← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း။ ၁၇

“ငွေထပ်ပေးရဦးမယ် ဟုတ်လား”

ဆရာကြီးခွေ့မု၏ မျက်နှာသည် ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် မှောင်မှောက်သွားပြီး ဒေါသကြောင့် အရည်ပင်ထွက်တော့မည့်အလား ပျက်ယွင်းသွားတော့သည်။

ဤတစ်ကြိမ်တွင် ထိုပညာရှင်ကို ငှားရမ်းရန်အတွက် သူနှင့် ကျွမ်းဝူရှန်းတို့သည် စုဆောင်းထားသမျှ စည်းစိမ်ဥစ္စာ၏ ထက်ဝက်နီးပါးကို သုံးစွဲခဲ့ရပြီး ဖြစ်သည်။ အရာအားလုံးကို ကြိုတင်သဘောတူညီမှု ရယူထားပြီးပါလျက် ယခုကဲ့သို့ အခြေအနေမျိုးတွင်မှ ထပ်မံတောင်းဆိုလာခြင်းပင်။

“မှန်တယ်... ဒါမှမဟုတ်ရင် ဒီလောက်ကလေးနဲ့တော့ ငါ့ကို ခိုင်းဖို့ဆိုတာ ခက်လိမ့်မယ်”

ခမောက်ဆောင်းထားသော လူရိပ်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။

ဆရာကြီးခွေ့မု၏ မျက်နှာမှာ ဒေါသကြောင့် တစ်လှည့်စီ ပြာနှမ်းနေတော့သည်။ သူသည် တဖြည်းဖြည်း ဝေးကွာသွားသော ချန်ထျန်းလျန်တို့ မိသားစုသုံးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း “ကောင်းပြီလေ... အရင်က ကတိပေးထားတဲ့ အဖိုးအခကို ၅၀ ရာခိုင်နှုန်း ထပ်တိုးပေးမယ် ဘယ်လိုလဲ”

“ဟားဟားဟား... ဒါမှပေါ့ဗျာ”

ခမောက်ဆောင်းထားသော လူရိပ်က ရယ်မောလိုက်ပြီးနောက် “ဘယ်အချိန်မှာ စတင်လှုပ်ရှားကြမလဲ” ဟု မေးမြန်းလိုက်သည်။

ဆရာကြီးခွေ့မုသည် ထွက်ခွာသွားသော ချန်ထျန်းလျန်၏ ကျောပြင်ကို ကြည့်ရင်း သူ၏မျက်ဝန်းများအတွင်း သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ “အခုချက်ချင်းပဲ” ဟု အမိန့်ပေးလိုက်သည်။

တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦးသည် လမ်းကြားအတွင်းမှ လှမ်းထွက်လာကြသည်။

...

...

တစ်ချိန်တည်းမှာပင်...

ဆံပင်ထုံးရန်အတွက် သစ်သားဆံထိုးလေးတစ်ခုကို ဝယ်ယူပြီးကာစဖြစ်သော ချန်ထျန်းလျန်သည် ထိုဆံထိုးကို ရင်းရွှမ်းရွှမ်း၏ ဆံနွယ်များကြားသို့ အသာအယာ ထိုးစိုက်ပေးလိုက်သည်။

“မိန်းမ... မင်း တကယ့်ကို လှနေတာပဲ”

ချန်ထျန်းလျန်သည် ရင်းရွှမ်းရွှမ်းကို ကြည့်ကာ ပီတိဖြစ်လျက် ရယ်မောရင်း ပြောလိုက်သည်။

ထိုစဉ်မှာပင်

“ချန်ထျန်းလျန်... မင်းဟာ မကောင်းမှုအပေါင်းကို ကျူးလွန်ခဲ့သူပဲ။ ဒီနေ့တော့ ငါက ကောင်းကင်ဘုံကိုယ်စား တရားစီရင်ပေးရတော့မယ်”

ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

၎င်းနောက်တွင် ခမောက်ဆောင်းထားသော လူရိပ်သည် ရှည်လျားလှသော ဓားတစ်စင်းကို ကိုင်ဆောင်ကာ ချန်ထျန်းလျန်ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်း၍ တိုက်ခိုက်လာတော့သည်။ စူးရှအေးစက်လှသော ဓားအလင်းတန်းသည် မှောင်မိုက်သော ညယံအတွင်း ဝင်းခနဲ ပေါ်ပေါက်လာပြီး လောကကြီးကို တုန်လှုပ်စေမည့် နဂါးတစ်ကောင်အလား ဒေါင်လိုက် ခုတ်ပိုင်းချလိုက်သည်။

“ဟင်”

ချန်ထျန်းလျန်သည် ရုတ်တရက် နောက်သို့လှည့်လိုက်ပြီး သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးရုပ်ပုံများ ထွင်းထုထားသော အနက်ရောင်ရွှေရောင် ပေါင်းစပ်ထားသည့် လှံရှည်ကြီးတစ်လက် ပေါ်ထွက်လာခဲ့သည်။ သူသည် ထိုလှံရှည်ဖြင့် အသာအယာပင် ကန့်လန့်ဖြတ် ရိုက်ခွဲလိုက်သည်။

ဝုန်း….

