အခန်း (၄၀၇-၄၀၈)
Vol. 38 Ch. 407-408
အခန်း (၄၀၇)။
"လခွမ်း...၊ ဒီနတ်ဘုရားတွေက ဘယ်လိုလုပ် ဒီလောက်ထိ ပါးနပ်သွားကြတာလဲ။ ငါတို့ဆီကို နယ်ရုပ်လေးတွေပဲ လွှတ်လိုက်ရင် ငါတို့အတွက် တိုက်ခိုက်ရေး အတွေ့အကြုံ တွေ ရမယ်၊ ရတနာတွေ ရမယ်၊ ပြီးတော့ စိတ်ဝိညာဉ်တွေပါ ရမယ်ဆိုတာကို သူတို့ သိသွားကြပြီ။ အခုတော့ သူတို့အားလုံး စုပေါင်းပြီး လာနေကြပြီ။ ဒါတော့ မကောင်းတော့ ဘူး။"
ရွှေပင့်ကူသည် မြေပြင်မှ သုံးပေခန့်အကွာအထိ ရုတ်တရက် ခုန်တက်လိုက်သည်။ "အနှစ်သာရ နတ်ဘုရားကျောင်းက ဒီနတ်ဘုရားတွေကို နောက်ပိုင်းမှာ ထိန်းချုပ်ရခက် သွားမှာကို မကြောက်ကြဘူးလား။ တကယ်လို့ သူတော်စင်နော့စ် ဒါမှမဟုတ် သူတော်စင် ဘားသာ လာမယ်ဆိုရင် ငါတို့အတွက် နတ်ဆိုးနတ်ဘုရားရဲ့ သွေးတွေနဲ့ မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ရနိုင်သေးတယ်။ ငါလည်း သူတို့နဲ့ တိုက်ပြီး ငါ့ရဲ့သတ္တိနဲ့ အတွေ့အကြုံကို မြှင့်တင်နိုင်မှာ။ ဒါပေမဲ့ အခုတော့ ငါ ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။ တကယ်လို့ ငါသာ နတ်ဘုရားတစ်ပါးနဲ့ တိုက်ရမယ်ဆိုရင် မျက်စိတစ်မှိတ် အတွင်းမှာတင် အသတ်ခံရမှာ သေချာတာတယ်။" ရွှေပင့်ကူသည် မြေပြင်ပေါ်သို့ ပြန်ဆင်း လာပြီးနောက် စိုးရိမ်တကြီးဖြင့် ပတ်ချာလည် လှည့်နေတော့သည်။
အမှန်တကယ်ပင် ရွှေပင့်ကူ၏ တာအိုပညာသည် မိုးကြိုးကပ်ဘေး အဆင့်တစ် ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ တကယ်လို့ အနှစ်သာရ နတ်ဘုရား ကျောင်းက သူတော်စင်ဘား ဒါမှမဟုတ် သူတော်စင်နော့စ်ကို လွှတ်လိုက်မယ်ဆိုရင် ဟုန်ယွိ မကူညီရင်တောင် ရွှေပင့်ကူက ကိုယ်တိုင်တိုက်ခိုက်ပြီး အတွေ့အကြုံ ယူနိုင်ပေ သည်။
သို့သော် ယခုအခါ 'ကောင်းကင်မြွေဘုရင်မ' နှင့် 'ဥဒေါင်းဘုရင်' တို့နှင့် အဆင့်တူသည့် ငရဲနတ်ဘုရား၊ မှော်နတ်ဘုရား၊ သွေးနတ်ဘုရားနှင့် အနှစ်သာရ နတ်ဘုရား လေးပါးစလုံး ကို ရင်ဆိုင်ရမည်ဆိုလျှင်, ၎င်းမှာ သတ္တိရှိခြင်း မဟုတ်ဘဲ သေတွင်းထဲသို့ သက်ဆင်းခြင်း သာ ဖြစ်ပေလိမ့်မည်။
ဤနတ်ဘုရား လေးပါးထဲမှ မည်သည့်နတ်ဘုရားမဆို တစ်ကွက်တည်းဖြင့် ရွှေပင့်ကူကို အပိုင်းပိုင်း ချေမှုန်းပစ်နိုင်သည်။
တခဏမျှ ပတ်ချာလည် လှည့်နေပြီးနောက် သူမအပေါ် ပြင်းထန်စွာ ကျဆင်းလာသော ဖိအားကြောင့် ရွှေပင့်ကူသည် မလှုပ်နိုင်တော့ဘဲ ငြိမ်ကျသွားသည်။ သူမသည် ဟုန်ယွိက မဟာလေဟာနယ်လက်ဝါးကို အသုံးပြု၍ နတ်ဘုရားလေးပါးကို ခုခံနေသည်ကိုသာ စိုးရိမ်တကြီး ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ကောင်းကင်ကြီး၏ အရောင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။ ရွှေရောင်အလင်းတန်းများ၊ ဂါထာရွတ်ဆိုသံများနှင့် နတ်ဘုရား လေးပါး၏ တောက်ပသော အလင်းတန်းများသာ ဟင်းလင်းပြင်၌ လွင့်ပျံနေတော့သည်။
မြေပြင်ပေါ်ရှိ ရှုမြင်ကွင်းအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေပြီး တုန်ခါမှုလှိုင်းများ သာ ကျန်ရှိတော့သည်။
နင်ဂျာဘုန်းတော်ကြီးပင်လျှင် ခန္ဓာကိုယ် လေ့လံထိုင်းမှိုင်းလာသလို ခံစားလိုက်ရသည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဖိအားမှာ ဆယ်ဆခန့် ပိုမိုပြင်းထန်ပြီး လေးလံလာသည်။ သူ၏ ခန္ဓာကိုယ်မှာ စေးကပ်နေသော ချော်ရည်ကန်ထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်နေပြီး၊ လက်ချောင်းတစ်ချောင်း မလှုပ်ရှားနိုင်အောင်ပင် ခက်ခဲနေတော့သည်။
ချီဇီယန်နှင့် ကျန်ရှိသော သိုင်းပညာနိမ့်ကျသူများမှာမူ သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် များပါ အေးခဲသွားကြသည်။
ငရဲနတ်ဘုရားလှံ…။
အနှစ်သာရ နတ်ဘုရားကျောင်း၏ မဟာနတ်ဘုရား လေးပါးတွင် ဟုန်ယွိကို အမုန်းဆုံး နတ်ဘုရားကတော့ မြေအောက်ကမ္ဘာ ငရဲနတ်ဘုရားပင် ဖြစ်သည်။ သူ၏ ကိုယ်ပွားတစ်ခု မှာ အရှင်လတ်လတ် သန့်စင်ခြင်း ခံလိုက်ရပြီး မဟာလေဟာနယ်လက်ဝါး၏ အလင်းကွင်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအဖြစ်ပျက်ကို သူ မည်သို့မျှ သည်းခံနိုင်မည် မဟုတ်ပေ။
စိမ်းဖန့်ဖန့် မီးလျှံများကို လွှတ်ထုတ်၍ ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါးကို ခုခံနေစဉ် မှာပင် သူသည် ဖြူဖွေးသော အရိုးလှံကို ညာလက်ဖြင့်ကိုင်ကာ အားကုန် လွှတ်ပစ်လိုက် သည်။ ထိုအရိုးလှံသည် မဟာလေဟာနယ်လက်ဝါး၏ ဟန့်တားတိုက်ခိုက်မှုကို မမျှော်လင့် ဘဲ ဖောက်ထွက်သွားပြီး ဟုန်ယွိဆီသို့ ဦးတည် တိုးဝင်သွားတော့သည်။
ဤအရိုးလှံသည် မှော်ဂါထာမန္တန်ဖြင့် ဖန်တီးထားခြင်း မဟုတ်ဘဲ စစ်မှန်သော မှော်ရတနာ တစ်ခု ဖြစ်သည်။ ၎င်းမှာ ရှေးဟောင်း မိစ္ဆာနတ်ဘုရားတစ်ပါး အသတ်ခံရပြီးနောက် ကျန်ရစ်ခဲ့သော ကျောရိုးမကြီး ဖြစ်သည်။ ၎င်းကို ငရဲနတ်ဘုရား နန်းတော်တွင် ထားရှိပြီး များပြားလှသော မှော်စွမ်းအားများကို အသုံးပြု၍ သန့်စင်ကာ ငရဲနတ်ဘုရား၏ အာဏာစက်ကို ဖော်ဆောင်သည့် အရိုးလှံအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထိုရှေးဟောင်း မိစ္ဆာနတ်ဘုရားသည် လူသားအင်မော်တယ်အဆင့်၏ အထွတ်အထိပ်တွင် ရှိခဲ့သော စစ်နတ်ဘုရား တစ်ပါးဖြစ်သည်။
ထို့ကြောင့် ဤ 'ငရဲနတ်ဘုရားလှံ' သည် လူသားအင်မော်တယ် စစ်နတ်ဘုရားတစ်ပါး၏ ကျောရိုးပင် ဖြစ်သည်။ နှစ်ပေါင်း ထောင်ချီ၍ မှော်စွမ်းအားများ စုစည်းထားခဲ့သဖြင့် ၎င်းမှာ အနှိုင်းမဲ့သော မှော်ရတနာတစ်ခု ဖြစ်နေပြီဖြစ်သည်။ ငရဲနတ်ဘုရား၏ စွမ်းအားဖြင့် လွှတ်လိုက်သောအခါ ၎င်းသည် ဤလောကရှိ မြင်မမြင်နိုင်သော အကာအကွယ် အားလုံး ကို ဖောက်ထွင်းနိုင်စွမ်းရှိသည်။
လူသားအင်မော်တယ်၏ ကျောရိုး... အရိုးဖြူလှံ…။
...
