← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း။ ၉

ရှူး... ရှူး...။

အေးစက်လှသော ညဉ့်ဦးလေပြေတို့သည် ဇီဝေတောင်ကုန်းတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်နေသည်။ ဤအချိန်၌ ညဉ့်အမှောင်သည် ထုထည်ကြီးမားစွာ ဖုံးလွှမ်းနေပြီဖြစ်သော်လည်း ချန်မိသားစု အခြေစိုက်ရာ ဇီဝေတောင်မှာမူ မီးရောင်များဖြင့် လင်းထိန်နေဆဲပင်။

ချန်ကျီရှင်းသည် သူ၏ အတွေးအာရုံတို့ကို ပြန်လည်စုစည်းလိုက်ပြီး ရှေ့တွင် ချထားသော ကျမ်းစာအုပ်ငါးအုပ်ကို ကြည့်လိုက်သည်။

"အကြိမ်တစ်ရာ ကျိုချက်ရွှေကိုယ်ထည် ကျမ်းစာ"

"ကြယ်တာရာ လှည့်ပတ်ပြောင်းလဲခြင်း ဂါထာ"

"နွားနတ်ဆိုး ကောင်းကင်ထောက်မစွမ်းရည်"

"နှလုံးသားဓားသိုင်း"

"ဝိညာဉ်သန့်စင် အသက်ရှူသွင်းနည်းစနစ်"

ဤကျမ်းစာအုပ်ငါးအုပ်မှာ များပြားလှသော ကျင့်စဉ်များအနက်မှ ချန်ကျီရှင်းက စေ့စေ့စပ်စပ် ရွေးချယ်ချန်လှပ်ထားခဲ့သည့် ကျင့်စဉ်များ ဖြစ်ကြသည်။

၎င်းတို့အနက် ပထမဆုံးကျင့်စဉ် သုံးမျိုးမှာ ရတနာခန္ဓာအဆင့်မှ စတင်၍ ကျင့်ကြံနိုင်သော ခန္ဓာကိုယ်သန်မာရေး ကျင့်စဉ်များ ဖြစ်ကြ၏။ နောက်ဆုံးကျင့်စဉ် နှစ်မျိုးမှာမူ ဝိညာဉ်စွမ်းအားကို ကျင့်ကြံရန်အတွက် အလွန်ရှားပါးလှသော နည်းစနစ်များ ဖြစ်ကြသည်။

"ဒီကျင့်စဉ် ငါးမျိုးစလုံးက အလွန်ထူးကဲလှတယ်။ တကယ်လို့ ဒါတွေကို အပြင်လောကက ကျင့်ကြံခြင်းနယ်ပယ်ထဲမှာသာ ချပြလိုက်မယ်ဆိုရင် သွေးချောင်းစီးတဲ့အထိ လုယက်ကြမယ့်အရာတွေပဲ။ ငါက ထာဝရရှင်သန်ခြင်း မိသားစုမှာ မွေးဖွားလာခဲ့လို့ တော်သေးတာပေါ့။ မိသားစုရဲ့ ဂုဏ်ကျက်သရေ မှိန်ဖျော့နေပြီဆိုပေမဲ့ အခြေခံအုတ်မြစ်ကတော့ ကြွယ်ဝနေဆဲပဲ"

ချန်ကျီရှင်းသည် အသာအယာ စဉ်းစားနေမိသည်။

အကယ်၍ သူသည် ဤမိသားစု၌ မွေးဖွားမလာခဲ့ပါက ဤကျင့်စဉ်အနည်းငယ်ကို စုဆောင်းနိုင်ရန်ပင် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးရပေလိမ့်မည်။

သို့သော်လည်း ရွေးချယ်စရာများ လွန်စွာများပြားနေခြင်းကြောင့် ချန်ကျီရှင်းမှာ အနည်းငယ် ဝေခွဲမရဖြစ်နေမိသည်။

ဥပမာအားဖြင့် အကြိမ်တစ်ရာ ကျိုချက်ရွှေကိုယ်ထည် ကျမ်းစာသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အဆက်မပြတ် သွေးနှောသန့်စင်ရန် အလေးပေးထားပြီး မိမိ၏ ခန္ဓာကိုယ်ကို တန်ခိုးကြီးလက်နက်တစ်ခုကဲ့သို့ အဆုံးမရှိ ပုံသွင်းယူခြင်း ဖြစ်သည်။ အထွတ်အထိပ်သို့ ရောက်ရှိပါက ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ခံစစ်စွမ်းအားရှိသည့် မသေနိုင်သော ရွှေကိုယ်ထည်ကို ရရှိနိုင်မည်ဖြစ်သည်။

သို့သော် လက်ရှိတွင် ချန်ကျီရှင်းမှာ အသက်အရွယ် အလွန်ငယ်ရွယ်သေးရာ ရုပ်ပိုင်းဆိုင်ရာကို စောစီးစွာ အလွန်အမင်း လေ့ကျင့်ပါက သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီးသွားစေနိုင်သည်။

ထို့နောက် ကြယ်တာရာ လှည့်ပတ်ပြောင်းလဲခြင်း ဂါထာမှာမူ ကြယ်တာရာစွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းရန် အဓိကထားပြီး ခန္ဓာကိုယ်ရှိ အကြောမှတ်ပေါင်း ၇၂၀ စလုံး၌ ကြယ်တာရာစွမ်းအင်များ ကိန်းအောင်းနေစေရန် ကျင့်ကြံရခြင်း ဖြစ်သည်။

အထွတ်အထိပ်သို့ ရောက်ရှိပါက ကြယ်တာရာ တိမ်တိုက်များကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်စွမ်း ရှိပေလိမ့်မည်။

ကျင့်စဉ်၏ ဖော်ပြချက်အရ ဤနည်းစနစ်သည် အစောပိုင်းအဆင့်များတွင် အားနည်းသော်လည်း အကြောမှတ် ၇၂၀ စလုံး၌ ကြယ်တာရာစွမ်းအင်များ ပြည့်ဝသွားပြီး ပြည့်စုံသော ကြယ်တာရာပြန့်နှံ့ပုံ မြေပုံဖြစ်ပေါ်လာမှသာလျှင် အပြန်အလှန် တုံ့ပြန်မှုများမှတစ်ဆင့် စစ်မှန်သော အသွင်ပြောင်းလဲခြင်းကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ဒါတင်မကသေးဘူး...

