အခန်း (၄၁၃-၄၁၄)
Vol. 31 Ch. 413-414
Htet Paing:
အခန်း ၄၁၃ ကောင်းကင်တာအိုမှ ကင်းလွတ်ခြင်း
လုချိုးရှန်...
ကုအန်မှာ တိတ်ဆိတ်သွားပြီး သူ၏ အတွေးများက ပြန်လည်ဝင်စားခြင်းဖြစ်စဉ်ထဲမှ လုဟန်ဆီသို့ လွင့်မျောသွားသည်။
လုဟန်၏ ဘဝအတွက် အချိုးအကွေ့သည် လုချိုးရှန်၏ မွေးဖွားခြင်းပင် ဖြစ်သည်။ အားလုံးထက် သာလွန်သော ပါရမီရှင်တစ်ယောက်ဖြစ်သည့် လုဟန်သည် မသေဆုံးမီ သူလုပ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ကံကြမ္မာမြစ်ထဲတွင် လုချိုးရှန်ကို ပြန်လည်အသက်သွင်းရန် ဖြစ်သည်။
လုချိုးရှန်၏ စကားကို နားထောင်ရင်း ကုအန်သည် သူ၏ အပြောင်းအလဲများစွာနှင့် ကြုံတွေ့ခဲ့ရပုံကို ခံစားမိသည်။ သူတစ်ယောက်တည်း ခံနိုင်ရည်ရှိရှိ ဖြတ်သန်းခဲ့ရသည့် ရှည်လျားပြီး အထီးကျန်ဆန်သော နှစ်များကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။
လုဟန်၏ အမှတ်ဉာဏ်အားလုံးကို ပိုင်ဆိုင်ထားသော ကုအန်အတွက် လုချိုးရှန်အပေါ် ခံစားချက်မှာ သဘာဝအတိုင်းပင် ကွဲပြားနေသည်။ သူ၏ အမြင်တွင် လုချိုးရှန်သည် သူ၏ သားဖြစ်သည်။
ကုအန်က ပြန်လည်ဝင်စားခြင်းဖြစ်စဉ် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းသည် လွတ်ငြိမ်းရာအမတများ ပြန်လည်ဝင်စားခြင်းကပ်ဘေးကို ကြုံတွေ့ရသကဲ့သို့ မူလကတည်းက အမှန်တကယ် ဖြစ်ခဲ့သောကြောင့် ဖြစ်နိုင်သည်ဟုပင် တွေးထင်မိသည်။
လွတ်ငြိမ်းရာအမတ၏ ပြန်လည်ဝင်စားခြင်းကပ်ဘေးသည် မတူညီသော အချိန်နှင့် နေရာများတွင် ပြန်လည်မွေးဖွားခြင်းသို့ ဦးတည်စေပြီး၊ ဝင်စားခြင်းဖြစ်စဉ်၏ အချိန်ကာလမှာ ပိုမိုကျယ်ပြန့်သည့်အတွက် ပိုမိုမြင့်မားသောအဆင့်ရှိ ဝင်စားခြင်းကပ်ဘေးဖြစ်ကြောင်း ညွှန်ပြနေသည်။
ကုအန်သည် သူ၏ အတွေးများကို ထိန်းချုပ်လိုက်ပြီး "တာအိုမိတ်ဆွေရဲ့ သတိပေးချက်ကို ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်နာမည်က မုန့်လန်ပါ။ အနာဂတ်မှာ ကံကြမ္မာမြစ်ကို လာရောက်လည်ပတ်ဖို့ အခွင့်အရေးရခဲ့ရင် ကျုပ်တို့ တာအိုလမ်းစဉ်ပညာရပ်တွေအကြောင်း ဆွေးနွေးကြတာပေါ့"
ကံကြမ္မာမြစ်အထက်တွင် ငွေရောင်အလင်းတန်းများ ထုတ်လွှတ်နေသော လုချိုးရှန်သည် ချက်ချင်းပြန်မဖြေပေ။ သူသည် ကံကြမ္မာ၏ ရေစီးကြောင်းထဲသို့ ပျောက်ကွယ်သွားတော့မည့် အရိပ်တစ်ခုကဲ့သို့ ထိုနေရာတွင် ရပ်နေသည်။
ခဏအကြာတွင်
"ကောင်းပြီလေ။"
လုချိုးရှန်က သဘောတူလိုက်ပြီးနောက် ကံကြမ္မာမြစ်အထက်တွင်ပင် လေထဲ၌ ပျောက်ကွယ်သွားသည်။
