← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း။ ၁၁

စကားပြောဆိုနေကြစဉ်မှာပင် ချန်မိသားစု၏ နောက်ဘက်တောင်ကုန်းရှိ တားမြစ်နယ်မြေအတွင်း၌ ယိုယွင်းပျက်စီးနေသော အငွေ့အသက်များ လွှမ်းခြုံနေပြီး အရေပြားနှင့် အရိုးသာ ကျန်တော့သည့် ခန္ဓာကိုယ်၊ အသက်ကြီးလာ၍ အစက်အပြောက်များဖြင့် ပြည့်နှက်နေသော မျက်နှာရှိသည့် အဘိုးအိုတစ်ဦးသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ မျက်လုံးအစုံမှာ မီးခိုးရောင်သန်းကာ ဝေဝါးနေပြီး ရှေးဟောင်းရေတွင်းပျက်ကြီးတစ်ခုကဲ့သို့ ငြိမ်သက်လွန်းလှသည်။ သူသည် တောင်အောက်ခြေသို့ တစ်ချက်မျှသာ ငုံ့ကြည့်လိုက်ရုံရှိသေး... သူနှင့် ပုံသဏ္ဌာန်တူသော ဝိညာဉ်အရိပ်တစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ချက်ချင်းဆိုသလို ရုန်းထွက်၍ ပေါ်ပေါက်လာခဲ့သည်။

"ကောင်းကင်ဘုံသန့်စင်နန်းတော်က လူငယ်သူငယ်ချင်းနှစ်ယောက်... ငါတို့ ချန်မိသားစုဆီကို ဘာကိစ္စနဲ့များ ကြွမြန်းလာကြတာလဲ"

နောက်တစ်ခဏတွင် အိုမင်းရင့်ရော်လှသော အသံကြီးတစ်သံသည် မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုနှင့် လှပသော အမျိုးသမီးငယ်တို့၏ နားစည်ဘေးတွင် ဟိန်းထွက်ပဲ့တင်ထပ်သွားတော့သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် မီးခိုးရောင်ဝတ်စုံအဘိုးအိုနှင့် အမျိုးသမီးငယ်တို့သည် ချက်ချင်းပင် မော့ကြည့်လိုက်ကြရာ သူတို့၏ မျက်စိသူငယ်အိမ်တို့မှာ အံ့ဩတုန်လှုပ်မှုကြောင့် ကျုံ့ဝင်သွားခဲ့ရ၏။ ဤအရိပ်၏ ရှေ့မှောက်တွင် သူတို့၏ ကျင့်ကြံမှုမှာ မည်မျှပင် နက်နဲသည်ဆိုစေကာမူ သမုဒ္ဒရာကြီးထဲမှ သဲပွင့်လေးတစ်ပွင့်ကဲ့သို့ မိမိကိုယ်ကို သေးငယ်လှသည်ဟု ခံစားလိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသူနှစ်ဦးသည် ဤသူကို မှတ်မိသွားကြသည်။ ဤသူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခဲ့သော ချန်

မိသားစု၏ ဒဏ္ဍာရီလာ မိစ္ဆာအိုကြီးပင် ဖြစ်ရမည်။

ချက်ချင်းပင် ထိုသူနှစ်ဦးသည် လက်အုပ်ချီ၍ ရိုသေစွာ ဂါရဝပြုလိုက်ကြရင်း

"ကောင်းကင်ဘုံသန့်စင်နန်းတော်က မျိုးဆက်သစ် ဖေးလုံက စီနီယာကြီးချန်ကို ဂါရဝပြုပါတယ်ခင်ဗျာ"

"ကောင်းကင်ဘုံသန့်စင်နန်းတော်က မျိုးဆက်သစ် မော့ချင်းယွဲ့က စီနီယာကြီးချန်ကို ဂါရဝပြုပါတယ်ရှင့်"

အိုမင်းလှသော အရိပ်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး အံ့ဩတကြီးဖြင့် "ကောင်းကင်ဘုံသန့်စင်နန်းတော်က ဆရာကြီး ဖေးလုံနဲ့ သူတော်စင်မလေး မော့ချင်းယွဲ့တို့ပါလား"

ကောင်းကင်ဘုံသန့်စင်နန်းတော်မှ ဆရာကြီးဖေးလုံသည် လက်ရှိကျင့်ကြံခြင်းလောကတွင် ဓားလမ်းစဉ်ကျင့်ကြံမှု၌ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။

သူ၏ကျင့်ကြံမှုမှာ အလွန်နက်နဲလှပြီး စစ်မှန်သောကိုယ်ပွားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ကာ နိဗ္ဗာနအဆင့်ထဲသို့ပင် ခြေတစ်လှမ်း လှမ်းထားနိုင်သူဖြစ်သည်။ ဤပုဂ္ဂိုလ်သည် တစ်ကြိမ်က ကွန်လွန်းတောင်ထိပ်၌ နိဗ္ဗာနအဆင့်ရှိသော မိစ္ဆာကြီးတစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်သတ်နိုင်ခဲ့သဖြင့် ဤခေတ်ကာလတွင် ဓားလမ်းစဉ် မဟာဆရာကြီး အဖြစ် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးအရှိဆုံးသူအဖြစ် ချီးမွမ်းခံထားရသူလည်း ဖြစ်၏။

