← Chapters

အခန်း (၃၆၀)

Vol. 36 Ch. 360

အခန်း (၃၆၀)

Vol. 36 Ch. 360

အခန်း။ ၃၆၀

ဝုန်း…

လမ်းမပေါ်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ဟိန်းထွက်သွားပြီး စွမ်းအင်မြင့် အလင်းတန်းတုတ်၏ ထိပ်ဖျားမှ ပေါင်လုံးခန့် ထူထဲသော ကြောက်မက်ဖွယ်ရာ အနီရောင် အလင်းတန်းကြီး တစ်ခု ပန်းထွက်လာတော့သည်။

ထိုအလင်းတန်းမှာ ကောင်းကင်ယံ တစ်ခုလုံးကို နီရဲသွားစေပြီး အပူလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားကာ လမ်းမပေါ်တွင် မုန်တိုင်းတစ်ခုသဖွယ် ဖုန်မှုန့်များကို တလိပ်လိပ် တက်လာစေသည်။

မလှမ်းမကမ်းတွင် တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြင့် အသည်းအသန် ခုခံနေကြရသော လီဟန်နှင့် အခြားအဖွဲ့ဝင်များသည် ထိုဆူညံသံကို ကြားလိုက်ရသောအခါ အလွန်အမင်း ဝမ်းသာသွားကြသည်။

ကျောက်ဘင်သာ ဇွန်ဘီဘုရင်ကို သတ်ဖြတ်နိုင်ခဲ့ပါက သူတို့ကို ဝိုင်းရံထားသော ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီများမှာ သေချာပေါက် ဖရိုဖရဲ ဖြစ်သွားကြပေလိမ့်မည်။

ဇွန်ဘီဘုရင်၏ အမိန့်ပေးမှု မရှိတော့ပါက ထိုဇွန်ဘီများ၏ တိုက်ခိုက်မှု အရှိန်အဟုန်မှာ ယခုကဲ့သို့ ပြင်းထန်တော့မည် မဟုတ်ပေ။ ထိုအချိန်ကျမှသာ သူတို့အနေဖြင့် ဤဇွန်ဘီအုပ်စုကြီးထဲမှ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အလမ်းကောင်း ရရှိမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုချွမ်း၏ မျက်စိထဲ၌ အနီရောင် အလင်းတန်းကြီး တစ်ခု ဖြတ်ပြေးသွားသည်။ ရုတ်တရက် ကျရောက်လာသော တိုက်ခိုက်မှုကြောင့် လုချွမ်းမှာ အငိုက်မိသွားခဲ့ပြီး သူ သတိပြုမိလိုက်ချိန်တွင် အနီရောင် အလင်းတန်းမှာ သူ၏ မျက်နှာရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မကောင်းတော့ဘူး"

ထိုအလင်းတန်းထံမှ လာသော အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် လုချွမ်း၏ ရင်ထဲ၌ ထိတ်လန့်သွားရသည်။ သူသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီတစ်ကောင် မဟုတ်သဖြင့် ဤအလင်းတန်းသာ သူ့ကို တည့်တည့်ထိမှန်ပါက အပြင်းအထန် ဒဏ်ရာရရှိမည်မှာ သေချာလှသည်။

ထို့ကြောင့် လုချွမ်းသည် သူ၏ဘေးရှိ မသေမျိုး ၁ ကို အသုံးပြု၍ အလင်းတန်းကို ပိတ်ဆို့ရန် ကြိုးစားလိုက်သော်လည်း အချိန်မှာ အလွန်ပင် နှောင်းနေပြီ ဖြစ်သည်။

"ဖေဖေ"

ကံကောင်းထောက်မစွာဖြင့် ကျောက်ဘင် ဒေါသတကြီး အော်ဟစ်လိုက်ချိန်တွင် လုချွမ်း၏နောက်မှ ကပ်လိုက်လာသော ကျိရုရွှယ်သည် ချက်ချင်းပင် တုံ့ပြန်လိုက်နိုင်သည်။ တစ်စုံတစ်ယောက်က သူမ၏ဖခင်ကို အလစ်အငိုက် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ သူမသည် အလွန်အမင်း ဒေါသထွက်သွားပြီး မျက်ဝန်းများမှာ နီရဲတောက်လာတော့သည်။

