အခန်း (၃၅၁)
Vol. 36 Ch. 351
အခန်း။ ၃၅၁
လီမြစ်အခြေစိုက်စခန်း၏ အစည်းအဝေးခန်းမအတွင်း၌...
ပျံသန်းသောနဂါးအဖွဲ့နှင့် အခြေစိုက်စခန်းမှ အဆင့်မြင့်အရာရှိကြီးအချို့မှာ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြပြီး အခြေစိုက်စခန်း အကြီးအကဲမှာမူ ထိပ်ဆုံးနေရာတွင် ထိုင်နေသည်။
"ခေါင်းဆောင်လီ... ဒီအစီရင်ခံစာကို တစ်ချက်လောက် ကြည့်ကြည့်ပါဦး။
ဒီဇွန်ဘီဘုရင်က မကြာသေးခင်ကမှ ကျွန်တော်တို့ လီမြစ်မြို့ထဲကို တိတ်တဆိတ် ခိုးဝင်လာတာပါ။ ကျွန်တော်တို့လည်း အခုမှ ရှာဖွေတွေ့ရှိတာဆိုတော့ သူ့အကြောင်းကို အများကြီး မသိရသေးပါဘူး။
ဒါပေမဲ့ မနေ့ကတော့ ကျွန်တော်တို့ အခြေစိုက်စခန်းဟာ ဒီဇွန်ဘီဘုရင်ကြောင့် အကြီးအကျယ် အထိနာခဲ့ရပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်ပွားပြီးတဲ့နောက်မှာတော့ ဒီဇွန်ဘီဘုရင်အကြောင်း ပိုပြီး သိလာရပါပြီ။
ဒီအစီရင်ခံစာထဲမှာ ဇွန်ဘီဘုရင် အရင်က ရှိခဲ့တဲ့နေရာတွေ မနေ့က တိုက်ပွဲဖြစ်စဉ်တွေနဲ့ အဲဒီဘုရင်နဲ့ သူ့လက်အောက်ခံ အဆင့်မြင့်ဇွန်ဘီတွေရဲ့ စွမ်းရည်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားတာတွေ ပါဝင်ပါတယ်"
အခြေစိုက်စခန်း အကြီးအကဲသည် အစီရင်ခံစာတစ်စောင်ကို လီဟိန်ထံသို့ ကမ်းပေးရင်း လေးနက်စွာ ပြောကြားလိုက်သည်။
"ကောင်းပါပြီ... ကျွန်တော့်ကို မိနစ်အနည်းငယ်လောက် အချိန်ပေးပါ"
ထိုစကားကို ကြားသောအခါ လီဟိန်သည် အစီရင်ခံစာကို လျင်မြန်စွာ ယူလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် စတင်စစ်ဆေးဖတ်ရှုတော့သည်။
"ဒီဇွန်ဘီဘုရင်ရဲ့ လက်အောက်မှာ အဆင့် ၅ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေတောင် ရှိတာလား။ သူတို့ရဲ့ ပျံသန်းနိုင်စွမ်းကလည်း အလွန်ထူးကဲပြီး ပြင်းထန်တဲ့ မီးလျှံစွမ်းရည်တွေကိုလည်း ပိုင်ဆိုင်ထားကြတယ်..."
