အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း။ ၁၃
"ဒီဝိညာဉ်စွမ်းအားက..."
မော့ချင်းယွဲ့၏ အကြည့်များသည် လျှပ်စီးလက်သလို စူးရှတောက်ပနေပြီး ဘေးခန်းသို့ စိုက်ကြည့်နေမိသည်။ လွန်ခဲ့သည့် ခဏလေးကပင် ဘေးခန်းရှိ ချန်ကျီရှင်း၏ အခန်းထဲမှ ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ဖြာထွက်လာသည်ကို သူမ အထင်အရှား ခံစားလိုက်ရခြင်းပင်။
မဟာစိတ်ဝိညာဉ်သခင် တစ်ဦးဖြစ်သည့် သူမအတွက်မူ ဤဝိညာဉ်စွမ်းအားမှာ အတိုင်းအဆမရှိ ကြီးမားနေခြင်းမျိုး မဟုတ်သော်လည်း အလွန်တရာ သန့်စင်နေပြီး ပြင်းအားမှာမူ အံ့မခန်း မြင့်မားလှသည်။ သူမက အသေးစိတ် စုံစမ်းစစ်ဆေးရန် ပြင်လိုက်သည့်အချိန်မှာပင် အဆိုပါ ဝိညာဉ်စွမ်းအားမှာ ချက်ချင်းဆိုသလို ပြန်လည်ရုပ်သိမ်းသွားပြီး အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။
“ဘယ်သူလဲ”
မော့ချင်းယွဲ့က မျက်ဝန်းများ တဖျတ်ဖျတ် လှုပ်ခတ်လျက် ရေရွတ်လိုက်သည်။
ညစာစားပြီးကတည်းက ချန်ထျန်းလျန်နှင့် ဇနီးဖြစ်သူတို့မှာ ချန်ကျီရှင်းအတွက် ကံ့ကော်ကိတ်ဝယ်ရန် တောင်အောက်သို့ ဆင်းသွားကြသည်ကို သူမ အသေအချာ မှတ်မိနေသည်။ ထိုသို့ဆိုလျှင် ယခုအချိန်တွင် ဘေးခန်း၌ ချန်ကျီရှင်းတစ်ဦးတည်းသာ ရှိနေပေလိမ့်မည်။
“ဒါဆိုရင်... ဖြစ်နိုင်မလား...”
မော့ချင်းယွဲ့၏ စိတ်ထဲတွင် ချန်ကျီရှင်း၏ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည့် မျက်နှာလေးမှာ ဝင်းခနဲ ပေါ်လာပြီး သူမ၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ရဲတင်းလှသော ခန့်မှန်းချက်တစ်ခုမှာ သူမ၏ ရင်ထဲတွင် ဟုန်းခနဲ ပေါ်ပေါက်လာခဲ့သည်။
သူမ၏ သံသယကို အတည်ပြုနိုင်ရန်အတွက် မော့ချင်းယွဲ့သည် လက်ဖဝါးကို ကြမ်းပြင်ပေါ်သို့ အသာအယာ ဖိနှိပ်လိုက်သည်။ မျက်စိဖြင့် မမြင်နိုင်သော စိတ်စွမ်းအားလှိုင်း တစ်ခုမှာ သူမ၏ လက်ဖဝါးမှ ချက်ချင်းထွက်ပေါ်လာပြီး ချန်ကျီရှင်းရှိရာ အခန်းဆီသို့ ဦးတည်သွားပါတော့သည်။
သို့သော် မမြင်ရသည့် တံတိုင်းတစ်ခုကို သွားရောက်တိုက်မိသလိုမျိုး သူမ၏ စိတ်စွမ်းအားလှိုင်းများမှာ နောက်ပြန်ကန်ထွက်လာခဲ့သည်။
“ဒီဇီဝေချန်မိသားစုရဲ့ အခန်းထဲမှာ တားမြစ်အစီအရင် ရှိနေတာပဲ”
မော့ချင်းယွဲ့သည် လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူမ၏ လှပသော မျက်နှာထက်တွင် အမျိုးမျိုးသော ခံစားချက်များ ယှက်သန်းနေသည်။ ခဏအကြာတွင် သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်နှာထက်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာကာ “ချန်ကျီရှင်း... တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ” ဟု ပြောလိုက်သည်။
သူမသည် ဘေးခန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်လုံးများကို ပြန်လည်မှိတ်ကာ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်တော့သည်။ ချန်မိသားစုမှ ချန်ကျီရှင်းဆိုသည့် ကလေးမှာ သာမန်မဟုတ်ကြောင်း သူမ ရိပ်မိသွားပြီ ဖြစ်သော်လည်း မလောပေ။ သူမ၏ အနီးကပ်စောင့်ကြည့်မှုအောက်တွင် ဤကလေးမှာ တစ်နေ့နေ့၌ အစအနတစ်ခုခု ထုတ်ပြလာလိမ့်မည်ဟု သူမ ယုံကြည်နေမိသည်။
တစ်ချိန်တည်းမှာပင်...