ပြင်းထန်လှသော စိတ်ခံစားမှုများနှင့်အတူ ကျိရုရွှယ်သည် သူမ၏ အရှိန်အဝါအားလုံးကို ထုတ်ဖော်လိုက်သည်။ သူမ၏ ဦးနှောက်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ တဟုန်ထိုး တိုးလျှံလာပြီး ပြင်းထန်လှသော စိတ်စွမ်းအင်များမှာလည်း မည်သည့်အထိန်းအကွပ်မျှ မရှိဘဲ ပေါက်ကွဲထွက်လာတော့သည်။

စိုးရိမ်စရာကောင်းလှသည့် အဆုံးအဖြတ်အချိန်၌ လုချွမ်းနှင့် အလင်းတန်းကြားတွင် ထူထဲလှသော ခုခံကာကွယ်ရေးတံတိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝုန်း...

နောက်တစ်ခဏတွင် အလွန်ပူပြင်းလှသော စွမ်းအားမြင့် အလင်းတန်းနှင့် စိတ်စွမ်းအင်တို့ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြရာ မျက်စိကျိန်းမတတ် တောက်ပသော မီးပွင့်များနှင့်အတူ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာတော့သည်။

စိတ်စွမ်းအင်မှာ အဓိကအားဖြင့် ခုခံကာကွယ်ရန်အတွက် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ထို့ကြောင့် ကျိရုရွှယ်သည် အဆင့် ၅ သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူမ ဖန်တီးလိုက်သော စိတ်စွမ်းအင်တံတိုင်းမှာ စွမ်းအားမြင့်အလင်းတန်းကို လုံးဝဥဿုံ ပိတ်ဆို့နိုင်စွမ်း မရှိခဲ့ပေ။

ထိုထူထဲလှသော စိတ်စွမ်းအင်တံတိုင်းမှာ ပူပြင်းလှသော အလင်းတန်းကြောင့် လျင်မြန်စွာပင် လောင်ကျွမ်းပျက်စီးလာပြီး အလင်းတန်းမှာ အတွင်းသို့ တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ အသက်ရှူရုံ အချိန်အတောအတွင်းမှာပင် တံတိုင်းမှာ ပေါက်ထွက်သွားတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကျိရုရွှယ်သည် အလင်းတန်း၏ တိုက်ခိုက်မှုကို နှိမ်နင်းရန် ဤစိတ်စွမ်းအင်တံတိုင်းတစ်ခုတည်းကိုသာ အားကိုးရန် မရည်ရွယ်ခဲ့ပေ။ သူမသည် အချိန်အနည်းငယ် ရရှိရန်အတွက်သာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

စိတ်စွမ်းအင်တံတိုင်းကို ဖန်တီးပြီးနောက် ကျိရုရွှယ်သည် အချိန်ထိန်းချုပ်ခြင်းအတတ်ကို ချက်ချင်း အသုံးပြုလိုက်တော့သည်။

စွမ်းအားမြင့်အလင်းတန်းမှာ စိတ်စွမ်းအင်တံတိုင်းကို ဖောက်ထွက်တော့မည့်ဆဲဆဲမှာပင် အားကောင်းလှသော အချိန်စွမ်းအားတစ်ခု သက်ရောက်လာပြီး အလင်းတန်းကို မျက်စိတစ်မှိတ်အတွင်း အေးခဲရပ်တန့်သွားစေခဲ့သည်။

"ဖေဖေ... မခုခံနဲ့ဦး သမီး ဖေဖေ့ကို ဒီကနေ ခေါ်သွားမယ်"

နောက်တစ်ခဏ၌ ကျိရုရွှယ်သည် သူမ၏ စိတ်စွမ်းအင်ကို မြှင့်တင်ကာ ဖခင်ဖြစ်သူကို လွှမ်းခြုံပတ်ပတ်လိုက်ပြီး ထိုနေရာမှ လျင်မြန်စွာ ဆွဲထုတ်သွားတော့သည်။