အစီရင်ခံစာပါ အကြောင်းအရာများကို မြင်လိုက်ရသောအခါ လီဟိန်၏ ရင်မှာ တုန်လှုပ်သွားပြီး မျက်နှာအမူအရာမှာလည်း လေးနက်ခက်ထန်သွားခဲ့သည်။ သူသည် မယုံကြည်နိုင်ဟန်ဖြင့် အခြေစိုက်စခန်း အကြီးအကဲကို စိုက်ကြည့်မိသည်။
ဤကဲ့သို့သော အင်အားမျိုးမှာ ပျံသန်းသောနဂါးအဖွဲ့ အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် လုံးဝမဖြစ်နိုင်သည့် အနေအထားပင်။
ကံကောင်းထောက်မစွာဖြင့် သူသည် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် အစီအစဉ်မရှိပေ။ ကျောက်ပင်၏ ရုပ်ဖျက်စွမ်းရည်ကို အသုံးချပြီး စနစ်တကျ အကောင်အထည်ဖော်နိုင်မည်ဆိုပါက အဆင့်မြင့်ဇွန်ဘီအုပ်စုကြားတွင်ပင် ဇွန်ဘီဘုရင်ကို လုပ်ကြံသတ်ဖြတ်နိုင်ရန် အခွင့်အရေးကောင်း ရှိနေသေးသည်။
"မှန်ပါတယ်... ဒီဇွန်ဘီဘုရင်ရဲ့ လက်အောက်မှာ အဆင့်မြင့်ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေ အများကြီးရှိနေပြီး အဆင့် ၅ ဇွန်ဘီဆိုရင် တစ်ကောင်ထက်မကတောင် ရှိနေနိုင်ပါတယ်"
လီဟိန်၏ ဘေးရှိ အခြေစိုက်စခန်း အကြီးအကဲက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
အကယ်၍ ဇွန်ဘီဘုရင်သည် ဤမျှလောက်အထိ ကြောက်စရာမကောင်းခဲ့ပါက နှစ်ဖက်အကြား ရန်ငြိုးရန်စများအရ လီမြစ်အခြေစိုက်စခန်းသည် အင်ပါယာမြို့တော်ထံမှ အကူအညီတောင်းခံမည့်အစား စစ်တပ်တစ်ခုလုံးကို စုစည်းကာ အင်အားအလုံးအရင်းဖြင့် ဇွန်ဘီဘုရင်ကို အမှုန့်ပြုပစ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
မိနစ်အနည်းငယ်အကြာတွင် သက်ဆိုင်ရာအခြေအနေများကို နားလည်သဘောပေါက်သွားပြီးနောက် လီဟိန်သည် သူ၏လက်ထဲမှ အစီရင်ခံစာကို ပိတ်လိုက်သည်။ သူ၏မျက်နှာမှာ တည်ကြည်လေးနက်နေပြီး အရှေ့ရှိ အခြေစိုက်စခန်းအကြီးအကဲကို ကြည့်ကာ ထိုသို့ပြောလိုက်သည်။
"အကြီးအကဲ... အခြေအနေအရပ်ရပ်ကို ကျွန်တော် ယေဘုယျအားဖြင့် နားလည်ပါပြီ။ စိတ်ချပါ... အခြေစိုက်စခန်းက ထောင်နဲ့ချီတဲ့ မျိုးချစ်ရဲဘော်တွေရဲ့ သွေးကြွေးအတွက် ပျံသန်းသောနဂါးအဖွဲ့က သေချာပေါက် ကလဲ့စားချေပေးပါ့မယ်"
"ခေါင်းဆောင်လီ... ဂရုစိုက်ပါဦး"
ထိုစကားကို ကြားသောအခါ အခြေစိုက်စခန်းအကြီးအကဲ၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး ခေါင်းညိတ်လျက် လေးနက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
အစည်းအဝေးပြီးဆုံးသည်နှင့် ပျံသန်းသောနဂါးအဖွဲ့သည် ချက်ချင်းပင် စတင်လှုပ်ရှားတော့သည်။
လီမြစ်မြို့အတွင်းပိုင်း လုချွမ်းနှင့် သူ၏အဖွဲ့ ထွက်ခွာသွားပြီးနောက် တစ်မြို့လုံးသည် နောက်ဆုံးတွင် ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။ ဇွန်ဘီရုပ်သေးများ ဇွန်ဘီလိုက်လံဖမ်းဆီးရာမှ ထွက်ပေါ်လာသော ကြီးမားလှသော ဆူညံသံများလည်း မရှိတော့ပေ။
လမ်းမများပေါ်တွင် ဇွန်ဘီအမြောက်အမြား ပြန်လည်သွားလာနေကြပြီး အခြေစိုက်စခန်းတပ်ဖွဲ့များနှင့် လုချွမ်းတို့ ရှင်းလင်းထားခဲ့သော နေရာများတွင်ပင် ဇွန်ဘီများ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