ကုအန်၏ အကြည့်သည် အန်မိသားစု၏ အကြောင်းအကျိုးဆက်များမှ ခွဲထုတ်နေသော အန်ရှန့်ထျန်းထံသို့ ရောက်သွားသည်။
ကျန်းရှီ၏ စိတ်ထဲတွင်တော့ လုချိုးရှန်၏ ကျင့်ကြံမှုအဆင့်ကို သိချင်စိတ်ဖြင့် ပြည့်နှက်နေသည်။
"ခုနက ဖြစ်ပျက်ခဲ့တာတွေကို ရှန့်ထျန်း အပါအဝင် ဘယ်သူ့ကိုမှ မပြောပြနဲ့" ကုအန်က ရုတ်တရက် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျန်းရှီသည် ထိုကိစ္စကို လျှို့ဝှက်ထားမည်ဟု အလျင်အမြန် ကတိပေးလိုက်သည်။
အမှန်တကယ်တော့ ကုအန်၏ ညွှန်ကြားချက်မရှိဘဲနှင့်ပင် သူသည် အခြားသူများကို ဝေမျှရန် ရည်ရွယ်ချက်မရှိပေ။ ဤမျှကြီးကျယ်သော စွမ်းအားကို မြင်တွေ့ခွင့်ရခြင်းသည် သူ၏ ကံကောင်းမှုဖြစ်ရာ၊ အခြားသူများကို မည်သို့ ဝေမျှနိုင်မည်နည်း။
အချိန်များ ဆက်လက်ကုန်ဆုံးသွား၏။ အန်ရှန့်ထျန်းသည် သူ၏ နာကျင်မှုများထဲတွင် နစ်မြုပ်နေသဖြင့် ခုနက ဘာတွေဖြစ်ပျက်သွားသည်ကို မသိလိုက်ပေ။ သူသည် ကုအန်နှင့် အခြားတစ်ယောက်၏ မသဲမကွဲ ပုံရိပ်များကိုသာ မြင်နိုင်ခဲ့သည်။
သူ၏စိတ်ထဲတွင် အန်မိသားစုနှင့် ပတ်သက်သော အမှတ်ဉာဏ်များ တဖြည်းဖြည်း မှေးမှိန်လာသည်နှင့်အမျှ သူသည် ကြောက်လန့်တကြားဖြင့် အံ့ကြိတ်ကာ ဇွဲတင်းထားသည်။
အန်းမိသားစုက သူ့ကို မေ့သွားသည်ကို သူလက်ခံနိုင်သော်လည်း၊ သူကတော့ သူတို့ကို မမေ့နိုင်ပေ။ နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် မေ့သွားပါက သူတို့သည် အမှန်တကယ်ပင် အဆက်အသွယ်မရှိတော့သော သူများ ဖြစ်သွားလိမ့်မည်။ ထိုအရာသည် သူအလိုရှိသော ရလဒ်မဟုတ်ပေ။
"ဆရာ... ဆရာကြီး..."
အန်ရှန့်ထျန်းက သွားကြိတ်ကာ အော်ဟစ်လိုက်သည်။ သူအော်ခေါ်နေခြင်းမှာ နက်နဲသောတောင်ကြား၏ တောင်ကြားသခင်ကို မဟုတ်ဘဲ အန်ဟောင်၏ ဆရာဖြစ်သူ ဓားသခင် ဖူတောက်ကို ဖြစ်သည်။
"စိတ်ကို စုစည်းထား။ သူတို့ကို လုံလုံလောက်လောက် လွမ်းဆွတ်နေသမျှ မင်းမေ့မှာမဟုတ်ဘူး။"
ကုအန်၏ အသံက နောက်မှ လိုက်လာသည်။ သူ့မှာ ကိုယ်ပိုင်ရည်ရွယ်ချက်ရှိ၏။ အနာဂတ်တွင် အန်ရှန့်ထျန်းက အန်ဟောင် ကို ဆန့်ကျင်ခြင်းမှ ကာကွယ်ရန်အတွက် သူသည် မိသားစုသံယောဇဉ်ကို အမြင့်ဆုံးတန်ဖိုးထားလာစေရန် ရည်ရွယ်၍ အန်ရှန့်ထျန်းကို တမင်ပုံသွင်းနေခြင်းဖြစ်သည်။
သူ၏ နှလုံးသားထဲတွင် အန်းဟောင်က သေချာပေါက် ပို၍အရေးကြီး၏။
အန်ဟောင် မရှိလျှင် အန်ရှန့်ထျန်းလည်း ရှိမည်မဟုတ်။
ကုအန်၏ စကားကို ကြားသောအခါ အန်ရှန့်ထျန်းသည် ဇွဲတင်းကာ ဆက်လက်ကြိုးစားလိုက်သည်။
ရုတ်တရက်
ဘန်း!
