အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း။ ၅
“ကဲ... လာစမ်း ဒီကလေးရဲ့ ပါရမီနဲ့ အခြေခံအရိုးအဆစ်တွေ ဘယ်လိုရှိလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးဦး”
ချန်တောက်ယန်က ထိုသို့ပြောလိုက်သည်နှင့်...
“ဒါက...”
ချန်ထျန်းလျန်နှင့် ဇနီးဖြစ်သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာထက်တွင် စိုးရိမ်တကြီး ရုန်းကန်နေရသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
ယနေ့ ပြုလုပ်မည့် ပါရမီစစ်ဆေးမှုသည် ရလဒ်ထွက်လာသည်နှင့် ကလေး၏ မိသားစုအတွင်း အဆင့်အတန်းကို ဆုံးဖြတ်ပေးတော့မည်ပင်။
၎င်းသည် သူတို့မျိုးနွယ်စုခွဲတစ်ခုလုံး၏ မိသားစုအတွင်း ရပ်တည်မှုကိုပင် ပြောင်းလဲပစ်နိုင်သည်။
အကယ်၍ ကလေး၏ အခြေခံပါရမီက ကောင်းမွန်နေပါက ပြဿနာမရှိပေ။ မိသားစု၏ အရင်းအမြစ်မျိုးစုံက အလိုအလျောက် စီးဝင်လာပေလိမ့်မည်။
အကယ်၍သာ ပါရမီက ထူးကဲလွန်းနေပါက ချန်ထျန်းရှုံ၏ မျိုးနွယ်စုခွဲကဲ့သို့ပင် ကလေးကြောင့် တစ်ရှိန်ထိုး အာဏာစက် ထက်မြက်လာနိုင်သည်။
သို့သော်လည်း... အကယ်၍ ပါရမီက မကောင်းခဲ့လျှင်မူ...
ချန်ကျီရှင်း၏ အနာဂတ်သည် မိသားစုအတွင်း မည်သည့်အဆင့်အတန်းမျှ ရှိတော့မည်မဟုတ်ဘဲ အနှိမ်ခံဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။
ရိုးရိုးလေးပြောရလျှင် ခွေးတောင် လှည့်ကြည့်မည်မဟုတ်သော ဘဝမျိုး ဖြစ်သွားပေမည်။
၎င်းသည် ချန်ကျီရှင်း၏ ကလေးဘဝ ကြီးပြင်းမှုကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကြီး... ကျီရှင်းက အခုမှ တစ်လသားပဲ ရှိသေးတာလေ ပါရမီ စစ်ဆေးဖို့ဆိုတာ နည်းနည်း စောလွန်းမနေဘူးလား”
ချန်ထျန်းလျန်က အသက်ကို ဝအောင်ရှူကာ ပြောလိုက်သည်။
သူသည် လက်ရှိတွင် ချန်ကျီရှင်းအပေါ် ကြီးကြီးမားမား မျှော်လင့်ချက် မထားသေးပေ။
သူ၏သားလေးကို နေ့စဉ်နှင့်အမျှ ပျော်ရွှင်စွာ ကြီးပြင်းစေချင်ရုံသာ ရှိသေးသည်။
“အဓိပ္ပာယ်မရှိတာ”
ချန်တောက်ယန်က မျက်မှောင်ကြုတ်ကာ ပြောလြိပ်သည်။
“တကယ်လို့ ကျီရှင်းရဲ့ ပါရမီက ကောင်းနေပါလျက်နဲ့ မင်းက အခြေခံကို မစစ်ဆေးဘဲ သူ့ဘာသာသူ လွှတ်ထားမယ်ဆိုရင် ဒါက ပုလဲလုံးကို ဖုန်တက်ခံလိုက်သလိုမျိုး အချိန်ဖြုန်းတီးရာ မရောက်ဘူးလား။ ကျင့်ကြံခြင်းလောကမှာ တစ်လှမ်းစောတာက တစ်သက်လုံး တစ်လှမ်းသာသွားတာနဲ့ အတူတူပဲဆိုတာ မင်းမသိဘူးလား အချိန်ဆိုတာ ဖြုန်းတီးလို့မရဘူး”
ထိုအရာကို မြင်လိုက်ရသည့် ချန်ထျန်းရှုံက ပြုံးလျက် ဝင်ရောက်ထောက်ခံသည်။
“မျိုးနွယ်စုခေါင်းဆောင်ကြီး ပြောတာ မှန်ပါတယ်။ ငါ့သား ကျောက်ရှန်းကို ကြည့်ပါဦး။ သူ မွေးတုန်းကတင် ထူးခြားတဲ့ နိမိတ်တွေ ဖြစ်ပေါ်ခဲ့လို့ ပါရမီကို ချက်ချင်းစစ်ဆေးခဲ့ရတယ်။ အဲဒီနောက်မှာ မိသားစုက အရင်းအမြစ်တွေ ပုံအောပေးလို့ အခုဆို သူ့ရဲ့ ကျင့်ကြံခြင်းခရီးက အဆင်ပြေချောမွေ့နေတာပေါ့”
သူက ခေတ္တရပ်ပြီးနောက် လှောင်ပြောင်သရော်သော လေသံဖြင့် ဆက်ပြောသည်။
“ဒါမှမဟုတ် တတိယညီလေးက မင်းသားရဲ့ ပါရမီက ညံ့ဖျင်းနေမှာကို ကြိုသိနေလို့ နည်းမျိုးစုံနဲ့ ကန့်ကွက်နေတာလား မပူပါနဲ့... ငါတို့မိဘတွေအတွက် ပထမဆုံး သင်ခန်းစာက ကိုယ့်သားသမီးရဲ့ သာမန်ဖြစ်မှုကို လက်ခံတတ်ဖို့ပဲလေ”
“လူတိုင်းကတော့ ငါ့သား ကျောက်ရှန်းလို ဘယ်ဖြစ်နိုင်ပါ့မလဲ။ စကားပုံတောင် ရှိတယ်မလား... ထူးချွန်မှုဆိုတာ ရှားပါးပြီး သာမန်ဖြစ်မှုကသာ ထုံးစံပါတဲ့”
စကားမဆုံးသေးခင်မှာပင်...