မှော်သွေးလက်ဝါး…။
ငရဲနတ်ဘုရားက အရိုးဖြူလှံကို ပစ်လွှတ်လိုက်သည့်အချိန်မှာပင် သွေးနတ်ဘုရားနှင့် မှော်နတ်ဘုရားတို့က သူတို့၏ လက်ဝါးများကို ရှေ့သို့ တွန်းထုတ်လိုက်ကြသည်။ ဧရာမ လက်ဝါးကြီးနှစ်ခုမှာ ကောင်းကင်၌ ရုတ်တရက် ပေါ်လာပြီး မဟာလေဟာနယ်လက်ဝါး ကို ရိုက်နှက် တိုက်ခိုက်လိုက်တော့သည်။
သူတော်စင်တူယွမ်သည် တစ်ခါက ဤ 'မှော်သွေးလက်ဝါး' ကို အသုံးပြုခဲ့ဖူးပြီး ၎င်းမှာ သိုင်းသူတော်စင်များပင် မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးမားခဲ့သည်။ သို့သော် ယခု နတ်ဘုရားနှစ်ပါး အသုံးပြုလိုက်သော လက်ဝါးနှင့် နှိုင်းယှဉ်လျှင်မူ ကလေးကစားစရာ ကဲ့သို့ ဖြစ်သွားရသည်။
မဟာနတ်ဘုရား နှစ်ပါး ပူးပေါင်းအသုံးပြုလိုက်သော 'မှော်သွေးလက်ဝါး' မှာ မဟာ လေဟာနယ်လက်ဝါးကဲ့သို့ပင် ဧကဝက်ခန့် ကြီးမားပြီး လက်ဝါးပြင်ပေါ်ရှိ လိုင်းကြောင်း များမှာ အလွန်ပင် ထင်ရှားပြတ်သားလှသည်။ ထိုလိုင်းကြောင်းများမှာ တောင်တန်းများနှင့် မြစ်ချောင်းများ၏ မြေပုံသဏ္ဍာန် ဖြစ်ပေါ်နေသည်။ ထိုလက်ဝါးကြီး ကျဆင်းလာသောအခါ မြေပြင်တစ်ခုလုံး၏ ကြီးမားသော စွမ်းအားကို သယ်ဆောင်လာသကဲ့သို့ လူတိုင်း ခံစားလိုက်ရသည်။
တောင်တန်း၊ မြစ်ချောင်းများနှင့် မြေကြီး၏ စည်းချက်နှင့်အညီ ပေါင်းစပ်ထားသော ဤတာအိုပညာသည် သူတော်စင်တူယွမ်အနေဖြင့် အိပ်မက်ပင် မမက်နိုင်သော အဆင့် ဖြစ်သည်။
နတ်ဘုရားနှစ်ပါး ပူးပေါင်းလိုက်သော 'မှော်သွေးလက်ဝါး' သည် မဟာလေဟာနယ် လက်ဝါးကို တိုက်ရိုက် ရိုက်နှက်လိုက်သည်။ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံပြီးနောက် မဟာလေဟာနယ်လက်ဝါး မှာ နောက်သို့ ဆုတ်သွားခဲ့ရသည်။
...
ခွန်အားနတ်ဘုရား ချီကျင့်စဉ်…။
နောက်ဆုံးတွင် ဝတ်ရုံစိမ်းအောက်မှ "အနှစ်သာရနတ်ဘုရား"၏ မျက်နှာတွင် လူသား တစ်ဦးကဲ့သို့ ပြုံးအရိပ် သမ်းလာသည်။ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဖောင်းကားလာပြီး သန်မာသော ကြွက်သားများမှာ ဝတ်ရုံကို ဖောက်ထွက်လာတော့သည်။ ခဏအတွင်းမှာပင် သူသည် အတိုင်းအဆမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ထိပ်တန်းသိုင်းပညာရှင်ကြီး တစ်ဦးအလား ဖြစ်သွားတော့သည်။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည် ဝါပြီး စွမ်းအားများ ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ ပုလဲလုံးမှာ လှပသော စစ်ဝတ်ရုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းသွားသည်။
ဤသို့ဖြင့် "အနှစ်သာရနတ်ဘုရား"သည် ဤလောကသို့ ဆင်းသက်လာသော စစ်နတ်ဘုရား တစ်ပါးအဖြစ် အသွင်ပြောင်းသွားတော့သည်။ မည်သူမဆို သူ၏ ခန္ဓာကိုယ် မှ ထွက်ပေါ်နေသော သိုင်းစွမ်းအား အငွေ့အသက်များကို ခံစားနိုင်ကြသည်။
အနောက်ဘက်ဒေသတွင် "အနှစ်သာရနတ်ဘုရား" ကို "ခွန်အားနတ်ဘုရား" ဟုလည်း ခေါ်ကြသည်။ သိုင်းစွမ်းအား၊ အာဏာနှင့် စစ်ပွဲကို ကိုးစားသူများ အားလုံးသည် ဤနတ်ဘုရားကို ယုံကြည်ကြပြီး စွမ်းအားများ ရရှိရန် ဆုတောင်းကြသည်။
ယခုအခါ "အနှစ်သာရနတ်ဘုရား" သည် အလွန်မြင့်မားသော သိုင်းကျင့်စဉ်ကို ပိုင်ဆိုင် ထားသည့် ကျွမ်းကျင်သူတစ်ဦးအဖြစ် လုံးဝ ပြောင်းလဲသွားပြီး 'လူသားအင်မော်တယ်' ၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
သူသည် နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း သူပိုင်ဆိုင်သော စွမ်းအားနှင့် အနောက်ဘက် ဒေသရှိ သန်းပေါင်းများစွာသော ပြည်သူတို့၏ နှစ်ပေါင်းထောင်ချီသော ယုံကြည်ကိုးကွယ် မှု စွမ်းအားများကြောင့် သူသည် လူသားအင်မော်တယ် အစောပိုင်းအဆင့်၏ စွမ်းအားကို တုပနိုင်ခြင်း ဖြစ်သည်။
သူသည် ဖားကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီး အနောက်ဘက်ဒေသ၏ အမြင့်ဆုံး သိုင်းပညာရပ်တစ်ခုဖြစ်သော 'ခွန်အားနတ်ဘုရား ချီကျင့်စဉ်'ကို ထုတ်ဖော် လိုက်သည်။
သူ၏ စွမ်းအားများကို လှည့်ပတ်လိုက်သောအခါ သူ၏ လက်ဝါးမှာ အလွန်ပင် ထူထဲ သန်မာလာသည်။ လက်မောင်းပေါ်ရှိ သွေးအကြောများမှာ ဖောင်းကြွလာပြီး "အနှစ်သာရ နတ်ဘုရား" သည် ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ဝုန်းခနဲ ခုန်ဆင်းလိုက်သည်။ သူသည် ဟုန်ယွိထံသို့ ခြေတစ်လှမ်းချင်း လှမ်း၍ ပြေးဝင်လာပြီး သူ၏ လက်ဝါးဖြင့် ရိုက်ချ လိုက်တော့သည်။
"အနှစ်သာရနတ်ဘုရား" သည် လူသားအင်မော်တယ်၏ သိုင်းစွမ်းအားကို တုပရန်အတွက် ပျံသန်းနိုင်စွမ်းကို စွန့်လွှတ်ကာ မြေပြင်သို့ ဆင်းသက်လာခြင်း ဖြစ်သည်။ အကြောင်းမှာ လူသားအင်မော်တယ်တစ်ဦး၏ သွေးနှင့် စွမ်းအင်မှာ ခဲနှင့်ပြဒါးကဲ့သို့ စုစည်းနေပြီး လေးလဲလှသဖြင့် ကောင်းကင်၌ ပေါ့ပါးစွာ ပျံသန်းနေရန် မဖြစ်နိုင်ပေ။
စွမ်းအားများ ပိုမိုစုစည်းမိလေ၊ ပိုမို အစွမ်းထက်လေ ဖြစ်သည်။ "အနှစ်သာရနတ်ဘုရား" သည် လူသားအင်မော်တယ်၏ တိုက်ခိုက်မှုပုံစံကို တုပလိုက်သောအခါ ပျံသန်းနိုင်စွမ်း ပျောက်ကွယ်သွားသော်လည်း အလွန်အမင်း ပြင်းထန်သော တိုက်ခိုက်မှုစွမ်းအားကို ပိုင်ဆိုင်သွားသည်။
ဟုန်ယွိ၏ 'စစ်နတ်ဘုရား' မှာမူ နောက်ဆုံးအဆင့်ဖြစ်သည့် စုစည်းမှုအပိုင်း လိုအပ်နေ သေးသည်။ သူသည် အစွမ်းကုန် စုစည်းနိုင်လျှင်တောင် 'စစ်နတ်ဘုရား' မှာ ပျံသန်းနိုင်ဦး မည် ဖြစ်သည်။ ၎င်းမှာ စိတ်ဝိညာဉ်စွမ်းအားသာ ဖြစ်ပြီး လူသားအင်မော်တယ် အဆင့် မဟုတ်သေးပေ။ လျင်မြန်သော်လည်း တိုက်ခိုက်မှုစွမ်းအားမှာမူ အလွန်မင်း မပြင်းထန်ပေ။
'ခွန်အားနတ်ဘုရား ကျင့်စဉ်' ကို အသုံးပြု၍ "အနှစ်သာရနတ်ဘုရား" သည် မြေပြင်ပေါ်၌ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ ၎င်းမှာ ရူးသွပ်နေသော ကန္တာရဆင် အကောင်တစ်ရာ ပြိုင်တူပြေးနေသည့်အလား အံ့ဩဖွယ်ကောင်းသော အရှိန်ဟုန်မျိုးပင်။ ခြေလှမ်းတစ်ရာ၊ နှစ်ရာ၊ သုံးရာ... သူ၏အရှိန်ဟုန်မှာ ဟုန်ရွှန်ကျိလောက် မမြန်သော်လည်း အများကြီး မကွာခြားလှပေ။
လူတိုင်း၏ စိတ်ဝိညာဉ် နက်ရှိုင်းသော နေရာမှ အသက်ရှူရကျပ်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။
နတ်ဘုရား လေးပါး၏ စုပေါင်းတိုက်ခိုက်မှုမှာ ဤလောကရှိ မည်သည့်ကျွမ်းကျင်သူကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ မုန့်ရှန်းကျီ၊ ကျိုးနိုင်ငံကို တည်ထောင်သူ မဟာဘိုးဘေးကြီးနှင့် ဟုန်ရွှန်ကျိတို့ကဲ့သို့ အစွမ်းထက်သူများပင်လျှင် သူတို့ကို ရင်ဆိုင်ရာတွင် အလွန်သတိထား ရမည် ဖြစ်သည်။ မတော်တဆ မှားယွင်းသွားလျှင် သူတို့ပါ သေဆုံးသွားနိုင်ပေသည်။
ဝုန်း….။
အလွန်တရာ အန္တရာယ်များသော အခြေအနေများမှာ မျက်စိတစ်မှိတ်အတွင်း တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာသည်။