မော့ချင်းယွဲ့မှာမူ ကောင်ကင်ဘုံသန့်စင်နန်းတော်၏ သူတော်စင်မဖြစ်ပြီး ရှေးခေတ်မှ ယနေ့အထိ အနှိုင်းမဲ့သော ပါရမီနှင့် ခွန်အားကို ပိုင်ဆိုင်ထားသူဟု နန်းတော်တစ်ခုလုံးက ဗြောင်ကျကျ ချီးကျူးထားခြင်း ခံရသူဖြစ်သည်။ သူမသည် နုပျိုသော အရွယ်၌သာ ရှိသေးသော်လည်း ကျင့်ကြံမှုမှာ ဝိညာဉ်ခရီးသွားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ယခုခေတ်၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ဦးပင်။ သူမ၏ ကျင့်ကြံမှုအရှိန်အဟုန်မှာ တစ်ခုလုံးသော ကျင့်ကြံခြင်းလောက၌ ထူးခြားဆန်းပြားသည်ဟု ဆိုရလောက်အောင်ပင် အံ့ဩစရာ ကောင်းလှသည်။

ထို့ပြင် မော့ချင်းယွဲ့၏ ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းမှာလည်း ထူးကဲလှ၏။ သူမသည် ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင် အလွန်ရှားပါးလှသော မဟာစိတ်ဝိညာဉ်သခင်တစ်ဦးလည်း ဖြစ်သည်။ ဇီဝေတောင်၏ တားမြစ်နယ်မြေအတွင်း၌သာ နေထိုင်သော်လည်း ဘိုးဘေးကြီးမှာ ထိုသူနှစ်ဦး၏ အမည်နာမကို ကြားဖူးနားဝ ရှိနေခဲ့သည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ငါတို့ ချန်မိသားစုဆီကို အခုလို ကြွရောက်လာတာ ဘာများ လမ်းညွှန်ချက် ပေးချင်လို့ပါလဲ"

အိုမင်းလှသော အရိပ်သည် သူ၏ လေသံကို သိသိသာသာ ယဉ်ကျေးစွာ ပြောင်းလဲလျက် မေးမြန်းလိုက်သည်။

ဆရာကြီး ဖေးလုံက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "လမ်းညွှန်ပေးဖို့တော့ မဟုတ်ပါဘူး။ ဒီတစ်

ခေါက် တောင်အောက်ဆင်းလာတဲ့ ခရီးစဉ်မှာ ချန်မိသားစုမှာ ချီလင်သားကောင်းတစ်ယောက် ရှိတယ်လို့ ကြားခဲ့ရလို့ပါ။ အမှတ်အသား ကိုးခုတင်မကဘဲ မွေးရာပါ ဘုရင်မြေပုံကိုပါ ပိုင်ဆိုင်ထားတယ်ဆိုတော့ သူ့ကို ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံသန့်စင်နန်းတော်ဆီ ခေါ်သွားနိုင်မလားဆိုတဲ့ အတွေးနဲ့ လာခဲ့တာပါ" ဟု ပြောလိုက်သည်။။

"အိုး..."

အိုမင်းလှသော အရိပ်သည် သူ၏ မျက်လုံးများကို မှေးလိုက်မိ၏။ အမှန်တကယ်ပင် ကောင်းကင်ဘုံသန့်စင်နန်းတော်ကဲ့သို့သော အမတလမ်းစဉ် ဂိုဏ်းကြီးများသည် ရံဖန်ရံခါတွင် ထိပ်တန်းပါရမီရှင်များကို ကျင့်ကြံရန်အတွက် ဂိုဏ်းအတွင်းသို့ ခေါ်ယူလေ့ရှိသည်။ အကယ်၍ ချန်ကျောက်ရှန်းသာ ကောင်းကင်ဘုံသန့်စင်နန်းတော်သို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့ပါက ဆုတ်ယုတ်နေသော ချန်မိသားစုအတွက် အတိုင်းမသိ အကျိုးကျေးဇူး ရှိပေလိမ့်မည် ယင်းမှာ ချန်မိသားစုသည် အမတလမ်းစဉ် ဂိုဏ်းကြီးတစ်ခုနှင့် အဆက်အသွယ် ရရှိသွားခြင်းကို ဆိုလိုခြင်းပင်။

"ဒါဆို မင်းတို့နှစ်ယောက်က ဘယ်လိုမျိုး မိတ်ဆက်ပေးဖို့ စီစဉ်ထားလို့လဲ"

အိုမင်းလှသော အရိပ်က မေးလိုက်သည်။

ဆရာကြီးဖေးလုံက ပြုံးလျက် ပြန်လည်ဖြေကြားသည်။

"ရိုးရှင်းပါတယ် ကျွန်တော်တို့ကို သာမန်လူတွေအဖြစ်နဲ့ပဲ ချန်မိသားစုထဲမှာ နေခွင့်ပေးပါ။ ဒါမှပဲ ခင်ဗျားတို့ မိသားစုရဲ့ ချီလင်သားလေးက ကျွန်တော်တို့ နန်းတော်နဲ့ သင့်တော်ရဲ့လားဆိုတာကို အနီးကပ် စောင့်ကြည့်နိုင်မှာပါ"

အိုမင်းလှသော အရိပ်သည် ခေါင်းငြိမ့်လိုက်၏။ ယင်းမှာ ချန်ကျောက်ရှန်း၏ စိတ်နေစိတ်ထားကို အကဲဖြတ်လိုခြင်း ဖြစ်မည်ဟု သူ တွေးလိုက်မိသည်။

"ငါတို့ ချန်မိသားစုရဲ့ မျိုးဆက်တစ်ခုက ကောင်းကင်ဘုံသန့်စင်နန်းတော်ထဲကို တကယ်ဝင်နိုင်

မယ်ဆိုရင် ဒါဟာ ချန်မိသားစုအတွက် ကံကောင်းခြင်းတစ်ခုပါပဲ"

အိုမင်းလှသော အရိပ်သည် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည် "ဒါပေမဲ့ စိတ်မကောင်းစရာက ငါ့မြေး ကျောက်ရှန်းက လွန်ခဲ့တဲ့ တစ်လခွဲကတည်းက သူ့အဖေနဲ့အတူ တောင်ဘက်နယ်စပ်ကို ကျင့်ကြံဖို့ ထွက်သွားတာ။ နောက်ထပ် တစ်လခွဲလောက်နေမှ ပြန်ရောက်မှာပဲ"

