ့ အတွေးစတွေ တောင် ဒီလောက် အားမကောင်းဘူး ထင်တယ်။"

"ဟုတ်တယ်၊ ဒါတွေက မိုးကြိုးကပ်ဘေး 'ပဉ္စမအဆင့်' အထိပ်အထိပ်၊ ဒါမှမဟုတ် 'ဆဌမ အဆင့်' နီးပါးရှိတဲ့ အတွေးစတွေပဲ။ ဧကရာဇ်အကြံပေး ယုဝမ်ဟာ တကယ့်ကို အစွမ်း ထက်တာပဲ။ ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့တောင် သူမလက်ချက်နဲ့ သေလုနီးပါး ဖြစ်ခဲ့တာ မဆန်းပါဘူး။" ဟုန်ယွိက သက်ပြင်းချရင်း သူ၏ မျက်လုံးများက အရောင်တောက်လာ သည်။ "လာ မုကလေး၊ ဒီအတွေးစတွေကို ဧကရာဇ်အကြံပေး ယုဝမ်က မင်းကို ဝါးမြိုဖို့ မင်းရဲ့ဝိညာဉ်ထဲမှာ ထားခဲ့တာ။ အခုတော့ ငါက ဒါတွေကို သန့်စင်လိုက်ပြီဆိုတော့ မင်းက ပဲ ဒါတွေကို တိုက်ရိုက် ဝါးမြိုပစ်လိုက်။ ဒါတွေက မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အဆမတန် တိုးတက်စေလိမ့်မယ်။"

ဟုန်ယွိက လက်ညှိုးဖြင့် ညွှန်လိုက်ရာ ကြီးမားသော အတွေးစတစ်ခုမှာ မုကလေး၏ နဖူးထဲသို့ ဝင်သွားတော့သည်။

ဝုန်း...။

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မိုးကြိုးကပ်ဘေး 'ပဉ္စမအဆင့်' အတွေးစတစ်ခုမှာ မုကလေး၏ စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ရိုက်ခတ်သွားသည်။ ချက်ချင်းပင် မုကလေး၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။ တစ်ဝက်တစ်ပျက် ကြည်လင်နေသော စိတ်ဝိညာဉ်မှာ ကျယ်ပြန့်လာပြီး ပို၍ ပို၍ ကြည်လင်လာတော့သည်။ ထို့နောက် စိတ်ဝိညာဉ်မှာ စတင် တောက်ပလာတော့သည်။

တစ်ချိန်တည်းမှာပင် မုကလေး၏ စိတ်ဝိညာဉ်မှာ နာကျင်မှုကြောင့် ညည်းတွားလိုက်ရ သည်။

ဟုန်ယွိသည် မိုးကြိုးကပ်ဘေး 'ပဉ္စမအဆင့်' အတွေးစမှာ အလွန်ပင် ပြင်းထန်လွန်း ကြောင်း သိလိုက်သည်။ မုကလေး၏ စိတ်ဝိညာဉ်မှာ ၎င်းကို လုံးဝ မခံနိုင်ပေ။ အတွေးစ တစ်ခုတည်းကိုပင် မခံနိုင်ပါက၊ မဟာအစီအရင်နယ်မြေကြီး ပေါက်ကွဲသွားပြီး အတွေးစ ၉၉ ခုလုံးက ဝါးမြိုလိုက်မည်ဆိုလျှင် မုကလေး မည်သို့ဖြစ်သွားမည်ကို တွေးကြည့်ရုံနှင့် သိနိုင်သည်။

မိုးကြိုးကပ်ဘေး 'ပဉ္စမအဆင့်' အတွေးစ စုစုပေါင်း ၃၆ ခု ထည့်သွင်းပေးပြီးနောက်၊ မုကလေး၏ စိတ်ဝိညာဉ်အတွင်း၌ အတွေးစ ၁၂ ခုကို တစ်ဖွဲ့စီဖြင့် တြိဂံပုံစံ အစီအရင် တစ်ခု တည်ဆောက်လိုက်သည်။ ဟုန်ယွိသည် နောက်ဆုံးတွင် သူ၏မှော်စွမ်းအားကို သုံး၍ မုကလေး၏ စိတ်ဝိညာဉ်ကို တည်ငြိမ်သွားစေခဲ့သည်။ နောက်ဆုံးတွင် မုကလေး၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်ခိုင်းလိုက်သည်။

"မုကလေး... မင်းရဲ့တာအိုပညာဟာ အခုဆိုရင် 'ပထမအဆင့် မိုးကြိုးကပ်ဘေး' ပညာရှင် တစ်ယောက်နဲ့ ယှဉ်နိုင်နေပြီ။ သူတော်စင် တောက်ဖူတို့နဲ့ စိတ်ဝိညာဉ် စွမ်းအားချင်း ယှဉ်မယ်ဆိုရင်တောင် မင်းက ရှုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့ တာအိုကျင့်စဉ် နည်းစနစ်ပိုင်း မှာတော့ မင်းက သူတို့ကိုမှီဖို့ အများကြီး လိုသေးတယ်။"

ဟုန်ယွိသည် ကျန်ရှိသော အတွေးစ ၆၃ ခုကို သိမ်းဆည်းလိုက်ပြီး သူ၏ မျက်ခုံးကြားတွင် ပိတ်လှောင်ထားလိုက်သည်။

သူ၏ တာအိုပညာမှာ အတွေးစတစ်ခုဖြင့် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်သည့် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ အချို့အရာများကို စကြဝဠာအိတ်ထဲတွင် ထည့်ထားရန် မလိုအပ်တော့ပေ။

"ဒီအတွေးစ ၆၃ ခုကို အလဟဿ အဖြစ်မခံနိုင်ဘူး။ နောင်မှာ အသုံးဝင်လာလိမ့်မယ်" ဟု ဟုန်ယွိက တွေးရင်း မတ်တပ်ရပ်လိုက်သည်။

"အားလုံး လူစုလိုက်တော့။ သဲကန္တာရပြည်နယ် စစ်စခန်းကို သွားကြမယ်။"

... ...