ပထမဦးစွာ ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါးမှာ မှော်နတ်ဘုရားနှင့် သွေးနတ်ဘုရား တို့၏ 'မှော်သွေးလက်ဝါး' ကြောင့် ပျက်စီးသွားခဲ့သည်။ ၎င်းမှာ ရောင်စုံအလင်းတန်းများ နှင့် များစွာသော အလင်းစများအဖြစ် ပြိုကွဲသွားပြီး စွမ်းအားများ အားလုံး ပျောက်ဆုံးသွား တော့သည်။
"နိယာမသံကြိုး... နတ်ဘုရားစွမ်းအားကို ချည်နှောင်စမ်း။"
ထိုခဏ၌ပင် မင်းသားအာဒီ၏ ကြင်ယာတော်လက်ထဲတွင် ထူထဲရှည်လျားသော ရွှေရောင် သံကြိုးကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သံကြိုးကြီးပေါ်တွင် ရှေးဟောင်း နတ်ဘုရား ဘာသာစကားနှင့် စိတ်ဝိညာဉ်စကားလုံးများဖြစ်သော မှော်သင်္ကေတစာလုံးများစွာမှာ လင်းလက်နေသည်။ ၎င်းတို့မှာ သံကြိုး၏ အဆစ်များကြားတွင် လည်ပတ်နေကြသည်။
သူမသည် 'နိယာမ သံကြိုး' ကို ထုတ်ယူ၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်သည်။ ရွှေရောင်သံကြိုးမှာ မရေတွက်နိုင်သော သံကြိုးများအဖြစ် ပြိုကွဲသွားပြီး သံကြိုးတစ်ခုစီက ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါးမှ ထွက်ပေါ်လာသော အလင်းတန်းတစ်ခုစီကို လိုက်လံ ချည်နှောင်လိုက်တော့သည်။
၎င်းမှာ ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါးမှ ရောင်စုံအလင်းတန်းများကို အမှန်တကယ် ပိတ်လှောင်လိုက်ခြင်း ဖြစ်သည်။ အလင်းကွင်း ကိုးခုစလုံးမှာ သံကြိုးများဖြင့် အချည်ခံ လိုက်ရပြီး ကောင်းကင်၌ ရုန်းကန်နေသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိကြပေ။
ဤအခြေနေသည် ဟုန်ယွိအတွက် ပထမဆုံးအကြိမ် ကြုံဖူးသော အခြေအနေပင် ဖြစ်သည်။
မဟာလေဟာနယ်လက်ဝါးမှာ မှော်ရတနာတစ်ခု၏ ပိတ်လှောင်ခြင်းကို ခံလိုက်ရပြီး ပြန်လည် မလွတ်မြောက်နိုင်တော့ပေ။
သို့သော် ယခုအချိန်တွင် သူသည် မဟာလေဟာနယ်လက်ဝါး အတွက် စိတ်မပူနိုင်တော့ ပေ။ အဘယ်ကြောင့်ဆိုသော် လူသားအင်မော်တယ်၏ ပင်မကျောရိုးဖြင့် ပြုလုပ်ထားသော ဖြူဖွေးသည့် အရိုးလှံမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်လာပြီး သူနှင့် မိုင်ဝက်ခန့်အကွာသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်။
ဒိုင်း…။
လူသားအင်မော်တယ် ကိုယ်ပွားသည် စကြာဝဠာအိတ် အတွင်းမှ ထွက်ပေါ်လာပြီး ဓားရှည် တစ်လက်ကို ကိုင်ကာ ဟုန်ယွိ၏ ရှေ့တွင် ရပ်၍ ကာကွယ်လိုက်သည်။ ဓားမှာ လွင့်ထွက် သွားပြီး ဓားအလင်းတန်းတစ်ခုမှာ ငရဲနတ်ဘုရားလှံဆီသို့ တိုးဝင်သွားသည်။
ထိုနှစ်ခုမှာ ချက်ချင်းပင် ထိပ်တိုက် တိုက်မိကြတော့သည်။ ဓားအလင်းနှင့် လှံအလင်းတို့ တိုက်မိရာမှ များစွာသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
"ဟားဟား... ဟားဟားဟား။ လူသားအင်မော်တယ် ကိုယ်ပွားပေါ့..၊ ဟုန်ယွိ... မင်းဆီမှာ လူသားအင်မော်တယ် ကိုယ်ပွားတစ်ခု ရှိနေတာကို ငါသိပြီးသားပါ။ အခု မင်းရဲ့ ကိုယ်ပွား က ငါ့ရဲ့ကိုယ်ပွားနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲဆိုတာ ကြည့်ကြသေးတာပေါ့။"
ထိုခဏ၌ "အနှစ်သာရနတ်ဘုရား" သည် ရှေ့သို့ ပြေးထွက်လာပြီး ဖြူဖွေးသော အရိုးလှံကို ဖမ်းဆုပ်ကာ ဓားအလင်းကို ခုခံရန် အားကုန် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူသည် ပြင်းထန်သော လှံသိုင်းကွက်များကို ထုတ်ဖော်လိုက်တော့သည်။
"ရိုင်းစိုင်းသော နတ်ဘုရားစွမ်းအား... အလင်းမဲ့ နေနှင့်လ။"
အရိုးဖြူလှံကို ဖမ်းဆုပ်ပြီးနောက် "အနှစ်သာရ နတ်ဘုရား" သည် ရူးသွပ်စွာ ရယ်မောလိုက် ပြီး လှံကို ဝှေ့ယမ်းကာ သတ်ဖြတ်ခြင်း သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။ သူပြောသော ဘာသာစကားမှာ ဟွာလျို ဘာသာစကားဖြစ်သော်လည်း အဓိပ္ပာယ်မှာ ထင်ရှားလှသည်။
ဤလှံသိုင်း၏ အဆုံးသတ်ကွက်ကို "အလင်းမဲ့ နေနှင့်လ" ဟု ခေါ်သည်။
တခဏအတွင်းမှာပင် လှံမှာ လှုပ်ခတ်သွားပြီး ကောင်းကင်ရှိ နေနှင့်လတို့မှာ သူတို့၏ တောက်ပမှုကို ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သွားရသည်။ လှံ၏ ရိပ်ပုံရိပ်များမှာ အချိန်၏ ချုပ်နှောင်များကို ထိုးဖောက်သွားပြီး လူသားအင်မော်တယ် ကိုယ်ပွား၏ သေကွင်းသေ ကွက်နေရာများကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကြီးမားသော စွမ်းအားက ဓားနှင့် ထိမိသွားရာ လူသားအင်မော်တယ် ကိုယ်ပွား၏ ဓားရှည်မှာ လွင့်ထွက် သွားခဲ့ရသည်။
ဟုန်ယွိ၏ လူသားအင်မော်တယ် ကိုယ်ပွားသည် သန်မာပြီး အတိုင်းအဆမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း တိုက်ခိုက်ရေး အတွေ့အကြုံမှာမူ ဟုန်ယွိ ကိုယ်တိုင်၏ အတွေ့ အကြုံသာ ဖြစ်သည်။ တိုက်ခိုက်ရေး နည်းစနစ်နှင့် စိတ်ဆန္ဒပိုင်းတွင်မူ အနောက်ဘက် ဒေသရှိ သန်းပေါင်းများစွာသော ပြည်သူတို့၏ သိုင်းပညာ ယုံကြည်မှုများဖြင့် စုစည်းထား သော "အနှစ်သာရ နတ်ဘုရား" ကို လုံးဝ မမီပေ။
သူသည် လူသားအင်မော်တယ် အဆင့်အထိ ကိုယ်တိုင် မကျင့်ကြံရသေးသလို၊ သိုင်းသူတော်စင် အဆင့်၏ ကျင့်ကြံမှုဖြင့် လူသားအင်မော်တယ် တစ်ဦး၏ စွမ်းအားကို ထိန်းချုပ်ရန်မှာ သဘာဝအတိုင်းပင် မလုံလောက်သေးပေ။
အကယ်၍, ဤကိုယ်ပွားသာ သာမန် လူသားအင်မော်တယ် ခန္ဓာကိုယ်တစ်ခုဆိုလျှင်, မျက်စိတစ်မှိတ်အတွင်းမှာတင် အသတ်ခံရလိမ့်မည်။ သို့သော် ဤကိုယ်ပွားသည် ကောင်းကင်နှင့် မြေကြီးက မွေးဖွားပေးလိုက်သည့် "နတ်ဘုရားသန္ဓေသား" ဖြစ်သည့် အတွက် ထူးခြားသော ခံနိုင်ရည်နှင့် ခွန်အားကို ပိုင်ဆိုင်ထားသည်။ တခဏအတွင်းမှာပင် သူက ဟိန်းဟောက်လိုက်ပြီး သူ၏ဓားသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်ကာ ဓားအလင်းတန်းများဖြင့် အရိုးဖြူလှံကို ခုတ်ပိုင်း၍ "အလင်းမဲ့ နေနှင့်လ" သိုင်းကွက်ကို တားဆီးလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ အရှိန်ဟုန်ဖြင့် ခုန်ထွက်လိုက်သည်။
ဝုန်း…။
ခြေလှမ်းတစ်ရာခန့် အကွာအဝေးကို တစ်ချက်တည်းနှင့် ရောက်ရှိသွားသည်။
လူသားအင်မော်တယ် ကိုယ်ပွားသည် ဟုန်ယွိ၏ နံဘေးသို့ ပြန်လည် ရောက်ရှိလာသည်။
ထို့နောက် ဟုန်ယွိ၏ မျက်ခုံးနှစ်ခုကြားမှ မျက်လုံးတစ်လုံးသည် လူသားအင်မော်တယ် ကိုယ်ပွား၏ မျက်ခုံးကြားသို့ ပျံဝင်သွားသည်။ တစ်ချိန်တည်းမှာပင် အတွေးစပေါင်း ၉,၉၉၉ ခု ထွက်ပေါ်လာပြီး 'ပစ္စုပ္ပန်ဗုဒ္ဓ အစစ်မှန်အသွင်' ပြောင်းလဲသွားသည်။ 'ဉာဏ်ပညာ တံဆိပ်'နှင့်အတူ သူသည် နောက်မှ လိုက်ပါလာသော "အနှစ်သာရနတ်ဘုရား" ကို ထိပ်တိုက် ရင်ဆိုင်လိုက်တော့သည်။
"ဗုဒ္ဓလက်ဝါး။"
