← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း။ ၇

ဤအခိုက်အတန့်တွင် ချန်ကျီရှင်းအပေါ် ထားရှိသော လူတိုင်း၏ အကြည့်တို့က လုံးဝဥဿုံ ပြောင်းလဲသွားခဲ့သည်။

ကိုးခုမြောက်သော ရှေးဟောင်းအမှတ်အသား ပိုင်ဆိုင်သူ…

ယနေ့ခေတ် ချန်းရွှမ်နယ်မြေ တစ်ခုလုံးတွင်ပင် တွေ့ရခဲလှသော ဖြစ်တည်မှုမျိုးပင်။

"ဒီကလေး ကျီရှင်းနဲ့ ပတ်သက်တဲ့ကိစ္စကို ငါ ထပ်ခါတလဲလဲ မှာနေဖို့ မလိုတော့ဘူး မဟုတ်

လား"

ချန်တောက်ယန်က လေးနက်တည်ကြည်စွာ ပြောလြိပ်သည်။

ချန်ထျန်းလျန်က ခေါင်းညိတ်ကာ ဝန်ခံပြီးနောက် ဘေးဘက်ရှိ ချန်ထျန်းရှုံကို စွေကြည့်လိုက်မိ၏။

"မင်းက ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေရတာလဲ ကျီရှင်းမှာ အမှတ်အသားကိုးခု ရှိတယ်ဆိုတဲ့ သတင်းအပြင်ကို ပေါက်ကြားသွားရင် ငါ့အတွက် ဘာအကျိုးအမြတ် ရှိမှာမို့လို့လဲ"

ချန်ထျန်းရှုံက စိတ်တိုတိုဖြင့်ပင် ချန်ထျန်းလျန်ကို ပြန်လည် တုံ့ပြန်လိုက်သည်။

"ကဲ... ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ တော်ကြရအောင်။ ကျီရှင်းမှာ အမှတ်အသားကိုးခု ရှိတဲ့အကြောင်းကို ငါ ဘိုးဘေးကြီးဆီ သွားရောက် သတင်းပို့လိုက်မယ်။ နောက်ပြီး ဒီနေ့ဖြစ်သွားတဲ့ ထူးခြားတဲ့ နိမိတ်လက္ခဏာတွေကိုလည်း တခြားအကြောင်းပြချက်တစ်ခုခုနဲ့ ငါ ဖုံးကွယ်ပေးထားလိုက်မယ်"

"ထျန်းလျန်... ဒီတံဆိပ်ပြားကို ယူထားလိုက်။ နောင်ကို ကျီရှင်း ကျင့်ကြံဖို့အတွက် ကောင်းကင်ဘုံရတနာတွေ လိုအပ်လာရင် ဒီတံဆိပ်ပြားကိုသုံးပြီး ရတနာတိုက် ကနေ သွားရောက် ထုတ်ယူနိုင်တယ်။ ကျီရှင်းနဲ့ ကျောက်ရှန်းကို မိသားစုကနေ တန်းတူရည်တူ ထောက်ပံ့ပေးသွားမယ်"

ချန်တောက်ယန်သည် လက်ကိုဆန့်တန်းကာ မေတ္တာအရိပ်အယောင်များ ပြည့်နှက်နေသော အပြုံးဖြင့် ချန်ကျီရှင်း၏ ဦးခေါင်းကို အသာအယာ ထိတွေ့လိုက်ပြီးလျှင်

"ကောင်းကောင်း ကြီးပြင်းလာခဲ့ပါ သားလေး... ဖိုးဖိုး နောက်မှ တစ်ခါ ပြန်လာခဲ့ဦးမယ်"

စကားအဆုံးတွင် ချန်တောက်ယန်သည် လှည့်ထွက်သွားပြီးလျှင် ချန်မိသားစု၏ နောက်ဘက်တောင်ကုန်းရှိ တားမြစ်နယ်မြေဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပျံသန်းဝင်ရောက်သွားတော့သည်။

"အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးကို ဆက်ပြီး မတားတော့ပါဘူးဗျာ"

ချန်ထျန်းလျန်သည် ချန်ထျန်းရှုံကို ကြည့်ကာ ပြုံးလျက်ပင် ပြန်ရန် လက်ဟန်ပြလိုက်သည်။

ချန်ထျန်းလျန်၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာထားကို မြင်လိုက်ရသည့်အခါ ချန်ထျန်းရှုံမှာ သူ့ကို လက်သီးဖြင့် ထိုးပ်ချင်စိတ်ပင် ပေါက်လာတော့၏။

"တတိယညီလေး... ကလေးတစ်ယောက်ရဲ့ ပါရမီဆိုတာ မြင့်မားတဲ့ အစပြုမှုတစ်ခုကိုပဲ ဖော်ပြတာပါ။ နောက်ဆုံးမှာ ဘယ်လောက်အထိ ခရီးပေါက်မလဲ။ ဘယ်လောက် မြန်မြန်ဆန်ဆန် သွားနိုင်မလဲဆိုတာက ပါရမီတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူး ဆိုတာကိုတော့ မှတ်ထားလိုက်ပါ"

ချန်ထျန်းရှုံသည် အသက်ကို ဝအောင်ရှူလိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။

ထိုသို့ပြောကာ သူသည် ဘေးနားရှိ သုံးနှစ်အရွယ် ကလေးငယ် ချန်ကျောက်ရှန်းကို ခေါ်ဆောင်၍ လှည့်ထွက်သွားတော့သည်။

မထွက်ခွာမီ ချန်ကျောက်ရှန်းသည် အနှီးထုတ်အတွင်းရှိ ချန်ကျီရှင်းကို တိတ်ဆိတ်စွာပင် လေးလေးနက်နက် တစ်ချက် စိုက်ကြည့်သွားခဲ့၏။

သူ၏ အသိစိတ် နက်ရှိုင်းရာ၌ အကြောင်းရင်းကို ရှာမရသော နိမိတ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

