← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း။ ၁

“သမားတော်ကြီး... လာကြည့်ပေးပါဦးဗျာ။ ကျွန်တော့်ဇနီးက နေ့တိုင်းလိုလို အော့အန်နေလို့ပါ။ အထူးသဖြင့် ကျွန်တော့်ကို မြင်လိုက်ရင် ပိုပြီးတော့တောင် ဆိုးလာသလိုပဲ။ ဒါ ဘယ်လိုဖြစ်တာလဲဗျာ”

“သခင်လေးချန်... ခင်ဗျားဇနီးမှာ ကိုယ်ဝန်ရှိနေပြီဗျ”

“တကယ်ကြီးလား... ဆရာ”

“တကယ်ပေါ့ဗျ”

“ဟဲဟဲ... ငါ... ချန်ထျန်းလျန်တစ်ယောက်တော့ နောက်ဆုံးတော့ အမွေဆက်ခံမယ့်သူ ရပြီဟေ့”

...

ချန်ကျီ၏ နားထဲတွင် စကားပြောသံများက ခပ်သဲ့သဲ့မှ တဖြည်းဖြည်း ပျောက်ကွယ်သွားလိုက်၊ ပြန်ကြားလာလိုက်နှင့် ဝေဝေဝါးဝါး ဖြစ်နေသည်။

သူသည် အိပ်မရဘဲ မိုးလင်းပေါက် တဟဲဟဲနှင့် တဟားဟား ရယ်မောနေသည့် အရှက်မရှိသော လူတစ်ယောက်ကို ကြည့်ရှုရန် အိပ်ရာကုတင်ပေါ်မှ စောင်ကို တွန်းဖယ်လိုက်ချင်သော်လည်း တစ်ကိုယ်လုံးက လေးလံထိုင်းမှိုင်းနေသည်။

သူ အားယူကာ တွန်းကြည့်သော်လည်း လုံးဝ မရွေ့လျားပေ။ တစ်ခုခုက ပျော့စိစိနှင့် သူ့ကို ဖိကပ်ထားသကဲ့သို့ ခံစားနေရသည်။

ချန်ကျီ မျက်မှောင်ကြုတ်သွားမိသည်။ သူ၏ ကံကြမ္မာကို မယုံကြည်နိုင်သည့်အလား အားကုန်သုံးကာ တစ်ချက် ကန်လိုက်မိသည်။

“အား... ဒီလူဆိုးလေးက ငါ့ကို ကန်လိုက်ပြန်ပြီ”

နာကျင်မှုကြောင့် ငိုသံစွက်နေသော အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံက ချန်ကျီ၏ နားစည်ဘေးတွင် ကပ်လျက် ထွက်ပေါ်လာသည်။

မကြာမီမှာပင် ထိုဟဲဟဲဆိုသော ရယ်သံကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။

“ဟဲဟဲ... ငါ့ရဲ့ သွေးသားဆိုတော့လည်း ထုံးစံအတိုင်းပဲဟေ့။ အမိဝမ်းထဲမှာတင် လူကို ကန်နေပြီလား။ ကဲ... ကဲ... အားလုံး အပြင်ထွက်ကြစို့။ ငါ့ကလေး အနားယူတာကို မနှောင့်ယှက်ကြနဲ့တော့”

ခြေသံသဲ့သဲ့များနှင့်အတူ တံခါးပိတ်လိုက်သည့် ကျွီ ဆိုသော အသံသည်လည်း ထွက်ပေါ်လာခဲ့သည်။

ချန်ကျီ၏ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

ကလေး... အမိဝမ်းထဲမှာ...

ချန်ကျီ ဆွံ့အသွားပြီး သူ့ပါးစပ်က အလိုအလျောက် ပွင့်အာသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက သူ့ဦးနှောက်ထဲတွင် တဖြည်းဖြည်း မြစ်ဖျားခံလာသည်။

ရှူး...

ဒါ... ဒါက ဖြစ်နိုင်ပါ့မလား...

ငါ... တခြားကမ္ဘာကို ကူးပြောင်းပြီး အမိဝမ်းထဲ ရောက်နေတာလား ဒါမှမဟုတ်... အမိဝမ်းထဲမှာတင် ပြန်လည်မွေးဖွားလာတာလား…

ခဏအကြာမှာတင် ချန်ကျီအတွက် အဖြေက ပေါ်ထွက်လာခဲ့သည်။

နူးညံ့သိမ်မွေ့သော လက်တစ်စုံက သူခိုအောင်းရာ အိမ်ဂေဟာလေးကို အသာအယာ ပွတ်သပ်ရင်း ချိုသာသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။

“လူဆိုးလေး... မေမေကတော့ သားလေး ကျန်းကျန်းမာမာနဲ့ ဘေးကင်းကင်း မွေးဖွားလာဖို့ပဲ ဆုတောင်းပါတယ်။ သားရဲ့ ကျင့်ကြံခြင်း ပါရမီတွေ၊ ငါတို့ ထာဝရရှင်သန်ခြင်း မိသားစုကို ပြန်လည် ဦးမော့လာအောင် လုပ်နိုင်မလား ဆိုတာတွေက မေမေ့အတွက်တော့ အရေးမကြီးပါဘူးကွယ်”

ချန်ကျီသည် ထိုစကားစုထဲမှ အဓိကကျသော စကားလုံးများကို ချက်ချင်းပင် ဖမ်းဆုပ်မိလိုက်သည်။

ကျင့်ကြံခြင်း ပါရမီ...

ထာဝရရှင်သန်ခြင်း မိသားစု...