“တော်တော့ မျိုးနွယ်စုရဲ့ သားအကြီးဆုံး ဖြစ်ပါလျက်နဲ့ ကိုယ့်ညီအစ်ကိုကို လှောင်ပြောင်ဖို့ပဲ သိတာလား။ ဒီလိုနဲ့ ဘယ်လိုလုပ်ပြီး ကြီးကျယ်တဲ့ အလုပ်တွေကို လုပ်နိုင်မှာလဲ”
ချန်တောက်ယန်က ချန်ထျန်းရှုံကို အေးစက်စက် တစ်ချက် ကြည့်လိုက်သဖြင့် သူသည် စကားလုံးများ ထစ်ငေါ့သွားကာ ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောရဲဘဲ နှုတ်ဆိတ်သွားရတော့သည်။
သူက ထပ်ပြီး ရှင်းပြချင်နေသေးသော်လည်း...
သို့သော်လည်း ချန်တောက်ယန်က သူ့ကို ဂရုမစိုက်တော့ဘဲ အနှီးထုတ်လေးထဲက ချန်ကျီရှင်းကိုသာ ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ နူးညံ့သွားပြီးနောက်
“မင်းတို့ သိပ်ပြီး စိုးရိမ်မနေပါနဲ့။ ဒီကလေးရဲ့ ပါရမီက ဘယ်လိုပဲရှိရှိ သူက ငါတို့ ချန်မိသားစုဝင်ပဲ။ ငါတို့ရဲ့ သွေးသားပဲလေ။ အဆိုးဆုံးအခြေအနေကို တွေးကြည့်ရင်တောင်... တကယ်လို့ သူ ကျင့်ကြံခြင်းတာအိုလမ်းစဉ်ကို မလိုက်နိုင်ခဲ့ရင်တောင် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ကို တစ်သက်လုံး ချမ်းချမ်းသာသာ နေထိုင်သွားနိုင်အောင် ငါ အာမခံပါတယ်”
ဤမျှအထိ ပြောလာပြီဖြစ်ရာ ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့မှာလည်း ထပ်မံငြင်းဆန်ရန် အကြောင်းမရှိတော့ပေ။
အနှီးထုတ်ထဲရှိ ချန်ကျီရှင်းမှာမူ လူကြီးတွေ ပြောသမျှကို တည်ငြိမ်စွာ နားထောင်နေခဲ့သည်။
ဤလူများ၏ စရိုက်မှာ သူအရင်ဘဝက ကစားခဲ့သည့် ဂိမ်းထဲမှ ဇာတ်ကောင်စရိုက်များနှင့် ထူးမခြားနားလှပေ။
ယခင်ဘဝက မဟာကျင့်ကြံခြင်း ဂိမ်း၏ ဇာတ်ကွက်အရဆိုလျှင်...
အမှန်စင်စစ် မျိုးနွယ်စုခေါင်းဆောင် ချန်တောက်ယန်သည် အပြင်ပန်းတွင် ဆက်ဆံရခက်သလို ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူသည် အလွန်ပင် ဖြောင့်မတ်ပြီး အရာရာကို ရိုးရိုးသားသား ကိုင်တွယ်ဖြေရှင်းတတ်သူဖြစ်သည်။
သူ့ကို လူကောင်း သို့မဟုတ် လူဆိုးဟု တပ်အပ်မပြောနိုင်သော်လည်း မိသားစုအကျိုးအတွက်သာ ရှေ့တန်းတင် စဉ်းစားလုပ်ဆောင်တတ်သည့် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်မှာတော့ အမှန်ပင်။
သူပြောခဲ့သည့်အတိုင်းလည်း တကယ်ဖြစ်ခဲ့သည်။
ဂိမ်းထဲတွင် ချန်ကျီရှင်းတစ်ယောက် ကျင့်ကြံခြင်းလမ်းဆုံးသွားသည့်တိုင်အောင် သူသည် အမှန်တကယ်ပင် ချမ်းသာကြွယ်ဝစွာ နေထိုင်သွားခဲ့ရသည်။
နောက်ဆုံး ချန်ကျီရှင်း အသတ်ခံရချိန်မှာပင် ဤမျိုးနွယ်စုခေါင်းဆောင်ကြီး ချန်တောက်ယန်ကိုယ်တိုင် ကလဲ့စားချေရန် ကြိုးစားပေးခဲ့ဖူးသည်။
ရလဒ်ကတော့... ရှင်းပါတယ်။ ဇာတ်လိုက်ရဲ့ အရှိန်အဝါကို မယှဉ်နိုင်ဘဲ ဇာတ်လိုက်လက်ချက်နဲ့ပဲ အသက်ပျောက်ခဲ့ရတာ။
သို့သော်လည်း ချန်ထျန်းရှုံနှင့် ချန်ကျောက်ရှန်းတို့ သားအဖကို မြင်လိုက်ရချိန်တွင်မူ ချန်ကျီရှင်း၏ အကြည့်များက အေးစက်သွားခဲ့သည်။
ဂိမ်းဇာတ်ကွက်ထဲတွင် ဖခင်ဖြစ်သူ ချန်ထျန်းလျန် ဘဝပျက်သွားပြီးနောက် သူတို့မိသားစုကို ချန်ထျန်းရှုံတို့ သားအဖက မည်သို့နှိမ်ချခဲ့ကာ မည်သို့ လှောင်ပြောင်ခဲ့သည်ကို သူ အသေအချာ မှတ်မိနေသည်။
ချန်ကျီရှင်းတစ်ယောက် လမ်းမှားရောက်ပြီး ကံဆိုးမိုးမှောင်ကျခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာလည်း ချန်ထျန်းရှုံတို့ မိသားစု၏ ဖိနှိပ်မှုများကြောင့်ပင်။
ဤအချက်ကပင် ချန်ကျီရှင်း၏ စိတ်ထဲရှိ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲစေခဲ့သည်။
မူလကတော့ သူသည် အရင်ဘဝက ဝတ္ထုအချို့ထဲက ဇာတ်လိုက်များကဲ့သို့ပင် ဘေးလူတွေရဲ့ အနှိမ်ခံ၊ အပြောအဆိုခံရင်း ကိုယ်ကိုကိုယ် ဖုံးကွယ်ကာ အေးအေးဆေးဆေး ကြီးပြင်းလာရန် ကြံစွယ်ထားခြင်း ဖြစ်သည်။
အရေးကြီးသည့် အချိန်မှသာ သူ၏ စွမ်းရည်အစစ်အမှန်ကို ထုတ်ပြပြီး လူသိမခံဘဲ နေထိုင်သွားရန်ပင်။
နောက်ဆုံး ကျင့်ကြံခြင်း အထွတ်အထိပ် ရောက်မှသာ တစ်ပွဲတည်းနှင့် နာမည်ကျော်အောင် လုပ်ပြီး...
