အကိုက်အခဲပျောက်ဆေးနှင့် သွေးတိတ်ဆေး
Vol. 11 Ch. 157
ရွှီရှင်းသည် သားရဲနှစ်ကောင်ရှိရာသို့ ချက်ချင်းလျှောက်သွားပြီး သူတို့၏ အပြောင်းအလဲများကို ဂရုတစိုက် စောင့်ကြည့်လိုက်၏။
သားရဲနှစ်ကောင်ကိုယ်ပေါ်ရှိ သွေးရောင်အစင်းကြောင်းများ လင်းလက်နေရုံတင်မကဘဲ စင်ပေါ်တွင် တင်ထားသည့် ဓာတ်ရောင်ခြည်ကျောက်တုံး သည်လည်း အက်ကွဲကြောင်းများကြားမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။
ဓာတ်ရောင်ခြည်ကျောက်တုံး နား ရောက်နေသည့် အာဖု၏ ကိုယ်ပေါ်က အစင်းကြောင်းများမှာလည်း မှိန်ဖျော့ဖျော့ လင်းနေ၏။
ရွှီရှင်း အနားကပ်သွားသည့်အခါ အာဖုက တိုးတိုးလေး အော်မြည်ရင်း အတောင်ပံ ခတ်ပြသည်။
ထိုစဉ် အာဖု၏ အရွယ်အစားမှာလည်း သိသိသာသာ ထပ်မံကြီးထွားလာသည်ကို ရွှီရှင်း သတိပြုမိလိုက်၏။
ငွေရောင်ဘုရင်နှင့် မီမီတို့၏ ဆင့်ကဲပြောင်းလဲမှုသည် ဓာတ်ရောင်ခြည်ကျောက်တုံး ကို သက်ရောက်မှုရှိစေပြီး အာဖုကိုပါ အကျိုးကျေးဇူး အတော်အတန် ရှိစေပုံရသည်။
နံရံကိုမှီကာ လှဲနေသည့် ငွေရောင်ဘုရင်သည် ပထမဆုံး နိုးလာ၏။
၎င်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သွေးရောင်လွှမ်းနေသည့် မျက်လုံးများထဲတွင် ကြမ်းတမ်းခက်ထန်သည့် ခံစားချက်များ ပြည့်နှက်နေပြီး ရှည်လျားကာ စူးရှသည့် ဝံပုလွေသွားများမှာလည်း အရင်ကထက် ပို၍ ထင်ရှားပေါ်လွင်နေသည်။
ငွေရောင်ဘုရင် နိုးလာသည်နှင့် တစ်ပြိုင်နက် စင်ပေါ်ရှိ ဓာတ်ရောင်ခြည်ကျောက်တုံး ဆီမှ ဖောက် ခနဲ အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး စူးရှသည့် အနီရောင်အလင်းတန်းများ ပွင့်ထွက်လာကာ ရွှီရှင်းကို တိုက်ရိုက်ထိမှန်သွားတော့၏။
ထိုခဏတွင် ရွှီရှင်း၏ ဦးခေါင်းမှာ ဖောင်းကားလာသလို ခံစားရပြီး အရေပြားများမှာလည်း တစစ်စစ် ယားယံလာ၏။
သူ့အရေပြားအောက်နှင့် ဦးခေါင်းထဲမှ တစ်ခုခု ထိုးထွက်လာတော့မည့်အတိုင်းပင်။
"အီးးး"
ခဲခဲလေးက သူ့အင်္ကျီကို ဆွဲကာ အနီရောင်အလင်းဒဏ်မှ လွတ်အောင် ဆိုဖာနောက်သို့ ဝင်ပုန်းနေသည်။
ရွှီရှင်းလည်း ထိုအတိုင်း လိုက်လုပ်ပြီး လိမ္မော်သီးနှင့် စတော်ဘယ်ရီသီးတစ်လုံးကို အမြန်စားလိုက်ရာ ဦးခေါင်းဖောင်းကားသည့် ခံစားချက်မှာ ပျောက်ကွယ်သွား၏။
သူသည် ကြက်သီးတဖြန်းဖြန်း ထနေသည့် သူ့လက်မောင်းကို ပွတ်သပ်နေမိသည်။
ခဲခဲလေးက ရွှီရှင်း၏ အင်္ကျီကို ထပ်ဆွဲကာ သူ့ပါးစပ်ကို စိုက်ကြည့်နေ၏။
ဒီကောင်မလေးကတော့...
