ရေနက်ပိုင်းမှ ပုလဲဖြူ
Vol. 11 Ch. 153
ရွှီရှင်းသည် သစ်ပင်အိမ်အောက်တွင် အတော်အတန် ဘေးကင်းသည့် နယ်မြေတစ်ခုကို ရှင်းလင်းထားခဲ့ပြီး ငွေရောင်ဘုရင်နှင့် မီမီတို့ကို ထိုနေရာတွင် ကာကွယ်ရေးအတွက် ပါဝင်ခိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် ယခုမူ ထိုနှစ်ကောင်စလုံးမှာ အိပ်မောကျနေကြချေပြီ။
သူတို့ မည်သည့်အချိန်တွင် ပြန်နိုးလာမည်ကို မသေချာသဖြင့် သူတို့မနိုးမချင်း ရွှီရှင်းအနေဖြင့် မိမိကိုယ်ကိုယ်သာ အားကိုးရတော့မည် ဖြစ်သည်။
စူးစမ်းရှာဖွေသူများ အဖွဲ့၏ စကားဝိုင်းထဲတွင် အကြောင်းပြန်ချက်အချို့ ရောက်ရှိလာ၏။
ကျောက်ရှောင်ချွမ်း - "အဆင်မပြေဘူးဗျာ၊ မြှားတွေနဲ့က နွယ်ပင်အမြစ်တွေကို သတ်လို့မရဘူး"
ချင်ယွန်လုံ - "ငါဆိုရင် အမြစ်တစ်ခုကို မြှားငါးစင်းလောက် ပစ်မှ နွယ်ပင်တစ်ပင်ကို သတ်နိုင်တယ်..."
ဝမ်လေ့ - "မြှားသေနတ်အလယ်လတ်အဆင့်က သစ်ပင်အိမ်အပြင်ဘက်ကိုပဲ ရောက်တာ၊ ဒီနွယ်ပင်တွေက အထဲအထိ တိုးဝင်နေပြီ... အကြီးအကဲရွှီ၊ ငါ့ကို မီးမြှားအချို့ ရောင်းပေးလို့ ရမလား"
ချီရွှယ်ဖေး - "မီးမြှားတွေ သုံးလို့မရဘူး၊ မဟုတ်ရင် ကုန်ကြမ်းတွေ မရနိုင်တဲ့အပြင် တောမီးပါ လောင်သွားလိမ့်မယ်။ နင် နောက်ထပ် တောမီးအသစ် ထပ်အလောင်ခံချင်လို့လား"
ဝမ်လေ့ - "ဟုတ်ကဲ့ပါ... ကောင်းပါပြီဗျာ"
ရွှီရှင်း ထိတ်လန့်သွားရသည်။
သူသည် သာမန်မြှားများကိုသာ သုံးနေသော်လည်း သူ၏မြှားသေနတ်မှာ အပြာရောင်အဆင့် ကုန်ကြမ်းများနှင့် ပြုလုပ်ထားခြင်း ဖြစ်သဖြင့် ခရမ်းရောင်အဆင့်နှင့် အနည်းငယ်သာ ကွာခြားသည်။
အခြားသူများမှာမူ အစိမ်းရောင်အဆင့် မြှားသေနတ်များကိုသာ သုံးနေကြသဖြင့် အမှန်တကယ်ပင် အားနည်းနေကြခြင်း ဖြစ်၏။
ထိုစဉ် လီဝမ်ရှီးဆီမှ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ရောက်လာသည်။
အဖွဲ့ဝင်များ၏ အသုံးအဆောင်များ ညံ့ဖျင်းနေသည်ကို မြင်သဖြင့် အဆင့်မြှင့်တင်ပေးရန် ပြောဆိုလိုခြင်းဖြစ်မည်ဟု ရွှီရှင်း ခန့်မှန်းလိုက်သည်။
ထင်ထားသည့်အတိုင်းပင် လီဝမ်ရှီး၏ ပထမဆုံးစကားမှာ ဤအကြောင်းပင် ဖြစ်၏။