နောင်တစ်ချိန်တွင် ဤပုခက်အတွင်းရှိ ကလေးငယ်နှင့် သူသည် ဖော်ပြ၍မရနိုင်သော ပတ်သက်မှုတစ်စုံတစ်ရာ ရှိလာလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

ထိုသူနှစ်ဦး ထွက်ခွာသွားပြီးနောက် ခန်းမဆောင်ကြီးတစ်ခုလုံးက ရုတ်ချည်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ယခင်က တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်ထားခဲ့သော ချန်ထျန်းလျန်သည် ချက်ချင်းပင် လှည့်လာပြီး အနှီးထုတ်အတွင်းရှိ ချန်ကျီရှင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တော့သည်။

"အို... ငါ့ရဲ့ အသည်းကျော်လေး"

"ငါ့ရဲ့ ရတနာ သားလေးရာ"

"မင်းကတော့ ဒီတစ်ခါ ဖေဖေမျက်နှာကို တကယ်ပဲ ပန်းပန်စေခဲ့တာပဲဟေ့ ဟားဟားဟား"

သူသည် ချန်ကျီရှင်းကို ချီမလိုက်ပြီး ပါးစပ်ကို စူလျက် မျက်လုံးကို မှေးကာ အားရပါးရ နမ်းရှုပ်ရန် ပြင်လိုက်သည်။

"ဖေဖေကတော့ မင်းကို အလကား အလိုလိုက်ခဲ့တာ မဟုတ်ဘူးပဲ ဟားဟား"

ဒါကို မြင်လိုက်ရသည့် ချန်ကျီရှင်းမှာမူ ချက်ချင်းပင် ရွံရှာသော အမူအရာဖြင့် တုံ့ပြန်လိုက်ပြီး သူ၏ ကိုယ်လုံးလေးကို နောက်သို့ လှန်လျက် သေးငယ်သော ခြေထောက်လေးကို မြှောက်ကာ ချန်ထျန်းလျန်၏ မုတ်ဆိတ်မွေး ဗရပွနှင့် မျက်နှာကြီးကို ကန်၍ ပိတ်ဆီးလိုက်သည်။

"ကလေးအဖေရယ်... ကလေးက ငယ်သေးတာကို သူ့ကို လန့်အောင် မလုပ်ပါနဲ့ဦး"

ရင်းရွှမ်းရွှမ်းသည် ချန်ထျန်းလျန်ကို မသိမသာ တွန်းဖယ်လိုက်ရင်း သဘောတကျ ရယ်မောလိုက်သည်။

"ကောင်းပြီ... ကောင်းပြီ... မနမ်းတော့ဘူး။ ဒါဆို ဖေဖေက သားကို ဒီည ဆုလာဘ်အနေနဲ့ ရွှေပုဆိန်၊ ငွေပုဆိန်နဲ့ သံပုဆိန် ပုံပြင်ကို ၁၀ ခေါက်တိတိ ပြောပြမယ်။ သားလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေရမယ်"

ချန်ထျန်းလျန်က ရယ်မောလျက် ပြောလြိပ်သည်။

ချန်ကျီရှင်း၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားခဲ့ရသည်။

သူ မွေးဖွားလာချိန်မှ ယခု တစ်လသားအရွယ်အထိ ဤပုံပြင်ကို နားထောင်ခဲ့ရသည်မှာ ၉၈ ကြိမ်တိတိပင်။ ယင်းမှာ မိခင်ဝမ်းဗိုက်အတွင်း ရှိစဉ်က နားထောင်ခဲ့ရသည်များကို ထည့်မတွက်ရသေးချေ။

"ကောင်းပြီ... အရမ်းကောင်းတာပေါ့"

သူသည် စိတ်ထဲရှိ မှတ်စုစာအုပ်လေးထဲတွင် နောက်ထပ် မှတ်ချက်တစ်ခုကို တိတ်တဆိတ် ထပ်တိုးလိုက်မိ၏။

[သူ အသက်ကြီးလာတဲ့အခါမှာ သူ့ကုတင်ဘေးမှာ ရွှေပုဆိန်၊ ငွေပုဆိန်နဲ့ သံပုဆိန် ပုံပြင်ကို နေ့တိုင်း ဖွင့်ပြပေးပြီး အဲဒီခံစားချက်ကို မြည်းစမ်းကြည့်ခိုင်းရမယ်]

[ပြီးတော့... သူ အော့အန်ချင်စိတ် ပေါက်လာတဲ့အထိကို ထပ်ခါတလဲလဲ ဖွင့်ပြပေးရမယ်]

ထို့နောက် ချန်ကျီရှင်းသည် သမ်းဝေလိုက်ပြီးလျှင် ကိုယ်ကိုတစ်ဖက်သို့ လှည့်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန် ပြင်လိုက်တော့သည်။

သူသည် ယနေ့ရရှိခဲ့သော ရလဒ်အပေါ် တော်တော်လေး ကျေနပ်မိသည်။

သူသည် မိခင်ဝမ်းဗိုက်အတွင်း ရှိစဉ်ကပင် သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာကို ဖော်ဆောင်ခဲ့ပြီး ပိတ်ဆို့နေသော ဝိညာဉ်ကြောနှင့် အကြောမှတ်များအားလုံးကို ရှင်းလင်းထားခဲ့ပြီးဖြစ်ရာ အမှတ်အသား ဆယ်ခုစလုံးကို အစောကြီးကပင် ဖော်ပြနိုင်စွမ်း ရှိသည်ကို သူကိုယ်တိုင် ကောင်းကောင်းသိသည်။

ထိုမျှအထိ ပွဲထုတ်ပြခြင်းမှာ သူကိုယ်တိုင်အတွက်သာမက ချန်မိသားစုအတွက်ပါ အဆုံးမရှိသော ဘေးဒုက္ခများကိုသာ ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။

ကိုယ်ကိုကိုယ် အကာအကွယ်ပေးနိုင်သည့် အစွမ်းသတ္တိ မရှိသေးမီအချိန်တွင် အရာရာ၌ အတိုင်းအဆရှိရန် လိုအပ်သည်။

...