ရွှေရောင်ဝင်းပနေသော လှံရှည်အလင်းတန်းသည် ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာပြီး ဝေဟင်အလယ်၌ အေးစက်လှသော ဓားအလင်းတန်းနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

ဒုန်း…

ဧရာမတောင်ကြီးနှစ်လုံး ထိပ်တိုက်တိုးမိသကဲ့သို့ နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံရာ ဝေဟင်အလယ်မှတစ်ဆင့် ကြီးမားလှသော စွမ်းအင်ရိုက်ခတ်မှုလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။

ပတ်ဝန်းကျင်ရှိ မရေတွက်နိုင်သော နေအိမ်များ၏ ခေါင်မိုးများသည် တိုက်ရိုက်လွင့်ထွက်သွားပြီး ပြိုကျပျက်စီးကုန်ကြသည်။ မူလက စည်ကားသိုက်မြိုက်နေသော ပွဲတော်မြင်ကွင်းသည် တစ်ခဏအတွင်းမှာပင် သွေးပျက်ဖွယ်ရာ လူ့ငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ အချို့သော မြို့သူမြို့သားများသည် ပြိုကျလာသော အုတ်ခဲနှင့် ကျောက်တုံးများအောက်တွင် ပိမိကာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြရသည်။ ကျန်ရှိနေသောသူများမှာလည်း ထိတ်လန့်တကြား အော်ဟစ်ရင်း အသက်လုကာ ထွက်ပြေးနေကြတော့သည်။

ချန်ထျန်းလျန်သည် တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းများကို လက်ဖြင့် အသာအယာ ဝှေ့ယမ်းကာ ဖယ်ရှားလိုက်ပြီးနောက် ခေါင်းကို မော့၍ ခမောက်ဆောင်းထားသော အနက်ရောင်ဝတ်ရုံနှင့် လူရိပ်ကို စူးစိုက်ကြည့်လိုက်သည်။

“ချန်မိသားစုရဲ့ နယ်မြေထဲမှာ ပြဿနာလာရှာရဲတယ်ပေါ့... မင်း တကယ်ပဲ သေချင်နေတာပဲ”

ချန်ထျန်းလျန်၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေပြီး သူ၏ခြေထောက်ဖြင့် မြေပြင်ကို အားပြင်းစွာ နင်းချလိုက်ရာ မြေပြင်မှာ ချက်ချင်းပင် ချိုင့်ခွက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း အမြောက်ဆန်တစ်ခုကဲ့သို့ အပေါ်သို့ ပျံတက်သွားပြီး ခမောက်ဆောင်းထားသော လူရိပ်၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည်။

“ခုတ်ပိုင်းစမ်း”

သူသည် လှံရှည်ကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ခန္ဓာကိုယ်အတွင်းမှ မူလစွမ်းအားများကို ပေါက်ကွဲထွက်စေလျက် အားပြင်းလှသော ခုတ်ပိုင်းချက်တစ်ခုကို အပေါ်မှ အောက်သို့ နှိမ့်ချလိုက်သည်။

“ဒဏ္ဍာရီလာ ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ချန်ထျန်းလျန်က ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်လိုက်ဦးမယ်”

အနက်ရောင်ဝတ်ရုံနှင့် လူရိပ်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်

အတွင်းမှ စစ်မှန်သောကိုယ်ပွားအဆင့်တတိယအလွှာ၏ ကျင့်ကြံမှုစွမ်းအားများကို ထုတ်ဖော်လိုက်သည်။ သူသည် ဓားကို ကန့်လန့်ဖြတ် ကိုင်ဆောင်ကာ ရှေ့သို့ စောင်း၍ ခုတ်ပိုင်းလိုက်သည်။ ၎င်းနောက်တွင် ဖဲကြိုးအလား ရှည်လျားလှသော ဓားအလင်းတန်းတစ်ခုက ညအမှောင်ထုတစ်ခုလုံးကို ဝင်းခနဲ လင်းထိန်သွားစေခဲ့သည်။

ဝုန်း…

သူတို့နှစ်ဦး ထပ်မံ၍ ထိပ်တိုက်တွေ့ဆုံကြပြန်သည်။

ဖဲကြိုးအလား ဓားအလင်းတန်းသည် ဧရာမလှံရှည်ကြီးနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အလွှာလိုက် အလွှာလိုက် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ ထို့နောက် လှံရှည်ကြီးမှာ အနက်ရောင်ဝတ်ရုံဝတ် လူရိပ်၏ ဓားပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

“ဒီလို အင်အားမျိုးကတော့.....”

အနက်ရောင်ဝတ်ရုံဝတ် လူရိပ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သည်။ တောင်ကြီးတစ်လုံးကိုပင် လှုပ်ခါနိုင်သော မယုံနိုင်စဖွယ် ကြီးမားလှသည့် အင်အားကြီးမှာ သူ၏အပေါ်သို့ ပိကျလာပြီး သူ တုံ့ပြန်ရန် အချိန်မရမီမှာပင် နောက်သို့ လွင့်ထွက်သွားတော့သည်။

ဒုန်း…

သူသည် ဝေဟင်ထက်မှတစ်ဆင့် အောက်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ပြီး မြင့်မားသော အဆောက်အဦး အတော်များများကို ဝင်တိုက်ကာ ပျက်စီးစေပြီးမှသာ ရပ်တန့်သွားနိုင်ခဲ့သည်။ သူ ကျဆင်းသွားသော နေရာတွင်မူ အချင်း ပေတစ်ရာကျော်ရှိသော ဧရာမ မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။

ချန်ထျန်းလျန်သည် လက်တစ်ဖက်တွင် လှံရှည်ကြီးကို ကိုင်ဆောင်လျက် ဝေဟင်ထက်၌ မားမားမတ်မတ် ရပ်တည်နေသည်။