သူ၏ ကိုယ်ပေါ်တွင် သွေးမီးလျှံများ ရုတ်တရက် တောက်လောင်လာ၏။ သူ၏ ခန္ဓာကိုယ်သည် ကွေးကွေးလေးဖြစ်သွားပြီး တဆတ်ဆတ်တုန်ရီလာ၏။
ကုအန်က သူ၏ ညာလက်ကို မြှောက်လိုက်ရာ ခရမ်းရောင်အမှောင်ဖျော့ဖျော့ ဆေးပင်တစ်ပင် ပေါ်လာပြီး ချက်ချင်းပင် အမှုန့်အဖြစ်သို့ ပြောင်းလဲကာ သူ၏ လက်ဖဝါးထဲတွင် ဝဲဂယက်ငယ်တစ်ခုအဖြစ် ပျံဝဲနေသည်။
ကျန်းရှီသည် ကုအန်၏ လက်ဖဝါးထဲမှ ဝဲဂယက်ကို မနေနိုင်ဘဲ စူးစိုက်ကြည့်နေမိကာ ကုအန် ဘာလုပ်တော့မည်ကို သိချင်နေမိသည်။
ထို့နောက် ကုအန်က သူ၏ လက်ဝါးကို အန်ရှန့်ထျန်းဘက်သို့ လွှဲရိုက်လိုက်သည်။
ထိုလက်ဝါး ရိုက်ထုတ်လိုက်သည်နှင့် အန်ရှန့်ထျန်း၏ အသားများ ချက်ချင်း ပြန့်ကြဲသွားပြီး အရိုးစုသာ ကျန်တော့သည်ကို မြင်လိုက်ရသော ကျန်းရှီမှာ တုန်လှုပ်သွားသည်။ သူ စကားတစ်ခွန်းမျှ မပြောနိုင်ခင်မှာပင် ခရမ်းရောင်အမှောင်ဖျော့ဖျော့ မြူခိုးများက အန်ရှန့်ထျန်းကို ဝန်းရံကာ အရိုးစုကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
ကျန်းရှီသည် သူ၏ လက်များကို လက်စွပ်အတွင်း၌ လက်သီးဆုပ်ထားပြီး စိတ်လှုပ်ရှားစွာဖြင့် စူးစိုက်ကြည့်နေမိသည်။ အန်းရှန့်ထျန်း ထိုနေရာမှာပင် သေဆုံးသွားမည်ကို သူစိုးရိမ်နေ၏။
မြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ အသားများ ချက်ချင်း ပြန့်ကြဲသွားပြီးနောက် လူတစ်ယောက် အသက်ရှင်နိုင်ပါဦးမည်လော။
ခရမ်းရောင်အမှောင်ဖျော့ဖျော့ မြူခိုးများသည် မကြာမီ အရိုးစုကို ဖုံးလွှမ်းသွားပြီးနောက် လှိုင်းထကာ ဖြည်းဖြည်းချင်း အသား၏ ပုံသဏ္ဌာန်ကို ဖြစ်ပေါ်လာစေခဲ့သည်။
"ဒါက..." ကျန်းရှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ မျက်နှာအမူအရာမှာ အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
ကုအန်ကတော့ မျက်နှာထားမပြောင်းပေ။ ဤသည်မှာ သူတန်ဖိုးကြီးစွာဖြင့် ရယူခဲ့သော နဝမအဆင့်ဆေးပင်ဖြစ်ပြီး ကြီးမားသော ဝိညာဉ်စွမ်းအင်များ ပါဝင်သောကြောင့် အသွေးသားခန္ဓာကိုယ်ကို ပုံသွင်းခြင်းမှာ စိန်ခေါ်မှုမရှိပေ။ အဓိကမှာ အန်ရှန့်ထျန်း၏ အသက်စွမ်းအားကို ထိန်းချုပ်ထားရန်သာ လိုသည်။ သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်မသွားသရွေ့ စီမံခန့်ခွဲနိုင်သည်။
"ဘဝသစ်နဲ့ ကံကြမ္မာသစ်၊ ဒီကနေစပြီး မင်းဘယ်လမ်းကို လျှောက်မလဲ။"
ကုအန်သည် အန်ရှန့်ထျန်း၏ အများဆုံးသက်တမ်း တိုးလာမည်လားဟုလည်း တွေးတောရင်း မိမိကိုယ်ကို တွေးနေမိသည်။ တကယ်လို့ တိုးနိုင်ခဲ့ရင် ဒီလုပ်ရပ်ဟာ ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပေလိမ့်မည်။
အပေါ်ထပ်အခန်းထဲတွင် ကုအန်သည် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေပြီး သူ၏ မျက်လုံးများမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေ၏။
[အန်ရှန့်ထျန်း (အခြေတည်အဆင့် ၈ ): ၂၀/၃၅၀/၅၀၀၀]
သူ၏ ကျင့်ကြံမှုအဆင့် တိုးလာသကဲ့သို့ သူ၏ သက်တမ်းလည်း တိုးလာသော်လည်း သူ၏ အများဆုံးသက်တမ်းကတော့ မတိုးလာခဲ့ပေ။
