အခန်း (၁၁၄)
Vol. 12 Ch. 114
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၁၄)
ကျန်းထိုင်နန်းဆောင်အတွင်းရှိ ခန်းမတစ်ခုထဲတွင် ဝန်ကြီးနှစ်ယောက်ဖြစ်သော လီစီနှင့် ယွီလျောင်တို့က ရပ်နေကြသည်။ နန်းတွင်းမှ စစ်ဘက်နှင့် အရပ်ဘက်အရာရှိအားလုံးထဲတွင် ထိုနှစ်ယောက်ကိုသာ ခေါ်ယူထားခြင်းဖြစ်သည်။ ချင်ဘုရင်က ဆွေးနွေးစရာ အရေးကြီးကိစ္စများ ရှိနေသည်မှာ ထင်ရှားသည်။
" ဝေမြစ်တိုက်ပွဲမှာ ကျောက်ဖုန်းက မယ်တော်ကြီးကို ကယ်တင်နိုင်ခဲ့သလို နောက်ကွယ်က ကြိုးကိုင်တဲ့သူကိုလည်း ဖမ်းမိခဲ့တယ်။ " ရင်ကျန့်က ဝန်ကြီးနှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။ "ဒါကို ဘယ်သူစီစဉ်တယ်လို့ မင်းတို့ထင်လဲ။ "
" ကျောက်နိုင်ငံရဲ့ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့က နိုင်ငံရဲ့ အသန်မာဆုံး စစ်သည်တွေပဲ။ သူတို့ကို လှုပ်ရှားစေခဲ့တဲ့သူက သူတို့ရဲ့ တပ်မှူးဖြစ်ပါလိမ့်မယ်။ " လီစီက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" လီစီ မင်းမှားနေပြီ။ " ရင်ကျန့်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ " ဒီတစ်ကြိမ် လှုပ်ရှားမှုကို ကြိုးကိုင်ခဲ့တဲ့သူက ဝန်ကြီးချုပ်ကောခိုင်ပဲ။ "
လီစီနှင့် ယွီလျောင်တို့က အံ့အားသင့်သွားကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
" ကောခိုင်လား။ အဲ့ဒီလူက တကယ်ပဲ အကွက်ချကြံစည်နိုင်လို့လား။ " ယွီလျောင်က အံ့ဩတကြီး ပြောလိုက်သည်။
" သူက ကျောက်ဘုရင်ရဲ့ မျက်နှာသာပေးမှုကြောင့် ဝန်ကြီးချုပ်ရာထူးကို ရခဲ့တာလို့ ကြားဖူးပါတယ်။ သူက အရည်အချင်းလည်းမရှိ ကိုယ်ကျင့်တရားကလည်း မကောင်းတဲ့အပြင် သေမှာလည်း အရမ်းကြောက်တဲ့ လူကြောက်တစ်ယောက်လို့ ပြောကြတယ်။ သူက ချင်နိုင်ငံအပေါ် ဒီလိုကြံစည်ရဲလို့လား။ "
" ကြည့်ရတာ သူ့ရဲ့ သတ္တိက အထင်သေးမိခဲ့တဲ့ပုံပဲ။ " လီစီက ပြောလိုက်သည်။
" မင်းတို့ ပြောခဲ့သလိုပဲ သူက တကယ်ကို အရည်အချင်းရော ကိုယ်ကျင့်တရားရော မရှိတဲ့ လူတစ်ယောက်ပဲ။ " ရင်ကျန့်က ပြောလိုက်သည်။ " သူ့ကို သတ်ပစ်တာက အလကားပဲ။ တကယ်တော့ သူ့ကို ကျောက်နိုင်ငံမှာ ထားလိုက်တာက ကျောက်နိုင်ငံကို သိမ်းပိုက်မယ့် ချင်နိုင်ငံရဲ့ အစီအစဉ်အတွက် အသုံးဝင်တဲ့ နယ်ရုပ်တစ်ခု ဖြစ်လာနိုင်တယ်။ "
" အရှင်မင်းကြီးက အဲ့ဒီကောခိုင်ကို ထိန်းချုပ်ပြီး ကျောက်နိုင်ငံမှာ ချင်နိုင်ငံရဲ့ သူလျိုတစ်ယောက်အဖြစ် အသုံးချချင်တာလား။ " ယွီလျောင်က ချက်ချင်း နလည်သွားသည်။