ချန်ကျီရှင်းသည် သူ၏ စိတ်စွမ်းအားကို အပတ်တကုတ် သန့်စင်နေသဖြင့် ဘေးခန်းရှိ အပြောင်းအလဲများကို သတိပြုမိရန်မှာ မဖြစ်နိုင်ပေ။
ဒေါင်... ဒေါင်... ဒေါင်
ဒေါင်... ဒေါင်... ဒေါင်
သူ၏ ရှေ့မှောက်တွင် ဝိညာဉ်စွမ်းအား လှိုင်းတံပိုးတို့သည် ဓားပျံတစ်စင်း၏ ပုံသဏ္ဌာန်ရရှိစေရန် အဆက်မပြတ် ထုနှက်ခြင်း ခံနေရသည်။ တူဖြင့် တစ်ချက်ချင်း ထုနှက်လိုက်တိုင်း ချန်ကျီရှင်းမှာ တစ်စုံတစ်ဦးက သူ၏ ဦးခေါင်းကို တူဖြင့် လာရောက်ထုနေသကဲ့သို့ ခံစားရပြီး တဆစ်ဆစ် နာကျင်မှုကို မတားဆီးနိုင်ခဲ့ပေ။
သို့သော် နာကျင်မှုကို အသာထား၍ သန့်စင်မှု တစ်ကြိမ်ပြုလုပ်တိုင်း သူ၏ ဝိညာဉ်စွမ်းအားမှာ ပိုမိုသန့်စင်ကာ ခိုင်မာကျစ်လျစ်လာသည်ကို သူ အထင်အရှား ခံစားနေရသည်။ သူ၏ ဝိညာဉ်
စွမ်းအားသည် တိတ်တဆိတ်ဖြင့် ပိုမိုအားကောင်းလာနေခဲ့သည်။
ဘုန်း…
ရုတ်တရက်ဆိုသလို ဓားပျံအဖြစ် ပုံဖော်နေသော စိတ်စွမ်းအား သန္ဓေလောင်းမှာ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော စိတ်စွမ်းအား အပိုင်းအစများအဖြစ် လွင့်စင်သွားတော့သည်။
ချန်ကျီရှင်းမှာ နာကျင်လွန်းသဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ရပြီး ခေါင်းထဲ၌ မူးဝေကာ အမြင်အာရုံများ မှောင်အတိ ကျသွားခဲ့ရသည်။ အချိန်အတော်ကြာပြီးမှသာ ထိုပြင်းထန်သော ဝေဒနာမှာ တဖြည်းဖြည်း သက်သာသွားတော့၏။
ချန်ကျီရှင်းသည် မျက်လုံးများကို မော့ကြည့်လိုက်ရင်း မချိပြုံး ပြုံးလိုက်မိသည်။
"နောက်တစ်ခါ ထပ်ရှုံးပြန်ပြီလား"
ယင်းမှာ ချန်ကျီရှင်း၏ ပထမဆုံးအကြိမ် ကျရှုံးမှု မဟုတ်ပေ။
မကြာသေးမီက ချန်ကျီရှင်းသည် သူ၏ ဝိညာဉ်စွမ်းအားကို ဧရာမ တူကြီးတစ်လက်အသွင် ဦးစွာ သန့်စင်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် တူကြီးပုံပေါ်မလာမီမှာပင် ဝုန်းခနဲ ပေါက်ကွဲသွားကာ ဝိညာဉ်စွမ်းအားများ ပြန့်ကျဲသွားခဲ့သည်။
ထို့နောက်တွင် ချန်ကျီရှင်းသည် သူ၏ ဝိညာဉ်စွမ်းအားကို လှံရှည်တစ်စင်းအဖြစ် ပုံဖော်ရန် ကြိုးစားသော်လည်း ကျရှုံးခဲ့ပြန်သည်။ ထို့နောက် သေနတ်၊ တုတ်၊ ပုဆိန် စသည်ဖြင့် အဆက်မပြတ် ကြိုးစားခဲ့သော်လည်း ရလဒ်မှာ အတူတူပင်လုံးဝ ကျရှုံးခြင်းသာ။
ကျရှုံးရသည့် အကြောင်းရင်းကို သူ အကြမ်းဖျင်း သိရှိသွားခဲ့သည်။ ယင်းမှာ သူ၏ ဝိညာဉ်စွမ်းအားမှာ နည်းပါးလွန်းနေသေးသဖြင့် ထိုကဲ့သို့ ကြီးမားလှသော ဝိညာဉ်နတ်ဘုရားလက်နက်များကို သန့်စင်ရန် မလုံလောက်ခြင်းကြောင့်ပင်။
"ထပ်စမ်းကြည့်ဦးမယ်"
ချန်ကျီရှင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် မြားတိုလက်နက်ငယ်လေးတစ်ခု၏ ပုံသဏ္ဌာန်ကို ရေးဆွဲလိုက်သည်။ ဟင်းလင်းပြင်ထဲတွင် ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအားများ ပြန်လည်စုစည်းလာပြီး လက်ဖဝါးခန့်သာရှိသော ခြောက်မြှောင့်ပုံ မြားတိုလက်နက်ငယ်လေးအဖြစ် တဖြည်းဖြည်း သန့်စင်လာခဲ့သည်။
ဒေါင်... ဒေါင်... ဒေါင်
ဒေါင်... ဒေါင်... ဒေါင်
စိတ်စွမ်းအားမှာ ပိုမိုခိုင်မာလာပြီး မြားတိုပုံစံ တဖြည်းဖြည်း ပေါ်လာခဲ့သည်။
"အောင်မြင်သွားပြီလား"
ချန်ကျီရှင်း၏ မျက်နှာထက်တွင် အောင်မြင်တော့မည်ဟု ထင်မှတ်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားစဉ်မှာပင်...