သူ၏ ခန္ဓာကိုယ်မှာ ခန့်ညားထည်ဝါလှပြီး အနက်ရောင် ဆံနွယ်ရှည်များမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေ၏။ သူသည် မြေကျင်းကြီးအတွင်းမှ ခမောက်ဆောင်းထားသော အနက်ရောင်ဝတ်ရုံဝတ် လူရိပ်ကို ပြင်းထန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“လမ်းဘေးက မြက်ပင်တွေလောက်တောင် အင်အားမရှိဘဲနဲ့ ငါ့ကို ခြုံခိုတိုက်ခိုက်ရဲတယ်ပေါ့”

အနက်ရောင်ဝတ်ရုံဝတ် လူရိပ်သည် ပါးစပ်မှ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီးနောက် မြေကျင်းထဲမှ ခုန်ထွက်လာခဲ့သည်။

“ဇီဝေချန်မိသားစုရဲ့ မူလစွမ်းအားဆိုတာ တကယ့်ကို နာမည်နဲ့လိုက်အောင် အစွမ်းထက်ပါပေတယ်”

ထိုလူရိပ်က မှောင်မှောက်သော မျက်နှာထားဖြင့် ပြောဆိုရင်း ဘေးနားရှိ လေဟာနယ်တစ်ခုဆီသို့ လှည့်ကြည့်ကာ “ခင်ဗျားရော... လှုပ်ရှားဖို့ မစဉ်းစားသေးဘူးလား” ဟု မေးခွန်းထုတ်လိုက်သည်။

နောက်တစ်ခဏတွင်မူ မျက်နှာအနှံ့ကို ဖုံးအုပ်ထားသော ခမောက်ကို ဆောင်းထားသည့် ဆရာကြီးခွေ့မုသည် လေဟာနယ်အတွင်းမှ လှမ်းထွက်လာခဲ့သည်။ ဆရာကြီးခွေ့မု၏ ထံမှ စစ်မှန်သောကိုယ်ပွားအဆင့်ပထမအလွှာ၏ ကျင့်ကြံမှု အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးသည် ချန်ထျန်းလျန်၏ ဆုတ်ခွာလမ်းကို ပိတ်ဆို့ကာ ဝိုင်းရံလိုက်ကြသည်။

“သတ်စမ်း”

ဆရာကြီးခွေ့မုသည် သူ၏ အစစ်အမှန်အသံကို ဖုံးကွယ်ရန် ဩရှရှအသံဖြင့် အမိန့်ပေးလိုက်

သည်။ တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦးစလုံးသည် ချန်ထျန်းလျန်ထံသို့ တစ်ပြိုင်နက်တည်း ပြန်လည်တိုက်ခိုက်ကြတော့သည်။

“မဟာတောရိုင်း ကိုးကြိမ်ခုတ်ပိုင်းချက်”

ခမောက်ဆောင်းထားသော လူရိပ်သည် သူ၏ ကျင့်ကြံမှုကို အထွတ်အထိပ်သို့ ရောက်အောင် မြှင့်တင်လိုက်ပြီး ကိုးကြိမ်တိုင်တိုင် ဆက်တိုက် ခုတ်ပိုင်းလိုက်သည်။ ဆရာကြီးခွေ့မုမှာမူ သူ၏ အမှတ်အသားကို မသိစေရန်အတွက် လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးပတ်သက်သော အဆောင်

လက်ဖွဲ့မြောက်မြားစွာကို ချန်ထျန်းလျန်ထံသို့ ပစ်လွှတ်လိုက်သည်။

လေဟာနယ်အတွင်း၌ မိုးကြိုးများ ပစ်ချခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေဆင်နှာမောင်းများ တိုက်ခတ်ခြင်း စသည့် ကမ္ဘာပျက်မတတ် ထူးခြားဆန်းပြားသော ဖြစ်စဉ်များ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့သည်။

“မိန်းမ... သားလေးကို ကာကွယ်ထားလိုက်”

ချန်ထျန်းလျန်သည် ခေါင်းငုံ့ကာ ရင်းရွှမ်းရွှမ်းကို မှာကြားလိုက်သည်။ ထို့နောက် သူသည် ခေါင်းပြန်မော့ကာ သူ့ကို သတ်ရန် ပူးပေါင်းလာသည့် ဆရာကြီးခွေ့မုတို့ နှစ်ဦးကို စိတ်လှုပ်ရှားဖွယ်ရာ မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ပုရွက်ဆိတ်တွေ ဘယ်လောက်ပဲ များများ... ဆင်တစ်ကောင်ကို သေအောင် ကိုက်နိုင်ပါ့မလား”

ချန်ထျန်းလျန်သည် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှ ထာဝရရွှေရောင်အလင်းတန်းများ ဖြာထွက်စေလျက် ထိုလူနှစ်ဦးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ဒုန်း ဒုန်း ဒုန်း…

မျက်စိတစ်မှိတ်အတွင်းမှာပင်...

