အားလုံးဆင့်ကဲပြောင်းလဲခြင်းနှင့် ဝိုင်းရံမှုကို ဖောက်ထွက်ခြင်း (၂)
Vol. 11 Ch. 159
ပြောရရင် ဒီကောင်နှစ်ကောင်လည်း အဆင့်တက်သွားပြီးတဲ့နောက် စားနိုင်သောက်နိုင်စွမ်းကလည်း အတော်လေး တက်လာမှာပဲကို....။
ထားလိုက်ပါတော့...
အခုချိန်က ဒါတွေကို တွေးနေရမယ့် အချိန်မဟုတ်ဘူး။
ရွှီရှင်းသည် လက်နက်နှင့် ချပ်ဝတ်တန်ဆာ ထုတ်လုပ်ရေးစင်ဆီသို့ သွားလိုက်၏။
လီဝမ်ရှီးပေးထားသည့် ယမ်းစိမ်းအားလုံးကို ဗီဇပြောင်းနွယ်ပင်ရည်များနှင့် ရောစပ်ပြီး ပေါက်ကွဲမြှား အစင်း ၅၀၀ ကို ပြုလုပ်လိုက်သည်။
ပေါက်ကွဲမြှားများဖြင့် ပြည့်နှက်နေသည့် ကျောပိုးအိတ်ကို ပုတ်ကြည့်ရင်း ရွှီရှင်း စိတ်အေးသွားရ၏။
ဒီလောက်ဆိုရင်တော့ လောက်မှာပါ...
အရင်းအမြစ် နည်းနေရင်တော့ နည်းဗျူဟာ သုံးရပေမဲ့၊ အရင်းအမြစ် ပေါနေရင်တော့ အင်အားနဲ့ပဲ ဖိတိုက်ရမှာပေါ့.....။
စဉ်းစားမနေတော့ဘူး၊ အကုန်လုံးကို ဗုံးကြဲပြီး ရှင်းပစ်လိုက်တော့မယ်...
"သွားကြစို့ ခဲခဲလေး... မှားလို့ မင်းကတော့ မလိုက်တာ အကောင်းဆုံးပဲ၊ ဒီတစ်ခါက တကယ်ကို အန္တရာယ်...."
"အီးးး"
ရွှီရှင်း စကားပင် မဆုံးသေးခင်မှာပဲ ခဲခဲလေးက အသံပြုကာ သူ့ပခုံးပေါ်သို့ ခုန်တက်လိုက်၏။
သူမလည်း လိုက်ချင်သည်ဟု ဖော်ပြနေခြင်း ဖြစ်သည်။
"...ကောင်းပြီလေ၊ ဒါပေမဲ့ မင်းကိုယ်မင်း ဂရုစိုက်နော်"
"အီးးး"
ကဲ... ပါချင်လည်း ပါပေါ့ကွာ။
ခဲခဲလေးက အန္တရာယ်ကို ကြိုသိနိုင်တဲ့ အာရုံရှိတော့ သူပါရင် ဟို နှလုံး ကို ပိုမြန်မြန် ရှာတွေ့နိုင်မှာလားမသိဘူး။
ရွှီရှင်းသည် ခရမ်းရောင်အဆင့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ အပြာရောင်အဆင့် သစ်သီးများကို စားသုံးပြီးနောက် အစွမ်းများ တက်လာသည်ကို ခံစားလိုက်ရ၏။
သူသည် သားရဲလေးကောင်ကို ထွက်ပေါက်တွင် စောင့်ခိုင်းထားပြီးနောက် သစ်ပင်အိမ်၏ ထွက်ပေါက်ကို ယုံကြည်မှုအပြည့်ဖြင့် ဖွင့်လိုက်၏။
လောလောဆယ်တွင် သူသည် သစ်ပင်အိမ်၏ တတိယထပ် အပြင်ဘက်နံရံတွင် ရှိနေပြီး အမြင့် မီတာ ၂၀ ခန့်တွင် ဖြစ်ကာ နွယ်ပင်များက သူ့ကို မတိုက်ခိုက်နိုင်ပေ။
ပြတင်းပေါက်မှ ကြည့်စဉ်က တိုက်ခိုက်မခံရခြင်းမှာ သွေးရောင်နွယ်ပင်များ၏ တိုက်ခိုက်မှုအကွာအဝေးမှာ မီတာ ၂၀ အထိ မရောက်နိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။
ရွှီရှင်းသည် အောက်သို့ ချက်ချင်းမဆင်းသေးဘဲ ဤနေရာ၏ တည့်တည့်အောက်ခြေတွင် ဆင်းသက်မည့်နေရာ တစ်ခုကို အရင်ဖန်တီးရန် ဆုံးဖြတ်လိုက်၏။