"ရွှီရှင်း၊ ကျွန်မ ရှင့် ကို အပြာရောင်အဆင့် သံတုံးတွေ ပေးမယ်၊ ရှင် သူတို့အတွက် အပြာရောင်အဆင့် မြှားသေနတ်တွေ လုပ်ပေးလိုက်ပါလား။ ကျွန်မ တို့အားလုံးက အဖွဲ့တစ်ခုတည်းပဲလေ၊ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တာပေါ့"
လီဝမ်ရှီးမှာ သူမ၏ ဟောင်းနွမ်းနေသော အဝတ်အစားများကို ဝတ်ဆင်လျက် ဆိုဖာပေါ်တွင် မှီနေပြီး အပြင်ထွက်မည့်ပုံစံ လုံးဝမရှိပေ။
ချီရွှယ်ဖေး အဖွဲ့ထဲသို့ တရားဝင်ဝင်ရောက်လာခြင်းက အဖွဲ့ဝင်များကြား သံသယနှင့် စိုးရိမ်စိတ်များကို လျော့ပါးသွားစေပုံရသည်။
လီဝမ်ရှီးသာမက ရွှီရှင်းကိုယ်တိုင်လည်း တစ်ခါမှမဆုံဖူးသည့် ဤလူများကို အဖော်မွန်များအဖြစ် စတင်သတ်မှတ်လာမိပြီ ဖြစ်သည်။
အဖော်များအတွက် အသုံးအဆောင်များ ထောက်ပံ့ပေးခြင်းမှာ ကျိုးကြောင်းဆီလျော်လှပေသည်။
သို့သော် သူ အနည်းငယ်တော့ အံ့သြမိ၏။
"မင်းဆီမှာ... အပြာရောင်အဆင့် သံတုံးတွေ လုံလောက်ရဲ့လား။ လုံလောက်တယ်ဆိုရင်တော့ ငါ့ဘက်က ကန့်ကွက်စရာမရှိပါဘူး"
ယခင်က သူမပေးသော အပြာရောင်သံတုံး ၁၂ တုံးကို သုံး၍ ခရမ်းရောင်အဆင့် ချပ်ဝတ်တန်ဆာကို သူ လုပ်ခဲ့ဖူးသည်။
"ဟဲဟဲ၊ ကျွန်မ တော်တော်များများ စုဆောင်းထားပြီးသားပါ။ အပြင်လူတွေကို ရောင်းဖို့တော့ မလောက်ပေမဲ့ အဖွဲ့အတွက်ဆိုရင်တော့ အဆင်ပြေပါတယ်"
ရွှီရှင်းက မကန့်ကွက်သဖြင့် လီဝမ်ရှီးက အပြာရောင်သံတုံး ၆ တုံးနှင့် အစိမ်းရောင်သံတုံး အပုံလိုက်ကို လွှဲပြောင်းပေးလိုက်၏။
"ရှင် နဲ့ ကျွန်မ ကတော့ မလိုဘူး၊ ကျိချောင်းယန်လည်း လိုမယ်မထင်ဘူး။ ကျန်တဲ့ ၆ ယောက်အတွက်တော့ သံတုံး ၆ တုံးဆိုရင် လောက်မှာပါ"
ဝမ်ကွေ့ရှင်းလည်း လိုအပ်မည် မဟုတ်ပေ။
သူမသည် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများကို သတ်နိုင်သူဖြစ်သဖြင့် ကျိချောင်းယန်ထံမှ အဆင့်မြင့်လက်နက်များ ရရှိထားပြီး ဖြစ်နိုင်သည်။
ထို့ကြောင့်လည်း သူမက သစ်ပင်အိမ်ပေါ်မှ ခုန်ချ၍ တိုက်ခိုက်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
"အားလုံးကို ငါ့လက်ထဲပဲ အပ်တော့မှာလား"
ရွှီရှင်းက အရောင်းအဝယ်ကို လက်ခံလိုက်သည်။