ချန်ထျန်းလျန်သည် ထိုလူနှစ်ဦးနှင့် အပြန်အလှန် တိုက်ကွက်ပေါင်း တစ်ရာကျော်မျှ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်။ လင်အန်းမြို့၏ ထက်ဝက်ခန့်မှာ ထိုတိုက်ပွဲကြောင့် အက်ကွဲပျက်စီးတော့မည့်အလား ထင်မှတ်ရသည်။ အဆောက်အဦးများနှင့် နန်းဆောင်များမှာ ကမ္ဘာပျက်သည့် မြင်ကွင်းကဲ့သို့ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးကုန်ကြသည်။

ဝုန်း

ချန်ထျန်းလျန်သည် သူ၏လှံရှည်ကြီးကို ဝှေ့ယမ်းကာ ပြင်းထန်လှသော အဝိုင်းပတ်တိုက်ကွက်တစ်ခုဖြင့် ဆရာကြီးခွေ့မုနှင့် ခမောက်ဆောင်းလူရိပ်တို့ကို နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။

"မဖြစ်ဘူး... ဒီအတိုင်း ဆက်တိုက်နေရင် လင်အန်းမြို့တစ်မြို့လုံး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်တော့မယ်"

ချန်ထျန်းလျန်၏ ဦးနှောက်ထဲတွင် အတွေးများ လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ နောက်တစ်ခဏတွင်မူ သူသည် ညာခြေကို ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လည်ချောင်းထဲမှ နက်ရှိုင်းလှသော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"လှံသိုင်းနည်းဗျူဟာ ကောင်းကင်နှင့်မြေပြင်ကို ခွဲထုတ်ခြင်း"

ဝုန်း

တစ်ခဏချင်းမှာပင် ချန်ထျန်းလျန်၏ လက်ထဲရှိ နဂါးရုပ်ထွင်း အနက်ရောင်ရွှေလှံပေါ်တွင် ဆန်းကြယ်လှသော ရွှေရောင်အင်းကွက်များ ပေါ်ပေါက်လာခဲ့သည်။

ဝူးးးး

နဂါးဟိန်းသံကြီးတစ်ခုသည် လှံရှည်ကြီးအတွင်းမှ ထွက်ပေါ်လာတော့သည်။

"သေစမ်း"

ချန်ထျန်းလျန်သည် လှံရှည်ကြီးကို အားကုန်သုံး၍ အောက်သို့ ရိုက်ချလိုက်သည်။ ခန့်ညားထည်ဝါလှသော ရွှေရောင်နဂါးကြီးတစ်ကောင်သည် တောင်တစ်လုံးအလား ကြီးမားသော ခန္ဓာကိုယ်ဖြင့် လှံရှည်အတွင်းမှ ရုန်းထွက်လာပြီး ဆရာကြီးခွေ့မုနှင့် ခမောက်ဆောင်းလူရိပ်တို့ကို လွင့်ထွက်သွားစေခဲ့သည်။

ဝုန်း

ထိုတိုက်ကွက်ကြောင့် သူတို့နှစ်ဦးမှာ မီတာတစ်ထောင်ခန့်အထိ လွင့်ထွက်သွားခဲ့ပြီး မြို့ရိုးများကို ဖောက်ထွက်ကာ လင်အန်းမြို့ပြင်သို့ ရောက်ရှိသွားကြတော့သည်။

"ပျော့ညံ့လိုက်တာ... ပျော့ညံ့လွန်းတယ်"

"ဒီလောက် လက်စွမ်းလေးနဲ့ ငါ ချန်ထျန်းလျန်ကို သတ်ချင်တာလား"

"လာစမ်း ငါ့ကို သတ်ဖို့ ဆက်ကြိုးစားကြစမ်း"

ချန်ထျန်းလျန်သည် လောကသို့ ဆင်းသက်လာသော ရှေးဟောင်းနတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ သူ၏မျက်ဝန်းများမှ နတ်ဘုရားအလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်နေသည်။

ဒုန်း…

သူသည် ညာခြေကို မြှောက်ကာ လေဟာနယ်ကို ထပ်မံနင်းချလိုက်ရာ လေထု၏ ပေါက်ကွဲသံနှင့်အတူ အရှိန်အဟုန်ဖြင့် ခုန်တက်သွားပြီး မြို့ပြင်ရှိ ဆရာကြီးခွေ့မုတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်သည်။

ခမောက်ဆောင်းလူရိပ်မှာမူ ထိတ်လန့်တကြားဖြစ်သွားပြီး အရေးတကြီး ပြောလိုက်သည်။

"ဒီချန်ထျန်းလျန်က စစ်မှန်သောကိုယ်ပွါးအဆင့်ဒုတိယအလွှာမှာပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ"

ဆရာကြီးခွေ့မုမှာလည်း အတွင်းအားများ ကမောက်ကမ ဖြစ်နေသော်လည်း ထိုစကားကို ကြားသောအခါ နှာခေါင်းရှုံ့လျက်

"အဓိပ္ပာယ်မရှိတာ ချန်ထျန်းလျန်သာ မသန်မာရင် မင်းကို ဒီလောက် အဖိုးအခအများကြီးပေးပြီး ငါ ဘာလို့ ငှားရမလဲ စိတ်မပူနဲ့... ချန်ထျန်းလျန်မှာ စွမ်းအင်ပြောင်းပြန်စီးတဲ့ ရောဂါရှိတယ်။ အသက်ရှူအကြိမ် ၁၀၀ လောက်အတွင်းမှာ အဲဒီရောဂါက ပြန်ကြွလာတော့မှာ"

ထိုစကားကို ကြားရမှသာ ခမောက်ဆောင်းလူရိပ်မှာ စိတ်အေးသွားပြီး အင်္ကျီလက်ထဲမှ ဆေးပုလင်းကို ထုတ်ကာ ဆေးလုံးများကို အလျင်အမြန် သောက်ချလိုက်သည်။ တစ်ခဏအတွင်း သူ၏ အရှိန်အဝါများမှာ သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့ပြီး သူတို့နှစ်ဦးသည် ချန်ထျန်းလျန်ထံသို့ တစ်ကျော့ပြန် ပြေးဝင်သွားကြပြန်သည်။

အခန်း။ ၁၈

အခြားတစ်ဖက်တွင်မူ...

