← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း ၃၉၄ ။ လေးဘဝဆက်တိုက် ကံဆိုးမှုအတိ

စောနက အမတတောင်တွေ၊ ကောင်းချီးပေးခံရတဲ့မြေပြင်နဲ့ နှိုင်းယှဉ်ရင် အခုပုံပန်းသဏ္ဌာန်က သေမျိုးကမ္ဘာဖြစ်ပုံပဲ။ ပတ်ဝန်းကျင်တွင် ဖြတ်သန်းလျှောက်လာသူတိုင်းက ဝိညာဉ်ချီမရှိတဲ့ သေမျိုးတွေ။ ဒီအိမ်က အထင်ကရ မဟုတ်ပေမဲ့ အဆင်ပြေချောင်လည်တဲ့ မိသားစုရဲ့အိမ်ဖြစ်ပုံပဲ။

အရွယ်ရောက်ကာစ ကလေးတစ်ယောက်က ရယ်မောကာ ဖြတ်ပြေးသွားသည်။ သူ့အကြည့်တွေက ထူးဆန်းနေပေမဲ့ သူတို့ရှေ့က ဒီလူက မျပ်နှာပြင်မုန်တိုင်းထဲ လွင့်ပါလုနီးပါး ဖြစ်ပြီး ဝိညာဉ်ကယ်တင်ခြင်းလုပ်ဖို့ ကမ္ဘာကိုကယ်တင်တဲ့ ကျင့်ကြံသူရဲ့ ဆွဲခေါ်ခံခဲ့ရတဲ့ ဝတ်ရုံစိမ်းနဲ့လူဆိုတာ မြင်မြင်ချင်း သိလိုက်ကြတယ်။

ဒါ... သူ့ဝိညာဉ်ကို သံသရာက ပြုပြင်ပြီးတဲ့ နောက်ဘဝကလား။ သူတို့ အနည်းငယ် အံ့အားသင့်သွားပြီး ပိုလို့တောင် ဇဝေဇဝါဖြစ်လာခဲ့တယ်။ ဒီပုံရိပ်ယောင်ရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ ဆက်စောင့်ကြည့်နေရတယ်။ ဒါပေမဲ့ ပုံရိပ်ယောင်ထဲ ဆက်ဖြစ်တဲ့ အဖြစ်အပျက်တွေက သူတို့ကို ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်စေခဲ့တယ်။

ဝတ်ရုံစိမ်းနဲ့လူကို ယခုဘဝမှာ ဝမ်ထျန်းယိုးလို့ ခေါ်ပြီး သူက ကုန်သည်တစ်ဦးသားပဲ။ သူ့ဘဝတစ်လျှောက်လုံးမှာ အကြီးမားဆုံးဆန္ဒကတော့ ငွေအလုံအလောက် ရှာဖွေပြီး အောင်လုပ်ပြီး မြို့ရဲ့အလှဆုံးမိန်းကလေးနဲ့ လက်ထပ်ဖို့။ ဆယ်နှစ်တည်းက သူက ငွေနည်းနည်းချင်းစီကို အိုးတစ်လုံးထဲတွင် သိမ်းဆည်းပြီး ရတနာတစ်ခုလို ဂရုတစိုက် မြှုပ်နှံထားတယ်။ ပြီးတော့ သူက ငွေရှာတဲ့နေရာမှာ တကယ်ကို အရည်အချင်းရှိတာ။ အသက်နှစ်ဆယ်မပြည့်ခင် မြို့ထဲက ဈေးဆိုင်တွေအားလုံးကို ပိုင်ဆိုင်ထားပြီး မြို့ထဲ အချမ်းသာဆုံးသူ ဖြစ်လာခဲ့တယ်။ အရာအားလုံး ပြီးပြည့်စုံခဲ့တာပေါ့။ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မဲ့နေ့တော့ ဒါတွေအားလုံးက ရုတ်ခြည်း ရပ်တန့်သွားခဲ့လေရဲ့။

မြို့ကြီးကနေ တစ်စုံတစ်ယောက် ရောက်လာတယ်။ ဘေးက ကောင်းကင်ကနေ လာတဲ့ အမတတွေပဲ။ ဝမ်ထျန်းယိုးက အလားအလာကောင်း‌ ရှိတဲ့လူဖြစ်ပြီး တစ်နေ့မှာ ကောင်းကင်တက်လှမ်းမှုရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိရန် ကံပါကြောင်းသူတို့က ပြောခဲ့တယ်။ ထျန်းယိုး မသွားချင်သလို အမတကျင့်ကြံမှုကိုလည်း မလုပ်ချင်ဘူး။ ဒါပေမဲ့ သူ့မိဘတွေက ဒါက သူ့ကံကြမ္မာလို့ ပြောကြတယ်။ သူ့သူငယ်ချင်းတွေက သူ အရမ်းကံကောင်းတယ်လို့ ပြောကြတယ်။ သူကြိုက်တဲ့ ကောင်မလေးတောင်မှ သူက တကယ့်ကို ထူးခြားတဲ့လူတစ်ယောက်လို့ ပြောတာ။ အမတလမ်းစဥ်ကို လျှောက်သင့်တယ်လို့ လူတိုင်းက ထင်ကြတယ်။

ပြီးတော့ ထျန်းယိုး သွားခဲ့ရတယ်။ အမတဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် ဆရာသခင်ဝမ့်တင်းက သူ့ကို တပည့်အဖြစ် ခေါ်ဆောင်လိုခဲ့တယ်။ သူက တစ်ဦးတည်းသော တပည့်ဖြစ်မယ်လို့ပါ ကတိပေးခဲ့ပြီး သိသမျှကို သင်ပေးမယ်တဲ့။ ကျင့်ကြံသူသူအားလုံး သူ့ကံကောင်းမီုကို မနာလိုကြပေမဲ့ သူကိုယ်တိုင်ကတော့ စိတ်ပါမှုနည်းနည်းလေးတောင်မရှိ။ ဘာမှန်းမသိ အကြောင်းတစ်ခုခုကြောင့် အဲလူကို သူသဘောမကျ။ တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ စိတ်လေးမှုနဲ့ သူ့ကို မြင်တိုင်း အဝေးကို ထွက်ပြေးချင်ခဲ့တယ်။

လအနည်းငယ်အကြာမှာ အဲစိတ်လေးမှုက လက်တွေ့ဖြစ်လာမယ်လို့ သူ မထင်မှတ်ခဲ့ဘူး။

ကြီးမားတဲ့တွင်းနက်ကြီးတစ်ခု ကောင်းကင်မှာ ရုတ်တရက်ပေါ်လာပြီး ဆရာသခင်ဝမ့်တင်းရဲ့ အင်းကွက်ကသာ အဲအဟကို ဖြည့်ပေးနိုင်တယ်၊ မဟုတ်ရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားမှာ။ ဒါပေမဲ့ ဒီအခင်းအကျင်းက ဝိညာဉ်စတေးမှု လိုအပ်တယ်။ ကံမကောင်းစွာပဲ၊ သူ့ကိုယ်ပိုင်စိတ်ဝိညာဥ်က အင်းကွက်ကို အသက်သွင်းဖို့ မလုံလောက်ဘဲ၊ သူနှင့် အလားတူတဲ့ အခြားဝိညာဉ်တစ်ခု လိုအပ်ခဲ့တယ်။။

ပြီးတော့ ဝမ်ထျန်းယိုးက အဲဒီလူပဲ။

သူ့မှာ ချို့တဲ့နေတဲ့ ဝိညာဉ်အမြစ်ရှိပေမဲ့ လူတိုင်းက သူ့ကို ဘာကြောင့် အတင်းကျင့်ကြံခိုင်းရသလဲ ရုတ်တရက် သဘောပေါက်သွား‌ခဲ့တယ်။

ဒါပေမဲ့ သူ မသေချင်သေး။ သူကြောက်တယ်။ သူ ထွက်ပြေးချင်ခဲ့တယ်။ သူ့ဝိညာဉ်ကို မပျက်စီးစေချင်ဘူး။

ဒါပေမဲ့ သူ့မှာ အခွင့်အရေး မရှိခဲ့ဘူး။ ထွက်ပြေးဖို့ အစီအစဉ်ကို သိရှိသွားခဲ့တယ်။

တစ်ညအတွင်းမှာပဲ၊ သူ့ကို ချစ်ခင်ကြင်နာတတ်တဲ့ ဂိုဏ်းထဲက ရောင်းရင်းကျင့်ကြံသူတွေ အားလုံးက မျက်နှာတွေ ပြောင်းလဲပြီး သူ့ကို တစ်ကိုယ်ကောင်းဆန်သူ၊ စိတ်ခံစားချက်မရှိသူ၊ ကျေးဇူးကန်းသူလို့ စတင်ခေါ်ဆိုကြတော့တယ်။

