← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း ၄၀၆ ။ ထူးဆန်းသောတပည့်

အစ်မပြောတာတော့ မျက်နှာပြင်ကိစ္စတွေက မှားလို့မဖြစ်ဘူး၊ မဟုတ်ရင် မဖြေရှင်းနိုင်တဲ့အကျိုးဆက်တွေ ရှိလိမ့်မယ်တဲ့။ ဒါကြောင့် နမော်နမဲ့မနိုင်ပဲ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း လုပ်ရတယ်။ သူတို့ရဲ့ ဗဟုသုတတွေကလည်း လက်ဝယ်အဆင်သင့်ဖြစ်နေမှ ကိစ္စတစ်ရပ်လုံးကို တစ်ချက်ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်းသိနိုင်မယ်။

ရှန်းရင်ဆယ်စုနှစ်ကျော် ကြိုးစားအလုပ်လုပ်ခဲ့ပြီး နောက်ဆုံးတော့ အောင်မြင်သွားတယ်။ သူမအစ်မရဲ့ လေ့ကျင့်ရေးအားလုံးကို ပြီးမြောက်သွားခဲ့ပြီ။ ဘယ်မျက်နှာပြင် ဘေးဒုက္ခမဆို ဖြေရှင်းနိုင်ပြီ။ သူမဘာသာ အချိန်အတော်ကြာ လေ့ကျင့်မှုက သူမကို အရာအားလုံး သင်ကြားပေးခဲ့တယ် တစ်ခုကလွဲလို့ပေါ့...။ တခြားသူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာပဲ။

အစ်မပြောတာတော့ ကျူးကျော်သူတွေနဲ့ ဖြေရှင်းတဲ့အချိန်ကျရင် ဆောင်းရာသီလို အေးစက်ပြီး ညှာတာမှု ကင်းမဲ့ရမယ်တဲ့။ ဒါပေမဲ့ ကျူးကျော်သူ မဟုတ်ရင်ရော သူမဘာလုပ်ရမလဲ။

ဘာ... ဘာလုပ်သင့်လဲ။

(⁠☉_☉⁠)

ဟင့်အင်း သွေးမပျက်နဲ့ သူမကမျက်နှာပြင်လက်ထောက် ဘယ်လိုလုပ်ရမလဲမသိပေမဲ့ သူမ သင်ယူနိုင်တာပဲ၊ သူမမှာရှိတဲ့ တစ်ဦးတည်းသော အတုယူစရာက...။

သူမသာ အစ်မကြီးလိုလုပ်ရင် အားလုံးအဆင်ပြေသွားမှာပါ။ အင်း သေချာပေါက်အဲ့လိုဖြစ်လိမ့်မယ်။

အဲဒါကြောင့်မလို့ ရှန်းကျင်းအချိန်အတော်အကြာမှ နားလည်ခဲ့ရတာက သူမရဲ့ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ညီမလေးက ရုတ်တရက် အေးစက်သွားတယ်ဆိုတာပဲ။ ပြန်ပြင်လို့မရတဲ့ပုံစံမျိုး။

"ဆရာ" တံခါးခေါက်သံတချို့က ရုတ်တရက်ထွက်လာပြီး အခန်းဝမှာ စက်ဝိုင်းတွေ ဆွဲနေတဲ့ တစ်ယောက်သောသူကို နိုးသွားစေတယ်။

ရှန်းရင်က တောင့်တင်းသွားပြီး အလင်းလိုအရှိန်မျိုးနဲ့ အခန်းထောင့်က ကုလားထိုင်မှာ ပြန်ထိုင်ချကာ မျက်နှာပြင်အမူအရာက ရေခဲသေတ္တာအပူချိန်လောက် ကျဆင်းသွားတာများ စောနက သွေးပျက်နေမှု၊ မကျေချမ်းမှု၊ ထူးဆန်းမှုတွေအကုန်လုံးက ပုံရိပ်ယောင်ဖြစ်သွားသလိုပဲ။

"ဝင်လာခဲ့" အဲ့တော့မှ ယိချင်းက တံခါးဖွင့်ကာဝင်လာတယ်။ သူမက ကျောမတ်မတ်ထိုင်ပြီး စားပွဲမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို ကြည့်ရင်း သူ့အမူအရာက ချက်ချင်း အရည်ပျော်တဲ့ရေခဲလို နူးညံ့သွားတယ်။

"ဆရာ ဒါက အမတအဖူးအပွင့်ရေနွေးကြမ်းပါ၊ အိပ်စက်ဖို့ကူညီပေးတယ်၊ အရင်တုန်းက မအိပ်ခင် အမြဲသောက်နေကြလေ၊ အိပ်မပျော်မှာစိုးလို့ လာပို့တာပါ" ရှန်းရင် သူ့လက်ထဲက ခွက်ကို ကြည့်လိုက်ပြီး ရုတ်တရက် ဟင်းပွဲအပြည့်စားပွဲကို သတိရသွားတယ်။

ရင်ထဲထိသွားဝာာပေါ့။ သူက တမင်သက်သက် လာပို့ပေးတာလား။ တပည့်ကောင်းပဲ ဒါပေမဲ့... ဘာပြောသင့်လဲ။

သူမ ကျေးဇူးတင်ပါတယ်လို့ ပြောသင့်လား။ ဒါပေမဲ့ စောနက ပြောပြီးပြီလေ။

"ဒါဆို တခြားကိစ္စရှိသေးလား"သူမအေးစက်စက်မေးလိုက်တယ်။

"ဟုတ်ကဲ့ ကိစ္စတစ်ခုရှိပါတယ်" ယိချင်းက သူမရဲ့အေးစက်နေတဲ့ အမူအရာကိုဂရုမစိုက်ဘူး။ သူက ရှေ့ကိုတက်ပြီး စကား လာပြောတော့မဲ့ဆဲဆဲ စားပွဲပေါ်တင်ထားတဲ့ ရှန်းရင်ရဲ့ မည်းနက်နေတဲ့လက်တွေကို မြင်သွားတယ်။

"ဆရာ့လက်တွေ ဘယ်လိုလုပ်ညစ်ပတ်နေတာလဲ"

ရှန်းရင်ကိုယ်က တောင့်တင်းသွားပြီး သူမကိုယ်ထဲက အေးစက်နေတဲ့ အရှိန်အဝါထွက်လာပြန်တယ်။ စောနလေးတုန်းက စက်ဝိုင်းတွေ ဆွဲရာကနေ ညစ်ပတ်သွားတယ်ဆိုတာ သူ့ကို လုံးဝ ပေးသိလို့မဖြစ်ဘူး။

ယိချင်းက တစ်ဖက်လှည့်သွားပြီး ထိုင်ချလိုက်တယ်။ သူက သူမလက်ကိုကိုယူပြီး တစ်နေရာကနေ ဆွဲထုတ်လိုက်တဲ့ လက်ကိုင်ပဝါနဲ့ စသုတ်ပေးတော့တယ်။

"ဆရာ့ရဲ့ သိုလှောင်အိတ်ထဲမှာ ဖုန်မှုန့်ရှင်းတဲ့အဆောင် ထည့်ပေးထားတာ မေ့နေတာလား၊ အဆင်မပြေဘူးထင်ရင် ဆရာအတွက် ရတနာအနေနဲ့ လုပ်ပေးထားရင်ရော"

ရှန်းရင်က မဖြေဘူး၊ သူမတစ်ကိုယ်လုံး မှင်တက်နေတယ်။ မျက်နှာချင်းဆိုင်မှာ လက်ကို သုတ်ပေးနေသူကို ကြည့်ပြီး ကြောင်အမ်းနေမိတယ်။ သူမလက်ဖဝါးတွေထဲ ပူလောင်အိုက်စက်မှုကို ချက်ချင်း ခံစားလိုက်ရတယ်။ တပည့်တွေအားလုံးက ဒီလိုလား။