...

တစ်ချိန်တည်းမှာပင် ချန်ထျန်းလျန်၏ နေအိမ်မှ ထွက်ခွာလာသော တောင်တက်လမ်းထက်၌

"ဟွန့်... ချန်ထျန်းလျန်တစ်ယောက် ဘယ်လိုကံကောင်းမှုမျိုးနဲ့ အမှတ်အသားကိုးခုပါတဲ့ ကလေးမျိုး ရလာတာလဲ မသိပါဘူး"

ချန်ထျန်းရှုံသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မကျေမချမ်း ရေရွတ်ရင်း လျှောက်လှမ်းနေ၏။

သူသည် ဘေးနားရှိ ချန်ကျောက်ရှန်းကို ငုံ့ကြည့်လိုက်မိမှသာ စိတ်ထဲတွင် အနည်းငယ် ပြန်လည်သက်သာရာ ရသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏သားဖြစ်သူသည်လည်း အမှတ်အသားကိုးခု ပိုင်ဆိုင်ထားသည့်အပြင် မွေးရာပါ ဘုရင်မြေပုံကိုလည်း ပိုင်ဆိုင်ထားသည်။

"ဖေဖေ... ဖေဖေနဲ့ တတိယဦးလေးကြားမှာ ဘယ်လိုပဋိပက္ခမျိုး ရှိနေလို့လဲ ဘာလို့ ဦးလေးနဲ့တွေ့ရင် အမြဲတမ်း အလျှော့မပေးဘဲ ထိပ်တိုက်ရင်ဆိုင်နေရတာလဲ"

ချန်ကျောက်ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

သူ၏ဖခင်သည် ပုံမှန်အားဖြင့် သဘောထားသေးသိမ်သူတစ်ဦး မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် တောင်နှင့်မြစ်တို့ကိုပင် ဝါးမြိုနိုင်သည့် ခေါင်းဆောင်ကောင်းတစ်ဦး၏ အငွေ့အသက်မျိုး ရှိသည်ဟု ကျော်ကြားသူဖြစ်သည်။

သို့မှသာလျှင်လည်း သူသည် ချန်မိသားစု၏ မျိုးဆက်သစ်များထဲတွင် ထိပ်ဆုံးအဆင့်၌ အခိုင်အမာ ရပ်တည်နိုင်မည်ပင်။

သို့သော်လည်း သူ၏ဖခင်သည် တတိယဦးလေးနှင့် ရင်ဆိုင်ရသည့်အခါတိုင်း အဘယ်ကြောင့် ဤသို့ ထူးထူးခြားခြား ပြောင်းလဲသွားရသည်ကိုမူ သူ နားမလည်နိုင်ချေ။

ကြီးမားသော အပြောင်းအလဲများကြားတွင်ပင် တည်ငြိမ်ရင့်ကျက်နိုင်သမျှသော သူ့ဖခင်၏ အရည်အချင်းတို့သည် တတိယဦးလေးနှင့်တွေ့လျှင်မူ လုံးဝဥဿုံ ပျောက်ဆုံးသွားရစမြဲပင်။

"ဒါကတော့..."

ချန်ထျန်းရှုံသည် ဝေခွဲမရဖြစ်သွားပြီးမှ စကားကို မဝံ့မရဲဖြင့်ပင် "ထားလိုက်ပါတော့ သားက ငယ်သေးတယ်။ ပြောပြရင်တောင် သား နားလည်ဦးမှာ မဟုတ်ပါဘူး။ သားကြီးလာတဲ့အခါကျမှ ဖေဖေ ရှင်းပြပါ့မယ်" ဟု ပြောလြိပ်သည်။

ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ချန်ထျန်းရှုံက ပြုံးလျက်

"ကျောက်ရှန်း... အဲဒီကိစ္စကို သိပ်ပြီး စိတ်ထဲမထားပါနဲ့။ ဖေဖေ့စိတ်ထဲမှာတော့ သားက ပါရမီအရှိဆုံးပဲ။ သားရဲ့ နောင်အနာဂတ် အောင်မြင်မှုတွေဟာ အတိုင်းအဆမရှိ ဖြစ်လာမှာပါ။ ချန်ကျီရှင်းထက် အဆပေါင်းများစွာ သာလွန်နေမှာပါ"

"သာလွန်မလား မသာလွန်ဘူးလား ဆိုတာက ဖေဖေ ဆုံးဖြတ်ပေးရုံနဲ့ မပြီးဘူး ထင်တယ်"

ချန်ကျောက်ရှန်းက ရုတ်တရက် ဆိုလိုက်သည်။

"ဟင်"

ချန်ထျန်းရှုံမှာ မှင်တက်သွားပြီးမှ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် စိုးရိမ်တကြီး တုံ့ပြန်လိုက်သည်။

"ကျောက်ရှန်း... စိတ်ဓာတ်မကျပါနဲ့။ အဲဒီကလေး ကျီရှင်းမှာ အမှတ်အသားကိုးခု ရှိနေရင်တောင် ဒါက သားနဲ့ အဆင့်တူရုံပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သားမှာက မွေးရာပါ ဘုရင်မြေပုံ ရှိနေတာလေ။ သူက သားကို ဘာနဲ့ ယှဉ်ပြိုင်နိုင်မှာမို့လို့လဲ"

သူ၏စကားပင် မဆုံးသေးမီမှာပင်...