ဂိုဏ်းချုပ်က ပြောတယ်။

"ငါတို့အမတကျင့်ကြံသူတွေက စတည်းက ဒီကမ္ဘာကြီးထဲက တရားမျှတမှုကို ကာကွယ်ဖို့ပဲ၊ မင်းတစ်ဦးတည်းအတွက် ကမ္ဘာကြီးတစ်ခုလုံးရဲ့ သက်ရှိသတ္တဝါတွေကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်တာလဲ"

သူ့ ရောင်းရင်းကျင့်ကြံသူတွေက ပြောတယ်။ "အရည်အသွေးညံ့ပေမဲ့ ဆရာသခင်က မင်းကို မျက်နှာသာပေးတဲ့အတွက် မင်းမှာ ခိုင်မာတဲ့စရိုက် ရှိရမယ်လို့ ငါတို့ထင်ခဲ့တာ၊ မထင်မှတ်ထားဘူး... မင်းကို အကြည့်မှားခဲ့တာပဲ"

တခြားဂိုဏ်းက ကျင့်ကြံသူတွေကလည်း ပြောတယ်။

"မင်းက ဒီလောကရဲ့ သက်ရှိသတ္တဝါတွေထဲက တစ်ခုပဲ၊ သက်ရှိတွေ သေတာကို ဘယ်လိုလုပ် ကြည့်နိုင်ရက်တာလဲ၊ မင်းထွက်သွားတာနဲ့ တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ"

သူ့မိဘတွေက ပြောတယ်။

"ငါ့သား၊ အမတအကြီးအကဲတွေ ပြောတာ မှန်တယ်၊ မင်းဘယ်လိုများ ဒီလောက် တစ်ကိုယ်ကောင်းဆန်နိုင်တာလဲ၊ မင်းက အမတကျင့်ကြံသူဖြစ်နေပြီဆိုတော့ မင်းဆရာသခင်ဝမ့်တင်းလို အသက်နဲ့ သေခြင်းကို ဘေးဖယ်ထားသင့်တယ်"

သူကြိုက်တဲ့ကောင်မလေးက ပြောတယ်။

"ရှင် ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ၊ ရှင်က ကျွန်မသိတဲ့ အစ်ကိုကြီးထျန်းယိုး မဟုတ်တော့ဘူး”

…

မထွက်ပြေးသင့်ဘူးလို့ လူတိုင်းက ပြောကြတယ်။ အင်းကွက်အတွက် ယဇ်ပူဇော်သင့်တယ်လို့ လူတိုင်းက ပြောတယ်။ လူတိုင်းက သူ့ကိုပြောတယ်... သူသေရမယ်တဲ့။

ဒါပေမဲ့...သူ မသေချင်ဘူးလေ

သူ့ကို ထျန်းယိုးလို့ နာမည်ပေးထားပေမဲ့ ကောင်းကင်ဘုံက သူ့ကို ကာကွယ်ဖို့ မရှိတော့ဘူးလို့ ထင်တာပဲ။

[“ထျန်းယိုး” သည် တရုတ်လို “ကောင်းကင်ဘုံမှ ကာကွယ်ထားသည်” ဟုဆိုလိုပါတယ်]

နောက်ဆုံးတော့ သူ့ကို ယဇ်ပလ္လင်ပေါ် တွန်းတင်ခံလိုက်ရတယ်။ အတိတ်က သူ့အခင်ဆုံးသူငယ်ချင်းက ဝိညာဉ်ဓားကို သူ့ရင်ဘတ်ထဲ ထိုးစိုက်ပြီး သူ့သွေးတွေ တဖြည်းဖြည်း ယိုစီးကျလာကာ အင်းကွက်ထဲ စုစည်းနေတာ တွေ့လိုက်ရတယ်။ သူ့ဝိညာဉ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာကို မြင်လိုက်ရတယ်။ ဒါပေမဲ့ သူ လုံးဝ မတွန်းလှန်နိုင်ခဲ့။

ပျောက်ကွယ်လုနီးအချိန်မှာ သူ့နားထဲ သူ့လိုပဲ ဝိညာဉ်လွင့်ပျောက်တော့မဲ့ ဆရာသခင်ဝမ့်တင်းရဲ့ ရင်းနှီးနေတဲ့ စကားသံ ထွက်ပေါ်လာတယ်။ "တောင်းပန်ပါတယ်"

အလင်းအစက် အပြောက်တွေအဖြစ် ပြောင်းလဲပြီးတဲ့ သူ့အကြွင်းအကျန်ဝိညာဉ်ကနေ အငြိုးအတေးစွမ်းအင်တွေ ရုတ်တရက်ထွက်ပေါ်လာတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံး မေ့ပျောက်မြစ်ထဲ ချက်ချင်း ဝင်သွာခဲ့ကြတယ်။

ပြီးတော့ တတိယဘဝ...။

သူ့ အကြွင်းအကျန်ဝိညာဉ်မှာ အငြိုးအတေး စွမ်းအင်နဲ့ ပြန်လည်မွေးဖွားလာမှုကြောင့် ဝမ်ထျန်းယိုးက သူ့အတိတ်ဘ၀ကို အံ့အားသင့်စွာ အမှတ်ရနေခဲ့တယ်။ သူ့ကြီးမားတဲ့ အမုန်းတရားက သူ့ကို ငယ်ငယ်ကတည်းက နတ်ဆိုးလမ်းထဲသို့ ကျရောက်စေခဲ့တယ်။ လက်စားချေဖို့ ကမ္ဘာပေါ်က ကျင့်ကြံသူအားလုံးကို သတ်ပစ်မယ်လို့ သူ့ကိုယ်သူ ကတိပြုခဲ့တယ်။

သူ အန္တရာယ်အရှိဆုံး တားမြစ်ကျင့်စဉ်တွေနဲ့ ရက်စက်ဆုံး စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတွေကို လေ့ကျင့်ခဲ့တယ်။ သူက ကမ္ဘာပေါ်က ဆင်းရဲဒုက္ခအားလုံးကို ဖြတ်သန်းခဲ့ပြီး နောက်ဆုံးမှာတော့ ကောင်းကင်မိစ္ဆာ ဖြစ်လာခဲ့တယ်။ အမတဂိုဏ်းကို တိုက်ခိုက်ဖို့ ထောင်သောင်းမကတဲ့ နတ်ဆိုးတွေကို စုဆောင်းခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမိနစ်မှာ သူ့ ကြိုးစားအားထုတ်မှုတွေက မအောင်မြင်ခဲ့ဘဲ မွေးကတည်းက ကောင်းချီးမင်္ဂလာတွေ ယူဆောင်လာပြီး သူ့ပတ်လည်မှာ ကုသိုလ်ရွှေရောင်အလင်းရှိသူနဲ့ တွေ့ကြုံခဲ့ရတယ်။ အဲလူကျင့်ကြံဆင့်က ကိုယ့်ထက် နိမ့်ကျနေပေမဲ့ ကြီးမားတဲ့ ကုသိုလ်ကံကြောင့် သေဆုံးခဲ့ရပြီး သူ့ဝိညာဉ်က နောက်တစ်ကြိမ် ယဇ်ပူဇော်ခံခဲ့ရတယ်။

ရယ်စရာကောင်းတာက သူ့နောက်ဆုံးအခိုက်အတန့်မှာမှ အဲဒီလူကို မှတ်မိခဲ့တာပဲ။ သူ့အပေါ်က ကုသိုလ်ကောင်းမှုက ဘယ်ကလာတယ်ဆိုတာ မှတ်မိသွားခဲ့တယ်။ တကယ်က... လောကကို ကယ်တင်ခြင်းရဲ့ ကောင်းမှုကုသိုလ်ပဲ။

အရှင်လတ်လတ် စတေးခံရတဲ့ ဝိညာဉ်နှစ်ခုလုံးဖြစ်ပေမဲ့ သူကိုယ်တိုင်ကတော့ လောကတစ်ခုလုံးရဲ့ ဖယ်ကြဉ်ခြင်းခံရပြီး ကျင့်ကြံသူတွေရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရတယ်။ အဲလူကတော့ မျိုးရိုးစဉ်ဆက် နာမည်ကောင်း ဆင့်ကမ်းသွားပြီး လူတိုင်းရဲ့စစ်မှန်တဲ့ ကျေးဇူးတရားနဲ့ လောကကို ကယ်တင်ခြင်းရဲ့ ကုသိုလ်တရားတွေ ရခဲ့တယ်ပေါ့လေ။