"ဟုတ်တယ်၊ ရှင် က ခေါင်းဆောင်ဆိုတော့ ဒါတွေကို တာဝန်ယူရမှာပေါ့၊ ကျွန်မ ကတော့ နောက်ကွယ်က ထောက်ပံ့ရေးပိုင်းကိုပဲ လုပ်မယ်။ အဆင်ပြေတယ် မဟုတ်လား။ အရောင်းအဝယ်လုပ်တဲ့အခါ ဒီသံတုံးတွေက ကျွန်မဆီကဆိုတာကို မပြောနဲ့ဦးနော်။ ကျွန်မက လူမသိသူမသိပဲ နေချင်လို့။ မဟုတ်ရင် လူတွေက ကျွန်မဆီလာပြီး သတ္တုရိုင်းတွေ တောင်းနေကြမှာ စိတ်ရှုပ်စရာကြီး။ ကျွန်မ က အရောင်းအဝယ် ပလက်ဖောင်းမှာတောင် နာမည်ဖျောက်ပြီးပဲ ရောင်းတာ"
ထိုသို့ပြောပြီးနောက် လီဝမ်ရှီးသည် ဆိုဖာပေါ်သို့ ပြန်လှဲချလိုက်ကာ သူမ အပြင်မထွက်ချင်ကြောင်း ရွှီရှင်းကို ပြသလိုက်သည်။
"ကောင်းပြီလေ၊ ငါ့ကိုပဲ အပ်ထားလိုက်ပါ။ ရလာတဲ့ အရင်းအမြစ်တွေကိုလည်း မင်းကို ဝေစုခွဲပေးပါ့မယ်"
"အိုကေလေ၊ ရတယ်"
ရွှီရှင်းသည် အဖွဲ့စကားဝိုင်းထဲသို့ ချက်ချင်း စာပို့လိုက်၏။
"အပြာရောင်အဆင့် မြှားသေနတ်တွေ လိုချင်ကြလား။ ငါ့ဆီမှာ အပြာရောင်အဆင့် သံတုံးတွေ အလုံအလောက်ရှိတယ်၊ ဒါပေမဲ့ အပြာရောင်အဆင့် သားရဲအကြောတွေနဲ့ သစ်သားတွေကိုတော့ မင်းတို့ဘာသာ ထုတ်ပေးရမယ်နော်"
ကျောက်ရှောင်ချွမ်း - "အကြီးကဲကြီး အသက်ရာကျော် ရှည်ပါစေဗျာ.... လိုချင်ပါတယ်...အခုပဲ အရောင်းအဝယ် လုပ်ပါ့မယ်"
ဝမ်လေ့ - "ဝိုး... နောက်ဆုံးတော့ အောက်က အရူးနွယ်ပင်တွေကို ပစ်ဖို့ အစိမ်းရောင်မြှားသေနတ်ကို သုံးစရာ မလိုတော့ဘူးပေါ့"
ချင်ယွန်လုံက ရွှီရှင်းထံ တိုက်ရိုက် စာပို့လာသည်။
"ငါ မြှားသေနတ် နှစ်လက် လိုချင်တယ်။ အခြားကုန်ကြမ်းတွေကို ငါပေးမယ်။ ပြီးတော့ ဒီအရင်းအမြစ်ကို တစ်ချက်လောက် ကြည့်ပေးပါဦး၊ ငါ့ဆီမှာတော့ ဒါက အလှဆင်မှုတန်ဖိုးပဲ တက်စေတာ။ ဒါကို ဘာအတွက် သုံးရမှန်း မသိပေမဲ့ အပြာရောင်အဆင့် အရင်းအမြစ် ဖြစ်နေတယ်။ မင်းဆိုရင်တော့ ဒါရဲ့ အသုံးဝင်ပုံကို သိလောက်မယ် ထင်တယ်"
ချင်ယွန်လုံက အရင်းအမြစ်၏ ဖော်ပြချက်ကို ပို့ပေးလိုက်သည်။
[ရေနက်ပိုင်းမှ ပုလဲဖြူ (အပြာရောင်အဆင့်) - မီတာ ၁၀၀ အနက်ရှိသော ရေအောက်တွင် ကြီးထွားသည့် ဂုံးကောင်များမှ ထွက်ရှိသည့် ပုလဲဖြစ်သည်။ သစ်ပင်အိမ်တွင် ထားရှိပါက အလှဆင်မှုတန်ဖိုးကို တိုးမြှင့်ပေးနိုင်သည်။]
မီတာ ၁၀၀ အနက်လား...