ဝုန်း…

အချိန်စွမ်းအားများ ကုန်ခမ်းသွားသည်နှင့် ကျိရုရွှယ်၏ အဟန့်အတားမရှိတော့သောကြောင့် စွမ်းအင်အပြည့်ဖြင့် လာနေသော အလင်းတန်းမှာ ပျက်စီးလုနီးပါးဖြစ်နေသည့် စိတ်စွမ်းအင်

တံတိုင်းကို အောင်မြင်စွာ ဖောက်ထွက်သွားပြီး မသေမျိုး ၁ ၏ ခြေထောက်အနီးသို့ ထိမှန်သွားတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ချက်ချင်းဆိုသလိုပင် မြေပြင်တစ်ခုလုံးမှာ ပြင်းထန်လှသော အပူရှိန်အောက်တွင် မိုင်းများစွာ မြှုပ်နှံထားသကဲ့သို့ တဂျိမ်းဂျိမ်းဖြင့် ဆက်တိုက် ပေါက်ကွဲသွားတော့သည်။ ဆူညံသံများမှာ အဆက်မပြတ် မြည်ဟီးနေသော မိုးခြိမ်းသံများသဖွယ်ပင်။

မူလက ခိုင်မာလှသော ကွန်ကရစ်မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ လွင့်စင်သွားပြီး လေထဲတွင်ပင် အဖြူရောင်ပြာများအဖြစ်သို့ လောင်ကျွမ်းသွားကာ မနားတမ်း ပျံ့လွင့်နေတော့သည်။

တစ်ချိန်တည်းမှာပင် အလင်းတန်းမှာ ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး ၎င်း၏လမ်းကြောင်းပေါ်တွင် ရှိသမျှ အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။

၎င်းမှာ အရှေ့ဘက်ရှိ အိမ်များကို အရှိန်အဟုန်ဖြင့် ပိုင်းဖြတ်သွားသော သွေးနီရောင် ဓားရှည်ကြီးတစ်စင်းကဲ့သို့ပင် တစ်မီတာခန့် ကျယ်ဝန်းသော ဧရာမ အက်ကြောင်းကြီးတစ်ခုကို ချန်ရစ်ခဲ့သည်။

အလင်းတန်း၏ ထိမှန်မှုအောက်တွင် အိမ်အများအပြားမှာ မီးစွဲလောင်သွားပြီး ခဏချင်းမှာပင် တစ်အိမ်လုံးကို ပြင်းထန်သော မီးလျှံများက ဝါးမြိုသွားတော့သည်။

လုချွမ်း၏ အနီးတွင် ရပ်နေသော မသေမျိုး ၁ သည်လည်း ထိုစွမ်းအားမြင့် အလင်းတန်း၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။

တိုက်ခိုက်မှု နယ်ပယ်အတွင်းရှိနေသော ၎င်း၏ ညာဘက်ခြေထောက်မှာ ပူပြင်းလှသော နေရောင်ခြည်နှင့် တွေ့ထိလိုက်ရသကဲ့သို့ပင် အလင်းတန်းအောက်၌ တစ်ဝက်ခန့် အရည်ပျော်သွားခဲ့ရသည်။

"ဝူး... "

ချက်ချင်းဆိုသလိုပင် မသေမျိုး ၁ သည် နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ မျက်လုံးများမှာ နီရဲတောက်ကာ အကြမ်းဖက်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။

မလှမ်းမကမ်းတွင်ရှိသော ကျောက်ဘင်၏ မျက်နှာမှာမူ အလွန်ပင် ပျက်ယွင်းနေတော့သည်။ သေချာပေါက် ထိမှန်မည်ဟု ယူဆထားသော ဤတိုက်ခိုက်မှုကိုပင် ဇွန်ဘီဘုရင်က ရှောင်တိမ်းသွားနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ ထင်မထားခဲ့ပေ။