ဟုတ်ပြီ... ဒါကတော့ ကျိန်းသေပေါက် တခြားကမ္ဘာကို ကူးပြောင်းရောက်ရှိလာတာပဲ။

ဒါတင်မကသေးဘူး... ဒါက ကျင့်ကြံအားထုတ်လို့ရတဲ့ စိတ်ကူးယဉ် ကမ္ဘာကြီးလား။

ချန်ကျီ၏ စိတ်အစုံက ချက်ချင်းပင် လင်းလက်တောက်ပသွားသည်။

အရင်ဘဝက အွန်လိုင်းဝတ္ထုတွေကို အရူးအမူး ဖတ်ခဲ့သူတစ်ယောက်အနေနဲ့ ထာဝရရှင်သန်

ခြင်းကို ရှာဖွေပြီး ကျင့်ကြံအားထုတ်ချင်တဲ့ အိပ်မက်က ဘယ်သူ့မှာ မရှိဘဲ နေပါ့မလဲ။

ပြီးတော့ နားထောင်ကြည့်ပါဦး... ထာဝရရှင်သန်ခြင်း မိသားစုတဲ့..

ဒီနာမည်ကို ကြားလိုက်ရုံနဲ့တင် ငါ့ရဲ့ ဇာတ်မြစ်က သာမန်တော့ မဟုတ်နိုင်ဘူးဆိုတာ သိသာနေပြီ။

သို့သော်လည်း ချန်ကျီတစ်ယောက် ထိုဝမ်းမြောက်မှုအရသာကို အပြည့်အဝ မခံစားရသေးခင်မှာပင်...

တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး စေ့ပိတ်ထားသော ပါးစပ်က တဖြည်းဖြည်း ပြန်ပွင့်အာလာကာ ကျောရိုးထဲအထိ စိမ့်တက်သွားသော အေးစက်စက် အာရုံတစ်ခုကို ခံစားလိုက်ရသည်။

နေပါဦး... ခဏလေး

ထာဝရရှင်သန်ခြင်း ချန်မိသားစု...

ပြီးတော့ ဟဲဟဲနဲ့ ရယ်တတ်တဲ့ သခင်လေးချန်…. ချန်ထျန်းလျန်...

အမလေး... သွားပါပြီ

ဒါက မဟာကျင့်ကြံခြင်းဆိုတဲ့ ဂိမ်းထဲက ဗီလိန်မိသားစု မဟုတ်ဘူးလား။

ထိုကျင့်ကြံခြင်းဂိမ်းကို ချန်ကျီ အရင်ဘဝတုန်းက ဆယ်ကြိမ်မက ဆော့ခဲ့ဖူးတာကြောင့် ဇာတ်ကောင်များနှင့် ဇာတ်လမ်းအသွားအလာကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသူ ဖြစ်သည်။

အဲဒီအထဲမှာမှ ချန်ထျန်းလျန်ရဲ့သား ချန်ကျီရှင်းဆိုတာက ဂိမ်းရဲ့ အစောပိုင်းကာလမှာ အဓိကကျတဲ့ ဗီလိန်တစ်ယောက်ပဲ။

ငါ ဒီဇာတ်ကောင် အကြောင်းကို ကောင်းကောင်းကြီး မှတ်မိတာပေါ့။

ဒီဇာတ်ကောင်က ဂိမ်းအစမှာတင် အဓိကဇာတ်လိုက်ကို မနာလိုဖြစ်ပြီး ရန်စခဲ့တာကြောင့် ဇာတ်လိုက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရရုံတင်မကဘူး။ သူပိုင်ဆိုင်တဲ့ ရတနာတွေကိုပါ အလုခံလိုက်ရပြီး ဇာတ်လိုက်ကြီး ပိုမိုအင်အားတောင့်တင်းလာအောင် ပံ့ပိုးပေးလိုက်ရတဲ့ ကောင်လေ။

ဒါက မဟာကျင့်ကြံခြင်းဂိမ်းရဲ့ အဓိက ဇာတ်လမ်းအစပဲ မဟုတ်ဘူးလား။

နောက်ပိုင်း ဇာတ်ကွက်တွေဆိုတာကတော့ ရိုးအီနေတဲ့ ပုံစံအတိုင်းပဲ။ ချန်မိသားစုက ဇာတ်လိုက်နောက်ကို တကောက်ကောက် လိုက်လံလုပ်ကြံရင်းနဲ့ အရှုံးပေး၊ လက်ဆောင်ပေးသလိုမျိုး တစ်ယောက်ပြီးတစ်ယောက် သေတွင်းထဲ ဆင်းကြရတာလေ။

ဒါက... သေနတ်လည်းမရှိ အမြောက်လည်းမရှိပေမယ့် ရန်သူက ငါတို့အတွက် ဖန်တီးပေးတယ် ဆိုတဲ့ သီချင်းစာသားနဲ့ ကွက်တိပဲ။

ဇာတ်သိမ်းပိုင်းမှာတော့ ဇာတ်လိုက်က အရှိန်အဟုန်နဲ့ အင်အားကြီးမားလာပြီး လမ်းခရီးမှာ မိန်းမလှလေးတွေကို သိမ်းပိုက်…

ချန်မိသားစုရဲ့ ခံတပ်ကြီးကို အမြစ်ပြတ် တိုက်ခိုက်ဖျက်ဆီးပြီး ဇာတ်သိမ်းသွားတာမျိုးပေါ့။

“ဂိမ်းထဲမှာ ချန်ထျန်းလျန်က သားတစ်ယောက်ပဲ ရှိတာဆိုတော့... ဒါဆိုရင်...”

“ဇာတ်လမ်းအစမှာတင် အသတ်ခံရမယ့် ကံဆိုးမိုးမှောင်ကျတဲ့ အားဖြည့်ဇာတ်ကောင် အမြောက်စာလေးက... ငါပေါ့လေ”

ချန်ကျီ၏ ခေါင်းတစ်ခုလုံး မူးနောက်သွားရသည်။

အရင်က ငါဒီဂိမ်းကို ဆော့တုန်းကတော့ ငါက ဇာတ်လိုက်နေရာကနေ ခံစားပြီး ဆော့ခဲ့တာမို့ တကယ့်ကို အရသာရှိတာ။

ဒါပေမဲ့ အခုတော့ ငါကိုယ်တိုင်က အဲဒီကံဆိုးလှတဲ့ ဗီလိန်အမြောက်စာ နေရာကို ရောက်သွားပြီဆိုတော့... ဒီခံစားချက်ကို ဘယ်သူကများ နားလည်ပေးနိုင်မှာလဲ။

မိသားစုဝင်တို့ရယ်... ကိုယ်ချင်းစာကြည့်ကြပါဦး။

...