ရွှီရှင်း အံ့အားသင့်သွားရ၏။
ဤချင်ယွန်လုံမှာ ရေအောက် မီတာ ၁၀၀ ထိအောင် သွားရောက် စုဆောင်းနိုင်နေပြီမဟုတ်ပါလား.....
သူကိုယ်တိုင်ပင် ရေဖိအားဒဏ်ကို ခံနိုင်ရည်ရှိစေသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း ၂၅ မီတာခန့်အထိသာ ငုပ်လျှိုးနိုင်သေးသည်။
ဤလူကမူ မီတာ ၁၀၀ ကျော်အထိ သွားနိုင်နေသည်မှာ မယုံနိုင်စရာပင်။
"မီတာ ၁၀၀ အနက်က အရင်းအမြစ်တွေပေါ့၊ မင်း ဒီလောက်အထိ ငုပ်နိုင်လို့လား"
ရွှီရှင်း မမေးဘဲ မနေနိုင်တော့ပေ။
"ဟုတ်တယ်၊ ငါက ပညာရှင်အဆင့် ရေငုပ်သင်တန်းဆရာ တစ်ယောက်လေ။ မီတာ ၁၀၀ ဆိုတာ ဘာမှမဟုတ်ပါဘူး၊ ငါနဲ့ ငါ့ညီ နှစ်ယောက်လုံး လုပ်နိုင်တယ်" ဟု ချင်ယွန်လုံက ပြန်ဖြေသည်။
ရွှီရှင်း၏ နှုတ်ခမ်းများ တွန့်သွား၏။
သူ မယုံကြည်ပေ။
ဤလူက သူ့ကို ရေငုပ်သည့်အကြောင်း မသိသူတစ်ယောက်လို ဆက်ဆံနေခြင်း ဖြစ်သည်။
ရွှီရှင်း၏ နှုတ်ခမ်းများ တွန့်သွား၏။
သူ မယုံကြည်ပေ။
ဤလူက သူ့ကို ရေငုပ်သည့်အကြောင်း မသိသူတစ်ယောက်လို ဆက်ဆံနေခြင်း ဖြစ်သည်။
ပညာရှင်အဆင့် ကရိယာများ အပြည့်အစုံဖြင့်ပင် မီတာ ၁၀၀ ဆိုသည်မှာ အလွန်နက်ရှိုင်းသည့် အနက် ဖြစ်သည်။
ဤအဖွဲ့ထဲတွင် လူထူးလူဆန်းများ တကယ်ပင် ပါဝင်နေချေပြီ။
သူ ၊ ကျိချောင်းယန်၊ သတ္တုတွင်း ကျွမ်းကျင်သည့် လီဝမ်ရှီး၊ ဆေးဝါးကျွမ်းကျင်သည့် ချီရွှယ်ဖေး၊ တိုက်ခိုက်ရေး ထူးချွန်သည့် ဝမ်ကွေ့ရှင်း နှင့် ရေနက်ပိုင်းတွင် စူးစမ်းနိုင်သည့် ချင်ညီအစ်ကိုများ...
