← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 32 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 32 Ch. 423-424

Htet Paing:

အခန်း ၄၂၃ ကျူးရှီ၏ သတိကြီးမှု

"ဆရာ...ဆရာ ဘာကို ကြည့်နေတာလဲ။"

အန်ရှင်းက စပ်စုစွာ မေးလိုက်ပြီး သူမလည်း မော့ကြည့်လိုက်သော်လည်း ကောင်းကင်တွင် ဘာမှမရှိပေ။

ကုအန်က ဘာမှမရှိဘဲ ကြည့်နေမည်ဟု သူမ မယုံကြည်ပေ။ သူ တစ်ခုခုကို မြင်တွေ့လိုက်ခြင်း ဖြစ်ရမည်။

ကုအန်က သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြုံးဖြင့် ပြောလိုက်သည်။"နောက်ထပ် ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် သေမျိုးကမ္ဘာကို ဆင်းသက်လာပြန်ပြီ။"

"ဘယ်လောက်တောင် ပြိုင်ဘက်ကင်းတာလဲ။"

"ကောင်းကင်ဘုံကတောင် မတားဆီးနိုင်လောက်အောင် ပြိုင်ဘက်ကင်းတယ်။"

သူ၏စကားကိုနားထောင်ရင်း အန်ရှင်းက တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။

ထို့နောက် ကုအန်က အန်ရှန့်ထျန်းကို ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် ပြိုင်ဘက်ကင်းသော ပါရမီရှင်များ အလွန်များပြားနေသောကြောင့် သူ့အမြင်တွင် အန်ရှန့်ထျန်း၏ ပါရမီသည် သာမန်မျှသာ ဖြစ်နေပုံရသည်။

သို့သော်လည်း အရေးမကြီးပေ။ ကုအန်က သူ့ကို လက်ခံထားခြင်းမှာ ကူညီပေးလိုသည့် စိတ်သက်သက်သာဖြစ်ပြီး ပြန်လည်တုံ့ပြန်မှုကို မျှော်လင့်မထားပေ။

မျိုးဆက်သစ်များတွင် သူတို့၏ ကိုယ်ပိုင်ဘဝများ ရှိကြသည်။ သူက အကူအညီပေးရန်သာ ရှိနေပြီး သူတို့ ဘယ်လမ်းကို ရွေးချယ်သွားမည်မှာ သူ့ကိစ္စမဟုတ်ပေ။

ကုအန်က သူ၏အာရုံကို ပြောင်းလိုက်ပြီး နက်နဲတောင်ကြားသို့ လျှောက်သွားရာ အန်ရှင်းက အလျင်အမြန် လိုက်ပါသွားသည်။

ကျန်းရှီက ခေါင်းလှည့်လိုက်ရင်း စိုးရိမ်သောကရောက်နေမိသည်။

ကုအန်သည် အဓိပတိဂိုဏ်း၏ ဒဏ္ဍာရီလာ ဆရာသခင်ဓားအရှင် ဖြစ်ကြောင်း သူသိသည်။

အန်ရှန့်ထျန်းသည် အန်ဟောင်နှင့် အလှမ်းဝေးကွာနေသည်မှာ ထင်ရှားပြီး အန်ဟောင်၏ စွမ်းဆောင်မှုများကို ကြားဖူးသည့် ကျန်းရှီက အန်ဟောင်၏ အရှိန်အဟုန် မည်မျှအံ့ဩဖွယ်ကောင်းသည်ကို သိသည်။

အန်ဟောင်တွင် ထိုမယုံနိုင်စရာ အရှိန်အဟုန် ရှိနေခြင်းမှာ ကုအန်ကိုယ်တိုင် လမ်းညွှန်ပြသခဲ့သောကြောင့် ဖြစ်ပြီး၊ ဤသည်မှာ အန်ရှန့်ထျန်း မရရှိခဲ့သည့် အခွင့်အရေး ဖြစ်သည်။

ကုအန်က အန်ရှန့်ထျန်း၏ လေ့ကျင့်မှုကို အကြိမ်များစွာ ကြည့်ရှုခဲ့သော်လည်း ကြည့်ရှုရုံသာဖြစ်၍ ကျန်းရှီကို စိုးရိမ်ပူပန်စေခဲ့သည်။

ခိုင်မာသော အခြေခံမရှိပါက ထိုပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် ကွာဟမှုမှာ ပို၍သာ ကျယ်ပြန့်လာပေလိမ့်မည်။

"ဆရာ၊ ကျွန်တော့်ရဲ့ ဓားသိုင်းက ဘယ်လိုနေလဲ။"

အန်ရှန့်ထျန်းက ရုတ်တရက် ခေါင်းလှည့်၍ ကျန်းရှီကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

အန်ရှန့်ထျန်းက နားမလည်နိုင် ဖြစ်နေ၏။ သူ့ဆရာက အဘယ်ကြောင့် စိတ်မကြည်မလင် ဖြစ်နေသကဲ့သို့ ထင်ရသနည်း။