ဒီလိုအချိန်မှာတောင် အစားပဲ စဉ်းစားနေတာလားမသိဘူး။
ရွှီရှင်းက အပြာရောင်အဆင့် ပန်းသီးတစ်လုံး ပေးလိုက်ရာ ခဲခဲလေးသည် ဆိုဖာနောက်မှီကို ပန်းသီးကို မြိန်ရည်ယှက်ရည် ကိုက်စားနေတော့သည်။
ဆိုဖာဘေးမှ ထွက်လာသည့် အနီရောင်အလင်းသည် ရွှီရှင်းရှေ့ရှိ သစ်သားနံရံပေါ်တွင် ဆိုဖာ၏ အရိပ်ကို ထင်ဟပ်စေသည်။
ဤအနီရောင်အလင်းက သူ့ကို ချန်ယင်း ပြောပြဖူးသည့် ပုံပြင်...
မဟုတ်ပေ ၊ လွန်ခဲ့သည့် နှစ် ၅၀ က ဖြစ်ပျက်ခဲ့သည့် အဖြစ်အမှန်ကို သတိရစေသည်။
အမည်မသိ အနီရောင်အလင်းသည် ဤကမ္ဘာဂြိုဟ်ကို လွှမ်းမိုးခဲ့ပြီး သက်ရှိအားလုံးကို ဗီဇပြောင်းလဲစေကာ လူသားများကိုပင် ကိုယ်ပိုင်အသိစိတ်မဲ့သည့် ဘီလူးများ ဖြစ်စေခဲ့၏။
အခုအလင်းကလည်း အဲ့တုန်းကအလင်းနဲ့ တူတူပဲလားမသိဘူး။
ဓာတ်ရောင်ခြည်ကျောက်တုံး ၏ အမည်ရင်းမှာ ညစ်ညမ်းနေသော ဓာတ်ရောင်ခြည်ကျောက်တုံး ဖြစ်ရာ ၎င်းသည် လွန်ခဲ့သည့် နှစ် ၅၀ က ကပ်ဘေးအတွင်း တစ်ခုခု ကြုံတွေ့ခဲ့ရပြီး ဗီဇပြောင်းလဲစေနိုင်သည့် စွမ်းအင်များကို သိုလှောင်ထားခြင်း ဖြစ်ပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းသည် နျူကလီးယား ရောင်ခြည်ဖြာထွက်မှုမျိုး မဟုတ်သဖြင့် ဆိုဖာနောက်တွင် ပုန်းရုံဖြင့် ဘေးကင်းသွားခြင်း ဖြစ်သည်။
ရွှီရှင်း ခေါင်းပြူ၍ ကြည့်လိုက်ရာ ငွေရောင်ဘုရင်သည် သွားများကို စိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်အောင် နာကျင်နေသည့်အလား တုန်ခါနေသည်ကို တွေ့ရသည်။
ထို့နောက် ၎င်းသည် ကောင်းကင်သို့ မော့၍ စူးရှစွာ ဟိန်းဟောက်လိုက်၏။
"ဝူးးး...."
ငွေရောင်ဘုရင်ကိုယ်ပေါ်ရှိ အစင်းကြောင်းများမှ စူးရှသည့် အနီရောင်အလင်းများ ထပ်မံထွက်လာသဖြင့် ရွှီရှင်း ဦးခေါင်း ပြန်မူးလာကာ ဆိုဖာနောက်သို့ အမြန်ပြန်ပုန်းလိုက်ရသည်။
ထိုစဉ် သူ့နောက်ကွယ်မှ ပျင်းရိသည့် ကြောင်အော်သံတစ်ခု ကြားလိုက်ရ၏။
မီမီသည် ငွေရောင်ဘုရင်၏ အော်သံကြောင့် နိုးလာခြင်း ဖြစ်သည်။
မီမီ၏ အသံမှာ ငွေရောင်ဘုရင်ကဲ့သို့ နာကျင်နေသည့် ပုံစံမျိုး မဟုတ်ဘဲ အိပ်ရာနိုးကာစ ပုံစံမျိုးသာ ဖြစ်သည်။
ရွှီရှင်း ထပ်မံကြည့်လိုက်သည့်အခါ မီမီကိုယ်ပေါ်ရှိ အစင်းကြောင်းများမှာလည်း ထူးခြားစွာ ပြောင်းလဲသွားသည်ကို တွေ့ရသဖြင့် စိတ်အေးသွားရ၏။
မီမီတစ်ယောက် ဆင့်ကဲပြောင်းလဲမှု မအောင်မြင်မှာကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ပန်းသီးစားပြီးသည့် ခဲခဲလေးသည် လေတက်ရင်း ရွှီရှင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ကျန်နှစ်ကောင် အပြည့်အဝ ပြောင်းလဲပြီးသည်အထိ အတူစောင့်နေလိုက်သည်။
ငွေရောင်ဘုရင်၏ နောက်ထပ်တစ်ကြိမ် ဟိန်းဟောက်သံကြောင့် သစ်ပင်အိမ်အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာ၏။
အပြင်မှာ ဘာတွေဖြစ်နေတာလဲ...