"တစ်လခွဲ ဟုတ်လား"

ထိုစကားကို ကြားလိုက်ရသောအခါ ဆရာကြီးဖေးလုံ၏ မျက်နှာထက်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ယှက်သန်းသွားသည်။

သူတို့သည် ဂိုဏ်းအတွက် တပည့်သစ်စုဆောင်းရန် တကူးတက တာဝန်ပေးအပ်ခံထားရသူများ မဟုတ်ဘဲ၊ ချန်မိသားစုအနီးသို့ အမှတ်မထင် ဖြတ်သန်းလာမိရင်းမှသာ ဖြတ်လာတုန်းလေး ကြည့်သွားရအောင် ဆိုသည့် စိတ်ကူးဖြင့် ချန်ကျောက်ရှန်းကို အကဲဖြတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"ဒါဆိုရင်တော့လည်း ထားလိုက်ပါတော့။ နောင်အခါကျမှပဲ ဂိုဏ်းကလူတစ်ယောက်ကို အကဲဖြတ်ဖို့နဲ့ မိတ်ဆက်ပေးဖို့ လွှတ်လိုက်ပါ့မယ်"

ထိုသို့ပြောပြီးနောက် ဆရာကြီး ဖေးလုံသည် ဘေးနားရှိ မော့ချင်းယွဲ့ကို တစ်ချက်ကြည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

အိုမင်းလှသော အရိပ်သည်လည်း များစွာ နှမြောတသဖြစ်သွားရသည်။ အကယ်၍သာ သူသည် ဇီဝေတောင်၌ အကျဉ်းကျနေသကဲ့သို့ တာဝန်ရှိမနေပါက တောင်ဘက်နယ်စပ်သို့ ကိုယ်တိုင်သွားပြီး ချန်ကျောက်ရှန်းကို အခုချက်ချင်း ပြန်ခေါ်လာချင်မိ၏။ ဤအခွင့်အရေးကိုသာ လက်လွတ်လိုက်ရပါက နောက်တစ်ကြိမ် ကောင်းကင်ဘုံသန့်စင်နန်းတော်သို့ ဝင်ခွင့်ရရန် မည်သည့်အချိန်မှန်း မသိနိုင်တော့ချေ။

ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်

"ခဏလေးဦး... ကျောက်ရှန်းက မိသားစုထဲမှာ မရှိပေမဲ့ ငါတို့ဆီမှာ တခြားမျိုးဆက်တွေလည်း ရှိပါသေးတယ်။ သူတို့ကိုရော တစ်ချက်လောက် ကြည့်မသွားချင်ဘူးလား"

"အိုး..."

ဆရာကြီး ဖေးလုံနှင့် မော့ချင်းယွဲ့တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် "အဲဒီလူရဲ့ ပါရမီကရော ဘယ်လိုရှိလို့လဲ" ဟု မေးမြန်းလိုက်ကြသည်။

အိုမင်းလှသော အရိပ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး "ဒီကလေးက ကျောက်ရှန်းလောက် ပါရမီမပါပေမဲ့ တကယ့်ကို ချီးကျူးထိုက်တဲ့သူပါ။ အသေးစိတ်ကိုတော့ ခင်ဗျားတို့နှစ်ယောက် ကိုယ်တိုင်ပဲ အကဲဖြတ်ကြည့်ရမှာပေါ့" ဟု ပြောလိုက်သည်။။

"ဒါကတော့..."

ထိုစကားကို ကြားသောအခါ ဆရာကြီးဖေးလုံသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး ထွက်ခွာရန်သာ စိတ်အားသန်နေတော့သည်။ ကောင်းကင်ဘုံသန့်စင်နန်းတော်ကဲ့သို့ အထွတ်အထိပ် အမတလမ်းစဉ် ဂိုဏ်းကြီးတစ်ခုသို့ ဝင်ရောက်လိုသူမှာ မရေမတွက်နိုင်အောင် ရှိရာ သူတို့အတွက် ပါရမီရှင်များမှာ ရှားပါးလှသည် မဟုတ်ပေ။

အမှတ်အသားကိုးခုနှင့် ဘုရင်မြေပုံ ပိုင်ဆိုင်သည့် ချန်ကျောက်ရှန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးကိုသာ သူက အကဲဖြတ်ရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။ ကျောက်ရှန်းထက် နိမ့်ပါးသည့်သူကိုမူ သူက ကြည့်ရန်ပင် စိတ်မဝင်စားတော့ချေ။

သို့သော်လည်း တိတ်ဆိတ်နေခဲ့သော မော့ချင်းယွဲ့ကမူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်ပြကာ ပြုံးလျက် "ကောင်းပါပြီ... ဒါဆိုရင် စီနီယာကြီးချန်က ကျွန်မတို့အတွက် သင့်တော်တဲ့ အဆင့်အတန်းတစ်ခုကို စီစဉ်ပေးပါဦး" ဟု ပြောလိုက်သည်။

“ဟင်”

ဆရာကြီး ဖေးလုံသည် မော့ချင်းယွဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ဘာကြောင့်လဲဟု မေးရန် ပြင်လိုက်သော်လည်း မော့ချင်းယွဲ့က သူ့ကို ခေါင်းအသာအယာ ခါယမ်းပြလိုက်သည်။ ထို့ကြောင့် သူ၏ သံသယများကို စိတ်ထဲ၌သာ မျိုသိပ်ထားလိုက်ရတော့၏။

“ကောင်းပြီလေ”

အိုမင်းလှသော အရိပ်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လက်ကိုလှန်ကာ ဆရာကြီး ဖေးလုံထံသို့ ရှေးဟောင်းအဆောင်လက်ဖွဲ့တစ်ခု ကမ်းပေးရင်း ဆိုလိုက်သည်

“မင်းတို့ ချန်မိသားစုထဲကို ဝင်တဲ့အခါ ယွင်ကျိုးပြည်နယ်က ကျားမိသားစုကလို့ ပြောလိုက်ပါ။ မင်းတို့ရဲ့ ဘိုးဘေးဟာ ငါနဲ့ မျိုးဆက်နဲ့ချီတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ဖူးတယ်။ အခု မင်းတို့မိသားစု ဆုတ်ယုတ်သွားပြီး မင်းတို့နှစ်ယောက်ပဲ ကျန်တော့လို့ ငါတို့ ချန်မိသားစုဆီမှာ လာပြီး ခိုလှုံတာလို့ ပြောလိုက်ပေါ့...”