ဖြတ်…
မြားတိုလက်နက်ပုံသဏ္ဌာန် စိတ်စွမ်းအားစုမှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြန်သည်။ ရင်းနှီးနေကျ ပြင်းထန်လှသော နာကျင်မှုက တစ်ကျော့ပြန် တိုက်ခိုက်လာသည်။
"ရှူး…"
ချန်ကျီရှင်း၏ ဦးခေါင်းမှာ ပေါက်ထွက်မတတ်နာကျင်လာပြီး မျက်စိထဲတွင် ကြယ်စင်များ ဝေသွားကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။
ခဏအကြာတွင်...
"ငါ မယုံဘူး... ထပ်စမ်းကြည့်မယ်"
ဘုန်း…
"အား ငါ ထပ်စမ်းမယ်"
ဘုန်း….
"နောက်တစ်ခေါက်....."
ဘုန်း
"အား... သေစမ်း... ကွာ..."
ဘုန်း…
"ငါ သောက်လခွမ်း...."
ဘုန်း…
"ငါ ရအောင်လုပ်မယ်"
ဘုန်း….
တစ်နာရီခန့် ကြာပြီးသည့်တိုင်အောင်...
သေလုမတတ် နှိပ်စက်ခံလိုက်ရသော ချန်ကျီရှင်းသည် တုန်တုန်ရင်ရင်ဖြင့် ခေါင်းမော့လိုက်
သည်။ ဟင်းလင်းပြင်ထဲတွင် ဆံပင်တစ်မျှင်စာမျှသာ ရှိသော အပ်တစ်ချောင်းကို နောက်ဆုံး၌ အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
"ဟားဟားဟား... ရပြီ နောက်ဆုံးတော့ အောင်မြင်သွားပြီ"
ချန်ကျီရှင်း၏ မျက်လုံးများမှာ သွေးတိုးသကဲ့သို့ နီမြန်းနေသော်လည်း ရယ်သံကို မထိန်းနိုင်တော့ပေ။
"လာစမ်း"
သူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ဟင်းလင်းပြင်ရှိ အပ်ငယ်လေးမှာ ချန်ကျီရှင်းထံသို့ လျင်မြန်စွာ လည်ပတ်ပျံသန်းလာသည်။
ဇွိ…
ထိုအပ်မှာ ချန်ကျီရှင်း၏ နှာခေါင်းဖျားမှ တစ်စင်တီမီတာအကွာတွင် အတိအကျ ရပ်တန့်သွား၏။ ချန်ကျီရှင်း၏ အကြည့်တို့သည် တဖျတ်ဖျတ် လှုပ်ခတ်သွားပြီး အခန်းထဲတွင် တဝီဝီမြည်နေသော ယင်ကောင်တစ်ကောင်ကို စိုက်ကြည့်လိုက်သည်။
"သွားစမ်း"
ထိုစကားအဆုံးတွင် အပ်ငယ်လေးမှာ ဝင်းခနဲ လက်ခနဲ ဖြတ်ပြေးသွားတော့သည်။ သန်မာလှသော ယင်ကောင်ကြီးမှာ တစ်ကိုယ်လုံး တွန့်ခနဲ ဖြစ်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ တန်းတန်းမတ်မတ် ပြုတ်ကျသွားသည်။
“သိပ်မဆိုးဘူးပဲ”
ချန်ကျီရှင်းသည် စိတ်မအေးနိုင်ဖြစ်နေပြီး ပိုမိုသန်မာသော သက်ရှိသတ္တဝါအချို့ကို ရှာဖွေကာ စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။ ထိုမျှလောက် ပြင်းထန်သော နာကျင်မှုကို အံတုပြီး သန့်စင်ထားရသည့် ဝိညာဉ်အပ်စိုက်လက်နက်၏ တကယ့်စွမ်းအားကို သေချာမသိရဘဲ သူ လက်လျှော့ရန် မရည်ရွယ်ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ကာ “ထားလိုက်ပါတော့... ဖေဖေနဲ့ မေမေလည်း အခုလောက်ဆို ပြန်လာတော့မှာပဲ။ စမ်းသပ်ဖို့ အခွင့်အရေးတွေက နောက်လည်း အများကြီး ရှိပါသေးတယ်” ဟု တွေးလိုက်သည်။
ထိုသို့တွေးရင်း ချန်ကျီရှင်းက အသာအယာ လက်ဟန်ခြေဟန်ပြုလိုက်ရာ အပ်ငယ်လေးမှာ ပျံသန်းလာပြီး သူ၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားတော့သည်။ သူ၏ အသိစိတ်ပင်လယ်အတွင်း၌ ထိုအပ်ငယ်လေး ငြိမ်သက်စွာ ပေါ်လောပေါ်နေသည်ကို သူ အထင်အရှား ခံစားနေရ၏။
ခဏအကြာတွင်... အခန်းပြင်ပမှ ခြေသံများ ထွက်ပေါ်လာသည်။
ချန်ကျီရှင်း၏ မျက်ဝန်းများ ဝင်းခနဲဖြစ်သွားပြီး သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ဘာမှမသိနားမလည်သော ကလေးငယ်တစ်ဦးအသွင်သို့ ပြန်လည်ပြောင်းလဲသွားကာ ကုတင်ပေါ်၌ အိပ်ပျော်ချင်ယောင်ဆောင်နေလိုက်သည်။
ဂျောက်…
တံခါးပွင့်သွားသည်။
ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့သည် ကံ့ကော်ကိတ်များ ထည့်ထားသော သစ်သားဘူးကို ကိုင်ဆောင်ကာ ဝင်လာကြ၏။
“ဒီကလေးကတော့လေ... ကံ့ကော်ကိတ် စားချင်တယ်ဆိုပြီး သူက အရင် အိပ်ပျော်သွားပြန်ပြီ” ရင်းရွှမ်းရွှမ်းက ကိတ်မုန့်ဘူးကို ချထားလိုက်ပြီး ချန်ကျီရှင်းကို စောင်အသာအယာ ခြုံပေးလိုက်သည်။
...