ဇွန်ဘီဘုရင်၏ ဒေါသတကြီး တုံ့ပြန်မှုအောက်တွင် သူနှင့် နဂါးပျံတပ်ဖွဲ့တစ်ခုလုံး မည်သို့သော အကျိုးဆက်များကို ရင်ဆိုင်ရမလဲဆိုသည်ကို သူ တွေးပင်မတွေးရဲတော့ပေ။

စွမ်းအင်မြင့် အလင်းတန်းတုတ်မှာ နောက်ဆုံးတွင် ၎င်း၏ စွမ်းအင်များ ကုန်ခမ်းသွားပုံရပြီး အနီရောင် အလင်းတန်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

"ဝူး... "

နီရဲတောက်နေသော မျက်လုံးများဖြင့် မသေမျိုး ၁ သည် ကျောက်ဘင်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် ၎င်း၏ ကျောပေါ်ရှိ အသားမျှင်တန်းများထံမှ မိုးကြိုးလုံးတစ်ခုကို လျင်မြန်စွာ စုစည်းလိုက်တော့သည်။

သို့သော်လည်း မသေမျိုး ၁ ၏ လက်စားချေမှုထက် ကျိရုရွှယ်၏ လှုပ်ရှားမှုက ပိုမိုမြန်ဆန်နေခဲ့သည်။

သူမ၏ဖခင်မှာ အန္တရာယ်နှင့် လက်တစ်လုံးခြား ကြုံတွေ့ခဲ့ရသည်ကို တွေးမိတိုင်း ကျိရုရွှယ်၏ ဒေါသမှာ ထိန်းမနိုင်သိမ်းမရ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ချုံခိုတိုက်ခိုက်သူကို သတ်ဖြတ်လိုစိတ်များဖြင့် စိုက်ကြည့်နေတော့သည်။

"သေစမ်း"

ညကောင်းကင်ယံအောက်တွင် သူမ၏ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ မြင့်တက်လာခဲ့ပြီး ကျိရုရွှယ်၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူမသည် ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သူမ၏ စိတ်စွမ်းအင်များကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော အရှိန်အဟုန်ဖြင့် ညကောင်းကင်ယံအောက်တွင် အစွမ်းကုန် ထုတ်ဖော်ပြသလိုက်တော့သည်။

"အား..."

ထွက်ပြေးရန် ပြင်နေသော ကျောက်ဘင်သည် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကုန်တင်ကားကြီးတစ်စီးနှင့် တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး စူးရှစွာ အော်ဟစ်လျက် ပေတစ်ရာကျော်ခန့် လွင့်စင်သွားတော့သည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထုတ်နေတော့သည်။

"အဟွတ်... အဟွတ်..."

မြေပြင်ပေါ်တွင် သွေးများ အန်နေရသော ကျောက်ဘင်သည် လူသားမိန်းကလေးငယ်လေးတစ်ဦးက ဤမျှအစွမ်းထက်သည့် စွမ်းအားမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားတာလဲဆိုသည်ကို စဉ်းစားရန် အချိန်မရှိတော့ပေ။ သေဘေးကို ကြောက်လန့်မှုကြောင့် သူသည် နာကျင်မှုကို အံတုကာ မနည်းထရပ်လိုက်ပြီး အခြားသော နဂါးပျံတပ်ဖွဲ့အဖွဲ့ဝင်များရှိရာသို့ ရူးသွပ်စွာ ထွက်ပြေးတော့သည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ထူးဆန်းစွာ တောင့်တင်းသွားပြီး ပြေးလွှားနေသည့် ဟန်ပန်အတိုင်းပင် လှုပ်ရှား၍မရဘဲ ရပ်တန့်သွားတော့သည်။

၎င်းမှာ ကျိရုရွှယ်က အချိန်ထိန်းချုပ်ခြင်းအတတ်ကို အသုံးပြု၍ သူ့ကို အတင်းအဓမ္မ ရပ်တန့်လိုက်ခြင်းပင်။

ရှုး... ရှုး... ရှုး...