“အဲဒီကလေးရဲ့ နာမည်က ချန်ကျီရှင်းတဲ့။ ချန်မိသားစုရဲ့ တတိယမြောက် မျိုးနွယ်ခွဲက ချန်ထျန်းလျန်ရဲ့ သားပေါ့”

အိုမင်းလှသော အရိပ်သည် သူတို့အတွက် နောက်ခံသမိုင်းကြောင်းတစ်ခုကို အလွယ်တကူ ဖန်တီးပေးလိုက်ပြီးနောက် သူ၏ ပုံရိပ်မှာ တုန်ခါသွားပြီး ဟင်းလင်းပြင်အတွင်း၌ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ဟင်းလင်းပြင်ထဲတွင် ဘိုးဘေးကြီး၏ အရိပ်အယောင် လုံးဝမရှိတော့သည့် အခါမှသာ

ဆရာကြီး ဖေးလုံက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“မင်းသမီးလေး... ကျောက်ရှန်းက ဒီမှာ မရှိတာပဲကို ဘာလို့ အချိန်ဖြုန်းနေမှာလဲ တတိယမျိုးနွယ်ခွဲက ကလေး ချန်ကျီရှင်းမှာ တစ်ခုခု ထူးခြားနေလို့လား.....”

ဆရာကြီး ဖေးလုံ စကားမဆုံးမီမှာပင်...

မော့ချင်းယွဲ့က အသာအယာ ပြုံးလိုက်ပြီး “မဟုတ်ပါဘူး ဂိုဏ်းထဲမှာလည်း လတ်တလော ဘာမှထူးထူးခြားခြား မရှိတာရယ် တောင်ပေါ်ကနေ ခဲရာခဲဆင်း ဆင်းလာခဲ့ရတာဆိုတော့ ဘာလို့ အလျင်စလို ပြန်နေမှာလဲ ဒီအခွင့်အရေးကို သုံးပြီး အပြင်မှာ နည်းနည်းလောက် ပိုကြာကြာ အနားယူသွားတာပေါ့” ဟု ပြောလိုက်သည်။။

ထိုစကားကို ကြားသောအခါ ဆရာကြီး ဖေးလုံမှာ မှင်တက်သွားပြီးမှ တဟားဟား အော်ရယ်တော့သည်။

မော့ချင်းယွဲ့သည် တတိယမျိုးနွယ်ခွဲမှ ကလေးငယ်၌ ထူးခြားသော တစ်စုံတစ်ခုကို တွေ့ရှိသွား၍ နေခဲ့ရန် ဆုံးဖြတ်ခြင်းဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ သူမက အပြင်လောကမှာ အေးအေးဆေးဆေး လည်ပတ်ချင်ရုံသက်သက်နှင့် အိမ်ပြန်ဖို့ မလောချင်ရုံသက်သက်ပင်။

မင်းသမီးလေးမှာ မည်မျှပင် တည်ငြိမ်ရင့်ကျက်ပြီး ပါရမီထူးသူ ဖြစ်ပါစေ သူမ၏ အနှစ်သာရမှာ နုပျိုသော မိန်းကလေးတစ်ဦးသာ ဖြစ်ရာ အနားယူ အပန်းဖြေချင်စိတ် ရှိသည်မှာ လုံးဝ သဘာဝကျလှသည်။

“ဟားဟားဟား... ဂိုဏ်းအပြင်ဘက်ကို ထွက်လာရတဲ့ အချိန်က နည်းနည်းလေးပါ။ ဂိုဏ်းထဲမှာပဲ အကြာကြီး နေရတာက တကယ်ပဲ အသက်ရှူကျပ်စရာ ကောင်းတာပဲ နားလည်ပါတယ်ဗျာ”

ဆရာကြီး ဖေးလုံက လက်ကို ဝှေ့ယမ်းကာ ရယ်မောရင်း

“ကောင်းပါပြီ... ကောင်းပါပြီ ဒီအဘိုးကြီးက မင်းသမီးလေး အပြင်မှာ ပိုကြာကြာ လည်ပတ်နိုင်အောင် အဖော်လုပ်ပေးပါ့မယ်”

စကားဆုံးသည်နှင့်...

