← Chapters

အနီရောင်မြူပန်း (၂)

Vol. 11 Ch. 164

အနီရောင်မြူပန်း (၂)

Vol. 11 Ch. 164

သူ့ဘေးနားရှိ ငွေရောင်ဘုရင်နှင့် မီမီကိုယ်ပေါ်မှ သွေးရောင်အစင်းကြောင်းများသည် အရင်ကထက် ပိုမိုတောက်ပသော အနီရောင်အလင်းများ ထုတ်လွှတ်နေပြီး အာဖု၏ အစင်းကြောင်းများမှာလည်း မှိန်ဖျော့ဖျော့ စတင်လင်းလက်လာ၏။

သားရဲသုံးကောင်လုံးမှာ အနီရောင်မြူကြောင့် ခံစားချက်ကောင်းနေသည့် အမူအရာများ ပြသနေကြသည်။

သူတို့၏ စွမ်းဆောင်ရည်များသည် ဤအနီရောင်မြူများကြောင့် မြှင့်တင်ပေးခြင်း ခံနေရချေပြီ။

ရွှီရှင်း၏ ခေါင်းထဲတွင် အတင့်ရဲသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာ၏။

မနေ့ညက အနီရောင်မြူတွေကို ဖြတ်ကျော်လာပြီးနောက် ငွေရောင်ဘုရင်နဲ့ မီမီတို့မှာ ဘာဆိုးကျိုးမှ မခံစားရတဲ့အပြင် ဒီနေ့မှာ တစ်ခါတည်းအဆင့်တက်သွားကြသည်။

ဒါကို ကြည့်ခြင်းအားဖြင့် အနီရောင်မြူဆိုတာ ဗီဇပြောင်းသားရဲတွေအတွက် တကယ်ကို အကျိုးပြုတဲ့ အရင်းအမြစ်တစ်ခုပဲ ဖြစ်ရမည်။

ဗီဇပြောင်းသားရဲတွေရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဓာတ်ရောင်ခြည်ကျောက်တုံး ကတော့ အက်ကွဲသွားပြီး အာနိသင် ပြယ်ကာ သာမန်ကျောက်ခဲ ဖြစ်သွားချေပြီ။

ဒါကြောင့် ငွေရောင်ဘုရင်တို့အဖွဲ့ရဲ့ အစွမ်းကို မြှင့်တင်ဖို့ တခြားနည်းလမ်းတွေ သူ လိုအပ်နေတာ ဖြစ်သည်။

အခုတော့ အနီရောင်မြူတွေ ထုတ်ပေးနိုင်တဲ့ ပန်းက သူ့ရှေ့တည့်တည့်မှာ ရှိနေပြီ မဟုတ်ပါလား။

ငါ ဒါကို စိုက်လို့ ရမလားမသိဘူး...။

အခန်းငယ်လေးတစ်ခု ဆောက်ပြီး ဒီပန်းတွေကို အထဲမှာ စိုက်ထားမယ် ပြီးရင် ငွေရောင်ဘုရင်တို့ကို တစ်ခါတလေ အထဲဝင်ခိုင်းပြီး အနီရောင်မြူ တွေနဲ့ အပန်းဖြေခိုင်းရင်ကောင်းမလားမသိဘူး။

သူ စဉ်းစားနေစဉ်မှာပင် နောက်ထပ် ပန်းတစ်ပွင့်၏ ဝတ်ဆံမှာ လှုပ်ရှားသွားပြီး အနီရောင်မြူခိုးတစ်သုတ်ကို ထပ်မံ မှုတ်ထုတ်လိုက်ပြန်သည်။

ဤမြင်ကွင်းက ရွှီရှင်းကို ဂိမ်းတစ်ခုထဲက နေကြာပန်းလေးတွေနဲ့ တူသလို ခံစားရစေသည်။

နေကြာပန်းက နေရောင်ခြည် ထုတ်ပေးသလိုမျိုး ဒီပန်းကလည်း အချိန်မှန်မှန် အနီရောင်မြူတွေကို မှုတ်ထုတ်နေခြင်း ဖြစ်သည်။