“ငါ ဘာလုပ်ရမလဲ...”

ချန်ကျီသည် ဒီအခြေအနေကနေ ရုန်းထွက်နိုင်မည့် နည်းလမ်းကို အသည်းအသန် စဉ်းစားတော့သည်။

ဇာတ်လမ်းအရ ဇာတ်လိုက်ကို သွားရောက်ရန်စရမယ့် အချိန်ရောက်ရင် ငါကပဲ လက်နက်ချပြီး မရန်စဘဲ နေလိုက်ရမလား။

သို့သော် မကြာမီမှာပင် ချန်ကျီ ခေါင်းခါယမ်းလိုက်မိသည်။

မဖြစ်နိုင်ဘူး။

မဟာကျင့်ကြံခြင်းဂိမ်းမှာ အဓိက ဇာတ်လမ်းကြောင်းကိုးခုရှိပြီး တစ်ခုချင်းစီမှာ မတူညီတဲ့ ဇာတ်သိမ်းတွေ ရှိပြီးသား…

ဒါပေမဲ့ ဇာတ်လမ်းကြောင်းတိုင်းရဲ့ အစကတော့ အတူတူပဲ။ အဲဒါကတော့ ဇာတ်လိုက်က ချန်ကျီရှင်းကို သတ်ပြီး ဇာတ်လမ်းစတာပြ။

အချို့ ဇာတ်သိမ်းတွေမှာ ချန်မိသားစုနဲ့ ဇာတ်လိုက်တို့ ပြန်လည်သင့်မြတ်သွားတာမျိုး ရှိပေမယ့် ဘယ်ဇာတ်လမ်းကြောင်းမှာမှ ချန်ကျီရှင်း အသက်ရှင်ကျန်ရစ်တာမျိုး မရှိဘူး။

ရိုးရိုးလေးပြောရရင်...

ချန်မိသားစုကတော့ အသက်ရှင်နိုင်ရင် ရှင်လိမ့်မယ်။ ဒါပေမဲ့ ချန်ကျီရှင်းကတော့ ဇာတ်

စင်ပေါ်ကနေ ကျိန်းသေပေါက် ဖယ်ရှားခံရမှာပဲ။

“ဒါကတော့ တကယ့်ကို အဓိပ္ပာယ်မရှိလွန်းရာကနေ အခြေအမြစ်မရှိတဲ့အထိ ဆိုးဝါးလွန်းနေပြီပဲ”

ချန်ကျီသည် သူ၏ လက်သေးသေးလေးကို ဆန့်ထုတ်ကာ ရှေ့တွင် ယိမ်းထိုးနေသော ချက်ကြိုးကို ဖယ်ရှားလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် နဖူးကို ဖိထားမိသည်။

“ဒါဆိုရင် ငါ အပြင်းအထန် ကျင့်ကြံပြီး အင်အားကြီးအောင် လုပ်ရမလား။ ဇာတ်လိုက်နဲ့ တွေ့တဲ့အခါ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သူ့ထက် အပြတ်အသတ် သာလွန်နေရင် သူ့ကို ချက်ချင်း နှိမ်နင်းလို့ ရတာပဲ မဟုတ်လား”

ချန်ကျီသည် ပထမအစီအစဉ်က အလုပ်မဖြစ်သည့်အတွက် ဒုတိယအစီအစဉ်ကို စတင် စဉ်းစားကြည့်သည်။

သို့သော် တစ်ဝက်လောက် ရောက်ချိန်မှာပင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းပြန်ခါလိုက်မိပြန်သည်။

ဂိမ်းထဲမှာ ချန်ကျီရှင်းဆိုတာက ကျင့်ကြံခြင်းမှာ ပါရမီ လုံးဝမပါတဲ့ ညံ့ဖျင်းသူ တစ်ယောက်လေ။

ကျင့်ကြံအားထုတ်မှုနဲ့ ပတ်သက်လာရင် ဘာကိုမှ နားမလည်ပဲ နွားရှေ့ တူရိယာတီးသလိုမျိုး တုံးနေတာလေ။

ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ ပျော်ပါးဖို့နဲ့ အပျော်အပါး လိုက်စားဖို့ ဆိုရင်တော့ သူက ဆရာတစ်ဆူ ဖြစ်နေပြန်ရော…

အပျော်အပါး လိုက်စားသည့် အတတ်ပညာတွင်မူ ဆရာမလိုဘဲ အလိုအလျောက် တတ်မြောက်ရုံတင်မက အချိန်ကြာလာသည်နှင့်အမျှ ထိုပညာရပ်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေသူလည်း ဖြစ်သည်။

အရင်ဘဝက ဂိမ်းကစားသူ အတော်များများကပင် ချန်ကျီရှင်းသာ လူမဖြစ်ခဲ့ရင် အပျော်အပါး လောကကြီးက ထာဝရ အမှောင်ဖုံးနေတော့မှာပဲဟု နောက်ပြောင်ကာ ပြောဆိုခဲ့ကြဖူးသည်။

“တခြားကမ္ဘာကို ကူးပြောင်းလာတာက ထားပါဦး... ဘာလို့ ဒီလို ဇာတ်ကောင်မျိုး ဖြစ်နေရတာလဲ...”