...
တစ်ညတာကာလမှာ အေးချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ မွန်းတည့်ချိန်တွင်...
မိသားစုဝင် သုံးဦးနှင့်အတူ ဧည့်သည်ဖြစ်သူ ဆရာကြီးဖေးလုံတို့သည် ဝင်းအတွင်း၌ အတူတကွ ထမင်းစားနေကြသည်။ စစ်မှန်သောကိုယ်ပွားအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံသူများသည် အစာဖြတ်ခြင်းကို ပြုလုပ်နိုင်သဖြင့် သာမန်စားနပ်ရိက္ခာများကို စားသုံးရန် မလိုအပ်တော့သော်လည်း အထူးအခြေအနေမှလွဲ၍ ကျင့်ကြံသူအများစုမှာ စားသောက်ခြင်းကို လုံးဝဖြတ်တောက်လေ့ မရှိကြပေ။
“အဘိုးကြီးကျား... ကျွန်တော် ထင်တာကတော့ မြေးမလေး ယွဲ့အာလည်း ကျင့်ကြံခြင်းကို စမ်းကြည့်သင့်တယ်ဗျ...”
သူတို့ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြစဉ်မှာပင်
“တတိယသခင်လေး”
တံခါးစောင့်နေသော အပြင်စည်းတပည့်တစ်ဦးမှာ အလောတကြီး ဝင်လာခဲ့သည်။
“ဘာကိစ္စလဲ”
ချန်ထျန်းလျန်က ထိုတပည့်ကို ကြည့်ကာ မေးလိုက်၏။
အပြင်စည်းတပည့်က အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် ရိုသေစွာ ပြန်လည်ဖြေကြားသည်။
“တတိယသခင်လေး... တံခါးအပြင်ဘက်မှာ လူနှစ်ယောက် ရောက်နေပါတယ်။ တစ်ယောက်က ဆရာကြီး ခွေ့မုဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျွမ်းဝူရှန်းပါတဲ့။ သူတို့က သခင်လေးရဲ့ သူငယ်ချင်းဟောင်းတွေလို့ ပြောပြီး တွေ့ခွင့်တောင်းနေပါတယ်။ သခင်လေး ဘယ်လို သဘောရပါသလဲခင်ဗျာ”
“အို...”
ချန်ထျန်းလျန်၏ မျက်ခုံးများ ပင့်တက်သွားပြီး ဝမ်းသာအားရဖြင့် “ဟားဟားဟား... ခွေ့မုနဲ့ ကျွမ်းဝူရှန်း အဲဒီလူရှုပ်နှစ်ယောက် ရောက်လာကြတာလား သေချာတယ်... တောင်ဘက်ပင်လယ် လျှို့ဝှက်နယ်မြေ ပွင့်တော့မှာပဲ။ မြန်မြန်... သူတို့ကို မြန်မြန် ဖိတ်ခေါ်လိုက်စမ်း”
အခန်း။ ၁၄
“တောင်ဘက်ပင်လယ် ရှေးဟောင်းလျှို့ဝှက်နယ်မြေ ဟုတ်လား”
မော့ချင်းယွဲ့နှင့် ဆရာကြီး ဖေးလုံတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး သူတို့၏ ထမင်းပန်းကန်နှင့် တူများကို တစ်ပြိုင်နက်တည်း ချလိုက်ကြသည်။ တစ်ဦးက ကောင်းကင်ဘုံသန့်စင်နန်းတော်၏ သူတော်စင်မဖြစ်ပြီး အခြားတစ်ဦးက ထိုဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သည်။ အဆိုပါ ရှေးဟောင်းလျှို့ဝှက်နယ်မြေ ပြောလိုက်သည်မှာ အခွင့်အရေးများ ရှိမနေဘဲ အန္တရာယ်များဖြင့်သာ ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ကြောင်း သူတို့ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ။
သို့သော် ထိုအချိန်တွင် ရင်းရွှမ်းရွှမ်း၏ ရင်ခွင်ထဲ၌ ချီပိုးထားခြင်း ခံနေရသော ချန်ကျီရှင်းကိုမူ မည်သူမျှ သတိမပြုမိလိုက်ကြပေ။ သူ၏ မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးနေရာ၌ ပြင်းထန်ပြီး အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
တောင်ဘက်ပင်လယ် ရှေးဟောင်းလျှို့ဝှက်နယ်မြေ ဤနေရာသည် ချန်ထျန်းလျန်၏ ပျက်စီးခြင်းနှင့် ချန်ကျီရှင်း၏ ဝမ်းနည်းကြေကွဲဖွယ် ဇာတ်သိမ်းခန်းတို့ဆီသို့ ဦးတည်စေခဲ့သည့် အစပြုခြင်းပင်။
နောက်ဆုံးတော့ ဒီအချိန်က ရောက်လာပြီပဲ။
ချန်ကျီရှင်းသည် သူ၏ ရင်ထဲ၌ အသေအချာ နားလည်လိုက်သည်။ ယင်းမှာ သူ၏ ကံကြမ္မာဆိုးကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် ပထမဆုံးသော လမ်းဆုံလမ်းခွပင်။
...