ဒါဆို သူက အဲလျော်ကန်တယ်ဆိုတဲ့ ကျင့်ကြံသူတွေနဲ့ သူ့ကံကြမ္မာကိုတင် မဟုတ် ကောင်းကင်ဘုံကိုပါ တိုက်ခိုက်နေခဲ့ရတာပေါ့။

တဖြည်းဖြည်း သူလုံးဝစိတ်ပျက်အားလျော့သွားခဲ့ကာ လုံခြုံမှုနဲ့ ဘေးကင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကောင်းကင်ဘုံက ခွင့်ပြုပေးမယ်လို့ပဲ မျှော်လင့်တော့တယ်။

ပြီးတော့… သူ့ရဲ့ စတုတ္ထမြောက်ဘဝ ရောက်လာတယ်။

ဒီတစ်ခါတော့ အစက ဒုက္ခသိပ်မကြီးဘူး။ သူ့အတိတ်ဘ၀ကို အမှတ်မရသလို ကမ္ဘာပေါ်မှာလည်း တွင်းနက် မရှိတော့ဘူး။ သူက ပညာတတ်ကျောင်းသားလေးတစ်ဦးသာဖြစ်ပြီး စာမေးပွဲအတွက် ပြင်ဆင်ဖို့ ခရိုင်မြို့နဲ့ မိုင်ပေါင်းများစွာဝေးတဲ့ တောအုပ်အတွင်းက ဆိတ်ငြိမ်တဲ့ အိမ်ငယ်လေးဆီ ရည်ရွယ်ချက်ရှိရှိ ပြောင်းရွှေ့လာခဲ့တယ်။

တစ်နေ့မှာ အဝါရောင်ဝတ်ရုံတွေနဲ့ စိတ်တန်ခိုးကျင့်ကြံသူတစ်ဒါဇင်လောက်က တောအုပ်အပြင်ဘက် လမ်းကြားတစ်လျှောက် အလျင်အမြန်ပြေးလာကြတယ်။ သူတို့နောက်မှာ တစ်စုံတစ်ခုက နောက်ကနေ လိုက်နေသလိုမျိုး အလွန်ပြင်းထန်တဲ့ ယင်ချီလှိုင်းလုံးကြီးတစ်ခု ရှိနေတယ်။ အဖွဲ့က အကူအညီတောင်းဖို့ အသံပို့လွှတ်တဲ့ အဆောင်ပြားကို အမြန်ထုတ်လိုက်တယ်။

ခဏအကြာမှာ အဆောင်စက္ကူကနေ ရေလို ပျော့ပျောင်းတဲ့ ယောက်ျားအသံ ထွက်ပေါ်လာသည်။

"မင်းတို့ရှေ့မှာ ခရိုင်ရှိတယ်၊ မြို့ထဲက အရပ်သားတွေကို သွေဖည်တစ္ဆေတွေ ဒုက္ခပေးမှာမျိုး ခွင့်ပြုလို့ မဖြစ်ဘူး၊ အဲက တောအုပ်ထဲ သူတို့ကို ခဏပိတ်ထားဖို့ ချိပ်ပိတ်အဆောင်ကိုသုံးလိုက်"

"ဟုတ်ကဲ့ ကောင်းကင်သခင်"

အဲလိုနဲ့ သွေဖည် သရဲတစ္ဆေတွေ တောအုပ်ထဲ ပြည့်သွားကာ အဲထဲက တစ်ဦးတည်းသော သက်ရှိကို ဝါးမျိုလိုက်ကြတယ်။ သူ့အရိုးတွေတောင် မကျန်ခဲ့။

ပညာသင်ကျောင်းသားက သရဲတစ္ဆေဖြစ်လာပြီး သူ့ဝိညာဉ်က အပိုင်းပိုင်းထောင်ပေါင်းများစွာ ကွဲသွားတော့မယ်။ သူကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ ကြီးမားတဲ့ အငြိုးအတေး စွမ်းအင်လှိုင်းလုံးကြီး ပေါက်ကွဲလာပြီး မရပ်မနားပဲ။ အငြိုးအတေး စွမ်းအင် ဝါးမျိုခံလိုက်ရပြီးနောက်မှာတော့ သူ့ရင်ထဲ အတွေးတစ်ခုသာ ကျန်တော့တယ်။

သူ အဖြေလိုချင်တယ်၊ တရားမျှတမှုကို လိုချင်တယ်၊ ဘာကြောင့်လဲလို့ မေးချင်တယ်။

ဒါပေမဲ့…. သူဘာလို့မေးရလဲ၊ ဘယ်သူ့မေးရမလဲဆိုတာ ကိုယ်တိုင်တောင် မေ့နေခဲ့တယ်။

ဒါကြောင့် သူက အနီးပတ်ဝန်းကျင်က အကြွင်းအကျန်ဝိညာဉ်တွေထဲက၊ ကောင်းကင်နဲ့မြေကြီးရဲ့ အမိန့်အာဏာအောက်ကနေ ပြေးထွက်လာပြီး...

စီမံထိန်းသိမ်းသူရှေ့မှာ ပေါ်လာခဲ့တယ်။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

နောက်ဆုံးတော့ ဒီပုံရိပ်ယောင်တွေ ဘာကြောင့် ပေါ်လာလဲကို နားလည်သွားကြပြီ။

သုံးယောက်သား ခေတ္တနှုတ်ဆိတ်နေပြီး ကြီးမားသော ထိုးနှက်ချက် ခံလိုက်ရသလို ယိမ်းယိုင်သွားတဲ့ ယွင်ဟန့်ကို ပြိုင်တူလှည့်ကြည့်လိုက်ကြတယ်။

တိုက်ဆိုင်စွာပဲ အဲပညာရှင်ကို

စုန့်ရန်လို့ခေါ်ပြီး အဲအသံထုတ်လွှင့်မှုအဆောင်ထဲက ကောင်းကင်သခင်ကတော့ ယွင်ဆိုတဲ့ မျိုးရိုးနာမည်ရှိနေလေရဲ့။

…

အခန်း ၃၉၅ ။ ယွင်ဟန့်၏ ပြင်ဆင်ချက်

အမှန်တရားက ရုတ်တရက် ပေါ်လာတော့ အားလုံး အံ့ဩသွားတယ်။ အထူးသဖြင့် ယွင်ဟန့်။ သူ သတိလစ်သွားသလိုမျိုး အကြာကြီး မလှုပ်ရှားဘဲ မူလအနေအထားအတိုင်း ရပ်နေတယ်။

သူတို့ပတ်ဝန်းကျင်က ပုံရိပ်ယောင်တွေက ဇာတ်ကြောင်းကို ပြန်ပြနေတဲ့ ရုပ်ရှင်လိုမျိုး စုန့်ရန်ရဲ့ ပထမဆုံးဘဝဆီ ပြန်ရွှေ့သွားတယ်။

ကူယွဲ့နဲ့ ယိချင်း အမူအရာလည်း ရှုပ်ထွေးနေတယ်။ ယွင်ဟန့်အပေါ် စုန့်ရန်ရဲ့ နားမလည်နိုင်စရာ မုန်းတီးမှုတွေ ဘယ်ကလာလဲ သူတို့ နောက်ဆုံး နားလည်သွားကြတယ်။ ပြီးတော့ ဂျပုလေး‌တောင် မချေဖျက်နိုင်တဲ့ အဆုံးမဲ့ အငြိုးအတေး စွမ်းအင်။ ပြီးတော့ ရှန်းရင် အနားမှာ ရှိမှပဲ ရှင်းပစ်နိုင်ရတဲ့အကြောင်းရင်း။ မသိစိတ်က တရားမျှတမှုကို လိုချင်နေသေးတာ ဖြစ်ရမယ်။ ကောင်းကင်တာအိုတောင် မပေးနိုင်ဘဲ ရှန်းရင်တစ်ဦးတည်းပဲ ပေးနိုင်တဲ့တရားမျှတမှု။

