ဂူအစစ်နှင့် အတု (၃)
Vol. 11 Ch. 162
ချီရွှယ်ဖေး - "ငါ့ဆီမှာ ဆေးလုံးအသစ်တစ်မျိုး ရှိတယ်။ အာနိသင်ကတော့ အတည်ပြုပြီးပြီ၊ ၂ နာရီအတွင်း ဒဏ်ရာအားလုံးကို ပျောက်ကင်းစေနိုင်တယ်၊ ဒါပေမဲ့ ကုန်ကျစရိတ်က အရမ်းများတယ်။ လောလောဆယ် ငါ့ဆီမှာ တစ်လုံးပဲရှိတာ။ ဘယ်သူ အပြင်ထွက်ရဲလဲ၊ အဲဒီလူကို ဒီဆေးပေးမယ်။"
ဝမ်လေ့ - "ဘာကိုဆိုလိုတာလဲ။ ငါတို့က ဘယ်လို အပြင်ထွက်ရမှာလဲ။"
ချီရွှယ်ဖေး - "အခု လူတိုင်း ပေါက်ကွဲမြှားတွေ လုပ်တတ်နေပြီ မဟုတ်လား။ ချပ်ဝတ်တန်ဆာ ဝတ်၊ လက်နက်ကိုင်၊ အကိုက်အခဲပျောက်ဆေး သောက်ပြီးတော့ အတင်းတိုးထွက်လိုက်ရုံပဲ။ မသေမချင်း တိုးထွက်၊ အပြင်ရောက်တာနဲ့ ဒီဆေးကို သောက်လိုက်ရင် ဒဏ်ရာတွေအကုန် အရှင်းပျောက်သွားလိမ့်မယ်။"
ကျောက်ရှောင်ချွမ်း - "အမလေး... ကြားရတာနဲ့တင် ကြက်သီးထတယ်၊ တော်တော် ကြမ်းတာပဲ..."
လီဝမ်ရှီး - "ရွှီရှင်းနဲ့ အမကြီး ဝမ်ကွေ့ရှင်းကိုပဲ အပြင်မှာ ပစ်မထားနိုင်ဘူးလေ။ အခု ကျိချောင်းယန်နဲ့လည်း အဆက်အသွယ်မရတော့ သူတို့ဆီမှာ သတင်းအချက်အလက် အရမ်းနည်းနေပြီ။ ဒါမှမဟုတ် ငါ့ကိုပဲ ပေးလိုက်ပါ၊ ငါ့မှာ အပြာရောင်အဆင့် ချပ်ဝတ်ရှိတယ်ဆိုတော့ ဖောက်ထွက်တဲ့အခါ သိပ်ပြီး ဒဏ်ရာမရလောက်ဘူး"
ကျောက်ရှောင်ချွမ်း - "ဘာတွေပြောနေတာလဲ၊ ဝမ်ရှီးလေးကိုတော့ အပြင်အထွက်မခံနိုင်ပါဘူး ဆေးကို ငါ့ကိုပဲပေး၊ ငါထွက်မယ်၊ ငါက အပြေးမြန်တယ်"
လီဝမ်ရှီး - "ဒါဆိုလည်း... ဘယ်သူပဲထွက်ထွက်၊ ငါ့ရဲ့ အပြာရောင်အဆင့် ချပ်ဝတ်တန်ဆာကို အဲဒီလူကို ပေးမယ်။"
ဝမ်လေ့ - " တကယ်ပြောတာလား"
ချင်ယွန်လုံ - "အပြာရောင်အဆင့် ချပ်ဝတ်တစ်စုံလုံးကို ပေးလိုက်မှာလား။"
အဲဒီနောက် အဖွဲ့ထဲက ယောက်ျားတွေကြားမှာ ဘယ်သူထွက်မလဲဆိုတာ ပြိုင်ဆိုင်ကြတော့သည်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူတို့အချင်းချင်း သီးသန့်ဆွေးနွေးကြပုံရကာ ဝမ်လေ့ ထွက်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
ဒီနည်းလမ်းက တော်တော်လေးတော့ ကောင်းပေမယ့် ၊ အရမ်းရဲလွန်းရာကျနေသလားမသိဘူး။
အကယ်၍ နွယ်ပင်တွေကြားမှာ အမြဲတမ်း ပိတ်မိသွားရင်တော့ အသက်ပါ ပျောက်သွားနိုင်တာလေ။
ဒါပေမဲ့ ဝမ်လေ့ အပြင်ရောက်သွားပြီဆိုတော့ သူ့မှာလည်း ကိုယ်ပိုင်နည်းလမ်း ရှိမှာပါလေ။
ရွှီရှင်း ဘာမှဝင်မပြောတော့ပေမဲ့ လီဝမ်ရှီးက သူမရဲ့ အပြာရောင်အဆင့် ချပ်ဝတ်ကိုတောင် ပေးလိုက်တာကိုတော့ အံ့သြမိသည်။
ဒီအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကတော့ တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာတာပဲ....။
ရွှီရှင်းက သူ့ဘက်က အခြေအနေနဲ့ သိထားတဲ့ အချက်အလက်တွေကို အဖွဲ့ထဲမှာ ချက်ချင်း မျှဝေပေးလိုက်၏။
လီဝမ်ရှီး - "ဘုရားရေ ဒါဆို နှလုံးသားက တကယ်ပဲ သစ်ပင်အိမ်အောက်မှာ ရှိနေတာပေါ့"
ကျောက်ရှောင်ချွမ်း - "...အစ်ကိုရွှီရာ၊ ဒါကြီးကို ဘာလို့ လာပြောတာလဲ။ ငါ အခု တုန်လှုပ်နေလို့ ဘာမှတောင် မလုပ်တတ်တော့ဘူး..."