အဆိုးရွားဆုံး ပြဿနာကတော့ ဒီကျင့်စဉ်က ကျင့်ကြံမှုအဆင့် တက်လှမ်းလေလေ ပိုပြီးတော့ ခက်ခဲနက်နဲလာလေပဲ။

ဤကျင့်စဉ်ကို တီထွင်ဖန်တီးခဲ့သည့် ပညာရှင်ကိုယ်တိုင်ပင်လျှင် တစ်သက်လုံး အားထုတ်

ကြိုးပမ်းခဲ့ရာ၌ အကြောမှတ် ၆၀၀ အထိသာ ကြယ်တာရာစွမ်းအင် သွင်းယူနိုင်ခဲ့ခြင်းပင်။ ထို့ကြောင့် ကြယ်တာရာ လှည့်ပတ်ပြောင်းလဲခြင်း မြေပုံ၏ စစ်မှန်သော အစွမ်းသတ္တိဆိုသည်မှာ ဖန်တီးသူ၏ စိတ်ကူးအဆင့်တွင်သာ များသောအားဖြင့် တည်ရှိနေခဲ့သည်။

နောက်ဆုံး ရုပ်ပိုင်းဆိုင်ရာ သန်မာရေးကျင့်စဉ်ဖြစ်သော နွားနတ်ဆိုး ကောင်းကင်ထောက်မစွမ်းရည်မှာမူ သန့်စင်သော ခွန်အားဗလကိုသာ အဓိကရှေးရှုသည့် ကျင့်စဉ်မျိုး ဖြစ်သည်။ ဤကျင့်စဉ်တွင် အဆင့်ပေါင်း ကိုးဆယ့်ကိုးဆင့် ရှိပြီး အဆင့်တစ်ခုချင်းစီမှာ နွားနတ်ဆိုးတစ်ကောင်၏ ခွန်အားကို ပေးစွမ်းနိုင်သည်။

အကယ်၍သာ အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဆိုပါက နွားနတ်ဆိုး ကိုးဆယ့်ကိုးကောင်၏ ခွန်အားနှင့်အတူ မြေကမ္ဘာကို တုန်ဟည်းစေမည့် စွမ်းပကားကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး မိမိ၏ ခွန်အားဖြင့် တာအိုကို သက်သေထူခြင်း ကို ပြုလုပ်နိုင်မည်ပင်။

"ဒီရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်သုံးမျိုးစလုံးမှာ အားသာချက်၊ အားနည်းချက်တွေက အထင်အရှား ရှိနေတာပဲ။ ငါ ဘယ်လို ရွေးချယ်ရမလဲ"

ချန်ကျီရှင်းမှာ မျက်မှောင်ကြုတ်လျက် ခေတ္တမျှ ဝေခွဲမရ ဖြစ်နေမိသည်။

ခေတ္တမျှ ကြာပြီးနောက်...

ချန်ကျီရှင်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် ရပ်တန့်သွားပြီး ရယ်မောလိုက်တော့သည်။

"ငါ တကယ်ပဲ အတွေးလွန်နေမိတာပဲ။ ငါ့မှာ အမြင့်ဆုံးအဆင့် နားလည်နိုင်စွမ်းရှိနေတာပဲဟာ။ ဘာလို့ ဝေခွဲမရ ဖြစ်နေမှာလဲ"

ကလေးတွေပဲ ရွေးချယ်မှု လုပ်ကြတာ။

ငါအတွက်ကတော့... ဒီကျင့်စဉ် သုံးမျိုးစလုံးကို ငါလိုချင်တယ်။

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်း၏ စိတ်ထဲတွင် အရာရာ ရှင်းလင်းသွားခဲ့သည်။ ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်း နည်းစနစ်နှစ်ခုကို ကြည့်ပြီးနောက်တွင်လည်း သူ ဆုံးဖြတ်ချက် ချလိုက်သည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ ရှေးဦးစွာ ရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်သုံးမျိုးကို အခြေခံပြီး ၎င်းတို့၏ အားသာချက်များကို ထုတ်ယူကာ လုံးဝအသစ်စက်စက် ကျင့်စဉ်တစ်ခုအဖြစ် တိုက်ရိုက် ပေါင်းစပ်ဖန်တီးရန် စတင်အားထုတ်တော့သည်။

...

...

မျက်တောင်တစ်ခတ်အတွင်းမှာပင်...