ဟန်ယဲ့ရပ်ကွက်ရှိ ပြင်းထန်သော တိုက်ပွဲအပြီးတွင် ရပ်ကွက်ပတ်လည်၌ ကျန်ရစ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများမှာ ယခုတိုင် ထင်ထင်ရှားရှား ရှိနေဆဲပင်။
မြေပြင်ထက်၌ ကြောက်မက်ဖွယ်ကောင်းသော မီးကျွမ်းနေသည့် အလောင်းများဖြင့် ပြည့်နှက်နေပြီး နီညိုရောင် သွေးကွက်များနှင့် သွေးအိုင်များမှာ နေရာအနှံ့ ပျံ့နှံ့နေသည်။ အသားစိုင်များနှင့် သွေးအိုင်များ၏ ပတ်လည်တွင် ခြင်နှင့် ယင်ကောင်များမှာ တဝုန်းဝုန်းနှင့် အုံခဲနေကြပြီး အနက်ရောင် တိမ်တိုက်တစ်ခုသဖွယ် ဆူညံနေတော့သည်။
မီးလောင်ပျက်စီးနေသော စစ်သုံးယာဉ်များမှာ လမ်းဘေးတွင် တိမ်းမှောက်လျက်ရှိပြီး လေထုထဲ၌လည်း ပုပ်စော်နံသော အနံ့အသက်များဖြင့် ပြည့်နှက်နေသည်။
မီတာအနည်းငယ်အကွာရှိ လမ်းထောင့်တစ်ခုတွင် အညိုရောင်သန်းသော ဝိညာဉ်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် စစ်ဝတ်စုံဝတ်ထားသော လူနှစ်ဦး မြေပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့သည်။
သူတို့အနက် တစ်ဦးမှာ ခန္ဓာကိုယ်တစ်ခုလုံး အညိုရောင်ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်နေပြီး ဘေးရှိလူ၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် ထိုအလင်းတန်းဖြင့် နှစ်ဦးစလုံးကို ဖုံးအုပ်ထားသည်။
ထင်ရှားသည်မှာ သူသည် မြေလျှိုးစွမ်းရည်ကို ပိုင်ဆိုင်ထားသော ဆင့်ကဲပြောင်းလဲသူ ဖြစ်ပေသည်။
အခြားတစ်ယောက်မှာမူ အနည်းငယ် ထူးဆန်းသော ရုပ်သွင်ရှိသည်။ ပုံမှန်လူသားနှင့် တူသော်လည်း မျက်နှာတွင် ခွေးနှာခေါင်းကဲ့သို့သော နှာခေါင်းနှင့် သိန်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများ ရှိနေသည်။
တစ်ချိန်တည်းမှာပင် သူ၌ တိရစ္ဆာန်နားရွက်ကဲ့သို့ ချွန်ထက်ပြီး အမွေးအမှင်များပါသော နားရွက်များ ရှိနေသည်။
သူတို့နှစ်ဦးမှာ မြို့အတွင်းရှိ ဇွန်ဘီဘုရင်၏ အခြေအနေကို စုံစမ်းထောက်လှမ်းရန် တာဝန်ပေးထားခြင်းခံရသော ပျံသန်းသောနဂါးအဖွဲ့ ဝင်များ ဖြစ်ကြသည်။
ယခုအချိန်တွင် သူတို့နှစ်ဦးမှာ ရှေ့ရှိ ဟန်ယဲ့ရပ်ကွက်ကို အကဲခတ်နေကြပြီး မည်သည့်အဆင်ခြင်မဲ့ လှုပ်ရှားမှုမျိုးကိုမျှ ပြုလုပ်ခြင်း မရှိကြသေးပေ။
ထူးဆန်းသော ရုပ်သွင်ရှိသည့် အဖွဲ့ဝင်၏ ခွေးနှာခေါင်းမှာ တလှုပ်လှုပ်ဖြစ်နေပြီး အမွေးအမှင်များပါသော နားရွက်များမှာလည်း အနည်းငယ် လှုပ်ခတ်သွားသည်။ သူသည် ရှေ့ရှိ ဟန်ယဲ့ရပ်ကွက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
"လုရှန်း... ဘယ်လိုလဲ တစ်ခုခု ထူးခြားတာ ရှိလား"
သူ့ဘေးရှိ မြေလျှိုးစွမ်းရည်ရှင်က တိုးညင်းသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ကျန်းလီ.. တစ်ခုခုတော့ မှားနေပြီ။ အတွင်းထဲမှာ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး..."