ကျန်နေသည့် ကျောက်ရှောင်ချွမ်းနှင့် ဝမ်လေ့တို့မှာမူ စကားများသည့် ညီအစ်ကိုနှစ်ယောက်သာ ဖြစ်သည်။
"ဒါကို ငါ့ဆီ တစ်ချက်လောက် ပို့ပေးလို့ ရမလား၊ ငါ ကြည့်ချင်လို့ပါ"
"ရတာပေါ့"
ချင်ယွန့်လုံက ရွှီရှင်း သိမ်းထားမည်ကို စိုးရိမ်ပုံမရဘဲ အရောင်းအဝယ်ကို လက်ခံလိုက်သည်။
အရောင်းအဝယ် ပြီးဆုံးသည့်အခါ အသိပေးချက်တစ်ခု တက်လာ၏။
[သစ်ပင်အိမ်အတွင်း ရေနက်ပိုင်းမှ ပုလဲဖြူ (အပြာရောင်အဆင့်) ကို ထားရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အလှဆင်မှုရမှတ် +၂၀ တိုးလာပါသည်။ လက်ရှိ သစ်ပင်အိမ် အလှဆင်မှုရမှတ် - ၁၃၆.၄]
ဒါက အလှဆင်မှုရမှတ်ကို ချက်ချင်း ဒီလောက်တောင် တိုးစေတာလား။
အပြာရောင်အဆင့် ပုံဆောင်ခဲ တစ်ခုတောင် ၃ မှတ်သာ တိုးပေးနိုင်ခြင်း ဖြစ်သည်။
ဤအရာမှာ အဆင့်မြင့် အလှဆင်ပစ္စည်းတစ်ခု ဖြစ်ပေလိမ့်မည်။
ဖြူဖွေးတောက်ပနေသော ပုလဲလုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားစဉ် ရွှီရှင်း၏ အကဲဖြတ်စွမ်းရည်မှာ ပိုမိုအသေးစိတ်သော ဖော်ပြချက်ကို ပေးလာ၏။
[ရေနက်ပိုင်းမှ ပုလဲဖြူ (အပြာရောင်အဆင့်) - မီတာ ၁၀၀ အနက်တွင် ကြီးထွားသော ဂုံးကောင်မှ ထွက်ရှိသည့် ပုလဲဖြစ်သည်။ သစ်ပင်အိမ်အတွင်း ထားရှိပါက အလှဆင်မှုရမှတ်ကို တိုးစေသည်။ ၎င်းသည် သစ်ပင်အိမ်အတွင်းရှိ ရှင်ကျန်သူများကို သက်ရောက်မှုရှိစေပြီး အလှဆင်မှုရမှတ်နှင့် ဆက်စပ်သည့် ကျွမ်းကျင်မှုအဆင့်များကို ယာယီအားဖြင့် မြှင့်တင်ပေးနိုင်သည်။ သို့သော် သစ်ပင်အိမ်မှ ထွက်ခွာပါက အာနိသင် ပျောက်ကွယ်သွားမည် ဖြစ်သည်။]
အလှဆင်မှုရမှတ်နှင့် ဆက်စပ်တဲ့ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ပေးနိုင်တယ်ဆိုပါလား..။
ဒါက သူ၏ အနုပညာရှင် စွမ်းရည်ကို ရည်ညွှန်းနေခြင်း မဟုတ်ပါလား..။
ပြီးခဲ့သည့်အကြိမ်က အပြာရောင်အဆင့် ရုပ်တုကို ထုလုပ်စဉ် ရှေ့ဆက်တိုး၍ မရခဲ့ပေ။
ထိုစဉ်က သူ၏ အနုပညာရှင်အဆင့် ဒါမှမဟုတ် ကျွမ်းကျင်မှု မလုံလောက်ခြင်းကြောင့်ဟု သူ တွေးခဲ့ဖူးသည်။
မထင်မှတ်ဘဲ ယနေ့တွင် ထိုအဆင့်ကို မြှင့်တင်ပေးနိုင်မည့် အပြာရောင်အဆင့် အရင်းအမြစ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ရွှီရှင်း ချက်ချင်းပင် ထီပေါက်သလို ခံစားလိုက်ရ၏။
အခြားသူများအတွက် ဤအရာမှာ ၂၀ မှတ်တန် အလှဆင်ပစ္စည်းသာ ဖြစ်သော်လည်း၊ သူ့အတွက်မူ ရတနာများထဲမှ ရတနာပင် ဖြစ်တော့သည်။
နေဦး၊ ဒါက ငါရဲ့ ကျပန်းမြှင့်တင်မှု အဆင့်ကိုရော မြှင့်ပေးနိုင်မလား...
