← Chapters

အခန်း (၃၅၂)

Vol. 36 Ch. 352

အခန်း (၃၅၂)

Vol. 36 Ch. 352

အခန်း။ ၃၅၂

"မမ... သွားတော့မလို့လား"

ကျိရုရွှယ်သည် အစပိုင်းတွင် မှင်တက်သွားပြီးနောက် အံ့သြတကြီးဖြင့် မေးလိုက်မိသည်။

ဒီမိုက်မဲတဲ့ အမျိုးသမီးက ဘာတွေလုပ်ဖို့ ကြံစည်နေပြန်တာလဲ။ လက်တွေ့မကျတဲ့ စံနှုန်းတွေအတွက် နောက်တစ်ကြိမ် ကြိုးစားဦးမလို့လား။

ဟူး... တကယ့်ကို ခေါင်းမာလွန်းတဲ့ ဦးနှောက်ပဲ။ အဲဒီလိုမျိုးက တကယ်ရော ဖြစ်နိုင်ပါ့မလား။

ပထမဆုံးခြေလှမ်းဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ဆိုတာတောင်မှ အရမ်းခက်ခဲလွန်းတဲ့အရာပဲလေ။

ပြီးတော့ ကျောက်လင်းရဲ့ လက်ရှိခွန်အားက အဆင့် ၄ ပဲ ရှိသေးတာ။ ဒီလောကမှာ အနှိုင်းမဲ့အစွမ်းထက်သူ ဖြစ်ဖို့ဆိုတာ အဝေးကြီး လိုသေးတာပဲ။

"ချီချီလေး... ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပြီးတဲ့နောက်မှာ ငါတို့လူသားတွေက အတော်လေးကို ဒုက္ခရောက်နေကြရပြီလို့ ပြောလို့ရတယ်။ စက္ကန့်တိုင်းမှာ တစ်စုံတစ်ယောက်က ဇွန်ဘီမျိုးနွယ် ဒါမှမဟုတ် သားရဲတိရစ္ဆာန်တွေရဲ့ လက်ထဲမှာ ရက်ရက်စက်စက် သေဆုံးနေကြရတယ်။

နောင်အနာဂတ်မှာ လူသားမျိုးနွယ်က ဇွန်ဘီတွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်ယူချင်တယ်ဆိုရင်တော့ တိုက်ပွဲတွေက ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ အဲဒီအခါကျရင် လူသားတွေနဲ့ ဇွန်ဘီတွေကြားက တိုက်ပွဲတွေဟာ အခုထက်တောင် ပိုပြီး ပြင်းထန်လာနိုင်တယ်။

အဲဒီလို မြင်တွေ့နေရတဲ့ အနာဂတ်အတွက်... ငါက လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာအောင် ကြိုးစားရမယ်။ ဒါမှသာ လူသားတွေနဲ့ ဇွန်ဘီမျိုးနွယ်ကြား ပြန်လည်သင့်မြတ်ရေးကို ငါတွန်းအားပေးနိုင်မှာပေါ့"

ကျောက်လင်းသည် ကျိရုရွှယ်၏ ဘေးသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ လေးနက်စွာ ပြောလိုက်သည်။

ယခင်က သူမသည် ချီချီလေးကို ကာကွယ်ပေးရန်နှင့် ဇွန်ဘီဘုရင်၏ အကာအကွယ်အောက်တွင် သက်တောင့်သက်သာ နေထိုင်ရန်အတွက်သာ အဓိကထားခဲ့သည်။

ယခုအခါ ချီချီလေး၏ စွမ်းရည်များသည် သူမထက်ပင် သာလွန်သွားပြီဖြစ်ရာ သူမအနေဖြင့် ကာကွယ်ပေးရန် မလိုတော့ပေ။ ထို့ကြောင့် သူမ၏ စံနှုန်းများနှင့် ယုံကြည်ချက်များအတွက် တိုက်ပွဲဝင်ရန် အချိန်တန်ပြီဟု သူမ ယူဆလိုက်ခြင်းဖြစ်သည်။

