← Chapters

အနီရောင်မြူပန်း

Vol. 11 Ch. 163

အနီရောင်မြူပန်း

Vol. 11 Ch. 163

မြေအောက်လှိုင်ဂူအတွင်းသို့ တဖြည်းဖြည်းချင်း တိုးဝင်လာရင်း ရွှီရှင်းသည် ပတ်ဝန်းကျင်ကို စတင်အကဲခတ်လိုက်၏။

နံရံများမှာ ကျောက်သားများ မဟုတ်ဘဲ အနည်းငယ် ခြောက်သွေ့နေသည့် မြေသားများသာ ဖြစ်ပြီး ဖျော့တော့တော့ အနီရောင်သန်းနေသည်။

နံရံတစ်ခုလုံးမှာ ညစ်ညမ်းနေသည့် ဤအနီဖျော့ရောင် မြေသား များဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သူက လက်ဖြင့် အသာအယာ ထိကြည့်လိုက်ရာ နံရံမှ မြေစိုင်အချို့ ကြွေကျလာပြီး လျှောစောက်အတိုင်း အောက်သို့ လိမ့်ဆင်းသွား၏။

"မင်းတို့... မလိုရင် နံရံတွေကို သွားမထိကြနဲ့ဦး၊ ဒါတွေက မြေကြီးတွေချည်းပဲဆိုတော့ ပြိုကျလာနိုင်တယ်"

ရွှီရှင်းက သားရဲလေးကောင်ကို သတိပေးလိုက်သည်။

လှိုင်ဂူအတွင်းရှိ မြေအောက်လမ်းကြောင်းမှာ အပေါ်ရော အောက်ပါ ဝိုင်းစက်နေ၏။

မြေပြင်မှာ စောင်းနေသော်လည်း အတော်အတန် ချောနေပြီး မျက်နှာကြက်မှာမူ အမိုးခုံးပုံစံ ဖြစ်သည်။

လှိုင်ဂူတစ်ခုလုံးမှာ ဧရာမ တီကောင်ကြီးတစ်ကောင် မြေအောက်သို့ ထိုးဖောက်သွားသည့် လမ်းကြောင်းအတိုင်းပင် ထင်ရ၏။

"အီးးး..."

ခဲခဲလေးသည် ရွှီရှင်း၏ ပခုံးပေါ်တွင် ဝပ်နေပြီး ကြောက်ရွံ့နေသည့်အလား ခေါင်းလေးကို ဝှက်ထား၏။

သူမ၏ အန္တရာယ်အာရုံခံစားမှုမှာ အလွန်ပင် ထက်မြက်လှ၏။

သူမ၏ အာရုံထဲတွင်တော့ သူတို့သည် အန္တရာယ်ရှိရာသို့ တစ်လှမ်းချင်း တိုးဝင်နေကြခြင်း ဖြစ်ပေလိမ့်မည်။

ရှေ့မှာ အန္တရာယ်ရှိနေမှန်း ရွှီရှင်းလည်း သိ၏ ၊ ဒါပေမဲ့ သူ ရှေ့ဆက်သွားရမည်သာ ဖြစ်၏။

သူ့သစ်ပင်အိမ်ကို ဗီဇပြောင်းနွယ်ပင်တွေက ဝိုင်းထားတာကြောင့် အဲဒီနှလုံးသားကို မဖျက်ဆီးနိုင်ရင် သူ့အိမ်ကို သူ ကာကွယ်နိုင်မှာ မဟုတ်ပေ။

သီအိုရီအရဆိုလျှင် ဤလမ်းကြောင်းမှာ ၁ ကီလိုမီတာပင် မပြည့်သော်လည်း သူသည် အချိန်အတော်ကြာ လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရသည်။

အတွင်းဘက်သို့ ရောက်လေလေ ပို၍ တိတ်ဆိတ်လာလေဖြစ်ပြီး ရှေ့ကလက်ကိုပင် မမြင်ရတော့လောက်အောင် မှောင်မဲလာ၏။

