အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း။ ၃
ချန်ကျီ၏ စိတ်အစုံက လေးလံထိုင်းမှိုင်းသွားရသည်။
ငါ့မှတ်ဉာဏ်သာ မှားမနေဘူးဆိုရင် အဲဒီ ရှေးဟောင်းလျှို့ဝှက်နယ်မြေဆိုတာ တကယ်တော့ ရှေးဟောင်း ဘေးအန္တရာယ်ဆိုးတွေ အကြီးအကျယ် ကိန်းအောင်းနေတဲ့ သေမင်းတမန် နယ်မြေ ပဲ။
မဟာကျင့်ကြံခြင်း ဂိမ်းရဲ့ ဇာတ်ကွက်ထဲမှာ ကံဆိုးလှတဲ့ အမြောက်စာ ဗီလိန်လေး ချန်ကျီရှင်းတစ်ယောက် စရိုက်တွေ ပျက်စီးပြီး ယုတ်မာရက်စက်လာတာ။ စိတ်ပိုင်းဆိုင်ရာ ပုံပျက်ပန်းပျက် ဖြစ်လာပြီး နောက်ဆုံးမှာ ဇာတ်လိုက်ကို သွားရောက်ရန်စမိလို့ အသတ်ခံလိုက်ရတာတွေက...
ဒီရှေးဟောင်းလျှို့ဝှက်နယ်မြေနဲ့ အများကြီး သက်ဆိုင်နေခဲ့တာပဲ။
အကြောင်းရင်းကတော့ ထိုစဉ်က ချန်ထျန်းလျန်သည် ထိုဘေးအန္တရာယ်ကြီးမားသော နယ်မြေထဲသို့ စွန့်စားဝင်ရောက်ခဲ့ရာမှ လုပ်ကြံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူ၏ မဟာလမ်းစဉ် အခြေခံအုတ်မြစ်ပျက်စီးသွားရုံတင်မက သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း စစ်
မှန်သော ကိုယ်ပွားအဆင့်မှသည် ဝိညာဉ်ခရီးသွားအဆင့်အထိ ထိုးကျသွားခဲ့ရသည်။ တစ်သက်လုံးလည်း ကျင့်ကြံခြင်းလမ်းစဉ် ရှေ့ဆက်လို့မရတော့ဘဲ လမ်းဆုံးသွားခဲ့ရကာ နောက်ဆက်တွဲ ဆိုးကျိုးတွေ တသီတတန်းကြီး ဖြစ်ပေါ်လာခဲ့တော့သည်။
ချန်မိသားစုတွင် မယားငယ်မှ မွေးဖွားသူများကို ဖယ်လိုက်လျှင် တိုက်ရိုက်မျိုးဆက် လေးခုရှိသည်။
ချန်ထျန်းလျန်သည် သားအကြီးဆုံး မဟုတ်သော်လည်း တတိယမြောက် မျိုးဆက်စုမှ ဖြစ်သည်။
သို့သော်လည်း ချန်ထျန်းလျန်၏ အစွမ်းထက်လှသော ခွန်အားနှင့် သာလွန်သည့် တိုက်ခိုက်ရေးစွမ်းရည်တို့ကြောင့် သူသည် ဤမျိုးဆက် လေးခုကြားတွင် အရေးပါသော နေရာတစ်ခုကို ရရှိထားခဲ့ခြင်းပင်။
ရလဒ်အနေဖြင့် ချန်ထျန်းလျန်၏ ကျင့်ကြံခြင်းအဆင့်များ ထိုးဆင်းသွားပြီး ရှေ့ဆက်တိုးလို့ မရတော့သည့်အခါ မိသားစုအတွင်း သူ၏ အဆင့်အတန်းမှာလည်း သိသိသာသာ နိမ့်ကျသွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် မွေးရာပါ ပါရမီညံ့ဖျင်းလှသော ချန်ကျီရှင်းသည်လည်း ကလေးဘဝတွင် အလိုအလျောက် ပစ်ပယ်ခြင်းကို ခံခဲ့ရပြီး အနိုင်ကျင့်စော်ကားမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
ချန်ထျန်းလျန်သည် အပြင်ပန်းတွင် ဂရုမစိုက်သလို နေတတ်သော်လည်း အမှန်စင်စစ် သူသည် မာန အလွန်ကြီးသူတစ်ယောက်ဖြစ်ရာ ထိုကဲ့သို့သော ထိုးနှက်ချက်များကို လက်မခံနိုင်ခဲ့ပေ။
ထို့ကြောင့် သူသည် သူ၏ မျှော်လင့်ချက် အားလုံးကို ချန်ကျီရှင်းအပေါ်တွင်သာ ပုံအောထားခဲ့တော့သည်။
ချန်ကျီရှင်း၏ ကလေးဘဝတွင် သူသာ ကျင့်ကြံခြင်း၌ ကြိုးစားမှုမရှိလျှင်ဖြစ်စေ ထုံအအ နိုင်နေလျှင်ဖြစ်စေ ဖခင်ဖြစ်သူ၏ ရိုက်နှက်ဆုံးမခြင်း၊ ဆူပူကြိမ်းယောကျာ်းးခြင်းနှင့် အသုံးမကျတဲ့ကောင်ဟု ကဲ့ရဲ့လှောင်ပြောင်ခြင်းတို့ကို ခံခဲ့ရသည်။
ဤအကြောင်းတရားအားလုံး ပေါင်းစပ်သွားသည့်အခါ ချန်ကျီရှင်း၏ စိတ်ထဲတွင် မင်းတို့အားလုံးက ငါ့ကို အသုံးမကျဘူးလို့ ထင်နေကြတာပဲ။ အေး... ငါ ဘယ်လောက်အထိ အသုံးမကျပြမလဲဆိုတာ စောင့်ကြည့်လိုက်ကြ ဆိုသည့် တုံ့ပြန်လိုစိတ်များ ကိန်းအောင်းလာခဲ့သည်။ ထိုမှတစ်ဆင့် သူသည် တဖြည်းဖြည်းနှင့် လမ်းမှားသို့ ရောက်ရှိသွားကာ နောက်ဆုံးတွင် သူ၏ သေတွင်းကို သူကိုယ်တိုင် တူးခဲ့မိခြင်းပင်။
ဒါဆို အဲဒီတုန်းက ချန်ထျန်းလျန် အဲဒီ ဘေးအန္တရာယ်ရှိတဲ့နေရာကို သွားခဲ့တာက ငါ့အတွက်ကြောင့်ပေါ့လေ။
ချန်ကျီတစ်ယောက် စိတ်ထဲကနေ သက်ပြင်းအကြိမ်ကြိမ် ချလိုက်မိသည်။
လောကမှာ အကြောင်းရှိရင် အကျိုးရှိစမြဲပင်။
ဒီလောက်အထိ ဆိုးဝါးလှတဲ့ အကျိုးတရားရဲ့ အကြောင်းရင်းခံက သူ သန္ဓေသားဘဝမှာတင် အမြစ်တွယ်နေခဲ့လိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့မိပေ။
မဖြစ်ဘူး... ငါ ဒါကို ကျိန်းသေပေါက် တားဆီးရမယ်။
ချန်ကျီ၏ စိတ်ထဲတွင် အရေးပေါ် အခြေအနေတစ်ခုကဲ့သို့ စိုးရိမ်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။
ဂိမ်းကစားတာက တစ်ပိုင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်တာက တစ်ပိုင်း၊ ဒါပေမဲ့ သူ့ရဲ့ ဖခင်အရင်းကိုတော့ ဒီအတိုင်း အဖြစ်မခံနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ချန်ထျန်းလျန်က ဒီဘဝမှာ သူ့ရဲ့ဖခင်ဖြစ်ပြီး ချန်ထျန်းလျန် တစ်ယောက် ပျက်စီးခြင်းလမ်းကို လျှောက်လှမ်းနေတာကိုတော့ သူ ဒီအတိုင်း ထိုင်မကြည့်နိုင်တော့ပေ။
ချန်ကျီတစ်ယောက် ဘယ်လိုတားရမလဲဟု အသည်းအသန် စဉ်းစားနေစဉ်မှာပင်...