...
မကြာမီမှာပင်...
ဝင်းပြင်ပမှ ရွှင်ပျလှသော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။
“ဟားဟားဟား... တတိယသခင်လေး မတွေ့ရတာ ကြာပြီနော်”
ထို့နောက် လူရိပ်နှစ်ခုမှာ ယှဉ်တွဲ၍ ဝင်လာကြသည်။ ဘယ်ဘက်မှတစ်ဦးမှာ ဟောင်းနွမ်းနေသော တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ထုံးထားကာ လက်ထဲတွင် ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသည်။ သူ၏ ပုံစံမှာ အေးချမ်းလှသော နတ်ဘုရားတစ်ပါးနှင့် တူလှသည်။
ညာဘက်မှတစ်ဦးမှာမူ မုတ်ဆိတ်ဆိတ်နှင့် ခေါင်းတွင် အနက်ရောင် ပုဝါစကို ပတ်ထားသည့် အလယ်အလတ်အရွယ် ပညာရှိတစ်ဦး ဖြစ်သည်။ သူတို့သည် အနီးသို့ ရောက်လာသည်နှင့် ချန်ထျန်းလျန်ကို ဦးစွာ နှုတ်ဆက်ကြပြီးနောက် ရင်းရွှမ်းရွှမ်းကို ဂါရဝပြုကြသည်။ နောက်ဆုံးတွင်မူ စောင်ဖြင့် ထုတ်ပိုးထားသော ချန်ကျီရှင်းဘက်သို့ လှည့်ကာ
“တတိယသခင်လေး... ဒီလောက် ဝမ်းသာစရာကောင်းတဲ့ မိသားစုဝင်အသစ် တိုးတဲ့ကိစ္စကို ဘာလို့ ကျွန်တော်တို့ကို အကြောင်းမကြားရတာလဲဗျာ” ဟု ပြောကြသည်။
ချန်ထျန်းလျန်က ပြုံးလျက် သူတို့ကို အတွင်းသို့ ဖိတ်ခေါ်လိုက်ကာ “အားလုံးလည်း အလုပ်ရှုပ်နေကြတာဆိုတော့ ခင်ဗျားတို့ကို အလုပ်မပေးချင်လို့ပါဗျာ” ဟု ပြန်လည်ပြောကြားလိုက်သည်။
ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်စကား ပြောဆိုပြီးကြသောအခါ...
ဆရာကြီး ခွေ့မုသည် ထမင်းစားပွဲရှိ အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် "တတိယသခင်လေး... ဒီတစ်ခေါက် ကျွန်တော်လာရတဲ့ ရည်ရွယ်ချက်ကို သခင်လေး သိမှာပါ။ ကျွန်တော်တို့ တခြားနေရာတစ်ခုခုမှာ ဆွေးနွေးကြရင် ကောင်းမလားလို့..."
ဆရာကြီး ခွေ့မု စကားမဆုံးမီမှာပင် ချန်ထျန်းလျန်က လက်ကာပြကာ ရယ်မောလိုက်ပြီး "အားမနာပါနဲ့ဗျာ ဒီမှာရှိတဲ့သူတွေအားလုံးက မိသားစုဝင်တွေလိုပါပဲ။ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ" ဟု ပြောလိုက်သည်။
"ဒါကတော့..."