လင်အန်းမြို့တစ်မြို့လုံးသည် ကမောက်ကမဖြစ်နေပြီး မရေတွက်နိုင်သော အရပ်သားများသည် အသက်လုကာ ထွက်ပြေးနေကြသည်။ ရင်းရွှမ်းရွှမ်းသည် ချန်ကျီရှင်းကို သူမ၏ကိုယ်အောက်တွင် အကာအကွယ်ပေးထားပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသော လူအုပ်ကြီးကို ရှောင်တိမ်းနေရသည်။

ချန်ကျီရှင်းမှာမူ အဝေး၌ တိုက်ခိုက်နေကြသော ချန်ထျန်းလျန်နှင့် အခြားသူများကို တိတ်ဆိတ်စွာ စောင့်ကြည့်ရင်း ရင်ထဲတွင် အံ့ဩတုန်လှုပ်မိနေသည်။ ဤကဲ့သို့သော စစ်

မှန်သောကိုယ်ပွားအဆင့်တို့၏ တိုက်ပွဲမျိုးကို ဂိမ်းထဲတွင် အကြိမ်ကြိမ် မြင်ဖူးသော်လည်း ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရခြင်းနှင့်မူ လုံးဝ နှိုင်းယှဉ်၍မရပေ။

စစ်မှန်သောကိုယ်ပွားအဆင့်တွင် လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက်သည်ပင် တောင်များကို ဖြိုခွဲနိုင်ပြီး ပင်လယ်များကို တိမ်းမှောက်စေနိုင်သည့် စွမ်းအားရှိသည်။ အထိန်းအကွပ်မရှိ တိုက်ခိုက်ကြမည်ဆိုလျှင် ကမ္ဘာပျက်ကပ်တစ်ခု ကျရောက်လာသကဲ့သို့ပင်။

“ဖေဖေက တကယ်ကို ကြောက်စရာကောင်းတာပဲ”

ချန်ကျီရှင်းသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိနေသည်။ ချန်ထျန်းလျန်သည် ဇနီးနှင့် သားသမီးများရှေ့တွင် အညံ့ခံတတ်သော်လည်း သူ၏ တကယ့်စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းမှာ လူသားတို့၏ အဆင့်ထက် ကျော်လွန်ကာ အံ့မခန်းလှသည်။ ထိုစဉ်က ချန်မိသားစု၏ အခြားအနွယ်သုံးခုကို တစ်ကိုယ်တည်းနှင့် မည်သို့နှိမ်နင်းနိုင်ခဲ့သည်ဆိုသည်မှာ မေးခွန်းထုတ်စရာ မလိုတော့ပေ။

“အကယ်၍ စွမ်းအင်ပြောင်းပြန်စီးတဲ့ ရောဂါသာ မရှိခဲ့ရင် ဖေဖေ့ရဲ့ အောင်မြင်မှုတွေက အကန့်အသတ်ရှိမှာ မဟုတ်ဘူးပဲ”

ချန်ကျီရှင်းက တွေးတောနေမိသည်။ သူသည် ရင်ဘတ်ထဲရှိ ပင်လယ်ငြိမ် သောက်ဆေးဖော်စပ်နည်း စာအုပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ဤဘဝတွင် ဖခင်ဖြစ်သူ၏ ရောဂါပျောက်ကင်းသွားပါက မည်မျှအထိ အစွမ်းထက်လာမည်ကို သူ အလွန်မြင်တွေ့လိုလှပြီဖြစ်သည်။

အဝေးတစ်နေရာ လပြည့်ဝန်းအောက်ရှိ စားသောက်ဆိုင်တစ်ခု၏ ခေါင်မိုးစွန်းပေါ်တွင်

ရင်သပ်ရှုမောဖွယ် ကောင်းလှသော မိန်းကလေးတစ်ဦး၏ ပုံရိပ်သည် မားမားမတ်မတ် ရပ်နေသည်။ သူမသည် ချန်ထျန်းလျန်တို့ဆီမှ မျက်လုံးကို ခွာလိုက်ပြီး ချန်ကျီရှင်းထံသို့ အကြည့်ကို ရွှေ့လိုက်သည်။

“ချန်ထျန်းလျန်ကတော့ တကယ်ကို မရိုးရှင်းဘူးပဲ...”

သူမသည် သူမဘာသာ တိုးညင်းစွာ ရေရွတ်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ ကျားဖခင်မှာ ခွေးသားမမွေး ဆိုတဲ့ စကားအတိုင်းပဲ... မင်းလေးကရော ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာ ငါ စိတ်ဝင်စားမိတယ်”

...

...

ရှူး

ဓားမြှောင်တိုတစ်စင်းသည် သူမ၏ အင်္ကျီလက်အတွင်းမှ တိတ်ဆိတ်စွာ လျှောထွက်လာသည်။ ရင်းရွှမ်းရွှမ်းသည် ချန်ကျီရှင်းကို သူမ၏ အကာအကွယ်အောက်တွင် ထားရှိရင်း ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေသည်။

“ကျီအာ... ဘယ်မှ လျှောက်မပြေးနဲ့ဦး...”

သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ပြင်းထန်လှသော လေတိုးသံတစ်ခုသည် သူမ၏ နားစည်ဘေးတွင် ဟိန်းခနဲမြည်ဟည်းသွားသည်။ ရင်းရွှမ်းရွှမ်း၏ လှပသော မျက်ဝန်းအစုံမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားပြီး နောက်သို့ လှည့်၍ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ချွမ်း….