ချန်ကျီတစ်ယောက် အားလျော့စွာဖြင့် လက်ကလေးနှစ်ဖက်ကို ချလိုက်မိသည်။

ဒီကောင့်ရဲ့ ဇာတ်အိမ်ကို စကားလုံးတစ်လုံးတည်းနဲ့ အနှစ်ချုပ်ရမယ်ဆိုရင်တော့ ဇာတ်လိုက်

အတွက် အတွေ့အကြုံပေးရမယ့်သူပေါ့။

ချန်ကျီတစ်ယောက် စိုးရိမ်ပူပန်နေစဉ်မှာပင် သူခိုအောင်းနေသည့် အိမ်ဂေဟာလေး တစ်ခုလုံး တင်းကျပ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက်တွင်တော့ သူ့မိခင်၏ တိုးတိုးလေး ရွတ်ဆိုနေသော အသံကို ကြားလိုက်ရ၏။

“ခြေလှမ်းကိုးသွယ် နက္ခတ်တာရာ၊ အမိန့်တော်နှင့် မျက်ဝန်းပညာ၊ တာအို၏ အနှစ်သာရ၊ မူလသဘောတရား...”

“မူလအစကို ပွေ့ပိုက်ကာ တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်း၊ စစ်မှန်သော နှလုံးသားကို သိမြင်နားလည်...”

“ကောင်းကင်နှင့် မြေကြီး၏ စစ်မှန်သော စွမ်းအင်များကို စုပ်ယူကာ မူလအစဦး စွမ်းအင်အဖြစ် ပြောင်းလဲခြင်း...”

...

“ဒါက ချန်မိသားစုရဲ့ ထာဝရရှင်သန်ခြင်း နည်းလမ်း မူလအစဦး ကျမ်းစာအုပ်လား”

ချန်ကျီ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

မူလအစဦး ကျမ်းစာအုပ်ဆိုသည်မှာ တစ်ဂိမ်းလုံးတွင် လက်ချိုးရေတွက်လို့ရသော ထာဝရရှင်သန်ခြင်း နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး ၎င်းကို ကျင့်ကြံပါက မူလစစ်မှန်သော အားအင် ကို ရရှိနိုင်ကာ ထိုအဆင့်တူ ကျင့်ကြံသူများထဲတွင် အစွမ်းအထက်ဆုံး ဖြစ်လာစေသည်။

ဂိမ်းထဲက ဇာတ်လိုက်ဆိုလျှင် ဤကျမ်းစာကို ကျင့်ကြံပြီးနောက် အဆင့်တူသူများထဲတွင် ပြိုင်ဘက်ကင်း ဖြစ်သွားရုံတင်မက အထက်ဘုံအထိပင် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။

ဒါပေမဲ့...

ကံဆိုးလှတဲ့ အတွေ့အကြုံပေး ဇာတ်ကောင် ချန်ကျီရှင်းမှာတော့ ဒီကျမ်းစာကို နားလည်သဘောပေါက်နိုင်စွမ်း သိသိသာသာကို ချို့တဲ့နေခဲ့သည်။

“သူ့မှာမှ မရှိတာ... ငါ့မှာလည်း ဘယ်ရှိပါ့မလဲ”

ချန်ကျီတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး ဆက်လက် ရုန်းကန်မနေတော့ပေ။

ငါ အရှုံးပေးလိုက်ပြီ

ပန်းတိုင်ရောက်မှ ရှုံးနိမ့်မယ့်အစား အစကတည်းက လက်လျှော့လိုက်တာကမှ ခရီးပန်းတာ သက်သာဦးမယ်။

[တင် သင့်အတွက် အမြင့်ဆုံးအဆင့် ပါရမီကို ကျပန်း ရွေးချယ်ပေးနေပါသည်]

[တင် သင်သည် ကောင်းကင်ဘုံကို ဆန့်ကျင်သော အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်မှုကို ရရှိသွားပါပြီ]

ရုတ်တရက် အေးစက်စက် အသိပေးသံတစ်ခု ထွက်ပေါ်လာသည်။

ချန်ကျီ၏ စိတ်ဓာတ်များ ချက်ချင်းပင် နိုးကြားတက်ကြွသွားရ၏။

သူ့ရင်ထဲမှာ ဝမ်းသာအားရ ခံစားချက်တွေ မပေါ်လွင်လာခင်မှာပင်

[သင်သည် မူလအစဦး ကျမ်းစာ အပြည့်အစုံကို နားထောင်ပြီးသွားသည့်အတွက် ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့် ပိုမိုမြင့်မားသော အဆင့်ရှိသည့် သဘာဝအတိုင်း မူလအစဦး တာအိုကျမ်းကို အလိုအလျောက် ဆင့်ပွားရရှိသွားပါပြီ]

[သဘာဝအတိုင်း မူလအစဦး တာအိုကျမ်း : သန္ဓေသားဘဝတွင် ကျင့်ကြံခြင်းဖြင့် အရိုးတည်ဆောက်ပုံကို မြှင့်တင်ပေးကာ မွေးရာပါ ချို့ယွင်းချက်များကို ပြန်လည်ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို လှည့်ပတ်နိုင်သည့် သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာကို ရရှိစေပါမည်]

“သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာ...”

ချန်ကျီ ခေတ္တမျှ ကြောင်အသွားပြီးနောက် သူ့နှလုံးသားထဲမှာ တဖြည်းဖြည်းနှင့် ပြုံးပျော်လာတော့သည်။

ဒါကို ဘာလို့ ခေါ်မလဲ။

ဒါကို အရှုံးပေးလိုက်တဲ့အခါမှ အရာအားလုံးက ကွက်တိဖြစ်သွားတယ် ဆိုတဲ့ စကြဝဠာရဲ့ နိယာမလို့ ခေါ်တာလား။

အခန်း။ ၂

ထို့နောက်တွင်တော့ ချန်ကျီသည် သဘာဝအတိုင်း မူလအစဦး တာအိုကျမ်းကို စတင်လေ့လာကာ စနစ်တကျ ကျင့်ကြံအားထုတ်လေတော့သည်။

သူသည် ကျင့်စဉ်ကို ပထမဆုံးတစ်ကျော့အောင်မြင်စွာ လှည့်ပတ်ပြီးရုံရှိသေး နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုကြီးက သူ့ထံသို့ လှိုင်းလုံးကြီးနှယ် အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။

“သန္ဓေသားဘဝရဲ့ ဝိညာဉ်စွမ်းအားက အားနည်းလွန်းသေးတာပဲ...”