လုရှန်းက ခေါင်းခါရင်း ပြန်လည်ဖြေကြားလိုက်သည်။
"ဘာ... အဲဒီဘုရင်က ထွက်သွားပြီများလား"
ကျန်းလီ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားပြီး မကျေမနပ်ဖြစ်သွားပုံပင်။
"ဖြစ်နိုင်ခြေ အရမ်းများတယ်။ အနံ့ရနေတာကတော့... အဲဒီဘက်ကို ဦးတည်သွားပုံပဲ။ ငါတို့ နောက်ကနေ လိုက်ကြည့်ရအောင်"
လုရှန်းသည် သူ၏ခွေးနှာခေါင်းဖြင့် အနံ့ခံလိုက်ပြီး အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်သည်။
ချက်ချင်းပင် ကျန်းလီသည် လုရှန်းကို ဦးဆောင်ကာ မြေအောက်သို့ လျှိုးဝင်သွားပြီး ညွှန်ပြထားသော ဘက်သို့ လိုက်လံထောက်လှမ်းကြတော့သည်။
ဆယ်မိနစ်ခန့်အကြာတွင် သူတို့နှစ်ဦးသည် မြို့စွန်ရှိ လမ်းမတစ်ခုပေါ်၌ ရပ်တန့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်နှာမှာ အလွန်ပင် လေးနက်နေကြသည်။
"ခေါင်းဆောင်ဆီကို အမြန်ပြန်ပြီး အစီရင်ခံရမယ်။ ဇွန်ဘီဘုရင်က မြို့ထဲကနေ ထွက်သွားပြီဆိုတာကိုပေါ့"
နှစ်ရက်အကြာတွင် လုချွမ်းသည် ကျိရုရွှယ်နှင့် ကျောက်လင်းတို့ကို ခေါ်ဆောင်ကာ မြို့စွန်၏ အနက်ရှိုင်းဆုံးနေရာများသို့ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးတွင် မြို့ငယ်လေးတစ်ခုကို ယာယီခိုလှုံရာအဖြစ် ရွေးချယ်လိုက်သည်။
မြို့ငယ်လေးအတွင်းရှိ ဇွန်ဘီများကို ရှင်းလင်းပြီးနောက် သူတို့သုံးဦးမှာ စိတ်အေးလက်အေး အခြေချနေထိုင်ခွင့် ရရှိခဲ့ကြသည်။
မြို့ငယ်လေး၏ အစွန်အဖျားရှိ ကျယ်ဝန်းသော ခြံဝင်းတစ်ခုအတွင်း၌...
ကျောက်လင်းသည် ကျိရုရွှယ်၏ စွမ်းအားကို သိချင်စိတ်ပြင်းပြနေသဖြင့် သူမကို စိန်ခေါ်
လိုက်ခြင်းပင်။
"မမ ကျောက်လင်း... သမီးတို့ တကယ်ပဲ တိုက်ရမှာလားဟင်"
ကျိရုရွှယ်က မဝံ့မရဲဖြင့် မေးလိုက်သည်။
ကျိရုရွှယ်သည် သူမ၏ရှေ့တွင် တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေသော ကျောက်လင်းကို ကြည့်ကာ အနည်းငယ် အကူအညီမဲ့စွာဖြင့် မေးမြန်းလိုက်ခြင်းဖြစ်သည်။
ကျောက်လင်းမှာ အဆင့် ၄ ဆင့်ကဲပြောင်းလဲသူမျှသာဖြစ်ရာ သူမနှင့်ယှဉ်လျှင် သေချာပေါက် အရေးနိမ့်မည်မှာ အမှန်ပင်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် အရိုက်ခံရအောင် ရှာနေခြင်းမျိုး သာမက ကျိရုရွှယ်သည် ကျောက်လင်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်သွားမှာ စိုးရိမ်သဖြင့် သူမနှင့် တကယ်မတိုက်ချင်ပေ။
"ချီချီလေး... အစွမ်းကုန်သာ ထုတ်သုံးစမ်းပါ။ အန်တီ့ကို သမီးရဲ့ စွမ်းရည်တွေ ပြလိုက်စမ်းပါ"
ကျောက်လင်းက ခိုင်မာစွာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"ဒါပေမဲ့..."