ဆရာကြီး ခွေ့မုသည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးမှ "ကောင်းပါပြီ။ တတိယသခင်လေး... တောင်ဘက်ပင်လယ် ရှေးဟောင်းလျှို့ဝှက်နယ်မြေ ဟာ မနက်ဖြန်မှာ ပွင့်တော့မယ်ဆိုတဲ့ အတည်ပြုသတင်းကို ကျွန်တော် ရရှိထားပါတယ်။ အဘက်ဘက်က အစွမ်းထက်တဲ့ ပညာရှင်တွေလည်း တောင်ဘက်ပင်လယ်မှာ စုရုံးနေကြပြီ အခြေအနေကို ကြိုတင်လေ့လာနိုင်အောင် ကျွန်တော်တို့ ဒီနေ့ပဲ ခရီးထွက်ကြရင် ဘယ်လိုလဲ"
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ထျန်းလျန်၏ မျက်ဝန်းများ ဝင်းခနဲဖြစ်သွားပြီး ဝမ်းသာအားရဖြင့်
"အို မနက်ဖြန် ပွင့်တော့မှာလား အတော်ပဲဗျာ... တခြားသူတွေနဲ့ လက်ရည်မစမ်းရတာလည်း ကြာပြီ။ လက်တွေတောင် ယားနေတာ။ ဒီတစ်ခေါက် တောင်ဘက်ပင်လယ် ခရီးစဉ်ကနေ ငါ့သားလေးအတွက် အခြေခံအုတ်မြစ် တည်ဆောက်ရေး နတ်ဘုရားပစ္စည်းရှာပေးရင်းနဲ့ အနယ်နယ်အရပ်ရပ်က ပညာရှင်တွေကိုလည်း အပြတ်အသတ် တိုက်ခိုက်ပစ်မယ် ဟားဟားဟား... တကယ့်ကို စိတ်လှုပ်ရှားစရာပဲ"
ထိုစကားကို ကြားရသောအခါ မော့ချင်းယွဲ့နှင့် ဆရာကြီး ဖေးလုံတို့က တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ကြသည်။
"အဲဒီ တောင်ဘက်ပင်လယ် လျှို့ဝှက်နယ်မြေဆိုတာ တကယ်တော့ ရှေးဟောင်း သားရဲဆိုးကြီးတစ်ကောင်ရဲ့ အကြွင်းအကျန်တွေကနေ ပြောင်းလဲလာတာပဲ။ အဲဒီနေရာက ဘာမှမရှိဘဲ သေခြင်းတရား အငွေ့အသက်တွေပဲ ဖုံးလွှမ်းနေတဲ့ အပြန်လမ်းမရှိတဲ့ အရပ်ပဲ။ ချန်ထျန်းလျန်က သူ့ရဲ့ စွမ်းအင်ပြောင်းပြန်စီးရောဂါနဲ့သာ သွားမယ်ဆိုရင်တော့..."
ဆရာကြီး ဖေးလုံက သူ၏ စိတ်အာရုံဖြင့် သက်ပြင်းချကာ ချန်ထျန်းလျန်၏ ဝမ်းနည်းဖွယ် ဇာတ်သိမ်းကို ကြိုတင်မြင်ယောင်နေမိသည်။ မော့ချင်းယွဲ့ကလည်း ခေါင်းငြိမ့်ကာထောက်ခံသည်။ တောင်ဘက်ပင်လယ် လျှို့ဝှက်နယ်မြေ၏ တကယ့်အရှိတရားကို သိသူမှာ အလွန်နည်းပါးလှ၏။
"အကြီးအကဲ ဖေးလုံ... ချန်ထျန်းလျန်ကို ကူညီနိုင်မယ့် နည်းလမ်းရှိမလား"
မော့ချင်းယွဲ့က စဉ်းစားရင်း စိတ်ချင်းဆက်သွယ်ကာ မေးမြန်းလိုက်သည်။
သူမ ဤနေရာသို့ ရောက်ရှိနေသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း ဤမိသားစုကို ခင်တွယ်မိနေပြီဖြစ်သည်။ သူတို့၏ ကြေကွဲဖွယ် အနိစ္စရောက်မှုကို သူမ မမြင်လိုပေ။ ဆရာကြီး ဖေးလုံမှာ မော့ချင်းယွဲ့၏ စကားကြောင့် အံ့ဩသွားပြီး သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်ရိပ်များ ပေါ်လာသည်။ ပုံမှန်အားဖြင့် အေးစက်ပြီး မည်သူ့ကိုမျှ အဖတ်မလုပ်တတ်သော သူတော်စင်မလေးက ယနေ့တွင် တပါးသူကို ကူညီရန် အရင်ဦးဆုံး ကမ်းလှမ်းလာခြင်းမှာ ထူးဆန်းလှ၏။
မော့ချင်းယွဲ့က စိတ်ချင်းဆက်သွယ်ကာ အေးဆေးစွာ ပြန်ဖြေသည်။
"ကျွန်မကို အဲဒီလို မကြည့်ပါနဲ့ သူတို့ကျွေးတဲ့ အစားအသောက်တွေကို အလကားစားထားတာဆိုတော့ တစ်ခုခု ပြန်ပေးသင့်တယ်လို့ ခံစားရလို့ပါ"
ဆရာကြီး ဖေးလုံက ရယ်မောလိုက်ပြီး "ဟားဟားဟား... ဟုတ်တာပေါ့။ ကောင်းပါပြီ... ငါတို့ မဟာအမတလမ်းစဉ် ဂိုဏ်းကြီးသုံးခုမှာ အောက်လောကရဲ့ ကိစ္စရပ်တွေကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ စည်းကမ်းရှိပေမဲ့ အကူအညီ အနည်းအကျဉ်း ပေးတာကတော့ ပြဿနာမရှိပါဘူး"
သူက ခေတ္တရပ်နားပြီး ဆက်ပြောသည်။
"ချန်ထျန်းလျန် ခရီးထွက်တဲ့အခါ သေစေနိုင်တဲ့ တိုက်ခိုက်မှုကို တစ်ကြိမ် ကာကွယ်ပေးနိုင်မယ့် ဓားအမှတ်အသားတစ်ခု သူ့ဆီမှာ ငါ ထားပေးလိုက်မယ်"
"ဒါဆိုရင်တော့ ဖြစ်ပါတယ်"
မော့ချင်းယွဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သို့သော်လည်း...