"ပြီးပြီ" ယိချင်း မည်းနက်နေတဲ့လက်သည်းတွေကို ကြည်လင်သွားအောင်ပြန်သုတ်ပေးပြီးမှ မော့ကြည့်လိုက်တယ်။ သူနဲ့မတော်တဆ အကြည့်ချင်းဆုံသွားတော့ ရှန်းရင်သွေးပျက်သွားတယ်။ သူမတောက်လောင်နေတဲ့ လက်ဖဝါးတွေကို ဆုတ်လိုက်မိတယ်။ သူမ ဘာပြောသင့်လဲ။

"ဘာမှမဖြစ်ဘူး နင်သွားလို့ရပြီ" အာ မကောင်းတဲ့ပုံပဲ။

အကြိမ်ရေတချို့ နှင်ထုတ်ခံလိုက်ရတဲ့ ယိချင်း ရင်ထဲ ပြည့်တင်းမှုတချို့ခံစားလိုက်ရတယ်။

"ဆရာ့ကို စောနတည်းကပြောချင်နေတဲ့ ကိစ္စတစ်ခုရှိပါတယ်"

"ပြော"

"ဆရာ..."သူရုတ်တရက် ရှေ့ကို တက်လာပြီး ခေါင်းအစခြေအဆုံးကြည့်ကာ တည်တည်ကြည်ကြည် ပြောလိုက်တယ်။

"ဆရာအင်္ကျီတွေကို ချွတ်ပေးလို့ရမလား"

"..."

ဟမ်။

(⁠☉_☉⁠)

အင်္ကျီတွေကိုချွတ်...ချွတ်ပေးရမယ်လား...အခု...အခုတဲ့။

သူမစိတ်ထဲအကွက်လေးတွေ ဖျက်ပြေးသွားတယ်။ တစ်စုံတစ်ရာ ပေါက်ကွဲသွားသလိုမျိုး ဘမ်းကနဲ ခပ်ရေးရေး ခံစားလိုက်ရတယ်။

သူမမျက်နှာပေါ် တစ်ခါမှ မခံစားဖူးတဲ့ အပူချိန်ခံစားလိုက်ရတယ်။ တပည့်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်...အရမ်းကိုဆိုးဝါးလွန်းတယ်

"အခုဆရာ့ရဲ့ခန္ဓာကိုယ်က ပြောင်းလဲသွားပြီဆိုတော့ ဒီဓမ္မဝတ်ရုံက ရှည်လွန်းတယ်"

ယိချင်းက တကယ်ပဲ အရမ်းကိုရှည်လွန်းနေတဲ့ သူမဝတ်ရုံလက်ကိုဆွဲပြီးတော့ ရှင်းပြလိုက်တယ်။

"ဓမ္မဝတ်ရုံပေါ်အင်းကွက်တစ်ခု ထည့်ပြီး ဆရာ့ရဲ့ခန္ဓာကိုယ်အတိုင်း ကျဥ်းနိုင်ကျုံနိုင်လို့ရအောင် လုပ်ချင်လို့"

"ဟမ် အင်္ကျီတွေကို ပြုပြင်ရုံပဲလား" ရှန်းရင်ကြောင်ကြည့်နေမိတယ်။

"တစ်ခုခု မှားနေတယ်ထင်လို့လား" ယိချင်းကပြန်မေးလာတယ်။

"ဟင့်အင်း"ရှန်းရင်ခေါင်းယမ်းလိုက်တယ်။ သူမမျက်နှာပေါ်မှာ ပြောင်းလဲမှုသိသိသာသာမပြပေမဲ့ ရင်ထဲမှာတော့ အတော်လေး စိတ်သက်သာရာရသွားတယ်။ သူမအမြန်လေး မတ်တတ်ထရပ်လိုက်ပြီး ခါးပတ်ကို ဖြည်လိုက်တယ်။

"ငါအခုချွတ်ပေးမယ် ရော့ ရော့"

"ဆရာ"

ယိချင်းထိတ်လန့်သွားပြီး အဲ့တော့မှပဲ သူမဘာလုပ်မယ်ဆိုတာ နားလည်သွားပြီး မျက်နှာက ချက်ချင်း နီရဲသွားတယ်။ အမြန်သူမလက်ကိုဖိကိုင်ပြီး "အခုမဟုတ်သေးဘူး...မနက်ဖြန်မနက် ကျွန်တော့ကို ပေးလို့ရတယ်"

"အို"

အဲ့တော့မှ ရှန်းရင်ရပ်သွားတယ်။ ယိချင်းက တစ်ဖက်လှည့်ပြီး ဓမ္မဝတ်ရုံအသစ်ထုတ်ကာ ကမ်းပေးလိုက်တယ်။

ယိချင်း သူ့မျက်နှာက နီရဲနေတာများ သွေးတွေကျဆင်းတော့မဲ့အတိုင်းပဲ။ သူက သူမမျက်နှာကို မကြည့်ရဲပေမဲ့ ငုံ့လိုက်ချိန် သူမခါးပေါ်ကခါးပတ်က မကြာခင် လျောကျတော့မှာကိုမြင်ရတယ်။ အလိုလိုသူ့လက်က ဖမ်းလိုက်ပြီး ပြန်ချည်ဖို့ပြင်လိုက်တယ်။

ဒါပေမဲ့ တံခါးက အကြမ်းပတမ်း ပွင့်လာပြီး ကူယွဲ့ကရုတ်တရက်ပြေးလာတယ်။ ယိချင်း ထိတ်လန့်သွားတယ်။ သူကအစတည်းက စိတ်လှုပ်ရှားနေတာ အခုသူ့လက်တွေတုန်သွားတော့ အပေါ်ကို ဆွဲတင်ရမဲ့လက်က အောက်ကိုရောက်သွားတယ်။ ချက်ချင်းပဲ ခါးပတ်တစ်ခုလုံး ပြုတ်ကျသွားတယ်။ ခါးပတ်မရှိတော့ ထိပ်တန်းအဆင့်ဓမ္မဝတ်ရုံက သူ့ရဲ့ထိပ်တန်းအဆင့်ရှိတဲ့ နူးညံ့တဲ့အရည်အသွေးကို ပြသပြီး ရှန်းရင်ကိုယ်ပေါ်ကနေ တန်းလျှောကျသွားတယ်။

"ရှန်းရင် မင်း မုန်လာဥဖြူပေးတဲ့အဲ့ဒုဓလီပန်းကို ..."ကူယွဲ့ပြောနေရင်း ရပ်သွားပြီး ရှန်းရင်နဲ့ ခါးပတ်ကိုင်ထားတဲ့ စားဖိုမှူးကို ကြည့်လိုက်တယ်။ သူချက်ချင်း တစ်စုံတစ်ရာကို နားလည်သွားပြီး မျက်လုံးတွေကို ချက်ချင်းအုပ်လိုက်တယ်။

"ငါဘာမှမမြင်လိုက်ဘူးဆက်ပြီးတော့...ဆက်ပြီးတော့..."

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

ကူယွဲ့က ချက်ချင်း နောက်ပြန်ဆုတ်လိုက်တယ်။ဟေးးးး သူ့သမီးက ကြီးပြင်းလာပြီပဲ။

ခဏ... ရှန်းရင်ကို ခုကြည့်ရတာ ၁၅နှစ်ပဲ ရှိသေးတယ်မလား။

တံခါးကို ပိတ်တော့မဲ့ လက်ကရပ်သွားပြီး နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်တယ်။

"စားဖိုမှူး သားရဲကောင် သူက ၁၅နှစ်ပဲရှိသေးတယ်... သူက၁၅နှစ်ပဲရှိ..."