ချန်ကျီတစ်ယောက် စိတ်ထဲကနေ သက်ပြင်းသာ ခိုးချလိုက်မိပြီး မကြာမီမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

...

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လတာ အချိန်ကာလက ကုန်လွန်သွားခဲ့သည်။

ဤတစ်လအတွင်းတွင် ချန်ကျီသည် အချိန်အတော်များများကို အိပ်စက်ရင်းဖြင့်သာ ကုန်လွန်စေခဲ့သည်။ ရံဖန်ရံခါ နိုးကြားလာသည့် အချိန်များတွင်မူ သဘာဝအတိုင်း မူလအစဦး တာအိုကျမ်းကို မနားမနေ ကျင့်ကြံအားထုတ်ခဲ့သည်။

အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်မှု ပါရမီကြောင့် ချန်ကျီ၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး နေ့စဉ်နှင့်အမျှ သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ဤခန္ဓာကိုယ်၏ မွေးရာပါ ချို့ယွင်းချက်များက တဖြည်းဖြည်းနှင့် ပြန်လည်ပြည့်စုံ ကောင်းမွန်လာသည်ကို သူကိုယ်တိုင် အထင်အရှား ခံစားနေရသည်။

မူလက ပိတ်ဆို့နေခဲ့သော ဝိညာဉ်ကြောများသည် ကျင့်ကြံခြင်း၏ အစွမ်းကြောင့် တစ်ခုပြီးတစ်ခု အလိုအလျောက် ပွင့်သွားကြပြီး သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာအဖြစ်သို့ ဦးတည်၍ ပြောင်းလဲလာခဲ့သည်။

ဤဝိညာဉ်ကြောများ ပိတ်ဆို့နေမှုသည် နောင်အနာဂတ် ကျင့်ကြံခြင်း အရှိန်အဟုန်ကို ဆုံးဖြတ်ပေးခြင်းပင်။ ပိတ်ဆို့မှု များလေလေ ကျင့်ကြံရာတွင် နှေးကွေးလေလေ ဖြစ်၏။

ဂိမ်းထဲတွင် ကံဆိုးလှသော ဗီလိန်ချန်ကျီရှင်း၏ ကျင့်ကြံခြင်းအရှိန် နှေးကွေးလွန်းလှသဖြင့် နောက်ဆုံးတွင် ကျင့်ကြံမှုကို လုံးဝလက်လျှော့လိုက်ရခြင်းမှာလည်း ဤဝိညာဉ်ကြောများ အဆမတန် ပိတ်ဆို့နေခြင်းကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။

“ပိတ်ဆို့နေတဲ့ ဝိညာဉ်ကြော ထက်ဝက်လောက်တော့ ပွင့်သွားပြီပဲ။ နောက်ထပ် သုံးလလောက်ဆိုရင်တော့ အားလုံးကို ဖွင့်နိုင်ပြီး စစ်မှန်တဲ့ သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာ ကို ရရှိတော့မှာပါ”

ချန်ကျီသည် စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

ဤတစ်လအတွင်း သူသည် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်နိုင်ခဲ့ရုံတင်မက သဘာဝအတိုင်း မူလအစဦး တာအိုကျမ်းကို ကျင့်ကြံခြင်းကြောင့် ဝိညာဉ်စွမ်းအားမှာလည်း သိသိသာသာ မြင့်မားလာခဲ့သည်။

ယခင်က တစ်နေ့တာ ၂၄ နာရီတွင် ၂၃ နာရီခန့် အိပ်စက်နေခဲ့ရသော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားခဲ့သည်။ သူသည် တစ်နေ့လျှင် အနည်းဆုံး သုံးနာရီခန့်အထိ နိုးကြားနေနိုင်

စွမ်း ရှိလာခဲ့သည်။

“ဆက်ပြီး ကျင့်ကြံရဦးမယ်...”

ချန်ကျီသည် စိတ်ကို တည်ငြိမ်စွာထားကာ ကျင့်ကြံခြင်းလောကထဲသို့ တစ်ဖန် ပြန်လည်နှစ်မြှုပ်လိုက်တော့သည်။

ကံဆိုးမိုးမှောင်ကျမည့် ဗီလိန်ဇာတ်ကောင်ဖြစ်သည့်အားလျော်စွာ သူသည် ရရှိသည့်အချိန်တိုင်းကို အမိအရ ဆုပ်ကိုင်ထားရမည်ပင်။

အတိအကျပင် ထိုအချိန်၌...

“မိန်းမ... ကိုယ်တို့လေ... အဲဒါ မလုပ်ဖြစ်တာ တော်တော်ကြာပြီနော်”

“ အဲဒါ ဆိုတာ ဘယ်အဲဒါလဲရှင့်”

“ဟိုဟာလေကွာ...”

“ဒါက... သိပ်တော့ မသင့်တော်ဘူးထင်တယ်”

“ဘာလို့ မသင့်တော်ရမှာလဲ။ ကိုယ် သမားတော်ကို မေးကြည့်ပြီးပြီ။ တစ်လကျော်လို့ ကလေးလေး အထဲမှာ တည်ငြိမ်သွားပြီဆိုရင် ဘာမှမဖြစ်ဘူးတဲ့”

“ဒါဆိုလည်း... ယောကျာ်း သဘောပါပဲရှင်”

ရုတ်တရက်ဆိုသလို ချန်ကျီ၏ နားထဲသို့ ထိုစကားပြောသံများက တိုးဝင်လာခဲ့သည်။

ချန်ကျီ၏ ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်တစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

မယုံနိုင်စရာပဲ မင်းတို့က ငါ့ရဲ့ ခွင့်ပြုချက်မပါဘဲ ငါ့ရဲ့ သီးသန့်စံအိမ်ထဲကို ကျူးကျော်ဝင်