အမတပညာရှင် နှစ်ဦးက ချန်မိသားစုအား ကူညီရန် စဉ်းစားနေခိုက်တွင်
“ဝါး... ဝါး... ဝါး”
“ဖေဖေ... မသွားရဘူး”
တိတ်ဆိတ်ငြိမ်သက်နေသော ချန်ကျီရှင်းသည် ရုတ်တရက် အသံကုန်ဟစ်၍ ငိုကြွေးတော့သည်။
“ဟင်”
ချန်ထျန်းလျန်၊ ဆရာကြီး ခွေ့မုနှင့် ကျွမ်းဝူရှန်းတို့ အားလုံး အံ့အားသင့်သွားကြကုန်၏။ မော့ချင်းယွဲ့၏ လှပသော မျက်ဝန်းအစုံသည်လည်း ချန်ကျီရှင်းထံသို့ စူးစူးရှရှ ရောက်ရှိလာခဲ့သည်။
“လိမ္မာတယ် သားလေး... မငိုနဲ့ဦး။ ဖေဖေ့ကို ပြောပါဦး ဘာလို့ မသွားစေချင်ရတာလဲ”
ချန်ထျန်းလျန်က သားဖြစ်သူကို ချော့မော့ရန် အနားသို့ အပြေးအလွှား ရောက်ရှိလာသည်။
ဆရာကြီး ခွေ့မုနှင့် ကျွမ်းဝူရှန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏ မျက်ဝန်းများအတွင်း အေးစက်သော အရိပ်အယောင်တစ်ခု တိတ်တဆိတ် ဖြတ်ပြေးသွားသည်။
ဒီကလေးငယ်က ငါတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်တော့မှာလားဟု တွေးတောနေပုံရသည်။
“ဝါး... ဝါး မနက်ဖြန် တောင်အောက်မှာ မီးထွန်းပွဲတော် ရှိတယ်လို့ ကြားတယ်... သား မီးထွန်းပွဲတော် သွားကြည့်ချင်တယ်”
ချန်ကျီရှင်းက ရင်ကွဲမတတ် ငိုကြွေးနေသည်။
“သားလေးရယ်... မနက်ဖြန် မေမေနဲ့အတူ မီးထွန်းပွဲတော် သွားကြည့်လေနော် ဟုတ်ပြီလား ဖေဖေက တကယ်ကို အလုပ်များနေလို့ပါ...”
ချန်ထျန်းလျန်က ခက်ခက်ခဲခဲ ချော့မော့နေရရှာသည်။
“အား... အား မသိဘူး... မသိဘူး အားလုံးတူတူ သွားမှ ဖြစ်မှာ”
ချန်ကျီရှင်းသည် သူ၏ အသက်အရွယ် အခွင့်အရေးကို အသုံးချကာ ဆက်လက် သောင်းကျန်းနေတော့သည်။
ချန်ထျန်းလျန်သည် မည်သို့ပြုရမည်ကို မသိတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် နဖူးကိုသာ ဖိထားမိသည်။
“သားလေး... ဖေဖေပြောတာကို နားထောင်ရမယ်လေ။ နောက်ရက်အနည်းငယ်နေရင် ဖေဖေ ပြန်လာမှာပါ။ အဲဒီအခါကျရင် သားအတွက် စားစရာကောင်းတာတွေ အများကြီး ယူလာပေးမှာပေါ့...”
ကျွမ်းဝူရှန်းက နူးညံ့သိမ်မွေ့ဟန်ရှိသော အပြုံးမျိုးဖြစ်အောင် အတင်းအဓမ္မ လုပ်ပြုံးကာ ဝင်ရောက်ပြောဆိုလိုက်သည်။။
သို့သော် သူ စကားမဆုံးသေးမီမှာပင်
ဗျစ်..
ချန်ကျီရှင်းသည် ပန်းကန်အတွင်းမှ စားကြွင်းစားကျန်များကို ကောက်ယူ၍ ကျွမ်းဝူရှန်း၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်ပါတော့သည်။
“ခင်ဗျားက ကျွန်တော့်ကို သုံးနှစ်သားကလေးများ မှတ်နေသလား ဝါး... သူက လူဆိုးကြီး”
ချန်ကျီရှင်းသည် ကျွမ်းဝူရှန်း၏ မျက်နှာပေါ်သို့ အစားအသောက်များ ပေပွသွားအောင် ပြုလုပ်ပြီးနောက် ဆက်လက်၍ အော်ငိုနေပြန်သည်။
“မင်း... မင်း”
ကျွမ်းဝူရှန်း၏ မျက်နှာသည် ဒေါသကြောင့် ချက်ချင်းပင် ပြာနှမ်းသွားသည်။
သူသည် သူ၏မျက်နှာပေါ်ရှိ ဟင်းဖတ်များကို သုတ်ပစ်လိုက်စဉ် တစ်ကိုယ်လုံးမှာလည်း ဒေါသကြောင့် တုန်ရီနေတော့သည်။
"ဒီကလေးစုတ် ငါလုပ်လိုက်ရ…."