ချန်ကျောက်ရှန်းက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာဖြင့် "ဖေဖေ နားလည်မှု လွဲနေပါပြီ။ သားတွေးမိတာက... တကယ်လို့ လူတစ်ယောက်က ရှေ့ကို အဝေးကြီး ရောက်နေတဲ့အချိန်မှာ နောက်ကို လှည့်ကြည့်လိုက်လို့ ယှဉ်ပြိုင်ဘက်တစ်ယောက်မှ မရှိတော့ဘူးဆိုရင် အဲဒါက ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်မလဲ"

သူက ခပ်ဖွဖွ ရယ်မောလိုက်၏။

"ဒါပေမဲ့ ကိုယ့်ကို အမီလိုက်နိုင်ဖို့ မမောမပန်း ကြိုးစားနေမယ့် ပြိုင်ဘက်တစ်ယောက် အမြဲရှိနေမယ်ဆိုရင်တော့ ဒါက ပိုပြီး စိတ်ဝင်စားစရာ ကောင်းမနေဘူးလား"

ချန်ကျောက်ရှန်းသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တောင်ထိပ်ပေါ်ရှိ ချန်ထျန်းလျန်၏ နေအိမ်ဘက်သို့ ပြန်လည်လှည့်ကြည့်ကာ တည်ငြိမ်၍ ခိုင်မာလှသော လေသံဖြင့် ပြောလိုက်သည်မှာ…

“ဖေဖေ... တတိယဦးလေးတို့ မိသားစုကို ဖိနှိပ်ချင်တယ် မဟုတ်လား”

“အဲဒီဆန္ဒ ပြည့်ဝအောင် သား ကူညီပေးပါ့မယ်"

သူသည် အကြည့်တို့ကို ရုပ်သိမ်းလိုက်သော်လည်း စိတ်ထဲ၌မူ စကားတစ်ခွန်းကို တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

ညီလေး... မင်း ငါ့ကို မမြင်နိုင်တော့တဲ့အထိ ဝေးကွာသွားအောင် ငါ အချိန်ပေးပြီး စောင့်နေပါ့မယ်။

ငါ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။

ချန်ထျန်းရှုံသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်သူငယ်အိမ်တို့ အနည်းငယ် ကျုံ့ဝင်သွားခဲ့ရသည်။

သူသည် သူ၏သားဖြစ်သူ ချန်ကျောက်ရှန်းကို မဝံ့မရဲဖြင့် ငေးကြည့်နေမိ၏။ ဤကလေးငယ်၏ ရင့်ကျက်လာပုံမှာ တစ်မျိုးတစ်ဖုံ ထိတ်လန့်စရာပင် ကောင်းလှသည်။

.....

.....

အချိန်တို့သည် ကုန်လွန်မြန်လှ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်လတာကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤနှစ်လအတွင်း၌ ကောင်းကင်ဘုံရတနာမျိုးစုံဖြင့် ဖော်စပ်ထားသော ကြီးထွားမှုဆေးရည် များကြောင့် ချန်ကျီရှင်း၏ ဖွံ့ဖြိုးမှုမှာ သိသိသာသာ ထူးခြားလာခဲ့သည်။ တစ်နေ့ထက်တစ်နေ့ မမှတ်မိနိုင်လောက်အောင်ပင် ပြောင်းလဲလာခဲ့၏။

လက်ရှိတွင် သုံးလသားအရွယ်သို့ ရောက်ရှိလာသော ချန်ကျီရှင်းမှာ အရပ်အမောင်းမှာ တစ်ပေခွဲခန့် ရှိနေပြီဖြစ်ပြီး သန်မာထွားကြိုင်းကာ ချစ်စရာကောင်းလွန်းသဖြင့် လူတိုင်း၏ အချစ်တော်လေး ဖြစ်နေတော့သည်။

သို့သော် ချန်ကျီရှင်းအတွက်မူ သူ၏ ကိုယ်လက်အင်္ဂါ ဖွံ့ဖြိုးမှုထက် ကျင့်ကြံခြင်းအဆင့် တိုးတက်မှုကသာ ပို၍ အရေးကြီးလှသည်။

ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးဖို့အတွက် နောက်ဆုံးခြေလှမ်းတစ်ခုပဲ လိုတော့တယ်။

ငါ ကျင့်စဉ်အမြောက်အမြားကို လေ့လာဖို့ လိုအပ်တယ်။ အဲဒီထဲကမှ တစ်ခုကို အခြေခံမူဘောင်အဖြစ် သတ်မှတ်ပြီး ငါ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်ကို တည်ဆောက်ရမယ်။

ကျင့်စဉ်ကို အောင်မြင်အောင် ဖန်တီးနိုင်တာနဲ့ ငါ တရားဝင် ကျင့်ကြံခြင်းကို စတင်နိုင်ပြီ။

ဒါတင်မကသေးဘူး... ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေကို ဒီအတိုင်း အပြင်ဘက်ကို ထုတ်လွှတ်နေတာက ဖြုန်းတီးရာ ရောက်လွန်းတယ်။ တကယ်လို့ ဝိညာဉ်စွမ်းအားကို တိုက်ခိုက်ရေးစွမ်းအင်အဖြစ် ပြောင်းလဲနိုင်မယ့် နည်းစနစ်တစ်ခုခုကို ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးပဲ။

ဒီလိုနည်းစနစ်တွေက အလွန်ရှားပါးပေမဲ့ ထာဝရရှင်သန်ခြင်း မိသားစု ဖြစ်တဲ့ ချန်မိသားစုရဲ့ ကျမ်းစာတိုက်ထဲမှာတော့ သေချာပေါက် ရှိမှာပဲ။

ချန်ကျီရှင်းသည် ပုခက်ကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။

ဒါပေမဲ့... စကားမပြောနိုင်သေးတာက တော်တော်လေး အခက်တွေ့စေတယ်။ လိုချင်တာရှိရင်တောင် တောင်းလို့မရဘူး ဖြစ်နေတယ်။

မဖြစ်သေးဘူး... ငါ စကားစပြောဖို့အတွက် သင့်တော်တဲ့ အချိန်တစ်ခုကို ရှာမှဖြစ်တော့မယ်။

ချန်ကျီရှင်းတစ်ယောက် အတွေးနက်နေစဉ်မှာပင်...