“ထျန်းလျန်... အဲဒီ ရှေးဟောင်းလျှို့ဝှက်နယ်မြေဆိုတာ ဘယ်လောက်တောင် အန္တရာယ်များလို့လဲဟင်”
“ကိုယ်လည်း မသိသေးဘူးလေ။ ဒါက အသစ်ပွင့်မယ့် လျှို့ဝှက်နယ်မြေဆိုတော့ အထဲမှာ ဘာတွေရှိမလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ကြသေးဘူး”
“အင်း... ထျန်းလျန် ကျွန်မအထင်တော့ ဒါကို လက်လျှော့လိုက်ရင် မကောင်းဘူးလားဟင် နောက်ပိုင်းလပိုင်းဆို ကလေးလည်း မွေးတော့မှာဆိုတော့ ဒီအချိန်မှာ ယောကျာ်း အန္တရာယ်ဖြစ်မှာကို ကျွန်မ မလိုလားဘူး”
“ဟားဟားဟား... မပူပါနဲ့ မိန်းမရယ်။ အဲဒီလျှို့ဝှက်နယ်မြေက နောက်ထပ် ခြောက်လလောက်နေမှ ပွင့်မှာပါ။ အဲဒီအချိန်ဆို ကလေးလည်း မွေးပြီးလောက်ပြီပေါ့။ ပြီးတော့ ဒီတစ်ခေါက် ကိုယ့်ရဲ့ သူငယ်ချင်းဟောင်းတချို့လည်း အတူတူသွားကြမှာဆိုတော့ ကိုယ်တို့ဘက်က ယုံကြည်ချက် အပြည့်ရှိပါတယ်”
“ဒါဆိုလည်း... ကောင်းပါပြီလေ။ ယောကျာ်း ဆုံးဖြတ်တဲ့အတိုင်းပဲ ကျွန်မ ထောက်ခံပါတယ်”
မိဘနှစ်ပါး၏ စကားပြောသံကို နားထောင်ရင်း ချန်ကျီတစ်ယောက် တိတ်တဆိတ် သက်ပြင်းချနိုင်ခဲ့သည်။
တော်သေးတာပေါ့...
အရာအားလုံးကို ပြန်လည်ပြင်ဆင်ရေးသားဖို့ အချိန် ခြောက်လကျော်လောက် ကျန်သေးတယ်။
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် သုံးလတာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြန်သည်။
ယခုအခါ ချန်ကျီသည် သန္ဓေသားသက်တမ်း ရှစ်လထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအချိန်တွင် ချန်ကျီ၏ လက်ကလေး၊ ခြေကလေးများသည် အပြည့်အဝ တည်ဆောက်ပြီးစီးသွားပြီဖြစ်သလို ဦးခေါင်းပေါ်တွင်လည်း မွေးရာပါ ဆံပင်နက်လေးများ ဖုံးလွှမ်းနေပြီဖြစ်သည်။
ဖခင်ဖြစ်သူ ချန်ထျန်းလျန် ရှာဖွေပေးထားသော ကောင်းကင်နှင့် မြေကြီးရတနာများ၏ အာဟာရကြောင့် ချန်ကျီ၏ ခန္ဓာကိုယ်က ထူးကဲစွာ ဖွံ့ဖြိုးလာခဲ့သည်။ ဆံပင်များက နက်
မှောင်သန်စွမ်းကာ အရိုးအဆစ်များက ခိုင်မာတောင့်တင်းပြီး နှလုံးခုန်သံမှာလည်း အားမာန်အပြည့် ရှိနေသည်။
သူ၏ ဝိညာဉ်အာရုံစွမ်းအားမှာလည်း အပြင်ဘက် မီတာငါးဆယ်အထိပင် ဖြန့်ကျက်နိုင်စွမ်း ရှိလာခဲ့သည်။
ထိုစဉ် ရင်းရွှမ်းရွှမ်း၏ ဖောင်းကားနေသော ဝမ်းဗိုက်အတွင်း၌...