"အနှစ်သာရ နတ်ဘုရား" သည် လောကရှိ သိုင်းပညာအားလုံးနှင့် ရင်းနှီးနေသည့်အလား ရှိနေသည်။ သူသည် ဟုန်ယွိ၏ 'ဉာဏ်ပညာ တံဆိပ်' ကို မြင်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်မှောင်များ ကျုံ့သွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ လက်ထဲမှ ဖြူဖွေးသော အရိုးဖြူလှံမှာ 'ဉာဏ်ပညာ တံဆိပ်' နှင့် ထိမိသွားသည်။
ထိပ်တိုက်တွေ့ဆုံမူကြောင့် ဟုန်ယွိ၏ 'ပစ္စုပ္ပန်ဗုဒ္ဓ အစစ်မှန်အသွင်'မှာ အတွေးစပေါင်း ၉,၉၉၉ ခုအဖြစ် ပြန်လည် ပြိုကွဲသွားပြီး နောက်သို့ လွင့်စင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤတားဆီးမှုအပြီးတွင် လူသားအင်မော်တယ် ကိုယ်ပွားသည် 'ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ကို ဝတ်ဆင်လိုက်ပြီး 'သေမင်းအလင်း နတ်ဘုရားလှံ'ကို ကိုင်စွဲလိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ အရိုးဆူးများဖြင့် ဖုံးလွှမ်းသွား ပြီး ရှေ့သို့ ပျံထွက်သွားတော့သည်။
"ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်! အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်။"
အမည်းရောင် မျဉ်းတစ်ကြောင်း ပေါ်လာပြီး လှံမှာ ပိုမိုရှည်လျားလာကာ လည်ပင်းဆီသို့ ဦးတည် ပြေးဝင်သွားသည်။ "အနှစ်သာရ နတ်ဘုရား"သည် ထိုလှံချက်ကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းသိုင်းကွက်မှာ စစ်နတ်ဘုရားရှန့်၏ လှံသိုင်းဖြစ်သော 'အကန့်သတ် မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်'ပင် ဖြစ်သည်။ လှံသိုင်းမှာ နဂါးတစ်ကောင်ကဲ့သို့ အရှိန်ပြင်းလှ ပြီး လှံလှံချင်း ထိပ်တိုက် တိုက်ခိုက်ကြတော့သည်။
"အနှစ်သာရ နတ်ဘုရား"သည် မည်မျှပင် အတွေ့အကြုံ ကြွယ်ဝပါစေ၊ 'ကောင်းကင် အလင်းဦးချို နတ်ဘုရားချပ်ဝတ်'ကို ဝတ်ဆင်ထားသော လူသားအင်မော်တယ် ကိုယ်ပွား နှင့် နှိုင်းယှဉ်လျှင် အင်အားကွာခြားမှုမှာ အလွန်ကြီးမားပါသေးသည်။ မိုးကြိုးကပ်ဘေး ခြောက်ကြိမ် ဖြတ်ကျော်ထားသော ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကျိုးထိုက်ကျူပင်လျှင် လူသားအင်မော်တယ် ကိုယ်ပွားကို မယှဉ်နိုင်ခဲ့ပေ။ သူနှင့် နှိုင်းယှဉ်လျှင် အဘယ်မှာ ဆိုဖွယ်ရှိတော့မည်နည်း။
ရွှတ်…။
အရိုးဖြူလှံမှာ လွင့်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် "အနှစ်သာရ နတ်ဘုရား"၏ လည်ပင်းမှာ ထိုးဖောက်ခြင်းခံလိုက် ရပြီး သူ၏ တစ်ကိုယ်လုံးမှာ နတ်ဘုရားတန်ခိုးစွမ်းအားများအဖြစ် ပြောင်းလဲကာ ပေါက်ကွဲ သွားတော့သည်။
"နတ်ဘုရားသွေးလက်ဝါး" "အနှစ်သာရ နတ်ဘုရား" အခြေအနေ မဟန်တော့သည်ကို မြင်သောအခါ မှော်နတ်ဘုရားနှင့် သွေးနတ်ဘုရားတို့သည် အလျင်အမြန် စုပေါင်း တိုက်ခိုက်လိုက်ကြသည်။ နတ်ဘုရားသွေးလက်ဝါး နှစ်ခုမှာ ကျဆင်းလာပြီး လူသား အင်မော်တယ် ကိုယ်ပွားကို ရိုက်နှက်လိုက်သည်။
လူသားအင်မော်တယ် ကိုယ်ပွားက ပြုံးလိုက်ပြီး၊ သူ့ခန္ဓာကိုယ်က ကောင်းကင်သို့ ပျံတက် သွားစဉ် လှံရိပ်မှာ လက်ခနဲ လင်းလက်သွားပြီး နတ်ဘုရားသွေးလက်ဝါး နှစ်ခုစလုံး သွေးမိုးများအလား ပေါက်ကွဲပျက်စီးသွားတော့သည်။
"နတ်ဘုရားလေးပါး... ကံကြမ္မာ လှောင်အိမ်။"
ထိုခဏ၌ မင်းသားအာဒီ၏ ကြင်ယာတော်သည် စတုရန်းပုံသဏ္ဍာန်ရှိပြီး သန့်စင်ကာ ပလက်တီနမ်ကဲ့သို့ တောက်ပသော မှော်ရတနာ လှောင်အိမ်တစ်ခုကို လွှတ်တင်လိုက် သည်။ တစ်ချိန်တည်းမှာပင် ကြိုတင်စီစဉ်ထားသည့်အလား နတ်ဘုရားလေးပါးမှာ သေးငယ်သွားပြီး အလင်းစက် လေးခုအဖြစ် ပြောင်းလဲကာ 'ကံကြမ္မာ လှောင်အိမ်' ၏ ထောင့်လေးထောင့်သို့ ပျံဝင်သွားကြသည်။
ချက်ချင်းပင် 'ကံကြမ္မာ လှောင်အိမ်'သည် အသက်ဝင်လာပြီး အတိုင်းအဆမဲ့ အရှိန်ဟုန် ဖြင့် ကျယ်ပြန့်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် 'ကောင်းကကင် အလင်းဦးချို နတ်ဘုရားချပ်ဝတ်'ကို ဝတ်ဆင်ထားသော လူသားအင်မော်တယ် ကိုယ်ပွား ကို မယုံကြည်နိုင်စရာ အရှိန်ဟုန်ဖြင့် ပိတ်လှောင်လိုက်တော့သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ လှုပ်ခါသွားပြီး လူသားအင်မော်တယ် ကိုယ်ပွားနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း သူ ခံစားလိုက်ရသည်။
လူသားအင်မော်တယ် ကိုယ်ပွားကို ပိတ်လှောင်ပြီးနောက် 'ကံကြမ္မာ လှောင်အိမ်' သည် ကောင်းကင်မှ ကျဆင်းလာပြီး ဟုန်ယွိနှင့် ကျန်ရှိသူများကိုပါ ပိတ်လှောင်ရန် ကြိုးစား တော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟုန်ယွိ၏ နှလုံးသားထဲတွင် ပြင်းထန်သော အမျက်ဒေါသက တဟုန်ထိုး ထွက်ပေါ်လာတော့သည်။
"မင်းတို့အားလုံး သေရမယ်။"
ဟုန်ယွိ၏ စိတ်ဝိညာဉ်အားလုံးမှာ သူ၏ မျက်ခုံးနှစ်ခုကြားမှ ဝုန်းခနဲ ထွက်ပေါ်လာသည်။ ပထမဦးစွာ ကြီးမားလှသော အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ် ပေါ်လာ ပြီးနောက် သူ၏စိတ်ဝိညာဉ်မှာ အလင်းနှင့် အမှောင်ဟူ၍ နှစ်ပိုင်း ကွဲထွက်သွားသည်။ အလင်းပိုင်းမှာ 'ဗေရောစန ဗုဒ္ဓ' ဖြစ်ပြီး အမှောင်ပိုင်းမှာ 'ရွှမ်ထျန်း တာအိုသခင်' ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် ပျံထွက်လာသည်နှင့်အမျှ ကြာပန်းနှင့် မန္တလာပန်းပေါ်ရှိ ခန်းမသခင် နှစ်ဦးမှာ ထိပ်တိုက်တွေ့သွားပြီး လောကတစ်ခုလုံးမှာ အလင်းနှင့် အမှောင်များဖြင့် ပြည့်နှက်သွားတော့သည်။
ဝုန်း…။
မဟာအစီအရင်ကြီးတစ်ခု ပေါ်လာပြီး မထင်မှတ်ဘဲ 'ကံကြမ္မာ လှောင်အိမ်'၊ နတ်ဘုရား လေးပါးနှင့် မင်းသားအာဒီ၏ ကြင်ယာတော် အပါအဝင် ကောင်းကင်ရှိ 'နိယာမ သံကြိုး' များ အားလုံးကို ပြန်လည် ပိတ်လှောင်လိုက်တော့သည်။
သူတို့က ဟုန်ယွိကို ပိတ်လှောင်ရန် ကြိုးစားစဉ်မှာပင် ဟုန်ယွိက သူတို့ကို ပြန်လည် ပိတ်လှောင်ပစ်လိုက်ခြင်း ဖြစ်သည်။
အခန်း (၄၀၈)။
"ကျမ်းစာတွေထဲမှာတော့ ဗုဒ္ဓအားလုံးဟာ ဒေါသထွက်လာတဲ့အခါ ဖျက်ဆီးခြင်း'မင်းလာ' ဘုရင်အဖြစ် အသွင်ပြောင်းလဲတယ်လို့ ဆိုထားတယ်။ ငါ ကျင့်ကြံမှုမှာ အောင်မြင်မှုရက တည်းက အဲဒါကို မယုံကြည်ခဲ့ဘူး။ ဗုဒ္ဓတွေရဲ့ အဆင့်အတန်းကို မပြောနဲ့ဦး... ကျင့်ကြံမှုမှာ အဆင့်တစ်ခု ရောက်တာနဲ့တင် လူတွေဟာ မိမိရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး သိသာထင်ရှားတဲ့ ဒေါသထွက်မူမျိုးကို မခံစားရတော့ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုမှပဲ လူသားတွေရဲ့ စိတ်ခံစားချက်ဆိုတာ အလွယ်တကူ ငြှိမ်းသတ်လို့ မရနိုင်ဘူးဆိုတာကို ငါ နားလည်သွားတော့တယ်။"
ဒေါသထွက်နေသော ဟုန်ယွိသည် '"အလင်းနှင့်အမှောင် မန္တလာ မဟာအစီအရင်။" ကို အသုံးပြုလိုက်သည်။ အလင်းနှင့် အမှောင် အရောင်နှစ်မျိုးမှာ တဖြည်းဖြည်း မှေးမှိန်သွား တော့သည်။ ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုဖြစ်သော 'ကံကြမ္မာ လှောင်အိမ်' ပင်လျှင် အလင်းမှိန်သွားကာ ထိုအတားအဆီးအတွင်းသို့ ကျဆင်းသွားသည်။
