အခန်း (၄၀၃-၄၀၄)
Vol. 31 Ch. 403-404
Htet Paing:
အပိုင်း ၄၀၃ ကုအန်၏ကျင့်ကြံမှု
အမတကျင့်ကြံခြင်းလောကသည် ဘာဖြစ်နေသည်ကို နားလည်နိုင်သော်လည်း သူတို့ကိုယ်တိုင်လည်း ပဋိပက္ခ၏ လှိုင်းတံပိုးများထဲတွင် ပါဝင်သွားရမည်ဖြစ်သည်။
အကယ်၍ မြင့်မြတ်ခုံရုံး၏ ထိန်းချုပ်မှု ယိုင်နဲ့သွားပါက လောက၏ အစီအစဉ်သည် နှစ်တစ်သန်းအတွင်း မကြုံဖူးသော အပြောင်းအလဲကြီးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
"ယန်ရှန်ဧကရာဇ်... တကယ်ကို စိတ်ဝင်စားဖို့ကောင်းပြီး တော်တော်လေး ထူးချွန်တဲ့ ပုဂ္ဂိုလ်ပဲ"
ကုအန်သည် မိမိဘာသာ တွေးတောရင်း နောင်နှစ်များတွင် ယန်ရှန်ဧကရာဇ်၏ ကြီးကျယ်ခမ်းနားသော လွှမ်းမိုးမှု၊ ရှန့်ထျန်းမပေါ်ပေါက်မီအထိ မြင့်မြတ်ခုံရုံးအပေါ် လွှမ်းခြုံထားမည့် အမှောင်မိုက်သော အရိပ်ကို စိတ်ကူးကြည့်နေမိသည်။
သို့သော် ရှန့်ထျန်းသည် မည်သည့်နေရာတွင် ရှိမည်ကို သူ မခန့်မှန်းနိုင်ပေ။ ဤလောကတွင် ကျိရှောင်ယုကဲ့သို့သော လူများစွာရှိပြီး ဝင်စားခြင်း၏ ကံကြမ္မာကို ထမ်းပိုးထားကြသည်။ ထိုကဲ့သို့သော ကံကြမ္မာမှတစ်ဆင့် ယခင်ဘဝများကို ကောက်ချက်ချရန် ခက်ခဲသောကြောင့် မည်သူက သူတော်စင်ကောင်းကင်ဝင်စားခြင်းဖြစ်နိုင်သည်ကို ခွဲခြားရန် စိန်ခေါ်မှုဖြစ်နေသည်။
ဖြစ်နိုင်သည်မှာ ရှန့်ထျန်းသည် ကောင်းကင်ဝိညာဉ်နယ်မြေတွင်ပင် မရှိခြင်း ဖြစ်နိုင်သည်။
ကုအန်သည် အနာဂတ်ကို စဉ်းစားနေစဉ် နောက်မှ ခြေသံတစ်စုံ ချဉ်းကပ်လာသည်။ လာသူမှာ ကျန်းရှီ ဖြစ်သည်။
သူသည် ကုအန်ထံသို့ သတိဖြင့် ချဉ်းကပ်လာပြီး သူ၏သခင်၏ မျက်လုံးများ မမှိတ်ထားသည်ကို မြင်သောအခါ သတ္တိမွေးကာ "ဆရာ ဒီမှာ အချိန်အကြာကြီး ရှိနေတာ တစ်ခုခု လိုအပ်တာများ ရှိလား။ ကျွန်တော် ပြင်ဆင်ပေးပါ့မယ်"
ကုအန်သည် သူ့ကိုမကြည့်ဘဲ "ဒါဆို သေရည်နဲ့ စားစရာတွေ ပြင်ဆင်ခဲ့" ဟု ညင်သာစွာ ပြန်ဖြေလိုက်သည်။
ကျန်းရှီသည် ထိုစကားကိုကြားသော် ဝမ်းမြောက်သွားပြီး လျင်မြန်စွာ ဦးညွှတ်ကာ ပြင်ဆင်ရန် လှည့်ထွက်သွားသည်။ ကုအန်သည် ကျန်းရှီ၏ စိတ်အားထက်သန်မှုကို မုန်းတီးခြင်းမရှိပေ။ နောက်ဆုံးတော့ ထိုကောင်လေးသည် နှစ်များတစ်လျှောက် ကောင်းစွာ လုပ်ဆောင်ခဲ့ပြီး သူ၏ကျင့်ကြံမှုကို အမှန်တကယ် အာရုံစိုက်ခဲ့သည်။
ထိုကောင်လေးသည် အမြုတေဖွဲ့တည်ခြင်းအဆင့်(ဗဟိုအူတိုဖွဲ့စည်းခြင်း)သို့ ရောက်နေပြီဖြစ်ပြီး တောင်ကြားသခင်ဖြစ်သော သူ့အောက် တစ်ဆင့်သာ နိမ့်သည်။ သူ၏ အရည်အချင်းဖြင့် ပေါင်းစည်းခြင်းအဆင့်မှ တန်ခိုးကြီးကျင့်ကြံသူတစ်ဦး၏ တပည့်ဖြစ်ရန် မခက်ခဲပေ။