ရွှီရှင်းသည် အရှေ့သို့ စမ်းသပ်ကာ တစ်လှမ်း တိုးလိုက်၏။

"အီးးး"

ရွှီရှင်း အရှေ့တိုးသွားသည်ကို မြင်သောအခါ ခဲခဲလေးမှာ စိုးရိမ်တကြီး ဖြစ်သွားရသည်။

သူမသည် ပန်းဝတ်ဆံထဲမှ အန္တရာယ်ကို အထင်အရှား ခံစားနေရခြင်း ဖြစ်၏။

သူမ၏ လက်သည်းလေးများကို ခဏကြာ ယမ်းပြပြီးနောက်မှသာ ရွှီရှင်းက သူမ ဆိုလိုသည်ကို နားလည်သွားတော့သည်။

"ဝတ်ဆံထဲမှာ အန္တရာယ်ရှိတယ် ဟုတ်လား..."

ရွှီရှင်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

ပန်းက အန္တရာယ်မရှိပေမဲ့ ဝတ်ဆံထဲမှာတော့ တစ်ခုခု ရှိနေတာပဲ။

ပန်းဝတ်ဆံထဲမှာ ဘာတွေ ရှိနေနိုင်မှာလဲ။

ဒါမှမဟုတ်...

ရွှီရှင်းသည် မြှားသေနတ်ကို လက်တစ်ဖက်မှကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ၃ မီတာရှည်သော လှံကို ကိုင်လိုက်၏။

သူသည် ၃ မီတာအကွာအဝေးမှနေ၍ အနီးဆုံးရှိ ပန်းဝတ်ဆံကို လှံဖြင့် အသာအယာ တို့ကြည့်လိုက်သည်။

"ဝီ... ဝီ..."

ပန်းဝတ်ဆံထဲမှ အတောင်ပံခတ်သံ ထွက်ပေါ်လာသောကြောင့် ရွှီရှင်း ကျောစိမ့်သွားရ၏။

တကယ်ပဲ ဝတ်ဆံထဲမှာ ပျံသန်းနိုင်တဲ့ ပိုးမွှားတွေ ရှိနေတာပါလား...

ဒါတင်မကဘဲ ဒီပိုးမွှားတွေက တကယ်ကို ရန်လိုတဲ့ အမျိုးအစား ဖြစ်ရပေမည်။

မဟုတ်ရင် ခဲခဲလေးက ဒီလောက်အထိ သတိပေးမှာ မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ထိုပိုးမွှားများသည် ရွှီရှင်း တို့လိုက်သော်လည်း အပြင်သို့ ပျံမထွက်လာကြဘဲ အသံခဏပြုပြီး ပြန်ငြိမ်သွားကြသည်။

"မင်းတို့ နောက်ဆုတ်ကြ၊ ငါ အဲဒါတွေကို ဗုံးကြဲတော့မယ်"

ရွှီရှင်းသည် အရင်က စိုက်ပျိုးဖို့ စဉ်းစားခဲ့သည်ကို လက်လျှော့လိုက်ပြီး သားရဲလေးကောင်ကို အလေးအနက် အမိန့်ပေးလိုက်၏။

အကယ်၍ ဒီရန်လိုတဲ့ ခြင်လိုပိုးမွှားတွေသာ အရေအတွက် အများကြီး ရှိနေရင် ငွေရောင်ဘုရင်နဲ့ မီမီတောင် အန္တရာယ်ကင်းမှာ မဟုတ်ပေ။

ဆင်ကြီးက နှာခေါင်းထဲ ဝင်တဲ့ ကြွက်ကလေးကို မနိုင်သလိုမျိုး အရွယ်အစား သေးငယ်တာက တစ်ခါတလေမှာ အားသာချက် ဖြစ်သွားတတ်သည် မဟုတ်ပါလား။