သူစကားမဆုံးခင် စားဖိုမှူးက နောက်ဆုံးတော့ အသိစိတ် ပြန်ဝင်လာပြီး သူ့လက်ထဲက အဝတ်အစားတွေကို ရှန်းရင်လက်ထဲတန်းပေးပြီး အရင်က တစ်ခါမှ မလုပ်ဖူးတဲ့အရှိန်မျိုးနဲ့ မြန်ဆန်စွာ စတင်ပြောတော့တယ်

"ဆရာ ညနက်နေပြီ၊ လေပြင်းတွေတိုက်တယ်၊ စောစော အနားယူသင့်ပါတယ်၊ဆရာ ဗီရိုထဲမှာ စောင်အသစ်တွေ ရှိတယ်၊ ခန္ဓာကိုယ်က မသက်သာသေးသလို အအေးမိလွယ်တာမို့ ဂရုစိုက်တာ ပိုကောင်းတယ်၊ ဆရာစားပွဲပေါ်က ခရမ်းရောင်အမတဆေးကိုအများကြီးစားလို့မဖြစ်ဘူး၊ ဆရာ့အတွက် အစာသွတ်မုန့်တွေလဲ ပေးထားတယ် ညကျဗိုက်ဆာရင်စားလို့ရတယ် ဆရာမနက်ဖြန်ကျ ဓမ္မဝတ်ရုံယူဖို့လာခဲ့ပါမယ်"

ယိချင်းက ပြောစရာရှိတာအားလုံးကို တစ်ခါတည်းပြောတယ်။ အဲ့လိုပြောပြီး တစ်ဖက်လှည့်ကာ ချက်ချင်း တန်းထွက်ပြီး ဘာမှကြားဖြတ်မပြောနိုင်တော့တဲ့ ဖေဖေနျိုကို ဆွဲခေါ်လာခဲ့တယ်။ သူ့ခြေလှမ်းတွေက မြန်လိုက်တာများ တစ်ယောက်ယောက်က သူ့နောက်ကလိုက်နေသလိုပဲ။ သူသွားလိုက်တာ အနောက်နန်းဆောင်ကနေ ထွက်တော့မှပဲ ရပ်တော့တယ်။

"စားဖိုမှူး မင်းနှာခေါင်းက ဘာလို့သွေးယိုနေတာလဲ"ကူယွဲ့ ပြန်လှည့်ကြည့်လိုက်တော့ ယိချင်းနှာခေါင်းကနေ အနီရောင်တန်း၂တန်း ယိုကျနေတာကိုမြင်လိုက်ရတယ်။ မင်း အတည်ကြီး နေတာလား။ ရှန်းရင်စောနက အပြင်ဝတ်ရုံပဲချွတ်လိုက်တာလေ၊ အထဲမှာ ဝတ်ရုံလွှာတွေ အများကြီးရှိသေးတယ်ဟ။

"ခဏ မင်းဘာလုပ်နေတာလဲ ဟိုလီရှစ် မမေ့နဲ့ဦးဟ၊ ငါမင်းကို မသယ်ချင်ဘူး" သူ့စကားမဆုံးခင် သူ့ရှေ့ကကိုယ်က ယိမ်းယိုင်ပြီး မေ့လဲကျသွားတော့တယ်။ သူ့လက်က ပန်းရောင်ခါးပတ်ကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားတုန်းပဲ။

ကူယွဲ့ ။ ။ "ခွေးကောင်..."

ရှန်းရင် အခန်းထဲ မျက်မှောင်ကြုတ်နေတယ်။ ထူးဆန်းလိုက်တဲ့တပည့်ပဲ...။

သူမလက်ထဲက အဝတ်အစားအသစ်တွေကို ချလိုက်ပြီး နောက်ထပ်၂ခုကို ချွတ်ပြီးတော့မှ အိပ်ရာပေါ် တက်တယ်။ အိပ်ကြမယ်။

၁၅မိနစ်အကြာမှာ စောင်ထောင့်ကို မလိုက်ပြီးစားပွဲပေါ်က ခွက်ကိုကြည့်လိုက်တယ်။ သူမမျက်နှာပေါ် မရေမရာမှုတချို့ ဖြတ်ပြေးသွားတယ်။ အချိန်အတော်ကြာပြီးနောက် ထရပ်ကာ တစ်ငုံ သောက်လိုက်တယ်။ သူမမျက်လုံးတွေက ဝိုင်းစက်နေတဲ့စက်ဝိုင်းတွေ ဖြစ်သွားလေရဲ့။ အရသာ... အရသာရှိလွန်းတယ်

(⁠☉⁠。⁠☉⁠)

…

အခန်း ၄၀၇ ။ ဧကရာဇ်ထံသို့ပေးစာ

ဝူတိဂိုဏ်း၏ အနောက်နန်းဆောင်။

"ပေါ်ပင်လယ်အမတစုဝေးပွဲလား" ကူယွဲက အခုလေးတင်ဝင်လာတဲ့ ယွီဟုန့်ကို အံ့ဩတကြီး ကြည့်လိုက်တယ်။ "အဲ့ဒါ ဘာလဲ"

"ပေါ်ပင်လယ်ရဲ့ တိုင်းပြည်ဧကရာဇ်တွေက အကြီးအကဲတို့ ပြန်လာပြီဆိုတာကြားတော့ ဧကရာဇ် သူ့ရာထူးကို ပြန်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ပေါ်ပင်လယ် အမတစုဝေးပွဲကိုကျင်းပဖို့ တောင်းဆိုတဲ့ ပေးစာတစ်ဆောင် ဆက်သလာပါတယ်" ယွီဟုန်က သူ့လက်ထဲကစာကိုကမ်းပေးပြီး ရှင်းပြတယ်။

ကူယွဲ့စာပါ အကြောင်းအရာကိုကြည့်လိုက်ကာ ချက်ချင်းမျက်မှောင်ကြုံ့လိုက်တယ်။

"ဒီလိုအမတစုဝေးပွဲအကြောင်း ငါဘာလို့တစ်ခါမှ မသိခဲ့ရတာလဲ၊ ပြီးတော့ ဒီမှာရေးထားတဲ့ ပေါ်ပင်လယ် ရေကန်ဆိုတာ ဘယ်နေရာလဲ"

"အဲ့ဒါကောင်းကင်နန်းတော်ရဲ့အနောက်က အမတရေကန်ပါ၊ ဂိုဏ်းနဲ့ ကီလိုမီတာ အများကြီး ဝေးပါတယ်"

ယွီဟုန်က အနောက်ဘက်ကို လက်ညှိုးထိုးပြတယ်။ "အဲ့ဒီမှာ မသေမျိုးချီကနေ နှစ်ရာချီတိုင်း အမတရေပန်းတစ်ခု ပေါ်လာပါတယ်၊ ပြောကြတာတော့အထဲကမသေမျိုးချီက အမတသွေးကြောထဲကဟာတွေထက် ပိုပြီး ထူးတယ်တဲ့၊ အဲ့ကြောင့်အရင်တုန်းက ပေါ်ပင်လယ်ဘုရင်တွေက ပေါ်ပင်လယ် အမတစုဝေးပွဲကိုရာစုနှစ်တိုင်း ကျင်းပကြပါတယ်၊ သူတို့က ရေပန်းအရသာကို မြည်းကြည့်ဖို့အတွက် ပေါ်ပင်လယ်တစ်လျှောက်က တိုင်းပြည်တွေကို ဆုလာဘ်အနေနဲ့ ဖိတ်ကြားပါတယ်၊ ပေါ်ပင်လယ်ခရေပန်းပေါ်တဲ့နေရာက အရမ်းကို လှတဲ့ပန်းခင်းကြီး ရှိတဲ့နေရာပါ၊ ပြီးတော့ ရှုခင်းလည်းအရမ်းလှတယ်" ယွီဟုန်က ဆက်ရှင်းပြတယ်။

" တခြားတိုက်ကြီးက အမတတွေလည်းရှူစားဖို့အတွက်အဲ့ကိုမကြာခဏသွားကြတယ်၊ အဲ့ဒါကြောင့် ပေါ်ပင်လယ်စုဝေးပွဲက တဖြည်းဖြည်းချင်းနဲ့ ရာစုနှစ်တိုင်းဧကရာဇ်ကိုယ်တိုင်ကျင်းပတဲ့ ခမ်းနားတဲ့အမတစုဝေးပွဲကြီး ဖြစ်လာပါတယ်"

"ဒါဆိုဘာလို့ပြန်လည်ကျင်းပတာလို့ခေါ်တာလဲ၊ ငါတို့ထွက်သွားတဲ့နှစ်ထောင်ချီမှာ တစ်ခါမှ မကျင်းပဖူးဘူးလား"

"တကယ်ပဲမကျင်းပခဲ့ပါဘူး" သူမခေါင်းယမ်းတယ်။

"အဲ့အမတရေပန်းက ပေါ်ပင်လယ်ကိုးလွှာနန်းတော်ရဲ့ ထိပ်ဆုံးမှာရှိနေတာပါ၊ အမတနဲ့ နတ်ဆိုးကမ္ဘာက ပေါင်းစပ်သွားပြီးနောက် အဲ့အမတရေပန်းက နတ်ဆိုးနဲ့ အမတကမ္ဘာရဲ့နယ်စပ်မှာ သွားပေါ်တယ်၊ အတိတ်တုန်းက အမတတွေနဲ့ နတ်ဆိုးတွေရဲ့ဆက်ဆံရေးက အခုလောက်မကောင်းဘူးလေ..."