ကျိရုရွှယ်သည် ယနေ့တွင် ကျောက်လင်းမှာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသည်ဟု ခံစားနေရသဖြင့် တိုက်ခိုက်ရန် တွန့်ဆုတ်နေမိသည်။
သူမ၏ ပါရမီစွမ်းရည်များဖြစ်သော အချိန်ထိန်းချုပ်ခြင်းနှင့် စိတ်စွမ်းအားဖြင့် ထိန်းချုပ်ခြင်းတို့မှာ အလွန်အမင်း အစွမ်းထက်လှရာ တစ်ကြိမ်ထုတ်သုံးလိုက်သည်နှင့် တစ်ဖက်သတ် အနိုင်ရရှိမည့် အခြေအနေမျိုးသာ ဖြစ်သည်။
"လာပြီနော်"
မမျှော်လင့်ဘဲ ကျိရုရွှယ်၏ စကားမဆုံးမီမှာပင် ကျောက်လင်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးဝင်လာတော့သည်။
ကျိရုရွှယ်ကို ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်သဖြင့် ကျောက်လင်းသည် ခါးရှိ သံမဏိဓားကို မထုတ်ဘဲ လက်သီးအလွတ်ဖြင့်သာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
"..."
၎င်းကို မြင်လိုက်ရသောအခါ ကျိရုရွှယ်မှာ စကားမဆိုနိုင်တော့ပေ။ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပုံပင်။
သမီးရဲ့ ခွန်အားကို ကြည့်ချင်တယ်ဆိုရင်တော့... သမီးလည်း လျှော့မတွက်တော့ဘူးနော်။
နောက်တစ်စက္ကန့်တွင် ကျိရုရွှယ်၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး သူမ၏ ပြင်းထန်လှသော စိတ်စွမ်းအားများမှာ ကျောက်လင်းထံသို့ လွှမ်းမိုးစွာဖြင့် အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားတော့သည်။
ဝုန်း…
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့သို့ ပြေးဝင်လာသော ကျောက်လင်းသည် မမြင်ရသော ခိုင်ခံ့သည့် တံတိုင်းကြီးတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ပင်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး ချက်ချင်းရပ်တန့်သွားခဲ့ကာ နာကျင်စွာ အော်ဟစ်သံနှင့်အတူ အဝေးသို့ လွင့်စင်ထွက်သွားခဲ့လေသည်။
ဘုန်း…
သူမ၏ ခန္ဓာကိုယ်မှာ နူးညံ့သော ဟင်းသီးဟင်းရွက်ခင်းပေါ်သို့ ကျရောက်သွားခဲ့သည်။ ကျောက်လင်းက နာကျင်စွာ ညည်းတွားလိုက်သော်လည်း ကျိရုရွှယ်က သူမအပေါ် အတော်လေး ညှာတာပေးခဲ့သဖြင့် ခန္ဓာကိုယ်တွင် ဒဏ်ရာအနာတရ တစ်စုံတစ်ရာ မရရှိခဲ့ပေ။
"မမ ကျောက်လင်း... အဆင်ပြေရဲ့လားဟင်"
ကျိရုရွှယ်က ချက်ချင်းပင် အပြေးအလွှား သွားကြည့်လိုက်သည်။
မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်သောအခါတွင်မှ ကျောက်လင်းသည် ချီချီလေး၏ စစ်မှန်သော အစွမ်းကို အသိအမှတ်ပြုလိုက်တော့သည်။
သူမ၏ရှေ့တွင် ရှိနေသော ချီချီလေးကို ကြည့်ရင်း ကျောက်လင်း၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး မျက်လုံးများထဲတွင်လည်း တွန့်ဆုတ်မှုနှင့် လွမ်းဆွတ်မှုများ ပြည့်နှက်နေတော့သည်။
"ချီချီလေး... အန်တီ သွားရတော့မယ်"