ဘေးကလူတွေရဲ့ အံ့ဩတုန်လှုပ်ခြင်း၊ မယုံနိုင်ခြင်း၊ ထိတ်လန့်သွားခြင်းနှင့် ဒီအသုံးမကျတဲ့ကောင်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဆိုသည့် တုံ့ပြန်မှုများကို ကြည့်ကာ ကျေနပ်နေရန် စဉ်းစားခဲ့သည်။
ဤသို့သော ဇာတ်ကွက်ဟောင်းများကို အရင်ဘဝက စာဖတ်ပရိသတ်ဟောင်းတစ်ဦးအနေဖြင့် သူ အလွန်ပင် ရင်းနှီးပြီးသား ဖြစ်သည်။
စကားလုံး သုံးလုံးတည်းနှင့် ပြောရလျှင် မြင်သာလွန်းတယ်ပေါ့…
သို့သော် ချန်ကျီရှင်း ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသည်။
ပါရမီအပေါ် မူတည်ပြီး အရင်းအမြစ်တွေကို လုယူနေရတဲ့ ဒီလိုနေရာမျိုးမှာ...
ထူးကဲတဲ့ ပါရမီ ရှိပါလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး ဆင်းဆင်းရဲရဲ နေထိုင်သွားမယ် ဟုတ်လား။
ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေကို စားသုံးခွင့်ရှိပါလျက်နဲ့ စားကြွင်းစားကျန်တွေကို လိုက်စားနေမယ် ဟုတ်လား။
ပြီးတော့မှ တခြားသူတွေက မျက်စိမရှိဘူးလို့ အပြစ်တင်တာ။ ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းတဲ့ လူတစ်ယောက်လို ဟန်ဆောင်နေတာ။ နောက်ဆုံးမှာ ကိုယ့်မိဘတွေပါ အနှိမ်ခံရအောင် လုပ်တာကတော့... တကယ်ကို အဓိပ္ပာယ်မရှိတဲ့ အလုပ်ပဲ။
ဒါကြောင့် ငါ ဆုံးဖြတ်လိုက်ပြီ။
ဟန်ဆောင်မနေတော့ဘူး။ ငါ့ရဲ့ အစွမ်းအစတွေကို အကုန်ချပြတော့မ
ဒီတစ်ခါတော့ အကြီးအကျယ် ပွဲထုတ်တော့မှာကွ…
...
ချန်ကျီရှင်းတစ်ယောက် စိတ်ပိုင်းဖြတ်နေစဉ်မှာပင်...
ချန်တောက်ယန်က သူ၏ ညာဘက်လက်ဝါးကို လှန်လိုက်ပြီး ရှေးဟောင်းအမှတ်အသား ၁၀ ခု ထွင်းထုထားသည့် ကျောက်စိမ်းပြားတစ်ခုကို ချန်ကျီရှင်း၏ နဖူးပေါ်သို့ တင်လိုက်သည်။
၎င်းမှာ ပါရမီနှင့် အခြေခံအရိုးအဆစ်များကို စမ်းသပ်သည့် ရိုးရှင်းသော စမ်းသပ်ကျောက်ပင်။
စမ်းသပ်ပုံစံမှာလည်း ရိုးရှင်းလှသည်။
ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ကြော ပိတ်ဆို့မှု ဘယ်နှစ်ခု ရှိနေသလဲဆိုတာကို စစ်ဆေးခြင်းပင်။
ပိတ်ဆို့မှု နည်းလေလေ ပါရမီ မြင့်မားလေလေ ဖြစ်၏။
ပိတ်ဆို့မှု နည်းပါးခြင်းက နောင်အနာဂတ် ကျင့်ကြံခြင်း အရှိန်အဟုန်ကို မြန်ဆန်စေပြီး ပိုမိုမြင့်မားသော အောင်မြင်မှုများကို ရရှိစေမည်ပင်။
ဖူး…
ဆန်းကြယ်လှသော ဝါရွှေရောင် အလင်းတန်းတစ်ခုသည် ချန်ကျီရှင်း၏ နဖူးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။
ထိုအရာကို မြင်လိုက်ရသည့် ချန်ထျန်းလျန်နှင့် ဇနီးဖြစ်သူတို့မှာ ချက်ချင်းပင် ရင်တထိတ်ထိတ် ဖြစ်သွားကြရသည်။
ဤအခိုက်အတန့်ကို သူတို့သားအဖအတွက် ရှင်မလား၊ သေမလား ဆုံးဖြတ်မည့် အချိန်ဟု ပြောလျှင်ပင် လွန်မည်မထင်ချေ။
“သားကြီး... အားတင်းထားစမ်း”
“သားလေးရေ... ဖေဖေရဲ့ နောင်ရေးက သားအပေါ်မှာပဲ မူတည်နေပြီနော်”
ချန်ထျန်းလျန်၏ လက်ဖဝါးများတွင် ချွေးများ စို့လာပြီး သူ၏ မျက်နှာမှာလည်း စိုးရိမ်စိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားရသဖြင့် တင်းမာနေသည်။
ရင်းရွှမ်းရွှမ်းကမူ မျက်လုံးများကို မှိတ်ကာ လက်အုပ်ချီလျက် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။
နတ်မင်းကြီးတို့ရယ်... ကျွန်မရဲ့ ကျီရှင်းလေးကို စောင့်ရှောက်ပေးကြပါ။
ကျီရှင်းရဲ့ ပါရမီကို ထိပ်တန်းအဆင့် ဖြစ်ဖို့ ကျွန်မ မတောင်းဆိုပါဘူး။ သိပ်ပြီးတော့ မညံ့ဖျင်းဖို့နဲ့ သူလေး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းနိုင်ဖို့ပဲ ဆုတောင်းပါတယ်။
ဘေးနားရှိ ချန်ထျန်းရှုံကမူ အေးအေးလူလူပင်။
အကယ်၍ ချန်ကျီရှင်း၏ ပါရမီက ညံ့ဖျင်းနေပါက သူသည် အလွန်ဝမ်းသာမိမည်ဖြစ်ပြီး ချန်ထျန်းလျန်၏ မျိုးနွယ်စုခွဲကို ထပ်မံနှိမ်ချရန် အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်သည်။
တကယ်လို့ ချန်ကျီရှင်းရဲ့ ပါရမီက ကောင်းနေခဲ့ရင်ကော...