သို့သော် ဟုန်ယွိ၏ အမျက်ဒေါသကြောင့် ‘အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်’ မှာ အနည်းငယ် လှုပ်ခတ်သွားပြီး မတည်မငြိမ် ဖြစ်သွားခဲ့သည်။
မူလက 'ပညာရှင် သူတော်စင်တစ်ရာ၏ ကောင်းချီး’ကို ခံယူပြီးနောက် ဟုန်ယွိ၏ အတွေးစများမှာ တောက်ပလင်းလက်လာခဲ့ပြီး အမျက်ဒေါသထွက်ခြင်းကဲ့သို့ အပျက် သဘော ဆောင်သည့် စိတ်ခံစားချက်မျိုးကို ဘယ်တော့မှ ခံစားရတော့မည် မဟုတ်ဟု သူ ထင်ခဲ့မိသည်။
သို့သော် ယခုအခါ သူသည် နတ်ဘုရားလေးပါးကို ရင်ဆိုင်နေရသည်။ မဟာလေဟာနယ် လက်ဝါးမှာ 'နိယာမသံကြိုး' များဖြင့် အချည်ခံထားရသည်။ 'ကောင်းကင်အလင်း ဦးချို နတ်ဘုရားချပ်ဝတ်' ကို ဝတ်ဆင်ထားသော သူ၏ လူသားအင်မော်တယ် ကိုယ်ပွားပင်လျှင် 'ကံကြမ္မာ လှောင်အိမ်' ဖြင့် ပိတ်လှောင်ခြင်း ခံထားရသည်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ် နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။ ဤအချက်ကြောင့်ပင် ဟုန်ယွိ၏ စိတ်ထဲ ၌ အမျက်ဒေါသများ ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။
မဟာလေဟာနယ်လက်ဝါးသည် 'အင်မော်တယ် မူလဝိညာဉ်'အဆင့်ကို ရရှိပြီးကတည်းက ၎င်းသည် အလွန်အမင်း စွမ်းအားကြီးမားလာကာ သူသတ်လိုသမျှ မည်သူ့ကိုမဆို သတ်နိုင် ခဲ့သည်။ ဆေဘာသူတော်စင် ဂွန်ယန်ယုကိုပင်လျှင် ခုခံနိုင်ခဲ့သည်။ ဤမျှ အရှက်ရဖွယ် ကောင်းလောက်အောင် အချည်နှောင်ခံရသည့် အဖြစ်မျိုး သူ ဘယ်တုန်းကမှ မကြုံဖူးခဲ့ဖူး ပေ။
'ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်' ဝတ်ထားသော လူသားအင်မော်တယ် ကိုယ်ပွားကရော မည်မျှ စွမ်းအားကြီးသနည်း။ မိုးကြိုးကပ်ဘေး ခြောက်ကြိမ် ဖြတ်ကျော် ထားသော အထွတ်အထိပ် တာအိုပညာရပ်ဖြစ်သည့် 'ဖျက်ဆီးခြင်းမဟာနတ်ဘုရား လက်သီး'ကို အသုံးပြုခဲ့သည့် ကျိုးထိုက်ကျူပင်လျှင် အရေးနိမ့်ခဲ့ရသည်။ 'နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား'၊ 'စစ်နတ်ဘုရား ချပ်ဝတ်'၊ ‘အကန့်သတ်မဲ့ သတ်ဖြတ်ခြင်း လမ်းစဉ်' နှင့် 'သေမင်းအလင်း နတ်ဘုရားလှံ' တို့သည် အနှိုင်းမဲ့စွမ်းအားများ ဖြစ်သည်။
သို့သော် ယခုအခါ ၎င်းတို့အားလုံးမှာ 'ကံကြမ္မာ လှောင်အိမ်' ၏ ချည်နှောင်ခြင်းကို ခံလိုက်ရသည်။
၎င်းသည် ဟုန်ယွိအတွက် မဟာအရှက်ရမှုကြီးတစ်ခုပင်။
ဟုန်ယွိ၏ အမျက်ဒေါသမှာ သူ၏ အထွတ်အထိပ် တာအိုပညာရပ် နှစ်ခုလုံး အချည်နှောင်ခံ လိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားသည့် တာအိုပညာရပ် နှစ်ခုစလုံးသည် ယခုကဲ့သို့ ချုပ်နှောင်ခံလိုက်ရသောအခါ ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ နောက်ဆုံးတွင် ဒေါသစိတ်များ ဖြင့် ပြည့်နှက်သွားတော့သည်။
သို့သော် ဤဒေါသမှာ ခဏတာမျှသာ ဖြစ်သည်။ နောက်တစ်ခဏမှာပင် ဟုန်ယွိ၏ အတွေးစများသည် အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း နောက်ထပ် အပြောင်း အလဲတစ်ခု ဖြစ်ပေါ်လာသည်။
မူလက မဟာအစီအရင်ကြီးအတွင်း ပိတ်လှောင်ခံထားရသော 'ကံကြမ္မာ လှောင်အိမ်'၊ နတ်ဘုရားလေးပါး၊ မင်းသားအာဒီ၏ ကြင်ယာတော်နှင့် 'နိယာမ သံကြိုး' တို့မှာ ယခုအခါ လှုပ်ခတ်လာကြသည်။
'ကံကြမ္မာ လှောင်အိမ်'၏ ထောင့်လေးထောင့်တွင် နတ်ဘုရား လေးပါး၏ အလင်းတန်း များမှာ ပြင်းထန်စွာ တဖျပ်ဖျပ် လင်းလက်လာကြပြီး၊ မဟာအစီအရင်ကြီးအတွင်းရှိ အလင်းနှင့် အမှောင်ထုမှာ ပြင်းထန်စွာ လှိုင်းထန်လာသည်။
ကောင်းကင်ယံ၌ မဟာအစီအရင်ကြီးသည် ရုတ်တရက် ကျုံ့ဝင်ခြင်း ရပ်တန့်သွားသည်။
မူလက ဟုန်ယွိသည် "အလင်းနှင့်အမှောင် မန္တလာ မဟာအစီအရင်"ကို ထုတ်ဖော်လိုက် သောအခါ သူ၏စိတ်ဝိညာဉ်ကို နှစ်ပိုင်း ခွဲလိုက်ပြီး၊ မိုးကြိုးကပ်ဘေး ရှစ်ကြိမ် ဖြတ်ကျော် ထားသော နတ်ဘုရားအသိစိတ်ကို လမ်းပြအဖြစ် အသုံးပြု၍၊ တပြိုင်နက် ထွက်ပေါ်လာခဲ့ သည်။ မဟာအစီအရင် ကြီးမားကျယ်ပြန့်ချိန်မှာ မိုင်ပေါင်း ရာနှင့်ချီသော ဟင်းလင်း ပြင် ကြီးကို ပိတ်လှောင်နိုင်ပြီး၊ သေးငယ်သွားစဉ်မှာ တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြားရှိ အလွန်တရာ သေးငယ်သော အစက်အပြောက်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင် သည်။
နိယာမအရဆိုလျှင် "အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်" သည် အရာဝတ္ထုတစ်ခု ကို ပိတ်လှောင်ပြီးနောက် ၎င်းမှာ ချက်ချင်း ကျုံ့ဝင်သွားကာ ‘ကမ္ဘာပျက်ခြင်း’ ဖြစ်စဉ်ကို တုပထားသည်။ အစက်ပြောက်တစ်ခုအဖြစ် ကျုံ့ဝင်သွားပြီးနောက် ၎င်းသည် ပြင်းထန်စွာ ပေါက်ကွဲထွက်ရမည်။ ထိုအချိန်တွင် ပိတ်လှောင်ခံထားရသော အရာအားလုံးသည် သူတို့ ၏ မူလအမှတ်အသားများ ဆေးကြောသန့်စင်ခြင်းခံရပြီး လုံးဝ အသစ်စက်စက် တည်ရှိမှု တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ကမ္ဘာပျက်စီးပြီးနောက် ပေါက်ကွဲထွက်လာသော အရာအားလုံးသည် "အသစ်" များ ဖြစ်ကြပေမည်။
၎င်းသည် 'အလင်းနှင့် အမှောင် အတားအဆီး' ၏ စွမ်းအားပင် ဖြစ်သည်။
ကျင့်ကြံမှု၏ အမြင့်ဆုံးအဆင့်မှာ 'လေဟာနယ်ကို ဖျက်ဆီးခြင်း'နယ်ပယ် မဟုတ်သလို 'ယန်စိတ်ဝိညာဉ်'နယ်ပယ်လည်း မဟုတ်ပေ။ 'နိဗ္ဗာနနယ်ပယ်ကို ကျော်လွန်ခြင်း'သာ ဖြစ်သည်။ 'နိဗ္ဗာန်နယ်ပယ်ကို ကျော်လွန်ခြင်း' ၏ အစစ်မှန် အဓိပ္ပာယ်မှာ ကမ္ဘာကြီး ပျက်စီးသွားပြီးနောက်မှာပင် လူတစ်ယောက်အဖြစ် ဆက်လက် တည်ရှိနေနိုင်ခြင်း ဖြစ်သည်။
ဟုန်ယွိ၏ 'အလင်းနှင့်အမှောင်မန္တလာ မဟာအစီအရင်' တုပထားသည့်အရာမှာ ကမ္ဘာ ပျက်စီးခြင်းနှင့် တူညီသည်။ နိယာမအရဆိုလျှင် 'နိဗ္ဗာနနယ်ပယ်ကို ကျော်လွန်ခြင်း' အဆင့်သို့ ရောက်ရှိသူမှလွဲ၍ 'ယန်နတ်ဘုရား' များပင်လျှင် လေဟာနယ်ကို ဖြိုခွဲ၍ ဤပိတ်လှောင်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့သော် ဤအရာက သီအိုရီအရသာ ဖြစ်သည်။ အမှန်တကယ်တွင်မူ ဟုန်ယွိသည် ကမ္ဘာပျက်စီးခြင်း၏ အစစ်မှန် အဓိပ္ပာယ်ကို လုံးဝ နားမလည်သေးပေ။ ထို့ကြောင့် သူ၏ 'အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်' ကို ဖောက်ဖျက်၍ ရနိုင်သည်။
သို့သော် ဤမဟာအစီအရင်ကို ဖောက်ဖျက်ရန်အတွက် ဟုန်ယွိထက် အဆပေါင်းများစွာ သို့မဟုတ် ဆယ်ဆခန့် ပိုမိုအစွမ်းထက်ရန် လိုအပ်သည်။
သိသာထင်ရှားသည်မှာ မိုးကြိုးကပ်ဘေး အဆင့်ရှစ် နတ်ဘုရားအသိစိတ်၏ ဖိနှိပ်မှု အောက်တွင် နတ်ဘုရားလေးပါး၊ မင်းသားအာဒီ၏ ကြင်ယာတော်နှင့် မှော်ရတနာ နှစ်ခုတို့ သည် ဤအတားအဆီးကို အင်အားသုံး၍ မဖောက်ဖျက်နိုင်ကြပေ။