သတ္တုချင်း ထိမှန်သွားသော စူးရှသည့်အသံသည် တစ်ခဏအတွင်း ပေါက်ကွဲထွက်ပေါ်လာသည်။

ပွပွယောင်းယောင်း အနက်ရောင်ဝတ်ရုံနှင့် ခမောက်ကို ဆောင်းထားသော လူရိပ်တစ်ခုသည် နောက်သို့ တစ်လှမ်း ဆုတ်ခွာသွား၏။ သူသည် သူ့လက်ထဲရှိ ဓားမြှောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရင်းရွှမ်းရွှမ်းကို မော့ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုသည်မှာ "တုံ့ပြန်မှု ကောင်းသားပဲ"

"နင်က ဘယ်သူလဲ"

ရင်းရွှမ်းရွှမ်းသည် အနက်ရောင်ဝတ်စုံနှင့် လူကို အေးစက်စွာ စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းအစုံမှာ တဖြည်းဖြည်း တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်လာသည်။

ဝိညာဉ်ခရီးသည်အဆင့်ပညာရှင်တစ်ဦးက သူမနှင့် ကျင့်ကြံမှုအဆင့် တူညီနေခြင်းပင်။

အနက်ရောင်ဝတ်စုံနှင့်လူက ပြန်လည်ဖြေကြားခြင်းမရှိဘဲ သူ၏ ညာဘက်လက်ဖြင့် လကကွက်တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်လိုက်ပြီးနောက် ရွတ်ပြောလိုက်သည်။

"အရိပ်သိုင်း မှန်ထဲကပန်း ရေထဲကလ"

တစ်ခဏချင်းမှာပင်...

မြေပြင်သည် လှိုင်းထနေသော ရေမျက်နှာပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသလိုပင်။ ထိုရေမျက်နှာပြင်မှာ လှုပ်ခတ်သွားပြီး ဓားမြှောင်များကို ကိုင်ဆောင်ထားသည့် အရိပ်သဏ္ဌာန်များမှာ ရေထဲမှ ထွက်ပေါ်လာကြတော့သည်။

တစ်ယောက်... နှစ်ယောက်... သုံးယောက်... လေးယောက်...

မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်လူသား ဆယ်ယောက်ခန့် ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့မှ ရင်းရွှမ်းရွှမ်းကို ဝိုင်းရံတိုက်ခိုက်ကြတော့သည်။ ရင်းရွှမ်းရွှမ်း၏ မျက်နှာမှာ မှောင်မှောက်သွားပြီး လက်တစ်ဖက်ဖြင့် ချန်ကျီရှင်းကို ကာကွယ်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ထိုတိုက်ခိုက်မှုများကို ဓားဖြင့် လျင်မြန်စွာ ခုခံနေရသည်။

ချွမ်း…ချွမ်း…ချွမ်းး

မီးပွားများ တဖျတ်ဖျတ် လွင့်စင်သွားပြီး သတ္တုချင်း ထိခတ်သံများမှာ မပြတ်တမ်း ထွက်ပေါ်နေတော့သည်။ ရင်းရွှမ်းရွှမ်းသည် မနားတမ်း တိုက်ခိုက်လာသော အရိပ်များကို ခုခံရင်း နောက်သို့ အလျင်အမြန် ဆုတ်ခွာနေရ၏။

ရှူး…

သူမသည် အရိပ်တစ်ခုကို ဓားဖြင့် ပိုင်းဖြတ်လိုက်ရာ ထိုအရိပ်မှာ ချက်ချင်းပင် အနက်ရောင် ရေစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး မြေပြင်သို့ ပေါင်းစပ်သွားသည်။ သို့သော် ခဏအကြာမှာပင် ထိုအနက်ရောင် ရေစီးကြောင်းမှာ အရိပ်လူသားအဖြစ် ပြန်လည်ဖြစ်တည်လာပြီး ရင်းရွှမ်းရွှမ်းထံသို့ ထပ်မံပြေးဝင်လာပြန်သည်။

"ဒါကတော့ တကယ်ကို အခက်တွေ့စေတာပဲ"

ရင်းရွှမ်းရွှမ်း၏ နဖူးပေါ်တွင် ချွေးစက်များ ပေါ်ပေါက်လာပြီး သူမသည် အမောတကော အသက်ရှူနေရသည်။ သူမ၏ ရင်ထဲတွင် စိုးရိမ်စိတ်များ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ဤအနက်ရောင်ဝတ်ရုံဝတ်လူ၏ ကျင့်ကြံမှုမှာ သူမနှင့် အဆင့်တူညီနေပြီး နှစ်ဦးစလုံးမှာ ဝိညာဉ်ခရီးသည်အဆင့် ၃ ဝန်းကျင်တွင် ရှိနေကြသည်။

အကယ်၍သာ သူမအနေဖြင့် အထိန်းအကွပ်မရှိ လွတ်လပ်စွာ တိုက်ခိုက်နိုင်ပါက သူ့ကို ကြောက်ရွံ့နေမည် မဟုတ်ပေ။ သို့သော် ယခုမူ ကလေးငယ်တစ်ဦးကို ကာကွယ်နေရသဖြင့် သူမအတွက် အဟန့်အတားများစွာ ရှိနေသည်။

"မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

အနက်ရောင်ဝတ်ရုံဝတ်လူသည် နှာခေါင်းရှုံ့လျက် လှောင်ပြုံးပြုံးလိုက်ပြီးနောက် သူ၏ ညာဘက်လက်ဖြင့် နောက်ထပ် လက်ကွက်တစ်ခုကို ပြောင်းလဲဖော်ဆောင်ကာ အမိန့်

ပေးလိုက်သည်။

“ထကြစမ်း”

တစ်ခဏအတွင်းမှာပင်...