ဒါက ဘာဖြစ်မှာလဲ။
ငါ့သား ကျောက်ရှန်းကို ကျော်နိုင်ပါ့မလား။
ဘေးနားရှိ ကလေးငယ် ချန်ကျောက်ရှန်းကမူ သူ၏ မျက်နှာထက်တွင် စူးစမ်းလိုစိတ် အနည်းငယ်ဖြင့် ကြည့်နေသည်။
သူကိုယ်တိုင်လည်း သိချင်နေခဲ့သည်။
သူ့ဖခင်၏ ပြိုင်ဘက်ထံမှ မွေးဖွားလာသော ကလေးငယ်က ဘယ်လောက်အထိ ပါရမီရှိလောက်မလဲ။
အားလုံး၏ စိတ်ကူးအတွေးများ အသီးသီး ကွဲပြားနေကြစဉ်မှာပင်...
ရှူး…
စမ်းသပ်ကျောက်စိမ်းပြားပေါ်ရှိ မှိန်ဖျော့နေသော မျဉ်းကြောင်းဆယ်ကြောင်းအနက် တစ်ကြောင်းမှာ တဖြည်းဖြည်း လင်းထိန်လာခဲ့သည်။
“ဆယ်ပုံတစ်ပုံ”
ချန်တောက်ယန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့မှာ အနည်းငယ်မျှ သက်ပြင်းချနိုင်ခဲ့ကြသည်။
ယင်းမှာ အနည်းဆုံးတော့ ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ကြော ဆယ်ပုံတစ်ပုံမှာ ပိတ်ဆို့မှုမရှိဘဲ ပွင့်နေသည်ဟု အဓိပ္ပာယ်ရသည်။ ဤပါရမီမှာ အလွန်ညံ့ဖျင်းလှသည်ဟု ပြောနိုင်သော်လည်း ကျင့်ကြံ၍ လုံးဝမရနိုင်သော သာမန်ခန္ဓာကိုယ်များထက်စာလျှင် ပိုကောင်းသေးသည်။
အနည်းဆုံးတော့ သူတို့သားလေးသည် နောင်အနာဂတ်တွင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ပေတော့မည်။
သို့သော်လည်း လူတိုင်း တုံ့ပြန်မှုမပေးနိုင်သေးခင်မှာပင်...
ရှူး... ရှူး
စမ်းသပ်ကျောက်စိမ်းပြားပေါ်တွင် နောက်ထပ် မျဉ်းကြောင်းနှစ်ကြောင်းမှာ ရုတ်တရက် ထပ်မံလင်းထိန်လာပြန်သည်။
“ဆယ်ပုံသုံးပုံ အောက်ခြေအဆင့်”
ချန်တောက်ယန်က အနည်းငယ် ခေါင်းညိတ်ပြပြန်သည်။
ဝိညာဉ်ကြော ဆယ်ပုံသုံးပုံ ပွင့်နေတာလား။
ဒါက ကျင့်ကြံခြင်းလောကထဲက ကျင့်ကြံသူအများစုမှာ ရှိတတ်တဲ့ အခြေခံပါရမီမျိုးပဲ။
ဆိုလိုသည်မှာ ချန်ကျီရှင်းက အောင်မှတ်ကို ရရှိသွားပြီ ဖြစ်သည်။
ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရင်ထဲက အလေးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သားလေးသာ ဆယ်ပုံသုံးပုံ ပွင့်နေမည်ဆိုလျှင် သူတို့အနေဖြင့် ကျေနပ်နေပြီဖြစ်သည်။
ဝိညာဉ်ကြော ဆယ်ပုံသုံးပုံသာ ပွင့်နေမည်ဆိုလျှင် သူတို့ဇနီးယောကျာ်းနှံ၏ အစွမ်းကုန် ကြိုးစားအားထုတ်မှုများဖြင့် ချန်ကျီရှင်း၏ အနာဂတ်အောင်မြင်မှုမှာ အလွန်အမင်း နိမ့်ကျနေမည် မဟုတ်ပေ။
“တတိယညီလေးရာ... ဆယ်ပုံသုံးပုံလေးနဲ့တင် မင်းက ကျေနပ်နေတာလား ငါ့သား ကျောက်ရှန်းတုန်းက ဆယ်ပုံကိုးပုံအထိ ပွင့်ခဲ့တာလေ။ ရှေးဟောင်းသူတော်စင်ခန္ဓာနဲ့...”
ချန်ထျန်းရှုံက ထိုသို့ပြောရင်း လှောင်ပြောင်သရော်လိုက်သည်။
အနှီးထုတ်ထဲရှိ ချန်ကျီရှင်းကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်မိသည်။
ဟုတ်ပါတယ်။ အစီအစဉ်က အကြီးအကျယ် ပွဲထုတ်ဖို့ မဟုတ်လား။ ဆယ်ပုံသုံးပုံဆိုတာ အစပြုရုံပဲ ရှိသေးတာလေ။
နောက်တစ်ခဏမှာတော့ ချန်ကျီရှင်းသည် သဘာဝအတိုင်း မူလအစဦး တာအိုကျမ်းကို တိတ်တဆိတ် လှည့်ပတ်လိုက်တော့သည်။
ဝုန်း…
စမ်းသပ်ကျောက်စိမ်းပြားကြီးဆီမှ မျက်စိကျိန်းမတတ် ပြင်းထန်လှသော အဖြူရောင်
အလင်းတန်းကြီး တစ်ဟုန်ထိုး ပေါက်ကွဲကာ ထွက်ပေါ်လာတော့သည်။
အခန်း။ ၆
စတုတ္ထမြောက် မျဉ်းကြောင်း။
ပဉ္စမမြောက် မျဉ်းကြောင်း။
ဆဋ္ဌမမြောက် မျဉ်းကြောင်း။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုရှေးဟောင်း ကျောက်စိမ်းပြားထက်၌ ရှေးဟောင်း အမှတ်အသား သုံးခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ စူးရှတောက်ပလှသော အလင်းတန်းများကြောင့် ခန်းမဆောင်ကြီးတစ်ခုလုံးမှာ နေ့ခင်းကြောင်တောင်ကဲ့သို့ လင်းထိန်သွားရသည်။
"ဟင်..."