ကျန်းရှီက ဖြစ်ကတတ်ဆန်း ဖြေလိုက်သည်။ "မင်း ပိုပြီးလေ့ကျင့်ဖို့ လိုသေးတယ်။"

ထိုသို့ပြောပြီးနောက် သူက လက်ကိုဝှေ့ယမ်းကာ ထွက်ခွာသွားသည်။

အန်ရှန့်ထျန်းက နားမလည်နိုင် ဖြစ်သွား၏။သူ့ဆရာက အဘယ်ကြောင့် စိတ်မကြည်မလင် ဖြစ်နေသကဲ့သို့ ထင်ရသနည်း။

တစ်ဖက်တွင်မူ ကုအန်က အန်ရှင်းကို သေမျိုးတောင်ထိပ်သို့ ခေါ်ဆောင်သွားပြီး သူမကို ကျင့်ကြံခြင်းပညာ သင်ကြားပေးခဲ့သည်။

ကုအန်သည် အန်ရှင်းကို ပြုစုပျိုးထောင်ရာတွင် အားကုန်ထုတ်ခဲ့သည်။မည်သို့ပင်ဆိုစေ သူမသည် သူ၏ အချစ်ဆုံးတပည့် ဖြစ်သည်။

သူသည် အန်ရှင်းကို အန်ဟောင်နှင့် ယန်ကျန့်တို့ထက် ကျော်လွန်အောင် လေ့ကျင့်ပေးရန် အမှန်တကယ် စီစဉ်ထားသည်။

လက်ရှိတွင် အန်ရှင်း၏ ပါရမီမှာ ထိုနှစ်ယောက်နှင့် အလှမ်းဝေးကွာနေသော်လည်း ကုအန်တွင် အရင်းအမြစ်များ ရှိပြီး သင်ကြားမှုများကို ပေးနိုင်သောကြောင့် ပါရမီကွာဟချက်ကို ပေါင်းကူးပေးနိုင်မည့် မျှော်လင့်ချက် ရှိနေသည်။

အန်ဟောင်နှင့် ယန်ကျန့်တို့တွင် အာကာပြင်တာအိုအမတ၏ လမ်းညွှန်မှု မရှိခဲ့ပေ။

ရှေးခေတ်နာရီ နှစ်ချက်တီး အချိန်ကြာပြီးနောက်။

ကုအန်သည် တောင်ပေါ်လမ်းအတိုင်း ဆင်းလာချိန်တွင် အန်ရှင်းက တောင်ထိပ်ပေါ်တွင် ကျန်ရစ်ခဲ့သည်။

သေမျိုးတောင်ထိပ်က တပည့်လက်ခံသည့် စံနှုန်းများ ပြောင်းလဲသွားသည့်အတွက် ယခုအခါ နိဗ္ဗာနအဆင့်အောက် တပည့်များစွာ ရှိနေပြီဖြစ်သည်။

လမ်းတစ်လျှောက်တွင် ကုအန်က သူ့ကို နှုတ်ဆက်ကြသော တပည့်များနှင့် တွေ့ဆုံခဲ့ပြီး သူက ပြုံးလျက် ခေါင်းညိတ်ပြလေ့ရှိသည်။ အမြဲပြောင်းလဲနေသော အဓိပတိဂိုဏ်းနှင့် မတူဘဲ ဒျန်ထျန်းတောင်ထိပ်မှာ များစွာ ပြောင်းလဲခြင်းမရှိပေ။ လမ်းတစ်လျှောက်ရှိ သစ်ပင်ပန်းမန်များပင် နှစ်ပေါင်းများစွာ မပြောင်းမလဲ ရှိနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်။

ကုအန်သည် ဒျန်ထျန်းတောင်ထိပ်၏ တောင်ခြေသို့ ရောက်လာပြီး ထိုနေရာတွင် တပည့်များ ပိုမိုများပြားလာကာ ဆူညံသံများလည်း ကျယ်လောင်လာသည်။

ဤနေရာတွင် ကုအန်ကို မှတ်မိသည့် တပည့်တစ်ဦးမှ မရှိသောကြောင့် မည်သူကမျှ သူ့ကို မနှုတ်ဆက်ကြပေ။

ကုအန်က ဆေးတောင်ကြားတစ်ခုသို့ သွားခဲ့၏။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ဥယျာဉ်ထဲတွင် အမျိုးသမီးတစ်ဦး ဝိညာဉ်ရေ ဖြန်းနေသည်ကို တွေ့လိုက်ရသည်။

သူမမှာ ထိုက်ချူယွမ်ဝါးမျိုခန္ဓာနှင့် ကျူးရှီပင် ဖြစ်သည်။

မကြာသေးမီက ကျူးရှီသည် ဒျန်ထျန်းတောင်ထိပ်မှ တပည့်တစ်ဦးကို ပြစ်မှားမိ၍ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရပြီး ဤနေရာတွင် ဆယ်နှစ်နီးပါး ဖိနှိပ်ခံခဲ့ရသည်။

