သစ်ပင်အိမ်အောက်မှ ဗီဇပြောင်းနွယ်ပင်များ
Vol. 11 Ch. 151
သူသည် ကျိချောင်းယန်ထံသို့ ချက်ချင်း ပြန်စာပို့လိုက်သည်။
"ငါ အခုလေးတင် ဆုလာဘ်ကို ထုတ်ယူလိုက်ပြီ။ ကျပန်းမြှင့်တင်မှုတဲ့၊ မင်းလည်း ရတယ်မလား.."
တောအုပ်နယ်မြေ (၁၈၈) တစ်ခုလုံးတွင် သူနှင့် ကျိချောင်းယန် နှစ်ဦးတည်းသာ ဤဆုလာဘ်ကို ရရှိကြခြင်းဖြစ်သည်။
ကျိချောင်းယန်က ချက်ချင်းပြန်ဖြေ၏။
"ဟုတ်တယ်၊ အလှဆင်မှုအဆင့် ၁၀၀ ကျော်လို့ တစ်ရက်စာခံမယ့် ကျပန်းစွမ်းရည်တစ်ခု ရတယ်လို့ အသိပေးချက်တက်လာတယ်။"
"မင်း ဘာစွမ်းရည်ရလဲ"
"အကြားအာရုံ မြှင့်တင်ခြင်း ဆိုလား ပဲ။ အခုဆိုရင် သေးငယ်တဲ့ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း ကြားနေရတယ်။ မြေအောက်က လှုပ်ရှားသံတွေကို နားထောင်ပြီး နွယ်ပင်တွေရဲ့တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့တယ်လေ။"
"ငါ့ဘက်မှာတော့ အမြင်အာရုံ မြှင့်တင်ခြင်း ရတယ်။ ဒီကျပန်းမြှင့်တင်မှုက ခန္ဓာကိုယ်ရဲ့ အာရုံခံနိုင်စွမ်းတစ်ခုခုကို မြှင့်ပေးတာ ထင်တယ်" ဟု ရွှီရှင်းက သုံးသပ်လိုက်သည်။
"လောလောဆယ်တော့ အဲဒီအတိုင်းပဲ"
ကျိချောင်းယန်က ပြန်ပြောသည်။
"အလှဆင်မှုအဆင့် ပိုတက်လာရင် ပိုစွမ်းတဲ့ စွမ်းရည်တွေ ရလာနိုင်မလားပဲ။"
"...ဓာတ်မှန်ရိုက်သလိုမျိုး အထဲဖောက်မြင်တာ ဒါမှမဟုတ် ကိုယ်ယောင်ဖျောက်တာမျိုးလား..."
"ဟားဟား၊ ဘယ်သူသိမှာလဲ။"
ဤကဲ့သို့သော စွမ်းရည်ကို ရရှိလိုက်ခြင်းက ရွှီရှင်းကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။
နံနက်တိုင်း နိုးလာလျှင် ဘယ်လိုစွမ်းရည်မျိုး ရမလဲဆိုသည်မှာ လျှို့ဝှက်သေတ္တာ ဖွင့်ရသကဲ့သို့ ရင်ခုန်စရာ ကောင်းလှ၏။
ယနေ့ရရှိသော စွမ်းရည်မှာမူ သစ်ရွက်များကြားတွင် ပျံသန်းနေသော ပိုးကောင်လေးများကိုပင် အသေးစိတ် မြင်နေရပြီး သူ၏ အမြင်အာရုံအတွင်းရှိ အရာအားလုံးမှာ အလွန်အမင်း ကြည်လင်နေသည်။
သူသည် အချိန်မဖြုန်းတော့ဘဲ ချပ်ဝတ်ကို ဝတ်ဆင်ပြီး မြှားသေနတ်ကို ကိုင်ဆောင်ကာ သာမန်မြှားများနှင့် အသစ်လုပ်ထားသော ပေါက်ကွဲ မြှားများကို ယူဆောင်လျက် သစ်ပင်အိမ်အပြင်ဘက်သို့ ထွက်လိုက်သည်။
ရွှီရှင်းသည် သစ်ပင်အိမ်အမြစ်များကို သူ၏ခါးတွင် ရစ်ပတ်စေကာ အောက်သို့ တဖြည်းဖြည်း ဆင်းလိုက်၏။
အောက်တွင် တွဲလောင်းခိုနေသော အာဖုက သူ့ကို မြင်သောအခါ နှုတ်ဆက်သည့်အလား အတောင်ပံ ခတ်ပြသည်။
"အပေါ်တက်သွားတော့၊ ပြတင်းပေါက် ဖွင့်ထားတယ်။ မကြာခင် ဒီမှာ အန္တရာယ်ရှိလာတော့မယ်၊ ဒီနားမှာ မနေနဲ့။"
သစ်ပင်အိမ်၏ အမိုးအောက်ခြေမှာ ၁၀ မီတာခန့် မြင့်သည်။