ဆိုလိုသည်မှာ သွေးမျိုးရိုးကို အစားထိုးခြင်းသည် အများဆုံးသက်တမ်းကို ပြောင်းလဲနိုင်သော နည်းလမ်းမဟုတ်ပေ။
အများဆုံးသက်တမ်းဟူသော သဘောတရားသည် ကုအန်၏ အမြင်တွင် ပို၍ပင် ရှုပ်ထွေးသွားသည်။ ကံကောင်းစွာဖြင့် အန်ရှန့်ထျန်းသည် အန်မိသားစု၏ ကံကြမ္မာမှ လွတ်မြောက်ကာ ကံကြမ္မာကို ဆန့်ကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံရသည်။
"ဆရာ ကျွန်တော် သူ့ကို ခေါ်သွားလို့ရမလား" ကျန်းရှီသည် အန်ရှန့်ထျန်းကို ပွေ့ထားရင်း စိုးရိမ်သောမျက်နှာဖြင့် မေးလိုက်သည်။ အန်ရှန့်ထျန်းကို အရှက်လုံစေရန် ဝတ်ရုံတစ်ထည်ဖြင့် ဖုံးအုပ်ထား၏။ သူ နိုးမလာသေးပေ။
ကုအန်က ခေါင်းညိတ်ပြလိုက်ရာ ကျန်းရှီသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဤသည်မှာ အန်ရှန့်ထျန်း အသက်အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း အချက်ပြခြင်းပင်။ သူသည် ချက်ချင်းပင် အန်ရှန့်ထျန်းကို သယ်ဆောင်ကာ ထွက်သွားသည်။
အိမ်မှ ထွက်သွားပြီးနောက် သူသည် တံခါးကိုလည်း သူ့ဘာသာသူ ပိတ်သွားခဲ့သည်။
ကုအန်သည် လုချိုးရှန်အကြောင်းကို စတင်စဉ်းစားနေသည်။
လုဟန်ကို မဟူရာဆန်းကြယ်ဧကရာဇ်က သေဒဏ်ပေးပြီးနောက် လုချိုးရှန် ဘယ်လိုအသက်ရှင်ကျန်ရစ်ခဲ့သလဲ။
၎င်း၏ နောက်ကွယ်တွင် ဇာတ်လမ်းများစွာ ရှိရပေမည်။
တစ်ချိန်တည်းမှာပင် အဓိပတိဂိုဏ်းမှ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော တောင်တန်းများပေါ်တွင် မြင်းရထားများ ခရီးဆက်နေသည်။ စစ်ယန်အာသည် မြင်းရထား၏ ကြမ်းပြင်ပေါ်တွင် တရားထိုင်နေစဉ် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်နေတာလဲ... ဒီခံစားချက်... ဒါက ဘာလဲ၊ ဘာလို့ ဘာတခုမှ ငါမမှတ်မိနိုင်ရတာလဲ"
စစ်ယန်အာသည် မိမိကိုယ်ကို ညည်းတွားရင်း သူ၏ အတွင်းစိတ်ထဲတွင် ရှင်းပြမရနိုင်သော လစ်ဟာမှုကို ခံစားနေရသည်။
သူမ၏ နောက်က မြင်းရထားထဲတွင် မျိုးသမီး ၂ယောက်သည်လည်း ထိုသို့ပင် ခံစားနေရပြီး သူတို့၏ ရင်ဘတ်ကို ဆုပ်ကိုင်ကာ တိတ်ဆိတ်စွာဖြင့် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုထဲ နစ်မြုပ်နေကြသည်။
သူတို့၏ ဝမ်းနည်းပူဆွေးရခြင်း အကြောင်းရင်းကိုမူ သူတို့ကိုယ်တိုင် နားမလည်ကြပေ။
အမတမင်းဆက်၏ အဝေးတစ်နေရာ၌ ရှိနေသော အန်ဟောင် သည်လည်း ထိုခံစားချက်ကို ခံစားမိ၏။ သူသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်ခုံးများမှာ စိုးရိမ်မှုကြောင့် တွန့်ချိုးနေသည်။ သူသည် အဝေးမှ နေဝင်ဆည်းဆာကို ကြည့်လိုက်ပြီး သူ၏ အကြည့်များမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် တောင်ကမ်းပါးတစ်ခုပေါ်တွင် တရားထိုင်နေပြီး သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းများဖြင့် ချည်နှောင်ထားသဖြင့် ထ၍မရနိုင်ပေ။