အန္တရာယ်ကို အစကတည်းက အမြစ်ဖြတ်ပစ်တာ အကောင်းဆုံးပင်....။

ပန်းတွေက စုပြုံပေါက်နေတာဆိုတော့ ပေါက်ကွဲမြှား တစ်စင်းတည်းနဲ့တင် အကုန်ဖျက်ဆီးပစ်နိုင်မှာ ဖြစ်သည်။

တစ်စင်းနဲ့ မလောက်ရင် နှစ်စင်း ပစ်မှာပေါ့...။

ရုတ်တရက် ပန်းတစ်ပွင့်၏ ဝတ်ဆံမှာ လှုပ်ခါသွားပြီး ရွှီရှင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို သုံးကာ သေချာကြည့်လိုက်၏။

သွေးရောင်မျက်လုံးတွေရှိပြီး ဆူးချွန်ပါတဲ့ ပါးစပ်တွေရှိတဲ့ ပျံလွှားပိုးမွှား တစ်ဒါဇင်ကျော်ဟာ ဝတ်ဆံထဲကနေ သူတို့ကိုယ်တစ်ဝက်လောက် ထွက်နေကြတာကို မြင်လိုက်ရသည်။

ပိုးမွှားတစ်ကောင်စီဟာ ပိုးဟပ်တစ်ကောင်လောက် ကြီးကြပြီး သူတို့ကိုယ်ပေါ်မှာ နုနယ်တဲ့ သွေးရောင်အစင်းကြောင်းတွေ ပါရှိနေ၏။

သူတို့က ရွှီရှင်းတို့အဖွဲ့ကို မြင်သွားပုံရပြီး အတောင်ပံတွေကို ခတ်ကာ ချက်ချင်း အပြင်ကို ပျံထွက်လာတော့မည့်အတိုင်း ရှိနေချေပြီ။

"နားပိတ်ထားကြ"

ရွှီရှင်းက သားရဲလေးကောင်ကို သတိပေးလိုက်ပြီး ချက်ချင်းပင် ခလုတ်ကို ဆွဲလိုက်၏။

"ဝုန်း"

ပေါက်ကွဲမြှားသည် ပန်းသုံးပွင့်ပေါ်တွင် ပေါက်ကွဲသွားတော့သည်။

ကျဉ်းမြောင်းသော နေရာဖြစ်သဖြင့် ပေါက်ကွဲသံမှာ တစ်ကမ္ဘာလုံး ဟိန်းထွက်သွားသလို ကျယ်လောင်လှပြီး ရွှီရှင်းမှာ ခဏတာ နားအူသွားရ၏။

သို့သော် သူ၏ မျက်လုံးများမှာမူ ပေါက်ကွဲမှုကြောင့် ဘာမှမဖြစ်ဘဲ ဝတ်ဆံထဲမှ ပျံထွက်ရန် ကြိုးစားနေသည့် ပိုးမွှားများမှာ ပေါက်ကွဲအားကြောင့် အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်ကို အထင်အရှား မြင်လိုက်ရသည်။

"ထိရောက်တယ်ဟ"

ရွှီရှင်းသည် လက်မနှေးဘဲ နောက်ထပ် မြှားတစ်စင်းကို ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။

"ဝုန်း"

"ဝုန်း"

နောက်ထပ် ပေါက်ကွဲမှု နှစ်ခုကြောင့် ဂူတစ်ခုလုံး တုန်ခါသွားပြီး အပေါ်မှ မြေစိုင်မြေခဲများ ပြုတ်ကျလာသဖြင့် ရွှီရှင်း အနည်းငယ် မူးဝေသွားရ၏။

ကံကောင်းထောက်မစွာဖြင့် လိမ္မော်သီးနှင့် စတော်ဘယ်ရီသီးတို့ဖြင့် မြှင့်တင်ထားသည့် သူ၏ စိတ်ဝိညာဉ်စွမ်းအားက မူးဝေမှုကို လျင်မြန်စွာ ပျောက်ကွယ်သွားစေပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားစေသည်။

"ဂူဝတော့ မပြိုကျပါစေနဲ့..."