မကြာမီပင် ကျန်းရှီသည် သေရည် စားစရာများနှင့် စားပွဲငယ်တစ်ခုကို ယူဆောင်လာခဲ့သည်။
ကုအန်သည် ကျန်းရှီငှဲ့ပေးသော သေရည်ကို လက်ခံရင်း ဂရုမစိုက်ဟန်ဖြင့် "ကျန်းရှီ၊ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘာလဲဆိုတာ မင်းသိလား" ဟု မေးလိုက်သည်။
ကျန်းရှီသည် ခဏရပ်တန့်သွားပြီး စဉ်းစားကာ "အစ်ကိုကြီးတွေ ပြောတာတော့ ဆရာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စိတ်ဝိညာဉ်ခြေတည်အဆင့်ကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်"
"တကယ်တော့ ငါက (အေးငြိမ်းရာ)လွတ်ငြိမ်းရာအမတတစ်ပါးပဲ"
ကုအန်သည် ရုတ်တရက် ပြောလိုက်ရာ ကျန်းရှီ၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြူးကျယ်သွားသည်။
ကျန်းရှီ၏ မှင်တက်နေသော အကြည့်အောက်တွင် ကုအန်သည် သူ၏လက်ကို မြှောက်လိုက်ရာ အထက်မှ တိမ်တိုက်များသည် လျင်မြန်စွာ လှည့်လည်လာပြီး ကောင်းကင်တွင် ခွေနေသော ခန့်ညားထည်ဝါသည့် နဂါးတစ်ကောင်အဖြစ် ပုံပေါ်လာသည်။
ခဏအကြာတွင် ကုအန်သည် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ရာ ညကောင်းကင်မှ ထိုမြင်ကွင်းသည် ပျောက်ကွယ်သွားပြီး မူလအတိုင်း ပြန်ဖြစ်သွားသည်။
ကျန်းရှီသည် သူမြင်လိုက်ရသည်ကို သံသယဝင်ကာ မှင်တက်မိနေသည်။
ကုအန်သည် သူ၏လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်သောအခါ ကျန်းရှီသည် ကမ္ဘာလောကကြီး လည်ပတ်သွားသလို ခံစားလိုက်ရသည်။
မျက်လုံးများကို ပြန်ဖွင့်ကြည့်သောအခါ သူ ကြောက်လန့်တကြား တုန်လှုပ်သွားသည်။ ကုအန်သည် တောင်တစ်လုံးကဲ့သို့ ဧရာမကြီးမားလာပြီး သူသည် ကုအန်၏ လက်ဖဝါးပေါ်တွင် ရပ်နေကြောင်း သဘောပေါက်လိုက်သည်။
ထိုအခိုက်တွင် ကျန်းရှီသည် မြတ်စွာဘုရား၏ လက်ဖဝါးထဲမှ စွန်းဝူခုံး၏ ခံစားချက်ကို ရုတ်တရက် နားလည်သွားသည်။ ကုအန်သည် သူ့ကို မျက်နှာသေဖြင့် ငုံ့ကြည့်ကာ "အခု နက်နဲတောင်ကြားမှာ နေခဲ့တာကို နောင်တရနေပြီလား။ ငါ့ရဲ့ ကျင့်ကြံအဆင့်ကို ဘယ်သူမှ မသိဘူး။ သိခဲ့တဲ့သူတွေက အသက်မရှိတော့ဘူး"
ကျန်းရှီသည် ချက်ချင်း ဒူးထောက်လိုက်ပြီး ခေါင်းငုံ့ကာ ကုအန်ကို တည့်တည့်မကြည့်ဝံ့တော့ပေ။ သွားများကို ကြိတ်လျက် သူက "နောင်တမရပါဘူး။ ဆရာရဲ့ တပည့်ဖြစ်ရတာ ဘဝသုံးဆက်စာ ကံကောင်းခြင်းပါ"
သူ၏စိတ်သည် လှုပ်ရှားနေပြီး ကုအန်သည် ဤမျှလောက် တန်ခိုးကြီးမားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ သူလုပ်နိုင်သမျှမှာ ကုအန်ကို အသည်းအသန် ကျေနပ်အောင် ကြိုးစားရန်သာ ဖြစ်သည်။