တစ်လတာ အချိန်ကာလသည် လက်ဖျစ်တစ်ချက်တီးအတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။

ဤတစ်လအတွင်းတွင် ချန်ကျီရှင်းသည် မိဘနှစ်ပါးအပေါ် ရံဖန်ရံခါ သားသမီးဝတ္တရား ကျေပွန်ပြခြင်းမှလွဲ၍ ကျန်ရှိသော အချိန်အများစုကို ဤရုပ်ပိုင်းဆိုင်ရာ ကျင့်စဉ်သုံးမျိုးကို နားလည်သဘောပေါက်ရန်သာ အသုံးချခဲ့သည်။

၎င်းတို့ကို နားလည်အောင် ကြိုးစားရသည့် ခက်ခဲမှုမှာ သူထင်ထားသည်ထက် များစွာ ပိုမိုနက်နဲလှသည်။ ဤကျင့်စဉ် သုံးမျိုးစလုံးမှာ ရှေးပညာရှင်ကြီးများက နှစ်ပေါင်းများစွာ အပင်ပန်းခံ အားထုတ်ပြီးမှ ဖန်တီးနိုင်ခဲ့သည့် သဘာဝတရား၏ လက်ရာမွန်ကြီးများပင်။

ချန်ကျီရှင်းသည် ကျင့်စဉ်သုံးမျိုးကို တစ်ခုတည်းအဖြစ် အတင်းအကျပ် ပေါင်းစပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ရာ ဤစိန်ခေါ်မှုမှာ သဘာဝအတိုင်း မူလအစဦး တာအိုကျမ်းစာထက်ပင် များစွာ ပိုမိုခက်ခဲနက်နဲလှသည်။

ဤနေ့တွင်မူ ချန်ကျီရှင်းသည် အခန်းထဲ၌ ကျင့်စဉ်များကိုသာ အာရုံစိုက် အားထုတ်နိုင်ရန်အတွက် မိဘနှစ်ပါးကို အကြောင်းပြချက်တစ်ခုပေးကာ အဝေးသို့ ပို့ထားလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် သူ၏ အသိစိတ်ထဲ၌ အေးစက်သော အသိပေးသံတစ်ခု ပဲ့တင်ထပ်လာခဲ့၏။

[ တူ သင်သည် အကြိမ်တစ်ရာ ကျိုချက်ရွှေကိုယ်ထည် ကျမ်းစာ၊ ကြယ်တာရာ လှည့်ပတ်

ပြောင်းလဲခြင်း ဂါထာနှင့် နွားနတ်ဆိုး ကောင်းကင်ထောက်မစွမ်းရည်တို့ကို တစ်လတိုင်

တိုင် လေ့လာဆည်းပူးခဲ့ပြီ ဖြစ်သည်။ သင်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်

စွမ်းနှင့် မဆုတ်မနစ်သော အားထုတ်မှုတို့ကြောင့် နောက်ဆုံးတွင် ဤကျင့်စဉ်သုံးမျိုးကို နွားနတ်ဆိုး ကြယ်တာရာ အသွင်ပြောင်းကျမ်းစာအဖြစ်သို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပါပြီ]

[ နွားနတ်ဆိုး ကြယ်တာရာ အသွင်ပြောင်းကျမ်းစာ - လှည့်ပတ်နေသော ကြယ်တာရာစွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းစေလျက် မသေနိုင်သော ရွှေကိုယ်ထည်ကို သွန်းလုပ်ပြီး ခန္ဓာကိုယ်ရှိ အကြောမှတ် ၇၂၀ စလုံး၌ နွားနတ်ဆိုးတစ်ကောင်စီ၏ ခွန်အားကို ဖြစ်ပေါ်စေမည် ဖြစ်သည်]

"ငါ လုပ်နိုင်ခဲ့ပြီကွ"

ချန်ကျီရှင်းသည် မျက်လုံးများကို ဖြတ်ခနဲ ဖွင့်လိုက်ပြီး သူ၏ မျက်နှာထက်တွင် အတိုင်းအဆမရှိသော ဝမ်းမြောက်မှုတို့ လွှမ်းမိုးသွားတော့သည်။

တစ်လတိတိ အချိန်ယူခဲ့ရပြီးနောက်တွင်မူ သူသည် ဤကျင့်စဉ်သုံးမျိုးကို တစ်ခုတည်းအဖြစ် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။

နွားနတ်ဆိုး ကြယ်တာရာ အသွင်ပြောင်းကျမ်းစာ၏ ဖော်ပြချက်ကို ကြည့်ရင်း ချန်ကျီရှင်းမှာ ကျေနပ်စွာ ခေါင်းငြိမ့်မိသည်။ ဤအသစ်စက်စက် ဖန်တီးလိုက်သော ကျင့်စဉ်သည် မူလကျင့်စဉ်များ၏ အားသာချက်အားလုံးကို စုစည်းထားရုံမျှမက ချန်ကျီရှင်း စိတ်ကူးထားသည့် အကောင်းဆုံး အခြေအနေကိုလည်း ဖော်ဆောင်ပေးနိုင်သည်။

ချန်ကျီရှင်းသည် အသက်ကို ဝအောင်ရှူလိုက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်၏။

သူ၏ စိတ်အာရုံထဲတွင် နွားနတ်ဆိုး ကြယ်တာရာ အသွင်ပြောင်းကျမ်းစာ၏ ပထမဆုံး စာမျက်နှာမှာ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။

"ပထမဆုံး အကြောမှတ်... လောင်ကုန်း အကြောမှတ်"

သူသည် စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုရင်း ကျမ်းစာပါ လမ်းညွှန်ချက်များအတိုင်း လောကကြီးနှင့် စတင်၍ အာရုံဆက်သွယ်တော့သည်။

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်းသည် သူ၏ အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။

အခန်းတွင်းရှိ စားပွဲနှင့် ကုလားထိုင်များ ပျောက်ကွယ်သွားကာ ခန်းမဆောင်ကြီးလည်း ပျောက်ကွယ်သွားသည်။

နောက်ဆုံးတွင် တစ်ခုလုံးသော ဇီဝေတောင်ကုန်းကြီးပင် သူ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့၏။

သူ၏ အတွေးများမှာ အနှိုင်းမဲ့စွာ ငြိမ်သက်သွားပြီး စိတ်အာရုံမှာလည်း ကြည်လင်ပြတ်သားလာခဲ့သည်။ သူသည် လောကကြီးအတွင်းရှိ လေပြေတစ်ချက်၊ အလင်းတန်းတစ်ခု သို့မဟုတ် မြူမှုန်လေးတစ်ခုအဖြစ် အသွင်ပြောင်းသွားသကဲ့သို့ပင်။