ရွှီရှင်းသည် သူ၏ အလှဆင်မှုရမှတ် ကဏ္ဍအတွင်းရှိ အနုပညာရှင် နှင့် ကျပန်းမြှင့်တင်မှု တို့ကို စစ်ဆေးကြည့်လိုက်သည်။
အနုပညာရှင် ကဏ္ဍကို ဖွင့်လိုက်သောအခါ စာသားတစ်ခု ပေါ်လာ၏။
[အနုပညာရှင်အဆင့် - အခြေခံအဆင့် အနုပညာရှင်]
ရွှီရှင်းက ပုလဲကို ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်သောအခါ ထိုစာသား ပျောက်သွားပြီး၊ ပြန်ထုတ်လိုက်သည့်အခါ ပြန်ပေါ်လာသည်။
...ဒါဆို သူ၏ လက်ရှိကျွမ်းကျင်မှုမှာ အခြေခံအဆင့်သို့ပင် မရောက်သေးဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း သူ၏ ထုလုပ်မှုနှင့် ပန်းချီဆွဲမှု အရှိန်မှာ အလွန်နှေးကွေးနေပြီး စိတ်စွမ်းအင် အများအပြား ကုန်ဆုံးနေရခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် သူသည် ကျပန်းမြှင့်တင်မှု ကို စစ်ဆေးကြည့်သော်လည်း ထူးခြားမှု မရှိပေ။
ရွှီရှင်း အနည်းငယ် စိတ်ပျက်သွားသော်လည်း ကိစ္စမရှိပေ။
၎င်းမှာ ကျပန်းမြှင့်တင်မှု စွမ်းရည်တွင် အဆင့်အတန်း ခွဲခြားထားခြင်း မရှိဘဲ အလှဆင်မှုရမှတ်၏ တန်ဖိုးပေါ်တွင်သာ မူတည်သောကြောင့် ဖြစ်ပေလိမ့်မည်။
သူသည် ချင်ယွန်လုံထံ ချက်ချင်း စာပို့လိုက်၏။
"မင်းဆီမှာ ဒီလို ပုလဲတွေ နောက်ထပ် ရှိသေးလား"
"နောက်ထပ် နှစ်လုံး ရှိသေးတယ်၊ ဒါပေမဲ့ အများကြီး ယူထားလည်း အပိုပဲ၊ တစ်လုံးပဲ အလှဆင်မှုရမှတ် တိုးပေးနိုင်တာလေ"
ပုံဆောင်ခဲများကဲ့သို့ပင် တူညီသည့်ပစ္စည်းများမှာ ရမှတ် ထပ်မတိုးပေးနိုင်ခြင်း ဖြစ်ပုံရသည်။
သို့သော် ရွှီရှင်းက ရမှတ်ကို တွေးနေခြင်း မဟုတ်ဘဲ ကျွမ်းကျင်မှုအဆင့်ကို တွေးနေခြင်း ဖြစ်သည်။
အကယ်၍ ၎င်းတို့က ကျွမ်းကျင်မှုကို အထပ်ထပ် မြှင့်တင်ပေးနိုင်မည်ဆိုပါက အလွန်ကောင်းပေလိမ့်မည်။
"ဟေ့... ငါ့ကို နောက်တစ်လုံးလောက် ပို့ပေးလို့ ရမလား၊ ငါ တစ်ခုခု စမ်းသပ်ကြည့်ချင်လို့ပါ" ဟု ရွှီရှင်းက အားနာနာဖြင့် မေးလိုက်သည်။
"မင်းက ငါ့ကို မယုံတာလား.. ကောင်းပြီလေ၊ နောက်တစ်လုံး ပို့ပေးလိုက်မယ်" ဟု ချင်ယွန့်လုံက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောကာ ပုလဲ နောက်တစ်လုံး ပို့ပေးလိုက်သည်။