သူသည် ခဲခဲလေးကို ချီကာ အနီရောင်အလင်း မရောက်နိုင်သည့် စာကြည့်ခန်းဆီသို့ အမြန်ပြေးသွားလိုက်သည်။
ပြတင်းပေါက်မှ ကြည့်လိုက်ရာ သွေးရောင်ဆူးနွယ်ပင်များသည် ငွေရောင်ဘုရင်၏ ဟိန်းသံကို ကြောက်ရွံ့နေသည့်အလား အောက်သို့ ကိုင်းညွတ်သွားကြပြီး သူတို့၏ အမြစ်မှ အနီရောင်အလင်းများပင် မှိန်ဖျော့သွားသည်ကို တွေ့လိုက်ရ၏။
ဒါက...
ငွေရောင်ဘုရင်က သူတို့ကို ခြောက်လှန့်လိုက်တာလား။
ရွှီရှင်းသည် နွယ်ပင်များ၏ အောက်ခြေကို ကြည့်လိုက်ရာ တုန်ခါနေသည့် အနီရောင်အလင်းသည် အမြစ်မှနေ၍ အပေါ်သို့ ၃၀ စင်တီမီတာခန့် တက်လာပြီ ဖြစ်သည်။
ဤအရှိန်အတိုင်းဆိုလျှင် ၆ နာရီ ၇ နာရီခန့် ကြာလျှင် နွယ်ပင်တစ်ခုလုံး အနီရောင်အလင်းများ လွှမ်းသွားပေလိမ့်မည်။
ထိုသို့ မဖြစ်ခင် မွန်းမတည့်မီမှာပင် သူသည် နှလုံးသား ကို ရှာဖွေဖျက်ဆီးရမည် ဖြစ်သည်။
ရွှီရှင်းသည် အပြင်သို့ ချက်ချင်းမထွက်သေးဘဲ သားရဲနှစ်ကောင် အပြည့်အဝ နိုးလာသည်အထိ စောင့်ကာ အတူတူထွက်ရန် ဆုံးဖြတ်လိုက်၏။
သူတို့၏ အဆင့်မြှင့်တင်ထားသည့် အစွမ်းဖြင့်ဆိုလျှင် နွယ်ပင်များကို ဖောက်ထွက်ရန် ခက်ခဲမည် မဟုတ်ပေ။
ထိုအတောအတွင်း သူသည် သိထားသည့် အချက်အလက်များကို အဖွဲ့ဝင်များထံ မျှဝေပေးလိုက်သည်။
ဝမ်ကွေ့ရှင်းကလည်း နွယ်ပင်များမှာ သတ်သလောက် ပြန်ပေါက်နေသဖြင့် မြေအောက်က နှလုံး ကို ဖျက်ဆီးရမည်ဟူသော ရွှီရှင်း၏ အယူအဆကို ထောက်ခံနေ၏။
ကျိချောင်းယန်ဆီသို့ သူ စာအကြိမ်ကြိမ် ပို့သော်လည်း ဘာပြန်စာမှ မလာပေ။
ဒါက ရွှီရှင်းကို စိတ်ပူစေ၏။
ကျိချောင်းယန် တစ်ခုခု ဖြစ်နေတာလားမသိဘူး...။
"ခဏလေး"
ချီရွှယ်ဖေးက အဖွဲ့ထဲတွင် ဝင်ပြောလာသည်။
"ငါ ဒီနွယ်ပင်တွေကို သုံးပြီး ဆေးအသစ် ဖော်စပ်ထားတယ်၊ နင်တို့ကို ပို့ပေးလိုက်မယ်"
ရွှီရှင်းသည် အရောင်းအဝယ် တောင်းဆိုချက်တစ်ခုကို လက်ခံလိုက်၏။
[တစ်ဖက်လူမှ အရောင်းအဝယ် စတင်လိုက်ပါသည်- အကိုက်အခဲပျောက်ဆေး (အစိမ်းရောင်အဆင့်) ၂ လုံး]
ဆေးလုံးကို လက်ခံလိုက်သည့်အခါ အစိမ်းရင့်ရောင် ဆေးလုံးနှစ်လုံးကို တွေ့ရ၏။
[အကိုက်အခဲပျောက်ဆေး (အစိမ်းရောင်အဆင့်) - အာရုံကြောများကို ထုံသွားစေပြီး နာကျင်မှုကို လုံးဝ မခံစားရစေသည့် ဆေးလုံးဖြစ်သည်။ သောက်ပြီးသည်နှင့် ချက်ချင်း အာနိသင်ပြကာ ၅ မိနစ်ခန့် ကြာမြင့်သည်။]