ဆရာကြီး ဖေးလုံသည် ရှေးဦးစွာ ကိုယ်ယောင်ဖျောက် အသွင်ပြောင်းလိုက်ရာ ကြမ်းတမ်းသော လျှော်တေဝတ်စုံကို ဝတ်ဆင်ထားသည့် အသားမည်းမည်းနှင့် လယ်သမားအိုကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

မော့ချင်းယွဲ့သည်လည်း ကိုယ်ကို တစ်ပတ်လှည့်လိုက်ရာ ရှစ်နှစ် ကိုးနှစ်အရွယ်ခန့်ရှိသော သာမန်ရုပ်ရည်နှင့် ပိန်ပိန်ပါးပါး မိန်းကလေးငယ်တစ်ဦးအဖြစ် အသွင်ပြောင်းသွားသည်။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီးနောက် ချန်မိသားစု၏ တောင်

တံခါးဝဆီသို့ ဦးတည်၍ ထွက်ခွာသွားကြတော့သည်။

အခန်း။ ၁၂

ချန်မိသားစု ဘိုးဘေးကြီး ကိုယ်တိုင်ပေးလိုက်သည့် အဆောင်လက်ဖွဲ့ကြောင့် ဆရာကြီး ဖေးလုံနှင့် မော့ချင်းယွဲ့တို့၏ အထောက်အထားကို မည်သူမျှ မသံသယဝင်ရဲကြဘဲ ချန်မိသားစုအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။

ချန်မိသားစု၏ အပြင်စည်းတပည့်များက သူတို့ကို ဇီဝေတောင်၏ တတိယမြောက် တောင်ထိပ်ရှိ ချန်ထျန်းလျန် နေထိုင်ရာ အဆောင်သို့ ခေါ်ဆောင်သွားကြ၏။

"သခင်မလေးနဲ့ တတိယသခင်လေး..."

"ဒီနှစ်ယောက်က ယွင်ကျိုးပြည်နယ် ကျားမိသားစုကပါ။ ဟိုအရင်တုန်းက ကျွန်တော်တို့ ချန်မိသားစု ဘိုးဘေးကြီးနဲ့ ကျားမိသားစုဟာ မျိုးဆက်နဲ့ချီတဲ့ မိတ်ဆွေရင်းချာတွေ ဖြစ်ခဲ့ကြပြီးနောင်တစ်ချိန်မှာ ဘယ်မိသားစုပဲ ဆုတ်ယုတ်ပါစေ ကျန်တဲ့မိသားစုက ကူညီဖေးမကြဖို့ ကတိကဝတ်ပြုထားခဲ့ကြပါတယ်"

"အခု ကျားမိသားစုက ဘေးဒုက္ခနဲ့ ကြုံတွေ့ရပြီး ဒီနှစ်ယောက်ပဲ လွတ်မြောက်လာခဲ့တာပါ။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်ကို တတိယသခင်လေးနဲ့အတူ ဒီမှာ ခေတ္တနေထိုင်ခွင့်ပြုထားပါတယ်ခင်ဗျာ"

ချန်မိသားစု တပည့်က အကျိုးအကြောင်း ရှင်းပြပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။

ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့သည် ဆရာကြီး ဖေးလုံနှင့် မော့ချင်းယွဲ့တို့ကို အကဲခတ်ကြည့်ကြသော်လည်း ထွေထွေထူးထူး မတွေးမိကြပေ။ နောက်ဘက်တောင်ကုန်းရှိ တားမြစ်နယ်မြေထဲမှ ဘိုးဘေးကြီးကိုယ်တိုင်က ချန်မိသားစုကို စောင့်ရှောက်နေခြင်းဖြစ်ရာ၊ ၎င်းတို့ ဝင်ရောက်လာခြင်းသည်လည်း ဘိုးဘေးကြီး၏ ခွင့်ပြုချက်ကြောင့်သာ ဖြစ်ရမည်ဟု ယူဆလိုက်ကြသည်။

"အို... ယွင်ကျိုးဆိုတာ ဒီကနေ မိုင်ပေါင်းထောင်ချီ ဝေးတာ မဟုတ်လား။ ဒီကလေးလေး ခင်ဗျာ တော်တော်လေး ပင်ပန်းလာရှာမှာပဲ"

ရင်းရွှမ်းရွှမ်းသည် စိတ်ထားနူးညံ့သူဖြစ်ပြီး အထူးသဖြင့် ကလေးရပြီးနောက်ပိုင်းတွင် ပို၍ပင် သနားဂရုဏာစိတ် ထက်သန်လာသည်။ မော့ချင်းယွဲ့၏ မျက်နှာလေးမှာ ပိန်လှီညှိုးနွမ်းနေသည်ကို မြင်ရပြီး သူတို့နှစ်ဦးစလုံးမှာလည်း ကျင့်ကြံမှုအစအနမျှ မရှိသည်ကို တွေ့ရသောအခါ အလွန်သနားသွားပြီး အစေခံများကို အစားအသောက်များ အမြန်ပြင်ဆင်ရန် ညွှန်ကြားလိုက်တော့သည်။

ချန်ထျန်းလျန်ကလည်း စာနာမှုပြကာ "ကျားမိသားစု အဖြစ်အပျက်ကို ကျွန်တော် ကြားသိရပါတယ်။ နိဗ္ဗာနအဆင့်ရှိတဲ့ မိစ္ဆာတစ်ကောင်နဲ့ ထိပ်တိုက်တိုးရတာကတော့ ဘယ်သူမှ မတတ်နိုင်တဲ့ကိစ္စပါပဲ။ ခင်ဗျားတို့နှစ်ယောက် လွတ်မြောက်လာတာကတော့ တကယ့်ကို ကံကောင်းတယ်လို့ ဆိုရမယ်"

ခေတ္တမျှ ရပ်တန့်ပြီးနောက် ချန်ထျန်းလျန်က "ခင်ဗျားတို့နှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ" ဟု မေးလိုက်သည်။

"တတိယသခင်လေးကို ပြန်ဖြေရရင်... ကျွန်တော့်နာမည်က ကျားလုံဖေးပါ။ ဒါကတော့ ကျွန်တော့်ရဲ့ မြေးမလေး ကျားချင်းယွဲ့ပါ။ သခင်လေးနဲ့ သခင်မလေးတို့က ကျွန်တော်တို့ကို အဘိုးကြီးကျား နဲ့ ယွဲ့အာလို့ပဲ ခေါ်နိုင်ပါတယ်"