သူ ကြည့်လိုက်သမျှ နေရာတိုင်းသည် ဟင်းလင်းပြင်ကြီးသဖွယ် ဖြစ်သွားတော့သည်။

ထိုအခိုက်၌ သူ၏ ခန္ဓာကိုယ်ရှိ အကြောမှတ် ၇၂၀ စလုံး ပွင့်ဟလာခဲ့ပြီး အဆုံးမရှိသော ချီစွမ်းအင်များမှာ သူ့ထံသို့ တစ်ဟုန်ထိုး စီးဝင်လာကြသည်။

ယင်းမှာ သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာ၏ စွမ်းပကားပင်။

ကောင်းကင်နှင့် မြေကြီး တစ်သားတည်းဖြစ်တည်ကာ သဘာဝတရားကို အသွင်ပြောင်းလဲခြင်း

တဖြည်းဖြည်းနှင့် သူ၏ရှေ့မှ ဟင်းလင်းပြင်ကြီးအတွင်း၌ ကြယ်ပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။ မကြာမီမှာပင် ကြယ်ပွင့်များမှာ ပိုမိုများပြားလာပြီး နောက်ဆုံးတွင် ထိုသိပ်သည်းလှသော ကြယ်တာရာတို့သည် ချန်ကျီရှင်း၏ မျက်မှောက်၌ ရင်သပ်ရှုမောဖွယ်ကောင်းသော ကြယ်စုံကမ္ဘာ မြင်ကွင်းကျယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤကြယ်စုံကမ္ဘာကြီးအောက်တွင် ရပ်တန့်နေရင်း ချန်ကျီရှင်း၏ မျက်ဝန်းအစုံမှာ အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။ အကြောင်းမှာ ဤကြယ်တာရာတို့၏ တည်ရှိပုံ အစီအစဉ်သည် ခန္ဓာကိုယ်ရှိ အကြောမှတ် ၇၂၀ နှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့်ပင်။

နောက်တစ်ခဏတွင်...

ထိုမြင်ကွင်းအတွင်းရှိ လောင်ကုန်း အကြောမှတ်၌ တည်ရှိသော ကြယ်ပွင့်သည် ရုတ်တရက် စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ချန်ကျီရှင်းထံသို့ အလင်းတန်းတစ်ခုအဖြစ် ပစ်လွှတ်လိုက်သည်။

ဝုန်း…

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြယ်တာရာစွမ်းအင်အလုံးအရင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာခဲ့သည်။ ထို့နောက် ချန်ကျီရှင်းက ကျင့်စဉ်ကို အသက်သွင်းလိုက်ရာ ထိုစွမ်းအင်တို့သည် ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းသွားပြီးနောက် သူ၏ ညာဘက်လက်ဖဝါးရှိ လောင်ကုန်း အကြောမှတ်၌ အခြေချ၍ ကိန်းအောင်းသွားတော့သည်။

...

...

အတိုင်းအဆမရှိသော အချိန်ကာလတစ်ခု ကုန်ဆုံးပြီးနောက်...

ချန်ကျီရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ကြယ်စုံကမ္ဘာ မြင်ကွင်းကျယ်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ရင်းနှီးနေကျဖြစ်သော သူ၏ အခန်းငယ်လေးသာ ကျန်ရှိတော့သည်။

သူသည် သဋ၏ ညာဘက်လက်ဖဝါးကို ငုံ့ကြည့်လိုက်ရာ ကြယ်ပွင့်ပုံစံ အမှတ်အသားတစ်ခုမှာ အရေပြားအောက်သို့ တဖြည်းဖြည်း မှိန်ဖျော့ကာဝင်ရောက်သွားပြီး ကွယ်ပျောက်သွားသည်ကို တွေ့လိုက်ရ၏။ လောင်ကုန်း အကြောမှတ်အတွင်းရှိ ကြယ်တာရာစွမ်းအင်မှာ ယခုအခါ တစ်ရာခိုင်နှုန်းခန့် ပြည့်ဝသွားပြီဖြစ်ကြောင်း သူ အထင်အရှား ခံစားနေရသည်။

နွားနတ်ဆိုး၏ ခွန်အားအစအနတို့သည် လောင်ကုန်းအကြောမှတ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးသို့ စီးဆင်းသွားသည်။ ထို့ပြင် သူ၏ အသားမျှင်နှင့် အရိုးအဆစ်များအကြား၌ မသိမသာမျှသော ရွှေရောင်နတ်ဘုရားအလင်းတန်းတို့မှာ ဝင်းခနဲ လက်ခနဲ ဖြတ်ပြေးသွားကြ၏။

ယင်းမှာ မသေနိုင်သော ရွှေကိုယ်ထည်ကို သွန်းလုပ်နေခြင်းပင်။

"ငါ့ရဲ့ ခွန်အားတွေ... တိုးလာနေပြီ"

ချန်ကျီရှင်း၏ မျက်နှာထက်တွင် ပြုံးရွှင်သော အရိပ်အယောင်တို့ လွှမ်းမိုးသွားသည်။

"ဒါနဲ့... ရတနာခန္ဓာအဆင့်ရဲ့ ပထမအဆင့် စမ်းသပ်ချက်က လက်နှစ်ဖက်ရဲ့ ခွန်အားက ပေါင်ငါးရာ ရှိရမယ်လို့ ပြောကြတယ်။ ငါသာ ပထမဆုံး အကြောမှတ်ကို အပြည့်အဝ ကျင့်ကြံပြီးသွားရင် ငါ့ရဲ့ ခွန်အားက ဘယ်လောက်အထိ ရှိလာမလဲဆိုတာ တကယ် သိချင်မိရဲ့"

ချန်ကျီရှင်းသည် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်လက်မတွေးတော့ပေ။ သူသည် ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် ပြင်လိုက်စဉ်မှာပင်

"သားကြီးရေ... ဖေဖေတို့ တောင်အောက်ကို သွားပြီး သားအတွက် ပဲနောက်ကိတ်တွေ ဝယ်လာပြီ။ အခု ပြန်ရောက်ပြီ"

အားမာန်အပြည့်နှင့် ဟိန်းထွက်လာသော အသံကြီးသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေတော့သည်။

အခန်း။ ၁၀

ကျွီ….