ချီချီလေးနှင့် ခွဲခွာရမည်ကို တွန့်ဆုတ်နေမိသော်လည်း လူသားမျိုးနွယ်၏ အနာဂတ်အတွက်မူ သူမသည် ဤယာဉ်တန်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။

ချီချီလေးက သူမကို အပြစ်မတင်ဖို့သာ မျှော်လင့်မိသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကျိရုရွှယ်သည် မှင်တက်သွားပြီး သူမ၏ရှေ့မှ မိုက်မဲလှသော အမျိုးသမီးကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေမိသည်။

ကျောက်လင်း အောင်မြင်လိမ့်မည်ဟု သူမ မယုံကြည်သော်လည်း သူမ၏ စိတ်ဓာတ်ကိုမူ အလွန်အမင်း လေးစားမိသွားသည်။

လူသားမျိုးနွယ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်ဆိုသည်မှာ အလွန်ခက်ခဲလှသော အလုပ်

တစ်ခုပင်။

မည်သို့ပင်ဆိုစေ ကျောက်လင်းသည် မည်သည့်နောက်ခံအင်အားမျှမရှိသော တစ်ကိုယ်တော် ဆင့်ကဲပြောင်းလဲသူမျှသာ ဖြစ်သည်။ သူမတွင် ခွန်အားအချို့ ရှိနေဦးတော့ အဓိက အင်အားစုအသီးသီး၏ အသိအမှတ်ပြုမှုကို ရယူရန် သို့မဟုတ် လူသားအစိုးရ၏ တရားဝင်လက်ခံမှုကို ရရှိရန်ဆိုသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ကျောက်လင်းအနေဖြင့် ဤအချက်ကို မမြင်ဘဲနေမည်ဟု ကျိရုရွှယ် မယုံကြည်သော်လည်း သူမသည် ပထမဆုံးခြေလှမ်းကို လှမ်းရန် ခိုင်မာစွာ ဆုံးဖြတ်ထားဆဲပင်။

တစ်ချိန်တည်းမှာပင် ကျောက်လင်းကို ဆက်နေရန် ဖျောင်းဖျဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ကြောင်း သူမ နားလည်လိုက်သည်။

"မမ ကျောက်လင်း... ဒီမှာ ခဏစောင့်နေနော်။ သမီး အခုချက်ချင်း ပြန်လာခဲ့မယ်"

ထိုသို့တွေးတောရင်း ကျိရုရွှယ်သည်လည်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ ခေါင်းကိုမော့၍ ကျောက်လင်းကို ပြောလိုက်သည်။

စကားဆုံးသည်နှင့် ကျိရုရွှယ်သည် လှည့်ထွက်သွားပြီး နောက်ဘက်ရှိ အိမ်ထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။

"ချီချီလေး..."

ကျောက်လင်းမှာ ဇဝေဇဝါဖြစ်ကျန်ရစ်ပြီး အိမ်ထဲသို့ အပြေးဝင်သွားသော ချီချီလေးကို ကြည့်ကာ ပြုံးလိုက်မိသည်။

ချီချီလေးက စောင့်ခိုင်းနေမှတော့ စောင့်ရပေဦးမည်။

ချက်ချင်းဆိုသလိုပင် ကျောက်လင်းသည် သက်ပြင်းတစ်ချက် ထပ်မံချလိုက်မိပြန်သည်။ ထွက်ခွာရန် ဆုံးဖြတ်ချက်မှာ ခိုင်မာနေသော်လည်း ချီချီလေးနှင့် လုချွမ်းမပါဘဲ တစ်ကိုယ်တည်းဖြစ်သွားတော့မည်ကို တွေးမိသည့်အခါ သူမ၏ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရသည်။

နောက်ထပ် လှမ်းရမည့် ပထမဆုံးခြေလှမ်းမှာ လူသားမျိုးနွယ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်ပင်။ ၎င်းမှာ မလွယ်ကူကြောင်း သူမ သိရှိထားသည်။ ဤယာဉ်တန်းမှ ထွက်ခွာပြီးနောက် ဘယ်အရပ်မျက်နှာကနေ စတင်ရမလဲ။