ချန်ကျီလေးသည် မျက်လုံးအစုံကို တင်းကျပ်စွာ မှိတ်ထားလျက် တင်ပျဉ်ခွေထိုင်နေသည်။
ချက်ကြိုးမှတစ်ဆင့် ချီစွမ်းအင်အမြောက်အမြားကို စုပ်ယူနေ၏။
ချန်ကျီသည် သဘာဝအတိုင်း မူလအစဦး တာအိုကျမ်းကို လှည့်ပတ်လိုက်သည်နှင့် ချီစွမ်းအင်များသည် ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး ကောင်းကင်ဘုံအမှတ်ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။
၎င်းမှာ သူ၏ ဝိညာဉ်ကြောစနစ်အတွင်း ပိတ်ဆို့နေသည့် နောက်ဆုံးသော အမှတ်အသားပင်။
ဤပိတ်ဆို့မှုကိုသာ ရှင်းလင်းနိုင်ပါက သူသည် သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာကို ပိုင်ဆိုင်နိုင်တော့မည်။
ထိုအချိန်မှစ၍ သူ၏ ကျင့်ကြံခြင်းတာအိုလမ်းစဉ်တွင် မည်သည့် အနှောင့်အယှက်၊ မည်သည့် အညစ်အကြေးမျှ မရှိတော့ဘဲ ချောမွေ့ကာ ဖြောင့်ဖြူးသွားတော့မည်ပင်
ဗုန်း…
တိုးညှင်းသောအသံတစ်ခုနှင့်အတူ ကောင်းကင်ဘုံအမှတ် ရှိ နောက်ဆုံးပိတ်ဆို့မှုက အားစိုက်
စရာမလိုဘဲ ပွင့်ထွက်သွားခဲ့သည်။
[တင် သင်သည် ခန္ဓာကိုယ်အတွင်းရှိ ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပြီးဖြစ်၍ သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာကို ရရှိသွားပါပြီ]
[တင် သင့်ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားအဖြစ်သို့ ကူးပြောင်းပေးပါမည်]
ချန်ကျီ၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ချန်ကျီသည် သူ၏ တည်ရှိမှုက ကောင်းကင်ဘုံနှင့် အလွန်နီးကပ်သွားသကဲ့သို့ ထင်ရှားစွာ ခံစားလိုက်ရတော့သည်။
သူသည် ကောင်းကင်ဘုံ၏ အချစ်တော် သားလေးအဖြစ်သို့ ကူးပြောင်းသွားသကဲ့သို့ပင်။ အကယ်၍သာ မိခင်ဖြစ်သူ ရင်းရွှမ်းရွှမ်း၏ ခန္ဓာကိုယ်က အတားအဆီးတစ်ခုအဖြစ် ရှိမနေခဲ့လျှင် အဆုံးအစမရှိသော ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်များက သူ့ထံသို့ အလုံးအရင်းနှင့် တိုးဝင်လာကြတော့မည် ဖြစ်သည်။
ထို့ပြင် သူ၏ ဒန်ထျန်အတွင်း၌ ယခင်က စုဆောင်းထားခဲ့သော ချီစွမ်းအင်များသည်လည်း ပိုမိုအစွမ်းထက်လှသည့် သဘာဝအတိုင်း မူလအစဦး စွမ်းအားအဖြစ်သို့ အလျင်အမြန် ကူးပြောင်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ချန်ကျီတစ်ယောက် အသိတစ်ခု ရလိုက်သည်။
သူသာ အလိုရှိလျှင် ယခုချက်ချင်းပင် အမိဝမ်းကို ဖောက်ထွက်ကာ လောကကြီးထဲသို့ ဆင်းသက်နိုင်ပြီ ဖြစ်သည်။
အင်း... ဒီအတိုင်းသာ ဝုန်းခနဲ ပေါက်ထွက်သွားရင်တော့ တကယ့်ကို ထိတ်လန့်စရာကြီးပဲ။ လူတွေက ငါ့ကို မိစ္ဆာသန္ဓေသားလို့တောင် သတ်မှတ်ကြဦးမယ်။
ချန်ကျီ အမြန်ပင် ခေါင်းခါယမ်းလိုက်မိသည်။ မွေးဖွားဖို့အတွက် နောက်ထပ် နှစ်လခန့်သာ လိုတော့သည်ဖြစ်ရာ အလောတကြီး လုပ်ရန်မလိုပေ။
...
နောက်ထပ် နှစ်လအကြာ...
ချန်ကျီသည် ပြင်ပမှ ဆူညံသံများကို ကြားလိုက်ရပြီး မျှော်လင့်ချက်အပြည့်ဖြင့် သူ၏ အိပ်စက်ခြင်းမှ နိုးထလာခဲ့သည်။
“နောက်ဆုံးတော့ အပြင်ထွက်ရမယ့်အချိန် ရောက်ပြီပေါ့”
ချန်ကျီသည် သူ၏ အိမ်ဂေဟာလေးကို ထိတွေ့ရင်း ထူးဆန်းသော တွန့်ဆုတ်မှုကို ခံစားလိုက်ရသည်။ ထို့နောက် စိတ်ထဲမှနေ၍ နှုတ်ဆက်ခဲ့ပါတယ် မေမေ... ဒီညမှာ သားလေး ခရီးစတင်တော့မယ်။ သားအတွက် စိတ်မပူပါနဲ့... သားမှာ ပျော်ရွှင်ခြင်းနဲ့ အသိပညာဆိုတဲ့ တက်မတွေ ရှိပါတယ်... ဟု တိတ်တဆိတ် သီချင်းဆိုနေမိ၏။
သီချင်းဆုံးသွားသောအခါ ချန်ကျီသည် သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ အနေအထား အကောင်းဆုံး ပြင်လိုက်ပြီး အားရှိသမျှနှင့် ရှေ့သို့ တိုးထွက်လိုက်တော့သည်။
အူဝဲ... ဟူသော ငိုသံလေးနှင့်အတူ ချန်ကျီသည် သူ၏ အိမ်ဂေဟာလေးကို စွန့်ခွာနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့နောက် တစ်စုံတစ်ယောက်က ကတ်ကြေးဖြင့် သူ၏ လေးလံလှသော အထုပ်အပိုးဖြစ်သည့် ချက်ကြိုးကို ဖြတ်တောက်ပစ်လိုက်သည်။
“ခုနစ်ပေါင်နဲ့ ကိုးအောင်စ သားလေးရှင့်”
သူ ဘာမှနားမလည်ဘဲ အခြေအနေကို မလိုက်လျောနိုင်သေးခင်မှာပင် တစ်စုံတစ်ယောက်က သူ၏ ခြေထောက်ကလေးများကို မကာ ဖင်လေးကို ခပ်ဆတ်ဆတ်ကလေး အချက်အနည်းငယ် ရိုက်လိုက်သည်။
တိုက်တွန်းနှိုးဆော်သံတစ်ခု ထွက်ပေါ်လာ၏။
“ငိုစမ်း မြန်မြန်ငိုစမ်း”
ချန်ကျီမှာ မတတ်သာဘဲ သူတို့၏ ပြဇာတ်တွင် လိုက်ပါကပြရတော့သည်။ သူသည် ပါးစပ်ကို ဟကာ ဝဲ... ဝဲ... ဝဲ... နှင့် အားရပါးရ အော်ငိုလိုက်တော့သည်။
“သခင်မကြီး... ကြည့်ပါဦး ကလေးရဲ့ အသံက ဘယ်လောက်တောင် ကျယ်လဲဆိုတာ။ ရုပ်ကလေးကလည်း တကယ့်ကို ချောချောလှလှလေးပါပဲ”
ဝမ်းဆွဲသည်မက ချန်ကျီကို ကုတင်ဘေးသို့ ပွေ့ချီသွားသည်။
ချန်ကျီလည်း မျက်လုံးကို ဖွင့်ကာ ကြည့်လိုက်မိသည်။
သူ မြင်လိုက်ရသည်မှာ ဖြူဖျော့သော မျက်နှာလေးနှင့် ချွေးစက်ကလေးများ စို့နေသော်လည်း သူ့ကို အလွန်ပင် ကြင်နာတတ်သော မျက်နှာထားဖြင့် ကြည့်နေသည့် အမျိုးသမီးတစ်ဦးပင်။
ယခုဘဝတွင် သူ၏ မိခင်ပင်။
ရှင်းပြ၍မရနိုင်သော ခံစားချက်တစ်ခုနှင့်အတူ မိခင်ဖြစ်သူ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်မိသည့်
အခါ ချန်ကျီ၏ နှလုံးသားထဲတွင် နွေးထွေးလုံခြုံသည့် အသိတစ်ခု ဝင်လာခဲ့ရသည်။ သို့သော် သူ့မိခင်၏အငွေ့အသက်ကို အားရပါးရ ခံစား၍မဝသေးခင်မှာပင်..