"ဒါဆို ဘယ်အမတမှ အဲ့ကို ဆက်မသွားရဲတော့ဘူးပေါ့"

"ဟုတ်ကဲ့" ယွီဟုန်က ခေါင်းညိတ်တယ်။

"အမတရေပန်းက နတ်ဆိုးတွေအတွက် ဘာမှအသုံးမဝင်ဘူး၊ ပြီးတော့ အမတတွေကလည်း အဲ့ကိုမသွားကြတော့ ဘယ်သူမှ ထည့်မတွေးဖြစ်ကြဘူးလေ၊ ပြီးတော့ ကျွန်မတို့ကလည်း စိတ်ရှုပ်မခံဘူး၊ ပြီးတော့ ဒီနှစ်အတွင်းမှာ တိုင်းပြည်ဧကရာဇ်နဲ့ ဂိုဏ်းကြားဆက်ဆံရေးက..."

သူမ ဆက်မပြောပေမဲ့ အမူမရာမကောင်းတော့ အဓိပ္ပာယ်က ရှင်းလင်းနေတယ်။

ကူယွဲ့မျက်နှာလည်း ပျက်သွားတယ်။ အဲဒီပေါ်ပင်လယ်ဧကရာဇ်၁၅ယောက်က ဘယ်လိုလဲဆိုတာ သူရှင်းရှင်းလင်းလင်း မှတ်မိတာပေါ့။ အပေါ်ယံမှာတော့ သူတို့က ပေါ်ပင်လယ်ရဲ့ အုပ်ချုပ်မှုအောက်မှာ။ တကယ်က သူတို့က လိုလိုလားလားလိုက်နာကြတာမဟုတ်ဘူး။

အရင်တစ်ခေါက်က ပေါ်ပင်လယ်က ဝူတိဂိုဏ်းကို တာဝန်ယူချိန် သူတို့က အစားထိုးဖို့ကြံစည်ပြီး အရင်က အမတအစောင့်တွေနဲ့ အခွင့်အရေးယူခဲ့တယ်။ သူဖောက်ထွင်းမြင်ပြီး စာဖိုးမှူး ထုထောင်းတာခံရတော့မှ နည်းနည်းအပြုအမူ ပိုပြီးတော့လိုက်လျောလာကြတာ။

ဒါပေမဲ့ သူတို့ထွက်သွားတဲ့နှစ်ထောင်ချီအတွင်း ဂိုဏ်းထဲမှာ ဧကရာဇ်ဟောင်းဖြစ်တဲ့ လန်ဟွား ရှိနေပြီးတော့ ပေါ်ပင်လယ်ကို သစ္စာဖောက်ဖို့ ပွင့်ပွင့်လင်းလင်း မလုပ်ပေမဲ့ မျက်နှာပြင်အောက်မှာတော့ အသေးအမွှား လှည့်ကွက်လေးတွေတော့ ရှိမှာပေါ့။ ယွီဟုန်ရဲ့လက်ထပ်ပွဲနေ့ကဧကရာဇ်တွေအားလုံးက ဂုဏ်ပြုဖို့ လာရောက်ခဲ့ပေမဲ့ ပေါ်ပင်လယ်ဘုရင်၁၅ယောက်ကတော့ ရောက်မလာခဲ့။ ဒါကိုကြည့်ရုံနဲ့ သက်သေလုံလောက်နေပြီ။

"ဂိုဏ်းချုပ်မရှိတဲ့ နှစ်တွေအတွင်းမှာ ဒီတိုင်းပြည်ဧကရာဇ်တွေက ပုံစံကို လိုက်နာကြပေမဲ့ ကျွန်မတို့နောက်ကွယ်မှာတော့ သူတို့တွေက နတ်ဆိုးမျိုးနွယ်က ဧကရာဇ်လန်ဟွားရဲ့ ဝူတိကောင်းကင်ကို ယာယီတာဝန်ယူမှုက ပေါ်ပင်လယ်ကို တိုက်ခိုက်သိမ်းယူဖို့ နတ်ဆိုးးကမ္ဘာရဲ့ လှည့်ကွက် ဆိုပြီးတော့ ကောလာဟလလွှင့်ခဲ့တယ်။

"သူတို့က နှစ်ဖက်စလုံးကို ပဋိပက္ခဖြစ်စေဖို့ လှုံ့ဆော်ခဲ့တာပဲ" ယွီဟုန်က မကျေမချမ်းပြောတယ်။

"တခြားတိုင်းပြည်က ဧကရာဇ်တွေကသာ အထင်လွဲမှုကို ဖြေရှင်းဖို့အတွက် သူတို့ဘာသာသာ မလာခဲ့ရင်၊ ပြီးတော့ သူတို့ကျင့်ကြံအဆင့်က လန်ဟွားထက်နိမ့်နေလို့သာ...မဟုတ်ရင် ကောင်းကင်နန်းတော်ကို ကျူးကျော်ပြီး ကျွန်မတို့နေရာကိုယူသွားတာ ကြာလှလောက်ပြီ"

ကူယွဲ့က သူ့လက်ထဲကစာကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်တယ်။ သူ့မျက်မှောင်ကြုတ်မှုက တဖြည်းဖြည်း ပိုပြီး လေးနက်လာတယ်။

"အကြီးအကဲကူယွဲ့" ယွီဟုန်က စိုးရိမ်မှုအပြည့်နဲ့မျက်နှာနဲ့ပြောတယ်။

"သူတို့ပေါ်ပင်လယ်အမတစုဝေးပွဲကို ကျင်းပဖို့ ရုတ်တရက်ပြောတာက ဧကရာဇ်ကိုဂုဏ်ပြုဖို့နဲ့ ဘာမှမဆိုင်လောက်ဘူး၊ သူတို့မှာ တခြားရည်ရွယ်ချက်ရှိရမယ်၊ သူတို့အခွင့်အရေးယူလို့ရအောင်၊ ပဋိပက္ခဖြစ်အောင် နှိုးဆော်ဖို့ထက်မပိုဘူး"

ကူယွဲ့ဘေးက စားပွဲပေါ်စာကို ပစ်တင်လိုက်တယ်။ သူ ဒီလိုမျိုးလှည့်ကွက်လေးတွေကို တစ်ချက်ကြည့်ရုံ နဲ့သိတာပေါ့။ သူနှာမှုတ်လိုက်တယ်။ "သူတို့တွေက ငါတို့ကို တစ်ယောက်နဲ့ တစ်ယောက် သတ်ဖို့လုပ်ရင် အကောင်းဆုံးလေ၊ အဲ့ဒါမှအဲ့ကနေအကျိုးအမြတ်ရမှာကို"

ယွီဟုန်ကမှင်တက်သွားပြီးဇဝေဇဝါအကြီးကြီးဖြစ်သွားတယ်။

"အကြီးအကဲ ဘာကိုဆိုလိုတာလဲ"

"နားမလည်ဘူးလား"

ကူယွဲ့ စာကို လက်ညှိုးထိုးပြလိုက်တယ်။

"အဲ့ဒီစာမှာ ပေါ်ပင်လယ်ဧကရာဇ်ပြန်ရောက်လာမှုအတွက် ဂုဏ်ပြုထားတဲ့ စာတွေအပြည့်ပဲ၊ ၁၀ကြောင်းမှာ ၉ကြောင်းက ဝမ်းသာမှု၊ လွမ်းဆွေးမှုနဲ့ သူတို့ဘယ်လောက်တောင်ဝမ်းသာရကြောင်းကို ဖော်ကြူးလွန်းနေတာများ စားဖိုမှူးက သူတို့နဲ့ တွဲနေတဲ့အတိုင်းပဲ"