" အဲ့ဒီလူက စည်းစိမ်နဲ့ အာဏာကို မက်မောသလို အရာအားလုံးထက် သေမှာကို ပိုကြောက်တယ်။ သူ့ကို ထိန်းချုပ်ဖို့က အရမ်းလွယ်ပါတယ်။ တုဆွေက သူ့ကို ခေါ်လာပြီးတဲ့နောက်မှာ ကောခိုင်ကို ထုတ်ဖော်လိုက်ရင် လှုပ်လှုပ်ရှားရှား ဖြစ်သွားမှာသိလို့ လျို့ဝှက်ထားခဲ့တာပဲ။ ဒါကြောင့် ကျောက်နိုင်ငံက ကောခိုင်ကို ချင်နိုင်ငံက ဖမ်းထားမှန်းသိမှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက် ငါ့ရဲ့ ရည်ရွယ်ချက်ကို နားလည်မှာပါ။ " ရင်ကျန့်က ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ နားလည်ပါပြီ။ ဒီကောခိုင်ကို ချင်နိုင်ငံအတွက် အသုံးချနိုင်အောင် သေချာလုပ်ပေးပါမယ်။ " ယွီလျောင်နှင့် လီစီတို့က ပြောလိုက်ကြသည်။
" သွားပြီး စီစဉ်လိုက်တော့။ ရလဒ်ကို ငါဆီအမြန်ဆုံး ယူလာခဲ့ကြ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး။ " လီစီနှင့် ယွီလျောင်တို့က ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်ခွာသွားကြသည်။
" တုဆွေက ဝေမြို့ကို သွားမှာဆိုတော့ ယုံမြို့နန်းတော်အတွက် အစောင့်တပ်မှူးတစ်ယောက် လိုအပ်လာပြီ။ ပြီးတော့ ရှန်းယန်နန်းတော်ကိုလည်း သန့်ရှင်းရေးလုပ်ရမယ့်အချိန်ရောက်ပြီ။ "
" ကျောက်ကောင်း..." ရင်ကျန့်က ကျောက်ကောင်းကို လှမ်းခေါ်လိုက်သည်။
ကောခိုင်ကို အကျဉ်ထောင်တစ်ခုထဲတွင် သီးသန့်ချုပ်နှောင်ထားသည်။ သူက အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ယခင် ကျောက်ယန်နှင့် ပူးပေါင်းပြီး ချင်နိုင်ငံ၏ မင်းသား ရင်ကျန့်ကို အနိုင်ကျင့်ခဲ့သော ပြစ်မှုဖြစ်စေ၊ ယခု မယ်တော်ကြီးကို ပြန်ပေးဆွဲသည့်ကိစ္စဖြစ်စေ ရင်ကျန့်က သူ့ကို ဘယ်တော့မှ ခွင််လွှတ်မည်မဟုတ်ပေ။
ထိုအချိန်တွင် အစောင့်အချို့က သူ့အခန်းရှေ့သို့ ရောက်လာပြီး တံခါးကို ဖွင့်လိုက်ကြသည်။ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် သူက ထိတ်လန့်သွားသည်။
" ဘာဖြစ်တာလဲ။ ဘာဖြစ်လို့လဲ။ "
" တရားရေးဝန်ကြီးရဲ့ အမိန့်အရ မင်းကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားမလို့ပဲ။ " အစောင့်တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။ သူတို့က ဘာမှမပြောဘဲ ကောခိုင်ကို ဆွဲထူပြီး အခန်းထဲမှ ခေါ်ထုတ်သွားကြသည်။
" ငါ့ကို လွှတ် ငါ့ကို လွှတ်...." ကောခိုင်က အလန့်တကြား ရုန်းကန်နေသည်။
မကြာခင် သူ့ကို အကျဉ်းထောင်ခန်းမထဲသို့ ခေါ်ဆောင်သွားကြသည်။ ထိုနေရာတွင် လီစီနှင့် ယွီလျောင်တို့က ထိုင်နေကြသည်။
" ဒူးထောက်စမ်း " အစောင့်တစ်ယောက်က ကောခိုင်၏ ခြေထောက်ကို ကန်လိုက်သောကြောင့် သူက ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
" ကောခိုင်..." လီစီက အထင်သေးစွာဖြင့် ပြောလိုက်သည်။ " ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ်။ မင်းကို ဒီမှာတွေ့ရလိမ့်မယ်လို့ ငါတစ်ခါမှမထင်ခဲ့မိဘူး။ "