ဆရာကြီး ဖေးလုံက ပြုံးလျက် ပြန်လည်ဖြေကြားသည်။

"အဘိုးကြီးကျားနဲ့ ယွဲ့အာလား ကောင်းပါပြီ ကောင်းပါပြီ။ ဒီကို ရောက်လာမှတော့ ကိုယ့်

အိမ်ကိုယ့်ယာလိုပဲ သဘောထားပါ အားမနာပါနဲ့"

"ဟေ့... ဒီဧည့်သည်နှစ်ယောက်အတွက် ဧည့်သည်ဆောင်တစ်ခု ပြင်ပေးလိုက်ကြ ပြီးတော့ ဝိညာဉ်သားရဲအသားနဲ့ ဝိညာဉ်အရက်တွေလည်း ယူခဲ့ကြဦး"

ချန်ထျန်းလျန်က အမိန့်ပေးလိုက်ပြီးနောက် လိုအပ်သည်များကို ပြင်ဆင်ရန် အစေခံများကို ခေါ်ဆောင်သွားတော့သည်။

တစ်ဖက်တွင်လည်း ရင်းရွှမ်းရွှမ်းက ချန်ကျီရှင်းကို ကြည့်ကာ “ကျီအာ... ဒါက မမ ယွဲ့အာတဲ့” ဟု မိတ်ဆက်ပေးလိုက်သည်။

ချန်ကျီရှင်းက မော့ကြည့်လိုက်ပြီး ကလေးသံဝဲဝဲလေးဖြင့် “မင်္ဂလာပါ မမယွဲ့အာ” ဟု နှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ မောင်လေးကျီရှင်း”

မော့ချင်းယွဲ့ကလည်း ချန်ကျီရှင်းကို ပြုံးလျက် ပြန်လည်နှုတ်ဆက်သည်။

“ကဲ... မောင်ရင်တို့ ခဏထိုင်နေကြဦးနော်။ အန်တီ့သားလေးက တစ်နေကုန် ဆော့ထားတော့ မနားရသေးဘူး။ သူ့ကို ခဏလောက် သိပ်လိုက်ဦးမယ်”

ရင်းရွှမ်းရွှမ်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

“ရပါတယ် ခင်ဗျာ... အန်တီ သွားပါ”

ဆရာကြီး ဖေးလုံကလည်း အလိုက်တသိ ပြန်ပြောလိုက်၏။

ရင်းရွှမ်းရွှမ်း ထွက်သွားပြီးနောက် ဆရာကြီး ဖေးလုံသည် သူ၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“တစ်ယောက်က စွမ်းအင်ပြောင်းပြန်စီးတဲ့ ရောဂါရှိနေတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က တစ်ချက်ကြည့်ရုံနဲ့တင် အဆုံးသတ်ကို မြင်နေရပြီ ထူးခြားစရာ မရှိပါဘူး။ စစ်မှန်သောကိုယ်ပွားအဆင့်ဟာ သူ့အတွက် အဆုံးသတ်ပဲ ဖြစ်လိမ့်မယ်”

“နောက်တစ်ယောက်ကတော့ ပါရမီက သာမန်ပဲ ကျင့်ကြံဖို့ ရွေးချယ်ထားတဲ့ ကျင့်စဉ်ကလည်း သူနဲ့ မကိုက်ညီဘူး။ ဒါကြောင့် သူမရဲ့ အောင်မြင်မှုကလည်း အကန့်အသတ် ရှိနေမှာပဲ”

ဆရာကြီး ဖေးလုံက လေသံကို ခေတ္တရပ်နားလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောသည်။

“ဒီကလေးကတော့... ချစ်စရာကောင်းပြီး လူလည်လေး ဖြစ်နေတာကလွဲရင် စကားပြောတာက တခြားကလေးတွေထက် နည်းနည်းစောတာပဲ ရှိတယ်။ ဒါကလွဲရင် ထူးခြားတာ ဘာမှမရှိပါဘူး”

မော့ချင်းယွဲ့သည် ထိုစကားကို ကြားသော်လည်း အံ့ဩပုံမရဘဲ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “အင်း... ထူးထူးခြားခြား ဘာမှမရှိဘူးဆိုတော့လည်း ကျွန်မတို့ ဒီဇီဝေချန်မိသားစုမှာ ရက်အနည်းငယ်လောက် အနားယူပြီးမှပဲ ပြန်ကြတာပေါ့”

ထိုသို့ပြောရင်း မော့ချင်းယွဲ့သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လေသံပြောင်းကာ ရယ်မောလျက် ပြောလိုက်သည်။

“ဒီချန်ထျန်းလျန်ဆိုတဲ့သူက ကျင့်ကြံခြင်းလောကထဲက ကောလာဟလတွေအရတော့ မောက်မာရိုင်းစိုင်းပြီး ရက်စက်တတ်တယ်လို့ နာမည်ထွက်နေတာ။ ဒါပေမဲ့ ဒီနေ့ လူကိုယ်တိုင် တွေ့ရတော့ တကယ့်ကို ကွာခြားချက်ကြီးပါလား”

ဆရာကြီး ဖေးလုံကလည်း ရယ်မောကာ ခေါင်းငြိမ့်ထောက်ခံသည်။

“ဟုတ်ပါတယ် ဒါကြောင့်လည်း လူတစ်ယောက်အကြောင်းကို တခြားသူတွေရဲ့ စကားကတစ်ဆင့် လေ့လာဖို့ မလိုဘူးလို့ ကျွန်တော် အမြဲပြောတာပေါ့။ ဒါက အကြောင်းမဲ့ ပြောတာ မဟုတ်ပါဘူး”

...

...

ထိုနေ့ညတွင် အလွန်ခမ်းနားလှသော ညစာစားပွဲအပြီးတွင် လူတိုင်း စောစောစီးစီး အနားယူရန် ပြင်ကြသည်။

မော့ချင်းယွဲ့၏ ဧည့်သည်ဆောင်ကို ချန်ကျီရှင်း၏ အခန်းနှင့် ကပ်လျက်တွင် စီစဉ်ပေးထား၏။ ဆရာကြီး ဖေးလုံကိုမူ အခြားဝန်းတစ်ခုအတွင်းရှိ အဆောင်၌ နေရာချပေးထားသည်။

ညရောင်အောက်ဝယ်...