ရွှီရှင်းသည် နားအူနေသည်ကို လက်ဖြင့် ပွတ်ရင်း တွေးလိုက်မိ၏။

ပေါက်ကွဲမြှား သုံးစင်းရဲ့ အစွမ်းက တကယ်ကို ကြီးမားလှသည်။

သွေးရောင်ပွင့်ချပ် အပိုင်းအစများမှာ နေရာအနှံ့ လွင့်စင်နေပြီး မီးလောင်ထားသည့် ပွင့်ချပ်များနှင့် ပိုးမွှားအသေကောင်များမှာ မြေပြင်ကို ဖုံးလွှမ်းသွားချေပြီ။

ပန်းဝတ်ဆံထဲက ပိုးမွှားတွေအားလုံး သေသွားတာ သေချာသွားလေပြီ။

"ပေါက်ကွဲမြှားတွေက တကယ်ကို အသုံးဝင်တာပဲ"

ရွှီရှင်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ပခုံးပေါ်က ခဲခဲလေးမှာ နားကိုပိတ်ပြီး ခေါင်းခါနေရှာသည်။

သူက ခဲခဲလေးရဲ့ ခေါင်းကို အသာအယာ တို့လိုက်ရင်း

"ဘယ်လိုလဲ၊ အခုရော အန္တရာယ် ရှိသေးလား"

ခဲခဲလေးက ခေါင်းမော့ကာ ကြည့်လိုက်ပြီး ၂ စက္ကန့်လောက် ကြောင်နေပြီးမှ ခေါင်းခါပြလိုက်၏။

"အီးးး"

အနောက်က သားရဲသုံးကောင်မှာလည်း နားကိုပိတ်ပြီး မြေပြင်ပေါ်မှာ ဝပ်နေကြသည်။

အထူးသဖြင့် အကြားအာရုံ ထက်မြက်တဲ့ အာဖုဆိုလျှင် ဒီလောက်ကျယ်တဲ့ အသံကြီးကို တော်တော်လေး မခံမရပ်နိုင် ဖြစ်သွားပုံရပြီး ၎င်း၏ လင်းနို့မျက်နှာပေါ်တွင် မကျေနပ်တဲ့ အမူအရာ ပေါ်နေတာကို ရွှီရှင်း မြင်လိုက်ရ၏။

"ဟားဟား... ခဏ နားကြဦး၊ ငါ အဲဒီပန်းတွေကို သွားစစ်ဦးမယ်"

သူသည် သားရဲများကို ချော့မော့လိုက်ပြီးနောက် ပင်စည်နှင့် အရွက်ငုတ်တိုလေးတွေသာ ကျန်တော့သည့် ပန်းကြီးသုံးပွင့်ဆီသို့ လျှောက်သွားလိုက်သည်။

အကုန် ပေါက်ကွဲပြီးပျက်စီးသွားတာ နှမြောစရာပဲ...။

"နေဦး... အမြစ်တွေကတော့ မပျက်စီးသေးဘူးပဲ၊ ရှင်နေဦးမှာပဲ..."

ရွှီရှင်းသည် ဂေါ်ပြားတစ်ချောင်း ထုတ်လိုက်ပြီး ပန်းငုတ်တိုရဲ့ အောက်ခြေကို တူးကြည့်လိုက်၏။

[အနီရောင်မြူပန်း မျိုးစေ့ ၃ စေ့ ရရှိပါသည်။]

ထင်ထားတဲ့အတိုင်း မျိုးစေ့တွေ ရတာပဲ....။

ရွှီရှင်းသည် စပျစ်သီးလောက်ရှိသည့် အနီရောင်မျိုးစေ့ သုံးစေ့ကို လက်ထဲတွင် ကိုင်ကြည့်လိုက်သည်။