ကျောက်လင်း တစ်ယောက် တွေးတောနေစဉ်မှာပင် ကျိရုရွှယ်သည် သူမ၏ အိပ်ခန်းထဲသို့ အပြေးအလွှား ဝင်သွားပြီး စားပွဲပေါ်ရှိ ပန်းရောင် ကျောပိုးအိတ်လေးကို ဖွင့်လိုက်သည်။

အိတ်ထဲတွင် ကျောင်းသုံး ဗလာစာအုပ်များဖြင့် ပြည့်နှက်နေပြီး ကျိရုရွှယ်သည် စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ဖွင့်ကြည့်လိုက်ရာ စာလုံးများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။

သို့သော် ကျိရုရွှယ်မှာ စိတ်တိုင်းမကျသေးဟန်ဖြင့် ထိုစာအုပ်ကို ပြန်ထည့်ကာ အခြားတစ်အုပ်ကို ထပ်မံဆွဲထုတ်လိုက်ပြန်သည်။

ဂရုတစိုက် ရွေးချယ်ပြီးနောက် ကျိရုရွှယ်သည် ဗလာစာအုပ် သုံးအုပ်ကို အောင်မြင်စွာ ရွေးထုတ်နိုင်ခဲ့ပြီး လက်ထဲတွင် ဆုပ်ကိုင်လျက် အပြင်ဘက်သို့ အမြန်ပြန်ပြေးထွက်လာခဲ့သည်။

"ချီချီလေးက ဒီဗလာစာအုပ်တွေနဲ့ ဘာလုပ်မလို့ပါလိမ့်..."

ကျိရုရွှယ် နီးကပ်လာသည်ကို ကြည့်ရင်း ကျောက်လင်းမှာ ဇဝေဇဝါ ဖြစ်နေတော့သည်။

ချီချီလေးက သူမကို လမ်းခွဲလက်ဆောင်တစ်ခုခု ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမြင်ကွင်းမှာ လုံးဝကွဲပြားနေသည်။

ထိုအချိန်တွင် ကျိရုရွှယ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ သတိကြီးစွာထားသည့်ဟန်ဖြင့် ကျောက်လင်းအနားသို့ တိုးကပ်လာပြီး ဗလာစာအုပ် သုံးအုပ်ကို တိတ်တဆိတ် ကမ်းပေးလိုက်သည်။ ထို့နောက် တိုးညင်းသောအသံဖြင့် "မမ ကျောက်လင်း... မမသာ သမီးတို့ဆီက ထွက်သွားရင် အန္တရာယ်တွေ အများကြီး ကြုံရမှာ သေချာတယ်။ သမီးက မမကို အထိအခိုက်မခံစေချင်ဘူး။ ဒါတွေက ဖေဖေ တန်ဖိုးထားတဲ့ ကိုယ်ခံပညာကျမ်းတွေပါ။ ဒါတွေကို ယူသွားပြီး လေ့ကျင့်ပါဦး" ဟု ပြောလိုက်သည်။

တကယ်တော့ ထိုစာအုပ်တို့မှာ လုချွမ်း၏ ကိုယ်ခံပညာကျမ်းများ မဟုတ်ဘဲ ကျိရုရွှယ် အားလပ်ချိန်များတွင် သူမကိုယ်တိုင် ကြိုတင်ရေးမှတ်ထားခဲ့သော အနာဂတ် ကိုယ်ခံပညာရပ်များသာ ဖြစ်သည်။

ကျောက်လင်း ထွက်ခွာတော့မည်ဖြစ်ရာ သူမ၏ ကိုယ်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိစေရန် ကျိရုရွှယ်က ကိုယ်ခံပညာအချို့ လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။