"ဘယ်သူက ငါနဲ့ရှိတဲ့ ကံကြမ္မာအနှောင်အဖွဲ့ကို ဖြတ်တောက်ဖို့ ကြိုးစားနေတာလဲ..." အန်ဟောင် သည် ကောင်းကင်တာအို၏ အမွေအနှစ်ကို ရရှိခဲ့ပြီးကတည်းက အကြောင်းနှင့်အကျိုးတရားလမ်းစဉ်ကို လေ့လာခဲ့သော်လည်း အံ့ဩစွာ တွေးနေမိသည်။ သို့သော် သူ၏ အကြောင်းနှင့်အကျိုးတရားလမ်းစဉ်အပေါ် နားလည်မှုမှာ အားနည်းနေသေးပြီး ၎င်း၏ နက်နဲမှုများကို ကောက်ချက်ချနိုင်စွမ်း မရှိသေးပေ။
သူ အဖြေရှာမရသည့်အတွက်ကြောင့် ဤအပြစ်ဒဏ်ကို အမတမင်းဆက်ကြောင့်ဟု သတ်မှတ်လိုက်ပြီး ဆက်မတွေးတော့ဘဲ သူ၏ ထိုးထွင်းသိမြင်ရန် ကြိုးစားမှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။
အမတမင်းဆက်၏ ဖိနှိပ်မှုအောက်တွင် သူသည် ထိတ်လန့်မနေပေ။ သူ၏ ဆရာရှိနေသရွေ့ အမတမင်းဆက်သည် မိုက်မိုက်ကန်းကန်း မလုပ်ရဲမှန်း သူသိသည်။
သူ၏ ဆရာက ဆောင်းဦးညချမ်းအမတသခင်ကို သတ်ဖြတ်ခဲ့သည်ဟု ကြားသိရသောအခါ သူအလွန်အံ့ဩသွားခဲ့သည်။ ထိုပုဂ္ဂိုလ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူ့အပေါ် ကြီးမားသော အထင်အမြင်ကို ဖြစ်စေခဲ့သည်။ ထိုသို့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ဆရာရှေ့တွင် အစွမ်းအစမရှိ ဖြစ်သွားလိမ့်မည်ဟု အန်ဟောင်အတွက် စိတ်ကူးပင်မယဉ်နိုင်ပေ။
သူသည် မည်မျှပင် အစွမ်းထက်သော ပုဂ္ဂိုလ်နှင့် တွေ့ကြုံရသည်ဖြစ်စေ၊ မည်မျှပင် နက်ရှိုင်းသော အင်အားစု၏ အမွေအနှစ်နှင့် တွေ့ကြုံရသည်ဖြစ်စေ၊ ထို ပြိုင်စံရှားဟု ထင်ရသော ပုဂ္ဂိုလ်များပင်လျှင် သူ၏ ဆရာရှေ့တွင် ဘာမှမဟုတ်သလို ဖြစ်နေသည်ကို သူတွေ့ရှိခဲ့သည်။
သူ၏ဆရာမည်မျှအထိ သန်မာသည်ကို သူ နားမလည်နိုင်ပေ။
လက်ရှိ ကောင်းကင်အောက်တွင် နံပါတ်တစ်ဟု လူအများက အသိအမှတ်ပြုထားသော ယန်ရှန်ဧကရာဇ်သည် သူ၏ ဆရာနှင့် တွေ့ဆုံပါက မည်သို့ ဖြစ်လာမည်ကိုပင် သူမျှော်လင့်နေမိသည်။ သူ၏ ဆရာသည်လည်း ကောင်းကင်အောက်တွင် နုံပါတ် တစ် ဖြစ်နိုင်သည်ဟု သူယုံကြည်၏။
သူ၏ ဆရာ၏ အစွမ်းကို တွေးမိသောအခါ အန်းဟောင် သည် သူ၏ အာရုံပျံ့လွင့်မှုများကို ဘေးဖယ်ထားလိုက်ပြီး စိတ်အားထက်သန်မှုများ တိုးပွားလာသည်ကို ခံစားလိုက်ရသည်။
သူသည် သူ၏ ဆရာကို အမြန်ဆုံး လိုက်မီချင်၏။
အခန်း ၄၁၄ ရှာဖွေခြင်း
နေ့ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ နှစ်သစ်ကူးနေ့သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ အရုဏ်တက်ချိန်တွင် နက်နဲတောင်ကြားသည် ပွဲတော်အတွက် ပြင်ဆင်မှုများ စတင်နေသည်။
အန်ရှန့်ထျန်းသည် တောထဲတွင် ထင်းခုတ်နေပြီး သူ၏ ဆံပင်ကို နောက်စေ့တွင် မြင့်မြင့်စည်းထားရာ သူ၏ တင်းမာသော မျက်နှာသွင်ပြင်ကို ပေါ်လွင်စေသည်။
အမျိုးသမီးတပည့်တစ်ဦးသည် လက်ဖက်ရည်အိုးတစ်လုံးကို ကိုင်ကာ ချဉ်းကပ်လာပြီး အန်ရှန့်ထျန်းကို တုံ့ဆိုင်းစွာကြည့်ကာ "အစ်ကိုကြီး၊ ပင်ပန်းနေပြီလား။ ဝိညာဉ်လက်ဖက်ရည် သောက်မလား"
သူမသည် အန်းရှန့်ထျန်းကို ကြည့်ရင်း ရှက်ကိုးရှက်ကန်းအမူအရာ ဖြစ်သွားသည်။