နောက်တစ်ခဏတွင် ကျိရုရွှယ်သည် သံမှိုအချို့ကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ၎င်းတို့မှာ လျှပ်စီးများကဲ့သို့ပင် စူးရှသောအသံကို မြည်ဟီးလျက် ကျောက်ဘင်ထံသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

ထိုအချိန်တွင် ကျောက်ဘင်မှာ လှုပ်ရှား၍မရသဖြင့် သံမှိုများ၏ ထိုးဖောက်ခြင်းကို တိုက်ရိုက်ခံလိုက်ရပြီး သွေးများ အဆက်မပြတ် ထွက်ကျလာတော့သည်။ သို့သော်လည်း သူသည် လုံးဝခုခံနိုင်စွမ်းမရှိဘဲ တောင့်တောင့်ကြီး ဖြစ်နေဆဲပင်။

"အား..."

အချိန်စွမ်းအားများ ကုန်ဆုံးသွားချိန်တွင် ခန္ဓာကိုယ်၌ အပေါက်အပြဲများစွာ ဖြစ်နေသော ကျောက်ဘင်သည် စူးရှသောအော်ဟစ်သံနှင့်အတူ မြေပြင်ပေါ်သို့ အားကိုးရာမဲ့စွာ လဲကျသွားတော့သည်။ သူ၏ခန္ဓာကိုယ်မှာ ခဏမျှ တွန့်လိမ်သွားပြီးနောက် အသက်ပျောက်သွားတော့သည်။

ကျိရုရွှယ်သည် သူ့ကို တစ်ချက်မျှပင် ပြန်မကြည့်တော့ဘဲ ပေရာဂဏန်းအကွာရှိ အခြားသော နဂါးပျံတပ်ဖွဲ့ဝင်များထံသို့ အာရုံပြောင်းလိုက်သည်။ ကျိရုရွှယ်၏ စိတ်အာရုံ လှုပ်ရှားမှုနှင့်အတူ ညအမှောင်ထုအတွင်း ရောနှောနေသော သေစေနိုင်သည့် စိတ်စွမ်းအင်အပ်များမှာ တိုက်ခိုက်ရန် အသင့်ဖြစ်သွားကြသည်။

"ကျောက်ဘင်"

အနောက်ဘက်ကို စောင့်ကြည့်နေကြသော လီဟန်နှင့် အခြားသူများသည် ကျောက်ဘင် အသတ်ခံလိုက်ရသည်ကို မြင်သောအခါ အော်ဟစ်လိုက်ကြတော့သည်။

ချက်ချင်းဆိုသလိုပင် လူတိုင်း၏ဒေါသမှာ တဟုန်ထိုး မြင့်တက်လာပြီး မျက်လုံးများ နီရဲလျက် လက်စားချေရန် ရှေ့သို့ ပြေးဝင်လိုကြသည်။ သို့သော်လည်း လုချွမ်း၏ ဇွန်ဘီရုပ်သေးများကို ရင်ဆိုင်ရာတွင် သူတို့မှာ အားကိုးရာမဲ့နေပြီး ခုခံရန်သာ တတ်နိုင်ကြတော့သည်။ တန်ပြန်တိုက်စစ်ဆင်ရန် သို့မဟုတ် ဝိုင်းရံမှုကို ဖောက်ထွက်ရန်မှာ မဖြစ်နိုင်တော့ပေ။

ရှုး... ရှုး... ရှုး...

ရုတ်တရက်ဆိုသလို စိတ်စွမ်းအင်အပ် အချို့မှာ လေကိုဖြတ်၍ တိုးထွက်လာပြီး နဂါးပျံတပ်ဖွဲ့ဝင် နှစ်ဦး၏ နဖူးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဖောက်ထွင်းသွားတော့သည်။

"အား..."

ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများကို ရင်ဆိုင်နေကြသည့် ထိုနှစ်ဦးမှာ စူးရှစွာ အော်ဟစ်

ရင်း မြေပြင်ပေါ်သို့ အားကိုးရာမဲ့စွာ လဲကျပြီး သေဆုံးသွားကြသည်။

All Chapters