အောက်က သွေးရောင်နွယ်ပင်တွေက သူ့ကို မမီနိုင်ပေမဲ့ အပေါ်မှာ ရန်သူရှိနေတာကိုတော့ သိနေကြသည်။
ရွှီရှင်းရဲ့ အောက်တည့်တည့် မှာရှိတဲ့ နွယ်ပင်တစ်ဒါဇင်လောက်က လှုပ်ခါနေတာကို ရပ်လိုက်ပြီး အပေါ်ကို ခုန်အုပ်ဖို့ အသင့်ပြင်နေကြ၏။
သူသာ မီတာအနည်းငယ်လောက် ဆင်းသွားတာနဲ့ ဒီကောင်တွေက ဝိုင်းရိုက်ကြမှာ သေချာပါသည်ဟု ရွှီရှင်း တွေးလိုက်မိသည်။
ဒါပေမဲ့ ရွှီရှင်းက ဆင်းသွားဖို့ စိတ်ကူးမရှိပေ။
သူသည် ပေါက်ကွဲမြှားတစ်စင်းကို တပ်ဆင်ကာ နွယ်ပင်အုပ်စုဆီသို့ ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲလိုက်၏။
"ရှူးးး—"
ပေါက်ကွဲမြှားသည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားသော်လည်း သွေးရောင်နွယ်ပင်များက အသင့်ရှိနေသည်။
တစ်ခုခု လာနေသည်ကို မြင်သည်နှင့် နွယ်ပင်အများအပြားက မြှားကို ပြင်းထန်စွာ ရိုက်ချလိုက်ကြ၏။
"ဝုန်း"
မြှားသည် လွင့်စင်မသွားဘဲ ပထမဆုံးနွယ်ပင်နှင့် ထိတွေ့သည်နှင့် တပြိုင်နက် ပြင်းထန်သော အလင်းတန်းနှင့်အတူ ပေါက်ကွဲသွားတော့သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လေလှိုင်းကြောင့် လေထဲတွင် တွဲလောင်းခိုနေသည့် ရွှီရှင်းမှာ အနည်းငယ် ယိမ်းထိုးသွားရ၏။
သူသည် သစ်ပင်အမြစ်များကို အမြန်ထိန်းချုပ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ရသည်။
မြှားကို ရိုက်ချခဲ့သည့် နွယ်ပင်များမှာမူ အပိုင်းပိုင်း ပြတ်ထွက်သွားကြချေပြီ။
ရွှီရှင်းသည် ဒုတိယမြောက် မြှားကို ချက်ချင်းမပစ်သေးဘဲ နွယ်ပင်များ၏ ပြန်လည်ကြီးထွားမှုကို အကဲခတ်နေလိုက်၏။
အပိုင်းအစ သေးသေးလေးတွေကတော့ သေသွားပေမဲ့ နွယ်ပင် အပိုင်းအစ ကြီးကြီးတွေကတော့ မြေပြင်ပေါ်မှာ တီကောင်တွေလို တွန့်လိမ်နေပြီး မြေကြီးအက်ကြောင်းတွေထဲကို တိုးဝင်သွားကြသည်။
အဲဒီနောက်မှာတော့ နွယ်ပင်တစ်ဝက်လောက်ကနေ စက္ကန့်ပိုင်းအတွင်း နွယ်ပင်အသစ်တွေအဖြစ် အလျင်အမြန် ပြန်ပေါက်လာကြ၏။
မြှားတစ်စင်း ပစ်လိုက်ပေမဲ့ နွယ်ပင်အရေအတွက်က လျော့မသွားတဲ့အပြင် ပိုတောင် များလာသလိုပဲ။
"...ဒီကောင်တွေက တကယ် ရွံစရာကောင်းတာပဲ"
ရွှီရှင်းက ရေရွတ်လိုက်ပြီးနောက် အင်အားအလုံးအရင်းနဲ့ တိုက်စစ်ဆင်ရန် ဆုံးဖြတ်လိုက်၏။
သူသည် လေထဲတွင် တွဲလောင်းခိုရင်း မြှားများကို အလျင်အမြန် ပြန်လည်ဖြည့်သွင်းကာ မြေပြင်ပေါ်သို့ ပေါက်ကွဲမြှားများကို တရစပ် ပစ်ခတ်လိုက်သည်။
နွယ်ပင်တွေက မြှားတွေကို လိုက်ရိုက်နေပေမဲ့ ပြန်ပေါက်ခြင်း မလုပ်နိုင်ခင်မှာပဲ ရွှီရှင်းက နောက်ထပ်မြှားတွေကို ဆက်တိုက် ပစ်ချလိုက်ခြင်း ဖြစ်သည်။