တံခါးပွင့်သွားသည်။

ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့သည် ပဲနောက်ကိတ်ဘူးကို ကိုင်ဆောင်လျက် အခန်းထဲသို့ ဝင်လာကြသည်။

ချန်ကျီရှင်းမှာမူ ချက်ချင်းပင် ဘာမှမသိနားမလည်သော ကလေးငယ်တစ်ဦးအသွင်သို့ အမြန်ပြောင်းလဲလိုက်ပြီး လက်ကလေးနှစ်ဖက်ကို ဆန့်တန်းကာ "မေမေ... ချီ..." ဟု ပြောလိုက်၏။

"အေးပါ... အေးပါ မေမေ အခုပဲ ချီပါ့မယ်ရှင်"

ရင်းရွှမ်းရွှမ်းသည် ပဲနောက်ကိတ်ဘူးကို ချထားခဲ့ပြီး ချန်ကျီရှင်းကို ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်သည်။ သူမ၏ရင်ခွင်ထဲရှိ ပါးဖောင်းဖောင်းလေးနှင့် ချန်ကျီရှင်းကို ကြည့်ရင်း ရင်းရွှမ်းရွှမ်းမှာ တစ်နေ့ထက်တစ်နေ့ ပို၍ပင် အသည်းယား မြတ်နိုးလာမိတော့သည်။

"လာပါဦး... ဖေဖေလည်း ချီပါရစေဦး"

ချန်ထျန်းလျန်က လက်လှမ်းလိုက်ရုံရှိသေး...

ချန်ကျီရှင်းက သမ်းဝေလိုက်ပြီး "မေမေ... သား အိပ်ချင်ပြီ" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရင်းရွှမ်းရွှမ်းက ချန်ထျန်းလျန်ကို အခန်းပြင်သို့ တွန်းထုတ်လိုက်တော့၏။

လမင်းကြီးမှာ ကောင်းကင်ယံ၌ မြင့်မားစွာ သာထွန်းလျက်ရှိသည်။

ရင်းရွှမ်းရွှမ်းသည် ချန်ကျီရှင်းကို ရင်ခွင်ထဲ၌ ပွေ့ထားရင်း ကလေးချော့တေးတစ်ပုဒ်ကို ခပ်အေးအေးလေး ညည်းဆိုနေရှာသည်။

ချန်ကျီရှင်း အိပ်ပျော်သွားပြီအထင်နှင့် ရင်းရွှမ်းရွှမ်းသည် သူမ၏ နားထင်ကို အသာအယာ ဖိနှိပ်ရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိ၏။

"ထျန်းလျန်ရဲ့ စွမ်းအင်ပြောင်းပြန်စီးရောဂါက ပိုပြီး ပြင်းထန်လာပြီပဲ။ မကြာခင်မှာလည်း အရှေ့ပိုင်း လျှို့ဝှက်နယ်မြေရဲ့ မဟာပြိုင်ပွဲကြီးက လာတော့မှာ... ငါတို့ ဘယ်လိုလုပ်ကြမလဲ"

ထိုစကားကို ကြားလိုက်ရသည့်အခါ အိပ်ချင်ယောင်ဆောင်နေသော ချန်ကျီရှင်းမှာ စိတ်လှုပ်ရှားသွားရသည်။

သူ ဤအချက်ကို မေ့လုနီးပါးပင်။

စွမ်းအင်ပြောင်းပြန်စီးရောဂါမှာ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် ရံဖန်ရံခါတွင် ထိန်းမနိုင်သိမ်းမရ သောင်းကျန်းလာပြီး ဝိညာဉ်ကြောများအတွင်းသို့ ပြောင်းပြန် အဟုန်ပြင်းစွာ စီးဝင်သွားခြင်းကို ဆိုလိုခြင်းပင်။

လွန်ခဲ့သော နှစ်အနည်းငယ်က အရှေ့ပိုင်း လျှို့ဝှက်နယ်မြေ မဟာပြိုင်ပွဲကြီးတွင် ချန်ထျန်းလျန်သည် မူလက ဝိညာဉ်ခရီးသွားအဆင့်၌သာ ရှိနေခဲ့သော်လည်း ချန်မိသားစုအတွက် အဆင့်

တစ်နေရာ ရရှိရန်နှင့် အရင်းအမြစ် ထောက်ပံ့မှုများ ရရှိစေရန်အတွက် ပြိုင်ပွဲအတွင်း၌ စစ်

မှန်သော ကိုယ်ပွားအဆင့်သို့ အတင်းအကျပ် အဆင့်တက် ကျင့်ကြံခဲ့ခြင်းကြောင့် ဤဝေဒနာကို ရရှိခဲ့ခြင်းပင်။

ရလဒ်အနေဖြင့် ချန်ထျန်းလျန်သည် စစ်မှန်သော ကိုယ်ပွားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော်လည်း သူ၏ မဟာတာအို အခြေခံအုတ်မြစ်မှာ ဒဏ်ရာရရှိသွားခဲ့ရသည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် ရံဖန်ရံခါတွင် သောင်းကျန်းလာပြီး ဝိညာဉ်ကြောများနှင့် ဒန်တျန်အတွင်းသို့ ပြောင်းပြန် အဟုန်ပြင်းစွာ စီးဝင်သည့် ဝေဒနာကို ခံစားနေရခြင်း ဖြစ်သည်။