ချန်တောက်ယန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီးနောက် သူ၏ မျက်နှာထက်တွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
ရှေးဟောင်း အမှတ်အသား ခြောက်ခု။
ယင်းမှာ ချန်ကျီရှင်း၏ ပါရမီသည် လူ့ဘောင်အဖွဲ့အစည်း၏ မဏ္ဍိုင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။ မဏ္ဍိုင်ဟူသော အသုံးအနှုန်းမှာ သာမန်အဆင့်ကို ဆိုလိုခြင်းမဟုတ်ဘဲ အားကိုးအားထားပြုထိုက်သည့် ပင်မအမာခံအဆင့်ကို ဆိုလိုခြင်းပင်။
ထိုသို့သော ပါရမီမျိုးရှိသည့် ကျင့်ကြံသူတစ်ဦးသည် ပါရမီရှင်ထူးကဲအဆင့်မဟုတ်သေးလျှင်
ပင် မည်သည့်ဂိုဏ်းဂဏ၊ မည်သည့်မျိုးနွယ်စုတွင်မဆို ထိပ်တန်းတပည့်အဖြစ် အသေအချာ မြေတောင်မြှောက်ပေးခြင်း ခံရမည်ဖြစ်သည်။
ထို့ပြင် အမှတ်အသား ခြောက်ခုဟူသည်မှာ မဏ္ဍိုင်အဆင့်များထဲတွင်ပင် အလွန်ထူးချွန်သော အနေအထား ဖြစ်သည်။ ခုနစ်ခုမြောက် အမှတ်အသားဖြစ်သည့် ပါရမီရှင်အဆင့်သို့ ရောက်ရှိရန်အတွက် တစ်ခုတည်းသာ လိုတော့သည်။
"ဟားဟားဟား... ငါ့သားက အမှတ်အသား ခြောက်ခုတောင် ပါတာဟေ့"
ချန်ထျန်းလျန်သည် အားရပါးရ အော်ဟစ်ရယ်မောတော့သည်။ ရင်းရွှမ်းရွှမ်းသည်လည်း လက်သီးကို တင်းတင်းဆုပ်ထားရင်း အလွန်အမင်း စိတ်လှုပ်ရှားနေပုံပင်။
အမှန်စင်စစ် ထာဝရရှင်သန်ခြင်း မိသားစု တစ်ခု၏ အနွယ်ဝင်များအနေဖြင့် အမှတ်အသား ခြောက်ခုဆိုသည်မှာ ထူးဆန်းသောအရာ မဟုတ်ပေ။ သူတို့သည် ထိုသို့သော အဖြစ်အပျက်များကို အများအပြား မြင်တွေ့ခဲ့ဖူးသည်။ အထူးသဖြင့် စစ်မှန်သောကိုယ်ပွားအဆင့် ပညာရှင်ဖြစ်သည့် ချန်ထျန်းလျန်အတွက်မူ လူပေါင်းများစွာကို မြင်ဖူးခဲ့ပြီးသားဖြစ်သည်။
သို့သော်လည်း မိဘမေတ္တာဟူသော မှန်ဘီလူးဖြင့် ကြည့်လိုက်သည့်အခါတွင်မူ သူတို့သားလေး၏ ဤရလဒ်က အမြင့်ဆုံးအဆင့်အထိ ကျေနပ်ပီတိဖြစ်စရာ ဖြစ်နေတော့သည်။
"အမှတ်အသား ခြောက်ခုလေးနဲ့များ ဘာများ ထူးခြားနေလို့လဲ..."
ချန်ထျန်းရှုံက မနေနိုင်ဘဲ နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ပြန်သည်။
ဖြတ်ခနဲ…
ချန်တောက်ယန်သည် ချန်ထျန်းရှုံ၏ ခေါင်းနောက်စေ့ကို လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်ပြီး ငေါက်ငမ်းလေတော့သည်။
"မင်းပါးစပ်က သိုးမွှေးဘောင်းဘီဂွလိုပဲ။ အရာရာကို လိုက်ပြီး မှတ်ချက်ပေးနေရမှလား အမြင်အာရုံလည်း မရှိဘူး။ ဒီလိုနဲ့များ မိသားစုကို ဦးဆောင်နိုင်ပါ့မလား"
ချန်ထျန်းရှုံ : "..."
ကျွန်တော်... ကောင်းကင်ကြီးပဲ သိမှာပေါ့။ အရင်တုန်းက ချန်ထျန်းလျန်သာ ကျွန်တော့်ကို
အမြဲတမ်း ပစ်မှတ်ထားမနေဘဲ အစ်ကိုကြီးတစ်ယောက်လို အသိအမှတ်ပြုခဲ့ရင် ကျွန်တော်
လည်း ဒီလို ဖြစ်နေပါ့မလား။
အားလုံး၏ အမျိုးမျိုးသော အမူအရာများကြားတွင် အသက်သုံးနှစ်အရွယ် ချန်ကျောက်ရှန်း တစ်ဦးတည်းသာ အစအဆုံး တည်ငြိမ်အေးစက်နေခဲ့သည်။
သို့သော် လူတိုင်း တုံ့ပြန်မှုမပေးနိုင်သေးခင်မှာပင် ထိုရှေးဟောင်း ကျောက်စိမ်းပြားပေါ်တွင်မူ...
ရှေးဟောင်းအမှတ်အသား ခုနစ်ခုမြောက်က ရုတ်တရက် ဝင်းခနဲ လင်းထိန်လာခဲ့သည်။
"ရှေးဟောင်းအမှတ်အသား ခုနစ်ခုလား"
ချန်တောက်ယန်၏ မျက်နှာထက်တွင် အနည်းငယ်မျှ ပြုံးရွှင်သော အရိပ်အယောင် ပေါ်ထွက်လာပြီး ပထမဦးဆုံးအကြိမ်အဖြစ် "မဆိုးဘူး" ဟု ချီးမွမ်းစကား ပြောလိုက်သည်။
"ရှေးဟောင်းအမှတ်အသား ခုနစ်ခုဆိုတာ ရရှိဖို့ တော်တော်လေး ခက်ခဲတဲ့အဆင့်ပဲ။ မိသားစုကသာ စနစ်တကျ မြေတောင်မြှောက်ပေးမယ်ဆိုရင် နောင်အနာဂတ်မှာ ဩဇာအာဏာရှိတဲ့ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်"
"ငါတို့ရဲ့ ကျောက်ရှန်းအတွက်လည်း နောင်တစ်ချိန်မှာ အားကိုးရမယ့် လက်ရုံးတစ်ဆူ တိုးလာတာပေါ့"
သို့သော်လည်း ခုနစ်ခုမြောက်သော အမှတ်အသား လင်းထိန်သွားပြီးသည်နှင့် တစ်ပြိုင်နက်...