ကံကောင်းထောက်မစွာဖြင့် ရွှီရှင်းတွင် ညကြည့်အမြင်အာရုံ ရှိနေသဖြင့် ပြဿနာမရှိပေ။

ဗီဇပြောင်းသားရဲတွေ ဖြစ်ကြသည့် မီမီနှင့် ငွေရောင်ဘုရင်တို့မှာလည်း အမှောင်ထဲတွင် မြင်နိုင်ကြသည်။

ခဲခဲလေးမှာမူ ဗီဇပြောင်းသားရဲ မဟုတ်သော်လည်း ဘာကြောင့်လဲမသိဘဲ မှောင်မဲနေခြင်းက သူမကို အနှောင့်အယှက် မပေးနိုင်ပေ။

အာဖုအတွက်တော့ ပြောနေစရာပင် မလိုတော့၊ ၎င်းထုတ်လွှတ်သည့် အသံလှိုင်း ကို သုံးပြီး လမ်းကြောင်းရှာနိုင်သဖြင့် ဤမှောင်မဲနေသည့် နေရာမှာ ၎င်း၏ နယ်မြေပင် ဖြစ်ချေပြီ။

လှိုင်ဂူအတွင်းတွင် သူတို့၏ ခြေသံများသာ ပဲ့တင်ထပ်နေ၏။

ပတ်ဝန်းကျင်က ရနံ့ကို သူ ကျင့်သားရနေပြီ ဖြစ်သော်လည်း အထဲသို့ ရောက်လေလေ ရနံ့မှာ ပို၍ ပြင်းထန်လာပြီး နှာခေါင်းကိုပင် စူးလာစေသည်။

တစ်ချိန်တည်းမှာပင် အနီဖျော့ရောင် မြူခိုးအချို့မှာလည်း ပတ်ဝန်းကျင်တွင် စတင်လွင့်မျောလာချေပြီ။

ရုတ်တရက် အရှေ့ဘက်ဆီမှ အနီရောင်အလင်းဖျော့ဖျော့လေး ပေါ်လာသဖြင့် ရွှီရှင်း ရင်ခုန်သံမြန်သွားရ၏။

သေချာကြည့်လိုက်မှ အလင်းရောင်မှာ အရှေ့က လမ်းလျှောက်နေသည့် မီမီဆီမှ လာခြင်းဖြစ်သည်ကို တွေ့ရသဖြင့် သက်ပြင်းချနိုင်တော့သည်။

မီမီ၏ ကိုယ်ပေါ်ရှိ သွေးရောင်အစင်းကြောင်းများမှာ မှိန်ဖျော့ဖျော့ လင်းလက်နေခြင်း ဖြစ်၏။

ဒီနေရာမှာ အနီရောင်မြူတွေ ရှိနေလို့လားမသိဘူး....။

မီမီ၏ ကျောပေါ်တွင် နားနေသည့် အာဖု၏ အစင်းကြောင်းများမှာ မလင်းသေးသော်လည်း အနောက်က ငွေရောင်ဘုရင်ကို လှည့်ကြည့်လိုက်ရာ ၎င်းထံမှလည်း အနီရောင်အလင်းဖျော့ဖျော့ ထွက်နေသည်ကို တွေ့ရသည်။

အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေက အနီရောင်မြူတွေကို ပိုပြီး ခံစားမိတာ ဖြစ်နိုင်သလို၊ ဒီမြူတွေကနေ သူတို့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ ပိုပြီး ထိရောက်စွာ သုံးနိုင်တာလည်း ဖြစ်နိုင်ပါသည်ဟု ရွှီရှင်း တွေးလိုက်မိသည်။