ချီရွှယ်ဖေး - "ဒီဆေးက နာကျင်မှုကိုခဏတာ မခံစားရအောင် လုပ်ပေးနိုင်ပေမဲ့ ဒဏ်ရာကိုတော့ မကုပေးနိုင်ဘူး။ ကုသဖို့ကတော့ သွေးတိတ်ဆေးပင်တွေ လိုလိမ့်မယ်။ ဒီအကိုက်အခဲပျောက်ဆေးက တိုက်ပွဲဝင်တဲ့အခါမှာတော့ တကယ်ကို အသုံးဝင်လိမ့်မယ်"
ဝမ်ကွေ့ရှင်း - "ဒီဆေးက ငါ့အတွက်တော့ အံကိုက်ပဲ"
လူတိုင်းက ဤဆေး၏ အာနိသင်ကို မသိကြသော်လည်း ရွှီရှင်းကမူ ၅ မိနစ် ကြာမည်ဖြစ်ကြောင်း ပြောပြလိုက်၏။
မည်သူမျှ ရွှီရှင်း ဘယ်လိုသိသနည်းဟု မမေးကြပေ။
လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြသည် မဟုတ်ပါလား။
ချီရွှယ်ဖေးသည် ရွှီရှင်းထံ သီးသန့်စာ ပို့လာသည်။
"နင်က ဆေးရဲ့ အာနိသင်ကြာချိန်ကို တကယ် မြင်နိုင်တာလား။ ငါ နောက်ထပ် ဆေးတစ်မျိုး ပို့ပေးမယ်၊ စမ်းကြည့်ပေးပါဦး"
နောက်ထပ် အပြာရောင်ဆေးလုံး တစ်လုံး ရောက်လာပြန်သည်။
[သွေးတိတ်ဆေးလုံး (အပြာရောင်အဆင့်) - သောက်သုံးပါက ၂ နာရီအတွင်း အတွင်းဒဏ်ရာနှင့် အပြင်ဒဏ်ရာများကို လျင်မြန်စွာ ပျောက်ကင်းစေသည်။ ၂၄ နာရီလျှင် တစ်လုံးသာ သောက်သုံးရမည်။]
ရွှီရှင်းက ဆေး၏ အာနိသင်ကို ပြန်လည်ရှင်းပြလိုက်ရာ ချီရွှယ်ဖေး အလွန်ဝမ်းသာသွား၏။
"ရွှီရှင်း၊ နောက်ဆို ငါဖော်တဲ့ ဆေးတွေကို နင်ပဲ စမ်းသပ်ပေးပါဦး။ ငါ့မှာ လူနာမရှိတော့ ဆေးရဲ့ အာနိသင်ကို အတိအကျ မသိရလို့"
ရွှီရှင်းလည်း သဘောတူလိုက်သည်။
ချီရွှယ်ဖေးက ထိုဆေးလုံးကို ရွှီရှင်းကိုပင် လက်ဆောင်ပေးလိုက်၏။
သူ ဆေးလုံးကို သိမ်းလိုက်သည့်အခါ စာကြည့်ခန်းအပြင်ဘက်က အနီရောင်အလင်းများ မှိန်သွားချေပြီ။
ရွှီရှင်း အပြင်သို့ ထွက်လာသည့်အခါ ခဲခဲလေးကလည်း စင်ပေါ်မှ ခုန်ဆင်းကာ သူ့နောက်မှ လိုက်လာ၏။
စင်ပေါ်ရှိ ဓာတ်ရောင်ခြည်ကျောက်တုံး မှာ နှစ်ခြမ်းကွဲသွားပြီး သာမန်ကျောက်ခဲအဖြစ် ပြောင်းလဲသွားချေပြီ။
ရွှီရှင်း ဧည့်ခန်းထဲ ရောက်သွားသည့်အခါ မြေပြင်ပေါ်ရှိ သားရဲနှစ်ကောင်သည် ချက်ချင်း လှည့်ကြည့်လာကြရာ သွေးရောင်လွှမ်းနေသည့် မျက်လုံး ၄ လုံးမှာ သူ့ထံ၌သာ စုပြုံကျရောက်နေတော့သည်။
---
အခန်း ၁၅၇ ပြီး။