“ဟဲဟဲ... ဟားဟား။ မြန်မြန်... ငါ့ကို ပေးကြည့်စမ်းဦး”
ဟိန်းထွက်လာသော ရယ်သံကြီးနှင့်အတူ သန်မာထွားကြိုင်းပြီး ရိုးသားဖြောင့်မတ်သော မျက်နှာထားရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ချန်ကျီ မြင်လိုက်ရသည်။ သူ၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်ပနေပြီး လက်ဝါးချင်း ပွတ်သပ်ကာ ချန်ကျီအနားသို့ တိုးကပ်လာခဲ့ခြင်းပင်။
ချန်ထျန်းလျန်သည် ချန်ကျီကို ပွေ့ချီကာ မြှောက်ကြည့်လိုက်ပြီး အားရပါးရ ရယ်မောကာ “ဟားဟား... နှာခေါင်းရော၊ မျက်စိရော အကုန်ပါတာပဲ။ တကယ့်ကို ငါနဲ့ တူတာကွာ” ဟု ပြောလိုက်သည်။
ချန်ကျီကမူ သူ့ကို မျက်စောင်းခဲ၍ ကြည့်လိုက်မိသည်။
အမလေး... တခြားလူတွေရဲ့ ကလေးကျတော့ နှာခေါင်းနဲ့ မျက်စိမပါဘဲ မွေးလာကြလို့လား။
သူစိတ်ထဲမှ ခနဲ့နေမိသည်။
“ဟားဟားဟား... ငါ့သားကြီးရေ ဒီညတော့ ဖေဖေက မင်းကို ရွှေပုဆိန်၊ ငွေပုဆိန်နဲ့ သံပုဆိန် ပုံပြင် ပြောပြမယ်လေ... ဘယ်လိုလဲ...”
ချန်ထျန်းလျန်၏ စကားမဆုံးသေးခင်မှာပင် ချန်ကျီက သူ၏ လက်သေးသေးလေးကို တဖြည်းဖြည်း မြှောက်လိုက်ပြီး ပစ်မှတ်ကို အသေအချာ ချိန်ရွယ်လိုက်သည်။ ထို့နောက် ဖြောင်းခနဲဆိုသည့် အသံနှင့်အတူ ချန်ကျီ၏ လက်ဖဝါးနုနုလေးက ချန်ထျန်းလျန်၏ မျက်နှာတည့်တည့်ကို အရှိန်ဖြင့် ရိုက်ချလိုက်တော့သည်။
အာ... အခုမှပဲ စိတ်ထဲမှာ တင်းနေသမျှတွေ အကုန်ပေါ့ပါးသွားတော့တယ်..
အခန်း။ ၄
“ဟင်...”
ချန်ထျန်းလျန်မှာ ခေတ္တမျှ ကြောင်အသွားပြီး သူ့ပါးကို အူကြောင်ကြောင်ဖြင့် ပြန်ပွတ်နေမိသည်။
ဒီကောင်လေးက ငါ့မျက်နှာတည့်တည့်ကို အားရပါးရ ပါးရိုက်လိုက်တာလား။
ဘေးနားက ဝမ်းဆွဲသည်မကြီးမှာ မျက်စိအလွန်လျှင်လှသူဖြစ်ရာ အခြေအနေကို ကြည့်ပြီး ချက်ချင်းပင် အပြုံးမျက်နှာဖြင့် အသံကျယ်ကျယ် ဟစ်အော်လိုက်သည်။
“သခင်လေးချန် ဒါက နွေဦးလေညင်း အေးမြမြပါ။ လာဘ်လာဘ အလွန်ကောင်းမယ့် နိမိတ်ကြီးပါပဲ”
ချန်ထျန်းလျန်မှာ ပို၍ပင် အံ့အားသင့်သွားရပြီး သံသယဖြင့် မေးလိုက်၏။
“တကယ်ပဲ အဲဒီလို အဆိုရှိလို့လား”
ဖြောင်း…
ချန်ကျီ၏ လက်ကလေးက တစ်ဖန် မြောက်တက်လာပြန်ပြီး ချန်ထျန်းလျန်၏ အခြားပါးတစ်ဖက်ကို ထပ်မံ ရိုက်ချလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ သူတမင်လုပ်ခြင်း မဟုတ်ပေ။
၎င်းမှာ ကလေးငယ်တစ်ဦး၏ သဘာဝအရ ခြေပစ်လက်ပစ် ဆန့်ငင်လိုက်သည့် တုံ့ပြန်မှုသက်သက်သာ ဖြစ်သည်။
ထိုအရာကို မြင်လိုက်ရသည့် ချန်ထျန်းလျန်က ဝမ်းဆွဲသည်မကြီးကို ကြည့်ကာ မယုံသင်္ကာဖြင့် မေးလိုက်ပြန်သည်။
“ဒါကရော ဘာကို ဆိုလိုတာလဲ”
ဝမ်းဆွဲသည်မကြီးမှာလည်း ဤသို့ ထပ်ဖြစ်လာလိမ့်မည်ဟု ကြိုမတွေးထားမိပေ။ သူမ၏ မျက်လုံးအစုံက အလျင်အမြန် လည်ပတ်သွားပြီးနောက် ချက်ချင်းပင် အပြုံးမျက်နှာဖြင့် တစ်ဖန် ဖာထေးပြောဆိုလိုက်ပြန်သည်။
“နွေဦးလေညင်း နှစ်ချက်က မျက်နှာကို ပွတ်သပ်သွားတော့ မျက်နှာလေးက မက်မွန်ပွင့်လို နီမြန်းသွားတာပေါ့ရှင် သခင်လေးချန်... ဒါက ပိုတောင် မင်္ဂလာရှိပါသေးတယ်”
ထိုစကားဝိုင်းကို နားထောင်ရင်း ချန်ကျီတစ်ယောက် ဆွံ့အသွားရသည်။
ဒါက တကယ်ကြီး လက်ခံနိုင်စရာလား။
ဒါကိုပဲ စကားပြောတတ်တဲ့သူတွေရဲ့ စွမ်းရည်လို့ ခေါ်တာလား။ စကားနှစ်ခွန်းတည်းနဲ့တင် လူကို နွေးထွေးသွားစေတာပဲ။
စကားလုံးတစ်လုံးတည်းနဲ့ ပြောရရင်တော့ ဆရာမကြီးပဲ။
ချန်ထျန်းလျန်က ခေါင်းခါယမ်းလိုက်သည်။