ထိုဆယ်နှစ်တာကာလအတွင်း ကျူးရှီသည် အလွန်နာခံတတ်ခဲ့ပြီး တဖြည်းဖြည်းနှင့် ထိုတပည့်က သူမကို မေ့လျော့သွားစေခဲ့သည်။

ရေလောင်းနေစဉ် ကျူးရှီက တစ်စုံတစ်ခုကို ခံစားမိ၍ မော့ကြည့်လိုက်ရာ သူ့ကို ကြည့်နေသော ကုအန်ကို တွေ့လိုက်ရသည်။

သူမက စိတ်လှုပ်ရှားဟန်ဆောင်ကာ ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်၊ "အကြီးအကဲ၊ ကျွန်မ ဘာအကူအညီ ပေးရမလဲရှင့်။"

ဘယ်လိုဟန်ဆောင်မှုမျိုးလဲ။

ဤပုဂ္ဂိုလ်သည် စိတ်ဝိညာဥ်ခြေတည်အဆင့် ၅ တွင် ရှိနေပုံရသော်လည်း အမှန်တကယ်တွင်မူ သူမသည် တသားတည်းဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအင်ကို စားသုံးခဲ့ဖူးပြီး သူ၏ ဝိညာဉ်ကိုပင် ဖျက်ဆီးခဲ့ဖူးသည်။

ထိုက်ချူယွမ်ဝါးမျိုခန္ဓာ၏ အစွမ်းသည် မျက်မှောက်ခေတ်ရှိ ခန္ဓာအားလုံးထက် သာလွန်ပြီး အန်ဟောင် သို့မဟုတ် ယန်ကျန့်ပင် သူမနှင့် မယှဉ်နိုင်ပေ။

ကျူးရှီ၏ အစွမ်းကို ပေါ်ယံအဆင့်ဖြင့် တိုင်းတာ၍မရပေ။ တစ်နည်းအားဖြင့်ဆိုသော် သူမနှင့် ကုအန်တို့မှာ ဆင်တူကြသည်။ သူမက ဝိညာဉ်စွမ်းအင် စားသုံးနိုင်ပြီး ကုအန်ကမူ သက်တမ်းကို ယူနိုင်စွမ်းရှိသည်။

"ဘာမှမဟုတ်ပါဘူး၊ ဒီနားက ဖြတ်သွားရင်းနဲ့ ရောက်လာတာပါ။ ဒီဆေးတောင်ကြားထဲမှာ မင်းတစ်ယောက်တည်း ဘာလို့ ရှိနေတာလဲ။" ကုအန်က ရယ်မောရင်း မေးလိုက်၏။ သူ၏ နူးညံ့သိမ်မွေ့သော အမူအရာက ကျူးရှီ၏ စိတ်လှုပ်ရှားမှုကို လျော့ပါးစေသည်။

ကျူးရှီးက ပြန်ဖြေသည်"တောင်ကြားသခင်က တာအိုမိတ်ဆွေတစ်ယောက်ဆီ အလည်သွားနေပြီး ဘယ်တော့ပြန်လာမလဲ မသိဘူး။ သူပြန်ရောက်လာရင် ကျွန်မ ထွက်သွားလို့ရပါပြီ။"

ကုအန်က ကျူးရှီကို လာရန် လက်ယပ်ခေါ်လိုက်သည်။

ခဏမျှ တုံ့ဆိုင်းပြီးနောက် ကျူးရှီက ဆေးဥယျာဉ်ထဲမှ ထွက်လာပြီး ကုအန်ထံ ချဉ်းကပ်လာသည်။ ငါးလှမ်းအကွာတွင် ရပ်တန့်လိုက်ပြီး စိုးရိမ်စွာ မေးလိုက်သည်။"အကြီးအကဲ၊ ကျွန်မကို အတိအကျ ဘာများ ခိုင်းစရာ ရှိလို့ပါလဲ။"

ကုအန်က သူ၏ ညာလက်ကို မြှောက်ကာ လက်ချောင်းများကို ဖိညှစ်လိုက်ရာ လျှို့ဝှက်ကျမ်းငါးအုပ် သူ၏ လက်ထဲတွင် ပေါ်လာပြီး ယပ်တောင်ကဲ့သို့ ဖြန့်လိုက်သောအခါ ကျမ်းခေါင်းစဉ်များ ပေါ်လာသည်။

"မမျှော်လင့်ဘဲ တွေ့ဆုံခြင်းဟာ ကံကြမ္မာပဲ။ မင်းက ငါ့ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်၊ တစ်အုပ်ရွေးလိုက်။"