ပြီးတော့ သူ အလွန်ကြောက်ရွံ့နေသည်။
နောက်ဆုံးတော့ ကုအန်သည် ယခင်က သူ့ကို မနှစ်သက်ခဲ့ပေ။ အခု သူ့ကို သတ်ပစ်လိုက်မည်လား။ သူသည် တောင်ပေါ်သို့ တက်လာပြီး ဆရာကို မျက်နှာချိုသွေးရန် ကြိုးစားခဲ့သည့်အတွက် ရုတ်တရက် နောင်တရမိသည်။
ဒါပေမဲ့ သူ့သခင်က သူ့ကို သတ်ချင်လျှင် ဘာကြောင့် ဒီလောက် ရှုပ်ထွေးတဲ့ ပြကွက်တွေ ပြနေမှာလဲ။
ကျန်းရှီသည် ဤသို့တွေးနေစဉ် သူ၏ မငြိမ်မသက်ဖြစ်နေသော နှလုံးသားသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူ့ကို စောင့်ကြည့်နေသော ကုအန်၏ မျက်လုံးထဲတွင် အသိအမှတ်ပြုမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
ထိုကောင်လေး အမှားများ ပြုလုပ်ခဲ့သော်လည်း ခွင့်မလွှတ်နိုင်စရာတော့ မဟုတ်ပေ။ လုကျိကျား၏ အချိန်သည် နီးကပ်လာပြီဖြစ်ပြီး သူ့ကို ပြုစုပျိုးထောင်ရန် အချိန်တန်ပြီ ဖြစ်နိုင်သည်။
ကုအန်၏ ကျန်းရှီအပေါ် သဘောထား ပြောင်းလဲသွားရသည့် အကြောင်းရင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ နက်နဲတောင်ကြားတွင် နေရန် သူ၏ မယိမ်းမယိုင်သော စိတ်ပိုင်းဖြတ်မှုကြောင့် ဖြစ်သည်။ ကျန်းရှီ ဘာကိုကြောက်နေသည်ကို သူသိသော်လည်း ထိုအရာက အရေးမကြီးပေ။ အရေးကြီးသည်မှာ ကျန်းရှီသည် ကျင့်ကြံနိုင်စွမ်းရှိပြီး အင်အားရလာသည်နှင့် အပြင်သို့ထွက်ရန် ကြိုးစားသော ယန်ကျန့်နှင့် မတူခြင်းပင် ဖြစ်သည်။
အခန်း ၄၀၄ တန်ခိုးပြာဋိဟာများအား ထုတ်ဖော်ပြသခြင်း
အရုဏ်တက်ချိန်တွင် ကုအန်သည် တောအုပ်ထဲမှ ထွက်လာခဲ့ပြီး သူ့နောက်တွင် အနည်းငယ်တွေဝေနေသော အမူအရာဖြင့် ကျန်းရှီ လိုက်ပါလာသည်။
တပည့်များကို လေ့ကျင့်ရန် စုစည်းနေသော လုကျိကျားသည် ခေါင်းလှည့်ကြည့်လိုက်ရာ ကုအန်၏နောက်တွင် ကျန်းရှီ လိုက်ပါလာသည်ကို သတိပြုမိပြီး အံ့အားသင့်သွားသည်။
"ဒီလူငယ်လေးက သူ့ရဲ့ဂိုဏ်းတူအစ်ကိုကို တကယ်ပဲ သွားရှာရဲတယ်လား"
သူ၏စိတ်ထဲတွင် လုကျိကျားက ညည်းညူလိုက်မိသည်။ ကျန်းရှီ၏ပုံစံမှာ ရှုံးနိမ့်နေသည့်ပုံ ပေါက်နေသည်ကို သူမြင်နေရသည်။ ကုအန်သည် ရှေ့ဆက်လျှောက်သွားပြီး လေ့ကျင့်ခန်းအတွက် ပြင်ဆင်နေသော တပည့်များ၏ တန်းထဲသို့ ဝင်ရောက်လိုက်သည်။
လုကျိကျားသည် ကျန်းရှီကို အသေးစိတ်မေးမြန်းခြင်းမပြုဘဲ လေ့ကျင့်ခန်းစတော့မည်ဖြစ်သောကြောင့် တန်းစီရန် အလျင်အမြန် တိုက်တွန်းလိုက်သည်။