ကျွီ…

တံခါးပွင့်လာသံနှင့်အတူ ချန်ထျန်းလျန်သည် ပြုံးရွှင်စွာဖြင့် အခန်းထဲသို့ ဝင်လာပြီး အဝေးမှပင် လှမ်းခေါ်လိုက်သည်။

"ငါ့ရဲ့ အသည်းကျော်လေးရေ"

"ဒီနေ့ ဖေဖေလို့ ခေါ်ဖို့ သင်ပြီးပြီလားကွ"

အခန်း။ ၈

“ဟေ့ လူကလေး... ဒီနေ့ ဖေဖေလို့ ခေါ်တတ်ပြီလားကွ”

ချန်ထျန်းလျန်သည် မျက်နှာတစ်ခုလုံး ပြုံးဖြဲလျက် လျှောက်လာပြီး ချန်ကျီရှင်း၏ ပါးဖောင်းဖောင်းလေးကို ဆွဲညှိတ်ရန် လက်ကမ်းလိုက်သည်။

ဖြတ်ခနဲ…

ရင်းရွှမ်းရွှမ်းက ချန်ထျန်းလျန်၏ လက်ကို ပုတ်ထုတ်လိုက်ပြီး မျက်စောင်းထိုးကာ ငေါက်လိုက်သည်။

"ကလေးပါးကို ခဏခဏ လာမညှစ်ပါနဲ့ဆို။ ကြီးလာရင် သွားရည်ယိုတတ်တယ်လို့ ပြောထားတယ်မဟုတ်လား။ နောက်ပြီး ကလေးက အခုမှ သုံးလသားပဲ ရှိသေးတာ ဘယ်လိုလုပ် စကားပြောနိုင်ဦးမှာလဲ"

ချန်ထျန်းလျန်က သူ့လက်ကို ပြန်ရုပ်လိုက်ရင်း ဂရုမစိုက်ဟန်ဖြင့် "အဲဒါက တခြားသူတွေရဲ့ ကလေးတွေကို ပြောတာပါ။ ငါတို့သားက အမှတ်အသားကိုးခု ပါရမီရှင်လေ။ သုံးလသားနဲ့ စကားပြောတာကို ထူးဆန်းတယ်လို့ မပြောနဲ့ဦး။ ဝမ်းဗိုက်ထဲကတင် စကားပြောနိုင်တယ်ဆိုရင်တောင် ငါတော့ အံ့ဩမှာမဟုတ်ဘူး" ဟု ပြောလြိပ်သည်။

ထိုသို့ပြောပြီးနောက် ချန်ထျန်းလျန်သည် ကိုယ်ကိုကိုင်းညွှတ်ကာ ချန်ကျီရှင်းကို ပြုံးကြည့်ရင်း..

"ကဲ... သားလေး ဖေဖေလို့ တစ်ခွန်းလောက် ခေါ်ကြည့်စမ်းပါ"

ချန်ကျီရှင်းက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်၏။

"လာပါ... သဝန်တိုမနေပါနဲ့ ဖေဖေ သင်ပေးမယ်လေ ဟုတ်ပြီလား"

ချန်ထျန်းလျန်က ပါးစပ်ကို ဟစိလုပ်ကာ ဖြည်းဖြည်းချင်း သင်ပေးတော့သည်။

"ဖေဖေ့နောက်က လိုက်ဆိုကြည့်"

"ဖေ... ဖေ... ဖေဖေ"

"အင့်"

ချန်ကျီရှင်းက သူ၏ ခေါင်းလုံးလုံးလေးကို ငြိမ့်ပြလိုက်သည်။

"နောက်တစ်ခေါက် ထပ်ဆိုဦး ဖေ... ဖေ... ဖေဖေ…"

"အင်းဟင်း"

"ဟုတ်ပြီ ဟုတ်ပြီ ဖေ... ဖေ... ဟင် ခဏလေးဦး"

ချန်ထျန်းလျန်သည် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး မျက်လုံးအစုံမှာ လက်ဖက်ရည်ပန်းကန်လုံးခန့် ပြူးကျယ်သွားကာ

"မိန်းမရေ... ဒီကောင်လေး ငါ့ကို နောက်နေတာလား မသိဘူး"

ရင်းရွှမ်းရွှမ်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူမသည် ချန်ကျီရှင်းကို ရင်ခွင်ထဲသို့ အသာအယာ ပွေ့ချီလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ကျီရှင်းလေး... ဒါက မေမေလေ။ မေမေလို့ ခေါ်ကြည့်လို့ ရမလားဟင်"

ချန်ကျီရှင်းသည် ရင်းရွှမ်းရွှမ်းကို ကြည့်လိုက်သည်။ သူသည် စကားပြောရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ရာ ယခုမူ အချိန်အခါကောင်းကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် ကလေးသံလေးဖြင့် စကားလုံးနှစ်လုံးကို ပီပီသသ ထွက်ဆိုလိုက်သည်။

"မေမေ"

ရုတ်ချည်းပင် ရင်းရွှမ်းရွှမ်း၏ တစ်ကိုယ်လုံးမှာ လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ တုန်ခါသွားရသည်။

"သူ... သူ ကျွန်မကို မေမေလို့ ခေါ်လိုက်တာပဲ ဟားဟား ကျီရှင်းလေးက ကျွန်မကို မေမေလို့ ခေါ်လိုက်ပြီ"

ရင်းရွှမ်းရွှမ်းမှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ဝဲလာကာ ရယ်တစ်လှည့် ငိုတစ်လှည့် ဖြစ်နေရှာတော့သည်။ ဤလောကတွင် မိခင်တစ်ဦးအနေဖြင့် သူမ၏ရင်သွေးထံမှ မေမေဟူသော ခေါ်သံကို ပထမဦးဆုံးအကြိမ် ကြားရသည့်အခါ ခံစားရသော ပီတိကို မည်သူမျှ ကိုယ်ချင်းစာနိုင်မည်မဟုတ်ပေ။

ထိုအရာကို မြင်လိုက်ရသည့် ချန်ထျန်းလျန်မှာလည်း မျက်နှာကြီး ဖြဲလျက် အနားသို့ အပြေးအလွှား ရောက်လာပြန်သည်။