ကုအန်က တွက်ချက်ကြည့်ပြီးသားဖြစ်သည်။ အခြေအနေများ ဤအတိုင်း ဆက်သွားပါက ကျူးရှီသည် သေမျိုးတောင်ထိပ်နှင့် ရန်ဘက်ဖြစ်မည့် လမ်းကို မလွဲမသွေ လျှောက်လှမ်းပေလိမ့်မည်။ သူသည် ဒျန်ထျန်းတောင်ထိပ်၏ တောင်ထိပ်မှူးဖြစ်သည့်အပြင် သေမျိုးတောင်ထိပ်အတွက် တစ်ခုခု လုပ်ပေးသင့်၏။ ထို့အပြင် သူက ကျူးရှီး၏ အနာဂတ်ကို အလွန်မျှော်လင့်နေသည်။

ကျူးရှီးက ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ထင်ဟပ်သွားသည်။

ကောင်းကင်နှင့်မြေကြီး မူလကျင့်စဉ်၊ ခေတ်အဆက်ဆက်ကို ဖြတ်ကျော်ခြင်းခြေလှမ်းကျင့်စဉ်၊ တာအိုဂိုဏ်းမူလစွမ်းအင်၊ မူလဘူတပြန်လည်ဝင်စားခြင်းကျင့်စဉ်၊ လက်ဖဝါးထဲမှ စကြဝဠာ!

၎င်းတို့အားလုံးသည် အထင်ကြီးစရာကောင်းသော်လည်း မယုံကြည်ရလောက်အောင် ထင်ရသည်။

ပြိုင်ဘက်ကင်း လျှို့ဝှက်ကျမ်းများကို စက္ကူပေါ်တွင် ဘယ်တုန်းက ရေးထိုးခဲ့ဖူးသနည်း။ အမတကျင့်ကြံခြင်းဂိုဏ်းများက နတ်ဘုရားအာရုံဖြင့် ဖတ်ရှုရသော ကျောက်စိမ်းပေလွှာများကို သုံးကြသည်။

ကုအန်က အလျင်မလိုဘဲ သူမကို ရွေးချယ်ခွင့် ပေးထားသည်။

အကယ်၍ သူမက တစ်ခုမှ မကြိုက်လျှင်လည်း ထားလိုက်တော့မည်။

ကုအန်က ဖြစ်နိုင်ခြေရှိသော နာကြည်းမှုကို ဖြေရှင်းရန် ဤနည်းလမ်းကို အသုံးမပြုဘဲလည်း နေနိုင်၏။ အကယ်၍ ကျူးရှီက ဒျန်ထျန်းတောင်ထိပ်တွင် ပြဿနာရှာဝံ့ပါက သူက လက်တစ်ဖက်လှန်ရုံဖြင့် သူမကို ဖိနှိပ်နိုင်သည်။

ယွမ့်ပေါင်းစည်းသန့်စင်ခြင်းခန္ဓာကို ကျင့်ကြံသော မဟာကျင့်ကြံသူတစ်ဦး၏ ကြီးမားလှသောစွမ်းအင်ကို ထိုက်ချူယွမ်ဝါမျိုခန္ဓာက စားသုံးနိုင်ပါ့မလား။

ကျူးရှီက သံသယဝင်နေသော်လည်း ဒုတိယအတွေးတစ်ခု ဝင်လာသည် - စာအုပ်တစ်အုပ် ရွေးလိုက်ခြင်းက အရှုံးမရှိနိုင်။ အကယ်၍ သူမ ငြင်းလိုက်လျှင် ထိုလူက ဒေါသထွက်လာလျှင်ကော။

နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီးနောက် ကျူးရှီသည် ပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး ၎င်းတို့ကို ဖြေရှင်းရာတွင် အတွေ့အကြုံရှိသည်။

သူမက လျှို့ဝှက်ကျမ်းတစ်အုပ်ကို ဆွဲယူလိုက်ပြီး ကုအန်ကို အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ခေတ်အဆက်ဆက်ကို ဖြတ်ကျော်ခြင်း ခြေလှမ်းကျင့်စဉ်!

ကုအန်က သူမကို စူးစိုက်စွာ တစ်ခဏကြည့်လိုက်ပြီးနောက် ပြုံးကာ လှည့်ထွက်သွားသည်။

ကျူးရှီက သူ ထိုအတိုင်း လမ်းလျှောက်ထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကုအန်၏ ပုံရိပ် တောင်ပေါ်လမ်းကွေ့တွင် ပျောက်ကွယ်သွားသည်အထိ သူမ ကြည့်နေပြီးမှ တောင်ကြားထဲသို့ ပြန်ဝင်လာသည်။

သူမက ရေဆက်မလောင်းတော့ဘဲ သစ်သားစားပွဲတွင် ထိုင်ကာ ခေတ်အဆက်ဆက်ကို ဖြတ်ကျော်ခြင်း ခြေလှမ်းကျင့်စဉ်ကို ဖတ်ရှုနေလိုက်သည်။

မကြာမီပင် သူမ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး လျှို့ဝှက်ကျမ်းကို ကိုင်ထားသော သူမ၏ လက်များပင် တုန်ယင်လာသည်။

"ဒီနတ်ဘုရားကျင့်စဉ်က..."