လေဟာနယ်အတွင်း၌ မရေတွက်နိုင်သော အရိပ်မည်းလှိုင်းလုံးကြီးများ စုစည်းလာပြီး အရိပ်ဓားရှည်ပေါင်း မြောက်မြားစွာအသွင်သို့ ပြောင်းလဲသွားတော့သည်။

နောက်တစ်ခဏတွင်မူ...

ထိုဓားရှည်များသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားစေလျက် အရပ်မျက်နှာအနှံ့မှ ရင်းရွှမ်းရွှမ်းထံသို့ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ကြတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်းရွှမ်းရွှမ်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။ အကယ်၍ သူမအနေဖြင့် ဤတိုက်ကွက်ကို ခုခံနိုင်ဦးမည်ဆိုလျှင်တောင် ဤအတိုင်း ဆက်သွားနေပါက သူမနှင့် ချန်ကျီရှင်းတို့ နှစ်ဦးစလုံး အင်အားကုန်ခမ်းကာ ဤနေရာ၌ပင် အသက်ပျောက်ကြရပေလိမ့်မည်။

“ကျီရှင်း... ဒီမှာပဲ နေခဲ့နော် ဖေဖေ့ကို စောင့်နေ... လျှောက်မပြေးနဲ့ဦး”

ရင်းရွှမ်းရွှမ်းသည် သူမ၏ ညာဘက်လက်ဖြင့် အသာအယာ ဝှေ့ယမ်းကာ နူးညံ့လှသော စွမ်းအင်တစ်ခုကို အသုံးပြလျက် ချန်ကျီရှင်းကို အဝေးတစ်နေရာရှိ လုံခြုံသော မြေကွက်လပ်တစ်ခုပေါ်သို့ ပို့ဆောင်ပေးလိုက်သည်။

ထို့နောက် သူမ၏ မျက်ဝန်းအစုံတွင် အေးစက်လှသော ပြတ်သားမှုများ ထင်ဟပ်လာပြီး ရှေ့သို့ တစ်လှမ်းတိုးကာ အနက်ရောင်ဝတ်ရုံဝတ်လူထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

“နင့်ကို အရင်ဆုံး အပြတ်ရှင်းရမယ်”

ဝုန်း…

တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲပြင်းထန်သွားတော့သည်။ ချန်ကျီရှင်းကို ကာကွယ်ပေးထားရသည့် အနှောင်အဖွဲ့များ မရှိတော့သည့်နောက်တွင် ရင်းရွှမ်းရွှမ်းသည် သူမ၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ခဲ့ပြီး ချက်ချင်းပင် အသာစီး ရရှိလာခဲ့သည်။

...

...

လူအုပ်ကြီးအတွင်း၌ ကြမ်းတမ်းသော လင်နင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး လူအုပ်ကြားတွင် ရောနှောနေသော လူငယ်နှစ်ဦးသည် အဝေးမှ ချန်ကျီရှင်းကို စိတ်လှုပ်ရှားတုန်လှုပ်စွာဖြင့် စောင့်ကြည့်နေကြသည်။

ဤနှစ်ဦးမှာ လင်အန်းမြို့မှ နာမည်ကြီး လူမိုက်ကလေးများဖြစ်ကြသည့် ဝမ်တနှင့် လီအာတို့ပင် ဖြစ်ကြသည်။ မနေ့ကတင် လူတစ်ယောက်က သူတို့ထံသို့ ချဉ်းကပ်လာပြီး ကလေးတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ရန်အတွက် ရွှေစင်တုံး တစ်ထောင် ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ တစ်သက်နှင့်တစ်ကိုယ် ရွှေတစ်တုံးပင် မမြင်ဖူးခဲ့ကြသော သူတို့သည် ထိုအလုပ်ကို ဝမ်းသာအားရ လက်ခံခဲ့ကြခြင်းပင်။

“ဝမ်တ... ဟို... ဟိုကလေးပဲ မဟုတ်လား”

လီအာက တံတွေးကို အကြိမ်ကြိမ် မျိုချရင်း ကြောက်လန့်တကြား မေးမြန်းလိုက်သည်။

“အဲဒီကလေးရဲ့ မိဘတွေက သာမန်လူတွေ မဟုတ်ဘူးနော်။ အကယ်၍ ငါတို့သာ...”

ဖြောင်း…

ဝမ်တက လီအာ၏ ခေါင်းကို ရိုက်ချလိုက်ပြီး အော်လိုက်သည်။

“အသုံးမကျတဲ့ကောင် ကလေးရဲ့ မိဘတွေ သန်မာတော့ ဘာဖြစ်လဲ ရွှေတစ်ထောင်ဆိုတာ ငါတို့ လင်အန်းမြို့ကနေ ထွက်သွားပြီး တစ်သက်လုံး ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ လုံလောက်တယ်ကွ”

သူသည် ခေတ္တရပ်နားလိုက်ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လျက် “ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ဖို့ အရိုးပေါင်း ထောင်သောင်းမက ကျော်ဖြတ်ရတယ် ဆိုတဲ့ စကားကို မကြားဖူးဘူးလား အသက်ရှင်ခြင်းနဲ့ သေခြင်းက ကံတရားအပေါ်မှာပဲ မူတည်တယ်။ ချမ်းသာကြွယ်ဝခြင်းကတော့ ကောင်းကင်ဘုံအပေါ်မှာပဲ မူတည်တယ်ကွ။ ဒီလောက်ကလေးမှ စွန့်စားချင်စိတ် မရှိဘဲနဲ့ မင်း ဒီလောကကြီးမှာ ဘယ်လို အသက်ရှင်မှာလဲ”