တစ်နာရီအကြာတွင် ကုအန်သည် နက်နဲတောင်ကြား မှ ထွက်ခွာသွား၏။ ထိုအခါမှ လုကျိကျားသည် ကျန်းရှီကို အိမ်သို့ပြန်ဆွဲခေါ်ကာ ယခင်ညက ဖြစ်ပျက်ခဲ့သည့်အကြောင်းကို မေးမြန်းဝံ့တော့သည်။
ကုအန်၏ နတ်အာရုံထိန်းချုပ်မှုအောက်တွင် တောင်ကြားရှိတပည့်များသည် ယခင်ညက ဖြစ်ပွားခဲ့သော အနှောင့်အယှက်များကို မခံစားနိုင်ခဲ့ကြဘဲ ကုအန်နှင့် ကျန်းရှီတို့၏ စွမ်းအင်များ ချဉ်းကပ်လာသည်ကိုပင် မသိရှိခဲ့ကြပေ။
လုကျိကျား၏ မေးမြန်းမှုကို ရင်ဆိုင်ရသောအခါ ကျန်းရှီက ခေါင်းခါလျက် "ဂိုဏ်းတူအစ်ကို မမေးပါနဲ့တော့။ စိတ်ချပါ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ကျွန်တော် နက်နဲ့တောင်ကြားမှာ ကိုယ့်ကိုယ်ကို မြှုပ်နှံထားမှာဖြစ်ပြီး ဂိုဏ်းတူအစ်ကိုကြီးနဲ့ ဆရာ့ကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်ပါဘူး"
ဤစကားကို ကြားပြီးနောက် လုကျိကျားသည် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။ အဘယ်ကြောင့် ဤလူငယ်လေးသည် သူ၏ဂိုဏ်းတူအစ်ကိုနှင့် ပို၍ရင်းနှီးသွားပုံပေါက်နေရသနည်း။
သူနှင့်ထက်ပင် ပိုရင်းနှီးနေပုံရသည်။လုကျိကျား စဉ်းစားကြည့်လိုက်သည်။ သူအသက်ရှင်ရန် နှစ်များစွာ မကျန်တော့သည့်အတွက် ဤအခြေအနေသည် သူမျှော်လင့်ခဲ့သောအရာ မဟုတ်လော။
သူသည် ကုအန်ကို လေးစားပြီး ကျန်းရှီကို သားတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ရာ သူတို့နှစ်ဦးကြား ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိစေရန် သဘာဝကျကျ မျှော်လင့်ခဲ့သည်။
"ကောင်းကောင်းလုပ်ဆောင် မင်းရဲ့ဆရာက သတိထားမိမှာပါ" လုကျိုကျားက ကျန်းရှီ၏ပခုံးကို ပုတ်ရင်း လေးနက်စွာ ပြောလိုက်သည်။
ကျန်းရှီက ခေါင်းညိတ်လိုက်ရာ သူ၏မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်ဟူသော မီးတောက်များ တောက်လောင်နေခဲ့သည်။
...
နွေရာသီကုန်ဆုံးပြီးနောက် ယန်ရှန်ဧကရာဇ်သည် သူ၏ ကပ်ဘေးဖြတ်ကျော်ခြင်း ကို တရားဝင် စတင်ခဲ့သည်။ ကုအန်သည်လည်း တတိယဆေးပင်တောင်ကြား၏ တောင်ထိပ်တွင်ထိုင်ကာ နတ်တွေးအစစ်အမှန်အမတ တစ်ဦး၏ ကပ်ဘေးဖြတ်ကျော်ခြင်းကို စတင်ကြည့်ရှုခဲ့သည်။
သူသည် ယန်ရှန် ဧကရာဇ်၏ ကောင်းကင်ဘုံကပ်ဘေးသည် သူ၏စီရင်ချက်နှင့် ယှဉ်နိုင်ခြင်း ရှိ မရှိ သိချင်ခဲ့သည်။ ကောင်းကင်ဘုံကပ်ဘေး စတင်သည်နှင့် သူစိတ်ပျက်သွားသည်။
၎င်းသည် သိပ်မပြင်းထန်ဟု ထင်ရသည်။ (စိတ်တွေးအကြံအမတ)နတ်တွေးအစစ်အမှန်အမတအဆင့်ဖြစ်သူတစ်ဦးအနေနှင့် သူသည် ၎င်းကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