ကျူးရှီ မော့ကြည့်လိုက်သော်လည်း ကုအန်၏ တည်ရှိမှုကို မခံစားရတော့ပေ။

အခန်း ၄၂၄ သေမျိုးကမ္ဘာမှ နတ်ဘုရားတစ်ပါး

သူမက ကုအန်၏ မျက်နှာကို မှတ်မိနေပြီး သူမ၏ နှလုံးသားမှာ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

လျှို့ဝှက်ကျမ်းကို ဖတ်ပြီးနောက် ထိုနတ်ဘုရားကျင့်စဉ်သည် အစစ်အမှန်ဖြစ်ပြီး အလွန်အစွမ်းထက်ကြောင်း သူမ အတည်ပြုနိုင်ခဲ့သည်။ သူက သူမကို မလှည့်စားခဲ့သည့်အတွက် သူမ၏ စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများ ပေါ်ပေါက်လာသည်။

သူက ဘာကြောင့် သူမကို သဘောကျခဲ့တာလဲ။

သူမက မျက်စိပသာဒဖြစ်လို့တော့ မဟုတ်မှာ သေချာသည်။

သူက သူမ၏ ခန္ဓာကို ထိုးထွင်းမြင်နိုင်လို့လား။

ကျူးရှီက သူမ၏ ခန္ဓာ၏ မူလဇာစ်မြစ်ကို နားမလည်နိုင်သော်လည်း ဤအကြောင်း ပျံ့နှံ့သွားပါက သူမသည် လူတိုင်း၏ ရန်သူဖြစ်လာမည်ကို သိသည်။

မဟုတ်ဘူး!

သူမ သေမျိုးတောင်ထိပ်ကနေ ထွက်သွားရမယ်။

ဤအတွေးက ကျူးရှီး၏ စိတ်ထဲတွင် ခိုင်မာစွာ အမြစ်တွယ်သွားသည်။

...

ရက်အနည်းငယ်ကြာပြီးနောက်။

တတိယဆေးတောင်ကြား၊ မျှော်စင်တစ်ခုအတွင်း။

ကုအန်က ရှန်ကျန်းနှင့် စကားပြောနေရင်း သူ၏ နတ်ဘုရားအာရုံက ကျူးရှီကို စောင့်ကြည့်နေခဲ့သည်။

သူ၏ စေတနာကောင်းဖြင့် လုပ်ဆောင်မှုက ကျူးရှီကို ထွက်ပြေးသွားစေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုအချက်က သူ့ကို သူမအပေါ် ပို၍ပင် စိတ်ဝင်စားသွားစေသည်။

သူမက အလွန်သတိကြီးပြီး သူကိုယ်တိုင်နှင့် ထူးဆန်းစွာ ဆင်တူနေသည်။

သူ စိတ်မဆိုးပေ။ ဆန့်ကျင်ဘက်အားဖြင့် သူက ကျူးရှီး၏ အနာဂတ်ကို ပို၍ပင် မျှော်လင့်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ စိတ်နေသဘောထားက သူမကို ပို၍ အသက်ရှင်သန်နိုင်ခြေများစေသောကြောင့် ဖြစ်သည်။

"ကျွန်မ အခုနောက်ပိုင်း အိပ်မက်မက်တာ နည်းလာတယ်။ ကျွန်မရဲ့ ပါရမီတွေ ဆုံးရှုံးသွားပြီလို့ ထင်လား။" ရှန်ကျန်းက စိုးရိမ်စွာ ပြောသည်။

နတ်ဆိုးကမ်းပါးက သူမ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားစဉ် သူမ၏ အသိစိတ်သည် အိပ်မက်များထဲတွင် နေထိုင်ခဲ့သောကြောင့် ထိုအရာ၏ တည်ရှိမှုကို သူမ လုံးဝမသိခဲ့သလို။ ၎င်း၏ သေဆုံးခြင်းကိုလည်း မသိခဲ့ပေ။

ကုအန်က ရယ်မောလိုက်ပြီး "မင်း အရင်က အိပ်မက်မက်ခဲ့တဲ့ ပုံစံက သာမန်မဟုတ်ဘူး၊ ထိုးထွင်းသိမြင်ခြင်းနဲ့ တူတယ်။ ဒါမျိုး အမြဲတမ်းဖြစ်နေမယ်လို့တော့ မျှော်လင့်လို့မရဘူးလေ။ မင်း အခုလုပ်သင့်တာက အတိတ်က ထိုးထွင်းသိမြင်မှုတွေကို ပြန်သုံးသပ်ပြီး မင်းရဲ့ တာအိုစိတ်နှလုံးကို ခိုင်မာအောင် လုပ်ဖို့ပဲ။ နောက်တစ်ကြိမ်ဆိုတာ အနှေးနဲ့အမြန် ရောက်လာမှာပါ။ မင်း ဝူကျွယ်ကို သိလား။"