"ဟင့်အင်း"

သူစကားဆုံးဆုံးချင်း အခွံမာသီးကို နွှာနေတဲ့လူက ရုတ်တရက် ကြားဖြတ်ပြောတယ်။ သူက လေးလေးနက်နက် တွေးပြီး ပြောတယ်။

"သူတို့ခြေထောက်ကို ဘာလို့လိုချင်ရမှာလဲ ဟင်းချက်ဖို့အတွက်လည်း မသုံးဘူး"

[T/N - ဒီမှာရေးသွားတာက တွဲနေတယ်ဆိုတာ ခြေထောက်ရှိတယ်ဆိုတာနဲ့ အသံဆင်ပါတယ်]

"မင်းဒီကိုဟာသတွေလုပ်ဖို့ရောက်နေတာ မဟုတ်တာ သေချာရဲ့လား"

"ဒီဂုဏ်ပြုစကားတွေက တစ်ခုခုပြဿနာရှိလို့လား" ယွီဟုန်နားမလည်သေးဘူး။

“ငါတို့ဘက်က ဖိတ်ရင်တော့ သေချာပေါက်ပြဿနာမရှိဘူးပေါ့" ကူယွဲ့က ရယ်ကာ သူ့လက်ထဲက စာနဲ့ ခေါက်လိုက်တယ်။

"ဒါပေမဲ့သော့ချက်က ဒီစာကငါတို့အတွက်တင်မဟုတ်ဘူး ပိုပြီးအရေးကြီးတာက ဒီစာကို လန်ဟွားဖတ်ဖို့အတွက် အထူးတလည် ရေးပေးထားတာ" ယွီဟုန်က မှင်တက်စွာနဲ့ "ဒီစာက သူဌေးလန်နဲ့ ဘာဆိုင်လို့လဲ" ကူယွဲ့က ပိုပြီးတောင် အေးစက်စက်ရယ်တယ်။

"လန်ဟွားက ဂိုဏ်းထဲမှာရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီးတော့ ကျင့်ကြံဆင့်လည်းမြင့်တယ်၊ မကောင်းဆိုးရွားကျင့်ကြံသူဖြစ်ပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်တွေရဲ့အရှင်သခင် ဖြစ်ခဲ့ဖူးတာပဲလေ၊ အမတကမ္ဘာတစ်ခုလုံးက သူ့ကို ပေါ်ပင်လယ်ဧကရာဇ်အစစ်လို့ ထင်နေကြတာ အခု ငါတို့ပြန်လာပြီးတော့ သူကမှ အစားထိုးဖြစ်ပြီး စားဖိုးမှူးကမှဧကရာဇ်အစစ်လို့ပြောနေတယ်၊ မင်းသာ သူဆိုရင် ဘယ်လိုတွေးမလဲ"

"ဒါပေမဲ့ လန်ဟွားက တစ်ခါမှ ဝူတိဂိုဏ်းထဲကကိစ္စတွေကို တာဝန်မယူခဲ့ဖူးဘူးလေ"

ဂိုဏ်းထဲကကိစ္စအားလုံးကို သူမနဲ့ သူမရဲ့ညီမတွေပဲဆွေးနွေးပြီး ဆောင်ရွက်ကြတာ။ ဒီနှစ်ထဲမှာ လန်ဟွားလုပ်သမျှက ဂါထာတွေကို ရှာဖွေသုတေသနပြုစု၊ သူ့ရဲ့သူငယ်ချင်းမုန်လာဥဖြူနဲ့ လျှောက်ကစားနေရုံပဲ။ သူ့ကိုကူညီပြီး ဖြေရှင်းပေးရတဲ့ပြဿနာတွေမှ ရေတောင်မရေတွက်နိုင်ဘူး။

"ဒါပေမဲ့ အခြားသူတွေက မသိဘူးလေ" ကူယွဲ့သူမကိုကြည့်လိုက်တယ်။ နတ်ဆိုးဘုရင်လောက် ကျင့်ကြံဆင့်မြင့်ပြီး၊ ပေါ်ပင်လယ်ကို နှစ်ထောင်ပေါင်းများစွာ ကာကွယ်ပေးခဲ့တဲ့ လန်ဟွားက ဧကရာဇ်ရာထူးကို လုံးဝစိတ်ဝင်စားမှုမရှိဘူးလို့ ဘယ်သူကတွေးမိမှာလဲ။ ပြီးတော့ လူကိုယ်တိုင်က ဝူတိဂိုဏ်းမှာ နေနေတဲ့ ငပျင်းတစ်ယောက်သာသာပဲ၊ ငှားရမ်းခပေးဖို့လိုတဲ့လူမျိုးပေါ့၊ ဘယ်သူမှ ဒီလိုကိစ္စတွေကို ယုံမှာမဟုတ်ဘူး။

"ဒါဆို... ပေါ်ပင်လယ်အမတစုဝေးပွဲကို ကျင်းပဖို့အကြံပြုတာက သူဌေးလန်ကို မကျေမနပ်ဖြစ်အောင် ဆွပေးပြီး အကြီးအကဲယိချင်းနဲ့ တိုက်ခိုက်အောင်လို့ပေါ့"

ယွီဟုန်မျက်လုံးတွေပြူးသွားပြီး မျက်နှာမှာ မယုံကြည်နိုင်မှုအပြည့်တွေနဲ့။

လန်ဟွားနဲ့...အကြီးအကဲယိချင်းနဲ့လား။ ဒီလူတွေက အံ့သြစရာစိတ်ကူးကိုယဥ်နိုင်စွမ်းရှိတာပဲ။

အခန်းထဲမှာ နေ့တိုင်းဂါထာတွေကို လေ့လာနေတဲ့သူနဲ့ မီးဖိုချောင်ထဲမှာ နေ့တိုင်းဟင်းလျာအသစ်တွေကို လေ့လာနေတဲ့လူတစ်ယောက်ကို အတူတူ ဘယ်လိုထားရမယ်ဆိုတာ မပြောနဲ့ဦး။ ဧကရာဇ်ရာထူးအတွက် ထိပ်တန်းအဆင့် ပျက်ကွက်တဲ့ခေါင်းဆောင်တွေကို ဧကရာဇ်ရာထူးအတွက် တိုက်ခိုက်အောင်လုပ်မယ်တဲ့လား၊ နောက်နေတာပဲဖြစ်ရမယ်။ ဝေးဝေးလွှတ်ပစ်နိုင်သမျှ လွှတ်ပစ်ဖို့ပဲ လုပ်ကြမှာ ဟုတ်ပြီလား။ အရာအားလုံးကို ပေါ့ပေါ့ပါးပါးထားတဲ့ လန်ဟွားမပြောနဲ့ ဧကရာဇ် ယိချင်းကလည်း ဘယ်တုန်းကမှ လူတွေနဲ့ဆက်ဆံရတာ ကြိုက်တာမဟုတ်ဘူး။ သူတို့နှစ်ယောက်ကို ပဋိပက္ခ ဖြစ်ဖို့လုပ်တာကမှ ပိုတောင်ခက်ခဲသေးတယ်။

ဟိုအတွက်သာ မဟုတ်ရင်...။

သူမက အလိုလိုပြန်လှည်ကြည့်မိပြီးး အသီးတစ်လုံးကို အင်မတန် ရှားရှားပါးပါး ကိုက်စားမနေဘဲနဲ့ အလင်းမျက်နှာပြင်ပေါ်ကို အေးစက်တဲ့မျက်နှာနဲ့ တဒေါက်ဒေါက်လုပ်နေသူကိုလှည့်ကြည့်လိုက်တယ်။ သူမနှလုံးသားထဲမှာ စိတ်လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ဂိုဏ်းချုပ်ကတကယ့်ကို စွမ်းဆောင်နိုင်ဆုံးပဲ....။