အန်းရှန့်ထျန်းက ရေခဲအရည်ပျော်သွားသကဲ့သို့ ပြုံးလိုက်ပြီး ခေါင်းလှည့်ကာ "အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ပင်ပန်းမှာလဲ။ ဒါပေမဲ့ ညီမရဲ့ ကြင်နာမှုကိုတော့ ကျွန်တော် မငြင်းနိုင်ပါဘူး။ အဲ့ဒီမှာပဲ ထားခဲ့လိုက်ပါ၊ ကျွန်တော် လက်ဖက်ရည်အိုးကို ပြန်ယူလာပေးပါ့မယ်"
အမျိုးသမီးတပည့်က တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ချုံပုတ်များ လှုပ်ခတ်သွားပြီး သမင်ဖြူတစ်ကောင် သူတို့အနားမှ ပြေးထွက်သွားသည်။ အမျိုးသားတပည့်တစ်ဦးက ၎င်း၏ နောက်သို့ လိုက်သွားပြီး အန်ရှန့်ထျန်းနှင့် အမျိုးသမီးတပည့်ကို အနှောင့်အယှက်ဖြစ်မည်စိုး၍ မကြည့်ဝံ့ပေ။
အန်ရှန့်ထျန်းက မော့ကြည့်လိုက်ပြီး မနေနိုင်ဘဲ ပြုံးလိုက်သည်။
အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သော်လည်း သူမ၏ အစ်ကိုကြီးကို ဆက်လက်မနှောင့်ယှက်လိုသောကြောင့် အမျိုးသမီးတပည့်သည် လက်ဖက်ရည်အိုးကို စိတ်မသက်မသာဖြင့် ချထားပြီး ထွက်သွားခဲ့သည်။
နက်နဲတောင်ကြားအတွင်း ကုအန်သည် ရှန်ကျန်းနှင့် ပခုံးချင်းယှဉ်ရပ်ကာ ဆေးဥယျာဉ်၏ ရှုခင်းကို သဘောကျစွာ ကြည့်ရှုနေသည်။
"ဒီကိုရောက်လာပြီဆိုတော့ ပြောပါဦး၊ ဘာလို့ ဒီနေရာကို လာကြည့်ချင်ရတာလဲ။" ကုအန်က ရှန်ကျန်းဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်သည်။
ရှန်ကျန်း၏ အကြည့်များက တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ဝေ့ဝဲနေပြီး "မဟုတ်ဘူး၊ ဒါမမှန်ဘူး" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘာက မမှန်တာလဲ။"
ကုအန်က နားမလည်စွာ မေးလိုက်သည်။ သူမနှင့် ထိုနေ့က တွေ့ပြီးကတည်းက သူမအကြောင်း တစ်ခုခုမှားနေသည်ဟု သူခံစားမိသည်။ သူမသည် အမြဲတမ်းတွေတွေဝေဝေဖြစ်နေသကဲ့သို့ပင်။
မကြာသေးမီက ရှန်ကျန်း၏ ပတ်ဝန်းကျင်တွင် ပြန်လည်ဝင်စားခြင်းအရှိန်အဝါက ပိုမိုအားကောင်းလာ၏။ ဤသည်မှာ ကုအန်သည် ကျိရှောင်ယု၏ ပတ်ဝန်းကျင်တွင်သာ ခံစားဖူးသော ခံစားချက်ဖြစ်ပြီး ဆိုလိုသည်မှာ ကျိရှောင်ယုသည် သူမ၏ အတိတ်ဘဝအမှတ်ဉာဏ်များကို နိုးထလာနေခြင်းဖြစ်သည်။
ရှန်ကျန်းသည် ကုအန်ကို အဖြေမပေးဘဲ လမ်းလျှောက်ထွက်သွားသည်။
အန်ရှန့်ထျန်း ရှိနေသော တောအုပ်ဘက်သို့ ဦးတည်နေ၏။
ကုအန်သည် ရှန်ကျန်း ဘာရှာနေသည်ကို သိချင်စိတ်ဖြင့် သူမနောက်သို့ လိုက်သွားသည်။
အန်ရှန့်ထျန်းနဲ့ ပတ်သက်နေတာလား။
ကုအန်သည် ထူးဆန်းသော တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ဟု ခံစားမိကာ ရှုပ်ထွေးနေသည်။
ရှန်ကျန်းသည် တောအုပ်သို့ ရောက်သောအခါ၊ သူမသည် အမျိုးသမီးတပည့်နှင့် မတော်တဆ ဖြတ်သွားသည်။ ထိုတပည့်သည် ရှန်ကျန်းကို အလိုလို ကြည့်လိုက်မိသည်။ သူမ၏ ထူးခြားသော အရှိန်အဝါနှင့် မျက်နှာဖုံးစွပ်ထားသော မျက်နှာတို့က သူမကို ဆွဲဆောင်သွားပြီး နတ်သမီးတစ်ပါးကို မြင်လိုက်ရသကဲ့သို့ မှင်သက်မိသွားစေသည်။
ကုအန် သူမအနားမှ ဖြတ်သွားမှသာ သူမ အသိပြန်ဝင်လာသည်။
ရှန်ကျန်း မည်သူမည်ဝါဖြစ်ကြောင်း သိချင်သော်လည်း သူမနောက်သို့ လိုက်မသွားရဲပေ။ တပည့်အသစ်များအတွက် နက်နဲတောင်ကြားတွင် ကုအန်၏ သြဇာအာဏာသည် အမြင့်ဆုံးဖြစ်သည်။