ကျိချောင်းယန် ပြောသကဲ့သို့ နွယ်ပင်များက ၅ မီတာအထိသာ တိုက်ခိုက်နိုင်မည်ဆိုပါက ပြဿနာမရှိသော်လည်း သူ၏ဘက်တွင် ထူးခြားသည့် အခြေအနေများ ရှိမည်ကို စိုးရိမ်မိသည်။
အာဖုသည် ထိုစကားကို ကြားသောအခါ သစ်ပင်အိမ် တတိယထပ်သို့ ပျံတက်သွားတော့၏။
ရွှီရှင်း အသက်ကို ဝဝရှူကာ အမြစ်များကို ထိန်းချုပ်ပြီး အောက်သို့ တဖြည်းဖြည်း ဆင်းလာခဲ့သည်။
အဆင့်မြှင့်တင်နေဆဲဖြစ်သော သစ်ပင်အိမ်မှာ အရင်ကလောက် လုပ်ဆောင်ချက်များ မသွက်လက်ဘဲ အမြစ်များ၏ တုံ့ပြန်မှုမှာလည်း ၀.၅ စက္ကန့်ခန့် နောက်ကျနေသည်ကို သူ သတိထားမိလိုက်သည်။
မြေပြင်နှင့် ၆ မီတာ၊ ၇ မီတာခန့်အကွာသို့ ရောက်သောအခါ မြေအောက်မှ တုန်ခါမှုမှာ ပိုမိုပြင်းထန်လာ၏။
မြှင့်တင်ထားသော အမြင်အာရုံကြောင့် မြေပြင်အောက်ရှိ သိပ်သည်းလှသော အမှတ်များမှ တုန်ခါမှုများ ထွက်ပေါ်နေသည်ကို သူ ခံစားရသည်။
မြေပုံပေါ်တွင် အနီရောင်အစက်များ ပေါ်မလာသော်လည်း မြေပြင်မှာမူ ပြင်းထန်စွာ တုန်ခါလာတော့၏။
နောက်ဆုံးတွင် သူ၏ခြေထောက်မှာ မြေပြင်နှင့် ၅ မီတာခန့်အကွာသို့ ရောက်ရှိသွားသည်။
သူ ထပ်မံဆင်းလိုက်သည်နှင့် မြေပြင်မှာ ဟက်ခနဲ ကွဲအက်သွားပြီး သွေးရောင်အစင်းကြောင်းပါသော နွယ်ပင်အချို့မှာ သူ၏ခြေထောက်ရှိရာသို့ ရုတ်တရက် ထိုးထွက်လာတော့သည်။
ရွှီရှင်းက ခြေထောက်ကို အမြန်ပြန်ရုပ်လိုက်ရာ နွယ်ပင်များမှာ သူ၏ခြေရင်းနားတွင် တိုက်ခိုက်မှု ရပ်တန့်သွား၏။
၎င်းတို့သည် ၅ မီတာထက် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း မရှိချေ။
သို့သော် ရွှီရှင်း မြင်လိုက်ရသော မြင်ကွင်းက သူ့ကို အံ့အားသင့်စေခဲ့သည်။
သူ၏ ထူးကဲသော အမြင်အာရုံကြောင့် နွယ်ပင်များ မြေကြီးထဲမှ ထွက်လာပုံကို အသေးစိတ် မြင်လိုက်ရခြင်းဖြစ်သည်။
မြေကြီးကွဲအက်သွားသည့် ခဏတွင် ထွက်ပေါ်လာသော နွယ်ပင်လေးများသည် အပင်ပေါက်လေးများနှင့် တူလှ၏။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းတို့မှာ အလျင်အမြန် ကြီးထွားလာပြီး သူ့ကို တိုက်ခိုက်ကာ လေထဲတွင် ဝဲနေသော သွေးရောင်နွယ်ပင်ကြီးများအဖြစ် ပြောင်းလဲသွားကြသည်။
"ဒီနွယ်ပင်တွေက မြေအောက်ကနေ တက်လာတာ မဟုတ်ဘဲ မြေကြီးထဲကနေ ချက်ချင်း ကြီးထွားလာတာပဲ"
နွယ်ပင်များသည် သူ့ကို တိုက်ခိုက်၍မရသဖြင့် သစ်ပင်ပင်စည်ကို စတင်တိုက်ခိုက်တော့သည်။
ရွှီရှင်းသည် ပင်စည်နှင့် ၅ မီတာအကွာတွင် ဆင်းနေခြင်း ဖြစ်သည်။
သူ စောင့်ကြည့်နေစဉ်မှာပင် နွယ်ပင်များသည် ၅ မီတာမှ ၁၀ မီတာကျော်အထိ ရှည်ထွက်သွားပြီး ပင်စည်ရှိ ချပ်ဝတ်ကို လှံဖြင့်ထိုးသကဲ့သို့ တိုက်ခိုက်တော့၏။