~(⁠≧⁠▽⁠≦⁠)/~

"ဒီတိုင်းပြည်ဧကရာဇ်တွေအားလုံးက သူတို့စိတ်ထဲနိုင်ငံရေးအတွေးတွေနဲ့ မကောင်းတဲအတွေးတွေ အပြည့်ပဲ၊ သူတို့က လူတိုင်းကို သူတို့လိုထင်နေတာ" ကူယွဲ့နှာမှုတ်ပြီး သူ့မျက်လုံးတွေက သရော်မှုအပြည့်နဲ့။ ခဏကြာတော့ သူက ယွီဟုန်ဘက် လှည့်လာတယ်။

"သူတို့ကို သွားပြောချေ၊ ငါတို့ ဒီပေါ်ပင်လယ်အမတစုဝေးပွဲကို အချိန်မီကျင်းပမယ်လို့"

"အို ကျွန်မတို့ကျင်းပမှာလား" ယွီဟုန်ခဏအံ့သြသွားတယ်။

"ဒါပေါ့" ကူယွဲ့ပိုတောင်ပြုံးလိုက်တယ်။

"သူတို့ ကျင်းပချင်တယ်မဟုတ်လား၊ ဒါဆို ငါတို့ကကျင်းပပေးရုံတင်မကဘူး၊ ခမ်းခမ်းနားနား ကျင်းပပေးရမှာပေါ့၊ ငါတို့တွေ တိုင်းပြည်ဧကရာဇ်တွေကို ဖိတ်ရုံတင်မကဘူး၊ ပေါ်ပင်လယ်ထဲက အဆင့်မြင့်ကျင့်ကြံသူတွေကိုပါ ဖိတ်မယ်"

"ဟမ်" ယွီဟုန်မှင်တက်သွားတယ်။

"ဒါပေမဲ့ ပေါ်ပင်လယ်ထဲမှာ အဆင့်မြင့်အမတကျင့်ကြံသူတွေက ရာချီတယ်..."

"လူများလေ ကောင်းလေပဲ" ကူယွဲ့ပြုံးသွားတာများ သူ့မျက်လုံးတွေ မျဥ်းကြောင်းလေးအဖြစ် ကျဥ်းသွားတဲ့အထိပဲ။

"သူတို့တွေက အကောက်ကြံရတာပျော်တယ်မဟုတ်လား၊ ငါတို့တွေလည်း ဘယ်လိုပဲဖြစ်ဖြစ် အတော်လေး အားနေတာပဲလေ သူတို့တွေနဲ့ကစားပေးရမှာပေါ့"

"... ဟုတ်" ယွီဟုန်တစ်ဖက်လှည့်ပြီးတော့ အသိပေးစာတွေပို့ဖို့သွားလိုက်တယ်။

အကြီးအကဲကူယွဲ့ ဘာလုပ်ချင်တယ်ဆိုတာ မသိပေမဲ့လည်း တိုင်းပြည်ဧကရာဇ်တွေအတွက် တစ်ခုခုကြီးကြီးမားမား စောင့်နေတယ်ဆိုတာတော့ခံစားမိတယ်။

…

အခန်း ၄၀၈ ။ ပြဿနာတချို့ဖန်တီးခြင်း

"အော် ဟုတ်သား စားဖိုမှုး" ကူယွဲ့က တစ်စုံတစ်ရာကို မှတ်မိသွားပြီး အသီးခွာနေဆဲ ယိချင်းဘက် လှည့်တယ်။ သူက သိုလှောင်အိတ်တစ်အိတ် ထုတ်ကာပြောတယ်။ "မင်းခဏနေကျ ဒီအမတဆေးမြစ်တွေကို လန်ဟွားဆီ ပို့ပြီးတော့ အမတပြိုင်ပွဲဆေးလုံးတချို့ကို ကူပြီးလုပ်ပေးလိုက်"

"အမတပြိုင်ပွဲဆေးလုံးတွေ" ယိချင်းက တန့်သွားတယ်။ အမတပြိုင်ပွဲဆေးလုံးတွေဆိုတာက လူတစ်ယောက်ရဲ့အဆင့်ကို တိုက်ရိုက်မြင့်တင်ပေးနိုင်တယ်။ ထိပ်တန်းကျင့်ကြံသူတွေဆိုရင် ကျင့်ကြံဆင့်တွေကို ခုန်ကျော်ပြီးတော့တောင် တက်သွားစေနိုင်တယ်။ ဒါပေမဲ့ ဒီဆေးလုံးတွေကို ပြုလုပ်ဖို့ဆိုရင် အရမ်းကိုလိုအပ်ချက် မြင့်မားတာ၊ ရှားပါးတဲ့အမတဆေးမြစ်တွေကိုမဆိုနဲ့ ထူးခြားတဲ့နည်းလမ်းကို လိုအပ်တယ်။ ဒါကြောင့် ဒီဆေးလုံးဖော်စပ်နည်းကို အမတဘုံကလူတိုင်း သိကြပေမဲ့ ဘယ်သူမှမလုပ်နိုင်ဘူး။

ဝူတိဂိုဏ်းကလွဲလို့ပေါ့...။

သူတို့မှာ အမတဆေးမြစ်တွေ မချို့တဲ့သလို အမတမီး... ဘယ်အမတမီးက ယိချင်းရဲ့ ဇာမဏီမီးတောက်ကို ယှဥ်နိုင်မှာလဲ။ ဒါကြောင့် သူတို့ကတကယ်ဖန်တီးနိုင်တာ။ ဂိုဏ်းတပည့်တွေအားလုံးက ခန္ဓာ ကျင့်ကြံသူတွေပဲ။ သူတို့က ဒီလိုဆေးလုံးတွေမလိုဘူးလေ။ ခန္ဓာကျင့်ကြံသူတွေက သူတို့ရဲ့ကိုယ်ကာယကိုပဲ ပျိုးထောင်တာ ဖြစ်တဲ့အတွက် အကောင်းဆုံးသက်စောင့်ဆေးတွေကတောင် ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုတွေချန်ထားခဲ့ပြီး တခြားအမတတွေအတွက် ဘာမှမဖြစ်နိုင်ပေမဲ့ ခန္ဓာကျင့်ကြံသူတွေအတွက် ကြီးမားတဲ့နှောင့်နှေးမှု ဖြစ်စေနိုင်တဲ့အဆိပ်တွေ ပါဝင်တယ်။ ဒါကြောင့်မလို့ အရေးပေါ်ဆေးလုံးတွေကလွဲဲလို့ ဂိုဏ်းက တပည့်တွေကို ဒီအမတတိုးမြင့်စေတဲ့ဆေးလုံးမျိုး မလုပ်ပေးဘူး။

"ဂိုဏ်းထဲက တပည့်တွေအတွက် မဟုတ်ဘူး" ကူယွဲ့ကခေါင်းယမ်းလိုက်တယ်။ သူ မရှင်းပြခင် ဘေးနားက အချက်အလက်တွေကို စစ်ဆေးနေတဲ့ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။

"သူက တိုင်းပြည်ဧကရာဇ်တွေကို ထောင်ဖမ်းဖို့အတွက် ဒါတွေကိုပြင်နေတာပဲ"

ရှန်းရင်က ဖန်သားပြင်ကို နှိပ်ရင်းပြောတယ်။

"သူတို့ပတ်ပတ်လည်က ကျင့်ကြံသူတွေရဲ့အဆင့်ကို သူတို့နဲ့ခပ်ဆင်ဆင်အဆင့်ထိ မြှင့်တင်လိုက်ပြီး သူတို့အချင်းချင်း တိုက်ခိုင်းလိုက်မယ်လေ... ပြောရရင်တော့ " ရှန်းရင်က ကူယွဲ့ကို အေးစက်စက် လှမ်းကြည့်တယ်။

"ပြဿနာရှာနေတာပဲ"

"သူတို့ဘာသာဒီနည်းလမ်းကို တွေးခဲ့တာလေ"

