ဂူအစစ်နှင့် အတု
Vol. 11 Ch. 160
"ငါတို့ အဲဒီနှလုံးသားကို အမြန်ဆုံး ရှာတွေ့ဖို့ လိုတယ်"
ရွှီရှင်းသည် နွယ်ပင်များ ဝိုင်းရံထားသည့် သစ်ပင်အိမ်ကို ကြည့်ရင်း ရင်ထဲတွင် စိုးရိမ်စိတ်များ တိုးပွားလာ၏။
သွေးရောင်နွယ်ပင်တွေရဲ့ အခြေအနေအရဆိုရင် အားအပြည့်နဲ့ သန်မာလာဖို့ ၅ နာရီ၊ ၆ နာရီလောက် လိုသေးတယ်ဆိုပေမဲ့ ဒီကောင်တွေ ဘယ်အချိန်မှာ စလှုပ်ရှားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
အစွမ်းကုန် မသန်မာခင်မှာတင် သစ်ပင်အိမ်ကို စတိုက်ရင် တိုက်မှာပဲ။
ဒီနွယ်ပင်တွေက မနက်ကတွေ့တဲ့ သာမန်နွယ်ပင်တွေ မဟုတ်ဘဲ ဆူးတွေနဲ့ ပြည့်နေတဲ့ သွေးရောင်ဆူးနွယ်ပင်တွေ ဖြစ်သည်။
တိုက်ခိုက်နိုင်စွမ်းအရဆိုရင်လည်း အရင်နွယ်ပင်တွေထက် အများကြီး ပိုစွမ်းတာကြောင့် သစ်ပင်အိမ်ရဲ့ ချပ်ဝတ်ကို တကယ်ပဲ ထိခိုက်စေနိုင်လောက်သည်။
ရွှီရှင်းက သစ်ပင်အိမ်ထဲမှာ မရှိတော့သဖြင့် သစ်ပင်အိမ်သည် ချပ်ဝတ်တန်ဆာ၏ ကာကွယ်မှုကိုသာ အားကိုးရတော့မည် ဖြစ်သည်။
အကယ်၍ ဒီနွယ်ပင်တွေအားလုံး စုပေါင်းတိုက်ခိုက်လာလျှင်တော့ ကြာကြာခံမည် မဟုတ်ပေ။
"အီးးး"
ခဲခဲလေးသည် ရွှီရှင်း၏ ပခုံးပေါ်သို့ ခုန်တက်ကာ သူ့ပါးကို ပွတ်သပ်ရင်း ငွေရောင်ဘုရင်နှင့် မီမီတို့ရှိရာသို့ လက်ညှိုးထိုးပြလိုက်၏။
ရွှီရှင်း လှည့်ကြည့်လိုက်သည့်အခါ သားရဲနှစ်ကောင်ထံမှ ထူးဆန်းသည့် အမူအရာကို သတိပြုမိလိုက်သည်။
သားရဲနှစ်ကောင်လုံးသည် သွေးရောင်လွှမ်းနေသည့် မျက်လုံးများဖြင့် ယိမ်းခါနေသည့် နွယ်ပင်များကို စိုက်ကြည့်နေကြ၏။
မီမီသည် သူမ၏ ကျောကို ကွေးထားကာ တစ်ကိုယ်လုံး တင်းမာနေပြီး ငွေရောင်ဘုရင်မှာလည်း လည်ချောင်းသံဖြင့် ဟိန်းဟောက်နေကာ နွယ်ပင်အုပ်စုထဲသို့ ထပ်မံဝင်ရောက် တိုက်ခိုက်တော့မည့်ပုံစံ ဖြစ်နေသည်။
အာဖုမှာလည်း လေထဲတွင် ဝဲပျံနေပြီး မီမီ၏ ကျောပေါ်သို့ ဆင်းနားရန် မဝံ့မရဲ ဖြစ်နေ၏။
"မင်းတို့နှစ်ကောင်... စိတ်အေးအေးထားကြစမ်း"
ရွှီရှင်းသည် သားရဲနှစ်ကောင်၏ ကျောကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးရင်း ချော့မော့လိုက်ရသည်။
အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေရဲ့ စရိုက်အားနည်းချက်က ပေါ်လာချေပြီ။
ဒီကောင်တွေက တိုက်ခိုက်ချင်စိတ် အရမ်းပြင်းထန်ကြသည်၊ ဘာကိုမှ မကြောက်တဲ့ စစ်သည်တော်တွေလိုပင်။
ဒါပေမဲ့ တစ်ခုခုကြောင့် ဒဏ်ရာရသွားရင်တော့ ရန်သူကို မရမက လိုက်သတ်ချင်ကြပြီး ကိုယ့်ရဲ့ အနေအထားနဲ့ ခွန်အားကို ထည့်မတွက်ဘဲ ရူးသွပ်စွာ တိုက်ခိုက်တတ်ကြ ၏။