အစပိုင်းတွင် ကျောက်လင်းကို အသုံးချရန် ကိရိယာတစ်ခုမျှသာဟု သတ်မှတ်ခဲ့သော်လည်း သူမ၏ ပါရမီစွမ်းရည်ရှိနေမှုနှင့် အတူတူအချိန်ဖြုန်းခဲ့သည့် ကာလရှည်ကြောင့်လည်းကောင်း အထူးသဖြင့် ကျောက်လင်းက သူမ၏အသက်ကိုပင် ပဓာနမထားဘဲ ကျိရုရွှယ်ကို ကာကွယ်ပေးခဲ့ဖူးခြင်းကြောင့်လည်းကောင်း ကျိရုရွှယ်၏ စိတ်ခံစားချက်များ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ယနေ့အချိန်တွင် ကျောက်လင်းမှာ သူမ၏အမြင်၌ အသုံးချခံကိရိယာ သို့မဟုတ် နောင်လာမည့် လက်အောက်ငယ်သားတစ်ဦး မဟုတ်တော့ဘဲ ရှားပါးလှသော သူငယ်ချင်းကောင်းတစ်ဦးနှင့် ယုံကြည်ရသည့် တိုက်ဖော်တိုက်ဖက်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

ကျောက်လင်းသည် သူမ၏လက်ထဲရှိ ဗလာစာအုပ် သုံးအုပ်ကို ကြည့်ကာ မှင်တက်သွားတော့သည်။

ယခင်က ကျင့်စဉ်ကိစ္စကြောင့် ချီချီလေးပေးသော ကိုယ်ခံပညာများ၏ စစ်မှန်မှုကို ကျောက်လင်း မသံသယဖြစ်တော့ပေ။ လုချွမ်းတွင် ဤမျှ အစွမ်းထက်သော နောက်ခံသမိုင်းကြောင်းများ ရှိနေခြင်းကိုသာ သူမ အံ့သြမိတော့သည်။

ဒါမှမဟုတ်ရင် ဒီလို ကိုယ်ခံပညာရပ်တွေက ဘယ်ကနေ ရောက်လာနိုင်မှာလဲ။

"ဒါက ဖေဖေဆီကနေ ခိုးလာတာ ဘယ်သူ့ကိုမှ မပြောနဲ့နော်"

ကျိရုရွှယ်က သတိကြီးစွာဖြင့် ပြောလိုက်သည်။

ဤကိုယ်ခံပညာရပ် သုံးခုကို လွှဲပြောင်းပေးအပ်ခြင်းမှာ အခြေခံအားဖြင့် ကျောက်လင်းအပေါ် ကျိရုရွှယ်၏ ရင်းနှီးမြှုပ်နှံမှုပင်။

သူမအနေဖြင့် အလားအလာရှိသော ကျောက်လင်းကို လမ်းခုလတ်တွင် ပျက်စီးသွားမှာ မလိုလားပေ။ အဘယ်ကြောင့်ဆိုသော် သူမဖခင်နှင့် သူမအပေါ် စစ်မှန်သော စိတ်ရင်းဖြင့် ဆက်ဆံမည့်သူမျိုးကို ရှာဖွေရန်မှာ မလွယ်ကူသောကြောင့်ပင်။

အကယ်၍ ကျောက်လင်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပါက သူမ၏ ပါရမီစွမ်းရည်အရ သန်မာလာရန်မှာ မခက်ခဲလှပေ။ နောင်အနာဂတ်တွင် ကျောက်လင်း အသုံးဝင်လာမည့် အချိန်များစွာ ရှိလာပေလိမ့်မည်။

တကယ်လို့သာ သူမဟာ လူသားအင်အားစုထဲမှာ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ပိုတောင်ကောင်းသေးသည်။ သူမကတစ်ဆင့် အစိုးရအရာရှိတွေကို ဖျောင်းဖျပြီး သူမဖခင်အပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို ရုပ်သိမ်းခိုင်းလို့ရနိုင်သည်။