ဤ စွမ်းအင်ပြောင်းပြန်စီးရောဂါ ပေါ်ပေါက်လာတိုင်း အပ်ပေါင်းသောင်းခြောက်ထောင်ဖြင့် အထိုးခံရသကဲ့သို့ ဖော်ပြမရနိုင်သော နာကျင်မှုကို ခံစားရရုံမျှမက အဆိုးရွားဆုံးအချက်မှာ အကြိမ်တိုင်းတွင် စုဆောင်းထားသမျှသော ချီစွမ်းအင်များအားလုံး ဖရိုဖရဲ လွင့်စင်သွားရခြင်းပင်။

ထိုအကြောင်းရင်းကြောင့်ပင် ချန်ထျန်းလျန်၏ ကျင့်ကြံမှုအဆင့်မှာ ဆယ်နှစ်တာကာလအတွင်း တစ်ဆင့်သာ တိုးတက်နိုင်ခဲ့ပြီး စစ်မှန်သော ကိုယ်ပွား ဒုတိယအဆင့်သို့သာ မနည်းရုန်းကန် ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ်ကမူ ချန်ထျန်းရှုံသည် ချန်ထျန်းလျန်၏ လက်အောက်တွင်သာ ရှိခဲ့ဖူးသည်။

ချန်ထျန်းလျန်သည် ချန်မိသားစု၏ ပထမဆုံးသော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

ဤရောဂါဝေဒနာကြောင့်သာ ချန်ထျန်းရှုံက ချန်ထျန်းလျန်ကို ကျော်တက်သွားနိုင်ခဲ့ပြီး ယခုအခါတွင် ချန်မိသားစု၏ ဒုတိယမျိုးဆက် တပည့်များထဲ၌ ထိပ်ဆုံးနေရာတွင် အခိုင်အမာ ထိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်ထျန်းရှုံက ချန်ထျန်းလျန်ကို အငြိုးအတေးထားကာ ပစ်မှတ်ထားနေရခြင်းမှာလည်း ထိုစဉ်က ချန်ထျန်းလျန်၏ ဖိနှိပ်မှုကို ခံခဲ့ရသည့် အတိတ်အကြောင်းရင်းများကြောင့်ပင်။

ထို့ပြင် ချန်ကျီရှင်း၏ စိတ်ထဲတွင် ရဲတင်းသော ခန့်မှန်းချက်တစ်ခု ရှိနေသေးသည်။

နောင်တစ်ချိန်တွင် ချန်ထျန်းလျန်သည် တောင်ဘက်ပင်လယ် လျှို့ဝှက်နယ်မြေ၌ ပြင်းထန်စွာ ဒဏ်ရာရရှိကာ ကျင့်ကြံခြင်းတာအိုလမ်းစဉ် လုံးဝပြတ်တောက်သွားရခြင်းနှင့် ထိုမှတစ်ဆင့် သူ၏ စိတ်နေစိတ်ထားများ လုံးဝဥဿုံ ပြောင်းလဲသွားရခြင်းတို့မှာ...

ဤစွမ်းအင်ပြောင်းပြန်စီးရောဂါနှင့် အားလုံး ဆက်စပ်နေနိုင်သည်ဟု သူ တွေးမိလိုက်သည်။

ဖေဖေ့ရဲ့ စွမ်းအင်ပြောင်းပြန်စီးရောဂါက အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ ဗုံးတစ်လုံးလိုပဲ။ ဒါကို စောစောစီးစီး ဖြေရှင်းမှ ဖြစ်တော့မယ်။

ချန်ကျီရှင်းက တိတ်တဆိတ် စဉ်းစားနေမိသည်။

သားအဖသံယောဇဉ်အရ ဖြစ်စေ သူ၏ ကိုယ်ပိုင်ကြီးထွားမှုအတွက် အကာအကွယ်တံတိုင်းတစ်ခု လိုအပ်ချက်အရ ဖြစ်စေ ဤရောဂါက ချန်ထျန်းလျန်ကို အစဉ်တစိုက် နှိပ်စက်နေသည်ကို သူ ဒီအတိုင်း ကြည့်မနေနိုင်တော့ချေ။

စွမ်းအင်ပြောင်းပြန်စီးတာက မဟာတာအို အခြေခံအုတ်မြစ် ပျက်စီးတာဆိုတော့ ကုသဖို့က တော်တော်ခက်ခဲမှာ။ မဟာထာဝရရှင်သန်ခြင်းအဆင့် ပညာရှင်တစ်ဦးက လက်တွေ့ကူညီပေးတာမျိုး မဟုတ်ရင် ဆေးဘုရင်ချိုင့်ဝှမ်း က ဆေးဘုရင်ကြီးကိုယ်တိုင်မှပဲ ကုသပေးနိုင်မှာ။

ဒါပေမဲ့ ဆေးဘုရင်ကြီးကလည်း လောကီရေးရာတွေမှာ မပါဝင်တော့ဘဲ လှည့်လည်သွားလာနေတတ်တာဆိုတော့ သူ့ကို ရှာဖို့က အရမ်းခက်သလို ရှာတွေ့ရင်တောင် ဖေဖေ့အတွက် ဆေးဖော်ပေးဖို့ ဆွဲဆောင်နိုင်ဖို့ကလည်း မလွယ်ဘူး။