အကယ်၍သာ ယခုအချိန်တွင် ချန်မိသားစု၏ နယ်မြေအတွင်း ရောက်မနေပါက ဤကလေးငယ်ကို အရှင်လတ်လတ် အရေခွံခွာပစ်မည်မှာ အမှန်ပင်။
“ကျီရှင်း... ယဉ်ကျေးမှုရှိစမ်း”
ရင်းရွှမ်းရွှမ်းက အပြစ်တင်စကားပြေ ရင်း ချန်ကျီရှင်းကို ထမင်းစားပွဲပေါ်မှ အမြန်ပွေ့ချီလိုက်သည်။ သူမသည် ဦးစွာ ကျွမ်းဝူရှန်းကို တောင်းပန်စကားပြောပြီးနောက် ချန်ထျန်းလျန်
ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ထျန်းလျန်... ဒီတစ်ခေါက်တော့ မသွားဘဲနေရင် မကောင်းဘူးလား မင်းမှာ ဘိုးဘေးကြီးဆီကရထားတဲ့ အဆောင်လက်ဖွဲ့လည်း ရှိနေတာပဲ။ ကျီရှင်းအတွက် အခြေခံအုတ်မြစ် တည်ဆောက်ရေး ပစ္စည်း တွေကလည်း သိပ်ပြီး လိုအပ်နေတာမျိုး မဟုတ်ပါဘူး”
“ဒါကတော့...”
ချန်ထျန်းလျန်၏ မျက်နှာတွင် ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
အကယ်၍ ယခင်ကသာဆိုလျှင် သူသည် ချန်ကျီရှင်းအတွက် အကောင်းဆုံးသော ပစ္စည်းများကို ရှာဖွေရန် တောင်ဘက်ပင်လယ် လျှို့ဝှက်နယ်မြေသို့ မဆိုင်းမတွ သွားရောက်မည်မှာ သေချာသည်။ သို့သော် ကျီရှင်းသည် ရှေးဟောင်းအမှတ်အသားကိုးခု ပိုင်ဆိုင်သူအဖြစ် သတ်မှတ်ခံရပြီးကတည်းက မိသားစု၏ အရင်းအမြစ်အားလုံးမှာ သူ၏လက်ထဲတွင် ရှိနေသကဲ့သို့ ဖြစ်နေသဖြင့် အခြေခံအုတ်မြစ် ပစ္စည်းများမှာ အမှန်တကယ်ပင် လိုအပ်ချက်မရှိတော့ပေ။
“ခွေ့မု... ညီအစ်ကိုကျွမ်း ဒီတစ်ခေါက်တော့ ကျွန်တော် မလိုက်ဖြစ်တော့ဘူး ထင်တယ်ဗျာ”
ချန်ထျန်းလျန်က အားနာဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားရသောအခါ ဆရာကြီး ခွေ့မုသည် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူသည် မကျေမနပ်ဖြစ်နေသော်လည်း အတင်းအဓမ္မ ပြုံးပြကာ ပြောလိုက်သည်မှာ
“တတိယသခင်လေး... ဒါက သိပ်အရေးကြီးတဲ့ ကိစ္စဗျ။ ကလေးရဲ့ မီးထွန်းပွဲတော်ဆိုတာ ဘယ်အချိန်သွားသွား ရတာပဲလေ”
ဆရာကြီး ခွေ့မု စကားမဆုံးမီမှာပင် ချန်ကျီရှင်းက တစ်ကျော့ပြန်၍ အသံကုန်ဟစ်ကာ ငိုကြွေးပြန်သည်
“ဝါး... ဝါး မိသားစုအားလုံး မီးထွန်းပွဲတော်ကို တူတူသွားမှာ ဖြစ်မှာ”
“ခင်ဗျားတို့ လူဆိုးနှစ်ယောက်ကို ကျွန်တော် မမြင်ချင်ဘူး ဝါး... ဝါး”
ထိုအခြေအနေကို မြင်သောအခါ ချန်ထျန်းလျန်က အလျင်အမြန် ချော့မော့ရတော့သည်။ “ကောင်းပါပြီ... ကောင်းပါပြီ သားလေးရဲ့ ဖေဖေ မသွားတော့ဘူး ဟုတ်ပြီလား”
“တတိယသခင်လေး... တကယ်ပဲ မသွားတော့ဘူးဆိုတာ သေချာပြီလား”
“သေချာပါတယ်”
ထိုစကားကို ကြားလိုက်ရသည့်အခါမှသာ သူတို့နှစ်ဦးသည် ချန်ထျန်းလျန်၏ ဆုံးဖြတ်ချက်မှာ ခိုင်မာသွားပြီဖြစ်ကြောင်းနှင့် ထပ်မံနားချရန် ကြိုးပမ်းခြင်းမှာ အချည်းနှီးသာဖြစ်တော့မည်ကို နားလည်သွားကြသည်။
“ကောင်းပါပြီ... ဒါဆိုရင်တော့ ကျွန်တော်တို့ပဲ သွားကြတော့မယ်”
ဆရာကြီး ခွေ့မုနှင့် ကျွမ်းဝူရှန်းတို့က ပြောလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများသည် ချန်ကျီရှင်းကို စိုက်ကြည့်နေကြပြီး စကားလုံးများကို သွားကြားထဲမှ မနည်းညှစ်ထုတ်ပြောနေရသကဲ့သို့ပင်။
နောက်တစ်ခဏတွင် သူတို့နှစ်ဦးက လှည့်ထွက်သွားကြတော့သည်။ ကျောခိုင်းလိုက်သည်နှင့် တပြိုင်နက် သူတို့၏ မျက်နှာများက အုံမှိုင်းကာ ညှိုးနွမ်းသွားကြသည်။