"ကဲ... ဖေဖေလို့လည်း ခေါ်ပါဦးကွ"

"အင်းဟင်း"

ချန်ထျန်းလျန်မှာ မှင်တက်သွားပြီး ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားကာ နောက်ဆုံးတွင် တိတ်ဆိတ်စွာနေရန်သာ ရွေးချယ်လိုက်တော့သည်။

ဘေးနားရှိ ရင်းရွှမ်းရွှမ်းမှာမူ တစ်ဖန် ရယ်မောပြန်ပြီးနောက် စိတ်ရှည်လက်ရှည်ပင် မေးမြန်းလိုက်သည်။

"သားလေး... တစ်ခုခု စားချင်လို့လားဟင် မေမေ လုပ်ပေးမယ်လေ။ ဒါမှမဟုတ် အပြင်ထွက်ပြီး ဆော့ချင်လို့လား"

ချန်ကျီရှင်းက ကလေးသံဝဲဝဲလေးဖြင့် ပြောလိုက်သည်။

"သား... စာဖတ်ချင်တယ်"

ထိုသို့ ပြောလိုက်ပြီးသည်နှင့် ချန်ကျီရှင်းကိုယ်တိုင်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိ၏။

ငါ့အသံက ဘာဖြစ်နေတာလဲ။

ထို့နောက်မှ သူ၏ အသံကြိုးများမှာ အပြည့်အဝ မဖွံ့ဖြိုးသေးသည့်အတွက်ကြောင့် ဖြစ်မည်ဟု ချန်ကျီရှင်း ရုတ်တရက် သတိပြုမိသွားသည်။

"စာဖတ်ချင်တယ် ဟုတ်လား"

ရင်းရွှမ်းရွှမ်းမှာ အံ့အားသင့်သွားပြီး မဝံ့မရဲဖြင့် ပြန်မေးမိသည်။

"ကျီရှင်းလေး... သားက စာဖတ်ဖို့ သင်ချင်တာလား"

ချန်ကျီရှင်းက ခေါင်းကို ငြိမ့်ပြလိုက်သည်။

ထိုစကားကို ကြားရသောအခါ ရင်းရွှမ်းရွှမ်းမှာ အလွန်အမင်း ဝမ်းသာသွားရသည်။

စောစောစီးစီး စာဖတ်ချင်စိတ် ရှိနေပြီလား။

ဒဏ္ဍာရီတွေထဲမှာတော့ ထူးကဲတဲ့ ပါရမီရှင်တွေက မွေးကတည်းက မြင့်မြတ်ကြတယ်။ တချို့ဆိုရင် အသိဉာဏ်တွေနဲ့အတူ မွေးဖွားလာကြတယ်လို့ ပြောကြတယ်။ အခုတော့ ငါကိုယ်တိုင် မြင်တွေ့လိုက်ရပြီပဲ။

ရင်းရွှမ်းရွှမ်းက စိတ်ထဲမှ တွေးတောရင်း ပြောလိုက်သည်။

"ကျီရှင်းလေး... ဘယ်လို စာအုပ်မျိုး ဖတ်ချင်လို့လဲ သားရဲ့"

ချန်ကျီရှင်းက သူ၏ မျက်နှာလေးကို တည်ကာ လေးလေးနက်နက် ဆိုလိုက်သည်။

"သား... ကျင့်ကြံခြင်းအကြောင်းတွေ ဖတ်ချင်တယ်"

"ကျင့်ကြံခြင်း စာအုပ်တွေလား"

ရင်းရွှမ်းရွှမ်းမှာ အနည်းငယ်မျှ ကြောင်သွားမိသည်။ သူမ၏သားလေးမှာ ဤမျှ ငယ်ငယ်လေးနှင့် ကျင့်ကြံခြင်းဆိုသည့် စကားလုံးကိုပင် သိနေပြီလား။

သူမသည် ဘေးနားတွင် ကြောင်တောင်တောင် ဖြစ်နေသော ချန်ထျန်းလျန်ကို ကြည့်ကာ ချက်ချင်းပင် လှမ်းအော်လိုက်သည်။

"ကြားလား ကလေးအဖေ... ကလေးက ကျင့်ကြံခြင်းအကြောင်းတွေ ဖတ်ချင်တယ်တဲ့"

ထိုအခါမှ ချန်ထျန်းလျန်မှာ သတိပြန်ဝင်လာပြီး "ကောင်းပြီ... ကောင်းပြီ၊ ဖေဖေ အခုချက်ချင်း ကျမ်းစာတိုက်ကို သွားလိုက်မယ်" ဟု ပြန်ဖြေလိုက်သည်။

ရက်အနည်းငယ် ကုန်လွန်ပြီးနောက် ချန်ကျီရှင်းသည် ရှေးဦးစွာ စာလုံးများကို မှတ်သားရန် ကြိုးပမ်းခဲ့ရာ သူ၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်သဘောပေါက်မှုစွမ်းရည်ကြောင့် နံနက်ပိုင်း တစ်ဝက်ခန့်အတွင်းမှာပင် အားလုံးကို ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့သည်။

ထို့နောက် သူသည် ထိုအရည်အချင်းကို ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့ရှေ့တွင် တဖြည်းဖြည်းချင်း ထုတ်ပြခဲ့ရာ မိဘနှစ်ဦးစလုံးမှာ တဖြည်းဖြည်းနှင့် လက်ခံလာနိုင်ကြသည်။ သူတို့နှစ်ဦးမှာ အံ့ဩမိကြသော်လည်း အလွန်အမင်း ထူးဆန်းသည်ဟုတော့ မယူဆကြတော့ပေ။ ချန်ကျောက်ရှန်း၏ မွေးရာပါ ဘုရင်မြေပုံနှင့် နတ်ဘုရားသဖွယ် ထူးခြားမှုများနှင့် နှိုင်းယှဉ်လျှင် သူတို့သားလေး၏ ဤမျှလောက်သော ထူးခြားမှုမှာ ပြောပလောက်သည် မဟုတ်ဘူးဟု ထင်မှတ်နေကြခြင်းပင်။