သူစိတ်ပျက်နေစဉ်မှာပင် ကောင်းကင်အပြင်ဘက်တွင် ကောင်းကင်စျန်အမတများ မှာမူ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ အလွန်ဝေးကွာသောနေရာမှပင် ကောင်းကင်ဘုံကပ်ဘေး၏ ကြောက်မက်ဖွယ်ရာကို သူတို့ခံစားနေရသည်။
"ဒါ ဘယ်လိုမျိုး ကောင်းကင်ဘုံကပ်ဘေးလဲ။ ဒီလောက်ဝေးနေတာတောင် ဖိအားက ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေတုန်းပဲ"
"ဒါက အမတလမ်းစဉ်ရဲ့ ဘယ်အဆင့်က ကောင်းကင်ဘုံကပ်ဘေး ဖြစ်နိုင်မလဲ"
"ငါသိတာကတော့ ပဉ္စမအဆင့်ကနေ ဆဋ္ဌမအဆင့်အထိ ကောင်းကင်ဘုံကပ်ဘေးက ဒီလောက် ကြောက်စရာမကောင်းဘူး၊ ပြီးတော့ ဒါက အစပဲရှိသေးတယ်။"
"ဒီကပ်ဘေးက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ကို သက်ရောက်မှုရှိနိုင်မလား။"
"အမတမင်းဆက်က တကယ်ပဲ အစွမ်းထက်တယ်။ ငါတို့ ခံစားရတဲ့ ဖိအားက ကျန်နေတဲ့ အရှိန်အဝါလေးပဲရှိသေးတယ်၊ သူတို့ရဲ့ ဗျူဟာအအစီအရင်တွေကို ကြည့်စမ်း...ဘယ်လောက်တောင် နက်နဲလိုက်သလဲ။"
ကောင်းကင်စျန်အမတများ အချင်းချင်း ဆွေးနွေးနေကြသည်။ ထို့နောက်အပူပင်မဲ့အမတ နှင့် ကမ္ဘာဦးအမတ တို့ ရောက်ရှိလာကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ယန်ရှန် ဧကရာဇ်၏ ကောင်းကင်ဘုံကပ်ဘေးသည် ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
ကောင်းကင်ဘုံကပ်ဘေး အစမှပင် ကုအန်သည် ရလဒ်ကို ကြိုမြင်နိုင်ခဲ့သည်။ အပြင်းထန်ဆုံးအချိန်၌ပင် ထိုကပ်ဘေးသည် သူ နတ်တွေးအစစ်အမှန်အမတအဆင့်တွင် ရှိခဲ့စဉ်က သူ၏ခန္ဓာကိုယ်ကို မလှုပ်ခတ်နိုင်ခဲ့ပေ။ အကယ်၍ သူသာ ယန်ရှန် ဧကရာဇ်၏ ကောင်းကင်ဘုံကပ်ဘေးကို ခံယူရမည်ဆိုလျှင် ပထမအကြိမ်မှာပင် သေချာပေါက် အောင်မြင်ပေလိမ့်မည်။
ဤကောင်းကင်ဘုံကပ်ဘေးသည် စုစုပေါင်း ခုနစ်ရက် ကြာမြင့်မည်ဖြစ်သည်။
နောက်တစ်နေ့တွင် ကောင်းကင်သည်မီးလျှံတိမ်တိုက်ကဲ့သို့ အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။ အဓိပတိဂိုဏ်း မှ ကျင့်ကြံသူများသည် ၎င်းကို လှပသည်ဟုသာ ထင်မြင်ပြီး သိပ်အလေးမထားခဲ့ကြပေ။ ကောင်းကင်အောက်ရှိ သက်ရှိအားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။
တတိယနေ့တွင် ကောင်းကင်နှင့်မြေကြီး၏ အပူချိန်သည် ရုတ်တရက် မြင့်တက်လာပြီး ဝိညာဉ်စွမ်းအင်များမှာ ကြမ်းတမ်းလာကာ တရားထိုင်နေသော ကျင့်ကြံသူများစွာကို ထွက်လာစေခဲ့ပြီး အချို့မှာ အတွင်းစိတ်နတ်ဆိုးများ၏ ကျူးကျော်မှုကိုပင် ခံခဲ့ရသည်။ စတုတ္ထနေ့တွင် ကမ္ဘာတစ်ဝှမ်းတွင် မြေငလျင်များနှင့် ဆူနာမီများ စတင်ဖြစ်ပွားခဲ့ရာ အဓိပတိဂိုဏ်းသည် လျစ်လျူမရှုနိုင်တော့ပေ။