လူသားအစိုးရ၏ ဖမ်းဝရမ်းကို ကြောက်ရွံ့နေခြင်းမဟုတ်သော်လည်း ဝရမ်းပြေးဖြစ်နေခြင်းမှာ နေရာအနှံ့ရှိ အခြေစိုက်စခန်းများ၏ နှောင့်ယှက်မှုကို ခံရနိုင်ပြီး တစ်နေရာတည်းတွင် ကြာရှည်စွာ အခြေချနေထိုင်ရန် ခက်ခဲစေသည်။

တကယ့်ကို မလွဲမသာတဲ့ အခြေအနေမျိုးမှလွဲ၍ သူမနှင့် သူမဖခင်သည် ဇွန်ဘီလှိုင်းလုံးကြီးဖြစ်ပေါ်အောင် လှုံ့ဆော်မှုကို ရှောင်ကြဉ်ကြမည်ဖြစ်သည်။ အကယ်၍ အခြေစိုက်စခန်းတစ်ခုကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်ပါက လူသားအစိုးရကို ထိရောက်စွာ ခြိမ်းခြောက်နိုင်မည်ဖြစ်သော်လည်း နှစ်ဖက်စလုံးမှာ သေကျေပျက်စီးသည်အထိ ရန်ဘက်များဖြစ်သွားကာ အဆုံးမရှိသော ပဋိပက္ခများအတွင်း ပိတ်မိသွားနိုင်သောကြောင့်ပင်။

"ဒါကတော့..."

ထိုစကားကို ကြားသောအခါ ကျောက်လင်းသည် တွန့်ဆုတ်သွားပြီး လက်ထဲမှ ဗလာစာအုပ် သုံးအုပ်ကို စိုက်ကြည့်ရင်း လက်ခံသင့်မသင့် ဝေခွဲမရဖြစ်နေရှာသည်။

ဒါတွေက ချီချီလေးပေးတဲ့ လက်ဆောင်တွေဖြစ်ပေမဲ့ အခြေခံအားဖြင့်တော့ လုချွမ်းရဲ့ ပစ္စည်းတွေပဲလေ။ ဒီအတိုင်း ယူလိုက်တာက မသင့်တော်ဘူးထင်တယ်...

"မမ ကျောက်လင်း... ယူလိုက်ပါ ဖေဖေ့မှာ ဒီလိုကိုယ်ခံပညာတွေ အများကြီးရှိတာပဲ။ တစ်ခုနှစ်ခု ပျောက်သွားတာက ဘာမှမဖြစ်ပါဘူး။

ဒါပေမဲ့ ဒါတွေကို ယူလိုက်ပြီဆိုတာနဲ့ ဖေဖေ့ရဲ့ တောင်းပန်မှုကို လက်ခံလိုက်ပြီလို့ သတ်မှတ်မှာနော်။ ဒါကြောင့် သမီးရဲ့ စွမ်းရည်တွေကို ဖေဖေက လျှို့ဝှက်ခိုင်းထားတဲ့အပေါ် မမအနေနဲ့ စိတ်မဆိုးရတော့ဘူးနော်"

ဤမြင်ကွင်းကို မြင်သောအခါ ကျိရုရွှယ်က ပါးနပ်သော အကြံတစ်ခုရရှိသွားပြီး ဖျောင်းဖျပြောဆို လိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင်တော့ ငါ ယူလိုက်မယ်"

သေချာပေါက်ပင် ကျိရုရွှယ်၏ စကားကို ကြားပြီးနောက် ကျောက်လင်း၏ မျက်နှာတွင် မကျေနပ်ဟန်များ ပေါ်လာပြီး ထိုဗလာစာအုပ် သုံးအုပ်ကို တိုက်ရိုက်ပင် ယူလိုက်တော့သည်။

အဲဒီ အသုံးမကျတဲ့ လုချွမ်း... ချီချီလေးကို ငါ့အပေါ် လိမ်ညာဖို့ ခိုင်းရဲတယ်ပေါ့။ ငါ့ကို လုံးဝမယုံကြည်တာ သိသာနေတာပဲ။

ဒီလိုဆိုမှတော့... ငါက ဘာလို့ အားနာနေရဦးမှာလဲ

All Chapters