"ဝုန်း"
"ဝုန်း"
"ဝုန်း"
"ဝုန်း"
အဆက်မပြတ် ပေါက်ကွဲမှုများကြောင့် မြေပြင်ပေါ်တွင် နေရာလွတ် အနည်းငယ် ပေါ်ထွက်လာချေပြီ။
"အခုပဲ"
ရွှီရှင်းသည် သစ်ပင်အိမ်ထဲသို့ အမြန်ပြန်ဝင်လိုက်ရာ ခဲခဲလေးက သူ့ပခုံးပေါ်သို့ ချက်ချင်း ခုန်တက်လိုက်၏။
ကျန်သည့် သားရဲသုံးကောင်ကလည်း တံခါးဝတွင် အသင့်စောင့်နေကြပြီး သူတို့အားလုံး မြေပြင်ပေါ်သို့ အလျင်အမြန် ဆင်းသက်ခဲ့ကြသည်။
"ဝူးးး"
ငွေရောင်ဘုရင်က အားရပါးရ ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ နွယ်ပင်များမှာ တစ်ချက် တန့်သွားကြ၏။
ထိုအခွင့်အရေးကို အသုံးချကာ မီမီက သူမ၏ လက်သည်းများဖြင့် အရှေ့မှ နွယ်ပင်များကို ပိုင်းဖြတ်ပစ်လိုက်သည်။
စူးရှသည့် အလင်းတန်းအချို့ ဖြတ်သွားပြီးနောက် မီမီ၏ အရှေ့ ၂မီတာ ပတ်လည်အတွင်းရှိ နွယ်ပင်များမှာ အပိုင်းပိုင်းပြတ်ကာ မြေပေါ်သို့ လွင့်စင်သွားကြ၏။
ထိုအပိုင်းအစများမှာ မြေကြီးထဲသို့ ပြန်ဝင်ရန် ကြိုးစားနေကြသော်လည်း ရွှီရှင်းက ဂရုမစိုက်နိုင်ပေ။
"ဆက်သွားရအောင်၊ ဖောက်ထွက်ကြမယ်"
ပတ်ဝန်းကျင်ရှိ နွယ်ပင်များက သူတို့ကို တိုက်ခိုက်ရန် အမြဲကြိုးစားနေသော်လည်း ငွေရောင်ဘုရင်၏ ဟိန်းသံကြောင့် အလွယ်တကူ မချဉ်းကပ်ဝံ့ကြပေ။
စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့ ၁၀မီတာ ကျော် ခရီးရောက်ခဲ့၏။
ရွှီရှင်းလည်း သူ့ဆီ တိုးဝင်လာသည့် နွယ်ပင်များကို ဓားဖြင့် ပိုင်းဖြတ်ရင်း နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။
သူတို့ ရှင်းခဲ့တဲ့ လမ်းကြောင်းမှာ နွယ်ပင်တွေက ပြန်ပေါက်နေပြန်သည်။
အဲဒီထက် ပိုဆိုးတာက အသစ်ပေါက်လာတဲ့ နွယ်ပင်တွေရဲ့ အမြစ်တွေက အရင်ကထက် ပိုပြီး နီရဲတောက်ပနေတာပင်။
"တောက်... သတ်လေလေ ပိုသန်လာလေလေပါလား"
ရွှီရှင်း သွားကြိတ်လိုက်မိ၏။
ဒါပေမဲ့ နောက်ဆုတ်လို့ မရတော့ပေ။
အသစ်ပေါက်လာသည့် နွယ်ပင်များသည် ငွေရောင်ဘုရင်၏ ဟိန်းသံကို အရင်ကထက် ပို၍ မကြောက်မရွံ့ ဖြစ်လာကြပြီး သူတို့ဆီသို့ တိုးဝင်လာကြ၏။
ရွှီရှင်းသည် မြှားသေနတ်ကို နောက်သို့လှည့်ကာ ပစ်ခတ်လိုက်သည်။
"ဝုန်း"
နွယ်ပင်အသစ်များမှာ ထပ်မံ အပိုင်းပိုင်းပြတ်သွားသဖြင့် ခဏတာ တိုက်ခိုက်မှု ရပ်တန့်သွား၏။
မီမီကလည်း သူမ၏ လက်သည်းများဖြင့် အရှေ့မှ လမ်းဖောက်ပေးနေပြီး ပင်ပန်းသည့် အမူအရာ လုံးဝမပြဘဲ ပို၍ပင် တက်ကြွစွာ အော်နေသည်။
သူတို့ ရှေ့သို့ တိုးလာလေ နွယ်ပင်များက ပို၍ ထူထပ်လာလေ ဖြစ်သည်။