ပဉ္စမနေ့တွင် မြင့်မြတ်ခုံရုံး သည် လှုပ်ရှားလာခဲ့သည်။
ကုအန်သည် မြင့်မြတ်ခုံရုံး ၏ အင်အားကြီးသူ အများအပြား မြားမိုးရွာသကဲ့သို့ စကြဝဠာထဲသို့ ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူတို့၏ မန္တာန်စွမ်းအားများသည် အတူတကွ ပေါင်းစပ်သွားပြီး အမတမင်းဆက်၏ ဗျူဟာအစီအရင်ကို မတားဆီးနိုင်သော အဟုန်ဖြင့် တိုက်ခိုက်သော အင်အားကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကြီးမားသော နောက်ဆက်တွဲအရှိန်သည် စကြဝဠာအတွင်းရှိ ကြယ်များနှင့် ဥက္ကာခဲများစွာကို ကြေမွသွားစေပြီးနောက် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီသို့ ပြုတ်ကျလာခဲ့သည်။
ကုအန် ကြိုတင်တွက်ဆထားသည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့သည်။ အချို့သော ကောင်းကင်စျန်အမတများသည် ထိုနေရာမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
အမတမင်းဆက်၏ ဗျူဟာအစီအရင်သည် ချက်ချင်းပင် ကျိုးပေါက်သွားခဲ့သည်။ သို့သော် ယန်ရှန် ဧကရာဇ်၏ ခန္ဓာကိုယ်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော မီးတောက်များ ထွက်ပေါ်လာခဲ့ပြီး ၎င်းသည် အပြင်ဘက်ရှိ နေခုနစ်လုံးထက်ပင် ပိုမိုတောက်ပကာ ပိုမိုကြီးမားပြီး အဆုံးမဲ့သော ပူလောင်သည့်အပူရှိန်ကို ထုတ်လွှတ်နေခဲ့သည်။
ယန်ရှန် ဧကရာဇ်သည် သူ၏လက်ကို မြှောက်လိုက်ပြီး နတ်တွေးအစစ်အမှန်အမတ ငါးဦးအပါအဝင် မြင့်မြတ်ခုံရုံး၏ သောင်းနှင့်ချီ တန်ခိုးရှင်များကိုတစ်ချက်တည်းဖြင့် အံ့ဩဖွယ်ရာ တွန်းလှန်လိုက်သည်။
ထိုမျှသာမက ကုအန်သည် ပြန်လည်မွေးဖွားခြင်းဝဲဂယက် မှ အစွမ်းထက်သော အရောင်အဝါများဖြင့် နတ်ဝိညာဉ်များ ပျံထွက်လာသည်ကို မြင်လိုက်ရ၏။ သူတို့အားလုံးမှာ နတ်တွေးအစစ်အမှန်အမတများနှင့် တာအိုဆန်းကြယ်အမတများ ဖြစ်ကြသည်။
ဤနတ်ဝိညာဉ်များ၏ ဇာစ်မြစ်မှာ အလွန်ထူးဆန်းပြီး ခြေရာခံ၍မရနိုင်ဘဲ သူတို့သည် သက်ရှိဝိညာဉ်များ မဟုတ်ဘဲ မြေအောက်ကမ္ဘာ မှ လာကြသကဲ့သို့ ဖြစ်နေသည်။ သူတို့သည် ယန်ရှန် ဧကရာဇ်ကို သွားရောက်ကူညီခြင်းမပြုဘဲ မြင့်မြတ်ခုံရုံး ဆီသို့ ဦးတည်သွားကြသည်။
ကမ္ဘာကို တုန်လှုပ်စေသော စစ်ပွဲကြီးတစ်ခု ထိုသို့ စတင်ဖြစ်ပွားခဲ့သည်။
ဆက်လက်၍ ကုအန်သည် စကြဝဠာအတွင်း နတ်တွေးအစစ်အမှန်အမတများ တိုက်ခိုက်နေကြသည်ကိုမြင်လိုက်ရ၏။ တာအိုနယ်မြေ အတွင်း တာအိုဆန်းကြယ်အမတများ တိုက်ခိုက်နေကြ၏။ သာမန်သက်ရှိများ မမြင်နိုင်သော အခြေအနေများတွင် ကမ္ဘာဦးအမတနှင့် အပူပင်မဲ့အမတများသည် ၄င်းတို့တိုက်ခိုက်နေကြသည်ကို မြင်တွေ့ရသည်။