ရွှီရှင်း တွေ့ခဲ့ရသည့် အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေအားလုံးက ဒီအတိုင်းပင် ဖြစ်၏။
ဗီဇပြောင်း ယုန်တွေနဲ့ တောကြောင်တွေ သေသွားတာကလည်း တိုက်ခိုက်မှုကိုပဲ အာရုံစိုက်လွန်းလို့ ဖြစ်သည်။
မိုးရာသီတုန်းကလည်း ဗီဇပြောင်း ငါးတစ်ကောင်ဟာ ဒီစရိုက်ကြောင့်ပဲ ရွှီရှင်းရဲ့ သစ်ပင်အိမ်အောက်ကို ရောက်လာပြီး ခေါင်းကို မြှားနဲ့ အပစ်ခံရကာ သေသွားခဲ့ဖူးသည်။
မီမီနဲ့ ငွေရောင်ဘုရင်တို့တောင် ဒီလိုစရိုက်မျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
စောစောက ဝိုင်းရံမှုကို ဖောက်ထွက်လာစဉ်တွင် နွယ်ပင်အချို့က သူတို့ကို ရိုက်ခဲ့သည်။
ရွှီရှင်းကတော့ ခရမ်းရောင်အဆင့် ချပ်ဝတ်ကြောင့် ဘာမှမဖြစ်ပေမဲ့ အရှေ့ကနေ လမ်းဖောက်တဲ့ မီမီနဲ့ ဘေးကနေ ကာကွယ်ပေးတဲ့ ငွေရောင်ဘုရင်တို့မှာတော့ အစင်းရာလေးအချို့ ရသွားကြသည်။
ထိုဒဏ်ရာလေးတွေကြောင့်ပင် သားရဲနှစ်ကောင်မှာ ဒေါသထွက်ပြီး နွယ်ပင်တွေကို သွားသတ်ချင်နေကြခြင်း ဖြစ်သည်။
ဒါကတော့ အလားအလာ မကောင်းလှပေ။
ကံကောင်းထောက်မစွာဖြင့် ရွှီရှင်းက ချော့မော့လိုက်သောကြောင့် သားရဲနှစ်ကောင်မှာ ပြန်လည် တည်ငြိမ်သွားကြ၏။
"ဝူးးး"
ငွေရောင်ဘုရင်သည် ခဲခဲလေးကဲ့သို့ ခေါင်းလေးစောင်းကာ စဉ်းစားနေပုံရသည်။
စောစောက သူ ဘာလို့ နွယ်ပင်တွေထဲ ပြန်ဝင်ချင်နေရတာလဲဆိုတာကို သူကိုယ်တိုင်ပင် နားမလည်တော့သည့်အလားပင်။
မီမီမှာမူ ခဏတာ ငြိမ်သက်သွားပြီးနောက် ရေစိုနေသည့် ကြောင်တစ်ကောင်လို သူမ၏ ကိုယ်ကို ခါယမ်းလိုက်၏။
သူမ၏ စိတ်ထဲက မရေရာသည့် အတွေးတွေကို ခါထုတ်ပစ်လိုက်သည့် ပုံစံမျိုး ဖြစ်ပေလိမ့်မည်။
သားရဲနှစ်ကောင်လုံးမှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ကြပြီး ရွှီရှင်း၏ စကားကို နားထောင်နေကြသေးသဖြင့် တော်သေးသည်ဟု ဆိုရမည်။
အချိန်ဆွဲနေလို့ မဖြစ်တော့ပေ။
ရွှီရှင်းသည် ဝံပုလွေကျောပေါ်သို့ ခွစီးလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
ကျိချောင်းယန် ပြောပြချက်အရ အဲဒီဂူပေါက်က သစ်ပင်အိမ်နဲ့ မီတာ ရာဂဏန်းလောက်ပဲ ဝေးတာ မဟုတ်လား။
မီတာ ရာဂဏန်းဆိုတာ ရှာရတာ မခက်ခဲသင့်ပေ။
ရွှီရှင်း မြေပုံကို ကြည့်လိုက်သော်လည်း ၁ ကီလိုမီတာ ပတ်လည်အတွင်းမှာ ထူးခြားတဲ့ ဂူပေါက်မျိုး မတွေ့ရပေ။
မြေပုံက သက်ရှိသတ္တဝါတွေကိုပဲ အဓိကပြတာ ဖြစ်၏။
"ခဲခဲလေး... မင်း အဲဒီအကောင်ကြီးရဲ့ အငွေ့အသက်ကို ခံစားမိလား၊ သူ ဘယ်ဘက်မှာ ရှိနေလဲဆိုတာ သိလား"
ရွှီရှင်းသည် ငွေရောင်ဘုရင်ကျောပေါ်သို့ တက်လာသည့် ခဲခဲလေး၏ အမြီးကို ကိုင်ပြီး မေးလိုက်၏။
"အီးးး..."