ဒါပေမဲ့ ဒါက ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ မပြောနိုင်တဲ့ ကိစ္စပဲ။ သူ့ရဲ့ ဆိုးရွားတဲ့ ဘဝလေးခုက တကယ်ကို သနားစရာကောင်းတာအမှန်ပဲ။ ဒါပေမဲ့ ဘယ်ဘဝမှာပဲဖြစ်ပစေ ယွင်ဟန့် လုပ်ခဲ့တာတွေက အမှန်တကယ်ပဲ လောကကို ကယ်တင်ခဲ့တဲ့ မဟာလုပ်ရပ်တွေပဲ။ သူ မျက်နှာပြင်မုန်တိုင်းကို မရပ်တန့်ခဲ့ရင် စုန့်ရန်တင်မက ကမ္ဘာငယ်လေးထဲက လူတွေအားလုံး သေကြလိမ့်မယ်။ ဝိညာဉ်တွေတောင် နောက်တစ်ကြိမ် ပြန်လည်မမွေးဖွားနိုင်တော့ဘဲ မျက်နှာပြင်အက်ကွဲကြောင်းထဲ ပျောက်ကွယ်သွားကြမှာ။

ယွင်ဟန့်က အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခဲ့တာပဲ။ သူက ကိုယ့်အသက်ဝိညာဉ်ကို အရဲစွန့်ပြီး ကမ္ဘာပေါ်က လူတွေကို အကြိမ်ကြိမ် ကယ်တင်ခဲ့ရတယ်။ ဒါကြောင့် သူက လောကကြီးရဲ့ ကျေးဇူးတရားအစစ်အမှန်ကို ရရှိပြီး ဘဝတိုင်းအတွက် ကောင်းကင်ဘုံက ကောင်းချီးပေးတဲ့ ကုသိုလ်ကံကို ရရှိခဲ့တာပဲ။

ဖြောင့်မတ်မှုရှုထောင့်ကကြည့်ရင် သူ့ရွေးချယ်မှုတွေက မှားတယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး။

ယွင်ဟန့်က တစ်လောကလုံးကို စိတ်မပျက်စေခဲ့‌ကောင်း စိတ်မပျက်စေခဲ့ပေမဲ့ စုန့်ရန်ကိုတော့ စိတ်ပျက်စေခဲ့တယ်။

"ဘာလို့ မှိုတက်‌တစ္ဆေရဲ့ ခန္ဓာကိုယ်က လင်းမလာတာလဲ" ရှန်းရင်က ခေါင်းစောင်းပြီး ရုတ်တရက် မေးလာတယ်။

ယိချင်း ခဏလောက် ဇဝေဇဝါဖြစ်သွားပြီး ကုသိုလ်အကြောင်းပြောနေမှန်း နားလည်သွားတယ်။ သူက ခပ်တိုးတိုး ရှင်းပြလိုက်တယ်။

"ဆရာ ကောင်းမှုပြုလုပ်တာက ကုသိုလ်တွေ စုဆောင်းနိုင်ပေမဲ့ အစတည်းက ကောင်းတယ် ဆိုးယုတ်တာမှာ ကန့်သတ်ချက် မရှိပါဘူး၊ ဒါကြောင့် တခြားသူဆီက ကျေးဇူးတရား အစစ်အမှန်ရရှိမှ ကုသိုလ်တွေရရှိမှာပါ"

"အိုး" ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ "ဒါဆို... မှိုတက်တစ္ဆေကို ဘယ်သူကမှ ကျေးဇူးမတင်ဘူးပေါ့"

"..."

ယိချင်းက ပြန်မဖြေဘဲ သူ့အမူအရာက မှောင်မည်းသွားတယ်။ ဘယ်သူကမှ ကျေးဇူးမတင်ရုံမက ပထမဘဝမှာလည်း ကမ္ဘာကြီးကို ကယ်တင်ရာမှာ သူ့ပါဝင်ပတ်သက်မှုအကြောင်းကို ဘယ်သူမှတောင် မသိခဲ့ကြဘူး။ ဒုတိယဘဝမှာ ယဇ်ပလ္လင်ပေါ် တွန်းတင်ခံခဲ့ရတယ်။ တတိယဘဝတုန်းကတော့ ပြောဖို့တောင် မတန်ဘူး။ ကျေးဇူးအကြောင်း မပြောနဲ့ နတ်ဆိုးခေါင်းဆောင်ဖြစ်ခဲ့ကာ သူ့ကို ဘယ်လောက်တောင် မုန်းတီးခဲ့ကြမှာကို တွေးကြည့်လို့တောင် မရဘူး။ ဒါကြောင့် သူ့ဘဝတိုင်းက အရင်ဘဝထက် ပိုကံမကောင်းခဲ့တာပဲ။ ဒါပေမဲ့ ပထမဘဝမှာ သူတို့ဝိညာဉ်တွေ ရောနှောခဲ့တာကြောင့် သူနဲ့ ယွင်ဟန့်ကြား ဆက်စပ်မှုတစ်ခု ရှိလာခဲ့ပြီး ဘဝတိုင်း တစ်ယောက်နှင့်တစ်ယောက် ပတ်သက်ခဲ့ကြတာပဲ။

"ဟေ့ ဒီကိစ္စကို မင်းဘာပြောချင်လဲ" ကူယွဲ့က ရှန်းရင်ကို တွန်းပြီး အတွေးတွေပြန်မလာသေးတဲ့ ယွင်ဟန့်ကို ညွှန်ပြလိုက်တယ်။

"ဟင်" ရှန်းရင်အကြည့်က လုံးဝအူတူတူ။

အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ။

"ဘာ 'ဟင်' လဲ" ကူယွဲ့ သူ့ကို စိုက်ကြည့်လိုက်တယ်။

"ဒီပုံရိပ်ယောင်က ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပြီလေ၊ စုန့်ရန်က မင်းဆီကနေ တရားမျှတမှုရှာဖို့ ဒီကိုရောက်လာတာ"

"ဟင်း၊ အလုပ်ရှုပ်တာ…"

"ဘာရှုပ်တာလဲ၊ ပြေလည်အောင် ဖြေရှင်းရမှာပဲလေ၊ ငါတို့ ဘာလုပ်သင့်လဲ"

ရှန်းရင်က ခေါင်းစောင်းကာ တစ်ချက်တွေးလိုက်တယ်။

"အသုပ်လုပ်ရင်ရော"

"..."

ဒီလို စကားလုံးပဟေဠိတွေက ခက်လွန်းတယ်ဟ ။

"အသုပ်အကြောင်းပြောမှ... ညစာ မစားရသေးဘူးဆိုတာ သတိရမိတယ်၊ စားဖိုမှူး၊ နင့်မှာ သိမ်းထားတာ ရှိလား၊ ဗိုက်ဆာလွန်းလို့"

"ဟုတ်ကဲ့ ဆရာ၊ မကြာခင် အဆင်သင့်ဖြစ်မှာပါ ဆရာ" ယိချင်းက အသည်းအသန် ခေါင်းညိတ်ပြပြီး သူ့အလုပ်အတွက် စိတ်နှစ်မှုနဲ့ သိုလှောင်အိတ်ထဲကနေ ပန်းကန် လေး၊ ငါး၊ ခြောက်... ဆယ်ချပ်ကို ထုတ်ကာ စားပွဲ၊ ကုလားထိုင်နှင့် မီးဖိုချောင်သုံး ပန်းကန်များကို နေရာတကျ ခင်းကျင်းထားလိုက်တယ်။

သူက ရှန်းရင်ကို အရင်ထိုင်ခိုင်းတယ်။ သူ့လက်တစ်ဖက်လှည့်ပြီး ဇာမဏီမီးတောက်စစ်ကို ဆင့်ခေါ်လိုက်တယ်။ ဆူညံသံတချို့နဲ့အတူ၊ အနည်းငယ်အေးစက်နေတဲ့ ပန်းကန်များကို အပူပေးကာ ဆွဲဆောင်မှုရှိတဲ့ အနံ့တွေ ထွက်လာလေရဲ့။

"ဆရာ၊ အခုစားလို့ရပါပြီ"

"အဲဒီဝက်ခြေထောက်ကို နည်းနည်းထပ်ကင်လိုက်၊ ကြွပ်ကြွပ်လေးကြိုက်တယ်"

"ဟုတ်ကဲ့ပါ ဆရာ၊ ကိစ္စမရှိပါဘူး ဆရာ"

ကူယွဲ့ ။ ။ "..." ခွေး*သား

ဟေး၊ ငါတို့ရောက်နေတဲ့နေရာကို မင်းတို့ကြည့်လို့မရဘူးလား။ ငါတို့ ပုံရိပ်ယောင်ထဲ ရှိနေသေးတာကို မင်းတို့က စားပွဲတစ်လုံးကို ခင်းကျင်းပြီး ပွင့်ပွင့်လင်းလင်းစားသောက်နေကြတာ၊ ရုပ်ရှင် ကြည့်နေတယ်လို့များ ထင်နေကြလား။