ချန်ကျီရှင်းသည် သူစားချင်သော ကံ့ကော်ကိတ်ဝယ်ရန် အကြောင်းပြချက်တစ်ခု ပေးကာ ချန်ထျန်းလျန်နှင့် ဇနီးဖြစ်သူတို့ကို တောင်အောက်သို့ လွှတ်လိုက်သည်။

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ကုတင်ပေါ်တွင် အပြစ်ကင်းစင်သော မျက်နှာထားဖြင့် လဲလျောင်းနေသော ချန်ကျီရှင်း၏ အမူအရာမှာ ချက်ချင်းပင် တည်ငြိမ်ရင့်ကျက်သော ပုံစံသို့ ပြန်လည်ပြောင်းလဲသွားတော့သည်။

သူ၏ အသိစိတ်ထဲတွင် အေးစက်သော အသိပေးသံများမှာ တန်းစီ၍ ထွက်ပေါ်လာခဲ့၏။

[ တူ သင်သည် ဆေးဘုရင်လက်စွဲ၊ ခက်ခဲနက်နဲသော ရောဂါဝေဒနာများဆိုင်ရာ ပြည့်စုံသောလက်စွဲ၊ ကောင်းကင်ပြင် ဆေးဖော်စပ်နည်းစနစ်၊ စွမ်းအင်ပြောင်းပြန်စီးရောဂါနှင့် မဟာလမ်းစဉ် အခြေခံအုတ်မြစ် ပြုပြင်နည်းလမ်းစဉ်အပါအဝင် ဆေးကျမ်းပေါင်း ၃၆ အုပ်ကို ဖတ်ရှုပြီးစီးခဲ့ပါပြီ။ သင်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နောက်ဆုံးတွင် ဆေးနည်းတစ်ခု ဖြစ်သော ပင်လယ်ငြိမ်ဆေးနည်းကို ဖန်တီးနိုင်ခဲ့ပါပြီ ]

[ ပင်လယ်ငြိမ်ဆေးနည်း: ဤဆေးနည်းဖြင့် ဖော်စပ်ထားသော ပင်လယ်ငြိမ်ဆေးပြားသည် စွမ်းအင်ပြောင်းပြန်စီးရောဂါကို ဟန်ချက်ညီညီ နှိမ်နင်းပေးနိုင်သော အာနိသင် ရှိသည်]

[ တူ တစ်လတိုင်တိုင် ကျင့်စဉ်များကို ကြိုးပမ်းအားထုတ် လေ့လာပြီးနောက် သင်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အေးစက်သော ယဉ်ဓာတ်နှင့် လုံးဝကိုက်ညီသည့် ကျင့်စဉ်တစ်ခုဖြစ်သော ကိုးဆင့်လှည့် ကောင်းကင်အအေးဓာတ် ကျမ်းစာကို ဖန်တီးနိုင်ခဲ့ပါပြီ]

[ကိုးဆင့်လှည့် ကောင်းကင်အအေးဓာတ် ကျမ်းစာ: ဤကျင့်စဉ်တွင် အဆင့်ကိုးဆင့် ပါဝင်ပြီး အဆင့်တစ်ခုစီ တက်လှမ်းတိုင်း ခန္ဓာကိုယ်အတွင်း၌ အေးစက်သော အအေးဓာတ်ဆေးလုံးတစ်လုံးစီ ဖြစ်ပေါ်စေမည်။ အေးစက်သော ယဉ်ဓာတ်ပိုင်ရှင်များအတွက် အလွန်သင့်လျော်

သည်]

[ တူ သင်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နှလုံးသားဓားသိုင်း နှင့် ဝိညာဉ်သန့်စင် အသက်ရှူသွင်းနည်းစနစ် တို့ကို ပေါင်းစပ်ကာ အကြိမ်တစ်ရာ သန့်စင်သော နတ်ဘုရားလက်နက် နည်းစနစ်အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲလိုက်ပါပြီ]

[အကြိမ်တစ်ရာ သန့်စင်သော နတ်ဘုရားလက်နက် နည်းစနစ်: ဤကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် ဝိညာဉ်စွမ်းအားကို အဆက်မပြတ် သန့်စင်စေနိုင်ပြီး တစ်ခုချင်းစီ၌ မတူညီသော အစွမ်းထက်အာနိသင်များ ရှိကြသည့် ဝိညာဉ်ရေးရာ နတ်ဘုရားလက်နက် အမျိုးမျိုးကို ပုံဖော်ဖန်တီးနိုင်မည် ဖြစ်သည်]

ဤအသိပေးချက်များကို မြင်လိုက်ရသောအခါ ချန်ကျီရှင်း၏ မျက်ဝန်းအစုံမှာ ဝမ်းမြောက်မှုတို့ဖြင့် လက်ခနဲ ဖြစ်သွားသည်။

သူသည် နှစ်လနီးပါးတိုင်တိုင် မနားမနေ ကြိုးစားခဲ့ရပြီးနောက်တွင်မူ ဤအဓိက တာဝန်သုံးရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

ပင်လယ်ငြိမ်ဆေးနည်းနှင့် ကိုးဆင့်လှည့် ကောင်းကင်အအေးဓာတ် ကျမ်းစာတို့ကိုမူ သူ အထူးတလည် အာရုံစိုက်မနေတော့ပေ။ နောင်တွင် ၎င်းတို့ကို စာဖြင့် ကူးရေးပြီး သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်လျက် ချန်ထျန်းလျန်တို့ထံ တိတ်တဆိတ် ပေးပို့ရန်သာ သူ စီစဉ်ထားသည်။ သူက ဘာမှရှင်းပြနေစရာ မလိုဘဲ သူ၏ မိဘနှစ်ပါးမှာ ထိုအရာများကို မြင်သည်နှင့် သူတို့၏ အဖိုးတန်မှုကို သဘာဝအတိုင်း နားလည်သွားကြမည်သာ။