ခဲခဲလေးက သူမ၏ လက်သည်းလေးဖြင့် သစ်ပင်အိမ်ရှိရာဘက်ကို ညွှန်ပြပြီးနောက် အောက်ဘက်သို့ ထိုးပြလိုက်သည်။
"မင်း ဘာပြောချင်တာလဲ"
ရွှီရှင်း မျက်နှာ ပျက်သွားရသည်။
"အီးးး"
ခဲခဲလေးက လက်သည်းလေးကို မြှောက်ပြီး အကောင်ကြီးတစ်ကောင်ရဲ့ ပုံစံမျိုး လုပ်ပြကာ သစ်ပင်အိမ်ရဲ့ အောက်ခြေကို ထပ်မံညွှန်ပြပြန်သည်။
"...အဲဒီနှလုံးသားက သစ်ပင်အိမ်ရဲ့ အောက်တည့်တည့်မှာ ရှိနေတာလား"
"အီးးး"
ခဲခဲလေးက ခေါင်းလေးကို အဆက်မပြတ် ညိတ်ပြနေတော့သည်။
ရွှီရှင်း အသက်ကို ဝဝရှူလိုက်၏။
ဒါကြောင့်ကိုး... ဒါကြောင့် မနက်ကတည်းက ခဲခဲလေးက ထူးထူးခြားခြား ကပ်ချွဲနေတာပဲ။
သူ ဘယ်သွားသွား လိုက်နေပြီး ပန်းပုထုတဲ့အချိန်မှာတောင် ခြေထောက်ပေါ်မှာ လာအိပ်နေတာ။
စောစောက အိမ်ကနေ ထွက်တဲ့အချိန်မှာလည်း မရမက လိုက်ချင်နေတာ။
သူမက အန္တရာယ်ဟာ သစ်ပင်အိမ်ရဲ့ အောက်တည့်တည့်မှာ ရှိနေတယ်ဆိုတာကို တစ်ချိန်လုံး ခံစားမိနေခဲ့တာ ဖြစ်ပေလိမ့်မည်။
သူသည် ကျိချောင်းယန် ပြောခဲ့သည်ကို ပြန်သတိရလိုက်မိ၏။
"ဒီအပေါက်က အောက်ဘက်ကို လျှောဆင်းသွားတာ၊ သစ်ပင်အိမ်ဘက်ကို ဦးတည်နေပြီး အသံတွေက အဲဒီထဲက ထွက်နေတာ"
အဲဒီဂူပေါက်ရဲ့ လမ်းကြောင်းက သစ်ပင်အိမ်ဘက်ကို ဦးတည်နေတာပဲ..။
ဒါဆိုရင် ကျိချောင်းယန် တွေ့ခဲ့တဲ့ ဂူထဲက နှလုံးကြီးက တကယ်တော့ သစ်ပင်အိမ်ရဲ့ အောက်တည့်တည့်မှာ ရှိနေတာ ဖြစ်မှာပဲ။
သစ်ပင်အိမ်ရဲ့ အောက်တည့်တည့်ဆိုတာ အမြစ်တွေ အများဆုံးရှိတဲ့ နေရာဖြစ်ရာ အဲဒီနှလုံးက အဲဒီနေရာမှာ ဘယ်လိုမျိုး ရှိနေတာလဲမသိပေ။
ဘာပဲဖြစ်ဖြစ် နှလုံး က သစ်ပင်အိမ်အောက်မှာပဲ ရှိနေတာဆိုတော့ အဝင်ပေါက်ကလည်း သိပ်ဝေးမှာ မဟုတ်ပေ။
မီတာ ရာဂဏန်းဆိုတာ သိပ်မကျယ်လှသလို ဂူဝနား ရောက်ရင်လည်း ထူးခြားတဲ့ ရနံ့တစ်ခု ထွက်နေမှာဆိုတော့ ရှာရတာ လွယ်မှာပါဟု သူ တွေးလိုက်သည်။
ရွှီရှင်းသည် သားရဲများကို ခွဲရှာရန် ညွှန်ကြားလိုက်၏။
သူနှင့် ခဲခဲလေးက တောင်ဘက်သို့ သွားပြီး ကျန်သည့် သားရဲသုံးကောင်ကတော့ အခြားဘက်များကို ရှာဖွေကြမည် ဖြစ်သည်။
ဂူကို တွေ့သည်နှင့် အချက်ပေးရန်လည်း မှာကြားလိုက်၏။
အပြာရောင်အဆင့် သစ်သီးတွေရဲ့ အစွမ်းကြောင့် ရွှီရှင်းသည် မပင်ပန်းဘဲ ပြေးလွှားနိုင်ပြီး မြှင့်တင်ထားတဲ့ အမြင်အာရုံဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေလိုက်သည်။
သို့သော် တောအုပ်က ထူထပ်လွန်းလှသဖြင့် အမြင်အာရုံကို အနှောင့်အယှက် ပေးနေ၏။
သူ သေချာ ရှာဖွေနေသော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
---
အခန်း ၁၆၀ ပြီး။