ကူယွဲ့မျက်နှာက အပြစ်ကင်းနေတယ်။ သူက သူတို့ရဲ့ကိုယ်ပိုင်အကောက်ကြံမှုတွေကို ရင်ဆိုင်ရုံပဲ။ သူတို့တွေက ဧကရာဇ်ရာထူးကို စားဖိုမှူးနဲ့ လန်ဟွားကို ရန်တိုက်ပေးခဲ့ချင်တယ်မဟုတ်လား။ အရင်ဆုံးဧကရာဇ်ရာထူးအတွက် သူတို့ကို တစ်ယောက်ယောက်က လာတိုက်ခိုက်ရင်ရော သူတို့အခုလို အားနေမလား။ ကူယွဲ့အကြည့်က မည်းမှောင်သွားတယ်။

ဝူတိဂိုဏ်းက ဒီလိုအလွယ်တကူအနိုင်ကျင့်ခံမှာမဟုတ်ဘူး။ သူတို့အရင်တုန်းကတော့မသိခဲ့ဘူး။ ဒါပေမဲ့ အခုသူတို့က ပြဿနာကိုမီးခွက်ထွန်းရှာမှတော့ သေချာပေါက် သူတို့ဆီကို ညီတူညီမျှ ပြန်ပို့ပေးရမှာပေါ့။

ရှန်းရင် မျက်မှောင်ကြုတ်ကာ မကောင်းတဲ့အကြံအစည် အပြည့်ဖြစ်နေတဲ့ ကူယွဲ့မျက်နှာကို လှည့်ကြည့်လိုက်တယ်။ အစ်မကြီးပြောတာတော့ လက်ထောက်တွေက မျက်နှာပြင်ဖွံ့ဖြိုး ခြင်းနဲ့ ပတ်သက်ပြီး ဝင်မပါသင့်ဘူးလို့ပြောခဲ့တယ်။

သူမက အခုစီမံထိန်းသိမ်းသူ ဖြစ်နေပြီဆိုတော့ သူသတိပေးစကားပြောမှပါပဲ...။

╭(╯^╰)╮

သူမက အသက်ပြင်းပြင်းရှူကာ စကားတစ်လုံးချင်းကို အတတ်နိုင်ဆုံး လေသံပျော့ပျောင်းစွာထားလျက် ပြောလိုက်တယ်။

"နင်ကငတုံးလား"

o(╯□╰)o

နည်းနည်းလေးတောင် ပျော့ပျောင်းတာကို မခံစားရပါဘဲ ဓားတစ်ချောင်းကဲ့သို့ စူးရှစွာ ခံစားလိုက်ရတဲ့ကူယွဲ့ ။ ။ "..."

ဘာတုန်းဟ။

"မျက်နှာပြင်လက်ထောက်တွေက နဂိုသက်ရှိတွေကြား ပြဿနာကို ဝင်ရောက်စွတ်ဖက်တာက လုံးဝအဓိပ္ပာယ်မရှိဘူး၊ နင့်ရဲ့တည်ရှိမှုက အစတည်းကကွဲပြားတယ်၊ ကလေးတွေကို အနိုင်ကျင့်တော့ရော ဘာထူးလဲ" ဒီလိုပြောတာက သူ့ကို သေချာနားလည်စေမှာပါ။ သူမ သူ့ကို သေချာစကားပြောခဲ့တာပဲ

ကူယွဲ့ သူမမျက်နှာပေါ်ကို သွေးအန်ချင်သွားတယ်။ ဒီလိုသာမန်မျိုးကိစ္စတွေက သူမက ဆရာလုပ်ပြောလာတော့ ဘယ်လိုလုပ်စကားလို့ ခံစားနေရပါလိမ့်။

"ငါက နောက်ပိုင်းပြဿနာတွေကို ကာကွယ်ဖို့လုပ်နေတာ၊ အခုနေ မဖြေရှင်းထားရင် တိုင်းပြည်ဧကရာဇ်တွေက နောက်ပိုင်းကျပိုဆိုးလာလိမ့်မယ်၊ ငါတို့တွေ ဘေးမှာနေပြီးတော့ ဘယ်လိုလုပ် တပည့်တွေ အနိုင်ကျင့်တာကို ခွင့်ပြုပေးရမှာလဲ၊ ဒီလိုမျိုးကိစ္စတွေကို ဝင်ရောက်စွတ်ဖက်တာမျိုး ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ မင်းတို့ငပျင်းတွေကြောင့်မလို့ သူဒီလိုလုပ်ခဲ့ရတာ မဟုတ်လား၊ ဘယ်သူ ကဂိုဏ်းချုပ်လဲ ဟယ်လို"

ရှန်းရင်က မှင်တက်သွားတယ်။ သူမ မနေ့ကသူမကိုမြင်တော့ ပျော်ရွှင်စွာ ပြုံးပြသွားတဲ့ဂိုဏ်းသူတွေကို ပြန်တွေးမိသွားပြီး နှလုံးသားနူးညံ့သွားတယ်။ တွေးကြည့်ရတာတော့ အဓိပ္ပာယ်ရှိတဲ့ပုံပဲ။ အမကြီးက လက်ထောက်တွေ ဒီလိုမျိုးကိစ္စကို ဝင်ရောက်စွတ်ဖက်တဲ့အပေါ် ဘာသက်ရောက်မှုမျိုးရှိတယ်တော့ ပြောပြခဲ့ပုံ မပေါ်ဘူး။ ဘာပဲဖြစ်ဖြစ် ထားပါတော့လေ။ ဒါကြောင့် သူ ကူယွဲ့ကိုကြည့်ပြီး တည်ကြည်စွာ ပြောလိုက်တယ်။

"နင်စိတ်ကျေနပ်တိုင်း လုပ်ချင်သလိုသာလုပ်တော့"

ကူယွဲ့ ။ ။ "..." ဒါကဘယ်လိုဖြစ်ပြီးတော့ ပိုပြီးတော့တောင်ရန်စတဲ့ပုံပေါ်နေတာလဲ။ ရွဲ့ပြောနေတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။

လုံးဝပဲ ဟိုလီရှစ် ငါ့ကိုမတားနဲ့တော့ ငါသူ့ကိုတိုင်တော့မယ်

"ကျွန်တော် လန်ဟွားကို သွားရှာလိုက်ဦးမယ်" စားဖိုမှူးက ရုတ်တရက်ထရပ်ကာ သူတို့နှစ်ယောက်ကြား စကားဝိုင်းကို ဝင်ရောက်လိုက်တယ်။

"ဖေဖေနျို၊ အမတပြိုင်ပွဲဆေးလုံးတွေအပြင် တခြားလိုအပ်တဲ့ဆေးလုံးတွေရှိသေးလား"

အဲ့တော့မှ ကူယွဲ့သူ့စိတ်ထဲက ဒေါသကိုဖိချုပ်လိုက်တယ်။ "မင်းလန်ဟွားကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါလား၊ ဟုတ်သား" သူက တစ်စုံတစ်ရာကို ဆုံးဖြတ်ပြီးတော့ ရန်လာစနေတဲ့မိန်းကလေးကိုကြည့်လိုက်တယ်။

"မုန်လာဥဖြူ မနေ့ကပေးတဲ့ အဲ့ဒုဓလီပန်းရော၊ စားဖိုမှူးကို လန်ဟွားဆီ ပေးခိုင်းလိုက်၊ ဆေးလုံးအရည်အသွေးကို တိုးစေတယ်"

ရှန်းရင်က တောင့်တင်းသွားပြီး ဖန်သားပြင်ပေါ်ရိုက်နေတဲ့လက်တောင် ရပ်သွားတယ်။

"ပန်းက... ပြန်ယူသွားဖို့လိုလို့လား"

အဲဒါက သူမပထမဆုံးအကြိမ် ပန်းရဖူးတာလေ နင်တို့တွေက မကောင်းဆိုးဝါးလား။

(ಥ_ಥ)

သူမ အတော်ကြာထိ စကားမပြောတာမြင်တော့ ကူယွဲ့က နောက်ထပ်တစ်ကြိမ် မေးလိုက်တယ်။ "အဲ့ဒီ ဒုဓလီပန်းက စည်းတံဆိပ်နဲ့ ချိပ်မပိတ်ထားရင် အစွမ်းမရှိတော့ဘူး"