မိုးကြိုးကပ်ဘေး ရှစ်ကြိမ်ဖြတ်ကျော်ထားသော နတ်ဘုရားအသိစိတ်၏ စွမ်းအားနှင့် ဟုန်ယွိကိုယ်တိုင်၏ အဆင့်လေး မိုးကြိုးကပ်ဘေး ကျင့်ကြံမှုမှာ အလွန်ပင် ကြီးမားလှ သည်။
ထို့ပြင် အလင်းနှင့် အမှောင်ကို ပေါင်းစပ်ထားသည့် ဤကဲ့သို့ မဟာအစီအရင်မျိုးကို ရှေးခေတ်ကာလကတည်းက မမြင်ဖူးသလောက်ပင်။ ရှေးခေတ် သူတော်စင် ဧကရာဇ်များ ပင်လျှင် ဤကဲ့သို့သော တာအိုပညာရပ်မျိုးကို မစမ်းသပ်ခဲ့ကြပေ။
ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ 'အမှောင်စက်ဝန်း ခန္ဓာဖုံးကွယ်ခြင်းအစီအရင်' နှင့် ဒိုင်ဇင်ဘုရားကျောင်း၏ 'အလင်းစက်ဝန်းခန္ဓာဖုံးကွယ်ခြင်းအစီအရင်'တို့မှာ အထွတ် အထိပ် ပညာရပ်များ ဖြစ်ကြသည်။ နှစ်ပေါင်း ထောင်ချီအတွင်း ဟုန်ယွိမှလွဲ၍ လောက၌ မည်သူမျှ ၎င်းတို့ကို လေ့ကျင့်ပေါင်းစပ်ခြင်း မရှိခဲ့ပေ။
ဟုန်ယွိသည် ပိတ်လှောင်ရာတွင် အောင်မြင်သွားခြင်းမှာလည်း တစ်ဖက်လူကို မမျှော်လင့် ဘဲ တိုက်ခိုက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍, နတ်ဘုရား လေးပါးနှင့် မင်းသား အာဒီ၏ကြင်ယာတော်တို့သာ ဤမဟာအစီအရင်အကြောင်းကို ကြိုသိထားမည်ဆိုလျှင်, သူတို့ သတိထားပြီး တားဆီးနိုင်မည့် နည်းလမ်းမျိုးစုံကို အသုံးပြုကြလိမ့်မည်။ ဤမဟာ အစီအရင်ကို ရှောင်ရှားဖို့ နည်းလမ်းမရှိခြင်းမျိုး မဟုတ်ပေ။
"မင်းတို့က တကယ်ပဲ ဖောက်ထွက်ချင်တာလား။"
ဒေါသဟူသည့် အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို ချက်ချင်း ဖြတ်တောက် ပစ်ပြီးနောက် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစတိုင်းမှာ ရေခဲနှင့် နှင်းများကဲ့သို့ အလွန်တ ရာ တည်ငြိမ်သွားသည်။ ကောင်းကင်ယံ၌ ယဇ်ပလ္လင်အသွင်ဖြင့် ပေရာနှင့်ချီ အတိုင်းတာ ထိ ကျုံ့ဝင်သွားသော အလင်းနှင့်အမှောင် မန္တလာမဟာအစီအရင်နှင့် ယဇ်ပလ္လင်အတွင်း၌ ပြင်းထန်စွာ ကျယ်ပြန့်လာသော 'ကံကြမ္မာ လှောင်အိမ်' ကို ကြည့်ရင်း သူ၏ မျက်နှာတွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း မည်သည့်အရိပ်အယောင်မျှ မရှိပေ။ ဧကဝက်ခန့်ရှိသော အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်မှာ ထပ်မံလည်ပတ်လာပြီး ပိတ်လှောင်မှု စွမ်းအားကလည်း ထပ်မံတိုးမြင့်လာပြန်သည်။
"ဒါက ဘယ်လို စည်းတံဆိပ်မျိုးလဲ၊ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ..."
ငရဲနတ်ဘုရား၊ မှော်နတ်ဘုရား၊ သွေးနတ်ဘုရား၊ အနှစ်သာရနတ်ဘုရားနှင့် ခွန်အား နတ်ဘုရားတို့မှာ အတားအဆီးအတွင်း၌ ဟိန်းဟောက်နေကြသည်။ သူတို့သည် နှစ်ပေါင်း ထောင်ချီသက်တမ်းရှိသည့် နတ်ဘုရားများ ဖြစ်ကြပြီး တာအိုပညာရပ်များစွာကို သိရှိကြ သော်လည်း ဟုန်ယွိ၏ ပညာရပ်လောက် အစွမ်းထက်သော တာအိုပညာမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။
"ရှင်က တကယ်ပဲ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အလင်းစက်ဝန်းခန္ဓာဖုံးကွယ်ခြင်း အစီအရင်နဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ အမှောင်စက်ဝန်းခန္ဓာဖုံးကွယ်ခြင်း အစီအရင်ကို တစ်ခု တည်းအဖြစ် ပေါင်းစပ်လိုက်တာလား။"
မင်းသားအာဒီ၏ ကြင်ယာတော်သည်လည်း အထဲ၌ ပိတ်လှောင်ခံထားရပြီး သူမ၏ ခန္ဓာကိုယ်မှာ အလင်းလွှာများစွာဖြင့် ရစ်ပတ်ခံထားရသည်။ ထိုအလင်းတန်းများကြားတွင် ဒိုင်းခြောက်ခု လွင့်မျောနေသည်။ ထိုဒိုင်းများမှာ တဖျပ်ဖျပ် လင်းလက်သွားပြီး အလင်းနှင့် အမှောင်၏ တိုက်စားမှုကို အမှန်တကယ် ခုခံနေကြသည်။
"ပျက်ဆီးခြင်းမဲ့ မှော်ဒိုင်း၊ ဒါက အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ အထွတ်အထိပ် တာအို ပညာရပ်ပဲ။ ဒါကို အသုံးပြုနိုင်ဖို့ဆိုရင် မိုးကြိုးကပ်ဘေး အဆင့်လေးကို ဖြတ်ကျော်ထားရ မယ်၊ ပြီးတော့ 'အတွေးတစ်ခုနဲ့ တစ်ကမ္ဘာ' နယ်ပယ်ကို ရောက်နေရမယ်။ မင်းက မိုးကြိုး ကပ်ဘေး အဆင့်တစ်မှာပဲ ရှိသေးတာ။ ဒါကို ဘယ်လိုလုပ် သုံးနိုင်တာလဲ။ မင်းမှာလည်း မိုးကြိုးကပ်ဘေး အဆင့်လေး ပညာရှင်တွေရဲ့ အတွေးစတွေ ရှိနေတာလား။"
ဟုန်ယွိသည် ထိုဒိုင်းခြောက်ခုကို ကြည့်လိုက်သည်။ ဒိုင်များမှာ တောက်ပစွာ လင်းလက် နေပြီး၊ ၎င်းတို့ပေါ်တွင် ဆန်းကြယ်သော မှော်စာလုံးများ ရှိနေသည်။ ဒိုင်ဇင်ဘုရားကျောင်း ၏ လျှို့ဝှက်ကျမ်းစာ အချို့တွင် ဤတာအိုပညာကို အနှစ်သာရ နတ်ဘုရားကျောင်း၏ အထွတ်အထိပ် အကာကွယ်တာအိုပညာရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ထားသည်။ ၎င်း၏ ခုခံနိုင်စွမ်းမှာ ငရဲနတ်ဘုရား၏ 'အလွှာတစ်ထောင်ငရဲနတ်ဘုရားဥ'ထက်ပင် ပိုမိုအစွမ်း ထက်သည်။ ၎င်းကို မိုးကြိုးကပ်ဘေး လေးကြိမ် မဖြတ်ကျော်ဘဲ အသုံးမပြုနိုင်ပေ။ (ယခင်တုန်းက “အလွှာတစ်ထောင် အမှောင်နတ်ဘုရားဉ၊”ဟု သုံးနှုန်းခဲ့သည်။)
မင်းသားအာဒီ၏ ကြင်ယာ်တော်မှာ မူယီဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း သူမ၏ တာအို ပညာမှာ စွမ်းအားကြီးမားသော်လည်း သူတော်စင်တူယွမ်၊ သူတော်စင်တောက်ဖူတို့နှင့် အဆင့်တူလောက်သာ ဖြစ်သည်။ သို့သော် သူမအနေဖြင့် 'အင်မော်တယ်မှော်ဒိုင်း' ကို အသုံးပြုနိုင်ရန်အတွက်မူ အလွန်အလှမ်းဝေးနေသေးသည်။
သိသာထင်ရှားသည်မှာ ဤကြင်ယာ်တော်တွင်လည်း ဟုန်ယွိကဲ့သို့ပင် မိုးကြိုးကပ်ဘေး အဆင့်လေး စိတ်ဝိညာဉ် အတွေးစများ ရှိနေခြင်းပင် ဖြစ်ရမည်။
"ခင်ဗျားက တကယ်ကို အစွမ်းထက်တဲ့ အမျိုးသမီးပဲ။ ကျုပ်ရဲ့ တာအိုပညာက အလင်းနဲ့ အမှောင် ပေါင်းစပ်ထားတာဆိုတာကို ခင်ဗျား တကယ်ပဲ သတိပြုမိတယ်ပေါ့..." မဟာ အစီအရင်အတွင်းမှ ထွက်ပေါ်လာသော ကြင်ယာတော်၏ အသံကို ကြားလိုက်ရသောအခါ ဟုန်ယွိသည် ဤအမျိုးသမီး၏အရည်ချင်းအပေါ် အနည်းငယ် လေးစားမိသွားသည်။
သို့သော် ဤခံစားချက်မှာ အမျက်ဒေါသနှင့် မတူပေ။ ထိုလေးစားမူက ဟုန်ယွိကို ထိုမဟာ အစီအရင်အား ဆက်လက်အသုံးပြုခြင်းမှ တားဆီးနိုင်ခြင်း မရှိပေ။
"ဒါပေမဲ့ စစ်မြေပြင်မှာတော့ ကရုဏာထားလို့ မရဘူး။ မင်းတို့ဘက်က ဒီလောက် အင်အား အများပြား သုံးထားတာ ကြည့်ရင် ကျုပ်ကို သတ်ချင်တာ ရှင်းနေတာပဲ။ ခင်ဗျားက ထူးခြား တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပေမဲ့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး။" ဟုန်ယွိသည် သူမ၏စိတ်ထဲသို့ အတွေးလှိုင်းများစွာ ပို့လွှတ်လိုက်ပြီး သူ၏ တိုက်ခိုက်မှုများမှာ ပိုမို ပြင်းထန်လာသည်။
'အလင်းနှင့်အမှောင် မန္တလာ မဟာအစီအရင်' ၏ အထက်တွင် ရွှမ်ထျန်းတာအိုသခင်နှင့် ဗေရောစနဗုဒ္ဓတို့၏ ပုံရိပ်များ ထပ်မံပေါ်လာပြန်သည်။ သူတို့သည် ဗဟိုချက်ဆီသို့ ပြင်းထန်စွာ ကျုံ့ဝင်သွားကြသည်။
ဖျစ်.... ဖျစ်... ဖျစ်...