မှိန်ဖျော့နေသော ရှစ်ခုမြောက် အမှတ်အသားသည်လည်း ထပ်မံ၍ အားကောင်းစွာ လင်းလက်လာပြန်သည်။
ထိုအခိုက်အတန့်၌ ချန်တောက်ယန်၏ မျက်သူငယ်အိမ်တို့ သိသိသာသာ ကျုံ့ဝင်သွားခဲ့ရသည်။
ရှေးဟောင်းအမှတ်အသား ရှစ်ခုဟူသည်ကား နဂါးနှင့် ဖီးနစ်ကဲ့သို့ပင် အနှိုင်းမဲ့သော ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားခြင်းပင်။ မည်သည့်ဂိုဏ်းဂဏ သို့မဟုတ် မည်သည့်မျိုးနွယ်စုတွင်မဆို ထိပ်တန်းအဆင့်၌သာ ရှိပေလိမ့်မည်။
ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့မှာမူ ခေတ္တမျှ ဆွံ့အသွားကြပြီးနောက် မျက်နှာထက်တွင် အတိုင်းအဆမရှိသော ပီတိလှိုင်းများ လွှမ်းမိုးသွားတော့သည်။
"ဟဲဟဲဟဲ... ငါ ချန်ထျန်းလျန်ရဲ့ သားက ရှေးဟောင်းအမှတ်အသား ရှစ်ခုတောင် ပါတာလား"
ချန်ထျန်းလျန်၏ ပါးပြင်နှစ်ဖက်မှာ နီမြန်းလာပြီး ရင်ထဲ၌ တင်းကျပ်နေသမျှ အရာအားလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရကာ ကောင်းကင်ကြီးကို မော်ကြည့်၍ အားရပါးရ အော်ဟစ်လိုက်ချင်စိတ်ပင် ပေါက်လာတော့သည်။
ရှေးဟောင်းအမှတ်အသား ရှစ်ခု။
ယင်းမှာ ဤကလေးငယ်သည် နောင်အနာဂတ်တွင် ကြီးမားသော အဟန့်အတားများနှင့် မတွေ့ကြုံရသရွေ့ စစ်မှန်သောကိုယ်ပွားအဆင့်သို့ ဧကန်မုချ ရောက်ရှိမည်ဟု ဆိုလိုခြင်းပင်။ ဤလောကတွင် ဖခင်တစ်ဦးအနေဖြင့် မိမိ၏ရင်သွေး အောင်မြင်မှုကို ကိုယ်တိုင်မျက်မြင်တွေ့ရခြင်းထက် ပို၍ ကျေနပ်စရာကောင်းသော အရာ ရှိပါဦးမလား။
ထို့နောက် သူသည် ဘေးဘက်၌ မျက်နှာပျက်လျက် တောင့်တောင့်ကြီး ရပ်နေသော ချန်ထျန်းရှုံကို မျက်လုံးထောင့်မှ တစ်ချက်လှမ်းကြည့်လိုက်ပြီး ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားမိသည်။
မင်းက မင်းသားကို အကြောင်းပြပြီး ငါ့ကို နေ့တိုင်း နှိမ်ချင်နေတာ မဟုတ်လား။
အခုတော့ အားရစရာပဲဟေ့။
နောက်တစ်ခဏတွင် သူသည် စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး ချန်ကျီရှင်းကို ကြည့်ကာ ပို၍ ရဲတင်းသော အတွေးတစ်ခု ဝင်လာပြန်သည်။
သားကြီး... နောက်ထပ် နည်းနည်းလောက် ထပ်တိုးလို့ မရဘူးလား... နည်းနည်းလောက်ပဲ...
ဖေဖေရဲ့ နောင်ရေးချမ်းသာမှုက သားအပေါ်မှာပဲ မူတည်နေပြီနော်…
ထိုအချိန်တွင် ချန်တောက်ယန်က နူးညံ့စွာ ပြုံးလိုက်ပြီး "ကောင်းတယ်... အရမ်းကောင်းတယ်... မိသားစုတစ်ခုတည်းမှာ ပါရမီရှင်နှစ်ယောက်တောင် ပေါ်ထွန်းလာပြီ။ ငါတို့ ချန်မိသားစုမှာချီလင်ရတနာနှစ်ပါးတောင် ရှိနေပြီဆိုမှတော့ မိသားစု မကြီးပွားမှာကို ဘာကြောင့် စိုးရိမ်နေရဦးမှာလဲ" ဟု ပြောလြိပ်သည်။
ဤအခိုက်အတန့်၌ ချန်တောက်ယန်သည် မကြာမီကာလအတွင်း ချန်ကျောက်ရှန်းနှင့် ချန်ကျီရှင်းတို့ ညီအစ်ကိုနှစ်ဦး အတူတကွ တောက်ပလာမည့် မြင်ကွင်းကိုပင် စိတ်ကူးယဉ်နေမိတော့သည်။
သို့သော်လည်း အရာအားလုံးမှာ ဤမျှနှင့် မပြီးဆုံးသေးပေ။
ချန်ကျီရှင်းအနေဖြင့် အကြီးအကျယ် ပွဲထုတ်ရန် ဆုံးဖြတ်ထားပြီးမှတော့ ဤအဆင့်မှာတင် ရပ်တန့်နေမည် မဟုတ်ပေ။
ဝုန်း…
ကိုးခုမြောက်သော ရှေးဟောင်းအမှတ်အသားက ရုတ်ချည်းပင် စူးရှတောက်ပသော အလင်းတန်းများအဖြစ် ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့သည်။
ထိုရှေးဟောင်း ကျောက်စိမ်းပြားထက်မှ တစ်ဟုန်ထိုး ထိုးထွက်သွားသော အလင်းတန်းသည် အားမာန်အပြည့်ဖြင့် စီးဆင်းနေသော မြစ်ကြီးတစ်စင်းနှင့်နှိုင်းရာ၏။ နေနှင့်လကိုပင် ဇေယျတုပြုလျက် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားသော ထိုအလင်းတန်းက မျက်တောင်တစ်ခတ်အတွင်းမှာပင်...