အန်ရှန့်ထျန်းကို မြင်လိုက်သောအခါ ရှန်ကျန်း၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
အန်ရှန့်ထျန်းသည် တစ်စုံတစ်ခုကို ခံစားမိပုံရပြီး အလိုလို ခေါင်းလှည့်လိုက်သည်။ သူ၏ မျက်လုံးများနှင့် ရှန်ကျန်း၏ မျက်လုံးများ ဆုံမိသောအခါ သူမျက်မှောင်ကြုတ်လိုက်ပြီး မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။
ရှန်ကျန်း၏ မျက်ဆံများမှာ ထူးခြားစွာ လင်းလက်နေပြီး သူမ၏ နှုတ်ခမ်းထောင့်များမှာ မျက်နှာဖုံးအောက်တွင် ကွေးတက်သွားသည်။
"ဘာဖြစ်လို့လဲ။" ကုအန်က ရောက်လာပြီး မေးလိုက်သည်။
သူ့ကို မြင်သောအခါ အန်းရှန့်ထျန်းသည် ချက်ချင်း လက်မြှောက်၍ အရိုအသေပြုလိုက်သည်။
ရှန်ကျန်းသည် ကုအန်ကို လျစ်လျူရှုကာ ထူးဆန်းသော လေသံဖြင့် "ကောင်းကင်တာအိုကိုဆန့်ကျင်သူတွေ ပျောက်ကွယ်သင့်တယ်"
အန်ရှန့်ထျန်း၏ မျက်မှောင်များ ပိုမိုကြုတ်သွားပြီး ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရကာ အလိုလို ကြောက်ရွံ့သွားစေသည်။
ကုအန်သည် ရှန်ကျန်း၏ ရှေ့တွင် ရပ်လိုက်ပြီး "မင်းအဆင်ပြေရဲ့လား" ဟု စိုးရိမ်တကြီးမေးလိုက်သည်။
သူသည် ရှန်ကျန်း၏ ပခုံးကို တို့ထိရန် လက်လှမ်းလိုက်သည်။
ဘန်း!
ရှန်ကျန်းသည် ကုအန်၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး သူမ၏ အကြည့်များမှာ နီရဲကာ အေးစက်စွာပြော၏ "ငါအဆင်ပြေတယ်၊ ငါ့ကို မထိနဲ့"
[နတ်ဆိုးကမ်းပါးသည် သင့်အပေါ် ရန်လိုစိတ်များ ဖြစ်ပေါ်လာပြီး သင့်အား ချေမှုန်းရန် ကြိုးစားနေသည်။ သင်သည် သက်တမ်းစစ်ဆေးခြင်းကို အသုံးပြုလိုပါသလား။]
နတ်ဆိုးကမ်းပါးလား
ကုအန်သည် ဤနာမည်ကို တစ်ခါမှမကြားဖူးသောကြောင့် သက်တမ်းစစ်ဆေးခြင်းကို ချက်ချင်းပြုလုပ်ရန် ရွေးချယ်လိုက်သည်။
[နတ်ဆိုးကမ်းပါး (လွတ်ငြိမ်းရာအမတအဆင့် ကိုးလွှာ): ၅၈၀၂၇၆၁၂/၅၀၀၀၀၀၀၀၀/၁၀၀၀၀၀၀၀၀၀]
သက်တမ်း နှစ်သန်းပေါင်း ၅၀၀၊ အများဆုံးသက်တမ်းက ၁ ဘီလီယံအထိ ရှိ၏။
ဒီလူက ဘာလို့ ငါ့အပေါ်မှာ ရန်လိုမုန်းတီးနေရတာလဲ။
ရှန်ကျန်းက ဒီလောက်ထူးဆန်းနေတာ ဒီလူရဲ့ ချယ်လှယ်မှုကို ခံနေရလို့များလား။ ကုအန်သည် သူ့ရှေ့တွင် ရပ်နေသော ရှန်ကျန်းကို အံ့အားသင့်ဟန်ဆောင်ကာ ကြည့်လိုက်သည်။
ရှန်ကျန်းက ကုအန်ကိုကြည့်ရန် ခေါင်းအနည်းငယ်စောင်းရင်း "ပြဿနာရှိလို့လဲလား" ဟု မေးလိုက်သည်။
အသံက ရှန်ကျန်း၏အသံဖြစ်သော်လည်း အသံနေအသံထားကတော့ လုံးဝမဟုတ်ပေ။
ကုအန်က တင်းမာနေဟန်ပြုရင်း "မရှိပါဘူး" ဟု ပြန်ဖြေလိုက်သည်။
ရှန်ကျန်းက သူ့ကိုလွှတ်ပေးလိုက်ပြီးနောက် ဘေးသို့တစ်လှမ်းဆုတ်ကာ အန်ရှန့်ထျန်းကို စူးစိုက်ကြည့်လိုက်၏။
ရှန်ကျန်းက ပြုံးလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။ အန်ရှန့်ထျန်းက အသက်ကိုပြင်းပြင်းရှူကာ ကုအန်ဘေးသို့ ရောက်လာပြီး တစ်စုံတစ်ခုပြောဟန်ပြုသော်လည်း ကုအန်က လက်ကာပြလိုက်ပြီး သူ့ကိုစကားမပြောရန် အချက်ပြလိုက်သည်။