ထိုသို့ပြောပြီးနောက် ဝမ်တသည် လီအာကို ဂရုမစိုက်တော့ဘဲ အရောင်တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ချန်ကျီရှင်းထံသို့ လျှောက်လှမ်းသွားတော့သည်။ လီအာ၏ မျက်နှာတွင် ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ရှိနေသော်လည်း နောက်ဆုံးတွင် အံကို ကြိတ်ကာ နောက်မှ လိုက်ပါသွားတော့သည်။

ဝမ်တသည် သူ၏လက်တစ်ကမ်းအကွာတွင် ဘာမှမသိနားမလည်ဟန်ဖြင့် ရှိနေသော ချန်ကျီရှင်းကို စိုက်ကြည့်နေရင်း ရင်ခုန်သံများ မြန်လာကာ ပါးစပ်များ ခြောက်ကပ်လာတော့သည်။

ရွှေစင်တုံး တစ်ထောင်…

ရွှေစင်တုံး တစ်ထောင်ကွ…

နောက်တစ်ခဏတွင်မူ...

“မိပြီဟေ့”

ဝမ်တသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ချန်ကျီရှင်းကို ဆွဲပွေ့ကာ အနီးနားရှိ လမ်းကြားတစ်ခုအတွင်းသို့ အပြေးဝင်သွားတော့သည်။ လီအာသည်လည်း ဝမ်းသာအားရဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

“ဟားဟားဟား... ရွှေတစ်ထောင်တော့ ငါ့လက်ထဲ ရောက်ပြီ”

လမ်းကြား၏ အဆုံးသို့ ရောက်သောအခါမှ ဝမ်တသည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူသည် သူ၏ရင်ခွင်ထဲရှိ ကလေးငယ်ကို ငုံ့ကြည့်လိုက်ရာ မျက်ဝန်းများအတွင်း ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

“ကလေးလေး... ငါ့ကို အပြစ်မတင်ပါနဲ့ မင်းရဲ့ ကံကြမ္မာကိုပဲ အပြစ်တင်လိုက်တော့”

ထိုသို့ပြောဆိုပြီးနောက် ဝမ်တ၏လက်ထဲတွင် ဓားမြှောင်တစ်စင်း ပေါ်ထွက်လာသည်။ သို့သော် သူသည် သတ်ဖြတ်ခြင်းအလုပ်ကို ရက်ရက်စက်စက် အဆုံးသတ်ရန် ပြင်လိုက်စဉ်မှာပင်

“ငါကတော့ အပြစ်ကင်းစင်တဲ့ ကလေးဘဝလေးကိုပဲ ပိုင်ဆိုင်ချင်တာပါ။ မင်းတို့က ဘာလို့ ငါ့ကို အတင်းအကျပ် တွန်းပို့နေကြတာလဲ...”

နက်ရှိုင်းပြီး တိုးညင်းလှသော သက်ပြင်းချသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝမ်တသည် အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို ဝေခွဲမရစွာဖြင့် ဝေ့ဝဲကြည့်လိုက်မိသည်။ လမ်းကြားလေးအတွင်း၌ သူနှင့် လီအာမှလွဲ၍ မည်သူမျှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

သူသည် တစ်စုံတစ်ခုကို ရိပ်စားမိသွားသကဲ့သို့ မယုံကြည်နိုင်ဟန်ဖြင့် အောက်သို့ ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်မိသည်။ သူ၏ရင်ခွင်ထဲရှိ ကလေးငယ်၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်ပြီး ဆိုးနွဲ့သော အမူအရာများမှာ မည်သည့်အချိန်က ပျောက်ကွယ်သွားသည်မသိပေ။

နောက်တစ်ခဏတွင်မူ...

ချန်ကျီရှင်းသည် သူ၏လက်ကလေးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဝမ်တ၏ ဦးခေါင်းဆီသို့ လှမ်းကိုင်လိုက်သည်ကို မြင်လိုက်ရသည်။

“မင်းက ငါ့ကို နာကျင်အောင် လုပ်နိုင်မယ် ထင်လို့လား...”

ဝမ်တသည် မရည်ရွယ်ဘဲ ပြုံးလိုက်မိပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင်…

ဝုန်း….

ပူဖောင်းတစ်ခု ပေါက်ကွဲသွားသကဲ့သို့ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်တ၏ ဦးခေါင်းတစ်ခုလုံးမှာ လေးလံလှသော တူကြီးဖြင့် ထုရိုက်ခံလိုက်ရသည့် ဖရဲသီးတစ်လုံးအလား အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားတော့သည်။

သွေးစများ၊ ဦးနှောက်အစိတ်အပိုင်းများ၊ ဦးခေါင်းခွံအပိုင်းအစများ၊ မျက်လုံးများနှင့် သွားများမှာ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်

လပြည့်ဝန်းအောက် လမ်းကြားလေး၏ အဆုံးတွင်...

အသက်လအနည်းငယ်သာ ရှိသေးသော ကလေးငယ်တစ်ဦးသည် သွေးအိုင်အတွင်းမှ တည်ငြိမ်အေးစက်စွာဖြင့် ထရပ်လိုက်သည်။ လီအာမှာမူ ထိုကလေးကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်ရီနေပြီး ရေခဲတွင်းထဲသို့ ကျသွားသကဲ့သို့ အေးစိမ့်လှသော အကြောက်တရားများ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

All Chapters