တစ်မျိုးနွယ်စုလုံးရှိ လူအပေါင်းတို့သည် တစ်စုံတစ်ခုကို အာရုံခံမိကြသဖြင့် သူတို့လုပ်ဆောင်နေသမျှကို ရပ်တန့်လိုက်ကြပြီး ကောင်းကင်ယံသို့ မြင့်မားစွာ ထိုးတက်သွားသော စူးရှသည့် အလင်းသက်တံ့ကြီးကို မော်ကြည့်လိုက်မိကြသည်။
"ဒါက... ဒါက ဘာလဲ..."
လူအပေါင်းတို့၏ ပါးစပ်များမှာ အံ့အားသင့်မှုကြောင့် တဖြည်းဖြည်း ဟစိဟစိဖြင့် ပွင့်အာသွားကြရသည်။
ကြီးမားသော ခန်းမဆောင်ကြီးအတွင်း၌မူ...
ကိုးခုမြောက်သော ရှေးဟောင်းအမှတ်အသား လင်းထိန်သွားသည့် အခိုက်အတန့်တွင် ချန်တောက်ယန် ဖြစ်စေ၊ ချန်ထျန်းရှုံ ဖြစ်စေ၊ ချန်ထျန်းလျန်နှင့် ဇနီးဖြစ်သူ ဖြစ်စေ လူတိုင်း၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြပြီး အံ့ဩတုန်လှုပ်မှုကို မထိန်းချုပ်နိုင်ဘဲ အသက်ရှူသံများပင် ပြတ်တောင်းသွားကြရသည်။
"အို... ဘုရားရေ... ကိုးခု... အမှတ်အသား ကိုးခုတောင်လား..."
ရင်းရွှမ်းရွှမ်းသည် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိပြီး လှပသော မျက်ဝန်းအစုံမှာလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ရှေးဟောင်းအမှတ်အသား ကိုးခု။
ယနေ့ခေတ် ချန်းရွှမ်နယ်မြေတစ်ခုလုံးတွင် အမှတ်အသား ကိုးခု ပိုင်ဆိုင်ထားသူဟူသည်မှာ အလွန်တရာ ရှားပါးလှသည်။ ဤသို့သောသူကို တစ်နယ်မြေလုံးက ကောင်းကင်ဘုံ၏ ရွေးချယ်ခံဟုပင် သမုတ်ကြ၏။ ယင်းမှာ ကောင်းကင်ဘုံ၏ အမိန့်တော်ကို ပိုင်ဆိုင်ထားပြီး အတိုင်းအဆမရှိသော ကံတရားနှင့် ပြည့်စုံသူ၊ ကောင်းကင်နှင့် မြေကြီး၏ အချစ်တော်သားလေးဟုပင် ပြောနိုင်သည်။
"ငါ့သား... ချန်ကျီရှင်းက အမှတ်အသား ကိုး... ကိုးခုတောင် ရှိတာလား"
ချန်ထျန်းလျန်၏ မျက်သူငယ်အိမ်တို့မှာ ကျယ်ပြန့်သွားပြီး မျက်နှာအမူအရာမှာလည်း ဆွံ့အသွားခဲ့ရသည်။ သူသည် အနှီးထုတ်အတွင်း၌ အိပ်ပျော်နေဟန်ရှိသော ချန်ကျီရှင်းကို ကြည့်ကာ စိတ်ထဲတွင် အဆက်မပြတ် အုန်းအုန်းကျွက်ကျွက် ဖြစ်နေတော့သည်။
ငါ... ချန်ထျန်းလျန်က ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံ တစ်ဦးကို မွေးဖွားပေးခဲ့တာလား။
သူသည် ကိုယ်ကိုကိုယ် မယုံကြည်နိုင်သဖြင့် မျက်လုံးများကိုပင် ပွတ်သပ်ကြည့်မိသည်။ သူသည် ယခင်က စိတ်ကူးထဲတွင်သာ ယောင်ယမ်းမျှော်လင့်ခဲ့ဖူးသော်လည်း တကယ်တမ်း ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ယခုမူ တကယ်ကြီး ကိုးခုမြောက် အမှတ်အသားအထိ ရောက်သွားခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ သူက ဘယ်လိုဖြစ်လို့ အမှတ်အသား ကိုးခုအထိ ရှိနေရတာလဲ ဒီရှေးဟောင်း ကျောက်စိမ်းပြားကြီး မှားနေတာများလား"
ချန်ထျန်းရှုံက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ အကြည့်များက ချန်ကျီရှင်းဆီသို့ ရောက်သွားကာ မျက်နှာတစ်ခုလုံးလည်း နီမြန်းလာတော့သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ ငေးငိုင်နေသော ချန်ထျန်းလျန်သည် ချက်ချင်း သတိဝင်လာပြီး ခက်ထန်သော လေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
"ရှေးဟောင်း ကျောက်စိမ်းပြားက မှားနေတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ မင်းသားကျတော့ အမှတ်အသား ကိုးခု ရှိနိုင်ပြီး ငါ့သားကျတော့ ဘာလို့ မရှိနိုင်ရမှာလဲ"
ချန်ထျန်းရှုံက တစ်စုံတစ်ခုကို ထပ်မံပြောဆိုရန် ပြင်လိုက်သော်လည်း...