"ဒါပေမဲ့ ဒီ အကြိမ်တစ်ရာ သန့်စင်သော နတ်ဘုရားလက်နက် နည်းစနစ်ကတော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"

ချန်ကျီရှင်းသည် ထိုကျင့်စဉ်ကို အကြမ်းဖျင်း ပြန်လည်သုံးသပ်ကြည့်ရင်း သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ဤကျင့်စဉ်မှာ အတော်လေး ရိုးရှင်းသော်လည်း ထိရောက်လှသည်။ မိမိ၏ ဝိညာဉ်စွမ်းအားကို အဆက်မပြတ် သန့်စင်ကာ ထူးခြားသော အာနိသင်များရှိသည့် ဝိညာဉ်လက်နက်မျိုးစုံကို ဖန်တီးယူခြင်းပင်။

ဥပမာအားဖြင့် ဝိညာဉ်စွမ်းအားကို တူကြီးတစ်လက်အသွင် သန့်စင်လိုက်မယ်ဆိုရင် တိုက်ခိုက်တဲ့အခါမှာ ပြင်းထန်တဲ့ တုန်ခါမှုအာနိသင်ကို ရရှိစေမှာပဲ။

တကယ်လို့ ပျံသန်းနိုင်တဲ့ ဓားပျံတစ်စင်းအဖြစ် သန့်စင်လိုက်မယ်ဆိုရင်တော့ ထိုးဖောက်နိုင်

စွမ်းအားအရမ်းကောင်းမွန်တဲ့ လက်နက်တစ်ခု ဖြစ်လာမှာ အသေအချာပဲ။

"ဒီနည်းနဲ့ဆိုရင် ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေကို နောက်ဆုံးတော့ အသုံးချလို့ ရပြီပေါ့"

"ဒါ့အပြင် အရေးကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း ငါ ရရှိသွားပြီ"

ချန်ကျီရှင်းမှာ အလွန်စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် မျက်လုံးများကို မှိတ်လိုက်သည်။

ဝုန်း

ထိုအခိုက်အတန့်မှာပင် ကြီးမားလှသော်လည်း မျက်စိဖြင့်မမြင်နိုင်သည့် အရောင်အဆင်းမဲ့ ဝိညာဉ်စွမ်းအားအစုအဝေးကြီးသည် ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းမှ အပြင်ဘက်သို့ ရုတ်တရက် ကျယ်ပြန့်ထွက်ပေါ်လာခဲ့သည်။ ဤဝိညာဉ်စွမ်းအားမှာ အတိုင်းအဆမရှိ ကြီးမားလှပြီး ပင့်ကူအိမ်တစ်ခုကဲ့သို့ ဘေးပတ်ပတ်လည်သို့ ဖြန့်ကြက်သွားတော့၏။

အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် ပေ ၆၀၀ ကျော် ပတ်လည်အတွင်းရှိ နေရာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။ သစ်ပင်ပေါ်က ပုစဉ်းရင်ကွဲတွေ၊ မြက်ခင်းထဲက ပိုးကောင်မွှားကောင်တွေ၊ ညအမှောင်ထဲမှာ အမိုးစွန်းအောက်ကို တိုးဝင်နေတဲ့ ငှက်ကလေးတွေ...

မီတာ ၂၀၀ ပတ်လည်အတွင်းမှာ ရှိသမျှ အရာအားလုံးသည် ချန်ကျီရှင်း၏ စိတ်အာရုံထဲ၌ ချက်ချင်းဆိုသလို ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့သည်။

"သန့်စင်စမ်း"

ချန်ကျီရှင်းက တိုးညင်းစွာ ရွတ်ဆိုလိုက်၏။

ထိုခဏ၌ပင် ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအားအစုအဝေးကြီးသည် ဒီရေအလား ပြန်လည်စုစည်းလာပြီး ချန်ကျီရှင်း၏ ရှေ့မှောက်၌ စုပြုံကာ စတင်၍ ဖိသိပ်ခံလိုက်ရတော့သည်။

ဖိသိပ်စမ်း... ထပ်ပြီး ဖိသိပ်စမ်း

တူပုံသဏ္ဌာန်ရှိသော အရာဝတ္ထုတစ်ခုသည် ချန်ကျီရှင်း၏ ရှေ့မှောက်၌ တဖြည်းဖြည်း ပုံပေါ်လာခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ချန်ကျီရှင်း၏ အခန်းနှင့် ပေအနည်းငယ်သာ ဝေးသော ဘေးကပ်လျက် ဧည့်သည်ဆောင်အတွင်း၌ ချန်ကျီရှင်း၏ ဝိညာဉ်စွမ်းအားများ ပြန့်လွင့်လာသည့် တစ်ချိန်တည်းမှာပင် ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်ကာ စိတ်တန်ခိုးဖြင့် တရားမှတ်နေသော မော့ချင်းယွဲ့သည် ရုတ်တရက်ဆိုသလို သူမ၏ လှပသော မျက်ဝန်းများကို ဖြတ်ခနဲ ဖွင့်လိုက်သည်။

"ဟင် ဒါက... ဘာလဲ..."

လျှပ်စစ်မီးပမာ စူးရှလှသော သူမ၏ အကြည့်တို့သည် ဘေးခန်းရှိ ချန်ကျီရှင်း၏ အခန်းဆီသို့ ချက်ချင်းပင် ဦးတည်သွားတော့သည်။

All Chapters