သူ စားပွဲကို မှောက်ချဖို့ စိတ်အားထက်သန်နေတယ်။ ဒါပေမဲ့ ထမင်းစားရင်း အလုပ်ရှုပ်နေပြီဖြစ်တဲ့ တစ်ယောက်သောသူကို ကြည့်ရင်း ပါးစပ်ထောင့်က တွန့်ကွေးသွားကာ အချိန်အတော် ကြာပြီးနောက်မှာတော့ သူ အရင်ထမင်းစားပြီးအောင်စောင့်ဖို့ စားပွဲဘေးတွင် ထိုင်လိုက်တယ်။

နဂိုက အန္တရာယ်ရှိပြီး ကြိုတင်မှန်းဆမရတဲ့ ပုံရိပ်ယောင်ပုံစံက ရုတ်တရက် ပြောင်းလဲသွားတယ်။ သုံးယောက်က စားပွဲဘေးမှာ ထိုင်ပြီး အသည်းအသန်စားသောက်နေကာ တစ်ယောက်က မနီးမဝေးမှာ မှင်တက်ကာ မလှုပ်မယှက် ရပ်နေတယ်။

"ဟေး ငါဆိုလိုတာ... မင်း ခု‌တလော ပိုပြီးစားလာသလားလို့"

"ထမင်းနောက်တစ်ပန်းကန် စားဖိုမှူး"

"ဟုတ်ကဲ့ပါဆရာ၊ ပြဿနာမရှိပါဘူး ဆရာ"

"..."

***

နှစ်နာရီအကြာ။

ရှန်းရင်က နောက်ဆုံးတော့ ထမင်းစားပြီးသွားကာ သူ့အတွေးတွေကို စုစည်းပြီး ခိုင်မာတဲ့အကြည့်နဲ့ သူတို့ရှေ့ ဒူးထောက်နေတဲ့ ယွင်ဟန့်ကို ကြည့်လိုက်တယ်။

"နင်ဆုံးဖြတ်ပြီးပြီလား"

"ဟုတ်" သူက လက်သီးဆုပ်ကာ ပြန်ဖြေတယ်။ စောနက တုန်လှုပ်ချောက်ချားမှုနဲ့ ဇဝေဇဝါ ဖြစ်နေတဲ့ပုံစံတွေ ပျောက်ကွယ်သွားခဲ့ပြီ။

"အရင်ဘဝတွေကို ပြန်သတိရပါပြီ၊ ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆရာသုံးပါး... ကြီးမြတ်တဲ့ အမတသုံးပါးကို တောင်းဆိုပါတယ်"

"မင်း သေချာ စဉ်းစားသင့်တယ်နော်" ကူယွဲ့က ရှေ့ကို တက်ကာ အသံနက်ကြီးနဲ့ သတိပေးလိုက်တယ်။

"မင်းမှာ မူလက သေချာတဲ့ အမတတက်လှမ်းမှု အတွက် အရည်အသွေးရှိတာ၊ အခုလက်လျှော့လိုက်မယ်ဆို နောင်ဘဝမှာ... မဟုတ်ဘူး ထာဝရ တက်လှမ်းမှုကို ရောက်နိုင်လောက်မှာ မဟုတ်ဘူး"

"စတည်းက မသေမျိုးတက်လှမ်းမှုအတွက် လုပ်ခဲ့တာမှ မဟုတ်တာ" သူက ပြုံးတယ်။ အရင်လို ကြင်နာတဲ့ အပြုံးမျိုးမဟုတ်ပေမဲ့ အရမ်းစိတ်သက်သာရာရနေတဲ့ အပြုံးတစ်ခု။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က သူ့ကို ပြစ်မှားမိသူဖြစ်ပြီး၊ သူတောင်းတဲ့ တရားမျှတမှုကို ကျွန်တော်က ပေးဆပ်သင့်တာပေါ့"

ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ ခိုင်မာမှု မြင်တော့ သက်ပြင်းသာချနိုင်ခဲ့တယ်။ အချိန်အတော်ကြာပြီးနောက် သူမမေးဘဲ မနေနိုင်တော့ဘူး။

"အဲဒီဘဝတွေ… မင်းနောင်တရလား"

"မရဘူး" သူ မဆိုင်းမတွ ခေါင်းခါလိုက်တယ်။ "အဲဒါတွေကို ထပ်လုပ်ရရင်တောင် အဲဒီလိုလုပ်ဖို့ ရွေးချယ်ဦးမှာပဲ၊ ကြီးမြတ်တဲ့ ဖြောင့်မတ်ခြင်းမှာ စတေးရတာက မလွှဲမရှောင်သာပဲ၊ နာကြည်းမှုတွေ မွေးဖွားခြင်းဆိုတဲ့ အဓိပ္ပာယ်ရရင်တောင်မှပေါ့၊ ဒီတိုင်း… သူ့ကို ပြန်အလျော်ပေးနိုင်ဖို့ မျှော်လင့်မိတယ်"

ကူယွဲ့က ဒီကိစ္စကို ဘယ်လိုအကဲဖြတ်ရမလဲကို အချိန်အတော်ကြာ မသိခဲ့ဘူး။ သူ့ကိုယ်သူ စတေးရမှာကိုတောင် မရှောင်ဘဲ ဘဝလေးခုလုံးမှာ ကမ္ဘာကြီးကို ကယ်တင်ဖို့ သူ့တာဝန်လုပ်ခဲ့တဲ့ လူကောင်းတစ်ယောက်ပဲ။ ဒါပေမဲ့ သူက စုန့်ရန်ဝိညာဉ်ကို ကြီးမားတဲ့ အမုန်းတရားနဲ့ အဆုံးသတ်သွားစေတဲ့အထိ အကြိမ်များစွာ လွင့်ပျောက်အောင်လုပ်ခဲ့တဲ့သူပဲ။

"ဒါက ကျွန်တော်စဉ်းစားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်နေပြီ" ယွင်ဟန့်လက်တွေက သူ့ခန္ဓာကိုယ်ဘေး တင်းမာနေတယ်။

"ဒါဟာ လုံးဝအဓိပ္ပာယ်မရှိကောင်းမရှိနိုင်ပေမဲ့ အနည်းဆုံးတော့ သူ့ကို တရားမျှတတဲ့ အခွင့်အရေးတစ်ခု ပေးပါလိမ့်မယ်"

"ကောင်းပြီ" ရှန်းရင် ခေါင်းညိတ်ကာ သူမဘေးက စားဖိုမှူးကို တစ်ချက်ကြည့်လိုက်တယ်။

အဲအချိန်မှသာ ယိချင်းက လက်တစ်ဖက်နဲ့ စည်းတံဆိပ်တစ်ခု ပြုလုပ်ခဲ့တယ်။ သူ့လက်ထဲက အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာတယ်။ ချွင်ခနဲ အသံနဲ့အတူ၊ ပုံရိပ်ယောင်နယ်ပယ် တစ်ခုလုံး မှန်တစ်ချပ်လိုမျိုး ထောင်ပေါင်းများစွာသော အပိုင်းအစတွေအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့တယ်။

သူတို့ ယင်ချီအပြည့်ရှိတဲ့ မြောက်ပိုင်းမြေဆီ နောက်တစ်ခေါက် ပြန်ရောက်လာခဲ့တယ်။ မီတာများစွာ အကွာအဝေးက လေထုထဲမှာတော့ အနက်ရောင်သဏ္ဌာန်အသစ်တစ်ခု ရှိနေတယ်။ သူက လေထုထဲ ဆိုင်းငံ့နေပြီး မင်လိုမျိုး နက်မှောင်နေတဲ့ အငြိုးအတေး စွမ်းအင်တွေက သူ့တစ်ကိုယ်လုံးကို ကြမ်းတမ်းရိုင်းစိုင်းတဲ့ ရောင်ဝါတွေနဲ့အတူ ဝန်းရံထားတယ်။ သူ့ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေမဲ့ ဓားနှင့်တူတဲ့ အကြည့်က ယွင်ဟန့်ကို ထိုးဖောက်သလိုမျိုး ဦးတည်နေတယ်။

ယွင်ဟန့်က ရှေ့တိုးလာပြီး လေထဲက အနက်ရောင် အရိပ်ကို လှမ်းကြည့်လိုက်တယ်။ သူ့ခေါင်းထဲက ခံစားချက်တွေကို ပိုင်းခြားနိုင်စွမ်းမရှိတော့ဘူး။ အပြစ်ရှိခြင်း၊ နောင်တရခြင်း၊ သက်သာရာရခြင်းနဲ့ တခြားအရာတွေ။ သူ အဲအနက်ရောင် အရိပ်ကို အကြာကြီး ခိုင်ခိုင်မာမာ စိုက်ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်တယ်။