ချင်ယွန်လုံ - "နွယ်ပင်တွေက သတ်လေ သန်လေဆိုတော့... ငါတို့တော့ ဘာမှလုပ်လို့မရတော့ဘူး၊ မင်းတို့အပေါ်မှာပဲ အကုန်ပုံအပ်ထားရမှာပဲ။"
ဝမ်ကွေ့ရှင်း - "ဂူပေါက်တွေ အများကြီး ရှိနေတာလား ဒါကတော့ စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"
ဝမ်လေ့ - "ဘာတတ်နိုင်မှာလဲ၊ တွေ့တဲ့ဂူထဲပဲ ဆင်းကြည့်ရမှာပေါ့။ မဟုတ်ရင် ပြန်တက်လာပြီး နောက်တစ်ခု ထပ်ရှာတာပေါ့... အာ ငါ့ဘက်မှာလည်း တစ်ခု တွေ့ပြီ"
ဝမ်လေ့က ဝိုင်းရံမှုထဲက လွတ်လာတာ မကြာသေးခင်မှာတင် ဂူပေါက်တစ်ခုကို တန်းတွေ့တာ ဖြစ်သည်။
ဝမ်လေ့ - "ငါ အရင်ဆင်းပြီး လမ်းသွားစမ်းကြည့်မယ်။ လမ်းပိတ်နေရင်တောင် အထဲမှာ ဘာရှိလဲဆိုတာ မင်းတို့ကို ပြောပြနိုင်တာပေါ့"
ထိုစဉ် ငွေရောင်ဘုရင် ပြန်ရောက်လာခြင်းက ပတ်ဝန်းကျင်မှာ တခြားဂူပေါက်တွေ မရှိတော့ဘူးဆိုတာကို အတည်ပြုပေးလိုက်သဖြင့် ရွှီရှင်း စိတ်အေးသွားရသည်။
"ငါ့သစ်ပင်အိမ် ပတ်ဝန်းကျင်မှာတော့ ဂူပေါက် သုံးခုပဲ ရှိပုံရတယ်။ ငါ ကြည့်ရသလောက်တော့ အပြင်ပန်းမှာ ဘာမှမထူးခြားဘူး၊ တစ်ခုချင်းစီပဲ စမ်းကြည့်ရတော့မယ်။ မင်းတို့နှစ်ယောက်လည်း ကံကောင်းပါစေ။"
ထိုသို့ပြောပြီးနောက် ရွှီရှင်းသည် လက်ပတ်နာရီမှ ဗီဒီယိုပြကွက်ကို ပိတ်လိုက်ပြီး သူ့ရှေ့က ၃၀ ဒီဂရီလောက် စောင်းနေတဲ့ မြေအောက်လှိုင်ဂူလမ်းကြောင်းကို ကြည့်လိုက်၏။
ဒီဂူပေါက်ကနေပဲ စလိုက်ရအောင်။
ဒီကမ္ဘာကို ရောက်ကတည်းက မြေအောက်လှိုင်ဂူတွေနဲ့ အကြိမ်ကြိမ် ပတ်သက်နေရတာလားမသိဘူး.....။
လှိုင်ဂူက ၂ မီတာလောက် ကျယ်တာကြောင့် မီမီနဲ့ ငွေရောင်ဘုရင်တို့ ဝင်ဖို့ အဆင်ပြေသည်။
ရွှီရှင်းက မီမီနဲ့ အာဖုကို အရှေ့ကနေ လမ်းပြခိုင်းလိုက်၏။
ဂူတွေက အာဖုရဲ့ နယ်မြေဖြစ်သလို မီမီရဲ့ တုံ့ပြန်မှုကလည်း အရမ်းမြန်တာကြောင့် ထောင်ချောက်တွေရှိရင်တောင် အန္တရာယ်ကင်းနိုင်၏။
ငွေရောင်ဘုရင်ကိုတော့ အနောက်ကနေ ကာကွယ်ခိုင်းထားလိုက်သည်။
သူနဲ့ ခဲခဲလေးကတော့ အလယ်ကနေ လိုက်မည်။
သူ့မှာ အဝေးပစ်လက်နက်ရှိတာကြောင့် အရှေ့ရော အနောက်ပါ ကူညီပေးနိုင်၏။
အချိန်မဆွဲတော့ဘဲ လူတစ်ယောက်နဲ့ သားရဲလေးကောင်တို့သည် မြေအောက်ဂူအတွင်းသို့ လှမ်းဝင်လိုက်ကြတော့သည်။
---
အခန်း ၁၆၂ ပြီး။