သူက သူမကို ဝူကျွယ်၏ ထိုးထွင်းသိမြင်ခြင်း အတွေ့အကြုံများအကြောင်း စတင်ပြောပြခဲ့သည်။ သက်တမ်းကန့်သတ်ချက် အပိုင်းကို ချန်လှပ်ထားသော်လည်း ဝူကျွယ်သည် အမှန်တကယ် ထိုးထွင်းသိမြင်မှု အကြိမ်များစွာ ရရှိခဲ့သည်။

ရှန်ကျန်းက ဝူကျွယ်တွင် ထိုသို့သော နောက်ခံသမိုင်းကြောင်း ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအချက်က သူ ရုတ်တရက် အောင်မြင်လာရခြင်းကို ရှင်းပြနေသည်။

"အင်း အခုမှ စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ဆရာနဲ့ ပတ်သက်တဲ့ လူတိုင်းက ကံကောင်းခြင်း အမျိုးမျိုးနဲ့ ကြုံတွေ့ရသလို ဖြစ်နေရတာလဲ။" ရှန်ကျန်းက ရုတ်တရက် မေးလိုက်သည်။

ကုအန်က မျက်ခုံးပင့်လိုက်ပြီး"ငါ့ကြောင့် ဖြစ်နိုင်လို့လား။ ဒါဆို မင်း ငါ့ကို ဒူးထောက်ပြီး ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား။"

ရှန်ကျန်းက မျက်လုံးလှန်လိုက်ပြီး၊ "ဘယ်ဟုတ်ပါ့မလဲ။ ဆရာကတော့ တကယ်ပဲ။ ကျွန်မက ဒါ နည်းနည်း တိုက်ဆိုင်လွန်းတယ်လို့ ထင်နေတာ၊ ကျွန်မတို့ကြားမှာ တူညီတဲ့အရာတစ်ခုခု ရှိနေနိုင်တယ်။ ချီကံကြမ္မာ ဖြစ်နိုင်တယ်။ အဓိပတိဂိုဏ်းကို သင်ကြားပို့ချဖို့ မဟာကျင့်ကြံသူတစ်ယောက် လာတုန်းက ကျွန်မ သူရဲ့ ချီကံကြမ္မာအကြောင်း ဟောပြောတာ နားထောင်ဖူးတယ်..."

ကုအန်က ထိုဟောပြောပွဲကို မတက်ရောက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဟောပြောသူမှာ အပူပင်မဲ့အမတတစ်ပါးသာ ဖြစ်သောကြောင့် ဖြစ်သည်။

ယခု ရှန်ကျန်းထံမှ ကြားရသောအခါ သူက စိတ်ဝင်တစား နားထောင်နေလိုက်သည်။

ချီကံကြမ္မာကြီးမားသူတစ်ဦးသည် အန္တရာယ်ကို အမြဲတမ်း ဘေးကင်းရာသို့ ပြောင်းလဲနိုင်ပြီး အကန့်အသတ်များကို ကျော်ဖြတ်နိုင်စွမ်းရှိသည်။ ထို့အပြင် သူတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလည် ဆွဲဆောင်ကြပုံရသည်။

ဤရှင်းပြချက်အရဆိုလျှင် ချီကံကြမ္မာကြောင့်ဟု သတ်မှတ်ခြင်းက အမှန်ပင် ကျိုးကြောင်းဆီလျော်ပုံရသည်။

ကုအန်နှင့် စကားပြောပြီးနောက် ရှန်ကျန်း၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။ ကုအန်ပြောသည်မှာ မှန်သည်ဟု သူမ ခံစားရ၏။ အလွန်အကျွံ စဉ်းစားနေရန် မလိုအပ်ပေ၊ သူမ ရရှိပြီးသား အကျိုးအမြတ်များကပင် များပြားလှပြီဖြစ်သည်။

သူမက တည်ငြိမ်အေးချမ်းသော စိတ်ကို ထိန်းထားသရွေ့ တေးဂီတ၊ စစ်တုရင်၊ လက်ရေးအလှနှင့် ပန်းချီပညာတို့မှတစ်ဆင့် ထိုးထွင်းသိမြင်မှုကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိပေလိမ့်မည်။

"ငါသည် သေမျိုကမ္ဘာမှ အမတတစ်ပါး ဖြစ်သည်။ သတ္တဝါအပေါင်းတို့သည် ငါ၏အမည်နာမကို ရိုသေယုံကြည်စွာဖြင့် ရွတ်ဆိုပါက ငါ၏တန်ခိုးတော်ဖြင့် အကာအကွယ်ကို ရရှိကြလိမ့်မည်။"

ကျယ်လောင်ပြီး သြဇာအာဏာပါသော အသံတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာလောကတစ်ခုလုံးကို တုန်လှုပ်စေကာ ရှန်ကျန်း၏ စကားကို ဖြတ်တောက်လိုက်သည်။