ဒါပေမဲ့ ချန်မိသားစုရဲ့ ကျမ်းစာတိုက်ထဲမှာတော့ ဒီရောဂါကို ကိုင်တွယ်တဲ့ မှတ်တမ်းတွေ ရှိမှာပဲ။ အဲဒီမှတ်တမ်းတွေကို အခြေခံပြီး ငါ့ရဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းနဲ့ ဒီရောဂါကို ယာယီသက်သာအောင်၊ ဖိနှိပ်ထားနိုင်အောင် လုပ်ပေးမယ့် ကျင့်စဉ်တစ်ခုကို စမ်းသပ်လေ့လာကြည့်လို့ ရနိုင်တယ်။

ချန်ကျီရှင်းက စိတ်ထဲမှ ကြံစည်နေရင်း မိခင်ဖြစ်သူ ရင်းရွှမ်းရွှမ်းကို မော့ကြည့်လိုက်မိသည်။

ဒါ့အပြင်... မေမေရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကိုလည်း ငါ ရှာရဦးမယ်။

ချန်ကျီရှင်း၏ စိတ်ကူးထဲတွင် အစီအစဉ်များစွာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

မဟာကျင့်ကြံခြင်းဂိမ်း၏ အချိန်မှတ်တမ်းအရဆိုလျှင် ပင်မဇာတ်လမ်းကြောင်းကြီး စတင်ရန်မှာ သိပ်ပြီး အချိန်အများကြီး မလိုတော့ပေ။ ထိုအချိန်ကျရောက်လာလျှင် ချန်မိသားစုသည် ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထိုကပ်ဘေးကြီး မဆိုက်ရောက်မီ အချိန်အတွင်း သူသည် သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရုံသာမက မိဘနှစ်ပါးကိုလည်း ပိုမိုအစွမ်းထက်လာအောင် လုပ်ဆောင်ပေးရပေမည်။ ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့ ပိုမိုသန်မာလာမှသာလျှင် သူတို့သည် ချန်ကျီရှင်းကို ကာကွယ်ပေးနိုငမည်ဖြစ်ပြီး သူ အေးအေးဆေးဆေး ကြီးပြင်းလာနိုင်ရန်အတွက် လုံလောက်သော အချိန်ကို ရရှိစေမည်ပင်။

“ဖေဖေ့ရဲ့ အကြီးမားဆုံးပြဿနာက စွမ်းအင်ပြောင်းပြန်စီးရောဂါပဲ။ မေမေ့ရဲ့ အကြီးမားဆုံးပြဿနာကတော့ သူကျင့်နေတဲ့ ကျင့်စဉ်ပဲ။ မူလအစဦးကျမ်းစာက အရမ်းကို တင်းမာခက်ထန်ပြီး ယန်ဓာတ်ဘက်ကို အရမ်းနွယ်နေတယ်။ ဒါက မေမေနဲ့ သိပ်မကိုက်ညီဘူး...”

ချန်ကျီရှင်းသည် ထိုအရာများကို တွေးတောရင်းနှင့်ပင် တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

...

...

နေ့ရက်များ ကုန်လွန်သွားပြီး ကြယ်တာရာတို့သည်လည်း ကောင်းကင်ယံထက်၌ ရွေ့လျားပြောင်းလဲနေကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လတာကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤတစ်လအတွင်းတွင် ချန်ကျီရှင်းသည် သူ၏ အချိန်အများစုကို နွားနတ်ဆိုး ကြယ်တာရာ အသွင်ပြောင်းကျမ်းစာကို ကျင့်ကြံရာတွင်သာ အသုံးချခဲ့သည်။ သဘာဝအတိုင်း မူလအစဦး တာအိုခန္ဓာ၏ အထောက်အပံ့ကြောင့် သူ၏ ကျင့်ကြံမှုအရှိန်မှာ အလွန်တရာ မြန်ဆန်လှသည်။

ပထမဆုံး အကြောမှတ်ဖြစ်သော လောင်ကုန်း အတွင်းရှိ ကြယ်တာရာစွမ်းအင်မှာ ယခုအခါ သုံးဆယ်ရာခိုင်နှုန်းခန့်အထိ ရောက်ရှိနေပြီဖြစ်သည်။

ဘေးနားတွင် လူမရှိသည့်အချိန်၌ သူ စမ်းသပ်ကြည့်ခဲ့ရာ... ပေါင်သုံးရာခန့် လေးလံသော အနံ့သာနီစားပွဲကြီးကို လက်တစ်ဖက်တည်းဖြင့် မနိုင်ခဲ့သည်။

ချန်ကျီရှင်း၏ ခန့်မှန်းချက်အရ ယခုအခါ သူ၏ကျင့်ကြံမှုမှာ ရတနာခန္ဓာ ပထမအဆင့်သို့ အပြည့်အဝ ရောက်ရှိနေပြီဖြစ်သည်။

ရတနာခန္ဓာ ဒုတိယအဆင့်၏ သတ်မှတ်ချက်ဖြစ်သော ပေါင်တစ်ထောင် ခွန်အားကို ရရှိရန်အတွက်မူ ပထမဆုံး လောင်ကုန်း အကြောမှတ်ကို အောင်မြင်အောင် သန့်စင်ပြီးသည်နှင့် သဘာဝအတိုင်း ဒုတိယအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု သူ ယူဆထားသည်။

ဤသို့ ကျင့်ကြံနေသည့် အချိန်များမှလွဲ၍ ကျန်သည့်အချိန်များတွင် ချန်ကျီရှင်းသည် အလွန်အလုပ်ရှုပ်နေခဲ့၏။

သူသည် ချန်ထျန်းလျန်ကို ဆေးဝါးဗေဒနှင့် ဆေးဖော်စပ်ခြင်းဆိုင်ရာ စာအုပ်အမြောက်အမြားကို ယူလာခိုင်းပြီး ထိုစာအုပ်များထဲရှိ စွမ်းအင်ပြောင်းပြန်စီးရောဂါနှင့် ပတ်သက်သည့် မှတ်တမ်းအစအနများကို အဆက်မပြတ် စုစည်းကာ ဆက်စပ်ကြည့်နေခဲ့သည်။