[အနီရောင်မြူပန်း မျိုးစေ့ - မြေသြဇာကောင်းသော မြေ သို့မဟုတ် အဆင့်မြင့်မြေတွင် စိုက်ပျိုးပါက အနီရောင်မြူများကို ထုတ်လွှတ်ပေးနိုင်သော ပန်းအဖြစ် ကြီးထွားလာမည်။ ဤအရာသည် ထူးဆန်းသော စွမ်းအားများ ရှိသည့် အပင်တစ်မျိုး ဖြစ်သည်]

တကယ်ပဲ ဒီအပင်က ဗီဇပြောင်းသက်ရှိ မဟုတ်ဘဲ စိုက်ပျိုးလို့ရတဲ့ ထူးခြားတဲ့ အပင်တစ်မျိုးပါလား။

ဒီမစ်ရှင်ပြီးရင်တော့ ဒီပန်းကို အလုံပိတ်အခန်းထဲမှာ စိုက်ပြီး ငွေရောင်ဘုရင်တို့အတွက် အပန်းဖြေအခန်း လုပ်ပေးရမှာပဲ...

ဒါပေမဲ့ အပြာရောင်အဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ မြေမှာပဲ ပေါက်နိုင်တယ်ဆိုတော့ တော်တော်လေး ဂရုစိုက်ရမှာလားမသိဘူး။

ရွှီရှင်းသည် အပြာရောင်အဆင့်ထက် မြင့်တဲ့ မြေမျိုးကို တစ်ခါမှ မတွေ့ဖူးသေးပေ။

ဒီဖော်ပြချက်ကိုသာ မမြင်လျှင် အပြာရောင်အဆင့်မြေက အမြင့်ဆုံးလို့ သူ ထင်နေမိမှာ ဖြစ်သည်။

ဒီပန်းပေါက်နေတဲ့ မြေကို ကြည့်လိုက်ရာ အပြာရောင် တောက်ပနေပြီး မြေသြဇာ အရမ်းကောင်းနေတာကို တွေ့ရ၏။

ဒီတစ်နေရာတည်းမှာပဲ ဒီလိုမြေမျိုး ရှိတာကြောင့် ပန်းသုံးပွင့်လုံး စုပြုံပေါက်နေခြင်း ဖြစ်ရမည်။

မြေကြီးများကို တူးဆွပြီးနောက် ပတ်ဝန်းကျင်မှာ ဘာမှ ထူးထူးခြားခြား မရှိတော့တာ သေချာမှ သူ ဂူထဲက ထွက်ပြီး ကျန်တဲ့ ဂူနှစ်ခုကို သွားရှာရန် ဆုံးဖြတ်လိုက်၏။

သူသည် သားရဲများကို ခေါ်ပြီး အပြင်သို့ ထွက်လာရင်း စူးစမ်းရှာဖွေသူများ အဖွဲ့ထဲသို့လည်း အခြေအနေကို စာပို့လိုက်သည်။

ထိုအခါ ဝမ်လေ့က ချက်ချင်း ပြန်စာပို့လာ၏။

ဝမ်လေ့ - "အစ်ကိုရွှီ မင်း ပြောတာ နောက်ကျသွားပြီ ငါ အခု အဲဒီပိုးကောင်တွေရဲ့ လိုက်ဖမ်းတာ ခံနေရတယ် ချပ်ဝတ်က မျက်နှာကိုမှ မဖုံးတာ အားးး... နာလိုက်တာ အားးးးးး"

ဒါကတော့...

ဒီကောင် ပြေးနေရင်းနဲ့ စာပြန်နိုင်သေးတာကို ရွှီရှင်း အံ့သြမိသလို ဘာပြောရမှန်းပင် မသိတော့ပေ။

---

အခန်း ၁၆၄ ပြီး။

All Chapters