ရှန်ကျန်း သစ်တောအုပ်ထဲမှ ထွက်သွားသည်နှင့် ကုအန်၏ မျက်နှာအမူအရာသည် ရေခဲတမျှ အေးစက်သွားသည်။
"ဆရာ သူမက..." အန်ရှန့်ထျန်းက သတိကြီးစွာဖြင့် စကားစလိုက်သည်။ ရှန်ကျန်း၏အကြည့်များသည် သူ့ကိုကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီး သဘာဝသားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံရသလိုပင်၊ ကြီးမားသော ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်ဟုပင် ခံစားလိုက်ရသည်။
"အဆင်ပြေပါတယ်"
ကုအန်က စကားနှစ်ခွန်းသာ ပြောလိုက်ရာ အန်ရှန့်ထျန်းသည် ချက်ချင်း စိတ်အေးသွားသည်။
"ဆရာ" ဆိုသည့် စကားလုံးတစ်လုံးတည်းနဲ့တင် လုံလောက်သွားပြီ။
အန်ရှန့်ထျန်းသည် ကုအန်မှာ ဆရာသခင်ဓားအရှင် ဖြစ်ကြောင်း ကောင်းကောင်းသိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်ကို ပြန်တွေးမိသောအခါ သူ၏စိတ်သည် ချက်ချင်း တက်ကြွလာခဲ့သည်။
ဆရာက သူ့နောက်မှာရှိနေမှတော့ ဘာကိုကြောက်စရာလိုသေးလဲ။
သူ၏တာဝန်မှာ အန်ဟောင်ကို ကျော်လွန်နိုင်ရန် ကြိုးစားကျင့်ကြံပြီး ဆရာ့ကို ဂုဏ်ယူစေရန်သာ ဖြစ်သည်။
ကုအန်က အန်ရှန့်ထျန်း၏ပခုံးကို ပုတ်ကာ ဆက်လက်ကြိုးစားရန် အားပေးလိုက်သည်။
အန်ရှန့်ထျန်းသည် ကုအန်၏ ထွက်ခွာသွားသောကျောပြင်ကိုကြည့်ရင်း သူ၏ပခုံးကိုပြန်ကိုင်ကာ ခပ်ဖွဖွရယ်လိုက်မိသည်။ လာမည့် နွေဦးပွဲတော်သည် စည်ကားမြဲစည်ကားလျက်ရှိသည်။ ကုအန်က နတ်ဆိုးကမ်းပါးအကြောင်း စဉ်းစားနေသော်လည်း ပုံမှန်အတိုင်းပင်ပြုမူကာ တပည့်များနှင့်အတူ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့၏။
လွန်ခဲ့သောနှစ်အနည်းငယ်က ဆရာသခင်ဓားအရှင် ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ထိုက်ချန်းတိုက်ကြီးရှိ မငြိမ်မသက်မှုများစွာ လျော့ပါးသွားခဲ့ရာ မကြာသေးမီက နွေဦးပွဲတော်များသည်ပင် အလွန်စည်ကားလာခဲ့သည်။ အထူးသဖြင့် အဓိပတိဂိုဏ်းမှ တပည့်များသည် ထိုသို့သောနေ့များတွင် စိတ်ပူပန်မှုများကို ဖယ်ရှားပြီး အနာဂတ်အတွက် မျှော်လင့်ချက်များ စတင်မွေးမြူလာကြသည်။
ညဉ့်နက်သည်အထိပင်။
တတိယဆေးတောင်ကြား၊ အိမ်ခန်းအဆောင်ထဲတွင်။
ကုအန်သည် စားပွဲတွင်ထိုင်ကာ မျက်လုံးမှိတ်ထားရင်း သူ၏နတ်အာရုံဖြင့် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို အပြင်းအထန် ရှာဖွေစူးစမ်း၏။
ရှန်ကျန်းနှင့်တူသော အကြောင်းအကျိုးဆက်နွယ်မှုကို ရှာမတွေ့သောအခါ သူ၏နတ်အာရုံကို စကြဝဠာထဲသို့ ဖြန့်ကျက်လိုက်တော့သည်။
နတ်ဆိုးကမ်းပါး၏ ကျင့်ကြံမှုအဆင့်သည် သူ့ထက်နိမ့်သော်လည်း တစ်စုံတစ်ယောက်၏ မုန်းတီးခြင်းကို ခံရသည်မှာ သည်းမခံနိုင်စရာပင်။
အထူးသဖြင့် ရန်သူက သူ၏မူလခန္ဓာကိုယ်ကို မုန်းတီးနေခြင်း ဖြစ်သည်။
နောင်ဖြစ်လာမည့် ပြဿနာများကို တားဆီးရန် သူ သေကိုသေရမည်!
ထိုညတွင် အဓိပတိဂိုဏ်းအတွင်း စိတ်အခြေအနေအဆိုးဆုံးလူမှာ သူတို့ထဲတွင် အင်အားအကြီးဆုံးသူပင် ဖြစ်လိုနေခဲ၏။