"တစ်ခုခု လုပ်ဖို့ နောက်ကျနေပြီဆိုတာ သိပါတယ်၊ ဒါပေမဲ့... မင်း နောက်တစ်ကြိမ်ပြန်စတင်မဲ့ အခွင့်အရေး ရဖို့ ငါမျှော်လင့်တယ်"

သူ့အသံဆုံးသွားတာနဲ့ လေထဲက အရိပ်မည်းက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရုတ်တရက် အနက်ရောင်မြူခိုးလှိုင်းအဖြစ်သို့ ပြောင်းလဲကာ ဒေါသတကြီး ပြေးဝင်လာလေတယ်။ ချွန်ထက်တဲ့ဓားတွေလိုမျိုး သူတို့က ယွင်ဟန့်ကိုယ်ထဲ အပေါက်ပေါင်းများစွာ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။

ရုတ်တရက် သွေးရောင်တောက်တောက်တွေ သူ့တစ်ကိုယ်လုံးပေါ် ပေါ်လာတယ်။ ဒါပေမဲ့ ယွင်ဟန့်က လက်နှစ်ဖက်နဲ့ တံဆိပ်တစ်ခုထုတ်လုပ်ရဖို့ သူ့နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြုခဲ့သေးတယ် နောက်တစ်ခဏမှာ အနီရောင်မီးတွေ လင်းလက်လာပြီး သွေးတွေက တဟုန်ထိုး ပန်းထွက်လာကာ သံကြိုးတွေအဖြစ် တန်းပြောင်းလဲပြီး အငြိုးအတေးစွမ်းအင်တစ်ခုလုံးကို ပိတ်လှောင်လိုက်တယ်။

လေထဲ ဧရာမရွှေရောင်အင်းကွက်တစ်ခု ပေါ်လာပြီး အောက်ကလူနှစ်ယောက်ကို ဖုံးအုပ်သွားတယ်။ ယွင်ဟန့်ရဲ့လက်က မရပ်။ သူက စည်းတံဆိပ်ကို မြန်မြန်အပြီးသတ်ကာ တစ်လုံးချင်း ရေရွတ်လိုက်တယ်။

"ငါ့သွေးသည် သင့်အသက်ဘဝအတွက် အခွင့်ကောင်းဖြစ်ပါစေ၊ ငါ့ဝိညာဉ်သည် သင့်ဝိညာဉ်ကို ဖန်တီးပါစေ မင်းရဲ့မွေးဖွားခြင်းအတွက် င့ါအရာအားလုံးကို စတေးပါတယ်"

…

အခန်း ၃၉၆ ။ မြောက်ပိုင်းမြေကို ပြုပြင်ခြင်း

ချက်ချင်းပဲ အင်မတန်တောက်ပတဲ့ ရွှေရောင်အလင်းက တောက်ပလာတယ်။ ပတ်ဝန်းကျင်က အငြိုးအတေးစွမ်းအင်တွေအားလုံးက ယွင်ဟန့် ကိုယ်ထဲကို အမျိုးအမည်မသိ အားအင်တစ်ခုက ဆွဲလိုက်သလိုမျိုး အသည်းအသန် ပြေးဝင်လာကြတယ်။ ပြီးတော့ဖောက်ထွင်းမြင်ရလုနီးပါး ဝိညာဉ်တစ်ခုက အငြိုးအတေး စွမ်းအင်အပြင်ကို တန်းပြီးလွင့်မျောလာကာ အပေါ်က ရွှေရောင်အင်းကွက်ထဲ ဖြည်းဖြည်းချင်း မြင့်တက်သွားတယ်။

ယွင်ဟန့်ကိုယ်ထဲကနေ ဝိညာဥ်အလင်းစက်လေးတွေကလည်း စတင်လွင့်မြောလာတယ်။ သူတို့က အပေါ်ကဝိညာဥ်ထဲ စုစည်းသွားကြတယ်။ အငြိုးအတေးစွမ်းအင်ရဲ့ သက်ရောက်မှုကြောင့် ဖောက်ထွင်းလုနီးပါး ဖြစ်နေတဲ့ စုန့်ရန်ရဲ့ဝိညာဥ်ကလည်း သိသိသာသာ အရှိန်နှုန်းနဲ့ စပြီးအကောင်အထည်ပေါ်လာတယ်။

သွေးချီအနီစက်လေးတွေကလည်း တခြားခန္ဓာကိုယ်အစိတ်အပိုင်းမှာ စပြီး ဖွဲ့စည်းသွားကြတယ်။ အဲဒီအကောင်အထည်ပေါ်လာတဲ့ခန္ဓာကိုယ်က ချက်ချင်း သက်ရှိ အငွေ့အသက်မျိုး ရလာကာ တစ္ဆေဝိညာဥ်ကနေ သက်ရှိဝိညာဥ်အဖြစ်ကို နောက်ဆုံးပြန်ပြောင်းသွားခဲ့တယ်။ အဲ့တော့မှ ယွင်ဟန့်လက်က ရပ်သွားခဲ့တယ်။ သူ့တစ်ကိုယ်လုံးကို အငြိုးအတေးစွမ်းအင်တွေ ဖုံးကွယ်လုနီးပါး ဖြစ်နေပေမဲ့ သူ့နှုတ်ခမ်းထောင့်မှာတော့ အပြုံးရိပ်သန်းနေခဲ့တယ်။

"ပြီးတော့...ငါတောင်းပန်ပါတယ်"

သူ့ကိုယ်ပေါ်က အငြိုးအတေးစွမ်းအင်တွေက ချက်ချင်းသန့်စင်သွားပြီး သူ့တစ်ကိုယ်လုံး စတင်ပျောက်ကွယ်လာတယ်။ နောက်အခိုက်အတန့်မှာ သူကလုံးဝပျောက်ကွယ်သွားခဲ့ပြီး မီးတောက်လို အလင်းစက်လေးတွေသာ ထွက်ပေါ်နေခဲ့တော့တယ်။

ကူယွဲ့ စည်းတံဆိပ်တစ်ခုဖန်တီးပြီး ယွင်ဟန့်ရဲ့ ကျန်ခဲ့တဲ့ ဝိညာဥ်အပိုင်းအစလေးတစ်ခုကို သိမ်းဆည်းလိုက်တယ်။ သူသက်ပြင်းချမိတယ်။ သူ ဒီတစ်ကြိမ် ပြန်ဝင်စားခွင့်မရဘဲ ဘယ်လောက်ကြာကြာ မေ့ပျောက်မြစ်ထဲ နေရမယ်ဆိုတာ မသိဘူး။

ယိချင်းလည်း လေထဲမှာ သက်ရှိဝိညာဥ်အဖြစ် ပြောင်းလဲသွားပြီဖြစ်တဲ့ စုန့်ရန်အပေါ် စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။ နောက်အခိုက်အတန့်မှာ အကောင်အထည်ပေါ်လာတဲ့ဝိညာဥ်က အလင်းလုံးလေးအဖြစ် ပြောင်းလဲသွားပြီး သူ့လက်ဖဝါးပေါ် ပျံသန်းလာတယ်။

"ဒီသက်ရှိဝိညာဥ်ကို မင်းဘာလုပ်ဖို့ရည်ရွယ်ထားလဲ" ကူယွဲ့က မေးလိုက်တယ်။

စုန့်ရန်က သက်ရှိဝိညာဥ်အဖြစ် ပြန်ပြောင်းလဲသွားပြီဆိုပေမဲ့ သူခန္ဓာကိုယ်က သွေဖယ်တစ္ဆေတွေ ဝါးမျိုခံရပြီးတော့ သူ့ဝိညာဥ်က သူ့ခန္ဓာကိုယ်ဆီ ပြန်သွားလို့မရတော့ဘူး။ မကြာခင်မှာ သူတစ္ဆေဝိညာဥ်အဖြစ်ပဲ ပြန်ပြောင်းသွားလိမ့်မယ်။

"ခင်ဗျားမှာ မုန်လာဥဖြူရယ် ဒုဓလီပန်းတွေရှိသေးလား" ယိချင်းက ရုတ်တရက်မေးတယ်။

"မင်းက ဒုဓလီပန်းတွေ သုံးနေသေးတယ်ပေါ့" ကူယွဲ့မျက်လုံးပြူးသွားတယ်။

"ဒီအရသာက နည်းနည်းထူးဆန်းမနေဘူးလား၊ အိမ်မှာရှိတာနဲ့တင် မလုံလောက်သေးလို့လား"