သို့သော် ဤအချက်ကပင် သူ့ကို ပို၍ သတိကြီးစေခဲ့၏။

ဟိုတုန်းက တောင်ကုန်းဒေသ မှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံအရဆိုရင် အနီရောင်မြူတွေ ထူထပ်တဲ့ နေရာမှာ သစ်ပင်အိမ်ရဲ့ ကာကွယ်မှုက အားနည်းတတ်ပြီး ဗီဇပြောင်းသတ္တဝါတွေနဲ့ တွေ့ဖို့ အခွင့်အလမ်း ပိုများတတ်၏။

လှိုင်ဂူထဲတွင် လှံရှည်များမှာ သိပ်အသုံးမဝင်လှသဖြင့် ရွှီရှင်းသည် ခါးရှိ အပြာရောင်အဆင့် သံဓားရှည်ကို စမ်းကြည့်လိုက်၏။

လက်ထဲတွင်မူ ပေါက်ကွဲမြှား တပ်ဆင်ထားသည့် မြှားသေနတ်ကို ကိုင်ထားပြီး မီမီ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။

မီမီသည်လည်း အရှေ့တွင် အမည်မသိ အန္တရာယ်ရှိနေသည်ကို သိသဖြင့် အလျင်စလို မသွားဝံ့ပေ။

သူမသည် ကြောင်တစ်ကောင်ကဲ့သို့ ခြေသံလုံလုံဖြင့် လျှောက်နေပြီး ရှေ့ခြေထောက်နင်းခဲ့သည့် နေရာကိုမှ နောက်ခြေထောက်ဖြင့် ထပ်နင်းကာ ဘေးကင်းအောင် သတိထားနေ၏။

မိနစ်အနည်းငယ်ခန့် လျှောက်ပြီးနောက် မြင်ကွင်းမှာ ရုတ်တရက် ကျယ်ဝန်းသွားသည်။

လူတစ်ယောက်နှင့် သားရဲလေးကောင်တို့သည် မြေအောက်ခန်းမကြီးတစ်ခုကဲ့သို့ ကျယ်ဝန်းသည့် နေရာတစ်ခုထဲသို့ ရောက်ရှိသွားကြချေပြီ။

ထိုနေရာတွင် အခြားထွက်ပေါက်များ မရှိတော့သဖြင့် လမ်းဆုံးသို့ ရောက်ပြီဟု ဆိုရမည်။

သို့သော် ဤနေရာတွင် နွယ်ပင်များလည်း မရှိသလို၊ နွယ်ပင်တွေ ဝိုင်းထားတဲ့ နှလုံးသား ဆိုတာလည်း မရှိသဖြင့် ရွှီရှင်း အတန်ငယ် စိတ်ပျက်သွားရ၏။

"လမ်းမှားသွားတာပဲ ဖြစ်ရမယ်။"

ရွှီရှင်းသည် မြေပုံပေါ်တွင် သူ၏ တည်နေရာကို စစ်ဆေးကြည့်လိုက်ရာ သစ်ပင်အိမ်နှင့် အလှမ်းဝေးနေသေးသည်ကို တွေ့ရ၏။

သို့သော် ရွှီရှင်းသည် ချက်ချင်း ပြန်မလှည့်သေးပေ။

အဘယ်ကြောင့်ဆိုသော် ထိုနေရာ၏ အလယ်ဗဟိုတွင် ထူးထူးခြားခြား ပေါက်ရောက်နေသည့် အပင်တစ်ပင်က သူ့ကို ဆွဲဆောင်နေသောကြောင့် ဖြစ်သည်။

ကြီးမားပြီး အလွန်လှပသည့် ပန်းသုံးပွင့်မှာ စုပြုံ၍ ပွင့်နေကြ၏။

ပွင့်ချပ်တစ်ခုချင်းစီမှာ ကြာပန်းဖက်တစ်ခုနီးပါး ကြီးမားပြီး သွေးကဲ့သို့ ရဲရဲနီနေသည်။

မရေတွက်နိုင်သော ပွင့်ချပ်များ၏ အလယ်တွင်မူ အဝါရောင် ဝတ်ဆံများက စုပြုံနေကြပြီး ထူးထူးခြားခြား လှပနေချေ၏။