မြင့်မြတ်နတ်ဘုရားများပါ တိုက်ပွဲဝင်လာကြသည်။
မြင့်မြတ်ခုံရုံး၏ မြင့်မြတ်နတ်ဘုရားများအားလုံးသည် နတ်တွေးအစစ်အမှန်အမတများဖြစ်ကြသည်။ သူတို့တစ်ဦးချင်းစီ၏ ရောက်ရှိလာမှုသည် လူ့ပြည်သို့ သက်ဆင်းလာသော နတ်ဒေဝါများကဲ့သို့ ခန့်ညားထည်ဝါပြီး ကြည်ညိုဖွယ်ကောင်းလှသည်။
ကုအန်သည် သူမြင်တွေ့နေရသောအရာများကို အမှန်တကယ် စိတ်ဝင်တစား ကြည့်ရှုနေခဲ့သော်လည်း၊ သူ၏ကိုယ်ပိုင်အခြေအနေကိုမူ မမေ့ပေ။ သူသည် အခြားသူများအနီးတွင် ရှိနေသည့်အခါ စိုးရိမ်ပူပန်ဟန်ဆောင်နေလိမ့်မည်။
သတ္တမမြောက်နေ့တွင် ယန်ရှန် ဧကရာဇ်သည် လွတ်ငြိမ်းရာအမတအဆင့် သို့ အပြည့်အဝ တက်လှမ်းသွားခဲ့သည်။ ပြင်းထန်သော မုန်တိုင်းတစ်ခု ချဉ်းကပ်လာခဲ့၏။
ကျိရှောင်ယုသည် တလိပ်လိပ်တက်လာသော မိုးကြိုးတိမ်တိုက်များကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်ထားသည်။
နေလမြေအောက်ကမ္ဘာဧကရာဇ်သည် သူမဘေးတွင် ရုတ်တရက်ပေါ်လာပြီး "ဒါက ဘုံခြောက်ခွင် ကံကြမ္မာ အဆုံးစွန် လေဟာနယ်ကပ်ဘေးပဲ။ ဒီ ယန်ရှန် ဧကရာဇ်က သမိုင်းမှာ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ ရှန့်ထျန်း ထက်မနိမ့်ဘူး။ မဟာကောင်းကင်မြေကြီးတစ်ခုတည်းမှာ ခေတ်တစ်ခေတ်တည်းက ပါရမီရှင်နှစ်ယောက်ရှိနေတာ ကြောက်စရာကောင်းလွန်းတယ်။ ကံကောင်းတာက သူတို့တွေရန်သူဖြစ်နေတာပဲ"
တောင်ထိပ်တွင် ကုအန်သည် ဤစကားကိုကြားပြီး သူ့မျက်နှာအမူအရာက ထူးဆန်းသွားသည်။
ဘုံခြောက်ခွင် ကံကြမ္မာ လေဟာနယ်ကပ်ဘေးလား
သူအရင်တစ်ခါ အကာပြင်တာအိုအမတအဆင့်သို့ တက်လှမ်းခဲ့စဉ်က သူ့ရဲ့ကောင်းကင်ဘုံကပ်ဘေးကို ဘုံခြောက်ခွင်ကံကြမ္မာလေဟာနယ်ကပ်ဘေးလို့ခေါ်ပြီး ယန်ရှန့်ဧကရာဇ် ရင်ဆိုင်နေရသည်ထက် ဘုံသုံးဆင့်ပိုများခဲ့သည်။ ယင်းက ပိုမြင့်တဲ့အခက်အခဲအဆင့်ကို ကိုယ်စားပြုနေသည်လား။
ကျိရှောင်ယုသည် "ဟုတ်တယ်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှာ သူတို့ကို စည်းလုံးဖို့ လမ်းညွှန်ပေးမယ့် ပိုပြီးတန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တွေသာရှိခဲ့ရင် ဒီနယ်မြေက အထွတ်အထိပ်ကိုတောင် ရောက်သွားနိုင်တယ်။ ဝမ်းနည်းစရာက ဒီမှာ အဲဒီလို အထွတ်အထိပ် ပုဂ္ဂိုလ်မျိုးမရှိဘဲ ပါရမီရှင်တစ်ယောက်တည်းသာ ရှင်သန်ကျန်ရစ်ဖို့ ကံကြမ္မာပါလာတာပဲ။ အခုမြင်နေရတဲ့ အခြေအနေအရတော့ ရှန်ထျန်းက နောက်ဆုံးမှာ အောင်ပွဲခံမယ့်သူဖြစ်မယ်လို့ ကျွန်မယုံကြည်တယ်"