"သူက အရင်က မုန်လာဥဖြူရဲ့ပန်းနဲ့ ငြိတွယ်ထားတာဆိုတော့ သူ့ဝိညာဉ်မှာ မသေမျိုးချီရှိနေပြီ၊ ဒါကြောင့် အရင်ခန္ဓာကိုယ်ကိုအသုံးပြုတာအကောင်းဆုံးပဲ" ပြီးတော့ အခုလောလောဆယ် အခြေအနေက သူတို့ကို တခြားနည်းလမ်းတွေကို စဥ်းစားခွင့်မပေးဘူး။ မဟုတ်ရင် ယွင်ဟန့်ရဲ့ အားထုတ်မှုတွေက အလဟဿဖြစ်သွားလိမ့်မယ်။

ကူယွဲ့ရဲ့နှုတ်ခမ်းထောင့်တွေက တွန့်သွားပေမဲ့ သိုလှောင်အိတ်ထဲကနေ တစ်ခုထုတ်ကာ ကမ်းပေးလိုက်တယ်။

ယိချင်း အင်းကွတ်ဖန်တီးတဲ့ စည်းတံဆိပ်တစ်ခုကို ချက်ချင်းဖန်တီးလိုက်တယ်။ မကြာခင်မှာ လူပုံစံတစ်ခုက ဖြည်းဖြည်းချင်း အင်းကွက်ထဲ အကောင်အထည်ပေါ်လာတယ်။ သူ့လက်ထဲက သက်ရှိဝိညာဥ်ကို အင်းကွက်ထဲ နေရာချလိုက်ပြီး သိပ်မကြာခင်အတွင်းမှာ အင်းကွက်ထဲက ပျောက်သွားပြီး မြေကြီးပေါ် လူတစ်ယောက် ပေါ်လာတယ်။ မုန်လာဥဖြူနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ အရင်ပုံစံနှင့် ယှဥ်ရင် အခုက လုံးဝကိုကွက်တိတူနေတယိ။ တစ်ခုပဲရှိတာက အခုမှ ပြန်လည်မွေးဖွားကာစမလို့ ချက်ချင်းမနိုးလာသေးဘူး။

"ပြီးပြီ" ရှန်းရင် လက်ခုပ်တီးလိုက်တယ်။ "ငါတို့အခု အိမ်ပြန်ပြီး စားသောက်လို့ရပြီ"

"ပြန်လာခဲ့စမ်း" ကူယွဲ့က ထွက်ပြေးဖို့ ပြင်နေတဲ့လူတစ်ယောက်ကို လှမ်းဖမ်းလိုက်တယ်။ သူ လေထဲမှာ နေရာတွေလွဲနေတဲ့ မေ့ပျောက်မြစ်နဲ့ ယင်ချီအပြည့်နဲ့ ကောင်းကင်ကို လက်ညှိုးထိုးလိုက်တယ်။

"မင်းဒါကို ပြီးပြီလို့ခေါ်တာလား"

"ဖေဖေနျို..."

"ပါးစပ်ပေါက်ပိတ်" ကူယွဲ့စိုက်ကြည့်ပေးလိုက်တယ်။

"မေ့ပျောက်မြစ် ပြန်မကောင်းမချင်း မင်းတို့ ဘယ်သူမှ ပြေးဖို့မစဥ်းစားကြနဲ့"

"အမလေး ဒုက္ခများလိုက်တာ..."

"ဘာဒုက္ခများတာလဲ၊ ဘယ်သူမှ မင်းကို မလုပ်ခိုင်းဘူး မင်းဒီမှာပဲနေပြီးတော့ လျှောက်ပြေးမနေနဲ့"

အဲ့လိုပြောပြီးတော့ သူ ဘေးကယိချင်းကိုလှမ်းကြည့်လိုက်တယ်။

"စားဖိုမှူး ဂျပုလေးကို လာကူညီခိုင်းလိုက်"

"အင်း" ယိချင်းက ခေါင်းညိတ်ပြီး ဆက်သွယ်ရေး အဆောင်ကို ချက်ချင်းထုတ်လိုက်တယ်။

ကူယွဲ့နေရာအနှံ့မှာ ခေါက်ဆွဲဖက်တွေလို ပြန့်ကျဲနေတဲ့ မေ့ပျာက်မြစ်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တယ်။ သူ ခေါင်းကိုက်တာ ချက်ချင်း ပိုဆိုးလာသလိုပဲ။ မျက်နှာပြင်အက်ကွဲကြောင်းတွေဆိုတာ အဲတုန်းက မိစ္ဆာနတ်ဘုရားတောင်မှ တခြားမျက်နှာပြင်က ဟုန်မုန့်တို့အုပ်စုရဲ့ အကူအညီကိုယူပြီး ယာယီပဲချိတ်ပိတ်နိုင်ခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် ယွင်ဟန့်က သာမန်သေမျိုးတစ်ယောက်လေ။ ဒီကိစ္စကို သူ့ဝိညာဥ်စတေးမှုနဲ့ ဖြေရှင်းနိုင်တယ်ဆိုရင် စီမံထိန်းသိမ်းသူတစ်ယောက်ကို အဲ့လောက် အသည်းအသန်နေရာတိုင်းမှာ ရှာနေခဲ့မှာမဟုတ်ဘူး။

ယွင်ဟန့်က မေ့ပျောက်မြစ်ရဲ့အရှိန်ကို သုံးပြီး ယာယီကာထားခဲ့ရုံဆိုပေမဲ့ အက်ကွဲကြောင်းဆိုတာက အဲ့မှာအမြဲရှိနေခဲ့တာ။ ဒီအကာက အင်မတန်နူးညံ့ပြီး အက်ကွဲကြောင်းက မကြာခင်ပြန်ပေါ်လာမှာပဲ။ ပြီးတော့ မေ့ပျောက်မြစ်ကို အတင်းအကြပ်သုံးခဲ့တဲ့အတွက်ကြောင့် ဒီကမ္ဘာမှာ မေ့ပျောက်မြစ်အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့ပြီး ဒီလောကရဲ့သံသရာကို နှောင့်ယှက်ခဲ့တယ်။ ဒါကြောင့် ဝင်ပေါက်ရှိပေမဲ့ ထွက်ပေါက်မရှိတဲ့ ချောက်နက်ကြီးတစ်ခု ဖြစ်သွားခဲ့တာပဲ။ ပြီးတော့ ဒီမေ့ပျောက်မြစ်ဆိုတာက ကမ္ဘာငယ်လေးရဲ့ ပင်မစီးကြောင်းကနေ ခွဲထွက်လာတဲ့ အစိတ်အပိုင်းသေးသေးလေး။ ဆိုလိုတာက ဒီကနေဖြတ်သန်းသွားတဲ့ဝိညာဥ် တစ်ဝက်လောက်ကဒီမှာ ပိတ်မိနေခဲ့တာပဲ။ ပြီးတော့ မေ့ပျောက်မြစ်ရဲ့ နေရာချို့ယွင်းမှုကြောက့် ဝိညာဥ်တွေ ပြိုလဲပြီးတော့ အကြွင်းအကျန်ဝိညာဥ် ဖြစ်လာကြတယ်။ ပြီးတော့ အရေအတွက်လည်းများ ပြားလာတာကြောင့် မြောက်ပိုင်းမြေက ဒီလိုပုံစံဖြစ်သွားခဲ့တာဖြစ်နိုင်တယ်။

အကြွင်းအကျန်ဝိညာဥ်တွေက သတိမရှိပေမဲ့ သူတို့တွေက မေ့ပျောက်မြစ်ဆီကို အလိုလို ပြန်ချင်မှာပဲ။ အဲဒါကြောင့် သူတို့က သေမျိုးလောကကိုအသည်းသန်တိုက်ခိုက်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ မေ့ပျောက်မြစ်ကမှ သူတို့ကို သံသရာထဲ ပြန်ဝင်ခွင့်ပြုမှာ။ သူတို့က မသိနားမလည်တဲ့ စိတ်တန်ခိုးကျင့်ကြံသူတွေရဲ့ တားမြစ်ခြင်းခံရပြီး ဝင်ရောက်ဖို့ တားမြစ်ခံခဲ့ရတယ်။ ပြန်လည်ဝင်စားလို့လည်းမရ မေ့ပျောက်မြစ်ဆီလည်း ပြန်လို့မရတာကြောင့် အငြိုးအတေးစွမ်းအင်တွေ ထွက်လာပြီး လူတွေကို စားဖို့ခက်ထန်လွန်းနေတာ မထူးဆန်းတော့ဘူး။