သူ၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်း အကူအညီဖြင့် နောက်ဆုံးတွင် ထိုရောဂါဝေဒနာကို ယာယီအားဖြင့် ဖိနှိပ်ထားနိုင်မည့် နည်းစနစ်တစ်ခုကို သူ ရှာတွေ့သွားခဲ့သည်။

ဒီကျင့်စဉ်ကို ငါ အပြည့်အဝ အချောသတ်နိုင်ဖို့ကတော့ သိပ်ပြီး အချိန်အများကြီး လိုတော့မှာ မဟုတ်ပါဘူး။

ချန်ထျန်းလျန်၏ စွမ်းအင်ပြောင်းပြန်စီးရောဂါ ကို နှိမ်နင်းပေးမည့် နည်းစနစ်ကို ရှာဖွေနေရင်းနှင့်ပင် ချန်ကျီရှင်းသည် နှလုံးသားဓားသိုင်းနှင့် ဝိညာဉ်သန့်စင် အသက်ရှူသွင်းနည်းစနစ် နှစ်ခုကိုလည်း တစ်ခုတည်းအဖြစ် စတင်ပေါင်းစပ်နေပြီ ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ကျင့်စဉ်နှစ်ခုလုံး၏ အားသာချက်များ စုစည်းနေသည့် ဝိညာဉ်သန့်စင်ကျင့်စဉ်တစ်ခုကို အသစ်ဖန်တီးရန်ပင်။ သို့သော် လုပ်ဆောင်စရာ အသေးအဖွဲကိစ္စများပြားလှသဖြင့် ကျင့်စဉ်ဖန်တီးမှု အရှိန်အဟုန်မှာ အနည်းငယ် နှေးကွေးနေခဲ့သည်။

ရင်းရွှမ်းရွှမ်း၏ ကျင့်စဉ်နှင့် ပတ်သက်၍လည်း ချန်ကျီရှင်း၏ စိတ်ထဲတွင် အကြံအစည်အချို့ ရှိနေပြီးသား ဖြစ်သော်လည်း ၎င်းကို ထုတ်ဖော်ပြသရန် သင့်တော်သည့် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေရသည်။

တစ်ချိန်တည်းမှာပင် ချန်မိသားစု အခြေစိုက်ရာ ဇီဝေတောင်နှင့် မနီးမဝေးတစ်နေရာ၌ လူရိပ်နှစ်ခုမှာ တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်။ တစ်ဦးမှာ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူဖြင့် အဆင့်အတန်းမြင့်မားသော အဘိုးအိုတစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာမူ ခရမ်းရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အနှိုင်းမဲ့အလှတရားပိုင်ရှင် အမျိုးသမီးငယ်တစ်ဦးပင်။

အဘိုးအိုက အသာအယာ ပြုံးလျက် “မင်းသမီးလေး... ဒါက ချန်မိသားစုပါ။ တစ်ချိန်တုန်းကတော့ ချန်မိသားစုဟာ အရှေ့ပိုင်း လျှို့ဝှက်နယ်မြေရဲ့ ထိပ်တန်း ထာဝရရှင်သန်ခြင်း မိသားစုတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ သူတို့ရဲ့ ဘိုးဘေး ချန်ရွှမ်ဖုန်း ပျောက်ကွယ်သွားပြီးနောက်မှာတော့ မိသားစုဟာ ဆုတ်ယုတ်လာခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အမှတ်အသားကိုးခုနဲ့အတူ မွေးရာပါ ဘုရင်မြေပုံ ပါရှိတဲ့ ချန်ကျောက်ရှန်းဆိုတဲ့ ကလေးတစ်ယောက် မွေးဖွားလာတယ်လို့ သိရတယ်” ဟု ရှင်းပြလိုက်သည်။

လှပသော အမျိုးသမီးငယ်က တည်ငြိမ်စွာဖြင့် “ကျွန်မတို့ရဲ့ ကောင်းကင်ဘုံ သန့်စင်နန်းတော် ဆိုတာ လက်ရှိခေတ်ရဲ့ အမတတာအိုလမ်းစဉ်ဂိုဏ်းကြီးတစ်ခု ဖြစ်တာနဲ့အညီ ထူးကဲတဲ့ ပါရမီရှင်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အောင်မြင်မှုကို တကယ်ဆုံးဖြတ်ပေးတာက ပါရမီတစ်ခုတည်း မဟုတ်ပါဘူး။ နားလည်နိုင်စွမ်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဇွဲလုံ့လတွေ အများကြီး လိုအပ်ပါသေးတယ်” ဟု မှတ်ချက်ပြုလိုက်သည်။

အဘိုးအိုကလည်း ပြုံးလျက် “မင်းသမီးလေး ပြောတာ မှန်ပါတယ်။ ဒါကြောင့်လည်း အခု ကျွန်တော်တို့ ရုပ်ဖျက်ပြီး လာခဲ့ကြတာက အဲဒီ ချန်ကျောက်ရှန်းကို အကဲဖြတ်ဖို့ မဟုတ်ဘူးလား။ တကယ်လို့ သူသာ တကယ့်ကို ထူးခြားတဲ့သူ ဖြစ်တယ်ဆိုရင်တော့ သူ့ကို ဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်တာ နောက်မကျသေးပါဘူး” ဟု ပြောလိုက်သည်။

လှပသော အမျိုးသမီးငယ်သည် အဝေးမှ ဇီဝေတောင်ထိပ်ကို မော့ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့လေး ပြုံးကာ “အင်း... ချန်ကျောက်ရှန်းက ကျွန်မကို အံ့ဩအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ” ဟု ရေရွတ်လိုက်သည်။

All Chapters