ရှန်ကျန်းက အံ့ဩတုန်လှုပ်စွာဖြင့် ပြောလိုက်သည်၊ "ကျွန်မ စာရေးနေတုန်းက 'သေမျိုးကမ္ဘာမှ အမတ' ဆိုတဲ့ နာမည်ကို တီထွင်ခဲ့ပြီး ဇာတ်လမ်းဇာတ်ကွက်တစ်ခုတောင် ဖန်တီးခဲ့သေးတယ်။ ကျွန်မ အဲဒါကို ပန်းချီဆွဲပြီးတဲ့နောက်မှာတော့ ပုံက ဘယ်လိုပျောက်သွားမှန်းမသိဘူး။"

ကုအန်က ထိုအရာကို နတ်ဆိုးကမ်းပါးက ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ သေမျိုးကမ္ဘာမှ အမတကို သတိပေးမိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဤ သေမျိုးကမ္ဘာ အမတသည်လည်း လွတ်ငြိမ်းရာအမတအဆင့် ၉ တွင် ရှိ၏။

သူတွင် မြင့်မြတ်ခုံရုံး၏ ချီကံကြမ္မာ မရှိသော်လည်း ၎င်းနှင့် ရှုပ်ထွေးသော ကံကြမ္မာအနှောင်အဖွဲ့များ ရှိနေသည်။ သူ၏ ရောက်ရှိလာခြင်းမှာ မြင့်မြတ်ခုံရုံး၏ တောင်းဆိုမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိ၏။

"ကျွန်မ ဆရာ့အတွက် ပြန်ဆွဲပေးရမလား။" ရှန်ကျန်းက စုတ်တံနှင့် စက္ကူကို ယူရန် ထရပ်ရင်း ကမ်းလှမ်းလိုက်သည်။

"ခဏနေဦး၊ သူ အခု သေမျိူးကမ္ဘာကို ဆင်းသက်လာပြီ၊ မင်းက ဆွဲရဲသေးတယ်ပေါ့။ သူ ရုတ်တရက် ငါတို့ရှေ့မှာ ပေါ်လာမှာ မကြောက်ဘူးလား။"

ကုအန်က သူမကို စိတ်တိုစွာဖြင့် စိုက်ကြည့်လိုက်သည်။ရှန်ကျန်းက ကျိုးကြောင်းဆီလျော်မှုကို နားလည်သွားပြီး ပြန်ထိုင်လိုက်သည်။

"သူက နတ်ဘုရားလို့ ကြွေးကြော်နေတယ်၊ သူက တကယ့်အမတတစ်ပါး ဖြစ်နိုင်လား။" ရှန်ကျန်းက စပ်စုစွာ မေးလိုက်သည်။

အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့၏ ပဋိပက္ခမတိုင်မီက လူများက သူတို့ကို အမတများဟု ထင်ခဲ့ကြသည်။ သို့သော် ကမ္ဘာလောကကြီး ပရမ်းပတာဖြစ်လာသောအခါ ထိုစိတ်ကူးယဉ်မှုများ ပျက်စီးသွားပြီး သူတို့ကို အစွမ်းထက်သော အင်အားစုများအဖြစ်သာ မြင်လာကြသည်။

ကုအန်က ခေါင်းခါလိုက်ပြီး၊ "ငါက ဘယ်လိုသိမှာလဲ။"

ရှန်ကျန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်၊ "ဒါပေမဲ့ ဆရာက 'နတ်ဘုရားများခန့်အပ်ပွဲ'၊ 'အနောက်သို့ခရီးသွားခြင်း'၊ 'သုံးပြည်ထောင်' တို့ကို ရေးခဲ့တာလေ၊ အိပ်မက်ထဲမှာ အမတတစ်ပါးက ဆရာ့ကို လာတွေ့ခဲ့မှာ သေချာတယ်။ ဆရာက ကျွန်မထက် ပိုသိရမှာပေါ့။"

သူမက ထိုစာအုပ်သုံးအုပ်သည် စိတ်ကူးယဉ်ဖန်တီးမှုများ မဟုတ်ဘဲ အမတသမိုင်း၏ အစိတ်အပိုင်းတစ်ခုခုကို ကိုယ်စားပြုရမည်ဟု ယုံကြည်နေသည်။

သူမတစ်ယောက်တည်းသာမက လူများစွာကလည်း ထိုအတိုင်း ယုံကြည်ကြသည်။ ထို့ကြောင့် ပန်အန်ကို ယနေ့တိုင် အမှတ်ရနေကြခြင်း ဖြစ်သည်။

သေမျိုးကမ္ဘာနတ်ဘုရား၏ ကြေညာချက်သည် ကောင်းကင်အောက်ရှိ သက်ရှိအားလုံးကို တုန်လှုပ်သွားစေခဲ့သော်လည်း အဓိပတိဂိုဏ်းအတွင်း၌မူ တုံ့ပြန်မှုမှာ သေးငယ်လှသည်။