မွေးကင်းစကလေးတစ်ယောက်နဲ့တော့ ငါ အာရုံနောက်မခံနိုင်ပါဘူး။
ထို့နောက် သူက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“မိန်းမ... ကိုယ်တို့ ကလေးကို နာမည်လေး ပေးကြရအောင်”
ရင်းရွှမ်းရွှမ်းက နူးညံ့စွာ ပြန်ပြောလိုက်၏။
“ယောကျာ်းက ဖခင်ပဲဥစ္စာ ယောကျာ်းပဲ နာမည်ပေးသင့်ပါတယ်”
“ကောင်းပြီလေ”
ချန်ထျန်းလျန်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
သူသည် နာမည်ပေးရန်အတွက် အလေးအနက် စတင်စဉ်းစားတော့သည်။ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်ကာ အတွေးနက်နေတတ်သလို ခန်းမထဲတွင်လည်း ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
သူ တကယ်ကို အလေးအနက်ထားနေခြင်းပင်။
ထိုအရာကို ကြည့်ရင်း ချန်ကျီတစ်ယောက် မနေနိုင်ဘဲ စိုးရိမ်တကြီး ဖြစ်လာရသည်။
ဒီနာမည်ကပဲ ငါက ဗီလိန်ဇာတ်ကောင် ချန်ကျီရှင်း ဟုတ်မဟုတ် ဆိုတာကို အတည်ပြုပေးတော့မှာလေ။
ငါ့ရင်ထဲမှာ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာနေပြီဆိုပေမယ့် တကယ်လို့သာ အံ့ဖွယ်တစ်ခုခု ဖြစ်လာရင်ကော...
ခဏအကြာမှာတော့...
ချန်ထျန်းလျန်က ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ၏ မျက်လုံးများက တောက်ပလာပြီး ပြောလိုက်သည်မှာ..
“ချန်ဒါမန်း”
“မိန်းမ... ကိုယ်တို့ကလေးကို ချန်ဒါမန်းလို့ နာမည်ပေးရင် ဘယ်လိုလဲ။ သူက ထွားလည်းထွားမယ်။ သတ္တိလည်း ပြောင်မြောက်မယ်လေ။ ဒီနာမည်ကို ကြားလိုက်တာနဲ့ ဘယ်သူမှ သူ့ကို လာကလိရဲမှာ မဟုတ်ဘူး”
ချန်ထျန်းလျန်သည် ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ရင်းရွှမ်းရွှမ်းကို ကြည့်ကာ ပြောလိုက်သည်။
ချန်ကျီ : “....”
သူ့ကိုယ်သူ ချန်ကျီရှင် ဟု အခေါ်ခံရခြင်းက ဒီလောက်အထိ မဆိုးဝါးလှကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ဇာတ်လိုက်၏ သတ်ဖြတ်ခြင်းကို ခံရပြီး ဇာတ်သိမ်းရသည်ကမှ လူတောထဲတွင် ဤကဲ့သို့ နာမည်ဖြင့် အရှက်ကွဲပြီး သေရခြင်း ထက်စာလျှင် ပို၍ သာလွန်ပေဦးမည်။
ရင်းရွှမ်းရွှမ်းသည် နဖူးကို လက်ဖြင့်ဖိကာ ရယ်ရအခက် ငိုရအခက်ဖြင့် “ထျန်းလျန်ရယ်... ဒီနာမည်သာ ပေးလိုက်ရင် လူတွေ ဝိုင်းရယ်ကြမှာပေါ့”
ခေတ္တမျှ စဉ်းစားပြီးနောက် ရင်းရွှမ်းရွှမ်းက ဆက်ပြောသည်။
“မကြာသေးခင်ကပဲ ကွန်ဖြူးရှပ်သူတော်စင်က လောကကြီးကို တရားဟောကြားရင်း အသိနဲ့ အကျင့် တစ်ထပ်တည်းကျခြင်းဆိုတဲ့ စကားလုံးကို သုံးနှုန်းသွားတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ အသိစိတ်နဲ့ ကိုက်ညီရမယ်လို့ အဓိပ္ပာယ်ရတာပေါ့... အဲဒီတော့ ကလေးကို ချန်ကျီရှင်းလို့ နာမည်ပေးရင် ဘယ်လိုလဲ”
ချန်ထျန်းလျန်မှာ သိပ်တော့ မကျေနပ်လှပေ။
အသိတွေ၊ အကျင့်တွေဆိုတာက ဒါမန်းလောက် နားထဲမှာ ခန့်ညားမှုမရှိဟု သူ ထင်နေသည်။
သို့သော် ဘေးနားရှိ ဝမ်းဆွဲသည်နှင့် အစေခံမလေးများအားလုံး ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် မျက်နှာများ နီမြန်းနေသည်ကို မြင်လိုက်ရချိန်တွင်မူ သူ တစ်ခုခုကို သဘောပေါက်သွားပြီး မလိုလားအပ်ဘဲ ခေါင်းညိတ်လိုက်ရတော့သည်။
“ဒါဆိုလည်း... ကျီရှင်းလို့ပဲ ခေါ်ကြတာပေါ့”
ထိုအရာကို မြင်လိုက်ရသည့် ချန်ကျီမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ကံကြမ္မာကို ပြောင်းလဲ၍ မရနိုင်တော့ပုံပင်။
သူ ရရှိထားသည့် ဇာတ်ညွှန်းကား ကံဆိုးလှသော ဗီလိန် ချန်ကျီရှင်းပင်။
...