"..." ငါနင့်ကို မပေးချင်ပါဘူး။ ငါမပျော်ဘူး

(╯_╰)

"မလိုပါဘူး"ယိချင်းက အလိုလိုပြန်လှည့်လာပြီး မျက်နှာအေးစက်နေတဲ့ ရှန်းရင်ကိုကြည့်လိုက်တယ်။

"သွားတဲ့လမ်းမှာ မုန်လာဥဖြူဆီကနေ တချို့ထပ်ယူလိုက်မယ်"

"အို" ရှန်းရင်က အံ့သြသွားကာ မော့ကြည့်ပြီး မျက်လုံးတောင် နည်းနည်းပြူးသွားတယ်။ လူကောင်းပဲ...။

"ရှိပြီးသားကို ဘာလို့တကူးတကသွားမှာလဲ"

ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ "မုန်လာဥဖြူက ရှန်းရင်စကားကိုပဲ နားထောင်တယ်ဆိုတာ မသိတာလည်း မဟုတ်ဘူး၊ မင်းသွားရင် သူက မင်းကို မပေးလောက်ဘူး"

"အဲဒီ မီးဖိုချောင်ဓားကို ယူသွားပြီး ဘာလုပ်မလို့လဲ"

"သူပေးမှာပါ" ယိချင်းက တည်ကြည်စွာပြောလိုက်တယ်။

ဟီးဟီး လုပ်ချင်သလိုသာလုပ်တော့

-_-|||

ယိချင်း အေးစက်စက်အကြည့်နဲ့ ဆရာကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။ သူက အချိန်အတော်ကြာ ခွာထားတဲ့ အခွံမာသီးတွေကို တွန်းပေးလိုက်တယ်။

"ဆရာ စားချင်လား"

သူမမှင်တက်သွားတယ်" သူမအခွံနွှာထားတဲ့ အခွံမာသီးအစေ့ပန်းကန်အပြည့်ကို ကြည့်လိုက်တယ်။ သူမအမူအရာက မပြောင်းလဲပေမဲ့ မျက်လုံးတွေကတော့ ချက်ချင်းပဲ စက်ဝိုင်းတွေအဖြစ် ပြူးသွားတယ်။ ခဏကြာတော့...။

"... အင်း"

( ̄『̄)

သူမက ဖြည်းဖြည်းချင်း လက်တစ်ဖက်မြှောက်ယူပြီး အင်မတန်မြန်ဆန်စွာနဲ့ ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။

ဝါးလို့ကောင်းလိုက်တာ အရသာရှိလွန်းတယ်...။

(⊙ o ⊙)

အင်း ဒါက တကယ့်လူကောင်းပဲ။

ယိချင်းရဲ့ နှုတ်ခမ်းထောင့်ဖျားက မဆိုသလောက်လေးကွေးသွားတယ်။ အဲ့တော့မှ သူကတံခါးကနေ ထွက်သွားပြီး လန်ဟွားကိုသွားရှာတယ်။

ရှန်းရင်က မျက်စိတစ်မှိတ်အတွင်း ထပ်ထိုးထည့်လိုက်ပြီး ထွက်သွားတဲ့လူကို လှမ်းကြည့်ကာ နှလုံးသားအောက်ခြေထဲမှာ အကြောင်းအရင်းမရှိ နွေးထွေးသွားတယ်။ ဒါပေမဲ့ မျက်လုံးထဲမှာတော့ ဇဝေဇဝါဖြစ်မှုတချို့ ဖြစ်နေတယ်။ ဒီတပည့်က တစ်ခုခု ထူးဆန်းနေတယ်လို့ သူမ အမြဲတမ်း ခံစားရတာ။ သူက သူမအပေါ် ကောင်းလွန်းနေတာက ဆရာတပည့်ဆက်ဆံရေးနဲ့ မတူဘူး။ ဘေးက ဖေဖေနျိုကို လှည့်ပြီးတော့ မေးချင်သွားတယ်။ အလိုလို သူမက လှမ်းကာ တစ်ခုကိုဆွဲလိုက်မိတယ်။

ကူယွဲ့ခေါင်းက နာသွားပြီး ချက်ချင်းထခုန်လိုက်တယ်

"ဟိုလီရှစ် မင်းငါ့ဆံပင်ကို ဘာလို့ ရုတ်တရက်အတင်းဆွဲရတာလဲ၊ ခေါင်းခွံတောင်မှ ရုတ်တရက် ကွာကျတော့မလို့"

ရှန်းရက်လက်တွေ တောင့်တင်းသွားတယ်။ အခုက ဘာလဲ။ သူမ မှားဆွဲလိုက်မိပြီပဲ။ ဒေါသထွက်တော့မှာပေါ့။

(⊙_⊙)

"ငါအင်္ကျီကို ဆွဲလိုက်တာ" သူမအမူအရာကလုံးဝကိုမပြောင်းမလဲ။

"ငါကန်းနေတယ်များ ထင်နေလား"

ကူယွဲ့နှုတ်ခမ်းတွေ တွန့်သွားတယ်။

"မင်းလက်ကို နောက်မှာ မဖွက်ဘဲနေရဲလား" နာကျင်နေတဲ့ခေါင်းခွံကို ပွတ်လိုက်ပြီး ခပ်ပြတ်ပြတ် စိုက်ကြည့်လိုက်တယ်။

"ဘာကိစ္စရှိလို့လဲ"

"ငါနင့်ကို ကိစ္စတစ်ခု မေးချင်လို့" ရှန်းရင်က စားပွဲပေါ်က ခွာထားတဲ့အခွံမာသီးကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။

"အဲဒီယိချင်းက...သူကတကယ်ပဲငါ့တပည့်လား"

"သူက မင်းတပည့်မဟုတ်ရင် ငါ့တပည့်ဖြစ်နိုင်လို့လား" ကူယွဲ့မျက်ဆန်လှန်ပြီး သူ့ခေါင်းခွံကို ဆက်ပွတ်နေလိုက်တယ်။

"တပည့်...ပဲလား"

ကူယွဲ့က အဲ့တော့မှ သူမဆိုလိုတာကိုနားလည်သွားတယ်။

သူက ခဏတာမှင်တက်သွားပြီး အံ့သြသင့်မှုတချို့နဲ့ မေးလိုက်တယ်။ "ဟိုလီရှစ် မဖြစ်နိုင်တာ ယိချင်းက မင်းကို ဒီကိစ္စမပြောဘူးလား၊ မင်းတို့တွေ မနေ့ကအာ့ဆိုရင် အင်္ကျီချွတ်တမ်း ကစားနေကြတာလား"

ရှန်းရင်က ခေါင်းစောင်းသွားတယ်။

"ငါ့ကိုဘာအကြောင်းပြောရမှာလဲ"

"သေချာပေါက် သူက မင်းရဲ့တပည့်ပဲ မဟုတ်ဘူးပေါ့၊ သူကမင်းရဲ့ရည်းစားလည်း ဖြစ်တယ်လေ"

အဲ့လိုပြောပြီး သူက ထပ်ပြီးတော့ပြောလိုက်တယ်။

"မင်းတို့နှစ်ယောက်လုံး မိဘတွေကို တွေ့ပြီးပြီမဟုတ်လား"

"ဟမ်"

Σ(°△°|||)

နောက်အခိုက်အတန့်မှာ အခုထက်ထိ အင်မတန်ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့တဲ့ ရှန်းရင်ရဲ့ အေးစက်တဲ့မျက်နှာက မှန်တစ်ချပ်လို ကွဲအက်သွားတယ်။

သူမမျက်နှာ ကတစ်စက္ကန့်အတွင်း မှည့်နေတဲ့ ခရမ်းချဥ်သီးလို နီရဲသွားတယ်။...ရည်းစားတွေတဲ့လား၊ မိဘတွေကို တွေ့ပြီးပြီတဲ့၊ ငါ့အစ်မပေါ့။

…

All Chapters