ဟုန်ယွိ မုကလေး၏ ခန္ဓာကိုယ်ထဲမှ အန္တရာယ်များကို ဖယ်ရှားပေးနေစဉ်မှာပင်၊ အနောက်ဘက်ဒေသ သဲကန္တာရ၏ အလွန်ဝေးကွာလှသော တစ်နေရာတွင် တောင်တန်း ကြီးများနှင့် ရေစီးနေသော တံတားငယ်လေးတစ်ခု ရှိနေသည်။ ၎င်းမှာ တောင်ပိုင်းဒေသ၏ အလှအပများကို သဲကန္တာရထဲသို့ ပြောင်းရွှေ့ထားသည့်အလားပင်။

ကျောက်တံတားငယ်လေးပေါ်တွင် ဝတ်ရုံဖြူဝတ် တာအိုသခင်တစ်ဦး ထိုင်နေသည်။ သူ့ပုံစက အလွန်ပင် ငယ်ရွယ်ပုံရသော်လည်း သူ၏ မျက်လုံးများကမူ ဘဝအတွေ့အကြုံ များပြားလှသူတစ်ဦးအလား ခံစားရစေသည်။

ထိုတာအိုသခင်၏ ဦးခေါင်းအထက်တွင် လျှပ်စီးများ ဝန်းရံထားသော တာအိုနတ်ဘုရား တစ်ပါး ရှိနေသည်။ ထိုနတ်ဘုရားမှာ တာအိုသရဖူကို ဝတ်ဆင်ထားပြီး မိုးကြိုးတိမ်တိုက် များပေါ်တွင် ရပ်နေသည်။ ၎င်းမှာ ချန်ယင်ရှာ ကျင့်ကြံထားနေသည့် 'နတ်ဘုရားမိုးကြိုး တာအိုပညာရပ်' ပင် ဖြစ်သည်။

နတ်ဘုရားမိုးကြိုး တာအိုသခင် (ရှန်ရှောင်တာအိုသခင်)။

ဤတာအိုသခင်သည် ရှန်ရှောင်တာအိုသခင်ကို ပုံဖော်ထားခြင်း ဖြစ်သည်။ တာအိုသခင် သည် တာအိုကျင့်စဉ်ကို ကျင့်ကြံနေသည်မှာ သိသာလှသည်။

တစ်ချိန်တည်းမှာပင် ဆယ်ပေခန့် ကျယ်ဝန်းသော စိတ်ဝိညာဉ်အတွေးစ ၇ ခုမှာ သူ ပုံဖော်ထားသော ရှန်ရှောင်တာအိုသခင်ကို ဝန်းရံထားကြသည်။

ဤကြီးမားလှသော စိတ်ဝိညာဉ်အတွေးစ ၇ ခုမှာ ဟုန်ယွိ လုပ်ကြံသတ်ဖြတ်သူများခန်းမ တွင် မြင်တွေ့ခဲ့ရသော မုန့်ရှန်းကျီ၏ ‘သတ္တမအဆင့် မိုးကြိုးကပ်ဘေး’ အတွေးစများပင် ဖြစ်သည်။

"ဟန်ရှောက်ကျိ... မင်း နတ်ဘုရားမိုးကြိုးတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ အရင်တုန်းက မင်း မိုးကြိုးကပ်ဘေး ဖြတ်ကျော်တုန်းက ပြာဖြစ်သွားခဲ့တာ။ မင်းဆီမှာ ပျောက်ကွယ်တော့မယ့် ပင်မစိတ်ဝိညာဉ် အတွေးစတစ်ခုပဲ ကျန်တော့တဲ့အချိန်မှာ၊ ငါက မင်းရဲ့ မိုးကြိုး ကပ်ဘေး ခံယူတဲ့ နေရာဆီကို မိုင်ပေါင်းထောင်ချီ ပျံလာပြီး မင်းကို ကယ်တင်ပေးခဲ့တာ။ ငါ့ မှော်စွမ်းအားတွေကို သုံးပြီး မင်းရဲ့စွမ်းရည်တွေ ပြန်ရအောင် အနှစ်တစ်ရာလုံးလုံး ကူညီပေးခဲ့တယ်။ အခုတော့ ငါ့အတွက် မင်း လုပ်ပေးရမယ့် အလုပ်တစ်ခုရှိလာပြီ။"

ထိုတာအိုသခင်၏ ဦးခေါင်းအထက်တွင် ရှိနေသော စိတ်ဝိညာဉ်အတွေးစ ၇ ခုမှ ကောင်းကင်ဘုံ၏ အလိုဆန္ဒအလား အသံတစ်သံ ထွက်ပေါ်လာသည်။

ဤအသံမှာ တိုင်ရှန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် မုန့်ရှန်းကျီ၏ အသံပင် ဖြစ်တော့သည်။

All Chapters