ဤကဲ့သို့ အမြဲတမ်း မှောင်မဲနေသည့် မြေအောက်မှာ ဘယ်လိုလုပ်ပြီး ဒီလောက် တောက်ပတဲ့ ပန်းတွေ ရှိနေနိုင်ရတာလဲဆိုတာကို ရွှီရှင်း စဉ်းစားမရ ဖြစ်နေမိသည်။

သဘာဝတရားထဲမှာ အရောင်အသွေး ပိုတောက်ပတဲ့အရာတွေက ပိုပြီး အန္တရာယ်များတတ်သည် မဟုတ်ပါလား။

ထို့ကြောင့် သူ အနားသို့ အလျင်စလို မကပ်ဝံ့ပေ။

"အီးးး"

ခဲခဲလေးက ရုတ်တရက် အော်လိုက်၏။

...ဒါက အန္တရာယ် ရှိနေတယ်လို့ ပြောတာပဲ။

ရွှီရှင်းသည် ပေါက်ကွဲမြှားကို အသင့်ပြင်ကာ ထိုအနီရောင် ပန်းအုပ်စုဆီသို့ ချိန်ရွယ်ထားလိုက်သည်။

တစ်ခုခု မှားယွင်းသည်နှင့် သူ ခလုတ်ဆွဲတော့မည် ဖြစ်၏။

ငွေရောင်ဘုရင်က သူ့ဘေးသို့ တိုးလာပြီး အာဖုကလည်း အပေါ်သို့ ပျံတက်သွားသည်။

မီမီမှာမူ ထိုပန်းများကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ရန် အသင့်အနေအထားဖြင့် ကျောကို ကုန်းထားချေပြီ။

ရုတ်တရက် ပန်းတစ်ပွင့်၏ ဝတ်ဆံမှာ အနည်းငယ် တုန်ခါသွားပြီး ထိုဝတ်ဆံထဲမှနေ၍ ထူထပ်လှသော အနီရောင်မြူခိုးများ ပွင့်ထွက်လာတော့သည်။

ရွှီရှင်းမှာ ခလုတ်ကို ဆွဲမိတော့မည့်အတိုင်းပင်။

မီမီ၏ ခန္ဓာကိုယ်မှာလည်း တုန်ခါသွားရသော်လည်း သူမကိုယ်သူမ ထိန်းချုပ်ထား၏။

ထိုပန်းများသည် အနီရောင်မြူများကို အဆက်မပြတ် ထုတ်လွှတ်ခြင်း မရှိဘဲ တစ်ချက်သာ မှုတ်ထုတ်ပြီးနောက် ရပ်သွားကြသည်။

ထိုမြူခိုးများသည် လေထဲတွင် ပျံ့လွင့်သွားပြီး နောက်ဆုံးတွင် အနီဖျော့ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကြ၏။

မီတာအနည်းငယ်အကွာမှာပင် ရွှီရှင်းသည် ရင်းနှီးနေသည့် စူးရှရှရနံ့ကို ရရှိလိုက်သည်။

သူ့မျက်လုံးများမှာ အံ့သြမှုကြောင့် တဖြည်းဖြည်း ဝိုင်းစက်သွားရ၏။

လေထဲက ဒီအနီရောင်မြူတွေက တကယ်တော့ ငါ့ရှေ့က ဒီပန်းတွေကနေ ထုတ်လွှတ်နေတာပါလား....။

အနီရောင်မြူတွေက သူတို့ဆီသို့ ပျံ့လွင့်လာရာ ရွှီရှင်းမှာ အနည်းငယ် ရှူမိသွားသည်။

လောလောဆယ်တွင် သူ၏ ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်စွမ်းအား ဖြင့် မြှင့်တင်ထားသဖြင့် ဘာမှမဖြစ်သော်လည်း အနံ့မှာမူ တော်တော်လေး စက်ဆုပ်ဖွယ် ကောင်းလှ၏။

---

အခန်း ၁၆၃ ပြီး။

All Chapters