ဤနေ့တွင်မူ ချန်ကျီရှင်းသည် အခန်းအတွင်းရှိ ပုခက်ကုလားထိုင်ပေါ်တွင် စာအုပ်ပုံများ ဝန်းရံလျက် တစ်ဦးတည်း ထိုင်နေ၏။

[ တူ စစ်မှန်သော ဝိညာဉ်စွမ်းအား နည်းစနစ် ၇၆ မျိုးကို လေ့လာပြီးနောက် ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အလုံးစုံကို သဘောပေါက် နားလည်သွားပါပြီ]

[ တူ လေပြင်းဓားတာအိုကို လေ့လာပြီးနောက် ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်

နိုင်စွမ်းဖြင့် မယုံကြည်နိုင်လောက်သော အဆင့်အထိ ကျွမ်းကျင်ပိုင်နိုင်သွားပါပြီ]

[ တူ မှော်အင်းကွက် စစ်မှန်သော နားလည်မှု စုစည်းမှုကို လေ့လာပြီးနောက် ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မှော်အင်းကွက် ၁၀ မျိုးကို တတ်မြောက်သွားပါပြီ]

[ တူ လင်းမု ဆရာကြီး၏ ခရီးသွားမှတ်တမ်းကို လေ့လာပြီးနောက် ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ချန်းရွှမ်နယ်မြေ၏ မြေပုံကို အလွတ်မှတ်မိသွားပါပြီ]

[ တူ ဆေးဘုရင်ချိုင့်ဝှမ်း မှတ်စုများကို လေ့လာပြီးနောက် ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆေးဖော်စပ်ခြင်း အခြေခံပညာရပ်များကို ရရှိသွားပါပြီ ]

အေးစက်သော အသိပေးသံတို့သည် ချန်ကျီရှင်း၏ အသိစိတ်အတွင်း၌ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။

ချန်ကျီရှင်း၏ လေ့လာမှုအရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လှပြီး အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်တိုင်း စာအုပ်တစ်အုပ်ကို ဖတ်ရှုပြီးစီးနေ၏။ သူ၏ မျက်ဝန်းအစုံ၌ မရေမတွက်

နိုင်သော မဟာတာအိုသင်္ကေတများမှာ ဝင်းခနဲ လက်ခနဲ လှည့်ပတ်နေကြရာ လူသားနှင့်မတူဘဲ မြင့်မြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ဤအခိုက်အတန့်၌ သူသည် ဗဟုသုတပင်လယ်ပြင်ထဲသို့ ပစ်ချလိုက်သည့် ရေစုပ်ဂွမ်းဖတ်တစ်ခုကဲ့သို့ များပြားလှသော သတင်းအချက်အလက်များကို အငမ်းမရ စုပ်ယူနေခြင်းပင်။

ဓားတာအို…

ဆေးဖော်စပ်ခြင်း တာအို….

မှော်အင်းကွက်များ..

များပြားလှစွာသော ပညာရပ်အဖြာဖြာ…

ဤကမ္ဘာလောကအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ မှင်တက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ခေတ္တမျှ ကြာပြီးနောက် ချန်ကျီရှင်းသည် လက်ထဲမှ နောက်ဆုံးစာအုပ်ကို ချလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်တော့သည်။

“ဒီချန်းရွှမ်နယ်မြေက မဟာကျင့်ကြံခြင်းဂိမ်းထဲက ကမ္ဘာနဲ့နှိုင်းယှဉ်ရင် ပိုပြီးတော့တောင် ကျယ်ပြောပြီး နက်ရှိုင်းတာပဲ"

ချန်ကျီရှင်း၏ မျက်ဝန်းအစုံမှာ တောက်ပလျက်ရှိသည်။

အတိတ်ဘဝက ဂိမ်းကစားစဉ်တွင် ပင်မတာဝန်များကိုသာ အာရုံစိုက်ခဲ့ခြင်းကြောင့် ဂိမ်း၏ နောက်ခံသမိုင်းကြောင်းကို အသေးစိတ် မလေ့လာခဲ့မိခြင်းပင်။ ယခုအခါ ကျမ်းစာအမြောက်အမြားကို ဖတ်ရှုပြီးနောက်တွင်မူ သူသည် အမြင်သစ်တစ်ခုကို ရရှိသွားခဲ့သည်။

တစ်ခုလုံးသော ချန်းရွှမ်နယ်မြေသည် အတိုင်းအဆမရှိ ကျယ်ပြောလှ၏။

အထက်တွင် လောကတစ်ခုလုံးကို လွှမ်းမိုးထားပြီး တိမ်တိုက်များအထက်၌ သီးသန့ရပ်တည်နေသည့် မဟာအမတတာအိုလမ်းစဉ်သုံးခု ရှိသည်။

အောက်တွင်မူ ရှေးဟောင်း မြင့်မြတ်သောနယ်မြေများနှင့် ထာဝရရှင်သန်ခြင်း မိသားစုအသီးသီးတို့သည် လောက၏ အတက်အကျကို ထိန်းချုပ်လျက် အတူတကွ တည်ရှိနေကြသည်။

ထို့ပြင် ဗုဒ္ဓဘာသာ သန့်စင်သောမြေ၊ ကွန်ဖြူးရှပ် ဝါဒဂိုဏ်းကြီး၊ အင်အားကြီးမားသော အင်ပါယာများ၊ မိစ္ဆာဂိုဏ်းများ၊ နတ်ဆိုးတာအိုများ၊ စုန်းကဝေများနှင့် အမျိုးမျိုးသော ဂိုဏ်းဂဏများမှာလည်း ချန်းရွှမ်နယ်မြေတစ်ခွင် ပျံ့နှံ့လျက်ရှိသည်။ စိတ်ကူးယဉ် ကမ္ဘာတစ်ခုတွင် ရှိသင့်သမျှ အရာအားလုံးသည် ဤစကြဝဠာအတွင်း၌ စုံလင်စွာ ရှိနေသည်။