မျက်တောင်တစ်ခတ်အတွင်းမှာပင်...
နောက်ထပ် တစ်လတာ အချိန် ကုန်လွန်သွားခဲ့ပြန်သည်။
ဤတစ်လအတွင်းတွင် ချန်ကျီ သို့မဟုတ် သူ၏ အမည်နာမသစ်ကို အပြည့်အဝ လက်ခံလိုက်ပြီဖြစ်သော ချန်ကျီရှင်းသည် မည်သည့် ထူးခြားမှုကိုမျှ ပြသခြင်း မရှိခဲ့ပေ။
သာမန် မွေးကင်းစကလေးငယ်တစ်ဦးကဲ့သို့ပင် နေ့စဉ်နှင့်အမျှ ကြီးထွားနှုန်းမြှင့် အရည်များကို သောက်သုံးပြီး နှစ်ခြိုက်စွာ အိပ်စက်နေခြင်းသာ ပြုလုပ်ခဲ့သည်။
မိခင်ဖြစ်သူ ရင်းရွှမ်းရွှမ်းနှင့် ဖခင် ချန်ထျန်းလျန်တို့ ကျင့်ကြံခြင်းအကြောင်း ပြောဆိုကြသည့် အချိန်မှသာ သူသည် နားစွင့်ထားတတ်ပြီး ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတများကို စုဆောင်းရန် ကြိုးစားတတ်သည်။
သူသည် ကိုယ်ပိုင်ကျင့်စဉ်တစ်ခုကို ဖန်တီးရန် ရည်ရွယ်ထားခြင်းပင်။
သဘာဝအတိုင်း မူလအစဦး တာအိုကျမ်းဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ကျင့်ကြံသည့် နည်းလမ်းဖြစ်သည်။ ၎င်းအပြင် သူ၏ ကိုယ်ပိုင်ဖန်တီးမှုအတွက် မှီငြမ်းပြုနိုင်မည့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုလည်း လိုအပ်သည်။
ဤကမ္ဘာ၏ ကျင့်ကြံခြင်းတာအိုလမ်းစဉ်များကို အဆင့်ဆင့် ခွဲခြားထားသည်မှာ ရတနာခန္ဓာ၊ ဝိညာဉ်အားဖြည့်ခြင်း၊ လေဟာနယ်ကူးပြောင်းခြင်း၊ ကြည်လင်ခြင်း၊ ဝိညာဉ်ခရီးသွား၊ စစ်
မှန်သောကိုယ်ပွား၊ နိဗ္ဗာန်၊ အထွတ်အထိပ်နှင့် နောက်ဆုံးတွင် ထာဝရရှင်သန်ခြင်းတို့ ဖြစ်ကြသည်။
ဤအခိုက်အတန့်တွင် ချန်ကျီရှင်း၏ အခြေအနေမှာ အလွန်ပင် ထူးဆန်းနေသည်။
ပထမအချက်မှာ ဤကမ္ဘာကြီး၏ အယူအဆအရ ကျင့်ကြံခြင်းဆိုသည်မှာ ဒုက္ခပင်လယ်ကို ဖြတ်သန်းခြင်းနှင့် တူပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ထိုပင်လယ်ကို ဖြတ်သန်းမည့် ရွက်လှေ နှင့် တူသည်ဟု ယုံကြည်ကြသည်။
ခန္ဓာကိုယ်သည် အရာအားလုံးကို ထမ်းဆောင်နိုင်မည့် အခြေခံအုတ်မြစ် ဖြစ်သည်။
ထို့ကြောင့် ပထမဆုံးအဆင့်ဖြစ်သော ရတနာခန္ဓာအဆင့်တွင် မိမိ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ချောမွေ့သန့်စင်ရပြီး ကြွက်သားနှင့် အရိုးအဆစ်များကို တောက်ပသော အလင်းတန်းများဖြင့် ပြည့်နှက်စေကာ ခန္ဓာကိုယ်၏ ရတနာများကို ဖွင့်လှစ်ရမည် ဖြစ်သည်။
ဒုတိယအဆင့်ဖြစ်သော ဝိညာဉ်အားဖြည့်အဆင့်တွင်မူ ခန္ဓာကိုယ်ကို ပြည့်စုံအောင် တည်ဆောက်ပြီးနောက်မှသာ ဝိညာဉ်စွမ်းအားကို အတွင်းပိုင်းတွင် စတင်ကျင့်ကြံရပြီး ၎င်းကို မြင့်မြတ်သောအသိအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပြီး ကြီးမားသော စွမ်းအားကို ရယူရခြင်းပင်။
သို့သော် ချန်ကျီရှင်းမှာမူ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မကျင့်ကြံရသေးသော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာ အလွန်အမင်း အားကောင်းနေကာ ယခုအခါတွင် အပြင်ဘက် မီတာတစ်ရာအထိပင် ဖြန့်ကျက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ဤစွမ်းဆောင်ရည်မှာ ဝိညာဉ်အားဖြည့်အဆင့် ရောက်မှသာ ရရှိနိုင်သည့် စွမ်းအားမျိုး ဖြစ်
နေသည်မှာ အထင်အရှားပင်။
“ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးနိုင်ဖို့ မှီငြမ်းပြုစရာ ကျင့်စဉ်တစ်ခုခုကို ငါ အမြန်ဆုံး ရှာရမယ်။ ဒါမှလည်း လမ်းကြောင်းမှန်ပေါ် ရောက်မှာ”
ချန်ကျီရှင်းက စိတ်ပိုင်းဖြတ်လိုက်သည်။
အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်မှု ပါရမီကြောင့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံရန်မှာ သူ့အတွက် မခက်ခဲလှပေ။ ယခုပင်လျှင် သူ၏ စိတ်ထဲတွင် အစအနအချို့ကို ဝေဝေဝါးဝါး ခံစားနေရပြီ ဖြစ်သည်။
...