ငွေရောင်ဘုရင်၏ ဟိန်းသံမှာလည်း အရင်လို နွယ်ပင်များကို မထိန်းချုပ်နိုင်တော့ပေ။
၎င်းက ဟိန်းရုံသာ ဟိန်းနိုင်ပြီး နွယ်ပင်အုပ်စုထဲသို့ ဝင်ကိုက်ရန်မှာတော့ အန္တရာယ်များလွန်းလှသည်။
"အီးးး"
ခဲခဲလေးက အသံပြုကာ လမ်းကြောင်းတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
နွယ်ပင်အုပ်စုထဲမှနေ၍ အခြားနွယ်ပင်များထက် ပိုတုတ်သည့် သွေးရောင်နွယ်ပင်ကြီးတစ်ပင်က သူတို့ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
ခဲခဲလေး၏ သတိပေးမှုကြောင့် ငွေရောင်ဘုရင်က အသင့်ရှိနေပြီး ထိုနွယ်ပင်ကြီးကို အမိအရ ကိုက်ပစ်လိုက်ရာ ဂျွတ် ခနဲ မြည်သံနှင့်အတူ နွယ်ပင်မှာ နှစ်ပိုင်းပြတ်သွားတော့သည်။
ထိုနွယ်ပင်ကြီးက စတင်တိုက်ခိုက်လိုက်သည်နှင့် ကျန်သည့်နွယ်ပင်များမှာလည်း ရုတ်ရုတ်သည်းသည်း ဖြစ်လာကြ၏။
ထိုစဉ် ကောင်းကင်ယံတွင် ဝဲပျံနေသည့် အာဖုက စူးရှသည့် အော်သံတစ်ခု ပြုလိုက်သည်။
ထိုအသံကြောင့် နွယ်ပင်များမှာ ခဏတာ ငြိမ်ကျသွားပြီး အနီးဆုံးရှိ နွယ်ပင်များပေါ်တွင် အက်ကြောင်းလေးများ ပေါ်လာသည်ကို ရွှီရှင်း သတိပြုမိလိုက်၏။
"တော်တယ် အာဖု"
ရွှီရှင်း မချီးကျူးဘဲ မနေနိုင်တော့ပေ။
အာဖု၏ အသံလှိုင်းတိုက်ခိုက်မှုက သူ့ကို မထိခိုက်စေဘဲ နွယ်ပင်တွေကိုတော့ တကယ်ကို သက်ရောက်မှုရှိ၏။
မီမီ ထိခိုက်မှာ စိုးရိမ်တာကြောင့် ရွှီရှင်းက အရှေ့ဘက်ကို ပေါက်ကွဲမြှားတွေ မပစ်ဘဲ နောက်ဘက်က လိုက်လာတဲ့ နွယ်ပင်တွေကို တရစပ် ဗုံးကြဲရင်း ဟန့်တားထားလိုက်သည်။
နွယ်ပင်အချို့က ရွှီရှင်းကို လာထိသော်လည်း သူ့ရဲ့ ခရမ်းရောင်အဆင့် ချပ်ဝတ်တန်ဆာကိုတော့ မဖောက်နိုင်ကြပေ။
"မြန်မြန်... ငါတို့ လွတ်တော့မယ်"
ရွှီရှင်း၏ ပေါက်ကွဲမြှားများမှာ ရပ်တန့်ခြင်းမရှိဘဲ အနောက်ဘက်တွင် တရစပ် ပေါက်ကွဲနေ၏။
စနစ်တကျ ပေါင်းစပ်တိုက်ခိုက်မှုကြောင့် ရွှီရှင်းနှင့် သားရဲလေးကောင်တို့သည် နွယ်ပင်များ၏ ဝိုင်းရံမှုကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ကြချေပြီ။
ရှေ့သို့ မီတာအနည်းငယ် ရောက်သောအခါ ရွှီရှင်း နောက်သို့ လှည့်ကြည့်လိုက်၏။
ထိုနွယ်ပင်များမှာ သူတို့နောက်သို့ လိုက်မလာတော့ဘဲ မူလနေရာမှာတင် ငြိမ့်ငြိမ့်လေး ပြန်လည်လှုပ်ခါနေကြသည်။
သစ်ပင်အိမ်မှာတော့ နွယ်ပင်အထပ်ထပ်ကြားမှာ ဝိုင်းရံခံထားရဆဲပင် ဖြစ်သည်။
ရွှီရှင်း အသက်ကို ဝဝရှူလိုက်၏။
အခုတော့ ဝိုင်းရံမှုထဲက လွတ်လာပြီဆိုတော့...
ဒီနွယ်ပင်တွေရဲ့ နှလုံးသား ကို သွားရှာရမယ့် အချိန်ပဲ..။
---
အခန်း ၁၅၉ ပြီး။