ဇီဝေတောင်ကုန်းပေါ်တွင် အခြေစိုက်သည့် ချန်မိသားစုမှာလည်း တစ်ချိန်က ထာဝရရှင်သန်

ခြင်း မိသားစု များထဲမှ တစ်ခု ဖြစ်ခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်းငါးထောင်ခန့်က ချန်

မိသားစု၏ ဘိုးဘေး ချန်ရွှမ်ဖုန်းသည် မဟာထာဝရရှင်သန်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ရာ ချန်မိသားစုသည်လည်း သူနှင့်အတူ အဆင့်အတန်း မြင့်မားလာပြီး ထာဝရရှင်သန်ခြင်း မိသားစု အဖြစ်သို့ ရောက်ရှိခဲ့ခြင်းပင်။ ထိုစဉ်က ချန်မိသားစု၏ ဂုဏ်ကျက်သရေမှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ဖူးသည်။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချန်မိသားစု၏ ဘိုးဘေး ချန်ရွှမ်ဖုန်းသည် မည်သည့်သဲလွန်စမျှ မကျန်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီးနောက်...

ချန်မိသားစုသည်လည်း သဘာဝအတိုင်း ဆုတ်ယုတ်လာခဲ့ရသည်။

ယခုအခါ ချန်မိသားစုတစ်ခုလုံးတွင် အပေါ်ယံ၌ အားအကောင်းဆုံး ပညာရှင်မှာ နိဗ္ဗာန်အဆင့်ရှိသော မျိုးနွယ်စုခေါင်းဆောင် ချန်တောက်ယန်သာ။ မဟာထာဝရရှင်သန်ခြင်း အဆင့်ကို ထားလိုက်ပါက မိသားစုအတွင်း၌ အထွတ်အထိပ်အဆင့်ပညာရှင်တစ်ဦး ရှိမရှိပင် မသေချာလှတော့ချေ။

သို့သော်လည်း ဂိမ်း၏ ဇာတ်လမ်းကို သိရှိနေသော ချန်ကျီရှင်းအတွက်မူ မိသားစု၏ နောက်ဘက်တောင်ကုန်းရှိ တားမြစ်နယ်မြေအတွင်း၌ ချန်ရွှမ်ဖုန်း၏ တိုက်ရိုက်မြေးဖြစ်သူ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦး အသက်ရှင်လျက် ရှိနေသေးသည်ကို ကောင်းကောင်း သိထားသည်။ ထိုသူမှာ ချန်မိသားစုတစ်ခုလုံး၏ ပင်မအမာခံပင်။

သူ အသေအချာ မှတ်မိနေသည်မှာ... ပင်မဇာတ်လမ်းအရ ဗီလိန်ချန်ကျီရှင်း သေဆုံးပြီးနောက်တွင် ချန်ကျီရှင်းကြောင့် ချန်မိသားစုသည် ဇာတ်လိုက်နှင့် အလျှော့မပေးဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရာ ထိုအခါ၌ ချန်မိသားစု၏ အထွတ်အထိပ်အဆင့် ဘိုးဘေးကြီးသည် လောကထဲသို့ တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့ဖူးသည်။ သို့သော်လည်း ဇာတ်လိုက်မှာ အမတတာအိုလမ်းစဉ် ဂိုဏ်းကြီးတစ်ခုမှ သူတော်စင်မလေး၏ မျက်နှာသာပေးမှုကို ရရှိထားသူဖြစ်ရာ ထိုသူတော်စင်မလေးက သူ၏ဂိုဏ်းမှ အထွတ်အထိပ်အဆင့် ဘိုးဘေးတစ်ဦးကို ဇာတ်လိုက်အား ကူညီရန် တောင်းဆိုခဲ့သဖြင့် သူ့ဘိုးဘေးက ဇီဝေတောင်ပေါ်၌ ချန်မိသားစု၏ ဘိုးဘေးကို သတ်ဖြတ်ခဲ့သည်။

နောက်ဆုံးတွင် ချန်မိသားစုမှာ ဇာတ်လိုက်၏ အောင်မြင်မှုအတွက် နောက်ခံကားချပ်တစ်ခုအဖြစ်သာ အသုံးချခံခဲ့ရပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကာ ပျက်သုဉ်းသွားခဲ့ရသည်။

“ငါ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး"

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အတွေးနက်နေသည့် အရိပ်အယောင်တို့ဖြင့် လက်ခနဲ ဖြစ်သွားသည်။

အကယ်၍ သူသည် ဇာတ်လိုက်ကို သွားရောက် စော်ကားမိမည့် အချိန်အထိ ဒီအတိုင်း ထိုင်စောင့်နေမည်ဆိုပါက ထိုအခါကျလျှင် နောက်ကျသွားနိုင်သည်။ ဇာတ်လိုက်မှာ သူ၏အတောင်ပံများကို အပြည့်အဝ မဖြန့်နိုင်သေးမီနှင့် အမတတာအိုလမ်းစဉ် သူတော်စင်မလေးနှင့် မဆုံတွေ့သေးမီ အခွင့်အရေးကို အရယူကာ ဇာတ်လိုက်ကို အမြစ်ပြတ် ရှင်းလင်းပစ်ရမည်။

သို့မှသာလျှင် သူ၏ ကံကြမ္မာသာမက သူ၏ မိဘနှစ်ပါး၏ ကံကြမ္မာကိုပါ ပြန်လည် ရေးဆွဲနိုင်ပေလိမ့်မည်။

“တစ်နည်းအားဖြင့် ပြောရရင်... အခု ငါက တစ်နေရာရာမှာ ရှိနေသေးတဲ့ အမည်မသိ ဇာတ်လိုက်နဲ့ အချိန်လုပြီး ပြိုင်ဆိုင်နေရတာပဲ"

ချန်ကျီရှင်း၏ မျက်ဝန်းအစုံ၌ အသိဉာဏ်အလင်းတစ်ခုဖြင့် တောက်ပလာခဲ့သည်။

All Chapters