ထိုနေ့က ချန်ကျီရှင်းသည် ရင်းရွှမ်းရွှမ်း၏ ရင်ခွင်ထဲ၌ အိပ်ပျော်နေဟန် ဆောင်နေသော်လည်း တကယ်တမ်းမှာမူ ကိုယ်ပိုင်ကျင့်စဉ် ဖန်တီးရန်အတွက် အသည်းအသန် စဉ်းစားနေခြင်းပင်။
သူ့ဘေးနားတွင်တော့ ဖခင်ဖြစ်သူ ချန်ထျန်းလျန်က ဖခင်မေတ္တာကို အားရပါးရ ထုတ်ဖော်ပြသသည့်အနေဖြင့် ရွှေပုဆိန်၊ ငွေပုဆိန်နှင့် သံပုဆိန် ပုံပြင်ကို မမောနိုင်မပန်းနိုင် ပြောပြနေသည်။
အတိအကျပင် ထိုအချိန်၌ အစေခံတစ်ဦးက အခန်းထဲသို့ အလောတကြီး ပြေးဝင်လာခဲ့သည်။
“တတိယသခင်လေး၊ သခင်မကြီး... မျိုးနွယ်စုခေါင်းဆောင်ကြီးက သခင်လေးအကြီးဆုံးတို့အဖွဲ့ကို ခေါ်ပြီး ဒီဘက်ကို ကြွလာနေပါပြီ”
ထိုသတင်းကို ကြားလိုက်ရချိန်တွင် ချန်ထျန်းလျန်၏ မျက်လုံးများက မှေးစင်းသွားပြီး ပြောလက်စ ပုံပြင်မှာလည်း ရပ်တန့်သွားခဲ့သည်။
သူ၏ မျက်နှာအမူအရာက တဖြည်းဖြည်းနှင့် တည်ကြည်လေးနက်လာ၏။
ထိုလူ... ချန်ထျန်းရှုံဆိုတာ အကြောင်းမရှိဘဲ ဘယ်တော့မှ ပေါ်လာတတ်သူ မဟုတ်ပေ။
ချန်ထျန်းလျန် စဉ်းစားနေစဉ်မှာပင်...
ပြင်ပမှ ဟိန်းထွက်လာသော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။
“တတိယညီလေး... ငါတို့ချန်မိသားစုမှာ မျိုးဆက်သစ်လေးတစ်ယောက် တိုးလာတဲ့ ဒီလို မင်္ဂလာရှိတဲ့အချိန်မျိုးကို ငါ့ကို ဘာလို့ အကြောင်းမကြားရတာလဲ”
စကားအဆုံးတွင် လူရိပ်သုံးခုက အခန်းဝ၌ ပြိုင်တူ ပေါ်ထွက်လာခဲ့သည်။
ချန်ကျီရှင်းသည် မျက်လုံးကို အသာလေးဖွင့်ကာ ကြည့်လိုက်မိ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အရပ်အယောကျာ်းး မြင့်မားထွားကြိုင်းပြီး ဖွေးဖွေးလှုပ်နေသော ဆံပင်ဖြူများရှိသည့် သက်ကြီးရွယ်အိုတစ်ဦးပင်။ သူ၏ မျက်ခုံးတန်းများက အရှိန်အဝါ ကြီးမားလှပြီး ကြည့်လိုက်ရုံနှင့်ပင် ဩဇာအာဏာ ကြီးမားသူတစ်ဦးမှန်း သိသာလှသည်။
ဤသူကား လက်ရှိ ချန်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ကြီး ချန်တောက်ယန်ပင်။
ထို့ပြင် သူသည် လက်ရှိ ချန်းရွှမ်နယ်မြေရှိ နိဗ္ဗာန်အဆင့်ပညာရှင် အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။
သူ၏ နောက်တွင်တော့ လူနှစ်ဦး ပါလာသည်။
တစ်ဦးမှာ အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိပြီး ခန့်ညားထည်ဝါသော အမူအရာရှိကာ ချန်တောက်ယန်နှင့် ခုနစ်ပုံ ရှစ်ပုံခန့် တူညီသည့် မျက်နှာထားရှိသည်။ ဤသူကား ချန်မိသားစု၏ သားအကြီးဆုံး ချန်ထျန်းရှုံပင်။
မျိုးဆက်လေးခုအနက် ဒုတိယမျိုးဆက် တပည့်များထဲတွင် သူက အင်အားအကြီးဆုံး ဖြစ်သည်။
နောက်ဆုံးတစ်ဦးမှာမူ အသက် သုံးလေးနှစ်အရွယ်ခန့် ရှိမည့် ကလေးငယ်တစ်ဦးပင်။
အရွယ်နှင့်မမျှအောင် တည်ငြိမ်လှပြီး မျက်ဝန်းများက ကြည်လင်အေးစက်နေကာ ထူးခြားသော အရှိန်အဝါတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ပင်။
“မျိုးနွယ်စု ခေါင်းဆောင်ကြီး...”
“အစ်ကိုကြီး...”
ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့သည် ပြိုင်တူ မတ်တတ်ရပ်လိုက်ပြီး ထိုသူနှစ်ဦးကို ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။
ချန်မိသားစုတွင် အဆင့်အတန်း ခွဲခြားမှုက အလွန်ပင် တင်းကျပ်လှပြီး အကြီးဆုံးမျိုးဆက်ခွဲမှာ အမြင့်မြတ်ဆုံးဟု သတ်မှတ်ထားခြင်းပင်။
ချန်ထျန်းလျန်သည် သူ၏ အစ်ကိုကြီးအပေါ် မကျေနပ်ချက်များ ရှိနေသော်လည်း ဆုံတွေ့သည့်အခါတွင်မူ ခေါင်းငုံ့၍ အရိုအသေပေးရုံမှတစ်ပါး အခြားမရှိချေ။
ချန်တောက်ယန်က တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ဂါရဝကို ခေါင်းညိတ် တုံ့ပြန်လိုက်သည်။
ထိုစဉ် ချန်ထျန်းရှုံက အနည်းငယ် ပြုံးလိုက်ရင်း “ထျန်းလျန်... မင်း အပြင်မှာ တော်တော်လေး ဆူဆူညံညံ လုပ်နေတယ်လို့ ငါကြားတယ်။ သူများတွေရဲ့ ကောင်းကင်ဘုံရတနာတွေကို လိုက်လုနေတယ်ဆိုတာ တကယ်ပဲလား”
ချန်ထျန်းလျန် မျက်လုံးများ မှေးစင်းသွားကာ “အစ်ကိုကြီးက ကျွန်တော့်ကို အပြစ်လာပေးတာလား”
ချန်ထျန်းရှုံက ပြုံးလျက် ခေါင်းခါပြသည်။
“အပြစ်ပေးတဲ့အထိတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ ဒီလို အပြုအမူတွေက တခြားသူတွေရဲ့ ကဲ့ရဲ့စရာ ဖြစ်ကုန်တာပေါ့။ ငါတို့ချန်မိသားစုဆိုတာ ထာဝရရှင်သန်ခြင်း နယ်ပယ် ဟအထိ ရောက်ခဲ့တဲ့ မိသားစုကြီးဖြစ်ပါလျက်နဲ့ အခုတော့ ရတနာ အနည်းငယ်လေးတောင် မထုတ်ပေးနိုင်တော့ဘူးလို့ အပြောခံရမှာပေါ့”
သူက ခေတ္တမျှ ရပ်လိုက်ပြီးမှ “ဒါက ငါတို့မိသားစုကို လူရယ်စရာ ဖြစ်အောင် လုပ်နေတာပဲ မဟုတ်လား။ ဘိုးဘေးတွေကို အရှက်ခွဲရာ မရောက်ဘူးလား”
ထိုစကားကြောင့် ချန်ထျန်းလျန် နှုတ်ဆိတ်သွားရသည်။
ရင်းရွှမ်းရွှမ်း၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ ပျက်ယွင်းသွားပြီး အတင်းအကျပ် ပြုံးလိုက်ရင်း “အစ်ကိုကြီး... အစ်ကိုကြီးရဲ့ စကားတွေက နည်းနည်းတော့ ပြင်းထန်လွန်းမနေဘူးလားရှင်”
“ပြင်းထန်တယ် ဟုတ်လား”
ချန်ထျန်းရှုံက တိုက်ရိုက်ပြန်မဖြေဘဲ ချန်ထျန်းလျန်ကိုသာ ခပ်ပြုံးပြုံး ကြည့်နေရင်း “ထျန်းလျန်... မင်းရဲ့ မိသားစုကိစ္စတွေကို အခုတော့ အပြင်လူတွေကပဲ ဝင်ပြီး စီစဉ်နေကြတာလား”
ထိုစကားကို ကြားလိုက်ရချိန်တွင် ရင်းရွှမ်းရွှမ်း အားငယ်သွားရသည်။
ချန်ထျန်းရှုံ ဆိုလိုသည်မှာ သူမသည် ချန်မိသားစု၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိဟု ပေါ်ပေါ်ထင်ထင် နှိမ်ချလိုက်ခြင်းပင်။
ချန်ထျန်းလျန်သည် ဘေးနားတွင် တိတ်ဆိတ်စွာ ကြည့်နေသော ချန်တောက်ယန်ကို တစ်
ချက်လှမ်းကြည့်လိုက်ပြီး အံကြိတ်ရင်း အတင်းအကျပ် ပြုံးကာ “အစ်ကိုကြီးရဲ့ ဆုံးမစကားက မှန်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ မိသားစုရဲ့ ရတနာအားလုံးကို အစ်ကိုကြီးတို့ မျိုးနွယ်စုခွဲကပဲ ထိန်းချုပ်ထားတာလေ။ ကျွန်တော့်မှာ ရတနာတွေ ရနိုင်မယ့် လမ်းစရှိရင် ဘာလို့ အပြင်မှာ လိုက်လုနေပါ့မလဲ”
“မင်း ငါ့ကို လာတောင်းလို့ မရဘူးလား”
ချန်ထျန်းရှုံက အေးအေးလူလူ မေးလိုက်သည်။
“ကျွန်တော် လာတောင်းခဲ့ပါတယ်။ ဒါပေမဲ့ အစ်ကိုကြီးက မိသားစုထဲမှာ မရှိဘူးလေ”
“ဒါဆိုရင် ရတနာတိုက်ကို တာဝန်ယူထားတဲ့ အစေခံဆီမှာရော မတောင်းနိုင်ဘူးလား”
“တောင်းခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီအစေခံက ပြောတယ်... ရတနာအားလုံးကို ကျောက်ရှန်း အတွက်ပဲ သုံးနေတာမို့ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ရှာဖွေပါတဲ့”
“အဲဒါကြောင့် မင်းက မျိုးနွယ်စုခေါင်းဆောင်ကြီးကိုလည်း မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့တာပေါ့ ဟုတ်လား”
ချန်ထျန်းရှုံ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ အေးစက်စက်ပင် ပြောနေတော့သည်။
ချန်ထျန်းလျန် တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း...
ဘေးနားရှိ ချန်တောက်ယန်က မျက်မှောင်ကြုတ်ကာ ကြားဖြတ်ပြောလိုက်သည်။
“တော်တော့... ရတနာအနည်းငယ်အတွက်နဲ့ ဒီလောက်အထိ ငြင်းခုံမနေကြနဲ့တော့”
သူက ခေတ္တရပ်ပြီး သူ၏ဘေးမှ တည်ငြိမ်သော ကလေးငယ်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“ကျောက်ရှန်းဆိုတာ မွေးရာပါ ဘုရင်မြေပုံပါလာတဲ့သူ ငါတို့ ချန်မိသားစုရဲ့ နဂါးတစ်ကောင်ပဲ”
“ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ။ ငါတို့ မိသားစုရဲ့ နှစ်ပေါင်းထောင်ချီတဲ့ ကံကြမ္မာနဲ့ သက်ဆိုင်သလို နောက်ထပ် ထာဝရရှင်သန်ခြင်း အဆင့် ပညာရှင်တစ်ယောက် ပေါ်ထွက်လာဖို့အတွက်လည်း အဆုံးအဖြတ်ပေးမယ့်သူပဲ”
“ဒါကြောင့် မျိုးနွယ်စုရဲ့ အရင်းအမြစ်အားလုံးကို သူ့အတွက် ပုံအောပေးတာက လုံးဝကို သဘာဝကျတယ်”
ထိုသို့ပြောပြီးနောက် ချန်တောက်ယန်၏ အကြည့်က ရင်းရွှမ်းရွှမ်း၏ ရင်ခွင်ထဲမှ ချန်ကျီရှင်းဆီသို့ ရောက်ရှိသွားကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
“ကဲ... ငါ့ကို ဒီကလေးရဲ့ ပါရမီနဲ့ အရိုးအဆစ်တွေကို ကြည့်ခွင့်ပေးဦး”