ရောက်ဖို့ ကြံစည်နေတာလား။

ကြမ်းတမ်းသော လက်တစ်စုံက နီးကပ်လာသည်နှင့်အမျှ သူနေထိုင်ရာ အိမ်ဂေဟာလေးမှာ အနည်းငယ် နောက်သို့ တိမ်းစောင်းသွားသည်ကို ခံစားလိုက်ရ၏။

ချန်ကျီသည် သူ၏ လက်သေးသေးလေးများကို အလျင်အမြန် မြှောက်လိုက်ပြီး ဗိုက်သားပေါ်သို့ စစ်မြေပြင်သုံး လက်ဝှေ့နည်းစနစ်များကို အားကုန်သုံးကာ တဖုန်းဖုန်း ထိုးနှက်တော့သည်။

...

ဖယောင်းတိုင်မီး မှိန်ပျပျ လင်းနေသော အခန်းလေးထဲတွင်...

ရင်းရွှမ်းရွှမ်းသည် သူမ၏ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ဝမ်းဗိုက်ကို ကြည့်ကာ အံ့အားသင့်လျက် မျက်လုံးအစုံ ပြူးကျယ်သွားရသည်။

“ဘာ... ဘာဖြစ်တာလဲ။ ကလေးလေးက ဘာဖြစ်နေတာလဲ မသိဘူး”

ချန်ထျန်းလျန်မှာလည်း အံ့အားသင့်သွားပြီးမှ တဟားဟား ရယ်မောလိုက်တော့သည်။

“ဟားဟားဟား... ကလေးက ငါ့ကို ကြိုဆိုနေတာ ဖြစ်မှာပါ”

ထိုသို့ပြောရင်း ချန်ထျန်းလျန်က လက်ကိုဆန့်ကာ ဗိုက်ကို အသာအယာ ပုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

“ကလေးလေး... ဆိုးမနေနဲ့ဦးနော်။ ဖေဖေ ကိစ္စပြီးတာနဲ့ သားကို ရွှေပုဆိန်၊ ငွေပုဆိန်နဲ့ သံပုဆိန် ပုံပြင် ပြောပြမယ် ဟုတ်ပြီလား”

ငါ မင်းကို ထိုးချင်တာ လက်ကိုယားနေတာပဲ။

ချန်ကျီမှာ ထိုသို့ အပုတ်ခံလိုက်ရသဖြင့် မူးနောက်သွားပြီး ရေမြွှာရည်များ လှုပ်ခတ်မှုနှင့်အတူ ဟိုဟိုဒီဒီ လိမ့်ထွက်သွားရရှာတော့သည်။

“ငါသာ အပြင်ကို အသက်ရှင်လျက် ထွက်လာခဲ့ရင်တော့ မင်း မလွယ်ဘူးသာ မှတ်ထားတော့”

ချန်ကျီသည် အံကြိတ်ရင်း ယနေ့ အပုတ်ခံလိုက်ရသည့် အဖြစ်အပျက်ကို သူ၏ စိတ်ထဲက မှတ်စုစာအုပ်လေးထဲမှာ အသေအချာ မှတ်သားထားလိုက်သည်။

တော်သေးသည်ဟု ဆိုရမည်ပင်။ သားအဖနှစ်ယောက် စောစီးစွာ ဆုံတွေ့မည့် အရေးကတော့ ဖြစ်မလာခဲ့ပေ။

ချန်ထျန်းလျန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ရင်းရွှမ်းရွှမ်း၏ ကန်ထုတ်ခြင်း၊ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး အခန်းပြင်သို့ ရောက်သွားရှာသည်။

ထို့နောက် ရင်းရွှမ်းရွှမ်းသည် ချန်ကျီအတွက် ချော့သိပ်တေး တစ်ပုဒ်ကို သီဆိုပေးသည်။ သူ ငြိမ်သက်သွားသည်ကို မြင်ရမှသာ သူမကိုယ်တိုင်လည်း ကျင့်ကြံခြင်းကို စတင်တော့သည်။

ချန်ကျီမှာလည်း အခွင့်အရေးသမား ဖခင်ဖြစ်သူ ထွက်သွားသည်ကို အတည်ပြုပြီးနောက် မကြာမီမှာပင် ကျင့်ကြံခြင်းလောကထဲသို့ ပြန်လည် နစ်မြှုပ်သွားခဲ့သည်။

...

နွေဦးကုန်၍ ဆောင်းဦးရောက်လာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် နှစ်လတာ အချိန်ကာလက ကုန်လွန်သွားခဲ့ပြန်သည်။

ဤနှစ်လအတွင်း ချန်ကျီ၏ အခြေခံအုတ်မြစ်မှာ အံ့ဩစရာကောင်းလောက်အောင် ခိုင်မာလာခဲ့ပြီး ပိတ်ဆို့နေသော ဝိညာဉ်ကြောများ၏ ထက်ဝက်ကျော်ကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်သည်။

မကြာမီအချိန်အတွင်းမှာပင် ဝိညာဉ်ကြောများအားလုံး လုံးဝပွင့်သွားပြီး သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာအဖြစ်သို့ အပြည့်အဝ ကူးပြောင်းနိုင်တော့မည်မှာ သေချာသလောက်ပင်။

ဒါတင်မကသေးဘဲ ချန်ကျီ၏ ဝိညာဉ်စွမ်းအားမှာလည်း သိသိသာသာ အားကောင်းလာခဲ့ရာ သူ၏ အာရုံစွမ်းအားကို အပြင်ဘက်သို့ ထုတ်လွှင့်ပြီး ဆယ်မီတာပတ်လည်အတွင်းရှိ အရာအားလုံးကို မြင်တွေ့နိုင်စွမ်းပင် ရှိလာခဲ့သည်။