မင်းသားအာဒီကြင်ယာတော်၏ ‘ပျက်ဆီးခြင်းမဲ့မှော်ဒိုင်း' မှ အက်ကွဲသံများ ထွက်ပေါ်လာ သည်။
သို့သော် 'ကံကြမ္မာ လှောင်အိမ်' ၏ ပလက်တီနမ် အလင်းတန်းမှာ ပိုမိုမြင့်မြတ်လာသည်။ 'အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်’၏ အတားအဆီးကြီးမှာ မျက်နှာသစ်ကန် အရွယ်အစားခန့်ရှိ ဝိုင်းစက်သည့် ယဇ်ပလ္လင်အဖြစ်သို့ ကျုံ့ဝင်သွားပြီး ဟင်းလင်းပြင်၌ လွင့်မျောနေစဉ်မှာ 'ကံကြမ္မာ လှောင်အိမ်'မှာ ပို၍ပင် မြင့်မြတ်လာသည်။ 'ကံကြမ္မာ လှောင်အိမ်'ပေါ်ရှိ ပလက်တီနမ် အလင်းတန်းများမှာ စကားလုံးများအဖြစ် စုစည်းသွား သည်။ ထိုစကားလုံးများမှာ ကခုန်နေသော ဂီတသင်္ကေတများကဲ့သို့ ရှိနေပြီး ရှေးဟောင်း ဓမ္မတေးတစ်ခုကို သီဆိုနေကြသည်။
"အို… ရှေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ ကံကြမ္မာ..." "နတ်ဘုရားတွေတောင် မလွတ် မြောက်နိုင်ပါ…” "ကံကြမ္မာရဲ့ စွမ်းအား... လှောင်အိမ်တစ်ခုချင်းစီဟာ ထာဝရ ကောင်းကင် နိုင်ငံတော်ပဲ၊ ဝိညာဉ်ကို တင်းကျပ်စွာ ပိတ်လှောင်ထား..."
"ကံကြမ္မာ၏ ဓမ္မတေးသံ။”
ဟုန်ယွိ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ဒိုင်ဇင်ဘုရားကျောင်း၏ ဒဏ္ဍာရီ မှတ်တမ်းများကို သတိရလိုက်မိသည်။ အနှစ်သာရ နတ်ဘုရားကျောင်း၏ 'ကံကြမ္မာ လှောင်အိမ်'စွမ်းအားသည် အဆုံးစွန်ထိ ရောက်ရှိသွားသည့်အခါ 'ကံကြမ္မာ၏ မြင့်မြတ် သော ဓမ္မတေးသီချင်း' တစ်ပုဒ်ကို တီးမှုတ်လိမ့်မည်။ ထိုတေးသံကို ကြားရသူတိုင်း၏ ဝိညာဉ်များသည် ကံကြမ္မာလှောင်အိမ်ထဲကို ရောက်သွားပြီး ထာဝရ ကောင်းကင်နိုင်ငံ တော်၏ ဟင်းလင်းပြင်ထဲမှာ အကျဉ်းကျခံရလိမ့်မည်။
တခဏအတွင်းမှာပင် ဟုန်ယွိ 'အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်' ၌ ဖန်တီး ထားသော အတွေးစတိုင်းမှာ ဤဓမ္မတေး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ၎င်းသံစဉ် သည် ပညာရှင် သူတော်စင်တွေတောင် တန်ဖိုးထားရသည့် ဂီတတစ်မျိုး ဖြစ်ပါသည်။
ဂီတဆိုသည်မှာ ရှေးအကျဆုံး အနုပညာဖြစ်သလို ယဉ်ကျေးမှု၏ အရေးကြီးဆုံး ကဏ္ဍ တစ်ခုလည်း ဖြစ်ပါသည်။ ၎င်းသည် တာအိုပညာရပ်များအတွင်းသို့ စီးဝင်နေခဲ့သည်။ အလယ်ခေတ် ဒဿနပညာရှင်များထဲတွင် ဂီတကို လေ့လာလိုက်စားသဖြင့် သုံးလ တိုင်တိုင် အသားဟင်း၏ အရသာကိုပင် မေ့လျော့နေသူများ ရှိခဲ့သည်။
ကျင့်ထုံး၊ ဂီတ၊ ကဗျာနှင့် စာပေ။
အနောက်ဘက်ဒေသ၏ ရှေးဟောင်းယဉ်ကျေးမှုမှ ဆင်းသက်လာသည့် ဤ'ကံကြမ္မာ၏ ဓမ္မတေးသံ'သည် ဝိညာဉ်ကို တုန်လှုပ်စေနိုင်သည့် အစွမ်းမျိုးရှိသည်ကို ဟုန်ယွိပင်လျှင် ဝန်ခံရပါလိမ့်မည်။ ကခုန်နေသော ဂီတသင်္ကေတများက ယဉ်ကျေးမှုတစ်ရပ်ကို ဖော်ပြနေ သည်။ ၎င်းမှာ ရှေးခေတ်ကတည်းက ကံကြမ္မာအပေါ် လူပေါင်းများစွာ၏ နားလည်မှုပင် ဖြစ်သည်။
ဤဓမ္မတေးကြောင့် ဟုန်ယွိ အနေဖြင့် ၎င်းကို သင်ယူလိုစိတ်နှင့် နားလည်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
အနောက်ဘက်ဒေသ၏ ယဉ်ကျေးမှု၊ ဘဝ၊ ရှင်သန်မှုနှင့် ကံကြမ္မာကို စူးစမ်းလေ့လာမှုတွေ မှာလည်း လေးစားစရာအချက်များနှင့် လေ့လာသင်ယူစရာ ကဏ္ဍတွေ ရှိနေပါသည်။
တခဏအတွင်းမှာပင် ဟုန်ယွိ၏ အတွေးစများ လှုပ်ခတ်သွားသည်။ 'အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်'မှာ ချက်ချင်း အားနည်းသွားပြီး လျင်မြန်စွာ ကျယ်ပြန့်လာတော့ သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ဧကဝက်ခန့်အထိ ကျယ်ပြန့်လာပြီး ပေါက်ကွဲထွက်တော့မည့်ပုံ ပေါ်နေသည်။
"အခုက သင်ယူရမယ့်အချိန် မဟုတ်ဘူး။ ကောင်းကင်ဘုံက တက်ကြွစွာ လှုပ်ရှားနေသလို လူကြီးလူကောင်းတစ်ယောက်ကလည်း မိမိကိုယ်ကို အမြဲတမ်း တိုးတက်အောင် လုပ်ဆောင်ရမယ်။ ကံကြမ္မာက လူကြီးလူကောင်းတစ်ဦးကို မချည်နှောင်နိုင်ဘူး။ လူကြီး လူကောင်းတစ်ဦးဟာ ကံကြမ္မာကို မယုံကြည်သလို ကံကြမ္မာကိုလည်း ဂရုမစိုက်ဘူး။ 'ကံကြမ္မာရဲ့ ဓမ္မတေး'ကတောင် ငါ့ရဲ့ အတွေးစတွေကို မလှုပ်ခတ်နိုင်စေရဘူး။"
ထိုခဏ၌ ဟုန်ယွိ၏ စိတ်ထဲရှိ အတွေးစတိုင်းတွင် သူ၏ 'ပြောင်းလဲခြင်းကျမ်းထဲမှ 'ကောင်းကင်' (ချန်) သင်္ကေတ၏ သဘောတရားများ လက်ခနဲ ဖြစ်သွားသည်။ "ကောင်းကင်ဘုံက အားသွန်ခွန်စိုက် လှုပ်ရှားနေသလို လူကြီးလူကောင်းတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် မနားမနေ ကြိုးစားအားထုတ်ရမယ်" ဟူသော အဓိပ္ပာယ်များ သူ၏ အတွေးထဲတွင် ပေါ်လာသည်။ စာလုံးများမှာလည်း တစ်လုံးချင်းစီ ခုန်ထွက်လာကြသည်။ ချက်ချင်းပင် 'ကံကြမ္မာ၏ ဓမ္မတေး' ၏ လွှမ်းမိုးမှုမှာ သိသိသာသာ လျော့နည်းသွားတော့သည်။
'အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်'မှာ ချက်ချင်း ပြင်းထန်စွာ ပြန်လည် ကျုံ့ဝင် သွားသည်။
'ကံကြမ္မာ၏ ဓမ္မတေး' မှာ ပိုမိုကျယ်လောင်လာသော်လည်း ၎င်းသည် ဟုန်ယွိ၏ ဝိညာဉ်ကို လုံးဝ မလှုပ်ခတ်နိုင်တော့ပေ။
...