ဤကဲ့သို့သော ကြေညာချက်မျိုးသည် ယခင်က အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးပြီး ထိုက်ချန်းတိုက်ကြီးသည် ပိုမိုကြီးမားသော လောကကြီးကို ဒုက္ခပေးနေသော ပရမ်းပတာအခြေအနေများ၏ သက်ရောက်မှု မခံစားခဲ့ရသောကြောင့် သေမျိုးကမ္ဘာနတ်ဘုရား၏ စကားကို ကြားသိခဲ့သော ကျင့်ကြံသူအများစုမှာ စပ်စုရုံမျှသာဖြစ်ပြီး မယုံကြည်ကြပေ။

ထိုက်ချန်းတိုက်ကြီး၏ သက်ရှိများတွင် သူတို့ကိုယ်ပိုင် ယုံကြည်မှုရှိပြီး၊ ၎င်းမှာ ဆရာသခင်ဓားအရှင်ပင် ဖြစ်သည်။

သေမျိုးကမ္ဘာနတ်ဘုရားသည် ဆရာသခင်ဓားအရှင်လောက် ကြောက်မက်ဖွယ်ကောင်းနိုင်မည်လော။

ရှန်ကျန်းသည်လည်း အလားတူ ခံစားချက်ကို ဖော်ပြခဲ့ပြီး လူ့ဘုံနတ်ဘုရားကို အထင်သေးစွာ ကြည့်ခဲ့သည်။

"ကျွန်မ သူ့ကို ပုံဆွဲဖူးတယ်၊ ဆရာသခင်ဓားအရှင်ရဲ့ နတ်ဘုရားစွမ်းရည်တွေကိုလည်း ပုံဆွဲဖူးတယ်။ တကယ်တမ်း ခံစားကြည့်တော့ ဆရာသခင်ဓားအရှင်က ပိုပြီးသန်မာတယ်" ရှန်ကျန်းက လေးနက်စွာ ပြောကြား၏။

ကုအန်က ကူကယ်ရာမဲ့စွာဖြင့် "ဘယ်လိုပဲဖြစ်ဖြစ် သူက တစ်ကမ္ဘာလုံးကို ကြွေးကြော်နိုင်တယ်ဆိုကတည်းက သူ့ရဲ့ကျင့်ကြံမှုအဆင့်က ငါတို့ စိတ်ကူးနိုင်တာထက် ကျော်လွန်နေပြီ။ ဒီအကြောင်းကို ငါတို့ နည်းနည်းပဲ ဆွေးနွေးသင့်တယ်မလား"

ရှန်ကျန်းက ကုအန်ကို စိုက်ကြည့်ကာ "ကိုယ့်ကိုကိုယ်ကြည့်စမ်း ဘယ်လောက်တောင် သတ္တိကြောင်လိုက်လဲ၊ ကြောက်စရာ ဘာရှိလို့လဲ။ သူက ဆရာသခင်ဓားအရှင်ရဲ့ နယ်မြေကို လာရဲလို့လား" ဟု ဆိုသည်။

"ဆရာသခင်ဓားအရှင်က သက်ရှိအားလုံးကိုပဲ ကာကွယ်ပေးတာ၊ ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေမှာ ဝင်မစွက်ဖက်ဘူး။"

"အဲဒါက လာရောက်တဲ့သူရဲ့ ကျင့်ကြံမှုအဆင့်ပေါ်မှာ မူတည်တယ်။ သေမျိုးကမ္ဘာနတ်ဘုရားလို တည်ရှိမှုမျိုးနဲ့ဆိုရင် သူက ဘယ်လို သာမန်လူတစ်ယောက်အတွက်ပဲ လာတာ မဖြစ်နိုင်ဘူး။ ဆရာသခင်ဓားအရှင်က သူ့ကို အခွင့်အရေးပေးမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။"

"ဆရာက ဆရာသခင်ဓားအရှင်ကို အကောင်းဆုံး နားလည်တဲ့ပုံစံနဲ့ ပြောနေတာပဲ။"

"မဟုတ်ကဟုတ်က၊ ငါက နင့်ထက် သူ့ကို ပိုနားလည်တယ်ဆိုတာ သေချာတယ်!"

ရှန်ကျန်း၏ ပြင်းထန်သော အမူအရာကို ကြည့်ရင်း ကုအန်သည် သူမကို အငြင်းမနိုင်မှန်း သိလိုက်သည်။ သူမထက် ဆရာသခင်ဓားအရှင်ကို ပိုနားလည်သူ မည်သူမျှ မရှိတော့သည့်အလားပင်။

ကုအန်သည် ဆက်မငြင်းလိုတော့ဘဲ အခြားအကြောင်းအရာများကို ပြောကာ အကြောင်းအရာပြောင်းလိုက်ပြီး သူ၏ နတ်ဘုရားအသိစိတ်သည် သေမျိုးကမ္ဘာ၏ နတ်ဘုရားထံသို့ ဆက်သွယ်လိုက်သည်။

All Chapters