" ဝန်ကြီးချုပ် " ကောခိုင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အသနားခံလိုက်သည်။ " ကျွန်တော်က ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ်ပါ။ ကျွန်တော်ကို ပြန်လွှတ်ပေးရင် ဝန်ကြီးချုပ်ကို တကယ်ကျေးဇူးဆပ်ပါမယ်။ ကျောက်နိုင်ငံနဲ့ ချင်နိုင်ငံကြားမှာ ထာဝရငြိမ်းချမ်းရေးရအောင် ကျွန်တော်လုပ်ပေးပါမယ်။ "
" ကောခိုင်..." လီစီက လှောင်ပြုံးပြုံးလိုက်သည်။ " အဲ့ဒီလိုပြောဖို့ နည်းနည်းနောက်ကျသွားပြီလို့ မင်းမထင်ဘူးလား။ "
" ဝန်ကြီးချုပ်လီ။ " ကောခိုင်က ထိတ်လန့်သွားသည်။
" မင်းက ချင်နိုင်ငံထဲကို ခိုးဝင်ပြီး ငါတို့ မယ်တော်ကြီးကို ပြန်ပေးဆွဲခဲ့တယ်။ ဒါက ကြီးမားတဲ့ ပြစ်မှုဆိုတာ မင်းသိထားသင့်တယ်။ အရှင်မင်းကြီးရဲ့ အမိန့်အရ ငါက မင်းရဲ့ ပြစ်မှုတွေအတွက် စီရင်ချက်ချဖို့ ဒီကို ရောက်နေတာပဲ။ "
" ချင်နိုင်ငံရဲ့ မယ်တော်ကြီးကို ပြန်ပေးဆွဲတာက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။ ချင်နိုင်ငံရဲ့ စစ်သည်တွေကို သတ်ဖြတ်တာက ခေါင်းဖြတ်ခံရမယ့် ပြစ်မှုပဲ။ ဒီပြစ်မှုနှစ်ခုလုံးအတွက် ငါက ကောခိုင်ကို မြင်းငါးကောင်နဲ့ ခန္ဓာကိုယ်ကို ဆွဲဖြဲဖို့ စီရင်ချက်ချလိုက်တယ်။ "
" စာရွက်စာတမ်းတွေ ယူလာပြီး သူ့ကို လက်မှတ်ထိုးခိုင်းလိုက်။ " လီစီက အေးစက်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " အစောင့်များက ချက်ချင်း လှုပ်ရှားလိုက်ကြတယ်။ တစ်ယောက်က ကောခိုင်ကို ဖိထားပြီး နောက်တစ်ယောက်က သူ၏ လက်ကို တွဲယူကာ တတိယတစ်ယောက်က ဝါချပ်စာလိပ်ကို ထုတ်ယူလိုက်သည်။
" မလုပ်ပါနဲ့ ကျွန်တော်ကို မသတ်ပါနဲ့။ ကျွန်တော်က အသုံးဝင်ပါတယ်။ " ကောခိုင်က အသည်းအသန် ရုန်းကန်တော့သည်။ " ကျွန်တော်က ကျောက်နိုင်ငံအကြောင်း ကျောက်ဘုရင်အကြောင်း အများကြီးသိထားပါတယ်။ ကျွန်တော် ချင်နိုင်ငံကို အလုပ်အကျွေးပြုဖို့ အဆင်သင့်ပါပဲ။ "
ကောခိုင်၏ ကြောက်ရွံ့မှုက အမြင့်ဆုံးအဆင့်သို့ နီးကပ်လာပြီဖြစ်သည်။ ဝါချပ်စာလိပ်က တဖြည်းဖြည်း နီးကပ်လာပြီး သူ၏ လက်ကို မင်အိုးထဲသို့ ဖိနှစ်ကာ သူ၏ လက်ဗွေကို စာရွက်ပေါ်သို့ ဖိနှိပ်လိုက်သည်ကို သူက ထိတ်လန့်စွာ ကြည့်နေသည်။
" တရားရေးဝန်ကြီးကို တင်ပြပါတယ်။ ကောခိုင် လက်မှတ်ထိုးပြီးပါပြီ။ " အစောင့်တစ်ယောက်က ဝါးချပ်စာလိပ်ကို မြှောက်ပြီး ပြောလိုက်သည်။
လီစီက ၎င်းကို ယူကာ စစ်ဆေးပြီးနောက် ပြုံးလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။ " ကောခိုင်ကို ကွပ်မျက်ကွင်းဆီ ခေါ်သွားလိုက်။ ငါတို့ကိုယ်တိုင် စီရင်ချက်ကို ကြီးကြပ်မယ်။ "