ဤအရေးကြီးသော အချိန်၌ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားပြန်သည်။
အဝေးရှိ ကောင်းကင်ယံ၌ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာ သည်။ ထို့နောက် ထိုအက်ကွဲကြောင်းကြီးမှာ ပေရာနှင့်ချီ မြင့်မားသော ပုံမှန်မဟုတ်သည့် ကျယ်ပြန့်သော တံခါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းမှာ ရှေးဟောင်းဒဏ္ဍာရီလာ နတ်ဘုရားနန်းတော်၏ တံခါးကြီး လူ့လောကသို့ ပွင့်လာ သကဲ့သို့ပင်။
ကောင်းကင်ဘုံ တံခါးဝမှနေ၍ ပလက်တီနမ် လှေကားထစ်များ ဖြန့်ခင်းထားသည်။ ထို့နောက် ၎င်းအတွင်းမှ 'ကံကြမ္မာ၏ ဓမ္မတေး' ထက်ပင် ပိုမိုကျယ်လောင်သော ဓမ္မတေးသံများ ထွက်ပေါ်လာသည်။
"ရှေးဟောင်း မူလစွမ်းအင်.. နတ်ဘုရားက မင်းနဲ့အတူ ရှိနေတယ်... မူလစွမ်းအင်က အနန္တတန်ခိုးရှင်ပဲ၊ မူလစွမ်းအင်က အရာအားလုံးကို သိတယ်၊ မူလစွမ်းအင်က ထာဝရပဲ..."
ဓမ္မတေးသံမှာ ကခုန်နေသော မိန်းကလေးငယ်လေးများအဖြစ် ပြောင်းလဲသွားသည်။ ထိုမိန်းကလေးငယ်လေးများသည် 'မင်္ဂလာနတ်သမီး'နှင့် ဆင်တူသော်လည်း အများကြီး ပိုမိုသေးငယ်ကြသည်။ သူတို့သည် ကခုန်ကြ၊ ခုန်ပေါက်ကြရင်း ဟင်းလင်းပြင်ကြီးကို လှုပ်ခတ်နေကြသည်။
နောက်ဆုံးတွင် ကောင်းကင်ဘုံ တံခါးဝ၌ ပေပေါင်းများစွာ မြင့်မားပြီး ပလက်တီနမ် အလင်းတန်းများဖြင့် အပြည့်အဝ ပြုလုပ်ထားသော ဧရာမ နတ်ဘုရားပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ဤပလက်တီနမ် နတ်ဘုရားပုံရိပ်ကြီးသည် သရဖူတစ်ခုကို ဆောင်းထားပြီး လက်ထဲတွင် 'ဘုန်းတန်ခိုးအာဏာစက်လှံတော်'ကို စွဲကိုင်ထားသည်။ အတိုင်းအဆမဲ့သော ဂီတအသံများက ထို'ဘုန်းတန်ခိုးအာဏာစက်လှံတော်'အကြောင်းကို ချီးမွမ်းသီဆိုနေကြ သည်။ လောကရှိ ဂုဏ်ကျက်သရေ အားလုံးမှာ ထို'ဘုန်းတန်ခိုးအာဏာစက်လှံတော်'ပေါ် သို့ ရောက်ရှိနေသကဲ့သို့ပင်။
ခေါင်းပေါ်တွင် သရဖူဆောင်း၍ လက်ထဲတွင် 'ဘုန်းတန်ခိုးအာဏာစက်လှံတော်'ကို ကိုင်ထားသော ထိုဖြူရွှေရောင် နတ်ဘုရားပုံရိပ်ကြီးကို ကြည့်ရင်း ဟုန်ယွိ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ သူ 'နတ်ဆိုးနတ်ဘုရား၏ သွေးစက်'ကို သောက်သုံးခဲ့စဉ်က မြင်ခဲ့ရသည့် ပုံရိပ်ကြီးကို ပြန်သတိရလိုက်သည်။ လူသားအင်မော်တယ် အထွတ်အထိပ် စစ်နတ်ဘုရား တစ်ပါးသည် ဤသရဖူဆောင်းထားသည့် ပုံရိပ်ကြီး၏ လက်ညှိုးတစ်ချက် ထိုးချိန်လိုက်စဉ် မှာပင် ကိုယ်လက်အင်္ဂါတွေ ပြန့်ကျဲသွားခဲ့ရသည် မဟုတ်ပါလား။
"အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ ယဇ်ပုရောဟိတ်ဘုန်းတော်ကြီးလား။ ဒါမှမဟုတ် သူတော်စင် မိန်းမပျိုုလား။ ဘယ်လောက်တောင် ခမ်းနားတဲ့ ပြကွက်ကြီးလဲ။ ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားလိုက်လဲ။"
ဤဧရာမ ပလက်တီနမ် ပုံရိပ်ကြီးကို မြင်လိုက်ရသောအခါ ဟုန်ယွိ၏ နှလုံးခုန်သံမှာ မြန်ဆန်လာခဲ့ရသည်။
...
ဟုန်ယွိ ထိုသို့ တွေးလိုက်မိသည့် ခဏမှာပင် ဧရာမ ပလက်တီနမ် ပုံရိပ်ကြီးသည် သူ၏ 'ဘုန်းတန်ခိုးအာဏာစက်လှံတော်'ကို ဟုန်ယွိဆီသို့ ညွှန်လိုက်သည်။ မည်သည့်စကားမျှ မပြော၊ မည်သည့်အချက်ပြမှုမျှ မရှိဘဲ ပလက်တီနမ် နတ်ဘုရားပုံရိပ် ပေါ်လာပြီးနောက် သူ၏ လှံတော်ကို ညွှန်လိုက်ခြင်းသာ ဖြစ်သည်။ ရေပုံးအရွယ်အစားခန့်ရှိပြီး ကီလိုမီတာ ပေါင်းများစွာ ရှည်လျားကာ 'ဖန်ဟွမ် အသက်ဝိညာဉ်ဓား'၏ ဓားအလင်းကဲ့သို့ပင် ထက်မြက်လှသော အဖြူရောင် အလင်းတိုင်ကြီးတစ်ခုမှာ ဟင်းလင်းပြင်ကို ပြင်းထန်စွာ ဖောက်ထွင်း၍ တိုးဝင်လာတော့သည်။
ဝှူး….
ရေပုံးကဲ့သို့ အထူရှိသော ထိုအဖြူရောင် အလင်းတိုင်ကြီးသည် ဟိန်းဟောက်သံနှင့်အတူ လောကကြီးတစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေသည်။
ဂုဏ်ကျက်သရေရှိလှသော ဓမ္မတေးသံနှင့်အတူ လေလှိုင်းအားလုံး လှုပ်ခတ်ပြီး ပွက်လော ရိုက်နေသည်။ ၎င်းမှာ ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါးမှ ထွက်ပေါ်သော ဂါထာသံ ထက်ပင် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။
ထိုအခိုက်တန့်မှာပင် ဟုန်ယွိ၏ 'အလင်းနှင့် အမှောင် မန္တလာ မဟာအစီအရင်' အတွင်းရှိ အတွေးစတိုင်းမှာ ရောယှက်နေသည့် 'ကံကြမ္မာ၏ ဓမ္မတေး'နှင့် 'ဂုဏ်ကျက်သရေ ဓမ္မတေးသံ'တို့ဖြင့် ပြည့်နှက်သွားတော့သည်။ အကယ်၍, ဟုန်ယွိသည် နောက်ထပ် မိုးကြိုးကပ်ဘေးတစ်ခုကို ဖြတ်ကျော်ထားရင်တောင် ဤမျှကြီးမားသည့် ဖိအားကို ခုခံနိုင်ဖို့ မလွယ်ကူပေ။
ထို့ကြောင့် ဟုန်ယွိသည် နောက်ထပ် ပညာရှင်ဆန်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက် သည်။ အတွေးတစ်ချက်နှင့်တင် သူသည် 'အလင်းနှင့် အမှောင် မန္တလာ မဟာအစီ အရင်' ကို ရေပုံးကဲ့သို့ ထူထဲသော ထိုပလက်တီနမ် အလင်းတိုင်ကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့စေလိုက်သည်။
ထိုနှစ်ခု ထိပ်တိုက် တိုက်မိသွားကြသည်။
ဝုန်း…။
မဟာအစီအရင်မှာ ပျက်စီးသွားပြီး အရာအားလုံး ပေါ်ထွက်လာတော့သည်။ မဟာ လေဟာနယ်လက်ဝါး၏ အလင်းတန်းမှာ ဟုန်ယွိ၏ ဦးခေါင်းနောက်သို့ ပြန်လည်ရောက်ရှိ သွားသည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ၏ လူသားအင်မော်တယ် ကိုယ်ပွားနှင့် အသွေးအသားချင်း ဆက်သွယ်မှုရှိနေသကဲ့သို့ ပြန်လည် ခံစားလိုက်ရတော့သည်။