ကံမကောင်းစွာပင် ဒုတိယမြောက် ပုလဲမှာ အလှဆင်မှုရမှတ်ရော၊ ကျွမ်းကျင်မှုအဆင့်ကိုပါ ထပ်မံ မြှင့်တင်ပေးနိုင်ခြင်း မရှိပေ။
ဤပစ္စည်းတစ်ခုတည်းဖြင့် အနုပညာရှင်အဆင့်ကို အမြန်မြှင့်တင်ရန်မှာ စိတ်ကူးယဉ်မှုသာ ဖြစ်ပေလိမ့်မည်။
သူ၏ ကျွမ်းကျင်မှုကို ကိုယ်တိုင်သာ ဖြည်းဖြည်းချင်း လေ့ကျင့်ယူရဦးမည် ဖြစ်သည်။
ရွှီရှင်းသည် အပြာရောင်အဆင့် မြှားသေနတ် နှစ်လက်ကို ပြုလုပ်ကာ ဒုတိယမြောက် ပုလဲနှင့်အတူ ပြန်လည် ပေးပို့လိုက်၏။
"ဒါက ဘာလဲ"
"မင်းဆီက ကုန်ကြမ်းတွေ ယူစရာ မလိုပါဘူး၊ ပုလဲ တစ်လုံးအတွက် မြှားသေနတ် နှစ်လက်နဲ့ လဲမယ်လေ။ ဒီပုလဲက ငါ့အတွက် အသုံးဝင်လို့ပါ။ ရှေ့လျှောက် ရေနက်ပိုင်းမှာ အရင်းအမြစ်တွေ ထပ်တွေ့ရင် ငါ့ကို အရင်ဆုံး အကြောင်းကြားပေးပါ။ ငါ မင်းကို စိတ်ကျေနပ်စရာကောင်းတဲ့ ဈေးပေးပါ့မယ်"
ဤကဲ့သို့သော ထူးချွန်သူများနှင့် ရင်းနှီးအောင် ပေါင်းသင်းထားရမည် ဖြစ်သဖြင့် ဤကုန်ကြမ်းများကို သူ နှမြောမနေပေ။
သူ့တွင် အပြာရောင်အဆင့် သစ်သားနှင့် သားရဲအကြောများ အမြောက်အမြား ရှိနေသည် မဟုတ်ပါလား။
"ဟာ... ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ ဒါနဲ့ ဖြစ်နိုင်ရင် မင်းဆီက မီးမြှားအချို့ ဝယ်ချင်သေးတယ်၊ အရင်းအမြစ်တွေနဲ့ လဲလို့ ရမလား"
ရွှီရှင်းတွင် အောက်ခြေအဆင့် အရင်းအမြစ်များ ပေါများနေသဖြင့် ဘာမှပြန်မလဲတော့ဘဲ မီးမြှား အစင်း ၄၀ ကို လက်ဆောင်အဖြစ် ပေးလိုက်ပြီး တောအုပ်အတွင်း မသုံးရန် သတိပေးလိုက်သည်။
"နားလည်ပါပြီ၊ ကျေးဇူးအများကြီး တင်ပါတယ်"
"အော်... ဒါနဲ့၊ ဒီပုလဲတွေကို ကျိချောင်းယန်ဆီလည်း ရောင်းလို့ ရသေးတယ်နော်။ သူလည်း မင်းကို ဈေးကောင်း ပေးမှာပါ" ဟု ရွှီရှင်းက ကျိချောင်းယန်အတွက် အကြံပြုပေးလိုက်သည်။
"အင်း ၊ မင်းကတော့ ဒီပုလဲအကြောင်း တစ်ခုခု ပိုသိနေတာပဲ မဟုတ်လား.. ကိစ္စမရှိပါဘူး၊ မင်း မပြောဘူးဆိုရင်တော့ ငါ့အတွက် အသုံးမဝင်လို့ ဖြစ်မှာပါ။ ကျိချောင်းယန်ဆီလည်း ဆက်သွယ်လိုက်ပါ့မယ်"
"လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး၊ လေဆင်နှာမောင်းထဲမှာ ငါတို့ ရခဲ့တဲ့ စွမ်းရည်သစ်တွေနဲ့ ဆက်စပ်နေလို့ပါ။ ဒါနဲ့ မင်းရော လေဆင်နှာမောင်းထဲ ဝင်ခဲ့လား"
"မှောင်ပြီးမှ ဝင်ခဲ့တာဆိုတော့ မင်းပြောတဲ့ သေတ္တာလေး မတွေ့ခဲ့ရဘူး၊ အရင်းအမြစ် အချို့ပဲ ရခဲ့တယ်။ နောက်ကျမှ ဝင်ခဲ့လို့ စွမ်းရည်သစ်တွေ မရခဲ့တာ ထင်တယ်"
"အင်း၊ ငါနဲ့ ကျိချောင်းယန်လည်း ဒီစွမ်းရည်သစ်တွေအကြောင်း လေ့လာနေတုန်းပဲ။ အဖြေသိရတာနဲ့ မင်းတို့ အားလုံးကို ပြန်မျှဝေပေးပါ့မယ်"
ဖုန်းချပြီးနောက် ရွှီရှင်းသည် ပုလဲလုံးကို စာကြည့်ခန်းရှိ စာအုပ်စင်ပေါ်တွင် တင်ထားလိုက်ကာ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။
ထိုအချိန်အတွင်း ရွှီရှင်း ချက်ချင်း ပျောက်ကွယ်သွားသဖြင့် စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် ဆူညံပွက်လောရိုက်နေချေပြီ။
ချီရွှယ်ဖေး - "သူ ဘယ်ရောက်သွားတာလဲ..."
ဝမ်လေ့ - "အကြီးအကဲရွှီ ဗျို့အကြီးအကဲရွှီ..... ခေါ်နေပါတယ်လို့"
ကျောက်ရှောင်ချွမ်း - "အကြီးအကဲရွှီ၊ အပြာရောင်အဆင့် မြှားသေနတ် လိုချင်လို့ပါ၊ နွယ်ပင်တွေရဲ့ ဒဏ်ကို မခံနိုင်တော့လို့ပါ"
ဝမ်ကွေ့ရှင်း - "အပြာရောင်အဆင့် မြှားသေနတ်လား အင်း... ငါလည်း တစ်လက်လောက် လိုချင်တယ်၊ ငါ့ရဲ့ အဆင့်မြင့်လက်နက်တွေက အနီးကပ်တိုက်ခိုက်ဖို့တွေချည်းပဲ ဖြစ်နေလို့"
အဖွဲ့ထဲတွင် ဆူညံနေသော်လည်း ကျိချောင်းယန်မှာမူ ပေါ်မလာသေးပေ။
သို့သော် သူ အန္တရာယ်တစ်ခုခု ကြုံနေရသည်ဟု ရွှီရှင်း မထင်ပေ။
သူသည် အပြင်တွင် အလုပ်များနေသဖြင့် အဖွဲ့ထဲက စာများကို မမြင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ရွှီရှင်းသည် အဖွဲ့ထဲသို့ ချက်ချင်း စာပို့လိုက်၏။
"ငါ ရှိပါတယ်ဟ ၊ အခုပဲ အရောင်းအဝယ် လုပ်ကြရအောင်။ မင်းတို့ဆီမှာ ထူးခြားတဲ့ အရင်းအမြစ်တွေ ရှိရင်လည်း လဲလှယ်ဖို့ ဆွေးနွေးလို့ ရပါတယ်"
---
အခန်း ၁၅၃ ပြီး။