နေလမြေအောင်ကမ္ဘာဧကရာဇ်က ပြုံးကာ "ငါကတော့ ယန်ရှန့်ဧကရာဇ်က ပိုပြီးမျှော်လင့်ချက်ရှိတယ်လို့ ထင်တယ်။ မြင့်မြတ်ခုံရုံးက ပြန်လည်မွေးဖွားခြင်းသံသရာကပ်ဘေးထဲကို အရှင်မင်းကြီးထက် နောက်ကျပြီးမှ ဝင်ရောက်ခဲ့တာ ယန်ရှန့်ဧကရာဇ်က မဟာကောင်းကင်ဘုံစိတ်ဝိညာဉ်နယ်မြေကို စည်းလုံးညီညွတ်အောင်လုပ်တဲ့အချိန်ရောက်ရင် သူက သူ့ရဲ့ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး"
ဒီစကားကိုကြားပြီးနောက် ကျိရှောင်ယုသည် စကားဆက်မပြောတော့ဘဲ သူမ၏အကြည့်များသည် ကောင်းကင်ပေါ်တွင် စူးစိုက်နေခဲ့သည်။
ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ကောင်းကင်တွင် နဂါးကြီးတစ်ကောင်နှင့်တူသော မိုးကြိုးလျှပ်စီးတစ်ခုပေါ်လာပြီး အလွန်ခမ်းနားထည်ဝါနေသည်။
"ငါ..ယန်ရှန့်ဧကရာဇ်..အမတမင်းရဲ့ အရှင်သခင်...အမတလမ်းစဉ်ရဲ့ နဝမအဆင့်ကို ငါတက်လှမ်းပြီဖြစ်ကြောင်း ကြေညာတယ်။ မြင့်မြတ်ခုံရုံးက ငါ့ရဲ့ကပ်ဘေးကျော်ဖြတ်တာကို နှောင့်ယှက်ခဲ့တယ်။ ဒါကြောင့် ဒီနေ့ကစပြီး အမတမင်းဆက်က မြင့်မြတ်ခုံရုံးကို စစ်ကြေညာတယ်။ ဒီစစ်ပွဲမှာ တစ်ဖက်တည်းသာ ရှင်သန်ကျန်ရစ်ရမယ်!"
ယန်ရှန့်ဧကရာဇ်၏အသံသည် ပဲ့တင်ထပ်သွားပြီး သူ၏လေသံထဲတွင် အတိုင်းအဆမဲ့ဒေါသများ ရောနှောပါဝင်နေသည်။ အနက်နဲဆုံးအပိုင်းမှာ ထိုအသံကို အမတလမ်းစဉ်သားများသာ ကြားနိုင်ပြီး သာမန်သတ္တဝါများ မကြားနိုင်ခြင်းပင်ဖြစ်သည်။
ကုအန်သည် မချီးကျူးဘဲမနေနိုင်ဖြစ်သွားသည်။
ဒီကောင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း အရမ်းကောင်းတာပဲ။
သူက မြင့်မြတ်ခုံရုံးလှုပ်ရှားလာမှာကို တမင်တကာစောင့်နေခဲ့တာ ထင်ရှားသည်။
မြင့်မြတ်ခုံရုံးမှာလည်း ဝင်မပါဘဲမနေနိုင်ခဲ့ပေ။ အမတမင်းဆက်တွင် လွတ်ငြိမ်းရာအမတတပါးမွေးဖွားလာသည်ကို လက်ပိုက်ကြည့်မနေနိုင်ခဲ့။
ဒီတစ်ကြိမ် သူတို့ဝင်မပါခဲ့လျှင် မြင့်မြတ်ခုံရုံးသည် အမတမင်းဆက်ကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်သွားသည်ဟု အဓိပ္ပာယ်သက်ရောက်သွားမည်ဖြစ်သည်။
ကုအန်သည် အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်ဖြစ်နေသည်။ တစ်လောကလုံးတွင် မဟာပဋိပက္ခကြီး စတင်လာသည်နှင့်အမျှ ထိုက်ချန်တိုက်ကို ကျူးကျော်လာမည့် အသေခံတန်ခိုးရှင်များ ဆက်တိုက်ပိုများလာမည်ဖြစ်ပြီး သူကိုယ်တိုင်လည်း လှုပ်ရှားမှုမရှိတာကြာပြီဖြစ်၍ သူ၏နတ်အစွမ်းရည်များကို ပြသရန် စိတ်အားထက်သန်နေခဲ့သည်။