"ဂျောက် ဂျောက်"
စူးရှသော နွယ်ပင်ထိပ်ဖျားများသည် သစ်ပင်အိမ်ချပ်ဝတ်ကို ထိမှန်သော်လည်း ချပ်ဝတ်၏ ချောမွတ်မှုကြောင့် ဘေးသို့ ချော်ထွက်သွားကြ၏။
ချပ်ဝတ်ပေါ်တွင် အဖြူရောင် အစင်းရာလေးအချို့သာ ကျန်ရစ်ပြီး ထိုအစင်းရာများမှာလည်း အလိုအလျောက် ပြန်လည်ကောင်းမွန်နေသည်ကို သူ သတိပြုမိလိုက်၏။
၎င်းမှာ သစ်ပင်အိမ်၏ စွမ်းရည်ကြောင့် ဖြစ်ပေလိမ့်မည်။
နွယ်ပင်များသည် ထိုး၍ မရသဖြင့် အချင်းချင်း လိမ်ယှက်ကာ ဧရာမ လွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲ၍ တိုက်ခိုက်ကြပြန်သည်။
သို့သော် ချောမွတ်နေသော ချပ်ဝတ်ကြောင့် ဘေးသို့သာ ပြန်လည်ချော်ထွက်သွားကြပြန်၏။
နောက်ဆုံးတွင် ၎င်းတို့မှာ ကြာပွတ်ဖြင့် ရိုက်သကဲ့သို့ ပင်စည်ကို စတင်ရိုက်ပုတ်ကြတော့သည်။
ရွှီရှင်းသည် မြှားသေနတ်ကို ချိန်ကာ နွယ်ပင်၏ အောက်ခြေကို ပစ်ခတ်လိုက်၏။
"ဝူး....ဂျောက်"
နွယ်ပင်မှာ အလွယ်တကူ သေဆုံးသွားပြီး မြေပေါ်သို့ ခွေကျသွားတော့သည်။
[သွေးရောင်နွယ်ပင်ကို သတ်ဖြတ်လိုက်သဖြင့် ရမှတ်: ၁၀ မှတ် ရရှိပါသည်။]
"ဟင် ရမှတ် ၁၀ မှတ်တည်းလား"
မနေ့ညက အနီရောင်မြူခိုးထဲတွင် သတ်ခဲ့သော နွယ်ပင်များမှာ အမှတ်၂၀ ရရှိခဲ့သည်။
ဤနွယ်ပင်များမှာ အပြည့်အဝ မကြီးထွားသေးခြင်းကြောင့်လား ဒါမှမဟုတ် အနီရောင်မြူခိုး၏ အဆင့်မြှင့်တင်မှု မရရှိသောကြောင့်လားဟု သူ တွေးနေမိသည်။
ရွှီရှင်းသည် ကျန်ရှိသော နွယ်ပင် ၅ ပင်စလုံးကို အမြန်သတ်ဖြတ်လိုက်၏။
၎င်းတို့မှာ ပင်စည်နားတွင် လဲကျနေသဖြင့် ကောက်ယူရလွယ်ကူသည်။
သူသည် မြေပြင်ပေါ်သို့ အမြန်ဆင်းကာ နွယ်ပင်များကို ကောက်ယူပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်၏။
ထိုစဉ် မြေပြင်မှာ ထပ်မံတုန်ခါလာပြီး မြေပုံပေါ်တွင် အနီရောင်အစက်များစွာ ဝိုင်းလာသဖြင့် သူသည် ၅ မီတာအထက်သို့ အမြန်ပြန်တက်လိုက်ရသည်။
ယခုပေါ်လာသော နွယ်ပင်များကို သစ်ပင်အိမ်သို့ သယ်ဆောင်ရန် သူ ပြန်တက်လာခဲ့၏။
သစ်ပင်အိမ်ထဲတွင် ခဲခဲလေး၊ ငွေရောင်ဘုရင်နှင့် မီမီတို့မှာ နွယ်ပင်များ ပင်စည်ကို ရိုက်ပုတ်နေသော ဒုန်း ဒုန်း အသံကြီးများကြောင့် နိုးနေကြပြီဖြစ်သည်။
ပြတင်းပေါက်တွင်မူ အာဖုက ထိုအသံများနှင့်အညီ စည်းချက်ကျကျ တုန်ခါနေသည်မှာ ဒီဂျေ တစ်ယောက်နှင့်ပင် တူနေသေးသည်။
ရွှီရှင်းသည် ကြမ်းပြင်ပေါ်သို့ နွယ်ပင်အသေများကို ချလိုက်ပြီးနောက် စိတ်ကူးတစ်ခု ရသွားကာ မေးလိုက်၏။
"မင်းတို့တွေ ဒီနွယ်ပင်တွေထဲက အရည်ကို ထုတ်ပေးမလား"
---
အခန်း ၁၅၁ ပြီး။