၎င်းကို ကြားသောအခါ ကောခိုင်၏ ခန္ဓာကိုယ်က ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပေါ်နေသည်။ သို့သော် အစောင့်များက သူ့ကို ဂရုမစိုက်ပေ။ သူတို့က ပျော့ခွေနေသော ကောခိုင်ကို မပြီး ကွပ်မျက်ကွင်းဆီသို့ သယ်ဆောင်သွားသည်။
ကွပ်မျက်ကွင်းတွင် အစောင့်များ စောင့်ကြပ်နေကြသည်။ သို့သော် ထိုအစောင့်များက လီစီ၏ ကိုယ်ရံတော်များဖြစ်ပြီး သတင်ပေါက်ကြားရန် စိုးရိမ်စရာမလိုပေ။
ယခုအချိန်တွင် ကောခိုင်က မြေပြင်တွင် လဲကျနေပြီး သူ့ကို မြင်းငါးကောင်က ဝန်းရံထားသည်။ သူ၏ ခြေလက် လေးဖက်နှင့် ဦးခေါင်းကို ကြိုးများဖြင့် ချည်နှောင်ထားသည်။
" ငါမသေချင်သေးဘူး.... ငါမသေချင်သေးဘူး.... ချင်မင်းကြီး ကျွန်တော် ချင်နိုင်ငံအပေါ် သစ္စာစောင့်သိဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ "
ကောခိုင်က အသနားခံ အော်ဟစ်နေဆဲဖြစ်သည်။ သူ့တွင် သုံးမကုန်သော စည်းစိမ်ဥစ္စာများနှင့် ပျော်ပါးရန် မောင်းမမိဿံများ ရှိနေသေးသည်။ သူမသေချင်သေးပေ။
" တရားရေးဝန်ကြီးရဲ့ အမိန့်အရ မင်းကို ကိုယ်လက်အင်္ဂါဖြတ်တောက်ပြီး ကွပ်မျက်ရမယ်။ အမိန့်တော် ချမှတ်လိုက်ပြီ။ " လီစီက အမိန့်ပေးတံဆိပ်ပြားကို ကောခိုင်ရှိရာသို့ ပစ်လွှတ်လိုက်သည်။
တံဆိပ်ပြား မြေပေါ်သို့ ကျသွားသောအချိန်တွင် ကောခိုင်က ပို၍ ရုန်းကန်လေတော့သည်။
" မလုပ်ပါနဲ့ ကျွန်တော်ကို မသတ်ပါနဲ့...."
" ကျွန်တော်မသေချင်သေးဘူး..."
" ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ..."
ကောခိုင်က အလွန်ကြောက်လန့်သွားပြီး ကြောက်သေးပင် ထွက်ကျလာသည်။ သေခါနီးအချိန်က အရာအားလုံးထက် ပိုပြီး ကြောက်စရာကောင်းလှသည်။
၎င်းကို မြင်သောအခါ လီစီနှင့် ယွီလျောင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ ထိုသို့ခြောက်လန့်လိုက်ခြင်းက ကောခိုင်ကို သူ၏ စိတ်ဝိညာဉ်ထဲထိ ကြောက်ရွံ့သွားစေခဲ့သည်။ ထိုအခြေအနေသို့ ရောက်သောအခါ လီစီက အချိန်တန်ပြီကို သိလိုက်သည်။
သူက လက်ဝှေ့ရမ်းလိုက်ပြီး အစောင့်များက ကောခိုင်ကို ချည်နှောင်ထားသော ကြိုးများကို ဖြုတ်ပေးလိုက်ကြသည်။ ကောခိုင်ကတော့ သူလွတ်သွားသည်ကိုပင် သတိမထားမိဘဲ ရုန်းကန်နေတုန်းဖြစ်သည်။
" ကောခိုင် မင်းရဲ့ သေမှာကြောက်တဲ့ ပုံစံက ဝန်ကြီးချုပ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာမျိုး လုံးဝ မရှိတာပဲ။ " လီစီက လှောင်ပြောင်လိုက်သည်။
လီစီ၏ အသံကို ကြားမှ ကောခိုင်က စိုးရိမ်မှုများမှ လွတ်မြောက်လာသည်။ သူက မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လီစီနှင့် ယွီလျောင်တို့ကို မြင်လိုက်ရသည်။ သူ၏ ပုံစံက မြင်မကောင်းအောင် ဖြစ်နေသည်။ သူ၏ မျက်နှာတွင် မျက်ရည်များ ပေကျံနေပြီး သူ၏ ဘောင်းဘီတွင်ဘည်း သေးကွက်ကြီး စွန်းထင်နေသည်။