သူ၏ တိုးတက်မှု အရှိန်အဟုန်မှာ ရင်းရွှမ်းရွှမ်းက သူ့အတွက် ကောင်းကင်နှင့် မြေကြီး၏ ရတနာများကို အစဉ်မပြတ် ပံ့ပိုးပေးနေခြင်းနှင့်လည်း သက်ဆိုင်နေသည်။

သူ ကျင့်ကြံအားထုတ်ပြီး ကြီးထွားလာလေလေ ရင်းရွှမ်းရွှမ်း၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် စွမ်းအင် အမြောက်အမြားကို စုပ်ယူလေလေ ဖြစ်၏။ ချန်ထျန်းလျန်သာ မကြာခဏ အပြငထွက်ပြီး အသက်အန္တရာယ်ရှိသော နေရာများသို့ သွားရောက်ကာ တစ်ခါတစ်ရံ လုယက်တိုက်ခိုက်၍ပင် ရင်းရွှမ်းရွှမ်းအတွက် ကောင်းကင်ဘုံ ရတနာများစွာကို ရှာဖွေမပေးခဲ့လျှင် သူသည် ယခုလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်မည် မဟုတ်ပေ။

ချန်ထျန်းလျန် တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြင့် မောပန်းနွမ်းနယ်စွာ ပြန်လာတတ်သည်ကို သူ ခဏခဏ မြင်တွေ့ရသည်။

ထိုအချက်က သူ့ကို အနည်းငယ်မျှ ကျေးဇူးတင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

တခြားသူများ၏ အမြင်တွင်မူ သူ၏ အခွင့်အရေးသမား ဖခင်ကြီးသည် ကဲ့ရဲ့ရှုတ်ချဖွယ် လူစားမျိုး ဖြစ်နိုင်သော်လည်း သူ၏ ဇနီးနှင့် သားသမီးအပေါ်မှာတော့ အမှန်တကယ်ပင် အလေးအနက်ထား ဂရုစိုက်တတ်သူ ဖြစ်သည်။

တစ်နေ့သောအခါ ချန်ကျီသည် ပြင်ပမှ ဆူညံစွာ အငြင်းပွားနေသံများကို ကြားလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားပြီး သူ၏ ဝိညာဉ်အာရုံစွမ်းအားကို အပြင်သို့ ထုတ်လွှင့်ကြည့်လိုက်သည်။

ရှေးဟောင်းဟန်ဖြင့် ခန့်ညားလှသော ခန်းမဆောင်ကြီးအတွင်း၌ ချန်ထျန်းလျန်သည် စန္ဒကူးကုလားထိုင်ပေါ်တွင် ခန့်ခန့်ထည်ထည် ထိုင်နေပြီး သူ၏ လက်ထဲတွင်မူ တစ်ကိုယ်လုံး နီရဲတောက်ပနေသော နတ်ဘုရား မြက်ပင်တစ်ပင်ကို ကိုင်ထားသည်။

ချန်ထျန်းလျန်၏ ရှေ့တည့်တည့်တွင်တော့ ဝတ်ရုံရှည်ကို ဆင်ယင်ပြီး ဆံထုံးကွင်းစွပ်ထားသည့် ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ရပ်နေသည်။

“တတိယအစ်ကို... ကျွန်တော့်ရဲ့ မီးနတ်ဘုရားမြက်ပင်ကို လုယူသွားတယ်ဆိုတာ ဘာသဘောလဲဗျာ”

ထိုလူသည် ဒေါသကို အနိုင်နိုင်ထိန်းရင်း မေးလိုက်သည်။

ချန်ထျန်းလျန်က သူ့ကို မျက်စိမှေးကြည့်ကာ ပြန်ပြောလိုက်သည်။

“စတုတ္ထညီလေးရာ... ငါတို့က မိသားစုဝင်တွေပဲဥစ္စာ။ ဒီလောက်လည်း စိတ်မကျဉ်းမြောင်းစမ်းပါနဲ့။ ပြီးတော့ ငါက ခဏချေးမယ်လို့ ပြောထားတာပဲ။ အနှေးနဲ့အမြန် ပြန်ပေးမှာပေါ့”

“အစ်ကို ချေးတာ အခုဆို ၂၃ ကြိမ်ရှိပြီ။ ဘယ်တုန်းကများ ပြန်ပေးဖူးလို့လဲ”

ထိုလူက မခံမရပ်နိုင်ဖြစ်စွာ ပြန်အော်တော့သည်။

ချန်ထျန်းလျန် တစ်ချက်ဆွံ့အသွားပြီးမှ ခပ်တိုးတိုး ရယ်မောလိုက်သည်။

“ညီလေး... မင်းရဲ့ မှတ်ဉာဏ်ကတော့ တကယ်ကို အံ့မခန်းပါပဲလား”

စတုတ္ထညီဖြစ်သူက နှာခေါင်းရှုံ့ကာ သက်ပြင်းချလိုက်ပြီး စိတ်ရင်းဖြင့် အကြံပြုသည်။

“အစ်ကို... ငါတို့ ချန်မိသားစုဆိုတာ ထာဝရရှင်သန်ခြင်း မိသားစုတစ်ခု ဖြစ်နေတုန်းပဲ။ အစ်ကိုနဲ့ ကျွန်တော်ကလည်း စစ်မှန်သော ကိုယ်ပွားအဆင့်ရောက်နေတဲ့ ပညာရှင်တွေလေ။ ဘာလို့ ဒီလောက်တောင် ဂုဏ်သိက္ခာမဲ့နေရတာလဲ အဲဒီမြက်ပင်ကို ကျွန်တော့်ကို ပြန်ပေးပါ။ အစ်ကို့ကို လူမိုက်တစ်ယောက်လို့ မမြင်ပါရစေနဲ့တော့”

ဒိုင်း…

ရုတ်တရက် ချန်ထျန်းလျန်က ကုလားထိုင်လက်တန်းကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။စတုတ္ထညီဖြစ်သူမှာ လန့်ဖျပ်သွားရ၏။

ချန်ထျန်းလျန်က အလေးအနက် ခေါင်းညိတ်ပြရင်း “ညီလေး... အမှန်အတိုင်း ပြောရရင် မင်း လူကြည့်တာ တကယ်မှန်တယ်ကွာ”

“အစ်ကို... ခင်ဗျား...”