တစ်ခုတည်းသော ဖြေရှင်းချက်က မေ့ပျောက်မြစ်ကို မူလအတိုင်းထား၊ အကြွင်းအကျန်ဝိညာဥ်တွေကို မေ့ပျောက်မြစ်ထဲ ပြန်ပို့၊ အရေးကြီးဆုံးက အဲဒီအက်ကွဲကြောင်းကိုပြင်ဖို့ပဲ။

ဒါပေမဲ့ ဒီမေ့ပျောက်မြစ်က ပြဿနာတွေ တကယ်များလွန်းတယ်။ ရှုပ်ရှက်ခက် ပြန့်ကျဲနေတာ။ ဂျပုလေး ဒီနေရာမှာ ရှိတာတောင်မှ သူနဲ့ယိချင်း ဒီရှုပ်ရှက်ခက်နေတဲ့မြစ်တွေကို ဖြည်းဖြည်းချင်း ပြန်ဆွဲရတာ အချိန်အတော်ကြာခဲ့တယ်။

ဟုတ်တယ်၊ လူနှစ်ယာက်။ တစ်ချိန်လုံး အဆာပြေစားသောက်ရင်းနဲ့ ရုပ်ရှင်ကြည့်နေသလိုမျိုးလုပ်ပြီး ဒုက္ခပေးတဲ့ လူတစ်ယောက်တော့မပါဘူးပေါ့။

"ငါဒီတစ္ဆေကို ကြည့်ထားဖို့ မလိုဘူးလား၊ သူနိုးလာရင် ဘယ်လိုလုပ်မလဲ၊ သူနောက်တစ်ကြိမ် မှိုတက်လာရင်ဘယ်လိုလုပ်မလဲ" ရှန်းရင်က လေးနက်မှုအပြည့်နဲ့ပြောတယ်။

ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်သွားတော့တယ်။

မင်းသောက်ကျိုးနည်း ပျင်းနေတာပဲ မဟုတ်လား။

"စုန့်ရန်က ပြန်လည်ဝင်စားပြီးပြီ၊ သူက တစ္ဆေမ ဟုတ်တော့ဘူး၊ သူဘယ်လိုလုပ်မှိုတက်ဦးမှာလဲ"

"ကဲ ပြီးပြီ" ကူယွဲ့ဒေါသထပ်မပေါက်ကွဲခင် ယိချင်းက မေ့ပျောက်မြစ်ရဲ့ နောက်ဆုံးအစိတ်အပိုင်းကို သူ့နဂိုမူလနေရာမှာ ထားပြီး မြစ်တစ်ခုလုံး ပြန်လည်ကောင်းမွန်ကာ နောက်တစ်ကြိမ်စီးဆင်းလာခဲ့ပြီ။

ဘေးကဂျပုလေးက ကောင်းကင်အပြည့်ယင်ချီဆီ လက်တစ်ဖက်ယမ်းလိုက်တယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် မုန့်ပေါ်လေ။ မရေတွက်နိုင်တဲ့ အလင်းစက်လေးတွေ ချက်ချင်းပေါ်လာပြီး ကျန်ရစ်နေတဲ့ အကြွင်းအကျန်ဝိညာဥ်ထောင်ချီအားလုံး မြစ်ဆီကိုပြန်ရောက်လာခဲ့တယ်။ ယင်ချီက လုံးဝပျောက်ကွယ်သွားခဲ့ပြီ။ တိမ်ထုက ရှင်းလင်းသွားသလို အင်မတန်တောက်ပတဲ့နေရောင်ခြည်က သူတို့ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့တယ်။ နဂိုကမှောင်မဲလွန်းလို့ နေမင်းနဲ့ကောင်းကင်ကိုတောင် မမြင်ရတဲ့ မြောက်ပိုင်းမြေဟာ ချက်ချင်းပဲ လင်းထိန်သွားခဲ့တယ်။ ကျတ်တီးခေါင်မြေဆိုပေမဲ့ စောနတုန်းက အမည်းရောင်အရှိန်အဝါက ပျောက်ကွယ်သွားခဲ့ပြီ။

ဝိညာဉ်ချီအပိုင်းအစလေးတွေက ပေါ်လာတယ်။ သေချာစဥ်းစားကြည့်ရင်တော့ ဒါကတကယ်ကို ပုံမှန်ပါပဲ။ ပုံရိပ်ယောင်ထဲက ယွင်ဟန့်ရဲ့ပထမဘဝကိုပြန်ကြည့်မယ်ဆိုရင် ဒီကမ္ဘာရဲ့ဝိညာဥ်ချီက တခြားကမ္ဘာတွေလောက် မနည်းဘူးဆိုတာ သိသာနိုင်တယ်။ ဒါပမဲ့ နောက်ပိုင်းပေါ်လာတဲ့ အက်ကွဲကြောင်းတွေရော မေ့ပျောက်မြစ်ရဲ့ ရှုပ်ထွေးမှုတွေကြောင့်ရော ဒီကမ္ဘာက သက်ရောက်ခံလိုက်ရတာပဲ။ အဲဒါကြောင့် ဝိညာဥ်ချီက နည်းပါးလာပြီးတော့ ကျင့်ကြံသူတွေရဲ့ မျိုးဆက်ကို တဖြည်းဖြည်းနဲ့ ဖြတ်တောက်ဖြစ်ခဲ့တာ။ အခုတော့ မေ့ပျောက်မြစ်ရဲ့ဖွဲ့စည်းမှုနဲ့အတူ ဝိညာဥ်ချီက အလိုလိုပြန်ရောက်လာပြီ။ တစ်ခုရှိတာက...။

သူအပေါ်ကို မော့ကြည့်လိုက်တယ်။ နောက်အခိုက်အတန့်မှာ လေထဲတွန့်လိမ်မှုတစ်ခုပေါ်လာပြီး ကောင်းကင်ကို ဖြဲလိုက်သလိုမျိုး ပိန်းပိတ်အောင်မည်းမှောင်နေတဲ့ အပေါက်ကြီး ရုတ်တရက် ပေါ်လာတယ်။ သူ့ဘေးနားက တစ်စုံတစ်ယောက်သော အစားသရဲကို အလိုလိုလှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမက လက်သီးနှစ်ဖက်ဆုပ်ပြီး အားပေးနေတာကို သူမြင်လိုက်ရတယ်။

"ကြိုးစားထား ဖေဖေနျို"

နင်လုပ်နိုင်ပါတယ်

"ထွက်သွားစမ်း" မင်းဘာသာမင်း မလုပ်ချင်ရုံပဲမလား။ သူ လနဲ့ချီ သေချာကြည့်ခဲ့တဲ့အဲဒီ လက်ထောက်အကူစာအုပ်ကို ဂရုတစိုက် ပြန်စဥ်းစားမိတော့ သူတကယ်ပဲ ကြိုးစားကြည့်ချင်မိသား။

"စားဖိုမှူး မင်းဘယ်ဘက်ကို တာဝန်ယူ၊ ငါညာဘက်ကို တာဝန်ယူမယ်၊ ကောင်းကင်ပြင်ဆင်ခြင်းအင်းကွက်ကို လုပ်ကြည့်ရအောင်"

ယိချင်းက ခေါင်းညိတ်ကာ ဘယ်ဘက်ဆီ ပျံသန်းသွားတယ်။ ကူယွဲ့က ညာဘက်ဆီ ပျံသန်းလာတယ်။ နှစ်ယောက်သား အင်းကွက်ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ရင်း လက်ထောက်လုပ်ပိုင်ခွင့်ကိုပါ ဖွင့်လိုက်တယ်။

တကယ်ပဲ နောက်အခိုက်အတန့်မှာ အမျိုးအမည်မသိတဲ့ စွမ်းအင်တစ်ခုက သူ့ကိုယ်ထဲ စီးဆင်းလာပြီးတော့ အင်းကွက်ထဲ စိမ့်ဝင်သွားခဲ့တယ်။ အလယ်က အမည်းရောင်အပေါက်ကြီးက တဖြည်းဖြည်း ကျုံ့သထက် ကျုံ့လာတာကို မြင်လိုက်ရတယ်။ သစ်သီး တစ်ဝက်စားတဲ့ အချိန်အတွင်းမှာပဲ အဲအမည်းရောင်အပေါက်က သူရဲ့အကြမ်းပတမ်း စုပ်ယူတဲ့အရှိန်နဲ့အတူ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။

…

All Chapters