"တော်တော့"
ချန်တောက်ယန်၏ တည်ကြည်လေးနက်လှသော ဟိန်းသံကြီး ထွက်ပေါ်လာသည်။ သူ၏ မျက်နှာအမူအရာမှာလည်း မည်သူမျှ မသိလိုက်မီမှာပင် အလွန်အမင်း တည်ကြညလေးနက်သွားခဲ့၏။
ပထမဦးစွာ သူသည် လက်ဟန်တစ်ခုကို ဖော်ဆောင်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်ရာ ဖြစ်ပေါ်နေသော နိမိတ်လက္ခဏာ အပေါင်းတို့မှာ ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။
ထို့နောက် သူသည် အနှီးထုတ်အတွင်းရှိ ချန်ကျီရှင်းကို ငုံ့ကြည့်လိုက်မိ၏။ သူ၏ တည်ငြိမ်လှသော မျက်နှာအမူအရာအောက်တွင်မူ လှိုင်းတံပိုးထန်နေသော စိတ်လှုပ်ရှားမှုတို့ ကိန်းအောင်းနေသည်။
သူသည် စိတ်ထဲမှ စကားလေးခွန်းကိုသာ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
"ကောင်းကင်ဘုံက ချန်မိသားစုကို မစပြီပဲ"
ချန်ကျောက်ရှန်းပြီးနောက် ချန်မိသားစုတွင် အမှတ်အသား ကိုးခု ပိုင်ဆိုင်သူ နောက်တစ်ဦး ထပ်မံပေါ်ထွန်းလာခဲ့သည်။
ချန်ကျောက်ရှန်းကဲ့သို့ အမှတ်အသား ကိုးခုအပြင် ဘုရင်မြေပုံပါ မွေးရာပါ ပါလာသည်မျိုး မဟုတ်သော်လည်း အမှတ်အသား ကိုးခုတည်းနှင့်ပင် ဤကလေးငယ်၏ အနာဂတ် အောင်မြင်မှုမှာ အတိုင်းအဆမရှိနိုင်တော့ချေ။
နောင်တစ်ချိန်တွင် ထာဝရရှင်သန်ခြင်းအဆင့်ကိုပင် လှမ်းကိုင်နိုင်မည့် အခွင့်အလမ်း အနည်းငယ် ရှိနေသည်။
"ဒီနေ့ကိစ္စကို ဘယ်သူမှ အပြင်ကို ပေါက်ကြားလို့မဖြစ်ဘူး နားလည်ကြလား"
ချန်တောက်ယန်သည် အသက်ကို ဝအောင်ရှူကာ လေးနက်သော အမူအရာဖြင့် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
မိသားစုတစ်ခုတည်းမှ အမှတ်အသား ကိုးခု ပိုင်ဆိုင်သူ နှစ်ဦး ပြိုင်တူ ပေါ်ထွက်လာခြင်း
ဤသတင်းသာ ပေါက်ကြားသွားပါက တစ်ခုလုံးသော ကျင့်ကြံခြင်းလောကတွင် ကြီးမားသော တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထိုအခါမျိုးတွင် မည်သို့သော အန္တရာယ်များ ကျရောက်လာမည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ချေ။
အမှန်စင်စစ် ချန်မိသားစုတွင် ရန်သူဟူသည် မရှိသည်မဟုတ်ပေ။
ရန်သူများအနေဖြင့် ဆုတ်ယုတ်နေသော ချန်မိသားစု တစ်ဖန် ပြန်လည်ဦးမော့လာသည်ကို မည်သို့မျှ ကြည့်ရက်ကြမည်မဟုတ်ပေ။
အကယ်၍ အမှတ်အသား ကိုးခု ပိုင်ဆိုင်သူမှာ ချန်ကျောက်ရှန်း တစ်ဦးတည်းသာဆိုလျှင် ထိုရန်သူများက အောင့်အည်းသည်းခံနေကြဦးမည် ဖြစ်သော်လည်း ချန်မိသားစုတွင် ပါရမီရှင်နှစ်ဦး ပေါ်ထွန်းလာသည့်သတင်း ပျံ့နှံ့သွားပါကမူ ထိုရန်သူများမှာ ချက်ချင်းပင် စုစည်းမိသွားကြပြီး ချန်မိသားစုကို အစွမ်းကုန် တိုက်ခိုက်ချေမှုန်းကြပေလိမ့်မည်။
အချိန်တို့မှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။
ခန်းမဆောင်ကြီးအတွင်းရှိ လူအားလုံးသည် စမ်းသပ်ကျောက်စိမ်းပြားပေါ်မှ နောက်ဆုံးကျန်ရှိနေသော မှိန်ဖျော့သည့် အမှတ်အသားကိုသာ အာရုံစူးစိုက်၍ စောင့်ကြည့်နေမိကြသည်။
သို့သော် နှမြောစရာကောင်းလှသည်မှာ အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးသည်အထိ စောင့်ဆိုင်းခဲ့သော်လည်း ထိုနောက်ဆုံးအမှတ်အသားမှာ တစ်ဖန် ပြန်လည်လင်းထိန်လာခြင်း မရှိတော့ချေ။
ချန်တောက်ယန်သည် ချန်ကျီရှင်း၏ နဖူးပေါ်မှ စမ်းသပ်ကျောက်စိမ်းပြားကို ဖယ်ရှားလိုက်စဉ် သူ၏ မျက်ဝန်းအစုံ၌ နှမြောတသဖြစ်မှု အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
နှမြောစရာပင်...
အဆုံး၌ အမှတ်အသား ဆယ်ခု ပြည့်မြောက်ခြင်း မရှိခဲ့ချေ။
သို့သော် ထိုနှမြောတသမှုမှာလည်း မျက်တောင်တစ်ခတ်အတွင်း ကွယ်ပျောက်သွားခဲ့ပြန်သည်။
"ငါ တကယ်ပဲ လောဘကြီးမိတာပဲ"
ချန်တောက်ယန်သည် ကိုယ်ကိုကိုယ် ကျိတ်၍ ရယ်မောလိုက်မိ၏။
အမှတ်အသား ဆယ်ခုဟူသည် ရှေးအစဉ်အဆက်မှ ယနေ့တိုင် ချန်းရွှမ်နယ်မြေ တစ်ခုလုံးတွင် လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်ပင် ရှားပါးလှသည်။ ထိုသို့သော ပါရမီရှင်များမှာလည်း နောက်ဆုံးတွင် ထာဝရရှင်သန်ခြင်း အဆင့်သို့ ရောက်ရှိသွားကြသည်။ ဤမျှ ထူးကဲသောအဆင့်မှာ ဘယ်လိုလုပ် အလွယ်တကူ ပေါ်ထွက်လာနိုင်မှာလဲ။
ချန်ထျန်းလျန်နှင့် ဇနီးဖြစ်သူတို့မှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အကြောင်းရင်းမသိဘဲ သက်ပြင်းချကာ စိတ်အေးသွားကြရသည်။
အကယ်၍ သူတို့၏သားလေးမှာ တကယ်ကြီး ဒဏ္ဍာရီလာ အမှတ်အသား ဆယ်ခု ပိုင်ဆိုင်သူသာ ဖြစ်ခဲ့ပါက သူတို့နှစ်ဦးအနေဖြင့် ကလေးကို မည်သို့မျှ ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
အမှန်စင်စစ် တစ်မိသားစုလုံးပင် ထိုကလေးကို ကာကွယ်ပေးနိုင်ရန် ခဲယဉ်းလှပေလိမ့်မည်။ ထိုအခါမျိုးတွင် ဤပါရမီမှာ ကောင်းချီးမင်္ဂလာ မဟုတ်တော့ဘဲ အသက်အန္တရာယ်ပေးမည့် ကပ်ဘေးဒုက္ခကြီးသာ ဖြစ်လာပေတော့မည်။