ထိုလူမှာ အလွန်အမင်း ဒေါသထွက်သွားပြီး ခေတ္တမျှ ဆွံ့အနေရာမှ နောက်ဆုံးတွင် စကားလုံး သုံးလုံးကိုသာ အံကြိတ်၍ ထွေးထုတ်နိုင်တော့သည်။

“အရှက်မရှိလိုက်တာ”

ထို့နောက်တွင်တော့ သူသည် ဝတ်ရုံစကို ဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။ အဝေးမှနေ၍ သူ၏ မကျေမနပ် ရေရွတ်သံများကို ကြားနေရဆဲပင်။

“ချန်ထျန်းလျန်... နောက်တစ်ခါ ငါသာ မင်းကို တစ်ခုခု ချေးမိရင် ငါ့နာမည် ချန်ထျန်းချန်ကို ပြောင်းပြန် ပြန်ရေးလိုက်မယ်”

ထွက်ခွာသွားသော ချန်ထျန်းချန်၏ ကျောပြင်ကို ကြည့်ရင်း ချန်ထျန်းလျန်က တိုးတိုးလေး မရေမရာ ပြောလိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ... ပြောင်းပြန်ရေးလည်း ချန်ထျန်းချန်ပဲ မဟုတ်ဘူးလား”

ချန်ထျန်းလျန်သည် ခေါင်းခါယမ်းလိုက်ပြီး ပြုံးဖြီးဖြီး မျက်နှာဖြင့် ရင်းရွှမ်းရွှမ်းထံသို့ ထိုမြက်ပင်ကို အသည်းအသန် သွားပေးသည်။

“ကဲ... မိန်းမ ဒါက ရတနာပဲဟေ့။ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို အားဖြည့်ပေးဖို့အတွက် အရမ်းအကျိုးရှိတာမို့ မြန်မြန်စားလိုက်တော့”

ရင်းရွှမ်းရွှမ်းမှာ စိတ်ပျက်သလိုလို ရယ်ချင်သလိုလိုဖြင့် “ထျန်းလျန်ရယ်... ဒီလိုတွေ လုပ်ဖို့ မလိုပါဘူး။ ယောကျာ်းက အပြင်မှာ လူတကာနဲ့ ပြဿနာတက်နေတာ။ လူတွေက ယောကျာ်းအပေါ် မကျေမနပ် ဖြစ်နေကြပြီ။ ဒီအတိုင်းသာ ဆက်သွားရင် အနှေးနဲ့အမြန် ဒုက္ခရောက်ကုန်ပါဦးမယ်”

“ဒုက္ခရောက်မယ် ဟင့်အင်း... ဒီမိသားစုကသာ အစွဲအလမ်းကြီးပြီး ကောင်းတာမှန်သမျှ အဲဒီလူဆိုးလေး ချန်ကျောက်ရှန်းကိုပဲ ပုံအောပေးမနေရင် ငါလည်း ဒီလိုလုပ်မှာ မဟုတ်ဘူး”

ချန်ထျန်းလျန်က အေးစက်စက် ပြန်ပြောသည်။

“ထျန်းလျန်... အဲဒီလို မပြောပါနဲ့။ ကျောက်ရှန်းဆိုတဲ့ ကလေးက ရှေးဟောင်းခန္ဓာနဲ့ မွေးဖွားလာတာလေ။ ရှေးဟောင်းသူတော်စင်ရဲ့ အငွေ့အသက်တွေ ပါလာတာမို့ နောင်တစ်ချိန်မှာ သူတော်စင်အဆင့်အထိ ရောက်သွားနိုင်ပြီး ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးမယ့်သူပဲ။ မိသားစုရဲ့ အရင်းအမြစ်တွေကို သူ့ဘက် ပုံပေးတာက သဘာဝပါပဲ။ မကျေမနပ် မဖြစ်ပါနဲ့”

ရင်းရွှမ်းရွှမ်းက အလျင်အမြန် ကြားဝင်ဖြန်ဖြေပေးသည်။

“အင်းပါ... ငါလည်း သိပါတယ်”

ချန်ထျန်းလျန်က ခေါင်းညိတ်ပြရင်း “ဒါနဲ့... ငါကြားတာတော့ တောင်ဘက်ပင်လယ်က ရှေးဟောင်းလျှို့ဝှက်နယ်မြေ ပွင့်တော့မယ်တဲ့။ အဲဒီမှာ ကောင်းကင်ဘုံ ရတနာတွေ အများကြီး ရှိဦးမှာပဲ။ ငါ အဲဒီကို သွားပြီး ငါတို့ကလေး မွေးလာတဲ့အခါ အသုံးဝင်မယ့် အခြေခံအုတ်မြစ် တည်ဆောက်ရေး နတ်ဘုရားပစ္စည်းတွေ သွားရှာဦးမလို့”

ထိုစကားကို ကြားလိုက်ရချိန်တွင် အထဲက ရေမြွှာရည်ထဲမှာ အေးဆေးထိုင်ကြည့်နေသော ချန်ကျီမှာ ရုတ်တရက် ထိတ်လန့်သွားရသည်။

တောင်ဘက်ပင်လယ်က ရှေးဟောင်းလျှို့ဝှက်နယ်မြေ... အပြင်ပန်းမှာတော့ နတ်ဘုရားတွေ ပျော်စံရာ နယ်မြေလို့ နာမည်ကြီးပေမယ့် တကယ်တမ်းတော့ ရှေးဟောင်း ဘေးအန္တရာယ်တွေ ပြည့်နှက်နေတဲ့ အဲဒီနေရာကြီးက ပွင့်သွားပြီပေါ့လေ။

All Chapters